ဝင်၊ ငါ့သူငယ်ချင်းတွေက အိမ်ကိုအလုံပိတ်လိုက်တာပေါ့ကွာ”
“ဟာ၊ ခင်ဗျားက တော်တော်ကြမ်းပါလား”
ကိုအေးက ပြုံးလိုက်ပြီး
“လူမိုက်ဆိုတော့ ကြမ်းတာပေါ့ကွာ၊ အဲဒီမှာ ခင်ကြည်က ငိုရှာပါတယ်၊ ငါကလည်း ခင်ကြည်ချစ်တယ်ပြောမှလွှတ်ပေးမယ်ပေါ့ကွာ၊ ဒီအချိန်ရွာမှာကျန်ခဲ့တဲ့ ငါ့ဘော်ဒါလူမိုက်တွေက ငါခင်ကြည်ကိုမိန်းမခိုးပြေးသွားပြီ ဆိုပြီးသတင်းလွှင့်တယ်၊ လှည်းပေါ်မှာ ငါတို့နှစ်ယောက်ကိုတွေ့တဲ့လူကလည်း တွေ့နဲ့ဆိုတော့ ယုံသွားကြတာပေါ့ကွာ”
“ဟား၊ ဟား အဲဒါနဲ့ခင်ဗျားတို့ညားရောလား၊ ခင်ဗျားမဟုတ်တာတွေတော့ မလုပ်ပါဘူးနော်”
ကိုအေးက နှုတ်ဆိတ်နေတယ်ဗျ၊ ပြီးတော့ သူကလက်ညှိုးထောင်ပြီးတော့
“ခင်ကြည်က နောက်ဆုံးတော့ ခေါင်းညိတ်လိုက်တာပါပဲ၊ ငါ့ကိုတော့ တစ်ခုပဲတောင်းဆိုတယ်ကွာ”
“ဘာတောင်းဆိုတာလဲဗျ”
“ကိုအေး၊ နောက်ဆိုရှင် လိမ်မာရမယ်နော်တဲ့”
ကျုပ်တို့လည်းဝိုင်းရယ်လိုက်ကြတယ်။
“ဟား၊ ဟား အဲဒီစကားတစ်ခွန်းနဲ့ပဲ ခင်ဗျားလူမိုက်ကြီးဘ၀ကနေ ကျွတ်သွားပြီး လူလိမ်မာလေးဖြစ်သွားတာပေါ့၊ ဟား၊ ဟား”
ကိုအေးက ကျုပ်ကိုမျက်စောင်းထိုးပြီး
“မင်းတို့မရယ်နဲ့ကွ၊ ငါလည်းကိုယ်လိုချင်တာရပြီဆိုတော့ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ခဲ့ရတယ်မဟုတ်လား၊ အရက်သောက်၊ ကြက်တိုက်အကုန်စွန့်လွှတ်ပြီး ယုတ်စွအဆုံး ငါအရမ်းကြိုက်တဲ့အမဲသားကိုတောင်မှ ရေစက်ချလိုက်ရတော့တာ”
“ဟုတ်ပါပြီ၊ ဒါနဲ့ကျုပ်တို့က ဘာလုပ်ရမှာလဲ”
“မင်းတို့နားမလည်ဘူးလား၊ တကယ်တမ်းတော့ အရေးကြီးတာက သူတို့နှစ်ယောက်ကြိုက်နေပါပြီ၊ ခိုးသွားပါပြီ၊ ညားသွားပါပြီဆိုတဲ့ သတင်းထွက်ဖို့ပဲကွ”
“ဒါဆို ကိုရင်မောင်ကိုလည်း ကိုအေးက ခိုးခိုင်းတာလား”
ကိုအေးက ရင်မောင်ပုခုံးကိုပုတ်ပြီး
“ရင်မောင်က ငါတို့အိမ်ကို ဝင်ထွက်နေတာပဲ၊ ငါသူ့အကြောင်းသိပါတယ်၊ သူ့ကိုငါ့ယောက်ဖအဖြစ် ငါလက်ခံနိုင်ပါတယ်”
ရင်မောင်က ခေါင်းညိတ်တယ်ဗျ။ ကိုအေးက ကျုပ်ကိုကြည့်ပြီးတော့
“အလတ်ကောင် မင်းကရော”
ကျုပ်လည်းမျက်လုံးပြူးသွားတာပေါ့။
“ကျုပ်ကဘာဖြစ်ရမှာလဲ”
“မင်းရော ရင်မောင်ကို နှင်းကြည်နဲ့သဘောတူလားလို့မေးတာ”
“ဟာဗျာ၊ မနှင်းကြည်က ကျုပ်နဲ့ဘာမှမတော်တာ၊ ကျုပ်က ဘာကိုခွင့်မပြုရမှာလဲ”
“မဟုတ်ဘူးလေကွာ၊ မင်းနဲ့နှင်းကြည်က ကြိုက်နေတာမဟုတ်လား၊ မီးဖိုချောင်ထဲတောင်မှ အာဘွားပေးကြ . . .”
ကျုပ်လည်း ကိုအေးပါးစပ်ကိုလှမ်းပိတ်လိုက်တာပေါ့ဗျာ၊ ကိုအေးကတော့ ကျုပ်ကိုအထူးအဆန်းနဲ့ကြည့်တယ်၊
“ကလေးပြောတာတွေလျှောက်မယုံပါနဲ့ဗျာ၊ တကယ်မဟုတ်ပါဘူး၊ နောက်ပြီး ကိုရင်မောင်နဲ့ဆိုရင်လည်း မနှင်းကြည်က ငယ်ငယ်ကတည်းက ခင်ခဲ့တာမဟုတ်လား၊ သူတို့ပဲဖြစ်သင့်ပါတယ်”
ကိုအေးက ခေါင်းညိတ်ပြီး
“အေး၊ ကောင်းပြီ၊ မင်းတို့အားလုံးသဘောတူတယ်ဆိုရင် တို့မနက်ဖြန်ပဲ အကောင်အထည်ဖော်မယ်”
“ဘယ်လိုလုပ်မှာလဲဗျ”
“ငါကနှင်းကြည်ကိုတစ်ဖက်လှည့်နဲ့ခေါ်ထုတ်မယ်၊ ရင်မောင်က အဲဒီမိုးစိုဆိုတဲ့ရွာကနေ သွားကြိုစောင့်နေပေါ့ကွာ၊ ကျန်တာကိုတော့ ငါကြည့်စီစဉ်လိုက်မယ်”
ကျုပ်လည်း ရင်မောင်အရှေ့က အရက်ခွက်ထဲကို အရက်လက်ကျန်ငှဲ့ထည့်ပေးလိုက်တယ်။
“ကဲ ကိုရင်မောင်၊ ဒီတစ်ခွက်ကတော့ ကျုပ်တို့ရဲ့အောင်ပွဲအတွက်ပဲ”
“ချဗျာ . . .”
ကျုပ်တို့သုံးယောက် အရက်ခွက်ကိုယ်စီကိုင်ပြီး လေပေါ်မှခွက်ချင်းတိုက်လိုက်တယ်၊ နောက်တော့သုံးယောက်လုံးတစ်ကျိုက်တည်းမော့သောက်လိုက်တာပေါ့ဗျာ။ နောက်တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အကြံသမားလေသံနဲ့ ရယ်လိုက်ကြတယ်ဗျ။
“ဟွင်း၊ ဟွင်း၊ ဟွင်း”
(၂)
“ခေါင်းလောင်းသံ . . . တညံညံပေး . . . ဟေး . . ဟေး”
“ကိုအေး၊ ခင်ဗျားတခြားသီချင်းမရဘူးလားဗျာ၊ ခင်ဗျားမူးလာရင် အဲဒီခေါင်းလောင်းသံဆိုတာချည်းပဲ”
“ဟာ . . . ငါလည်းငါရတဲ့သီချင်း ငါဆိုတာကွ”
ကိုအေးနဲ့ကျုပ်တို့တွေ မူးမူးနဲ့ရွာထဲပြန်ဝင်လာကြတာပေါ့ဗျာ၊ အချိန်ကတော့ အတော်ညည့်နက်နေပြီဗျ၊ အရက်ဆိုင်ထဲမှာတောင် ကျုပ်တို့ပဲကျန်တော့တာ၊ ဆိုင်ရှင် ကိုအံ့ကြီးက သူဆိုင်ပိတ်ချင်တာနဲ့ ကျုပ်တို့ကိုနှင်လွှတ်လိုက်လို့ ထလာရတာဗျို့။
လူတွေကလည်းတော်တော်ဒေါင်ချာစိုင်းနေပြီဗျ၊ သုံးယောက်သား တစ်ယောက်ပုခုံးတစ်ယောက်တွဲထားလို့သာ မလဲကျဘဲ ဟန်ချက်ညီနေတာဗျို့၊ ကျုပ်တို့လျှောက်လာရင်း ရွာထိပ်လောက်ရောက်တော့ တစ်ရွာလုံးက ခွေးတွေဆွဲဆွဲငင်ငင်နဲ့အူကြတာဗျာ၊ ကျုပ်ဖြင့်ကြက်သီးတောင်ထတယ်။
ရွာအဝင်လမ်းမှာ အကြော်တဲကလေးတွေ၊ မုန့်ဖိုကလေးတွေရှိတယ်၊ အဲဒီအကြော်တဲကလေးတွေ တစ်ဖက်မှာတော့ ညောင်ပင်အကြီးကြီးတစ်ပင်ရှိတယ်ဗျ၊ အဲဒီညောင်ပင်ကြီးအောက်ခြေနားမှာတော့ ကလေးတွေဆော့ကစားတတ်တဲ့ကွင်းလေးတစ်ခုရှိတယ်၊ ကျုပ်တို့မူးမူးနဲ့ပြန်လာရင်း ကွင်းကလေးနားရောက်တော့ လူတစ်ယောက်က ကွင်းထဲမှာမတ်တပ်ရပ်နေတာဗျ။
“ဟေ့လူတွေ၊ ဟိုမှာ ညောင်ပင်အောက်နားမှာကြည့်လိုက်စမ်းဗျာ၊ သရဲကြီးလားမသိဘူး”
ရင်မောင်ပြောတာနဲ့ ကျုပ်တို့လည်းပြူးပြဲပြီးကြည့်တာပေါ့ဗျာ၊ လူတစ်ယောက်မတ်တပ်ရပ်နေသလိုပဲဗျ၊ ညောင်ပင်က အုပ်ဆိုင်းနေတာဆိုတော့ သိပ်မမြင်ရဘူးပေါ့။
“ဟာကွာ၊ မင်းကလည်း ဂိုဏ်းပညာတွေတတ်ထားပြီးတော့ ကြောက်မနေစမ်းပါနဲ့၊ သရဲဆိုလာစမ်း၊ ငအေးအကြောင်းသိသွားမယ်”
ကျုပ်တို့ဆက်သွားတော့မှ သရဲမဟုတ်ဘဲ ဦးဘသာကြီးမတ်တပ်ရပ်နေတာဗျ၊
“ဟာဗျာ၊ ဘယ်ကသရဲရမှာလဲ၊ အဲဒါဦးဘသာဗျ၊ ကျုပ်ကိုစိတ်မချလို့ ထွက်စောင့်နေတာဖြစ်မယ်”
ကျုပ်တို့လည်း ဦးသာကြီးကိုနှုတ်ဆက်ရအောင် ညောင်ပင်နားကိုလာခဲ့တာပေါ့ဗျာ၊ ကွင်းကလေးနားမရောက်ခင် လမ်းဘေးမှာ မိုးနှံချုံပင်တွေပေါက်နေတော့ ကျုပ်တို့လည်းချုံတောထဲကိုပတ်ပြီးလာခဲ့တာပေါ့။ ဒီအချိန်မှာပဲ ရယ်သံကြီးကိုကြားရတယ်ဗျ၊ နောက်ပြီး ညောင်ပင်ပေါ်က မီးလုံးကြီးတစ်လုံးက ဆင်းလာတာ၊ မီးလုံးကြီးက ခြောက်ဆယ်ဝပ်မီးလုံးကြီးလို ထိန်လင်းနေပြီးတော့ ဝါဖန့်ဖန့်ကြီးဗျ၊ ကျုပ်တို့လည်း မဟန်မှန်းသိတာနဲ့ ချုံကွယ်ထဲကို ပြေးဝင်လိုက်ကြတာ။
“ငါရောက်ပြီစိုင်းရာဇာ၊ မင်းငါ့ကိုဒီကိုခေါ်တာ ဘာကိစလဲ”
ဦးဘသာက အော်ပြောတယ်ဗျ၊ အချိန်မတော်ကြီးဆိုတော့ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေတာနဲ့သူတို့ဘာပြောတယ်ဆိုတာကို အတိုင်းသားကြားနေရတာပေါ့ဗျာ။ စိုင်းရာဇာက ညောင်ပင်ကြီးအနားမှာ ရပ်နေတာဗျ၊ သူ့ခေါင်းပေါ်မှာလည်း မီးလုံးကြီးက ဝဲပျံနေတာဆိုတော့ ထင်းနေတာပေါ့ဗျာ။
“ခင်ဗျား၊ ညနေက ကျုပ်လူတစ်ယောက်ကို မီးလောင်တိုက်သွင်းခဲ့တယ်မဟုတ်လား၊ ကျုပ်အဘက ခင်ဗျားကိုမကျေနပ်ဘူးဗျ”
“ဪ၊ ဥသျှစ်ပင်က အကောင်ကိုပြောတာထင်တယ်၊ ဒီကောင့်ကို ငါတမင်သက်သက်လုပ်ခဲ့တာမဟုတ်ဘူး၊ နေစမ်းပါအုံး၊ မင်းအဘက ဘာကောင်လဲကွ”
အဲဒီအခါ စိုင်းရာဇာက မီးလုံးကြီးကို ကြည့်လိုက်တယ်ဗျ၊ မီးလုံးကြီးက တဖြည်းဖြည်းနိမ့်လာပြီးတော့ လူကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားတယ်၊ လူပုံကတော့ အဘိုးကြီးတစ်ယောက်ပဲဗျာ၊ ဇာတ်ပွဲထဲက မူးမတ်တွေဝတ်သလိုမျိုး အဝတ်အစားအဖြူကြီးဝတ်ထားတာဗျ၊ ခေါင်းမှာလည်း အချွန်အတက်တွေပါတဲ့ ဦးထုပ်ကြီးဆောင်းထားသေးတယ်၊ ပိုပြီးထူးခြားတာကတော့ သူ့ရဲ့မုတ်ဆိတ်မွှေးကြီးပဲဗျ၊ မုတ်ဆိတ်မွှေးကြီးက သူ့ချက်လောက်အထိရှည်ပြီး တွဲကျနေတာ၊ သူက မြေကြီးနဲ့တော့မထိဘူးဗျ၊ လက်တစ်လံလောက် မြေပေါ်ကလွတ်နေတယ်၊ မြင်နေရတယ်ဆိုပေမယ့် လူလိုတော့မဟုတ်ဘူး၊ မီးခိုးလိုလို ရေနွေးငွေ့လိုလိုနဲ့ ပေါ့၊ လင်းတာကတော့ အတော်လင်းနေတာဗျ။
ဒါပေမယ့် အဲဒီအဘိုးကြီးက စိတ်ဆိုးနေပုံရတယ်၊ ဦးဘသာကြီးကိုလက်ညှိုးထိုးလိုက်ပြီးတော့
“မင်းစကားပြောတာရိုင်းလိုက်တာ၊ ငါ့ကိုများ အကောင်တဲ့လား”
ဦးဘသာက သူ့ဗိုက်ကိုလက်နှစ်ဖက်နဲ့ဖိပြီးတော့ ခါးကိုင်းကျသွားတယ်ဗျ၊ ကျုပ်တို့ဗိုက်နာရင် လုပ်တဲ့ပုံစံမျိုးပေါ့ဗျာ၊ အဘိုးကြီးက နောက်ထပ်လက်ညှိုးနဲ့တစ်ချက်ထိုးလိုက်တော့ ဦးဘသာက မြေပေါ်ကို ခွေခွေလေးလဲကျသွားတာ၊ ပြီးတော့ တအင့်အင့်နဲ့ညည်းပြီးတော့ ဘယ်ညာလူးနေတာပဲ။
“ဦးဘ . . .”
ကျုပ်ထပြေးမလိုလုပ်တော့ ကိုအေးတို့က ကျုပ်လက်ကိုဆွဲထားတယ်ဗျ၊ ကျုပ်ပါးစပ်ကိုလည်း ပိတ်လိုက်တယ်။
“ဟေ့ကောင်၊ စိတ်ကိုထိန်းစမ်းပါ၊ မင်းအဘကြီးတောင် ခံနေရပြီမဟုတ်လား၊ ငါတို့ထွက်သွားမှ ငါတို့ကိုလုပ်နေအုံးမယ်”
ကျုပ်လည်း ဦးဘသာခံနေရတာကို မကြည့်ရက်တော့ဘူး၊ ဦးဘသာက လက်တစ်ဖက်ကိုလေပေါ်မြှောက်လိုက်တော့မှ အဘိုးကြီးက လက်ညှိုးကိုချလိုက်တယ်။ ဦးဘသာက လူးလဲထရင်း
“ကျုပ် တောင်းပန်ပါတယ်၊ ခင်ဗျားက ဘယ်သူလဲ”
အဲဒီအခါ စိုင်းရာဇာက အရှေ့ကိုတစ်လှမ်းတက်လိုက်ပြီးတော့
“ဒါက ကျုပ်ရဲ့အဘ၊ နှစ်တစ်ထောင်ရုက္ခစိုးဘိုးဘိုးကြီးပဲဗျ”
ဦးဘသာက အလူးအလဲနဲ့ကုန်းထတယ်ဗျ၊
“မင်း . . . မင်းက ဘယ်လိုလုပ်ပြီး ရုက္ခစိုးနဲ့ပေါင်းနေတာလဲ”
“ကျုပ်က ငယ်ငယ်ကတည်းက ရုက္ခစိုးမှော်ကျင့်လာတာဗျ”
“ဒါဆို မင်းမှော်အောင်သွားတာလား”
“ဒါပေါ့ဗျာ၊ ကျုပ်ကိုးနှစ်တိတိ တောနက်ထဲက ညောင်ပင်ကြီးတွေအောက်မှာ လိုက်ကျင့်ရတယ်၊ နောက်ဆုံးတော့မှ ကျုပ်ရဲ့အဘကိုပြန်တွေ့ပြီးတော့ ကျင့်စဉ်အောင်သွားခဲ့တာပဲ”
“နေပါအုံး မင်းရဲ့အဘဆိုတော့”
စိုင်းရာဇာက ခေါင်းညိတ်လိုက်ပြီး
“ဘိုးဘိုးကြီးနဲ့ ကျုပ်နဲ့က ဟိုးအရင်ဘ၀တစ်ခုက သားအဖတော်စပ်ခဲ့တယ်၊ ဘိုးဘိုးကြီးက ကျုပ်ကိုချစ်ခင်ပြီးတော့ အပြန်အလှန်အနေနဲ့ ကျုပ်ကိုစောင့်ရှောက်ခဲ့တာပဲ”
“ငါသဘောပေါက်ပြီ၊ ဒါကြောင့်လည်း မင်းက အရာတိုင်းကို သိနိုင်မြင်နိုင်ကြားနိုင်နေတာ၊ မင်းရဲ့ဘိုးဘိုးကြီးဆီက အကြားဓါတ်၊ အမြင်ဓါတ်၊ အသိဓါတ်တွေ ရထားလို့မဟုတ်လား”
စိုင်းရာဇာက ခေါင်းညိတ်လိုက်ပြီးတော့
“မှန်တာပေါ့ဗျာ၊ ဒါတင်ဘယ်ကအုံးမှာလဲ ဘိုးဘိုးကြီးရောက်နေတဲ့နေရာက ရှိသမျှလူတိုင်း၊ မမြင်အပ်တဲ့လူတွေတိုင်းကို ဘိုးဘိုးကြီးတန်ခိုးနဲ့ခိုင်းစားလို့ရတယ်”
ဦးဘသာက အရှေ့ကိုတိုးပြီးတော့ လက်အုပ်ချီတယ်ဗျ။
“ကျုပ်တောင်းပန်ပါတယ် ဘိုးဘိုးကြီး၊ ကျုပ်မသိလို့စော်ကားမိသလိုဖြစ်သွားပါတယ်၊ ကျုပ်ကိုခွင့်လွှတ်ပါ”
“ရှိစေတော့၊ မင်းကိုငါခွင့်လွှတ်တယ်၊ ဒါပေမယ့် ငါ့သားက မင်းနဲ့ပါလာတဲ့ကောင်လေးကို ခွင့်မလွှတ်ဘူး”
ဦးဘသာက စိုင်းရာဇာဘက်ကိုလှည့်ပြီး လက်အုပ်ချီတယ်။
“သူ့အစား ဦးလေးကပဲတောင်းပန်ပါတယ်ငါ့တူရာ၊ ငါ့တူရဲ့စိတ်ကိုလျော့လိုက်ပါ၊ သူသေသွားလို့လည်း ငါ့တူဘာအကျိုးမှမရှိပါဘူး”
စိုင်းရာဇာဆိုတဲ့ကောင်က ဟင်းခနဲမဲ့ပြုံးပြုံးလိုက်တယ်ဗျ။
“ကျုပ်ကိုစော်ကားတဲ့ကောင်တွေကို ကျုပ်အရှင်မထားဘူး၊ ဟိုအထက်လမ်းကောင်ကိုလည်း တစ်ချိန်ကျရင်သတ်ပစ်အုံးမှာ၊ ဒီကောင်က ဘုရားတရားမြဲနေတော့ ကပ်မရသေးလို့၊ ခင်ဗျားရဲ့တူကိုလည်း ကျုပ်က ဇီဝိန်ချုပ်ပစ်မှာ”
ကျုပ်လည်းတောက်တစ်ချက်ခေါက်ပြီးတော့ ချုံကွယ်ထဲကထွက်လိုက်တယ်ဗျ၊ ကျုပ်ဖြင့် ဒေါသတွေထွက်လွန်းလို့ ညောင်ပင်အောက်ကိုဘယ်လိုရောက်သွားသလဲမသိပါဘူးဗျာ။
“ဦးဘသာတော်ပြီ၊ ဒီလိုကောင်ကို တောင်းပန်စရာအကြောင်းမရှိဘူး”
ကျုပ်ရောက်သွားတော့ အားလုံးအံ့ဩသွားတာပေါ့၊ ကိုအေးနဲ့ ရင်မောင်ကတော့ ချုံပုတ်ထဲကနေထွက်မလာဘူးဗျ၊ ငြိမ်ပြီးကုပ်နေကြတယ်။ ကျုပ်လည်း စိုင်းရာဇာကိုလက်ညှိုးထိုးပြီးတော့
“ဟေ့ကောင်၊ မင်းယောက်smးမဟုတ်ဘူးလား၊ ယောက်ျားဆိုရင် ယောက်ျားလိုရှင်းရမှာပေါ့ကွ”
စိုင်းရာဇာက ကျုပ်ကိုမျက်လုံးကြီးပြူးကြည့်တယ်ဗျ။
“ဒါနဲ့နေစမ်းပါအုံး၊ မင်းတို့က ငါ့ကိုဘာဖြစ်လို့ ရန်ရှာချင်တာလဲကွ”
“ဒါကတော့ ခင်ဗျားက မနှင်းကြည်ကို အီစီကလီလုပ်နေလို့ပေါ့ဗျ၊ ကျုပ်ပြောတာဟုတ်တယ်မဟုတ်လား”
စိုင်းရာဇာက မျက်နှာတစ်ချက်ပျက်သွားပြီးတော့ သူ့အဘကိုကြည့်လိုက်တယ်။
“အဘ . . .”
အဘိုးကြီးက ကျုပ်ကိုပြုံးပြီးကြည့်လိုက်တယ်ဗျ၊ သူ့မျက်လုံးတွေက ဝင်းခနဲလက်သွားတာပဲဗျာ၊ ကျုပ်လည်း အံ့ဩပြီးငေးကြည့်နေမိတယ်။
“အလတ်ကောင် . . .”
ဦးဘသာကအော်ပြီးတာ့ ကျုပ်ရှေ့ကိုပြေးလာတယ်ဗျ၊ နောက်တော့ သူ့လက်ဝါးကိုဖြန့်ပြီးတားလိုက်တယ်၊ ဒါပေမယ့် သူလည်းမတားနိုင်ပါဘူးဗျာ၊ ရုက္ခစိုးကြီးပစ်လွှတ်တဲ့ စက်တွေထိမှန်ပြီးတော့ ဦးဘသာရောကျုပ်ရော နှစ်ယောက်စလုံး ဖင်ထိုင်လဲပြီးတော့ မြေကြီးပေါ်မှာ တရွတ်တိုက်ပြီး ဆယ်ပေလောက်အထိလွင့်သွားတော့တာပါပဲ။ ကျုပ်လည်း ကုန်းထလိုက်ပြီးတော့ ဦးဘသာကြီးကိုပြေးတွဲလိုက်တယ်၊ လူကလည်းမူးနေတာဆိုတော့ ကတုန်ကယင်ပေါ့ဗျာ။
ဦးဘသာကြီးက အတော်စိတ်ဆိုးသွားပြီးတော့ ရုက္ခစိုးကြီးကိုကြည့်လိုက်တယ်ဗျ။
“ဟေ့လူ၊ ကျုပ်တူကိုမထိနဲ့လို့ ခင်ဗျားကိုပြောထားတယ်နော်”
“အောင်မာ၊ စကားပြောတာ ရိုင်းလှချည်လား၊ မင်းလို စုန်းအစုတ်အပဲ့ကများ ငါ့ကိုယှဉ်နိုင်မယ်ထင်လို့လားဟဲ့”
ဦးဘသာက အံကြိတ်တယ်ဗျ၊ မေးရိုးကြီးတွေကို ထင်းသွားတာပဲဗျာ။
“ကျုပ်တောင်းပန်တာ အလကားတောင်းပန်တာမဟုတ်ဘူး၊ ခင်ဗျား ထိခိုက်မှာစိုးလို့တောင်းပန်နေတာ၊ ခင်ဗျား ပြဿနာမဖြစ်ချင်ရင် ကျုပ်တောင်းပန်တာကိုလက်ခံပြီး ပြန်လိုက်တော့”
“အောင်မာ၊ ဒီစုန်းက ကြီးကြီးကျယ်ကျယ်နဲ့၊ ကိုင်း . . . လာစမ်းဟေ့”
ရုက္ခစိုးကြီးက လက်ညှိုးနဲ့ထိုးထည့်လိုက်ပြန်ရောဗျာ၊ တစ်ချိန်တည်းမှာပဲ ဦးဘသာခေါင်းက အလင်းရောင်တွေထွက်လာပြီး အမောက်ကြီးသုံးခုပေါ်လာပါရော။ ရုက္ခစိုးကြီးလွှတ်လိုက်တဲ့ စက်တွေက ဦးဘသာနဲ့ကျုပ်ကိုမထိတော့ဘဲ ဘေးကိုလွဲသွားပြီးတော့ မြေကြီးပေါ်ကိုကျသွားတယ်ဗျ၊ မြေကြီးပေါ်မှာ တဖြောက်ဖြောက်အော်ပြီးတော့ တွင်းတွေဖြစ်သွားတယ်။
ဦးဘသာအမောက်ကြီးကိုကြည့်ပြီး အားလုံးက အံ့အားသင့်နေတာပေါ့ဗျာ၊ ဦးဘသာက လက်အုပ်ချီလိုက်ပြီးတော့
“ရွှေရောင်အဆင်း၊ ရွှေရောင်အဝင်းဖြင့် ရွှေအမောက်မှာ နန်းဆောက်စံပျော်တဲ့ ဂန္ဓဗ္ဗ နတ်မင်းကြီးကို ကျွန်ုပ်ဆင့်ခေါ်ပါတယ်”
ဦးဘသာရေရွတ်လိုက်တယ်ဆိုရင်ပဲ သူ့ငယ်ထိပ်အလယ်က ရွှေရောင်အမောက်ကြီးက ပြိုးပြိုးပျက်ပျက်အရောင်တွေထွက်ပြီးတော့ ရွှေရောင်အလုံးကြီးတစ်လုံးက မိုးပေါ်ကိုထွက်လာတယ်ဗျ၊ ကျုပ်ဖြင့်တစ်ခါမှ မမြင်ဖူးဘူးဗျာ၊ ဦးဘသာကဆက်ပြောတယ်။
“မြောက်အရပ်မှာစံပျော်တဲ့ အစိမ်းရောင်ကိုယ်အဆင်းနဲ့ ယကမင်းကြီးလည်း ကိုယ်ယောင်ကိုယ်ဝါတောက်ပစွာနဲ့ ကိုယ်ထင်ပြတော်မူပါ”
အဲဒီလိုလည်းပြောလိုက်ရော အစိမ်းရောင်အငွေ့တွေ တောက်နေတဲ့ အမောက်ထဲကနေ အစိမ်းရောင်အလုံးကြီးတစ်လုံးထွက်လာပြန်ပါရော။
“တစ်ခါ၊ အနောက်အရပ်မှာအရင်းတည်၊ အနီရောင်အမောက်ကိုးခုနဲ့ နာဂဒေဝီ နဂါးနီကိုလည်း ကျွန်တော်မျိုးက ပင့်ဖိတ်တော်မူပါသည်၊ ယခုအရပ်သို့ ကြွမြန်းတော်မူပါ နာဂဒေဝီ နဂါးနီခင်ဗျား”
ဦးဘသာအော်လိုက်ပြန်တော့ အနီရောင်အမောက်ကြီးထဲက အနီရောင်ဘောလုံးကြီးထွက်လာပြန်ပါရောဗျာ၊ ဘောလုံးကြီးသုံးလုံးက မိုးပေါ်ကိုပျံတက်သွားပြီးတော့ တစ်ခါအလင်းတွေထွက်ပြီးတော့ ပြန်ဆင်းလာပြန်ပါရော၊ ရွှေရောင်အလုံးကြီးက ရွှေရောင်နတ်မင်းကြီးဖြစ်သွားတာဗျ၊ ဇာတ်တွေထဲမှာ ဝတ်ကြတဲ့ပုံအတိုင်းပါပဲဗျာ၊ အစိမ်းရောင်ကတော့ ဘီလူးမင်းကြီးဗျ၊ သံချပ်ကာဝတ်စုံတစ်မျိုးကိုလည်း ဝတ်ထားသေးတယ်၊ ကျုပ်တော့ အဲဒီပုံစံကိုတစ်ခါမှ မမြင်ဖူးဘူး၊ အနီရောင်အလုံးကြီးကတော့ နဂါးကြီးတစ်ကောင်ဖြစ်သွားတာဗျ၊ ခေါင်းမှာလည်းအချွန်အတက်တွေအစုံပဲဗျာ။
ဦးဘသာကြီး ဒီလောက်စွမ်းမှန်း ကျုပ်မသိဘူးဗျာ။ ကောင်းကင်ပေါ်မှာ မီးရောင်စုံတွေတောက်ပြီးတော့ ဦးဘသာရဲ့ နတ်မင်း၊ နဂါးမင်း၊ ဘီလူးမင်းနဲ့ နှစ်တစ်ထောင်ရုက္ခစိုးဘိုးဘိုးကြီးနဲ့ ဆော်ကြပါရောဗျာ၊ အလင်းရောင်တွေ ဝင်းခနဲလက်ခနဲဖြစ်သွားလိုက်၊ မှောင်ကျသွားလိုက်နဲ့၊ လေတွေကလဲ တဝုန်းဝုန်းနဲ့တိုက်နေလိုက်တာများ ညောင်ပင်ကြီးဆိုရင် ဘယ်ညာယိမ်းထိုးနေတာပဲဗျာ။
(၃)
ကိုအေးနဲ့ရင်မောင်နဲ့က ချုံပုတ်ထဲကနေကုန်းထလာကြတယ်ဗျ။
“လူကြမ်းရင် နတ်ကြမ်းမခံနိုင်ဘူးတဲ့ဟေ့၊ အဲဒီခွေးကောင်ကို ဆော်ကြဟ”
ကိုအေးလက်ထဲမှာလည်း သစ်ချောင်းကြီးတစ်ချောင်းကိုင်လို့ဗျ၊ ရင်မောင်နဲ့ကိုအေးက ညာသံပေးပြီးတော့ ချုံထဲကနေပြေးထွက်လာကြတာ၊ စိုင်းရာဇာလည်း ဘာလုပ်ရမှန်းမသိတော့ဘဲ ငေးကြောင်ကြည့်နေတာပေါ့ဗျာ။ ကျုပ်လည်း အားတွေတက်လာပြီး စိုင်းရာဇာဆီကိုပြေးခဲ့တာပေါ့။
“မြင်းဇာရွာက ငအေးတဲ့ကွ”
ကိုအေးက အားရပါးရအော်ပြီး တုတ်နဲ့ပြေးဝင်လာတယ်ဗျ၊ ကံဆိုးချင်တော့ ညောင်မြစ်တစ်ခုနဲ့ခြေထောက်နဲ့တိုက်မိပြီး ဘိုင်းခနဲချော်လဲကျသွားတယ်၊ ကိုအေးထက်စာရင် ရင်မောင်က တော်သေးတယ်ဗျ၊ စိုင်းရာဇာဆီပြေးခုန်ဝင်ပြီးတော့ လက်သီးနဲ့မျက်နှာကိုထိုးချလိုက်တာဗျာ၊ ဒါပေမယ့် မူးနေတော့ လက်သီးက စိုင်းရာဇာမျက်နှာဆီမရောက်ဘဲ ဘေးကိုတစ်တောင်လောက်လွဲသွားပြီးတော့ ညောင်ပင်ကြီးကိုထိုးမိသွားပါရော။
ကျုပ်လည်းအတင်းပြေးဝင်ပြီး လုံးထည့်လိုက်တာပဲဗျာ၊ ဆွဲမိဆွဲရာတွေလျှောက်ဆွဲတော့ စိုင်းရာဇာဝတ်ထားတဲ့ပုဆိုးကြီးဆွဲမိတာပေါ့ဗျာ၊ ကျုပ်ဝင်လုံးတော့ ရင်မောင်ကလည်း စိုင်းရာဇာကိုနပမ်းဖက်လုံးတယ်ဗျ၊ ကျုပ်တို့သုံးယောက်သား ညောင်ပင်ခြေရင်းမှာ နပမ်းလုံးနေကြတာပေါ့ဗျာ၊ စိုင်းရာဇာက အော်ရှာတယ်ဗျ။
“အဘ . . . အဘရေ ကယ်ပါအုံး”
သူ့အဘလည်း အလုပ်များနေလို့ မကယ်နိုင်ဘူးထင်ပါတယ်ဗျာ၊ ကျုပ်နဲ့ရင်မောင်နဲ့ သူ့ကိုဝိုင်းတွယ်ကြလို့ စိုင်းရာဇာတစ်ယောက် ရုက္ခစိုးမကယ်နိုင်ပါဆိုပြီးဖြစ်နေတာပေါ့ဗျာ။
မူးမူးနဲ့ဆိုတော့ မှီရာဆော်တာပဲဗျာ၊ ကျုပ်ရှေ့မှာ ခြေသလုံးတစ်ချောင်းတွေ့တာနဲ့ ကျုပ်လည်းဖက်ကိုက်ထည့်တာပဲ။
“အား . . . အဲဒါငါ့ခြေထောက်ကွ”
အသံကတော့ ရင်မောင်အသံပဲဗျ၊ သူ့အသံကြားတော့မှ ရင်မောင်ခြေသလုံးမှန်းသိပြီး ပြန်လွှတ်ပေးလိုက်ရတယ်၊ ရင်မောင်ကလည်း လက်သီးတွေတစ်လုံးပြီးတစ်လုံး စိုင်းရာဇာကိုပစ်သွင်းတာပေါ့ဗျာ၊ ဒါပေမယ့် သူ့လက်သီးက ကျုပ်နံကြားကိုပဲ လာလာထိုးနေတာဗျ။
“ကိုရင်မောင်၊ ခင်ဗျားထိုးတာကျုပ်ဗျ”
ရင်မောင်လည်း အထိုးရပ်သွားတယ်၊ သုံးယောက်သား ထိုးတော့ထိုးနေပေမယ့် ဘယ်သူ့ကိုဘယ်သူ ထိုးနေမှန်းတော့မသိဘူး၊ မကြာပါဘူး ကျုပ်လည်းဆံပင်တစ်ဖုတ်ဆွဲလိုက်မိတယ်၊
“ကိုရင်မောင်၊ ဒါခင်ဗျားဆံပင်လား”
“ဟေ၊ မဟုတ်ဘူးကွ၊ ဒါနဲ့ ငါဆွဲထားတာရော မင်းဆံပင်လား”
“မဟုတ်ဘူးဗျို့”
“ဒါဆိုသေချာပြီ ဒီဟာ ဟိုကောင့်ဆံပင်ပဲဟေ့၊ ဆွဲစမ်းဟ”
ကျုပ်နဲ့ကိုရင်မောင်လည်း ကိုင်မိတဲ့ဆံပင်အဖုတ်ကို အားကုန်ဆွဲကြတာဗျာ။ မြက်နှုတ်သလိုကို ဝိုင်းဆွဲကြတာ၊ အဆွဲခံရတဲ့လူလည်း အော်လိုက်တာမှ အသံကိုပြဲနေတာပဲ၊ ကျုပ်တို့လည်း ဆံပင်ဆွဲရင်း ဒီအသံကိုကြားဖူးပါတယ်ဆိုပြီးတော့ ထင်နေမိတာ။
“ဟေ့ကောင်တွေ၊ မင်းတို့ဆွဲနေတာ ငါ့ဆံပင်ကွ”
“ဗျာ . . . ကို . . ကိုအေးလား”
ကျုပ်တို့လည်းဆံပင်ကို အမြန်လွှတ်လိုက်ရတယ်၊ ဒေါသထွက်ထွက်နဲ့ဆွဲတော့ ကျုပ်လက်ထဲတောင် ဆံပင်တွေ တစ်ထွေးကြီးပါလာသေးတယ်ဗျာ။ ကျုပ်လည်းတရားခံဖြစ်မှာစိုးတာနဲ့ ဆံပင်တွေကို လက်ထဲကခါချလိုက်တာပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက်ထလိုက်တော့ ကျုပ်တို့ကြားကနေ ကိုထွေးထွက်လာတယ်ဗျ။
“ဟေ့ကောင်တွေ၊ မင်းတို့ကွာ၊ ငါ့ကိုလုပ်ရက်တယ်”
“ဒါဆို ဟိုကောင်ဘယ်ရောက်သွားတာလဲ”
ကျုပ်တို့မေးပြီးရွာထဲကိုကြည့်လိုက်တော့ စိုင်းရာဇာတစ်ယောက် ရွာထဲကိုပြန်ပြေးတာ တန်းနေတာပဲဗျို့။
ကျုပ်တို့လည်း သူ့နောက်လိုက်မယ်လို့လုပ်နေတုန်း တောက်ခေါက်သံအကျယ်ကြီးကို ကြားရတယ်ဗျ၊
“တောက်၊ အားလုံးရပ်လိုက်ကြစမ်း”
ကျုပ်တို့လှည့်ကြည့်လိုက်တော့ မိန်းမတစ်ယောက်ဗျ၊ အနက်ရောင်အင်္ကsDdကိုဝတ်ထားတယ်၊ အောက်ကထမီကလည်း အနက်ပဲဗျ၊ ထမီအနားမှာတော့ အဖြူရောင်ပိတ်စပါးပါးလေးတွေပါတယ်၊ ပုံတော်ဖိနပ် မနိမ့်မမြင့်ကလေးစီးထားတာဗျ။ အသားကတော့ဖြူဖြူပဲ၊ မျက်နှာပေါက်ကလည်း ကြည့်ကောင်းတယ်၊ ကွမ်းစားထားလို့လားမသိဘူး နှုတ်ခမ်းကလေးတွေက နီနေတာပဲဗျာ။ သူ့လည်ပင်းမှာတော့ မြွေနက်ကြီးတစ်ကောင်က ရစ်ခွေနေတယ်ဗျ။
အဲဒီမိန်းမရောက်လာပြီး လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ စက်တွေအပြိုင်လွှတ်ပြီးတိုက်ခိုက်နေကြတဲ့ ရုက္ခစိုးကြီးရော၊ ဦးဘသာရဲ့အစောင့်တွေရော အားလုံးငြိမ်သွားကြတယ်၊ ဦးဘသာကြီးလည်း အဲဒီမိန်းမကိုတွေ့တာနဲ့ ဆောင့်ကြောင့်ထိုင်ချလိုက်တာပဲဗျာ။ သူထိုင်တော့ ကျုပ်တို့လည်း ဘုမသိဘမသိနဲ့လိုက်ပြီးထိုင်ရတာပေါ့ဗျာ။
“ဟေ့ကောင်တွေ၊ အနောက်မယ်တော် ကြွလာတာကွ၊ မရိုမသေမလုပ်ကြနဲ့”
အဲဒီမိန်းမက အနောက်မယ်တော်ဆိုပဲဗျ၊ နောက်တော့ သူ့အနောက်ကနေမြွေကြီးနှစ်ကောင်ထွက်လာတယ်ဗျ၊ ငန်းပုပ်လို၊ မြွေဟောက်လို မြွေကြီးတွေဗျ၊ ပါးပျဉ်းကြီးတွေထောင်ထားကြတာ၊ တစ်ကောင်တစ်ကောင်ကို ကျုပ်တို့တစ်ရပ်လောက်ရှိတယ်။
“မင်းတို့လုပ်နေတာတွေ အထက်နတ်တွေသိရင် မင်းတို့အကုန်အပြစ်ပေးခံရမယ်”
အနောက်မယ်တော်က ဦးဘသာကိုကြည့်ပြီးတော့
“မင်းကတော်တော်စွမ်းနေပါလားကွ၊ မင်းကိုငါမမြင်ဖူးပါဘူး၊ မင်းဘယ်သူလဲ”
“ကျုပ်နာမည် သာဒင်ပါ၊ ဟိုးအရှေ့ဘက်မှာနေပါတယ်”
“အရှေ့ဘက်မှာနေတဲ့လူက သူများအရပ်ကိုလာပြီးတော့ ပညာကုန်ထုတ်သုံးတာ၊ ငါ့ကိုမရိုမသေလုပ်တာလား”
ဦးဘသာကလက်အုပ်ချီပြီး
“မဟုတ်ပါဘူး၊ မယ်တော်ကို မရိုမသေလုပ်တာမဟုတ်ရပါဘူး၊ ကျုပ်မှာ အသက်အနရယ်ရှိတာနဲ့ စောင့်ရှောက်သူတွေကို ဆင့်ခေါ်လိုက်ရတာပါ”
အနောက်မယ်တော်က ဦးဘသာအနားကိုလမ်းလျှောက်လာတယ်ဗျ၊ ပြီးတော့ ဦးဘသာရဲ့ခေါင်းကိုသပ်တယ်။
“မင်းက သယ်ဆောင်သူပဲ၊ ဘယ်သူ့ရဲ့ဝန်ကို မင်းသယ်ဆောင်နေရတာလဲ”
“မှန်ပါ၊ မယ်ပျင်းရဲ့ဝန်ပါမယ်တော်၊ ကျုပ်အမေက မယ်ပျင်းပါ”
ဦးဘသာပြောလိုက်တော့ အနောက်မယ်တော်က တစ်ချက်မဲ့သွားတယ်ဗျ။
“လာပြန်ပြီလား ဒီမယ်ပျင်း၊ ကဲ ထားပါတော့”
အနောက်မယ်တော်က ရုက္ခစိုးကြီးကိုကြည့်တယ်ဗျ။
“ဘိုးဘိုးကြီးတို့ကလည်း ကိုယ့်နေရာကိုယ်မနေဘဲနဲ့ ဘာလို့ဒီကိုရောက်လာရတာလဲ၊ လူလူချင်းဖြစ်တဲ့အချင်းမှာ နတ်တွေဝင်မပါရဘူးလို့ အထက်နတ်တွေမိန့်ထားတယ်မဟုတ်လား”
“လူလူချင်းဆိုပေမယ့် ဒီလူက ကျုပ်ရဲ့သားဗျ”
မယ်တော်ကပြုံးလိုက်တယ်။
“သံသရာတစ်လျှောက်မှာ လူတိုင်းဟာဆွေမျိုးတော်ခဲ့တာပဲ ဘိုးဘိုးကြီးရဲ့၊ ဘိုးဘိုးကြီးမှာရော တခြားသားတွေသမီးတွေမရှိတော့ဘူးလား၊ အဲဒီလူတွေတိုင်းကိုရော အခုလိုစောင့်ရှောက်ပြီး သူတောင်းသမျှ လုပ်ပေးနေမှာလားဘိုးဘိုးကြီး”
ရုက္ခစိုးကြီးပါးစပ်ပိတ်သွားတယ်။
“ကဲထားလိုက်တော့ အားလုံးပဲ ကိုယ့်နေရာကိုယ်ပြန်ကြပါ၊ ဘိုးဘိုးကြီးလည်း အထက်နတ်တွေအပြစ်ပေးတာမခံချင်ရင် ဒီအလုပ်တွေကိုရပ်တန်းကရပ်လိုက်ပါ”
ပြီးတော့ ဦးဘသာဘက်ကိုလှည့်ပြီးတော့
“နင့်အမေ မယ်ပျင်းကို ငါနှင်သလို၊ နင့်ကိုလည်းငါနှင်မယ်၊ နောက်ခုနစ်ရက်ကြာတဲ့အခါ နင်ဒီနယ်ကနေထွက်သွားရမယ်၊ နောက်ထပ်ခြေတစ်လှမ်းမချနဲ့တော့ သယ်ဆောင်သူက အစောင့်အရှောက်တွေထုတ်သုံးတယ်ဆိုတာ ဘယ်လောက်ကြီးလေးတဲ့အပြစ်လဲဆိုတာ နင်သိတယ်မဟုတ်လား”
ဦးဘသာက ခေါင်းညိတ်ပြီး
“သိ . . . သိပါတယ်မယ်တော်”
“ခုနစ်ရက်အတွင်းထွက်သွားကြပါ၊ မသွားလို့ကတော့ ငါ့အကြောင်း နင်တို့သိစေရမယ်”
“မယ်တော်ပြောတဲ့အတိုင်းပါပဲ”
အဲဒီလိုပြောပြီးတော့ ဖြုတ်ခနဲပျောက်သွားတာဗျာ။ ကျုပ်တို့ဖြင့် ဆောင့်ကြောင့်ကြီးတွေထိုင်ပြီးတော့ ကြောင်စီစီကြီးတွေကျန်ခဲ့ကြတာ။ ရုက္ခစိုးဘိုးဘိုးကြီးဆိုတာလည်းမရှိတော့သလို ဦးဘသာကြီးဆီက အကောင်တွေလည်း တစ်ကောင်မှမရှိတော့ဘူးဗျ၊ ကျုပ်လည်း ဦးဘသာကြီးကိုပြေးထူရတယ်၊ နပမ်းတွေလုံးထားတာဆိုတော့ လူတွေလည်း ဖုန်တွေလူးပြီး လူရုပ်မပေါ်တော့ဘူးပေါ့ဗျာ။
(၄)
ကိုအေးကို တွဲပြီး သူ့အိမ်အောက်က ဆင့်မှာထားခဲ့တာပေါ့ဗျာ၊ ရင်မောင်ကိုတော့ ကျုပ်လည်းသိပ်မတွဲနိုင်တာနဲ့ ကျုပ်တို့တဲထဲကိုပဲ ထည့်လိုက်တယ်။ ဦးဘသာကတော့ တော်တော်ပင်ပန်းသွားလို့ နားနေတယ်၊ သူ့ကိုယ်မှာပေနေတဲ့ဖုန်တွေကို ကျုပ်က ရေဝတ်တစ်ခုနဲ့သုတ်ပစ်လိုက်တယ်ဗျ၊ ဦးဘသာတစ်ကိုယ်လုံးလည်း ပွန်းပဲ့ရာတွေနဲ့ သွေးတွေတောင်စို့နေတယ်ဗျ၊ တစ်ချို့နေရာဆိုရင်လည်း အညိုအမည်းတွေစွဲလို့ဗျာ။
“ဦးဘသာ၊ ကျုပ်ကိုပရုပ်ဆီပေးဗျာ၊ ကျုပ်ဆေးလူးပေးမယ်”
ဦးဘသာရဲ့ဒဏ်ရာတွေကို လှန်လှောပြီးတော့ ဆေးလူးပေးတာပေါ့ဗျာ။
“ဒါနဲ့ရုက္ခစိုးမှော်ဆိုတာဘာလဲဗျ”
“လောကမှာ မှော်တွေဆိုတဲ့ဟာလည်းရှိတယ်ကွ၊ မှော်တွေထဲမှာ သူရသတီမှော်တို့၊ ရုက္ခစိုးမှော်တို့ဆိုရင် သိပ်ကိုစွမ်းတာ၊ မှော်ဆိုတာ ကျင့်စဉ်တစ်ခုပဲကွ၊ ကျင့်စဉ်ကတော့ သိပ်မခက်ပေမယ့် အဲဒီကျင့်စဉ်ကို အောင်မြင်အောင်ကျင့်ကြံနိုင်ဖို့က ဇွဲလုံ့လလည်းလိုသလို၊ အဖျက်တွေလည်း အမျိုးမျိုးဝင်တတ်တယ်၊ ရုက္ခစိုးမှော်ကိုအောင်မြင်သွားရင် ရုက္ခစိုးက ကိုယ့်ကိုစောင့်ရှောက်တယ်ကွ၊ ရုက္ခစိုးတွေတတ်တဲ့ အမြင်ဓါတ်၊ အကြားဓါတ်၊ အသိဓါတ်တွေကို ကိုယ်လဲတစ်ဆင့်ယူပြီးသုံးလို့ရတယ်”
“ဒါနဲ့ ကျုပ်ကြားဖူးတာကတော့ ရုက္ခစိုးဆိုတာ လူကောင်းတွေမဟုတ်ဘူးလား”
ဦးဘသာကခေါင်းခါပြီးတော့
“အောက်နတ်တွေဆိုတော့ လူတွေလိုပဲပေါ့ကွာ၊ ကိုယ့်အပေါ်ကောင်းရင် ပြန်ကောင်းမယ်၊ ကိုယ့်အပေါ်မကောင်းရင် ဆိုးမယ်ပေါ့”
ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်။
“ကျုပ်သိပြီ၊ ဒါကြောင့် ဒီကောင့်ကိုရင်မောင် ပယောဂစစ်တော့ ဒီကောင်ဘာမှမဖြစ်တာကိုး”
“ရုက္ခစိုးဆိုတာလည်း အောက်နတ်ပဲကိုးကွ”
“ဒါနဲ့ ဦးဘသာကိုယ်ထဲက အကောင်တွေကရော ဘာတွေလဲ၊ ပြီးတော့ သယ်ဆောင်သူဆိုတာကရော . . .”
“မင်းနားလည်အောင်ပြောရမယ်ဆိုရင်တော့ စုန်းတွေစွမ်းတယ်၊ ကဝေတွေစွမ်းတယ်ဆိုတာက နှစ်ပိုင်းရှိတယ်၊ ပညာရပ်ပိုင်းအရလည်းအစွမ်းထက်သလို၊ အစောင့်အရှောက်တွေကြောင့်လည်း အစွမ်းထက်တယ်၊ အစောင့်အရှောက်တွေဆိုတာကတော့ ဂန္ဓဗ္ဗ ဆိုတဲ့အောက်နတ်တွေ၊ နောက်ပြီး ဘီလူးတွေ၊ နဂါးတွေ၊ သူယောင်တွေ၊ လူနီတွေ စုံလို့ပေါ့ကွာ”
“သူတို့ကဘယ်လိုရောက်လာကြတာလဲ”
“မင်းကိုငါပြောဖူးသလို ဝမ်းတွင်းပါတယ်ဆိုတာက အဲဒီလူနဲ့ အဲဒီပုဂ္ဂိုလ်နဲ့ အထုံရေစက်ပါပြီးတော့ ဝမ်းကြာတိုက်ထဲမှာ နတ်ဘုံနတ်နန်းတည်ပြီး နေထိုင်တာပေါ့ကွာ၊ သူတို့ကစွမ်းနေတော့ ကိုယ်ကလည်းစိတ်ထဲကနေကြံလိုက်တာနဲ့သူတို့သိပြီးတော့ သူတို့အစွမ်းနဲ့လုပ်ပေးတာပေါ့ကွာ၊ ဥပမာ မင်းဝမ်းထဲ ဒီပုဂ္ဂိုလ်ရှိတယ်ဆိုပါစို့၊ မင်းက ထင်းချောင်းကြီးကို မြွေဖြစ်ပါစေလို့ စိတ်ကူးလိုက်တာနဲ့ အဲဒီပုဂ္ဂိုလ်က သူ့အစွမ်းနဲ့ မြွေကြီးဖြစ်အောင်လို့ လုပ်ပေးလိုက်တာ”
“ထူးဆန်းလိုက်တာဗျာ”
“ဒီလို သူ့အလိုလိုဖြစ်လာတာမဟုတ်ဘဲ၊ အစဉ်အဆက်လက်ဆင့်ကမ်းလာကြတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်ကွ၊ အခုငါ့ဆီက ပုဂ္ဂိုလ်တွေဆိုရင် ငါ့အမေက ငါ့ကိုလက်ဆင့်ကမ်းပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေပေါ့ကွာ”
“စုန်းဆိုတာ မျိုးရိုးတစ်ဆက်ကျော်တယ်လို့ မင်းကြားဖူးတယ်မဟုတ်လား၊ ဒီတော့ ငါ့အမေက ဒီပုဂ္ဂိုလ်တွေရဲ့အစွမ်းကို တိုက်ရိုက်သုံးလို့ရပေမယ့် သူ့သားငါကတော့ ဆက်ခံသူမဟုတ်ဘဲ သယ်ဆောင်သူလေကွာ၊ ဒီတော့ ဒီပုဂ္ဂိုလ်တွေကို သယ်ဆောင်ရုံပဲတတ်နိုင်တယ်၊ သူတို့အစွမ်းကို တိုက်ရိုက်မသုံးနိုင်ဘူး၊ သုံးခွင့်လည်းမရှိဘူး၊ ဒါပေမယ့် ငါကနေဖြစ်မယ့် ငါ့မျိုးဆက်ကျရင်တော့သူက ဆက်ခံသူဖြစ်သွားပြီးတော့ ဒီပုဂ္ဂိုလ်တွေရဲ့အစွမ်းကို တိုက်ရိုက်သုံးနိုင်လိမ့်မယ်”
“ဟာ၊ ဒါဆိုရင်တော့ တော်တော်စွမ်းမှာဗျ၊ ဒါဆို ဦးဘသာအမေ ဒေါ်ပျင်းကြီးက တော်တော်စွမ်းတာပဲ၊ ဟုတ်ရင်လည်းဟုတ်မှာဗျ၊ အဖေလည်း ကျုပ်ကိုဒေါ်ပျင်းအကြောင်းပြောဖူးတယ်၊ တို့ရွာမှာ အခုလက်ရှိနေတဲ့ လူဦးရေထက် ဒေါ်ပျင်းကြီးသတ်ခဲ့တဲ့လူက ပိုများတယ်တဲ့၊ အဲဒါဟုတ်လား”
ဦးဘသာက မျက်နှာတစ်ချက်ပျက်သွားတယ်။
“လူတွေက ချဲ့ကားပြောကြတာပါကွာ၊ ကဲပါ အဲဒါတွေပြောမနေနဲ့တော့၊ ငါလည်းအိပ်ချင်နေပြီ၊ အိပ်တော့မယ်ကွာ”
ဦးဘသာစကားစဖြတ်လိုက်တာနဲ့ ကျုပ်လည်း ရင်မောင်ဘေးနားမှာ အိပ်ချလိုက်တာပေါ့ဗျာ၊ ရင်မောင်ကတော့ တခေါခေါနဲ့ဟောက်တောင်နေပါပြီ။
မနက်လင်းတော့ ကျုပ်တို့လည်း နိုးလာတာပေါ့ဗျာ၊ ရင်မောင်ကတော့ နိုးတာကြာနေပြီးတော့ ငုတ်တုတ်ထိုင်နေသေးတယ်။ ကျုပ်လည်းတဲပေါ်ကဆင်းလိုက်ရော သူကကျုပ်ကိုလက်ကုပ်ပြီးတော့
“အလတ်ကောင်၊ ညက ငါထူးဆန်းတဲ့အိပ်မက်မက်တယ်ကွ၊ နဂါးတွေရော၊ ရုက္ခစိုးတွေရော၊ ပြီးတော့ ငါတို့လည်း နပမ်းတွေဖက်လုံးလိုက်ရတာမောလိုက်တာကွာ”
ကျုပ်လည်း မသိချင်ယောင်ဆောင်လိုက်တာပေါ့ဗျာ။
“အိုဗျာ၊ နွေလယ်အိပ်မက် ဂယောက်ဂယက်တဲ့”
“မင်းကတော့လုပ်ပြီ၊ ငါကြားဖူးတာက ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်ပါကွ”
“ဆောင်းဖြစ်ဖြစ် နွေဖြစ်ဖြစ်အတူတူပါပဲကွာ၊ ကျုပ်တို့ညက အရက်ဆိုင်ကပြန်လာပြီး ဒီမှာအိပ်နေတာပဲလ ခင်ဗျားဘာမှ မမှတ်မိဘူးလား”
ရင်မောင်က ခေါင်းခါပြတယ်ဗျ၊ အရက်မသောက်ဖူးတဲ့လူ အရက်တွေအများကြီးသောက်ပြီးတော့ ခေါင်းတွေကိုက်နေတယ်ထင်ပါရဲ့ဗျာ။ သူအိပ်မက်လို့ထင်နေတာပဲ ကျုပ်တို့အတွက် ခပ်ကောင်းကောင်းဗျ။ ကိုအေးကတော့ ဒီအကြောင်းကိုသိတောင်မသိဘူးဗျ၊ အင်းလေ၊ သူက မူးပြီးရင် ဘာဆိုဘာမှ မသိတတ်တဲ့လူကိုး၊ သူကဒီဖက်အိမ်ကူးလာပြီးတော့ ကျုပ်ကိုပြောသေးတယ်၊
“အလတ်ကောင်၊ ညက ဘာဖြစ်သလဲမသိပါဘူးကွာ၊ ငါ့ခေါင်းကြီး ကျိန်းစပ်နေတာပဲကွာ”
ကျုပ်လည်း ရယ်ချင်စိတ်ကို ထိန်းထားရတယ်၊ ညကသူ့ကိုဆံပင်ကို ကျုပ်နဲ့ရင်မောင်နဲ့ ဝိုင်းဆွဲတဲ့လက်ချက်ပေါ့ဗျာ။
“ဒါနဲ့ရင်မောင်က ခေါင်းတွေကိုက်ပြီးတော့ လည်ချောင်းတွေနာနေလို့တဲ့ဗျ”
ကျုပ်ပြောတော့ ကိုအေးက အနားကိုရောက်လာပြီး
“အဲဒါဆိုရင် ပြန်ဖြေမှရတော့မယ်နဲ့တူတယ်”
“ဘယ်လိုပြန်ဖြေတာလဲဗျ”
“ဟကောင်ရ၊ အရက်နာကျတာကို အရက်နဲ့ပြန်ဖြေမှရတယ်တဲ့ကွ၊ ငါဒီနေ့ယာထဲမဆင်းဘူးကွာ၊ မင်းတို့နဲ့အတူတူ သွားပြန်ဖြေရအောင်”
“ဟာဗျာ၊ ကိုအေးကလည်း အစောကြီးရှိသေးတာ”
ကိုအေးက ကျုပ်ကိုနားမလည်သလိုကြည့်ရင်း
“အရက်က အစောကြီးသောက်လည်း မူးပါတယ်ကွ၊ မင်းကလည်း”
ကျုပ်ပြောချင်တာ ဒီလိုမဟုတ်ဘူးလေဗျာ၊ ကိုအေးကတော့ ကိုအေးပီသပါပေတယ်၊ ကျုပ်ပြောချင်တာပြော၊ သူလည်းနားလည်ချင်သလို နားလည်လိုက်တာပဲမဟုတ်လား။
ဦးဘသာကတော့ ကိုယ်တွေလက်တွေ ကိုက်ခဲနေလို့ ဆက်ပြီးအိပ်နေတယ်ဗျ။ ကျုပ်လည်းမျက်နှာသစ်ပြီးတော့ ပြန်ဖြေမလို့ လုပ်နေကြတာပေါ့ဗျာ။ ဒီအချိန်မှာ မခင်ကြည်က မီးဖိုထဲကထွက်လာတယ်၊
“ရှင်တို့သုံးယောက် တယ်လည်းအတိုင်အဖောက်ညီနေကြပါလား”
“ဒါပေါ့ကွ၊ မယားညီအကိုတွေပဲဟာ”
“ဘာရှင့် . . . ဘာပြောတယ်”
“ဘာမှမဟုတ်ပါဘူးကွာ၊ သက်သက်စတာပါကွမင်းကလည်း”
မိသက်က တဝါးဝါးသမ်းပြီးတော့ အောက်ထပ်ကနေထွက်လာတယ်ဗျ၊ မခင်ကြည်က မိသက်ကိုကြည့်ပြီး
“ဟဲ့မိသက်၊ နင့်အမနှင်းကြည် မနိုးသေးဘူးလား”
မိသက်လည်းအထူးအဆန်းနဲ့
“အမနှင်းကြည်အခန်းထဲမှာ မရှိတော့ပါဘူး”
“ဟောတော်၊ ဒါဆိုဘယ်ထွက်သွားတာလည်း၊ အိမ်နောက်ဖေးမှာလည်း မရှိပါဘူးအေ”
အဲဒီအချိန်မှာ ခြံပြင်ကနေ ဖိုးတွမ်တီးက မုန့်ပျားသလက်လေးကိုင်ပြီး ဝင်လာတယ်ဗျ၊ မခင်ကြည်က
“ဟဲ့ကောင်လေး၊ နင့်အဒေါ်ကိုတွေ့သေးလား”
ဖိုးတွမ်တီးက ခေါင်းညိတ်လိုက်ပြီး
“တွေ့တယ်လေ၊ ခုနကပဲထွက်သွားတယ်”
“ဟင်၊ ဘယ်ကိုထွက်သွားတာလဲ”
“ရွာထိပ်မှာ စက်ဘီးနဲ့တွေ့လိုက်တာ”
မခင်ကြည်က မျက်မှောင်ကြုတ်ပြီးတော့
“နှင်းကြည်က စက်ဘီးမစီးတတ်ပါဘူး”
“ဟုတ်တယ်၊ သူနင်းတာတော့မဟုတ်ဘူး၊ သူများနင်းသွားတာ”
“ဟုတ်လား၊ ဘယ်သူနင်းသွားတာလဲ”
“သူကြီးအိမ်က ဆရာစိုင်းကနင်းသွားတာပဲ”
“ဟာ . . .”
ကျုပ်နဲ့ရင်မောင်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။ မခင်ကြည်ကတော့ အထူးအဆန်းနဲ့
“ဆရာစိုင်းနဲ့ဘယ်ကိုများသွားပါလိမ့်”
ကျုပ်နဲ့ရင်မောင်ကတော့ ပုဆိုးပြင်ဝတ်ပြီး ခြံပြင်ကို အပြေးထွက်ခဲ့ကြတာပေါ့ဗျာ၊
“ပါသွားပြီ၊ ပါသွားပြီ . . .”
ပါးစပ်ကအော်ရင်း ရွာထိပ်ကိုဒုန်းစိုင်းပြေးခဲ့ကြတာပေါ့။
ပြီးပါပြီ
ရွင်လန်းချမ်းမြေ့ကြပါစေ
Leave a Reply