သူတစ်ပါးပေးသောလက်ဆောင်

.

“ကဲ…တို့ရွာရဲ့အကျိုးကိုဆောင်ရွက်ပေးရှာတဲ့
သူကြီးနောင်ချို…ဘေးဘယာတွေဝေးကွာပါစေကွယ်”

“ကျေးဇူးတင်ပါတယ်ဘွား”

ဦးနောင်ချိုစကားအား ဘွားမယ်စိန်ကခေါင်းငြိမ့်ပြလေသည်။

“ဒါဆို ကျုပ်ပြန်လိုက်ဦးမယ်ဘွား……..”

“အေး…အေး……ဘွားပြောတာကို
မမေ့လေနဲ့မောင်နောင်ချိုရေ…
အကြောင်းထူးရင်လာပြောနော်…”

ဟု…ဘွားမယ်စိန်က
သူကြီးဦးနောင်ချိုအားမှာကြားလိုက်လေသည်။

ထိုသို့ဦးနောင်ချို သည် သူ၏နေအိမ်ဆီသို့ပြန်သွားတော့၏။

*********************************

ဦးနောင်ချို ပြန်သွားပြီး တစ်ပတ်မျှကြာလေတော့ ရွာကာလသားခေါင်းဆောင် မောင်အုန်းသည် ဘွားမယ်စိန်အိမ်သို့ အပြေးတပိုင်းဖြင့် ရောက်လာခဲ့လေသည်။

“ဘွား…ဘွားရှိလားဗျို့…ကျုပ်ပါမောင်အုန်းပါ”

ညနေပိုင်းအချိန်ဖြစ်၍ ဘွားမယ်စိန် အိမ်နောက်ဖေး၌ ရေချိုးနေခဲ့သည်။
မောင်အုန်း၏အော်ခေါ်သံကြောင့် ညစာအတွက်ပြင်ဆင်နေသော ဒေါ်ဝင်း အိမ်အတွင်းမှထွက်လာခဲ့ရှာသည်။
ခြံအပြင်မှမောင်အုန်းအားမြင်လေတော့ ခြံတံခါးကိုဖွင့်ပေးလိုက်ပြီး…

“ဟဲ့…မောင်အုန်း ဘာဖြစ်လာတာလဲ အမောတကောနဲ့”

“ဘွားကော ဒေါ်ဝင်း ဘွားရှိလား……..”

“အေး…ရှိတယ်လေ မင်းအဘွား
နောက်ဖေးမှာရေချိုးနေလေရဲ့”

“ကျုပ်လာတာအရေးကြီးတယ်ဗျ…အခုဆို သူကြီးရဲ့မြေးမလေးဆုံးသွားရှာပြီဗျ”

“ဟေ…သူကြီးမြေးဆိုတော့ ဟို မီးပေါက်စလေးလား
မောင်အုန်း”

“ဟုတ်တယ်အရီး…”

“ဘယ်လိုများဖြစ်တာတုန်း”

“ပြောနေကြတာတော့သရဲကရိုက်လိုက်တာဆိုလားပဲ…
ကျုပ်လည်းသေချာမသိသေးပါဘူးဗျာ…
အခုအဲ့ကိစ္စနဲ့ဘွားကိုလာခေါ်တာပဲအရီးရေ”

မောင်အုန်းသည်ဒေါ်ဝင်းအားဖြစ်သမျှအကြောင်းပြောပြလေသည်။
ခြံရှေ့မှအသံများကြောင့်ဘွားမယ်စိန်ရေချိုးတာကိုအပြီးသတ်ပြီး ထွက်လာခဲ့တော့သည်။

မောင်အုန်းကဘွားမယ်စိန်အားမြင်လေတော့ပြောပြမည့်ဟန်ပြင်လိုက်စဥ်မှာပင်…

“ဘွားအကုန်ကြားပြီးပြီမောင်အုန်း….။ခဏစောင့်ကွယ် ဘွား အဝတ်အစားလဲပြီးတာနဲ့သွားကြတာပေါ့…မိဝင်းက အမေ့တောင်ဝှေးလေးအသင့်ယူထားပေးနော်”

“ဟုတ်ကဲ့ဘွား…”

“ဟုတ်အမေ…”

ဘွားမယ်စိန်အဝတ်အစားကိုအမြန်သွားလဲလေသည်။
သမီးဖြစ်သူဒေါ်ဝင်းကလည်း ဘုရားခန်းမှတောင်ဝှေးအားယူပေးထား၏။
သူကြီး၏မြေးမလေးသည် သုံးနှစ်သာသာအရွယ်လေးဖြစ်သည်။
ထိုမြေးမလေးဆုံးသွားရခြင်းကြောင့် သူကြီးခမျာစိတ်မကောင်းဖြစ်နေမည်မှာမလွှဲပေ။

သောင်ထွန်းရွာ၏ရွာသူကြီးဦးနောင်ချိုအကြောင်းအား
ပြောပြပါရစေ။
ရွာသူကြီးဦးနောင်ချို၏ဇနီးဒေါ်မြတ်ဌေးသည်က လွန်ခဲ့သောငါးနှစ်ကျော်အချိန်ကဆုံးပါးသွားခဲ့လေပြီ။
သူကြီးဦးနောင်ချို၌ အသက်သုံးဆယ်ကျော်အရွယ်ရှိသော
ကိုဇင်အေးဟုခေါ်သည့်သားဖြစ်သူတစ်ယောက်ရှိလေသည်။
ထိုသားဖြစ်သူသည် အိမ်ထောင်ကျသွားသည်မှာ
လေးနှစ်မျှရှိခဲ့လေပြီ။
အိမ်ထောင်သက်လေးတစ်နှစ်လောက်ရောက်သော် သမီးဖြစ်သူမီးလေးအားပိုင်ဆိုင်ခဲ့ကြ၏။
ကိုဇင်အေးတို့လင်မယားနှင့်သူကြီးဦးနောင်ချိုပါ မီးလေးအား အလွန်ချစ်ကြလေသည်။
ထို သို့နေရင်းမှ ယခုတော့ဖြင့် မီးလေးသေဆုံးသွားရှာခဲ့လေပြီ။

*******************************

ဘွားမယ်စိန်သူကြီးအိမ်ဆီသို့ရောက်လာခဲ့ချိန်၌
လူပင်အတော်ဆုံနေခဲ့လေပြီ။

ကလေးအလောင်းတင်ထားသော ကုတင်နား၌
ကြည့်သူကကြည့် ငိုသူကငိုဖြင့် လူများစုပြုံနေခဲ့သည်။
သူ​ကြီးဦးနောင်ချိုသည်လည်း ဧည့်သည်များဖြစ်သည့်
နာရေးသတင်းလာမေးသော ရွာထဲရှိလူကြီးများကို
စကားပြောနေခဲ့သည်။
ဘွားမယ်စိန်ရောက်လာသည်ကိုမြင်ကြတော့ ဘွားမယ်စိန်အား
နေရာဖယ်၍ပေးကြ၏။
သူကြီးဦးနောင်ချိုတို့ထိုင်နေကြသော စားပွဲဝိုင်း၌ ဘွားမယ်စိန်ဝင်ထိုင်လိုက်ကာ…

“ဘယ်လိုဖြစ်ရတာတုန်းကွယ်…
သတင်းကြားရတာမယုံနိုင်အောင်ပါလား
မောင်နောင်ချိုရယ်…”

“ကျုပ်လည်းမပြောတတ်တော့ပါဘူးဘွားရယ်…
ကျုပ်တို့အိမ်ဝိုင်းထဲကသစ်ပင်ရိပ်မှာ သမီးလေးက
ထိုင်ဆော့နေတာဗျ…။
သူဆော့နေတုန်းခဏလေးဆိုပြီး ကျုပ်လည်း
အိမ်ထဲဝင်သွားလိုက်တာ အိမ်ထဲရောက်​ပြီးမကြာပါဘူးဗျာ
အသံကြားလို့ပြေးထွက်လာခဲ့ရတာ…
အဲမှာကျုပ်တွေ့လိုက်ရတာက သမီးလေးခမျာ
မြေပေါ်ကိုခေါင်းစိုက်ကြနေပြီး လုံးဝကိုမလှုပ်တော့ဘူးဗျို့…။
ကျုပ်ရောက်သွားတဲ့ အချိန်မှာပဲ
ကလေးကအသက်ကိုလုံးဝမရှိတော့ဘူးဗျာ…”

သူကြီးဦးနောင်ချိုသည် မြေးဖြစ်သူ၏အဖြစ်အပျက်အား သူသိသမျှကိုဝမ်းနည်းစွာပြောပြလေသည်။
နားထောင်နေကြသော ဘွားမယ်စိန်နှင့် ဘေးရှိလူကြီးများသည်လည်း စိတ်မကောင်းဖြစ်နေကြရ၏။
ထိုသို့စိတ်မကောင်းကြရသော်လည်း သူကြီးဦးနောင်ချိုအား နှစ်သိမ့်အားပေးကြလေသည်။
ထိုသို့ လူကြီးများစကားပြောနေကြချိန်၌ အသုဘလာကူညီသော အမျိုးသမီးများထံမှ…

“ဘွားမယ်စိန်ကိုခေါ်ကြပါဦးဟယ်…
ဒီမှာ မိကျင်ဘာဖြစ်တယ်မသိဘူး”

“မိကျင်…သတိထားနော်…မိကျင်………”

“ဘွားမယ်စိန်….ဘွားမယ်စိန်လာပါဦး ဘွားရယ်….ဟိုမှာမိကျင် ဆန်ရွေးနေရင်းဘာဖြစ်တယ်မသိဘူး”

“အေး…အေး…လာပြီ…လာပြီ”

အသုဘရက်လည်နေ့၌ထမင်းကျွေးဖို့ရန်အတွက် မိကျင်တို့အပျိုအုပ်စုဆန်ရွေးနေကြခြင်းပင်။
မိကျင်ကိုတော့ အားလုံးသိပြီးကြမှာပါ…
“ဘွားမယ်စိန်နှင့်သောင်ထွန်းရွာသူခင်မှုံ”ဆိုတဲ့စာမူမှာ
အသားညိုညို လူကပုပု ရွာရဲ့အော်ကြောလန်မလေး ဆိုပြီးပါဝင်ခဲ့သူပင်။

ထိုသို့ မိကျင်တို့ဆန်ရွေးရာနေရာဆီသို့ ဘွားမယ်စိန်လိုက်လာခဲ့သည်။
ရွာသူကြီးနှင့်လူကြီးများကလည်းနောက်မှ လိုက်လာခဲ့ကြ၏။
မိကျင်ဆီသို့ရောက်တော့ မိကျင်အား အထူးအဆန်းဝိုင်းကြည့်နေကြသည့် လူအုပ်အား ဖယ်ရှားခိုင်းရသေးသည်။
မိကျင်ကတော့ သူ၏ဆံပင်ကို ဖျားလျားချထားပြီး ခြေထောက်ကိုရှေ့သို့ပစ်ကာ ခါးကြီးကိုင်း၍ နေလေသည်။
ဘွားမယ်စိန်တို့ရောက်လာလေတော့ မိကျင်သည်စိတ်ဆိုးမာန်ဆိုးဟန်ဖြင့် ဘွားမယ်စိန်အားတစ်ချက်ကြည့်၏။
ပြီးလေတော့ ဘွားမယ်စိန်၏ဘေး၌ရှိသော သူကြီးဦးနောင်ချိုကိုကြည့်ကာ လက်ညှိုးအားငေါက်ငေါက်ထိုး၍…

“နင်ငါ့ကိုဒီမှာပိတ်လှောင်ထားတာ…နင့်ကိုငါကသတ်ချင်တာ..
.နင့်ကိုငါကသတ်ချင်တာ……….
ဟင်းးးးး…ဟင်းးးးးး….ဟင်းးးးးးး”

“အမလေး….အသံကြီးကကြောက်စရာကြီး”

“မိကျင်သရဲပူးခံရတာထင်တယ်”

“ဟုတ်မှာပေါ့”

မိကျင်၏အသံသည် သြထွက်နေပြီး….။
မိန်းမတစ်ယောက်၏အသံပင်။
သို့သော် ထိုအသံသည် မိကျင်၏အသံမဟုတ်ပေ။
မိကျင်၏ကျိန်းဝါးသံကြောင့် ရွာသူကြီးဦးနောင်ချို ထိန့်လန့်သွားကာ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်၍နေသည်။
အခြေအနေအား အကဲခတ်နေသော ဘွားမယ်စိန်က…

“မောင်နောင်ချို…မောင်ရင် ဘာတွေများ လုပ်ထားမိသေးလဲ”

“ဗျာ…ဘွား….ကျုပ်….ကျုပ် ဘာမှမလုပ်ပါဘူးဗျာ……”

သူကြီးဦးနောင်ချို၏အဖြေကိုကြားသော မိကျင်သည် ပို၍စူးစိုက်ကြည့်နေခဲ့သည်။
သူ၏အကြည့်၌ မကျေနပ်ခြင်းများကအပြည့်ပင်။
ထိုအခါ ဘွားမယ်စိန်က…

“ညည်းဘာအကြောင်းရှိသလဲတော့
ဘွားသေချာမသိသေးဘူး…ဒါပေမယ့် အခုအချိန်မှာ​တော့ ဒီကိစ္စကို ဒီမှာခဏရပ်ထားရလိမ့်မယ်…အချိန်ရပြီဆိုတာနဲ့ ညည်းကို ခေါ်ပြီး ဒီကိစ္စကိုရှင်းပေးမှာမို့ အခုတော့ ဒီခန္ဓာကိုယ်ကနေ ညည်းထွက်သွားပေးပါ”

“ဟင်း…….ကျုပ်ကဒီနေရာမှာ​နေကိုမနေချင်တာပါ…
ဒါကို ဒင်းက ကျုပ်ကိုခေါ်လာပြီး ချုပ်ထားတယ်လေ….ဟင်း…
တော်ပြောတဲ့အတိုင်းကျုပ်ထွက်သွားပေးပါ့မယ်…
အေးတော်ပြောတဲ့ဂတိမတည်ရင်တော့
ဟောသည်အိမ်ကလူတွေအကုန်သေကြရမယ်ဆိုတာ
မှတ်ထားပါ……..”

“စိတ်ချပါ….ဘွားတို့ဘက်ကညည်းအပေါ်ပေးလိုက်တဲ့
ဂတိကိုတည်စေရပါမယ်……….”

ဘွားမယ်စိန်ထိုသို့ပြောလိုက်လေတော့ ….

“ကောင်းပြီ…ဒါဆို ကျုပ်ဒီကိုယ်ကနေခွာပေးပါ့မယ်”

ဟူသော စကားဆုံးသည်နှင့် မိကျင်သည်လဲကျ၍သွားတော့၏။
လဲကျသွားသော မိကျင်အား အနီးရှိအဖော်သူကယ်ချင်းများမှ ပွေ့ထူပေးထားကြရသည်။

“ကဲ…ဘွားကိုရေတစ်ခွက်လောက်ခပ်ပေးကြပါဦးကွယ်…”

ဘွားမယ်စိန်ပြောလိုက်လေတော့ ရွာသားတစ်ဦးမှရေခပ်ပေးလေသည်။
ရေခွက်ရသောအခါ ဘွားမယ်စိန်က…

“ဘုရားဂုဏ်တော်…တရားဂုဏ်တော်… သံဃာဂုဏ်တို့အား ရိုသေလေးစားပါတယ်…ဖွ….ဟဲ့…….”

ဟုဆိုပြီး…
ရေခွက်အားကိုင်ကာ မန်းမှုတ်​လိုက်သည်။
မန်းမှုတ်ပြီးလေတော့ ရေခွက်ထဲမှရေအား သူ၏လက်ဝါးအတွင်း အနည်းငယ်မျှထည့်ကာ မိကျင်၏မျက်နှာထက်သို့ ပတ်ဖြန်းပေးလေသည်။
ထိုသို့ပတ်ဖြန်းပြီးလေတော့….

“အင်း….အင်…ဟင်…….ကျုပ်ကို…ကျုပ်ကိုဘာလို့ကြည့်နေကြတာတုန်း….ဟဲ့…..ခင်မှုံတို့ ငါဘာဖြစ်တာလဲ”

“ညည်းကိုသရဲပူးလို့အေ့”

“ဟင်…သရဲ….ဟုတ်စ……..သြော်….သိပြီ…သိပြီ အစောက ငါ့နောက်ကျောကိုတစ်ယောက်ယောက်ဝင်တိုက်လိုက်သလို ခံစားလိုက်ရတယ် အဲ့တာပြီးတော့ငါဘာမှမသိတော့တာပဲ”

“ဟုတ်မှာပေါ့…အစ်မ
မိကျင်ကိုသရဲဝင်ပူးတာတော့အသေချာပဲတော်ရေ့……..”

“အမလေး…လေး……ကြောက်လိုက်တာအေ…….”

မိကျင်နှင့်သူငယ်ချင်းများပြောဆိုနေကြခြင်းပင်။
ဒါကိုကြည့်နေသော ဘွားမယ်စိန်မှ….

“မိကျင်….ငါ့မြေးသက်သာပြီလား”

“ဟုတ်…ဟုတ်ကဲ့ ဘွား ကျုပ်သက်သာပါပြီ…”

“အေး…အေး….ဒါဆိုလည်း ဘွားသွားဦးမယ်…နောက်ရက်ဘွားအိမ်လာခဲ့ ညည်းကံနိမ့်နေတယ်…အဲ့အတွက် ဘွားဆီက ပရိတ်ကြိုးလာယူကြားလား”

“ဟုတ်ကဲ့…ကျုပ်လာခဲ့ပါ့မယ်ဘွား”

“အေး…အေး…..အေး…”

မိကျင်တို့အနီးမှဘွားမယ်စိန်ထွက်သွားတော့သည်။
ကျန်လူများသည်ကား သူကြီးဦးနောင်ချို၏မြေးဖြစ်သူသေဆုံးရသောအကြောင်းနှင့် မိကျင်အား ဝင်ပူးသွားသောသရဲမအကြောင်းတို့အား ဆက်စပ်၍ အတွေးပေါင်းစုံဖြင့် တိုးတိုးတိတ်တိတ်ပြောဆိုနေခဲ့ကြလေသည်။

သူကြီးဦးနောင်ချိုတို့ ထိုင်လက်စ စားပွဲဝိုင်း၌ ပြန်ဝင်ထိုင်လိုက်ကြသည်။
ဘွားမယ်စိန်က သူကြီးဦးနောင်ချိုအားကြည့်ကာ…

“ဒီကိစ္စကိုမောင်ရင်ဘယ်လိုထင်လဲ”

“ကျုပ်လည်းမသိဘူးဘွား…။
ဘယ်လိုထင်မြင်ရမလဲဆို
​တာကို ကျုပ်တကယ်ဘာမှမသိတာပါဗျာ”

“မောင်ရင် အရင်တစ်ခေါက်က အိမ်မက်အကြောင်းဘွားကိုလာပြောတယ်မလား…အဲ့သည်နောက်ကော ဘာတွေများ ဖြစ်သေးလဲ”

“သြော်…ဘွားပြောမှ ကျုပ်သတိရတယ်…။ကျုပ်အိမ်မက်အကြောင်းဘွားကိုပြောပြပြီး
ဘွားပေးလိုက်တဲ့ပရိတ်ကြိုးလေးကို
ကျုပ်အမြဲဝတ်ထားတာပါ…အဲ့နောက်တော့ဖြင့်
ကျုပ်ဘာအိမ်မက်မှမမက်တော့ဘူး…ဒါပေမယ့်လို့ တစ်ခါတစ်လေ ဘယ်ကမှန်းမသိတဲ့ တောက်ခေါက်သံကိုတော့ ကျုပ်ကြားမိတယ်ဘွား”

“အေး…မောင်ရင်ရဲ့ပြသာဒ်နာကအဲ့မှာတင်
မပြီးသွားခဲ့တာပဲလေ…။
အခုကလေးသေရတာကော…မိကျင်ကိုသရဲမက ဝင်ပူးသွားတာရောဆိုရင် …သြော်…နောက်ပြီးမောင့်ရင့်အိမ်ကို
ဘွားသဘောမကျဘူး..အိမ်ကအမှောင်ဓာတ်များပြီး
အမှောင့်ပရောဂတစ်ခုခုကပ်တွယ်နေသလိုပဲလို့ဘွားထင်တယ်”

“ဒုက္ခပဲဗျာ…ကျုပ်တော့ဘာမှကိုမသိတော့တာပါဘွားရယ်…
ကျုပ်မြေးလေးသေရတာကျုပ်ကြောင့်ဆိုရင်တော့ ကျုပ်ကိုယ်ကျုပ်လုံးဝခွင့်မလွှတ်ဘူးဗျာ”

“စိတ်မစောနဲ့ဦး မောင်ရင်…ဘွားကြည့်စီစဥ်ပေးပါ့မယ်…
အခုလောလောဆယ်တော့မြေးမလေးအသုဘကိုသာအရင်ပြီးအောင်လုပ်ပါကွယ်….။အသုဘပြီးလေမှ ဒီအကြောင်းကို ဘွားတို့တတွေစီစဥ်ကြတာပေါ့”

“ဟုတ်ကဲ့ဘွား…။ဘွားပြောသလိုပဲ ကျုပ်လုပ်ပါ့မယ်”

သူကြီးဦးနောင်ချိုသည် ဘွားမယ်စိန်စကားအား နားထောင်ရှာ၏။
ဘွားမယ်စိန်ကလည်း အလောင်းထားရာနေရာသို့ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
ထိုသို့ ကလေးအလောင်းလေးအားလှမ်းကြည့်နေရင်း
ရုတ်တရက်တခဏအတွင်း လျှင်မြန်စွာဖြတ်သန်းသွားသော
မဲမဲအရိပ်တစ်ခုကို ဘွားမယ်စိန်မြင်လိုက်ရလေသည်။
ဇာတ်သိမ်း

အချိန်သည်တရွေ့ရွေ့ပြောင်းလဲခဲ့ရာ သူကြီးဦးနောင်ချို၏
မြေးမလေးအသုဘသည်လည်းပြီးဆုံးသွားခဲ့လေသည်။
ထိုသို့တစ်ရက်၌ သူကြီးဦးနောင်ချို၊ ဦးဘစီ၊မောင်တိုးနှင့်မောင်အုန်းတို့ တတွေ ဘွားမယ်စိန်၏နေအိမ်ဆီသို့
ရောက်ရှိလာခဲ့ကြသည်။
ထိုသူတို့ရောက်ရှိလာကြချိန် ဘွားမယ်စိန်သည်
သူ၏ကွပ်ပျစ်၌ထိုင်ကာ မြေပဲတောင့်များအား ညှပ်ဖြင့်ခွဲနေခဲ့လေသည်။
ညှပ်ဆိုသည်က မြေပဲခွဲရန်အတွက်ဝါးကို ပြုလုပ်ထားခြင်းပင်။
ထိုဝါးညှပ်အား အညာဒေသများ၌ မြေပဲခွဲရာ၌အသုံးပြုကြလေသည်။

ဘွားမယ်စိန်သည် သူကြီးတို့ရောက်လာကြသောအခါ
မြေပဲထည့်သော ဆန်ကောအား ဘေးသို့ကပ်ပေးရင်း သူကြီးတို့အားထိုင်ရန်နေရာပေးလိုက်သည်။

“ကဲ…လာကြ…ထိုင်ကြကွယ်…”

“ဟုတ်…ဘွားက မြေပဲတောင့်ခွဲနေတာလားဗျ…
ကျုပ်ကူပေးမှာပေါ့”

“ရပါတယ်မောင်တိုးရယ်… မနေ့ကမှအလတ်ကောင်
လာပေးထားလို့ ဘွားလည်းပျင်းတာတဲ့
ထိုင်ခွဲနေတာ…ထားလိုက် ထားလိုက်”

မောင်တိုးသည် မြေပဲတောင့်ထည့်ထားသော ဆန်ကောချပ်အားယူ၍ ကွပ်ပျစ်ဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်လေသည်။
ပြီးနောက် ဆန်ကောအား သူ၏ပေါင်အထက်၌ တင်၍ မြေပဲတောင့်များကိုယူ၍ခွဲပေးတော့သည်။
ရလာသောမြေပဲအဆန်များအား
နို့ဆီဘူးထဲသို့ထည့်ပေးလေသည်။
ဘွားမယ်စိန်တားသော်လည်း မောင်တိုးက ပြုံးရင်ဆက်ခွဲနေ၏။
ပြောမရသောမောင်တိုးအား ဘွားမယ်စိန်လွှတ်ထားလိုက်ရပြီး
သူကြီးဦးနောင်ချိုတို့အားစကားပြောတော့လေသည်။

“ကဲ…သူကြီးလာတာ ဟိုအကွောငျးကျိုအဆုံးသတျဖို့ထငျပါရဲ့”

သူကြီးဦးနောင်ချို၏မျက်နှာသည် မသက်မသာဖြစ်နေရှာသည်။
စိတ်ပင်ပန်းဟန်ရှိပြီး လူသည်လည်းအနည်းငယ် ပိန်ကျ၍သွား၏။

“ကျုပ်သားက အိမ်ခွဲသွားပြီဘွား”

ဟု…စိတ်မကောင်းဟန်ဖြင့် ဘွားမယ်စိန်အား
ပြောလိုက်လေသည်။

“ဘယ်လို…မောင်ဇင်အေးက အိမ်ခွဲသွားတယ် ဟုတ်လား”

ဘွားမယ်စိန် မေးလိုက်သောအခါ သူကြီးဦးနောင်ချိုက ခေါင်းငုံ့နေရှာသည်။
ဘေးမှဦးဘစီက ဝင်၍…

“ဟုတ်တယ်ဗျ…အသုဘပြီးတဲ့နေ့ညနေမှာတင် ဇင်အေးနဲ့ သူကြီးတို့စကားအချေအတင်များကြရသေးတာ…ဟိုကလေးကလည်း ခက်လိုက်တာဘွားရယ် သူ့သမီးလေးသေရတာ သူကြီးကြောင့်ဆိုပြီးပြောဆိုနေလေရဲ့…
သူ့မိန်းမလေးကတော့ကြားကနေဝင်ဖျန်ဖြေရှာတယ်…
ဒါပေမယ့် ဇင်အေးက ဒေါသကြီးလွန်းသူဆိုတော့
ပြောမရဆိုမရနဲ့ အိမ်ပေါ်ကဆင်းသွားတာပဲဗျာ”

“သြော်…ခက်လိုက်တာပါလား ဒီကလေးက”

ဘွားမယ်စိန်ငြီးငြူလိုက်သည်။
ခဏကြာတော့သူကြီးဦးနောင်ချိုက…

“တကယ်များ…ဒီကိစ္စတွေက
ကျုပ်လုပ်ထားမိတာလားဘွားရယ်…။
ကျုပ်သားပြောသလိုပဲ ဒီအရာတွေက
ကျုပ်ကြောင့်ဖြစ်နေတာလားဗျာ”

“အင်း…အကြောင်းအရာကိုသေချာမသိသေးဘဲ
ဘာကိုမှပြောလို့မရဘူးလေ ။
ဘွားတို့ပေးတဲ့ဂတိအတိုင်းလည်း စပြီး စီစဥ်ရတော့မယ်…
ဒါဖြင့်လည်း… ဒီလိုလုပ်ကွယ် မောင်ရင့်အိမ်ကို
ဒီညဘွားလာခဲ့မယ်…
ဒီညပဲစီစဥ်တာပေါ့ ။နောက်ပြီးတစ်ခုက မောင်ဘစီတို့က
မောင်ဇင်အေးကိုပါရအောင်ခေါ်ထားပေးကြ…ဒါမှ
ဒီသားအဖကြားကလွဲနေတာကိုရှင်းပေးနိုင်မှာကွဲ့”

“ဟုတ်ကဲ့ပါဘွား”

“ဟုတ်ကဲ့ စိတ်ချဘွား…ဇင်အေးကို
ကျုပ်ရအောင်ခေါ်ထားပေးမယ်ဗျာ …”

“အေးကွယ်… အေး…အေး…အေး”

ခဏမျှကြာလေတော့သူကြီးတို့ပြန်သွားကြလေသည်။
ပြန်သွားပြသူများထဲ မောင်အုန်းသာပါသွားပြီး မောင်တိုးကကျန်နေခဲ့လေသည်။

“မောင်တိုး…ထားခဲ့လိုက်တော့ ဘွားဆက်ခွဲလိုက်ပါ့မယ်ကွယ်”

“ပြီးတော့မှာပါ ဘွားရဲ့…။ ဒါနဲ့ ကျုပ်ဘွားကိုပြောပြစရာကိစ္စရှိတယ်ဗျ”

“ဘာများတုန်းကွဲ့……….”

မောင်တိုးသည် သူကြီးတို့ရှိစဥ်က
စကားဝင်မပြောခဲ့သော်လည်း သူကြီးတို့ပြန်သွားသောအခါ၌
ဘွားမယ်စိန်အား …

“ဒီလိုဘွားရဲ့ အရင်လထဲတုန်းကလေ
ကိုဇင်အေးဆီသူ့ဆရာဆိုလား အဲ့လူရောက်လာခဲ့သေးတယ်…ကျုပ်တော့ အဲ့လူနဲ့ ကိုဇင်အေးအဖေသူကြီးနဲ့
နည်းနည်း အဆင်မပြေကြဘူးထင်တယ်ဗျ”

“ဘယ်လိုမပြေတာတုန်းမောင်တိုးရဲ့…
နောက်ပြီးဆရာဆိုတာဘာဆရာတုန်း”

မောင်တိုးအား ဘွားမယ်စိန်ကမေးလိုက်လေတော့
မောင်တိုးက…

“ကျုပ်ကသူကြီးအိမ်သွားပြီး ဟိုကူဒီကူဆိုတော့ သူတို့တွေပြောဆိုတာကြားမိတာပါဘွားရယ်…ကိုဇင်အေးကအဲ့ဆရာဆိုတဲ့လူနဲ့ ကျုပ်တို့ ရွာရှေ့ပိုင်း လယ်ကွက်တွေကြားထဲက ဘုရားဟောင်းကြီးလေ အဲ့တာဘွားသိတယ်မလား”

“အေး.. သိတာပေါ့ မောင်တိုးရဲ့”

“အဲ့ဘုရားဟောင်းမှာ ရွှေတွေငွေတွေရှိတယ်ဆိုပြီးအဲ့ဆရာကပြောတယ်ဗျ…ဒါကို ကိုဇင်အေးက သူ့ဆရာကိုကူညီပြီးရတနာတွေတူးကြဖို့ သူကြီးကိုပြောတော့
သူကြီးက လက်မခံဘူးလေ…အဲ့မှာတင်ပဲ
ကိုဇင်အေးနဲ့သူကြီးတို့စကားတစ်ခါများကြရသေးတယ်ဗျ…”

“အင်း….ဘုရားထဲက ရတနာတွေတူးဖို့ကြံတယ်ဆိုတော့ဖြင့်
အဲ့အကောင်ကသိုက်ဆရာပဲ….ပြောရရင်
အမျိုးယုတ်ပေါ့ မောင်တိုးရယ်”

“ဟုတ်မှာ…ဟုတ်မှာ…ဒါကြောင့်သူကြီးကလက်မခံတာ
နေမှာဗျ…”

“အေး …သူကြီးကလက်မခံတော့ အဲ့ဆရာက
အသာတကြည်ပြန်သွားရောလားကွဲ့”

“ပြန်သွားတယ်ဘွားရဲ့…သူကြီးကိုတောင်
သူပြောတာတွေစိတ်ထဲမထားပါနဲ့ဆိုပြီး
လက်ဆောင်တောင်ပေးသွားလေရဲ့ဗျာ”

“ဘယ်လိုကွဲ့….လက်ဆောင်ဟုတ်သလား မောငျတျိုး….
အဲ့ဆရာက သူကြီးကို ဘာလက်ဆောင်များ
ပေးသွားခဲ့တာတုန်း”

“ပန်းပုအရုပ်လေးတစ်ရုပ်ဗျ…လက်ရာကတော့အတော်ကောင်းတယ် မိန်းမတစ်ယောက် မတ်တပ်ရပ်နေတဲ့ပုံလေး…
အရွယ်ကတော့ဖြင့် လက်တစ်တောင်သာသာပဲရှိတယ်ဘွားရဲ့”

“မောင်နောင်ချိုအိမ်မှာဖြင့်
အဲ့အရုပ်ကိုဘွားမမြင်မိပါလားကွယ်”

“အဲ့တာက သူကြီးက အိမ်အပေါ်ထပ်မှာပဲထားထား
တာမို့ထင်တယ်…ဘွားလာရင်လည်း
အောက်ထပ်မှာပဲနေတာများလို့မတွေ့မိတာနေမှာဗျ”

“အေး …အဲ့လိုပဲနေမှာပါ….ကဲပါလေ…ညကျရင်တော့
ဘွားတို့တွေ သူကြီးအိမ်မှာဆုံကြတာပေါ့ မောင်တိုးရဲ့”

“ကျုပ်လာခေါ်ပါ့မယ်ဘွားရယ်…
ပြီးမှအတူတူသွားကြတာပေါ့”

“အဲ့လိုဆို ရေမိုးချိုးထမင်းစားပြီးတာနဲ့ဘွားကိုလာခေါ်ပေါ့တော်နေဆို မိုးကချုပ်တော့မယ်
မောင်ရင်လည်းပြင်စရာသွားပြင်တော့လေ”

“ဟုတ်သားပဲဗျ….ဒါဆို ကျုပ်ပြန်တော့မယ်ဘွား…”

“အေး…အေး…အေး……..”

မောင်တိုးတစ်ယောက်ပြန်သွားတော့လေသည်။
မောင်တိုးပြန်သွားသော်လည်းဘွားမယ်စိန်ကွပ်ပျစ်၌သာကျန်နေခဲ့သည်။
ဘွားမယ်စိန်ဟိုသည်တွေးတောရင်း
ကွပ်ပျစ်မှထိုင်ရာကနေမရွေ့ခဲ့။
ခဏမျှကြာလေတော့ ရွာနောက်ပိုင်းသို့သွားသော သမီးဖြစ်သူဒေါ်ဝင်းပြန်ရောက်လာခဲ့သည်။

“အမေရေ…ဒီမှာ အမေ့သားလတ်က ကင်ပွန်းချဥ်ကြော်ပေးလိုက်တယ်တော့ အမေကြိုက်တယ်ဆိုလို့”

“အေး…အေး…တော်နေကျအမေရေချိုးဦးမယ်
ပြီးရင်ထမင်းအတူစားကြတာပေါ့”

“ဟုတ်…ဒါဆို ကျုပ်ထမင်းဝိုင်းပြင်ထားလိုက်မယ်နော်”

ဒေါ်ဝင်းပြောသည်ကိုဘွားမယ်စိန်ခေါင်းငြိမ့်ပြလိုက်လေသည်။

ထိုသို့ ရေမိုးချိုးထမင်းစားပြီးချိန်၌ မှောင်ရိပ်ပင်သန်းလေပြီ။

“ဘွား…ကျုပ်လာပြီဗျို့…”

“အေး လာပြီမောင်တိုးရေ”.

မောင်တိုးလာသည်နှင့်ဘွားမယ်စိန် ကွပ်ပျစ်မှထလာခဲ့တော့သည်။
ဒေါ်ဝင်းက ဘွားမယ်စိန်အား ခြံတံခါးအနီးထိ
လိုက်ပို့လေသောအခါ…

“မိဝင်း…အိမ်ပဲနေနော် မိုးချုပ်နေပြီ ဟိုလည်ဒီလည်လုပ်မနေနဲ့”

“မလည်ပါဘူးအမေရယ်…ကျုပ်ကို စိတ်ချပါ တော်”

**********************

ဘွားမယ်စိန်နှင့်မောင်တိုးတို့ သူကြီးအိမ်သို့ရောက်လာချိန်၌
သူကြီးတို့ကအသင့်စောင့်နေခဲ့ကြသည်။
ခြံဝိုင်းကျယ်ထဲ၌ စားပွဲတစ်လုံးနှင့် အသားကုလားထိုင်ခုံရှည်နှစ်လုံးအားချထားလေကြသည်။
ထိုခုံရှည်တစ်လုံး၌ မောင်အုန်းနှင့် ကိုဇင်အေးတို့ထိုင်နေကြပြီး တစ်ဖက်ခုံရှည်မှာတော့ သူကြီးဦးနောင်ချိုနှင့်ဦးဘစီတို့ထိုင်နေကြလေသည်။
ထိုင်နေကြသော်လည်း သူကြီးဦးနောင်ချိုနှင့် ကိုဇင်အေးတို့သားအဖ စကားတစ်လုံးမှမပြောဖြစ်ကြပေ။
ထိုသို့နေနေကြရင်း ဘွားမယ်စိန်တို့ရောက်ရှိလာကြသည်။

“မောင်ဇင်အေးရောက်လာသားပဲ…
ဘွားကမလာဘူးလို့ထင်နေတာ”

“ဘွားခေါ်လို့သာ ကျုပ်လာရတာပါဗျာ…။
ကျုပ်အလိုသာဆိုရင်ဒီဝိုင်းဒီခြံထဲကိုခြေကိုမချချင်တာဗျ”

ဟု…ဖခင်ဖြစ်သော သူကြီးဦးနောင်ချိုအား စိုက်ကြည့်ရင်း
ကိုဇင်အေးကပြောလေသည်။

“အင်း…မောင်ရင်ကတော့ အကြောင်းအရင်းကို
သေချာမသိဘဲနဲ့ ငရဲတွေယူနေတော့တာပဲကွယ်”

“ဗျာ…”

ကိုဇင်အေးသည် ဘွားမယ်စိန်ပြောသောစကားကြောင့် အံ့သြ သံထွက်သွားလေသည်။
ကိုဇင်အေးကို ဘွားမယ်စိန်ကဆက်မပြောတော့ဘဲ…

“ဟဲ့… နောင်ချို ပြီးခဲ့တဲ့လတုန်းက နင့်ဆီမှာသိုက်ဆရာတစ်ယောက်လာတာကို ဘာလို့ဘွားကိုမပြောရတာတုန်း”

“ဗျာ…ဟို အဲ့တာကလေ ဘွား…။ဘာမှလည်း မဖြစ်တာမို့ ကျုပ် ဘွားကိုမပြောပြဖြစ်တာပါဗျာ”

“အေး…နေပါဦး။ဒီက မောင်ဇင်အေးက အဲ့သိုက်ဆရာကိုခေါ်လာတယ်ဆို ဟုတ်စ…သူနဲ့မောင်ရင်က
ဘယ်လိုများရင်းနှီးကြတုန်း”

ဘွားမယ်စိန်အမေး၌ သူကြီးဦးနောင်ချိုက
ခေါင်းကုပ်ရင်းဖြေသည်။
ကိုဇင်အေးကိုဆက်မေးလိုက်တော့…

“ကျုပ်…ကျုပ်နဲ့မသိပါဘူးဘွားရယ်…ရွာပြင်မှာ စုံမိတာပါ…သူက လာရင်းအကြောင်းကို ကျုပ်ကိုပြောပြပြီး ရွှေတွေငွေတွေရမယ်ဆိုလို့ ကျုပ်အဘကိုပြောလိုက်မိတာပါ”

“ကောင်းပါလေရောလား မောင်ဇင်အေးရဲ့…
ဒါတွေဖြစ်လာရတာ မင်းအဘကြောင့်မဟုတ်ဘူး…
တကယ်တော့မင်းကြောင့်သာဖြစ်လာတာ…”

“ဗျာ…”

“ဟင်…”

“ဟာ…”

သူကြီးတို့သားအဖသာမက ဘေးရှိ ဦးဘစီတို့တတွေပါ အံ့သြကုန်ကြလေသည်။
ဘွားမယ်စိန်ကလည်း ဆက်လက်ပြီး…

“ဘယ်မှာတုန်း အဲ့ဆရာ ပေးခဲ့တဲ့လက်ဆောင်ဆိုတာ…
အဲ့သည်ဟာကို သွားယူခဲ့ပေးစမ်းအခု”

“ဟုတ်ကဲ့ဘွား”

ကိုဇင်အေး အိမ်အပေါ်ထပ်သို့ခပ်သုတ်သုတ်သွားရှာသည်။
ခဏမျှကြာလေတော့ ကိုဇင်အေး၏လက်ထဲ၌ ပန်းပုရုပ်လေးတစ်ရုပ်ပါလာခဲ့၏။
ကိုဇင်အေးယူလာခဲ့သော ပန်းပုရုပ်အား စားပွဲပေါ်သို့
ဘွားမယ်စိန်က တင်ခိုင်းလိုက်သည်။
စားပွဲပေါ်၌ရှိနေသော မိန်းမတစ်ယောက်၏မတ်တပ်ရပ်အနေအထား အသွင်ဖြင့်ထု့လုပ်ထားသော ပန်းပုရုပ်အား ဘွားမယ်စိန်က စိုက်ကြည့်နေလေသည်။
ခဏကြာတော့ ဘွားမယ်စိန်မှ သူကြီးဦးနောင်ချိုတို့အား…

“အားလုံးဖယ်ကြ…ဟိုသရဲမ ဝိညာဥ်က ဒီအရုပ်မှာရှိနေတာ
ဘေးဖယ်နေကြမြန်မြန်”

“ဟင်…”

“ဘွားပြောတဲ့အတိုင်းလုပ်ကြလေကွာ…ဘေးဖယ်ကြ”

သူကြီးဦးနောင်ချိုက အံ့သြနေကြသော ဦးဘစီတို့အားသတိပေးစကားထပ်ပြောလိုက်လေသည်။
သူတို့ငါးယောက်သားခပ်လှမ်းလှမ်းသို့သွားနေကြလေမှ
ဘွားမယ်စိန်သူ၏ တောင်ဝှေးကိုမြေပေါ်သို့ဆောင့်ချလိုက်ပြီး…

“ဒုတ်…”

“လာခဲ့တော့ ဒီအရုပ်မှာပူးကပ်နေတဲ့ သရဲမ…ဘွားရဲ့ရှေ့ကို
ထွက်လာခဲ့လိုက်တော့”

ဟု….မာန်အပြည့်ဖြင့်ပြောလိုက်လေသည်။
ထိုသို့ပြောအပြီး ပန်းပုရုပ်၏နောက်၌ ဆောင့်ကြောင့်ထိုင်အနေအထားဖြင့်ဆံပင်ဖျားလျားချထားသော အနက်ရောင်အငွေ့များဖုံးလွှမ်းနေသော သရဲမထွက်ပေါ်လာခဲ့တော့၏။
သူထိုင်နေသည်က စားပွဲ၏အထက်၌ပင်….။

ထိုသရဲမ၏ပုံစံအား ဘွားမယ်စိန်ကကြည့်ကာ…

“ဒီအရုပ်ထဲမှာ ညည်းဘယ်လိုရောက်နေခဲ့တာလဲ…
နောက်ပြီး ဘာလို့ဒီမိသားစုကိုမှ
ညည်းကအခဲမကျေဖြစ်နေရတာလဲ…”

“ကျုပ်ကို ဒီအရုပ်ထဲမှာ ဒင်းက ပိတ်လှောင်ထားတာ…
ကျုပ်ရဲ့ဝိညာဥ်ကိုဒီနေရာကနေထွက်သွားလို့မရအောင်ထိန်းချုပ်ထားကြတဲ့အတွက် ကျုပ်က ဒင်းတို့ကို
မကျေနပ်တာ…”

သရဲမသည် ဘွားမယ်စိန်အား ဒေါသတကြီးအော်ဟစ်ပြောလေသည်။

“ညည်းမကျေနပ်ရမှာက ဒီအရုပ်ကိုပေးပြီးဒီအရုပ်ထဲမှာ
ညည်းကိုပိတ်လှောင်ထားတဲ့အကောင်ကိုမကျေနပ်ရမှာလေ…
အခုတော့ကြည့်စမ်း ညည်းက
မဆိုင်တဲ့လူတွေကိုဒုက္ခပေးလိုက်တာပဲ”

“ဟား…ဟားး…ဟားး…ဟားး…
ကျုပ်ဒီကနေလွတ်ဖို့ဆိုရင်
ဘာမဆိုလုပ်ရမှာပဲ ….
ဒါတောင် လူကြီးတွေက ကံမြင့်နေသေးလို့…
ကံနိမ့်တဲ့ဟိုကလေးမကတော့
အရင်ကျသွားတာပေါ့ လေ …
ဟားးး….ဟားးး….ဟားးးးး………”

“ငရဲလားမယ့်သတ္တဝါမ….နင်သတ်လိုက်တဲ့ကလေးက မိဘတွေရင်ခွင်မှာနေရမယ့်အရွယ်ဟဲ့…
နင့်လုပ်ရပ်တွေ ကြောင့် နင့်ကိုငါခွင့်မလွှတ်နိုင်ဘူး….
အဲ့တာကြောင့် နင့်ကိုလွှတ်မြှောက်ခွင့်ပေးမယ့်အစား
ငရဲပို့ဖို့ကိုပဲ ငါဆုံးဖြတ်လိုက်တယ်…”

“ဟားးး…ဟားးးး….ဟားးး….ဟားးးး….ဟားးးး….ဟားးးးးး
ကောင်းပြီလေ…ငါ့အကြောင်းပြရသေးတာပေါ့”

သရဲမသည်ဒေါသတကြီးဖြင့် စားပွဲထက်မှ
ဘွားမယ်စိန်ရှိရာသို့ ခုန်အုပ်တော့သည်။
သို့သော် ဘွားမယ်စိန်အား ခုန်အုပ်လို့မရဘဲ ဘွားမယ်စိန်သည် သူ၏တောင်ဝှေးဖြင့် သရဲမအား ရိုက်ချလိုက်လေရာ
သရဲမခမျာ…

“ဘုန်းးးး………”

“အားးးး……..”

သရဲမ နာကျင်နေသော အော်သံကြီးဖြင့်အော်ဟစ်ကာ မြေပေါ်သို့ လဲကျသွားတော့သည်။
ထိုသို့လဲကျနေသော သရဲမရှိသောနေရာဆီသို့
ဘွားမယ်စိန်အမြန်သွားပြီး သရဲမ၏ ပတ်ပတ်လည်အားတောင်ဝှေးဖြင့်
စည်းဝိုင်းတစ်ခုဝိုင်းလိုက်လေသည်။
စည်ဝိုင်းထဲရောက်နေသော သရဲမဟာ နာကျင်နေရာမှကုန်းထပြီး စည်းပြင်သို့ ထွက်ဖို့ကြံလေသည်။သို့သော်

“ဝုန်း……”

“အားး….”

အပြင်သို့မထွက်နိုင်ဘဲ တစ်စုံတစ်ခုက သရဲမအား ပြန်တွန်းထုတ်လိုက်၏
သရဲမသည် စည်းပြင်ရောက်ဖို့ရန်အတွက်
ကြိုးစား၏။
သို့သော်မထွက်နိုင်ခဲ့။
ထိုအခါမှ ဘွားမယ်စိန်သည်…

“ဘုရား…တရား…သံဃာကို မယ်စိန်ကိုးကွယ်ဆည်းကပ်ပါတယ်….ယခုတော့ နောက်လူတွေရဲ့အသက်အန္တာရာယ်ကို
ကာကွယ်ပေးဖို့ ဟောသည် မကောင်းဆိုးဝါးကို
နှိမ်နှင်းပါရစေ……
ဥုံ…………………..”

ဘွားမယ်စိန်သည် ဘုရားကိုအရင်လက်အုပ်ချီဦးတိုက်ပြီးနောက် သူ၏ဂါထာများအား ရွတ်ဆိုတော့သည်။
ဂါထာရွတ်ဆိုသောအခါ သရဲမသည် တွန့်လိမ်ပြီး….

“အားးးး…..အားးးးး……အားးးးးးးးးးးးး”

အသံကုန်အော်ဟစ်တော့၏။
ထိုသို့အော်ဟစ်နေရင်း သရဲမ၏ကိုယ်သည် မီးစများအသွင်သို့ပြောင်းကာ တဖြေးဖြေး မီးလောင်ကျွမ်းလာခဲ့သည်။
တဖျစ်ဖျစ်လောင်ကျွမ်းနေသော မီးများကြား၌ သရဲမခမျာ
မရုန်းကန်နိုင်တော့ဘဲ တခဏအတွင်း
ထိုမီးများနှင့်အတူ ကွယ်ပျောက်သွား
တော့သည်။

သရဲမ မရှိတော့လေမှ ဘွားမယ်စိန်ဂါထာရွတ်တာကို အဆုံးသတ်လိုက်တော့၏။
ပြီးလေတော့ ခုံရှည်သို့ဝင်ထိုင်လိုက်ပြီး….

“ကဲ.. ..လာထိုင်ကြ….မောင်ရင်တို့ကတော့
ဘာမှမြင်ကြသိကြမှာ မဟုတ်ဘူးပေါ့…
သရဲမကိုတော့ဘွားဘက်ကလွှတ်ပေးလို့မရတဲ့အတွက်
ငရဲကိုပို့ပေးလိုက်ပြီကွယ်”

“ကျုပ်တို့အော်သံတွေကြားတယ်ဘွားရဲ့”

“ဟုတ်တယ်ဗျ….အော်သံကြားရတာတောင် ကျုပ်ဖြင့်
ကြက်သီးတွေထနေမိတာ အကောင်အထည်များမြင်မိလို့ကတော့ သေများသေမလားမသိဘူးဗျာ”

“ဟားး…ဦးလေးဘစီတို့ကတော့အကြောက်ကြီးချက်ဗျာ”

မောင်တိုးရဲ့ စကားကြောင့်အားလုံးရယ်မောကုန်ကြသည်။

“ကဲ…မောင်ဇင်အေး…မောင်ရင်ကော ဘာကြောင့်ဒီလိုတွေဖြစ်ရတာလဲဆိုတာသိပြီမို့လား…ဒီကိစ္စတွေကဖြစ်ပြီးသွားပြီ…
ပြန်ပြင်လို့လဲမရတော့ဘူး… အဲ့တာကြောင့် နောက်နောင်ကိုသာဒီလိုမဖြစ်ရအောင်ဆင်ခြင်ဖို့ကြိုးစားမောင်ရင်ရေ”

“ဟုတ်ကဲ့ပါဘွား…ကျုပ်မှားတာပါ ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ပြောတဲ့အရာတွေကိုမက်မောမိလို့ သမီးလေးကိုလည်းဆုံးရှုံးရတယ်…အဖေဖြစ်သူကိုလည်းပြစ်မှားမိတယ်
ကျုပ်ကိုခွင့်လွှတ်ကြပါဗျာ….အဖေ သားကိုခွင့်လွှတ်ပေးပါ…
သားမိုက်မိပါတယ်အဖေ”

“ခွင့်လွှတ်ပါတယ်ကွယ်….
မင်းကိုအ​ဖေ
ခွင့်လွှတ်တာပေါ့သားရယ်”

ကိုဇင်အေးကဖခင်ဖြစ်သူ သူကြီးဦးနောင်ချိုအား ကန်တော့တောင်းပန်လေသည်။
ဦးနောင်ချိုကတော့ သားဖြစ်သူအားမျက်ရည်များကြားမှ ခွင့်လွှတ်စကားပြောလေသည်။
သူတို့သားအဖ ပြန်ပြေလည်သွားကြလေပြီ။
သို့သော်လည်း မြေးမလေးအား သူကြီးဦးနောင်ချို သတိရကာ မျက်ရည်များထပ်ကျလာခဲ့တော့သည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)