မကျေနပ်ချင်သေးဘူးဗျ။
“ဟေ့ကောင်တော်ပြီ၊ ငါ့လည်း သိပ်မရှိဘူးကွ”
“ရပါတယ်၊ သုံးကျပ်ဆိုတော့လည်း နေ့လည်လောက်အထိတော့ ခံမှာပေါ့ဗျာ”
အဲ့လိုပြောပြီး ဖိုးတွမ်တီးကပြေးသွားတော့တာပဲ၊ ကျုပ်လည်း သူ့အနောက်ပြေးမလိုက်တော့ဘူးလေဗျာ၊ ဒါတောင် ခြံတံခါး၀နားရောက်သွားတော့ ကျုပ်ကိုလှည့်ပြီးပြောင်ပြသေးတာ၊ ဒီကောင်လေးကိုတော့ဖြင့် ကျုပ်ကြည့်မရပါဘူးဗျာ၊ မျောက်လောင်းကျတဲ့အပြင် အကျင့်ကလည်းကောင်းတာမဟုတ်ဘူး၊ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လူလည်လုပ်နေတဲ့ကောင်ဗျ။
(၂)
နွေနေ့လည်ခင်းက ပျင်းခြောက်ခြောက်ကြီးပါဗျာ၊ ဦးဘသာနဲ့ ဦးအောင်ရှိန်က စကားတွေပြောဆိုနေကြပေမယ့် ကျုပ်တော့သူတို့အနားထိုင်တာကြာလာလို့လားမသိဘူး နားတွေပူလာတာပါပဲ၊ ပြီးတော့ သူတို့အချင်းချင်းကလည်း ကျုပ်မကြားဖူးတဲ့လူတွေအကြောင်းပြောဆိုနေကြတာကိုးဗျ။
နောက်တော့ မခင်ကြည်က သံဒယ်အိုးတစ်လုံးနဲ့ထွက်လာတယ်ဗျ၊ ဦးအောင်ရှိန်က မခင်ကြည်ကိုလှမ်းမေးတယ်။
“ဟဲ့ ဘာလုပ်မလို့လဲ”
“အဖေကလည်း ကိုယ့်ဒေကိုလာလည်တဲ့သူတွေကို ဒေသထွက် ပေါက်ပေါက်ဆုပ်လုပ်ကျွေးမလို့ပါ”
ဦးအောင်ရှိန်က ခေါင်းညိတ်တယ်။
“ဘသာရေ၊ ရောက်တုန်းရောက်ခိုက် တို့ဒေသအစားအစာ ပေါက်ပေါက်ဆုပ်လေးစားကြည့်စမ်းကွာ၊ ကောင်းလွန်းလို့ အရှေ့ပိုင်းကို မပြန်ချင်ပဲဖြစ်သွားမယ်”
နောက်တော့ မနှင်းကြည်က တင်းတောင်းကလေးဆွဲပြီးထွက်လာတာနဲ့ ကျုပ်လည်း မနှင်းကြည်အနောက် ထလိုက်လာခဲ့တယ်။ မနှင်းကြည်တို့ကို ကူညီပေးဖို့ပေါ့ဗျာ၊ ဒီနေရာမှာ ယောဒေသက ပေါက်ပေါက်ဆုပ်အကြောင်းလေး ထည့်ပြောချင်တယ်ဗျ၊
မခင်ကြည်က အိမ်အပြင်ဘက်ထွက်လိုက်ပြီး လူမရှိတဲ့ခြံကြီးတစ်ခြံထဲဝင်သွားပါရောဗျာ၊ ပြီးတာနဲ့ မြေကျင်းကလေးတူးပြီးတော့ မြေကျင်းပေါ်မှာ သံဒယ်အိုးကိုတင်တယ်ဗျ၊ မနှင်းကြည်က မြေကျင်းထဲကို ပြောင်းရိုးခြောက်တွေ၊ ထင်းတွေထည့်ပြီး မီးတိုက်ပါရော၊ သံဒယ်အိုးပူလာတာနဲ့ မခင်ကြည်က တောင်းကလေးထဲက ကောက်ညှင်းစပါးတွေကို သံဒယ်အိုးထဲထည့်တယ်၊ စပါးစေ့တွေက မီးအပူရှိန်နဲ့တွေတော့ တဖောက်ဖောက်နဲ့ပွင့်ထွက်တာပေါ့ဗျာ။
မနှင်းကြည်က အိမ်ပြန်သွားပြီးတော့ ဖျာချောတစ်ချပ်သွားယူတယ်၊ မခင်ကြည်ဆီကရတဲ့ ပေါက်ပေါက်ပွင့်တွေကို အဲဒီဖျာပေါ်တင်ပြီးဖြန့်တာပေါ့ဗျာ၊ ကျုပ်လည်း ဝိုင်းကူပေးရတာပေါ့၊ ခြံအလွတ်ထဲမှာ အပင်မရှိတာကြောင့် ဖျာပေါ်ကို နေပူကျနေတာပေါ့၊ ကျုပ်စိတ်ထင် ကောက်ညှင်းနှစ်ပြည်လောက်ဖောက်တာ ပေါက်ပေါက်တစ်တင်းလောက် ရတယ်ထင်တာပဲ။
ပေါက်ပေါက်တွေကို နေပူလှန်းလိုက်တော့မှ ပေါက်ပေါက်မှာကပ်နေတဲ့ စပါးခွံတွေကို ချွတ်ရလွယ်တယ်တဲ့ဗျ။ နောက်တော့ မခင်ကြည်နဲ့ မနှင်းကြည်က နေပူလှန်းပြီးသား ပေါက်ပေါက်တွေကို စပါးခွံတွေပြာထုတ်တယ်၊ ကျုပ်ကိုတော့ ထန်းလျက်ကြိုခိုင်းတာပေါ့၊ ထန်းလျက်တွေကိုကြိုနေရင်း မွှေနေတဲ့ယောက်မကို မရပ်ရဘူးတဲ့ဗျ၊ ကြိုရင်း ကြိုရင်း ထန်းလျက်တွေက အမြှုပ်တွေထလာပြီးတော့ နောက်တော့ပျစ်ခဲလာတယ်၊ မခင်ကြည်က ရေထည့်ထားတဲ့ပန်းကန်တစ်ခုကိုယူလာပြီး ထန်းလျက်တစ်စက်ယူပြီးချလိုက်တော့ ရေအေးနဲ့ထိပြီး ထန်းလျက်က လုံးလုံးလေးဖြစ်သွားရော။
“ကဲ ရပြီမောင်လေး၊ ဒီထန်းလျက်တွေကို ဖျာပေါ်ကိုလောင်းတော့”
ကျုပ်လည်း ကြိုထားတဲ့ထန်းလျက်တွေကို ဖျာပေါ်မှာဖြန့်ထားတဲ့ ပေါက်ပေါက်တွေအပေါ်ကို သေသေချာချာဖြန့်ပြီးလောင်းတာပေါ့ဗျာ၊ မခင်ကြည်တို့ ညီအမကတော့ ထန်းလျက်တွေနဲ့ ပေါက်ပေါက်တွေ သေသေချာချာလုံးသွားအောင်လို့ ဖျာကိုလှုပ်လှုပ်ပေးတာပေါ့၊ ထန်းလျက်ရည်ကုန်သွားတော့ ဖျာကိုအပေါ်မြှောက်လိုက် အောက်ချလိုက်နဲ့လုပ်တော့ ပေါက်ပေါက်တွေကအလုံးကြီးဖြစ်သွားတာပေါ့ဗျာ၊ ပြီးတော့မှ လက်ကိုရေဆေးပြီးတော့ ထန်းလျက်ပေါက်ပေါက်တွေကို အလုံးလေးတွေပြန်လုံးပြီး အအေးခံထားလိုက်တယ်၊ မနှင်းကြည်ကတော့ အပေါ်ကနေ နှမ်းပွင့်လေးတွေလိုက်ဖြူးနေသေးတယ်။
“ကဲ စားကြည့်ပါအုံးငါ့မောင်ရယ်၊ ကောင်းသလားလို့”
ကျုပ်လည်း ပေါက်ပေါက်တစ်လုံးကို ကောက်စားလိုက်တယ်၊ ထန်းလျက်ကလဲချို၊ ပေါက်ပေါက်ကလည်းမွှေး၊ မနှင်းကြည်အုပ်ထားတဲ့ နှမ်းကလေးတွေကလည်း ဆိမ့်နဲ့ဆိုတော့ ချိုမွှေးဆိမ့်နဲ့ စားလို့သိပ်ကောင်းတာပဲဗျာ။ ကျုပ်ဖြင့်ပြောနေရင်းတောင် စားချင်လာပြီ။
“ကဲ လူကြီးတွေကို ကျွေးရအောင်၊ ဟဲ့ နှင်းကြည် ဒါနဲ့ တွမ်တီးဘယ်ရောက်သွားသလဲ”
မခင်ကြည်က သူ့သားကိုအခုမှသတိရတယ်၊
“ရွာလယ်နားမှာ ရှိမှာပေါ့၊ ကလေးတွေ အဲ့နားမှာပဲ ကစားကြတာမဟုတ်လား”
“သွားခေါ်လိုက်စမ်းနှင်းကြည်ရာ”
“နေပါစေ . . . ကျုပ်ပဲသွားခေါ်လိုက်ပါ့မယ်”
ကျုပ်လည်း ဝင်ပြောလိုက်တယ်၊ ဒါနဲ့ မနှင်းကြည်ကလည်း ခေါင်းညိတ်တယ်၊ ရွာလမ်းမကြီးအတိုင်း ကျုပ်ထွက်လာခဲ့ပြီး သိပ်မလျှောက်ရသေးခင်မှာ မန်ကျည်းပင်ကြီးသုံးပင် ဖိုခုံလောက်ဆိုင်ပြီးပေါက်နေတဲ့ နေရာကိုရောက်လာခဲ့တာပေါ့ဗျာ၊ အဲဒီအရိပ်အောက်မှာ ကလေးတွေက ထွေခင်းနေကြတာဗျ။
ဖိုးတွမ်တီးကတော့ ထွေခင်းတဲ့အနားမှာထိုင်ပြီးတော့ သုန်မှုန်နေတာပဲဗျာ၊ ဒါနဲ့ကျုပ်လည်း သူတို့အနားကိုကပ်သွားတယ်။
“ဖိုးတွမ်တီး မင်းဘာဖြစ်နေတာလဲ”
“ဘာဖြစ်ရမလဲ၊ ကျုပ်ထွေခင်းရင်း ရှုံးသွားလို့ဗျ”
“ရှုံးတာအဆန်းလားကွ၊ လာစမ်းပါကွာ အိမ်ပြန်ရအောင် မင်းအမေခေါ်နေပြီ”
“ဒီအတိုင်းရှုံးတာဆိုရင် ခံသာသေးတယ်ဗျာ၊ အခုတော့ ပိုက်ဆံကြေးဆော့ပြီး မနက်က ကိုကြီးပေးထားတဲ့ သုံးကျပ်စလုံး ပါသွားပြီ”
ကျုပ်လည်း ကလေးတွေဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့
“ဟေ့ကလေးတွေ၊ သူ့ပိုက်ဆံပြန်ပေးလိုက်ကြစမ်းပါ”
ဒီအခါ အသက်ဆယ့်သုံးနှစ်ကျော်လောက်ရှိမယ့် ကောင်မလေးက ကျုပ်ကိုကြည့်ပြီး
“ဘာလို့ပြန်ပေးရမှာလဲ၊ သူညံ့လို့သူရှုံးတာပဲ၊ မပေးပါဘူး”
“ဟဲ့ အောင်မယ်၊ နင်တို့က အကောင်ကြီးတယ်ဆိုပြီး ဒီကောင့်ကို ညှပ်ချတာပေါ့လေ”
“ဘာမှမဆိုင်ဘူး”
“အောင်မာ၊ အဲဒါဆို နင်နဲ့ငါနဲ့ထွေပြိုင်ခင်းမလား”
ကျုပ်လည်း ကလေးတစ်သိုက်နဲ့ရန်တွေဖြစ်တော့တာပဲ။ ဒီကောင်မလေးတွေက လူကောင်ကြီးကြီး ခြေတံလက်တံရှည်ရှည်နဲ့ဗျာ၊ ဒီလိုနဲ့ရန်ဖြစ်ရင်း နောက်ဆုံးကျုပ်နဲ့ထွေပြိုင်ခင်းမယ်ပေါ့။ ထွေခင်းတဲ့ကြေးကလည်း ကြီးတယ်ဗျာ၊ ကျုပ်ရှုံးရင် ငါးကျပ်ပေး၊ ကျုပ်နိုင်ရင်တော့ သူတို့ယူထားတဲ့ ဖိုးတွမ်တီးရဲ့သုံးကျပ်ကို ပြန်ယူမယ်ပေါ့။
ကောင်မလေးက ထွေကိုမြေမှာထောင်တယ်၊ ကျုပ်က ထွေကို ခြေဖမိုးပေါ်တင်ပြီး ခြေတစ်ပေါင်ကျိုးနဲ့ပြေးလာ၊ ပြီးတော့ ထွေကိုပစ်၊ ထောင်ထားတဲ့ထွေကိုထိတဲ့လူက နိုင်တာပေါ့ဗျာ၊ လေးငါးချီလောက်ဆော့ပေမယ့် ကျုပ်ပဲနိုင်နေတာ၊ မနိုင်ဘဲနေမလားဗျ၊ ကလေးနဲ့လူကြီးနဲ့ဆော့တာကိုး၊ နောက်ပြီးထွေခင်းတယ်ဆိုတာ ကျုပ်တို့တစ်သက်လုံး ဆော့ခဲ့တဲ့ကစားနည်းပဲ၊ ကောင်မလေးတွေဆို ကျုပ်ချည်းနိုင်နေတော့ မျက်စိမျက်နှာတွေပျက်ကုန်ပြီ။
“ဦးလေးကြီးညစ်ပတ်တယ်၊ သူ့ခြေထောက်အရှည်ကြီးနဲ့ လှမ်းလှမ်းပစ်တယ်”
ကျုပ်နဲ့ ဖိုးတွမ်တီးလည်းပျော်နေတာပေါ့ဗျာ၊ ကျုပ်တို့ချည်းနိုင်နေတာကိုး။ ကျုပ်လည်းခါးထောက်ပြီး
“အောင်မာ၊ နင်တို့လည်း ငါ့လိုနိုင်ချင်ရင် ငါ့လိုခြေထောက်ရှည်အောင်လုပ်ကြလေ၊ ဟား၊ ဟား”
မိသက်ဆိုတဲ့ကောင်မလေးက ကျုပ်ကိုမကြည်ဘူးဗျ၊ သူက မိန်းကလေးအဖွဲ့ရဲ့ခေါင်းဆောင်ထင်တာပဲ၊ မိန်းကလေးတွေဆိုတော့ အရှုံးကိုလက်မခံချင်ဘူးဗျာ၊ ဝိုင်းပြီးငြင်းကြတာ၊ သူတို့ကတစ်ဖွဲ့ ကျုပ်နဲ့ဖိုးတွမ်တီးက နှစ်ယောက်တည်းပေါ့။ ကျုပ်တို့ငြင်းခုန်နေတဲ့အချိန်မှာပဲ မနှင်းကြည်ရောက်လာတယ်။
“ဟဲ့ တွမ်တီး . . .”
မနှင်းကြည်အသံက အကျယ်ကြီးပဲဗျာ၊ ကျုပ်လည်းဖုန်တလုံးလုံးနဲ့ ကြားထဲမှာကလေးတွေနဲ့ ငြင်းနေကြတာမဟုတ်လား၊ မနှင်းကြည်မြင်တော့မှ ကျုပ်လည်းရှက်သွားတယ်။ မနှင်းကြည်က ကျုပ်ကိုကြည့်ပြီးတော့
“အော်၊ ကောင်းတယ်၊ ကောင်းတယ်၊ ကလေးကိုသွားခေါ်ခိုင်းတဲ့လူက ကလေးတွေနဲ့ပြိုင်ဆော့နေတယ်လို့၊ တွမ်းတီး၊ ဒီကိုလာစမ်း”
ဖိုးတွမ်တီးက သူ့အဒေါ်ကိုတော့ ကြောက်ရတဲ့ပုံပဲ၊ သူ့အဒေါ်အော်တော့ ကုပ်ချောင်းကုပ်ချောင်းနဲ့လိုက်သွားတယ်၊ နောက်တော့ မနှင်းကြည်က ကျုပ်ကိုလှည့်ကြည့်ပြီး
“ဟိုတစ်ယောက်၊ ရှင်ရောမလိုက်ဘူးလား”
ကျုပ်လည်း အဲဒီတော့မှ မနှင်းကြည်ဆီလိုက်မလို့ လုပ်လိုက်တယ်၊ ဒါပေမယ့် မိသက်ဆိုတဲ့ ကလေးမဘက်ကိုလှည့်ပြီး လက်ဝါးဖြန့်လိုက်တော့ မိသက်က ကျပ်စေ့သုံးစေ့ထုတ်ပြီးတော့ ကျုပ်ကိုဘုကြည့်ကြည့်တယ်၊ ပါးစပ်ကလည်း ပွစိပွစိနဲ့ပေါ့။ ကျုပ်လည်း ပိုက်ဆံယူပြီး မနှင်းကြည်တို့နောက်ကိုပြေးလိုက်လာတာပေါ့။
“ကျုပ်ကလေးတွေနဲ့ အပြိုင်ဆော့တာမဟုတ်ပါဘူး၊ သူတို့တွေက ဖိုးတွမ်တီးကို အနိုင်ကျင့်နေလို့ ကျုပ်ကဝင်ကူညီတာပါ”
ကျုပ်လည်း အရှက်ပြေပြောရတာပေါ့ဗျာ။
“တော်စမ်းပါရှင်၊ ရှင်တို့ကို ကျွန်မရပ်ကြည့်နေတာကြာပြီ သိရဲ့လား”
ကျုပ်လည်း ဘာမှမပြောနိုင်ဘဲ၊ သွားလေးဖြဲ၊ ခေါင်းလေးကုပ်ပြီးတော့ ပြန်လာခဲ့ရတော့တာပဲဗျာ။
(၄)
“ဟာ ပေါက်ပေါက်ဆုပ်တွေ”
ဖိုးတွမ်တီးက ခြံ၀ရောက်တာနဲ့ အနံ့ရပြီးတော့ ပြေးဝင်သွားတယ်၊ ကွပ်ပျစ်မှာ မခင်ကြည်တို့ ဦးဘသာကြီးတို့က ပေါက်ပေါက်ဆုပ်နဲ့ ရေနွေးကြမ်းနဲ့ မြည်းနေကြတယ်ဗျ။ ခြံထဲဝင်လာတဲ့ ကျုပ်တို့ကို မခင်ကြည်က လှမ်းကြည့်ပြီးတော့
“နင်တို့ကလေးသွားခေါ်တာလည်း ကြာလိုက်တာအေ၊ ငါဖြင့် ဟိုဘက်ရွာများ ရောက်သွားတာလားလို့”
မနှင်းကြည်က နှုတ်ခမ်းကိုစူလိုက်ပြီးတော့
“ဘယ်သူရှိရမလဲအမရယ် . . .”
အဲဒီလိုပြောပြီး ကျုပ်ကိုလှည့်ကြည့်တာ၊ ကျုပ်လည်း ရှက်ရှက်နဲ့မျက်လွှာချထားတာပေါ့။ မခင်ကြည်က ပေါက်ပေါက်ဆုပ်ဝါးရင်း
“ဟဲ့၊ သူက ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး အမရာ၊ ဒါနဲ့ စားကောင်းသားနော်”
မနှင်းကြည်ကျုပ်အကြောင်းမပြောလို့ ကျုပ်ဖြင့်ဝမ်းသာသွားတာပဲဗျာ၊ ကလေးတွေနဲ့ ပြိုင်ဆော့တယ်ဆိုတာကိုသာ ဦးဘသာတို့အရှေ့ပြောရင် ကျုပ်ကိုဝိုင်းနှက်ကြမှာမဟုတ်လား၊ ကျုပ်တို့တွေ ဝိုင်းထိုင်ပြီး စားသောက်ကြတယ်ဗျာ၊ ပေါက်ပေါက်ဆုပ်ကလည်းကောင်း၊ ရေနွေးကလည်းကောင်းဗျာ။
စားနေရင်း ကျုပ်ဗိုက်က အောင့်လာတာဗျ၊ ပြီးတော့ ရင်၀ကလည်း ဆစ်ခနဲဆစ်ခနဲပဲ၊ ကျုပ်အစကတော့ လေအောင့်တာထင်လို့ ကြိတ်ခံနေသေးတာ၊ နောက်တော့တဖြည်းဖြည်းပိုဆိုးလာတယ်ဗျာ၊ ကျုပ်ဖြင့် ဇောချွေးတွေကျပြီး မူးချင်သလိုလို မေ့ချင်သလိုလိုဖြစ်လာတာ၊ ဒါပေမယ့်လည်း မနှင်းကြည်တို့ရှိတော့ ဟန်မပျက်နေရတာပေါ့။
ဒါပေမယ့် မရပါဘူးဗျာ၊ အချိန်ကြာလေ၊ နာလာလေလေပဲ၊ နောက်တော့ ကျုပ်လည်း ဟန်မဆောင်နိုင်တော့ဘဲ ဗိုက်ကိုလက်နဲ့ဖိရင်း ကွပ်ပျစ်ပေါ်ကိုလဲကျသွားတာပဲ၊ အားလုံးလဲ ကျုပ်ကိုကြည့်ရင်း လန့်သွားကြတာပေါ့ဗျာ။
“ဟဲ့ မောင်လေး၊ ဘာဖြစ်တာလဲ”
“ကျုပ် . . . ဗိုက် . . ဗိုက်ကနာ . . . အား”
ကျုပ်ဖြင့်လူးလှိမ့်နေတော့တာပဲ၊ ဦးအောင်ရှိန်နဲ့ ဦးဘသာကတော့ ကျုပ်ကိုကြည့်ကောင်းကောင်းနဲ့ကြည့်နေကြတယ်။ ဦးအောင်ရှိန်က မနှင်းကြည်ကိုကြည့်ပြီးတော့
“ဟဲ့သမီး၊ သူတို့တွေ ဘာဖြစ်လာကြတာလဲ ပြောစမ်း”
“ဒီလိုပါအဖေရဲ့၊ ဒီက မောင်လေးက တွမ်တီးနဲ့အတူတူကလေးတွေနဲ့သွားဆော့ရင်း ရန်ဖြစ်လာကြတာ”
“ဘယ်သူနဲ့ဖြစ်တာတုန်းဟဲ့”
“ရွာစွန်က မိသက်တို့နဲ့ဖြစ်တာပေါ့”
ဦးအောင်ရှိန်မျက်မှောင်ကြုတ်သွားတယ်၊ ပြီးတဲ့အခါ ဦးဘသာကိုကြည့်တယ်၊ ဦးဘသာလဲ ထလာပြီးတော့ ကျုပ်အနားကိုရောက်လာတယ်၊ ကျုပ်ဗိုက်ကို လက်နဲ့ထောက်ကြည့်ပြီးတော့
“စုန်းတိုက်ပဲ၊ အတိုက်ကတော့ ခပ်ပျော့ပျော့ပါ၊ မင်းကိုသေစေချင်ပုံမရဘူး”
ဦးဘသာပြောတော့ ဦးအောင်ရှိန်က ထပြောတယ်။
“အဲဒီမိသက်ဆိုတာ ဝမ်းတွင်းပါတဲ့ကလေးကွ၊ ငါ့အထင် သူတို့နဲ့ရန်ဖြစ်ပြီးတော့ သူတို့ကိုမကျေနပ်လို့ ကျိန်ဆဲလိုက်တာလို့ပဲထင်တယ်”
ဦးအောင်ရှိန်က အဲဒီလိုပြောပြီး သက်ပြင်းတစ်ချက်ချလိုက်တယ်။
“ငါထုတ်ပေးလို့ရပေမယ့် မိသက်က ကလေးဆိုတော့ သူ့ကိုထိခိုက်သွားမှာ ကြောက်တယ်ဘသာ”
ဦးဘသာက ခေါင်းညိတ်တယ်ဗျ။
“ရပါတယ်အောင်ရှိန်ရာ၊ သူ့ကိုပြင်းပြင်းထန်ထန်လုပ်စရာမလိုပါဘူး၊ မင်းမလုပ်ချင်ရင် ငါလုပ်ပေးမယ်”
ဦးဘသာက သူ့လက်ပြန်နဲ့ကျုပ်ဗိုက်ကိုသပ်ချတယ်ဗျ။ သူသပ်ချလိုက်တာနဲ့ ကျုပ်နာနေတဲ့အနာတွေ သိသိသာသာလျှော့သွားတာ၊ ပြီးတောနဲ့ ဦးဘသာက ဟိုဟိုဒီဒီကြည့်ရင်း စားပွဲပေါ်က ပေါက်ပေါက်ဆုပ်ကိုယူလိုက်တယ်၊ ပြီးတော့ သပ်ချထားတဲ့ သူ့လက်နဲ့ထိကိုင်လိုက်ပြီး စားပွဲပေါ်ကိုပြန်ချလိုက်တယ်။ အဲဒီလို သုံးခါလုပ်ပြီးတာနဲ့ ထိုးအောင့်နေတဲ့ ကျုပ်ဗိုက်က အကောင်းပြန်ဖြစ်သွားတယ်ဗျာ၊ အံ့ဩဖို့ကောင်းလိုက်တာ၊ ကျုပ်လည်း လူးလဲထပြီး ထိုင်လိုက်တာပေါ့၊ ဦးဘသာက စားပွဲပေါ်က ပေါက်ပေါက်ဆုပ်သုံးလုံးကို ကျုပ်ကိုလှမ်းပေးတယ်။
“ဒီပေါက်ပေါက်ဆုပ်ကို အဲဒီ မိသက်ဆိုတဲ့ ကလေးကိုသွားပြီးကျွေးလိုက်၊ မင်းတို့မစားနဲ့နော်၊ မင်းတို့လွန်ခဲ့တာရှိရင် သူ့ကိုလည်းတောင်းပန်လိုက်၊ မလွန်ခဲ့ဘူးဆိုရင်လည်း ပြေရာပြေကြောင်းပြောခဲ့ပေါ့ကွာ”
ကျုပ်လည်း ပေါက်ပေါက်ဆုပ်သုံးလုံးကိုကိုင်လိုက်တယ်၊ မခင်ကြည်က သတင်းစာစာရွက်တစ်ခုနဲ့ ပေါက်ပေါက်ဆုပ်သုံးလုံးကို ထုတ်ပေးလိုက်တယ်၊ ဒါနဲ့ ကျုပ်တို့နှစ်ယောက်လည်း ခြံထဲကထွက်ခဲ့ကြတာပေါ့။
“ကျွန်တော် မိသက်ရှိတဲ့နေရာကိုသိတယ်ကိုကြီး”
ဖိုးတွမ်တီးက ရွာအစွန်ကိုပြေးပါရောဗျာ၊ ရွာအစွန်မှာ သစ်ပင်ကလေးတွေအုပ်အုပ်ဆိုင်းဆိုင်းပေါက်နေတဲ့နေရာရှိတယ်၊ အဲဒီမှာ မိသက်ကတစ်ယောက်တည်းထိုင်ရင်း ဇယ်ခုတ်နေတယ်ဗျ၊ ကျုပ်တို့လည်းရောက်သွားရော ကျုပ်ကိုမျက်စောင်းထိုးပြီးကြည့်တယ်။
“နင်တို့လာပြန်ပြီ”
“မဟုတ်ပါဘူး၊ ငါတို့အိမ်မှာ ပေါက်ပေါက်ဆုပ်လုပ်စားလို့ နင်စားလို့ရအောင်လာပေးတာ”
ဖိုးတွမ်တီးက အာသွက်လျှာသွက်နဲ့ပြောတယ်။ ကျုပ်လည်း လက်ထဲက သတင်းစာနဲ့ထုတ်ထားတဲ့ ပေါက်ပေါက်ဆုပ်တွေပေးလိုက်တာပေါ့ဗျာ၊ မိသက်က ပေါက်ပေါက်ဆုပ်တွေ့တော့ ပျော်သွားပုံရတယ်ဗျ၊ ကျုပ်တို့အရှေ့မှာတင်ပဲ အားရပါးရစားတာ။ ဒီတော့ ကျုပ်ကပဲစကားစပြောရတာပေါ့ဗျာ။
မိသက်ကို တစ်ကျပ်စေ့သုံးစေ့ ထုတ်ပေးပြီးတော့
“ငါနင့်ကို ဗိုလ်ကျသလိုဖြစ်သွားတယ်၊ ရော့ နင်နိုင်ထားတဲ့ပိုက်ဆံကို နင်ပြန်ယူ”
မိသက်က ပြုံးကြည့်ရင်း ခေါင်းခါပြတယ်ဗျ။
“မယူပါဘူး ဦးလေးကြီးရာ၊ ဦးလေးကြီးက မိသက်ကိုနိုင်ခဲ့တာပဲမဟုတ်လား၊ ဦးလေးကြီးသာ ပြန်ယူစမ်းပါ”
ကျုပ်လည်း ချီတုံချတုံဖြစ်နေတုန်း ဖိုးတွမ်တီးက ကျုပ်လက်ထဲက ကျပ်စေ့သုံးစေ့ကိုလှမ်းယူတယ်။
“ဒါဆို ငါပဲယူထားလိုက်တော့မယ်”
ကျုပ်တို့လည်း ဖိုးတွမ်တီးကိုကြည့်ပြီးရယ်မိတယ်၊ ဖိုးတွမ်တီးကျေးဇူးနဲ့ ကျုပ်လည်း မြင်းဇာရွာမှာ အသိအကျွမ်းတစ်ယောက်ထက်တိုးတာပေါ့ဗျာ၊ အဲဒါကတော့ ဝမ်းတွင်းပါမိသက်ပေါ့၊ ကလေးနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူးဗျ။
“ဒါနဲ့ ဦးလေးကြီးကို အရင်ကမတွေ့ဖူးပါဘူး”
“အေး၊ ငါက ဟိုနေ့ကမှ ဒီရွာရောက်တာ”
“ဒါနဲ့ ဦးလေးကြီးက ဘယ်ကလာတာလဲ”
ကျုပ်လည်း တောင်တန်းကြီးကို လက်ညှိုးထိုးပြပြီးတော့
“ဟိုးအရှေ့ဖက်က လာခဲ့တာပေါ့”
ဖိုးတွမ်တီးရော၊ မိသက်ရော ကျုပ်လက်ညိုးထိုးပြတဲ့တောင်ကြီးကိုလှမ်းကြည့်ပြီးငေးမောနေကြတယ်၊ သူတို့စိတ်ထဲ ကျုပ်က အဲဒီတောင်ပေါ်ကဆင်းလာတယ်လို့များထင်သွားသလားမသိဘူးဗျာ။
“ဒါနဲ့မိသက်၊ နင်က ငါ့ကို ဦးလေးကြီး၊ ဦးလေးကြီးနဲ့ ငါက အဲဒီလောက်အသက်မကြီးသေးပါဘူးဟ”
“ဒါဖြင့်ရင် ဘယ်လိုခေါ်ရမှာလဲ”
ဖိုးတွမ်တီးက
“ဒါဆို ငါခေါ်တဲ့အတိုင်း ကိုကြီးလို့ လိုက်ခေါ်ပေါ့ဟာ”
“ကောင်းတယ်၊ ဒါဆိုလည်း ကိုကြီးလို့ပဲခေါ်မယ်၊ ဒါနဲ့ နေစောင်းတော့မယ်ဆိုတော့ မြစ်ထဲဆင်းဆော့ကြရအောင်”
ဖိုးတွမ်တီးကလည်း နှစ်ခါမခေါ်ရဘူး သူတို့နှစ်ယောက် အတိုင်အဖောက်ညီနေတယ်။
“ဟဲ့ မြစ်ထဲဆင်းဆော့တော့ ရေနစ်သေမှာပေါ့”
“မြစ်က အဲဒီလောက်မနက်ပါဘူးကိုကြီးရာ၊ ယောက်ျားကြီးဖြစ်ပြီး ကြောက်မနေစမ်းပါနဲ့၊ မြင်းဇာရွာကိုရောက်ဖူးတဲ့သူတိုင်း မြစ်သာမြစ်ရေကို ချိုးဖူးရမယ်တဲ့”
“အောင်မယ်၊ နင်တို့ဆော့ချင်တာနဲ့ပဲ ငါ့ကိုပါ အဖော်စပ်နေပြန်ပါပြီ”
“ဒါတင်ဘယ်ကမလဲ ကိုကြီးရဲ့ မြင်းဇာသားဖြစ်ချင်ရင် မြစ်သာမြစ်ရေချိုးဖူးရမယ်တဲ့”
ဖိုးတွမ်တီးကလည်း ဝင်ပြောတယ်။
“လာပြန်ပြီ၊ မင်းကတစ်မှောင့်၊ ကဲပါ၊ အဲဒါဆိုလည်း သွားကြတာပေါ့ကွာ”
မိသက်က ပေါက်ပေါက်ဆုပ်ကို ပါးစပ်ထဲထိုးထည့်ပြီးတော့ အရှေ့ကနေပြေးတော့တာပဲ၊ ရွာစွန်လမ်းကလေးအတိုင်း ဆက်ပြေးလာရင်း ရှေ့မှာ မြစ်သာမြစ်စိမ်းစိမ်းကြီးကိုတွေ့လိုက်ရတယ်၊ ဟိုကလေးနှစ်ကောင်က ဟေးခနဲအော်ပြီးတော့ မြစ်ထဲကိုတန်းဆင်းပြေးတာဗျာ၊ မျောက်ကျတဲ့ဖိုးတွမ်တီးဆိုရင် မြစ်ကမ်းပါးသဲသောင်ပေါ်ကနေ ဒိုင်ဗင်ထိုးပြီးတော့ ခုန်ဆင်းသွားတာ။ မြစ်က သိပ်နက်ပုံတော့မရဘူးဗျ၊ သူတို့နှစ်ကောင်မြစ်ထဲပြန်ပေါ်လာတယ်။ မိသက်က ကျုပ်ကိုကြည့်ပြီးတော့
“လာပါကိုကြီးရဲ့ မြစ်က မနက်ပါဘူး”
“ဟုတ်တယ်၊ အေးနေတာပဲ ဆင်းလာခဲ့”
ကျုပ်လည်း မြစ်ကမ်းကနေ ခုန်ချလိုက်တာပေါ့ဗျာ၊ ရေထဲကို ဗွမ်းခနဲကျသွားတော့ ရေတွေက အေးစက်နေတာပဲဗျာ၊ ရေထဲရောက်တော့ လူကိုလန်းသွားတာပဲ၊ ကျုပ်လည်း ကလေးတွေနဲ့ရေဆော့တာပေါ့၊ ရေကသိပ်မနစ်ဘူးဗျ၊ ကျုပ်မြစ်ကြမ်းပြင်ကို ခြေထောက်ထောက်ထားတာတောင် လည်ပင်းလောက်ပေါ်တယ်။
ဖိုးတွမ်တီးတို့များ ရေကူးကျွမ်းချက်ဗျာ၊ မြစ်ကမ်းကိုတက်လိုက် ကျောက်တုံးပေါ်ကနေ ဒိုင်ဗင်ထိုးလိုက်၊ နောက်ကျွမ်းပစ်ချလိုက်နဲ့ ဆော့နေတော့တာပဲ၊ နောက်တော့ ကျုပ်တို့ရေကူးနေတဲ့အချိန် အဘွားကြီးတစ်ယောက်ရောက်လာတယ်ဗျ။ အဘွားကြီးက အသက်ကိုးဆယ်လောက်ရှိရောပေါ့၊ ဆံပင်တွေတစ်ခေါင်းလုံးဖြူနေပြီးတော့ ကိုယ်လုံးမှာလည်း အဝတ်အစားမပါဘူးဗျာ၊ အရေပြားတွေက တွဲကျနေပြီး ပိန်ကပ်နေတယ်၊ နို့သီးနှစ်လုံးကလည်း တွဲကျနေပြီးတော့ တောင်ဝှေးတစ်ချောင်းကို အားပြုပြီးလမ်းလျှောက်လာတာဗျ။
ကျုပ်တို့နဲ့ရေဆော့နေတဲ့ မိသက်ကိုတွေ့တော့ ဒေါသထွက်သွားပုံရတယ်၊ ပြီးတော့ ကျုပ်ကိုလည်း စူးစိုက်ကြည့်တယ်၊ အဘွားကြီးမျက်လုံးနဲ့ ကျုပ်မျက်လုံးနဲ့ အကြည့်ဆုံသွားတော့ ကျုပ်ကျောထဲက ဖြန်းခနဲ ဖြန်းခနဲ ချမ်းတက်လာတာဗျ။
“ဟေ့ ဖိုးတွမ်တီး ဟိုကမ်းစပ်မှာ အဝတ်မပါတဲ့အဘွားကြီးကွ၊ အရူးမကြီးလားမသိဘူးနော်”
ဖိုးတွမ်တီးလည်း မျက်နှာပျက်နေတယ်။ နောက်ပြီး မိသက်ကလည်း မျက်နှာမကောင်းဘူး။ အဘွားကြီးက ကမ်းပေါ်ကနေပြီး လှမ်းအော်တယ်။
“အောင်မာ၊ ငါ့များ အရူးမကြီးလို့ ပြောရဲတယ်ပေါ့လေ”
ကျုပ်ဖြင့်အံ့ဩသွားတာပဲ၊ ကျုပ်က ဖိုးတွမ်တီးကို ကပ်ပြီးပြောတာကို အဘွားကြီးက ကြားတယ်ဗျာ။ နောက်တော့ အဘွားကြီးက မိသက်ကိုကြည့်ပြီး
“ဟဲ့မိသက်၊ လာစမ်း၊ နင်လူစိမ်းတွေနဲ့ဆော့နေရသလား”
မိသက်လည်း ကုပ်ချောင်းကုပ်ချောင်းနဲ့ ရေကူးသွားပြီး ကမ်းပေါ်ပြေးတက်သွားတယ်၊ အဲဒီအဘွားကြီးအနောက်ကနေ လိုက်သွားပြီး ကျုပ်ကိုမသိမသာလက်လှမ်းပြတယ်ဗျ။
ဒီအချိန်မှာပဲ ကျုပ်လည်း ရေအောက်ကိုဝုန်းခနဲနစ်သွားတယ်၊ ကျုပ်ခြေထောက်အောက်မှာလည်း မြစ်ကြမ်းပြင်မရှိတော့ဘဲ ရေပြင်ပဲရှိနေတယ်။ ရေအောက်ကို တစ်ယောက်ယောက်က ဆွဲချလိုက်သလိုပဲဗျာ၊ ကျုပ်လည်းအတင်းရုန်းကန်ပြီးတော့ တတ်သလောက်မှတ်သလောက်ကူးခတ်လိုက်တော့ ရေပေါ်ကို ပြန်ပေါ်သွားတာပေါ့ဗျာ။
ခုနက အဘွားကြီးများကျုပ်ကိုလုပ်တာလားပေါ့၊ ကျုပ်လည်းတော်တော်လန့်သွားပြီးတော့ ကမ်းဆီကိုကူးလာလိုက်တယ်၊ ခုနက ကမ်းစပ်နားမှာဆော့နေတဲ့ကျုပ်က ရေနစ်ပြီးတော့ မြစ်လယ်နားကိုရောက်သွားတာဗျို့။ ကမ်းအနားရောက်တော့ ဖိုးတွမ်တီးက ကမ်းစပ်ပေါ်တက်ထိုင်နေတယ်၊ သူ့လက်ထဲမှာလည်း အဝတ်စကြီးကိုင်ထားတယ်။
“ကိုကြီး ဒီမှာဘယ်သူ့ပုဆိုးကြီးလဲမသိဘူး”
ကျုပ်လည်း လန့်သွားပြီး စမ်းကြည့်လိုက်တော့မှ ကျုပ်ခါးမှာ ပုဆိုးမရှိတော့ဘူးဗျ။ သေချာကြည့်လိုက်တော့မှ ဖိုးတွမ်တီးကိုင်ထားတဲ့ပုဆိုးက ကျုပ်ပုဆိုးဖြစ်နေတယ်။
“ဟာ၊ ဟေ့ကောင်လေး၊ ငါ့ကိုပုဆိုးပြန်ပေးစမ်းကွာ”
“မပေးဘူး၊ ဟား၊ ဟား မပေးဘူး”
ဖိုးတွမ်တီးက ကမ်းပေါ်တက်ပြေးတယ်ဗျ၊
“ဟေ့ကောင်၊ ငါအောက်မှာ ဘာမှမပါဘူးဟ၊ ပြန်ပေးစမ်း”
“မပေးဘူး၊ လိုချင်ရင်လိုက်ယူ၊ ဟား၊ ဟား”
ဖိုးတွမ်တီးက တစ်ချိုးတည်းပြေးတော့တာပဲဗျာ၊ ကျုပ်လည်း ကမ်းပေါ်လိုက်တက်မယ်လုပ်တော့ ရွာက ကောင်မလေးတွေက အဝတ်လျှော်တဲ့ဇလုံတွေယူပြီးလာကြတယ်၊ ကျုပ်လည်း ပြေးမတက်တော့ဘဲ ရေအောက်မှာပဲ စိမ်နေလိုက်တယ်။ တော်သေးတာက ရေကစိမ်းပြီးနောက်နေလို့ဗျ၊ မဟုတ်လို့ကတော့ မလွယ်ဘူးဗျို့။
ဖိုးတွမ်တီးကောင်းမှုနဲ့ ကျုပ်လည်းရေထဲကနေပြန်မတက်ရဲပါဘူးဗျာ၊ ညနေစောင်းတာနဲ့ ရွာကလူတွေကလည်း မြစ်ကမ်းစပ်လာပြီး အဝတ်လျှော်ကြ၊ ရေချိုးကြနဲ့ဆိုတော့ ကျုပ်လည်းဘယ်တက်ရဲပါ့မလဲ၊ ဒါနဲ့ ညခုနစ်နာရီလောက်ရောက်တော့မှ လူခြေရှင်းသွားတာနဲ့ မြစ်ထဲကတက်ပြီးတော့ အပေါ်ပိုင်းမှာဝတ်ထားတဲ့ စွပ်ကျယ်ကလေးနဲ့ ကာကွယ်ပြီး အိမ်ကိုအရောက်ပြေးခဲ့ရတယ်ဆိုပါတော့ဗျာ။
တစ်ညနေလုံး ရေစိမ်နေတဲ့ကျုပ်က ညရောက်တာနဲ့ ဖျားတော့တာပဲ၊ ကျုပ်ဖြင့် ဖိုးတွမ်တီးကိုတွေ့တိုင်း ဆော်ချင်နေတာပေါ့ဗျာ၊ နှာတွေကလည်းစေး၊ ချောင်းတွေကလည်းဆိုးနဲ့ နွေခေါင်ခေါင်ကြီး ချမ်းလွန်းလို့ စောင်အထပ်ထပ်နဲ့ကွေးရတာ ကျုပ်ပါပဲဗျာ။
ဒီနေ့တော့ တော်လောက်ပြီဗျာ၊ နောက်နေ့မှ အဲဒီဘွားတော်ကြီးအကြောင်းကို ဆက်ပြီးပြောပြတော့မယ်။
ပြီးပါပြီ။
အဂ္ဂဇော်
Leave a Reply