ပြစ်ဒဏ်

လွှတ်ချင်စိတ်ကို ဖော်ပြနေသော အမေးဖြစ်၏။

“လွှတ်လိုက်ပါ…”

ဒေါ်ခင်စိုးနှင့် ခင်ပြည့် ဆရာကြီးရုံးခန်းမှ ထွက်လာသည်။ အပြင်မှာ ရပ်နေသော ဌေးဦးကို တွေ့သည်။

“နင့်ကို ဆရာကြီး ခေါ်ခိုင်းလိုက်တယ်။ ရုံးခန်း ထဲမှာ ဆရာကြီးရှိတယ်…”

ဒေါ်ခင်စိုးက ပြောပြီး ထွက်သွားသည်။
ဌေးဦး ဆရာကြီးရုံးခန်းထဲ ဝင်သွားသည်။

“မင်းနာမည် ဌေးဦးလား”

ဆရာကြီးက မေးသည်။
ဌေးဦး ခေါင်းညိတ်ပြသည်။

“ပါးစပ်က ဖြေ”

ဆရာကြီးလေသံက မာသည်။

“ဟုတ်ပါတယ်”

“ဟုတ်ရင် လက်ပိုက်ထား …”

ဌေးဦး လက်ပိုက်လိုက်သည်။
“မင်း တတိယတန်းက မိန်းကလေးကို တွန်းလား ထိုးလား လုပ်တယ်ဆိုတာ ဟုတ်သလား”

“ဟုတ်ပါတယ်”

ဌေးဦးက မညာ။ မှန်သည့်အတိုင်း ဝန်ခံ သည်။

“မင်း ဘာလို့ အဲဒီလိုလုပ်ရတာလဲ…”

“သူက အဲဒီအတန်းမှာရှိတဲ့ ကျွန်တော့် ညီမလေးကို လုပ်လို့ပါ”

“ဒါဆိုရင် ဆရာမတိုင်ရမှာပေါ့ကွ၊ မင်းဆရာမ တိုင်လား”

“မတိုင်ပါဘူး”

“မင်းပြောသလိုဆိုရင် အဲဒီကလေးမရဲ့အစ်ကိုက သတ္တမတန်းမှာရှိတယ်ဆိုပါစို့ကွာ။ မင်းထက်လည်း အားကြီးတယ်၊ မင်းကို ဖင်ထိုင်ကျအောင် တွန်းထိုးမယ်…။ မင်းကျေနပ်မလား…”

ဌေးဦး ဘာမျှမဖြေ။
“မင်းက ဒီကျောင်းမှာ လူဆိုးလား…”

ဆရာကြီးမေးသည်က ပုံမှန်အသံဖြစ်သည်။ ဌေးဦး ဘာမျှမဖြေ။

“လူဆိုးဆိုတဲ့စကားနဲ့ ကျောင်းသားနဲ့ မလိုက်ဖက်ပါဘူးကွာ…၊ ငါ့တပည့်ကို လူကောင်း လူလိမ္မာ၊ ကျောင်းသားပဲဖြစ်စေချင်တယ်…”

ဆရာကြီးက ဌေးဦးကို လှမ်းကြည့်သည်။ ဌေးဦး ဘာပြန်ပြောရမှန်းမသိ။ သို့သော် “ငါ့တပည့်” ဟု ပြောသည်ကိုတော့ သဘောကျသလို ခံစားရသည်။ အရင်က သူ့ကို ဘယ်သူ့မှ ငါ့တပည့်ဟု မခေါ်ဖူးပါ။

“လူကောင်း လူလိမ္မာ မဖြစ်ချင်ဘူးလား”
ဌေးဦးကို ကြည့်၍ ဆရာကြီး၏အမေး။

“ဖြစ်ချင်ပါတယ်”
ဌေးဦး၏အဖြေ။

“ကျောင်းသားကောင်း တစ်ယောက်ရော မဖြစ်ချင်ဘူးလား”

“ဖြစ်ချင်ပါတယ်….”

ဆရာကြီးက စားပွဲပေါ်မှာ အသင့်ရှိသော ကြိမ်လုံး ရှည်ကြီးကို လှမ်းကြည့်လိုက်သည်။
ဤကလေးသည် အကြိမ်ပေါင်းများစွာ အရိုက် ခံရပြီးပြီ။ အရိုက်ခံရမည်ကို ကြောက်ဟန်မတူ။ ကျောင်းသားဆိုးဖြစ်ရသည်ကို ဂုဏ်ယူနေဟန် တူပါသည်။ မနေ့က ညနေ ဘောလုံးပွဲမှာပင် ဤ ကလေးကို သတိထားမိခဲ့သည်။ တိုင်သော ဆရာမ ကလည်း ယခင်ဆရာကြီးထက်ပိုပြီး လက်သံပြောင်မှ ကျေနပ်မည့်သဘော။

“ငါဘယ်လိုလုပ်ရမလဲ…”

“ကဲ… ကြာပါတယ်ကွာ… မင်းမှာ အပြစ်ရှိ သလား ပြော…”

ဆရာကြီးမေးပုံက အသံပြတ်နှင့် ဖြစ်သည်။
ဆရာကြီးကို ဌေးဦးလှမ်းကြည့်လိုက်သည်။

“ပြောလေ…”

“ဟုတ်ကဲ့… ရှိပါတယ်”

ဌေးဦး ဝန်ခံလိုက်သည်။
“အပြစ်ရှိတယ်ဆိုရင်တော့ အပြစ်ပေးရမှာ ပေါ့ကွာ…”

ဆရာကြီးက စားပွဲပေါ်မှ ကြိမ်လုံးရှည်ကြီးကို ကောက်ယူပြီး မတ်တတ်ထလိုက်သည်။ အရိုက်ခံ ရတော့မည်ဟု ဌေးဦး နားလည်လိုက်သည်။ ဆရာကြီးက အရပ်ရှည်သည်။ အရွယ်ကလည်း အရွယ်ကောင်း၊ ခွန်အားလည်းကောင်းပုံရသည်။ ယခင်ဆရာကြီး ထက်ပင် ပိုပြီး ရိုက်ချက် လက်သံ ပြောင်လိမ့်မည်ဟု ဌေးဦး မျှော်လင့်ထားလိုက် သည်။

“ဆရာပေးတဲ့ ပြစ်ဒဏ်ခံမလား…”

ဆရာကြီး၏ အမေးကို ဌေးဦး မဖြေဘဲ နေလိုက် သည်။ ဖြေရန်မလိုဟု ထင်သောကြောင့် ဖြစ်သည်။

“ပြောလေ… ဆရာပေးတဲ့ ပြစ်ဒဏ်ခံမလား…”

ဆရာကြီး စိတ်မရှည်ဖြစ်သွားဟန် တူပါ သည်။ မေးသည့်လေသံက မာသည်။

“ခံပါ့မယ်…”
ဌေးဦးမဖြေချင်သော်လည်း ဖြေလိုက်ပါသည်။

“အဲဒီနေရာက ထွက်လိုက်။ ဒီဘက်ကိုလာ…”
ဆရာကြီးက သူ့လက်မှ ကြိမ်လုံးရှည်နှင့် စားပွဲဘေးနေရာလွတ်သို့ ညွှန်ပြသည်။ ဌေးဦး နားလည်လိုက်ပါပြီ။ စားပွဲဘေးမှ ကွက်လပ်ကျယ်မှာ အားပါးတရ ရိုက်တော့မည်ဟူ၍-

ဆရာကြီး ညွှန်ပြရာ စားပွဲဘေးသို့ ဌေးဦးသွားပါ သည်။ ဆရာကြီးအသစ်၏ လက်ရာကို မမှန်းဆနိုင်သေး၍ ရင်ထဲမှာ တုန်လှုပ်လျက်-

ဌေးဦးက ရပ်မိသည်နှင့် အရိုက်ခံရန် အသင့် အနေအထားဖြင့် အံကိုတင်းတင်း ကျိတ်လိုက်သည်။ လက်ကိုတင်းတင်း ပိုက်လိုက်သည်။ တစ်ကိုယ်လုံးမှ အကြောအခြင်များကိုလည်း တင်းထားလိုက်သည်။ သူ့အတွေ့အကြုံအရ ဤသို့ တင်းတောင့်ထားလျှင် အသားပေါ်သို့ ကျလာသော တုတ်ချက်ကိုခံနိုင်သည်။
ဆရာကြီးက တုတ်ကိုကိုင်လျက် ဌေးဦးဘေးသို့ လျှောက်လာသည်။

“မောင်ဌေးဦးကို ဆရာ ဘယ်လိုအပြစ်ပေး မလဲဆိုရင်… ဟိုမှာကြည့်-

ဆရာကြီးက သူ့လက်ထဲမှာ ကြိမ်လုံးဖြင့် ပြတင်းပေါက်အပြင်သို့ ညွှန်ပြသည်။

“ဟိုစက္ကူစုတ်အဖြူလေး နေရာမှာ ဘန်ဒါပင် (ဘာဒန်ပင်) တစ်ပင်စိုက်ပေးပါ။ မနက်နေပူရင် ဆရာကြီးအခန်းက ပူနေတယ်။ အဲဒီအပင်ကို မင်းရှင်အောင် စိုက်၊ ရှင်အောင် ရေလောင်း…”
အဲဒါမင်းကို ဆရာကြီးပေးတဲ့ အပြစ်ဒဏ်ပဲ…။
ဆရာကြီး ရုံးခန်းအရိပ်ရအောင် သစ်ပင်လေး စိုက် ပေး…”

ဌေးဦး ဘယ်လိုမျှ မျှော်လင့်မထားသော အပြစ်ပေးခြင်းဖြစ်၏။

“ဘယ်လိုလဲ… စိုက်ပေးနိုင်မလား…”
ဆရာကြီးက မေးသည်။

“စိုက်ပေးနိုင်ပါတယ်… ဆရာကြီး…”
ဌေးဦး ဝမ်းသာအားရ ဖြေသည်။

ဘာဒန်ပင်မှာ ငါးပေခန့်ရှိ၍ ဌေးဦး အရပ် ထက်ပင်မြင့်သည်။ ဆရာကြီး ရုံးခန်း အရိပ်မြန်မြန် ရစေချင်၍ တတ်နိုင်သမျှ ကြီးသောအပင်ကို လိုက်ရှာခြင်းဖြစ်သည်။ အဖေကြီး၏ ခြံထဲမှ ရခြင်းဖြစ် သည်။ ဆရာကြီးအပြစ်ပေးပုံကို ပြောပြ၍ အဖေကြီး သဘောကျပြီး သူကိုယ်တိုင် အမြစ်များပါအောင် ဂရုတစိုက် တူးပေးသည်။ မြေးအဘိုးနှစ်ယောက် ညနေပိုင်းနေအေးချိန်တွင် ဆရာကြီးပြသောနေရာလေးမှာ ဘာဒန်ပင်လေးကို ကျင်းတူးစိုက်ပျိုးနေ ကြသည်။

မြေဆွေးထည့်သည်။ ရေလောင်းသည်။ နောက်တစ်နေ့မနက် ဆရာကြီး ကျောင်းလာသောအခါ သူပြသောနေရာမှာ စိမ်းစို ရှင်သန်နေသော ဘာဒန်ပင်လေးကို တွေ့ရသည်။
ဘာဒန်ပင်လေးက ဆရာကြီး​ မျှော်မှန်း ထားသည်ထက် ပို၍အရွယ်ကြီးနေသည်။ ဘေးမှာ ဝါးခြမ်းကလေးများ ပတ်လည်ရံ၍ ခြံခတ်ထားသည်။ ဝတ်ကျေ တမ်းကျေမဟုတ်၊ အသေအချာလုပ်ထား၍ ဆရာကြီး အံ့ဩနေသည်။
ဆရာကြီးက ကျောင်းသားတစ်ယောက်ကို ပဉ္စမတန်းမှ ဌေးဦးကို ခေါ် လာရန် ပြောသည်။ မကြာမီပင် ဆရာကြီး ၏ ရုံးခန်းသို့ ဌေးဦး ရောက်လာသည်။

“မောင်ဌေးဦး ဒီအပင်ကို မင်းခု မနက် စိုက်လိုက်တာလား”

“မဟုတ်ပါဘူး ဆရာကြီး မနေ့ညနေက စိုက်တာပါ…”

“ဆရာက ဒီလောက်အပင်ကြီးကြီး ရဖို့ မမျှော်လင့်ပါဘူးကွာ မင်း အပင်က ဆရာထင်တာထက် ပိုကြီးနေတယ်”

“ဆရာကြီးရုံးခန်း အရိပ်မြန်မြန် ရစေချင်လို့ပါ..”
ဌေးဦး ပြောပုံက ရိုးရိုးလေးဖြစ်၏။ သို့သော် သူ့စိတ်ထားကို ဖော်ပြနေသည်။
ဆရာကြီးက ဘာဒန်ပင်လေးဆီသို့ လှမ်းကြည့်ရင်းမှ-
“ငါ့တပည့်လုပ်ထားတာက ပေးတဲ့ အပြစ်ဒဏ်ကို တာဝန်ကျေဆိုတာမျိုး မဟုတ်ဘူးကွာ၊ စေတနာပါတယ်။ မင်းဟာ လူဆိုးမဟုတ်ရုံမကဘူးကွ၊ လူကောင်း၊ လူလိမ္မာ ကျောင်းသားကောင်းတစ်ယောက် ဖြစ်သွားပြီ”ဟု ပြောလိုက်သည်။
ဆရာကြီး၏ ချီးကျူးစကားသည် ဌေးဦးရင်မှာ ထူးခြားစွာ ခံစားရသည်။ ယခင်က ဤသို့ ချီးကျူးသည်ကို တစ်ခါမျှ မခံခဲ့ရ။ အဆူအပြော အမာန် အငေါက် အရိုက်အနှက် အမျိုးမျိုးသာ ခံနေရသည်။
ဆရာကြီးက တပည့်ဖြစ်သူ ဌေးဦး အနီးသို့ လျှောက်လာသည်။
“ငါ့တပည့်အတွက် ဆရာဝမ်းသာ ဂုဏ်ယူပါတယ်။ ငါ့တပည့်က ဆရာထင်တာထက်ပိုပြီး လိမ္မာလွယ်တဲ့ကလေးပဲ။ ဆရာကြီးတစ်ယောက်ထဲ မဟုတ်ဘူး၊ ကျန်တဲ့ ဆရာ၊ ဆရာမတွေပါ ငါ့တပည့်ကို ချစ်ခင်လာကြအောင် လိမ္မာတဲ့ ကျောင်းသားဖြစ်လိုက်စမ်းပါ…”

ဆရာကြီးက တိုက်တွန်းစကား ပြောရင်း ဌေးဦး၏ ခေါင်းကို သူ၏ လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ဆရာကြီး၏ မေတ္တာစကားနှင့် ကြင်နာသောအပြုအမူကြောင့် ဌေးဦးရင်မှာ ကြည်နူးစွာ ခံစားရခြင်းနှင့်အတူ မျက်လုံး အိမ်မှ မျက်ရည်များပါးပေါ်သို့ စီးကျ လာ၏။ ပြင်းထန်စွာ အရိုက်ခံရစဉ်က တစ်စက်မျှမကျခဲ့သောမျက်ရည်။ ကြင်နာသည်ကို ကြည်နူးမှ ကျရသည်။

ဌေးဦး ရင်ထဲမှာ ဆုံးဖြတ်လိုက် သည်။
“ဆရာကြီးဖြစ်စေချင်သလို ဆရာ၊ ဆရာမ အားလုံး ချစ်ခင်အောင် လိမ္မာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်စေရမည်” ဟူ၍-

လယ်တွင်းသားစောချစ်
ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ် (၁၂)