ခင်မောင်နှင့်ရင်မောင်

တာပေါ့။

အဲဒီအကောင်ကြီး တဲပေါ်တက်လာတော့ ကျုပ်တစ်ကိုယ်လုံးလည်း မလှုပ်ရှားနိုင်ဘူးဖြစ်သွားတယ်ဗျ၊ လက်တွေခြေတွေကိုလည်း လှုပ်မရတော့ဘူး၊ ဒါနဲ့ကျုပ်လည်း ကြောက်လန့်ပြီး အော်ဖို့ကြိုးစားပေမယ့် ကျုပ်ပါးစပ်က ဘာအသံမှမထွက်ဘူးဗျာ၊ ပါးစပ်ကတော့ ဖွင့်လို့ပိတ်လို့ရတယ်၊ ကျုပ်အကြိမ်ကြိမ်ဦးဘသာကြီးကို အော်ခေါ်နေပေမယ့် ပါးစပ်က ဘာအသံမှကိုမထွက်တော့ဘူးဗျ။

အဲဒီအကောင်ကြီးက ခြင်ထောင်ကိုလှန်ပြီးတော့ ကျုပ်ခြေထောက်ကိုလက်နဲ့ကိုင်ထည့်လိုက်တယ်ဗျ၊ သူ့လက်ကလည်း ကြမ်းကြမ်းကြီးဗျာ၊ လူအသားနဲ့တောင်မတူဘဲ သစ်မြစ်ကြီးလို မာမာကြောကြောကြီးဗျ၊ ပြီးတာနဲ့ ကျုပ်ကိုအိမ်ပေါ်ကနေ ဆွဲချတာပဲ၊ ကျုပ်လည်းမရုန်းကန်နိုင်ဘူးဆိုတော့ သူဆွဲချရာအတိုင်း ပက်လက်ကြီးပါသွားတာပေါ့ဗျာ။

တဲက တစ်တောင်လောက်ပဲမြင့်တယ်ဆိုပေမယ့် တဲပေါ်ကနေ မြေကြီးပေါ်ကိုဖင်ထိုင်ကျတော့ နာလိုက်တာဗျာ၊ ကျုပ်တင်ပါးမှာလည်း ဒဏ်ရာတွေနဲ့ဆိုတော့ ပိုဆိုးတာပေါ့၊ ကျုပ်ကို တဲအပြင်ခပ်လှမ်းလှမ်းရောက်သွားတဲ့အထိ ဆွဲခေါ်သွားတာဗျ။ အဲဒီမှာ မည်းမည်းအကောင်ကြီးသုံးကောင်ရပ်နေတယ်။ ကျုပ်ရောက်သွားတော့ ကျုပ်ကိုမိုးပြီးကြည့်ကြတယ်၊ မျက်နှာကြီးတွေကို သေချာမမြင်ရပေမယ့် ပါးစပ်ထဲက အစွယ်ကြီးတွေကတော့ ဖွေးလို့ဗျ။ ကျုပ်ကိုကိုက်မယ်ဆိုပြီး ပါးစပ်ကြီးတွေပြင်လိုက်ကြတာ၊ ကျုပ်လည်း အော်နေပေမယ့် အသံကမထွက်ဘူးပေါ့ဗျာ။

ဒီအချိန်မှာပဲ အဲဒီအကောင်ကြီးတစ်ကောင်က ဝုန်းဆို အနောက်ကိုလွင့်သွားတာပဲဗျာ၊ ပြီးတော့ သူတို့အားလုံးတစ်နေရာကိုလှမ်းကြည့်လိုက်တယ်ဗျ၊ အဲဒီနေရာမှာ ရပ်နေတာကတော့ ဦးဘသာကြီးပေါ့ဗျာ။

“ဟေ့ကောင်တွေ၊ သူ့ကိုလွှတ်လိုက်စမ်း”

ဦးဘသာက ပြောပေမယ့် သရဲသုံးကောင်က မလွှတ်တဲ့အပြင် ကျုပ်ခြေထောက်တွေကို ဆက်ဆွဲပြီးပြေးဖို့လုပ်တယ်၊ ဒါနဲ့ ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးထားလိုက်တော့ ကျုပ်လည်း လှုပ်မရတော့ဘူးပေါ့ဗျာ။ နောက်တော့ ဦးဘသာရဲ့ ဘီလူးကြီးက ခုန်ထွက်လာပါပြီး ကျုပ်လက်တွေကိုဆွဲပါရောဗျာ၊ သရဲသုံးကောင်က ကျုပ်ခြေထောက်ကိုဆွဲတယ်၊ ဘီလူးကြီးက ကျုပ်လက်နှစ်ဖက်ကိုဆွဲပြီး အပြိုင်ဆွဲကြတော့ ကြားထဲကျုပ်က ခံရတာပေါ့ဗျာ၊ ပိုဆိုးတာက သူတို့က မြေကြီးနဲ့လွတ်အောင်ဆွဲတာမဟုတ်ဘဲ မြေကြီးနဲ့ပွတ်ပြီးဆွဲတော့ တင်ပါးမှာရှိတဲ့ဒဏ်ရာတွေကို မြေကြီးနဲ့ပွတ်သလိုဖြစ်ပြီး နာလိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ။

ကျုပ်အသံကုန်ဟစ်အော်ပေမယ့် အသံကမထွက်ဘူးဗျ၊ ဘီလူးကြီးက ဆွဲလိုက်ရင် ကျုပ်က ဘီလူးကြီးအနောက်ကို သုံးပေလောက်ရွေ့ပါသွားလိုက်၊ သရဲကြီးသုံးကောင်ကဆွဲရင် သရဲကြီးတွေအနောက်ကို သုံးပေလောက်ရွေ့ပါသွားလိုက်နဲ့ ဖြစ်နေတော့တာ၊ ကျုပ်တင်ပါးတွေဆိုရင်လည်း မြေကြီးနဲ့ပွတ်ပွတ်ဆွဲရင်း သွေးတွေအလိမ်းလိမ်းဖြစ်နေတော့တာ။

နောက်တော့ ဦးဘသာက စက်တွေလွှတ်ထည့်လိုက်တယ်ဗျ၊ စက်တွေက သရဲကြီးသုံးကောင်ကိုထိပြီးတော့မှ သရဲကြီးတွေက အဘား၊ အဘားနဲ့အော်ပြီး လှည့်ပြေးကြတာပဲ၊ ဒီတော့မှ ဦးဘသာက ကျုပ်ကိုလာဆွဲထူတယ်၊ ကျုပ်လည်း အော်တာပေါ့။

“တိတ်တိတ်နေစမ်းပါကွ၊ အောင်ရှိန်တို့ကြားသွားအုံးမယ်”

“ဦးဘသာ၊ ဘာတွေ . . . ဘာတွေဖြစ်နေတာလဲ”

“မင်းကိုသတ်ဖို့လာတဲ့အကောင်တွေကွ၊ တော်ရုံတန်ရုံအစိမ်းသရဲတွေမဟုတ်ဘူးကွ၊ လာ၊ ထ . . . ထ”

ကျုပ်ကိုဆွဲထူလိုက်တော့ ကျုပ်လည်း ထော့နဲ့ထော့နဲ့နဲ့ လိုက်လာရတာပေါ့ဗျာ၊ ကျုပ်တင်ပါးကို ဦးဘသာက ရေဆေးပေးတော့ ကျုပ်မှာအော်လိုက်ရတာဗျာ၊ ဦးဘသာက နားညီးတယ်ထင်ပါတယ်၊ ကျုပ်ပုခုံးကိုလက်နဲ့ပုတ်ပြီးတော့

“ပါးစပ်ပိတ်ထားစမ်;”

လို့ပြောလိုက်တာနဲ့ ကျုပ်နှုတ်ခမ်;က စေ့သွားပါရောဗျာ၊ အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းက ကော်နဲ့ကပ်ထားသလိုစေ့နေပြီးတော့ ပါးစပ်ဖွင့်မရတော့ဘူးဗျာ၊ ကျုပ်မှာ အော်တော့အော်ပေမယ့် တအုအုပဲ အသံထွက်နေတာပေါ့။ ဦးဘသာက ရေဆေးပြီးတော့ ကျုပ်ကိုအိပ်ရာထဲ ပြန်ထည့်ပေးတယ်၊ ပြီးတော့ ကျုပ်တင်ပါးက ဒဏ်ရာတွေကို ဆေးထပ်လူးပေးတော့မှ ကျုပ်လည်း နေသာသွားတာပေါ့ဗျာ၊ ကျုပ်ပါးစပ်ကိုလက်ညှိုးနဲ့ထိုးပြီး တဝုဝုလုပ်ပြတော့မှ ဦးဘသာက ပါးစပ်ပြန်ဖွင့်ပေးတာ။

“ဦးဘသာ၊ ကျုပ်ကြောက်တယ်ဗျာ . . .”

“မကြောက်ပါနဲ့ကွာ၊ ငါတစ်ယောက်လုံးရှိပါတယ်၊ ငါလည်း အိပ်မောကျနေတာကွ၊ နောက်တော့ ငါ့လူတွေက ငါ့ကိုလာနှိုးလို့ ငါနိုးသွားတာ အလတ်ကောင်ရ၊ ငါသာမနိုးရင် မင်;အခုအချိန်လောက်ဆို အသက်ပျောက်နေလောက်ပြီ”

“ဒီကောင်တွေက ဘယ်ကကောင်တွေလဲ”

“မင်းကိုငါတစ်ခါပြောထားတဲ့ မမြင်အပ်တဲ့အကောင်တွေပေါ့ကွာ”

ကျုပ်လည်း တောက်ခေါက်လိုက်မိတယ်၊ သေချာတာကတော့ ဟိုကောင် စိုင်းရာဇာလက်ချက်ပဲနေမှာဗျ၊ ကျုပ်လုပ်တာကို မကျေနပ်လို့ ကျုပ်ကိုအသေသတ်ခိုင်းတာဖြစ်မှာ။

(၂)

မနက်နိုးတော့ ကျုပ်မထနိုင်ဘူးဗျာ၊ ထပြီးတော့တောင် မနက်စာမစားနိုင်လို့ မိသက်နဲ့ ဖိုးတွမ်တီးက ကျုပ်အတွက်မနက်စာပို့ပေးရတယ်၊ မိသက်က လင်ပန်းကလေးတစ်ခုထဲကို ထမင်းပန်းကန်နဲ့ ဟင်းခွက်တွေထည့်ပြီးတော့ ကျုပ်အနားလာထိုင်တယ်။

“တော်တော်နာနေလားကိုကြီး”

“အေး၊ နာတာပေါ့ဟ”

ဖိုးတွမ်တီးက ကျုပ်ကိုကြည့်ပြီးတော့

“ကိုကြီးကလည်း တော်တော်နုတာပဲဗျာ၊ ကြိမ်လုံးနဲ့ရိုက်တာလောက်ကို တော်တော်ဖြစ်နေတယ်”

“ဟေ့ကောင်ရ၊ ငါပြောလိုက်ရ . . .ဟင်း . . ဟင်း၊ မင်းမသိသေးပါဘူးကွာ”

အဲဒီအချိန်မှာပဲ ရင်မောင်က ခြံထဲကိုဝင်လာတယ်၊ ဦးဘသာကတော့ ဘယ်သွားသလဲမသိပါဘူးဗျာ၊ ရင်မောင်က ကျုပ်တို့တဲဆီကိုလျှောက်လာတယ်၊ သူနဲ့ကျုပ်နဲ့ စကားအေးအေးဆေးဆေးပြောချင်တာနဲ့ ကျုပ်က မိသက်ကို ပထုတ်လိုက်တယ်။

“သွားတော့မိသက်၊ ငါစားပြီးမှလာသိမ်း၊ ဒါနဲ့ အိမ်ကတိတ်ဆိတ်လှချည်လား”

“တိတ်ဆို မမနှင်းကြည်က ဆရာစိုင်းနဲ့ ဘုရားဖူးထွက်တယ်လေ၊ မမခင်ကြည်ကတော့ ဟိုဖက်အိမ်မှာ၊ အဖေကြီးအောင်ရှိန်နဲ့ ဦးဘသာနဲ့က လမ်းလျှောက်ထွက်ကြတယ်”

ကျန်တဲ့လူကိုစိတ်မဝင်စားပေမယ့် မနှင်းကြည်နဲ့ စိုင်းရာဇာအတူတွဲသွားတယ်ဆိုတာသိတော့ ကျုပ်လည်း ဒေါသထွက်သွားတာပေါ့။

“နေစမ်းပါအုံး၊ မနှင်းကြည်နဲ့ စိုင်းရာဇာက ဘယ်ကိုသွားကြတာလဲ”

“ဟိုးရွာအရှေ့ဘက် တောင်ကြောနားက လွမ်းစေတီကလေးကိုသွားဖူးကြတာ”

ရင်မောင်လည်း ဒေါသထွက်သွားပြီး မိသက်လက်ကိုလှမ်းဆွဲလိုက်တယ်။

“နှစ်ယောက်တည်းသွားတာလား”

မိသက်လည်း လန့်သားပုံရတယ်၊ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ခေါင်းခါပြီး

“နှစ်ယောက်တည်းတော့ မဟုတ်ဘူးထင်တယ်၊ ရွာက တစ်ခြားအဒေါ်ကြီးတွေလည်း ပါသွားကြတယ်”

ဒီတော့မှ ရင်မောင်က စိတ်လျော့ပြီးတော့ မိသက်လက်ကိုလွှတ်လိုက်တော့တယ်၊ မိသက်လည်း ကြောက်ကြောက်နဲ့တဲထဲကနေ ပြေးဆင်းသွားတာပေါ့ဗျာ၊ ဖိုးတွမ်တီးလည်းအနောက်ကနေ မအူမလည်နဲ့လိုက်သွားတာပေါ့။ သူတို့သွားပြီဆိုမှ ကျုပ်က ရင်မောင်ကိုကြည့်ရင်း

“ကိုရင်မောင်၊ ကျုပ်ညက ထူးဆန်းတာတစ်ခုဖြစ်သေးတယ်”

ရင်မောင်လည်း အံ့ဩသွားပြီးတော့

“ငါလည်း ထူးဆန်းတာတစ်ခုဖြစ်တယ်ကွ”

“ဒါဆိုခင်ဗျားအကြောင်းအရင်ပြောဗျာ”

“အေး၊ ငါညနေတုန်းက ဘုရားရှိခိုးပြီးတော့ ဘုရားစာတွေဘာတွေရွတ်ဖတ်နေတဲ့အချိန် ငါ့အာရုံထဲမှာ ဘိုးတော်ကြီးကြွလာတယ်ကွ၊ ပြီးတော့ ငါ့ကိုသတိပေးသွားတယ်၊ ငါလည်းတစ်ခုခုမကောင်းတာဖြစ်တော့မယ်မှန်းသိလိုက်တာနဲ့ ဘုရားစာတွေနာနာရွတ်ပြီး တစ်အိမ်လုံးတစ်ခြံလုံးကို ပဌာန်းနဲ့စည်းချပြီးအိပ်တာပေါ့ကွာ၊ အဲဒါနဲ့ ငါအိပ်နေတုန်း ညသန်းခေါင်လောက်မရှိတရှိမှာ ငါ့အိမ်ရှေ့မှာ တောက်ခေါက်သံတွေနဲ့၊ ခြေသံတွေလည်း တဘုတ်ဘုတ်နဲ့ကြားနေရတယ်၊ ဒါနဲ့ငါလည်း ထပြီးနားစွင့်နေတာပေါ့ကွာ၊ နောက်တော့ ခြံပြင်ကနေ ငါ့နာမည်ကိုခေါ်တယ်ကွ၊ ငါကလည်းသိတာပေါ့၊ အချိန်မတော် အချိန်တော်မှာ နာမည်ခေါ်ရင် မထူးရဘူးဆိုတာ သိတာနဲ့ ဒီအတိုင်းငြိမ်နေလိုက်ပြီးတော့ ထရံကြားကနေထချောင်းကြည့်တာပေါ့”

“အဲဒီတော့ဘာတွေ့လဲဗျ”

“သရဲကြီးသုံးကောင်ကွာ၊ နည်းတဲ့ကောင်ကြီးတွေမဟုတ်ဘူး၊ ငါသာ လွှတ်ခနဲနာမည်ထူးမိလိုက်ရင် ဒီကောင်တွေငါ့ကိုလုပ်တော့မှာကွ”

ကျုပ်လည်း သဘောပေါက်သွားပြီလေဗျာ။

“ဟုတ်တယ်၊ ကိုရင်မောင်၊ ဒါဆို ဒီသရဲကြီးတွေက ကိုရင်မောင်ကိုလုပ်လို့မရလို့ ကျုပ်ဆီကိုများလာတာလားမသိဘူးဗျာ”

ကျုပ်လည်းဖြစ်ပျက်ခဲ့သမျှကို ရင်မောင်ကိုပြောပြလိုက်တာပေါ့ဗျာ၊ ရင်မောင်လည်း အတော်အံ့ဩနေတာ၊ ဦးဘသာကြီးကိုလည်း နည်းနည်းတော့လေးစားသွားပုံရတယ်။

“ဒါဆိုမင်းကံကောင်းတာပေါ့ အလတ်ကောင်ရာ၊ နို့မဟုတ်ရင် မင်းသေမှာကွ၊ ဒါမင်းကို အသေလုပ်တာပဲ”

“တောက်၊ ဒါသေချာပေါက် ဟိုကောင် စိုင်းရာဇာလက်ချက်ပဲဖြစ်မှာဗျ”

“သိပ်သေချာတာပေါ့ကွာ၊ ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲကွ၊ ငါလည်း ဒီကောင့်ကိုထပ်ပြီးစမ်းသပ်ချင်သေးတာကွာ၊ အနားကပ်မရတာခက်တယ်”

“ကျုပ်လည်းဘာထူးလို့လဲ၊ ညက မိသက်တို့ပြောနေတာကျုပ်ကြားတယ်၊ ကျုပ်ကို သူတည်းနေတဲ့ သူကြီးအိမ်ရိပ်တောင် မနင်းစေနဲ့တဲ့ဗျာ”

ကျုပ်တို့ပြောဆိုနေတုန်း မခင်ကြည်က ခေါင်းအုံးနှစ်လုံးပိုက်ပြီး ဖျာတစ်ချပ်နဲ့ထွက်လာတယ်ဗျ၊ ဦးအောင်ရှိန်တို့ခြံထဲက နေရာလွတ်မှာ ခေါင်းအုံးကိုလှမ်းဖို့လုပ်နေတာပေါ့၊ ကျုပ်လည်းစိတ်ထဲသိချင်လာတာနဲ့

“မခင်ကြည် အဲဒီခေါင်းအုံးတွေက ဘာလုပ်ဖို့လဲဗျ”

“ဒီခေါင်;အုံးက ဟိုနေ့က ဆရာစိုင်းငါတို့အိမ်ကိုရောက်တော့ အိပ်ချင်တယ်ဆိုလို့ ပြင်ထားပေးတဲ့ခေါင်းအုံးလေ၊ အခုနေပူလှန်းပြီးတော့ ပြန်သိမ်းမယ်၊ ခေါင်းအုံးစွပ်တွေချွတ်လျှော်မယ်”

ကျုပ်လည်း အကြံရသွားတာနဲ့ မနည်းထပြေးတာဗျို့၊ ရင်မောင်ကလည်း ကျုပ်ကိုတွဲထားတယ်၊ မခင်ကြည်က ခေါင်းအုံးစွပ်တွေကို ချွတ်ဖို့လုပ်နေတာပေါ့၊

“အမခင်ကြည်၊ ကျုပ်ကိုအဲဒီခေါင်းအုံးလေး ခဏပေးဗျာ”

မခင်ကြည်လက်ထဲက ခေါင်းအုံးကိုကျုပ်ဝင်ဆွဲလိုက်တယ်၊ ပြီးတော့ ခေါင်းအုံးစွပ်ကို သေချာကြည့်လိုက်တော့ ခေါင်းအုံးစွပ်မှာ ဆံပင်သုံးလေးပင် ကပ်နေတာကိုတွေ့လိုက်တယ်ဗျ၊ ကျုပ်ဖြင့်ဝမ်းသာလို့ ထခုန်မတတ်ပဲဗျာ၊ ရင်မောင်ကလည်း ရိပ်မိသွားပုံရတယ်ဗျ။

ကျုပ်တို့က အနီးမှာမရှာဘဲ အဝေးကဟာကို လိုက်ရှာနေမိကြတာကိုးဗျ၊ ဒီခေါင်းအုံးအသစ်တွေက စိုင်းရာဇာတစ်ယောက်တည်းအုံးခဲ့တာမဟုတ်လား၊ ဒီဆံပင်ကလည်း သူ့ဟာဖြစ်မှာပေါ့၊ ကျုပ်လည်း ဆံပင်တွေကိုယူခဲ့ပြီးတော့ စာရွက်တစ်ရွက်နဲ့ထုပ်ပိုးထားလိုက်တယ်၊ ကျုပ်တို့စောင့်နေရမှာကတော့ ဦးဘသာကိုပေါ့ဗျာ။

နေ့လည်မရောက်ခင်ဘဲ မနှင်းကြည်တစ်ယောက် တပြုံးပြုံးနဲ့ခြံထဲကိုဝင်လာတယ်ဗျ၊ ကျုပ်နဲ့ရင်မောင်လည်း မနှင်းကြည်ကို ဝိုင်းစိုက်ကြည့်နေတာပေါ့၊ ကျုပ်တို့ကြည့်နေတာမြင်တော့မှ မနှင်းကြည်လည်း မျက်နှာတည်သွားတာဗျ။

“နှင်းကြည်၊ ဘယ်ကပြန်လာတာလဲ”

ရင်မောင်က မျက်နှာထားတည်တည်နဲ့မေးလိုက်တယ်ဗျ။

“လွမ်းစေတီမှာ ဘုရားဖူးပြီးပြန်လာခဲ့တာ”

“ဘုရားဖူးတာ ပျော်စရာပါလို့လား”

မနှင်းကြည်က ရင်မောင်ကိုမျက်စောင်းထိုးကြည့်လိုက်ပြီး

“ဘုရားသွားဖူးတာ မပျော်ရတော့ဘူးလား၊ ပြီးတော့ ငါ့စိတ်နဲ့ငါ့ကိုယ်ပါ၊ ငါ့ဘာသာ ပျော်ချင်ပျော်မယ်၊ မပျော်ချင်မပျော်ဘူးပေါ့၊ နင်နဲ့ဘာဆိုင်လို့လဲရင်မောင်”

မနှင်းကြည်က စိတ်ဆိုးဆိုးနဲ့ပြန်ပြောတော့မှ ရင်မောင်လည်း တိတ်သွားတော့တယ်ဗျ၊ မနှင်းကြည်ကသာ ပျော်လာပေမယ့် ကျုပ်တို့နှစ်ယောက်ကတော့ မပျော်နိုင်ဘဲ ဒေါသတွေချည်း အလိပ်လိုက်ထွက်နေတော့တာ။

“ဒီကောင့်ကိုတော့ ငါကြည့်လို့ကိုမရတော့ဘူးကွာ”

ရင်မောင်က မကျေမချမ်းနဲ့ပြောတယ်ဗျ၊ ကျုပ်ကတော့ ပြုံးလိုက်ပြီး

“မပူပါနဲ့ကိုရင်မောင်ရာ၊ ကျုပ်တို့ဆီမှာ ဒီကောင့်ကိုနိုင်မယ့် နိုင်ကွက်တစ်ခုရှိနေပါပြီဗျ၊ ဟား၊ ဟား”

နေ့လည်ထမင်းစားချိန်အမီ ဦးအောင်ရှိန်နဲ့ ဦးဘသာတို့ပြန်လာကြတယ်၊ မခင်ကြည်က စားဖို့သောက်ဖို့ပြင်ဆင်ပေးတာပေါ့၊ ရင်မောင်လည်းရောက်နေတာဆိုတော့ အတူတူဝင်စားကြတာပေါ့ဗျာ၊ ကျုပ်တို့ထမင်းစားနေတုန်း မခင်ကြည်နဲ့ မနှင်းကြည်က ထမင်းချိုင့်ကလေးဆွဲပြီး မီးဖိုထဲကနေ ထွက်လာကြတယ်။

“ဟဲ့ နင်တို့ဘယ်သွားကြမလို့လဲ”

“အိုအဖေကလည်း ဆရာစိုင်းကို ဟင်းပို့သွားမလို့ပေါ့”

ဦးအောင်ရှိန်က မကျေနပ်တာတော့အမှန်ပဲ။

“အောင်မာ၊ ညည်းတို့တော်တော်တရားလွန်နေပြီနော်၊ ငါမပြောလိုက်ချင်ဘူး၊ ပြစမ်း နင်တို့ဘာတွေချက်သွားကြတာတုန်း”

မခင်ကြည်က ခေါင်းကုပ်တယ်ဗျ၊ ဦးအောင်ရှိန်က တောင်းတော့ ထမင်းချိုင့်ကိုပေးလိုက်ကြတယ်၊ အရင်ခေတ်က ထမင်းချိုင့်က စတီးချိုင့်မဟုတ်သေးဘူးဗျ၊ ကြွေရည်သုတ်ချိုင့်ကြီးတွေပေါ့၊ ဦးအောင်ရှိန်ချိုင့်ကိုဖွင့်လိုက်တော့ ကြက်သားကြော်၊ မန်ကျည်းသီးထောင်း၊ ပဲကြီးဟင်းရည်တွေ တွေ့လိုက်တာပေါ့၊ ဦးအောင်ရှိန်က ဒေါသထွက်သွားတယ်”

“အောင်မယ်၊ ငါတို့ကျတော့ ငါးခြောက်နဲ့ကျွေးပြီး၊ ဒီကောင့်ကိုကျတော့ ကြက်သားနဲ့တဲ့လား”

မခင်ကြည်က မျက်နှာကိုမဲ့လိုက်ပြီး

“အို၊ အဖေကလည်း အဖေပဲ မြင်သား၊ ကြားသား၊ ယုံမှားတဲ့အသား မစားဘူးဆို၊ အဖေမစားလို့ သမီးတို့က သူ့ကိုသွားပို့ပေးမလို့ပါ”

“ဟ၊ နင်တို့ချက်တာကို ငါမြင်လည်းမမြင်ဘူး၊ ကြားလည်းမကြားလိုက်ဘူး၊ ပြီးတော့ ဒီကြက်ကဟိုကောင်စားဖို့ဆိုပြီးနင်တို့သတ်တာဆိုတော့ ငါနဲ့မဆိုင်ဘူး၊ ငါစားမယ်”

ဦးအောင်ရှိန်ပြောတော့ မခင်ကြည်တို့ညီအမတွေ ဟတ်ကော့ကြီးဖြစ်သွားတာပေါ့ဗျာ၊ ဦးအောင်ရှိန်က ကြက်ကြော်ပေါင်တုံးကို ယူလိုက်ပြီးတော့ ကျန်တဲ့ကြက်သားတုံးတွေကိုလည်း ကျုပ်တို့ပန်းကန်ထဲကိုထည့်ပေးတယ်။

“စားကြကွာ၊ ငါ့အိမ်မှာနေရင် အိမ်ကြက်သားက စားရခဲတယ်ကွ”

ကျုပ်တို့လည်း မြိန်ရည်ရှက်ရေစားကြတာပေါ့ဗျာ။ ကျုပ်ကတော့ မနှင်းကြည်ထောင်းထားတဲ့ မန်ကျည်းသီးထောင်းကလေးစားပြီး ပဲကြီးဟင်းရည်ကလေးကို ရှူးခနဲမြည်အောင်လို့ သောက်ပြလိုက်သေးတာ၊ ပြီးတော့ မနှင်းကြည်မျက်နှာကိုကြည့်လိုက်ပြီး

“မန်ကျည်းသီးထောင်းလေးက သိပ်စားလို့ကောင်းတာပဲဗျာ”

မနှင်းကြည်က ကျုပ်ကိုမျက်စောင်းထိုးပြီးတော့ တစ်ဖက်ကိုလှည့်သွားတယ်၊ မခင်ကြည်ကလည်း ဦးအောင်ရှိန်ကိုမကျေနပ်ဘူး။

“အဖေတို့ သူများဖို့လုပ်ထားတာကို ယူစားတာ၊ တော်တော်မှ စားလို့ကောင်းရဲ့လား”

“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ နင်တို့ဟင်းပို့လည်း အလကားပဲ၊ နင်တို့အကောင်က ထမင်းတစ်ခါစားရင် ဟင်းခွက်တစ်ရာလောက်တောင် ပါတယ်လို့ မနေ့ကအလတ်ကောင်က ငါ့ကိုပြောပြပြီးပြီ”

ဦးအောင်ရှိန်ပြောလိုက်တော့ ညီအမနှစ်ယောက်စလုံးက ကျုပ်ကိုမျက်စောင်းထိုးကြည့်တာဗျ၊ ကျုပ်ဖြင့်မနေတတ်လို့ ထမင်းပဲကုန်းစားနေလိုက်တယ်။

“ဆရာစိုင်းက ဟင်းခွက်တွေများပေမယ့် သမီးတို့ချက်ပို့တဲ့ဟင်းကိုမှ ခံတွင်းတွေ့တယ်ဆိုလို့ အဖေရေ၊ ကဲ ညီမလေး၊ မီးဖိုချောင်ထဲသွားပြီး မန်ကျည်းသီးထောင်းလေးကျန်တာ သွားခပ်စမ်း၊ ဆရာစိုင်းကို တခြားဟင်းမပို့ရင်တောင် နင်ထောင်းထားတဲ့ မန်ကျည်းသီးထောင်းလေး ပို့ရမယ်ဟဲ့”

မနှင်းကြည်က မီးဖိုထဲဝင်သွားပြီးတော့ မကြာခင် ပန်းကန်လုံးကလေးတစ်ခုကိုင်ပြီးပြန်ထွက်လာတယ်၊ နောက်တော့ ညီအမနှစ်ယောက် ထီးဖွင့်ဆောင်းပြီး ခြံထဲကနေခပ်သုတ်သုတ်ထွက်သွားကြတာပဲဗျာ၊ ဦးအောင်ရှိန်ကတော့ သူ့သမီးနှစ်ယောက်ကိုကြည့်ပြီး သက်ပြင်းချတယ်။

“ဒီဟာမတွေတော့ ပြောရဆိုရသိပ်ခက်ပါလား”

ဦးဘသာကရယ်လိုက်ပြီးတော့

“သူတို့အပြစ်မဟုတ်ပါဘူးကွာ၊ အဲဒီဆရာစိုင်းကလည်း ရုပ်ကလည်းဖြောင့်၊ လူရည်လည်းသန့်တာကိုး”

“ဟုတ်ပါ့ ဘသာရာ၊ တော်သေးတာက အိမ်ကမိန်းမလည်း ထီးချိုင့်ဘက်ဆင်းပြီး ပိုးထည်သွားကောက်နေလို့၊ တော်ကြာအိမ်မှာသာရှိရင် သူလည်းတစ်ဖွဲ့တည်းဖြစ်သွားမယ်ထင်တာပဲ”

ဦးအောင်ရှိန်ကပြောလိုက်ပြီးတော့ ခွက်ထိုးခွက်လန်ရယ်မောနေပေမယ့် ကျုပ်နဲ့ ရင်မောင်ကတော့ ရင်ထဲအပူလုံးကိုယ်စီနဲ့ မရယ်နိုင်ပါဘူးဗျာ။ ထမင်;စားပြီးတော့ ကျုပ်တို့လည်း ဦးဘသာကို လက်ကုပ်ခေါ်ပြီး တဲဆီကိုကူးခဲ့တာပေါ့ဗျာ၊ ဦးအောင်ရှိန်ကတော့ တစ်ရေးတစ်မောအိပ်မယ်ဆိုပြီး အိမ်ပေါ်တက်သွားလေရဲ့။

(၃)

“ကျုပ်တို့တစ်ခုရထားပြီဗျ”

ဦးဘသာကို ကျုပ်က စာရွက်ကလေးဖြေပြလိုက်တော့ ဦးဘသာက ဆံပင်လေးတွေကို ကောက်ကိုင်ကြည့တယ်၊ နောက်ပြီးတော့ ရင်မောင်ကိုလည်း မယုံသလိုလိုနဲ့တစ်ချက်ကြည့်နေတယ်၊

“သူက ယုံရပါတယ်ဦးဘသာရာ၊ အခု ဒီစိုင်းရာဇာဆိုတဲ့ကောင်ကို မျက်နှာဖုံးချွတ်မယ့်နေရာမှာ သူလည်းပါမှာဗျ”

“ထားလိုက်ပါ၊ အချိန်တော့ အချိန်ကောင်းမဟုတ်သေးဘူးကွ၊ ငါညနေကျမှ လုပ်ပေးမယ်”

“ဗျာ၊ အခုလုပ်လို့မရဘူးလား”

“မနက်ပိုင်းဆိုတာ ပညာတက်တဲ့အချိန်ကွ၊ မွန်းလွဲ ညနေဆိုတာ ပညာနည်းနည်းကျတဲ့အချိန်၊ ပညာတတ်တဲ့အချိန်မှာစမ်းသပ်ရင် မမှန်တာများတယ်၊ ငါတို့စစ်ဆေးတဲ့အခါမှာ သူ့ပညာစက်တွေက လာပြီးပိတ်နေတတ်တယ်ကွ၊ ဒါကြောင့်မို့ ညနေပိုင်းမှ ငါစမ်းကြည့်မယ်”

“ဒါဆိုလည်;ပြီးတာပါပဲဗျာ၊ ဒါနဲ့ ဦးဘသာရဲ့ပညာနဲ့လုပ်ထားတဲ့ ပရုပ်ဆီဘူးလေးပေးပါအုံး”

ဦးဘသာက ပရုတ်ဆီဘူးလေးပေးတယ်ဗျ၊ ကျုပ်လည်း ရင်မောင်ကိုအကူအညီတောင်းပြီး ပရုပ်ဆီလူးခိုင်းတာပေါ့။

“ဒီပရုပ်ဆီက ဦးဘသာရဲ့ ပညာတွေထည့်ပြီးလုပ်ထားတာမို့လို့ လိမ်းလိုက်တာနဲ့ နာတာပျောက်တယ် ကိုရင်မောင်၊ အဲဒါလက်တွေ့ပဲ”

ရင်မောင်က ပရုပ်ဆီလူးနေရင်း ဘူးကိုသေချာကြည့်နေတယ်ဗျ၊ ပြီးတော့ မယုံသလိုလိုနဲ့

“ဟုတ်ပါ့မလား အလတ်ကောင်ရ၊ ငါကြည့်ရသလောက်ကတော့ ရိုးရိုးပါပဲကွ၊ တော်ရုံစုန်းပညာလောက်ဆိုရင် ငါကိုင်ကြည့်ပြီး အာရုံခံလိုက်ရင် တန်းမိတာပဲ”

ကျုပ်လည်း ရယ်မောလိုက်ပြီး

“ဟား၊ ဟား ဒီနေရာမှာတော့ ကိုရင်မောင် တစ်ပန်းရှုံးသွားပြီဗျ၊ ဦးဘသာက သူ့ရဲ့ပညာတွေကို ငုပ်ထားလို့ ခင်ဗျားစမ်းမမိတာနေမှာ”

ရင်မောင်က ဦးဘသာကိုကြည့်တယ်၊ ဦးဘသာက ကွမ်းယာနေရင်း

“အဲဒါကို စိတ်ကုကုတယ်လို့ခေါ်တယ်ကွ”

ကျုပ်လည်းအံ့ဩသွားတာပေါ့၊ ဦးဘသာက လက်ထဲက ကွမ်းရွက်ကို ထုံးသုတ်နေရင်း

“တကယ်တော့ ဒီပရုပ်ဆီကို ငါဘာမှမလုပ်ထားဘူး၊ ဒီကောင်က ငါပညာတွေထည့်ထားတဲ့ ပရုပ်ဆီကိုလိမ်းလိုက်ရင် ချက်ချင်းကောင်;သွားမှာလို့ သူ့စိတ်ထဲကထင်နေတာ၊ ဒါကြောင့်ငါလည်း သူ့ကိုတမင်ဟန်ဆောင်ပြလိုက်တာ”

“ဗျာ . . . ဒါ . .ဒါဆို”

“တကယ်လည်းအဲဒီအတိုင်းပဲလေ၊ ငါပေးလိုက်တဲ့ ပရုပ်ဆီက ရိုးရိုးပရုပ်ဆီဆိုပေမယ့် သူ့စိတ်က ငါပညာနဲ့လုပ်ထားတယ်လို့ထင်ပြီး အနာသက်သာသွားတာပဲမဟုတ်လား၊ အဲဒါကိုတော့ စိတ်ကု ကုတယ်လို့ခေါ်တယ်၊ တစ်ခါတစ်လေကျ လူနာတစ်ယောက်က နာမည်အလွန်ကြီးပြီး ကုတိုင်းပျောက်တယ်ဆိုတဲ့ သမားတော်ကြီးနဲ့ တွေ့တဲ့အခါ သူလည်;ပျောက်မှာဘဲလို့ထင်ပြီးတော့ ရောဂါတစ်ဝက်သက်သာသွားတယ်ဆိုတာမျိုးပေါ့”

ကျုပ်ဖြင့် အံ့အားတွေသင့်နေတာဗျာ၊ ရင်မောင်ကလည်းခေါင်းညိတ်ပြီး

“ဒါလည်းဖြစ်နိုင်ပါတယ်ဆရာကြီး၊ စိတ်သာရှင်စော ဘုရားဟောလို့ စာဆိုတောင်ရှိတာပဲမဟုတ်လား၊ တကယ်တော့ ရောဂါဝေဒနာခံစားရတာက ရောဂါကြောင့်လည်းပါတယ်ဆိုပေမယ့် စိတ်နဲ့လည်းအများကြီးဆိုင်တယ်၊ အရင်ကဆို ဆရာကြီးဦးအောင်ရှိန်ဆို ခဏခဏကြုံဖူးတယ်”

“ဘယ်လိုကြုံဖူးတာလဲဗျ”

ကျုပ်ကလည်းသိချင်သွားတာကိုး၊ ရင်မောင်ကဆက်ဖြေတယ်။

“ဒီလိုအလတ်ကောင်ရ၊ တစ်ချို့လူနာကျတော့ ပယောဂမရှိဘဲနဲ့ ပယောဂရှိနေတယ်လို့ထင်နေကြတယ်၊ စုန်းတိုက်မခံရဘဲနဲ့ စုန်းတိုက်ရှိနေတယ်လို့ထင်ကြတယ်၊ ဒီလိုလူနာမျိုးကျတော့ မကုပေးလို့ကလည်းမရဘူးမဟုတ်လား၊ ဒါနဲ့ပဲ ဆရာကြီးက ငါ့ကို တာဝန်ပေးတယ်၊ ငါလည်း ငါတို့ကုနေကျ အတိုင်း မန်းမှုတ်ပြီးကုသပေးလိုက်တာပေါ့၊ ဒီတော့ လူနာက ပယောဂမရှိပေမယ့်လည်း ငါတို့ကုပေးလိုက်လို့ ပယောဂထွက်သွားပြီဆိုပြီးတော့ ချက်ချင်းကို ကောက်ထိုင်တာပဲ၊ ဒါလည်း ခုနက ဆရာကြီးပြောတဲ့ စိတ်နဲ့ကုတဲ့နည်းဖြစ်မှာပဲ”

စကားပြောပြီးတော့ ဦးဘသာလည်း တစ်ရေးတစ်မောအိပ်တယ်၊ ကျုပ်လည်း တစ်ရေးတမောအိပ်ပေါ့၊ ရင်မောင်ကတော့ အိမ်ပြန်သွားတယ်၊ ညနေခြောက်နာရီတိတိ ကျုပ်တို့တဲထဲမှာတွေ့မယ်ဆိုပြီး ချိန်းလိုက်တာပေါ့ဗျာ။

(၄)

ညနေခြောက်နာရီထိုးတော့ ရင်မောင်ရောက်လာတယ်၊ ကျုပ်တို့လည်း လမ်းလျှောက်ထွက်မယ်ဆိုပြီး အိမ်ကနေထွက်လာတာပေါ့၊ ဦးဘသာက ရွာပြင်ကိုဦးတည်ပြီးတော့ သွားနေတယ်ဗျ။

“ဦးဘသာ အိမ်မှာမလုပ်ဘဲ ဘာလို့ရွာပြင်ကိုလာတာလဲ”

“အိမ်မှာမလုပ်ချင်ဘူးကွ၊ တို့လုပ်တာ လူသိမှာလည်းပါတယ်၊ နောက်ပြီး အိမ်ကိုလည်းထိခိုက်နိုင်လို့ကွ”

ရွာပြင်ရောက်တော့ ဇရပ်ပျက်အနားကိုသွားကြတယ်၊ ဇရပ်ပျက်တွေအနားမှာ ချုံတွေရှိပြီး လူသူလည်းတော်ရုံမလာကြဘူးမဟုတ်လား၊ ဇရပ်ပျက်ဘေးနားမှာတော့ ယာခင်;တွေပဲရှိတာပေါ့ဗျာ၊ ဦးဘသာက ဇရပ်ကြမ်းပြင်မှာ ထိုင်ချလိုက်ပြီးတော့ လက်နှစ်ဘက်ကို ဒူးပေါ်တင်လိုက်တယ်၊ ပြီးတော့ လက်ညှိုးနဲ့လက်မကို အဝိုင်းလေးပုံစံလုပ်ပြီးတော့ ကျန်တဲ့လက်သုံးချောင်းကိုတော့ ထောင်ထားတာပေါ့ဗျာ၊ အဲဒီလက်ညှိုးနဲ့ လက်မကြားမှာ ဆံပင်လေးတစ်ချောင်းကို ကိုင်ထားတယ်။ ခင်ဗျားတို့ မြင်သာအောင်ပြောရရင် အိုကေဆိုတဲ့ ပုံစံမျိုးလက်ကိုလုပ်ထားတာပေါ့၊ ဟိုဘက်လက်ကိုလည်း ဒီအတိုင်းပဲလုပ်ထားတာ။

“နှစ်ပင်ရှိတော့ ပိုကောင်းတာပေါ့ကွာ၊ ငါအာရုံခံကြည့်မယ်၊ မင်းတို့ငါ့ကိုမထိနဲ့၊ မကိုင်နဲ့၊ ဘာပဲဖြစ်ဖြစ် ငါ့ကိုမနှောင့်ယှက်နဲ့၊ ဟုတ်ပြီလား”

ကျုပ်တို့လည်းခေါင်းညိတ်လိုက်တယ်၊ ဦးဘသာက ဆံပင်လေးတွေကိုကြည့်ပြီးတော့ ပွစိပွစိနဲ့ရွတ်နေတယ်၊ နောက်တော့ ဘယ်ဘက်လက်ကကိုင်ထားတဲ့ဆံပင်နဲ့ ညာဘက်လက်က ကိုင်ထားတဲ့ဆံပင်ကို အချင်းချင်းထိလိုက်တယ်ဗျ၊ ပြီးတော့မှ မျက်လုံးကိုမှိတ်ချလိုက်တာ။

ခြောက်နာရီကျော်ပြီဆိုတော့ အတော်မှောင်နေပြီပေါ့ဗျာ၊ ဘေးနားမှာလည်း လူမရှိတဲ့ယာခင်းတွေချည်းပဲပေါ့၊ ခြင်တွေကလည်း တဝီဝီနဲ့ရယ်ဗျ၊ ဦးဘသာထိုင်နေရင်း ငါးမိနစ်လောက်ကြာတော့ ချုံတွေက တရှဲရှဲနဲ့လှုပ်လာတာဗျ။ ချုံတစ်ခုတည်း လှုပ်တာမဟုတ်ဘဲနဲ့ ဇရပ်ပျက်ရဲ့ ဘေးပတ်ပတ်လည်ပေါက်နေတဲ့ ချုံတွေအားလုံးက သွက်သွက်လန်အောင်လှုပ်နေကြတာ၊ မသိရင် ချုံပုတ်ရဲ့အောက်ခြေကိုကိုင်ပြီး လှုပ်နေတဲ့အတိုင်းပဲဗျာ။

ကျုပ်လည်;ကြောက်တာပေါ့ဗျာ၊ အကာအကွယ်ဖြစ်အောင်ဆိုပြီးတော့ ဇရပ်ပျက်နားမှာကျနေတဲ့ သစ်သားချောင်းတစ်ချောင်းကောက်ပြီး ကျစ်ကျစ်ပါအောင်ကိုင်ထားလိုက်တယ်။ ရင်မောင်ကတော့သိပ်ကြောက်ပုံမရဘူး၊ ချုံတွေကိုစိုက်ကြည့်ရင်း ဘုရားစာတွေ၊ ဂါထာတွေ ရွတ်နေတာပေါ့ဗျာ၊ ငါးမိနစ်လောက်ကြာတော့မှ လှုပ်နေတာရပ်သွားတယ်ဗျ၊ ရင်မောင်နဖူးမှာဆိုရင် ချွေးတွေရွှဲနေတာပေါ့။

“အနှောင့်တွေတော့ ရှိတယ်ကွ”

ရင်မောင်က နဖူးကချွေးတွေကို အကျီလက်နဲ့သုတ်ရင်းပြောတယ်၊ ကျုပ်လည်း သတိကြီးကြီးထားနေရတာပေါ့ဗျာ။ မကြာပါဘူးဗျာ၊ ဇရပ်ပေါ်မှာထိုင်နေတဲ့ ဦးဘသာကြီးက တဆတ်ဆတ်တုန်လာတယ်ဗျ၊ ကျုပ်လည်း သူ့ကိုဘာဖြစ်သလဲဆိုပြီး သွားကိုင်မလို့ဘဲ ဒါပေမယ့် ရင်မောင်က ကျုပ်ကိုတားတယ်။

“ငါတို့ကို မထိနဲ့ မကိုင်နဲ့လို့ပြောသွားတယ်မဟုတ်လားကွ”

ဒါနဲ့ ကျုပ်တို့နှစ်ယောက် ဦးဘသာကြီးဘေးနားမှာ ရပ်ကြည့်နေတာပေါ့ဗျာ။ ဦးဘသာက တဆတ်ဆတ်တုန်ရင်းကနေ တဖြည်းဖြည်းပက်လက်လန်လဲတော့မလို လန်ကျသွားတာဗျ၊ ဒါပေမယ့် လဲတော့မလဲဘူး၊ ထိုင်လျှက်သားနဲ့ လေပေါ်မှာစောင်းစောင်းကြီးဖြစ်နေတာ၊ နောက်တော့ အရှေ့ကိုငိုက်စိုက်ကျသွားပြန်တယ်၊ သူ့နဖူးနဲ့ ကြမ်းပြင်နဲ့က ထိတော့မလိုဖြစ်နေပြီဗျ၊ ပြီးတော့ ပြန်ထောင်တက်လာပြန်ရော။

ခဏကြာတော့ သူ့ကိုယ်လုံးကြီးက ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်နဲ့ ယိမ်းထိုးနေတာပေါ့ဗျာ၊ ဒီလိုဖြစ်နေတာ ဆယ်မိနစ်လောက်ရှိတော့မှ ဦးသဘာကြီးက နဂိုအတိုင်;ပြန်ဖြစ်သွားတယ်၊ သူ့နဖူးပြောင်ပြောင်ကြီးမှာလည်း ချွေးတွေစို့လို့ဗျ။

“ဝုန်း . . . ဂလုန်း”

ဇရပ်ပျက်ရဲ့ခေါင်မိုးပေါ်ကို တစ်ခုခုကခုန်ချလိုက်တဲ့ပုံပဲဗျ၊ ဇရပ်ပျက်ရဲ့ခေါင်မိုးက သစ်သားချပ်တွေကို မိုးထားတာဆိုတော့ အသံတော်တော်ကျယ်ကျယ်မြည်နေတာပေါ့ဗျာ၊ ပြီးတော့ ခေါင်မိုးပေါ်မှာ လူပြေးနေသလိုမျိုး တဒုန်းဒုန်းနဲ့ ပြေးနေပြန်ရော။

ကျုပ်နဲ့ရင်မောင်နဲ့ ခေါင်မိုးပေါ်ကို လိုက်ကြည့်နေမိတယ်၊ ဇရပ်ပျက်ခေါင်မိုးကနေ ပင့်ကူအိမ်တွေ၊ ဖုန်မှုန့်တွေကျလာတာ မနည်းဘူးဗျာ၊ ကျုပ်လည်း ခေါင်မိုးပေါ်ကိုမော့ကြည့်နေရင်းကမှ အောက်ကိုပြန်ကြည့်လိုက်တယ်ဗျ၊ ဒီအခါ ကျုပ်အရှေ့မှာ မြွေဟောက်ကြီးတစ်ကောင် ပါးပျဉ်းထောင်နေတာဗျာ၊ မြေကြီးက အကြီးကြီးပဲဗျ၊ သူခွေနေတဲ့ကိုယ်လုံးက အပုံလိုက်ကြီး၊ ပါးပျဉ်းကြီးကလည်း ခွက်လို့၊ ကျုပ်ကိုပေါက်တော့မယ်ဆိုပြီး တကဲကဲလုပ်နေတာပေါ့။

ကျုပ်လည်းဘာရမလဲဗျာ၊ ကျုပ်လက်ထဲမှာ ကိုင်ထားတာကလည်း သစ်သားချောင်းမဟုတ်လားဗျ၊ ဒါနဲ့ပဲ မြွေကြီးကိုကျုပ်က လွှဲရိုက်ချထည့်လိုက်ပါရော။

“ခွပ် . . .”

“အား . . .”

ဒါပေမယ့် မြွေကိုတုတ်ကမထိခင်မှာ ရင်မောင်က ကျုပ်တုတ်ကိုလက်နဲ့ဝင်တားတော့ ရင်မောင်ရဲ့လက်ဖျံကိုတုတ်နဲ့ရိုက်မိသွားတာပေါ့ဗျာ၊ ရင်မောင်လည်း တော်တော်နာသွားပုံရတယ်ဗျ၊ ကျုပ်လည်းရင်မောင်ကိုကြည့်နေတုန်း သူက ကျုပ်ကိုခုန်အုပ်ပါရောဗျာ။ ကျုပ်လည်း အတင်းရုန်းတာပေါ့။

“ကိုရင်မောင်၊ ကျုပ်ကိုမဆွဲနဲ့၊ အဲဒီမြွေကို ကျုပ်ရိုက်သတ်မယ်”

ရင်မောင်က ကျုပ်အဝတ်အစားတွေကိုဆွဲထားတယ်ဗျ၊

“အလတ်ကောင်၊ အဲဒါမြွေမဟုတ်ဘူးကွ”

သူက အတန်တန်ပြောတော့မှ ကျုပ်လည်းသေသေချာချာကြည့်လိုက်တာပေါ့ဗျာ၊ ဒီတော့မှ ဘယ်ဟုတ်မလဲ၊ ကျုပ်ရိုက်မယ်ဆိုပြီး လုပ်နေတဲ့မြွေနေရာမှာ ဦးဘသာကြီးက ထိုင်လို့ဗျ။ ကျုပ်လည်း တော်တော်လန့်သွားပြီးတော့ လက်ထဲကတုတ်ကို လွှင့်ပစ်ချလိုက်ရတယ်။

“ဘယ် . . . ဘယ်လိုဖြစ်တာလဲ ကိုရင်မောင်ရာ”

ရင်မောင်က သူ့လက်ဖျံကိုလက်နဲ့ဖိအုပ်ကိုင်ရင်း

“အနှောင့်ဆိုတာ အဲဒီလိုပဲကွ၊ အမျိုးမျိုး အနှောင့်အယှက်လုပ်တတ်တယ်၊ အား . . . လက်ကျိုးပြီလားမသိပါဘူးကွာ၊ နာလိုက်တာ”

ကျုပ်လည်း ရင်မောင်ကို အတော်အားနာမိသွားတယ်ဗျ၊ ကျုပ်တို့ပြောနေတုန်းမှာပဲ ဇရပ်ပျက်ခေါင်းရင်းနားက ဥသျှစ်ပင်ကနေ ဘုတ်ခနဲအကောင်ကြီးတစ်ကောင်ပြုတ်ကျလာတာဗျ၊ ဦးဘသာက မျက်လုံးဖွင့်လိုက်ပြီးတော့ အဲဒီအကောင်ကြီးကိုလက်ညှိုးထိုးလိုက်တယ်။

“မင်းမလှုပ်နဲ့”

အဲဒီအကောင်ကြီးက ငြိမ်ကျသွားတယ်ဗျ။

“မင်းဘယ်သူလဲ”

အဲဒီအကောင်ကြီးက ကုန်းထတယ်ဗျ၊ မတ်တပ်လည်းရပ်လိုက်ရော လူကြီးတစ်ယောက်ဖြစ်သွားပါရော၊ အသားညိုညို အရပ်ပုပုနဲ့ အသက်ကြီးကြီးလူကြီးတစ်ယောက်ပါ၊ အပေါ်ပိုင်းအဝတ်အစားတော့မပါဘူး၊ အောက်မှတော့ ဒူးလောက်ပုဆိုးတိုတိုကလေးဝတ်ထားတယ်ဗျ။

“ကျုပ် . . . ကျုပ်က ဒီသစ်ပင်မှာနေတဲ့လူပါ”

“မင်းမနေ့ညက ငါတို့တည်းတဲ့အိမ်ကိုလာခဲ့တဲ့တစ်ကောင်မဟုတ်လား”

ဦးဘသာမေးတော့ အဲဒီလူကြီးက ခေါင်းညိတ်တယ်၊ ကျုပ်နဲ့ ရင်မောင်နဲ့ အတော်အံ့ဩသွားမိတာပေါ့ဗျာ။

“ပြောစမ်း၊ မင်းဘာလို့ ဒီလိုလုပ်ရတာလဲ၊ မင်းနဲ့ငါတို့နဲ့ ဘာရန်ငြိုးရှိလို့လဲ”

“ဘာရန်ငြိုးမှတော့ မရှိပါဘူး၊ ကျုပ်ကိုလည်း အဘကခိုင်းလို့ လုပ်ရတာပါ”

“ဘယ်က အဘလဲ”

အဲဒီလူကြီးက မပြောချင်သလိုလိုနဲ့ မျက်နှာကိုလွှဲလိုက်တယ်ဗျ၊ ဦးဘသာက

“အောင်မာ၊ မင်းမပြောချင်ဘူးလား၊ မင်းမပြောဘူးဆိုရင် ငါ့အဆိုးမဆိုနဲ့နော်”

“ခင်ဗျားကျုပ်ကိုလုပ်ချင်တာလုပ်ပါ၊ ကျုပ်ခံမယ်၊ ဒါပေမယ့် ကျုပ်မပြောနိုင်ဘူး”

ဦးဘသာက လက်ညှိုးကိုသုံးချက်လောက်ဝှေ့ယမ်းလိုက်တော့ အဲဒီလူကြီးက လေပေါ်ကိုမြောက်တက်သွားပြီး ဘောလုံးတစ်လုံးလိုအလုံးကြီးဖြစ်ပြီးတော့ လည်နေတာဗျ၊ ဦးဘသာကလည်; လက်ကိုခပ်မြန်မြန်လှည့်လေလေ၊ ဟိုလူကြီးကလည်း လိမ့်နေအောင်လည်တာဗျ”

ခဏကြာတော့မှ ဦးဘသာကလက်ညှိုးကိုရပ်လိုက်တယ်၊ အဲဒီလူကြီးလည်း တော်တော်ခံလိုက်ရတယ်ထင်ပါတယ်။

“ပြောမလား၊ မပြောဘူးလား”

“မပြောဘူး၊ ခင်ဗျားကြိုက်တာသာလုပ်”

ဦးဘသာက လက်ညှိုးကိုလေပေါ်မှာ ဟိုဘက်ဒီဘက်ယမ်းတော့ အဲဒီလူကြီးလည်း ဦးဘသာကြီးယမ်းတဲ့အတိုင်း တွဲလောင်းကြီးသွားနေရတာပါပဲ၊ နောက်တော့ ဦးဘသာက မြေကြီးကိုလက်ညှိုးထိုးလိုက်တော့ မြေကြီးပေါ်ကို ဘုတ်ခနဲကျတယ်၊ ဥသျှစ်ပင်ကြီးကို လက်ညှိုးထိုးတော့ အဲဒီလူကြီးလည်း ဥသျှစ်ပင်ကြီးနဲ့ ပြေးရိုက်တာပေါ့ဗျာ၊ တဘုတ်ဘုတ်၊ တအင့်အင့်နဲ့ပေါ့၊ ကျုပ်ဖြင့်ကြည့်ရင်း အဲဒီလူကြီးကိုတောင် သနားလာမိတယ်ဗျာ။

“ဦး . . . ဦးဘသာရာ၊ တော်ပါတော့ဗျာ”

ဦးဘသာက ကျုပ်ကိုလှည့်ကြည့်ရင်;

“ဟေ့အလတ်ကောင်ရ၊ ဒါမင်းကို သတ်ဖို့တောင်လုပ်ခဲ့တဲ့လူကွ”

“သတ်ဖို့လုပ်လည်း သတ်ဖြစ်တာမှမဟုတ်တာဗျာ၊ ထားလိုက်ပါတော့”

ဦးဘသာက အဲဒီလူကြီးကိုကြည့်ပြီး

“ကဲပြောစမ်း၊ ဒီတစ်ခါမပြောရင်တော့ မင်းကိုငရဲမီးတောက်နဲ့ တိုက်စားပစ်မယ်၊ မင်းပြောတဲ့ အဘဆိုတာ ဘယ်သူလဲ”

အဲဒီလူကြီးက တင်းခံနေဆဲပဲဗျ၊ ဒါနဲ့ ဦးဘသာက မြေပြင်ကိုလက်ညှိုးတစ်ချက်ထိုးပြီး

“ငရဲမီးပေါက် တောက်စေဟဲ့”

မြေပြင်မှာ ကျပ်ပြားစေ့လောက်အဝိုင်းကလေးပေါက်လာတယ်ဗျ။ ပြီးတော့ အဲဒီအဝိုင်းထဲကနေ မီးတောက်ကလေးတွေထွက်လာတယ်၊ ကျပ်ပြားလောက်အဝိုင်းကလေးကနေပြီး လက်သီးဆုပ်လောက်ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပုဆိုးတစ်ကွင်းစာလောက်ဖြစ်သွားတယ်ဗျာ၊ မီးတောက်ကတော့ သိပ်မတောက်ပေမယ့် ပူလိုက်တာ မနေနိုင်ဘူးဗျာ။

“ပြောစမ်း၊ မပြောရင် မင်းကိုဒီအထဲကိုပစ်ချမယ်”

အဲဒီလူကြီးက ဦးဘသာကိုတစ်ချက်ကြည့်လိုက်ပြီးတော့ သူ့ပါးစပ်ကိုလှုပ်ရင်း တစ်ခုခုကိုပြောဖို့စဉ်;စားနေပုံရတယ်၊ ပြီးတော့ မပြောတော့ဘဲ ငရဲမီးတောက်တွေကိုကြည့်ပြီးတော့ တစ်ခါတည်းခုန်ချသွားတာပဲဗျာ၊ ဦးဘသာလဲ တော်တော်လန့်သွားတာ၊ ငရဲမီးတောက်တွေကို အမြန်ရုတ်သိမ်းလိုက်တာတောင်မှ အဲဒီလူကြီးကို ငရဲမီးတစ်ချို့ထိပြီးတော့ မီးတွေလောင်နေရင်း ဥသျှစ်ပင်ကြီးပေါ်ကို ပြေးတက်သွားတာပဲဗျာ၊ ဦးဘသာလည်း သက်ပြင်းချတယ်ဗျ။

“ဘာလို့ဒီလောက်မေးရခက်တာလဲ ဦးဘသာ”

ကျုပ်မေးလိုက်တော့ ဦးဘသာက မတ်တပ်ရပ်ပြီး ပုဆိုးပြင်ဝတ်တယ်။

“ငါ့အထင်တော့ သူတို့တော်တော်ကြောက်ရတဲ့လူဖြစ်မယ်ကွ၊ မပြောရင် သေမယ်ဆိုတာတောင်မှ မီးထဲကိုခုန်ချပြီး အသေခံပစ်ချင်တာမဟုတ်လား”

“ဒါနဲ့ ဦးဘသာစစ်ဆေးလိုက်တော့ ဘာတွေ့လဲ”

“တော်တော်တန်ခိုးရှိတဲ့အရာတစ်ခုကွ၊ အဲဒီအရာက စိုင်းရာဇာကို စောင့်ရှောက်နေတာ”

ကျုပ်လည်းတော်တော်သိချင်သွားတယ်

“တော်တော်တန်ခိုးရှိတာဆိုတော့ စုန်းလား၊ ကဝေလား”

ဦးဘသာက ခေါင်းခါတယ်။ ရင်မောင်လည်း မနေနိုင်တော့ဘဲဝင်မေးတယ်။

“ဒါဆိုရင်တော့ နတ်လား၊ ဒါမှမဟုတ် ဘီလူးလား”

ဦးဘသာက ခေါင်းခါပြန်တယ်ဗျ။

“ငါလည်း သေသေချာချာတော့မသိဘူး၊ ငါ့ပညာနဲ့ထိုးဖောက်ကြည့်တာတောင်မှ ဒီလူက ငါ့ကိုပြန်ပြီး ပိတ်ဆို့တိုက်ခိုက်တယ်ကွ၊ ဒါပေမယ့် ငါသေသေချာချာပြောနိုင်တာကတော့ စုန်းတို့၊ ကဝေတို့လို့ အော်က်လမ်းယုတ်ညံ့တဲ့လူတစ်ယောက်မဟုတ်ဘူး၊ ဒါကြောင်လည်း ရင်မောင်အောက်လမ်းစစ်တော့ သူဘာမှမဖြစ်တာပေါ့”

ဦးဘသာပြောတော့မှ ရင်မောင်လည်းခေါင်းညိတ်တယ်။

“ဒါဆိုရင် အထက်လမ်းကများလား၊ ဒါကြောင့် ကျုပ်စစ်ဆေးတော့ သူ့မှာဘာမှမဖြစ်တာ၊ ကျုပ်ရဲ့ဆေးတော်ကြီးနဲ့ အောက်လမ်းဖော်စမအစွမ်း ကျုပ်သိတယ်၊ ပယောဂမှန်ရင် တုန်ဆင်းလာရမှာဗျ”

“ဒီကောင်တကယ်ပဲ ဘာကောင်ပါလိမ့်”

ကျုပ်လည်းသက်ပြင်းချပြီးတော့ ရေရွတ်လိုက်မိတယ်ဗျ၊ ဦးဘသာက ကျုပ်ပုခုံးကိုပုတ်ပြီးတော့

“သူဘာကောင်ပဲဖြစ်ဖြစ် မကောင်းတာလုပ်နေတာမှမဟုတ်တာပဲကွာ၊ သူ့ပညာနဲ့ဗေဒင်ဟောစားတယ်၊ ပြီးတော့ တန်ရာတန်ကြေးယူတယ်၊ သူ့ပညာရပ်မှန်ကန်လို့ သူ့ကိုလူချစ်လူခင်များတယ်လေကွာ၊ နေစမ်းပါအုံး မင်းတို့ကဘာဖြစ်နေကြတာလဲ”

ဦးဘသာမေးတော့ ကျုပ်တို့နှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့ ဘာပြောရမှန်းမသိဘူးဖြစ်သွားတယ်၊ ရင်မောင်ကထပြီးတော့

“မကောင်းတာမလုပ်လဲ လူတွေကိုလှည့်ဖျားနေတာက မကောင်းတာပဲပေါ့၊ ပြီးတော့ ကျုပ်ကိုတောင် သတ်ဖို့လုပ်ခဲ့တာမဟုတ်လား”

“ဒါကတော့ လုပ်ငန်းတိုင်းမှာ အလုပ်သဘောဆိုတာရှိတာပဲ၊ ဗေဒင်ဆရာဆိုတာလည်း တကယ်တမ်းတော့ လူတွေရဲ့အရိပ်အခြည်ကိုကြည့်ပြီးလုပ်ကြရတာပဲ၊ နတ်ကတော်တွေဆိုလည်း နတ်ကခဏလောက်သာဝင်တာ ကျန်တာကတော့ သူတို့ရဲ့ပညာနဲ့ လှည့်စားကြရတာမဟုတ်လားကွ”

ရင်မောင်က မျက်မှောင်ကြီးကြုတ်ပြီးတော့

“ဘာပဲပြောပြောဗျာ၊ ကျုပ်ကတော့ ဒီကောင့်ကိုမကြည်ဘူး၊ ဒီကောင်ကြိမ်းသေပေါက် တစ်ခုခုတော့ ကြံစည်နေပုံရတယ်”

ကျုပ်လည်းထပြောတော့ ဦးဘသာကျုပ်ကိုကြည့်ပြီး

“ငါသိပါတယ်ကွာ၊ မင်းတို့နှစ်ယောက်က သူနဲ့နှင်းကြည်နဲ့ ရင်းနှီးနေတာကိုကြည့်မရဖြစ်နေတာမဟုတ်လား”

ဦးဘသာဘွင်းဘွင်းပြောတော့ ကျုပ်တို့နှစ်ယောက်လည်း ခေါင်;ကုပ်ပြီး စပ်ဖြဲဖြဲနဲ့ရယ်ပြလိုက်ကြတာပေါ့ဗျာ။ ဦးဘသာက ကျုပ်တို့ကိုလက်ညှိုးထိုးပြီး

“မင်းတို့ကွာ၊ တတ်လည်းတတ်နိုင်တဲ့ကောင်တွေ၊ ငါကတော့ အပြတ်ပြောလိုက်ပြီ၊ ဒီကိစ္စမှာ ငါဝင်မပါတော့ဘူး၊ ဘယ့်နှယ့် မိန်းကလေးတစ်ယောက်ကို ပိုးပန်းချင်တာများ မင်းတို့အရည်အချင်းနဲ့ရအောင်လုပ်ကြပေါ့ကွာ၊ အခုတော့ မင်းတို့ထက်သာတဲ့လူပေါ်လာတော့လည်း မင်းတို့က မနာလိုဖြစ်ပြီး လိုက်နှောင့်ချင်ကြသေးတယ်၊ ငါ့ကိုပြောစမ်းပါ၊ ဒီကောင်ရွာကနေထွက်သွားတော့ရော နှင်းကြည်က မင်းတို့ကိုပြန်ကြိုက်မှာတဲ့လား”

ဦးဘသာမေးခွန်းကို ကျုပ်တို့မဖြေနိုင်ပါဘူး၊ ဒါနဲ့နှစ်ယောက်သား ခေါင်းငိုက်စိုက်ကျသွားတယ်၊

“မင်းတို့မဟုတ်တာတွေ ထပ်မလုပ်နဲ့တော့၊ ငါလည်း သူများရွာမှာလာပြီး ပြဿနာတွေ မဖြစ်ချင်တော့ဘူး၊ ငါပြောချင်တာကတော့ သူ့မှာရှိတဲ့ပုဂ္ဂိုလ်က မကောင်းတဲ့ပုဂ္ဂိုလ်တော့မဟုတ်ဘူး၊ မင်းတို့ကိုလုပ်တယ်ဆိုတာကလည်း မင်းတို့နှစ်ယောက်က သူ့ကိုသွားလုပ်ကြတာကိုး၊ နောက်နေ့ကျရင် မင်းတို့သွားတောင်းပန်လိုက်ကြကွာ၊ အရှည်အရှည်တွေ မဖြစ်ချင်စမ်းပါနဲ့”

ဦးဘသာက ဇရပ်ပေါ်ကဆင်းသွားတော့ ကျုပ်တို့လည်း အနောက်ကနေ ကုပ်ချောင်းချောင်းနဲ့လိုက်ခဲ့တာပေါ့ဗျာ။

ဇရပ်ဘေးက ဥသျှစ်ပင်ကြီးကတော့ အပင်ကြီးတစ်ခြမ်းလုံး မီးကျွမ်းပြီး မီးသွေးခဲကြီးဖြစ်သွားတာပဲဗျာ၊ ကျုပ်တို့ဖြင့် အံ့ဩမိပါရဲ့၊ ဒီလိုနဲ့ဆက်လျှောက်လာရင်း ရွာအဝင်လမ်းတစ်နေရာအရောက်တော့ ရင်မောင်က ရပ်တန့်သွားတယ်ဗျ။

“သူပြောတာမှန်တယ်အလတ်ကောင်၊ ငါကအဖြစ်မှမရှိဘဲ”

ကျုပ်လည်းခေါင်းညိတ်လိုက်ပြီး

“ဟုတ်တာပေါ့ ကိုရင်မောင်ရာ၊ တကယ်ဆိုရင် ကျုပ်လည်း ကျုပ်အခြေအနေကို ကျုပ်သိသင့်တာ၊ ကျုပ်ကတစ်ရွာသား၊ နောက်ပြီးတော့ ဘာမှလည်းဖြစ်ဖြစ်မြောက်မြောက်ရှိတဲ့ကောင်မဟုတ်ဘူး”

ရင်မောင်က သက်ပြင်းအရှည်ကြီးချတယ်ဗျ၊ ပြီးတော့ သူ့မျက်လုံးမှာလည်း မျက်ရည်တွေစို့တက်လာတယ်၊ မျက်ရည်တွေကျချင်လာလို့လားတော့မသိဘူး ခေါင်းကိုမော့ပြီး မိုးပေါ်ကိုမော့ကြည့်သလိုလိုလုပ်တယ်။

“နှင်းကြည်နဲ့ငါနဲ့က အတူတူကျောင်းနေဖက်၊ အတူတူစားဖော်စားဖက်ဖြစ်ခဲ့ပေမယ့်လည်း ရေစက်မပါတော့လည်း ချစ်သူတွေမဖြစ်ကြတော့ဘူးပေါ့ကွာ၊ အင်း ဘာပဲပြောပြော၊ စိုင်းရာဇာလိုလူမျိုးနဲ့ အိမ်ထောင်ကျသွားတာလည်း တစ်ခုကောင်းတာပဲကွ”

ကျုပ်ဘာမှပြန်မပြောပေမယ့် ရင်မောင်က ကရားရေလွှတ်သလို တတွတ်တွတ်ပြောနေတယ်။

“ငါဆိုတဲ့ကောင်ကလည်း အဖြစ်ရှိတဲ့ကောင်မှမဟုတ်တာ၊ စိုင်းရာဇာနဲ့ညားသွားတော့လည်; ဆရာကတောဆိုတဲ့ဂုဏ်လည်းရှိတယ်၊ ဟိုကလည်း သူ့ပညာနဲ့ နှင်းကြည်ကို ပြည့်ပြည့်စုံစုံထားနိုင်မှာပဲမဟုတ်လား၊ ဒီတော့ ငါလည်းသူ့ကိုဖက်တွယ်မနေတော့ပါဘူးကွာ၊ တစ်ကယ်ဆို ငါ့ညီမလေးတစ်ယောက်လို ခင်ခဲ့ရတဲ့နှင်းကြည်ကောင်းစားသွားမှာကို ငါကဝမ်းသာနေရမှာကွ”

ပြောရင်း ကိုရင်မောင် မျက်ရည်တွေကျလာတယ်ဗျာ၊ ကျုပ်လည်း သူ့ခံစားချက်ကိုနားလည်တာပေါ့၊ ကျုပ်ကမှ တစ်လလောက်တွေ့ရသေးတာ၊ ကိုရင်မောင်နဲ့ မနှင်းကြည်နဲ့ကတော့ ကျောင်းနေဖက်တွေ၊ ရွာမှာသူငယ်ချင်းတွေဆိုတော့ ဘယ်လောက်ခံစားရမလဲဗျာ။

ကျုပ်လည်းကိုရင်မောင်ပုခုံးကိုဖက်လိုက်တယ်။

“ကိုရင်မောင်ခံစားနေရတဲ့ ဝေဒနာတွေကို ကျုပ်မကုစားပေးနိုင်ပေမယ့်၊ လျော့ပါးသွားအောင်တော့လုပ်ပေးနိုင်ပါတယ်”

ကိုရင်မောင်က ကျုပ်ကိုတအံ့တဩနဲ့ကြည့်တယ်။

“တကယ်လား. . . တကယ်လားအလတ်ကောင်”

“ဒါပေါ့ဗျာ၊ လာဗျာ၊ ကျုပ်နဲ့အတူတူ ရွာထိပ်ကိုသွားရအောင်”

ကျုပ်နဲ့ကိုရင်မောင်နဲ့ ပုခုံးချင်းဖက်ပြီးတော့ ရွာထိပ်က အရက်ဆိုင်ကို ချီတက်ခဲ့ကြတာပေါ့ဗျာ။

(၅)

“မှားတယ်၊ မင်းတို့သိပ်မှားတယ်”

ကိုအေးက လျှာလေးအာလေးနဲ့ပြောတယ်ဗျ၊ ကျုပ်ရယ်၊ ကိုရင်မောင်ရယ် အရက်ဆိုင်သွားကြတော့ ဆိုင်ကိုအရင်ရောက်နှင့်တဲ့ ကိုအေးနဲ့ သွားတွေ့ပြီး ဝိုင်းဖွဲ့ဖြစ်ကြတယ်ဆိုပါတော့ဗျာ၊ အရက်ကလေးနည်းနည်းဝင်သွားတာနဲ့ ကိုရင်မောင်က သူ့ဇတ်ကြောင်းတွေအကုန်ခင်းပြတော့တာပဲ၊ ဒါကိုနားထောင်ပြီးတော့ ကိုအေးက မှားတယ်လို့ပြောတော့တာပဲ။

“ဘယ်လိုမှားတာလဲ ကိုအေးရ”

“ငါပြောမယ်၊ စွန့်လွှတ်တယ်ဆိုတာ ချစ်တာမဟုတ်ဘူးကွ၊ နှစ်တာ၊ အခုကိစ္စမှာလည်း မင်းက နှင်းကြည်ကောင်းစေချင်လို့ဆိုပြီး စွန့်လွတ်လိုက်တယ်ဆိုပေမယ့် တကယ်တမ်းတော့ မင်းရဲ့နှလုံးသား၊ မင်းရဲ့အချစ်တွေကို နှစ်ပစ်လိုက်တာပဲ”

အရက်တစ်ခါမှမသောက်ဖူးတဲ့ ကိုရင်မောင်က အရက်ကိုတစ်ခွက်မော့ချတယ်ဗျ၊ အရက်ရဲ့အရသာကို မခံဖူးတော့လဲ မျက်နှာကြီးမဲ့ရွဲ့နေတာပေါ့ဗျာ။ ကိုအေးက ပဲကြီးလှော်တစ်စေ့ကို ပါးစပ်ထဲကိုပစ်ထည့်လိုက်ပြီး

“ငါပြောမယ်ရင်မောင်၊ တကယ်လို့ မင်းကစွန့်လွှတ်လိုက်လို့ မင်းကိုယ်မင်းဖြေသာတယ်ဆိုပါတော့၊ အဲဒီမင်းစွန့်လွှတ်လိုက်တဲ့လူက မင်းအရှေ့မှာဗိုက်ကြီးပူပြီးတော့ ကလေးတွဲလောင်းနဲ့ဖြစ်နေတာကိုရော မင်းဒီအတိုင်း ဘာမှမဖြစ်ဘဲနဲ့ ကြည့်နေနိုင်မှာလား”

“ဒါတော့ဘယ်ရမလဲဗျာ၊ ကိုအေးပြောသလိုတော့ ဘယ်နေနိုင်မှာလဲဗျ၊ ကိုယ်ချစ်တဲ့လူက တခြားသူနဲ့ညားသွားပြီး သူတို့မိသားစုပျော်ရွှင်နေတာကို ကျုပ်ဘယ်ကြည့်နိုင်မှာလဲ”

“အေး၊ အဲဒါပဲကွ၊ ဒါကြောင့် စွန့်လွှတ်တာအချစ်မဟုတ်ဘူး၊ တကယ်တော့ အချစ်ဆိုတာ ရယူခြင်းပဲကွ၊ မင်းတို့ငါ့ကိုပဲကြည့်စမ်း”

ကိုအေးက ပြောပြီးတော့ သူ့ရင်ဘတ်ကိုသူပြန်ပုတ်ပြတယ်၊ ရှပ်အင်္ကျီကို အပေါ်ကြယ်သီးတွေမတပ်ဘဲဝတ်ထားတော့ သူ့ရင်ဘတ်မဲမဲကြီးက ပေါ်နေတာပေါ့ဗျာ၊ ကျုပ်တို့နှစ်ယောက်လည်းကိုအေးရင်ဘတ်ကို ဝိုင်းကြည့်ကြတယ်။

“ပွေးတွေပေါက်နေတာလား”

ကျုပ်မေးလိုက်တော့ ကိုအေးမျက်နှာပျက်သွားတယ်ဗျ၊ ရင်မောင်ကလည်း ကိုအေးရင်ဘတ်ကိုအသေအချာကြည့်ပြီး

“မင်းကလည်းကွာ၊ ပွေးက အကွက်လေးတွေက၊ သူ့ရင်ဘတ်က ဖြူဖြူကလေးတွေဆိုတော့ ညှင်းတွေဖြစ်မှာ”

“တော်ကြစမ်း”

ကိုအေးအသံကျယ်ကျယ်နဲ့ထအော်လိုက်တာကြောင့် ဆိုင်ထဲကလူတွေ ကျုပ်တို့ကိုဝိုင်းကြည့်တယ်။

“မင်းတို့ကို ငါ့ရင်ဘတ်ကိုကြည့်ခိုင်းတာမဟုတ်ဘူးကွ၊ ငါ့ကိုကြည့်ခိုင်းတာ”

“ဪ၊ ကိုအေးရာ ခင်ဗျားရှေ့မှာ ကျုပ်တို့ထိုင်နေမှာတော့ ခင်ဗျားကိုမကြည့်လို့ ဘယ်သူ့ကိုကြည့်ရမှာတုံး”

“မဟုတ်ဘူးကွာ၊ ငါပြောချင်တာက မင်းတို့ငါ့ကိုကြည့်ပြီးအတုယူစမ်;ပါ၊ ငါဆိုတာ တစ်ချိန်က မြင်းဇာမှာ နာမည်ကြီးခဲ့တဲ့ လူမိုက်ကြီးကွ၊ ပေလွန်းတေလွန်;လို့ ငါ့ကိုရွာကမိန်းကလေးတွေ တစ်ယောက်မှ မကြည်ဘူးကွာ၊ ဒါပေမယ့် အဲဒီတုန်;က ခင်ကြည်ဆိုတာ လုံးကြီးပေါက်လှ ရွာကအပျိုချောကွ၊ ကာလသားတွေဆိုရင် ဝိုင်းဝိုင်းလည်နေလို့ပေါ့ကွာ၊ မင်;တို့ပဲစဉ်းစားကြည့်လေ၊ ငါ့လိုလူမိုက်ကြီးနဲ့ ရွာကလေးစားတဲ့ ဆရာကြီးရဲ့သမီးအချောအလှနဲ့ တန်တယ်လို့များ မင်းတို့ထင်သလား”

ကျုပ်တို့လည်း ပြိုင်တူခေါင်းခါလိုက်ကြတယ်။

“အေး၊ ဒါပေမယ့် ငါသူ့ကိုရအောင်ယူနိုင်ခဲ့တယ်ကွ၊ အချစ်စစ်ဆိုတာ ရယူခြင်းပဲ။ ကိုယ်တကယ်ချစ်တဲ့အရာကို ရအောင်ယူနိုင်ရမယ်၊ ရအောင်မယူနိုင်ဘူးဆိုတာ ကိုယ်တကယ်မချစ်လို့ပဲ”

ကိုအေးစကားကိုကြားတော့ ကိုရင်မောင်က ခေါင်းကြီးထောင်လာပြီး အချစ်စိတ်၊ အချစ်မာန်တွေ တက်လာပုံပဲ၊

“ဟုတ်တယ်၊ ကိုအေးပြောတာမှန်တယ်”

“ကောင်းပြီလေ၊ ဒီတော့ရင်မောင် ငါခင်ကြည်ကို ဘယ်လိုနည်းနဲ့အရကြံခဲ့တယ်ဆိုတာကို မင်းသိသလား”

ကျုပ်တို့ပြိုင်တူခေါင်းခါလိုက်ကြတယ်။ ကိုအေးက ပြုံးပြီးတော့ စားပွဲပေါ်က ပဲကြီးလှော်တစ်စေ့ကို ကောက်ယူလိုက်ရင်း

“ဒါဆို ငါပြောပြရမလား”

ကျုပ်တို့နှစ်ယောက် ခေါင်းပြိုင်တူညိတ်ကြတယ်။ ဒီအချိန်မှာပဲ ကိုအေးက ထအော်တယ်။

“အောင်မယ်လေး၊ သေပါပြီဗျ”

ကျုပ်တို့လည်းခေါင်းညိတ်ပြီး

“ဪ၊ ကိုအေးက သေတဲ့နည်းလမ်းကို သုံးခဲ့တာပေါ့”

ကိုအေးက သူ့ပါးစပ်ထဲက ပဲကြီးလှော်ကိုထွေးထုတ်ရင်း

“မင်းတို့ကလည်;ကွာ၊ ငါက ပဲကြီးလှော်ထဲက စုန်းပြူးကိုကိုက်မိလို့အော်တာပါကွ၊ လခွမ်း”

“မသိပါဘူးဗျာ၊ ဒါဆိုဘာနည်းလမ်းသုံးခဲ့တာလဲ”

ကိုအေးရဲ့ခေါင်းက ကျုပ်တို့အနားကိုတိုးလာတယ်ဗျ၊ ကျုပ်တို့နှစ်ယောက်လည်း သူ့ခေါင်းအနားကိုတိုးလိုက်ကြတာပေါ့၊ ခေါင်းသုံးလုံးက စားပွဲပေါ်မှ တစ်ခေါင်းနဲ့တစ်ခေါင်းထိလုနီးပါးဖြစ်သွားတာ၊ နောက်တော့ ကိုအေးက မပြောသေးဘဲ ခေါင်းထောင်ပြီးတော့ ဘေးဘီကိုကြည့်လိုက်သေးတယ်။

“ကိုအေး၊ ပြောစရာရှိတာပြောစမ်းပါဗျာ၊ ခင်ဗျားကလဲ”

“အေးကွာ၊ ပြောပါ့မယ်”

ကိုအေးနဲ့ ကျုပ်တို့နှစ်ယောက်လည်း အရက်ဆိုင်ထဲမှာ ခေါင်းချင်းဆိုင်ပြီးတိုင်ပင်ကြတာပေါ့ဗျာ၊ တီးတိုးတီးတိုးနဲ့ တိုင်ပင်ပြီးတဲ့နောက်မှာ ကျုပ်တို့သုံးယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြတယ်ဗျ။

“ဖြစ်ပါ့မလားကိုအေးရ”

ကိုရင်မောင်က မေးတော့ ကိုအေးက ခေါင်းညိတ်ပြတယ်။

“မင်းသာတကယ်ချစ်ရင် ဖြစ်အောင်လုပ်ရမှာပေါ့ကွာ”

ကိုရင်မောင်လည်း အချစ်ကြောင့် သတ္တိ တွေရှိကုန်တယ်ထင်ပါတယ်၊ ခေါင်းကိုဆတ်ခနဲညိတ်တယ်၊ ကိုအေးက ကျုပ်ကိုလည်း လှည့်ကြည့်တယ်။ ကျုပ်လည်းခေါင်းညိတ်ပြီးတော့

“ရတယ်၊ ကျုပ်ကလည်း အိုကေပဲ”

“အေးကွာ၊ ဒါဆိုရင်တော့ ငါတို့လုပ်ငန်းကို မနက်ဖြန်စကြမယ်ဟေ့”

ပြီးတာနဲ့ အရက်တစ်ယောက်တစ်ခွက်ငှဲ့ပြီးတော့ သုံးယောက်သားခွက်ချင်းတိုက်လိုက်ကြတယ်၊ ခွက်ထဲက အရက်တွေကို ပြိုင်တူမော့လိုက်ကြပြီးတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရုပ်ရှင်ထဲက လူကြမ်းတွေရယ်တဲ့အသံမျိုးနဲ့ ပြိုင်တူရယ်လိုက်ကြတာပေါ့ဗျာ။

“ဟွင်း၊ ဟွင်း၊ ဟွင်း”

ပြီးပါပြီ

ရွင်လန်းချမ်းမြေ့ကြပါစေ