ဧရာမငါးလင်ပန်းငါးကြီးတစ်ကောင်ကို
ဖမ်းဆီးရရှိခဲ့ကြလေသည်။
ထိုငါးကြီးအား ခုတ်စဉ်းပိုင်းဖြတ်ကာ
ရွာရှိလူများအား ဝေငှာခြင်း၊ ချက်ပြုတ်ကြော်လှော်
စားခြင်း ပြုကြပြီးနောက် ပိုလျှံသည်တို့ကိုလည်း
ရက်ရှည်ခံရန် အိုးတွင် အချဉ်သိပ်ထားခဲ့ကြလေသည်။
ထိုမှ နောက်တစ်ရက်သို့အကူး ညနေ နေဝင်ရီတရော
အချိန်သို့ရောက်သော် ပေါက်တိုင်းရွာမှ လူတို့သည်
ချောင်းထဲမှ ဒီရေတိုးသံများနှင့်အတူ ဆူဆူညံညံ
အသံများကို ကြားကြရလေရာ လူတချို့က
ချောင်းဆီသို့ သွားရောက်ကြည့်ရှုကြသည်တွင်
ဌင်းတို့ဖမ်းဆီးရမိလာခဲ့သည့် ငါးလင်ပန်း
ငါးထက် ပို၍ ကြီးမားသော ငါးလင်ပန်းငါးကြီး
တစ်ကောင်ကို ရေထဲမှ ဝုန်းခနဲ ခုန်ထွက်လာကာ
ရေထဲသို့ ပြန်လည်ငုပ်လျှိုးပျောက်ကွယ်
သွားသည်ကို မြင်တွေ့ခဲ့ကြရလေသည်။
နာရီဝက်ခန့်ကြာသော ချောင်းအနီးမှ လူများ
ရွာသို့ ပြန်လာခဲ့ကြလေသည်။
ထိုနိမိတ်ဖြစ်ပေါ်ပြီး နောက်ရက်မှစ၍
ပေါက်တိုင်းရွာတွင် ငါးလင်ပန်းသာ စားသောက်
ခဲ့ကြသူများ ဝမ်းပျက်၊ ဝမ်းလျှော၊ အော့အန်သည့်
ကာလဝမ်းရောဂါ အကြီးအကျယ် ဖြစ်ပွားလာကာ
ငါးလင်ပန်းသားစားသူ တစ်ယောက်မျှ မကျန်အောင်ပင်
သေဆုံးသွားခဲ့ကြလေသည်။
စားသောက်ခြင်းမပြုသူများသည်လည်း ထိုကာလဝမ်း
ရောဂါဆိုးကြီးကို ကြောက်ရွံ့ထိတ်လန့်ကာ
အခြားရွာများသို့ ရွှေ့ပြောင်းကုန်ကြသဖြင့်
ပေါက်တိုင်းရွာကြီးသည် ရွာပျက်ကြီးအဖြစ်
ကျန်ရစ်ခဲ့လေတော့သည်။
ထိုသို့ ကာလဝမ်းဖြစ်ကာ သေဆုံးသွားကြသူတို့တွင်
မောင်ဖိုးလှ၏ချစ်သူ မမန်းသာနှင့်တကွ မိဘဆွေမျိုးများ
ပါဝင်သွားခဲ့ကြသော်လည်း မောင်ဖိုးလှမှာ
ဥယျာဉ်ကြီးရွာသို့ ကွမ်းခူးသွားရင်း
ညအိပ်နေသဖြင့် မသိရှိခဲ့ရပေ။
ထို့ကြောင့် ဥယျာဉ်ကြီးရွာမှ ပြန်လာပြီးနောက်
ပလွေကလေးကို ကိုင်ကာ ချစ်သူ့ရွာကို
သွားမည်အပြုတွင် မိခင်ဖြစ်သူက မမန်းသာတို့ရွာမှာ
လူအများသေဆုံးကုန်၍ ရွာပျက်ကြီးဖြစ်နေကြောင်း
ပြောသော်လည်း မောင်ဖိုးလှက ယုံကြည်မှု
မရှိဘဲ ဌင်းပြန်လာစဉ်ကပင် ထိုရွာကြီး၌
မီးများ လင်းထိန်နေသေးသည်ကို တွေ့မြင်ခဲ့ရသည်ဟု
ဆိုကာ ဇွတ်ထွက်လာခဲ့လေ၏။
ထိုရွာသို့ရောက်သော် ရည်းစားဖြစ်သူ
မမန်းသာမှာ မောင်ဖိုးလှ၏ ပလွေသံကို
ကြားရသဖြင့် ဣနြေ္ဒမပျက် မီးထွန်းလျက်ဖြင့်
ထိုင်စောင့်နေလေသည်။
မောင်ဖိုးလှကား အခါတိုင်းလိုပင် ချစ်သူ
မမန်းသာနှင့် တွေ့ဆုံကာ ချစ်စကား
ကြိုက်စကားများ ပြောဆိုနေခဲ့လေ၏။
သို့သော် အချိန် နာရီကြာလာသည်ရှိသော်
မမန်းသာမှာ တာရှည်စွာ
ရုပ်သွင်ပြောင်းလဲဟန်ဆောင်နေခြင်းငှာ
မတတ်နိုင်တော့ဘဲ ကျတ်တစ္ဆေမျိုးတို့၏
သဘာဝရုပ်သွင် မျက်လုံးပြူးကျယ်၊
ပါးစပ်ကျယ်ဖြင့် မဖွယ်မရာ ကြောက်စရာ့
ရုပ်သွင်ကြီး ပြန်လည်ပေါ်ပေါက်လာခဲ့လေ၏။
ထိုအခါကျမှပင် မောင်ဖိုးလှမှာ မိခင်ပြောစကား
မှန်နေပြီကို သိရှိရကာ ခေါင်းနပန်းကြီးလျက်
သေမလောက် ကြောက်ရွံ့သွားတော့သဖြင့်
ပလွေကို ကြမ်းပေါက်မှ အောက်သို့
ပစ်ချလျက် ကောက်ဟန်ဆောင်ကာ
အိမ်ပေါ်မှ ဆင်းပြေးလာခဲ့ရလေတော့၏။
မောင်ဖိုးလှ၏နောက်သို့ မမန်းသာကလည်း
ထပ်ချပ်မကွာ ခေါင်းတလားကြီး ထမ်းလျက်
အပြေးလိုက်ပါလာသည်ဖြစ်ရာ
မတတ်သာသည့်အဆုံးတွင် မောင်ဖိုးလှလည်း
လူတစ်ရပ်ကျော်မြင့်သည့် ဖုန်းမသိမ်ပင်တို့၏
အကြား၌ ဝင်ရောက်ပုန်းအောင်းနေရလေ၏။
မမန်းသာမှာ ကျတ်တို့၏ သဘာဝ ပင်ကိုယ်
ရုပ်သွင်ဖြင့် ဖုန်းမသိမ်တောတွင်းသို့ ဝင်ရောက်ခြင်း
မပြုနိုင်ဘဲ တောစပ်မှသာလျှင် မောင်ဖိုးလှအား
“ထွက်လာခဲ့၊ ထွက်လာခဲ့ ”
ဟူ၍သာ လက်ယပ်ခေါ်နေခဲ့ရလေသည်။
ဤသို့ဖြင့် အတန်ကြာသော် မမန်းသာမှာ
တာရှည်မစောင့်နိုင်တော့ဘဲ ဌင်းထမ်းယူလာသည့်
ခေါင်းတလားကြီးကို ရွက်လျက်ဖြင့်ပင်
ပြန်လည်ထွက်ခွာသွားလေတော့၏
ကျတ်မ မန်းသာ ထွက်ခွာသွားတော့မှပင်
မောင်ဖိုးလှလည်း ဖုန်းမသိမ်တောမှ ထွက်ကာ
အိမ်သို့ အပြေးနှင်ရလေ၏။
အိမ်သို့ ရောက်သော် အကြောက်မပြေသေးဘဲ…
“အမေ …အမေ ” ဟု အော်ရင်း အိပ်ရာထက်သို့
လှဲချကာ သတိမေ့မြောသွားလေတော့၏
မိခင်ကြီးမှာ သားဖြစ်သူအား မန်းမှုတ်နင်းနှိပ်ပေးခြင်း၊
ဘုရားဂုဏ်တော်နှင့် မန္တန်များ ရွတ်ခြင်းဖြင့် လက်တလော
ပြုစုကုသကာ နောက်တစ်နေ့တွင် ပယောဂ ဆရာ
ခေါ်၍ ကုသခဲ့ရလေ၏။
ထိုအချိန်မှစ၍ ထားဝယ်မြို့နယ်တွင် သာမက
တနင်္သာရီတစ်တိုင်းလုံးနှင့် မော်လမြိုင် သထုံ
မြိတ် စသည့် မြို့နယ်များ၌ပါ ဖုန်းမသိမ်ပင်များကို
ကပ်ရောဂါနှင့် တစ္ဆေ၊ ပြိတ္တာ၊ သရဲ၊ ကျတ် စသည့်
မကောင်းဆိုးဝါးရန်များမှာ ကာကွယ်ရန် အလို့ငှာ
များစွာ စိုက်ပျိုးခဲ့ကြလေသည်။
အထူးအခါကြီးရက်ကြီးများလည်း…
“လက်ကလောင်း၊ လက်ကလောင်း”ဟူ၍
တစ္ဆေသရဲများ ကြောက်ရွံ့စေရန် အော်ဟစ်ကာ
အိမ်ထရံများကို ဖုန်းမသိမ်အခက်အလက်တို့ဖြင့်
တဖြန်းဖြန်း ရိုက်နှက်ကာ တောထုတ်လေ့ရှိကြကြောင်း
သိရလေသည်။
ဖုန်းမသိမ်အပြင် ဆူးပါသည့် ခရာရွက်၊
ဆီးခက်တို့ကိုလည်း စိုက်ပျိုးခဲ့ကြ၏။
ကျတ်မ မမန်းသာက မောင်ဖိုးလှအား
“ထွက်လာခဲ့၊ ထွက်လာခဲ့ ”
ဟု လက်ယပ်ခေါ်ရာနေရာသည် ယခုအခါ
လက်ယပ်ပြင်ရွာဟူ၍ လည်းကောင်း၊
ပလွေနှင့်အတူ မောင်ဖိုးလှ ရှောင်ပြေးခဲ့ရာ
ဖုန်းမသိမ်တောနေရာ၌ ပလွေရှောင်ရွာ
ဖြစ်ပေါ်လာသည်ဟုလည်းကောင်း၊
ယနေ့တိုင် ပြောဆိုနေကြဆဲပင် ဖြစ်လေသည်။
(ကျမ်းကိုး)
၁၉၅၇ သြဂုတ်လ ရှုမဝမဂ္ဂဇင်းမှ ဆရာကြီး
ရွှေဝယ်ဧ၏ ပလွေရှောင်ဝတ္ထု ။
ပြီးပါပြီ
Leave a Reply