အတတ်ပညာရှင် စုန်းကဝေတို့အားလည်း ပူဇော်အထူးပြုပါတယ်၊ သွားလမ်းသာပါစေ၊ လာလမ်းဖြောင့်ပါစေ၊ ခလုပ်မထိ၊ ဆူးမငြိပဲ လိုရာခရီးကို အေးအေးချမ်းချမ်းရောက်နိုင်အောင် ကူညီဆောင်မတော်မူကြပါ”
ဦးဘသာက မျက်လုံးမှိတ်ပြီး ပါးစပ်က တတွတ်တွတ်နဲ့ရွတ်နေသေးတယ်ဗျ၊ နောက်တော့မှ ကျုပ်ဘက်ကိုလှည့်လိုက်ပြီးတော့
“အားလုံးအဆင်ပြေပါပြီကွာ၊ ကဲ ငါတို့တွေ မြိုင်သာကိုလမ်းလျှောက်သွားကြတာပေါ့”
ဒီလိုနဲ့ ကျုပ်နဲ့ဦးဘသာလည်း အထုတ်အပိုးတွေနဲ့ လမ်းလျှောက်လာခဲ့ကြတာပေါ့ဗျာ၊ လမ်းလျှောက်ရင်း သူဘာတွေလုပ်သလဲဆိုတာ သိချင်တာနဲ့ ကျုပ်လည်း စပ်စုကြည့်တာပေါ့။
“ဦးဘသာ၊ ခုနက နတ်ကွန်းမှာ ဘာတွေဆုတောင်းနေတာလဲ”
“ဆုတောင်းတာမဟုတ်ဘူးကွ၊ စုန်းတွေခရီးသွားမယ်၊ တစ်ရပ်တစ်ကျေးသွားမယ်ဆိုရင် အဲဒီလိုခွင့်ပန်ရသတဲ့ကွ၊ ဒါက အစဉ်အလာပေါ့ကွာ”
“ဘယ်သူ့ကိုခွင့်ပန်တာလဲဗျ၊ ရွာတော်ရှင်၊ မြို့တော်ရှင်ကိုလား”
“မဟုတ်ဘူးကွ၊ စုန်းတွေ၊ ကဝေတွေမှာလည်း သူ့အဆင့်ဆင့်အုပ်ချုပ်မှုရှိတယ်၊ ငါပြောဖူးပါပကော၊ စုန်းဆိုတာမျိုးက တစ်ယောက်တည်းသင်းကွဲနေတာရှားတယ်၊ ကျေးရွာတွေကနေ ဟိုးမြို့တွေ နယ်တွေအထိ စုန်းချုပ်၊ ကဝေချုပ်တွေနဲ့ မယ်တော်တွေက သူ့နယ်အလိုက်အုပ်ချုပ်ကြတာမျိုးပေါ့၊ ဒီတော့ခရီးသွားတော့မယ်ဆိုရင် သက်ဆိုင်ရာနယ်အလိုက်ကို အခုလိုခွင့်တောင်းပြီးသွားရတာပေါ့ကွာ”
“ဪ၊ ဒီလိုလား၊ ဒါနဲ့ ခွင့်မတောင်းဘဲ သွားမိရင် ဘာဖြစ်သလဲဗျ”
“ဒါတော့ ငါလည်းမသိဘူးဟ၊ ငါလည်းတစ်ခါမှ ခွင့်မတောင်းဘဲ မသွားဖူးဘူးကွ”
ကျုပ်တို့စကားတပြောပြောနဲ့ မြိုင်သာမြို့ကိုရောက်လာတာပေါ့ဗျာ၊ ကားဂိတ်ကိုသွားမေးတော့ လိုင်းကားက ဆယ့်တစ်နာရီမှ လာမှာတဲ့ဗျ၊ အခုမှ မနက်ကိုးနာရီလောက်ရှိသေးတာဆိုတော့ အချိန်တွေအများကြီး ပိုနေတာပေါ့ဗျာ၊ ကျုပ်တို့လည်း ကားဂိတ်နားက ခရီးသည်တွေစောင့်လေ့ရှိတဲ့ ထနောင်းပင်ရိပ်နားမှာထိုင်ပြီးတော့ စောင့်နေကြတာပေါ့။
“အေးကွာ၊ အတော်ပဲအလတ်ကောင်၊ ငါ့ကိုမြို့လယ်က ဆက်သွယ်ရေးရုံးကိုသွားပေးစမ်းကွာ”
“ဘာလုပ်မလို့လဲဗျ”
“ငါတို့လာပြီဆိုတဲ့အကြောင်း မျောက်ခေါင်းကိုသတင်းပို့ရမယ်လေကွ၊ ဟောဒီစာအတိုင်း သံကြိုးသွားရိုက်လိုက်စမ်းကွာ၊ ဒီမှာ သူ့လိပ်စာပါတယ်ကွ”
ဦးဘသာကြည့်ရတာ ခုနက လမ်းလျှောက်ထားလို့ မောနေတဲ့ပုံပဲဗျ၊ ဒါနဲ့ ကျုပ်လည်းအထုပ်အပိုးတွေကို သူနဲ့ထားခဲ့ပြီးတော့ သူပေးတဲ့စာရွက်ကလေးယူပြီး ထွက်လာခဲ့တာပေါ့ဗျာ။
(၂)
မြို့လယ်က လမ်းတစ်ခုအနားကိုရောက်တော့ ကျုပ်ခြေလှမ်းတွေ တန့်သွားတယ်ဗျ၊ အိမ်ကြီးအိမ်ကောင်းတွေရှိတဲ့ လမ်းကြီးထဲကို ကျုပ်တစ်ချက်ငေးကြည့်လိုက်တာပေါ့ဗျာ၊ ကျုပ်ရဲ့သိချင်စိတ်တွေကလည်း တားမရတော့ဘူးမဟုတ်လား၊ ဒါနဲ့ပဲ အဲဒီလမ်းထဲကို ချိုးဝင်ခဲ့တော့တာပေါ့ဗျာ၊
အဲဒီလမ်းကတော့ အောက်လမ်းဘသော်တို့ ဗေဒင်ဟောခန်းဖွင့်စားတဲ့ လမ်းဗျ၊ လမ်းအလယ်လောက်ရောက်တော့ ဘသော်တို့ရဲ့အိမ်ကြီးကို တွေ့ပါပြီဗျာ၊ ရေနံချေးတွေ၀နေအောင်သုတ်ထားတဲ့ သစ်သားအိမ်အကြီးကြီးက မည်းနက်နေတာပဲဗျာ၊ ဒါပေမယ့် ထူးဆန်းတာက အိမ်နဲ့ခြံကို သော့ခတ်ပြီးပိတ်ထားတာပဲဗျ၊ ခြံထဲမှာလည်း အပင်တွေပွထနေတာပဲ၊ ဒါတင်မကသေးဘူး ဘသော်ခြံထဲစိုက်ထားတဲ့ ဆိုင်းဘုတ်တွေ၊ ကြော်ငြာစာတွေဆိုတာလည်း စုတ်ပြဲပြီး ဖုန်အလိမ်းလိမ်းတက်နေတာဗျ။ ကျုပ်လည်း ဘာဖြစ်သွားမှန်းသိချင်တာနဲ့ ဟိုဟိုဒီဒီကြည့်လိုက်တော့ ဘသော်တို့မျက်စောင်းထိုးနားက အိမ်မှာ ဦးလေးကြီးတစ်ယောက် အိမ်ရှေ့ထွက်ထိုင်နေတာကို မြင်လိုက်ရတာနဲ့ သူ့ဆီကိုသွားပြီး စနည်းနာကြည့်တာပေါ့ဗျာ။
“ဦးလေးရေ၊ အောက်လမ်းဘသော် . . . အဲ . . . ဆရာသိန်းတို့ ဘယ်သွားတာတုန်းဗျ”
အဲဒီဦးလေးကြီးက ကျုပ်ကိုတစ်ချက်ကြည့်လိုက်ပြီး
“မသိဘူးကွ၊ ပျောက်သွားတာကြာပြီ၊ ငါးလ၊ ခြောက်လလောက်ရှိပြီထင်တယ်”
“ဘယ်လို၊ ပျောက်သွားတာ ဟုတ်သလား . . .”
“အေးလေ၊ ဟောခန်းကို ရုတ်တရက်ကြီးပိတ်ချပြီးတော့ ညတွင်းချင်းပဲ တစ်အိမ်လုံးမှာ လူတစ်ယောက်မှ မရှိတော့တာ အခုမြင်ရတဲ့အတိုင်းပဲကွ၊ ဆရာသိန်းနဲ့ချိန်းဆိုထားတဲ့လူတွေတောင်မှ အိမ်ရှေ့ကိုလာပြီး ဆူညံဆူညံလုပ်ကြသေးတယ်၊ တစ်ချို့ကတော့ အလျင်စလိုခရီးထွက်သွားတယ်လို့ပြောတယ်၊ တစ်ချို့ကလည်း သူဌေးတွေဆီက ငွေတွေလိမ်ပြီးထွက်ပြေးသွားတယ်ဆိုလားပဲ”
ကျုပ်သိလိုက်ပါပြီ၊ ဘသော်က ဦးဘသာနဲ့သူပြိုင်တော့ ရှုံးသွားပြီးတော့ ထွက်သွားတာဖြစ်မယ်ဗျ၊ ရှက်သွားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ၊ ဒီမှာလည်းဆက်ပြီး လုပ်စားလို့မှ မရတော့တာ၊ ဒါကြောင့်မို့ သူယူထားတဲ့ သူ့တပည့်စုန်းမလေးတောင်မှ အနူကြီးဖြစ်ပြီး တောင်းစားနေရတာမဟုတ်လား။
ကျုပ်လည်း သိချင်စိတ်နဲ့ အိမ်ကြီးအနားကိုကပ်ခဲ့ပြီး အကဲခတ်လိုက်တယ်ဗျ၊ ခြံပေါက်၀နားရောက်တယ်ဆိုရင်ပဲ ကျုပ်ကြက်သီးတွေတဖြန်းဖြန်းထပြီးတော့ ကျောတွေချမ်းလာတာဗျ၊ ဒီအချိန်မှာပဲ အပေါ်ထပ်ခြေရင်းခန်းဘက်က မှန်ပြတင်းပေါက်မှာ လူရိပ်လိုလိုမြင်လိုက်ရတယ်ဗျ၊ ကျုပ်သေသေချာချာကြည့်တော့ မှန်နောက်ကွယ်ကနေ မျက်နှာတစ်ခုက ကျုပ်ကိုကြည့်နေပါရောဗျာ၊ မျက်နှာဖြူဖြူကြီးမြင်လိုက်ရတော့ ကျုပ်လည်းအဲဒီအိမ်ရှေ့ကနေ တစ်ချိုးတည်း ပြေးထွက်ခဲ့တာပါပဲဗျာ။
ကျုပ်လည်း ဦးသာပြောတဲ့အတိုင်း ဦးအောင်ရှိန်ဆိကို သံကြိုးရိုက်လိုက်တာပေါ့ဗျာ၊ ဦးဘသာရေးလိုက်တာကလည်း တိုတိုတုတ်တုတ်ပါ။
“ငါမင်းဆီလာနေပြီမျောက်ခေါင်း၊ မကြာခင်ရောက်မယ် ပြောင်ရှင်း”
သံကြိုးဆိုတာက ခပ်တိုတိုပဲရေးရတာမို့လို့၊ ဒီအတိုင်းပဲ ပို့ခဲ့လိုက်တာပေါ့ဗျာ၊ ပြီးတော့ ကျုပ်လည်းဆက်သွယ်ရေးရုံးဘက်ကနေ ပြန်လာခဲ့တယ်၊ မြိုင်သာမြို့လယ်က ကားလမ်းကြီးတစ်လျှောက် လျှောက်ကြည့်လာရင်း လမ်းဘေးကဆိုင်တွေကို ငေးကြည့်လာတာပေါ့ဗျာ။
တစ်နေရာရောက်တော့ ကျုပ်အရှေ့တည့်တည့်ကနေ မျက်နှာချင်းဆိုင်လျှောက်လာတဲ့ မိန်းကလေးတစ်ယောက်က ကျုပ်ကိုရယ်ပြတယ်ဗျ၊ မိန်းကလေးက အသက်သုံးဆယ်လောက်ရှိပုံရတယ်၊ မပိန်မ၀နဲ့ အရပ်ကလည်း မနိမ့်မမြင့်ဗျ၊ အသားအရေခပ်လတ်လတ်ရှိပြီးတော့ မျက်လုံးမျက်ဆန်ကောင်းကောင်း၊ နှာတံပေါ်ပေါ်နဲ့ ကြည့်ပျော်ရှုပျော်ရှိတယ်ပေါ့ဗျာ။ ပိုပြီးထူးခြားတာကတော့ သူ့ခေါင်းက ဆံထုံးကြီးပဲဗျ၊ ဆံထုံးက အကြီးကြီးဆိုတော့ သူ့ဆံပင်တွေလည်း အရှည်ကြီးနေမှာပေါ့ဗျာ။
ကျုပ်လည်း အနောက်ကိုလှည့်ကြည့်မိတယ်ဗျ၊ ကျုပ်အနောက်က လူတွေဘာတွေကိုများ ပြုံးပြတာလားလို့ပေါ့၊ ကျုပ်အနောက်မှာလည်း ဘယ်သူမှမရှိဘူးဗျ၊ ကျုပ်က မယုံသင်္ကာနဲ့ သူ့ကိုပြန်ကြည့်တော့ သူက ကျုပ်မျက်နှာကို သေသေချာချာစိုက်ကြည့်ပြီး ပြုံးပြပြန်ရော။
ကျုပ်လည်း စိတ်ထဲဇဝေဇဝါပေါ့ဗျာ၊ လူတူမရှားဆိုသလို ကျုပ်နဲ့တူတဲ့လူကိုများ မှားပြီး ပြုံးပြတာလားပေါ့၊ လမ်းလျှောက်ရင်း ကျုပ်တို့မျက်နှာချင်းဆိုင်မိတော့ အဲဒီမိန်းကလေးက
“ဒီကငါ့မောင်လေး အမနဲ့လိုက်ခဲ့မလား”
ကျုပ်လည်း ဘာမှမဖြေရသေးဘူးဗျ၊ ဒီအချိန်မှာပဲ သူ့လက်က ကျုပ်လက်ကိုလာဆွဲတယ်၊ သူ့လက်ဖဝါးကလေးက နူးနူးညံ့ညံ့ကလေးဗျာ၊ သူ့အသားနဲ့ထိတယ်ဆိုရင်ပဲ ကျုပ်တစ်ကိုယ်လုံး ဘယ်လိုဖြစ်သွားမှန်းမသိဘူး၊ ဓါတ်လိုက်သလိုလို တစ်ကိုယ်လုံး ကျင်တက်သွားသလို ခံစားရတာ။
“လိုက် . . လိုက်မယ်”
ကျုပ်ပါးစပ်က သူ့အလိုလိုထွက်သွားတာဗျ၊ နောက်ပြီးကျုပ်ခြေထောက်တွေကလည်း သူ့အလိုလိုပြန်လှည့်ပြီးတော့ ဒီမိန်းကလေးနောက်ကို လိုက်သွားတာပဲ၊ ကျုပ်က မလိုက်ချင်လို့ ရုန်းကန်နေပေမယ့် သူ့အလိုလိုက်သွားတာဗျို့၊ ကျုပ်လည်းအတော်ကြောက်သွားတာပေါ့ဗျာ။
မကြောက်ပဲနေနိုင်မလားဗျ၊ ကျုပ်စိတ်က ကျုပ်ကိုယ်ကို မထိန်းနိုင်တော့ဘူးလေ၊ ကျုပ်က မသွားဘူး၊ မလိုက်ဘူးလို့ ပြောပြီးငြင်းဆန်နေပေမယ့် ပါးစပ်ကလည်း ဘာစကားမှမထွက်သလို ခြေထောက်တွေကလည်း သူ့အလိုလို လိုက်သွားတာဗျ၊ ဒီမိန်းကလေးက ကျုပ်လက်ကိုဆွဲပြီးတော့ ရပ်ကွက်တစ်ခုထဲကို ဝင်သွားတော့တာပဲ။
ဒီရပ်ကွက်ကလည်း သူ့ဝင်းသူ့ခြံနဲ့ အေးအေးဆေးဆေးနေကြတဲ့ ရပ်ကွက်တစ်ခုပါပဲ၊ လမ်းအတိုင်းဝင်သွားပြီး အတော်သွားမိတော့ လမ်းဆုံးသွားတဲ့အချိန်မှာ ခြံဝန်းကျယ်ကြီးတစ်ခုထဲကို ဝင်လိုက်တယ်ဗျ၊ ခြံဝန်းကြီးထဲမှာ တမာပင်ကြီးတစ်ပင်ရှိပြီးတော့ ယိုင်နဲ့ရွဲ့စောင်းနေတဲ့ သစ်သားအိမ်ကလေးတစ်အိမ်လည်း ရှိတယ်ဗျ၊ အဲဒီမိန်းကလေးက ကျုပ်ကိုတောင်ပြန်လှည့်မကြည့်ဘဲ အတင်းဆွဲခေါ်သွားပြီး အိမ်ရှေ့ရောက်တော့ အိမ်ကိုလှမ်းခေါ်တယ်ဗျ။
“အမေကြီး . . . အမေကြီး”
အိမ်ထဲက ဘာအသံမှ ပြန်မကြားရဘူးဗျာ၊ ဒါနဲ့ သူလည်းစိတ်မရှည်တော့ဘဲ ကျုပ်ကိုဆွဲပြီး အိမ်ကလေးထဲဝင်ခဲ့ပါရောဗျာ၊ အိမ်ကလေးထဲရောက်တော့ ကျုပ်လက်ကိုလွှတ်လိုက်တယ်၊ နောက်ပြီးတော့ အိမ်ရှေ့နားက ကြမ်းပြင်ကိုလက်ညှိုးထိုးပြပြီးတော့
“အဲဒီမှာ ငြိမ်ငြိမ်ထိုင်နေစမ်း”
ကျုပ်ကိုယ်လုံးကလည်း သူ့အမိန့်ကို နာခံတဲ့ပုံပဲဗျ၊ အဲဒီကြမ်းပေါ်ကိုတက်သွားပြီးတော့ သူပြတဲ့နေရာမှာ ထိုင်ချလိုက်တာပဲ၊ အဲဒီအချိန်မှာ ကျုပ်ကိုယ်လုံးပေါ်ကို တစ်ခုခုက ဖိထားသလို ခပ်လေးလေးကြီးဖြစ်နေတာဗျ၊ ပြီးတော့ ကျုပ်တစ်ကိုယ်လုံးလည်း ချွေးတွေပြန်လာပြီး ရေချိုးသလိုထွက်နေတော့တာ။
အဲဒီမိန်းကလေးက အိမ်နောက်ဘက်ကိုဝင်သွားတယ်ဗျ၊ ကျုပ်ကလည်း မျက်လုံးကစားပြီးတော့ လိုက်ကြည့်နေတာ၊ ကျုပ်ထိုင်နေတဲ့နေရာ ပတ်ပတ်လည်မှာ ဘာအရုပ်တွေမှန်းမသိဘူးစုံလို့ဗျ၊ နောက်ပြီး လူအရိုးခေါင်းခွံတွေနဲ့ ဘာအရိုးမှန်းမသိတဲ့ အရိုးတွေလည်း စုံလို့၊ အရုပ်တွေကလည်း မဲမဲတူးတူးတွေ၊ နီနီရဲရဲတွေဗျ၊ တစ်ချို့အရုပ်တွေက အဝတ်အစားမပါတဲ့ မိန်းမပုံစံလိုမျိုးတွေ၊ တစ်ချို့အရုပ်ကျတော့ ပါးစပ်ကြီးဖြဲထားပြီး အစွယ်တကားကားနဲ့ သရဲရုပ်ကြီးတွေပေါ့ဗျာ။
(၃)
ကျုပ်တော်တော်ကိုလန့်နေပြီဗျ။ အော်ပစ်ချင်ပေမယ့်လည်း ပါးစပ်က ဟလို့မရဘူး၊ အားစေးထည့်ထားသလိုကို ပါးစပ်အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းနဲ့က စေ့အောင်ပိတ်နေတော့တာ၊ ခေါင်းကလည်း လှည့်မရဘူးဗျ၊ အဲဒီမိန်းကလေးက ကျုပ်အနားကိုလာပြီးတော့ ကြွေရေသုတ်ဗန်းတစ်ခုထဲမှာ ရေနွေးကရားအိုးနဲ့ ရေခွက်တွေထည့်ပြီးတော့ လာချတယ်၊ ရေနွေးကရားအိုးနှုတ်ခမ်းက အငွေ့တွေ တထောင်းထောင်း ထနေတာပေါ့ဗျာ။
သူ့ကြည့်ရတာ တစ်ယောက်ယောက်ကို စောင့်နေတဲ့ပုံပဲ၊ တစ်ယောက်ယောက်လာတော့မှာမို့လို့ ရေနွေးတွေ၊ စားစရာတွေ အသင့်ပြင်နေတဲ့ပုံပဲဗျ၊ ကျုပ်လည်း ဘာဖြစ်မယ်မှန်းမသိတော့တာနဲ့ ဦးဘသာကြီးကို တ ရတော့တာပါပဲ။
“ဦးဘသာရေ . . . ကျုပ်ကိုကယ်ပါအုံး၊ ဒီကောင်မက ကျုပ်ကိုဖမ်းထားတယ်ဗျ”
ကျုပ်လည်း စိတ်ထဲကနေပဲ ရေရွတ်နေမိတာပေါ့ဗျာ။
ဆယ့်ငါးမိနစ်လောက်ကြာတော့ ခြေသံတစ်ခုကိုကြားရတယ်ဗျ၊ ဖိနပ်ကိုမြေပြင်နဲ့ လျှပ်တိုက်ပြီးတော့ စီးလာတဲ့အသံပဲ၊ ပြီးတော့ သစ်သားအိမ်ကလေးကလည်း ငလျင်လှုပ်သလို တသိမ့်သိမ့်နဲ့ သုံးချက်လောက်တုန်သွားတယ်ဗျ၊ အဲဒီမိန်းကလေးကလည်း ထူးဆန်းသွားတာပေါ့ဗျာ။
“သူတို့လာကြပြီထင်တယ်”
ဒီအချိန် အိမ်တံခါးကြီးက ဝုန်းခနဲပွင့်ထွက်သွားပြီးတော့ လူတစ်ယောက်ဝင်လာတာဗျ၊ နေ့ခင်းကြောင်တောင်ကြီးဆိုပေမယ့်လည်း သစ်သားအိမ်ကလေးရဲ့ ပြတင်းပေါက်တွေကိုပိတ်ထားတော့ အအိမ်ထဲမှာ နည်းနည်းမှောင်နေတာပေါ့ဗျာ၊ ဝင်လာတဲ့လူကိုတွေ့လိုက်တော့ ကျုပ်လည်းပျော်ပြီး ထအော်လိုက်မိတယ်။
“ဟာ၊ ဦးဘသာကြီးလာပြီဟေ့”
ကျုပ်အော်လိုက်တယ်ဆိုပေမယ့် ပါးစပ်က အသံမထွက်ဘူးဗျ၊ စိတ်ထဲကနေ အော်လိုက်သလိုဖြစ်သွားတာပေါ့၊ ဦးဘသာကြီးက ကွမ်းတွေဝါးနေတယ်ဗျ၊ ပြီးတော့ ဘက်ဖက်လက်က ကွမ်းအစ်ကိုပိုက်ထားပြီး လွယ်အိတ်ကြီးကိုလည်း လွယ်လို့ဗျ။ ဦးဘသာက ကြမ်းပြင်မှာထိုင်နေတဲ့ကျုပ်ကိုတစ်ချက်ကြည့်တယ်၊ နောက်ပြီး အဲဒီမိန်းကလေးကို တစ်ချက်ကြည့်လိုက်တယ်၊ မိန်းကလေးက ဦးဘသာကြီးကို လက်ညှိုးထိုးလိုက်ပြီး
“အဘိုးကြီး၊ ဘာလာရှုပ်တာလဲ၊ အခုထွက်သွားစမ်း”
ဦးဘသာကြီးက သူပြောတာကြားတော့ ခါးထောက်လိုက်တယ်ဗျ၊ ဘယ်ဖက်လက်က ကွမ်းအစ်ကြီးပိုက်ထားတာမို့လို့ ညာဖက်လက်ကို ထောက်လိုက်တာပေါ့ဗျာ။ ပြီးတော့ မျက်မှောင်ကြုတ်ပြီးတော့ အဲဒီမိန်းကလေးကိုကြည့်တယ်။
“အောင်မာ၊ ညည်းက ငါ့လူကိုလည်းဖမ်းထားသေးတယ်၊ ငါ့ကိုလည်း မောင်းထုတ်နေပါလား”
“ရှင့်ကိုအခုထွက်သွားလို့ပြောနေတယ်၊ မထွက်သွားရင် ကျုပ်အဆိုးမဆိုနဲ့နော် အဘိုးကြီး”
“ညည်းကပဲပြောရတယ်ရှိသေးတယ်၊ ကောင်းပြီလေ၊ ငါ့လူကို နင်ပြန်လွှတ်လိုက်၊ ဒါဆိုရင် နင့်အိမ်ကနေ ငါတို့အေးအေးဆေးဆေးထွက်သွားပေးမယ်”
ဒီအခါ အဲဒီမိန်းကလေးက ရယ်တယ်ဗျ၊ ရယ်တာမှ ယောက်ျားသံကြီးလိုလို အသံဩဩကြီးနဲ့ ရယ်တာ။
“ဟား၊ ဟား ငါ့စိတ်ကိုလာဆွနေသေးတယ်၊ ငါ့နာမည် နာဂဝံသ ရင်မြတဲ့ဟေ့၊ နင်တို့ကို ငါ့အကြောင်းသိအောင် ပြရသေးတာပေါ့”
မရင်မြက ဦးဘသာကြီးဆီကို လက်ညှိုးနဲ့ချိန်ပြီး ဆတ်ခနဲဆတ်ခနဲလုပ်တယ်ဗျ၊ သူ့လက်ညှိုးထိပ်မှာ မီးခတ်ကျောက်နဲ့ မီးခတ်လိုက်သလို မီးပွင့်ကလေးတွေက ဖတ်ခနဲ ဖတ်ခနဲ လင်းလင်းသွားတာ၊ စက်တွေလွှတ်တယ်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်မှာဗျ၊ ဦးဘသာကြီးကတော့ ခပ်အေးအေးပါပဲ၊ ကွမ်းကိုပဲဖိဝါးနေတာဗျ၊ အဲ . . ဒါပေမယ့် သူ့အနောက်နားမှာရှိတဲ့ အရာတွေက သေနတ်နဲ့မှန်သလိုမျိုး ဖုန်းခနဲ ဝုန်းခနဲ လဲကျကုန်တာဗျ၊ ဦးဘသာရဲ့အနောက်နားမှာ မှန်အိမ်တစ်ခုကိုချိတ်ဆွဲထားတယ်၊ အဲဒီမှန်အိမ်ကလည်း ခွမ်းခနဲကွဲပြီး ပြုတ်ကျတာပဲ၊ နောက်ပြီး စာအုပ်တွေထပ်ထားတဲ့အပုံကို ထိသွားတော့ စာအုပ်တွေက လေပေါ်ကိုလွင့်ထွက်ပြီး အထဲက စာရွက်တွေကလဲ အစိတ်စိတ်အမွှာမွှာကွဲပြီး စာရွက်အပိုင်းအစတွေ လေထဲကိုလွင့်သွားတာဗျို့။
မရင်မြလက်ညှိုးထိုးနေတုန်းမှာပဲ ဦးဘသာကြီးက ဘာမပြောညာမပြောနဲ့ သူဝါးနေတဲ့ကွမ်းဖတ်တွေနဲ့ မရင်မြကို ထွေးထည့်လိုက်တယ်ဗျ၊ ကွမ်းဖတ်တွေရော၊ ကွမ်းတံတွေးတွေရော ဖွီးခနဲလွင့်ထွက်သွားပြီးတော့ မရင်မြကို စင်သွားတာပေါ့ဗျာ၊ မရင်မြက တစ်ကိုယ်လုံး ဓါတ်လိုက်သလို တုန်တက်လာတာဗျ၊ နောက်တော့ ခြေထောက်တွေ၊ လတ်တွေက တဆတ်ဆတ်ကိုတုန်နေတော့တာ၊ ခင်ဗျားတို့ ငှက်ဖျားတက်တဲ့လူကို မြင်ဖူးမယ်ဆိုရင် အဲဒီလိုပုံစံမျိုးနဲ့ တော်တော်တူတယ်ဗျ၊ ပြီးတာနဲ့ လေးဖက်ထောက်ကျသွားပြီး မြေပေါ်မှာ ကုန်းကုန်းကြီး တုန်ယင်နေတာပဲ၊ ဦးဘသာက မရင်မြကိုကြည့်လိုက်ပြီး
“နင့်အစွမ်းလောက်နဲ့ ငါ့ကိုလာမယှဉ်ချင်စမ်းပါနဲ့အေ”
ပြိးတော့ ကျုပ်ကိုကြည့်တယ်ဗျ။
“အလတ်ကောင်၊ လာဟေ့ . . သွားရအောင်”
“ဦး . . ဦးဘသာကြီး . . ကျုပ် . . ကျုပ်ထလို့မရ”
ကျုပ်ပါးစပ်က စကားတွေပြန်ထွက်လာတယ်၊ နောက်ပြီးတော့ လေးနေတာကြီးက ပေါ့သွားသလိုပါပဲဗျာ၊ ဒီတော့မှ ကျုပ်လည်း မဝံ့မရဲနဲ့ လက်လှုပ်ကြည့်တယ်၊ ကျုပ်လက်တွေပြန်လှုပ်လို့ရပြီဗျ၊ ဒါနဲ့ပဲ မတ်တပ်ထရပ်ပြီးတော့ ဦးဘသာကြီးအနားကို ဆင်းလာခဲ့တာပေါ့ဗျာ။
“ရော့ ကွမ်းအစ်ကိုင်ထား”
သူ့လက်ထဲက ကွမ်းအစ်ကြီးကို ကျုပ်ကိုလှမ်းပေးတာဗျ၊ ကျုပ်လည်း ကိုင်ဆိုတော့ ကိုင်လိုက်ရတာပေါ့ဗျာ။ ခင်ဗျားတို့သိတဲ့အတိုင်း သူ့ကွမ်းအစ်က စွမ်းတယ်မဟုတ်လား၊ ကျုပ်ကွမ်းအစ်ယူပြီးတော့ ဦးဘသာက လှည့်လိုက်ပြီးတော့
“ငါတို့သွားမယ်ကွာ၊ လာစို့”
ကျုပ်တို့နှစ်ယောက် ပွင့်နေတဲ့တံခါးကနေ အိမ်အပြင်ကိုထွက်ဖို့လုပ်တဲ့အချိန်မှာပဲ အဲဒီပွင့်နေတဲ့တံခါးက ဝုန်းခနဲသူ့လိုလိုပြန်ပိတ်သွားတယ်ဗျ၊
“တောက် . . .”
ဦးဘသာကြီးက တောက်တစ်ချက်ခေါက်ပြီး အနောက်ကိုပြန်လှည့်ကြည့်လိုက်တော့ မရင်မြက မတ်တပ်ရပ်နေပြီး ပြုံးနေတာဗျ။
“ဟင်း . . ဟင်း. . . ရှင်က ကျုပ်ကို ဒီလောက်နဲ့နိုင်နေပြီလို့ ထင်နေတာလား”
မျက်စောင်းကြီးခဲပြီးတော့ ပြောနေတာများ ကြောက်စရာကြီးဗျာ။ ပါးစပ်ကြီးကလည်း ပြုံးနေသေးတယ်၊ သူ့အပြုံးက ကျုပ်တို့ကိုတစ်ခုခုလုပ်တော့မယ်ဆိုတဲ့ အပြုံးမျိုးဗျ။ ပြီးတာနဲ့ သူ့ခေါင်းက ဆံထုံးကြီးကိုလက်နဲ့လျှိုပြီးတော့ ဆွဲဖြတ်လိုက်တာနဲ့ ရှည်လျားနက်မှောင်တဲ့ ဆံပင်တွေက အခွေလိုက်ကြီး ပြုတ်ကျလာတာပဲဗျာ၊ သူ့ဆံပင်တွေက သူ့ခြေဖျားလောက်အထိကိုရှိတာ၊ မရင်မြက ဆံပင်တွေကိုလက်တစ်ဖက်နဲ့သပ်လိုက်တော့ ခြေဖျားက ဆံပင်တွေက စုပြီးတော့ ထောင်တက်လာတာဗျ၊ ကျုပ်ဆိုကြည့်ရင်း မျက်လုံးတွေတောင်ပြူးထွက်လာတာ၊ ဆံပင်တွေက မြွေလိုဖြစ်ပြီးတော့ ပါးပျဉ်းထောင်ပြီး ပေါက်တော့မယ့်မြွေလို တလှုပ်လှုပ်နဲ့လုပ်နေသေးတာဗျ။
“ငါ့နာမည် ရင်မြတဲ့ဟေ့၊ နာဂဝံသ ရင်မြအကြောင်း နင်တို့ကိုပြရသေးတာပေါ့”
ဦးဘသာက နည်းနည်းတုန်လှုပ်သွားတဲ့ပုံပဲဗျ၊ ကျုပ်ဖြင့် ဦးဘသာအခုလို မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားတာကို မမြင်ဖူးဘူး၊ ကျုပ်လည်း ဦးဘသာအနားကို ကပ်လိုက်တာပေါ့။
“နာဂဝံသဆိုတော့ စွမ်းရဲ့လား ဦးဘသာရဲ့”
“အေးကွ၊ ငါ့ထက်စွမ်းတယ်”
ကျုပ်မှာရင်ထိတ်သွားတာပဲဗျာ၊ ဦးဘသာထက်စွမ်းတယ်ဆိုတော့ ဦးဘသာကြီးများ ရှုံးတော့မှာလားပေါ့၊ မတော်လို့ ရှုံးပြီး ကျုပ်တို့နှစ်ယောက် အနူဖြစ်သွားရင် ဘယ့်နှယ့်လုပ်မလဲဗျာ။ ကျုပ်ပူပန်သွားတာကို ဦးဘသာက သိတဲ့ပုံပါပဲ၊
“ဒါပေမယ့် မပူပါနဲ့ကွာ၊ ငါ့လောက်တော့မစွမ်းပါဘူး”
“ဦးဘသာစကားက ဘာစကားလဲဗျ၊ ကိုယ့်ထက်စွမ်းတယ်လည်းပြောတယ်၊ ကိုယ့်လောက်လည်းမစွမ်းဘူးဆိုတော့”
“အေးလကွာ၊ နာဂဝံသဆိုတာမျိုးက (၁၂) ကြိုးမြောက်တဲ့ စုန်းကွ၊ ငယ်ရင်မြွေနိုင် ကြီးရင် နဂါးတောင်နိုင်သတဲ့ကွ၊ ဒီတော့ စုန်းအမျိုးအစားအရဆိုရင် ငါ့ထက်စွမ်းတယ်ပေါ့ကွာ၊ ဒါပေမယ့် ငါ့လောက်မစွမ်းဘူးဆိုတာက ငါရရှိခဲ့တဲ့ ပညာအမွေတွေနဲ့ စာရင် သူတတ်ထားတဲ့ပညာက နည်းနည်းလေးကွ”
ကျုပ်တို့စကားပြောနေတုန်းမှာပဲ မရင်မြက စပြီးလှုပ်ရှားတော့တယ်။
“အဘိုးကြီး လေရှည်မနေနဲ့၊ ရှင့်ကိုအရင်လုပ်မယ်”
မရင်မြက သူ့ခေါင်းကြီးကို ခါလိုက်တာနဲ့ သူ့ဆံပင်ကြီးက ဦးဘသာဆီကို မြွေတစ်ကောင်ပျံဝင်လာသလို ပျံဝင်လာတာဗျ၊ ဦးဘသာကြီးက ကျုပ်နဲ့မလွတ်လို့ ကျုပ်ကိုတွန်းထုတ်လိုက်တော့် ကျုပ်လည်းအနောက်ကို ခြေလှမ်းယိုင်ပြီးတော့ ဆုတ်သွားတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ဦးဘသာရဲ့ခါးကို ဆံပင်တွေက ပတ်သွားတယ်ဗျ။ ဦးဘသာမျက်နှာကြီးမဲသွားပြီး နဖူးကနေချွေးတွေကျလာတာပေါ့။
“ဟင်း . . ဟင်း၊ ရှင့်ကိုကျုပ်မသတ်ပါဘူးအဘိုးကြီး၊ သေတာထက်ပိုဆိုးတဲ့ ဒုက္ခိတဘ၀ရောက်အောင် လုပ်ပေးမယ် . . ဟင်း . . ဟင်း”
ဦးဘသာခါးမှာ ပတ်ထားတဲ့ ဆံပင်တွေက သူ့အလိုလိုရစ်ပတ်ပြီးတော့ နောက်ထပ်တစ်ပတ်ထပ်ဖြစ်သွားတယ်ဗျာ၊ ပြီးတော့ ဆံပင်ထိပ်ဖျားကလည်း မြွေခေါင်းလိုမျိုးဖြစ်နေပြီး တစ်ပတ်ပြီးတစ်ပတ် ထပ်ပတ်နေတော့တာ၊ ပတ်ရုံတင်မကဘဲ အညှစ်ပါခံရတယ်ထင်ပါရဲ့ဗျာ၊ ဦးဘသာကြီး မျက်လုံးကြီးတွေပြူးလာပြီးတော့ ပါးတွေလည်းဖောင်းလာပါရော၊ ဒါပေမယ့် ဦးဘသာက ဘာမှပြန်မလုပ်သေးဘဲနဲ့ တစ်ခုခုကိုရွတ်ဖတ်နေတဲ့ပုံပဲ။
ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး၊ ကျုပ်က လွတ်နေတဲ့သူကိုး၊ ဒါနဲ့ ဘေးနားကိုရှာကြည့်လိုက်တော့ ဝါးရင်းတုတ်တစ်ချောင်းတွေ့တယ်ဗျ၊ ဘာတုတ်လဲတော့မသိပါဘူး၊ တုတ်ထိပ်ပိုင်းက မီးတွေစွဲထားသလို မီးသွေးဖြစ်နေတယ်။ ကျုပ်လည်း ကြံရာမရတာနဲ့ လက်တစ်ဖက် ကွမ်းအစ်ပိုက်ပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ တုတ်ကိုသေသေချာချာကိုင်ပြီးတော့ မရင်မြရဲ့ ခေါင်းကိုပြေးပြီးရိုက်ထည့်လိုက်တာပေါ့ဗျာ။
“ဖြောင်း . . .”
မရင်မြကလည်း အလစ်မို့လို့ မရှောင်လိုက်နိုင်ဘူးပေါ့၊ ဒါပေမယ့်ဗျာ၊ ကျုပ်က ရိုက်တဲ့လူ၊ သူကအရိုက်ခံရတဲ့သူဆိုပေမယ့် သူကဘာမှမဖြစ်ဘဲ ကျုပ်ကသာ ဖြောင်းခနဲမြည်ပြီး တစ်စုံတစ်ခုက ဆောင့်တွန်းလိုက်သလိုမျိုး အနောက်ကိုလွင့်ထွက်သွားတာဗျ၊ ကြမ်းပြင်ပေါ်ကျုပ်လဲကျပြီးတော့ ကွမ်းအစ်ကလည်း လက်ထဲကနေလွတ်သွားတာပေါ့ဗျာ၊ မရင်မြက ကျုပ်ကိုမျက်စောင်းခဲပြီး ကြည့်တယ်ဗျ။
“သေနာကောင်လေး၊ နင့်ကိုငါမသတ်ချင်လို့ လွှတ်ထားတာကို နင်ဘာမှတ်နေသလဲ”
မရင်မြပြောလိုက်ပြီးတော့ ဆံပင်တွေကို လက်နဲ့သပ်ချလိုက်တော့ ဆံပင်တစ်စုကကြမ်းပေါ်ကိုကျပြီး
အဲဒီဆံပင်က မြွေအနက်ရောင်ကြီးတစ်ကောင်ဖြစ်သွားပါရောဗျာ၊ မြွေက အရစ်အရစ်တွေနဲ့ အတော်ကိုကြောက်ဖို့ကောင်းတာ၊ ကျုပ်ဆီကိုတည့်တည့်လာနေတာပေါ့။ ကျုပ်ကိုပေါက်မယ့်ပုံစံ နဲ့လာတာပေါ့။ ကျုပ်လည်း သတိဝင်သွားပြီးတော့ ကြမ်းပေါ်ကျနေတဲ့ ကွမ်းအစ်ကိုလက်နဲ့လှမ်းဆွဲလိုက်တယ်ဗျ၊ ဒီအချိန်မှာပဲ ကျုပ်ကိုပေါက်မယ့်မြွေကြီးက မပေါက်ဘဲနဲ့ အနောက်ကိုဆုတ်သွားတာကို ကျုပ်သတိထားလိုက်မိတယ်၊ ကျုပ်ကွမ်းအစ်ကိုင်ထားတော့ မြွေကြီးက ကျုပ်နားကနေ ရစ်သီရစ်သီလုပ်နေတာဗျ။
“ဦးဘသာကြီး လုပ်ပါအုံးဗျ”
ဦးဘသာကိုလည်း ဆံပင်တွေက ပတ်နေတာ ရင်ခေါင်းတောင်ရောက်နေပြီဗျ၊ ဒီတော့မှ ဦးဘသာက သူ့အပေါ်ကို ရစ်ပတ်ပြီးတက်နေတဲ့ မရင်မြရဲ့ ဆံပင်ထိပ်ဖျားကို လက်နဲ့ဆုပ်ကိုင်လိုက်တယ်။ မရင်မြတစ်ချက်တုန်ခါသွားတယ်ဗျ။
“ငါ့ကို ကွမ်းညှပ်ပေးစမ်း”
ကျုပ်လည်း ကွမ်းအစ်အဖုံးကိုဖွင့်လိုက်ပြီး အထဲကနေ ကွမ်းညှပ်ကိုထုတ်လိုက်တယ်ဗျ၊ ကွမ်းညှပ်အသေးလေးက ထုံးတွေပေပွနေတာပဲဗျို့၊ ကျုပ်လည်း အဲဒီကွမ်းညှပ်ကို ဦးဘသာကြီးလက်ထဲကို လှမ်းထည့်ပေးလိုက်တော့ ဦးဘသာကြီးက ကွမ်းညှပ်ကိုဆွဲယူလိုက်ပြီး မရင်မြရဲ့ဆံပင်ကို ကွမ်းညှပ်နဲ့ညှပ်ထည့်လိုက်တော့တာပဲဗျာ။
“အား . . . အား . . .”
မရင်မြတစ်ယောက်အော်ဟစ်ပြီးတော့ ဦးဘသာကိုပတ်ထားတဲ့ ဆံပင်တွေကလည်း ပျော့ခွေကျသွားတယ်ဗျ။ ဦးဘသာက အသက်၀၀ရှူလိုက်ပြီး
“လုပ်စမ်းပါ နင့်ပညာနဲ့ ငါ့ကိုလုပ်လိုက်စမ်းပါ”
ပြောလည်းပြော၊ ဆံပင်ကို ကွမ်းညှပ်နဲ့ထပ်ညှပ်ပြန်ရော၊ ကွမ်းညှပ်ဆိုတာ ကတ်ကြေးလိုမထက်တော့ ဆံပင်မပြတ်ဘူးပေါ့ဗျာ။ ဒါပေမယ့်လည်း တုံးတိကြီးနဲ့ ကြိတ်လှီးနေသလိုဖြစ်နေတာပေါ့။ ကျုပ်နားက မြွေကြီးလည်း ဆံပင်ပြန်ဖြစ်သွားတယ်ထင်ပါရဲ့ဗျာ။
မရင်မြက အော်လိုက်တာ ငယ်သံကိုပါရောဗျာ၊ အော်လို့လည်းပြီးရော
“သေချင်းဆိုးကြီး၊ နင့်ကိုငါသတ်မယ်၊ နင့်ကိုငါသေအောင်သတ်မယ်”
ဦးဘသာကြီးက ခပ်ပြုံးပြုံးဖြစ်လာပြီဗျ။
“အောင်မယ်၊ နင်ကများငါ့ကို သတ်မယ်တဲ့၊ သတ်စမ်းဟာ၊ လာသတ်စမ်း”
ဦးဘသာက ကွမ်းညှပ်နဲ့ထပ်ညှပ်ပြန်ရော၊ ကျုပ်သတိထားမိသလောက် ကွမ်းညှပ်တစ်ချက်ညှပ်ပြီးတိုင်း မရင်မြက ပိုပြီးပျော့လာသလိုပဲဗျ၊ သူတော်တော်ခံစားနေရပုံရတယ်ဗျ၊ ဆယ်ချက်လောက်ညှပ်ပြီးတော့ မရင်မြက ကြမ်းပြင်ပေါ်မှာလူးလိမ့်နေတာပဲ၊ လက်နှစ်ဖက်ကို ဆန့်တန်းပြီးတော့ မြွေတစ်ကောင်လို တွန့်လိမ်နေတာဗျ။ သူ့ဆံပင်တွေကတော့ ဦးဘသာကြီးက ဆွဲထားတော့ တန်းလန်းကြီးပေါ့ဗျာ။
“မအေလိုးကြီး၊ သေချင်းဆိုးကြီး ကာလနာတိုက်ပြီးသေပေါစေ၊ လမ်းလျှောက်ရင်မြေကိုက်သေပါစေ၊ ကားစီးရင် ကားမှောက်သေပါစေ၊ လှေစီးရင်လှေမှောက်ပါစေ၊ စားသမျှထမင်း အပင်းဖြစ်ပါစေ . . .”
မရင်မြက ဆဲဆိုပြီးတော့ ကျိန်စာတွေတိုက်တော့တာပဲဗျို့၊ စုန်းမကျိန်စာဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်ဗျ၊ သူက တစ်ခုပြီးတစ်ခုပြောလေလေ ကျုပ်မှာနားထောင်ရင်း ကြက်သီးတွေထလာလေလေပဲ။ ဦးဘသာကတော့ အပြုံးမပျက်ပါဘူး
“အောင်မယ်၊ နင်ကအောက်ကလည်းနေသေး၊ လေကလည်းမြင့်နေသေးတယ်ပေါ့၊ ဒီတစ်ခါတော့ နင့်ဆံပင်တွေအကုန်ကုန်သွားအောင် ငါဖြတ်ထည့်လိုက်မယ်”
ဦးဘသာက ထပ်ညှပ်ပြန်ရောဗျို့၊ ဆယ်ခါလောက်လုပ်ပြီးတော့မှ မရင်မြတစ်ယောက် ပျော့ကျသွားတော့တာ၊ လက်နှစ်ဖက်ကို လက်အုပ်ချီပြီးတော့
“ကြောက်ပါပြီဆရာကြီး . . . မလုပ်ပါနဲ့ . . . ကျွန်မကိုချမ်းသာပေးပါ”
“ပြောအုံးလေ၊ ကျိန်စမ်းပါအုံးဟဲ့ နင်အရင်သေမလား၊ ငါအရင်သေမလားဆိုတာ ကြည့်ကြတာပေါ့”
ဦးဘသာက အလျှော့မပေးတော့ဘူးဗျ၊ ကွမ်းညှပ်ကြီးနဲ့ ဖိညှပ်နေတော့တာပဲ။ မရင်မြအသံက လူအသံနဲ့ကိုမတူတော့ဘူး၊ သတ်ခါနီးဝက်အသံလို စူးစူးဝါးဝါးနဲ့ အော်နေတော့တာပဲဗျာ၊ နောက်တော့ မျက်ရည်တွေဘာတွေကျလာတယ်။
“တောင်းပန်ပါတယ်ဆရာကြီးရယ် . . . ကျွန်မအပြစ်တွေကို ခွင့်လွှတ်ပေးပါ၊ ကျွန်မမှားပါတယ် . .”
မိန်းမတွေရဲ့လက်နက်က မျည်ရည်ဆိုတာ မှန်များမှန်သလားမသိဘူး၊ မရင်မြအဲဒီလိုပြောတော့မှ ဦးဘသာက ရပ်လိုက်တော့တာ။
“အေး၊ ကောင်းပြီလေ၊ ညည်းကိုသနားလို့ ဒီတစ်ခါတော့ ရှိပါစေတော့၊ နောက်နောင် ငါနဲ့ထပ်တွေ့မယ်ဆိုရင် ညည်းဆံပင်ကိုအကုန်ဖြတ်ပြီး ညည်းကို ကတုံးတုံးပစ်မယ်”
ဦးဘသာအသံက အမိန့်သံပါပြီး ဟိန်းနေတာပဲဗျာ၊ မရင်မြက ခေါင်းတညိတ်ညိတ်လုပ်တော့မှ ဦးဘသာက သူ့လက်ထဲမှာကိုင်ထားတဲ့ ဆံပင်တွေကို လွှတ်ချပေးလိုက်တယ်၊ မရင်မြက ဆံပင်တွေကိုလက်နဲ့ပြန်ဆွဲပြီး မျက်ရည်လေး တစမ်းစမ်းနဲ့ပေါ့။
“ပြောစမ်း၊ ဒီကောင်လေးနဲ့ ညည်းနဲ့ ဘာရန်ငြိုးရှိလို့ လုပ်တာလဲ”
“မ . . . မရှိပါဘူးဆရာကြီး၊ သူ့ကို လူတစ်ယောက်က ငွေနှစ်သိန်းပေးပြီးတော့ လုပ်ခိုင်းလို့ပါ”
ကျုပ်ဖြင့် ကျုပ်နားကိုတောင် ကျုပ်မယုံချင်တော့ဘူးဗျာ၊ ကျုပ်ကို လူတစ်ယောက်က နှစ်သိန်းတောင်ပေးပြီးတော့ လုပ်ခိုင်းတယ်တဲ့၊ နှစ်သိန်းဆိုတဲ့ငွေက အတော်များတာနော်၊ အဲဒီတုန်းက အများဆုံးထီဆုတောင်မှ ငါးသိန်းခေတ်လေ၊ ကျုပ်က အဲဒီလောက်တောင် တန်တယ်လား၊ ကျုပ်က နှစ်သိန်းတောင် တန်တယ်လား။
“အဲဒီလုပ်ခိုင်းတဲ့လူ ဘယ်သူလဲ ပြောစမ်း”
မရင်မြက ငိုယိုရင်း လက်အုပ်ချီတယ်။
“ဒါကတော့ မပြောပါရစေနဲ့ ဆရာကြီးရှင်၊ ကျွန်မကိုသနားတယ်ဆိုရင် ဆက်မမေးပါနဲ့တော့၊ အဲဒီလူက ဆရာကြီးနဲ့သိတဲ့လူပါပဲ”
ဦးဘသာကြီးက သူ့ခေါင်းပေါင်းထားတဲ့ သဘက်ကြီးကိုဖြုတ်ပြီး မျက်နှာတွေကိုသုတ်နေတယ်ဗျ၊ နောက်တော့ ခေါင်းကိုညိတ်လိုက်တယ်။
“အေးလေ၊ ထားလိုက်ပါတော့၊ ညည်းကိုငါပြောထားပြီးသားနော်၊ နောက်နောင်ညည်းနဲ့ထပ်မတွေ့ချင်ဘူး”
“ဟုတ်ကဲ့ပါဆရာကြီးရယ်၊ မှတ်ထားပါ့မယ်”
“အေး၊ ညည်းသူ့ကိုလုပ်ထားတာတွေရှိရင် အကုန်ပြန်ဖြုတ်ပေးလိုက်”
“လုပ်ထားတာ ဘာမှမရှိတော့ပါဘူးဆရာကြီး”
မရင်မြက ဦးဘသာကို အကြိမ်ကြိမ်ကန်တော့ပြီးတော့မှ ကျုပ်နဲ့ဦးဘသာလည်း သူတို့အိမ်ထဲကနေထွက်ခဲ့တာပေါ့ဗျာ၊ ကားချိန်နီးနေပြီမို့လို့ ကျုပ်တို့လည်း ကားဂိတ်ကို ခပ်သွက်သွက်လှမ်းလာခဲ့ကြတာပေါ့၊ ကျုပ်စိတ်ထဲတော့ တွေးမရတဲ့ အတွေးတစ်ခုက ဝင်နေခဲ့ပြီဗျ။ ကျုပ်ကိုနှစ်သိန်းပေးပြီး လုပ်ခိုင်းတာ ဘယ်သူလဲပေါ့ဗျာ။
ကားဂိတ်ရောက်တော့ ကားကထွက်တော့မယ်ဗျ၊ အဲဒီတုန်းက ဗိုက်ပူကြီးလို့ခေါ်တဲ့ လိုင်းကားကြီးတွေက ကျုပ်တို့ဖက်တော့ အိတ်စပတ်ကားပေါ့ဗျာ၊ ကားပေါ်ကခုံတွေမှာ အလုအယက်တက်ထိုင်ပြီးလိုက်လာကြရတာပေါ့။ ကျုပ်တို့တက်ပြီးမကြာပါဘူးဗျာ၊ ကားကလူတွေပြည့်သွားတာနဲ့ မောင်းထွက်လာခဲ့ပါရော။
တစ်လမ်းလုံး နှုတ်ဆိတ်နေတဲ့ ဦးဘသာကြီးကို ကျုပ်ကကြည့်နေမိတယ်ဗျ။
“ဒါနဲ့ မရင်မြက ဆံပင်တွေနဲ့ပတ်နေတုန်း ဦးဘသာကြီးက ဘာလို့ပြန်မလုပ်တာတုန်း”
ကျုပ်မေးလိုက်မှ ဦးဘသာကြီးက သတိဝင်သွားသလိုပဲဗျ။
“သူ့ဆံပင် ခုနစ်ပတ်ပတ်မိရင် အဲဒီလူက ရူးရင်ရူး၊ မရူးရင်သေ၊ မသေရင်လည်း နာတာရှည်ရောဂါရပြီး သေလုမြောပါးဖြစ်တတ်တယ်ကွ”
“ဒါဆိုဆံပင်မပတ်ခင်ကတည်း ကတစ်ခုခုလုပ်ပါလားဗျာ”
“ငါက သူ့အားနည်းချက်ကိုရှာနေတာကွ၊ သူတို့ပညာတွေက အစွမ်းသုံးတာများရင် အားနည်းလာတတ်တယ်၊ ငါ့ကိုပတ်ရင်း ငါးပတ်မြောက်မှာ မရင်မြအားနည်းလာတယ်၊ နောက်ပြီး ပိုဆိုးသွားတာက မင်းက တံစူးဝါးကြီးနဲ့ သူ့ကိုပိတ်ရိုက်လိုက်တော့ သူက ပိုပြီးအထိနာသွားတယ်ဆိုပါတော့ကွာ”
“ဗျာ . . . ကျုပ်ကိုင်လိုက်တာ တံစူးဝါးတဲ့လား”
“အေးလေ၊ မသာလောင်းတွေ မီးရှို့ရင် မြန်မြန်မီးလောင်အောင်လို့ အဆီပြင်တွေကို ထိုးဖောက်ရတယ်မဟုတ်လား၊ အဲဒီ ဝါးပေါ့ကွာ”
ကျုပ်လည်း အခုမှသတိထားမိတာဗျ၊ ဝါးရင်းတုတ်ထိပ်နားက မီးလောင်နေတယ်ဆိုတာ အဲဒီအဆီပြင်တွေကို ထိုးခွဲထားရင်း မီးစွဲသွားလို့များလား၊ ဝါးလုံးကြီးက တံစူးဝါးမှန်းသိတဲ့ကျုပ်က ကျုပ်လက်ကို ကျုပ်မသတီတော့ဘူးဗျ၊ ဒါနဲ့ ဝတ်ထားတဲ့ပုဆိုးကြမ်းနဲ့ အချက်နှစ်ဆယ်လောက် ပွတ်ထည့်လိုက်မိတာပါပဲဗျာ။
ကားကြီးက မြိုင်သာကနေ အိပဲ့အိပဲ့နဲ့ထွက်လာရင်း ကျုပ်တို့မွေးရပ်မြေနဲ့ တဖြည်းဖြည်းဝေးလာခဲ့ပြီဆိုပါတော့ဗျာ။
ပြီးပါပြီ။
အဂ္ဂဇော်
Leave a Reply