ကိုလက်နဲ့ယူထည့်တယ်၊ ပြီးတော့ အရှေ့က အုပ်ကလေးကိုဖွင့်ပြီး အုပ်ထဲကနေ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းတွေထည့်တယ်၊ နောက်တော့ လျက်ဆားဘူးအကြီးကြီးကိုဖွင့်ပြီးတော့ အထဲလျက်ဆားတွေကို ဇွန်းနှစ်ဇွန်းစာလောက်ခပ်ထည့်ပြီး ခုနကထည့်ထားတဲ့ ကြက်သွန်နီတွေအပေါ်ကိုဖြူးလိုက်တယ်ဗျ၊ ပြီးတော့ သံပုရာစိတ်လေးနှစ်စိတ်ယူလာပြီး ကျုပ်တို့စားပွဲမှာလာပြန်ထိုင်တယ်။
ရေမဆေးထားတဲ့ သူ့လက်နဲ့သံပုရာရည်တွေကို ပန်းကန်ထဲကိုညှစ်ချပြီးတော့ အဲဒီလက်နဲ့ပဲ ကြက်သွန်တွေကို မွှေပြီးနယ်တယ်ဗျာ၊ ပြီးတော့ သူ့လက်တွေကိုတောင် သူလျက်နေသေးတာ၊ မကြာပါဘူး အရက်ဆိုင်က ကောင်လေးက အရက်နှစ်ပုလင်းလာချတယ်၊ ရေတစ်ပုလင်းလည်းပါသေးတယ်၊ ပြီးတော့ ဇွန်းကလေးတစ်ချောင်းလည်းပေးတယ်၊ ကိုအေးက သူ့လျက်ဆားသုပ်ပန်းကန်အရှေ့ကိုတိုးပေးပြီးတော့
“ရော့ မြည်းကြည့်ပါအုံးကွ”
“ဟာဗျာ၊ အရက်နဲ့လျက်ဆားနဲ့ ဘာဆိုင်လို့လဲ သေကုန်အုံးမယ်”
“ဟား၊ ဟား မင်းမစားဖူးသေးလို့ပါကွ၊ နေအုံး၊ တစ်ကျိုက်လောက်အရင်မော့လိုက်စမ်းကွာ”
ကျုပ်လည်း ဒန်နဲ့လုပ်ထားတဲ့ပိန်လိန်နေတဲ့ခွက်ထဲကို အရက်နည်းနည်းငှဲ့ထည့်လိုက်တယ်၊ ပြီးတော့ ရေပုလင်းထဲက ရေထည့်ပြီးရောပြီး တစ်ကျိုက်မော့လိုက်တာပေါ့ဗျာ၊ သူတို့အရက်က ပြင်းလိုက်တာဗျာ၊ သူတို့ရဲ့ရေထိုးထားတဲ့အရက်က ကျုပ်တို့ရွာက ဦးတရုတ်ကြီးရဲ့ ရေမထိုးရသေးတဲ့အရက်လောက်ကိုပြင်းတာ၊ ကျုပ်သောက်ပြီး လျှာခါးသွားတုန်း ကိုအေးက ကျုပ်ကိုလျက်ဆားသုပ်တစ်ဇွန်းခွံ့တယ်။
“စားကြည့်စမ်းပါကွ”
ကျုပ်လည်း ငြင်းမရတော့တာနဲ့ လျက်ဆားသုပ်ကိုစားလိုက်တာပေါ့ဗျာ၊ စားတုန်းကတော့ ဘယ်လိုအရသာကြီးလဲပေါ့၊ နောက်တော့မှ အရသာကတဖြည်းဖြည်းတက်လာတာဗျ၊ အရည်ရွမ်းတဲ့ကြက်သွန်ရယ်၊ ပြီးတော့ လျက်ဆားငံငံရယ်၊ သံပုရာသီးချဉ်ချဉ်ကလေးနဲ့ ငရုတ်သီးစိမ်း စပ်စပ်ကလေးဆိုတော့ ဘယ်လိုစားကောင်းမှန်းမသိဘူးဗျာ၊ လျက်ဆားကတော့ ဇာပျံလေးလို ငံငံပဲဗျ။ အရက်ကြောင့် ခါးထားတဲ့ပါးစပ်တွေရှင်းပြီး ပါးစပ်ကိုပေါ့သွားတာပဲဗျာ။ ကျုပ်မျက်နှာကို ကိုအေးကကြည့်ပြီးတော့
“ဘယ်လိုလည်း စားလို့ကောင်းတယ်မဟုတ်လားကွ”
ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်။
“ဟား၊ ဟား စားထားကွ၊ နောက်ဆို မြင်းဇာကပြန်ရင် လျက်ဆားကိုလွမ်းနေအံးုမယ်၊ ဟား၊ ဟား”
ကျုပ်ကသာ ရေရောသောက်ပေမယ့် ကိုအေးက ရေတောင်မရောပါဘူးဗျာ၊ အရက်သောက်လိုက် လျက်ဆားသုပ်စားလိုက်နဲ့ပေါ့၊ ကျုပ်လည်း သောက်ရင်းသောက်ရင်း အဲဒီလျက်ဆားသုပ်ကိုကြိုက်လာတယ်၊ ခုတောင်ပြန်ပြောနေရင်း သွားရည်တွေကျတယ်ဗျာ။
တစ်ပိုင်းလောက်ကုန်တော့ လူကလည်းထွေထွေကလေးဖြစ်လာပြီလေဗျာ၊ အဲဒီမှာ စကားနည်းတဲ့ကိုအေးတစ်ယောက် ချက်ချင်းပြောင်းလဲသွားတာပဲ၊ စကားတွေပြောလိုက်တာ စုံလို့ဗျာ။
“ကျုပ်ကတော့ ကိုအေးအရက်သောက်တတ်မှန်းတောင် မသိဘူးဗျာ”
“ငါကအရင်က ချတယ်ကွ၊ ငါ့ယောက္ခမက ငါ့ကိုတရားဟောထားလို့ မချဖြစ်တာကြာပြီ”
“ဟာ၊ ဖြစ်ပါ့မလား၊ ကျုပ်နဲ့ပေါင်းလို့ ခင်ဗျားအရက်သမားဖြစ်သွားတယ်ဆိုပြီး ပြောနေအုံးမယ်”
“စိတ်ချပါကွ၊ ငါ့လစ်မစ်ငါသိပါတယ်၊ အရက်သောက်ပြီးတော့ မြစ်ထဲရေဆင်းချိုးမယ်ကွာ၊ မြစ်ရေအေးအေးနဲ့ဆို အမူးပြေရောပေါ့၊ ပြီးတော့မှ မာလကာရွက်နုလေးဝါးပြီး အိမ်ပြန်တာပေါ့ကွာ၊ မဟုတ်ဘူးလား”
ကျုပ်က အတော်ထွေနေပေမယ့် ကိုအေးကတော့ ပုံမှန်ပဲဗျ၊ ကျုပ်လည်းအဖော်ရှိတာနဲ့ ကစ်တာပေါ့ဗျာ။
(၂)
သောက်ရင်းအရှိန်ရလာတော့ ကိုအေးနဲ့ကျွန်တော်ပုခုံးချင်းတောင်ဖက်နေကြပြီဗျ၊ အရင်ကထက်လည်း အတော်ခင်သွားတယ်၊ ယောက်ျားလေးဆိုတာ အရက်ဆိုင်ရောက်ရင် ပိုခင်တတ်တယ်ဆိုတာ ဟုတ်မှာဗျ။
“သောက်၊ သောက် ယောက်ဖကြီးသောက်”
ကျုပ်ခွက်ထဲကို အရက်တွေငှဲ့ထည့်ပေးတာဗျာ၊ ငှဲ့နေရင်း အရက်တစ်လုံးက ကုန်သွားရော။
“ဟာ၊ အရက်ကုန်သွားပြီ၊ ပေးစမ်းနောက်တစ်လုံး”
“ချချ ယောက်ဖကြီး၊ ရေရောရင် အသေစောတယ်တဲ့ကွ၊ ရေမရောဘဲ ဆော်စမ်းပါ၊ မင်းကလည်း ယောက်ျားမဟုတ်တာကျနေတာပဲ”
“နေပါအုံး ကိုအေးရ၊ ကိုအေးကျုပ်ကိုဘယ်လိုခေါ်လိုက်တာလဲ”
“ယောက်ဖကြီးလို့ ခေါ်လိုက်တာလေကွာ”
“ဟာဗျာ၊ ကိုအေးကနည်းနည်းထိန်းအုံးမှပေါ့ဗျာ၊ သူများကြားရင် မကောင်းဘူးလေ”
ကိုအေးက ကျုပ်ကိုပြုံးပြီးကြည့်္တယ်၊ နောက်တော့ ကျုပ်ပါးကိုလက်နဲ့ရိုက်ပြီး
“ဟေ့ကောင်၊ မင်း ငါ့ခယ်မကိုကြိုက်နေတာ ငါမသိဘူးထင်လို့လား”
ကျုပ်ဖြင့်ထူပူသွားတာပဲဗျာ၊ သူတို့ကဘယ်လိုလုပ်ပြီးတော့ သိနေကြတာပါလိမ့်။
“မ . . မဟုတ်ပါဘူးဗျာ၊ ကိုအေးကလည်း လျှောက်ပြောနေပြန်ပါပြီ”
“အောင်မာ၊ မင်းတို့ဘယ်အဆင့်အထိရောက်နေတယ်ဆိုတာ ငါသိတယ်ကွ၊ ဟိုနေ့က မင်းနဲ့နှင်းကြည်နဲ့ မီးဖိုချောင်ထဲ အာဘွားပေးကြတယ်ဆို”
အရက်သောက်နေတဲ့ကျုပ်တောင်မှ အရက်ကိုမြိုချရမယ့်အစား ယောင်ပြီးတော့ ဖွီခနဲထွေးမိသွားတယ်၊ ကျုပ်တို့အရှေ့က ထိုင်နေတဲ့ဝိုင်းကလူနောက်ကျောကို အရက်တွေစင်ကုန်တာပေါ့ဗျာ၊ အဲဒီလူက လှည့်ပြီး ဘုကြည့်ကြည့်တာနဲ့ ကျုပ်လည်း လက်ဟန်ခြေဟန်နဲ့တောင်းပန်လိုက်ရတာပေါ့ဗျာ။
“ကိုအေးကတော့ လုပ်ပြီ၊ ခင်ဗျားကို ဒီအကြောင်းဘယ်သူပြောသလဲ”
“ငါ့သားက ညညဆိုငါ့ကိုအကုန်ပြောပြပြီးသား၊ ငါကတော့မင်းကိုကြိုက်တယ်၊ သားရေပေါ်အိပ် သားရေနားစားလုပ်ချင်တဲ့ မင်းရဲ့စိတ်ဓါတ်ကိုချီးကျူးတယ်”
ကျုပ်ကိုမြှောက်တာလား၊ တမင်နှက်တာလားတော့ မသိဘူးဗျာ။
“တိုးတိုးပြောပါ ကိုအေးရာ၊ အခုကျုပ်တို့က ရွာထိပ်မှာနော်ဗျ၊ ရွာသားတွေကြားရင်မကောင်းဘူး”
“တိတ်စမ်းပါကွာ၊ ဒီရွာက ဘယ်သူ့ကိုမှ ငါဂရုမစိုက်ဘူးကွ”
အဲဒီလိုပြောပြီး ကိုအေးမတ်တပ်ထရပ်လိုက်တယ်။ ပြီးတော့ အသံအကျယ်ကြီးနဲ့
“ဟေ့ကောင်တွေ၊ အားလုံးမှတ်ထားကြစမ်း၊ ဟောဒီက ကောင်လေးက ငါ့ခယ်မနှင်းကြည်နဲ့ကြိုက်နေတာကွ၊ မကြာခင်ယူတော့မှာ၊ အခုကစပြီး သူ့ကို ငါ့ရဲ့ယောက်ဖလို့ မင်းတို့သတ်မှတ်ရမယ်”
ဆိုင်ထဲကလူတွေဝိုင်းကြည့်တာနဲ့ ကျုပ်လည်း ကိုအေးကိုဆွဲထိုင်ခိုင်းပြီး ဖက်ထားရတာပေါ့ဗျာ။ ဒီလိုနဲ့ဆက်သောက်ရင်း သုံးပုလင်းကုန်သွားတော့ ကိုအေးက တစ်မျိုးပြောင်းသွားပြန်ရောဗျာ၊ အရက်ခွက်ကလေးကို ခေါင်းငုံ့ကြည့်ပြီးတော့ မှိုင်ပြီးထိုင်နေတယ်၊ ခုနက သွေးဆိုးနေတဲ့ ကိုအေးက ငြိမ်ကျသွားတယ်။ ပြီးတော့ မျက်ရည်တွေစီးကျလာတယ်။
“ဟာ၊ ကိုအေးဘာဖြစ်တာလဲ”
“ငါမပျော်ဘူး ယောက်ဖရာ၊ ငါနေရတာ မပျော်တော့ဘူးကွ”
ကိုအေးက ပြောရင်း တဟီးဟီးနဲ့ငိုပါရောဗျာ၊ ဆိုင်ကလူတွေဝိုင်းကြည့်ကြတာ ရှက်စရာကြီး၊ ကိုအေးက ကျွန်တော့်ကိုဖက်လိုက်သေးတယ်။
“မင်းပဲစဉ်းစားကြည့်ကွာ၊ ဒီလိုအထက်လမ်းဆရာကြီးရဲ့သမက်ဖြစ်ရတယ်ဆိုပြီး လူတကာက ဂုဏ်ယူစရာကောင်းတယ်လို့ထင်ကြပေမယ့် ငါကတော့ ဂုဏ်မယူနိုင်ဘူး၊ တစ်နေ့တစ်နေ့ သူတို့ခိုင်းတဲ့အတိုင်းပဲလုပ်နေရတာကွ၊ မနက်မိုးလင်းတာနဲ့ ယာခင်းထဲဆင်း၊ ညနေယာခင်းထဲကပြန်ပြီး တန်းအိပ်နဲ့ ငါ့ဘ၀ကဘာလဲကွ”
ကိုအေးပြောလည်းပြောချင်စရာပဲ။
“ငါလည်းလူပဲကွာ၊ တကယ်တော့ လူလိမ္မာဆိုတဲ့ ဂုဏ်ပုဒ်က လူကြားပဲကောင်းတာ ဘာမှအနှစ်သာရမရှိဘူး၊ ငါသောက်ချင်တဲ့ ဟောဒီအရက်ကိုလည်း စွန့်လွတ်ထားရတာကြာပြီ၊ ကြက်ဆိုလည်း ဟင်းခွက်ထဲပဲမြင်ရတော့တာ၊ အပေါင်းအသင်းတွေနဲ့မပျော်ရတာလည်းအတော်ကြာပြီကွ၊ ယောက်ဖရာ ငါ့ဘ၀ကြီးအဖြစ်ဆိုးတာကို မင်းနားလည်နိုင်မလားကွာ”
ကိုအေးက ငိုချင်းချရောဗျို့၊ ပြီးတော့ ကျုပ်ကိုရုပ်တည်ကြီးနဲ့ကြည့်ပြီးတော့
“ဒါကြောင့် မင်းလည်းနှင်းကြည်ကိုမယူနဲ့”
“ဗျာ . . . ခုနကပဲ ယောက်ဖဆို”
“မင်းကိုစေတနာနဲ့ပြောတာ၊ သူ့ကိုယူရင် မင်းလည်းငါ့လိုမျိုး နွားဇတ်သွင်းခံရမှာပဲ၊ လူလိမ္မာဆိုတဲ့တံဆိပ်ကပ်ပြီး သူတို့ခိုင်းတာပဲ တစ်သက်လုံးလုပ်သွားရမှာပဲ၊ ဒါကြောင့် နှင်းကြည်ကိုမယူနဲ့၊ ကိုယ့်ရွာကိုယ်ပြန်”
အရက်သမားဆိုတော့လည်း စကားက အမျိုးမျိုးပေါ့ဗျာ၊
“ကိုအေး၊ ခင်ဗျားကြည့်္ရတာ တော်တော်မူးနေပြီ၊ ပြန်ကြစို့ဗျာ”
“ဒီလောက်နဲ့ ဘာမှမဖြစ်သေးပါဘူးကွာ၊ ငါ့လစ်မစ်ငါသိပါတယ်ကွ”
သောက်ရင်းသောက်ရင်းနဲ့ တဖြည်းဖြည်းပျော်လာတယ်ဗျ။ ကိုအေးနဲ့ကျုပ်နဲ့ ပုခုံးဖက်ပြီး သီချင်းတွေချည်းဆိုတော့တာ၊ သူလည်း သူရတဲ့သီချင်းသူဆိုတယ်၊ ကျုပ်လည်း ကျုပ်ရတဲ့သီချင်း ကျုပ်ဆိုတာပေါ့ဗျာ၊ ကျုပ်တို့အရှေ့က ဝိုင်းကတော့ ကျုပ်တို့ကိုတော်တော်မြင်ပြင်းကပ်နေပြီဗျ။
“ဟေ့ကောင်တွေ၊ သီချင်းဆိုချင်ရင် ကိုယ့်အိမ်ကိုယ်ပြန်ဆိုကြစမ်း၊ ဒါမင်္ဂလာဆောင်မဟုတ်ဘူး”
ကိုအေးက ဒီလူတွေကို မိုက်ကြည့်ပြန်ကြည့်တယ်ဗျ၊ ဒီတော့ ကျုပ်ကပဲ သူ့ကိုတားရတာပေါ့ဗျာ၊ ဟိုလူတွေကြည့်ရတာ ဗလကောင်းကောင်း တောင့်တောင့်တင်းတင်းငါးယောက်ဗျ၊ ကျုပ်တို့က နှစ်ယောက်ထဲလေ၊ သွားစွာလို့မရဘူးပေါ့။
ကိုအေးက သီချင်းသံတိတ်သွားတယ်ဗျ။ နောက်တော့ အကျယ်ကြီးမဆိုတော့ဘဲ တိုးတိုးလေးညည်းနေရင်း အရှေ့ဝိုင်းမှာ ဘာမပြောညာမပြောနဲ့ အရက်ပုလင်းလွတ်တစ်လုံးကောက်ပြီးတော့ အရှေ့ဝိုင်းမှာထိုင်နေတဲ့လူကို လှမ်းပစ်ထည့်လိုက်တာဗျာ၊ အရှေ့ဝိုင်းကလူရဲ့ နောက်စေ့ကိုပုလင်းကမှန်ပြီးတော့ ဟိုလူတွေလည်း ဒေါသထွက်ထွက်နဲ့ မတ်တပ်ထရပ်တာပေါ့။ ကျုပ်လည်း လန့်ပြီးမတ်တပ်ရပ်လိုက်တော့ ကျုပ်ဘေးမှာ ကိုအေးမရှိတော့ဘူးဗျ။
“ဟာ . . . ကိုအေး”
ကျုပ်ကျီးကန်းတောင်းမှောက်ရှာနေတုန်း ကိုအေးက ဆိုင်၀ကိုရောက်နေပြီဗျ။ လက်ထဲမှာလည်း ဖိနပ်နှစ်ဖက်ကိုင်လို့ဗျ။
“ယောက်ဖရေ၊ ပြေးတော့ . . .ပြေးတော့ဟေ့”
ကိုအေးက ပြောတော့ကျုပ်လည်း ပြေးဖို့လုပ်ပါရောဗျာ၊ ဒါပေမယ့် အရက်မူးနေတော့ ခြေထောက်တွေက ခွေနေတယ်ဗျ၊ ကျုပ်ပြေးဖို့အလုပ်မှာပဲ အနောက်ကလူက ကျု့ပ်အင်္ကျီကိုဖမ်းဆွဲထားတော့ မပြေးသာတော့ဘူးပေါ့၊ ကိုအေးကတော့ ဆိုင်အပြင်ကိုပြေးအထွက်မှာ ဆိုင်အဝင်၀က သစ်လုံးတိုင်ကြီးနဲ့ ခေါင်းနဲ့ဒုန်းခနဲတိုက်ပြီး ပက်လက်လှန်လဲကျသွားပါရောဗျာ၊ ဒါနဲ့ပဲဆိုင်မှာ ထိုးပွဲကြိတ်ပွဲတွေဖြစ်ကုန်တော့တာပေါ့ဗျာ၊ ဆိုင်ရှင်က တောင်းတောင်းပန်ပန်နဲ့ ဝင်ဆွဲလို့သာ ကျုပ်တို့နှစ်ယောက်မသေတာဗျ။
“တော်ပြီကွာ၊ မင်းတို့က အရက်လာသောက်တာမဟုတ်ဘူး ပြဿနာလာရှာတဲ့ကောင်တွေ၊ သွားတော့”
ဆိုင်ရှင်မောင်းထုတ်တော့ ကျုပ်နဲ့ကိုအေးလည်း တစ်ယောက်ပုခုံးတစ်ယောက်ဖက်ရင်း သီချင်းဆိုပြီးတော့ အိမ်ပြန်လာခဲ့တာပေါ့ဗျာ။
“အချစ်ဆုံးရေ . . . အသည်းလေးရေ”
ကိုအေးက အော်ပြီးခြံထဲဝင်သွားတော့ မခင်ကြည်ရော တစ်အိမ်လုံးရော ထွက်ကြည့်္ကြတယ်ဗျ၊ ကျုပ်နဲ့ကိုအေးနဲ့ နှစ်ယောက်စလုံး တစ်ကိုယ်လုံးဖုန်အလိမ်းလိမ်းနဲ့၊ ပြီးတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ဗျာ၊ နှစ်ယောက်လုံးကလည်း တော်တော်ယိုင်နေတာဗျ၊ တစ်ယောက်နဲ့တစ်ယောက်မလဲကျအောင်လို့ မနည်းတွဲထားရတာ။
“ဟောတော်၊ ကိုအေး၊ ရှင်ဘယ်လိုလုပ်တာလဲ”
“ဟေ့ . . . ငါကမင်းကိုဘာလုပ်ရသေးလို့လဲကွ”
“ရှင်အရက်တွေသောက်ပြန်ပြီလား၊ ဒုက္ခပါပဲရှင် အဖေသိရင်တော့ မိုးမီးလောင်တော့မယ်”
မခင်ကြည်ပြောနေတုန်းရှိသေးတယ်၊ ဘုရားရှိခိုးနေတဲ့ ဦးအောင်ရှိန်ကဆင်းလာတယ်ဗျ၊ ကျုပ်တို့နှစ်ယောက်စလုံးကို ဒေါသမျက်လုံးတွေနဲ့ကြည့်နေတာ။
“ဟိတ်ကောင်တွေ၊ မင်းတို့အရက်သောက်လာတယ်ဆိုရင် ငါ့အိမ်ရိပ်ကိုမနင်းနဲ့ကွ”
ကိုအေးကလည်း မရဘူးဗျာ။
“အောင်မာ၊ ယောက္ခမကြီးက ယောက္ခမအာဏာပြတယ်ပေါ့ဟုတ်လား၊ ရတယ်၊ ကျုပ်ကိုအိမ်ပေါ်ကနှင်ချတယ်ဆိုရင် ကျုပ်မှာလည်း သားနဲ့မယားနဲ့၊ မိသားစုနဲ့ရှိတယ်၊ ကျုပ်တို့အိမ်ခွဲနေမယ်”
မခင်ကြည်က ကိုအေးအနားကိုကပ်လာပြီးတော့
“ကိုအေးရာ ရှင်မူးမူးနဲ့ဘာတွေပြောနေတာလဲ”
“မူးမူးနဲ့ပြောတာမဟုတ်ဘူးကွ၊ မမူးခင်ကတည်းက ပြောချင်နေတာ၊ ငါတော့ မင်းအဖေကြီးက ငါ့ကိုသူ့အိမ်မှာနေတယ်ဆိုပြီး ဒါမျိုးလာချိုးလို့မရဘူး၊ ငါ့ကိုအိမ်ပေါ်ကနှင်ရင် ငါလည်းအိမ်ပေါ်ကဆင်းမယ်၊ မင်းလည်းငါ့နောက်လိုက်ခဲ့ရမယ် ဒါပဲ”
ဦးအောင်ရှိန်က တော်တော်စိတ်ပျက်သွားပုံရတယ်ဗျ၊ ကိုအေးကိုတစ်ချက်မျက်စောင်းထိုးလိုက်ပြီးတော့
“ဟဲ့ခင်ကြည်၊ ဒီကောင်တွေအိမ်ပေါ်ကိုတက်မလာစေနဲ့”
အဲဒီလိုပြောပြီးတော့ အိမ်ပေါ်ကိုဒေါသတကြီးနဲ့ ခြေဆောင့်ပြီးတက်သွားပါရော၊ ကျုပ်တို့လည်း လဲကျတော့မလိုဖြစ်နေတာနဲ့ ကွပ်ပျစ်ပေါ်မှာ ထိုင်ချလိုက်ရတယ်။
“ယောက်ဖကြီး၊ ခင်ဗျား အခုလိုပြောတာတော့လွန်တယ်”
ကျုပ်ပြောတော့ ကိုအေးက ကျုပ်ကိုထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်တယ်။
“မင်း . . . မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲဟေ့ကောင်”
“ယောက်ဖကြီးလို့ခေါ်လိုက်တာလေ၊ ခုနက အရက်ဆိုင်မှာပြောတော့ ကျုပ်ကိုယောက်ဖလို့ပဲခေါ်မယ်ဆို”
“တောက်၊ သားရေပေါ်အိပ်သားရေနားစားချင်တဲ့ကောင်၊ ကဲကွာ”
ကိုအေးက ဘာမပြောညာမပြော ကျုပ်မျက်နှာကိုလက်သီးနဲ့ထိုးတော့တာပဲ၊ ကျုပ်လည်း လက်သီးချက်မိပြီးတော့ ကွပ်ပျစ်ပေါ်လဲကျသွားရာကနေ ပြန်မထနိုင်တော့ဘဲ မျက်လုံးတွေစင်းပြီး အိပ်ပျော်သွားတာပေါ့ဗျာ။
(၃)
“ဝုန်း”
အိပ်နေရင်း ငလျင်လှုပ်သလိုလှုပ်သွားတာနဲ့ ကျုပ်လည်းလန့်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တယ်၊ ကျုပ်က ကွှပ်ပျစ်ပေါ်မှာဗျ၊ အနားမှာလည်း ကိုအေးက ငုတ်တုတ်ထိုင်နေတယ်၊ ကျုပ်ကမန်းကတမ်းထလိုက်တော့မှ မခင်ကြည်က အဝတ်အစားထုပ်ကြီးကို ကွပ်ပျစ်ပေါ်ကို ပစ်ချလိုက်တာပဲဗျို့။
“ဒီမယ်ကိုအေး”
“ခင် . . ခင်ကြည်”
ကိုအေးအသံက သူ့နဂိုညောင်နာနာအသံဖြစ်သွားတယ်ဗျာ။
“အခုမှခင်ကြည်တွေဘာတွေလုပ်မနေနဲ့၊ ဟောဒီမှာရှင့်ရဲ့အဝတ်အစားတွေ၊ အခုယူသွားပြီး ရှင်ကြိုက်တဲ့နေရာကိုဆင်းပေတော့”
“မလုပ်ပါနဲ့ခင်ကြည်ရာ၊ ငါမူးသွားလို့ပါကွ”
“မူးတာတွေ မမူးတာတွေမပြောနဲ့၊ ရှင်ကျွန်မကိုစော်ကားတာကို ကျွန်မကလက်ခံရင်ခံမယ်၊ ကျွန်မအဖေကို စော်ကားတာကိုတော့ ကျွန်မလက်မခံဘူး၊ ရှင်အိမ်ခွဲနေမယ်လို့ပြောတယ်မဟုတ်လား၊ ရော့အထုပ်၊ ရှင်ကြိုက်တဲ့နေရာကိုသာ ကြွတော့”
ကိုအေးက ခြံထဲကနေထွက်သွားတယ်ဗျ၊ ကျုပ်လည်းဘာလုပ်ရမှန်းကိုမသိတော့ဘူး၊ အဲဒီပြဿနာက ကျုပ်ကနေစတာမဟုတ်လား၊ မခင်ကြည်က ကျုပ်ကိုလက်ညှိုးထိုးပြီးတော့
“နင်လည်းအလိုတူအလိုပါပဲ၊ ငါ့ယောက်ျားအေးအေးနေတာကို အရက်ဆိုင်ခေါ်ပြီး ဖျက်ဆီးတဲ့ကောင်၊ နင်ပါလိုက်သွား”
ကျုပ်လည်း ဦးဘသာကိုတစ်ချက်ကြည့်ပြီးတော့ ကုပ်ချောင်းချောင်းနဲ့အိမ်ပြင်ထွက်ခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ ကျုပ်ကိုကြည့်ရင်း လှောင်ပြုံး၊ ပြုံးလို့ဗျ။
“ကိုအေး၊ ကိုအေး ကျုပ်ကိုစောင့်ပါအုံး”
ထွက်သွားတဲ့ကိုအေးအနောက်ကို ဘုမသိဘမသိနဲ့လိုက်သွားရတာပေါ့ဗျာ၊ ကိုအေးက အတော်အေးတဲ့လူဆိုပေမယ့် အခုတော့ အတော်ဒေါသထွက်နေလို့ဗျ။
“သိကြသေးတာပေါ့ အဘိုးကြီးရာ၊ ဒီတစ်ခေါက်တော့ အတော်ပဲဟေ့၊ အခွင့်သင့်တုန်း ငါ့ဖာသာငါ ဒင်းတို့အိမ်ရှေ့မှာ အိမ်တစ်လုံးဆောက်နေမယ်၊ ခင်ကြည်ငါ့ကို မပြတ်နိုင်ပါဘူးကွာ”
“ဖြစ်ပါ့မလားကိုအေးရာ၊ တော်ကြာ ကိုအေးကိုတကယ်ပြတ်သွားတော့ ဘယ့်နှယ့်လုပ်ပါ့မလဲ”
“ဟား၊ ဟား ပြတ်သွားတော့လည်း ငါကဝမ်းနည်းစရာလားကွ၊ သူတို့အိမ်ရှေ့မှာတင် နောက်မိန်းမယူပြီး ငါ့အိမ်ပေါ်ခေါ်တင်ထားပြလိုက်မယ်၊ ဘာမှတ်နေလဲ”
ကိုအေးက ရွာထိပ်ဘက်ကို သွားနေတာမို့ ကျုပ်လည်းသူ့နောက်လိုက်ခဲ့ရတာပေါ့ဗျာ။
“ကိုအေးက နောက်မိန်းမယူမယ်လို့သာပြောနေတာ၊ ဘယ်မလဲဗျ အိမ်က”
“ငါသိပါတယ် အလတ်ကောင်ရာ၊ ဒါကြောင့်လည်း ငါ ဦးပွတို့ဆီကိုသွားနေတာပေါ့ကွ”
ကိုအေးနဲ့ကျုပ်နဲ့လမ်းလျှောက်လာရင်း ရွာစွန်လောက်ရောက်တော့ ခြံအကျယ်ကြီးတစ်ခုကိုတွေ့တယ်ဗျ၊ ရွာစွန်ဆိုတာ မြို့နဲ့နီးတဲ့ဘက်မဟုတ်ဘဲ တောနဲ့နီးတဲ့ဘက်ကိုပြောတာ၊ အဲဒီခြံထဲကိုဝင်လိုက်တော့ သစ်ဂိုထောင်ကြီးကိုတွေ့ပါရော၊ ကိုအေးက အထဲကိုဝင်သွားပြီး ပုပု၀၀လူကြီးနဲ့စကားပြောတယ်။
“ဦးလေးပွ၊ ကျုပ်အိမ်ဆောက်မယ်ဗျာ၊ သစ်တွက်ပေး”
ဦးပွဆိုတဲ့လူကြီးက ခေါင်းညိတ်တယ်ဗျ။ နောက်တော့ ကိုအေးကိုစိုက်ကြည့်နေတယ်၊ ကိုအေးကလည်း လက်ခါပြပြီး
“ငွေကတော့ လောလောဆယ်မရှိသေးဘူးပေါ့ဗျာ၊ ဒါပေမယ့်စိတ်ချပါ ဦးလေးပွသစ်တွေ မဆုံးစေရပါဘူး”
ကိုအေးစကားကြားတော့ ဦးပွစိတ်ညစ်သွားပုံပဲဗျ၊ ဒါပေမယ့်လည်း တစ်ရွာတည်းသားချင်းဆိုတော့ ကူညီရမယ်မဟုတ်လား၊ ဦးပွက သူ့ခြံအနောက်ဘက်က သစ်ဂိုထောင်ကြီးဆီကို ခေါ်သွားတယ်ဗျ၊ အဲဒီမှာ သစ်တွေအများကြီးရှိတယ်။
“မင်းတိုင်ကိုဘာနဲ့ထူမလဲ”
“ပျဉ်းကတိုးဖြစ်ဖြစ်၊ ကျွန်းဖြစ်ဖြစ်ပေါ့ဗျာ၊ ခြောက်ပတ်လည်လောက်သုံးချင်တယ်”
“မင့်ဟာက လူနေမှာလား ဆင်နေမှာလားကွာ၊ မင်းတို့လင်မယားနှစ်ယောက်ပဲနေမှာဆို လေးပတ်လည်လောက်ပဲသုံးပါလား”
“မရဘူးဗျာ၊ ကျုပ်တို့လင်မယားနှစ်ယောက်ပဲဆိုပေမယ့် ကျုပ်က အိမ်ကိုသားစဉ်မြေးဆက်နေလို့ရအောင် ခိုင်ခိုင်ခန့်ခန့်ဆောက်ချင်တာဗျ”
ကိုအေးက အကြွေးဝယ်တာဆိုတော့ ဦးပွက သစ်ကောင်းမပေးချင်ပုံရတယ်ဗျ၊ ဦးပွကြည့်ရတာလည်း တရားဝင်သစ်လုပ်နေတဲ့ပုံမတူဘူး၊ လွှစင်မရှိဘဲ သစ်တွေပဲရှိတာဆိုတော့ သေချာပေါက် သစ်ခိုးထုတ်တာပဲဖြစ်မှာ။ ဦးပွလည်းနောက်ဆုံးတော့ အကြံရသွားတယ်ထင်ပါတယ်၊ ကျုပ်နဲ့ကိုအေးကို ဟိုးခြံနောက်ကိုခေါ်သွားတယ်ဗျ၊ အိမ်သာအနောက်မှာ ချုံနွယ်ပိတ်ပေါင်းတွေဖုံးနေတယ်၊ အဲဒီမှာ သစ်သားတွေကို ဆင့်တွေရိုက်ပြီးတော့ အပေါ်က ဖျင်စကြီးအုပ်ထားတယ်ဗျ။ အဲဒီဖျင်စကြီးကိုဖယ်လိုက်တော့ ခြောက်ပတ်လည်သစ်ခွဲသားတွေ တွေ့ပါရောဗျာ။
“မင်းကြိုက်ရဲ့လား၊ သင်္ကန်းသားကွ”
ကိုအေးလည်း မျက်လုံးအရောင်လက်သွားတယ်။
“သင်္ကန်းသားကို အိမ်မှာသုံးကောင်းလို့လားဗျ”
“သုံးကောင်းပါတယ်ကွ၊ ဒီအသားတွေက ငါမှောင်ခိုရထားတာကွ၊ တခြားလူကိုမရောင်းရဲတာနဲ့အတော်ပဲ၊ မင်းယူမယ်ဆိုရင် ယူသုံးလိုက်ကွာ၊ ငါလည်းပစ်ထားရသလိုဖြစ်နေတာဆိုတော့ မင်းကိုလျှော့ပေးပါ့မယ်”
သစ်ကောင်းကောင်းကို ဈေးပေါပေါနဲ့ရလိုက်တော့ ကိုအေးမျက်နှာကြီးဖြီးလို့ဗျ၊ ကျန်တဲ့သစ်တွေကိုတော့ အိမ်ရှေ့သစ်ပုံကနေပဲ ဦးပွကတွက်ပြီးရွေးပေးတယ်၊ လေးပင်နှစ်ခန်းရှိမယ့်အိမ်ကို တိုင်ကဘယ်လောက်၊ ထုတ်ကဘယ်လောက်၊ ယက်မက ဘယ်လောက်နဲ့ ဦးပွက တွက်ပြသွားတာမြန်လို့ဗျာ၊ သူတွက်ပြတဲ့အတိုင်းပဲ ကိုအေးက သစ်တွေယူလိုက်တာပေါ့။
“သစ်တော့ရပြီဟေ့၊ လက်သမားသွားရှာရအောင်”
ရွာထဲပတ်ပြီး လက်သမားအဖွဲ့ရှာတယ်ဗျ၊ အချိန်ကလည်း နွေရာသီဆိုတော့ လက်သမားတွေလည်းမအားကြတာများတယ်၊ ဒါပေမယ့်လည်း ကိုအေးကိုတော့ ရွာခံတွေက တော်fတော်ချစ်ပုံပဲဗျ၊ လက်သမားဆရာကြီးတစ်ယောက်က ကိုအေးအိမ်အမြန်ဆောက်ဖို့လက်ခံလိုက်တယ်၊ သစ်ဝယ်တာတောင် အကြွေးနဲ့ဆိုတော့ လက်သမားခလည်း အကြွေးနဲ့ပဲပေါ့ဗျာ၊ ကျုပ်ဖြင့် အစီအစဉ်တကျလုပ်နေတဲ့ ကိုအေးကိုကြည့်ပြီး ချီးတော့ချိးကျူးမိတယ်ဗျ၊ ကိုအေးက လက်ထဲပိုက်ဆံတစ်ပြားမှမရှိပဲနဲ့ အိမ်ဆောက်သွားတာ။
ဒါနဲ့ပဲ ညနေကျတော့ ဦးပွခြံထဲက သစ်တွေကို လက်တွန်းလှည်းနဲ့တိုက်ကြတယ်၊ သူနဲ့ကျုပ်နဲ့ပဲလုပ်ရတာပေါ့ဗျာ၊ ထမင်းလည်းမစားရသေးဘူးဆိုတော့ ဆာနေတာပေါ့ဗျာ။
“တွန်းထားစမ်းပါကွ၊ အလတ်ကောင်ရ၊ ဒီနေ့မကုန်ခင် ငါ့ခြံဝိုင်းမှာ သစ်တွေချပြီးမှဖြစ်မှာ၊ ဒါမှ ငါကပြောရင်တကယ်လုပ်တတ်တဲ့လူဆိုတာကို ခင်ကြည်နဲ့သူ့အဘိုးကြီး သိမှာကွ”
“တွန်းနေတာပဲဗျာ၊ မနက်ကတည်းက ထမင်းလည်းမစားရသေးဘူးဗျ၊ အမှန်ဆို ကျုပ်က ပဲလှော်ကြားဆားညပ်တာ၊ ကိုအေးအိမ်ပေါ်က နှင်ချခံရတာ ကျုပ်နဲ့ဘာမှမဆိုင်ဘူး”
“အောင်မယ်၊ မင်းနဲ့မဆိုင်ဘူးပဲရှိရသေး၊ ဒါတွေအားလုံး မင်းစတာကွ၊ မင်းသာ ငါ့ကိုအရက်သောက်ဖို့မဆွယ်ရင် ဒါတွေဖြစ်လာစရာအကြောင်းမရှိဘူး၊ လုပ်စရာရှိတာမြန်မြန်လုပ်ကွာ၊ အလုပ်ပြီးရင် မင်းကိုငါကျွေးပါ့မယ်”
“ဘာလဲ ထုံးစံအတိုင်း အကြွေးနဲ့ကျွေးမှာမို့လား”
ကိုအေးက သက်ပြင်းချလိုက်ပြီး
“ဒီမယ်အလတ်ကောင်၊ အကြွေးနဲ့လုပ်တယ်ဆိုပြီး မင်းအထင်မသေးနဲ့၊ လူတစ်ယောက်ကို အကြွေးပေးတယ်ဆိုတာ နည်းတဲ့ယုံကြည်မှုလားကွ၊ ငါ့ကိုသူတို့က မယုံဘူးဆိုရင် အကြွေးပေးကြပါ့မလားကွ”
သူပြောတာလည်း ဟုတ်သလိုလိုပဲဗျ၊ ဒါနဲ့ လက်တွန်းလှည်းနဲ့သစ်တွေတိုက်ပြီးတော့ မြေကွက်လပ်မှာ ပုံလိုက်တာပေါ့ဗျာ။ သစ်လည်းပုံပြီးရော သစ်ပုံကြီးပေါ်မှာ ခြေပစ်လက်ပစ်ထိုင်လိုက်ပါရော၊ ဦးအောင်ရှိန်တို့အိမ်နဲ့က မျက်စောင်းထိုးဆိုတော့ လှမ်းမြင်နေရတယ်၊ ဖိုးတွမ်တီးကတော့ ခြံ၀နားကိုရောက်လာတယ်ဗျ၊ သူ့ကြည့်ရတာ လာချင်ပုံပဲ၊ ဒါပေမယ့် သူ့အမေ မခင်ကြည်ဘယ်လောက်ဆူထားသလဲမသိဘူး၊ မလာဝံ့ဘူးဗျ။
နောက်တော့ ခြံထဲကနေ မနှင်းကြည်ထွက်လာတယ်၊ လက်ထဲမှာလည်း တောင်းကလေးကိုင်လို့ဗျ၊ ဟိုကြည့်ဒီကြည့်နဲ့ ကျုပ်တို့အနားကိုရောက်လာတယ်။
“ရော့၊ ရှင်တို့စားဖို့”
စကားကတော့ ခပ်ပြတ်ပြတ်ပဲဗျ၊ ကိုအေးက တောင်းကိုပြေးယူပြီးတော့
“ဘာလဲ နင့်အမက ငါစားဖို့ထည့်ပေးလိုက်တာမဟုတ်လား”
“ပေါက်ပေါက်ရှာရှာကိုအေးရယ်၊ ဟောဒီက ဧည့်သည်ကို မကောင်f;တတ်လို့ကျွေးတာ၊ ကိုအေးဖို့မပါဘူး”
ကိုအေးမျက်နှာကြီးက ခွေးအကြီးလိုမှိုင်သွားတာပေါ့ဗျာ၊ ကျုပ်လည်းဆာဆာနဲ့တောင်းဖွင့်စားတာပေါ့။ ကိုအေးကလည်း ကျုပ်အနားလာထိုင်နေတယ်။
“ငါ့လည်း နည်းနည်းကျွေးပါအုံးဟ”
“ခုနကပြောတော့ ကျုပ်ကိုကျွေးပါ့မယ်ဆိုဗျ”
“မင်းကလည်းကွာ၊ အချင်းချင်းတွေကို တွက်ကပ်နေပြန်ပါပြီ”
ကျုပ်လည်း ကိုအေးကိုပါကျွေးရတာပေါ့ဗျာ၊ ကိုအေးက ထမင်းစားရင်း သူ့မိန်းမရှိတဲ့အိမ်ကိုလှမ်းကြည့်fပြီး မျက်ရည်ကလေးစမ်းစမ်းနဲ့ဖြစ်နေတယ်။ ကျုပ်လည်း ဘာမှမပြောဘဲ သူ့ဖီလင်နဲ့သူရှိပါစေဆိုပြီး လွှတ်ထားလိုက်တယ်၊ ကိုအေးက ချဉ်ပေါင်ကြော်လေးစားရင်းနဲ့
“ပြောမယ့်သာပြောတာ၊ ခင်ကြည်က ဟင်းချက်သိပ်ကောင်းတာကွ”
ကိုအေးက အပြင်ကသာစိတ်မာအောင်လုပ်ထားပေမယ့် အတွင်းမှာတော့ စိတ်ပျော့တဲ့လူဗျ၊ ကျုပ်လည်း နားကြားပြင်းကပ်လာတာနဲ့။
“ဒါနဲ့များ၊ အိမ်ပေါ်ကဆင်းလာသေးတယ်ဗျာ၊ ကိုအေး ခင်ဗျားမိန်းမကိုသိပ်လွမ်းရင် ဦးအောင်ရှိန်ကြီးကိုတောင်းပန်ပြီးတော့ အိမ်ပေါ်ပြန်တက်ပေါ့ဗျာ”
ကျုပ်ပြောတဲ့စကားက ကိုအေးမာနကိုထိသွားသလိုပဲဗျ။
“တော်စမ်းပါကွာ၊ ဒီတစ်ခါတော့ ငါအောက်မကျို့တော့ဘူးကွ”
“ဪ၊ ဒါဆို အရင်တုန်းကတော့ အောက်ကျို့ခဲ့တယ်ပေါ့”
“မင်းကလည်း ငါ့သားမျက်နှာရှိသေးတာကိုးကွ၊ ဒီတစ်ခါတော့ မရတော့ဘူး၊ ငါက အဆုံးထိသွားဖို့ဆုံးဖြတ်ပြီးပြီ”
ထမင်းစားပြီးတော့ ကိုအေးက လျက်ဆားလျက်ချင်တယ်ပြောတယ်၊ သူ့စကားက အထာနဲ့ပြောတာပါဗျာ၊ ဒါနဲ့ပဲ ရွာထိပ်တာလမ်းနံဘေးက အရက်ဆိုင်ကို လျက်ဆားလျက်ဖို့ ချီတက်ခဲ့ကြတာပေါ့။ ဒီနေ့လည်း ကျုပ်တို့မူးပြန်တာပဲဗျာ၊ အချိန်မတော်မှ ကျုပ်တို့နှစ်ယောက် ပုခုံးဖက်ပြီး သီချင်းတကြော်ကြော်နဲ့ ပြန်လာခဲ့တာပေါ့။
(၄)
“ယောက်ဖရေ အိပ်စို့ကွာ”
ကိုအေးက မူးလာရင်တော့ ကျုပ်ကိုယောက်ဖ ယောက်ဖနဲ့ တဖွဖွခေါ်တာ၊ ကျုပ်လည်းမှတ်သွားပြီလေဗျာ၊ သူဘယ်လောက်ပြောပြောစိတ်ကမတုန်လှုပ်တော့ဘူး၊ အိပ်စရာလည်းမရှိဘူးဆိုတော့ ကျုပ်တို့ပျဉ်ပုံကြီးပေါ်တက်ပြီးတော့ ပုဆိုးခြုံအိပ်ရုံရှိတာပေါ့ဗျာ၊ ကျုပ်လည်းတော်တော်ဒေါသထွက်တယ်၊ ဦးဘသာကလည်း နေနိုင်တယ်၊ ကျုပ်ကိုပြန်လာပါလို့တောင် လာမခေါ်ဘူးဗျာ။ နောက်ပြီးတော့ မခင်ကြည်တို့၊ မနှင်းကြည်တို့ဆိုရင်လည်း ကျုပ်ကိုမောင်လေး၊ မောင်လေးနဲ့ အခုတော့ ဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင်မထင်ဘူး။
ကျုပ်လည်း စိတ်တိုတိုနဲ့ ပုဆိုးခြုံပြီးကွေးတာပေါ့ဗျာ၊ နွေဆိုပေမယ့် တောင်တွေနားနီးလို့လားမသိဘူး၊ ညညဆိုချမ်းတယ်ဗျ။
ကိုအေးနဲ့ကျုပ်နဲ့ ဖင်ချင်းပေါက်ပြီးတော့ ပုဆိုးခြုံပြီးကွေးတာပေါ့ဗျာ၊ အိပ်ရင်းသန်းခေါင်လောက်လည်းရောက်ရော ကိုအေးက စကားတွေထပြောပါရောဗျာ၊ ကျုပ်လည်း အိပ်ချင်တာနဲ့မျက်လုံးမဖွင့်ဘူး၊ ကိုအေးက ကျုပ်ခြေရင်းမှာ စကားတွေပြောနေတာဗျ၊ တစ်ခါတစ်ခါ သီချင်းလည်းဆိုလိုက်သေးတယ်၊ ဘာပြောသလဲဆိုတော့ သိပ်မသဲကွဲဘူးဗျ၊ ကျုပ်အိပ်ချင်နေတာလဲပါမယ်၊ နောက်ပြီး ကိုအေးမူးနေလို့ ဗလုံးဗထွေးပြောနေတာလည်းဖြစ်မယ်ဗျ၊ စကားတော့ပြောတာပဲ၊ မပီမသနဲ့ ဗလုံးဗထွေးပေါ့ဗျာ။
“ဟေ့လူ၊ ခင်ဗျားပါးစပ်ပိတ်စမ်းဗျာ၊ ခြင်ကိုင်လို့အိပ်ရေးပျက်ရတဲ့ကြားထဲ စကားလာပြောနေသေးတယ်”
ကျုပ်ငေါက်လိုက်တော့ အသံတိတ်သွားတယ်ဗျ၊ ကျုပ်ပြန်အိပ်ပြီး ငါးမိနစ်မကြာပါဘူးဗျာ၊ စကားသံကထွက်လာပြန်ရော၊ ဒီတစ်ခါကျတော့ သီချင်းတောင်ဆိုသေးတယ်ဗျ၊ သီချင်းကတော့ ကျုပ်မကြားဖူးတဲ့သီချင်းပါဗျာ။
“ဟေ့လူ၊ ကိုအေး၊ တော်ပြီနော်၊ ခင်ဗျားစကားတွေထပ်မပြောနဲ့တော့၊ ဒီတစ်ခါထပ်ပြောရင် ကျုပ်ခင်ဗျားကိုထကန်ပစ်မှာ”
ကျုပ်လည်း စိတ်ပေါက်လာတာပေါ့ဗျာ၊ ငေါက်လိုက်တော့ အသံတိတ်သွားပြန်ရော၊ ဆယ့်ငါးမိနစ်လောက်ကြာတော့ ထပ်ပြီးအသံထွက်လာပြန်တယ်၊ ဒီလူဘယ်လိုလူလဲဗျာ၊ ကျုပ်လည်း စိတ်ညစ်ညစ်နဲ့ထအော်ပါရော။
“ကိုအေး၊ ခင်ဗျားတော်ပြီနော်၊ ခင်ဗျားပါးစပ်ပိတ်ထားစမ်း”
ကျုပ်အော်တော့ ကျုပ်ဘေးကနေ အသံတစ်သံထွက်လာတယ်ဗျ။
“ဟေ့ကောင်၊ စကားပြောနေတာ ငါမဟုတ်ဘူးကွ”
အသံကတော့ ကိုအေးအသံဗျ၊ ဒါနဲ့ကျုပ်လည်း ငုတ်တုတ်ထထိုင်လိုက်ပြီးတော့ စကားပြောနေတဲ့လူကိုကြည့်လိုက်တယ်၊
“အောင်မယ်လေး၊ ဘာကောင်ကြီးလဲ . . .”
ကျုပ်အသံက အတော်ကျယ်သွားတယ်ဗျ။ ကိုအေးလည်း ငုတ်တုတ်ထထိုင်တယ်၊ ကျုပ်တို့ခြေရင်းက သစ်ပုံကြီးပေါ်မှာ မည်းမည်းအကောင်ကြီးက ဆောင့်ကြောင့်ထိုင်နေတာဗျ၊ ကျုပ်ထိုင်လိုက်တာမြင်တော့ ကျုပ်ကိုဘုကြည့်ကြည့်တယ်။
“အောင်မာ၊ မင်းလားကွ ငါ့ကိုလုပ်မှာ”
အဲဒီလိုပြောပြီးတော့ ကျုပ်အပေါ်ကို ဝုန်းဆိုခုန်အုပ်တာပဲဗျာ၊ သူ့ကိုယ်ကြီးက အလေးကြီးဗျ၊ ဆန်အိတ်နှစ်အိတ်စာလောက်ရှိမယ်ထင်တယ်၊ ကျုပ်ရင်ဘတ်ပေါ်ကိုတက်ဖိထားပြီးတော့ ကျုပ်လက်တွေခြေတွေကိုဖိထားတာဗျ၊ ကျုပ်ဖြင့်မရုန်းနိုင်ပါဘူးဗျာ။
“ကိုအေး၊ လုပ်ပါအုံး ကျုပ်ကိုကယ်ပါအုံး”
ကိုအေးကလည်း အားကိုးရတယ်ဗျ၊ တစ်ခါတည်း ဦးအောင်ရှိန်အိမ်ကိုပြေးတော့တာ၊ ပြီးတော့ခြံရှေ့ကနေအသံပြဲကြီးနဲ့အော်ပါရောဗျာ။
“အဖေရေ၊ အဖေ လုပ်ပါအုံး၊ အလတ်ကောင်ကို သရဲစီးနေလို့”
ကျုပ်လည်း သစ်ပုံပေါ်မှာဆိုတော့ ရုန်းလို့မရတာနဲ့ ကိုယ်ကိုဘေးစောင်းလှိမ့်ချလိုက်တယ်ဗျ၊ ဒီတော့ သစ်ပုံပေါ်ကကျပြီးတော့ မှောက်ခုံကြီးဖြစ်သွားတာပေါ့ဗျာ၊ သရဲကြီးက အလွတ်မပေးပါဘူးဗျာ၊ ကျုပ်အပေါ်တက်ခုန်အုပ်ပြီးတော့ ကျုပ်ဆံပင်တွေကိုဆောင့်ဆွဲတာဗျ၊ ကျုပ်ဖြင့်ဇက်ကြီးမော့ပြီး အော်နေရတော့တာ။
ကိုအေးအော်တော့ ဦးအောင်ရှိန်နိုးပုံမရဘူးဗျ၊ ခြံထောင့်ကတဲကလေးထဲက ဦးဘသာကြီးနိုးလာပြီး ဆင်းလာတယ်၊ နောက်တော့ ပုဆိုးပြင်ဝတ်ပြီး ကျုပ်ဆီကိုပြေးလာတယ်ဗျ။
“မင်းကလူကိုစီးရတာ အရသာတွေ့နေတယ်ပေါ့ဟုတ်လား”
ဦးဘသာက အဲဒီလိုပြောပြီးတော့ သရဲကြီးပေါ်ကို လွှားခနဲခုန်အုပ်လိုက်တာဗျ၊ သူက သရဲပေါ်ကိုပြန်တက်ပြီး မြင်းလိုခွစီးတယ်၊ ကျုပ်ဖြင့် သရဲကဖိ၊ ဦးဘသာကဖိနဲ့ အောက်မှာ ပြားနေပြီဗျ။
“မင်းသူများကိုစီးသလို မင်းကိုငါပြန်စီးမယ်ကွ”
သရဲကြီးက ကြောက်ပြီးတော့ ထွက်ပြေးတယ်ဗျ၊ နောက်တော့ သစ်ပုံကြီးပေါ်ကိုတက်ပြီးတော့ ပျောက်သွားတာပဲ၊ ဦးဘသာလည်း သစ်ပုံနားမှကျန်နေခဲ့တယ်၊ သစ်တစ်လုံးကို လက်ညှိုးထိုးပြီးတော့
“ဟေ့ကောင်၊ ပုန်းမနေနဲ့ထွက်လာခဲ့စမ်း”
သစ်ပုံကတော့ ဘာမှမပြောင်းလဲဘူးဗျ၊ ကျုပ်လဲ လူးလဲထလိုက်ပြီးတော့ ပုဆိုးပြင်ဝတ်ရတာပေါ့ဗျာ၊ တစ်ကိုယ်လုံးလည်း ဖုန်တွေပေကျံနေတာပေါ့။
“အောင်မာ၊ မင်းက ပုန်းချင်နေသေးတယ်၊ ကဲ တာနောကြီးရေ၊ ဒီကောင့်ကိုဆွဲထုတ်စမ်း”
အဲဒီလိုပြောလိုက်တော့ သစ်လုံးထဲကနေပြီး ခုနက အကောင်ကြီးထွက်လာတာမြင်ရတယ်ဗျ၊ သရဲကြီးရဲ့ခြေထောက်ကို တစ်ယောက်ယောက်ကဆွဲထုတ်သလိုမျိုး ဆွဲထုတ်ခံရပြီးထွက်လာတာ၊ တာနောဆိုတာ ဦးဘသာရဲ့ဘီလူးကြီးနေမှာပေါ့ဗျာ၊ ကျုပ်တို့တော့ မမြင်ရပါဘူး။
ပြီးတော့ သရဲကြီးကို ဦးဘသာကလက်ညှိုးထိုးလိုက်တယ်။
“ပြောစမ်း၊ မင်းဘာလို့သူတို့ကိုလုပ်တာလဲ”
“သူတို့က ငါ့ကိုခေါ်လာပြီးတော့ ငါ့အပေါ်တက်အိပ်တာကိုးကွ”
“မင်းက ဘယ်ကကောင်လဲ”
“ငါက ဒီသစ်သားတုံးမှာ နေတဲ့ကောင်ပဲ”
“မင်းကြည့်ရတာလည်း အကောင်မသေးပါလားဟ၊ ကဲကဲ၊ သူတို့ကမသိလို့လုပ်မိတာပဲ၊ မင်းသူတို့ကိုခွင့်လွှတ်လိုက်ပါ၊ အလတ်ကောင်နဲ့ မောင်အေး၊ မင်းသူ့ကိုတောင်းပန်လိုက်”
ကျုပ်တို့လည်းထိုင်ချလိုက်ပြီးတော့
“မသိလို့လုပ်မိတာပါ၊ အမှားရှိရင်ခွင့်လွှတ်ပါ”
“ကဲ မင်းလည်းကျေနပ်တော့”
သရဲကြီးကခေါင်းညိတ်ပြီး
“ဒါဆိုကျုပ်ကိုတစ်ခုကူညီစမ်းပါ”
“ဘာကူညီရမလဲ”
သရဲကြီးက ခြောက်ပတ်လည် သင်္ကန်းသားသစ်တုံးတစ်တုံးကိုလက်ညှိုးထိုးတယ်ဗျ။
“ဟောဒီသစ်တုံးကို တောထဲကိုပြန်သွားထားပေးပါ၊ အရှေ့တောက ကြို့ပင်ကုန်းနားမှာ ထားပေးပါ”
ဦးဘသာလည်းခေါင်းညိတ်ပြီး
“အေး၊ ကောင်းပြီ၊ မင်းပြောတဲ့အတိုင်း ငါတို့မနက်ကျရင်လုပ်ပေးမယ်၊ မင်းဒီအချိန်ကစပြီးတော့ သူတို့ကိုနှောင့်ယှက်တာမလုပ်နဲ့၊ ဟုတ်ပြီလား”
သရဲကြီးက ခေါင်းညိတ်ပြီးတော့ သစ်ပုံပေါ်ကိုခုန်တက်လိုက်ပြီး မီးခိုးငွေ့တွေလိုဖြစ်ပြီး ပျောက်သွားတာပဲဗျာ၊ ကျုပ်တို့လည်း အံ့ဩလို့မဆုံးဘူး။ မခင်ကြည်တို့လည်း နိုးလာပြီးတော့ ကျုပ်တို့ခြံဘက်ကိုကူးလာတယ်ဗျ၊
“ဘာဖြစ်တာလဲ ကိုအေး”
“သရဲ၊ သရဲက တက်စီးလို့ကွ”
“အောင်မယ်လေး ဖြစ်ရလေကိုအေးရယ်၊ ရှင်ဘယ်နားနာသွားသေးလဲ၊ ခါးတွေဘာတွေမျက်သွားမှဖြင့်”
သရဲတက်စီးခံရတာက ကျုပ်ဗျ၊ ဒါပေမယ့် ကိုအေးက အခွင့်ကောင်းယူသွားတယ်၊ မခင်ကြည်လည်း သူ့ယောက်ျားဖြစ်တော့ ဘယ်နေနိုင်မှာတုန်းဗျာ။ ဦးအောင်ရှိန်က အိမ်ထဲကထွက်လာပြီးတော့ သစ်ပုံကြီးကိုကြည့်တယ်။
“မင်းတို့ ဒီသစ်တွေ ဘယ်ကသယ်လာကြတာလဲ”
ကိုအေးက
“ဘယ်ကရှိရမလဲအဖေရာ၊ ဦးလေးပွဆီကပေါ့”
ဦးအောင်ရှိန်က ခေါင်းတဆတ်ဆတ်ညိတ်ပြီး
“ဒါဆိုရင်တော့ ငါထင်တာမှန်နေပါပြီကွာ”
“အဖေက ဘာတွေထင်နေလို့လဲ”
“တစ်ခါက မောင်ပွက ငါ့ကိုပင့်ဖူးတယ်၊ သူတို့အိမ်မှာ သရဲရှိတယ်တဲ့၊ ညညဆိုရင် စကားပြောသံတွေ၊ ရယ်သံတွေကို လူမရှိဘဲကြားနေရတယ်၊ ပြီးတော့ သူတို့သစ်ဂိုထောင်မှာထားတဲ့ သစ်ချောင်းတွေက ညီညီစီထားလျက်နဲ့ မနက်ဆိုရင် လူတွေရွေ့ထားသလို ဖြစ်နေသတဲ့၊ ဒါနဲ့ ငါလည်း စစ်ပေးလိုက်တော့ သူတို့ဂိုထောင်ထဲက ခြောက်ပတ်လည်သစ်သားတစ်တုံးမှာ စုန်းတစ်ကောင်စွဲကပ်နေတာကိုတွေ့လိုက်တယ်”
ဦးအောင်ရှိန်စကားကိုနားထောင်ပြီးတော့ ကျုပ်တို့လည်း အံ့အားသင့်သွားတာပေါ့။
“ဒီသစ်စုန်းကလည်း ရာဇဝင်ရှိတယ်ကွ၊ ငါလည်း မောင်ပွကို ဒီသစ်သားဘယ်ကရသလဲလို့မေးတော့ ကိုရင်ဩဆီကနေ ရတာတဲ့ကွ”
ဦးအောင်ရှိန်ပြောလိုက်တော့ မခင်ကြည်တို့၊ ကိုအေးတို့ အကုန်လုံးအံ့ဩသွားတယ်။
“ကိုရင်ဩဆိုတာ ဟိုတစ်နှစ်က သစ်ပင်ပိပြီးသေသွားတဲ့လူကိုပြောတာမဟုတ်လား”
မခင်ကြည်ကမေးတော့ ဦးအောင်ရှိန်က ခေါင်းညိတ်တယ်ဗျ။
“ဒါပေါ့၊ ကိုရင်ဩက ပေပေတေတေ ကိုရင်လူထွက်၊ ဘာကိုမှ အယုံအကြည်မရှိတဲ့လူမဟုတ်လား၊ တစ်ခါတုန်းကလည်း ကိုရင်ဩတို့အဖွဲ့က သစ်ခုတ်ရင်း သင်္ကန်းသားတွေယူလာတယ်တဲ့၊ သစ်ခိုးခုတ်တာဆိုတော့ ဦးပွဆီကိုဈေးနည်းနည်းနဲ့ရောင်းတာပေါ့၊ ဦးပွကလည်း အဲဒီသစ်ကိုခွဲတော့ အော်သံတွေ၊ ငိုသံတွေကြားရတယ်တဲ့ကွာ၊ နောက်တော့မှ ကိုရင်ဩတို့အဖွဲ့ထဲက လူတစ်ယောက်ကိုမေးတော့မှ ဒီသစ်ပင်ကြီးက အရှေ့ဘက်တောထဲက သစ်ပင်ကြမ်းကြီးတဲ့ကွ”
“အရင်က ခုတ်တဲ့လူတွေဆို အမျိုးမျိုးဘေးဖြစ်ခဲ့တာတဲ့၊ ကိုရင်ဩတို့ခုတ်တော့ သစ်ပင်ကိုခုတ်မရဘူးတဲ့ကွာ၊ ပုဆိန်မတိုး၊ ဓါးမတိုးဘူးတဲ့၊ ဒါနဲ့ကိုရင်ဩက ဘာလုပ်တယ်မှတ်လဲကွ”
“ဘာလုပ်သလဲအဖေ”
“ဘုန်းကြီးကျောင်းက သင်္ကန်းစကိုယူပြီးသစ်ပင်အောက်ခြေမှာပတ်ထားသတဲ့ကွာ၊ အပင်မှာရှိတဲ့ကောင်က သင်္ကန်းစကိုမခံနိုင်တော့ သစ်ပင်ကထွက်ပြေးရတဲ့အချိန်မှာ အမိအရခုတ်တယ်ဆိုပဲကွ”
“ဪ၊ ကိုရင်ဩတို့များလည်ချက်ဗျာ”
“လည်တယ်မလုပ်နဲ့ကွ၊ ဟိုက သူ့ကိုငြိုးနေတာ၊ သူကံနည်းတဲ့အခါကျတော့ သစ်ပင်လှဲရင်း သစ်ပင်က သူ့အပေါ်တည့်တည့်ပိပြီးတော့ သေရောမဟုတ်လား”
ဦးအောင်ရှိန်စကားကို ကျုပ်တို့လက်ခံလိုက်ပါတယ်။
“ဒါနဲ့ အခုသစ်တုံးကရော”
“ငါက မောင်ပွကိုပြောတယ်၊ မောင်ပွရေ ဒီလိုသစ်က မထားကောင်းဘူး၊ တောထဲပြန်ပို့လိုက်ပါလို့ပြောတော့ မောင်ပွက ဟုတ်ကဲ့လို့တော့ ပြောတာပဲ၊ ဒါနဲ့ မင်းတို့ဘယ်ကရခဲ့တာလဲ”
ကျုပ်တို့လည်းပြန်တွေးရင်း အိမ်နောက်ဖေးခြံစည်းရိုးအပြင်မှာ ပုံထားတဲ့အပုံထဲက ရခဲ့တဲ့အကြောင်း ပြောလိုက်တာပေါ့၊ ဦးအောင်ရှိန်က ဒေါသထွက်သွားပုံရတယ်။
“မောင်ပွက လောဘကြီးတာတော့အမှန်ပဲ၊ ငါ့အထင် အဲဒီသစ်ကိုတောထဲပြန်မထားဘဲနဲ့ မသိနားမလည်တဲ့လူတွေကို ညှပ်ပြီးရောင်းလိုက်ဖို့ တွေးထားပုံပဲကွ”
“ဖြစ်နိုင်တယ်အဖေ၊ ကျုပ်တို့လည်း အခုခံခဲ့ရပြီမဟုတ်လား”
ကိုအေးကလည်း အခုတော့ ဦးအောင်ရှိန်ကိုအဖေတဲ့ဗျာ။
“အေးအေး၊ အခုတော့ ရှိစေတော့၊ မနက်ကျရင် မင်းတို့ဒီသစ်ကိုတောထဲပြန်ပို့ပေးလိုက်ကြ”
ဦးအောင်ရှိန်ကထွက်သွားတယ်ဗျ၊ သူ့အနောက်က မခင်ကြည်လည်းလိုက်သွားတယ်၊ ကိုအေးကတော့ ကျန်နေခဲ့တယ်၊ မခင်ကြည်က ခြံ၀နားရောက်တော့မှ ကိုအေးကိုလှည့်ကြည့်ပြီး
“ရှင်ဘာလုပ်နေတာလဲ၊ အဲဒီသစ်ပုံပေါ်ဆက်အိပ်အုံးမလို့လား”
ကိုအေးလည်း ပျော်fသွားပြီးတော့ သူ့မိန်းမအနောက်ကိုလိုက်သွားတာပေါ့ဗျာ၊ ကျုပ်နဲ့ဦးဘသာကြီးပဲ ခြံထဲမှာကျန်ခဲ့တာပေါ့။ ဦးဘသာကြီးက ကျုပ်ကိုကြည့်ရင်းပြုံးတယ်။
“ကဲ၊ မင်းရော ဒီမှာနေခဲ့မှာလား”
ကျုပ်လည်းခေါင်းခါပြီးတော့ ဦးအောင်ရှိန်တို့ခြံဝင်းထဲကိုအပြေးထွက်ခဲ့တာပေါ့ဗျာ။
(၅)
မနက်လင်းတော့ လှည်းတစ်စီးအပေါ် သစ်လုံးတင်ပြီးတော့ သူပြောတဲ့အရှေ့ဖက်တောက ကြို့ပင်ကုန်းအနားမှာ သစ်ချောင်းကို သွားပြန်ထားပေးလိုက်ရတယ်ဗျ၊ သစ်ချောင်းကိုချလည်းချလိုက်ရော အနားမှာလေတွေတဝူးဝူးနဲ့တိုက်တာဗျာ၊ ကျုပ်တို့လည်းကြောက်လို့ အမြန်ပြေးခဲ့ရတာပေါ့။
ကိုအေးလည်း အိမ်ဆောက်ဖြစ်သွားတယ်၊ သစ်လည်းအကြွေးနဲ့ယူပြီးပြီ၊ လက်သမားတွေလည်းခေါ်ပြီးပြီဆိုတော့ နောက်ကျနေ့ကောင်းရက်သာရွေးပြီးတော့ အိမ်ဆောက်ကြတာပေါ့ဗျာ၊ တစ်ပတ်လောက်ကြာတော့ အိမ်ကပြီးသွားပြီ၊ အိမ်ပြီးသွားပြီဆိုတော့ ကိုအေးနဲ့မခင်ကြည်တို့မိသားစုတွေ ပြောင်းနေကြတာပေါ့ဗျာ၊ မျက်စောင်းထိုးဆိုတော့ သိပ်လည်းမဝေးဘူးမဟုတ်လား။
အိမ်တက်လုပ်ပြီး ညနေရောက်တော့ ကိုအေးက ကျုပ်အနားကပ်လာတယ်ဗျ။
“အလတ်ကောင်၊ မင်းကိုငါကျေးဇူးတင်ပါတယ်”
“ဘာဆိုင်လို့လဲ ကိုအေးရ”
“မင်းသာ ငါ့ကိုအရက်သောက်ဖို့ မခေါ်ခဲ့ရင်၊ ငါအိမ်ခွဲနေဖို့ဖြစ်လာမှာမဟုတ်ဘူးကွ”
“ရပါတယ်ဗျာ”
“ရပါတယ်မလုပ်နဲ့၊ မင်းရဲ့ကျေးဇူးကို ငါပြန်ဆပ်မယ်”
“ဘယ်လိုဆပ်မှာတုန်းဗျ”
“ဒီညနေမင်းနဲ့ငါ ရွာထိပ်သွားပြီး လျက်ဆားလျက်ကြမယ်လေကွာ၊ ဟား၊ ဟား”
ကျုပ်တို့နှစ်ယောက်ရယ်မောရင်း တစ်ယောက်ပုခုံးကိုတစ်ယောက်ဖက်လိုက်ကြပါတယ်ဗျာ၊ တကယ်တော့ ကျုပ်ကိုကျေးဇူးတင်ရမှာထက်၊ ဟိုသစ်စုန်းကို ကျေးဇူးတင်ရမှာဗျ၊ သူသာ ကျုပ်တို့ကိုမခြောက်ရင် အခုလောက်ဆို ကိုအေးနဲ့ကျွန်တော်နဲ့ သောင်ပြင်လွတ်တဲ့ခွေးတွေလို ဝေလေလေဖြစ်နေမှာမဟုတ်လားဗျာ။
ပြီးပါပြီ။
အဂ္ဂဇော်
Leave a Reply