သွေးသောက်စားသည့်စုန်း

ထားပေတော့မောင်အေးရဲ့”

အဘိုးအိုကမောင်အေးကိုငှက်ပျောသီးနှစ်လုံးပေး၏။
မောင်အေးကလည်းဝမ်းသာအားရလှမ်းယူပြီး
အားရပါးရစားရှာသည်။
ငှက်ပျောသီးစားနေသောမောင်အေးကိုကြည့်ရင်း…

“မောင်အေး…မင်း ဘဘနောက်ကိုလိုက်ခဲ့မလား”

“ဗျာ…တကယ်ပြောတာလားဘဘ…
ဘဘကရောကျုပ်ကိုတကယ်ခေါ်မှာလား”

ဟု…ပလုပ်ပလောင်းဖြင့်မောင်အေးကမေးသည်။
အဘိုးအိုကခေါင်းညိတ်ပြီး…

“တကယ်ပြောတာ…
ဘဘမင်းကိုဘဘတတ်ထားတဲ့ပညာတွေသင်ပေးမယ်…
ဒါဆိုမင်းဘဝအခုလိုတွေထပ်ဖြစ်တော့မှာမဟုတ်ဘူး
မောင်အေးရဲ့…”

“ဒါဆို…ကျုပ်လိုက်မယ်ဘဘ”

မောင်အေးစကားကြောင့်အဘိုးအိုကပြုံးသွားသည်။

“အေး…အေး…ဘဘနာမည်ကိုလဲမှတ်ထားပေါ့ကွာ…
ဘဘရဲ့နာမည်က သက်ရှည်တဲ့ကွ…
အများခေါ်တာက​တော့ဘိုးသက်ရှည်ပေါ့ကွာ…”

“ဟုတ်ကဲ့ဘဘ…”

ထိုသို့ဖြင့် နောက်တစ်နေ့နံနက်ရောက်လေတော့…
မောင်အေးသည် ဘိုးသက်ရှည်ခေါ်ရာသို့
အတူလိုက်ပါသွားခဲ့တော့၏။

*********************************

သရက်တောရွာလေးသည်အိမ်ခြေအနည်းငယ်သာရှိသော
ရွာလေးတစ်ရွာဖြစ်၏။
သရက်တောရွာ၏မြောက်ဘက်၌ ဝက်လူးအိုင်ရွာနှင့်
တောင်ဘက်၌ကျွန်းစုရွာဆိုပြီးရွာနှစ်ရွာရှိပေသည်။

“ဟဲ့ငအောင်…ကျွန်းစုရွာကိုသွားမှာဆိုရင်တော့
မိုးမချုပ်ကြနဲ့နော်…အဲ့သည်ရွာမှာအခုတလော
လူသေတာတွေများနေတယ်”

“လူသေတာများဘာဆန်းလို့တုန်းအရီးရဲ့”

“နင်က…တောတက်နေလို့မသိတာငအောင်ရဲ့…
အရင်ရက်ပိုင်းကဆိုရင် ကျွန်းစုရွာမှာ
မိုးလင်းတာနဲ့လူသေအလောင်းတွေကိုတွေ့နေရတာ…
သေတာမှဓားနဲ့အပိုင်းပိုင်းခုတ်ထားတာတဲ့ဟဲ့…
ဒီသတင်းတွေကြားကြားခြင်းဘယ်သူမှ
ညဆိုအိမ်အပြင်မထွက်ရဲကြဘူး…
အခုရက်ပိုင်းမှလူသေတာတွေ
ထပ်မဖြစ်လို့သွားလာရဲကြတာ”

“ဟုတ်လားဗျ…
ကျုပ်ဖြင့်မသိပါဘူးအရီးရာ…
ခက်တာက ကျုပ်တို့ရွာကဒီရွာကိုပဲအားထားနေရတာ
ဘာလို့ဆို…ပဲ…နှမ်းကုန်သည်တွေက
ကျွန်းစုရွာမှာပဲရှိတာလေဗျာ…”

“အေးလေ…ဒါကြောင့်မဖြစ်မနေသွားရမှာဆိုရင်လည်း
မိုးမချုပ်နဲ့လို့ပြောတာပေါ့ဟယ်…”

“ဟုတ်ကဲ့ပါအရီး…ဒါဆိုကျုပ်သွားပြီဗျ”

ငအောင်တစ်ယောက်နွားလှည်းဖြင့်
ကျွန်းစုရွာသို့ထွက်လာခဲ့သည်။
ကျွန်းစုရွာသို့ထွက်လာချိန်မှာ
ညနေစောင်းနေလှလေပြီ။
အိမ်ပြင်ဆောက်ဖို့တောတက်၍ သစ်ဝါးရှာနေရသောကြောင့်
ကျွန်းစုရွာကိစ္စကိုငအောင်မသိခြင်းဖြစ်၏။
ယခုလည်းပဲကိစ္စကုန်သည်နှင့်စကားပြောဖို့ရန်
အချိန်မဆွဲချင်၍ထွက်လာခဲ့ခြင်းဖြစ်ပေသည်။
ငအောင် ကျွန်းစုရွာသို့ရောက်လာခဲ့ပြီး
ကုန်သည်အိမ်ဆီသို့အရင်ဝင်လိုက်သည်။
ကုန်သည်အိမ်ဆီသို့မရောက်ခင်လမ်း၌…

“ဟ…ငအောင်…ဘယ်ကိုလာတာလဲကွ”

“ကျော်စိုး…ငါကကုန်သည်ဆီခဏလာတာကွ”

“မတွေ့ရတာလဲကြာပြီနော် ငအောင်”

“အေးကွာ…ငါလည်း တောတက်လိုက်…
အဘနဲ့လယ်တောကူလိုက်နဲ့မအားဖြစ်နေတာကွ”

“ဒါဆို…မင်းနဲ့ငါတွေ့တုန်းလေး…
သောက်ကြရအောင်ကွာ…”

“နေပါဦးကွ…
မင်းတို့ရွာရဲ့အခြေအနေက မကောင်းဘူးဆိုကျော်စိုးရဲ့…
အခုငါလာတာတောင် ကုန်သည်နဲ့
ပြောစရာရှိတာပြောပြီးတန်းပြန်ရမှာကွ”

“ဟာကွာ…ဘာမှမဖြစ်ပါဘူးငအောင်ရာ…
ငါဒီရွာသားပါကွ…ငါ့ကိုယုံစမ်းပါကွာ…”

“မင်းပြောတာ သေချာတယ်နော်…”

“သေချာပါတယ်ဆိုကွာ”

“အေး…ဒါဆိုလည်းဟုတ်ပြီကွာ…
ငါကုန်သည်ဆီကပြန်တာနဲ့မင်းဆီလာခဲ့လိုက်မယ်…”

“အေး… အေး…ဒါဆိုရင်ငါအိမ်ကစောင့်နေမယ်”

“အေး…အေး…”

ငအောင်တစ်ယောက်သူငယ်ချင်းဖြစ်သူ ကျော်စိုးနှင့်
အရက်အတူသောက်ဖို့ရန်သဘောတူလိုက်လေသည်။

ကုန်သည်အိမ်သို့ရောက်တော့ ပြောရမည့်စကားများကိုပြောပြီးသည်နှင့် ကျော်စိုးအိမ်သို့ရောက်လာခဲ့တော့သည်။

“လာဟေ့…ငါ့ကောင်ကြီး…”

“ဟ…မင်းကတယ်ဟုတ်ပါလားကွ…
အသင့်တောင်ပြင်ဆင်ထားတာပဲ”

“ဒီလောက်ကတော့လုပ်ပေးနိုင်ပါတယ်ကွာ…
ကဲ…လာ…အဝသာသောက်ပေတော့ ငါကောင်ရေ”

ကျော်စိုးက အရက်ဝိုင်းအသင့်ပြင်ပေးထားသည်။
ကျော်စိုးတို့အိမ်၏ခြံဝိုင်းထဲ၌ ဖျာကြမ်းခင်းပြီး
အရက်ဝိုင်းတည်ထားခြင်းဖြစ်၏။

“ငါ့တူကြီးရောက်မလာတာတောင်ကြာပြီနော်”

ဟု…ကျော်စိုးအမေကမေးလေတော့…

“ဟုတ်ပါ့အရီး…
ကျုပ်အလုပ်များနေလို့မရောက်ဖြစ်တာဗျ”

“အေးပါကွယ်…
ဒါနဲ့ကျော်စိုး…”

“ဗျာအမေ”

“မင်းသူငယ်ချင်းကို မိုးချုပ်ရင်မပြန်ခိုင်းနဲ့
ဒီမှာပဲအိပ်ခိုင်းလိုက်…ကြားလား…
ရွာထဲကညဘက်ဆိုသွားလာလို့မကောင်းဘူးဟဲ့…”

“ဟုတ်ကဲ့အမေ”

“အေး…အေး…ဒါဆိုစိတ်လွတ်လွတ်လပ်လပ်
သောက်ကြတော့…အမေတို့အိမ်ထဲမှာရှိမယ်”

ဟုဆိုကာကျော်စိုးအမေသည် အိမ်ထဲသို့ဝင်သွားတော့သည်။

“အမြည်းကတော့ ကြက်ဥကြော်…
ငါးကြော်နဲ့ဘူးညွှန့်ဟင်းချိုပဲကွ…
သြော်…ဒီမှာမြေပဲလှော်ကောပါသေးတယ်…
မင်းအဆင်ပြေလားငအောင်”

“မပြေစရာဘာရှိလဲကွာ…
ဒီအမြည်းတွေနဲ့တင်ရပါပြီကွ”

ဟု…ငအောင်ကပြောရင်းအရက်ခွက်ကိုမော့ချလိုက်သည်။
စကားပြောလိုက်…သောက်လိုက်…အမြည်းစားလိုက်ဖြင့်
အရက်နှစ်လုံးကုန်သွားပြီဖြစ်၏။
အချိန်ကလည်းမိုးအတော်ချုပ်နေလေပြီဖြစ်တာကြောင့်…

“ကဲ…ငါ့ကောင် မင်းတို့အိမ်မှာပဲအိပ်တော့…
မိုးလည်းချုပ်နေပြီ…မပြန်နဲ့တော့ကွာ…”

ဟု…ကျော်စိုးကပြောတော့ငအောင်က ခေါင်းကိုရမ်းပြီး…

“မပြန်လို့တော့မရဘူးကွ…
မနက်ဖြန်လုပ်စရာတွေကရှိသေးတယ်…
ပြန်မှရမယ်ကွ…”

“မနက်စောစောမှထပြန်ပါကွာ…
အခုတော့မပြန်ပါနဲ့တော့”

“မရလို့ပါကွာ…
ငါပြန်မယ်နော်သူငယ်ချင်း”

“ဟာကွာ…မင်းကလည်း…
မပြန်ပါနဲ့လို့ပြောနေတာကို”

ကျော်စိုးတားမြစ်နေသော်လည်းငအောင်က
ပြန်မည်ဟုပင်ပြောနေလေသည်။

“ကဲကွာ…ဒီလောက်ပြောရခက်တဲ့ကောင်
ပြန်မှာဆိုလည်းပြန်ချေ…
ဒါပေမယ့်ဒီဓားတော့ယူသွားငါ့ကောင်…
လမ်းမှာမင်းကိုစိတ်မချလို့ကွ”

“ဓားလား…ပေးပေး…ဓားပါရင်ငါ့ကို
ဘယ်ကောင်လာထိမှာလဲကွ…”

“သတိလေးတော့ထားပြီးပြန်နော်ငအောင်”

“အေးပါကွာ…”

ကျော်စိုးပေးသော ဓားရှည်ကိုယူပြီး
ငအောင်တစ်​ယောက်နွားလှည်းကိုမောင်းထွက်လာခဲ့သည်။
ကျော်စိုးကတော့သူငယ်ချင်းဖြစ်သူကိုစိတ်မချစွာ
လှမ်းကြည့်ပြီး သက်ပြင်းချနေခဲ့၏။

“ဟဲ့နွား…လမ်းအတိုင်းသွားစမ်းပါ…
တောက်…”

ရွာလမ်းမအထက်၌ငအောင်၏နွားလှည်းသာရှိပြီး
အသံများမှာတိတ်ဆိတ်လို့နေခဲ့သည်။
ရွာလမ်းမအတိုင်းနွားလှည်းလေးကိုမောင်းလာရင်းမှ
ရွာထိပ်သို့ရောက်လုလုတွင်အရှေ့ဆီမှ
လူရိပ်များကိုငအောင်တွေ့လိုက်ရ၏။
ထိုလူတို့၏လက်အတွင်း၌ ဓားရှည်များကိုယ်စီ
ကိုင်ထားသည်ကိုလည်းငအောင်သိလိုက်သည်။
နွားလှည်းကိုပြန်လှည့်ဖို့လုပ်ရလေမလားအတွေးဖြင့်နွားလှည်းကိုရပ်လိုက်ချ်ိန်ထိုလူသုံးယောက်သည်ရှေ့သို့တိုးလာခဲဲ့ကြ၏။
ငအောင်၏နွားလှည်းကိုလူသုံးယောက်ဓားရှည်များဖြင့်ဝိုင်းထားချိန်ငအောင်ကလည်းကျော်စိုးပေးလိုက်သော
ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့ထားသည်။

“ဟေ့လူတွေ…ခင်ဗျားတို့ဘယ်သူတွေလဲ…
ကျုပ်ကိုဘာလုပ်ကြမလို့လဲ”

ဟုမေးသောအခါ ထိုလူတို့သည်မည်သည့်
စကားမှပြန်၍မပြောကြဘဲဓားကြီးများကို
ကိုင်ရင်းတောင့်တောင့်ကြီးရပ်နေခဲ့ကြ၏။
လူသေကြီးများအတိုင်း တုတ်တုတ်မျှမလှုပ်ဘဲရပ်နေခဲဲ့ခြင်းဖြစ်သည်။

ထိုစဥ်အမှောင်ထဲမှ လူတစ်ဦးထပ်မံထွက်လာခဲ့၏။
ထိုသူသည်ငအောင်ကိုကြည့်ရင်းပြုံးရယ်လိုက်သည်။

“ဟေ့လူ…ခင်ဗျားဘယ်သူလဲ”

ဟုငအောင်ကမေးတော့…

“ငါ့နာမည်ကိုမမေးခင်…
မင်းဘယ်လိုသေချင်လဲဆိုတာကိုအရင်ပြော”

“ဘာဗျ…ခင်ဗျားတို့နဲ့ကျူပ်သိလည်းမသိဘူး…
ကျုပ်ကိုဘာလို့သတ်ချင်နေရတာလဲ”

“မသိဘူး….အေးဟုတ်တယ်… မသိဘူး…
ဟားးးးး….ဟားးး….ဟားးးး…ဟားးးးးးးးဟားးးးးးးးးး
ဒါပေမယ့်မင်းသေရမယ်…
ငါ့ရဲ့ပညာကိုစမ်းသပ်ရမယ့်နေရာက
ဟောသည်ရွာပဲကွ…
ဟင်းးးးး…
အမေ ကျော်ဒွေးတော်လွမ်း…
သခင်အားရကျွန်ပါးဝတဲ့ရွာ…
ပုလိပ်တွေကိုဖား….လူ့အသက်ကိုကစားနေတဲ့
ဟောသည်ရွာ…
ရွာရှိတဲ့လူကုန်သေကိုသေစရမယ်…တောက်…”

“ဟာ…ခင်ဗျားစကားကလည်း…
ဟောသည်ရွာမှာ ပုလိပ်တွေဝင်တယ်ဆိုတာကလည်း
ရွာခံတွေခေါ်လို့မဟုတ်ရပါဘူးဗျာ…
သူတို့ဘာသာလာကြတာပါ…အထင်မလွဲပါနဲ့…
နောက်ပြီးကျုပ်ကလည်းဒီရွာကမဟုတ်ဘူးဗျ…
ဟိုဘက်ရွာကပါ…”

“မင်းဘာသိလို့လဲ…
ဒီရွာမှာနေတဲ့ မပန်းအိဆိုတဲ့ ငါ့ချစ်သူကို
ဂျပန်အရာရှိကအညွှန့်ချိုးလိုက်လို့
ငါ့ချစ်သူခမျာ သူ့ကိုယ်သူသတ်သေခဲ့တာ..
ဒီလိုတွေ ဖြစ်ရတာဒီရွာကြောင့်ကွ…ဒီရွာကြောင့်…”

“ခက်ပါရဲ့ဗျာ…
အခုခင်ဗျားကျုပ်ကိုဘာလုပ်ချင်တာလဲ”

ထိုသူသည် ငအောင်ကိုသေချာစွာစိုက်ကြည့်နေသည်။
ပြီးလေမှ…

“မင်းကတခြားရွာကဆိုတော့
မင်းကိုငါဘာမှမလုပ်ပါဘူး…
ဒါပေမယ့်တခြားလူတွေသိအောင်တော့
ပြောလိုက်ပေါ့ကွာ…
မိုးကောင်းဆိုတဲ့ကောင်က ကျွန်းစုတစ်ရွာလုံးကို
အရရှင်းပစ်မယ်လို့…”

“ဟုတ်ကဲ့…ကိုမိုးကောင်း ကျုပ်ပြောလိုက်ပါ့မယ်”

ငအောင်သည်ကြောက်စိတ်များဝင်နေသော်လည်း
စိတ်ကိုထိန်းပြီးစကားပြောနေခဲ့၏။

“ကဲ…မင်းသွားတော့”

မိုးကောင်း က ငအောင်ကိုထွက်သွားစေသည်။
ငအောင်၏နွားလှည်းကိုဓားများဖြင့်ဝိုင်းထားသော
လူသုံး​​ယောက်ကလည်းဘေးသို့ဖယ်ပေးကြသည်။
ငအောင်လည်းထိုသုံးယောက်ကိုတစ်ချက်ကြည့်ပြီးနောက်
နွားလှည်းကို မောင်းထွက်လာခဲ့တော့သည်။

နောက်တစ်နေ့နံနက်သို့ရောက်တော့
သရက်တောရွာ၌သတင်းများကပျံ့လွှင့်နေသည်။

“ဟဲ့ကောင်မရေ…
ကျွန်းစုရွာမှာဖြစ်နေတာတွေကတကယ့်အဆန်းကြီးပဲနော်…
မနေ့ညက ငအောင်ကိုဓားတွေနဲ့ဝိုင်းထားကြတာတဲ့
ဒါပေမယ့်…ငအောင်က…
ကျွန်းစုရွာသားမဟုတ်လို့မသတ်ပဲလွှတ်ပေးခဲ့တာဆိုပဲအေ့”

“ဟဲ့…နေပါဦး ဓားတွေနဲ့ဝိုင်းတာဆိုတော့
သူတို့ကဓားပြတွေလားဟဲ့”

“ငအောင်ပြောတာတော့ ကျွန်းစုရွာတစ်ရွာလုံးကို
သတ်ပစ်ချင်နေတဲ့သူလို့ကြားတာပဲအေ့…”

“ဟယ်…တစ်ရွာလုံးကိုတောင်သတ်မှာ…
ဘုရား…ဘုရား…ဘုရား…
ကြောက်စရာကောင်းလိုက်တာအေ”

“ဟုတ်ပဟယ်…”

ငအောင်က ရွာသူကြီးကိုပါပြောပြထား၍
ထိုသတင်းသည် ကျွန်းစုရွာထိပါပျံ့လွှင့်လို့လာခဲ့တော့သည်။
ကျွန်းစုတစ်ရွာလုံးလည်းအထိတ်ထိတ်
အလန်လန့်ဖြစ်ကုန်ကြရ၏။
ကျွန်းစုရွာသူကြီးဦးရွှေ၏နေအိမ်၌ ရွာသူ၊ရွာသားများ
စုဝေး​နေကြပြီး …

“သူကြီး…ကျုပ်တို့ဘာဆက်လုပ်ကြမှာလဲ…
ဒီတိုင်းကြီးပဲနေတော့မှာလားဗျ”

ဟု…တစ်ယောက်တစ်ခွန်းဝိုင်းကာ​မေးကြသည်။
ရွာသူကြီး ဦးရွှေလည်း…

“နေကြပါဦးကွာ…
အခုကိစ္စကဘယ်ကနေစကြတာလဲ”

ဟုပြန်ကာမေးလေတော့ ရွာသားတစ်ယောက်က…

“ဒီကောင်ကပန်းအိရည်းစားလို့ပြောတယ်ဗျ…
ပန်းအိမှာရည်းစားရှိတယ်လို့ကျုပ်တို့မကြားထားပါဘူးဗျာ”

“အေး…ပန်းအိရည်းစားရှိမရှိတော့ငါလည်းမသိဘူး…
ဒါပေမယ့်ကွာ…ပန်းအိဖြစ်ခဲ့တာက
ငါတို့ကြောင့်မှမဟုတ်ဘဲကွ…
ဟိုခွေးမသားဂျပန်ဗိုလ်ကြောင့်ဖြစ်ရတာလေကွာ”

“ကျုပ်တို့လည်းအဲ့သည်လိုပဲထင်တယ်သူကြီး…
ဒါကိုဒီကောင်က ကျုပ်တို့ရွာကိုအငြိုးထားနေတာဆိုတော့
ကျုပ်တို့ဘက်ကပိုပြီးသတိထားမှဖြစ်တော့မယ်ဗျ”

“ဟုတ်တယ်ဗျ…
သူကြီးလည်းတစ်ခုခုစီစဥ်ပေးဗျာ…ဒါမှ
ကျုပ်တို့လည်းစိတ်အေးရမှာ”

“ငါစီစဥ်မှာပါကွာ…
မင်းတို့ကာလသားတွေဒီညကစပြီး
ကင်းတဲစောင့်ရမယ်…
တို့ရွာလုံခြုံဖို့ကမင်းတို့တာဝန်ဖြစ်သွားပြီ…
အဲ့သည်တော့ ငါးယောက်တစ်ကင်းစောင့်ဖို့
ဟေ့…ကာလသားခေါင်းဆောင်မင်းကကင်းစောင့်မယ့်
လူတွေကို သေချာရွေးပေတော့ကွာ…”

ဟုရွာသူကြီးဦးရွှေကအမိန့်ပေးလိုက်တော့၏။
ထိုအခါမှကျွန်းစုရွာသူ၊ရွာသားများမှာလည်း
စိုးရိမ်မှုများလျော့နည်းသွားကြရသည်။

သို့သော် ပန်းအိ၏ချစ်သူ မိုးကောင်းဆိုသူအား
ကျွန်းစုတစ်ရွာလုံးမည်သူမှမသိပေ။
ဓားချက်များဖြင့်သေဆုံးခဲ့ရသူများမှာ
ထိုလူ၏လက်ချက်ဆိုတာအားလုံးသိခဲ့ရ၏။
မိုးကောင်းဆိုသူ၏အငြိုးထား…
လက်စားချေမည်ကိုစိုးရိမ်၍ ရွာကာလသားများမှာလည်း
ကင်းစောင့်ဖို့မည်သူမှမငြင်းဆန်ကြဘဲ
ရွာကာကွယ်ရေးအတွက် တက်တက်ကြွကြွ
ပါဝင်ခဲ့ကြပေသည်။

****************************

ညသည်တိတ်ဆိတ်လွန်းနေ၏။

“တောက်…”

ကျွန်းစုရွာ၏အပြင်ဘက်ဆီမှ
တောက်ခေါက်သံထွက်လာခဲ့သည်။
ရွာအရှေ့ပိုင်းကင်းတဲ၌စောင့်နေကြသော
ရွာသားများထဲမှတစ်ဦးက…

“ဗျို့…ရွာပြင်ကအသံကြားတယ်ဗျ”

ဟုသတိပေးလိုက်တော့ ကျန်ရွာသားတွေကမီးတုတ်ဖြင့်
ထိုး၍ရွာပြင်ကိုလှမ်းကြည့်ကြသည်။
ထိုအခါ ခါးကြီးထောက်ပြီးသူတို့အားကြည့်နေသော
လူကိုတွေ့လိုက်ကြ၏။

“ဟေ့…ခင်ဗျဘယ်သူလဲ”

ဟု…ရွာသားတွေကအော်မေးတော့ ထိုလူသည်
လှောင်ပြုံး ပြုံးပြီး…

“ငါ့နာမည်မိုးကောင်းကွ…”

ဟု…ပြောလိုက်တော့ရွာသားတွေလန့်ကုန်ကြသည်။
အချင်းချင်းလည်း…

“ရွာကိုသတိပေးရမယ်ကွ…”

ဟုပြောပြီး သံချောင်းခေါက်သူကပြေးခေါက်၏။

“မင်းတို့နေနှင့်ကြဦးပေါ့ကွာ…
ငါ့အဘသိသွားမှာဆိုးလို့သာ…
မင်းတို့သက်သာနေတာ…
မဟုတ်လို့ကတော့တစ်ရွာလုံးအခုချိန်သေနေလောက်ပြီ…
တောက်…”

ဟု…ဒေါသတကြီးပြောပြီးထွက်သွားတော့သည်။

ပြီးပါပြီ

ယဥ်မင်း (ကန့်ဘလူ)