ဒေါ်အိုဇာ

ရောက်လာကာ ကျွန်တော့ဇနီးသည်နှင့် ပလဲနံပသင့်နေခြင်းကို ယခုမှ သတိရလာမိသည်။

“ဪ ခင့်ဆီ လာလာနေတဲ့ အရုပ်ဆိုးဆိုး၊ မျက်လုံးကလေး ပြူးကြောင်ကြောင်နဲ့ အမယ်ကြီးဟာလား၊ နာမည်က ဒေါ်အိုဇာတဲ့လား”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒေါ်အိုဇာတဲ့”
“အေး အေး သူ့ရုပ်မြင်တော့ ကာတွန်းထဲက စုန်းမကြီး ဒေါ်အိုဇာကို သွားသတိရတယ်ဟဲ ဟဲ၊ အင်း ဘာဖြစ်သလဲ”
“အို မောင်ကလဲ မရှိ ခိုးနိုးနိုး မလှ စုန်းနိုးနိုးဖြစ်လိုက်တာ၊ သူ့ခမျာကို မပြောပါနဲ့။ သနားပါတယ် မောင်ရယ်။ သိပ်သဘောကောင်းရှာတာ”

ခင်က စောဒကတက်လိုက်စဉ်အတွင်းကလေးမှာ ကျွန်တော့စိတ်ကို ကျွန်တော်ပြောရမည်ဆိုလျှင် မလှ စုန်းနိုးနိုးဟု ထင်မြင်ယူဆချက်မျိုး မရှိရိုးအမှန်ပင် ဖြစ်ပါသည်။ ထို့ထက်အပ ပယောဂ၊ စုန်း၊ နတ်၊ တစ္ဆေ စသည်တို့ကို ကျွန်တော် မစွဲလမ်း၊ လက်မခံခဲ့သည်မှာ သူအသိပင် ဖြစ်ပါသည်။ သို့သော် ကျွန်တော့ပါးစပ်က ထွက်လိုက်မိသည်ကတော့ တကယ်ပင်။သမာဓိကာတွန်းဆရာကိုညီညီ ရေးဆွဲသော စုန်းမကြီး
ဒေါ်အိုဇာရုပ်နှင့် ခပ်ဆင်ဆင်ဖြစ်နေကြောင်း သတိရ၍ ဖြစ်ပါသည်။

နာမည်ကလည်း လာ၍မှ တူတတ်ပါပေသည်။
ယခု ဤရွာက ဒေါ်အိုဇာဆိုသည်မှာလည်း ရှေ့သွားခေါခေါကလေး နှစ်ချောင်းသာ ကျန်၍ တချို့သွားတွေ ကြွေ၍ နေပါသည်။ ဆံဖြူဆံကျဲ ကလေးတွေက နဖူးပြောင်ပြောင်မှာ မောက်သယောင်ယောင် ဖြစ်နေပါပြီ။

ဆင်းရဲပင်ပန်းမှုနှင့် ဇရာဖိစီးမှုတို့ကြောင့် ပါးရေနားရေများ တွန့်ရှုံ့လိပ်ခွေကာ ကျောရိုးကပါ ခပ်ကိုင်းကိုင်းညွတ်နေလျက် အရိုးပေါ်တွင် မည်းညိုသောအရေတင်၍ လက်ပြင်ငေါငေါ အကြောပြိုင်းပြိုင်း ထနေရှာပါသည်။

သို့သော် မည်းနက်တောက်ပြောင်၍ သေးငယ်သော မျက်လုံးကလေးအစုံ .က အရွယ်နှင့်မလိုက်အောင် နက်ရှိုင်းစူးရှနေသကဲ့သို့ သူ့အသံကလည်း ခပ်စာစာခပ်ကြောင်ကြောင် ဖြစ်နေပါသည်။ ထို့ကြောင့်သာ ကျွန်တော်က မထော်မနမ်း ခပ်ရွှန်းရွှန်း ပြောလိုက်မိသည်။

“ကဲ ကဲ ပြောစမ်းပါဦး။ ဒေါ်အိုဇာကြီး ဘာဖြစ်သလဲ”
ကျွန်တော်က ဖြုန်းခနဲပင် ဆက်မေးလိုက်မှ
“ဪ သဘောကောင်းရှာတာ ပြောမလို့ပါ။ မောင်က အလုပ်သွားသွားနေရလို့ သိပ်မသိတာ။ ဒီအမယ်ကြီးဟာလေ တစ်နေ့လုံးလိုလို ခင့်ကိုလာလာပြီး ကူညီရှာတာ ရေမရှိဘူးဆိုလဲ တဲ့ ဘယ်သူရေ၊ ဟို ဘယ်ဝါရေနဲ့ ခေါ်တန်ခေါ်ပေးတယ်။ သူကိုယ်တိုင်က ကမ်းနားဆင်း
ဆွဲတန်ဆွဲပေးတယ်။ အမယ် သိပ်သန်တဲ့အမယ်ကြီး မောင်ရဲ့၊ ဘာမှတ်သလဲ ရေတစ်ပုံးလောက်များ ခေါင်းပေါ် အသာကလေးရွက်လာတာ။ နောက်ပြီး ထင်းမရှိဘူးဆိုလဲ သူပဲ။ ဟင်းလျာအဝယ်တို့ ဘာတို့များကောက်ကာငင်ကာ ထသွားလိုက်တာပဲ။ စိတ်ကလဲ မြန်ပါဘိသနဲ့။ ထမင်းဟင်းချက်ရာ ပြုတ်ရာထဲမလဲ သုပ် စပ်စပ်စပ်စပ်နဲ့ ဝိုင်းလုပ်လိုက်သေးတယ်။ နေ့ခင်းနေ့လယ်ကော အဝတ်ဟောင်းတွေများတောင် ကမ်းနားဆင်း လျှော်ပေးမယ်လုပ်လို့ မနည်းကြီး တားထားရတယ်။ ကြာတော့ အား နာလာရော အိုကြီးအိုမနဲ့ ”

“ဟာကွာ မလုပ်ပါစေနဲ့ – ဒီလိုတော့”
“ခင်က မခိုင်းပါဘူး မောင်ရဲ့။ ဒါတွေကို ခင်ကိုယ်တိုင်လုပ်ရမှ ကျေနပ်တာပါ။ နို့ပေမယ့် သူ့စေတနာကို ပြောပါတယ်။

နောက်ဆုံး အားနေရင် ဘာလုပ်ပေးတယ် မှတ်သလဲ။ ခေါင်းရှင်းပေးတယ်။ ဘီးစိပ်တိုက်ပေးတယ်။ အဲသည်လိုလုပ်ပေးရင်း ပုံတိုပတ်စ ရာဇဝင်အစ ရှေးစကားအစ ပြောနေတာပဲ။ ဗဟုသုတလဲ မခေဘူး မောင်ရေ။ သူ ကရွတ်ကင်း လျှောက်ပြောနေတာကပေမဲ့ နားထောင် အကောင်းသား။ ခင့်ကိုလဲလေ သမီး သမီးနဲ့ အနှိပ်အနင်းလဲ တတ်သတဲ့။ ဝမ်းဆွဲလဲ တတ်သတဲ့။ ဗေဒင်လေးဘာလေးတောင် မတောက်တခေါက်တတ်သလားမသိပါဘူး။ ခင့်ကို ဘယ်နှခုသမီးလဲ ဘာနေ့သမီးလဲနဲ့”
“အင်း ရှေးအမယ်ကြီးတွေဟာ ဒီလိုပါပဲကွာ။ သူ့မှာ သားသမီးရှိသတဲ့လား”
“မရှိဘူး မောင်ရဲ့”
“နို့ ဘယ်သူက သူ့ကို ကျွေးထားသလဲ”
“သူ့အဘိုးကြီးရှိသလေ။ သူ့အဘိုးကြီးက တင်းတောင်းရက်၊ စပါးပုတ်ရက်၊ ဖျာတွေ၊ ယိုင်တွေ ရက်ရသတဲ့။ သူကတော့ ရွာထဲမှာ ဟိုအိမ်ဝင် သည်အိမ်ထွက် ဝိုင်းကူပြီး လုပ်ပေးတန်ပေး၊ စားစရာရှိစားသွားတာပဲတဲ့။ သူ့ကို တစ်ရွာလုံးက ချစ်လဲချစ်သတဲ့။ ကြောက်လဲ ကြောက်ကြသတဲ့”

“ဘာဖြစ်လို့ ကြောက်ရသတုံးကွာ”
“ဪ ဒါကတော့ စကားပြောရင် ဟောဟောဒိုင်းဒိုင်းကြီးနေလို့ ဖြစ်မှာပေါ့”
ဤသို့နှင့် ဇနီးသည်မှတစ်ဆင့် ဒေါ်အိုဇာ၏အကြောင်းကို ထိုနေ့ကစ၍ ကြားသိခဲ့ရပါသည်။

နောက်နေ့များတွင်လည်း ကျွန်တော့ဇနီးသည်
ထံသို့လာကာ ပြောသည့်အတိုင်း စပ်စပ်စုစုနှင့် စပါးရောဖွဲရော ဝိုင်းဝန်းညီညာ လုပ်စရာရှိသမျှလုပ်နေပါသည်။ ကျွေးလျှင်လည်း ဟန်မလုပ်ဘဲ စားပါသည်။ စားရင်းကပင်
“အင်း သားတို့၊ သမီးတို့ အမေအိုကြီးကို ကျွေးနိုင်ပါစေ။ မွေးနိုင်ပါစေ၊ ဆယ်ဆထမ်းပိုးတိုးပါစေ၊ သာဓုတော် သာဓု”ဟု ပါးစပ်က တဖွဖွ ဆုပေးတတ်ပါသည်။

“ဟဲ့ လုံမလေး” “သမီး”ဟူသော အခေါ်
အဝေါ်မှာကား ပါးစပ်ဖျားကလေးတွင် ဖြစ်ပါသည်။ ဒေါ်အိုဇာ နေ့တိုင်းလိုလို လာနေခြင်းကို ကျွန်တော့စိတ်တွင် တစ်စုံတစ်ရာမှ အနှောင့်အယှက် မဖြစ်မိ။ ဇနီးသည်အဖို့ အပျင်းပြေ အကူအညီ တိုးတိုးဖော်တစ်ယောက် ရသည်ထက် ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ သူတစ်ပါး ရပ်ရွာတွင် မိန်းမဓမ္မတာ ဖျားရေးနာမှုကြည့်ရှု စောင့်ရှောက်တတ်သူ တစ်ဦးအနေနှင့် အားကိုးအားထား ဖြစ်နိုင်ပါသေးသည် မဟုတ်လော။

တစ်နေ့တွင်ကား ဒေါ်အိုဇာ၏ သတင်းစကားကို ထူးထူးခြားခြား လာ၍ ပြောသူမှာ စပါးပွဲစား ကိုဘိုဟန်ဆိုသူ ဖြစ်ပါသည်။
“စာရေးကြီး၊ ခင်ဗျားတို့ အိမ်ကို ဒေါ်အိုဇာကြီး လာလာမနေစေပါနဲ့ဗျာ”
“ဘာဖြစ်လို့လဲ ကိုဘိုဟန်”
“ဟာ မလာစေနဲ့ဗျာ၊ မကောင်းဘူး”
“ဘာ မကောင်းတာလဲဗျ၊ လက်ဆော့တတ်သလား၊ အတင်းပြောတတ်သလား”
“စာရေးကြီးကလဲ တယ်ခက်သကိုး၊ သူ့ရုပ်ကြီးကို ကြည့်ပါလား”

ကိုဘိုးဟန်က စကားကို တိုးလိုးတန်းလန်းထား၍ ကျွန်တော့မျက်နှာကို စေ့စေ့စပ်စပ် ကြည့်နေပါသည်။ သူ့အမူအရာမှာ ဘွင်းဘွင်းဖွင့်ပြောရန် သင့်မသင့်ဟု ချိန်ဆနေခြင်းနှင့်အတူ ကျွန်တော်ကိုယ်တိုင်မရိပ်မိ၊ ရိပ်မိဖို့ အကဲခတ်နေဟန် ရှိပါသည်။

သူအကဲခတ်နေပုံက ကျွန်တော်ပြောဖူးသော စုန်းမကြီး ဒေါ်အိုဇာကို သတိရလိုက်စေပါသည်။ ထို့ကြောင့် ကျွန်တော်က ပြုံးကာ ဟဲဟဲ ဟု ရယ်လိုက်ရင်း
“ဘာလဲဗျ၊ စုန်းမကြီးမို့လို့လား”ဟု ခပ်ပေါ့ပေါ့ပင် ပြန်မေးလိုက်သည်ကို ကိုဘိုဟန်မှာကား ပေါ့တီးပေါ့ဆ မျက်နှာထားမျိုး ပြောင်းမလာဘဲ လျှို့ဝှက်မှု တစ်ခုကို သတင်းပေးလာသူကဲ့သို့ အနားပတ်ဝန်းကျင်ကိုပါ လှည့်ကြည့်စုံစမ်းလိုက်ပြီးမှ
“ဟဲ ဟဲ ဟဲ ဒါမျိုးတွေ ခင်ဗျားတို့တောမှာ ရှိနေတုန်းပဲကိုး”
“ဟ ရှိပါသော်ကော စာရေးကြီးနှယ်”
“မဟုတ်ပါဘူး။ ကျွန်တော် ဆိုလိုတာက ဒီအယူအဆတွေကို ပြောတာပါ”
“ဟင် ဒါဖြင့် စာရေးကြီး မယုံဘူးပေါ့။ ဟုတ်လား”
“မယုံတာ ယုံတာ အပထားစမ်းပါဦး၊ ခင်ဗျား စကားနဲ့ ခင်ဗျား ပြန်မေးစမ်းပရစေ။ တစ်ရွာလုံးက ပြောနေကြတယ်ဆိုတာသိလို့ ပြောတာလား။ ထင်ရုံနဲ့ ပြောတာလား”
“တစ်ယောက်ကစ တစ်ရာဆိုသလိုပေါ့ဗျာ”
“ရွာထဲက သူ့ကိုချစ်ကြသလို၊ ဘယ်အိမ်မှာ ဝင်စားစားဆို”
“ဟာ ဒါက ကြောက်ကြတာကိုး ခင်ဗျ၊ ကျွေးရတာပေါ့၊ နို့ မဟုတ်ရင်”
“နေပါဦး နေပါဦး၊ သူကလဲ ဘယ်အိမ်ဖြစ်ဖြစ် ဝိုင်းလုပ်ပေးတန်တာ ဝင်လုပ်ပေးတယ်ဆို၊ သူက ဒီလိုစေတနာထားတော့”

“ဟယ် ဒါက သူလာလုပ်ပေးရင်လဲ ကြည့်နေရတာပေါ့ ဗျ။ သူက ခါးခါးသီးသီး ပြောတာမှတ်လို့၊ နေပါဦး၊ စာရေးကြီးက မယုံလို့ မေးနေတာလား။ ဒီမှာ ကျွန်တော်ပြောမယ်။ စုန်းဆိုတာ ချို မပေါက်ဘူးတဲ့ သိရဲ့လား။

ကျွန်တော်က ဒီရွာသား၊ ဒါကြောင့် ပြောတာ ခင်ဗျားတို့က မြို့သားတွေဆိုတော့ မတွေ့ဖူးသေးဘူး။ သူတို့အိမ်မှာ ငွေစကလေးဘာလေး ပြတ်ပြီဆိုရင်လေ ရွာထဲက ကလေးတစ်ယောက် ကောက်ကာငင်ကာ တက်တာပါပဲဗျာ၊ အဲ ကု၊ ဘယ်ဆရာနဲ့ ကုကု၊ ဘယ်ဆေးဝါးနဲ့ကုကု မပျောက်ရေးချ မပျောက်။ ကလေးသာ အလူးအလိမ့် ခံနေရတာပဲ။ အဲသည့်အခါ လာပါလိမ့်မဗျာ “ဟို ကလေး ဘာဖြစ်တာတုံး’ ဘာညာနဲ့ အဲသည်အခါ သူ့ကိုသာ အမေရယ်၊ ဘာညာနဲ့ ပျော့ပြော၊ နောက်ပြီး ပိုက်ဆံကလေး ဆန်ကလေး နည်းနည်းပါးပါးပေးလိုက်၊ သူ့က ဆီကလေး မန်း၊ ဗိုက်ကလေး တစ်ချက်နှစ်ချက်လောက်နှိပ်ပေး။ ခေါစာကလေးပစ်လိုက်တဲ့ ရွာချလိုက်နဲ့ ပြန်သွားပါလိမ့်မယ်၊ အဲ သူလဲ ပြန်သွားပြီး သူပြောသလို ရွာချတာတို့၊ ခေါစာပစ်တာတို့သာ လုပ်လိုက်၊ ဟော ကလေးမှာ ချက်ချင်း ပျောက်ပါရော”

“ဟာ သူ့ရိုက်တာ သာအေးမှန်းသိတော့ ကလေးကို ပြုစားလိုက်တာ သေရာပါရောလား။ သာအေးလဲ ဒီတော့မှ ယူကျုံးမရ ကျိတ်ဖြစ်ရရှာတယ်။

ကျွန်တော့မှာတော့ – လူတစ်ယောက်၏ ယူဆချက်သည် သူ့ အကြောင်းတရား ယုတ္တိယုတ္တာနှင့် အတော်စိတ်ကူးယဉ်၍ ကောင်းကြောင်း စဉ်းစားမိပါသည်။ စိတ်ကူးယဉ်ရာက ကွင်းဆက်ကလေးတွေပေါ်ကာ ယုံကြည်မှု ပြင်းပြလာတတ်ပါသည်။
“ကျုပ်တော့ဗျာ ဘာပြောပြော၊ ကျုပ်အိမ်က ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် ပယောဂများသာဖြစ်ရင် သာအေးလို ခွေးကို မရိုက်ဘူး။
လူကိုယ်တိုင်ကို တက်သတ်မှာပဲ ဟင်း”
ကိုဘိုးဟန်က ကြိမ်းဝါးလိုက်ပါသည်။
“နေပါဦးဗျာ ခင်ဗျားကလဲ ဒေါသချည်းပဲ”
“အင်း စာရေးကြီးက ပေါ့တီးပေါ့ဆပြောနေ အခု သူ့ကိုကျွေးမွေး ပေးကမ်းနေတုန်းဆို ကိစ္စမရှိဘူး။ သူနဲ့ သဟဇာတမဖြစ်တဲ့အခါကျတော့ သိလိမ့်မယ်”
ကိုဘိုဟန်ကား လိပ်ခဲတည်းတည်း ရှိလှချေ၏။

ဤစကားနှင့် ပတ်သက်၍ ဇနီးသည်အား ဘာတစ်ခွန်းမှ ကျွန်တော်ပြန်မပြောခဲ့။ မိန်းမသည် ယုံကြည်လွယ်လှသည်။ စနိုးစနောင့် ဖြစ်တတ်သည်။ ဒါနှင့်ပင် ဥပါဒါန်ကြောင့် ဥပဒ်ရောက်တတ်သည်။ တောစကားတောပျောက် ဖျောက်ဖျက်ပစ်လိုက်ရသည်။
ဒေါ်အိုဇာကတော့ နေ့တိုင်းလိုလိုပင် အိမ်ကို ဝင်ထွက်သွားလာလျက်ပင်။ ခင်ကလည်း ဆွေမျိုးအရင်းအချာလို အားကိုး အားထားပြုလျက်ပင်။ တစ်ခါတစ်ရံများ အနှိပ်အနင်းခံနေချေသေးသည်။ ဒေါ်အိုဇာကို မြင်တိုင်း ကိုဘိုဟန် ၏ – စကားများကို သတိသွား၍ ရကာ ပြုံးမိသည့်အခါ ပြုံးမိသည်။ ပြီးခြင်း၏ အဓိပ္ပာယ်ကို ခင်က မေးသော်လည်း လှီးလွှဲထား၍သာ ဘဲဥအစပျောက် လုပ်ခဲ့ရပါသည်။

နောက်များ မကြာမီ ဆိုသလိုပင် ကိုစိန်အုပ်ဆိုသူ ပန်းထိမ်ဆရာက ဒေါ်အိုဇာအကြောင်း စကားစပ်မိ၍ ပြောပြန်သည်။ သူ့စကားများမှာ ကိုဘိုးဟန်လို အကျယ်မဟုတ်သော်လည်း လိုရင်းကတော့ ဒေါ်အိုဇာသည် စုန်းမကြီးဖြစ်သည်ဟူသော အကြောင်းပင်။ နောက်တစ်ခါ ဒေါ်မင်းပုံဆိုသူ ကူလီခေါင်းမကြီးက ပြောလာပြန်သည်။

“စာရေးကြီး၊ စာရေးကြီးကတော်ကို ပြောထားပါ။ ဒေါ်အိုဇာကို လက်မခံစမ်းပါနဲ့၊ စိတ်ပေါင်းကိုယ်ခွာနေတာကောင်းတယ်နော်။ ကျွန်မတို့ရွာရဲ့ မကောင်းသတင်းကို ပြောလဲမပြောချင်ဘူး။ ရှက်လဲ ရှက်ပါရဲ့”
ကျွန်တော့ကို ခင်မင်ကြသော ပုဂ္ဂိုလ်တွေမှာ တစ်နေ့တခြား ဒေါ်အိုဇာအကြောင်းသာ စပ်၍စပ်၍- ပြောလာကြသည်။ ကျွန်တော်ကိုယ်တိုင် စုန်း၊ နတ်၊ တစ္ဆေကို မယုံ။

သို့သော်
ကျွန်တော်တို့အတွက် သောကရောက်နေကြသော လူတွေကို အားနာလာမိသည်။ ထို့ကြောင့် ဒေါ်အိုဇာကို မျက်မုန်းကျိုးချင်လာသည်။ သူအရုပ်ဆိုးတာတွေကို ပို၍ပို၍ မြင်လာမိသည်။ ကျွန်တော့မိန်းမကိုဝိုင်းကူညီ လုပ်ပေးနေရာက အိမ်တွင်းရေးတွင် စွက်ဖက် တွင်ကျယ်လာပုံ တွေကို ဂရုပြုမိလာသည်။ အရာရာ၌ သြဇာပေးချင်လာသည်။ နောက်ဆုံး ကြိမ်းချင်မောင်းချင် မြည်တွန်တောက်တီးချင်လာသည်။

“ဟေ့ မောင်ဘသန်းရဲ့၊ မင်းတို့အိမ် ငါကြည့်နေတယ်။ အုန်းလဲမဆွဲပါဘဲကလား”
တစ်ညနေ ကျွန်တော် စောစောအလုပ်က ပြန်လာချိန် တအောင့်တနား နားနေစဉ် မီးဖိုချောင်က တက်လာသော ဒေါ်အိုဇာက ကျွန်တော့ကို ပိုင်စိုးပိုင်နင်း အပြစ်တင်သံနှင့် ပြောပါသည်။
ကျွန်တော့မိန်းမကပါ သူနောက်မှ ကပ်ပါလာကာ “ဟုတ်သားပဲမောင်ရဲ့”ဟု သံယောင်လိုက်လာပါသည်။ သူက ဒီလို ပြောလိုက်ခြင်းပင် ကျွန်တော့စိတ်မှာ ထောင်းခနဲ ဖြစ်မိသည်။

တစ်နေ့တွင်ပင် ခင်က ကျွန်တော့အား အန္တရာယ်ကင်း ဦးရှင်ကြီးတင်ရန် ပြောဖူးပါသေးသည်။ ခင်မှာ ခေတ်ပညာတတ် အမျိုးသမီးဖြစ်သည်။
ဒါမျိုးတွေကို သူကိုယ်တိုင် အမှုမဲ့အမှတ်မဲ့နေခဲ့သည်။ ယခုတော့ဒေါ်အိုဇာထံမှ နာနာဘာဝတွေ ကူးစက်လာဟန် ရှိသည်။ တစ်နေ့က ခင်ပြောစဉ်က

“ခင် ဒါတွေ ယုံကြည်လာပါလား၊ ဘယ့်နှယ့်လဲ”ဟု ကျွန်တော်က ပြန်အမေး
“အို ယုံတာ မယုံတာ အပထားပေါ့မောင်ရယ်။ ဒါကလေးတွေလုပ်ရလို့ ဘယ်လောက်ကုန်သွားမှာလဲ။ ဥပဒ်ကင်းကင်း ဘေးရန်ရှင်းရှင်း နေသွားရတော့ ကောင်းတာပေါ့။ အမေကြီးကလဲ လုပ်မှ ကောင်းသတဲ့။ သူပြောတာပဲ။ သူတို့က လူကြီးတွေ မဟုတ်လားမောင်”

ထိုစကားကိုသွား၍ အမှတ်ရလိုက်သည်။ အခုလည်း နတ်အုန်းသီးဆွဲရဦးမလို ပြောလာပြန်သည်။ စားတာသောက်တာကို ကျွန်တော် သည်းညည်းခံနိုင်သည်။ ခင့်ကို စိတ်ဓာတ်ပျော့နွဲ့ ၍ ချောင်နောင်ဂျိမ်ဂျိမ် ဇာတ်သွင်းပေးနေတာတော့ ကျွန်တော် ဒေါသဖြစ်သည်။ ထို့ကြောင့်လည်း သူ့ကို စုန်းမကြီးဟု ခေါ်ဟန်တူသည်။

“နတ်အုန်းသီး မဆွဲတော့ ဘာဖြစ်မှာမို့လဲဗျ ဒေါ်အိုဇာ”
“မဆွဲတော့ အိမ်စောင့်နတ် မရှိဘူးပေါ့ကွယ်။ မရှိတော့ အပပယောဂတွေ ဝင်နိုင်တာပေါ့”ဟု ကျွန်တော် အရွဲ့တိုက် မေးမှန်းသိ၍ ခပ်ဆတ်ဆတ် ပြန်ဖြေပါသည်။
“နတ်အုန်းသီးဆွဲတော့ကော ဘယ်ကနတ်က လာနေမှာလဲ“
“အိမ်တွင်းအဖေကြီးလေ”
“အိမ်တွင်းအဖေကြီးဆိုတာ ဘယ်သူလဲ ပြောစမ်းပါဦး ရှင်းရှင်း”
“အို မင်းတို့ ကာလသမီး၊ ကာလသားတွေ သိရက်နဲ့ ခွမေးနေတာပါကွာ”
“မဟုတ်ပါဘူး ဒေါ်အိုဇာရဲ့၊ ပြောစမ်းပါဦး”
“မင်းမဟာဂီရိ မောင်တင့်တယ်ဆိုတာ မကြားဖူးဘူးလား”
“ဒါဖြင့် သူမသေခင်ကတော့ မြန်မာအိမ်တွေမှာ နတ်မရှိခဲ့ဘူးလား”
“ဟေ့ ဟေ့ မင်းတို့ဘာသာ လုပ်ချင်လုပ် မလုပ်ချင်နေ။ ငါ့ကိုတော့ ခွမမေးနဲ့။ ငါက မင်းတို့ကို ကောင်းစေချင်လို့ ပြောတာ။
နောက် မကြိုက်ရင် မပြောရုံပေါ့။ အိုဇာတို့က နေသာသပ လေညာက၊ ခင်ခင် သွားမယ်၊ ညည်းယောက်ျားက စကားပြောလို့ မကောင်းဘူး”

အမယ်ကြီး ဒေါပွ၍ ဆတ်ခနဲထပြန်သွားရာ ခင်ကတော့ အတော် အားတုံ့အားနာ ဖြစ်သွားဟန် ရှိပါသည်။ ကျွန်တော့ကို အပြစ်တင်၍မဆုံး။ ”
ထိုနေ့ကစ၍ အမယ်ကြီး ပေါ်မလာတော့၊ စိတ်ကောက်သွားဟန်တူပါသည်။ ။

“သနားပါတယ် မောင်ရယ်၊ ဒေါ်အိုဇာကြီး”
“ဟာ မလာနေပေ့စေကွာ၊ ရောက်တတ်လေးဆယ်နိုင်လှတဲ့ အမယ်ကြီး”
ထိုအကြောင်းနှင့် ပတ်သက်၍ တစ်နေ့တွင် ကိုဘိုးဟန်အား စကားစပ်မိသည့်အလျောက် ပြောဖြစ်သွားရာ ကိုဘိုးဟန်က အထိတ်တလန့်နှင့်

“ဟောဗျာ စာရေးကြီးကတော့ လုပ်ပြီ”
“နို့ ခင်ဗျားတို့ ပြောတာ အိမ်မလာရင် ကောင်းတယ်ဆို”
“မဟုတ်ဘူးလေ၊ သစ်စိမ်းချိုးကြီး ချိုးလိုက်တော့လဲ ဘယ်ကောင်းမလဲ တော်တော်ကြာ
ကိုဘိုးဟန်က မဦးမချွတ် စကားမပြောချင်သကဲ့သို့ ခပ်ဆိုင်းဆိုင်း ဖြစ်အသွားတွင် .
“ဟား ဟား ဟား ဒေါ်အိုဇာကြီးက ပြုစားမှာမို့လား။ ဟားဟား
“ဪ စာရေးကြီးနှယ်၊ အပြောရခက်ပါဘိနော်”
ကိုဘိုဟန်နှင့် ပြောပြီး၍ သုံးရက်မျှသာ ကြာပါသေးသည်။
တစ်နေ့သော နံနက်ခင်းတွင် ကျွန်တော်တို့ စပါးဒိုင်အား ကမန်းကတန်း အပြေးလာခေါ်သူမှာ အိမ်နီးချင်း မရွှေပွင့်ဆိုသူ ဖြစ်ပါသည်။

“စာရေးကြီး မြန်မြန်လာပါ။ စာရေးကြီးကတော် မူးရာက တက်သွားလို့”
“ဟင်”ဟု နှုတ်မှ ယောင်အော်လိုက်ပြီး ကျွန်တော့မျက်နှာကိုကွက်ခနဲကြည့်လိုက်သူမှာ ကျွန်တော့အနားက ကိုဘိုးဟန် ဖြစ်ပါသည်။
ကျွန်တော့အဖို့မှာတော့ ဘာကိုမှ မဥပဒ်အား၊ အပြေးအလွှားသာ အိမ်သို့ လိုက်ခဲ့ရပါသည်။

လမ်းတွင် မရွှေပွင့်က တတွတ်တွတ်ပြော
လာသောစကားများမှာ ကျွန်တော်အလုပ်သို့ထွက်သွားပြီးနောက် မကြာမြင့်မီ ခင် ခေါင်းလျှော်သည်ကို တွေ့ရကြောင်း၊ ခေါင်းလျှော်ပြီးလျှင်ပင် မရွှေပွင့်အား လှမ်း၍ခေါ်ကြောင်း၊ ခေါင်းထဲတွင် မူးကာ ရင်ထဲတွင် တလှပ်လှပ် ဖြစ်လာကြောင်း၊ မရွှေပွင့်က တတ်သမျှမှတ်သမျှ သွေးဆေးတို့နှင့် ပြုစုကုမကာ နှိပ်ပေးစဉ်အတွင်းပင် ဇက်ကြီးကျိုးကာ တခစ်ခစ်နှင့် တက်သွားတော့ကြောင်း၊ ယခု အိမ်နီးနားချင်းများ ဝိုင်းအုံကုမ၍ ကျန်ရစ်
ခဲ့ကြကြောင်းများ ဖြစ်လေသည်။

ကျွန်တော် ရောက်သွားသောအခါ ကံအားလျော်စွာ အတက်ကျ၍ သတိရနေပေပြီ။
“ဘယ့်နှယ် ဘယ့်နှယ်ကွာ၊ ဘယ်လို ဖြစ်သွားတာလဲ”
“မသိဘူးမောင်၊ နှာခေါင်းထဲ စိမ်းရွှေရွှေအနံ့ နံလာပြီး ခေါင်းထဲမူးလာတာပဲ။ နောက်တော့ ရင်ထဲက လှပ်လှပ်လှပ်လှပ်နဲ့ ဝမ်းနည်းသလိုလို ငိုချင်သလိုလို ဖြစ်လာပြီး သတိမေ့သွားတာပဲ”ဟု

လူခပ်ခွေခွေလေး ခပ်ပျော့ပျော့နှင့် ပြန်ပြောပါသည်။ သူ့အနားတွင်ရှိသော အိမ်နီးချင်း
မိန်းမကြီးငယ် အချို့တို့ကတော့ အဓိပ္ပာယ်ပါဝင်သော မျက်ရိပ်မျက်ကဲများ တစ်ယောက်ကိုတစ်ယောက် အလဲအလှယ်ပြုနေကြပါပြီ။ ပူးကပ်နေသူ အချို့ကတော့ တစ်ယောက်ကိုတစ်ယောက် လက်ကုတ်ကာ ရွှံ့နှံ့မဲ့မဲ့ ထင်မြင်ချက် ပြကြသည်။
“မောင် သွားချင်သွားတော့လေ။ ခင် သက်သာပါပြီ”
“အို တော်တော်ကြာမှ သွားတော့မယ်ကွာ။ အလုပ်သိပ်မရှိပါဘူး”

အိမ်နီးပါးချင်းမှအစ မိတ်သင်္ဂဟတို့ ပတ်ဝန်းကျင်မှာ ခင် နေမကောင်းလို့ ခင်တက်လို့ဟူသောသတင်းမှာ ရွာကလေး ငယ်သလောက်
တစ်ခဏချင်း ပျံ့နှံ့သွားပုံရသည်။ တစ်ဦးဝင် တစ်ဦးထွက် တစ်ဦးတက်တစ်ဦးဆင်း ရင်းနှီးခင်မင်စွာ အမေးအမြန်း အကြည့်အရှုလာကြပါသည်။ ဤကား တောရွာကလေးများ၏အရသာပင် ဖြစ်သည်။

ထိုအတောအတွင်း ဒေါ်အိုဇာကို သွား၍သတိရလိုက်သည်။ သူပေါ်ပေါက်၍မလာတော့။ ရွာကလေး ဆီမီးခွက်လောက်မှာ အိမ်ချင်းကလည်း သိပ်မဝေးလှသဖြင့် မကြားမသိဟုမဆိုနိုင်။ သိလျက်နှင့် မလာခြင်းမှာ စိတ်အနာ စိတ်အကောက်လွန်နေခြင်းလော သို့မဟုတ် ကိုဘိုဟန်တို့ဝါဒအရ သူ့ပယောဂပင် ဖြစ်နေခြင်းကြောင့်လော။ ကျွန်တော် မရှက်မကြောက် ဝန်ခံရပါတော့မည်။

စုန်း၊ နတ်၊ တစ္ဆေ၊ ကဝေ၊ မိစ္ဆာဆိုသည်တို့ကို အလျဉ်းလက်မခံခဲ့သော ကျွန်တော့စိတ်ဝယ် စနိုးစနောင့် အနည်းငယ် ဖြစ်လိုက်မိပါပြီ။
ယခု မဖြစ်စလောက်ကလေး လုပ်လိုက်ခြင်းဖြင့် သူ့ပညာဂုဏ်ကို လိုက်ခြင်းပေလော ကျွန်တော် ဘုပြောလိုက်၍ ထသွားခဲ့သော သူ့မျက်နှာထားကြီးမှာ “နေသေးသပ ချုံထဲက မကြာခင် အကြောင်းပြလိုက်မဟဲ့နော်”
ဟု အတွင်းစိတ်နှင့် ကျိတ်၍ ကြိမ်းသွားသလို ထင်လိုက်မိသည်။ မြင်ယောင်လိုက်မိသည်။

သို့သော် တဖြည်းဖြည်းနှင့် ခင်သက်သာလာ၍ စိတ်ချလောက်သောအခါ ကျွန်တော့အလုပ်ရှိရာသို့ ပြန်ခဲ့သည်။ ရောက်လျှင်ရောက်ချင်း
ကိုဘိုးဟန်က အရေးတကြီး ဆီးကြိုမေးသည်။ ကျွန်တော်က သက်သာပါပြီဟု ပြောသော်လည်း သူကတော့ ဒေါ်အိုဇာအကြောင်းသာ ဆက်၍
သတိပေးသည်။ သူ သတိပေးလေ ကျွန်တော့စိတ်မှာ ထင်ရလေဖြစ်ပြန်ပါသည်။
ညနေပိုင်း စောစော အလုပ်ဆင်း၍ အိမ်ပြန်ခဲ့သည်။ ခင်ရှိရာ အိပ်ခန်းသို့ လှမ်းကြည့်လိုက်သည်နှင့် မိန်းမတစ်ယောက်က ခင့်အားတိုးတိုးတိတ်တိတ် ကျိတ်၍ ပြောနေသည့်ဟန်ကို တွေ့လိုက်ရသည်။

ကျွန်တော် ဝင်သွားသောအခါ ထိုမိန်းမက အလန့်တကြား သူ့စကားကို ဇွတ်ဖြတ်ပစ်လိုက်သည်။ ခင် မျက်နှာပျက်၍ အထိတ်တလန့် ဖြစ်နေပုံကို အကဲခတ်လိုက်ရခြင်းကြောင့် သူတို့၏ပြောလက်စ စကားမှာ တခြားဟာ မဟုတ်၊ ဒေါ်အိုဇာ၏အကြောင်းပဲဟု ကျွန်တော် တစ်ထစ်ချ စွဲလိုက်နိုင်ပါသည်။

“မောင်၊ မောင် ဒေါ်အိုဇာကြီးဟာ”
“အို စာရေးကတော်ကလဲ”
ခင်က ကျွန်တော့ကိုဖွင့်ပြောလိုက်မည်အပြု ထိုမိန်းမက ကြောက်ကြောက်လန့်လန့်နှင့် ပိတ်ပင်လိုက်ပါသည်။ သူ့အမူအရာမှာ ဂနာမငြိမ်အောင် ရှိလှသည်။ ထို့နောက် ချက်ချင်းပင် နှုတ်ဆက်၍ ထသွားပါတော့သည်။ သူ့မှာ ဒေါ်အိုဇာအကြောင်း မပြောစေချင်၍လားမသိ ခင်ကလည်း ထိုမိန်းမ ထွက်သွားပြီးသည်အထိ
နက်နက်နဲနဲ စဉ်းစားနေဟန်ရှိသည်။

“မောင်”
ခင်က တုန်လှုပ်စွာ စကားဆက်မည်ပြုသောကြောင့် သူ့အနားသွားထိုင်လျှင်
“ဖွတဲ့ ဒူးမပြောနဲ့ ပေါင်မပြောနဲ့။ ဒေါ်အိုဇာကြီးဟာ စုန်းမကြီးတဲ့ တော့၊ တစ်ရွာလုံးက သိသတဲ့၊ ဒါကို ခင်တို့က လက်ခံထားတာ သူတို့ အံ့သြနေကြတယ်။ နောက်ပြီး ဒီနေ့ခင်းဖြစ်တာ ရိုးရိုးတန်းတန်း မဟုတ်ဘူးတဲ့။ ဒေါ်ရွှေပွင့်က နည်းနည်းပါးပါး နားလည်တယ်။ ခု သူမလာတာ ကြည့်ပါလား။ ဟိုတစ်နေ့က မောင် သူ့ကို ထော်လော်ကန့်လန့် ပြောလိုက်တာ သိပ်မှားတာပဲ။ မောင့်ကို ပြောကြတာ မောင်က မယုံဘူးဆို။ မောင်က သိပ်တစ်ယူသန်နိုင်တာပဲကွယ်။ ဒါမျိုးတွေဟာ ရွာတိုင်းမှာ ရှိတယ်။ ဘာမှတ်လဲ”
“သူများပြောတိုင်း ဟုတ်ချင်မှ ဟုတ်မှာပါကွာ၊ ခင်ကလဲ”

အမှန်စင်စစ် ကျွန်တော်ကိုယ်တိုင် သံသယရှိလာစေကာမူ ခင့်ကိုတော့ ဤသို့ ဖျောင်းဖျရပေမည်။ သူ့ဥပါဒါန်ကို ဖျောက်ဖျက်ပစ်ရမည်။
သူ့ကုက္ကုစ္စကို ဖြေရှင်းပေးရမည်။

“မောင်ကလဲ ခုထက်ထိ လုပ်တုန်းပဲ။ မောင်ပြောတာ မှတ်မိသေးလားဟင်၊ ကာတွန်းထဲက စုန်းမကြီး ဒေါ်အိုဇာနဲ့ တူတယ်ဆိုတာလေ။
ဟုတ်တယ်မောင်၊ ဟုတ်တယ်။ သတိထားကြည့်တော့ တကယ့်ကိုတူတာပဲ။ မောင် အကဲခတ်မလွဲဘူး။ ဟော အိမ်ရှေ့က ခြေသံကြားတယ်။
သူများလားမသိဘူး”ဟု အထိတ်တလန့်စကားကို တုန်လှုပ်စွာ ရပ်ပစ်လိုက်သောကြောင့်
“ဟာ ခင်ကလဲကွ”ဟု အပြစ်တင်၍ ထွက်အကြည့်လိုက်မှာ ကျွန်တော်ပါ အံ့သြသွားရပါသည်။ ကုပ်ကုပ်ကုပ်ကုပ်နှင့် ခပ်သုတ်သုတ်
ဆင်းသွားသော ဒေါ်အိုဇာ ဘယ်အချိန်က တက်လာ၍ ဘာသဘောနှင့် အသံ မပြုလေသနည်း။
“မောင်၊ ဟုတ်တယ်မဟုတ်လား ဟင် ဟင်”
ခင်က ကျွန်တော့မျက်နှာရိပ်ကို ဖမ်းကာ မေးလိုက်သည်။
“ဟယ်၊ မဟုတ်ပါဘူး ခင်ကလဲ”
“နို့ ဘယ်သူလဲ”
“ဟင် မောင်လိမ်တာ၊ ဒါဖြင့် ခင် ထကြည့်မယ်”
ပြောပြောဆိုဆို အိပ်ရာထဲမှ ကမန်းကတန်းထ၍ ကြည့်မည်ပြုသောကြောင့် ဤတွင်မှ အရေးမကြီးသလို ရယ်သွမ်းပြလိုက်ရရင်း
“ဟုတ်ပါတယ် မင့်အမယ်ကြီး တွေ့လို့ လန့်ပြီး ပြန်ဆင်းသွားတာပါ”
“ဟောတော် ဒါဖြင့် ခင်တို့ ပြောနေတာတွေ ကြားသွားတော့မှာပဲ။
အဲဒါမှ ဒုက္ခ၊ ဘယ့်နှယ်လုပ်မလဲဟင်။ ခင်တော့ ကြောက်လာပြီ”
“ဘာလို့ ကြောက်ရမှာလဲကွ၊ ခင်က တောက်တီးတောက်တဲ့”
“ဟာ မောင်ကလဲ တဇွတ်ထိုးကြီးပဲကိုး၊ စုန်းမကြီး မောင်ရဲ့၊ စုန်းမကြီး”
“ခင်ကလဲ ခေတ်ပညာတတ်တစ်ယောက် ဖြစ်ရဲ့သားနဲ့ကွာ
“ဟာ ခင်တော့ကြောက်တယ်၊ ဘာပြောပြော ဒီရွာတောင် မနေဝံ့တော့ဘူး”

မိန်းမတို့၏ သဘာဝသည် ခေတ်မီ မမီ၊ ပညာတတ် မတတ်တကယ်တမ်းကျလျှင် ဟန်ဆောင်၍မရ၊ ယေဘုယျချည်းသာဖြစ်ကြောင်း ကျွန်တော် သဘောပေါက်လိုက်သည်။ ချစ်ချင်လျှင် ချက်ချင်း၊ မုန်းချင်
လျှင်ချက်ချင်း၊ စေတနာပိုချင်လျှင် သူတို့၊ မသဒ္ဓါချင်လျှင်လည်း သူတို့၊ စော်ကားချင်လည်း မယ်မင်းကြီးမ၊ ဝန်ချလိုလျှင်လည်း မယ်မင်းကြီးမ၊ သူများပြောလျှင် ဆောလျင်စွာ ယုံတတ်ကြသည်မှာလည်း မိန်းမ၊ ယထာဘူတဘာကလေးမှ ငဲ့ကွက်၍ မစဉ်းစား၊ ဒါတွေကြောင့်
တချို့ယောက်ျားတွေ မိန်းမအလိုလိုက်၍ နတ်ယုံ၊ ဗေဒင်ယုံ၊ ဓာတ်ရိုက်သော ဘုန်းကြီးကိုယုံ အဖုံဖုံလိုက်၍ ရူးကြရသည်။

“ခုနေ လိုက်ပြီး တောင်းပန်ရရင် မကောင်းဘူးလားဟင် တောင်းပန်ပေးပါ မောင်ရယ်။ တော်တော်ကြာ အို ခင်တော့ သိပ်စိတ်ညစ်တာပဲ။ မောင်ကလဲ အေးစက်စက်ကြီး”
မျောက်မီးခဲကိုင်မိသလို နေမထိ ထိုင်မထိ ခင်က ဖြစ်နေသလောက် ကျွန်တော်ကတော့ စဉ်းစားနေမိသည်။ အခုနေ အမယ်ကြီး အရိပ်အခြည်
ကို လိုက်၍ ကြည့်ရကောင်းမလား ဒါမှ သိသိသာသာ သစ်တုံးနှင့် မိကျောင်း ကောင်းကောင်းကြီး ခွဲခြားနိုင်မည်။ ခင့်အနားက ကျွန်တော် အထလိုက်တွင် ခင်က ပူဆာလိုက်သေးသည်။

“မြန်မြန် ပြန်ခဲ့နော်၊ ခင်တစ်ယောက်တည်း ကြောက်တယ်”
ဒေါ်အိုဇာတို့ တဲကလေးမှာ ရွာနောက်ဖေးတန်းတွင် အတော်ကလေး ခနော်နီခနော်နဲ့ နိုင်လှသည်။ နိမ့်ကျိုးသောတံစက်မြိတ်က တဲတွင်းကို အလေးပြုပြီးမှဝင်ရအောင်ရှိသည်။ အမိုးအကာမှာ ဟောင်းနွမ်းပေါက်ပြဲနေသောဓနိဟောင်းများသာ ဖြစ်သည်။ ဆင်းရဲလှသော သူတို့၏ ပရိယေသနကို မြင်ရရုံနှင့် သိနိုင်သည်။ ဤသို့ ကျွန်တော်တစ်ခါမှမရောက်ခဲ့ဖူး။ ယခုလည်း လာသာလာရသည် ဘာကိစ္စကို ရမည်ရှာရန် မသိ။
တဲနားရောက်လျှင် ကျိတ်၍ ငိုလိုက်သံတစ်ချက်သည် ကျွန်တော့ခြေလှမ်းကို တုံ့ဆိုင်းသွားစေသည်။ ထို့ကြောင့် ခဏလေး ရပ်မိသည့်
အတွင်း ဆက်၍ ရှိုက်သံများ ကြားရပြန်သည်။
“ငိုမနေနဲ့ မိအို၊ နေရာတကာ စပ်စပ်စပ်စပ် လုပ်တာ အပြောခံရတာနည်းသေး၊ ထွီး”ဟု စိတ်လိုက်မာန်ပါ တံတွေးကို ပစ်ပစ်ခါခါ ထွေးလိုက်သော အဘိုးကြီး၏ အသံများမှာ ရှိုက်သံကြားက ခပ်အုပ်အုပ်ကလေး ပေါ်လာပြန်သည်။

“မနေတတ် မထိုင်တတ်လို့ တစ်ရွာလုံးက စုန်းမ၊ စုန်းမနဲ့ ပြောကြလှပြီ။ ဒါနဲ့လဲ အမှတ်မရှိဘူး၊ သွားလိုက်ရတာ၊ လုပ်လိုက်ရတာ၊ အိမ်ပစ်ရာပစ် နောက်ပြီးတော့လဲ အခုမှတွေ့ရတဲ့ သူစိမ်း၊ ကိုယ့်သားသမီး သြဇာပေးလိုက်ရတာကလဲ”
“ဒါကတော့ ကျုပ်က ဘယ်သူ့ပေါင်းပေါင်း သွေးရင်းသားရင်း မှတ်တာကိုး။ နောက်ပြီး ကလေးမကလေးက လုံချည်အဟောင်းပေး
ပိုက်ဆံပေး၊ ဆန်မရှိ ဆန်ပေးနေတယ် မဟုတ်လား။ ကိုယ့်လုပ်စာနဲ့ အိမ်မှာ လောက်လို့တဲ့လား။ သူများပေးစာကမ်းစာ စားနေရတာကိုး”
“အေးလေ ပေးတယ်ထားပါဦး။ သွားတာလာတာက တန်ရုံ ကောင်းတယ်။ မရှိခိုးနိုးနိုး၊ မလှ စုန်းနိုးနိုးဆိုသမုတ်လား။ ဘယ်သူ့ဖြစ်ဖြစ်
ပေါင်းလိုက်ရင် ဖက်လဲဘနမ်း သူများအိမ်ကကလေး အင့်ခနဲ ငိုသံကြားရင်သွားပြီ။ မခေါ်ဘဲလဲမသွားနဲ့တဲ့၊ ခုတော့ ဟုတ်ပေါင်”
“ဒါကတော့ ကျပ်စေတနာကိုးတော့။ နေမှ မနေတတ်ဘဲ”
“မနေတတ်လို့ တစ်ရွာလုံးက သမုတ်ကြတာပေါ့”
“ဟုတ်ပါတယ်တော်၊ ဟုတ်ပါတယ်။ ကျုပ်စေတနာတွေ ဝေဒနာ ဖြစ်ရတာပါပဲ။ ကျုပ်ကံကိုက ဆိုးပါတယ်၊ ဆိုးပါတယ်”
ဒေါ်အိုဇာ၏အသံမှာ ဝမ်းနည်းကြေကွဲစွာ ငိုရှိုက်ရင်း အဆုံးသတ်လိုက်သည်။ ကျွန်တော့မှာ အဘိုးကြီး အမယ်ကြီး ပြောစကား အရင်းအဖျားကို စဉ်းစားလိုက်မိသည်နှင့်တစ်ပြိုင်နက် ဝိတက် ဝိစာရတွေလွင့်ပျောက်ကုန်ရပါသည်။ ထို့ကြောင့် တဲတွင်းသို့ ခေါင်းလျှိုဝင်လိုက်လျှင်ပင် နှစ်ယောက်စလုံး အံ့အားသင့်သွားကြပါသည်။

“ဟင် စာရေးကြီး”
“ဟုတ်ကဲ့ ကျွန်တော့မိန်းမ နေမကောင်းလို့”
“မောင်က ကျုပ် ပြုစားတယ်ထင်လို့လား”
“ဟာ မိအိုဇာတို့ကတော့ အပြောမတတ် ဆဲသလိုဆို ဖြစ်နေပြီ။ ဒီမှာ စာရေးကြီးရယ်၊ စိတ်မဆိုးပါနဲ့နော်။ ဒီဟာမကြီးက ဘာမှမဝင်ဆံ့ဘူးရဲ့”
အဘိုးကြီးက အားတုံ့အားနာနှင့်ဝင်၍ တောင်းပန်နေရှာပါသည်။

“ဒါမျိုးတွေကို ကျွန်တော် အယုံအကြည် နည်းနည်းမှ မရှိပါဘူးဘကြီးရယ်။ ဘယ်သူက ဘာပြောပြော ကျွန်တော်မယုံပါဘူး။ ခုဖြစ်တာလဲ သွေးရိုးသားရိုး ဖြစ်တာပါ”
“ဘယ် သွေးရိုးသားရိုးရမလဲကွဲ့။ မင်းမယား ဗိုက်ကြီးတာ ဗိုက်ကြီးတာ။ ငါသိပြီးပြီ။ သွေးအရပ်မှာ ခေါင်းလျှော်တော့ အအေးပတ်ပြီး ရင်တလှပ်လှပ်နဲ့ မူးသွားမှာပေါ့။ ဒါပါပဲ။ မိအိုဇာတို့ကတော့ ဒီလို ဘက်ကတော့ နော‌ကျေလို့ မပြောဘဲနဲ့ အစဉ်းသိ နားလည်လား”။

ကျုပ်ကို ခွပြောလိုက်လို့ စိတ်ကောက်နေပေမဲ့ ဖြစ်တယ်ဆို ချက်ချင်းလာခေါ်မှ ကြိုက်တာ။ ခုတော့ ငါ့မှ အရေးမလုပ်ကြဘဲ။ ဒါတောင်
မနေနိုင်လို့ လူကြီးတန်မဲ့ အရှက်ပြီး ကျုပ် ခုနကပဲ လာပါသေးတယ်။
ကျုပ်ကို စုန်းမကြီးလို့ သူတကာတိုက်တာယုံပြီး ပြောကြတော့ ကျုပ်ဒေါသဖြစ်ပြီး ပြန်ခဲ့တာပေါ့”
အမယ်ကြီးက ဒေါသဖြစ်ဖြစ်နှင့် ကျွန်တော့ကို ဖိ၍ ရန်တွေ့နေသည်။
“အို ကွာ မိအိုဇာကလဲ လာခေါ်ရှာတဲ့ လူကို အေးအေးသက်သာ ပြောစမ်းပါကွာ။ ဒီလို စာရေးကြီးရေ ဒီလို၊ ကျုပ်တို့မှာက အိုကြီးအိုမနဲ့
သားထောက်သမီးခံလဲ ရှိတာမဟုတ်။ အလုပ်ကလဲ ထမင်းနပ်မမှန်၊ ပြောပါရစေတော့ ကျုပ်တို့ မရှက်ပါဘူး။ ဒီတော့ သူများအိမ် ဝိုင်းလုပ်
ဝိုင်းစား သူက သွားသွားလုပ်သဗျ၊ ဒီကောင်မကြီးက ဗေဒင်ကလေးကလဲ မတောက်တခေါက်၊ ကလေးငယ် နာမာတရာကျမ်းကလေးကလဲ
မတောက်တခေါက်၊ အနှိပ်အနင်းကလေးကလဲ မတောက်တခေါက် နတ်တို့၊ စုန်းတို့ဆိုတာလဲ ရှေးလူကြီးပီပီ အယူရှိထင်ပါ့ ဗျာ။ ဒါကလေး
တွေနဲ့ တတ်သမျှမှတ်သမျှ လူစွာလုပ်ပြော၊ လူတတ်လုပ်ကု၊ ပျောက်တဲ့အခါလဲ ပျောက်ပေါ့ လေ။ မခေါ်လဲ သွားတာပဲဗျ။ အမြင်မတော်လဲ အာကျယ်ပါကျယ်နဲ့ ပြောခဲ့တာပဲဗျ။ ဒီတော့ စုန်းလိုလို ကဝေလိုလို ထင်ကြသပေါ့။ အဲသည်လို ထင်တာလဲ ရှက်ရကောင်းမှန်း မသိဘူး။
အစားရချောင်တယ်ဆိုပြီး ရောယောင်အထင်ခံမိတာ။ ကြာတော့ သူက အထင်မခံချင်လဲ မရတော့ဘူး။ တစ်ရွာလုံးက ရွံကြောက်ကြီး ကြောက်
နေတာပဲ စာရေးကြီး”

“ကျွန်တော် သဘောပေါက်ပါတယ် ဘကြီးရဲ့။ တောရွာကလေးတွေ ဆိုတော့လဲ ဒီအယူအဆမျိုးတွေက ကျန်သေးတာကိုး၊ ကဲ ကဲ
ကျွန်တော်တို့အိမ်သာ ပြန်လိုက်ခဲ့ပါ။ ခင် စိတ်ကောင်းသွားအောင်။ မိန်းကလေးဆိုတာကတော့ ပြောရင် ယုံလွယ်မယ်၊ ကြောက်လွယ်မယ်ပေါ့ ခင်ဗျာ စိတ်မရှိပါနဲ့”
“မင့်မိန်းမကို ကျုပ် သမီးကလေးအရင်းလို ချစ်တာပါတော်။ လူ့ဘဝ တုံးရပါစေရဲ့ ”
“အေးလေကွယ် ကျိန်မနေပါနဲ့ မိအိုဇာရဲ့၊ ဒီအမယ်ကြီးကို ဗွေမယူပါနဲ့နော် စာရေးကြီး။ ခင်ဗျားတို့ ပေးတာကမ်းတာ သာဓုခေါ်လျက်
ပါဗျာ။ သာဓု သာဓု”

ထိုနေ့ကစ ခင်ရော ကျွန်တော်ပါ သံသယကင်းရှင်းစွာဖြင့် အားကိုးအားထား ပြုကြရပါသည်။ တစ်ရွာလုံးက ကျွန်တော်တို့အား ဘာမှ မပြောကြတော့ပါ။ စကားစပ်မိတိုင်း-ဒေါ်အိုဇာ၏ စေတနာရင်းကို ဝါဒဖြန့်ပေးသော်လည်း ယုံသလိုလို မယုံသလိုလို အေးစက်စက်နှင့် လုပ်နေကြပါသည်။
ဒေါ်အိုဇာကတော့ သူ့ကိုအခွင့်အရေး အလေးအမြတ်ပြု၍ ပေါင်းလေ ဝမ်းသာ၍မဆုံး၊ တပြုံးပြုံးနှင့် သိမ်းကျုံး၍ အောက်ခြေသိမ်းလုပ်
ခင့်ကို ပို၍ ကူညီသည်။ ခင့် ကျန်းမာရေးကို တကယ် ဂရုစိုက်ရှာသည်။

တစ်အိမ်လုံးအား သုတ်သင်လှည်းကျင်းပေးသည်။ စနစ်မကျတာ တွေ့သမျှလည်း ဗျစ်တောက်ဗျစ်တောက်နှင့် မြည်တွန်တောက်တီးသေးသည်။
ဒီအကျင့်ကတော့ ဒေါ်အိုဇာ နည်းနည်းကလေးမှမလျှော့။ သူ့သဘောကို သိထားတော့လည်း ကျွန်တော်တို့ လင်မယားမှာ ပြုံး၍သာ သူကြိမ်းသမျှ ခံကြရသည်။ သူကြိမ်းတာကိုခံလျှင် အင်မတန်ဝမ်းသာသည်။ တစ်နည်း
အားဖြင့်ဆိုသော် ယောက္ခမ၊ မိဘနှင့်နေရသလို စိုစိုပြည်ပြည် ပျော်ပျော်ရွှင်ရွှင် ရှိခဲ့ပါသည်။ ခင့်ကိုယ်ဝန်ကို တစ်နေ့တစ်ခါ မှန်မှန်စမ်း၍
ရှောင်သင့်တာ၊ ဆောင်သင့်တာတွေ ပြောရသည်မှာလည်း အမော။
ဆန်လွတ်နနွင်းကို ကိုယ်တိုင်ထောင်းရသည်ကလည်း အမော။

ဤသို့နှင့် လေးလလောက် လွန်ခဲ့သည်။
တစ်နေ့သော် ရန်ကုန်ရုံးကြီးမှ ကျွန်တော့အား ပြန်၍ ခေါ်သဖြင့် လိုက်၍ နှုတ်ဆက်ရပါသည်။ ကျွန်တော်တို့ ပြန်၍ ပြောင်းရတော့မည်ဟု
ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဒေါ်အိုဇာကြီး ချုံးပွဲချ၍ ငိုပါတော့သည်။ ခင့်မှာလည်း မျက်ရည်စက်လက်။ အကယ်၍သာ အမယ်ကြီး
တစ်ကိုယ်တည်းဆိုလျှင် ကျွန်တော်တို့ ခေါ်ခဲ့မည်အထိ စေတနာရှိပါသည်။ ယခုကား သူကလည်း မလိုက်နိုင်။ အဘိုးကြီးကလည်း မခွဲနိုင်။
သွားမည့်နေ့ ငွေငါးဆယ်နှင့် ထိုင်၍ ကန်တော့ကြသောအခါ အဘိုးကြီးပါ. မျက်ရည်ကျရှာပါသည်။

“သာဓုပါ မောင်တို့ရယ်၊ သာဓုပါ သာဓုပါ။ ကျုပ်တို့မှာ ဒီလောက် ငွေမျိုး မကိုင်ခဲ့ရတာ အနှစ်နှစ်ဆယ် ကျော်ခဲ့ပါပြီ။ နောက်လဲ သေသာသေမယ် ကိုင်ရတော့မှာမဟုတ်ပါဘူး။ သားသမီးအရင်း မွေးထုတ်ထားတောင် မောင်တို့လင်မယားလောက် သဒ္ဓါချင်မှ သဒ္ဓါကြမှာပါ။
ဒါတွေထက် ဝမ်းနည်းတာကတော့ တစ်ရွာလုံး အထင်သေးနေတဲ့ဘဝမှာ မောင်တို့လို ခေတ်ပညာတတ် အထက်တန်းစား မြို့ကြီးသားတွေက ပေါင်းပြကြတာ အရည်လည်တော့မယ်လုပ်ခါမှ အားကိုးရာမဲ့တဲ့ မျက်နှာငယ်ဘဝ ပြန်ရောက်ရတာ ဝမ်းနည်းတာပါပဲ။ ကဲ ကဲ သွားကြရော့ သွားကြရော့”

အဘိုးကြီး ပြောအပြီး ဒေါ်အိုဇာကား ဘာတစ်ခွန်းမှ မပြောဘဲအောင့်၍ ရှိုက်နေရာက ပေါက်ကွဲကာ “အမယ်လေး သမီးကြီးရဲ့”ဟု ခင့်ကို တအားဖက်ငိုပါတော့သည်။ ကျွန်တော်တို့မှာ သံယောဇဉ် အဘယ်မျှ-ကြီးမားကြောင်း ကိုယ်ကိုယ်တိုင် အခုမှသိကြရပါတော့သည်။

ရန်ကုန်သို့ ပြန်ရောက်ခဲ့၍ လေးငါးလကြာသည့်တိုင်အောင် ဒေါ်အိုဇာကြီးအကြောင်း နေ့စဉ်ရက်ဆက် ပြော၍မပြီး၊ ပြောတိုင်း
ပြောတိုင်းလည်း ဝမ်းနည်းမိပါသေးသည်။ ထိုသို့ ဒေါ်အိုဇာကြီးအား မမေ့နိုင်သည့်အကြောင်းကတော့ တစ်နေ့တခြား ရင့်မာလာသော ခင်၏
ကိုယ်လေးလက်ဝန်ကိစ္စ ဖြစ်ပါသည်။ ရှေးလူကြီးပီပီ- နားလည်သည်။ ရှေးလူကြီးပီပီ ဂရုစိုက်ရာစိုက်ကြောင်း တတွတ်တွတ်နှင့် သွန်သင်ပေးခဲ့ရှာသည်။

မှတ်မှတ်ရရ ခင် မီးဖွားသည့်နေ့ပင် ကျွန်တော် ရန်ကုန်၊ ရွှေဘုံသာလမ်းသို့အလာ စာဖြူစုရွာက ပန်းထိမ်ဆရာကိုစိန်အုပ်နှင့် ပက်ပင်းတိုးမိပါသည်။ ချက်ချင်းပင် သတိရ၍
“ဒေါ်အိုဇာကြီးတစ်ယောက် ရှိသေးရဲ့ လားဗျာ”
“ဟာ စာရေးကြီးရေ၊ ဒေါ်အိုဇာကြီးအကြောင်း ပြောရမှာများ သနားပါသေးဗျာ” .
“ဘာဖြစ်လို့လဲ ဆုံးရှာပြီလား”
“သူပုန်တွေအတက် သေနတ်မှန်လို့လား”
“အင်း သူပုန်အတက်တော့ သူပုန်အတက်ပဲ။ သူပုန်တက်တုန်းမှာပေါ့။ ဒီလိုတို့ ဒီလို၊ ခင်ဗျားမိတ်ဆွေ စပါးပွဲစား ကိုဘိုးဟန်က သူ့သားကလေး ဖျားသေတာ ဒီမိန်းမကြီး ပြုစားလို့ပါဆိုပြီး ဓားနဲ့တက်ခုတ်သဗျာ။ မိုက်လိုက်တဲ့အကောင်”
“ဟောဗျာ၊ ဖြစ်မှဖြစ်ရလေ။ သူ့ခဗျာ မဟုတ်ရှာဘဲနဲ့ဗျာ”
“အေးလေ၊ သူတို့က တယ်ပြီး အစွဲအလမ်း ကြီးတာ။ ဒါပေမဲ့ ဒီကောင်လဲ သူ့အကုသိုလ်နဲ့သူ သူပုန်က ဝင်သတ်သွားတာပဲ”
“နို့ အဘိုးကြီးကောဗျာ”
“အဘိုးကြီးကတော့ အမယ်ကြီးစိတ်နဲ့ တစ်လသာ ခံတယ်။ လိုက်သွားရှာတော့တာပေါ့”
ကျွန်တော် ကိုစိန်အုပ်နှင့် နှုတ်ဆက်ပြီး ခွဲခဲ့ပါသည်။

စုန်း စုန်း စုန်း တဲ့။
သာသနာ နေလိုလလိုထွန်းအောင်- ဆဌသင်္ဂါယနာကြီးတင်တော့မည်ဆိုသည့်ဆဲဆဲ
ဗဟိဒ္ဓမိစ္ဆာ အယူလွဲတွေကို ချွတ်လွှဲတော်မူနိုင်ကြ
သည်သာ ဗုဒ္ဓဝါဒ ပထမသာသနာ။
[ရှုမဝ]
Credit ဆရာကြီး ဦးသုခအား ဂါရဝပြုအပ်ပါသည်။