ပျို့ကရုဏာ

အခိုက ဆွဲယူလိုက်လေသည်။

“နောက်တော့ ဘိုမ ရည်းစားထားတော့ သိမယ်လေ”

ဟုလည်း ပြောလိုက်ချေသေးသည်။ ဘိုမသည် မျက်နှာကို အတည်ကြည်ဆုံးထား၍ တင်းသော ဣန္ဒြေနှင့် “ရှက်စရာကြီး မထားပေါင်ဘူး”ဟု ဆိုလိုက်သည်။

“မတွေ့ သေးလို့ပါ”

စာရွက်ကို ခေါက်လျက် ချွေးခံအိတ်ထဲသို့ ခိုးကြောင်ခိုးဝှက် ထိုးထည့် နေပုံကို တလှည့်၊ မျက်နှာကို တလှည့် ကြည့်ကာ အားမကျမိသည့်အပြင် မခံချင်တင်တင်ပင် ဖြစ်လာလေသည်။

“အခို့မျက်လုံး ဒေါက်ထောက်ကြည့်လေ။ ဘိုမ အမေတို့ ကွယ်ရာမှာ ရည်းစားထားမလား၊ မထားဘူးလား”

ကိုယ့်ထက် အဆနှစ်ဆယ်လောက်ငယ်သော အပျိုပေါက်စမလေးအား လူကြီးတွေ ကွယ်ရာတွင် ရည်းစားထားပြခြင်းကို မလုံသလိုလို ရယ်ရွှမ်းပါရွှမ်း ဖြင့်

“တကယ်နော်၊ ဒေါက်ထောက်ပြီး ကြည့်လိုက်ဦးမယ်”

ဟူ၍ မျက်နှာ ခပ် လွှဲလွှဲ ပြန်ပြောရလေသည်။

“အံမယ် …တကယ်ပြောတာပါ။ ကြည့်လေ”

ဘိုမက မခံချင်သောအသံ နှင့် ထပ်ပြောလိုက်သည်။ အခိုသည် ဘိုမ ဓာတ်သိ၍ ဆွ မနေရဲဘဲ အဆင်မပြေ မဖြစ်ရအောင် လည်ပတ်စွာ စကားပြောင်းပစ်လိုက်၏။

“ဒေါ်လေးများသိရင် အခို့ကိုလေ ရွာပြန်လွှတ်မှာပဲ။ ဘယ်သူမှ စာရေး ခိုင်းတာ မပြောပါနဲ့နော်။ ဘိုမကိုလေ ယုံလို့ ချစ်လို့ အားကိုးပြီး အရဲစွန့်အသိပေးတာပါ။ အခို့ကို သနားရင် လုံပါ ဘိုမရယ် နော်”

ဘိုမသည် ခုလိုဆိုပြန်တော့လည်း ဘယ်လို ပြန်ပြောလိုက်ရမည်ပင် မသိပေ။ မခံချင်၍ မနှစ်မမြို့ ဖြစ်ချင်သလိုလိုရှိသော စိတ်ကလေးမှာ ရှိခိုး မတတ် မျက်နှာသေလေးနှင့် တောင်းတောင်းပန်ပန် လုပ်လိုက်ရုံဖြင့် အရည် ပျော်ကျသွားလေ၏။

“မပြောနဲ့ ဆိုလည်း မပြောပါဘူး စိတ်ချပါ။ အချို့လူကြီးက သူ့ မိန်းမ နဲ့ ကွဲနေတယ် ဆိုတာကော ဟုတ်ရဲ့လား”

ဘိုမသည် စိတ်ပြေရာမှ အခို့အတွက် ကြားထဲက ဝင်၍ စိတ်ပူရပြန် ချေသည်။ ရည်းစားစာ ရေးပေးရင်း ယောက်ျားဆိုတာ မယုံနိုင်စရာ နားလည်ရသည်တွင် အချို့လူက စိတ်မချနိုင်စရာ၊ မယားကြီးနှင့် ကွဲနေသဖြင့် ဘိုမသည် သက်ပြင်းကလေး နွေးခနဲ ချလေသည်။

“ကြာလှပါပြီ ကွဲနေကြတာ၊ သူ့မိန်းမက စိန်ဘာဘူတယောက်နဲ့ ဖြစ်တာမိလို့ မပေါင်းတာတဲ့၊ အခို့ကို ကြိုက်နေတာ ကြာလှပြီ။ မစိန်နဲ့ စာပေးခိုင်းတာ ဒါပါနဲ့ဆို ငါးစောင်တောင် ရှိပြီ၊ အခုမှ အခိုက စာပြန်တာ”

စာငါးစောင်ဟု ကြားလိုက်ရလျှင် ဘိုမသည် အံ့သြမိလေ၏။ မမေးဘဲ မနေနိုင်အောင် သိချင်စိတ် ပြင်းပြလာ၏။

“အရင်စာတွေ ဘိုမကလည်း တခါမှ မပြပါကလား။ ဘယ်တုန်းက ရတာလဲ။ အခို ဘယ်သူ့ကို ဖတ်ခိုင်းသလဲဟင်…မစိန်လား”

တောက်နေသော မီးတောက်ကို လေတိုက်လိုက်သလို အခို၏ မျက်နှာ၌ ထွက်နေသော အရောင်အဝါမှာ ချက်ချင်းပင် မှိန်မှိုင်းကျသွားကာ မျက်လွှာကလေးချလျက် ခပ်လေးလေး ပြောနေလေသည်။

“မစိန်လည်း စာမတတ်ပါဘူး။ ပထမဆုံးစာရတာက မနှစ်က သီတင်းကျွတ်လကပဲ။ စာလေးစောင်ကတော့ ဖတ်ပေးမယ့် လူကလည်း တယောက်မှ မရှိ။ ဘယ်သူမှလည်း မဖတ်ခိုင်းရဲတာနဲ့ စာထဲ ဘာပါမှန်းတောင် မသိလိုက် ရပါဘူး ဘိုမရယ်။ ဒီအတိုင်းပဲ ဆုတ်ပစ်လိုက်တယ်”

စာသာ မတတ်ပေမဲ့ ဆရာ လုပ်လိုက်တာဟု စောစောက ထင်ခဲ့သည်။ ရည်းစားစာကို အခို ကြောင်းချပေးသည့် စကားလုံးများအတိုင်း ဘိုမက တလုံးမကျန် လိုက်ရေးပေးရသည်။ စာရေးနေစဉ် သူ့စာထဲက အပိုဒ်ကလေး ပြန်ဖတ်ပြစမ်းပါဦး၊ အဲဒီအပိုဒ်ကို ပြန်ကူးထည့်ရေးလိုက်ပါနှင့် ခိုင်းသေးသည်။ စာမတတ်လို့သာ စာများတတ်ရင် အခက်ဟု ဝမ်းထဲတွင် ကျိတ်ကဲ့ရဲ့မိသရွေ့ အကုန်လုံး ခွင့်လွှတ်လျက် စာမတတ်လို့ ခမျာစာ လေးစောင်စလုံး ဆုတ်ပစ်လိုက်ရသည် ဆိုခြင်းကို သနားလိုက်သည့် ဖြစ်ခြင်း။

[၂]

အခိုကို မြင်မြင်ချင်းကပင် ဘိုမ သနားခဲ့ရသည်။ အခိုသည် ကြမ်းပေါ်တွင် ကြုံ့ကြုံ့ကလေးထိုင်ကာ တောင်ကြည့်မြောက်ကြည့်နှင့် ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေလေသည်။

အခိုဝတ်လာသော သော့တံဆိပ် ပိတ်အင်္ကျီရင်ဖုံးရှိ လက်နပတ်ကြီး၊ သက်လျှောက်၊ ခါးဒေါက်၊ ကျောဒေါက်တို့မှာ ရေမလျှော်ရသေးသည့် အင်္ကျီ တွင် မာတောင့်တောင့်ကြီးအတိုင်း အထင်းသားပေါ်နေသည်။

အနက်ခံ၌ အဖြူအစက်ပြောက်တွေ ပျက်တက်တက် ဖြစ်နေသော ငွေလုံချည်အဟောင်းကို ရှာပန်းနီအထက်ဆင် တပ်ဝတ်ထားလျက် ဆံပင် နောက်တွဲ ထုံးထားသည်။ အသားမှာ မည်းတူး၍ မျက်နှာ ပြာတာတာ အဆီပြန်နေလေသည်။ နှုတ်ခမ်းထူထူကို စုလျက်ထားရာ ဆေးလိပ်သောက်လှသဖြင့် ဆေးချေးကျွတ်တက်အောင် မဲပြာနေပုံမျိုးတည်း။ တောက အမေ့ဘက်မှ တူမတယောက် ရောက်လာသည်။ အသံကြား၍ တယောက်ပြီးတယောက် အခို့နားသို့ ဆွေကြည့်မျိုးကြည့် ကြည့်ကြသည်။

ညီအစ်ကိုမောင်နှမထဲတွင် ဘိုမတယောက်သာ အခို့အား ကြည့်နေနိုင်ကာ အစ်ကို၊ အစ်မ၊ ညီမများမှာ တချက်ကြည့်ပြီး အဖက်မလုပ်ချင်သလို ချာခနဲ လှည့်သွားကုန်ကြသည်။

“တောမှာ ဆင်းဆင်းရဲရဲနေရတယ် မဟုတ်လား။ ဒီမှာ နေခဲ့ပေါ့။ ဒီမယ်တော့ အိမ့်အလုပ်ကလွဲပြီး ပင်ပင်ပန်းပန်း လုပ်စရာ မရှိဘူး။ တောနေတော့ တောသူ၊ မြို့ နေတော့ မြို့သူ ဖြစ်မှာပေါ့။ ဒီမှာ နေခဲ့၊ ဘယ့်နှယ်လဲ အခို”

ဘိုမသည် အခိုကို ကြည့်၍ လှောင်ချိုင့်ထဲ ဖမ်းပြီး ထည့်ထားသော ကျေးငှက်အရိုင်းကလေးတကောင်လို သနားလာလေသည်။ အခို၏ ပုံပန်းကို စိတ်ပျက်စွာလည်း စိုက်ငေးကြည့်နေသည်။

အခို၏ မျက်လုံးများသည် ကြောက်ရွံ့ရွံ့ဖြင့် ထွက်ပေါက်ရှာနေသလို လည်နေလေသည်။ ကျဉ်းကျပ်ခြင်းဖြင့် ကြုံ့နေသော တကိုယ်လုံး တဆိတ် ကလေးမှ မလှုပ်ဘဲ ကုပ်နေလေသည်။ အခိုမှာ နည်းနည်းမှ နေချင်ပုံ မရပေ။ စိတ်ညစ် စိတ်အိုက်ကာ မဝေခွဲနိုင်သလို ရှိနေလေသည်။

မိမိရောက်နေသော ထည်ဝါသည့် ဧည့်ခန်း၌ ပိတ်ကျပ်နေသော အသုံးအဆောင် အိမ်ထောင်ပရိဘောဂတွေနှင့် လွတ်ကင်းရာဖြစ်မည့် မျှော်မဆုံးသည့် လယ်ကွက်ကြီးထဲသို့ ပြန်ပြေးကာ ဝဝကြီး အသက်သွားရှူလိုက်ချင် သည်။

“အင်းမလှုပ်၊ အဲမလှုပ်၊ ဘယ့်နှယ် ငုတ်တုတ်ကြီး လုပ်နေသလဲ။ နေမယ် မဟုတ်လား၊ ထားခဲ့လေ ကိုရင်ကြီး၊ ကိုရင်ကြီးပဲ ပြန်”

အမေ့နားတွင် ထိုင်နေသော အမေ၏ အစ်ကိုဝမ်းကွဲ ကိုရင်ကြီးသည် အခို့ကို “ကိုင်း…နေခဲ့…”ဟု ခပ်မာမာပြောလိုက်ကာ နေရာမှ ချက်ချင်း ပြန်သွားလေသည်။

သူတယောက်တည်း ကျန်ရစ်ခဲ့သောအခါ အခိုသည် မျက်ရည်ပေါက်ကြီးများ တပေါက်ပေါက်ကျလျက် လှုပ်လည်း မလှုပ် အသံလည်း မထွက်။

“ညည်း နောက်တော့ ပျော်လာမှာပေါ့အေ” ဟု အမေက နှစ်သိမ့်ကာ အနား၌ ရပ်ကြည့်နေသော ဘိုမကို “ကဲ ခေါ်သွားပါကွယ်” ဟု ပြောလေသည်။

ဘိုမသည် ကြင်နာစွာ ကြည့်ရင်း အနားသို့ ဖြည်းဖြည်းလေး တိုးလာ လေသည်။ ကျောင်းလာအပ်ခဲ့ပြီး အမေက ပြန်သွား၍ ငိုနေသော ကျောင်းသူ ကလေးကို ချော့မော့မည့်ဟန်မျိုးဖြင့် အနားရောက်လာသည်။ တမင်တကာ ပြုံးရမည့် အပြုံးမျိုးကို လိုသလောက်ကလေး ပြုံးကာ “လာ…လာ…အခို၊ အိမ်ထဲ သွားရအောင်” ဟု အချိုသာဆုံး ခေါ်ငင်လိုက်သည်။

အခိုသည် အိမ်ရောက်ပြီး တနေ့ထက်တနေ့ တသွေးတမွေးဖြစ် လာလေသည်။ ရောက်စကလိုလည်း မရိုင်းတော့ပေ။ တဖြည်းဖြည်း ယဉ်ကျေးလာသည်။

သူ၏ အရုပ်ဆိုးသော ရုပ်ကို သူများ အတုခိုးကာ ကြည့်ကောင်းအောင် လုပ်တတ်လာသည်။ ဖြီးလိမ်းပြီးရင် အမှတ်တမဲ့ မဟုတ်။ ဟန်လုပ်လိုက်သေး သည်။ ရောက်စနှင့် မတူ မယုံနိုင်အောင် ဖြစ်လာပုံကား တောသို့ မပြန်ချင်၊ တောကို ကြောက်နေခြင်းပင် ဖြစ်၏။

အိမ်၌ ထမင်းချက်၊ အဝတ်လျှော်၊ အိမ်သိမ်း၊ နေထွက်က နေဝင် မအားလပ်အောင် တရစပ် တယောက်တည်း ကျုံးလုပ်ရလေသည်။ အလုပ် လုပ်နေတုန်း ဒီကြားထဲက အမေ့အဆူ မခံရအောင်၊ ခေါင်း မပွအောင်၊ အဝတ်မပေအောင် ကြပ်ကြပ် ဂရုစိုက်ရသည်။

ဘိုမမှလွဲ၍ ညီအစ်ကို မောင်နှမ တသိုက်သည် အခို့ကို ဆွေမျိုးစပ်တယ်ဆိုရုံသာ အသိအမှတ်ပြုကာ ခပ်စိမ်းစိမ်းပင် ဆက်ဆံကြသည်။

အခို အိမ်ရောက်စက အမေ၏ ဆူပွက်သံသည် အချိန်ရှိသရွေ့ ညံစာနေ၏။ နွားနောက်က နှင်တံနှင့် တတို့တည်း တို့နေသလို နောက်ကနေ မီးထိုးပြီး တတွတ်တွတ် တဖွဖွ အပ်ချမတ်ချ လက်ထပ်လိုက်သင်ပြနေလေသည်။

အခို လုပ်တာ နေရာမကျတိုင်း ဆူလို့ပွက်လို့ မာန်လို့ မဲလိုနှင့်ပင်။ အခိုသည် မတတ်ချင်လို့ မနေရဘဲ တဖြည်းဖြည်း တတ်လာရလေသည်။

“ဘယ်လိုဟာမမှန်း မသိပါဘူး။ မလှုပ်တလှုပ် မြုံစိစိနဲ့။ အုံ့ပုန်း” အခို့ကို စိတ်ဆိုးတိုင်း ဒေါသအလျောက် အမေ၏ နှုတ်ဖျားမှ ထွက်ကျစကား။

ဘိုမသည် အခို့အား “အုံ့ပုန်း” ဟု အမေက ဘာ့ကြောင့် ပြောမှန်း နားမလည်နိုင်။ အမေ အိမ်ရှေ့၌ ဆူနေခိုက် အခို့ကို နောက်ဖေး၌ အသာဝင်ကြည့်သည့်အခါ အခိုသည် မီးဖိုတံခါးပေါက်တွင် မှီထိုင်ကာ ဆေးပြင်းလိပ်ကို လက်ကြားညှပ်၍ နှုတ်ခမ်းနှင့် တေ့လျက် မငိုမယို ငိုင်တွေနေသည်သာ တွေ့ရတတ်သည်။

[၃]

ယခုတလော အမေ၏ ဆူပွက်သံသည် အိမ်တွင် ဆိတ်နေသည်။ အခိုသည် အမေ့အကြိုက်ချည်း လိုက်၍ အပြောအဆို မခံရအောင် ဂရုတစိုက် လုပ်နေသဖြင့် ဆူသံပွက်သံအစား အမေ၏ ချီးမွမ်းသံများ ကြိုင်လှိုင်လာ၏။

အခိုသည် ထမင်း ကျကျနန ချက်တတ်သွားပြီ။ ကပ်တလိပ်၊ ဘီးစတိတ်၊ စတူး၊ ရိုးစ်ပင် ဖွယ်ဖွယ်ရာရာ ချက်ပေးနိုင်သေးသည်။ အဝတ်လျှော်၊ မီးပူတိုက်အလုပ်ကို ပင်းမင်းဒိုဘီမသာအောင် ကျင်လည်သည်။ ဒီပစ္စည်းက နောက်ဖေးသုံး၊ ဒါကို အကြမ်း၊ ဒါက အနု၊ ဟိုဟာက ဧည့်စောင်အတွက် ဒီဘက်ကလည်း ကြေမွှတ်နေ၏။

အိမ်၏ ဧည့်ခန်းထမင်းစားခန်း၊ အိပ်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ အိမ်ရှေ့က နောက်ဖေးအထိ သူချည်းသာပဲ သိမ်းနေကျ၊ ရှင်းနေကျ၊ ပြင်နေကျ။ လုပ်ရဖန် များလွန်း၍ ဘယ်ပစ္စည်း ဘယ်နေရာသိမ်း၍ ဘယ်လိုကိုင်ဖို့ သုံးဖို့ရန် မျက်စိတတ်လာကာ လုပ်သမျှ အပိုးသေ ကျနနေချေပြီ။

တနေ့လုံး မနားတမ်း မမောမပန်း လုပ်ကိုင်ကာ ညအချိန် အားလပ်ခိုက် ရေဒီယိုသီချင်းသံတွေ ညံနေသော မီးတထိန်ထိန်အောက်၌ အိမ်ကြီး၏ တင့်တယ်သော ကြက်သရေ မင်္ဂလာအဖြာဖြာနှင့် တန်ဆာဆင်ထားသည့် အသုံးဆောင်အစုစုကို ငေးရှုစားကာ အထက်တန်း စည်းစိမ်ကို စုံရေ မက်ရေ သရေကျမိတော့သည်။

အခိုသည် တောကို လုံးလုံးကြီး မေ့ထားလိုက်ပြီ။ တတ်နိုင်လျှင် တောက လာနေတာကို သူများမပြောနှင့် ကိုယ့်ဟာကိုယ်ပင် ပြန်မမှတ်မိချင် တော့ပေ။

မင်းကတော်စိုးကတော်၊ သူဌေးကတော်တွေ အဝင်အထွက် ရှုပ်လှသော ဤအိမ်ကြီး၌ သူတို့ကို မြင်ရတိုင်း နောက်တုန်းက စိတ်မကူးစဖူး အထူးထူး အဖုံဖုံ စိတ်ကူးယဉ်ကြည့်ရာ အပျက်အပျက်နှင့် ကတော်ဆယ်ပါး တပါးပါး ဖြစ်ရန်ပင် စိတ်ထဲ၌ မှန်းထားပြီးပြီ။

အခို၏ နားထဲတွင် ဥဿဖရား တလုံးတည်းနားကပ် ဆင်ထားရာမှ ခုဆိုရင် လက်ထဲ၌ ကြံဆစ်ကွင်းစွပ်လက်ကောက် တဖက်ငါးရံနှင့် ဖြစ်နေကာ လက်သူကြွယ်၌ စိန်ချယ်လက်စွပ်တကွင်း ဝတ်ပေးထားသည်။

အခိုသည် လက်ထဲက ရွှေလက်ကောက်များနှင့် စိန်လက်စွပ်ကို အမက်ဆုံး ဖြစ်သည်။

အလုပ် ဘယ်လောက် ပင်ပန်း ပင်ပန်း၊ သူ့ လက်စွပ်နှင့် လက်ကောက်ကလေးတွေကို ကြည့်လိုက်ရရင် အမောကို ပြေသွားလေသည်။ အလုပ်လုပ်နေရင်း လက်ထဲ၌ လက်ကောက်တွေ တကွင်းနှင့်တကွင်း ရွှေ ရွှေချင်း ရိုက်သံသည် နားထဲ၌ စိန်လက်စွပ်မှ ဝင်းခနဲ ပြက်ခနဲ ရောင်စုံ တဖျပ်ဖျပ် လက်ထွက်လာခြင်းကို ငန်းငန်းတက် နှစ်သက်လွန်း၍ တခါတရံ လက်ကို တမင် တလုပ်ပင် ခါလျက် မျက်စိအာရုံ ခံစားကြည့်ရ၏။

တောမှာနေတုန်းက ဦးဆင်ဒေါ်ဌေး သရက်ထည် လုံချည်တထည် ဝတ်ဖို့အရေး နွေပေါက်အောင် စောင့်နေရသည်။

မြို့ရောက်မှ ကိုယ်ပေါ်တွင် ထိုဘရက်ကိုး၊ လစ်မနှစ်၊ ဟောတဆင် ဟောတဆင် ထည်လဲဝတ်ရကာ အင်္ကျီကိုလည်း ဟာရှင်ကာစင်ပတေးမှ ပဒုမ္မာကို ဇာနုနုကလေးတပ်သည့် ပုံတော်ပုံက တမျိုး၊ ဒါမှမဟုတ် ရှန်သားပန်းထိုး၊ တနေ့ကို တထည်ကျ အလျှံပယ် လဲဖယ်ဝတ်နေရသည်၊ ဘာလိုသေးသလဲ။

အတောင်စုံတော့ ပျံဖို့ပဲ ရှိတော့ကာ သူ့ အသိုက်၊ သူ့ ကြမ္မာ၊ သူဖန်တီးနိုင်ရေးအတွက် သူ့ထက် အသက်ကြီး၍ အရုပ်ဆိုးလှသော မယားကြီး ရှိဖူးသည့် တတိယတန်း အမိန့်တော်ရရှေ့နေ ဦးဘိုးဦးထံ မေတ္တာစာပြန်လိုက်ခြင်းဖြင့် မင်းကတော်လောကကို တုပြိုင်တော့မည်။

[၄]

ဘိုမနှင့် အခိုမှာ တခန်းတည်း နှစ်ယောက် အိပ်ကြရသည်။

ဘိုမသည် မအိပ်ခင် ကျောင်းစာများကို ကျက်မှတ်နေခိုက် မရိုးမရွ ဖြစ်နေသည့် အခို့အမူအရာနှင့် စားပွဲခုံနား ရစ်သီရစ်သီ လာလုပ်နေပုံကို တမင် မသိချင်ယောင်ဆောင်ကာ ဆွဲပြီး စာကျက်ချင် ကျက်နေတတ်သည်။

အခို ရည်စားမထားခင် ညများက ဘိုမထံ၌ ဘုရားရှိခိုး အမြဲတက် ဘိုမ ဘုရားရှိခိုး ချပေးတာကို လိုက်ကျက်မှတ်သည်။

ညများဆိုလျှင် အခို့အိပ်ခန်းမှာ ဘုရားသံ၊ တရားသံ တွတ်တွတ်ထိုးနေပေ၏။

အခန်းထဲ၌ ညတိုင်းကြားရမည့် ဘုရားရှိခိုးသံအစား အခို၏ ရည်းစားစာကြောင်းနေသံ ထွက်သည်။

ဘိုမ စာကျက်ပြီးလျှင် မနက်က ဈေးကရခဲ့သော စာကို ညဘက်၌ ဘိုမအား စာပြန်အရေးခိုင်းရသည်။ ညနေ ဘိုမ ကျောင်းက အပြန်၌ ဖတ်ခိုင်းရလေသည်။

အခိုသည် ဘိုမကို အမျိုးမျိုး ချော့နေပေသည်။ လူတဖက်သားကို သနားတတ်၊ အားနာတတ်လှသော ဘိုမမှာ အကူအညီတောင်းလျှင် တတ်နိုင်က လုပ်ပေးရန် ဝါသနာကြီးသည်။

ဘိုမကို လက်ကိုင်ပဝါလှလှ၊ ဖဲပြားအပွင့်ရိုက် ရောင်စုံ၊ ရေမွှေး၊ ပေါင်ဒါတို့နှင့် အခိုက အမျိုးမျိုး လာဘ်ထိုးသေးသည်။

“ဒီလက်ကိုင်ပဝါက ဘယ်က ရလာတာလဲ” ဟု ဘိုမက မသင်္ကာသဖြင့် စစ်ဆေးသည်။ အခို ဈေးက ပြန်လာတိုင်း အမေ့ကို ဈေးဖိုးတွက်ပြရပြီး ပိုတဲ့ ပိုက်ဆံကို ပြန်ပေးရစမြဲ ဖြစ်၍ အခို့လက်ထဲ၌ ပိုက်ဆံမရှိနိုင်ကြောင်း အစင်းသိ။

“သူက အခို့ကို ပေးတဲ့ လက်ဆောင်ပါ။ အခို မကိုင်ပါဘူး။ ကိုင်ပါ” ဟု အတင်းဇွတ်ပေးလေသည်။

“အခို့ကို ဟိုက ပေးတဲ့လက်ဆောင်၊ ဘာလုပ်ယူရမှာလဲ” ဟု ခါးသီးစွာ ငြင်းလိုက်လေသည်။

လက်ကိုင်ပဝါ လက်မခံလျှင် ဘိုးကလစ်တွင် ညှပ်တပ်ထားသော လိပ်ပြာတောင်ဖဲပြား အပွင့်ကြီးကို ပေးပြန်လေသည်။

“ဒါက သူက အမှုနိုင်လို့ ရတဲ့ပိုက်ဆံတွေ အခို သုံးဖို့ ပေးလို့ ဘိုမဖို့ ဈေးထဲက အခို ဝယ်လာတာ၊ ယူထားနော်” ဟု မငြင်းနိုင်တဲ့ နည်းကိုပြောကာ လက်ဆောင်ပေးတတ်သည်။

“အခို ပိုက်ဆံယူတာ မရှက်ဘူးလား” ဟု ဘိုမက အခို့ကို မကောင်းထင်စိတ်နှင့် ပြောလေ၏။

“အခိုက မတောင်းပါဘူး၊ သူက အတင်းပေးတာ။ အခို့မှာ ရွှေနဲ့ စိန်နဲ့ဟာ သူ သိသားပဲ။ အထင်မသေးပါဘူး”

ဘိုမသည် လက်ပေါ် မေးထောက်လျက် အခိုအား ဘယ်လိုဟာပါလဲ ဟူသော အကြည့်ဖြင့် စူးစမ်းကြည့်နေလေသည်။ ဘယ်လိုဟာမှန်း သိသလို မသိသလိုလိုတော့ ရှိသည်။

ဘိုမသည် အခိုလာပေးနေသော လက်ဆောင်များကို မယူရင်လည်း မကောင်းတတ်၍ ယူရကာ လက်ဆောင်ကြောင့် ထူးခြားခြင်းတော့ မပြလိုပေ။

ဘိုမ၏ ဝေယျာဝစ္စကို ဘိုမ အကြိုက်၊ ဘိုမ အလိုကျ အားလုံးထက် အထူး ပိုဂရုစိုက် လုပ်ပေးလေသည်။ ညီအစ်ကို မောင်နှမထဲတွင် ဘိုမဘက်ချည်း မျက်နှာလိုက်လွန်းသဖြင့် အခို့ကို အားလုံး မြင်ပြင်းကပ်နေကြပေသည်။

“ငါ မုန်းမှာတော့ ကြောက်လိုက်တာ”

ဟု ဘိုမသည် စိတ်ထဲက တွေးမိသေးတော့၏။

တနေ့သောည၌ ဘိုမသည် အခို့အား စာရေးပေးနေစဉ် တဖက်အိမ်က တယောသံသည် အခန်းထဲသို့ လွင့်ဝင်လာလေသည် ဘိုမသည် စာရေးရာမှ ရပ်ဆိုင်းလျက် တယောသံကို နားစိုက်လိုက်သည်။ ထိုနောက် “ချွဲလိုက်တာ” ဟု ဆိုကာ စာကို ဆက်ရေးလေသည်။

အခိုလည်း ဘိုမ၏ ငုံ့နေသော မျက်နှာကလေးကို ငေးစိုက်ကြည့်နေရင်း အူမြူးလာကာ ခိခနဲ့ ရယ်လိုက်သည်။

ရယ်သံကြား၍ ဘိုမသည် မျက်လုံးကြီးများ လှန်ကာ မော့၍ ကြည့်သည်။

“အခု တယောထိုးတာ ဟိုဘက်အိမ်က ဦးကြီး ဦးတင်လေးရဲ့တူ မောင်မောင်တဲ့၊ ဒေးဒရဲက ဟိုက်စကူးကျောင်းမှာ ကျောင်းအိပ်ကျောင်းစားလာနေတာ၊ အခု ကျောင်းက ပြောင်းလာပြီး ဦးကြီးတို့အိမ်က ကျောင်းတက်နေတယ်၊ ဆယ်တန်း”

ဘိုမသည် အခို၏ ပြောပုံဆိုပုံ မျက်နှာပေးကို သိပ်မကြိုက်ပေ။ ထို့ ကြောင့် “မြင်သားပဲ”ဟု ရိုးဖြောင့်သောအသံဖြင့် တိုတိုပြောကာ စာရေးရန် ခေါင်းပြန်ငုံ့လိုက်၏။

အခိုသည် ကြားရသော တယောသံနှင့် ပတ်သက်၍ ဘိုမအား စရန် စဉ်းစားသေး၏။ ဘိုမကို ဘယ်တော့မှ ကျီစယ်၍ မရ၊ စ၍ မရ၊ သူ့အရိပ် အကဲ ကြည့်ခစားတတ်မှ နေရာကျမည်။ စိတ်အခန့်မသင့်လျှင် စာမရေးဘဲ နေမည်ကြောင့် ထိုအကြံကို လက်လွှတ်ကာ ရေးလက်စ စာကို ဆက်ရသည်။

“မောင်နဲ့ တွေ့ပြီးကတည်းက နှမမှာ ဒီစိတ်သာ”

ဘိုမသည် အံ့အားသင့်လွန်း၍ ပြောသည့်အတိုင်း လိုက်မရေးဘဲ အခို့မျက်နှာကို ဆတ်ခနဲ မော့ကြည့်ကာ …

“အခို့ဟာကလည်း အမျိုးမျိုးပဲ၊ မနေ့က စာကတော့ နှမတွေ့ ဖို့ စိတ်လေးတယ်။ မလစ်သေးလို့ပါ။ ကြံပါဦးမယ် စောင့်ပါဦးတဲ့၊ ဒီနေ့စာကျတော့လည်း တွေ့ပြီးကတည်းကနဲ့ ဘယ့်နှယ်ဟာတွေလဲ”

မျက်ဆန်ပြူးပြူး ဖြစ်သွားခြင်းကို မြန်မြန်ရုပ်သိမ်း၍ ခေါင်းရှုပ်သွား၍ထင်။ အခိုသည် ဟိုယောင် သည်ယောင် လုပ်ပြီးနောက် စုနေသော နှုတ်ခမ်း တင်းတင်းစုပြီး ပါးနှစ်ဖက်သာ ပြုံးဖြဲထားကာ ခေါင်းကို ညိတ်လည်းညိတ်၏။ ရမ်းလည်း ရမ်းလိုက်၏။

“ဘာလဲလို့”

ဘိုမသည် မျက်မှောင်ကုတ်ကာ မေးထိုးမေးလိုက်ပြန်သည်။

“သူနဲ့ တွေ့ပြီးပြီ။ မနေ့က စာက သူ့စာထဲမှာ ခဏခဏချိန်းတာ ပါတယ်မဟုတ်လား။ ဒီတော့ အဲဒါကို သတိရပြီး ပြန်ရေးလိုက်တာ။ အဲ့ဟာကတော့ မနေ့ကစာ မတိုင်ခင် တွေ့ ခဲ့ကြတာကို စိတ်ကူးပြီး တခါပြန်ဖော်ချင်လို့”

အခို စကားမဆုံးခင် ဘိုမသည် ဆုံးအောင် နားမထောင်ချင်ဟန် စိတ်မရှည်ဘဲ “တကတဲ ရှုပ်လိုက်တာ” ဟု ဆိုလိုက်လေသည်။

“ခုတော့ အငေါက်ခံရသေးတာပေါ့လေ။ မကြုံဘူးတော့ ဘိုမ ဘယ်နားလည်ပါ့မလဲ။ ဒါမျိုးဆိုတာ တွေ့ဖူးကြုံဖူးမှလည်း ဟီး…ဟီး”

မပြောရဲ၊ ပြောရဲ၊ ဘိုမအား မကြည့်ဘဲ မကြည့်ရဲသလိုလို ပတ်ချွဲ နှပ်ချွဲ အမူအရာနှင့် ပြောရင်း ခေါင်းကို ပုတိုဝင်ထားလျှက် ထရိုက်လျှင် ခံလိုက်ရမည့်ဟန် ဘိုမကို မျက်လုံးတလုံးတည်း ခိုးကြည့်နေကာ လက်နှင့် မျက်နှာ တခြမ်းကို ကွယ်အုပ်ထားလေ၏။

“တွေ့ဖူး၊ ကြုံဖူးတော့ ဘာဖြစ်သလဲ”

ဘိုမသည် ဣန္ဒြေတင်းတင်းနှင့် ပိုငေါက်လိုက်သည်။ မျက်နှာကို ဟန်ဆောင် တင်းနည်းတင်းလျက် တမင် မာမာကြီး ပြောလေသည်။

“တွေ့ဖူးကြုံဖူးတော့ ကိုယ်ချင်းစာတတ်တာပေါ့ ဘိုမရယ်”

“အံမယ် လာလာသေးတော့၊ ကြပ်ကြပ် ချိန်းတွေ့နေ၊ ယောင်္ကျားဆိုတာ မယုံရဘူးလို့ သူပဲ အရေးခိုင်းပြီးတော့…ဟင်း”

အခိုသည် ကြောက်ချင်ယောင် ဆောင်နေရာမှ နဂိုအတိုင်း ပြန်နေလိုက်ကာ…

“မိန်းမဆိုတာ ဒီလိုပဲ ရေးရိုးရေးစဉ် ရေးရပါတယ်လို့ ပြောနေတာ ကြပ်ပါဘိတော့ ဘိုမရယ်၊ မယုံရရင် အတွေ့ ခံပါ့မလား”

“တွေ့ တော့ ဘာလုပ်သလဲ”

ဘိုမ စွပ်ခနဲ့ မေးလိုက်ပုံကို အခို၏ စိတ်ထဲတွင် ထောင့်သွားလေသည်။

အပျိုပဲ ဖြစ်နေပြီ၊ ခုထက်ထိ ကလေးစိတ်ကလည်း မကုန်သေးဘူး၊ ဒါမျိုးဆိုတာ သိပ်သိချင်၊ သိပ်နားထောင်ချင်မျိုးရှိမှ မေးမှလည်း ကိုယ်က ရှက်သလို ဘာလိုနဲ့ ပြောဖို့ ကောင်းတာ။ အခုတော့ ပုလိပ်စစ် စစ်နေတယ်၊ မေးပုံက ငေါက်ဆတ်ဆတ်နဲ့။

အခိုသည် တွေးရင်း စိတ်ပေါက်ပေါက်နှင့် ရွဲ့လိုက်ရန် အူထဲက ယားလာလေသည်။

[၅]

လန်ချားအမိုးကို လှမ်းကိုင်ထားသော ဘိုမသည် ကျောင်းဘက်သို့ ကြည့်နေလေသည်။ ညနေ ကျောင်းဆင်းချိန်ဖြစ်၍ ကျောင်းထဲမှ ကျောင်းသူများ ထွက်လာကြသည့်အထဲတွင် ပေါက်ပေါက်ကို လိုက်ရှာကြည့်နေလေသည်။

ငါးတန်းအခန်းပေါက်မှ ကျောင်းသူကလေးတစု ထွက်လာကြရာ ပေါက်ပေါက်ကို မတွေ့ ၍ “ပေါက်ပေါက်ကလည်း ကြာလိုက်တာ” ဟု စိတ်ထဲ က ညည်းညူရင်း ညီမငယ် ထွက်လာမည့် အပေါက်ကို မျှော်ကြည့်နေပေသည်။

ထိုအခိုက် လန်ချားလှုပ်သွားအောင် ခပ်ရွယ်ရွယ် လူငယ်တယောက် သည် ဘိုင်စကယ်ကို ဘရိတ်အုပ်၍ ဘိုင်စကယ်ပေါ်မှ အမိုးကို ဖမ်းဆွဲကိုင် လိုက်သည်။

ဘိုမသည် အသံလာရာဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်၍ လန်ချား တဖက်ရှိ ဘိုင်စကယ်ပေါ်မှ လူငယ်နှင့် မျက်နှာချင်းဆိုင်မိကြသည်။ “မောင့်ကို ညာတယ်နော်မောင်ဖြင့် ညက ဒုက္ခခံပြီး စောင့်နေလိုက်တာ ဆင်းလာမလားလို့၊ သက်သက်နှိပ်စက်တာလား”

ဘိုမသည် စကားဆုံးသွားသည်အထိ မျက်လုံးကြီး ပြူးကြည့်နေပြီး နောက် မျက်မှောင်ကုတ်လိုက်ကာ အံ့အားကြီး သင့်သွား၏။ လူငယ်မှာ တဖက်အိမ်မှ ဘကြီးဦးတင်လေးတူ “မောင်မောင်” ဖြစ်၍ ပြန်ပြောစရာစကား ရှာမတွေ့ သလောက် ကြက်သေသေနေလေသည်။ မိမိထံမှ အဖြေကို တောင်းခံ စောင့်လင့်နေသော မျက်နှာပေးမှာ ဘယ်ထိအောင်များ ရင်းနှီး‌‌နေသည်မသိ၊ ပြုံးထားခြင်းကို စိုက်ကြည့်နေ၍သာ အထင်အရှား မြင်ရခြင်း ဖြစ်ပေ၏။

“အို ဘာလာပြောတာလဲ” ဟု ပြန်ပြောရသေးစဉ် ပေါက်ပေါက်မှာ အနားရောက်လာ၍ ဖျတ်ခနဲ ပေါက်ပေါက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

မောင်မောင်လည်း လန်ချားအမိုးကို လွှတ်လိုက်ကာ ကပျာကသီ ဘိုင်စကယ်ကို သုတ်သုတ်ကြီး နှင်းထွက်သွားလေ၏။

“ဟဲ…ဟဲ…မမ နော်”

ပေါက်ပေါက်သည် လန်ချားပေါ် မတက်ခင် ပြောင်စပ်စပ် မဲ့ရွဲ့ပြောနေသဖြင့် “တက်ပါ”ဟု ငေါက်လိုက်မှ လန်ချားပေါ်သို့ တက်ထိုင်၏။

ဘိုမသည် ပေါက်ပေါက်ဘေးတွင် တက်ထိုင်ရင်း မောင်မောင့်ကို ဒေါပွပွဖြင့် “လူပါးဝလိုက်တာ” ဟု ပါးစပ်က ထွက်သွားလေသည်။

ပေါက်ပေါက်သည် ဘိုမကို လှည့်ကြည့်လျက် မျက်နှာကြီး ရှစ်ခေါက်ချိုးဖြင့် “ကိုယ့်ဘာသာကိုယ် ရည်းစားထားပြီး လူများကို လူပါးဝသလေး ဘာလေးနဲ့” ဟု ဆိုနေလေသည်။

လူချင်း ပူးထိမနေအောင် ဆောင့်အောင့် ခွာသွားလျက် နှုတ်ခမ်းစူ ထိုင်နေသည်။

တယောက်ကို ခံပြင်းနေရသည့်အထဲ တယောက်ကခံပြင်းစရာ စွပ်စွဲ နေပြန်ခြင်းကို မခံမရပ်နိုင် ဖြစ်လာကာ လန်ချားပေါ်ပင် သတိမထားတော့ဘဲ ခပ်ကျယ်ကျယ် အော်ပြောမိသည်။

“နင့်ပြောတာ မဟုတ်ဘူး ဟဲ့”

ပေါက်ပေါက်သည် မျက်စောင်းတချက်ထိုးလျက် “အမေ့ကို တိုင်မယ်” ဟု မျက်နှာတဖက်လှည့်၍ ပြန်ပြောလေသည်။

ဘိုမနှင့် ပေါက်ပေါက်မှာ ၂ နှစ်ကြီး ၂ နှစ်ငယ် ဖြစ်သော်လည်း မတိမ်းမယိမ်း ရွယ်တူလိုပင် ထင်ရသည်။ တယောက်နှင့် တယောက် အလိုမကျလျှင် ရန်ဖြစ်နေကြသော်လည်း ရန်ဖြစ်စရာ မဟုတ်တာကို ရန်ဖြစ်ချင် ရမလားဟု လမ်းတလျှောက်လုံး ဘိုမက စိတ်ဆိုးလာလေသည်။

အိမ်ရှေ့ရောက်လျှင် ဘိုမသည် လန်ချားပေါ်မှ ဦးအောင် အရင်ဆင်း လိုက်ကာ ကျောင်းရှေ့၌ ဖြစ်လာသည့်ကိစ္စကို အချို့ကို ပြောပြချင်ဇောဖြင့် အိမ်ထဲသို့ ခပ်သွက်သွက် လှမ်းဝင်လာလေသည်။

ပခုံးမှ လွယ်အိတ်ကို ထမင်းစားခန်း စားပွဲခုံပေါ်တွင် ဖြုတ်တင်ခဲ့လျက် နောက်ဖေးသို့ တန်းဝင်သွားသည်

နောက်ဖေးမီးဖိုထဲတွင် အခို့ကို မတွေ့၍ စေ့ထားသော နောက်ဖေး တံခါးကို သွားတွန်းလိုက်ကာ အပြင်ဘက်သို့ ကုန်းကြည့်လိုက်သည်။

လား …လား … ကပျာကယာ ခေါင်းကို နောက်ပြန်ရုပ်လိုက်ရကာ မမြင်ရအောင် တံခါးရွက်ကို ပြန်ဆွဲစေ့လိုက်ရ၏။

အခိုသည် နောက်ဖေးလမ်းဘက် ထွက်၍ ငါးကြော်နေလျက် အနားတွင် ဘိုင်စကယ်ကို မှီရပ်နေသော မောင်မောင်နှင့် စကားကောင်းနေကြသည်။

“လက်စသတ်တော့ ဒီလိုကိုး” ဟု အဓိပ္ပာယ် သိသွားသော ဘိုမသည် မျက်စိထဲတွင် မီးဝင်းဝင်းတောက်သွားကာ တကိုယ်လုံး တဆတ်ဆတ် တုန် လာလေသည်။

ဒေါသကြောင့် ဘာလုပ်ရကောင်းမှန်းပင် မတွေးတတ်အောင် ပူထူလာလေသည်။ ယမ်းပုံမီးကျ ကွဲပေါက်သွားသော ဒေါသကို ချုပ်တီး၍ မနေနိုင်အောင် ဖြစ်လာသည်။ သို့သော် ထိုဒေါသကို ပြန်၍ အနိုင်နိုင် ချုပ်တီးလိုက်ကာ သူ့အကြံနှင့်သူ နောက်ဖေးမှ အိမ်ရှေ့သို့ ပြေးထွက်လာခဲ့သည်။ စားပွဲပေါ်က လွယ်အိတ်ကို ကောက်လွယ်ပြီး အိမ်ပေါ်တက်ရန် လှေကားထစ်ကို တထစ်ကျော် လှမ်းပြေးတက်နေလေသည်။

လှေကားထိပ်၌ အမေနှင့် သွားဆုံ၍ အသာ ကိုယ်ရှိန်သပ်လိုက်ကာ ပေါက်ပေါက်များ တိုင်သေးသလားဟု မျက်နှာကဲ ခတ်ဆဲ “စာမေးပွဲ ဖြေနိုင် ရဲ့လား” ဟု မေးလိုက်သော အမေ၏ မေးခွန်းကို “ဖြေနိုင်ပါတယ် အမေ” ဟု ဆိုကာ ကြာကြာမဆိုင်းဘဲ အိပ်ခန်းထဲသို့ တန်းဝင်ခဲ့လေ၏။

ဘိုမသည် အခန်းတံခါးကို ချက်ထိုးပိတ်လိုက်ကာ လွယ်အိတ်ကို ခုတင်ပေါ်သို့ ပစ်တင်လိုက်သည်။

မျက်မှောင်ကြီး ကြုတ်၍ ဟိုဟိုဒီဒီ ကြည့်ပြီးလျှင် အခို၏ ခုတင်ခြေရင်းဘက် မို့ရာကို လှန်လိုက်ကာ သော့တွဲကို ကောက်လျက် အခို၏ သေတ္တာကို သွားဖွင့်လေသည်။

သေတ္တာထဲတွင် ဗြောင်းဆန်အောင် မွှေနှောက်ကြည့်ပြီးနောက် ထဘီပုံ အောက်မှ အဝတ်ထုပ်ကို အပြင်သို့ ထုတ်လိုက်လေသည်။ အခိုသည် ရည်းစားစာများကို သည်အထုပ်ထဲ၌ ဖွက်ထားခြင်းကို သိသဖြင့် အဝတ်ထုပ်ကို ဖြေကာ အထဲက စာတွေကို လျှောက်ရှာ လှန်လှောကြည့်လေသည်။

အမိန့်တော်ရ ဦးဘိုးဦးထံမှ စာများကိုသာ တွေ့ရပြီး ဘာမှ ထူးထူး ခြားခြားမတွေ့ ရ၍ စာတွေကို ပြန်ထည့်ထုပ်လျက် သေတ္တာထဲမှ ပစ္စည်းတွေကို အကုန်လုံး အောက်သို့ ချကာ ကြည့်ပြန်လေသည်။

သေတ္တာထဲမှ ပစ္စည်းများ အားလုံး ကုန်သွားလျှင် သေတ္တာ၌ ခင်းထားသော စက္ကူမှာ ဖုမို့နေ၍ စက္ကူကို ဆွဲလှပ်ကြည့်လိုက်သည့်အခါ စာရွက်ပန်းရောင် ခေါက်ကလေးတွေ တထပ်ကြီး ပေါ်လာလေသည်။

ဘိုမသည် ဒေါသမွှန်နေ၍ အချိုးကျအောင် ခေါက်ထားသော စာခေါက် ကို ရုတ်တရက် ဖြေမရနိုင်ဘဲ ကြန့်ကြာနေကာ မနည်းကြိုးစားပြီး ဖြေဖွင့်ကြည့်သည်။

ဘိုမသည် ခေါင်းကိုလည်း တဆတ်ဆတ်ညိတ်၏။ အံကိုလည်းကြိတ်၏။ တစောင်ပြီး တစောင်လည်း ယူဖြေဖွင့်ဖတ်ကြည့်နေ၏။ မောင်မောင်၏ စာများကို အခိုသည် ဘိုမအား လာမပြရဲဘဲ သေတ္တာထဲတွင် အလုံအခြုံသိမ်းလျှက် ဘိုမအား မလိမ့်တပတ်နှင့် အမိန့်တော်ရထံသို့ ရေးခိုင်းသလိုလိုဖြင့်လည်း မောင်မောင့်ထံသို့ပါ ရောပြန်ခိုင်းပုံတွေကို မောင်မောင့်စာများ ဖတ်ရမှသာ ရှင်းသွားတော့သည်။

မောင်မောင့်ကို အခိုက ဘယ်ပုံပြောမည် မသိ၊ မောင်မောင့်ထံမှ လက်ဆောင်များသာမက ဘိုမ တောင်းသည့် ငွေကိုပါ မရရအောင် ခဲခဲယဉ်းယဉ်း ရှာပေးလိုက်ရကြောင်းကိုပင် ဖတ်ရ၏။

တချက်ခုတ် နှစ်ချက်ပြတ် မိမိကို အသုံးချခြင်းဖြင့် ယခုတလော အခို၏ လက်ထဲ၌ ငွေစ ရွှင်နေပုံမှာ စာဖတ်ရမှပင် အမှန်ပေါ်ပေတော့၏။ မောင်မောင်၏ လက်ဆောင်တွေကို မောင်မောင် မြင်အောင် အသုံးပြုဖို့ မလိမ့်တပတ် လှည့်ဖြားခဲ့သော အခို့အား ပြေးပြီး ဓားနှင့် နုပ်နုပ်စင်းလိုက် ချင်အောင် ဒေါသ ထောင်းခနဲ ထလာသည်။

“တွေ့ ဖို့ရာ ကြံပါဦးမယ်၊ မချောင်သေးလို့ပါ”

ဟု မိမိအား ရေးခိုင်း၍ ရေးပေးလိုက်ရသော စာများမှာ မောင်မောင့်အတွက် ဖြစ်မှန်း မရိပ်မိခဲ့။ ကျောင်းရှေ့တွင် သူ့ရည်းစားလို ပိုင်ပိုင်နိုင်နိုင် ပြောနေပုံလောက် ရှက်စရာ ကောင်းတာလည်း မရှိ။ သည်ကိစ္စတွင် မိမိသာ အလှည့်ခံရသည် မဟုတ်ဘဲ မောင်မောင်ပါ အနှပ်ခံရသည်။

သည်တရားကို ဘယ်လိုစီရင်ရပါ့မလဲ။

ဘိုမသည် သက်ပြင်းကြီးချလျက် စာများကို နေရာမပျက် ပြန်ထားကာ အဝတ်တွေ ထည့်ပစ်လိုက်ပြီး သေတ္တာကို ဆောင့်ပိတ်ချလိုက်သည်။

[၆]

ကျောင်းက ပြန်လာသည့် ညနေစောင်းမှ ညအချိန်အထိ ဘိုမသည် အခန်းထဲက မထွက်ဘဲ ခေါင်းကိုက်လို့ဟု အကြောင်းပြကာ အိပ်ရာမှ မထဘဲ ရှိလေ၏။ ဘိုမကို ထမင်းစားလာခေါ်သော ပေါက်ပေါက်သည်

“ထပါ မမရယ်၊ အမေ့ကို မတိုင်ပါဘူး”

ဟု ချော့လာချေ၏။ ဘိုမလည်း စိတ်ပေါက်ပေါက်နှင့် အော်ငေါက် လွှတ်လိုက်လေသည်။

အမေက ဆေးလာတိုက်ခြင်းကို မသောက်ချင် သောက်ချင် ထသောက် လိုက်ရသည်။ သည်ကိစ္စကို အမေ့အား ပြောရကောင်း မကောင်း စဉ်းစားကြည့် သေး၏။ အမေ့ကို မပြောခင် အကြောင်းစုံ သိရအောင် မိုးချုပ်ရန်သာ အလို ရှိနေလေ၏။

အခိုသည် အလုပ်များ ပြီးစီးပြီးနောက် အိမ်ပေါ်သို့ မတက်ရဲဘဲ ဘိုမ နားသို့ မလာဝံ့အောင် ဖြစ်နေလေသည်။ မောင်မောင်က ကျောင်းရှေ့တွင် တွေ့ ခဲ့ကြောင်း လာပြောပြောချင်း မီးကျတော့မှာပဲဟု အောက်မေ့ကာ ကိုယ့်အပြစ်နှင့်ကိုယ် နေမထိ ထိုင်မထိ ဖြစ်နေလေသည်။ အလုပ်ကို ဖြောင့်အောင် မလုပ်နိုင်တော့ဘဲ ရင်ထဲက တဒိတ်ဒိတ် ခုန်နေသည်။ ဘိုမ ကျောင်းက ပြန်လာကတည်းက အခန်းထဲမှ မထွက်လာ၍ သာပြီး အနေရ အထိုင်ရ ကျပ်နေ တော့၏။

အခိုသည် အိပ်ချိန်ကျမှပင် မရဲတရဲနှင့် အခန်းထဲသို့ ဝင်လာခဲ့သည်။ အခို့ကို တချိန်လုံး စောင့်နေသော ဘိုမသည် အခိုဝင်လာတာ မြင်သည်နှင့် ခုတင်ပေါ်မှ ငေါက်ခနဲ ထလိုက်ကာ အခန်းတံခါးကို ပြေးပိတ်လျက် အခိုနှင့် မျက်နှာချင်းဆိုင် လာရပ်သည်။

“ကဲ…မှန်မှန် ပြောမလား၊ မပြောဘူးလား။ ဒါပဲ သိချင်တယ်”

“ဘာများလဲ ဘိုမရယ်” ဟု မသိချင်ယောင်ဆောင်ထားသော မျက်နှာ နှင့် ပြောပင် ပြောငြား မျက်နှာတော်တော်ပျက်နေသည်။

“ဘာများလဲလို့များ မေးရသေးသလား၊ ဘိုမနဲ့ ပတ်သက်ပြီး မဟုတ်တာတွေ လုပ်နေတာ ကိုယ့်ဟာကိုယ် မသိဘူးလား”

“ဘာလုပ်လို့လဲ”

ဟု အခိုက မျက်မှောင်ကုတ်ကာ အခိုင်အမာ ပြန်ပြောပုံကို မချုပ်တည်းနိုင်အောင် ဒေါသ ထွက်လာလေသည်။

“ဘာလုပ်လို့လဲ ဟုတ်လား၊ ဘာလုပ်တယ်ဆိုတာ အမေ့ကို ပြောပြလိုက်ဦးမယ်”

ဘိုမသည် ဒေါနှင့် မောနှင့် အခန်းဝသို့ လျှောက်သွားကာ တံခါးချက်ကို ချရန် လှမ်းအဆွဲ၊ ဘိုမအနားသို့ အခိုပြေးလာကာ ဒူးထောက်လျက် ဘိုမ ၏ ခြေထောက်ကို ဖက်ပြီးလျှင်

“ဘိုမရယ် ရှိခိုးပါရဲ့ ၊ ပြောဆို ပြောပါ့မယ်”

ဟု ထိတ်ထိတ်ပျာပျာ တောင်းပန်နေလေသည်။

ဘိုမသည် တံခါးချက်ကို မဖွင့်သေးဘဲ ကိုယ်ကို ပြန်လှည့်ကာ အခို အား စားတော့ ဝါးတော့မလောက် ကြည့်လျက် “ကဲ ပြော၊ အကုန်ပြော” ဟု အုပ်အုပ်အုပ် ပြောလိုက်လေသည်။

အခိုသည် ကြမ်းပြင်သို့ ခေါင်းစိုက်နေကာ တခွန်းမပြော တုံဏှိဘော လုပ်နေခြင်းကို “မေးတာ ပြောလေ” ဟု ထပ်ပြောလိုက်သော အသံမှာ ကျယ်သွား၍ အပြင်ဘက်က ကြားမှာကို တုန်သွားလေသည်။

“ပြောမယ် ပြောပါ့မယ် ဘို … မရယ်၊ ပြောရင် ဒေါ်လေးကို တိုင်မှာလားဟင်”

“မှန်တာပြော၊ ဘာမှ ဖုံးမထားဘဲ ဖြစ်တဲ့အတိုင်း အကုန်လုံးပြော၊ မပြောရင် ခုတိုင်လိုက်မယ်”

ဘိုမရှေ့တွင် အခို စိတ်အိုက်နေပုံမှာ အကြပ်အတည်းကျ၍ ထွက်ပေါက် ရှာမတွေ့ သလို မျက်လုံးကြီး လည်နေကာ အိမ်ရောက်စက ဖြစ်နေပုံအတိုင်း တပုံတည်း ပြန်မြင်ရသည်။

အကြောင်းမှန် မပြောသေးခင် မိမိအား မော့၍ အသနားခံသလို ကြည့်ရှုနေပုံများလည်း တယောက်နှင့်တယောက် တွေ့ကြစဉ်က ကြည့်ပုံ ပုံမျိုးအတိုင်း ပြန်တွေ့ရသည်။

ခိုကိုးရာမဲ့ တကောင်ကြွက် အားကိုးကြည့်၊ အသနားခံကြည့် အကြည့်မျိုးကို ကြင်နာသွားခဲ့မိဖူးသော မေတ္တာဓာတ်ခံသည် ဒေါသဖြစ်နေသည့် ကြား ထဲမှာပင် ပေါ်လာချင်သေးသည်။

ဘိုမ၏ မီးဝင်းဝင်းတောက်နေသော မျက်လုံးများသည် နောက်ထပ် ထွက်စရာ ဒေါသများ ကုန်ခန်းသွားသကဲ့သို့ သိသိသာသာကြီး ပျော့မှေးသွားကာ လောကကြီးတွင် အဆိုးဆုံး၊ မသတီစရာ အကောင်းဆုံး၊ အညစ်ညမ်းဆုံးကို လှလှကြီး တွေ့ကြုံရမှန်း တနုန့်နုန့် ခံစားလျက် ရှိနေ၏။

“ဘိုမရယ် အခို မှားပါတယ်၊ ဘိုမကို ဒီလိုလုပ်တာ ခွင့်လွှတ်ပါ။ အခို့မှာ အခက်တွေ့တာနဲ့ ကြံရာမရ လုပ်မိပါတယ်”

“ဘာအခက်တွေ့လို့ ဒါမျိုးလုပ်ရတာလဲ”

ဟု မေးလိုက်ချင်သော်လည်း စက်ဆုပ်အားကြီးခြင်းကြောင့် စိတ်ကုန်ကာ မျက်မှောင်တွန့်လျက် ရွံရှာစွာ စိုက်ကြည့်နေလေသည်။

အခိုသည် အမှန်အတိုင်း ဖွင့်ပြောဝန်ခံတော့မည်ဟု စိတ်ကို ပိုင်းဖြတ်ကာ ဣန္ဒြေရရနှင့် မျက်ရည်များကိုလည်း ထိန်းရင်း အသံမပျက် ကြိုးစားပြီး ပြောပြလေသည်။

“အခိုလေ ဒီအိမ်မှာ လာနေတာ အခိုင်းအစေထင်မှာ ကြောက်လွန်းလို့ ဒေါ်လေးတူမ ဆိုတာလည်း မယုံမှာ စိုးလွန်းလို့ အိမ်မှာ အခိုသော့ကိုင်၊ အခို့ လက်ခြေကြီးပဲဆိုတာ ယုံအောင် ပြောမိတာနဲ့ အခို့ဆီမှာ သူက ငွေချေးတယ်။ အခိုလည်း အကြံရ ကြပ်နေတုန်း တနေ့ မောင်မောင်က ဈေးမှာ လိုက်ပြီး ဘိုမကို စာပေးပေးဖို့ တောင်းပန်တယ်။ အခိုလည်း အကြံရပြီး သူ့ ဆီက စာယူလာခဲ့တယ်။ ဘိုမကို မောင်မောင်ဆီပါ စာရေးခိုင်းပြီး စာပြန်ပေးလိုက်တယ်။ နောက် မောင်မောင်ဆီက ဘိုမအယူနဲ့ ငွေတရာ တောင်းပြီး ဟိုကို ပေးလိုက်ရတယ်”

ဘိုမသည် ကြားရချက် ဆိုးဝါးလှ၍ ခွန်အားကုန်ကာ ယိမ်းယိုင်လာတော့မတတ် ဖြစ်လာခြင်းကြောင့် တံခါးနားမှ အနိုင်နိုင် လှမ်းလာကာ ခုတင်ပေါ်သို့ ပစ်ထိုင်ချလိုက်သည်။

ဒါကြောင့် အမေက အုံ့ပုန်းလို့ ပြောတာကိုးဟု အဓိပ္ပာယ်အနက်ထင်လာလျက် လူကဲခတ်ကောင်းသော မိခင်၏ အသိဉာဏ်ကို လေးစားမိချေ၏။ အခိုသည် ရှေ့လျှောက် မဆက်တော့ဘဲ ငုံ့ကာ မျက်ရည်တပေါက်ပေါက် ကျနေလေသည်။ အမှန်ပြောရမည်ဆို၍ အမှန်တွေ ရဲရဲကြီး ဖွင့်ပြောခြင်းဖြင့် အပြစ်မှ ချမ်းသာပေးရန် တိုးလျှိုးဝန်ချ တောင်းပန်ပြန်လေသည်။

“ဘိုမရယ် ချမ်းသာပေးပါနော်၊ ဘိုမသာ ဒေါ်လေးကို တိုင်ရင် အခို့လက်ထဲက လက်ဝတ်လက်စားတွေ ချွတ်ယူပြီး အဝတ်တထည် ကိုယ်တခုနဲ့ တောပြန်လွှတ်မှာ။ ဒီတော့ သူကလည်း အခို့ကို ယူမှာ မဟုတ်ဘူး”

“လက်ဝတ်လက်စား မရှိရင် ယူမှာ မဟုတ်ဘူး” ဟု ပြောပုံမှာ ရုတ်တရက်သော် နားဝင်ဆိုးလှ၏။ သို့သော် မိမိအနေနှင့် မဟုတ်ဘဲ အခို့အနေနှင့် သုံးသပ်ကြည့်မိလေသည်။ အိုင်စီအက် ဘိလပ်ပြန်ကို သမီးရှင်တွေက ငွေနှင့် ပေါက်ဝယ်ကြသော ခေတ်၌ အမိန့်တော်ရကတော် ဖြစ်ဖို့အရေး လက်ဝတ်လက်စားရှိဖို့လိုမှန်း သူလည်းပဲ သဘောပေါက်နေမှကိုးဟု ဝမ်းနည်းသွားမိသည်။

ဘိုမသည် သုံးသပ်စဉ်းစားရင်း နာကြည်းလာလေသည်။

ဘိုမ နာကြည်းလာသည့် အချက်မှာ တပတ်ရိုက် ခံရသည်ကိုလည်း မဟုတ်။ လမ်းလယ်ခေါင်မှာ အရှက်ကွဲ ခံခဲ့ရသည်ကိုလည်း မဟုတ်။ ဆန်းပြား ညစ်ပတ်စွာ စိတ်ကူးတတ်စေအောင် ဆွဲဆောင်ဖျက်ဆီးစေသော အခြေအနေကို အင်မတန်မှ နာကြည်းရွံခါးသွားလေ၏။

အခို့လက်က လက်ဝတ်လက်စားများသည် ဘိုမမျက်စိထဲတွင် ကျောက်ခဲမြင်ရတာကမှ ကြည့်ရဦးမည်။ စိန်တွေ ရွှေတွေ မြင်ရတာ မသတီစရာကြီး ဖြစ်လာလျက် ကြည့်ရကပ်လာမိသည်။

ဘိုမသည် အခို့ကို တလှည့်၊ လက်ဝတ်လက်စားများကို တလှည့် ကြည့်ရင်း ကြည့်ရင်း အတိုင်းထက်အလွန် စိတ်ဆင်းရဲလာလေ၏။

ဘိုမ ဆိတ်ငြိမ်နေ၍ အခိုလည်း ငြိမ်ငုံ့နေရာက ခေါင်းကို တဖြည်းဖြည်း ထောင်ကာ မရဲတရဲ မော့ကြည့်လိုက်လေသည်။ မျက်နှာချင်းဆိုင်ရန် ဝန်လေးနေသဖြင့် ဘိုမသည် ဆတ်ခနဲ မျက်နှာတဖက်လှည့်နေလိုက်သည်။

အခိုလည်း နေရာမှ မထဘဲ ထိုင်လျက်က ဘိုမအနားသို့ တရွေ့ရွေ့လာရင်း…

“ဘိုမရယ် အခို့ကို ချမ်းသာပေးပါနော် မတိုင်ပါနဲ့။ အခို့မှာလေ အခု ကိုယ်ဝန်များ ရှိနေလားလည်း မသိဘူး”

“အနား မလာနဲ့တော့၊ သွား သွား အနားမလာနဲ့”

ဟု ပြန်ဆိုရင်း ဘိုမ သည် ခုတင်ပေါ်သို့ ပစ်လှဲလိုက်ကာ စောင်ကို ဆွဲ၍ ခေါင်းမြီးအရ ခြုံထား လိုက်သည်။

အခိုထံမှ အသံမကြားရတော့ပေ။ အခန်းမှာ တိတ်ဆိတ်၍ သွားလေ၏။

ဘိုမသည် အိပ်ရာထဲတွင် ငြိမ်နေသော်လည်း ရင်ထဲ၌ မောနေလေသည်။ ဖြစ်ရလေခြင်း ဟူသော ယူကျုံးမရ စိတ်တွေက ရင်ထဲတွင် ဆို့နေ့သည်။ တိတ်ဆိတ်နေသည့်အတွင်း ဓာတ်မီးခလုတ် အခို ထပိတ်လိုက်သော အသံမှာ ကျယ်လောင်စွာ မြည်သွား၍ လန့်သွားသည်။

ဘိုမမှာ စောင်ခြုံထဲ၌ မွန်းနေကာ တုန်လှုပ်ချောက်ချားစွာနှင့်ပင် အသက်ကို မျှင်းရှူနေရလေသည်။ ချွေးဒီးဒီးကျလာမှပင် စောင်ခြုံလှပ်၍ အသက်ကို အားရပါးရ သက်ပြင်းချ ရှူလိုက်ပြီး အခို၏ အသံကို နားစွင့်ကြည့်သည်။

အခိုမှာ အိပ်မပျော်ဘဲ လူးလှိမ့်လျက် ရှိနေကာ ခပ်ပြင်းပြင်းရှူနေသော အသက်ရှူသံကို အတိုင်းသား ကြားနေရသည်။

ဘိုမသည် အမေ့ တိုင်သင့်၊ မတိုင်သင့် ဆုံးဖြတ်၍ မရနိုင်အောင် ဖြစ်နေသည်။ တိုင်လိုက်ချေက အခိုပြောသလို အဝတ်တထည် ကိုယ်တခုနှင့် အိမ်က ဆင်းရမှာ အမှန်။ ဆင်းသွားလျှင် ဟိုက ယူချင်မှ ယူမည်။ မယူရင်လည်း အခက်။

ဘိုမ အခံရ အခက်ဆုံးမှာ အမေ့အား တိုင်သည်ဖြစ်စေ၊ မတိုင်သည် ဖြစ်စေ မိမိပေါ်တွင် မောင်မောင်က သူ့ရည်းစားပဲဟု ထင်မှတ်တာကိုတော့ အခံရ အခက်ဆုံး ဖြစ်သည်။

အခို ရှုပ်ပုံကို အမေ့ကို မပြောဘဲ အခို့အတွက် ငဲ့ ငဲ့ရစေဦး၊ မောင်မောင်ကိုတော့ ဒီဇာတ်ထုပ် ဖွင့်ရှင်းပြောလိုက်ချင်သည်။ ဒါပေမဲ့ မလွယ်လှ၊ ကိုယ့်သားချင်း မကောင်းကြောင်း ဖွင့်အံပြဖို့ရာလည်း မကောင်းလှ၊ ရှက်ဖို့ ကောင်းသည်။

ဘိုမသည် ရင်ထဲ၌ ခုန်လွန်း၍ ခေါင်းအုံးနှင့် ဖိထားသည်။ တဖက် ခုတင်ဆီက ရှိုက်သံကြားရသောအခါ ဘိုမသည် နုံး၍ သွားတော့သည်။ အမှန်တော့ စိတ်မချမ်းသာလွန်း၍ ပျော့ကျသွားကာ တဖြည်းဖြည်း မှိန်းလျက် နောက်ဆုံး အိပ်ပျော်ခြင်းသို့ ရောက်သွားလေ၏။

[၇]

ဘယ်နှစ်ခွန်း ခေါ်နေသည် မသိ၊ “ဘိုမ ဘိုမ” မရပ်မနား ခေါ်နေသော အမေ့ အသံကို ကြားမိ၍ ဆတ်ခနဲ မျက်လုံး ဖွင့်ကြည့်လိုက်သည်။

ညဉ့်ဦးပိုင်းက မှောင်ထားသော အခန်းမှာ လင်းထိန်၍ နေလေသည်။

အခန်းထဲတွင် အမေသာမဟုတ်။ အဖေရော၊ အစ်ကိုရော၊ မမရော၊ ပေါက်ပေါက်‌ရော အားလုံး ပြုံဝင်လာကြပုံပါ ပေါင်းမြင်လိုက်ရ၍ အထိတ်တလန့် ငေါက်ခနဲထလိုက် အခို့ခုတင်ကို လှမ်းကြည့်လျက် ဟိုက်ခနဲ ဖြစ်သွားတော့သည်။

“အခို… အခို မရှိဘူး”

အားလုံးသိအောင် ပြောလိုက်သော အမေ့အသံ တုန်တုန်ကို ကြားလိုက်လျှင် ကျောထဲမှ စိမ့်သွားလေသည်။

“မီးကြီးက လင်းနေပြီး အခန်းတံခါး ပွင့်နေတော့ ဘိုမ သိပ်များ နေမကောင်း ဖြစ်နေသလားလို့ ဝင်ကြည့်တာ၊ ဘိုမသာ အိပ်နေတယ် သူ့ မတွေ့ ဘူး။ ဒါနဲ့ အောက်ဆင်းရအောင်လည်း လှေကားတံခါးက သော့က ငါ့ အခန်းထဲမှာပါလို့ အောက်မေ့ရင်း သွားကြည့်ပြန်တော့ တံခါးသော့က ပိတ်ထားတဲ့ အတိုင်းပဲ၊ ဒါနဲ့ ဘယ့်နှယ်လဲလို့ ခေါင်းကြီးသွားပြီး သေသေချာချာ လျှောက်ကြည့်တော့မှ လားလား လသာခန်းတံခါးကြီး ပွင့်နေတယ်။ အဲဒီပေါ်က ခုန်ချတာ ဖြစ်ရမှာပဲ”

အမေသည် အသက်ကို မရှူဘဲ ကတိုက်ကရိုက် ဒရောသောပါးကြီး ပြောပြနေပါလျက် ဖြုန်းခနဲ တရေးနိုး ထကြားကြရသော သူများမှာ သိချင်၊ ကြားချင်ဇော အပြတ်မခံနိုင်ကာ မဆိုင်းနိုင်သလောက် အရေးတကြီး စိုက်နားထောင်နေကြသည်။

ဘိုမသည် ညနေက အတိုင်းပင် ရင်ထဲတွင် တဒိန်းဒိန်း ဖြစ်လာပြန်လေသည်။

မျက်စိထဲတွင် အမိန့်တော်ရ အိမ်ဆီသို့ ပြေးနေသော အခို့ကို မြင်ယောင်လိုက်မိသည်။ အမေ့တိုင်မှာ ကြောက်လွန်းလို့ ဦးအောင် အရင်ပြေးတာလား၊ ဒက်ခနဲ တွေးသနားမိသည်။

“ဟောဟိုမှာ တံခါးကြီးက ပွင့်လို့”

အမေသည် ပြောစရာကုန်မှ အခန်းဝသို့ အဆောတလျင် ထွက်ရပ်ကာ လသာဆောင်ကို လက်ညှိုးထိုး၍ ပြနေ၏။

အခန်းဝသို့ အားလုံး ပြုံထွက်ကြပြန်ကာ တံခါးဆီသို့ လှမ်းကြည့်ကြသည်။ အဖေနှင့် အစ်ကိုလည်း လသာဆောင်သို့ ထွက်ကာ သွားငုံ့ကြည့်ကြသေးသည်။

“ဒါကြောင့် အုံ့ပုန်းပါလို့ ပြောတာ။ အိမ်က ပြေးစရာအကြောင်း ဘာမှ မရှိဘူး။ ဒီလောက် အမြင့်ကြီးက ခုန်ချရဲတာ လင့်နောက်လိုက်လို့သာ ဖြစ်ရမယ်”

ဘိုမသည် ငြိမ်၍ အမေ့မျက်နှာကို စိုက်ကြည့်၏။ အဖေနှင့် မောင်နှမ တစုသည် အမေ့ကို မကြည့်၊ တယောက်မျက်နှာ တယောက် အကဲခတ် ကြည့်လိုက်ကြသည်။ အမေ၏ မျက်လုံးများသည် ဝင်းတောက်လာသည်။

“ဘိုမ တခန်းတည်းနေတာ မသိဘူးလား”

ဘိုမ၏ မျက်နှာမှာ ဖြုတ်ခနဲ ဖျော့သွားလေသည်။ အသိကို ပြောရကောင်း မကောင်း ချီတုံချတုံ ဖြစ်နေဆဲ…

“သိတယ်လား၊ သိရင် ပြောစမ်း သူ့မှာ ရည်းစားရှိသလား”

မျက်နှာထားကြီးနှင့် မေးနေသော အမေ့ကို ရွံ့ရွံ့ဖြင့် “ရှိတယ် အမေ” ဟု ပြောလိုက်ရသည်။

အဖေက စ၍ အားလုံး ဘိုမကို ပြုံးကြည့်ကြသည်။ မျက်လုံးတွေ အရောင်ပြောင်နေလျက် ထူးဆန်းသော ကြည့်ခြင်းမျိုးဖြင့် ဝိုင်းကြည့်နေကြ၏။

“သိလျက်နဲ့ ဘာဖြစ်လို့ ငါ့ကို မပြောဘဲ ဖုံးထားရသလဲဟင်၊ ဘယ်သူလဲ ပြောစမ်း”

အမေ၏ ဒေါသကို သိ၍ ပြောရမှာပင် လန့်လန့်ဖြစ်လာလေသည်

“လင်နောက်လိုက်မှာတော့ ဘိုမ မသိဘူး၊ သူ ရည်းစားတော့ သူပြောလို့ သိတယ်၊ ဟို ဈေးပိုင်းက အမိန့်တော်ရ ဦးဘိုးဦး”

“ကြည့်စမ်းပါဦးတော်”

အမေ၏ အသံမှာ နားထဲတွင် စူးသွားလေသည်။

စာရေးခိုင်းလို့ သိရတယ်ဟု ထည့်များ ပြောလိုက်ရလျှင် မိုးမီးလောင်လိမ့်မည်။ ဘိုမသည် သည်အကြောင်းကို အမေတို့ သိဖို့ရာ ဘယ်သူ ဘယ်ဝါလောက်ပဲ ပြောမည်ဟု ပိုင်းဖြတ်လိုက်သည်။

“ကြည့်စမ်းပါဦးတော်…ဖဲသမား၊ အရက်သမား၊ ဒီလိုလူများ သူမက်တာ အံ့ပါရဲ့။ သူ့ လက်ဝတ်လက်စားမြင်လို့ သူ့ကို ဟိုက အမဲဖမ်းတာ။ အမယ်လေး မယားကြီးနဲ့ဟာ လင်ရှားသလား။ မဖြစ်ချေဘူး၊ ဒင်းဆီပါသွားတဲ့ လက်ဝတ်လက်စားတွေ အခု အမီ လိုက်ယူမှ လာ … လာ ဖအေကြီး”

ဘိုမ ရင်ထဲတွင် ဟာသွားပြန်သည်။

လက်ဝတ်လက်စားစကား မကြားချင်ကာမှ ထပ်ကြားရပြန်သည်။ လက်ဝတ်လက်စား ဖြုတ်မှာကြောက်လို့ ပြေးကာမှ လက်ဝတ်လက်စား လိုက်ဖြုတ်ယူချင်ကြပြန်သည်။

“မဟုတ်တာ ဘာလုပ်ယူတော့မလဲ။ နေပစေ သွားပစေ။ ဒိပြင် ဘာပါသွားသေးသလဲ၊ ကြည့်ကြဦး”

အဖေ ဝင်ပြောလိုက်မှပင် ဘိုမသည် လက်ဝတ်လက်စားအတွက် စိတ်သက်သာရာ အတန်ငယ် ရသွားလေသည်။ အခန်းထဲသို့ အားလုံး ပြန်ဝင်လာကြသည်။ အမေက အခို့သေတ္တာ၏ ပတ္တာကို သွားဆွဲလိုက်ရာ သော့မပိတ်၍ အလွယ်တကူ ဖွင့်နိုင်လေသည်။ ဘိုမမှာ သေတ္တာကိုင်လိုက်မှ စာပန်းရောင်တွေကို သွားသတိရတော့သည်။ ဘုရား၊ ဘုရား တလျက် ရင်ထဲ၌ တလှပ်လှပ် ဖြစ်လာကာ မျက်လုံးတွေ ပြာလာလေသည်။

“သေတ္တာကို ပြောင်လို့ အကုန်ယူသွားတယ်။ ဟောင်းလောင်းကြီး ဘာမှ မရှိဘူး”

ဟု ပြောရင်း သေတ္တာခင်းထားသော စက္ကူကို ဆွဲလှပ်လိုက် သည်။ ဘိုမမှာ ဟိုက်ခနဲ ဖြစ်သွား၏။

“အံမယ် … ဒီမှာလည်း စာတွေပါလား” ဆိုလိုက်၍ သေတ္တာနားသို့ အားလုံး ပြုံရောက်သွားကြပြန်သည်။ သေတ္တာနားသို့ ဘိုမ မသွားဘဲ ငါတော့ဂျောက်ပဲဟု တွေးတောကာ ယူကျုံးမရ ဖြစ်ခြင်းဖြင့် ခေါင်းကို ငုံ့နေလေ၏။ စာရွက်ပန်းရောင်ခေါက်ကို အမေက ဖြန့်ဖတ်ကြည့်လေသည်။ အမေ စာဖတ်နေရာမှ မျက်လုံးကြီးများလှန်ကာ ဘိုမအား စက်ဆုပ်စွာ စိန်းစိန်းခါးခါး ကြည့်လိုက်သည်။

“လက်စသတ်တော့ တကျိတ်တည်း၊ တကြံတည်းကိုး။ ဒါကြောင့် အလိုတူ အလိုပါ မြုံနေတာ၊ ဒီမလေ မရွှေဘိုမကလည်း ရည်းစားနဲ့”

အမေသည် လက်ထဲကစာကို အဖေ့လက်သို့ ကမ်းပေးခဲ့ကာ ဘိုမ တည့်တည့်သို့ ရောက်လာ၏။ ငုံ့ထားသော မျက်နှာလေးကို လက်ဖြင့်ကိုင်ပင့်လျက် ဒေါသကြောင့် ရင်ထဲတွင် ဆို့နေကာ စကားလုံးများ ထွက်မလာပေ။

ဘိုမမှာ မော့နေရစဉ် မျက်လုံး ပိတ်ထားလေသည်။ မျက်လုံးမှိတ်ထားသည့်ကြားထဲတွင် ချမ်းသာပေးပါ ဘိုမရယ်ဟု အသနားခံနေသော အခို၏ မျက်နှာကို မြင်လာသည်။

ပေါက်ပေါက်သည် မမကို လက်ကုပ်လျက် “ဟိုဘက်အိမ်က အကောင်” ဟု ကြားလောက်ရုံ အနားသို့ ကပ်ပြောလေသည်။ မမက ပေါက်ပေါက်ကို တတောင်နှင့် ပြန်တွက်ကာ သေတ္တာထဲက စာတွေနှင့် ဘိုမကိုသာ ငိုင်ကြည့်နေလေသည်။

“အမေ့သမီး ကြည့်စမ်းပါဦးဗျာ။ ဒီကောင့်ဆီမှာ ပိုက်ဆံတောင်းတယ်”

ဟု ပြောလိုက်သော အစ်ကို၏ အသံကို ကြားရမှ စာတွေကို အစ်ကိုပါ ယူဖတ်နေမှန်း သိကာ ရှက်လွန်လွန်း၍ မျက်လုံး မဖွင့်ရဲပေ။

“ပိုက်ဆံတောင်းတယ်လား…ဟဲ့ အရှက်မရှိဘူးလားဟင်။ မရှက်ဘူးလား”

မေးကို ကိုင်ပင့်ထားသော အမေသည် ခပ်ကြမ်းကြမ်း ခါလှုပ်ကာ စစ်မေးနေသည်။

ဘိုမသည် အားလုံးကိုပင် ဖွင့်ပြောလိုက်ချင်သည်။ သပွတ်အူထက် ရှုပ်နေသောအဖြစ်ကို ဖွင့်ပြောသဖြင့် ယုံပါက တော်သေး၏။ မယုံက ပလီစိချောက်ချက်နိုင်ရမလားဟု ထပ်လောင်းရှုတ်ချ ပြောဆိုမှာကိုလည်း တစက်မှ မခံချင်။ ကိုယ့်ဘက်ကလည်း အပြစ်မကင်း စာရေးပေးမိသည်။ ရှင်းပြောလို့ ယုံပြန်လျှင် အမေ့ကို ဘယ်သူမှ တားရမှာ မဟုတ်ဘဲ အခို့နောက်သို့ ည တွင်းချင်း လိုက်ကာ လက်ဝတ်လက်စားသွားဖြုတ်မှဖြင့် ကိုယ်ဝန်ရှိနေသော အခို့ကို ဟိုလူကြီးက မပေါင်းမှာလည်း စိုးရ…။

ဘိုမသည် အသက်ရှူကျပ်ကာ နှုတ်ခမ်းကို တင်းတင်းကြီးစေ့လျက် အဖက်ဖက်မှ ခက်နေသည်။ စိတ်အိုက်အိုက်ဖြင့် “ကျွန်မ ရည်းစားမထားဘူး”ဟု သာ ပြန်အဖြေပေးလိုက်သည်။

အမေသည် သူ့လက်ကို လွှတ်လိုက်ကာ “ဘာ ဘာပြောတယ်” ဟု ပြောရင်း ဒေါသအဟုန်ဖြင့် ရှေ့သို့ မဆက်နိုင်ဘဲ ပြူးစိုက်ကြည့်နေ၏။ အမေ၏ မျက်လုံးဒဏ်ကို မခံနိုင်ခြင်းကြောင့် မျက်နှာလွှဲလိုက်ရသည်။

အခိုခံရမည့် ဒေါသဒဏ်ကို အခို့အစား မိမိက စင်းခံနေရရာ အကြောင်း မှန် ပြောချင်သည့် အာသာဆန္ဒကို အတင်းချုပ်တည်းရသည်။ အခို့အတွက် ချက်ချင်းပြော၍ မဖြစ်၊ နောက် အေးအေးမှ ပြောလို့ဖြစ်မည်။

ဘိုမသည် ဖွင့်မပြောရန် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီးနောက် စိတ် တင်းလျက် အမေ့ကို ပြန်စိုက်ကြည့်ကာ “ကျွန်မ ရည်းစားမထားဘူး၊ ရည်းစား မထားတာ အမှန်ပဲ။ ကျွန်မ မသိဘူး” ဟု ဖြောင့်ဖြောင့်ကြီး ပြန်ပြောလိုက် သည်။

“ရည်းစားမထားလို့ ဒီစာတွေက ဘယ်သူနာမည်နဲ့ စာလဲဟင်၊ နင့်စာမဟုတ်လို့ အခို့စာလို့ ပြောချင်သေးသလား ဟင်”

မိမိအား နင့်နင့်သီးသီး မပြောစဖူးပြောသော မိခင်အား ဝမ်းနည်းစွာ ကြည့်လိုက်ကာ နာကြည်းခြင်းဖြင့် မျက်ရည်ပေါက်ကြီးများ စီးကျလာလေသည်။

“ဒီစာ ကျွန်မစာ မဟုတ်ဘူး”

ဒေါသကို မချုပ်တည်းနိုင်သော အမေသည် ဘိုမကို လက်နှင့် တအား လှမ်းချလိုက်ရာ အဖေက ဝင်ဆွဲ၍သာ အသားကို မထိဘဲ နေလေသည်။ လက်နှင့် ရွယ်ရုံဖြင့်ပင် ဘိုမမှာ ဆတ်ဆတ်ခါအောင် နာသွားလေသည်။ ရှိုက်ကြီးတငင် အသံထွက် ငိုလိုက်ကာ မျက်နှာကို လက်ဝါးဖြင့် အုပ်၍ ခုတင်နားသို့ ပြေးသွားလေသည်။ ခုတင်ပေါ်တွင် လှဲမှောက်လိုက်ကာ ကျူကျူးပါအောင် ငိုကြွေးနေပေတော့သည်။

[၈]

ညက တညပတ်လုံး ဝမ်းနည်းပန်းနည်း ငိုကြွေးနေခြင်းကြောင့် လင်းအားကြီး လောက်မှ အိပ်ပျော်သွား၍ မျက်လုံးဖွင့်ဖွင့်ချင်း တော်တော်ကြီး နေမြင့်နေသည်ကို တွေ့ ရသည်။

ဘိုမသည် နိုးလာတာနှင့် ညကအကြောင်းကို ပြန်စဉ်းစားမိလေသည်။ အမေတို့ကို အေးအေးဆေးဆေး အကြောင်းစုံ ရှင်းပြောပြဖို့ရန် အစီအစဉ် စဉ်းစားနေလေသည်။ စိတ်ဆိုးမပြေဘဲ အခို့ဆီက ပစ္စည်းတွေ ပြန်တောင်းလို့ မရရင် ပစ္စည်းတွေ ခိုးသွားတယ်လို့ ဂတ်သွားတိုင်မှာလည်း တ ဘက်က တွေးပူစိုးရိမ်လာမိပြန်သည်။

ဒီနေ့ ပြောရကောင်းမလား၊ သုံးလေးရက်ကြာလို့ ဒေါသပြေမှ ပြောရကောင်းမလား စဉ်းစားနေရင်းက ချက်ချင်းပဲ ဒီနေ့ပဲ ပြောချင်သည့် စိတ်တမျိုး ပေါက်လာပြန်သည်။ ဘယ့်နှယ်ရှိရှိ ပြောပြမယ်၊ ညက သူ့အတွက် ငဲ့ပြီး မပြောဘဲ နေရတာ၊ သူကမှ ကိုယ့်မငဲ့ဘဲဟာ၊ အဖေ့ကို ဘယ်လောက် ရှက်စရာကောင်းသလဲ။ ဘိုမသည် ကိုယ်ပေါ်မှစောင်ကို ဖယ်ကာ ဒေါနှင့် မောနှင့် အိပ်ရာမှ ထလိုက်ပြီးနောက် မျက်နှာသုတ်ပဝါကို ဆွဲကိုင်လျက် အခန်းထဲမှ ထွက်လာ ခဲ့သည်။

အခန်းတံခါးနားအရောက် အခန်းဝသို့ ပေါက်ပေါက် ရောက်လာလေ၏။ ပေါက်ပေါက်မှာ အခန်းထဲသို့ မဝင်ဘဲ အခန်းဝ၌ ရပ်စောင့်နေသည်။

“အခို အပေါ်က ခုန်ချတာ ဘယ်ထိသွားသလဲ မသိဘူး မမ။ အောက်မှာလေ သွေးကွက်ကြီး ကျန်ရစ်ခဲ့တယ်။ အင်္ကျီတထည်လည်း သွေးတွေ စွန်းလို့ ခြံတံခါးနားမှာ ကျနေတယ်”

သွေးကွက်ကြီးဟု ကြားလိုက်ရ၍ စိတ်ထဲတွင် တမျိုးဖြစ်သွားသည်။ အိပ်ရာထ တင်းထားသောစိတ်သည် ကြင်နာသောစိတ်ကို အလျှော့ပေးရမလို ဖြစ်လာလေသည်။ အမေ့ကို တိုင်ချင်သောစိတ်များ တဖြည်းဖြည်း လွင့်ပါး ပျောက်ပျက်ကုန်အောင် သူ့စိတ်သူ မနိုင်တော့ပေ။

“အဖေတို့ အမေတို့ အောက်မှာလား”

သူ အသံမှာ ပျော့နေခြင်းဖြင့် တုန်နေကာ အဆုံးသတ် တိမ်သွားလေသည်။

“စောစောက အမေ မမ နိုးပြီလားလို့ လာကြည့်သေးတယ်။ မနိုး တာနဲ့ ပြန်ဆင်းသွားတယ်။ အခု အောက်မှာ မမအကြောင်းကို အဖေနဲ့ ပြော နေကြတယ်”

ဘိုမသည် အခန်းပြင်သို့ မထွက်သေးဘဲ ဆုတ်ဆိုင်းလျက်နေကာ “ဘာတွေ ပြောနေကြသလဲ” ဟု ပေါက်ပေါက်ကို မေးမြန်းကြည့်သည်။ “မနက်က အစောကြီးပဲ၊ ဟိုဘက်အိမ်က ဘကြီး ဦးတင်လေးနဲ့ မမ “လူ” ကိုလေ အမေက အခေါ်ခိုင်းပြီး သူတို့လာကြတော့…”

ဘိုမသည် ချက်ချင်း မျက်နှာပျက်သွားကာ

“ခေါ်ပြောတယ် ဟုတ်လား။ ဘာတွေ ခေါ်ပြောသလဲ ဟင်”

ဟု ထိတ်ထိတ်ပျာပျာ မေးရင်း ခေါင်းနပန်းကြီးလာသည်။

ပေါက်ပေါက်သည် ရုတ်တရက် ပြန်မပြောချေ။ သူ့အတွေးနှင့်သူ ပြုံးစိပြုံးစိဖြစ်နေသော မျက်နှာကို ပြန်၍ အပိုးသေစေပြီး …

“မပူပါနဲ့တော့ မမရယ်၊ အမေက မင်းတို့ချစ်ခြင်း မခွဲဘူးတဲ့၊ ငယ်ကြသေးတယ်။ ပညာကို ကြိုးစားသင်ပါတဲ့၊ တနေ့ အရွယ်ရောက်လာကြလို့ ပညာတတ်လာရင် ပေးစားမယ်တဲ့၊ ဒီကြားထဲ မိသား ဘသားပီပီ နေပါတဲ့”

ဘိုမသည် မူးနောက်ခမန်း ဖြစ်လာကာ ဆုံးအောင် ဆက်နားထောင်ဖို့ပင် မတတ်နိုင်တော့။ ခုတင်ဆီသို့ လှည့်သွားကာ ခေါင်းအုံးပေါ်၌ မျက်နှာကို မှောက်လျက် ရှိုက်လိုက်လေသည်။ ဖော်ပြခြင်းငှာ မတတ်နိုင်သော စိတ်မချမ်းမသာ ဖြစ်နေကာ ငြိမ်နေလေသည်။

မျက်လုံးကလေးပြူး၍ ကြောင်ရပ်နေသော ပေါက်ပေါက်သည် အခန်းထဲသို့ ဖြည်းဖြည်းကလေး လှမ်းဝင်လာသည်။ ဘိုမဘေးတွင် အသာရပ်လျက် တိတ်နေပြီးမှ ဘိုမကို ညင်ညင်သာသာလေး ချော့ပြောရှာသည်။

“ဘာဖြစ်လို့ ငိုရတာလဲ မမရယ်။ အမေက တနေ့ကျ ပေးစားမှာပဲဟာ”

“သွားစမ်းဟယ်…သွားစမ်း”

အကောင်းချော့တာကို အကောင်းမထင်ရ ကောင်းလားဟု ပေါက်ပေါက်သည် မကျေမချမ်း ဖြစ်မိကာ နှုတ်ခမ်းကလေးမဲ့၍ အခန်းထဲမှ ခပ်ပြင်းငြင်း ဆောင့်နင်းထွက်သွားလေ၏