တောက်စလင်းဘွားတော်

နေလို့ပါ”

မနှင်းကြည်က ကျွန်တော့်ကိုမျက်စောင်းထိုးလိုက်တယ်၊ ပြီးတော့ သစ်ရွက်ခြောက်တွေကျုံးနေရင်း

“ရှင့်ကိုပြောတာမဟုတ်ပါဘူး၊ ရွာလယ်ပိုင်းက ကိုထွေးအကြောင်းပြောနေတာပါ”

ကျုပ်လည်းအထင်နဲ့အမြင် တက်တက်စင်အောင်လွဲသွားတာပေါ့၊ ဒါနဲ့ပဲ မချိသွားဖြဲလေးလုပ်လိုက်ရတာပေါ့ဗျာ၊ ကျုပ်ကိုမွှေသွားတဲ့ ဖိုးတွမ်တီးကတော့ ရယ်လိုက်တာ ခွက်ထိုးခွက်လန်ပဲ။ မနှင်းကြည်ထွက်သွားတော့မှ ကျုပ်နားကိုကပ်လာတယ်။

“ကျွန်တော်တို့ ငှက်ပစ်သွားရအောင်ကိုကြီး”

“ဟာကွာ၊ စောစောစီးစီး အကုသိုလ်အလုပ် မလုပ်ချင်ပါဘူး”

“ပြီးရောလေ မလိုက်ချင်ဘူးဆိုတော့လည်း မခေါ်တော့ပါဘူး၊ ဒေါ်လေးကိုပဲ သွားပြောရတော့မယ်”

သူ့မျက်ခွက်က အမြင်ကပ်စရာကောင်းအောင်လုပ်ထားတာဗျာ၊ ခင်ဗျားတို့မြင်အောင် မပြောပြတတ်ဘူး၊ ကျုပ်လည်း မတတ်သာတာနဲ့ ခေါင်းညိတ်လိုက်ရတာပေါ့။

(၂)

မနက်ခင်းထမင်းစားပြီးတော့ ကျုပ်တို့နှစ်ယောက်ထွက်လာတာပေါ့၊ အိမ်မှာလည်း မနှင်းကြည်နဲ့မခင်ကြည်တို့ပဲရှိတော့ ပျင်းခြောက်ခြောက်ကြီး၊ ဒေါ်အေးကြည်လည်း မြို့ကိုလိုက်သွားပုံရတယ်။ ကျုပ်နဲ့ဖိုးတွမ်တီးလည်း လေးခွတစ်လက်ဆွဲပြီး ထွက်လာခဲ့တာပေါ့၊ ဖိုးတွမ်တီးက လောက်စာလုံးတွေထည့်ထားတဲ့ လွယ်အိတ်အစုတ်ကိုလွယ်လာခဲ့တယ်။ ကျုပ်တို့ရွာအရှေ့ဖက်ကို ဆက်ထွက်သွားတော့ ခင်တန်းကလေးတစ်ခုကိုရောက်တယ်၊ ဖိုးတွမ်တီးက ခင်တန်းကလေးအနားမှာ ရပ်လိုက်ပြီး ချုံကွယ်မှာဝင်ပုန်းတယ်ဗျ။ ပြီးတော့သစ်ပင်တစ်ပင်ကို လက်ညှိုးထိုးပြတယ်။

“ချိုးတွေကွ”

ကျုပ်က အသံခပ်အုပ်အုပ်နဲ့ပြောလိုက်တယ်၊ ချိုးတွေကတော့ အတော်များတယ်၊ သူတို့အသံနဲ့သူတို့ဆိုတော့ ကျုပ်တို့လာတာကိုတောင် သတိထားမိပုံမရဘူးဗျာ၊ ခုခေတ်မြို့ကလူတွေတော့ ချိုးမြင်ဖူးပါ့မလားမသိဘူး၊ ချိုးဆိုတာ ခိုငှက်လိုပါပဲဗျာ၊ အသံပဲကွဲတယ်၊ အရောင်ကတော့ မွဲခြောက်ခြောက်ဗျ၊ ဒါပေမယ့် ခိုနဲ့မတူတာက ချိုးငှက်ရဲ့အသားက ပိုပြီးမွှေးတယ်၊ ပိုပြီးချိုတယ်၊ ဒါကြောင့်လည်း ချိုးဆိုရင် ကျုပ်တို့ငယ်ငယ်ကတည်း လိုက်ပစ်ပြီး ကင်စားကြတာပေါ့၊ ချိုးကိုကြော်စားတာထက် ကင်စားတာက ပိုပြီးချိုတယ်ဗျ။

ဖိုးတွမ်တီးက လေးခွကိုအသင့်ပြင်ပြီးတော့ ချိုးတစ်ကောင်ကိုချိန်ပြီးပစ်လိုက်တယ်၊ ဒါပေမယ့် ချိုးကိုမထိဘဲ သစ်ကိုင်းကိုပဲထိတယ်ဗျ၊ ချိုးတွေကတော့ လန့်ပြီးပျံကုန်တာပေါ့။ ကျုပ်လည်းအကွက်ရပြီဆိုပြီး ဒီကောင်လေးကို ဖိနှိမ်တာပေါ့ဗျာ။

“ဟား၊ဟား ငှက်ပစ်ထွက်တဲ့ ငှက်ပစ်သမားကြီးက လက်မှမတည့်ပဲကိုးကွ၊ မင်းအားကိုရင် ဒီတစ်သက်ချိုးသားစားရပါ့မလား၊ ဟား၊ ဟား”

ဖိုးတွမ်တီးကလည်း မခံချင်ဘူးဖြစ်သွားတယ်၊ ဒီတော့ သူ့လက်ထဲမှာကိုင်ထားတဲ့ လောက်လေးခွကို ကျုပ်ကိုလှမ်းပေးရင်း

“ဒါဆိုလည်း တို့ကိုကြီးရဲ့ လက်စွမ်းကိုကြည့်ရသေးတာပေါ့”

ကျုပ်ကလည်း တစ်သက်လုံးလေးခွဖက်ပြီးကြီးလာတဲ့ကောင်ဆိုတော့ အသာလေးပဲပေါ့ဗျာ၊ လေးခွကိုလောက်စာထည့်ပြီးတော့ ပစ်ရမယ့်ချိုးကိုရှာလိုက်တယ်၊ ကျုပ်တို့နဲ့ခပ်လှမ်းလှမ်းကသစ်ပင်မှာ ချိုးတစ်ကောင်နားနေတာတွေ့တာနဲ့ပစ်ကွင်းကောင်းအောင် အသာလေးလျှောက်လာခဲ့တာပေါ့ဗျာ။

ချိုးက ကျုပ်တို့ကိုမြင်ပေမယ့် ငြိမ်နေတယ်ဗျ၊ ကျုပ်လည်း အချိန်မဆွဲတော့ဘဲ လေးခွကိုအားကုန်ဆွဲပြီး ပစ်ချလိုက်တာပေါ့ဗျာ၊ ဘုတ်ခနဲမြည်သံနဲ့အတူ ချိုးက မြေပေါ်ကိုပြုတ်ကျတယ်ဗျ။ ဖိုးတွမ်တီးကလည်း ကျုပ်ကို လေးစားတဲ့အကြည့်နဲ့ကြည့်ပြီးတော့ မြေပြောင်ပြောင်ကလေးမှာကျနေတဲ့ ချိုးကိုပြေးကောက်တာပေါ့ဗျာ။

ဒါပေမယ့် ဖိုးတွမ်တီးက ချိုးကိုပြေးကောက်ဖို့အနားရောက်တော့ မြေကြီးမှာကျသေနေတဲ့ချိုးက အတောင်ပံတွေခတ်ပြီးတော့ ထပျံသွားရောဗျာ၊ ပျံသွားတယ်ဆိုပေမယ့်လည်း အကောင်းအတိုင်းမဟုတ်ဘူး၊ ဇက်ကြီးကျိုးနေပေမယ့် တောင်ပံကတော့ တဖြတ်ဖြတ်ခတ်ပြီး ခြေဦးတည့်ရာပျံတဲ့ပုံပဲ၊ သိပ်အမြင့်ကြီးပျံတာလည်းမဟုတ်ဘူးဗျ၊ အနားမှာဝေ့ဝိုက်နေတာ။

“လိုက်ဟ ဖိုးတွမ်တီးရ”

ကျုပ်နဲ့ဖိုးတွမ်တီးလည်း ချိုးပျံနောက်ကို လိုက်ဖမ်းရင်း ချိုးက ကျုပ်တို့နှစ်ယောက်အနားမှာပတ်ပျံနေတာ၊ ကျုပ်တို့လည်း လိုက်ခုန်ဖမ်းနေပေမယ့် လက်အနားရောက်ခါနီးမှ ထထပျံသွားတာဆိုးတယ်ဗျာ၊ ချိုးတစ်ကောင်နဲ့နှစ်ယောက်သား ဖတ်ဖတ်မောနေတော့တာ၊ နောက်တော့ ဖိုးတွမ်တီးက ငြိမ်ကျသွားတယ်၊

“ဟဲ့ ဘယ်သူလဲ ထွက်လာခဲ့စမ်း၊ မထွက်ရင် လေးခွနဲ့ပစ်ထည့်လိုက်မယ်”

ဒီတော့မှ ချုံကွယ်ကနေ ကောင်မလေးတစ်ယောက်ထွက်လာတာဗျာ၊ ဘယ်သူရှိမလဲ မိသက်ပေါ့ဗျာ၊ မိသက်က ပါးစပ်ကိုလက်ဝါးနဲ့ပိတ်ပြီး တဟားဟားနဲ့ရယ်နေတယ်။

“နင်တို့နှစ်ယောက်ကိုကြည့်ပြီး ရယ်လိုက်ရတာ အူတောင်တက်တယ်ဟာ”

မိသက်ထွက်လာတော့မှ ချိုးသေက ဘုတ်ခနဲပြုတ်ကျတာ၊ ဖိုးတွမ်တီးကတော့ မိသက်ကိုအတော်စိတ်ဆိုးနေတာပေါ့။

“မိသက်၊ နင်လုပ်လို့ ခင်တန်းထဲက ချိုးတွေအကုန်ပြေးသွားပြီ၊ နင်ဘယ်လိုလုပ်မလဲ”

“ဟား၊ ချိုးပစ်တယ်ဆိုတာ လွယ်ပါတယ်ဟ၊ နင့်ကိုချိုးတွေပေါတဲ့နေရာကို ခေါ်သွားမယ်”

“ဘယ်နားတုန်း”

“ဟိုးအရှေ့က ရွှေဘကုန်းကိုလေ”

ကျုပ်ကထူဆန်းပြီးကြည့်နေပေမယ့် ဖိုးတွမ်တီးကတော့ တော်တော်ထိတ်လန့်သွားပုံရတယ်။

“ဟဲ့မိသက်၊ ရွှေဘကုန်းကို နင်ပဲသွား၊ ငါမလိုက်ဘူး”

“ဟေ့ကောင်၊ မင်းပဲ ချိုးစားချင်တယ်ဆိုကွ၊ ရွှေဘကုန်းကို လိုက်သွားရအောင်”

“တော်စမ်းပါကိုကြီးရာ၊ ကိုကြီးက မသိလို့ပါ၊ ရွှေဘကုန်းဆိုတာ သရဲသိပ်ခြောက်တဲ့နေရာပေါ့၊ နေ့ခင်းကြောင်တောင်ကြီးတောင် သရဲခြောက်လို့ ဘယ်သူမှမသွားရဲဘူး”

ကျုပ်လည်း ဖိုးတွမ်တီးပြောမှလန့်သွားတာ။

“ငါပါ ပါတယ်ဟ၊ နင်တို့ဘာမှမကြောက်နဲ့၊ ရွှေဘကုန်းဆိုတာ ငါငယ်ငယ်ကတည်းက သွားသွားဆော့နေတဲ့နေရာ၊ အဲဒီမှာ ချိုးတွေမှအများကြီးပဲ”

ဖိုးတွမ်တီးက မိသက်ကိုတစ်ချက်ကြည့်ပြီးတော့

“နင်တကယ်ပြောတာလား မိသက်”

“တကယ်ပြောတာပေါ့၊ နင်တို့သွားချင်ရင်လည်းလိုက်ခဲ့၊ မသွားချင်ဘူးဆိုရင်လည်း ရွာပြန်ကြ”

“သွားမယ်၊ ကိုကြီးလာ၊ သွားရအောင်”

ကျုပ်တို့သုံးယောက် ခင်တန်းကလေးထဲကထွက်ပြီးတော့ ရွှေဘကုန်းလို့ခေါ်တဲ့နေရာကိုဦးတည်ခဲ့တာပေါ့ဗျာ၊ ရွှေဘကုန်းဆိုတာ တောင်ကုန်းကလေးလိုဖြစ်နေတဲ့ ကုန်းကမူကလေးဗျ၊ လူသူမသွားကြလို့ သစ်ပင်တွေထူထူထပ်ထပ်ပေါက်နေပြီးတော့ ချုံနွယ်တွေကလည်း ပိတ်နေတာပဲဗျာ၊ ရွှေဘကုန်းနားရောက်တော့ ဖိုးတွမ်တီးက ဆက်မသွားရဲတော့ဘဲ ကျုပ်လက်ကိုဆွဲထားတယ်၊ ကျုပ်လည်း မိသက်နောက်ကနေ လိုက်ခဲ့ရတာပေါ့။ ချုံနွယ်တွေကို အတော်တိုးပြီးဝင်လိုက်တဲ့အခါ အထဲမှာ အုတ်ဂူကြီးသုံးလုံးကိုတွေ့လိုက်ရတယ်၊ အုတ်ဂူက ရှေးခတ်ပုံစံ အကြီးကြီးတွေဗျ၊ မိသက်က အုတ်ဂူတစ်လုံးအပေါ်ကို ဖမ်းထိုင်လိုက်တယ်။

“လာလေ၊ ဒီမှာလာထိုင်ကြ”

“ဟာ၊ ငါတို့မထိုင်ရဲပါဘူး”

“လာပါ ထိုင်စမ်းပါ၊ အုတ်ဂူထဲက လူက စိတ်မဆိုးတတ်ပါဘူးဟ”

မိသက်ပြောတော့ ကျုပ်တို့နှစ်ယောက် ပိုကြောက်သွားတယ်၊ ဒါနဲ့ မိသက်အနားကိုတိုးကပ်ခဲ့ပြီးတော့ သူ့ရှေ့မှာပဲ မတ်တပ်ရပ်နေလိုက်တယ်။ ငှက်တွေကတော့ ပေါတယ်ဗျ၊ လူသူဝေးလို့ဖြစ်မယ်ထင်ပါတယ်၊ ကျုပ်တို့လာတာတောင်မှ ငှက်တွေက ကြောင်ပြီးကြည့်နေကြတာ။ ဖိုးတွမ်တီးက လေးခွထုတ်ပြီး ဟိုချိန်ဒီချိန်လုပ်တော့ မိသက်ကတားတယ်။

“နင်တို့လေးခွကြီးအသာချထားလိုက်စမ်းပါ၊ ငှက်စားချင်ရင် ငါကြံပေးပါ့မယ်”

ပြီးတာ့ မိသက်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးတော့

“သူငယ်ချင်းတို့ ငါတို့ငှက်စားချင်တယ်၊ ချိုးငှက်များများဖမ်းပေးကြ၊ တခြားစားကောင်းမယ့်ငှက်တွေလည်း ဖမ်းပေးကြစမ်း”

မိသက်ပြောလိုက်တော့ အဲဒီရွှေဘကုန်းမှာ ပေါက်နေတဲ့သစ်ပင်တွေက တဖြန်းဖြန်းနဲ့လှုပ်သွားတယ်ဗျ၊ ကျုပ်လည်း မိသက်ကို ယုံရခက်ခက်၊ မယုံရခက်ခက်နဲ့ပေါ့ဗျာ၊ ဒါနဲ့ မိသက်အရှေ့နားက မြေကြီးမှာပဲထိုင်ချလိုက်တယ်၊ အုတ်ဂူတွေက အတော်ဆွေးနေပါပြီ၊ အုတ်ဂူမှာရေးထားတဲ့စာတွေတောင်မှ ပျက်နေပြီဗျ။

“ဒါနဲ့မိသက်၊ ဒီနေရာက ဘာလို့ရွှေဘကုန်းလို့ခေါ်တာလဲ”

“အရင်က ဒီနေရာက ဦးရွှေဘဆိုတဲ့ လူကြီးရဲ့ခြံကြီးပေါ့၊ ဦးရွှေဘတို့က ညီအကိုသုံးယောက်ရှိတယ်၊ တစ်ခါတော့ ဦးရွှေဘက အိမ်ထောင်ကျတယ်၊ အိမ်ထောင်ကျပြီးတော့ ဦးရွှေဘက သေသွားရော၊ အဲဒီမိန်းမကို သူ့ညီကထပ်ယူတယ်၊ သူ့ညီလည်းထပ်သေတယ်၊ နောက်တော့ ညီအငယ်ဆုံးက ထပ်ယူတယ်၊ ညီအငယ်ဆုံးလည်းသေတာပဲ၊ ဒါနဲ့သူတို့ညီအကိုသုံးယောက်စလုံးကို ခြံနောက်မှာပဲ မြှုပ်ထားတာ၊ အခုမြင်နေရတဲ့ ဂူကြီးတွေပေါ့”

မိသက်ကသာ ဘာမှမဖြစ်သလိုပြောနေပေမယ့် ကျုပ်ဖြင့် ကြက်သီးတွေတဖြန်းဖြန်းထလာတော၊ ဖိုးတွမ်တီးက မိသက်ကိုကြည့်ရင်း

“မိသက် နင်ပြောတာတွေက ငါ့အဖေပြောတာနဲ့မတူဘူး”

“ဟုတ်လား ဘယ်လိုမတူတာတုန်း”

“ဦးရွှေဘက အိမ်ဆောက်မယ်ဆိုပြီး သစ်သွားဆွဲရင်း တောနက်ထဲမှာ မိန်းကလေးတစ်ယောက်နဲ့တွေ့ခဲ့ပြီးတော့ ယူလိုက်တာ၊ တကယ်တော့ အဲဒီမိန်းကလေးက အိမ့်ဒလိမ့်စုန်းတဲ့”

မိသက်မျက်လုံးတွေပြူးသွားတယ်။ ဖိုးတွမ်တီးပြောတဲ့အကြောင်းကို သူကြားဖူးပုံမရဘူး ထင်တယ်ဗျ။ ကျုပ်ကလည်းသိချင်တာနဲ့

“ဆက်ပြောပါအုံး ဖိုးတွမ်တီးရာ”

“အဲဒီစုန်းမက ကြိုးအဆင့်တွေတက်နိုင်ဖို့ ဦးရွှေဘရဲ့ ကလီစာတွေကို စားလိုက်တာတဲ့၊ နောက်တော့ ဦးရွှေဘညီတွေကိုလည်း သူကဖျားယောင်းပြီးတော့ ကလီစာတွေကို ဖမ်းစားပစ်လိုက်တယ်လို့ပြောတယ်၊ သူတို့ညီအကိုသုံးယောက်သေတော့ ဗိုက်ထဲဘာမှမကျန်ဘူးတဲ့၊ ဗိုက်က အရေပြားက ကျောဘက်ကိုခွက်ပြီး ကပ်နေတယ်ဆိုပဲ”

“ဟာ၊ တော်တော်ကြောက်ဖို့ကောင်းတာပဲနော်”

“နင်တို့မဟုတ်တာတွေလျှောက်ပြောနေတာပါဟာ၊ ဦးရွှေဘက စိတ်ရင်းကောင်းပါတယ်၊ အခုငါထိုင်နေတာ သူ့အုတ်ဂူပဲလေ”

ကျုပ်တို့ပြောပြီးမကြာခင်မှာပဲ သစ်ပင်တွေက ထပ်လှုပ်လာတယ်ဗျ၊ ပြီးတော့ သစ်ပင်အုပ်ထဲကနေပြီး ငှက်အသေကောင်တွေ ပျံထွက်လာတာ၊ ပြီးတော့ ကျုပ်တို့အရှေ့ကို တဖုတ်ဖုတ်နဲ့ကျပါရောဗျာ၊ အကောင်နှစ်ဆယ်လောက်ကျပြီးတော့မှ ရပ်သွားတာ၊ ဖိုးတွမ်တီးက ဝမ်းသာအားရနဲ့ပြေးကောက်တယ်ဗျ၊ ချိုးတွေက အရွယ်တော်ကလေးတွေပါပဲ။ ဖိုးတွမ်တီးက သူ့လွယ်အိတ်ထဲကိုစမ်းတယ်ဗျ။

“ချိုးရရင်ကင်စားဖို့အတွက် ဟောဒီမှာ မီးခြစ်ဆံဘူးယူလာတယ်၊ ပြီးတော့ ဟောဒါကတော့ ဓါးပါး”

ဓါးပါးကလေးနဲ့ ချိုးတွေကိုရင်ခွဲ၊ သစ်ကိုင်းခြောက်တွေကောက်ပြီးတော့ မီးခြစ်ဆံနဲ့မီးဖိုပြီးတော့ ချိုးတွေကို ကင်စားကြတာပေါ့ဗျာ၊ ဆားမပါ ဘာမပါဆိုပေမယ့် လတ်ဆတ်တဲ့ချိုးသားက ချိုမွှေးပြီးတော့ အရည်ရွှမ်းရွှမ်းနဲ့စားကောင်းတာပေါ့။ မိသက်ကတော့ ချိုးသုံးကောင်ကို မကျက်တကျက်မီးအုံးပြီးတော့ အုတ်ဂူကြီးတွေပေါ်ကို တစ်ကောင်စီတင်ပေးလိုက်တယ်။

“သူငယ်ချင်းတို့ စားကြနော်၊ နောက်ငါတို့ကို များများဖမ်းပေးအုံး”

မိသက်က မကြောက်ပေမယ့် ကျုပ်ကတော့ ချိုးတွေထိုင်စားရင်း ကျောတွေချမ်းနေပါရော၊ အုတ်ဂူတွေကို ကျောပေးပြီးထိုင်ထားကြတာ၊ မကြာခင် အုတ်ဂူကြားထဲက တဂျွတ်ဂျွတ်နဲ့ အသံကြီးတွေကြားတယ်ဗျ၊ ဘာသံတွေဖြစ်မရလဲဗျာ၊ ဦးရွှေဘတို့သရဲကြီးတွေ ချိုးကင်ကို အစိမ်းလိုက်ဝါးစားနေတဲ့အသံပေါ့၊ ကျုပ်လည်း အသံကြားပေမယ့် လှည့်မကြည့်ရဲဘူးဗျ၊ ကျောဘက်တစ်ခြမ်းလုံးလည်း ကြက်သီးတွေထပြီးတော့ ထူထူကြီးဖြစ်နေတာ။

ကျုပ်တို့စားသောက်လို့ပြီးခါနီးကျတော့ ချုံတိုးသံကိုကြားလိုက်ရပြန်ရော၊ ပြီးတော့ကျုပ်တို့အရှေ့မှာ အဝတ်တွေမပါတဲ့ အဘွားကြီးတစ်ယောက်က ရောက်လာပါရော၊ မနေ့က မြစ်ကမ်းဘေးမှာတွေ့ခဲ့တဲ့အဘွားကြီးပေါ့ဗျာ၊ သူ့ကိုလည်းတွေ့ရော ဖိုးတွမ်တီးက မတ်တပ်ရပ်လိုက်ပြီး

“ဟာ တောက်စလင်းဘွားတော်လာပြီ . . . တောက်စလင်းဘွားတော်ကြီး . . .”

အဲဒီလိုအော်ပြီးတာနဲ့ တန်းပြီးပြေးတော့တာပဲ၊ ကျုပ်လည်း ကြောင်ပြီးဆက်ထိုင်နေမိတာ၊ အဘွားကြီးက ကျုပ်ကိုစူးစိုက်ကြည့်တော့ သူ့မျက်လုံးတွေက အရောင်တွေလက်နေတယ်လို့တောင် ထင်ရတယ်ဗျာ၊ ကျုပ်ကျောရိုးထဲလည်း စိမ့်ခနဲဖြစ်သွားတာနဲ့ ကျုပ်လည်း ဖိုးတွမ်တီးအနောက်ကိုပြေးလိုက်ခဲ့ရတာပေါ့ဗျာ။

“ဟေ့ကောင်ဖိုးတွမ်တီး၊ ငါ့ကိုစောင့်အုံးလေ”

ကျုပ်အော်လိုက်ပေမယ့် ဖိုးတွမ်တီးကတော့ လှည့်တောင်မကြည့်ဘဲ ဖဝါးနဲ့တင်ပါး တစ်သားတည်းပြေးရောဗျို့။

(၃)

“နေပူကြီးထဲ ပြေးလာရသလားဟဲ့၊ နင်တို့အစား ငါမောလိုက်တာ”

ကျုပ်တို့ခြံဝိုင်းထဲပြေးဝင်လိုက်တော့ မခင်ကြည်က ဆီးပြောပါရော၊ ကျုပ်တို့လည်း ကွပ်ပျစ်မှာထိုင်ချလိုက်တယ်၊ ဖိုးတွမ်တီးကတော့ ကွပ်ပျစ်ပေါ်လှဲချအိပ်ရင်း အသက်ကိုမနည်းရှုနေရတယ်။

“ဟဲ့ နှစ်ယောက်သား ဘာဖြစ်လာကြတာတုန်း”

“တောက်စလင်း . . . တောက်စလင်း . . .”

ဖိုးတွမ်တီးက စကားဆုံးအောင်တောင်မပြောနိုင်တော့ဘူး၊ ဒါပေမယ့် မခင်ကြည်က ကြိုသိပြီးတဲ့ပုံပါပဲ။

“လက်စသတ်တော့ တောက်စလင်းဘွားတော်ကြီးနဲ့ တွေ့ခဲ့တယ်ထင်ပါ့”

ဖိုးတွမ်တီးကခေါင်းညိတ်တယ်၊ ကျုပ်တိုနှစ်ယောက်ကို မနှင်းကြည်က အိမ်အောက်အရိပ်ထဲမှာစင်လေးနဲ့တင်ထားတဲ့ သဲအိုးထဲက ရေခပ်တိုက်တယ်၊ သဲအိုးထဲကရေဆိုတော့ အေးစက်နေတာပဲဗျာ၊ ခုခေတ်ရေခဲရေလောက်တော့ မအေးပေမယ့် သောက်လို့တော့သိပ်ကောင်းတာပေါ့။ မခင်ကြည်က တောင်းတစ်တောင်းရွက်ပြီးတော့ လက်တစ်ဖက်လည်း ဓါးမတစ်လက်ကိုင်ထားပြီး အိမ်ထဲကထွက်လာတယ်။

“နင်တို့နေနှင့်ကြအုံး၊ ငါ ကိုအေးကို ထမင်းသွားပို့လိုက်အုံးမယ်”

“နေအုံးအမေ၊ သားလဲလိုက်မယ်”

ဖိုးတွမ်တီးနဲ့ မခင်ကြည်ထွက်သွားတော့ အိမ်ရှေ့ကွပ်ပျစ်မှာ ကျုပ်ရယ်၊ မနှင်းကြည်ရယ် နှစ်ယောက်တည်းကျန်ခဲ့တာပေါ့ဗျာ၊ ကျုပ်လည်း မောမောနဲ့

“အဲဒီတောက်စလင်းဘွားတော်ဆိုတာ ဘယ်သူတုံးဗျ၊ နာမည်ကလည်း အဆန်းနော်”

မနှင်းကြည်က ကျုပ်ကိုကြည့်ရင်း

“ဒီရွာမှာရှိခဲ့တဲ့ စုန်းမကြီးပေါ့မောင်လေးရာ၊ သူ့ဆိုရင် တစ်ရွာလုံးက ကြောက်ကြရတယ်”

“ဒါဆို သူကတော်တော်ဆိုးတာပေါ့နော်”

“ဆိုးလို့ပဲ အဝတ်အစားမဝတ်နိုင်တာပေါ့”

“ဘယ်လိုများလဲ မမနှင်းရာ၊ ကျုပ်ကိုပြောပြပါလား”

မနှင်းကြည်က ခေါင်းညိတ်ရင်း

“ပြောဆိုတော့လည်း ပြောပြရတာပေါ့၊ ဒီအဘွားကြီးနာမည်က ဒေါ်လုံးတဲ့၊ သူငယ်ငယ်က သိပ်ချောသိပ်လှတယ်ဆိုပဲ၊ ကြားဖူးတာကတော့ သူတို့ကစုန်းမျိုးတွေတဲ့၊ မြင်းဇာရွာကလူကြီးက သူတို့ကိုနှင်ထုတ်လိုက်တော့ တောထဲသွားနေရတယ်ဆိုပဲ၊ ဟိုးမှာမြင်နေရတဲ့ တောင်ကြီးရဲ့အခြေနားမှာပေါ့”

မနှင်းကြည် လက်ညှိုးထိုးပြတဲ့တောင်ကြီးကို ကျုပ်လည်းငေးမောပြီးကြည့်နေလိုက်တယ်။

“အဲဒီဒေါ်လုံးကို ရွာအရှေ့ပိုင်းက ဦးရွှေဘဆိုတဲ့လူကြီးက တောထဲသွားရင်း တွေ့သွားသတဲ့၊ စုန်းဆိုတော့လည်း ရုပ်ရည်ချောအောင်လို့ ပညာတွေနဲ့လုပ်ထားတာပေါ့၊ ဦးရွှေဘကြီးကိုတွေ့တော့ မြင်မြင်ချင်းချစ်သွားအောင် ပြုစားလိုက်တယ်ဆိုပဲ၊ ဒါနဲ့ပဲ ဦးရွှေဘကြီးက ဒေါ်လုံးမှမရရင် ကိုယ့်ကိုယ်ကိုယ်သတ်သေတော့မယ်ဆိုပြီး ပြောသတဲ့”

“ဒါနဲ့ပဲ ဦးရွှေဘတို့မိဘတွေက ဒေါ်လုံးကြီးက စုန်းမကြီးမှန်းရိပ်စားမိပြီး သဘောမတူဘူးပေါ့၊ ဦးရွှေဘကြီးကလည်း တားမရတာနဲ့ နောက်ဆုံးတော့ ဦးရွှေဘကိုမောင်းချလိုက်တယ်တဲ့၊ ဦးရွှေဘကလည်း ဒေါ်လုံးကိုယူပြီးတော့ ရွာအပြင်တောစပ်နားက ကုန်းကလေးမှာ စိုက်ပျိုးစားသောက်ရင်းနေထိုင်ကြတယ်”

“ဪ၊ ကျုပ်သိပြီ၊ အဲဒါ ကျုပ်တို့ခုနကရောက်ခဲ့တဲ့ ရွှေဘကုန်းဆိုတဲ့ နေရာပဲဖြစ်မယ်”

ကျုပ်ပြောလိုက်တော့ မနှင်းကြည်က မျက်လုံးတွေပြူးကျယ်သွားတယ်။

“ဘာ၊ မောင်လေးတို့က ရွှေဘကုန်းကိုတောင် ရောက်ခဲ့ပြီလား”

“ရောက်ခဲ့ရုံတင်ဘယ်ကမလဲ ရွှေဘကုန်းမှာ ငှက်တောင်ပစ်ပြီးတော့ ထိုင်စားခဲ့ကြသေးတယ်”

“ဟယ်တော်၊ အဖေသိရင်တော့ မိုးမီးလောင်တော့မှာပဲ အဲဒီရွှေဘကုန်းက မသွားအပ်တဲ့နေရာလို့ အဖေကမှာထားရဲ့သားနဲ့၊ ဒါ ဟိုကောင်လေးလက်ချက်ပဲဖြစ်မယ်”

“ဆက်ပြောပါအုံးမမနှင်းရဲ့၊ ကျုပ်တို့က ဘာလို့အဲဒီရွှေဘကုန်းကို မသွားရတာလဲ”

“ဦးရွှေဘနဲ့ ဒေါ်လုံးနဲ့ အဲဒီမှာပေါင်းနေရင်း ဒေါ်လုံးက စုန်းအတတ်နဲ့အသီးတွေအပွင့်တွေကောင်းအောင်လုပ်ပေးသတဲ့၊ ဒါနဲ့ ဦးရွှေဘတို့က ချောင်လည်လာပြီးတော့ စားနိုင်သောက်နိုင်ဖြစ်လာတာပေါ့၊ တစ်ဖက်မှာကတော့ ဦးရွှေဘတို့မိဘတွေဆုံးသွားပြီးတော့ ညီငယ်နှစ်ယောက်ကလည်း မလုပ်တတ်မကိုင်တတ်နဲ့ဆိုတော့ သူတို့တွေဆင်းရဲသွားသတဲ့၊ ဒါနဲ့ ဦးရွှေဘက သူ့ညီတွေကိုလည်းသူနဲ့အတူတူခေါ်ထားပြီး အတူတူလုပ်ကိုင်စားသောက်ကြတာပေါ့”

“ဒါပေမယ့် ဒေါ်လုံးကဦးရွှေဘကို တကယ်မချစ်ခဲ့ဘူး၊ သူက သူ့ပညာတွေအဆင့်တက်ဖို့ကြိုးစားနေတဲ့သူ၊ သူ့ပညာအဆင့်တက်ဖို့ဆိုရင် ကိုယ့်ကိုယ်ချစ်တဲ့လူရဲ့ အူတွေကလီစာတွေကို စားသောက်ပြီးစီမံရတာတဲ့၊ ဒါနဲ့ပဲ ဦးရွှေဘနဲ့ပေါင်းရင်း သုံးနှစ်လောက်ကြာတော့ ဒေါ်လုံးက ဦးရွှေဘရဲ့ ကလီစာတွေကို စားသောက်လိုက်ပြီးတော့ ပညာအဆင့်တက်သွားတာပေါ့၊ ဦးရွှေဘလည်း သေသွားတာပေါ့”

“ဦးရွှေဘသေတော့ ရွာကလူတွေက အလောင်းကိုစစ်ကြည့်မယ်ဆိုတော့ ဒေါ်လုံးကြီးရော၊ သူတို့ညီအကိုတွေရော လက်မခံကြဘူးတဲ့၊ ဒါနဲ့ပဲ သူတို့ခြံထဲမှာ အုတ်ဂူဆောက်ပြီး မြှုပ်ထားလိုက်တယ်”

“ဒါနဲ့ ခုနက ဖိုးတွမ်တီးပြောတော့ ဦးရွှေဘတို့ ဗိုက်တွေထဲ အူတွေ၊ ကလီစာတွေ ဘာမှမရှိတော့ဘူးဆို”

“ဟုတ်တယ်၊ အဲဒါကလည်း ပန်းရံဆရာပြန်ပြောလို့သိတာ၊ ဒေါ်လုံးက ရွာထဲသတင်းပြန့်မှာစိုးလို့ အုတ်ဂူလုပ်ဖို့ ပန်းရံဆရာကိုတောင်မှ ဟိုးအထက် မောက်ရွာက ပန်းရံဆရာကို ခေါ်လုပ်တာ၊ ပန်းရံဆရာက အုတ်ဂူဆောက်ပြီး ရုပ်အလောင်းသွင်းတော့ အခေါင်းကိုဖွင့်ကြည့်ရင်း အဲဒီလိုတွေ့တာဆိုပဲ”

“တော်တော်ကြောက်စရာကောင်းတာပဲ”

“ဒါထက် ကြောက်စရာကောင်းတာ ရှိသေးတယ်ငါ့မောင်ရေ၊ ဦးရွှေဘကြီးတစ်ယောက်နဲ့အားမရလို့ ဒေါ်လုံးက ဦးရွှေဘညီကိုထပ်ယူလိုက်ပြန်ရော၊ ယူပြီး ခြောက်လနေတော့ သူလည်းဆုံးသွားတာပဲ၊ နောက်တော့ ညီအငယ်ဆုံးကို ထပ်ယူပြန်ရော၊ ရွာကလူတွေက ညီအငယ်ဆုံးကို ဒေါ်လုံးနဲ့မယူဖို့ တားကြသေးတယ်၊ ညီအငယ်ဆုံးကလည်း အပြုစားခံထားရတော့ ဒေါ်လုံးမှဒေါ်လုံးဖြစ်နေတာ၊ ရွာကလူတွေကိုတောင်မှ ဓါးကြိမ်းကြိမ်းတယ်ဆိုပဲ၊ နောက်တော့ အငယ်ဆုံးညီလည်း ဒေါ်လုံးနဲ့ရသွားပြီး သုံးလလောက်ကြာတော့ ဆုံးသွားပါရော”

“ဆုံးသွားပြီးတဲ့ ညီအကိုသုံးယောက်ကိုလည်း ဒေါ်လုံးက သရဲကြီးတွေအဖြစ်မွေးပြီးခိုင်းစားနေသေးတယ်၊ ဒေါ်လုံးလည်း လူသုံးယောက်နဲ့အဆင့်တက်ပြီးတော့ တော်တော်အဆင့်မြင့်သွားတယ်ဆိုပဲ၊ ဒီနယ်တစ်ဝိုက်မှာ ဒေါ်လုံးကို ဘယ်သူမှ စေ့စေ့မကြည့်ရဲဘူးတဲ့၊ သူလုပ်ချင်တာလုပ် ရမ်းကားချင်တိုင်းရမ်းကားနေတာပေါ့”

“နောက်တော့ သူ့ကိုယ်သူတတ်လှပြီဆိုပြီးတော့ ယောကတော်နဲ့ ပညာပြိုင်ကြတယ်၊ ဟိုက သူ့ထက်စွမ်းလို့ ကတော်အဆင့်တောင်ရထားတာမဟုတ်လား၊ အဲဒီပွဲမှာ သူရှုံးပြီးတော့ ကျိန်စာတစ်ခုမိသွားတယ်၊ အဲဒါကတော့ အဝတ်အစားတွေ၊ ထမီတွေ ဘယ်လိုမှဝတ်မရတာပဲ၊ အဝတ်အစားဝတ်ရင် ပူတယ် ပူတယ်ဆိုပြီး လွှင့်လွှင့်ပစ်တယ်တဲ့၊ ဒါနဲ့ပဲ သူ့ကိုတောက်စလင်းဒေါ်လုံးလို့ ခေါ်ကြတာပေါ့၊ အခုအသက်ကြီးလာတော့ တောက်စလင်းဘွားတော်ပေါ့”

“ဒါနဲ့ တောက်စလင်းဆိုတာ ဘာကိုပြောတာလဲဗျ”

ကျုပ်မေးလိုက်တော့ မနှင်းကြည်က ရှက်သွားတယ်။

“အို . . တောက်စလင်းဆိုတာက ကိုယ်လုံးတီးချွတ်ကို ပြောတာ၊ ဒီအရပ်မှာတော့ ဒီလိုပဲခေါ်ကြပြောကြတယ်”

ကျုပ်လည်း ဒီဘွားတော်ကြီးအကြောင်းကို သေချာနားလည်လိုက်ပါပြီ။

“ဒါနဲ့ ဒေါ်လုံးကြီးမှာ သားသမီးမရှိဘူးလား”

“ရှိတယ်၊ ဦးရွှေဘနဲ့ရခဲ့တဲ့သမီးတစ်ယောက်ရှိတယ်၊ အဲဒီကလေးကိုလည်း သူက ပညာအမွေပေးချင်လို့ ယူလိုက်တာ၊ သူ့သမီးကလည်း စုန်းမပဲ၊ သူ့လောက်တော့မစွမ်းဘူးပေါ့၊ သူ့သမီးအရွယ်ရောက်လာတော့ ဘယ်သူနဲ့ရမှန်းမသိဘဲဗိုက်ကြီးတယ်၊ အဲဒီကလေးက ဟိုနေ့က မောင်လေးတို့နဲ့ရန်ဖြစ်တဲ့ မိသက်ဆိုတဲ့ကလေးမပေါ့”

“ဗျာ . . ဒါဆို မိသက်က အဲဒီဘွားတော်ရဲ့ မြေးပေါ့၊ ဒါဆို သူ့အမေရော”

“သူ့အမေလည်း စုန်းတစ်ယောက်နဲ့ပညာပြိုင်ရင်း လက်လွန်ပြီးတော့ သေသွားတယ်၊ အခုတော့ မြေးအဘွားနှစ်ယောက်ကျန်နေခဲ့တာပေါ့၊ အဲဒီတောက်စလင်းဘွားတော်ကြီးက အိမ်ခြေရာခြေမရှိဘဲ လှည့်လည်သွားနေတာ၊ မိသက်ကလည်း သူ့အနောက်လိုက်နေရတာပေါ့၊ ရွာကလူတွေကလည်း သနားတော့သနားတာပေါ့၊ မိသက်က အိမ်ခြေရာခြေမရှိဘူးလေ၊ အဘွားကြီးနဲ့ ကြုံရာအိပ်၊ ကြုံရာစားပဲ၊ ဒါပေမယ့်လည်း စုန်းတွေဆိုတော့ မပတ်သက်ချင်ဘူးပေါ့”

မနှင်းကြည်ပြောတာနားထောင်ပြီး ကျုပ်တော့ မိသက်ကိုကြောက်ရမယ့်အစား သနားတောင်သနားသွားသေးတယ်ဗျာ၊ သူက စုန်းတစ်ယောက်ရဲ့မြေးဖြစ်တာနဲ့ သာမန်လူတွေလို မနေရဘဲ အခုအချိန်အထိ တောစပ်နဲ့ ရွှေဘကုန်းမှာ လှည့်လည်ပြီးနေထိုင်ရသတဲ့ဗျာ။ အင်း၊ ဒါကြောင့်လည်း ဦးဘသာကြီးက မျိုးဆက်ထပ်ပြီးလက်ဆင့်မကမ်းချင်တော့တာနေမှာဗျ၊ လူကြီးတွေရဲ့လုပ်ရပ်ကြောင့် ဘာမှမဆိုင်တဲ့ကလေးတွေက ကြားထဲကမြေစာပင်ဖြစ်ရတယ်မဟုတ်လားဗျာ။

(၄)

မနှင်းကြည်နဲ့ကျုပ်နဲ့ နှစ်ယောက်တည်းစကားပြောနေရင်း ကျုပ်ရင်တွေအရမ်းခုန်တယ်ဗျာ၊ နှစ်ယောက်တည်းဆိုတော့လည်း ကျုပ်အရဲစွန့်ချင်လာတယ်။ ဒါနဲ့ပဲ ကွပ်ပျစ်ပေါ်လက်ထောက်ထားတဲ့ မနှင်းကြည်ရဲ့လက်ကို ကျုပ်လက်နဲ့အုပ်ပြီးကိုင်ထားလိုက်တယ်။

“အို . . .”

မနှင်းကြည်က ရှက်သွားပုံရတယ်ဗျ၊ ကျုပ်မတော်တဆလက်ကိုကိုင်မိတယ်ထင်လို့ ရုန်းထွက်ဖို့လုပ်ပေးမယ့် ကျုပ်ကလည်း အလွတ်မပေးဘဲ အတင်းအကျပ်ကိုင်ထားတာဆိုတော့ နောက်တော့မရုန်းတော့ဘူးဗျာ၊ မနှင်းကြည်က အိမ်အလုပ်တွေလုပ်ရတယ်ဆိုပေမယ့် လက်ကတော့ နူးညံ့သားဗျ။

“ဟိတ်၊ ကောင်မလေးကို လွှတ်လိုက် . . .”

ကျုပ်နားထဲ အသံကြီးကြားတာနဲ့ ယောင်ယမ်းပြီး လက်ကိုလွှတ်လိုက်ပြီးတော့ ဘေးဘီကိုကြည့်လိုက်တယ်၊ ကြားလိုက်ရတဲ့အသံကတော့ ဦးဘသာရဲ့အသံပါဗျာ၊ ဒါပေမယ့် ဦးဘသာကိုရှာမတွေ့ဘူး၊ ကျုပ်လက်ကိုလွတ်လိုက်တော့ မနှင်းကြည်လဲ ထပြေးပြီး မီးဖိုထဲဝင်သွားတော့တယ်။ ကျုပ်ဖြင့် ဦးဘသာဘယ်နားက ချောင်းကြည့်ပြီးအော်သလဲလို့ လိုက်ရှာတာ၊ မတွေ့ပါဘူးဗျာ။

ခဏကြာတော့မှ လှည်းတစ်စီးခြံထဲကိုဝင်လာတယ်ဗျ။ လှည်းပေါ်ကနေ ဦးဘသာကြီးတို့ ဆင်းလာကြတတယ်၊ ကျုပ်လည်း တော်တော်ကိုလန့်နေမိတာ၊ ဦးဘသာက ကွမ်းအစ်အသစ်ပိုက်ပြီးတော့ ကျုပ်ကိုပြုံးဖြီးဖြီးနဲ့ကြည့်နေတာ၊ ဦးဘသာကြီးက အပြင်သွားရင်း အိမ်မှာ မျက်စိတွေ နားတွေများ ထားခဲ့သလားပဲဗျာ။ ဦးအောင်ရှိန်တို့လည်း အိမ်ပေါ်တက်သွားရော ဦးဘသာနဲ့ကျုပ်လည်း တဲကလေးဆီပြန်လာခဲ့တာပေါ့ဗျာ၊ ဦးဘသာက ကျုပ်အနားကပ်ပြီးတော့

“ဟေ့ကောင်၊ ငါမြင်တယ်နော်ကွ၊ ဟီး . . ဟီး”

ကျုပ်လည်း ဘာမှပြန်မပြောတော့ဘဲ ခေါင်းကုပ်နေလိုက်တာပေါ့။

“အဖေရေ . . . ကယ်ပါအုံး”

ခြံထဲကို အော်သံရှည်ကြီးအော်ပြီးတော့ ပြေးဝင်လာတယ်ဗျ၊ ပြေးလာတဲ့သူကတော့ တခြားမဟုတ်ပါဘူး ကိုအေးက ဖိုးတွမ်တီးကိုပွေ့ချီရင်း ပြေးလာတာ၊ သူ့အနောက်မှာ မခင်ကြည်ကလည်း လိုက်လာတယ်၊ ဦးအောင်ရှိန်တို့ကလည်း ပြာပြာသလဲနဲ့ပြေးဆင်းလာကြတာပေါ့။

“ဟေ့၊ ဘာဖြစ်လို့လဲကွ”

ကိုအေးက ဖိုးတွမ်တီးကို ကွပ်ပျစ်ပေါ်ချလိုက်တဲ့အချိန် ဖိုးတွမ်တီးက ကွပ်ပျစ်ပေါ်မှာ လူးလှိမ့်နေတာပဲဗျာ။

“နာတယ်၊ နာတယ်”

ဘယ်နား နာလို့နာမှန်းမသိ၊ လူးလှိမ့်ပြီးတော့ ငိုကြွေးနေတော့တာ၊ ဦးအောင်ရှိန်က သူ့မြေးကိုတစ်ချက်ကြည့်ရင်း

“သွေးရိုးသားရိုးမဟုတ်ဘူး၊ မောင်အေးရေ မင်းသားကို ဘုရားခန်းကိုခေါ်ခဲ့”

ဖိုးတွမ်တီးကို ကိုအေးကချီပြီး ဘုရားခန်းပေါ်တက်သွားတော့ ကျုပ်လည်း အနောက်ကနေလိုက်လာရတာပေါ့၊ ဘုရားစင်ရှေ့မှာချပြီးတော့ ဦးအောင်ရှိန်က ဆေးကြိမ်လုံးကြီးကို တရွှမ်းရွှမ်းနဲ့အသံပေးလိုက်တော့တယ်။

“အောင်မာ၊ အစိမ်းသရဲနှောင့်တာပါလား၊ ဟေ့ အစိမ်းသရဲ၊ ငါဘာကောင်လည်းဆိုတာ မင်းမသိဘူးလား”

ဦးအောင်ရှိန်က ကျုပ်ကိုကုတဲ့ပုံစံအတိုင်း ဖိုးတွမ်တီးကိုထိုင်ခိုင်းပြီးတော့ ဘုရားဆင်းတုကလေးခေါင်းပေါ်တင်ပြိးကုတယ်၊ နောက်တော့ ရေမန်းတစ်ခွက်တိုက်လိုက်တော့မှ ဖိုးတွမ်တီးက ပုံမှန်အတိုင်းဖြစ်သွားတယ်ဗျ၊ အားလုံးအေးအေးဆေးဆေးဖြစ်သွားတော့မှ ဦးအောင်ရှိန်က ကျုပ်တို့ကိုမေးတယ်။

“မင်းတို့ ဘာတွေလုပ်ထားကြသလဲ”

ဖိုးတွမ်တီးက မပြောရဲဘူးဗျ။ သူက ကလေးမို့မပြောပေမယ့် ကျုပ်ကလူကြီးဆိုတော့ ပြောရတော့မယ်မဟုတ်လား။

“ဒီလိုပါ ဆရာကြီးရှိန်၊ မနက်က ဖိုးတွမ်တီးနဲ့ကျုပ်နဲ့ ရွှေဘကုန်းကိုသွားပြီး ချိုးငှက်ပစ်ပြီး စားခဲ့ပါတယ်”

“ဘာကွ . . .”

ဦးအောင်ရှိန်အသံက ခက်ထန်သွားတယ်၊ သူတော်တော်ဒေါသထွက်သွားပုံပဲ၊ နောက်တော့မှ ကျုပ်ရှိမှန်းသိပြီး အသံကိုထိမ်းလိုက်တယ်။

“မင်းတို့တွေကို ရွှေဘကုန်းအနား ခြေဦးမလှည့်ပါနဲ့လို့ ငါမမှာထားဘူးလား”

ဖိုးတွမ်တီးက ခေါင်းညိတ်တယ်ဗျ။ မခင်ကြည်က ဖိုးတွမ်တီးကိုဖက်ပြီး

“မသေကောင်းမပျောက်ကောင်းသားလေးရယ်၊ ဘိုးဘိုးပြောတာနားထောင်နော်၊ နောက်ဆိုရင် အဲဒီကိုမသွားနဲ့တော့နော်”

ဖိုးတွမ်တီးလေးက ငိုရင်းနဲ့ခေါင်းညိတ်တယ်၊ ဦးအောင်ရှိန်က ဖိုးတွမ်တီးကို ကြိမ်လုံးနဲ့ချိန်လိုက်ပြီး

“မှတ်ထားနော်၊ နောက်တစ်ခါ အဲဒိကိုသွားတယ်လို့ကြားလို့ကတော့ ဟောဒီကြိမ်လုံးက မင်းအတွက်ဖြစ်သွားမယ် တွမ်တီး၊ အိမ်မှာ ဧည့်သည်ရှိနေလို့ မင်းသက်သာသွားတယ်မှတ်”

ဖိုးတွမ်တီးနဲ့ မခင်ကြည်တို့လင်မယားလည်း ပြန်ဆင်းသွားတော့တယ်၊ ကျုပ်သာ အလိုက်ကန်းဆိုးမသိ ဦးအောင်ရှိန်ကြီးအနားမှာ ကျန်နေခဲ့တာပေါ့ဗျာ။

“တောင်းပန်ပါတယ်ဆရာကြီးရယ်၊ အခုလိုဖြစ်ရတာကျုပ်ကြောင့်ပါ”

“ရပါတယ်ကွာ၊ မင်းက ဧည့်သည်ပဲ၊ နောက်ပြီး ငါတစ်ခုမှာထားရအုံးမယ်၊ မိသက်ဆိုတဲ့ကောင်မလေးနဲ့ သွားမပတ်သက်နဲ့နော်၊ လူကသာ ကလေးဆိုပေမယ့် သူ့ပညာကမသေးဘူးကွ”

ကျုပ်လည်းခေါင်းညိတ်လိုက်ရတော့တယ်။

“ဒါနဲ့ဆရာကြီး အစိမ်းသရဲနှောင့်တယ်ဆိုတာက ဘယ်သူတွေများလဲ၊ ရွှေဘကုန်းက ဦးရွှေဘနဲ့ သူ့ညီနှစ်ယောက်များလား”

ဦးအောင်ရှိန်က ကျုပ်ဒီအကြောင်းတွေကို သိနေလို့အံ့ဩနေတဲ့ပုံပဲ၊ နောက်တော့မှ ခေါင်းညိတ်တယ်။

“ဒါဆိုရင် ဒေါ်လုံးကြီးက သူ့ယောက်ျားသုံးယောက်ကိုသတ်ပြီး သရဲတွေအဖြစ်မွေးပြီး ခိုင်းစားနေတယ်ဆိုတာ တကယ်ပေါ့နော်ဆရာကြီး”

“အေးပါ့ငါ့တူရာ၊ မှတ်ထားကွ၊ စုန်းဆိုတာမျိုးက တော်တော်အောက်တန်းကျပြီး ယုတ်မာတဲ့သူတွေပဲဖြစ်တာ”

ဦးအောင်ရှိန်စကားကိုကြားလိုက်တော့ ကျုပ်လည်း သိပ်မခံချင်ဘူးဖြစ်သွားတယ်။

“ဒီလိုတော့ဘယ်ဟုတ်ပါ့မလဲ၊ ဦးဘသာကြီးကတော့ စိတ်ရင်းကောင်းတယ်မဟုတ်လား”

“ဘသာဆိုတာ တစ်ထောင်မှာတစ်ယောက်၊ တစ်သောင်းမှာ တစ်ယောက်လောက်သာရှိတဲ့လူမျိုးပါကွ၊ စုန်းဆိုတာ အားလုံးဒီပုတ်ထဲက ဒီပဲချည်းပဲ၊ ငါ့တူကြီးကိုမေးမယ်ကွာ၊ ပဲစင်းငုံတစ်တင်းထဲမှာ မြေပဲတစ်ဆန်လောက်ပါတာနဲ့ ဒီပဲတွေအားလုံး မြေပဲတွေလို့ ပြောလို့ရလို့လားကွ”

ကျုပ်လည်းခေါင်းခါလိုက်တယ်။

“ဒါပဲပေါ့ကွာ၊ စုန်းတွေအားလုံးက အကျင့်ယုတ်တဲ့သူတွေချည်းဘဲ၊ အဲဒီထဲမှာ ဘသာကတော့ ချွင်းချက်ပေါ့ကွာ၊ ဘသာတစ်ယောက်ကောင်းတာနဲ့ အားလုံးကောင်းတယ်လို့ ပြောလို့မှမရတာ၊ ဒါကြောင့် သာမန်လူတွေဆိုရင် စုန်းတွေနဲ့မပတ်သက်သင့်ဘူး၊ မေးထူးခေါ်ပြောတောင် မလုပ်သင့်ဘူးကွ၊ စုန်းဆိုတာ ချစ်ရင်လည်းပြုစားတယ်၊ မုန်းရင်လည်း ပြုစားတတ်တယ်၊ မပတ်သက်တာ အကောင်းဆုံးငါ့တူရေ”

ဦးအောင်ရှိန်စကားကို ကျုပ်လက်ခံလိုက်ပါတယ်၊ ဒီအချိန်မှာပဲ အိမ်အောက်ကနေ မနှင်းကြည်ရဲ့အသံစာစာက ထွက်လာခဲ့တယ်။

“အဖေရေ . . . လာပါအုံး”

အသံက အရေးတကြီးအသံဖြစ်နေတာကြောင့် ဦးအောင်ရှိန်ရော ကျုပ်ရော လှေကားပေါ်ကနေဆင်းခဲ့တာပေါ့ဗျာ၊ လှေကားထိပ်ရောက်တယ်ဆိုရင်ပဲ ကျုပ်တို့လန့်သွားတယ်ဗျ၊ ဘာလို့လဲဆိုတော့ ခြံပေါက်၀မှာ တောက်စလင်းဘွားတော်ကြီးက မတ်တပ်ရပ်ပြီး အိမ်ထဲကိုလှမ်းကြည့်နေတယ်ဗျ။ နောက်တော့ ကွပ်ပျစ်နားမှာ မတ်တပ်ရပ်နေတဲ့ ဦးဘသာကြီးကိုကြည့်ပြီးတော့ လက်ညှိုးထိုးတယ်ဗျ။

“ဪ၊ တို့ရွာမှာ ဧည့်သည်တွေရောက်နေတာကိုး”

ဦးအောင်ရှိန်က အရှေ့ထွက်သွားပြီးတော့

“ဒီမယ် ဒေါ်လုံး၊ ဒါကျုပ်ခေါ်လာတဲ့ ဧည့်သည်တွေ၊ ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး”

ဒီအခါ ဦးဘသာက အရှေ့တက်လာပြီးတော့ ဦးအောင်ရှိန်လက်ကိုအသာကုပ်လိုက်တယ်ဗျ။

“နေပါစေအောင်ရှိန်ရာ၊ ရွာခံက ကြိုဆိုနေပြီဆိုမှတော့ ဧည့်သည်က အလိုက်သိရမှာပေါ့”

ဦးအောင်ရှိန်က ဦးဘသာဘက်ကိုလှည့်လိုက်ပြီးတော့

“ဘသာ၊ မင်းဖြစ်ပါ့မလား”

“ဖြစ်ပါတယ်ကွ၊ ဒီလောက်ကတော့ စာမဖွဲ့ပါဘူး”

ဒီအခါ တောက်စလင်းဘွားတော်ကြီးက ဦးဘသာကိုလက်ညှိုးထိုးပြီး တဟားဟားနဲ့ရယ်တယ်ဗျ၊ သူ့ရယ်သံကြီးက လူနဲ့တောင်မလိုက်ဘူးဗျာ၊ အသံဩဩကြီးနဲ့ အက်ကွဲကွဲကြီးဗျ၊ ဦးအောင်ရှိန်တို့ ခြံဝိုင်းတင်မက ဘေးနားက ခြံတွေပါ ကြားရလောက်တယ်။ ပြီးတော့မှ ဆံပင်ဖြူကြီးတဖွားဖွားကို လက်နဲ့သပ်ပြီးတော့ ရွာလမ်းအတိုင်းလျှောက်သွားတော့တာပဲဗျာ။

ညနေရောက်တော့ ဦးဘသာကြီးကို ကျုပ်က ကပ်ပြီးမေးလိုက်တာပေါ့။

“ဦးဘသာ၊ ခုနက တောက်စလင်းဘွားတော်ကြီးက ဦးဘသာကိုဘာလုပ်ပြသွားတာလဲ”

“ဪ၊ ရောက်တုန်းရောက်ခိုက် ပညာစမ်းချင်လို့ဆိုပဲ”

“ဟာ၊ တကယ်ကြီးလား ဦးဘသာ”

“တကယ်ပေါ့ကွာ၊ အမှန်တော့ အခုမှမဟုတ်ဘူးကွ၊ ငါတို့ရောက်တဲ့ရက်ကတည်းက သူက ငါ့ကိုလာမိတ်ဆက်ပြီးပြီး ပညာပြိုင်ဖို့အတွက် ပြောပြီးသား၊ အခုတော့ ပိုကြိမ်းသေသွားတာပေါ့ကွာ”

“ဖြစ်ပါ့မလား ဦးဘသာရာ၊ သူက နှယ်နှယ်ရရမဟုတ်ဘူးနော်၊ ယောကတော်ကိုတောင် စိန်ခေါ်ခဲ့တဲ့သူဆိုပဲ၊ တော်တော်စွမ်းတယ်ထင်ပါ့ဗျာ”

“ဒီမှာအလတ်ကောင်၊ ငါ့ပညာတွေကလည်း သူ့ထက်သာ မစွမ်းရင်နေမယ်၊ သူ့အောက်တော့ မလျော့ပါဘူးကွ”

ဦးဘသာကြီးလည်း နည်းနည်းစိတ်တိုနေပုံရလို့ ကျုပ်လည်း ဘာမှဆက်မပြောဖြစ်တော့ပါဘူးဗျာ၊ အဲဒါနဲ့ပဲ နောက်တစ်နေ့ရောက်တော့ ဦးဘသာနဲ့ တောက်စလင်းဘွားတော် ဒေါ်လုံးကြီးနဲ့ ပညာပြိုင်ကြတယ်ဆိုပါတော့။

ဒီနေ့တော့ တော်လောက်ပြီဗျာ၊ နောက်နေ့တော့ ဆက်ကြအုံးစို့။

ပြီးပါပြီ။
အဂ္ဂဇော်