အတုံ့အလှည့်

လျှက်နားထောင်နေ၏။

“ဒီလိုဘွားရေ…ကျုပ်အိမ်မက်ထဲမှာလေ…ကျုပ်ယောကျာ်း
ကိုကံပေါ်လယ်တောစပ်မှာ
ဓားကြီးတန်းလန်းနဲ့သေနေတယ်လို့မက်တာတော့်…”

ဟု…ပြောလေသည်။

“ဟယ်…ညည်းအိမ်မက်ကလည်းကြောက်စရာကြီးပဲ”

“ဟုတ်တယ်အရီး…ကျုပ်အဲ့တာကိုတညထဲသုံးခါမက်လို့
ဘွားဆီကိုလာပြီး မေးတာပါတော်…..”

သိန်းနုပြောသည်များကိုနားထောင်ရင်း
ဘွားမယ်စိန်ငြိမ်သက်နေခဲ့သည်။
ခဏကြာမှ…

“ဒီရက်ပိုင်း ညည်းယောကျာ်းကို အသွားအလာ
ဂရုစိုက်ခိုင်းအေ့….အိမ်မက်ဆိုတာများကလည်းမှန်တတ်တယ်…ဒါမို့ သတိဝီရိနဲ့နေခိုင်းဦး…..”

“ဟုတ်ဘွား…ဒါဆို ကျုပ်သူ့ကို​ပြောထားပါ့မယ်…
ဘုရား…ဘုရား…ကျုပ်ယောကျာ်းဘေးကင်းပါစေတော်….”

သိန်းနုတစ်​ယောက်သူ၏ယောကျာ်းကံပေါ်အတွက်စိတ်ပူနေလေသည်။
ထိုအချိန်၌ နန်း​ကြိုင်တစ်ယောက် အိမ်လည်ပြန်ရောက်လာလေသည်။
သူ၏မျက်နှာထက်ရှိသနပ်ခါးသည် မျက်ရည်ကြောင်းများနှင့်
စိုစွတ်လျှက်ရှိ၏။

“ဟဲ့…သမီး ဘာဖြစ်လာတာလဲ”

ဒေါ်ဝင်းသမီးဖြစ်သူအတွက်စိုးရိမ်တကြီးမေးလေသည်။
နန်းကြိုင်မှာတော့ မိခင်ဖြစ်သူဒေါ်ဝင်းကိုပွေ့ဖက်ကာငိုနေရှာသည်။

“မြေးလေး…ဘာဖြစ်လာတယ်ဆိုတာ…
ဘွားတို့က်ိုပြောဦးလေကွယ်…”

“အမေမေးနေတယ်လေ…ဘယ်သူကငါ့သမီးကိုရန်လုပ်လိုက်လို့လဲပြောစမ်း…ပြောစမ်း…အမေ့ကို”

ဒေါ်ဝင်းထဘီတိုတိုပြင်ဝတ်ပြီး ဒေါသတကြီးပြောလေတော့သည်။

“ဟဲ့…မိဝင်း ကလေးကိုအသာမေးစမ်း…
လူကြီးဖြစ်ပြီးဘာလို့ ရှေ့ဆောင်လမ်းပြကောင်းနေတာလဲ”

“အမေမသိပါဘူး..ကျုပ်သမီးထိရင်
ကျုပ်ကခံနိုင်တာမဟုတ်ဘူးတော့်”

နန်းကြိုင်ကလည်းငိုနေစဲ…။
ဒေါ်ဝင်းတစ်ယောက် မည်သူ့ကိုဒေါသထွက်လို့ထွက်ရမည်မသိဖြစ်နေရှာသည်။

“အစ်မ…အစ်မဝင်း……….”

“အေး…ဘာလဲ မိဗျိုင်းပြော……..”

မိဗျိုင်းဆိုသည့်အမျိုးသမီးတစ်ဦးဘွားမယ်စိန်တို့အိမ်ဝိုင်းအတွင်းခပ်သုတ်သုတ်ဝင်လာခဲ့သည်။

“ကျုပ်…ကျုပ်သမီးပေါက်စနဲ့…ကလေးချင်းရန်ဖြစ်လာတာ”

“ဘာ…ညည်းသမီးပေါက်စနဲ့ဟုတ်လား…
ဘယ်မှာလဲအဲ့ကလေးမ.. ငါ့သမီးက
အခုထိဆယ်နှစ်ပြည့်သေးတာမဟုတ်ဘူး။ညည်းသမီးကသူ့ထက်ကြီးပြီးဘာလို့အနိုင်ကျင့်ရတာတုန်း”

“ကလေး…….ကလေး ချင်းဆိုတော့….အစ်မရယ်……”

မိဗျိုင်းဆိုသည့်မိန်းမကြီးမှာဒေါ်ဝင်းကိုပြာပြာသလဲ
ရှင်းပြနေရသည်။
ဒေါ်ဝင်းနှင့်မိဗျိုင်းတို့တစ်ယောက်တစ်ခွန်းပြောလိုက်ဖြေလိုက်လုပ်နေစဥ်…

“နန်းကြိုင်…အစောက ငါတွန်းလိုက်တာလွန်သွားတယ်…
ငါ့ကိုစိတ်မဆိုးပါနဲ့နော်……..”

“ရပါတယ်ဟာ..သူငယ်ချင်းတွေပဲ…ငါမနာပါဘူး”

နန်းကြိုင်နဲ့ပေါက်စတို့သူငယ်ချင်းနှစ်ယောက်ပြန်အဆင်ပြေသွားကြလေပြီ။
တစ်ဖက်လူကြီးများ၌…

“နောက်…ညည်းသမီးငါ့သမီးကိုထိကြည့် မိဝင်းတို့က
ညှာတာမှာမဟုတ်ဘူးနော်…..”

ဒေါ်ဝင်းမှာဒေါသထွက်လို့မပြီးသေးပေ။
ထိုအခါဘွားမယ်စိန်မှ…

“ဟဲ့…မိဝင်း…ညည်းသမီးဘယ်မှာတုန်း……”

“အယ်…ကျုပ်သမီးကော…ဘယ်ရောက်သွားတာလဲ….။
သမီးရေ….ဟဲ့သမီးလေး……..”

“အရီးသမီးပေါက်စမနဲ့ပြန်တည့်လို့
သွားတောင်ဆော့နေပြီ…။
အရီးမှာသာ မဗျိုင်းကိုရန်လုပ်လို့မပြီး​တော့တာ…….”

“ဟမ်……..”

သိန်းနုကဝင်ဖြေလေမှ ဒေါ်ဝင်းတစ်ယောက်နားလည်သွား
လေသည်။

“ကဲ…ကဲ…မိဗျိုင်း…ဘွားတို့ကဘာမှမဖြစ်ဘူး…။
ကလေးချင်းဖြစ်တာပဲအေ…နားလည်ပါတယ်…
ဘွားသမီးကသူ့သမီးထိရင်မကြိုက်လို့ပြောတာပါအေ…
စိတ်ထဲရှိလို့ပြောတာမဟုတ်ဘူးနော့………..”

“ဟုတ်ကဲ့ဘွား…ကျုပ်နားလည်ပါတယ်…
ဒါဆိုပြန်လိုက်ဦးမယ်နော်”

“အေး…အေး…….”

ထိုသို့ဖြင့် သိန်းနုနှင့်မိဗျိုင်းတို့ပြန်သွားကြတော့လေသည်။
ဒေါ်ဝင်းခမျာလည်းသမီးဖြစ်သူနန်းကြိုင်အတွက်သက်ပြင်းလေးချကာ မီးဖိုထဲသို့ပြန်ဝင်သွားတော့၏။

*************************
နှစ်ရက်မျှကြာလေသော်…….

“ကိုကံပေါ်ကြီးဆုံးပြီတဲ့……..”

“ဟေ…ဘာဖြစ်တာလဲ”

“အသတ်ခံရတာတဲ့…ရွာပြင်ကလယ်တောစပ်မှာ ဓားကြီးတန်းလန်းနဲ့ဆိုပဲ……”

“ဒါဆိုအလောင်းအဲ့သည်မှာရှိဦးမှာပေါ့…။
သွားကြည့်ကြရအောင်……..”

သောင်ထွန်းရွာ၌ ကံပေါ်အသတ်ခံရသည့်သတင်းပျံ့နှံ့နေ၏။
အလောင်းရှိရာ၌ ကံပေါ်၏ဇနီးသိန်းနုနှင့်သားဖြစ်သူတို့ ငိုကြီးချက်မဖြင့်အော်ဟစ်နေကြလေသည်။

“ကိုကံပေါ်ရဲ့…တော့်ကိုပြောပါတယ်…မသွားပါနဲ့…
မလိုက်ပါနဲ့…ကျုပ်စိတ်မချလို့ပါပြောတာကိုပြောမရဘူး…
ခုတော့ ကျုပ်ထင်တာဖြစ်ပြီတော်ရဲ့……
အီး….ဟီးးးး….ဟီးးးးးးးးးးးးးးး”

သိန်းနုတို့သားအမိကိုအားလုံးကသနားနေကြသည်။
ကံပေါ်အတွက်လည်းစိတ်မကောင်းကြပေ။
သူကြီးဦးနောင်ချိုတို့ရွာသူကြီးလူစုမှာလည်း
လူသတ်သမားအား တွန်းကာရှာဖွေကြလေသည်။

“ကျုပ်ယောကျာ်း သူ့သူငယ်ချင်း… ဘကျော်ရယ်ဖိုးပေရယ်နဲ့
တစ်ဖက်ရွာဖဲရိုက်မယ်ဆိုပြီးသွားကြတာ…
အပြန်ကျဘကျော်နဲ့ဖိုးပေက ဖဲဝိုင်းမှာကျန်ခဲ့ပြီး
သူတစ်ယောက်ထဲပြန်သွားတယ်လို့ ဘကျော်တို့ကကျုပ်ကိုပြောတယ်သူကြီးရဲ့………”

ဟု…သိန်းနုက သူသိသမျှကိုပြောလေရာ
ဘကျော်နှင့်ဖိုးပေတို့ကိုလည်းသူကြီးကစစ်မေးလေသည်။
သူတို့​ပြောသည်မှာလည်း ထိုပုံစံတူဖြစ်တာကြောင့်
လူသတ်သမားအတွက်အဖြေရှာမရကြသေး။

“ကျုပ်တို့ကဖဲရှုံးတော့မပြန်နိုင်သေးဘူးဖြစ်နေတာ…
ဒီကောင်ကြီးက သူ့အိမ်ကျန်ခဲ့တဲ့မိန်းမနဲ့သားကို
စိတ်မချဖြစ်လို့ဆိုပြီး ပြန်သွားတာပဲသူကြီးရာ…
ခုမနက်ကျုပ်တို့ဖဲဝိုင်းကပြန်မှ
သူ့သတင်းသိရတော့တာပဲ……..”

ဘကျော်သည်သူငယ်ချင်းဖြစ်သူအတွက်
စိတ်မကောင်းဖြစ်နေရှာ၏။
ဖိုးပေသည်လည်း မျက်ရည်များပင်ကျလို့နေသည်။
သူတို့ပြောသည်များကို သူကြီးလည်းလက်ခံလိုက်ရပြီး
ကံပေါ်၏အသုဘကို ဝိုင်းဝန်းကူညီဆောင်ရွက်စေသည်။
သိန်းနုတစ်ယောက်
ကံပေါ်အသုဘသို့လာသောဘွားမယ်စိန်ကို
ဖက်၍ငိုကျွေးရင်း….

“ဘွားပြောသလို ဒင်းကမဆင်ခြင်ဘူးဘွားရဲ့….
အခုတော့ကျုပ်တို့ကိုထားခဲ့ပြီလေ…အီးးးဟီးးဟီးးးးးး………”

ဟုပြောရှာလေတော့အသုဘ၌လာကူကြသူများလည်း
စိတ်မကောင်းဖြစ်ကြပေ။

ကံပေါ်၏အသုဘသာပြီးဆုံးသွားလေသည်။
ကံပေါ်အားသတ်လေသူတရားခံသည်မည်သူ၊မည်ဝါဆိုတာကို မသိကြရသေးပေ။

တစ်ရက်၌….

“ဘွား…ဗျို့…ဘွား….ကျုပ်ပါ…….”

“ဟဲ့…ဘယ်သူတုန်း…ဝိုင်းထဲဝင်ခဲ့လေ….”

ခြံဝိုင်းပြင်မှခေါ်သံကြောင့် ဘွားမယ်စိန်လှမ်းအော်လိုက်သည်။

“ကျုပ်ဝင်မရဘူးဗျ…ဘွား…ကျုပ်ဘွားကို ပြောပြစရာရှိလို့ပါ”

ဘွားမယ်စိန် ခြံဝိုင်းအပြင်ဘက်သို့ထွက်လာခဲ့တော့သည်။
ထိုသို့ထွက်လာလေရာခြံဝိုင်းအပြင်၌မြင်ရသည်က…

“ဟယ်…မောင်ကံပေါ်………..”

“ဟုတ်တယ်ဘွား….ကျုပ်ကံပေါ်ပါဗျာ……”

“အေး…မောင်ရင့်အသုဘတောင်တနေ့ကပြီးသွားတယ်
မောင်ရင်”

“ကျုပ်သိပါတယ်ဘွား…ကျုပ်မကျေနပ်တာရှိလို့
ကျုပ်ဘွားကို အိမ်မက်ပေးတာပါ”

“အေး…အေး….ပြောလေ…
မောင်ရင့်ကိုဘယ်သူသတ်တာတုန်း”

“ကျုပ်ကို… ဟောသည်ဓားနဲ့မညှာမတာထိုးသတ်တာ…
ဟိုကောင်…ဘကျော်နဲ့ဖိုးပေတို့ဗျ…
ကျုပ်မကျေနပ်ဘူးဒင်းတို့ကို”

“ဟေ…ဘကျော်နဲ့ဖိုးပေ ဟုတ်သလား….။
သူတို့ကမောင်ရင့်သူငယ်ချင်းတွေမဟုတ်ဘူးလား”

“ကျုပ်သူငယ်ချင်းတွေပါဗျာ…ဒီကောင်တွေဖဲဝိုင်းမှာ
ဖဲရှုံးတော့ သူတို့ပါသမျှကုန်တယ်လေ…။
ကျုပ်ကလိုက်သာကြည့်တာ ဖဲမဆော့ဘူး…
ဒါကိုကျုပ်ဆီက ကျုပ်မယားသိန်းနုဆင်ပေးထားတဲ့
လက်စွပ်ကိုအတင်းတောင်းကြတယ်…။
ကျုပ်ကလည်းမပေးနိုင်တာနဲ့ သူတို့ကိုငြင်းပြီးရွာကို
တစ်​ယောက်ထဲပြန်လာခဲ့တာ…
ဒါကိုဒီကောင်တွေမကျေနပ်ပြီး ကျုပ်ကိုလိုက်သတ်ကြတာဗျ…
ကျုပ်မယားသိန်းနုဆင်ပေးထားတဲ့လက်စွပ်လည်း
ဟိုကောင်ဘကျော်ဆီမှာရှိသေးတယ်…
ကျုပ်…ဒင်းတို့ကိုလက်စားချေပြီးမှသာဓုခေါ်မယ်ဗျာ…
ဒါမို့…ဘွား…သိန်းနုကိုကျုပ်ပြောတာတွေပြောပေးပါ”

“အေး…သိန်းနုအတွက်လည်း ရန်ကမသေးဘူး ကံပေါ်ရဲ့…
ကဲပါလေ…​မောင်ရင့်ကိစ္စသာအရင်ရှင်းပါ
ဘွားတို့ဘက်က သိန်းနုတို့သားအမိကိုစောင့်ရှောက်ထားပါ့မယ်”

“ဟုတ်ကဲ့ဘွား….ဒါဖြင့်ရင်ကျုပ်သွားပြီဗျာ…….”

ဘွားမယ်စိန်သည် မိမိအားအိမ်မက်ပေးလာသော
ကံပေါ်အကြောင်းတွေးကာ သက်ပြင်းချမိလေသည်။
ထိုအကြောင်းကိုလည်း သိန်းနု…သူကြီးဦးနောင်ချိုတို့လူစုကိုလည်း တိတ်တဆိတ်ခေါ်ပြောထားလိုက်သည်။

“ကျုပ်လင်…လူပေါင်းမှားတာဘွားရဲ့….
တောက်…သေချင်းဆိုးတွေ ဒင်းတို့သေမှ ကျုပ်လင်ရောက်တဲ့ဘဝမှာစိတ်ချမ်းသာရမှာ…………”

သိန်းနုခမျာလည်း ယောကျာ်းဖြစ်သူအတွက်ခံပြင်းစိတ်များက
ပြင်းထန်၍နေရှာသည်။

“ဘယ်လိုဆက်လုပ်မလဲဘွား…ကျုပ် ဒီကောင်တွေကိုဖမ်းပြီး
မြို့ဂတ်ကိုအပ်ရမလား”

“နေပါဦးမောင်နောင်ချိုရယ်…
သေသူစိတ်ရှိသမျှလုပ်ပါစေဦး…
သူတို့အပြစ်သူတို့ခံရစေမယ်…..”

ဟု…ဘွားမယ်စ်ိန်ကတားလေတော့ သူကြီးဦးဘစီတို့မှာ
ဘကျော်တို့၏လှုပ်ရှားမှုကိုမသိမသာစောင့်ကြည့်
နေရတော့သည်။

“ဘကျော်နဲ့ဖိုးပေတို့ ထန်းတောမှာရန်ဖြစ်ကြတာ…
ဖိုးပေကဘကျော်ကိုဓားနဲ့ပိုင်းပစ်လိုက်တယ်တဲ့…
အယ်…ဒါတင်မကဘူး သူ့ကိုယ်သူပါ ဓားနဲ့ဗိုက်ကိုတဆုံးထိုးချလိုက်ပြန်တယ်တဲ့………”

“ဟယ်…ဒါဆိုသေကုန်ပြီလား……..”

“သေတာမှနှစ်ယောက်လုံးနော်….ဘေးမှာရှိတဲ့လူတွေတောင်
ကြောက်လန့်ကုန်တာတဲ့…အစကအေးအေးဆေးဆေး
ထန်းရည်သောက်နေကြရာက ဖိုးပေက မျက်လုံးပြူးကြီးနဲ့
ဘကျော်ကိုစိုက်ကြည့်ပြီး…”မင်းတို့ဒီနေ့သေရမယ့်နေ့ဟေ့…”
ဆိုပြီးဘေးမှာချထားတဲ့ဓားနဲ့ ဘကျော်ကိုပိုင်းချလိုက်တာတဲ့”

“ကြောက်စရာကြီး…အရက်ကြောင်များကြောင်တာလား”

“မဟုတ်လောက်ဘူး…တို့သူကြီးသူတို့အလောင်းတွေကြည့်နေရင်းပြောတာက…”ကံပေါ်လက်စားလာချေလိုက်တာပဲ” တဲ့”

“ဟေ…ဒါဆိုကံပေါ်ကိုသတ်တာဒီနှစ်ကောင်ပေါ့…
ခွေးမသားတွေကိုယ့်တစ်ရွာထဲသားသူငယ်ချင်းကိုသတ်ရတယ်လေ.. သေပါစေ…ဒင်းတို့ကိုကံပေါ်
ပြန်လာသတ်တာအေးတာပဲ”

သောင်ထွန်းရွာထဲရှိသတင်းမှာလည်းပျံ့နှံ့ကုန်လေသည်။
ထိုသတင်းအတိုင်းပင် ကံပေါ်တစ်ယောက် ဖိုးပေကိုပူးကပ်၍
လက်စားချေလိုက်ခြင်းပင်။

“ဘကျော်ဆီကရခဲ့တဲ့လက်စွပ်…ရော့…သိန်းနု”

သူကြီးက သိန်းနုအား လက်စွပ်လေးပေးလေတော့
သိန်းနုသည်….

“ကိုကံပေါ်…တော်လက်စားချေလို့ပြီးရင်
ဟောသည်လက်စွပ်ကိုရောင်းပြီး…ကျုပ်အလှူအတန်းလုပ်ပေးမယ်…တော်သာဓုခေါ်နော်………”

ဟုပြောလိုက်တော့သည်။
ဘွားမယ်စိန်ကလည်း…

“သူလည်း သူလုပ်ချင်တာကိုလုပ်ပြီးပြီဆိုတော့…
သာဓုခေါ်မှာပါအေ……”

“ဟုတ်ကဲ့ဘွား…….”

ထိုသို့ဖြင့် ကံပေါ်အတွက်အလှုအတန်းလုပ်သောအခါ၌
တစ်ရွာလုံးကဝိုင်းဝန်းကူညီပေးကြယုံမက
သိန်းနုတို့သားအမိအတွက်လည်း
အလှူငွေများပါဝင်ထည့်ဝင်ပေးကြလေသည်။

မသူတော်တို့သည်လည်း သူတို့လားရာလမ်းသို့
သွားခဲ့ရ၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)