အိမ်အကူမထွေး

စေတနာရှိသော်ငြား ယောကျာ်းဖြစ်သူကိုနှာခေါင်းရှုံ့ကြသည်။

မုဆိုးမအဖြစ်ရောက်လာသောမထွေးမှာအရပ်တကာလှည့်အဝတ်လျှော်သော်လည်း အဆင်ပြေတလှည့် မပြေတလှည့်။ ငွေအနည်းငယ်ရလာသည့်ရက်ဆိုလျှင် သားတွေက ” အမေ…အမေ ” နှင့်ပါးစပ်ဖျားကမချသော်လည်း ငွေမကပ်ချိန်ဆိုလျှင် မထွေးကိုရှိသည်ဟုပင်မထင်ချေ။ ထို့ကြောင့် ခဝါသည်လုပ်ရင်း သားနှစ်ယောက်ကြောင့် အိမ်မှာမပျော်ပိုက်တော့သောမထွေးကို ကျွန်မအိမ်၌ခေါ်ထားခဲ့ခြင်းဖြစ်သည်။
ဤသည်ကိုပင် မထွေးမှာ လစာရသည့်ရက်များဆိုလျှင် သူ၏သားတွေအတွက် လိုအပ်သည်များဝယ်
ခြမ်းသွားတတ်ပြန်၏။ တစ်ညတန်သည် နှစ်ညတန်
သည် အိမ်ပြန်သွားတတ်သည်။

ထိုရက်များဆို ကျွန်မလက်ကျိုးသောနေ့ပင်။ အပြင်ထွက်အလုပ်လုပ်နေရသောကျွန်မမှာ သမီးနှစ်ယောက်ဝေယျာဝစ္စကို မလှစ်ဟင်းစေရန်ဂရုပြုရသဖြင့် ယားလို့ကုတ်ချိန်ပင်မရှိလှချေ။ သမီးတွေကငယ်ရွယ်သေးသဖြင့်လည်း ဗျာပါများလှ၏။ မထွေးပြန်လာချိန်ဆိုလျှင် နောက်ပိုင်းအ်ိမ်ကိစ္စလှည့်ကြည့်စရာမလိုသဖြင့် စိတ်ဖြောင့်ဖြောင့်အလုပ်လုပ်နိုင်
ခဲ့သည်။ ကျွန်မမှာမထွေးအကြောင်းတစ်ချက်တွေးရင်း ကော်ဖီကိုအမြန်မော့သောက်ကာ သမီးတွေကျောင်းအမှီပို့ရန်ထွက်လာခဲ့တော့သည်။ မထွေးမှာတော့ မီးဖိုပေါ်တင်ထားသော ကြက်သားဟင်းအိုးကို
မွေကာ ကျန်ရစ်ခဲ့ချေပြီ။

တစ်ရက်တွင် မထွေးကကျွန်မကိုခွင့်တောင်းသည်။ သူမ၏ယောင်းမများက ရွာတွင်အလှူလုပ်ရင်း ဆုံး
ပါးသွားသည့်မထွေးယောကျာ်းအတွက်ပါ ရေစက်ချတရားနာပေးမည်ဖြစ်၍ ယောကျာ်းဖြစ်သူဇာတိ
ဖြစ်သော ရွှေပင်ဆင့်ရွာသို့သွားရမည်ဖြစ်ကြောင်းပြောလာသည်။မထွေးစကားကြောင့်ကျွန်မမှာအား
အင်ကုန်ခမ်းသွားသလိုဖြစ်ပေါ်မိ၏။ မထွေးမရှိလျှင်ကျွန်မပင်ပန်းရပေမည်။ သို့သော်လည်း ကျွန်မ
ကိုယ့်ကိုယ်သတိပြန်ပေးမိသည်။ ကျွန်မလုပ်ရမည့်အလုပ်ကို ကျွန်မအလျှင်မှီအောင်ကြိုးစားလုပ်မည်။ ဤသည်ကကျွန်မတာဝန်ပင်မဟုတ်လား။

မထွေးရွာပြန်သွားပြီး ကျွန်မတစ်ယောက်တည်း အိမ်အလုပ် ကုမ္ပဏီအလုပ်များနှင့် ချာလပတ်ရမ်းနေခဲ့ရပြီ။ ခင်ပွန်းသည်ကလည်း ကုမ္ပဏီအလုပ်ဖြင့် ခရီးထွက်သွားရသဖြင့် ပို၍ကသီခဲ့ရလေသည်။ သမီးတွေကိုမနက်စာအပြင်ဆိုင်မှာကျွေးပြီးကျောင်းပို့၊ အလုပ်သွား။ နေ့လည်ရုံးမှအနည်းငယ်စောစောတောင်းပြန်ကာ ကလေးထမင်းပို့ရန် ဆိုင်တွင်ချိုင့်ဆွဲ။ နေ့လည်စာကိုတော့ကြုံသည့်ဆိုင်မှာဝင်စားပြီးရုံးပြန်တက်။ ညနေတွင်တော့ သမီးနှစ်ယောက်ကို ကျွန်မအမေကသွားကြိုပေးထားသဖြင့်သာတော်သေး၏။ ရုံးဆင်းလျှင် စူပါမားကတ်တစ်ခုခုတွင်လိုအပ်သည်များဝယ်ခြမ်းပြီး အမေတို့အိမ်တွင် သမီးတွေကိုဝင်ခေါ်ကာအိမ်ပြန်ရသည်။

အိမ်ရောက်သည်နှင့် မနားရသေးချေ။ တစ်နေကုန်အပြင်စာစားရသဖြင့် ညစာလေးတော့ဖွယ်ဖွယ်
ရာရာချက်ကျွေးချင်သည်။ ချက်ပြုတ်ဆေးကြောပြီး ညစာစား။ သမီးလေးတွေစာကျက်သည်ကိုဘေးမှထိုင်စောင့်ရင်း အဝတ်အစားများမီးပူထိုင်တိုက်ကာ ငိုက်ရသည်။ မထွေးရှိလျှင် ကျွန်မအတွက်အလွန်သက်သာလှသဖြင့်မထွေးမြန်မြန်ပြန်လာပါစေဟု စိတ်ထဲတောင့်တမိသည်ကအခါခါပင်။အနေကြာ၍
လည်း သံယောဇဉ်ကတွယ်တာနေခဲ့ပြီ။ ဆွေမတော်၊
မျိုးမတော်သော်ငြား ကျွန်မအိမ်တွင် မထွေးသည် မိသားစုကဲ့သို့နေနိုင်သည်။

ကျွန်မတို့စားသလိုသာကျွေးသည်။ အိမ်အကူဆိုပြီး ခွဲခြားထားခြင်းမရှိချေ။ ထို့ကြောင့်လည်း မထွေးက ကျွန်မထံနေရသည်ကိုပျော်သည်စိတ်ချမ်းသာသည်ဟု မကြာခဏဆိုသလိုပြောတတ်သည်။ မီးပူတိုက်
ကာ ငိုက်နေရင်း ကျွန်မအမြင်အာရုံထဲတွင် မထွေးကိုဝိုးတဝါးမြင်ယောင်လာခဲ့၏။ အမှန်တကယ်အပြင်တွင် မြင်တွေ့နေရသကဲ့သို့မြင်လိုက်မိသဖြင့် မထွေးများပြန်လာလေသည်လားဟု ဝမ်းသာသွားမိသေး
သည်။ ပြီးမှ ” သြော်…ငါစိတ်စွဲပြီးမျက်စိရှာနေတာပဲ ” ဟု ကိုယ့်ကိုယ်ပြန်သိလိုက်သည်အထိ မထွေးကိုမျှော်နေမိခဲ့လေသည်။

မထွေးရွာပြန်သွားသည်က ဒီနေ့နှင့်ဆို ၆ ရက်ရှိပြီ။ ထိုရက်များအတွင်း ကျွန်မမှာ နေ့တိုင်းလိုလို မထွေးကိုသာမျှော်နေမိသည်တော့အမှန်ပင်။ ကျွန်မဆွေ
မျိုးသားချင်းများက အားမကိုးရပေ။ ရလျှင်သာ
ယူမည့်သူချည်း။ ကျွန်မလိုလျှင် အကူအညီမပေးချင်ကြချေ။ အိမ်လေးတစ်ညလောက်လာစောင့်ခိုင်းလျှင် ပေးရကမ်းရသည်ထက်” ငါတို့ကူညီပေးရတာ ” ဟူသောစကားမျိုးထပ်ခါတလဲလဲအသုံးပြုကြသည်။ ထို့ကြောင့်လည်း ကျွန်မနိုင်သလောက်သာလုပ်ပြီး အကူအညီမတောင်းချင်ခဲ့။ မထွေးရှိတော့ ၎င်းတို့၏
အကူအညီလည်း ကျွန်မမလိုအပ်ခဲ့ပေ။ ကျွန်မမှာ အတွေးများဟိုတစ်စ ဒီတစ်စဖြင့်မီးပူတိုက်ပြီးသား
အဝတ်အထည်များကို ခြင်းထဲသို့စီထည့်နေမိသည်။ သမီး နှစ်ယောက်က စာကျက်နေရင်း ကျွန်မကိုလှမ်းလှမ်းကြည့်နေသည်ကို သတိထားမိလိုက်၏။ သွားရည်စာမုန့်တစ်ခုခုစားချင်နေသည်ကိုကျွန်မ
သိသည်။ ကျွန်မအလုပ်ပင်ပန်းနေသည်ကိုလည်းသိသဖြင့်သမီးနှစ်ယောက်မှာမတောင်းရဲကြချေ။ မထွေးသာရှိလျှင် သမီးလေးတွေစာကျက်ရင်းစားဖို့ သွားရည်စာတစ်ခုခုတော့ လုပ်ပေးနေလောက်
ချေပြီ။

” ဂလုန်း ”

ရုတ်တရက်မီးဖိုခန်းထဲမှ တစုံတခုကျသံကို ကြားမိလိုက်သည်။ ကျွန်မ၏အိမ်တွင် ကြွက်မရှိသလို မည်သည့်အိမ်မွေးတိရိစ္ဆာန်မှမရှိပေ။ ကျွန်မလည်း သား
အမိသုံးယောက်တည်းရှိ၍ စိတ်ချရအောင် မီးဖိုခန်းဆီလျှောက်ကြည့်လိုက်၏။ မီးဖိုခန်းသည်တိတ်ဆိတ်နေပြီး ငြိမ်သက်နေသည်။ ကျွန်မမှောက်တင်ထားသည့်ပန်းကန်စင်ပေါ်မှ ပန်းကန်ကျသံသာဖြစ်မည်ဟုတွေးရင်း ပြန်လှည့်ရန်အထွက် ကြောင်အိမ်တံခါးက
ပွင့်လာလေတော့သည်။ ကျွန်မလည်း အံ့သြစွာကြောင်အိမ်ကိုငေးကြည့်နေမိသည်။ အဘယ်ကြောင့်သူ့အလိုလိုပွင့်လာသည်ကိုစဉ်းစားမရချေ။

ကြောင်အိမ်သေချာမပိတ်မိသည်သာဖြစ်မည်ဟုပြန်တွေးရင်း တံခါးပိတ်ရန်လျှောက်လာခဲ့တော့သည်။ ကြောင်အိမ်ထဲသို့ကြည့်လိုက်သည့်အခါ သွားရည်စာပြုလုပ်ရန် ပစ္စည်းများစုံစုံလင်လင်ကိုတွေ့လိုက်ရသည်။ သမီးနှစ်ယောက်ကိုသတိရသွားပြီးကြောင်
အိမ်ထဲမှခေါက်ဆွဲတစ်စီးကို ထုတ်ယူလိုက်သည်။ ရေနွေးဆူဆူတင်ပြီး ခေါက်ဆွဲထည့်ပြုတ်ကာ ငံပြာ
ရည် ဆီကျက်များထည့်လိုက်သည်။ ရေခဲသေတ္တာထဲမှ နံနံပင်နှင့် သံပရာသီးလေးနဲနဲစီထည့်ကာ ဆီကျက်
ခေါက်ဆွဲလေးပြင်ဆင်ပေးပြီး ယူလာခဲ့လိုက်၏။

သမီးတွေကတော့သူတို့စားနေကြအချိန်ဖြစ်၍ ဆာနေပုံရသည်။ကျွန်မပြင်ဆင်ပေးသောခေါက်ဆွဲကို နှစ်ယောက်သားစားနေရင်း

” အန်တီထွေး ကိုမလုပ်ခိုင်းဘူးလားမေမေ… “

” အန်တီထွေးမှမပြန်လာသေးတာ… မေမေလုပ်ထားတာစားလို့ကောင်းလား “

” ပြန်လာပြီလေ… ခုနကပဲအခန်းထဲဝင်သွားတယ် ”

သမီးအငယ်၏စကားကြောင့် ကျွန်မနှုတ်ဆိတ်သွားမိသည်။ ဇဝေဇဝါဖြင့် အိမ်တံခါးဖက်သို့လှမ်းကြည့်လိုက်သည့်အခါ အိမ်တံခါးကအထဲမှ ဂျက်ချထားမြဲ။ အပြင်ဖက်မှသော့ဖြင့်ဖွင့်ဝင်သော်ငြား အိမ်ထဲမှ
တံခါးဂျက်ကိုမဖွင့်လျှင် မည်သို့မျှအိမ်ထဲဝင်မရနိုင်ပေ။

” မီးမီး… မဟုတ်တာတွေလျှောက်စနေ… စားစရာရှိတာစား ပြီးရင်အိမ်စာလုပ်တော့ “

” ဟုတ်တယ်…အန်တီထွေးပြန်လာတာ… သမီးတို့ကိုတောင်ရယ်ပြသွားသေးတယ်… ဘာမှလည်းမပြောဘူး “

ယခုအခါ အသက် ( ၁၁ )နှစ်အရွယ်သမီးကြီးကဝင်ရောက်ထောက်ခံသည့်အခါ ကျွန်မ မနေနိုင်တော့ချေ။ မထွေးအခန်းဖက်သို့သွားကြည့်မိလိုက်တော့
သည်။မထွေးအခန်းကသူမရွာပြန်သွားစဉ်ကအတိုင်း
စေ့ရုံစေ့ထား၏။ အခန်းတံခါးကိုဆွဲဖွင့်လိုက်စဉ် ကြွက်သေပုပ်နံ့လိုလိုပုပ်အဲအဲအနံ့အသက်တစ်ခုကို
ရူရှိုက်မိလိုက်တော့သည်။အခန်းမီးခလုတ်အား လှမ်း
ဖွင့်ရင်း မျက်လုံးဝေ့ကြည့်လိုက်သည့်အခါ မည်သည့်
အရာမျှမရှိ။ မထွေးလည်းပြန်မလာပေ။ သမီးနှစ်ယောက်မှာ သတိရနေသဖြင့် ထင်ယောင်ထင်မှားမြင်မိဟန်တူ၏။

” ကဲ… သမီးတို့အန်တီထွေးပြန်မလာသေးဘူး…မြင်လား…ဘယ်သူမှမရှိဘူး… ”

ကျွန်မစကားကြောင့် သမီးနှစ်ယောက်မှာ စားနေရင်းအခန်းထဲသို့ပြေးလာကာ ပတ်ရှာကြည့်နေသည်။

” ခုနကတကယ်တွေ့တာ မေမေ… အန်တီထွေးပြန်လာတာလေ “

” မီးမီး မစပါဘူး… အန်တီထွေးပုန်းနေတာလားမသိဘူး “

သမီးနှစ်ယောက်ကတော့ တပ်အပ်သေချာမြင်သည့်အလားပြောပြနေကြသည်။ ကျွန်မလည်း ဘာမှရှင်းပြမနေတော့ဘဲ အခန်းတံခါးကို ပြန်စေ့ထာလိုက်၏။
အခန်းမီးတော့မပိတ်ခဲ့ချေ။ သမီးတွေစာကျက်နေ
သည့်နေရာနှင့် မထွေးအခန်းကမျက်စောင်းထိုးဖြစ်သည်။ကျွန်မလည်း သမီးတွေဖက်မျက်နှာမူရင်း အခန်းကိုကျောပေးကာထိုင်နေ၏။ ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ မထွေးအခန်းမှ မီးခလုတ်ပိတ်လိုက်သံကိုနားဖြင့်ဆတ်ဆတ်ကြားလိုက်မိတော့သည်။ အခန်းဖက်သို့ ကိုယ်တစောင်းလှည့်ကြည့်လိုက်သည့်အခါ မထွေးအခန်းမီးက ပိတ်နေလေသည်။

ကျွန်မမှာ ညကြီးမီးပူတိုက်နေသဖြင့် မီးအားမနိုင်ခြင်းများလားဟုတွေးကာ မီးပူကိုပိတ်လိုက်မိသည်။ ထို့နောက် မီးပူတိုက်သည့်ခုံကိုသိမ်းဆည်းရန်ကုန်းရုန်းထလိုက်စဉ်တွင် မထွေးအခန်းတံခါးကြီးမှာ
သူ့အလိုလိုပွင့်လာလေတော့သည်။ ထိုအခါ ကျွန်မမှာခေါင်းနဘန်းကြီးလာသလိုခံစားရတော့၏။ တစ္ဆေသရဲများလားဟူသောအသိကဝင်လာမိသည်။ တစ္ဆေသရဲဆိုလျှင်လည်း မည်ကဲ့သို့အိမ်ထဲရောက်နေသနည်းကိုမူ စဉ်းစားမရပေ။ သမီးနှစ်ယောက်က
တော့သိဟန်မတူ။ စာကိုမြန်မြန်လက်စသတ်နေ၏။ ကျွန်မလည်း ထိတ်ထိတ်လန့်လန့်ဖြင့် အခန်းတံခါးကိုပြန်ဆွဲအပိတ် ‘ ချောက်ကနဲ ‘ အသံနှင့်အတူအခန်းမီးပြန်လင်းသွားလေတော့သည်။

ထိုအချိန်သည် ရင်တစ်ခုလုံးဗြောင်းဆန်အောင် တုန်
လှုပ်မိသည်ကအမှန်ပင်။ ခြေဖျားလက်ဖျားများပင်အေးစက်လာသည်။ ကြောက်ကြောက်လန့်လန့်နှင့်အခန်းတံခါးကို ပြန်ဆွဲဖွင့်ကာ အခန်းထဲသို့သာ
စိုက်ကြည့်နေမိတော့သည်။ မထွေးအခန်းထဲသို့အာရုံစိုက်နေစဉ်သမီးအငယ်မလေးက

” အန်တီထွေးဟိုမှာလေမေမေ ”

ဟုဆိုကာ မီးဖိုခန်းဖက်သို့ညွှန်ပြလာသည်။ ကျွန်မသည်လည်း အလျှင်အမြန်လှည့်ကြည့်လိုက်သည့်အခါ မထွေး၏နောက်ကျောဖက်ကို လျှပ်တပြက်မြင်တွေ့လိုက်ရတော့သည်။

” မထွေး… မထွေး “

ကျွန်မမှာ အံ့အားသင့်မှုနှင့်အတူ အော်ခေါ်ရင်း မီးဖို
ခန်းသို့ပြေးသွားကြည့်လိုက်၏။ သို့သော် မီးဖိုခန်းတွင် မထွေးရှိမနေချေ။ ယခုအခါတွင်တော့ ကျွန်မမျက်စိဖြင့်သေချာစွာမြင်တွေ့လိုက်ရပြီဖြစ်၍ စိုးရိမ်
စိတ်ကမြင့်တက်လာလေတော့သည်။ ပိုက်ဆံအိတ်ထဲမှ ဖုန်းကိုထုတ်ယူကာ ဖုန်းနံပါတ်ကိုအသဲအသန်ရှာဖွေမိသည်။ မထွေးက မိုဘိုင်းဖုန်းမသုံးတတ်သဖြင့် ဖုန်းမရှိပေ။ မထွေး၏သားဖြစ်သူဖုန်းကိုကျွန်မဆက်လိုက်သည့်အခါ ဖုန်းမကိုင်ကြ။ ကျွန်မမှာ မည်သူ့ကိုဆက်မေးရမှန်းမတွေးတတ်အောင်ပင်ဖြစ်ပေါ်နေရသည်။

သမီးနှစ်ယောက်စာကျက်ပြီး အခန်းထဲသို့လိုက်ပို့ကာ အိပ်ရာပြင်ပေးချိန်တွင် မထွေးအခန်းဆီမှ တံခါး
ပိတ်သံကိုကြားလိုက်ရပြန်လေသည်။ ကျွန်မအလွန်ပင်ထိတ်လန့်နေမိပြီ။ အခန်းထဲသို့ပင်သွားမအိပ်နိုင်
တော့သဖြင့် သမီးနှစ်ယောက်အခန်းမှာပင် ဝင်နေနေမိသည်။လက်ထဲမှဖုန်းမြည်လာသဖြင့် ကြည့်လိုက်သည့်အခါ မထွေး၏သားဖြစ်သူဖုန်းပြန်ခေါ်ဆိုလာသည်အားတွေ့ရ၍ ဝမ်းသာသွားရ၏။

” ဟဲလို… သားရေ… အန်တီလင်းပါ “

” ဟုတ်ကဲ့… အန်တီ… ကျွန်တော်လည်းဖုန်းဆက်ပြောမလို့ပဲ…အခုလမ်းတစ်ဝက်မှာရောက်နေလို့မဆက်ဖြစ်တာ “

” ဟမ်… ဘာဖြစ်လို့လဲ… အမေကော…အမေဘယ်နေ့ပြန်လာမှာတဲ့လဲ ”

” အမေဆုံးပြီတဲ့အန်တီလင်းရယ်… ကျွန်တော်တို့ညနေကပဲ ရွာကိုလိုက်မလို့ထွက်လာကြတာ… “

မထွေး၏သားဖြစ်သူစကားကြောင့် ကျွန်မတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရသည်။

” ဟယ်…ဘယ်…ဘယ်လို…ဖြစ်တာလဲ ”

” မနေ့ညကအလှူပြီးတော့ ဒီမနက် အမျိုးတွေဆီသွားလည်မယ်ဆိုပြီးဟိုက်ဂျက်ကားနဲ့ရွာကထွက်လာကြတာ… ဟိုင်းဝေးလမ်းပေါ်မှာပဲနွားကိုရှောင်လိုက်တာဗျာ… မျက်နှာချင်းဆိုင်ဖက်ကလည်းကားကလာနေ
တော့ ကားကိုထပ်ရှောင်ရင်းနဲ့ ကားမှောက်သွားတာတဲ့အန်တီအမေရောအပါ အားလုံးလေးယောက်အဲ့နေရာမှာတင်ပွဲချင်းပြီးတဲ့ဗျာ… ဟီး…အီး…အီး…. ကျွန်တော်တို့လည်းကြားကြားချင်းအားချင်းထွက်လာတာအန်တီလင်း… ခုမှလမ်းပေါ်မှာပဲရှိသေးတယ်…အဟင့်…ဟီး…အမေ့အလောင်းမတွေ့ရသေးဘူးဗျ… အီး…ဟီး…”

” ဘုရား…ဘုရား…”

မထွေးသားမှာလည်း မိခင်ကြောင့်ပူပန်ကာ ရှိုက်
ကြီးတငင်ငိုကြွေးနေရှာပြီ။ စကားလုံးများပင်မသဲကွဲတော့။ ကျွန်မလည်းဆက်မမေးတော့ဘဲ ရောက်လျှင်ဖုန်းပြန်ဆက်ရန်သာ မှာပြီးဖုန်းချလိုက်ရသည်။ထိုသို့
ဆိုလျှင် မထွေး၏ဝိဥာဉ်သည် ကျွန်မ၏အိမ်ထဲသို့ရောက်နေသည်မှာသေချာသလောက်ရှိနေချေပြီ။ ကျွန်မသည်လည်း မထွေးအတွက်ရည်စူးကုသိုလ်ပြုလုပ်ပေးရမည်။ ကြားရသည့်သတင်းကြောင့် မျက်ရည်ဝဲတက်လာမိ၏။

ခင်တွယ်ရသည့်သံယောဇဉ်ကြောင့် ရင်ထဲပူလောင်နေမိသည်။မထွေးမှာ ကျွန်မအပေါ်သံယောဇဉ်ရှိရှာသည်ထင်သည်။ အိမ်သို့ရောက်လာကာ လာနှုတ်ဆက်သည်ဆိုရမည်လား။ ကျွန်မ ကိုလာကူညီချင်စိတ်ကပိုခဲ့သည်လားမပြောတတ်ပေ။ သေချာသည်ကတော့ မနက်ဖြန်မထွေးအတွက်ရည်စူးကာ အလှူပြုလုပ်ပေးရမည်။သူမ ကောင်းရာမွန်ရာဘဝသို့ ရောက်ရှိသွားပါစေဟု အကြိမ်ကြိမ်ဆုတောင်းမိနေ၏။ ကျွန်မ အခန်းထဲမှထွက်ကာ မထွေးအခန်းဖက်သို့ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

” မထွေးရေ… သမီးလေးတွေနဲ့ ကျွန်မကိုမခြောက်ပါနဲ့နော်…မနက်ကြရင် အလှူရေစက်ချပေးပါ့မယ်… အမျှလာယူလှည့်ပါမထွေးရေ… ”

ထိုသို့ပြောပြီး အခန်းထဲပြန်ဝင်ခဲ့၏။ ကျွန်မရင်ထဲနေလို့မကောင်းချေ။ငိုချင်သလိုလိုဖြစ်နေသော်လည်း မျက်ရည်ဝဲရုံသာ။ မျက်ရည်ကမကျ။ရင်ထဲဆို့နစ်နေရသည်။ သမီးလေးတွေဘေးငုတ်တုတ်ထိုင်ရင်း မထွေးအသံကိုနားစွင့်မိနေသည်။ မည်သည့်အသံမှထပ်မကြားသော်လည်းမထွေးရှိနေသည်ဟု ကျွန်မ စိတ်ထဲခံစားမိနေပါတော့သည်။

နောင်ဘဝများရှိခဲ့လျှင် ယခုလိုအဖြစ်ဆိုးမျိုးမှကင်းဝေးပါစေကြောင်းအထပ်ထပ်အခါခါဆုတောင်းပေးနေရုံမှအပ။

သော်တာလမင်းစန္ဒာ