သရဲမွေးချင်သူရဲ့အဆုံးသတ်

အမြစ်ခေါင်းမှာ ဘီလူးမျက်နှာ ပေါ်လာပါတယ်။ ဒီလို ဖြစ်လာရင်တော့ အဲဒီစပါးလင်အပင်မှာ အမဲသားငါး ကျွေးပေးရပါတယ်။

ခြံပိုင်ရှင်က မှန်မှန်ကျွေးထားရင်တော့ သူ့ရဲ့ ခြံထဲကို ဘယ်သူမှ မကပ်ရဲအောင် ခြောက်လှန့်တတ်ပါတယ်။ ခြံထဲဝင်လာလို့မရအောင်လည်း ခြောက်လှန့်လွှတ်တတ်ပါတယ်။ ဒါပေမဲ့ အစာကျွေးဖို့ မေ့နေတာဖြစ်ဖြစ် မကျွေးမိတာပဲ ဖြစ်ဖြစ် အဲ့အခါကျရင်တော့ ခြံပိုင်ရှင်ကို အသက်သေတဲ့အထိ ရန်ရှာတတ်ပါတယ်။

ဦးသာလှကတော့ ဒီလိုမွေးဖို့ မစဥ္းစားပါဘူး။ သူက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရမှာ ဆိုတော့ အမြန်လမ်းကိုပဲ လိုက်ရမှာပါ။ ဒါကတော့ မကျွတ်မလွတ်တဲ့ ပရလောကသား တစ်ကောင်ကို ချုပ်ထားပြီး မွေးမဲ့ အကြံအစည်ပါ။ သို့ပေမဲ့ ဒီလိုမွေးဖို့ရာကတော့ လွယ်ကူလှတယ်တော့ မဟုတ်ပါဘူး။ လောလောလတ်လတ် သေဆုံးထားတဲ့ ဝိညာဥ္ကိုပဲ မွေးရတာကောင်းပါတယ်။

သရဲဘဝမှာ အချိန်အတော်ကြာအောင် ရှိနေတဲ့ ပရလောကသားကို မွေးထားမိရင်တော့ မလွယ်လှပါဘူး။ အဲ့ဒီလို ပရလောကသားမှာက အစွမ်းသတ္တိတွေက အနည်းအများဆိုသလို ရှိနေပါပြီ။ ဒီတော့ တော်ရုံတန်ရုံ အမိန့်မျိုးကိုလည်း မနာခံတတ်သလို မွေးတဲ့သူကိုလည်း ပြန်လည် ရန်ရှာတတ်တာကြောင့် မွေးထားဖို့က အတော့်ကို ခက်ပါတယ်။

ဒီတော့ ဦးသာလှ တွေးမိလိုက်တာက လောလော လတ်လတ် သေဆုံးသူရဲ့ ဝိညာဥ္ကို ခေါ်ယူပြီး မွေးထားဖို့ပါပဲ။ ထိုသရဲမျိုးကတော့ ယခုမှ သရဲစဖြစ်တာမို့ စေခိုင်းသမျှကို တစ်သဝေမတိမ်း လုပ်ကိုင်ပေးတတ်ပါတယ်။

သရဲဆိုသော်လည်း သရဲဘဝကို လုံးလုံးလျားလျား မရောက်ရှိသေးပဲ ဝိညာဉ်လောကသားမျိုးပဲ ရှိနေပါသေးတယ်။ ဒါ့ကြောင့် သူလည်း သူ့ရဲ့အကြံစည်အတိုင်း လုပ်ဖို့ကိုသာ တွေးတောနေခဲ့ပါတယ်။

*****

ဒီလိုနဲ့ နေလာခဲ့ရင်း တစ်ပတ်လောက် အကြာမှာတော့ ဦးသာလှလည်း သတင်းတစ်ခုကို ကြားခဲ့ရပါတယ်။ ဒီသတင်းကတော့ သူတို့ရွာရဲ့ တစ်ရွာအကျော်မှာ ဖဲဝိုင်းလုပ်ကြရင်း လူသတ်မှုဖြစ်ပြီး လူတစ်ယောက် သေဆုံးခဲ့ရပါတယ်။ သေသူကတော့ ဖိုးတာလို့ ခေါ်တွင်တဲ့ လူတစ်ယောက်ပါ။ ဖိုးတာက အသက် ၃၀ ကျော်အရွယ်ရှိပြီး အရင်ထဲက ဆိုးတေမိုက်နေတ​ဲ့ သူပေါ့။ ဖဲဝိုင်းမှာ ဖဲခိုးရိုက်ရင်း လူမိခဲ့တာကြောင့် တစ်ဖက်က မကျေနပ်ကြပဲ ရန်ဖြစ်ကြရင်းနဲ့ ဓားထိုးခံခဲ့ရတာပါ။

ဒီတော့ ဆောင်ရွက်စရာရှိတာ ဆောင်ရွက်လိုက်ကြပြီး ဖိုးတာရဲ့ အလောင်းကို ရွာရဲ့ ဓလေ့အတိုင်း မြုပ်နှံလိုက်ကြပါတယ်။ ဒီသတင်းကြောင့် ဦးသာလှလည်း ဝမ်းသာအားရ ဖြစ်သွားမိပါတယ်။ အကြောင်းကတော့ ဒီလိုမျိုးလူရဲ့ ဝိညာဥ္ကို ခေါ်ခိုင်းမယ်ဆိုရင် သူ့အတွက် တော်တော်လေး အဆင်ပြေလှပါတယ်။ ဒါ့ကြောင့် သူလည်း ဒီလိုလူရဲ့ ဝိညာဥ္ကို ခေါ်ဖို့ရာအတွက် ပြင်ဆင်ခဲ့ပါတယ်။

ဖိုးတာရဲ့ ရက်လည်ဆွမ်းသွပ် အပြီးမှာတော့ ဦးသာလှလည်း နေဝင်ရီသရောမှာ အဲဒီ့ရွာရဲ့ ရွာသချင်္ုိင်းကို တစ်ယောက်ထဲ ထွက်ခဲ့ပါတယ်။ သူ့ရဲ့လွယ်အိပ်ထဲမှာတော့ လိုအပ်တဲ့ ပစ္စည်းတွေကို ထည့်လာခဲ့ပါတယ်။

သူရောက်သွားချိန်မှာတော့ အတန်ငယ် မှောင်နေပါပြီ။ ဒါ​့ကြောင့် သချင်္ုိင်းနဲ့ အနီးမှာလည်း ဘယ်သူ့ကိုမှ မတွေ့ရပါဘူး။ ရွာတွေမှာက နေဝင်ပြီဆိုတာနဲ့ မီးမှိတ်ကာ ကိုယ့်အိမ်ထဲသာ ကိုယ်နေကြတော့သည် မဟုတ်လား။

သချင်္ုိင်းထဲမှာတော့ မှောင်မဲနေပြီး စိတ်ခြောက်ခြားစရာ ကောင်းလှပါတယ်။ လူသံဆူသံက တိတ်ဆိတ်နေပြီး လေတိုးသံတွေ၊ ပုစဥ္းရင်ကွဲအော်သံတွေနဲ့ ငှက်အော်သံတွေသာ ကြားနေရပါတယ်။ တစ်ချက်တစ်ချက်မှာလည်း သချင်္ုိင်းအနီးကနေ ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံတွေကြားရတာကလည်း ရင်တုန်စရာ ကောင်းလှပါတယ်။

အသည်းငယ်သူ အဖို့ကတော့ ဒီလိုနေရာကို ဒီလိုအချိန်လာဖို့ ဆိုတာက မဖြစ်နိုင်လှပါဘူး။ တချို့နေရာများမှာတော့ ခွေးများက တူးဆွထားတာကြောင့် အလောင်းကောင်များက တစ်ဝက်တစ်ပျက် ပေါ်ထွက်နေတာကိုလည်း မြင်နေရပါတယ်။ အချို့ဆိုရင် အရိုးစုများကိုလည်း တွေ့နေရပါတယ်။ အလောင်းတွေမှာက အသားစတွေလည်း ကျန်နေသေးတာကြောင့် ပတ်ဝန်းကျင် တစ်ဝိုက်မှာတော့ အပုတ်နံ့များက လှိုင်လှိုင်ထနေပါတယ်။

ဦးသာလှလည်း စိတ်ခြောက်ခြားပေမဲ့ မိမိဇောနဲ့ဆိုတော့လည်း ကြောက်မနေအားပါဘူး။ ပြီးတော့ ဒီလိုကိစ္စတွေနဲ့ သူနဲ့ကလည်း အစိမ်းသက်သက် မဟုတ်တာကြောင့် စိတ်ကို စုစည်းပြီး ဖိုးတာရဲ့ မြေပုံကိုသာ ဓာတ်မီးတစ်လက်နဲ့ ရအောင် ရှာရပါတော့တယ်။

ခဏကြာတဲ့အခါမှာတော့ ဖိုးတာမြေပုံကို တွေ့လိုက်ရပါပြီ။ ဒီသချင်္ုိင်းမှာက အုတ်ဂူတွေ မလုပ်ကြပဲ ဒီအတိုင်းသာ မြေမြှုပ်ကြပြီး သစ်သားပြားပေါ်မှာ မြေဖြူနဲ့ဖြစ်ဖြစ်၊ အိုးမည်းခဲနဲ့ဖြစ်ဖြစ် နာမည်ရေးကာ မှတ်တိုင်သာ စိုက်ထားတတ်ကြပါတယ်။

ဒီတော့ ဦးသာလှက ဖိုးတေရဲ့ မြေပုံဘေးမှာ မီးတိုင်လေးကိုထုတ်လျက် မီးထွန်းလိုက်ပြီး သူရှိနေတဲ့ နေရာတစ်ဝိုက်ကိုလည်း စည်းဝိုင်း ဝိုင်းကာ စည်းတားထားလိုက်လေသည်။ ထို့နောက် ဝိညာဉ်ခေါ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းများကို ထုတ်လိုက်ပါတော့တယ်။

များများစားစားတော့ မဟုတ်။ အရိုးပြာ၊ သွေး၊ စက္ကူရုပ်တစ်ရုပ်၊ အသားစိမ်း၊ အမွှေးတိုင်၊ ကြိမ်လုံး စသဖြင့် ဒီလောက်ပါပဲ။ ဦးသာလှလည်း ဒီပစ္စည်းတွေကို ဖိုးတာရဲ့ မြေပုံပေါ်မှာ ဖြန့်ခင်းလိုက်ပြီး အမွှေးတိုင် ငါးတိုင် ထုတ်ကာ ထွန်းညှိလိုက်ပါတယ်။

ထိုအခိုက်မှာပဲ ပတ်ဝန်းကျင်တစ်ဝိုက်မှာ ခွေးအူသံများက ပေါ်ထွက်လာပါတော့တယ်။ သူလည်း အမှုမထားပဲ နှုတ်ကနေ တတွတ်တွတ်နဲ့ စတင်ပြီး ရွတ်ဖတ်ပါတော့တယ်။ ဒီလို စတင်ရွတ်လိုက်တာနဲ့ တပြိုင်နက်ထဲ သချင်္ုိင်းကြီး တစ်ခုလုံးက လှုပ်လှုပ်ရွရွဖြစ်လာသလို အသံဗလံများကိုလည်း ရုတ်တရက် ကြားလိုက်ရပါတော့တယ်။

တဝုန်းဝုန်း တဒုန်းဒုန်းနဲ့ အသံများ၊ တောက်ခတ်သံကြီးများကိုလည်း ကြားနေရပါတယ်။ ဦးသာလှလည်း တစ်ချက်တော့ တုန်လှုပ်မိသွားပါတယ်။ စိတ်ကိုတော့ အားတင်းပြီး ပြန်လည် ရွတ်ဖတ်နေကာ ဖိုးတာရဲ့ ဝိညာဥ္ကိုလည်း ခေါ်ပါတော့တယ်။ ဒီလို ရွတ်နေစဉ်မှာပဲ အနီးအနားမှာရှိတဲ့ သစ်ပင်တစ်ပင် အပေါ်က တရိပ်ရိပ်နဲ့ အကောင်တစ်ကောင် ဆင်းချလာတာကို မြင်လိုက်ရပါတော့တယ်။ ပုံစံကတော့ အကောင်အထည် မမြင်ပဲ မဲမဲပုံရိပ်လိုလို အရိပ်မဲမဲကြီးလိုသာ တွေ့နေခြင်းပါ။ ဦးသာလှလည်း ထိုအကောင်ကြီး ရောက်လာတဲ့အခါ အသံကျယ်ကျယ်နဲ့ စကားပြောလိုက်ပါတယ်။

“မင်းက ဘယ်သူတုန်း”

“ငါက ဒီကတစ္ဆေကြီး မောင်လုံးပဲ”

ထိုမဲမဲအကောင်ကြီးက ဝူးဝူးဝါးဝါးနဲ့ ပြန်လည်ပြောပါတော့တယ်။ အသံကတော့ အာလေးလျှာလေးနှင့် ပြောနေတဲ့ ပုံစံမျိုးပါ။ ဒီတော့ ဦးသာလှလည်း ဖိုးတာ မဟုတ်တာကြောင့်..

“မလိုချင်ဘူး.. ငါက ဖိုးတာပဲ လိုချင်တာ.. မင်း မဟုတ်ဘူး.. သွား ကိုယ့်နေရာကိုယ်ပြန်”

ထိုသို့ပြောလိုက်တော့ ထိုမည်းမည်းကြီးက မျက်ထောက်နီကြီးနဲ့ သူ့ကိုကြည့်လိုက်ပြီး အသားစိမ်းကိုလည်း တစ်ချက်လှမ်းကြည့်လိုက်ပါတယ်။ ပြီးတော့ တောက်တစ်ချက်ကို ခေါက်ကာ သစ်ပင်ပေါ်သို့ တရိပ်ရိပ်နဲ့ ပြန်တက်သွားတာကို မြင်လိုက်ရပါတော့တယ်။

အဲဒီ့နောက် သူလည်း ဆက်လက်ပြီး ရွတ်ဖတ်ကာ ဖိ ဲ့ ဝိညာဥ္ကို ခေါ်ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ဘယ်ကမှန်းမသိတဲ့ ခွေးအူသံတွေက ပိုမို ဆူညံလာပြီး သူ့အနားကိုလည်း နောက်ထပ် မဲမဲအကောင်ကြီးတစ်ကောင်က တရွေ့ရွေ့နဲ့ လာနေတာကို မြင်လိုက်ရပြန်ပါတယ်။ ဒီတစ်ခါတော့ ဦးသာလှလည်း ကြည့်နေရင်းအံ့အားသင့်သွားကာ တွေးမိလိုက်ပါတယ်။

“ဟာ.. ဒီအကောင်က အတော်ကြီးပါလား”

ဆိုပြီး တွေးတောမိလိုက်ကာ ကြက်သီးလေးတွေတောင် အနည်းငယ် ထသွားမိပါတယ်။ ဒါပေမယ့်လည်း ကြောက်တော့ မကြောက်မိသေးပါဘူး။ သူလည်း ဒီတစ်ခါ အကောင်ကြီးကို မေးလိုက်ပြန်ပါတယ်။

“မင်းကရော ဘယ်သူလည်း”

“ငါက ဒီက တစ္ဆေ သာဝပဲ”

ဆိုပြီး အက်ရှရှအသံကြီးနဲ့ ပြန်လည် ပြောဆိုပြန်ပါတယ်။

“ဟာ.. ငါခေါ်တာ ဖိုးတာကိုခေါ်တာ.. မင်းကိုမဟုတ်ဘူး.. ကဲပြန်တော့ ငါက ဖိုးတာပဲ လိုချင်တယ်”

ဦးသာလှကလည်း စိတ်ညစ်မိပါတော့တယ်။ ခေါ်တဲ့သူကတခြား၊ ရောက်လာတာကတခြား ဆိုတော့ ခေါင်းတွေလည်း ရှုပ်လာမိပါတယ်။ အဲဒီ့နောက် တစ္ဆေကြီးက သူ့ရှေ့မှ အသားစိမ်းကို လက်ညှိုးထိုးပြလိုက်ရင်း..

“ငါမပြန်သေးဘူး.. အမဲသား စားချင်သေးတယ်”

ထိုအခါ ဦးသာလှလည်း ကြိမ်လုံးကို ခပ်တင်းတင်း ကိုင်ထားရင်း ပြန်ပြောလိုက်ပါတယ်။

“ဒီအသားက ​​မင်းတို့အတွက် မဟုတ်ဘူး.. ဒါက ဖိုးတာကို ​​ကျွေးမဲ့အသား.. မင်းတို့နဲ့လည်း မဆိုင်ဘူး.. ကဲ ပြန်တော့”

“ဖြန်း”

ဦးသာလှလည်း ပြောဆိုရင်း မြေကြီးကို ဖြန်းခနဲနေအောင် ရိုက်လိုက်တော့မှ မြင်နေရတဲ့ အကောင်ကြီးက ဖျပ်ခနဲ ပျောက်သွားပါတော့တယ်။

ဦးသာလှလည်း စိတ်ညစ်နေပေမဲ့ အလုပ်ကမပြီးသေးတာကြောင့် ပါးစပ်ကနေလည်း ဖိုးတာရဲ့ နာမည်ကို ထပ်ခေါ်ပါတယ်။ ထိုအခါမှာတော့ သချင်္ုိင်းထဲကနေ မည်းမည်း အကောင်ကြီးတစ်ကောင်က ထပ်မံပေါ်လာပြန်ပါတယ်။ ဒီတစ်ခါ တွေ့ရတဲ့အကောင်ကြီးက တော်တော်လေးကို ကြီးမားပါတယ်။ စောစောက အကောင်တွေထပ်တောင် ကြီးမားပါသေးတယ်။ ဦးသာလှအနေနဲ့ ဒါဟာ ဖိုးတာမဖြစ်နိုင်မှန်းလည်း သိလိုက်ပါတယ်။ ထိုအကောင်ကြီးက သူ့ထံကို တရွေ့ရွေ့နဲ့ တိုးလာလေတော့ သူလည်း ဝိုးတဝါးတော့ မြင်တွေ့နေရပါတယ်။ အကောင်အထည်ကတော့ သေချာ မတွေ့ရသေးပါဘူး။ ဦးသာလှလည်း ထပ်မေးလိုက်ရပါတယ်။

“ဟိတ်.. ရပ်.. မင်းကရော ဘယ်သူလည်း”

ထိုအခါ အကောင်ကြီးက ဘာမှပြန်မပြောပဲ ရပ်မြဲအတိုင်း ရပ်နေတာကို တွေ့လိုက်ရလေတော့ သူလည်း ကြိမ်လုံးကို မြေကြီးပေါ် ဖြန်းခနဲရိုက်လိုက်ပြီး ထပ်မေးပြန်ပါတယ်။

“ဟိတ်.. ငါမေးနေတာ မကြားဘူးလား.. မင်းကဘယ်သူလည်း”

ဒီအခါမှာတော့ ထိုအကောင်ကြီးက သူ့အနီးရောက်အောင် တိုးလာပါတော့တယ်။ ဒီတော့မှ ဦးသာလှလည်း မြင်လိုက်ရတာက တော်တော်လေးကို ကြောက်စရာကောင်းတဲ့ အကောင်ကြီး တစ်ကောင်ပါ။ အရပ်ကြီးကတော်တော် ရှည်လျားပြီး ဆံပင်မရှိပဲ ကတုံးပြောင်နဲ့ပါ။ ပါးစပ်မှာလည်း အစွယ်တွေက တော်တော်ရှည်နေတာကို တွေ့လိုက်ရပါတယ်။ မျက်နှာကြီးကလည်း မဲတူးနေပြီး မျက်လုံးနှစ်လုံးက နီရဲနေကာ ကြောက်ဖို့ကောင်းလှပါတယ်။ ဒီတော့ ဦးသာလှလည်း ကြက်သီးတွေတောင် ထမိသွားပါတော့တယ်။သို့ပေမဲ့ အရဲစွန့်ကာ ထပ်မေးပြန်ပါတယ်။

“ဟိတ်.. မင်းကဘာကောင်လည်း ဘယ်သူလည်း ပြော”

“ငါက ဒီသချင်္ုိင်းက သချင်္ုိင်းစောင့်ပဲ”

အကောင်ကြီးရဲ့အသံက သတ္တုကြိတ်သံလိုလို လှိုက်ခေါင်းသံလိုလိုနဲ့ ကြောက်ဖို့ကောင်းလှပါတယ်။ ဒီလိုစကားကြောင့် ဦးသာလှလည်း ကြောက်ရွံ့သွားပေမဲ့ လက်က ကြိမ်လုံးကို တင်းတင်းဆုပ်ထားရင်း..

“ငါက ဖိုးတာကို လာခေါ်တာ.. ငါ့ကို မနှောင့်ယှက်ပါနဲ့”

“ငါ့သချင်္ုိင်းကကောင်ကို ဒီလိုခေါ်ချင်တိုင်း ခေါ်လို့မရဘူးကွ.. ငါလက်မခံနိုင်ဘူး”

ဒီလိုကြားလိုက်လေတော့ ဦးသာလှလည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး။ အဲ့ဒီနောက် ထိုအကောင်ကြီးရဲ့ အနောက်မှာ သူလိုချင်နေတဲ့ ဖိုးတာကို ဖျပ်ခနဲ တွေ့လိုက်ရပါတော့တယ်။ ဒီတော့ သူလည်း မထူးတော့ဘူးလို့ တွေးလိုက်ပြီး ဖိုးတာရဲ့ ဝိညာဥ္ကို ခေါ်လိုက်ပါတော့တယ်။ ဒီတော့ သချင်္ုိင်းစောင့်ကြီးဆီမှ အသံကြီးက ထပ်မံပေါ်လာပြန်ပါတယ်။

“မင်းကို ပြန်ခိုင်းနေတာ မပြန်သေးဘူးလား.. ငါ့သချင်္ုိင်းကကောင်ကိုတော့ မထည့်ပေးနိုင်ဘူးကွ”

ဆိုကာ ရှေ့တိုးလာပါတော့တယ်။ ဒါပေမဲ့ ဦးသာလှတားထားတဲ့ စည်းကြောင့် ရှေ့ကိုတော့ ဆက်တိုးမရပါဘူး။ ဦးသာလှလည်း ဆက်ခေါ်ရမလား ပြန်ရမလားဆိုတာလည်း တွေးမရတော့ပါဘူး။ အခုချိန်က စည်းဝိုင်းထဲမှာ ရှိနေလို့သာ ဘာမှမဖြစ်ပေမဲ့ အပြင်ရောက်သွားရင်တော့ ဘာဆက်ဖြစ်မလည်းဆိုတာ တွေးရင်း ထိတ်လန့်သွားမိပါတော့တယ်။ အဲ့ဒီနောက် မထူးဆိုပြီး တွေးလိုက်ကာ ဖိုးတာရဲ့ ဝိညာဥ္ကို ဆက်ခေါ်ပါတော့တယ်။

ဒီအခါမှာတော့ သချင်္ုိင်းစောင့်ကြီးက ဘာပြောလိုက်သည်တော့မသိ သူ့ရဲ့အနားကို သရဲတစ္ဆေတွေက တဖြေးဖြေးနဲ့ ဝိုင်းလာပါတော့တယ်။ သူမြင်နေရတာကတော့ အကောင်တွေမှ အများကြီးပါ။ မဲမဲအကောင်ကြီးများ၊ ပုပုကွကွနဲ့ မှင်စာလိုလို အကောင်များ၊ အမွှေးအမြှင်တွေနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အကောင်များက စည်းဝိုင်းအနားကို တဖွဲဖွဲနဲ့ ရောက်လာပါတော့တယ်။ ပြီးတော့ အသံဗလံတွေကလည်း တဟင်းဟင်း တဟဲဟဲနဲ့ ကြောက်စရာ တော်တော်ကောင်းလာပါတယ်။ ဒီတော့ ဦးသာလှလည်း ဆက်မနေရဲတော့ပါဘူး။ ပြန်ပြေးရင်ကောင်းမလား စည်းဝိုင်းထဲမှာပဲ နေရမလားဆိုတာ တွေးနေရင်း ကြောက်နေမိပါပြီ။

ထို့နောက် သူ့ဘေးရှိတဲ့ သရဲတစ္ဆေတွေက တဖြေးဖြေးများလာတဲ့ အတွက် သူ့ခမြာ ဆက်ပြီးလည်း မနေနိုင်တော့ပါဘူး။ ဖြစ်ချင်ရာဖြစ်ဆိုကာ စိတ်ကိုတင်းလိုက်ပြီး စည်းဝိုင်းထဲနေ သချင်္ုိင်း အပြင်ကို အတင်းပြေးထွက်လိုက်ပါတော့တယ်။ ဒီအခါမှာတော့ အနောက်ကနေ လိုက်ဟေ့ လိုက်ဟ ဆိုပြီး အသံတွေကို ကြားလိုက်ရပါတယ်။ သူလည်း ကြောက်စိတ်နဲ့ အတင်းပြေးနေမိပေမဲ့ သူ့ရဲ့လည်မျိုကို လက်ကြီးတစ်ဖက်က လာရောက်ချုပ်ကိုင်တာကို ခံလိုက်ရပါတော့တယ်။ ဒီတော့ ဆက်ပြေးလို့လည်း မရတော့ပါဘူး။ သူလည်းကြောက်ကြောက်နဲ့ ကြည့်လိုက်မိလေတော့ သချင်္ုိင်း​စောင့်ကြီးက သူ့ရဲ့လည်မျိုကို လက်ကြီးတစ်ဖက်နဲ့ ဆုပ်ကိုင်ထားတာကိုလည်း တွေ့လိုက်ရပါတယ်။

ဦးသာလှလည်း အတင်းကို အသည်းအသန် ရုန်းကန်နေပေမဲ့ ဘယ်လိုမှတော့ ရုန်းမရတော့ပါဘူး။ အဲဒီ့နောက် ဦးသာလှရဲ့ လည်မျိုကို ထိုသချင်္ုိင်းစောင့်ကြီးက တဂျွတ်ဂျွတ်နဲ့ လိမ်ချိုးလိုက်ပါတော့တယ်။ သချင်္ုိင်းထဲမှာတော့ ဦးသာလှရဲ့ မချိမဆန့် အော်လိုက်သံတွေက ပဲတင့်ထပ်ကာ ကျယ်လောင်သွားပေမဲ့ ဘယ်သူမှတော့ ကြားရခြင်းမရှိခဲ့ပါဘူး။ ဦးသာလှရဲ့ လည်ပင်းကျိုးကာ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကြီးက သချင်္ုိင်းထဲမှာ လဲကျသွားကာ ပတ်ဝန်းကျင်မှာလည်း အကောင်ကြီးတွေက တဖြေးဖြေးနဲ့ ကွယ်ပျောက်သွားပါတော့တယ်။ အောက်လမ်းနည်းနဲ့ ပြုလုပ်ချင်လှတဲ့ ဦးသာလှခမြာ အသက်နဲ့သာ ပေးဆပ်လိုက်ရပါတော့တယ်။

***** ***** *****
.. ပြီးပါပြီ ..
စာဖတ်သူများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေ..။

လင်းစက်ရာ