ထွက်လာခဲ့လေသည်။
“ဟင်း…ကိုမြင့်နိုင် ကိုမြင့်နိုင်
ရှင်ကအနီးစပ်ဆုံးအချစ်ကို မမြင်နိုင်ပဲ
ဟိုကောင်မမိမွှေးရဲ့မာယာတွေကြားမှာ
နစ်မြောနေတယ်ပေါ့လေ။
ရှင်သူ့ကိုဘယ်လောက်ပဲချစ်ချစ်
တချိန်မှာရှင်ကကျွန်မအပိုင်ပဲ
ဖြစ်လာစေရမယ်၊ရှင်စောင့်ကြည့်နေပါ
ကိုမြင့်နိုင် ”
မြနှင်းဆီရင်ထဲမှ ရက်စက်သည့်
အငြိုးအတေးများကဖုံးလွှမ်းနေ
တော့သည်။
==================
“ဟိတ်…”
“အမယ်လေး ကိုရယ်လန့်သွားတာပဲ”
“စောင့်နေရတာကြာပြီလား မွှေး”
“သိပ်မကြာသေးပါဘူး ကိုရယ်”
“ကိုယ်လည်းအိမ်မှလုပ်စရာလေးတွေ
ရှိနေသေးလို့ နည်းနည်းကြာသွားတာ
ခွင့်လွှတ်နော် မွှေး”
“ရပါတယ်ကိုရယ် မွှေးစိတ်ထဲဘယ်လိုမှသဘောမထား
ပါဘူး။
“မွှေးကိုကြည့်ရတာ တစ်နေ့တခြား
ပိုပိုလှလာတယ်ကွာ၊စိတ်တောင်မချ
နိုင်အောင်ဖြစ်နေပြီကွာ။
မွှေးကိုအမြန်ဆုံးပိုင်ဆိုင်ချင်ပြီ”
“ကိုရယ်အဲလောက်လည်း
မြှောက်ပင့်မနေပါနဲ့၊စိတ်မချစရာ
ဘာရှိလဲ။
မွှေးကကိုတစ်ယောက်တည်းကိုပဲ
တစ်ဘဝလုံးစာအတွက်ရည်ရွယ်ပြီး
ချစ်တာပါ”
“တကယ်ပြောတာလားမွှေး”
“တကယ်ပေါ့ကိုရဲ့ ကိုသာမွှေးကို
ချစ်တယ်ပြောပြီး ပစ်မသွားနဲ့သိလား”
“ကိုယ်လည်းမွှေးလိုပါပဲ
တစ်ဘဝလုံးစားအတွက် ရည်ရွယ်ပြီး
ချစ်ခဲ့တာပါကွာ။
ကိုယ်အခုအလုပ်တွေကြိုးစားပြီး
ပိုက်ဆံစုနေတယ်၊လိုသလောက်ရပြီဆိုတာနဲ့
မွှေးကိုလူကြီးစုံရာနဲ့လာတောင်းရမ်းမယ်
မင်္ဂလာအကြီးအကျယ်ဆောင်မယ်
ကလေးတွေအများကြီးမွေးမယ်”
“အို…ကိုကလည်း ရှက်စရာကြီး
ဘာတွေလျှောက်ပြောနေတာလဲ။
“ဟဲဟဲ…မွှေးရှက်သွားတာလေးကိုက
ကိုယ့်ရင်တွေဗလောင်ဆူသွားစေတယ်
ကြာ။
“သြော်…ကိုရယ်”
မိမွှေး၏ပန်းနုရောင်သန်းနေသော
ပါးပြင်လေးထက် ကိုမြင့်နိုင်က
အနမ်းပန်းလေးများခြွေချပေးလိုက်
တော့သည်။
ချစ်သူနှစ်ဦးအတွက်သာယာလှပသော
ညနေခင်းလေးတစ်ခုအားဖြစ်ပေါ်စေ
ခဲ့သည်။
===================
“ရော့…ငွေ၂၀၀
အဲဒီကောင်မကို လူကြားထဲမျက်နှာမပြရဲ
လောက်အောင်ပညာပြပေးပါ။
သူ့ရဲ့လှပနေတဲ့မျက်နှာ အကျည်းတန်သွားတာနဲ့ နောက်ထပ်ငွေ၂၀၀ထပ်ပေးမယ်
ဟုတ်ပြီလား………”
“နင်ပြောသလိုဖြစ်အောင်
လုပ်ဖို့အတွက် သူ့ရဲ့အသုံးအဆောင်
ပစ္စည်းတစ်ခုခုကို ငါ့ဆီယူလာမှဖြစ်မယ်
ဒါမှနင်ပြောသလိုငါလုပ်နိုင်မှာ။
“ဘာပစ္စည်းလဲ”
“ဘာပစ္စည်းပဲဖြစ်ဖြစ် ရတယ်”
“ကောင်းပြီလေ ကျွန်မရအောင်
ယူလာပေးမယ် ”
မြနှင်းဆီလည်းအိမ်ထဲမှ
ထွက်လာခဲ့တော့သည်။
မြနှင်းဆီတစ်ယောက် မိမွှေး၏အိမ်နား၌
ရစ်သီရစ်သီလုပ်ကာလမ်းလျှောက်
နေလေသည်။
မြနှင်းဆီလည်းမိမွှေးအိမ်ထဲမှ
ထွက်မည့်အချိန်ကိုစောင့်ဆိုင်းနေခြင်း
ဖြစ်လေသည်။
မြနှင်းဆီတစ်ယောက်
မိမွှေးအိမ်အားကျီးကန်းတောင်းမှောက်
ကြည့်ကာအချိန်ကောင်းကို
စောင့်နေလေသည်။
ထိုအချိန်မိမွှေးတစ်ယောက် အိမ်ထဲမှ
ထွက်သွားသည်ကို မြနှင်းဆီ မြင်လိုက်
ရသည်။
မြနှင်းဆီလည်းအချိန်ဆွဲမနေတော့ပဲ
မိမွှေးအိမ်ထဲသို့အလျင်အမြန်ပြေးဝင်
လိုက်သည်။
အိမ်ထဲရောက်သည်နှင့်အခြေအနေအား
အကဲခက်၍ကြည့်လိုက်သည်။
မိမွှေး၏ဖခင်နှင့်မိခင်တို့သည်
အိမ်နောက်ဖေး၌မြေပဲတောင့်များအား
ခွာရင်းအလုပ်ရှုပ်နေကြသည်။
မြနှင်းဆီလည်းအိမ်ထဲဝင်ကာ
မိမွှေး၏အသုံးအဆောင်ပစ္စည်းများအား
လိုက်လံရှာဖွေလိုက်သည်။
မိမွှေးကအလှပြင်ပစ္စည်းဟူ၍
သုံးလေ့သုံးထမရှိသဖြင့်
ကျောက်ပြင်ပေါ်၌တင်ထားသော
သနပ်ခါးတုံးကိုသာဖွက်ပြီးယူဆောင်
လာခဲ့တော့သည်။
မြနှင်းဆီလည်းမဟုတ်တာ
လုပ်ထားသည့်သူမို့ သူခိုးသူဝှက်တစ်ယောက်လို မိမွှေးအိမ်ထဲမှထွက်လာခဲ့တော့သည်။
မြနှင်းဆီရဲ့ခြေလှမ်းများက
ရွာသူမ၏အိမ်ဆီသို့ ဦးတည်ပြီး
လျှောက်လှမ်းလာနေသည်။
ရွာသူနေသည့်အိမ်ထဲသို့ မြနှင်းဆီဝင်လာခဲ့သည်။
“ရော့ဒီမှာ ရှင်လိုချင်တဲ့ မိမွှေးရဲ့
အသုံးအဆောင်ပစ္စည်းပဲ”
“အိုးဟို နင်ကသိပ်ဉာဏ်ကောင်းတာပဲ
မိန်းကလေးတစ်ယောက်အတွက်
အမြဲအသုံးပြုနေကြ သနပ်ခါးတုံးကိုမှ
ရွေးပြီးယူလာခဲ့တာ၊ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ်။
နင်ခဏစောင့် ငါလုပ်စရာရှိတာ
လုပ်လိုက်အုံးမယ်”
ရွာသူမက သနပ်ခါးတုံးအား
ကိုင်ပြီးပါးစပ်မှပွစိပွစိဖြင့် ရွတ်ဆိုနေ
လေသည်။
အတန်ငယ်ကြာတော့မှရွတ်ဆိုခြင်းကို
ရပ်လိုက်ပြီးမြနှင်းဆီအား သနပ်ခါးတုံးကိုပြန်ပေးလိုက်သည်။
“ရော့ ဒီသနပ်ခါးတုံးကို
ပိုင်ရှင်ဖြစ်တဲ့မိမွှေးဆီပြန်ထားလိုက်
ပေတော့။
ဒီသနပ်ခါးကိုသွေးလိမ်းပြီးတာနဲ့
သူ့ရဲ့လှပနေတဲ့မျက်နှာလေး
နှစ်ရက်မကူးပဲအကျည်းတန်သွားလိမ့်
မယ်……”
“ကျေးဇူးကြီးလှပါတယ်ရှင်
သြော် ဒါနဲ့ ရှင့်ကိုတစ်ခုပြောရဦးမယ်
ဒီလိုလုပ်တဲ့ကိစ္စမှာ ကျွန်မခိုင်းတာ
ဖြစ်တဲ့အကြောင်းဘယ်သူ့ကိုမှ
မပြောပါနဲ့…”
“စိတ်ချ နင်သာငါခိုင်းသလိုလုပ်
အောင်မြင်ရင် နင်ပြောထားတဲ့အတိုင်း
ငွေ၂၀၀ထပ်ပြီးပေးရမယ်။
“စိတ်ချ အောင်မြင်ပြီဆိုတာနဲ့
ရှင့်ဆီငွေ၂၀၀ ဘက်ခနဲရောက်လာ
စေရလိမ့်မယ် ဟုတ်ပြီလား။
“ဟား ဟား ဟားဟား”
ရွာသူမ၏ဆိုးသွမ်းသောရယ်သံနှင့်
ယုတ်မာကောက်ကျစ်သောမြနှင်းဆီ၏
အကြံကပတ်ဝန်းကျင်အား
အကျည်းတန်သွားစေခဲ့သည်။
မြနှင်းဆီလည်း သနပ်ခါးတုံးအား
ဖွက်ယူပြီးမိမွှေးအိမ်သို့ နောက်တစ်ခေါက် ပြန်လာခဲ့လေသည်။
မြနှင်းဆီအတွက်ကံကောင်းသည်ဟု
ပြောရပေမည်၊မိမွှေးတစ်ယောက်
ယခုထိအိမ်သို့ပြန်ရောက်မနေသေးပေ။
မိမွှေး၏မိခင်နှင့်ဖခင်ဖြစ်သူလည်း
မြေပဲခွာနေဆဲပင်ဖြစ်သည်။
မြနှင်းဆီလည်းအချိန်ဆွဲမနေတော့ပဲ
သနပ်ခါးတုံးအားကျောက်ပြင်ပေါ်၌
ပုံစံတကျပြန်ထားပြီး အိမ်ထဲမှပြန်ထွက်
လာခဲ့သည်။
===================
“သဘောရိုး မနောရိုး တောသူဓလေ့ညိုး
မြို့ သူလိုလည်းမချွဲဘူးအစ်ကို ရှင့် ရှင့်.
ချစ်လာရင် ရှင်မွှေးမွှေးဆို အဟင့် အဟင့်
မိမွှေးတစ်ယောက်မနက်စောစော
သနပ်ခါးသွေးရင်းသီချင်းညည်းနေ
လေသည်။
မိမွှေးလည်းသနပ်ခါးအားခပ်ပြစ်ပြစ်
သွေးပြီးပါးပြင်ပေါ်၌ ပါးကွက်ကွက်
လိုက်သည်။
ပါးနှစ်ဖက်အားညီအောင်လိမ်းပြီး
မှန်အားစိတ်တိုင်းကျကြည့်လိုက်သည်။
သနပ်ခါးလိမ်းပြီးသည်နှင့်
ဘုရားစင်သို့သွားကာ ပန်းရေချမ်း
တို့အားလဲလှယ်ကာကပ်လေသည်။
ပြီးနောက်ဘုရားအားရှိခိုးလိုက်သည်။
တဖြည်းဖြည်းနှင့်ပါးပြင်၌လိမ်းထား
သောသနပ်ခါးကခြောက်လာသည်။
သနပ်ခါးခြောက်လာသည်နှင့်ပါးပြင်မှာ
ယားယံလာတော့သည်။
မိမွှေးလည်းပါးပြင်အားအသာအယာ
ကုတ်လိုက်မိသည်။
သို့ပေမယ့်ယားယံခြင်းမှာ သက်သာမသွားပဲ ပို၍ဆိုးလာတော့သည်
ပါးနှစ်ဖက်လုံးအရမ်းယားယံလာပြီး
အဖုအထစ်များကမျက်နှာတပြင်လုံး
ထွက်ပေါ်လာသည်။
မိမွှေးလည်းကုတ်ရင်းကုတ်ရင်း
မှန်ထောင်ပြီးကြည့်လိုက်မိသည်။
“အောင်မယ်လေး အမေရေ အမေ
လာပါဦး ဒီမှာသမီးမျက်နှာကြီး
ဘာဖြစ်သွားတာလဲမသိဘူး။
အမေရေ အမေ”
မိမွှေး၏စူးစူးဝါးဝါးအော်ဟစ်သံကြောင့်
မိခင်နှင့်ဖခင်လည်းအပြေးအလွှား
ရောက်လာကြသည်။
“သမီးဘာဖြစ်လို့လဲ”
“ဒီမယ်ကြည့်ပါဦးသမီးမျက်နှာ
ဘာဖြစ်သွားတာလဲမသိဘူး အမေ
လုပ်ပါအုံး အီးဟီးဟီး”
“ဟယ်ဟုတ်ပါရဲ့ သမီးမျက်နှာတပြင်လုံး
အဖုအပိန့်တွေထပြီး ကြောက်စရာကောင်းနေပါလား။
လုပ်ပါဦး ဖေကြီးရယ် သမီးကိုကြည့်လုပ်ပေးပါဦး”
“ဖေကြီးလည်း နားမလည်ဘူး
ငါ့သမီးဘာတွေလိမ်းမိလို့ ဒီလိုဖြစ်သွား
တာလဲ။
“သမီးဘာမှမလိမ်းဘူး အဖေ
ပုံမှန်အတိုင်းသနပ်ခါးပဲလိမ်းတာပါ
ဘုရားကန်တော့နေရင်းအရမ်းယားလာလို့ ကုတ်လိုက်တာအခုလိုဖြစ်သွားတာပဲ
အဖေလုပ်ပါဦး အီးဟီးဟီး”
“သမီးလေးအရမ်းကြငိုမနေနဲ့နော်
အမေတို့လုပ်ပေးမှာပေါ့၊ဖေကြီးရွာထဲက
ဆေးဆရာကိုမြန်မြန်သွားခေါ်ပေးပါ”
“အေး အေး ငါအခုပဲသွားခေါ်လိုက်မယ်
သမီးလေး ဘာမှမကြောက်နဲ့နော်
ဖေကြီးဆေးဆရာကိုအခုပဲသွားခေါ်ခဲ့
မယ်သိလား။
“ဟုတ် ဖေကြီး”
မိခင်ဖြစ်သူလည်းမိမွှေးအား
ထွေးဖက်ရင်းအားပေးနှစ်သိမ့်နေ
တော့သည်။
သိပ်မကြာလိုက်ပေ ဖခင်ဖြစ်သူနှင့်အတူ
ဆေးဆရာကြီးတစ်ဦးပါလာခဲ့လေသည်။
“ဘယ်လိုကနေစဖြစ်တာလဲကွဲ့”
“သနပ်ခါးလိမ်းပြီး သိပ်မကြာပါဘူး
ယားတယ်ယားတယ်ဆိုပြီး၊ဒီလိုဖြစ်
သွားတာပဲဆရာရယ်။
“အရေပြားက
တစ်ခုခုနဲ့ဓာတ်မတည့်လို့ အခုလိုဖြစ်သွားရတာပါ၊ဘာမှမပူနဲ့နော်
ဆရာဆေးလိမ်းပေးခဲ့မယ်။
တစ်ရက်နှစ်ရက်အတွင်းသက်သာသွားမှာပါ၊ဒီကြားထဲမှဆေးကလွဲပြီးမျက်နှာမှာ
ဘာမှမလိမ်းစေချင်သေးဘူး။
မျက်နှာကိုလည်းအဝတ်သန့်သန့်လေးနဲ့
ရေစွတ်ပြီးသန့်ရှင်းစေချင်တယ်”
“ဟုတ်ကဲ့ဆရာ
ကျွန်တော့်သမီးလေးအရင်လို
မျက်နှာအတိုင်းပြန်ဖြစ်မှာလားဆရာ။
“ဒီဆေးကိုမပျောက်မချင်းလိမ်းသာပေး
တဖြည်းဖြည်းသက်သာသွားပါလိမ့်မယ်။
“ဟုတ်ကဲ့ဆရာ”
“ကဲဆရာပြန်ဦးမယ်
တစ်ခုခုဖြစ်ရင်လာခေါ်လှည့်ပါ
ဆရာလိုက်ခဲ့ပါ့မယ်။
“ကျေးဇူးပါဆရာ”
“သမီးဘာမှမပူနဲ့နော် ဆရာက
ဆေးပေးသွားတယ်၊မကြာခင်သမီး
မျက်နှာလေးအရင်လိုပြန်ဖြစ်သွားမှာပါ။
“အမေ သမီးကိုမှန်လေးပြပါလား”
“ဘာလုပ်ဖို့ ကြည့်မှာလဲသမီးရယ်
မျက်နှာကအခုသက်သာသေးတာမှ
မဟုတ်တာနောက်မှကြည့်ပါ သမီးရယ်။
“လုပ်ပါအမေရယ် သမီးကြည့်ရုံလေးပါ”
“အေးပါ သမီးရယ် အမေသွားယူပေးမယ်နော်”
မိမွှေး၏မိခင်လည်းမှန်တစ်ချပ်အား
ယူလာပေးလိုက်သည်။
“သမီးလေးရော့
မှန်ကြည့်ပြီးစိတ်ဓာတ်ကျမသွားနဲ့
ဆရာကြီးပြောသလို မကြာခင် သက်သာသွားလိမ့်မယ်။
မိမွှေးလည်းတုံးလုံးလှဲရင်းက
မှန်ထောင်ပြီးကြည့်လိုက်ရာ
မျက်နှာပြင်တစ်ခုလုံးဖားပြုတ်
ကျောခုံးသဖွယ်အဖုအထစ်များဖြင့်
ပြည့်နှက်နေပြီး ကြောက်မက်ဖွယ်ရာ
အတိဖြစ်နေတော့သည်။
မိမွှေးလည်းမိမိမျက်နှာအားကြည့်ပြီး
စိတ်အားငယ်ခြင်း၊ကြောက်ရွံ့ခြင်းများ
ဖြစ်ပေါ်လာတော့သည်။
“အမေ သမီးဒီမျက်နှာကြီးနဲ့
ဘယ်လိုလုပ်ပြီးလူကြားထဲသွားလာရ
တော့မှာလဲဟင်။
မိမွှေးကမျက်ရည်စများဖြင့်
ပြောသဖြင့်မိခင်ဖြစ်သူလည်း
သမီးအတွက်စိတ်မကောင်းဖြစ်ရလေ
သည်။
“သမီးကိုအမေပြောပြီးပြီပဲ
ဘာမှစိတ်ဓာတ်မကျနဲ့၊မကြာခင်သက်သာပျောက်ကင်းသွား
လိမ့်မယ်နော် သမီး။
ထိုအချိန်ဖခင်ဖြစ်သူမှာ
ဆေးဆရာအားလိုက်ပို့ပြီးပြန်ရောက်
လာသည်။
“သမီးလေး အဖေ့ကိုကြည့်ပါဦး
ဘာမှမဖြစ်ဘူးနော်။မကြာခင်သက်သာ
သွားမှာသိလား ဆရာပေးတဲ့ဆေးလေးကိုသာမှန်မှန်
လိမ်းပေးလိုက်ရင် သမီးမျက်နှာလေးက
အရင်လိုလှပတင့်တယ်သွားလိမ့်မယ်”
“ဟုတ် အဖေ”
မိမွှေးလည်းဖခင်ဖြစ်သူ စိတ်မကောင်းဖြစ်မည်စိုးသဖြင့်
အားတင်း၍ပြုံးပြလိုက်လေသည်။
ထိုရက်မှစပြီး မိမွှေးတစ်ယောက်
အိမ်အပြင်သို့မထွက်တော့ပေ။
အပေါင်းအသင်းမိတ်ဆွေများက
မိမွှေးအားမတွေ့သဖြင့် အိမ်သို့လာရောက်မေးမြန်းမှ အကြောင်းစုံကိုသိကြလေသည်။
နေ့ချင်းညချင်းပြောင်းလဲသွားသည့်
မိမွှေး၏မျက်နှာအားကြည့်ကာ
စိတ်မကောင်းဖြစ်နေကြလေသည်။
မိမွှေး၏ချစ်သူကိုမြင့်နိုင်သည်လည်း
ချစ်ရသူမိမွှေးအားမတွေ့ရသည်မှာ
၂ရက်ခန့်ရှိပြီမို့ မိမွှေးမိဘများအား
ခွင့်တောင်းကာမိမွှေးဆီသို့လာခဲ့သည်။
မိမွှေးကိုတွေ့တော့ ကိုမြင့်နိုင်တစ်ယောက် မယုံကြည်နိုင်
လောက်အောင်ဖြစ်သွားတော့သည်။
ဟိုအရင်ကအလှသရဖူဆောင်းခဲ့သည့်
မိမိချစ်သူမှာ ယခုတွင်မူလွန်စွာကြောက်
စရာကောင်းသောအသွင်အပြင်ဖြင့်
မြင်တွေ့လိုက်ရသည်။
မိမွှေးလည်းချစ်ရသူကိုမြင့်နိုင်အား
မျက်နှာချင်းမဆိုင်ရဲလောက်အောင်
ရှက်ကြောက်နေမိသည်။
သို့ပေမယ့် မေတ္တာစစ်မေတ္တာမှန်ဖြင့်
ချစ်သောကိုမြင့်နိုင်က မိမွှေးအား
ကြင်နာယုယစွာဖြင့် အားပေးစကားပြော
လေသည်။
“မွေး…”
“ရှင် ကို”
“မွှေး ဘာမှစိတ်ဓာတ်မကျနဲ့
မွှေးအနားမှာကိုယ်လည်းရှိတယ်
မွှေးရဲ့မိဘတွေလည်းရှိတယ်။
ပြီးတော့မွှေးကိုချစ်ကြတဲ့ အပေါင်းအသင်းမိတ်ဆွေတွေလည်း
မွှေးအတွက်ရှိကြတယ်ကွာ
ဒီတော့မွှေးဘာမှအားမငယ်နဲ့သိလား”
“အဟင့်အဟင့်”
“ဟောဗျာ
မွှေးဘာကြောင့်ငိုနေရတာတုန်း”
“မွှေးဝမ်းသာလွန်းလို့ ငိုမိတာပါ”
“ဟင်…မွှေးကဝမ်းသာတယ်လည်း
ပြောသေးတယ် ငိုကငိုနေသေး
ဘယ်လိုနားလည်ရမလဲ မွှေးရဲ့။
“ဒီလိုပါ ကို
မွှေးငိုရတာက ကိုကမွှေးကိုပစ်မသွားပဲ
အနားမှာအားပေးစကားပြောပေးလို့။
မွှေးအတိုင်းမသိဝမ်းသားပြီး မျက်ရည်ကျ
မိတာပါကို”
“သြော် မွှေးရယ်
ကိုယ်မွှေးကိုချစ်တာက ရုပ်အဆင်းထက်
မွှေးရဲ့စိတ်နေစိတ်ထား၊မွှေးရဲ့ဖြစ်တည်မှု
အားလုံးကိုချစ်နေရတာပါကွာ။
မငိုနဲ့တိတ်တော့နော်”
“ဟုတ် ကို”
“ထမင်းလည်းမှန်မှန်စား
ဆေးလည်းမှန်မှန်လိမ်း၊ပြီးတော့ ကိုယ်လုပ်နေကြ ဘုရားတရားကို
စွဲစွဲမြဲမြဲလုပ် ကိုယ့်ကိုမလိုလားတဲ့သူဖြစ်စေ
လိုလိုလားလားရှိသူပဲဖြစ်စေ မေတ္တာပို့
သိလားမွှေး”
“ဟုတ်ကို မွှေးကြိုးစားပါ့မယ်”
“ဒီလိုမှပေါ့မွှေးရာ
ကဲကိုယ်ပြန်လိုက်ဦးမယ်နော်မွှေး
အကြာကြီးနေလို့မကောင်းဘူး။
အပြင်မှာလည်းမွှေးမိဘတွေရှိနေတယ်”
“အင်းပါ မွှေးနားလည်ပါတယ်”
ကိုမြင့်နိုင်လည်း မိမွှေး၏မိဘများအား
နှုတ်ဆက်ပြီးပြန်လာခဲ့တော့သည်။
“ဘယ်ကပြန်လာတာလဲ ကိုမြင့်နိုင်”
“သြော် မြနှင်းဆီပါလား
ငါအခုပဲမွှေးဆီကပြန်လာတာဟ
နင်ရောဘယ်သွားမလို့လဲ။
“ကျွန်မလည်း မိမွေးဆီသွားမလို့
သူ့အခြေအနေလေးမေးရင်းမြန်းရင်းပေါ့
“သြော် ဟုတ်လား
ဒါဖြင့်ငါသွားဦးမယ်နော်
လုပ်စရာလေးတွေရှိနေသေးလို့။
“ကောင်းပါပြီရှင်”
မြနှင်းဆီအားနှုတ်ဆက်ပြီး
ကိုမြင့်နိုင်လည်းထွက်လာခဲ့သည်။
မြနှင်းဆီကတော့ မဲ့ပြုံးပြုံးလိုက်ပြီး
မိမွှေးအိမ်သို့ထွက်လာခဲ့တော့သည်။
“အန်တီ မိမွှေးရှိလားရှင့်”
“ရှိတယ် သမီး အခန်းထဲမှာရှိတယ်”
“ဟုတ်ကဲ့ မိမွှေးသက်သာလားလို့
အခြေအနေလေးလာမေးမြန်းတာပါ”
“အေး အေး သမီး အခန်းထဲသာဝင်သွား
မိမွှေးရှိတယ်”
မြနှင်းဆီလည်းမိမွှေးအခန်းထဲသို့
ဝင်လာခဲ့သည်။
“မိမွှေး မိမွှေး”
“မြနှင်းဆီပါလား လာလေအခန်းထဲ”
“အေး ငါနင့်ဆီလာခဲ့တာ
ဘယ်လိုလဲမျက်နှာကသက်သာရဲ့လား”
မြနှင်းဆီရင်ထဲမှမပါသော
စကားများအားလူကြားကောင်းအောင်
ပြောလိုက်သည်။
“မသက်သာပါဘူး မြနှင်းဆီရယ်
တစ်နေ့တခြားပိုပိုဆိုးလာသလိုပဲ
ကြာတော့ဘာလုပ်ရမလဲမသိတော့ဘူး။
“ငါစိတ်မကောင်းပါဘူး မိမွှေးရယ်
ဒီမှာနင်စားဖို့အတွက် ငါမုန့်တွေလာ
ပေးပါ။
“ကျေးဇူးပါ ဟာ”
“ငါသွားဦးမယ်နော် နင်လည်းဂရုစိုက်နေဦး သိလား”
“အေးပါ”
မြနှင်းဆီလည်း အောင်နိုင်သူ
တစ်ယောက်ကဲ့သို့ပြုံးကာ မိမွှေး အိမ်မှ
ပြန်လာခဲ့တော့သည်။
အိမ်နီးချင်းများက နေ့ချင်းညချင်း
အရုပ်ဆိုးအကျည်းတန်သွားသော
မိမွှေးအားကြည့်ကာစိတ်မကောင်း
ဖြစ်နေကြသည်။
“မသန်းရင် ရှင့်သမီးမိမွှေးရဲ့
မျက်နှာကတစ်နေ့တခြား ပိုပိုဆိုးလာသလိုပဲ
သွေးရိုးသားရိုးမှဟုတ်ရဲ့လားတော်
တော်ကြာ ရွာသူတွေဘာတွေက
ပညာနဲ့ပြုစားထားသလားမသိဘူး
မေးကြည့်မြန်းကြည့်ပါဦး”
“မမြင့်ရီရယ် ကျွန်မသမီးလေးက
လိမ္မာရေးခြားရှိတဲ့သူတစ်ယောက်ပါ
ဘယ်သူကသူ့ကိုအောက်လမ်းပညာနဲ့
ပြုစားမှာလဲတော့်၊ပြီးတော့ကျွန်မသမီးကဘယ်သူနဲ့မှလည်း
ရန်ငြိုးရန်စရှိတာမှ မဟုတ်တာ”
“မသန်းရင်ရယ် ကိုယ်ကကောင်းနေပေမယ့် ကိုယ့်ကိုမလိုမုန်းထားနေတဲ့သူတွေ
လည်းရှိချင်ရှိမှာပေါ့။
ကိုယ်သိရတာမှမဟုတ်တာ”
“အင်း…ဒါလည်းဟုတ်တာပဲ
ကျွန်မကိုထွန်းတင့်ကိုတိုင်ပင်ပြီး
ပြောကြည့်ပါဦးမယ်။
သူကမေးကြည့်မြန်းကြည့်လို့ခွင့်ပြုရင်
ဆရာပင့်ပြီးမေးကြည့်ရမှာပဲ”
“သတိ ပိုသည်မရှိတဲ့
အောက်လမ်းနဲ့လုပ်ထားတာမှန်ရင်
တစ်ခါတည်းထုတ်လို့ရတာပေါ့။
အကယ်၍ပုံမှန်ရောဂါဆိုလည်း
တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကြီးတွေနဲ့ ပြသကြည့်ပေါ့”
မိမွှေး၏မိခင်ဒေါ်သန်းရင်လည်း
ခင်ပွန်းဖြစ်သူဦးထွန်းတင့်အား
ပြောပြလေသည်။
ဦးထွန်းတင့်လည်းဒေါ်သန်းရင်
ပြောတာကိုနားထောင်ပြီး ဆရာပင့်ရန်
ဆုံးဖြတ်လိုက်ကြသည်။
တစ်ရက်နှစ်ရက်ခန့်ကြာသည်အထိ
ဆရာကောင်းအားရှာဖွေ၍ပင့်လေသည်။
နောက်ဆုံးကြမှ ဆရာထွန်းဆိုသည့်
အထက်လမ်းဆရာအားပင့်နိုင်ခဲ့သည်။
ဆရာထွန်းကအသက်၅၀ကျော်ပင်ရှိ
သေးသည်။
ဥပဓိရုပ်ကိုကြည့်ရုံဖြင့် သီလသမာဓိနှင့်
ပြည့်စုံသူဟုသိနိုင်ပေသည်။
ဆရာထွန်းအားအိမ်သို့ ပင့်လာပြီး
သမီးဖြစ်သူမိမွှေးဖြစ်ခဲ့သမျှ အလုံးစုံအား
ပြောပြလိုက်ကြသည်။
ဆရာထွန်းလည်းမိမွှေးမျက်နှာမှ
အဖုအထစ်များကိုမြင့်ရုံဖြင့်
ရိုးရိုးသာမာန်ဟုတ်မနေကြောင်း
သိလိုက်ရသည်။
ဆရာထွန်းကဘုရားကျောင်းဆောင်သို့
သွားကာသောက်တော်ရေနှင့်ဖယောင်းတိုင်အားကပ်လှူပူဇော်လိုက်သည်။
ထို့နောက် ဘုရားရှေ့ ၌ထိုင်ကာ
ရတနာမြတ်သုံးပါးနှင့်အထက်ပုဂ္ဂိုလ်
ကြီးများအားတိုင်တည်လိုက်သည်။
မိမွှေး၏မိဘများကိုလည်း
လူနာရှင်မိန်းကလေးအား မိမိလက်၌ အပ်ရန်ပြောလေသည်။
ဒေါ်သန်းရင်နှင့်ဦးထွန်းတင့်လည်း
သမီးဖြစ်သူအားဆရာထွန်းလက်ထဲ
အပ်ပါသည်ဟုပြိုင်တူဖြေလိုက်ကြသည်။
ပြီးနောက်မိမွှေးအား လက်အုပ်ချီ၍
ထိုင်စေသည်။
စိတ်ထဲမှဘုရားကိုသာအာရုံပြုနေဖို့
ဆရာထွန်းကထပ်မံပြောကြားလေသည်
မိမွှေးလည်းတင်းပါးလွှဲထိုင်ပြီး
ဘုရားအားအာရုံပြုကာထိုင်နေလိုက်
သည်။
“အထက်ဆရာကြီးများ၏အမိန့်
ငါဆရာထွန်း၏အမိန့် ကာယကံရှင်
မိန်းကလေးမိမွှေးအား အောက်လမ်း
အတတ်ပညာဖြင့်ပြုစားထားတဲ့
အတတ်ပညာသည် အခုချက်ချင်း
ငါ့ရှေ့ရောက်စေ။
ဆရာထွန်း၏အမိန့်က ပြင်းထန်လွန်းလှ
ပေသည်။
ဆရာထွန်းစကားဆုံးသွားသည်နှင့်
တပြိုင်နက်မိမွှေး၏ကိုယ်ခန္ဓာမှာ
တဆတ်ဆတ်တုန်ခါလာလေသည်။
“ပူးစမ်း ပူးစမ်း လူစိတ်ပျောက်အောင်ပူးစမ်း”
“ဟား ဟား ဟား ဟား
မလောက်လေးမလောက်စားပညာနဲ့
ငါ့ကိုခေါ်ရသလားဟဲ့.
နင်မသေချင်ရင်အခုချက်ချင်း
ငါ့ရှေ့ကထွက်သွား ဆရာစုတ်”
“အံမယ် ငါ့ကိုများရာရာစစ
မခန့်လေးမခန့်စားလုပ်တဲ့ရွာသူမ
နင့်ကိုအသာတကြည်ပြောလို့
ရရင်ရမဟုတ်ရင်ဒီမှာကြည့်စမ်း”
“ဟင်”
ဆရာထွန်းက ရွှေရောင်တောက်နေသော
ဆေးကြိမ်လုံးအားမိမွှေးအားပူးကပ်
နေသည့်ရွာသူစုန်းမအားမြင်အောင်
ထောင်ပြလိုက်သည်။
စုန်းမလည်းဆေးကြိမ်လုံးကိုမြင်သည်နှင့်
ပြာပြာသလဲဖြစ်ကာနောက်သို့ဆုတ်သွား
လေသည်။
“အံမယ် နင်ကဆေးကြိမ်လုံးတော့
ကြောက်ရကောင်းမှန်းသိသားပဲ။
ကဲပြော ဘာကြောင့်ဒီမိန်းကလေးကို
ရုပ်ရည်ပျက်စီးအောင်လုပ်ရတာလဲ”
“ငါ့ကိုငွေပေးခိုင်းလို့လုပ်တာ”
“ဟင်”
“ဟာ”
မိမွှေး၏မိခင်နှင့်ဖခင်လည်း
အံ့အားသင့်သွားကြလေသည်။
ဆရာထွန်းကဆက်၍မေးလေသည်။
“ငွေပေးပြီးဘာကြောင့်လုပ်ခိုင်းတာလဲ
လုပ်ခိုင်းတဲ့သူနာမည်ကိုထည့်မပြောနဲ့
“ငါ့ကိုခိုင်းတဲ့သူက မိမွှေးရဲ့အသုံးအဆောင်
ပစ္စည်းတွေထဲကသနပ်ခါးတုံးကို
မိမွှေးမသိအောင်ခိုးယူလာပြီး
ပညာနဲ့ငါ့ကိုလုပ်ခိုင်းတယ်။
သူ့ရည်ရွယ်ချက်ကမိမွှေးရုပ်ဆိုး
အကျည်းတန်သွားတဲ့အချိန် မိမွှေးရဲ့
ချစ်သူကိုသူ့ဘက်ပါလာအောင်လုပ်ဖို့ပဲ။
“ချစ်ခြင်းမေတ္တာကိုအတင်းဇွတ်
လုယူလို့မရဘူးဆိုတာ မသိဘူးလား
ပြီးတော့ဒီငွေ၄၀၀ဆိုတာ နင့်တစ်သက်စားလို့တောင်မရဘူး။
ဒီပညာတွေကနင့်ကိုအဝီစိငရဲထိ
ဆွဲခေါ်သွားမှာ နင်မသိဘူးလား
အခုနင်လုပ်ထားတာတွေကို တစ်ခုမကျန်အောင်ပြန်နှုတ်”
“မနှုတ်ပေးနိုင်ဘူး ငါကငွေယူထားပြီးပြီ
ငါ့တာဝန်ကျေအောင်ငါဆက်လုပ်ရမှာ
ပေါ့။
“ဒါဖြင့်လည်း နင်တာဝန်တွေ
ဘယ်လောက်ထိကျေပွန်မလဲဆိုတာ
ကြည့်ကြသေးတာပေါ့။
ဆရာထွန်းကဆေးကြိမ်လုံးအား
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ
မိမွှေးအနားသို့တိုးကပ်လာသည်။
မိမွှေးကိုဝင်ပူးကပ်နေသည့်စုန်းမလည်း
ရှေ့တိုးလာသည့်ဆရာထွန်းအား
လက်ဖြင့်ကာပြီးနောက်သို့ဆုတ်သွား
လေသည်။
“ကဲ…ဆေးကြိမ်လုံးအစွမ်းခံကြည့်ပေတော့”
“မရိုက်နဲ့”
“ကြောက် ကြောက်ပါပြီ
ငါ့ကိုအဲဒီကြိမ်လုံးကြီးနဲ့မရိုက်ပါနဲ့
ငါပြန်နှုတ်ပေးပါ့မယ်။
“ဒါဆိုနှုတ်အခုနှုတ် တစ်ခုမှမကျန်စေနဲ့
ဉာဏ်များပြီးချန်ထားမယ်လို့တော့
မစဉ်းစားနဲ့ဒီမှာကြည့်ထားဆေးကြိမ်လုံး
ရိုက်လိုက်လို့ စင်္ကြာဝဠာအပြင်ဘက်
လွင့်ထွက်သွားရော့မယ်။
ဆရာထွန်းရှေ့ ၌ မိမွှေးလည်း
တင်ပျဉ်ခွေထိုင်ကာ မျက်နှာအား
လက်နှစ်ဖက်ဖြင့် သပ်ချနေသည်။
အကြိမ်ပေါင်းများစွာထိုသို့ ပြုလုပ်နေရင်း တဖြည်းဖြည်းနှင့်မိမွှေး၏
မျက်နှာမှာနဂိုအတိုင်းချောမောလှပ
လာလေသည်။
“ကုန်ပါပြီဆရာ မရှိတော့ပါဘူး”
“သေချာလား ဉာဏ်တော့မများနဲ့နော်”
“သေချာပါတယ် ဘာမှမကျန်ပါဘူး”
“ရော့…ဒီရေခွက်ကို ငါဆိုသလို
လိုက်ပြီးဆို ကြားလား”
“ဟုတ် ဟုတ်”
“ကျွန်မသည် ယခုအချိန်မှစ၍
၇ရက်သားသမီးတို့အပေါ်၌
ယုတ်မာသည့်အတတ်ပညာတို့ ဖြင့်
ပျက်စီးစေသောလုပ်ရက်များအား
မပြုလုပ်တော့ပါကြောင်း သစ္စာဆိုအပ်ပါသည်။
ဤသစ္စာအားဖောက်ဖျက်မိပါက
သွေးစိမ်းရှင်ရှင်အန်ကာ မဟာအဝီစိငရဲ
သို့သက်ဆင်းရပါစေသား”
ဆရာထွန်းချပေးသလိုရွာသူလည်း
နောက်မှလိုက်ဆိုလေသည်။
“ကဲ အဲဒီသစ္စာရေကိုသောက်လိုက်”
မိမွှေးလည်းသစ္စာရေအားမော့သောက်
လိုက်လေသည်။
“နင်ဒီရေကိုသောက်ထားတာ
ဘယ်တော့မှမမေ့ပါနဲ့၊နင်ကျိန်ဆိုထားတဲ့
သစ္စာကိုဖောက်ဖျက်မိရင်တော့
နင်ထိုက်နဲ့နင့်ကံပဲ သွားတော့”
“ဟုတ်ကဲ့ ဆရာ”
မိမွှေးအားပူးကပ်နေသည့်
ရွာသူလည်းမိမွှေးခန္ဓာကိုယ်မှ
ထွက်ခွာသွားတော့သည်။
ရွာသူဝင်ပူးသည်မှာအနည်းငယ်ကြာသွားသဖြင့်မိမွှေးသတိလစ်မေ့မြောသွားသည်။
ဆရာထွန်းကဘုရားသောက်တော်ရေ
လက်ကျန်ဖြင့်မိမွှေးမျက်နှာအား
တောက်လိုက်သည်။
ထိုအခါမှမိမွှေးလည်းသတိပြန်လည်
ရလာတော့သည်။
“အင်းဟင်းဟင်း”
“ဟော သမီးလေးသတိရလာပြီ”
“အမေ အဖေ သမီးဘာဖြစ်သွားတာလဲ”
“သမီးကိုပြုစားထားတဲ့စုန်းမက
သမီးကိုပူးကပ်သွားတာ၊သမီးကိုလုပ်ထားတဲ့ဟာတွေလည်း
အကုန်ပြန်နှုတ်သွားပြီ ဘာမှမရှိတော့ဘူး
“ရှင် ဟုတ်လား အမေသမီးကိုမှန်ပြပါဦး
“ရော့ ဒီမှာအဆင်သင့်ပါပဲရှင်”
မိခင်ဖြစ်သူကမိမွှေးအား မှန်တစ်ချပ်ယူပြီးပြလိုက်လေသည်။
“ဟယ် သမီးမျက်နှာမှာဘာမှမရှိတော့ဘူးအမေ
ဝမ်းသာလိုက်တာအမေရယ်”
“အဲဒါဆရာ့ကျေးဇူးတွေပေါ့သမီးရဲ့
ဆရာ့ကိုကန်တော့လိုက်ပါဦး”
“ဟုတ်အဖေ”
မိမွှေးလည်းဆရာထွန်းအား
ထိုင်ကန်တော့လိုက်သည်။
“ဘာမှမဖြစ်တော့ဘူး ငါ့တူမကြီး
အောက်လမ်းပညာသည်ကိုငွေပေးပြီး
ငါ့ကိုယုတ်မာလိုက်ကြတာလို့
တရားခံရှာပြီး ဘယ်သူ့အပေါ်မှလည်းအငြိုးအတေး
မထားနဲ့ မေတ္တာနဲ့သာခွင့်လွှတ်လိုက်ပါ
သူ့အကျိုးပေးနဲ့သူသွားကြပါလိမ့်မယ်”
“ဟုတ်ကဲ့ဆရာ ဆရာပြောသလို
နေထိုင်ဆင်ခြင်ပါ့မယ်”
“ကောင်းပါပြီ ”
မိမွှေးလည်းအရင်ကလို
လှပသည့်မျက်နှာလေးအားပြန်လည်
ရရှိလိုက်သဖြင့်အတိုင်းမသိ
ဝမ်းသာကြည်နူးနေမိသည်။
ထို့အတူပင် မိမွှေး၏မိဘနှစ်ပါးနှင့်
မိမွှေးအားချစ်ခင်ကြသောလူများလည်း
မိမွှေးအတွက်ဝမ်းသာနေကြရသည်။
လူတွေအားလုံးမိမွှေးအတွက်
ပျော်ရွှင်နေကြပေမယ့် မပျော်နိုင်သည့်
လူတစ်ယောက်ကရှိနေသည်။
တခြားလူမဟုတ် မြနှင်းဆီသာဖြစ်သည်
မိမွှေးလည်းဆရာထွန်းမှာထားသည့်
အတိုင်းမိမိအပေါ်ယုတ်မာထားသည့်
လူကိုရှာမနေတော့ပဲ ဘုရားရှိခိုးတိုင်း
ဆုတောင်းမေတ္တာပို့သနေခဲ့သည်။
တစ်နှစ်ခန့်ကြာတော့
မိမွှေးနှင့်ကိုမြင့်နိုင်တို့နှစ်ယောက်
မင်္ဂလာဆောင်ကြလေသည်။
တစ်ရွာလုံး၏အချစ်တော်နှစ်ယောက်
ပေါင်းသင်းလက်ထပ်ကြမည့်
ပွဲဖြစ်သဖြင့်တစ်ရွာလုံးက ချက်ရေးပြုတ်ရေးအတွက် သတို့သားအိမ်သို့ရောက်နေကြလေ
သည်။
မြနှင်းဆီတစ်ယောက်ကတော့
အိပ်မပျော်နိုင်ပဲ သောကအပူမီး
တောက်လောင်နေရသည်။
အိပ်ရာထဲဟိုလှိမ့်ဒီလှိမ့်လူးလှိမ့်နေရင်း
အိပ်မပျော်သဖြင့်အိမ်အောက်သို့
ဆင်းလာခဲ့သည်။
မြနှင်းဆီ၏မိဘများကတော့အိပ်မောကျ
နေကြပြီဖြစ်သည်။
မြနှင်းဆီလည်းအိပ်မပျော်သဖြင့်
ခြံထဲဆင်းပြီးလမ်းလျှောက်နေလေ
သည်။
မင်္ဂလာဆောင်မဏ္ဍပ်မှဖွင့်သော
သီချင်းသံများကမြနှင်းဆီရင်အစုံအား
ဓားဖြင့်မွှန်းသလိုခံစားနေရသည်။
“ဟိတ်…မလှုပ်နဲ့ ငြိမ်ငြိမ်နေစမ်း”
“အမယ်လေး”
“အော်မယ်မကြံနဲ့ ဒီမှာမြင်လားဓား
အူပွင့်သွားမယ် ဘာမှတ်နေသလဲ”
“နင့်လည်ပင်းကဆွဲကြိုးနဲ့
နင့်လက်ကလက်ကောက်တွေ
ချွတ်စမ်း။
“မြန်မြန်ချွတ်စမ်း လက်စွပ်ရောချွတ်
“ချွတ် ချွတ် ပါ့မယ်ရှင်”
“ဟေ့ကောင်တွေ ဒီကောင်မကိုကြည့်ထားကြ
ငါအိမ်ပေါ်တက်ပြီးရှာကြည့်ဦးမယ်”
ဓားပြနှစ်ယောက်ကအိမ်ပေါ်သို့
ဓားကိုယ်စီဖြင့်တက်ရန်ဟန်ပြင်
နေစဉ်။
“လာကြပါဦး လာကြပါဦးရှင်
ဓားပြတွေသောင်းကျန်းနေလို့
လာကြပါဦး။
“ဟာ ခွေးမ ငြိမ်ငြိမ်မနေဘူး
အော်ချင်အုံးဟာ ”
“ရွှတ် ”
“ရွှတ်”
“အား အေမ့”
မြနှင်းဆီအားဓားပြတစ်ယောက်က
ဓားဖြင့်မျက်နှာအားခုတ်ပြီးထွက်ပြေး
သွားကြလေသည်။
မြနှင်းဆီ၏မိဘများလည်းနိုးလာကြပြီး
အိမ်အောက်ဆင်းလာကြသည်။
ပတ်ဝန်းကျင်မှလူအနည်းစုလည်း
မြနှင်းဆီအိမ်သို့ အပြေးအလွှားရောက်လာကြသည်။
မြနှင်းဆီကတော့ မျက်နှာပြင်နှင့်
ခန္ဓာကိုယ်တစ်ခုလုံးသွေးချင်းချင်း
နီရဲကာမြေပေါ်၌လဲကျနေသည်။
“သမီး သမီး ”
“သမီးလေး ဘယ်လိုဖြစ်ရတာလဲကွယ်”
“အမေ သမီးကိုဓားပြတွေက
ရွှေတွေလုပြီးသမီးမျက်နှာကိုလည်း
ဓားနဲ့ခုတ်သွားကြတယ်”
“ဖြစ်မှဖြစ်ရလေ သမီးရယ်
ယောက်ျားသမီးလေးကို ဆေးဆရာဆီ
ပို့ဖို့လုပ္ပါဦး။
“ငါ့လူတို့လုပ်ကြပါအုံးကွာ
ငါ့သမီးလေးကိုဆေးဆရာဆီပို့ပေးကြ
ပါဦး။
ပတ်ဝန်းကျင်မှလူများက
ဝိုင်းဝန်းကူညီကြသဖြင့် မြနှင်းဆီ
တစ်ယောက်သွေးထွက်မလွန်ပဲ
သေကံမရောက်ခဲ့ခြင်းဖြစ်သည်။
မြနှင်းဆီ၏ဒဏ်ရာမှာတော်တော်ကြီးမား
သဖြင့်အချက်ပေါင်းများစွာ ချုပ်လိုက်ရလေသည်။
မြနှင်းဆီတစ်ယောက်နေ့ချင်းညချင်း
ဒဏ်ရာဗလပွဖြင့်အရုပ်ဆိုးအကျည်း
တန်သွားရလေသည်။
မိမွှေးနှင့်ကိုမြင့်နိုင်ကတော့
မင်္ဂလာပွဲကြီးအားစည်ကားသိုက်မြိုက်စွာ
ဖြင့်ကျင်းပနိုင်ခဲ့လေသည်။
မြနှင်းဆီတစ်ယောက်ကတော့
မိမိတစ်ဖက်သက်ချစ်ရသော
လူလည်းမပိုင်ဆိုင်ရ၊ဓားဒဏ်ရာဖြင့်
မှန်ပင်မကြည့်ရဲအိမ်အပြင်ပင်မထွက်ရဲ
တော့ပဲအခန်းအောင်းကာနေခဲ့ရ
လေသည်။
မြနှင်းဆီတစ်ယောက်သေရာပါ
ဒဏ်ရာများဖြင့်လူတောမတိုးရဲတော့ပဲ
ရှိနေတော့သည်။
ပြီးပါပြီ…………
အောင်ဓူဝံ
Leave a Reply