သရဲကြီးဦးဖိုးနီ

အောက်ခြေသို့ဆင်းလာနေခဲ့၏။

“တောက်…တွေ့ကြသေးတာပေါ့ကွာ…
ဟိုကဒေါသတွေဒီမှာတွေ့ပြီပေါ့…”

ဦးဘိုကျော်ကလှည်းထိပ်ရှိဓားကိုလှမ်းကာယူထား၏။
အပင်ကြီးအနီးသို့ရောက်လေနွားများက နှာများမှုတ်၍
မသွားချင်သလိုဖြစ်နေကြသည်။

“ခွေးမသားတွေ…သွားကြစမ်း…”

“ဖြန်း…ဖြန်း…ဖြန်း….”

ဓားကိုခဏချ၍ နွားများကိုကြိမ်ဖြင့်
အဆက်မပြတ်ရိုက်လေသည်။
ထိုအခုမှပေကပ်ကပ်လုပ်နေသောနွားများက
ခုန်ပေါက်ကာပြေးကြတော့၏။

“ဟင်…”

နွားများကအတင်းပြေးနေသော်လည်း လှည်းနောက်မြီးကို
တစ်စုံတစ်ယောက်ကဆွဲထားသည့်အလားနေရာမှ
မရွေ့ဖြစ်နေသည်။
အပင်ဆီသို့ကြည့်တော့လည်းစောစောက
မည်းမည်းအရာကြီးကိုမတွေ့ရတော့ပေ။

“မိညွှန့်…လာ…နဖားကြိုးဆွဲထား…”

အခြေအနေကိုကြည့်၍ ဦးဘိုကျော်က
မိန်းမဖြစ်သူနဲ့နေရာလဲလိုက်သည်။
လှည်းနောက်ပိုင်းသို့ဥိးဘိုကျော်ပြောင်းထိုင်သည်နှင့်
လက်ထဲကိုင်လာသောဓားဖြင့် ရမ်းကာခုတ်လေ၏။

“ဆွဲစမ်း…ဆွဲထားစမ်းကွာ…မင်းပဲဆွဲနိုင်မလား…
ကြည့်ရသေးတာပေါ့…”

ဟုပြောရင်း ဓားကိုရမ်းကာခုတ်နေချိန် နွားလှည်းကို
ဆက်မဆွဲထားတော့ပဲလွှတ်ပေးလေရာ နွားများမှာရွာသို့ကဆုန်ပေါက်ပြေး၍လှည်းအထက်မှ ဦးဘိုကျော်တို့မိသားစုပင်
လှည်းပေါ်မှပြုတ်မကျစေရန် မနည်းထိန်း၍
လိုက်လာခဲ့ကြရ၏။

သလွန်ရွာထိပ်၏ထနောင်းပင်ရဲ့အကြောင်းသည်
ထိုမျှနှင့်မပြီးသေး…
တစ်ရက်၌ရွာထဲမှ အရက်သမား မောင်ဖေဆိုသောသူသည်
မူးမူးရူးရူးဖြင့် ထနောင်းပင်ကြီးအောက်၌လာအိပ်လေသည်။
မောင်ဖေအိပ်နေချိန် သူ၏ကျောအား…

“ဘုတ်…ဘုတ်…”

တဘုတ်ဘုတ်ဖြင့်ပုတ်နိုးလေတော့
နဂိုကတည်းကမူးရူးရိုင်းစိုင်းသောမောင်ဖေသည်
အိပ်နေရာမှထ၍ ထနောင်းပင်ကြီးအားသေးဖြင့်ပန်းလေသည်။
သေးဖြင့်ပန်းအပြီးရွာထဲသို့ပြန်ရန်
ထနောင်းပင်ကြီးအောက်မှအထွက်…

“ဘုန်း…”

ခနဲမြည်သံကြီးနှင့်အတူသူ၏ကျောဆီမှ
နာနာကျဥ်ကျဥ်ဝေဒနာကိုခံစားလိုက်ရသည်။
သို့သော် အရက်မူးနေ၍ သတိမပြုတော့ဘဲ
သူ၏အိမ်ဆီသို့ပြန်လာခဲ့လေသည်။
နောက်တစ်ရက်သို့ရောက်တော့ အိပ်ရာထဲ၌
သေဆုံးနေသောမောင်ဖေ၏အလောင်းကိုမိသားစုများက
တွေ့ရှိသွားခဲ့သည်။
မောင်ဖေ၏အလောင်းမှာ နှာခေါင်းများ၊နားများအတွင်းမှ
သွေးများယိုကာစီးကျနေခဲ့၏။
ဒါတင်မကသေး ကျောဘက်၌လည်းလက်ငါးချောင်းရာကြီးကို
တွေ့ရှိသွားလေရာ မောင်ဖေကို ထနောင်းပင်မှသရဲသတ်လိုက်သည်ဆိုသည့်သတင်းက ပျံ့လွှင့်လာခဲ့ရာ
သလွန်ရွာထိပ်ရှိထနောင်းပင်သည်
နာမည်ပို၍ကြီးလာခဲ့ရသည်။
ညဘက်အရေးအကြောင်းရှိလျှင်တောင် ရွာထိပ်မှမသွားဘဲ
ဝေးရာမှပတ်၍သွားကြရသည်။
သလွန်ရွာရှိ ရွာသူ၊ရွာသားတို့မှာ ထိုသရဲကိုကြောက်လှ၍
အရေးအကြောင်းကိစ္စများ၌ သွားလာရတာဒုက္ခတွေ့လှသည်။
ဒါ့ကြောင့် ရွာဦးကျောင်းဆရာတော်မှဦးဆောင်ကာ
ပရိတ်ရွတ်တရားနာခြင်းများကိုပြုလုပ်ပေးလေသည်။
ပရိတ်ရွတ်ပြီးနောက် သွားလာဖို့ရလောက်ပြီထင်ကာ
သွားလာကြချိန်၌ သရဲကခြောက်လန့်နေစဲဖြစ်၍
အားလုံးမှာ မည်သို့လုပ်ရမည်မှန်းမသိကြတော့ပေ။
ဒီလိုဖြင့်နေ့ခင်းပိုင်း၌သာ အသွားအလာပြုကြပြီး
ညဘက်ဆိုလျှင်ထိုလမ်းကိုမည်သူမှမသွားလာဖြစ်တော့ပေ။

ထိုသို့နေရင်းမှတစ်ရက်မှာဖြင့်…

“ဟားးး…ဟားးး…ဟားးး…
ဟား…ဟားးး…ဟားးး……..”

“ဝုန်း…ခလွမ်း….”

“အမယ်လေး…လုပ်ကြပါဦး…
မိစု…မိစု…ဘာဖြစ်နေတယ်မသိဘူးတော့်…
ကယ်ကြပါဦး….”

ညနေပိုင်းအချိန် သလွန်ရွာအတွင်းရှိ
အိမ်တစ်အိမ်အတွင်းဆီမှဆူဆူညံညံအသံများ
ထွက်ပေါ်လာခဲ့သည်။
ရွာသူ၊ရွာသားတို့မှာလည်းထိုအိမ်ဆီသို့အပြေးအလွှားရောက်လာကြ၏။
သူတို့ရောက်လာချိန်အိမ်အတွင်း၌ မိန်းကလေးတစ်ဦးသည်
ထဘီကိုပုဆိုးသဖွယ်ဝတ်ဆင်ထားပြီး တဟားဟားရယ်မော၍
အိမ်ကြီးအတွင်းဆီမှ ပစ္စည်းများကိုပေါက်ခွဲနေခဲ့၏။

“ကြီးတော်…မိစုဘာဖြစ်တာလဲ”

“မသိဘူးဟဲ့…ထိုင်နေရင်းမှဘာထဖြစ်တယ်မသိဘူး…
လုပ်ကြပါဦးမယ်…သူ့အဖေခရီးသွားမှဖြစ်ရတယ်လို့…
ငါဘာလုပ်ရမလဲကိုမသိတော့ဘူး…”

“ကြီးတော်…မိစုကြည့်ရတာသရဲဝင်ပူးနေသလိုပဲ…”

“ဟင်…ဟုတ်…ဟုတ်လို့လား…”

“ဟုတ်လောက်တယ်ဗျ…
ကျုပ်တို့ရွာက ဆရာဦးတင်သောင်ကို
ပြေးပင့်လိုက်မယ်ကြီးတော်…”

“အေး…အေးခေါ်ပေးကြပါဦးဟယ်…”

မိစုကတော့တဟားဟားရယ်ရင်း
သူ့စိတ်ကြိုက်ပစ်ပေါက်ခွဲနေခဲ့သည်။
ပြီးလေမှ အိမ်၏အလယ်၌တင်ပုလ္လင်ကြီးခွေထိုင်ကာ
တဟားဟားရယ်နေခဲ့ပြန်သည်။
ဆရာဦးတင်သောင်ကို ရွာသားများကပြေးပင့်ကြ၏။
ဆရာဦးတင်သောင်ကလည်း
ရွာသားများနဲ့အတူလိုက်လာရှာသည်။
ဆရာဦးတင်သောင်အိမ်ထဲဝင်လာဖို့လုပ်နေစဥ်…

“ဟိုကောင်…မင်းပညာလောက်နဲ့ငါ့ကိုယှဥ်ဖို့မကြိုးစားနဲ့…
အေး…သေချင်တယ်ဆိုရင်တက်ခဲ့…
ကိုယ့်အဆင့်ကိုယ်သိ…”

ဟု…မိစုသည်ယောကျာ်းသံကြီးဖြင့် အိမ်ပေါက်ဝမှ
ဆရာဦးတင်သောင်ကိုလက်ညှိးကြီးထိုးကာပြောလေတော့
ဆရာဦးတင်သောင်ခမျာအိမ်ထဲပင်မဝန်ရဲတော့။

“ငါမနိုင်လောက်ဘူးကွ…”

ဟုပြောပြီးချက်ချင်းပင် သူ၏အိမ်သို့ပြန်သွားတော့သည်။
ကျန်ရစ်ခဲ့သော လူစုမှာလည်း မိစုကိုယ်ထဲ၌ဝင်ပူးနေသော
သရဲကိုမည်သို့လုပ်ရမည်မသိကြရှာတော့။
ထိုအခါအသက်ကြီးသောဘွားတော်ကြီးများမှ…

“အခုဒီကလေးမကိုယ်ထဲမှာဝင်ပူးနေတဲ့
ပုဂ္ဂိုလ်ကဘာများအလိုရှိသလဲဆိုတာပြောပေးပါတော်…
ဒီကလေးမဘက်ကဘာအမှားတွေများလုပ်ထားမိသလဲဆိုတာ
ကျုပ်တို့အားလုံးသိအောင်ပြောပြပေးပါဦး…”

ဟု…ဝင်ကာပြောလေမှ…

“ဟားး…ဟား…ဟား…ဟားး…ဟားး…
အဲ့သည်လိုမှပေါ့…..ဟေ့…ငါကနင်တို့ရွာထိပ်
ထနောင်းပင်က သရဲဖိုးနီဆိုတာပဲ….”

“ဟင်…ထနောင်းပင်ကသရဲ…”

“ဘုရား…ဘုရား…ဘုရား…”

ရွာထပ်ထနောင်းပင်မှသရဲဆို၍အားလုံးပို၍လန့်သွားကြသည်။
ထိုအခါမေးပေးသောဘွားတော်ကြီးကပင်…

“ဘာများအလိုရှိလို့ ဒီကလေးမဆီပူးကပ်နေရတာလဲ
သရဲကြီးဖိုးနီ…အလိုရှိတာကိုပြောပါ…
ဒီကလေးမကိုဘေးမပေးဘဲ
ထွက်သွားပေးမယ်ဆိုရင် သင်အလိုရှိရာလုပ်ပေးပါ့မယ်”

ဟုပြောလေတော့ မိစုသည်ခေါင်းကြီးတညိတ်ညိတ်ဖြင့်…

“ငါ့အပင်အောက်မှာ အရက်နဲ့ကြက်ကြော်လာချပေးကြ…”

“သရဲကြီးဖိုးနီပြောတဲ့အတိုင်းလုပ်ပေးပါ့မယ်…
အရင်ဆုံးဒီကလေးမကိုယ်ထဲကထွက်ခွာပေးပါ”

“အေး…နင်တို့စကားတည်နော်…
မတည်ရင်တော့တစ်ရွာလုံးဂုတ်ချိုးသတ်ပစ်မယ်…”

ဟုကြိမ်းမောင်းပြီးမှ မိစုကိုယ်ထဲမှထွက်ခွာသွားခဲ့၏။
မိစုအမေခမျာလည်းသရဲကြီးဖိုးနီပြောသည့်အတိုင်း
အရက်နဲ့ကြက်ကြော်ကို ထနောင်းပင်ကြီးအောက်၌
သွားကာချပေးရသည်။
ထိုအခါမှ မိစုထံပူးကပ်ခြင်းမပြုတော့ပေ။
နောက်များမကြာခဏဆိုသလို သလွန်ရွာထဲ၌
သရဲကြီးဖိုးနီ၏ဝင်ပူခြင်းကိုခံကြရသည်။
ဝင်ပူးတိုင်းလည်းအရက်နဲ့ကြက်ကြော်ကို
တောင်းသောကြောင့် သရဲကြီးဖိုးနီပူးတာနဲ့
ထနောင်းပင်ကြီးအောက်သို့
အရက်နဲ့ကြက်ကြော်အပြေးသွားချရတော့သည်။
ထိုသို့ဖြင့် သလွန်ရွာထဲ၌သရဲကြီးဖိုးနီက ကြီးစိုးနေမှုကို
မကြိုက်သော သလွန်ရွာသား ကိုကျော်တင့်ဆိုသူသည်
ရွာထိပ်ထနောင်းပင်ကြီးဆီသို့သွား၍အပင်ကြီးကို
ခုတ်လှဲဖို့ကြိုးစားလေသည်။
ကိုကျော်တင့်၏လုပ်ရပ်ကြောင့် ရွာသူ၊ရွာသားများမှာ
အလွန်အမင်းထိတ်လန့်ပြီးတားကြပါသော်လည်း
ကိုကျော်တင့်မှ…

“ဘာသရဲလဲ…ဒီကောင်ကလူထက်အဆင့်နိမ့်တယ်…
ခင်ဗျားတို့ကြောက်နေကြလို့သာ ဒင်းက
ဗိုလ်ကျကောင်းနေတာ…
ကျုပ်လိုကောင်ကိုတော့လာမလုပ်နဲ့ဗျို့…”

ဟုလူအများကြားစေရန်အော်ဟစ်ပြောပြီး
သစ်ပင်ပေါ်သို့တက်ကာခုတ်နေခဲ့၏။
ထနောင်းပင်၏အကိုင်းများကိုခုတ်ပစ်နေရင်း…

“ဘုန်း…”

“အားးး….”

ကိုကျောတင့်၏ကျောဆီသို့ ဘုန်းခနဲအရိုက်ခံလိုက်ရပြီး
ကိုကျော်တင့်မှာထနောင်းပင်အပေါ်မှပြုတ်ကျတော့လေသည်။

“ဟာ…ကိုကျော့်တင့်ပြုတ်ကျပြီဟေ့…”

ကိုကျော်တင့်အပင်ပေါ်မှပြုတ်ကျတာမြင်တော့
လူများဝိုင်းအုံလာခဲ့၏။
ကိုကျော်တင့်ကိုရွာသားများကပွေ့ထူကြချိန်မှာ
ကိုကျော်တင့်ကအသက်မရှိတော့ပေ။
ပါးစပ်များ၊နှာခေါင်းများ၊နားများအတွင်း၌သွေးများက
စီးကျနေခဲ့သည်။
ကိုကျော်တင့်၏ကျော၌လည်းလက်ဝါးရာကြီးက
ထင်းလို့နေ၏။
သလွန်ရွာထဲ၌…
ကိုကျော်တင့်၏မိုက်ရူးရဲဆန်မှုကိုပြောကြရင်း
ကိုကျော်တင့်သေဆုံးသွားသည့်အတွက်
စိတ်မကောင်းလည်းဖြစ်နေကြရသည်။
သရဲကြီးဖိုးနီကိုလည်းယခင်ထက်ပို၍ကြောက်လာခဲ့ကြ၏။

***********************************

“ဘွားမယ်စိန်ရှိလားခင်ဗျ…”

ဟုသောခြံဝိုင်းအပြင်ဆီမှခေါ်သံကို
ခြံဝိုင်းထဲ၌မျက်နှာသစ်နေသော
ဘွားမယ်စိန်ကြားလိုက်သည်။
သို့သော်ကွပ်ပျစ်ခင်း၌ အရွက်ခြွေနေသောနန်းကြိုင်လေးမှ
ခြံတံခါးဆီသို့သွားကာ…

“ဘွားရှိပါတယ်…ရှင်တို့ကဘယ်သူတွေလဲ”

ဟု…ခြံပြင်ဘက်မှမရင်းနှီးသောလူစိမ်းနှစ်ဦးကို
မေးလိုက်လေသည်။

“သြော်…ညီမလေး…အစ်ကိုတို့ကဘွားမယ်စိန်ဆီလာတဲ့
ဧည့်သည်တွေပါ…ဘွားမယ်စိန်ဆီကိုအကူအညီလေးတောင်းချင်လို့ရောက်လာတာကွယ်…”

ဟု…ပြောသည့်အချိန်မီးဖိုထဲမှဒေါ်ဝင်းလည်းထွက်လာခဲ့ပြီး…

“သမီး…ဧည့်သည်တွေကိုတံခါးဖွင့်ပေးလိုက်လေ…”

“ဟုတ်…”

နန်းကြိုင်လေးကတံခါးကိုဖွင့်ပေးလိုက်တော့
ဧည့်သည်အမျိုးသားနှစ်ယောက်က
ခြံဝိုင်းထဲဝင်လာခဲ့ကြသည်။

“အဒေါ်ကဘွားမယ်စိန်ဆိုတာလားဗျ…”

“ဟယ်…မဟုတ်ပါဘူး…
ဘွားမယ်စိန်ဆိုတာငါ့အမေဟဲ့…”

“သြော်…တောင်းပန်ပါတယ်ဗျာ…
ကျုပ်တို့ကမသိလို့ပါ…”

“ရပါတယ်…ဟိုကွပ်ပျစ်မှာခဏထိုင်ကြဦး…
အမေကမျက်နှာသစ်နေတုန်းမလို့…”

“ဟုတ်ကဲ့…ဟုတ်ကဲ့…”

မနက်ခင်းကြီးရောက်လာသောဧည့်သည်နှစ်ယောက်ကို
ဒေါ်ဝင်းကအကဲခတ်သည်။
ပြီးနောက်ရေနွေးအိုးကိုယူ၍မီးဖိုထဲဝင်သွားလေသည်။
နန်းကြိုင်လေးကတော့ ခြွေလက်စအရွက်ဗန်းကိုယူ၍
ထန်းလက်ခုံ၌ထိုင်နေခဲ့သည်။
ဘွားမယ်စိန်က မျက်နှာကိုချည်တဘက်လေးဖြင့်
သုတ်ရင်းကွပ်ပျစ်ဆီသို့ရောက်လာခဲ့သည်။
ကွပ်ပျစ်ခင်းသို့ဝင်ထိုင်လိုက်ပြီးသူ့အားကြည့်နေသော
ဧည့်သည်နှစ်ယောက်ကို…

“ဘွားက ဘွားမယ်စိန်ပဲ….
မောင်ရင်တို့ကရောဘယ်သူတွေလဲကွဲ့….”

“သြော်…ဟုတ်ကဲ့ဗျ…ကျုပ်တို့က
သလွန်ရွာကနေလာကြတာပါ…
ကျုပ်နာမည်ကမောင်ကျော်…သူ့နာမည်ကစိုးပေပါ…”

“အေး…မောင်ကျော်နဲ့စိုးပေနော်…”

“ဟုတ်ကဲ့…”

“မနက်အစောကြီးသလွန်ရွာကနေလာကြတာဆိုတော့
ဘာအရေးများရှိလို့လဲ…
နောက်ပြီးသလွန်ရွာဆိုတာ နီးဟန်လည်းမတူဘူးနော်…”

“သလွန်ရွာက ဒီနေရာနဲ့အတော်ဝေးတယ်ဗျ…
ကျုပ်တို့တောင်ဒီရွာရောက်ဖို့
နွားလှည်းကိုနေကုန်မောင်းလာခဲ့ရတာပါ…”

“သြော်…အေး….အေး…အေး…”

ဒေါ်ဝင်းကရေနွေးအိုးလာချပေး၏။

“မိဝင်း…”

“ရှင်…အမေ…”

“မနက်စာဘာပြင်ထားလဲ”

“အကြော်နဲ့ထမင်းဆီဆမ်းအမေ…”

“အေး…ဒီကလေးတွေကိုလည်းမနက်စာပြင်ပေးလိုက်ဦး…
သူတို့ခမျာခရီးဝေးကြီးကလာကြတာ…ဆာနေကြမှာပဲအေ့”

“ဟုတ်ကဲ့အမေ”

မောင်ကျော်နဲ့စိုးပေ ကလည်းမငြင်းနိုင်ကြ။
သူတို့သည်လည်းဗိုက်ဆာနေကြပုံရ၏။

“ကဲ…စကားလေးဆက်ပြောကြတာပေါ့…
ဒီလောက်ခရီးဝေးကြီးဘွားဆီလာခဲ့ကြတာဆိုတော့
မောင်ရင်တို့မှာဘာအခက်အခဲများရှိကြလို့တုန်းကွဲ့…”

ဘွားမယ်စိန်ကမေးတော့ မောင်ကျော်ကပင်…

“ဒါကဒီလိုပါဘွားရယ်…
ကျုပ်တို့သလွန်ရွာကအေးချမ်းပါတယ်…
မအေးချမ်းတာကတော့ရွာထိပ်ကထနောင်းပင်ဗျ…
အဲ့ထနောင်းပင်မှာနေနေတဲ့ ဖိုးနီဆိုတဲ့သရဲက
ညဘက်သူ့အပင်အောက်က
ဖြတ်သွားဖြတ်လာပြုတဲ့လူတွေကို
ခြောက်လန့်တာတင်မကဘဲ…
ရွာထဲကလူတွေဆီဝင်ပူးပြန်တယ်…
သူဝင်ပူးခံရတာနဲ့သူနေတဲ့အပင်အောက်မှာ
ကြက်ကြော်နဲ့အရက်ပုလင်းသွားချရတာကိုက
ရွာမှာထုံးစံလိုဖြစ်နေပါပြီဗျာ…
ဒင်းကရွာအပေါ်မှာဗိုလ်ကျနေတာများတော့
ဒင်းကို မကြောက်တဲ့ကိုကျော်တင့် ဆိုတဲ့
ကျုပ်တို့ရွာသားက
ဒင်းနေတဲ့အပင်ကိုသွားခုတ်တယ်ဗျ…
ဒါပေမယ့်ဗျာ…ကိုကျော်တင့်ကိုလည်း
အပင်ပေါ်ကနေသူ့လက်ဝါးကြီးနဲ့
ရိုက်ချသတ်ပစ်လိုက်ပြန်တယ်ဗျ…”

“အလို…ဒီအကောင်ကအတော်ဆိုးတဲ့သရဲပါလား”

“ဟုတ်ပါ့ဗျာ…ကျုပ်တို့ရွာကလည်းဆရာကိုမပင့်ရဲကြဘူး…
တော်နေသူ့မနိုင်တဲ့ဆရာနဲ့တိုးရင် ရွာကိုဒုက္ခပေးမှာလည်း
ကြောက်ရသေးတာဗျ…”

“အင်းလေ…ဒါလည်းဟုတ်တာပဲ…”

“ကျုပ်တို့လည်း ဆရာအကြောင်းမေးကြစုံစမ်းကြရင်း
ဘွားအကြောင်းကြားမိတာနဲ့…မိဘတွေကိုပဲပြောပြီး
တန်းခရီးထွက်လာခဲ့ကြတာဗျ…
ခရီးဝေးကလာကြတော့ဘွားအိမ်မှာရှိပါစေလို့ကို
တစ်လမ်းလုံးဆုတောင်းလာခဲ့ကြရတာ…
အခုမှပဲစိတ်အေးပါတယ်ဗျာ…”

မောင်ကျော်စကားကိုကြားတော့ဘွားမယ်စိန်က
ခေါင်းလေးတညိတ်ညိတ်လုပ်ရင်း…

“မောင်ရင်တို့ခမျာလည်း
ကိုယ့်ရွာ​အပေါ် ကြည့်တဲ့လူငယ်တွေပဲလေ…
ကဲပါ…အခုဆိုရင်မောင်ရင်တို့လာရင်းကိစ္စကိုသိပြီမလို့…
မနက်စာလေးအရင်စားလိုက်ကြဦး…
ခရီးကဝေးတော့ဗိုက်ဆာနေရောပေါ့…”

“ဟုတ်ကဲ့ဘွား…”

မောင်ကျော်နဲ့စိုးပေသည် ဘွားမယ်စိန်ကပြောလိုက်သည်နှင့်
ဒေါ်ဝင်းပြင်ဆင်ပေးထားသော ထမင်းဆီဆမ်းနဲ့အကြော်ကို
အားပါးတရစားကြတော့၏။
ပြီးနောက်သူတို့လည်းခရီးပန်းလာတာကြောင့်
ရေမိုးချိုးကာအနားယူစေသည်။

“သမီး…မိဝင်း…”

“ရှင်…အမေ…”

“အမေတို့ဒီညနေ သလွန်ရွာကိုလိုက်သွားရမယ်အေ့…
ဒါကြောင့်ညည်းတူမောင်တွေကိုသွားပြောထားချေဦး…”

“ဟုတ်ကဲ့အမေ…ကျုပ်သွားပြောလိုက်ပါ့မယ်…”

ဘွားမယ်စိန်ခိုင်းသည့်အတိုင်းဒေါ်ဝင်းက
မောင်တိုးတို့ကိုသွားပြောလေသည်။
အလုပ်အားနေသောမောင်တိုးနဲ့မောင်အုန်းမှာလည်း
ခရီးထွက်ရမည်ဆို၍အတော်လေးဝမ်းသာနေကြသည်။

“ဘွား…ကျုပ်တို့ကတော့အသင့်ပဲဗျို့…”

ရေမိုးချိုးပြီးခရီးထွက်ဖို့အသင့်ပြင်ဆင်လာကြသော
မောင်တိုးနဲ့မောင်အုန်းသည် ချည်လွယ်အိတ်ကိုယ်စီဖြင့်
ဝိုင်းထဲသို့ဝင်လာကြ၏။

“လာကြ…ထိုင်ကြကွဲ့…”

ကွပ်ပျစ်ခင်း၌ဘွားမယ်စိန်၏နံဘေးတွင်
မောင်ကျော်နဲ့စိုးပေတို့ထိုင်နေကြသည်။
မောင်တိုးနဲ့မောင်အုန်းက ထန်းလျက်ခုံ၌ဝင်ထိုင်ကြ၏။

“ဒါ…ဘွားသားတွေပေါ့ကွယ်…
သူကမောင်တိုး…သူကမောင်အုန်းလို့ခေါ်တယ်…”

“ဟုတ်ကဲ့ဘွား…ငါ့ညီတို့အစ်ကိုနာမည်က
မောင်ကျော်…သူကအစ်ကိုသူငယ်ချင်းစိုးပေလို့ခေါ်တယ်ကွ”

“ဟုတ်ကဲ့…ဒါဆိုကျုပ်တို့လိုက်ရမှာအစ်ကိုတို့ရွာလား”

“ဟုတ်ပကွာ…”

မောင်တိုးတို့နဲ့မောင်ကျော်တို့ကအဖွဲ့ကျသွားတော့သည်။
ညနေ လေးချက်တီးအချိန်ရောက်တော့ ခရီးထွက်ဖို့ရန်
အသင့်ဖြစ်နေကြလေပြီ။
ထုံးစံအတိုင်းပင် မောင်တိုးမောင်းသော လှည်းအထက်၌
ဘွားမယ်စိန်နဲ့​မောင်အုန်းကလိုက်ပါလာကြပြီး..
မောင်ကျော်နဲ့စိုးပေသည်က သူတို့နွားလှည်းဖြင့်ရှေ့မှ
ဦးဆောင်ထွက်ခွာသွား၏။
ညနေမှအစပြု၍ထွက်ခွာခဲ့သော သလွန်ရွာခရီးစဥ်သည်
နောက်တစ်နေ့နံနက်ခင်းမှသလွန်ရွာဆီကိုရောက်တော့သည်။
မောင်ကျော်ကသူ၏နေအိမ်ဆီသို့
ဘွားမယ်စိန်တို့ကိုခေါ်သွား၏။
မောင်ကျော်တို့အိမ်ကလည်းတောသူဌေးများဖြစ်ဟန်တူသည်။
အိမ်က ပျဥ်ထောင်နှစ်ထပ်ရှိပြီးခြံဝိုင်းကြီးကလည်း
အတော်ပင်ကျယ်၏။

“ဘွား…အိမ်ထဲကိုကြွကြပါ…
အဖေ…အမေ…ကျုပ်တို့ပြန်ရောက်ပြီဗျ…”

ဟု…အော်ကာခေါ်လေတော့ ယောကျာ်းကြီးတစ်ဦးနဲ့
မိန်းမကြီးတစ်ဦးတို့အိမ်အတွင်းမှထွက်လာခဲ့သည်။
ယောကျာ်းကြီးသည်ကဆံပင်ရှည်ကြီးကိုသျှောင်တစ်စောင်း
ထုံးလို့ထားပေသည်။

“ငါ့သားရာ…အဖေတို့ဖြင့်စိတ်ပူလိုက်ရတာကွာ…”

“ဟုတ်ပါ့ငါ့သားရယ်…”

“အဖေတို့အမေတို့စိတ်မပူကြပါနဲ့တော့
ကျုပ်ပြန်ရောက်ပြီပဲဗျာ…နောက်ပြီး…
ဟောသည်က ဘွားက ကျုပ်ပြောတဲ့ဘွားမယ်စ်ိန်ဆိုတာပဲဗျ…
ကဲပါ…ဘွားတို့ကိုအရင်နေရာပေးလိုက်ပါဦးဗျာ…”

“သြော်…အေး…ဟုတ်သားပါလား…
အိမ်ထဲကြွကြပါဗျာ…”

အိမ်အတွင်းပိုင်းရှိဧည့်ခန်း၌ဘွားမယ်စိန်တို့ကိုထိုင်ခိုင်းသည်။
စိုးပေကတော့သူ့အိမ်သို့ခဏပြန်သွားတော့၏။

“အမေ…ကျုပ်တို့တစ်ညလုံးခရီးပန်းလာတာဆိုတော့
ဗိုက်ကဆာပြီဗျ…အဲ့တာ…”

“အမေသိပါတယ်ငါ့သားရယ်…
ခဏစောင့်နော်…”

မောင်ကျော်အမေက ဘေးဝိုင်းမှသူ့ညီမများကိုခေါ်ကာ
ဘွားမယ်စိန်တို့အတွက် မနက်စာကိုပြင်ဆင်ပေးလေသည်။
ဧည့်ခံကျွေးမွေးသောအစားအစာများသည်
စေတနာပါပါဖြင့်ချက်ပြုတ်ပေးထားခြင်းကြောင့်
အရသာရှိနေ၍မောင်တိုးနဲ့မောင်အုန်းမှာ
ဟန်ပင်မဆောင်နိုင်ပဲစားကြတော့သည်။
ထမင်းစားသောက်ပြီး​လေမှာဘွားမယ်စိန်သည်
မောင်ကျော်၏မိဘများနှင့်စကားပြောလေသည်။

“ဘွားကို ကျုပ်သားသွားပင့်တာ…
စိုးပေမိဘတွေရယ်…ကျုပ်တို့ရယ်ပဲသိတာပါ…
ပြောရရင်ဘွားရေ ဒီရွာကလူတွေကသရဲဖိုးနီကိုအတော်ကြောက်ကြတာ…တစ်ခုခုမှားသွားရင်သူတို့အပေါ်ကို
သရဲဖိုးနီရန်ပြုမှာကြောက်ကြတော့ကျုပ်တို့လည်း
သူတို့ကိုသတိမပေးရဲသေးဘူးတော်…”

ဟုမောင်ကျော်အမေကပြော၏။
ဘွားမယ်စိန်ကခေါင်းညိတ်၍…

“ဒါပေါ့အေ…ဖြစ်သင့်ပါတယ်…”

“ဟုတ်ကဲ့…ဘွားသတင်းကတော့
ကျုပ်သားပြန်ပြောပြထားလို့သိပါတယ်…
ဒီသရဲဖိုးနီကိုဖယ်ရှားပေးဖို့ ဘွားဘက်ကလိုအပ်တာရှိရင်လည်းကျုပ်တို့ကိုအားမနာတမ်းပြောပေးပါ…
ဘွားက ကျုပ်တို့အတွက်လာတဲ့သူဆိုတော့
လိုအပ်ချက်မရှိစေချင်လို့ပါ…”

“ရပါတယ်အေ…အဲ့သည်လို
လိုအပ်ချက်ဆိုတာတော့မရှိပါဘူး…
ညကျရင်တော့ သရဲဖိုးနီနေတဲ့ထနောင်းပင်ဆီကို
လိုက်ပို့ပေးကြပေါ့…”

“စိတ်ချပါဗျာ…ကျုပ်တို့လိုက်ပို့ပေးမှာပါဘွားရဲ့…
ကဲ…ခရီးပန်းလာကြတာဆိုတော့နားကြပါဦးလား…
အမေ…ဘွားတို့အတွက်စီစဥ်ပေးပါဦးဗျ”

“အေးပါငါ့သားရယ်…အမေစီစဥ်ပေးမှာပေါ့”

မောင်ကျော်အမေက ဘွားမယ်စိန်တို့အတွက်
အပေါ်ထပ်ဘုရားခန်း၌အိပ်ရာများခင်းပေးရှာသည်။
အပေါ်ထပ်ကလည်းအတော်ကျယ်ပြီးအခန်းဖွဲ့ထားခြင်းမရှိပေ။
အောက်ထပ်၌သာနေကြပုံရ၏။
ခရီးပန်းလာ၍ ဘွားမယ်စိန်တို့လည်းကိုယ့်အိပ်ရာအသီးသီး၌
တရေးဝင်ကာအိပ်ကြတော့သည်။
တစ်နေကုန်လည်း ရွာထွက်သီးနံများ…
မုန့်အကြော်အလှော်များဖြင့်ဧည့်ခံကြလေသည်။
မောင်ကျော်၏မိဘများကအတော်ဧည့်ဝတ်ကျေလှသည်။
ညသို့ရောက်တော့ လူခြေတိတ်ချိန်ကိုစောင့်၍
မောင်ကျော်နဲ့စိုးပေတို့ကမီးတုတ်များကိုယ်စီကိုင်၍
ရွာထိပ်ထနောင်းပင်ရှိရာသို့ ဘွားမယ်စိန်တို့ကိုခေါ်လာခဲ့၏။
ရွာထိပ်လမ်းအပြင်…ရွာထဲလမ်း၌ညရောက်တာနဲ့
လူသွားလူလာပင်မရှိတော့။
ရွာကလည်း
အိမ်တံခါးများအသီးသီးပိတ်၍ တိတ်ဆိတ်နေကြသည်။
ထို့ကြောင့်ဘွားမယ်စိန်တို့ကိုလည်းမည်သူမှမမြင်ကြပေ။
ရွာထိပ်သို့ရောက်တော့…

“ဘွား…ဟိုရှေ့ကထနောင်းပင်ပဲဗျ…”

မောင်ကျော်ကထနောင်းပင်ကို
လက်ညှိးထိုးကာပြောလိုက်သည်။

“ဒါဆိုရင်ဘွားတစ်​ယောက်ထဲပဲဆက်သွားတော့မယ်…
မောင်ရင်တို့တတွေကတော့
ဒီနေရာမှာပဲနေခဲ့ကြတော့ကွဲ့…”

“ဖြစ်ပါ့မလားဘွားရဲ့…”

မောင်ကျော်ကမေးလေတော့မောင်တိုးမှ..

“ဖြစ်ပါတယ်ကိုကျော်ရာ..
ကျုပ်တို့ဒီနေရာမှာပဲနေခဲ့ပါ့မယ်ဘွား…
ကျုပ်တို့အတွက်နောက်ဆံမတင်းပါနဲ့…”

“အေး…အေး…အေး…”

ဘွားမယ်စိန်လည်းတောင်ဝှေးကြီးကိုထောက်၍
ထနောင်းပင်ဆီသို့ တစ်လှမ်းခြင်းလှမ်းကာသွားတော့သည်။
မောင်ကျော်နဲ့စိုးပေကတော့တံတွေးများပင်မြိုချကာ
ကြောက်နေပုံရသည်။
ဒါကိုသိသော မောင်တိုးနဲ့မောင်အုန်းက
မောင်ကျော်နဲ့စိုးပေတို့ကိုပုခုံးကိုဖက်ခါ အားပေးကြ၏။

“ကိုကျော်…မကြောက်နဲ့ဗျ…
ကျုပ်တို့ ကြွားတယ်လို့တော့မထင်ပါနဲ့ဗျာ…
အခု ခင်ဗျားရွာကဖိုးနီလောက်ကတော့
ဘွားကစာမဖွဲ့လောက်ပါဘူး…
ဒင်းဘယ်လိုဖြစ်မလဲဆိုတာ
ခင်ဗျားတို့ကြည့်သာနေတော့ဗျို့…”

“အေးပါမောင်တိုးရာ…ငါတို့က
ဒီလိုကိစ္စမျိုးမကြုံဖူးကြလို့ပါကွာ…”

မောင်တိုးတို့လည်းမောင်ကျော်တို့ကို
မည်သည့်စကားမှမပြောဖြစ်တော့ဘဲဘွားမယ်စိန်ကိုသာ
လှမ်းကြည့်နေကြတော့၏။
ထနောင်းပင်၏အောက်သို့ရောက်ရှိသွားသော
ဘွားမယ်စ်ိန်သည် အပင်ကိုမော့ကြည့်ပြီး…

“ဟဲ့…ဟိုအကိုင်းပေါ်ကအကောင်အခုဆင်းလာခဲ့စမ်း”

ဟု…ခေါ်လေတော့ ထနောင်းကိုင်ပေါ်က
မည်းမည်းအကောင်ကြီးသည်တုပ်တုပ်မျှမလှုပ်ချေ။
ထိုအခါ…

“အမယ်…ငါ့အသံကိုမကြားဟန်ပြုတယ်ပေါ့…
တွေ့ကြသေးတာပေါ့ဖိုးနီ…နင်ပဲဆိုးနိုင်မလား…
ငါပဲဆုံးမနိုင်မလားဆိုတာကြည့်ရသေးတာပေါ့…”

“ဒုတ်…”

“အား…”

“ဘုန်း…”

ဘွားမယ်စိန်စကားဆုံးတော့တောင်ဝှေးကိုမြေပေါ်သို့
ဆောင့်ချလိုက်သည်။
တောင်ဝှေးဆောင့်ချလိုက်သည်နှင့်သစ်ကိုင်းပေါ်က
မည်းမည်းအကောင်ကြီးသည် “အား” ခနဲအသံနက်ကြီးဖြင့်
အော်ဟစ်ရင်း မြေပေါ်သို့ပြုတ်ကျလာခဲ့၏။
မြေပြင်သို့ရောက်တော့ကုန်းကာထရင်း
ဘွားမယ်စိန်ကိုစိုက်ကာကြည့်​သော ထိုအကောင်ကြီး၏
မျက်လုံးများမှာနီကာရဲလို့နေလေသည်။
တစ်ကိုယ်လုံးကလည်း ရှည်လျားသော
အမွှေးနက်များဖြင့်ဖုံးကွယ်နေပြီး အစွယ်ကြီးနှစ်ချောင်းကလည်းပြူးလို့နေခဲ့၏။

“ရွာကိုဒုက္ခပေးနေတဲ့ ဖိုးနီဆိုတာနင်လားဟဲ့…”

ဟုဘွားမယ်စိန်ကလေသံမာမာဖြင့်မေးလိုက်သောအခါ…

“ဟုတ်တယ်…”

“နင်ဘာကြောင့် ဒီရွာကိုဒုက္ခပေးနေတာလဲ…”

“ဒါငါ့နေရာ…ငါလုပ်ချင်တာလုပ်မယ်…
မဆိုင်တာဝင်မပါနဲ့…ဒါနင့်နယ်မဟုတ်ဘူးစုန်းဖြူမ”

“ဟားး…ဟားးး…ဟားး…ဟားး…
နင်ကလည်းမခေလှပါလားဖိုးနီ…”

“ငါ့အသက်ကနင့်ထက်အများကြီးကြီးတယ်မယ်စိန်”

“အေးလေ…အကုသိုလ်နဲ့ဒီဘဝရောက်နေတော့
နင့်အသက်ကငါ့ထက်ကြီးမှာပေါ့…
အေး…ဒါပေမယ့်သူတပါးကိုဒုက္ခပေးပြီး
သတ်ချင်တိုင်းသတ်နေတဲ့နင့်ကိုတော့
ငါဆုံးမပေးရလိမ့်မယ်ဖိုးနီ…”

သရဲကြီးဖိုးနီ၏အသံကြီးကကြောက်စရာကောင်းလှသည်။
အသံသြသြကြီးနဲ့ဘွားမယ်စိန်ကို
တစ်ခွန်းမကျန်ပြန်ကာရန်တွေ့လို့နေလေသည်။

“ဟားး…ဟားးး…ဟားးး…ဟားး..ဟားး…
ငါလာပြီဟေ့…”

ဟု…အော်ရယ်ပြီး ဘွားမယ်စိန်ဆီပြေးလာခဲ့သည်။
ပြီးနောက်သူ၏လက်ဝါးကြီးဖြင့် ဘွားမယ်စိန်ကို
ရိုက်ချဖို့လုပ်လေတော့…ဘွားမယ်စိန်သည်
သူ၏လက်ဝါးကိုဖြန်ကာလိုက်ပြီး
နှုတ်မှဂါထာများရွတ်လေသည်။
ဂါထာများရွတ်ချိန် သရဲကြီးဖိုးနီမှာ
ဘွားမယ်စိန်ကိုရိုက်ဖို့ရွယ်နေသော
လက်ကြီးမှာတုန်ရီလာခဲ့ပြီး…

“အား….ပူတယ်…ပူတယ်…အား….”

ဟု…အော်ဟစ်ရင်းမြေပေါ်သို့လူးကာလှိမ့်တော့၏။
ဘွားမယ်စိန်ကလည်းတောင်ဝှေးပေါ် လက်နှစ်ဖက်တင်ကာထောက်လို့ သရဲကြီးဖိုးနီကိုကြည့်၍
ဂါထာများအဆက်မပြတ်ရွတ်လေသည်။

“အားးးပူတယ်…သေရချည်ရဲ့…
ပူတယ်….အားးးးးးးး….တော်ပါတော့…
တော်ပါတော့….”

သရဲကြီးဖိုးနီသည်လူးကာလှိမ့်၍အော်ဟစ်ရင်း
ထနောင်းပင်၏ပင်စည်ကြီးကိုသူရဲ့ခေါင်းနဲ့ပြေးကာတိုက်နေသည်။

“တော်ပါတော့…ကြောက်ပါပြီ…တော်ပါတော့…”

သရဲကြီးဖိုးနီ၏အသံကြီးမှာအတော်ပင်ကျယ်လှောင်လှသည်။

ဘွားမယ်စိန်က ဂါထာရွတ်တာကိုရပ်ပေးလိုက်လေတော့မှ
သရဲကြီးဖိုးနီပူလောင်ခြင်းများသက်သာသွားခဲ့၏။

“ဟဲ့…ဖိုးနီ…နင်မိုက်ချင်…ဆိုးချင်သေးသလားဟဲ့…”

ထိုအခါ သရဲကြီးဖိုးနီသည် ပြာပြာသလဲဖြင့်လူးလှိမ့်ထလာကာ
ဘွားမယ်စိန်နှင့်မဝေးသောနေရာ၌ဒူးကြီးကိုထောက်၍…

“ကျုပ်ကြောက်ပါပြီ…”

ဟုပြောလေသည်။

“နင်ကြောက်တာနဲ့ပြီးမလားဖိုးနီ…
ဒီရွာတစ်ရွာလုံးကိုနင်ဒုက္ခပေးထားတာလေ…
အဲ့တာနင်ဘယ်လိုလုပ်မလဲ…ပြော…”

“ကျုပ်ဘယ်သူ့မှဒုက္ခမပေးတော့ပါဘူးဗျာ…
ကျုပ် ခင်ဗျားကိုကြောက်ပါတယ်…”

“ဒါဆိုရင်…နင်လူတွေနဲ့ဝေးတဲ့နေရာ​မှာပဲသွားနေချေ..
ဒီအပင်မှာတော့ နင်မနေရတော့ဘူးဖိုးနီ…”

“ကျုပ်က ဘယ်မှာနေရမှာလဲ…”

“နင်နေရမှာက သလွန်ရွာသင်္ချိုင်းမှာပဲ…
နင်အဲ့မှာနေရမယ်…သွားချေ…သင်္ချိုင်းစောင့်ကို
ငါပြောထားမယ်…”

“ဟုတ်ကဲ့…”

ဘွားမယ်စိန်စကားဆုံးသည်နှင့်သရဲကြီးဖိုးနီသည်
နေရာမှထ၍ ဘွားမယ်စိန်အနီးမှထွက်သွားတော့သည်။
သလွန်ရွာသင်္ချိုင်းရှိရာသို့ သရဲကြီးဖိုးနီသည်
အမှောင်ထဲ၌တလှုပ်လှုပ်ထွက်သွားခဲ့သည်။
ထိူအချိန်ဘွားမယ်စိန်ကလည်း သလွန်ရွာသင်္ချိုင်းစောင့်အား
သရဲကြီးဖိုးနီကိုလက်ခံပေးဖို့ရန်
နှုတ်မှတတွတ်တွတ်ပြောနေခဲ့၏။
ပြီးလေမှ ထနောင်းပင်အောက်မှထွက်လာခဲ့ပြီး
မောင်တိုးတို့ရှိရာဆီသို့ရောက်လာခဲ့လေသည်။

“ကဲ…ပြန်ကြတာပေါ့…”

ဟု…ဘွားမယ်စိန်ကပြောလေတော့မောင်တိုးတို့လည်း
မည်သည့်စကားမှမမေးတော့ဘဲအတူပြန်လိုက်လာခဲ့ကြသည်။

နောက်တစ်နေ့နံနက်ရောက်တော့…

“ဟဲ့…ညက ရွာထိပ်ကအော်သံကြီးတွေကြားတယ်မလား”

“ကြားပါ့ဟယ်…သရဲကြီးဖိုးနီရှိတဲ့အပင်ကြီးကထင်တယ်နော်”

ဟုသော ရွာသူတို့၏စကား​ပြောသံများထွက်ပေါ်နေခဲ့သည်။

မောင်ကျော်တို့အိမ်မှာတော့…

“ကျုပ်ကတော့ဒီသတင်းကို​ပြောလိုက်တော့မယ်ဗျာ…
သရဲကြီးဖိုးနီကို ဘွားမယ်စိန်ကဘယ်လိုအနိုင်ယူခဲ့သလဲဆိုတာ
ကျုပ်တို့လည်းညကတွေ့ကြတာပဲ…”

စိုးပေက ပြောတော့မောင်ကျော်ကလည်း
ခေါင်းညိတ်ထောက်ခံလေသည်။
ထိုအခါမောင်ကျော်အဖေဖြစ်သူက…

“ဒါဆိုလည်းငါ့သားတွေသဘောပဲလေကွာ…
အခုဆိုရင်သရဲကြီးဖိုးနီလည်း
တို့ရွာကိုဒုက္ခမပေးနိုင်တော့ပါဘူး…”

ဟုပြောလေတော့ မောင်ကျော်တို့လည်း
ရွာထဲ၌ သရဲကြီးဖိုးနီအကြောင်းများ
လိုက်လံပြောပြတော့သည်။
ထိုအခါ သလွန်ရွာသူကြီးကိုယ်တိုင်ပင်
ဘွားမယ်စိန်ကိုလာတွေ့ပြီး
ကျေးဇူးတင်စကားများပြော​လေသည်။
ရွာသူ၊ရွာသားတို့မှာလည်းအတော်လေးဝမ်းသာနေကြ၏။

“ဘွား”

“ဟေ…”

“ကျုပ်ညီတွေကိုရွာထဲခဏခေါ်သွားဦးမယ်ဗျ”

“အေး…ခေါ်သွားကြလေကွယ်…”

မောင်ကျော်တို့က မောင်တိုးတို့ကိုရွာထဲခေါ်သွားဖို့ရန်အတွက်
ဘွားမယ်စိန်ကို ခွင့်တောင်းကြလေသည်။
ဘွားမယ်စိန်ခွင့်ပြုလေတော့ မောင်တိုးတို့ကို
ရွာထန်းတော၌ ထန်းရည်နဲ့ကြက်ကြော်၊ကြွက်ကြော်၊
ပဲလှော်အစရှိသည့်အမြည်းများဖြင့်ကျွေးမွေးကြ၏။
နောက်တစ်ရက်ရောက်မှသောင်ထွန်းရွာသို့ပြန်ဖို့ရန်
ဘွားမယ်စိန်တို့နွားလှည်းလေး
သလွန်ရွာထဲမှထွက်လာခဲ့တော့သည်။
သလွန်ရွာရှိလူများကတော့ဘွားမယ်စိန်တို့
ပြန်သည်အထိလှည်းအနောက်မှလိုက်၍
နှုတ်ဆက်ကြရှာသည်။
သရဲကြီးဖိုးနီလည်း ရွာထဲဝင်ပြီး ဒုက္ခမပေးနိုင်တော့၍
သလွန်ရွာလေးမှာခြောက်လန့်မှုများကင်းစင်သွားခဲ့ပေပြီ။

ထိုသို့ဖြင့်ဘွားမယ်စိန်နှင့်
သရဲကြီးဖိုးနီစာမူလေးပြီးဆုံးသွားပါပြီ။

စာ​ရေးသူ ယဥ်မင်း(ကန့်ဘလူ)အားလေးစားလျက်

ရွင်လန်းချမ်းမြေ့ကြပါစေ

Like&shareလေးနဲ့အားပေးကြပါအုံး