အငြိုးမပြေတေစ္ဆမ

သိရပေ။ ဧပရယ် ပြောပုံ အရ တော့ အိပ်မက်ထဲမှာ မိန်းမတစ်ယောက်က သူ့ကို သတ်မယ် သတ်မယ် နဲ့ လာလာပြီး ပြောနေသည်။

ပြီးတော့ ထိုမိန်းမပုံစံက မျက်လုံးက ပြူးပြူး လျှာကြီးတွေက ရှည်ထွက်နေကာ လက်သည်း တွေကလည်း အရှည် ကြီးတွေ ဟု ပြောပြခဲ့ဖူးသည်။ အိပ်မက်ထဲမှာတော့ အဲ့ဒီမိန်းမက လက်နှစ်ဖက်ကို ဆန့်တန်းပြီး အသံဩဩကြီးဖြင့် ဧပရယ့်ဆီကို နင့်ကို သတ်မယ် … နင့်ကိုသတ်မယ် … လို့အော်ကာ လာနေသောကြောင့် ဧပရယ်လည်း ကြောက်လန့်ပြီး အော်မိလိုက်ခြင်း ဖြစ်သည်။

တစ်ပတ်ခြားတစ်ခါ ဆိုသလို ညဘက်ရောက်တိုင်း ဒီလိုမြင်မက်နေတာကြောင့် သုတလည်း စဉ်းစားမရတော့။ ထမင်းလုံးတစ္ဆေ ခြောက်တာလား။ ဘာကြောင့်လည်းဆိုတာတော့ တွေးမရခဲ့ပေ။

ဧပရယ့်ကိုတော့ အသာချောမော့ ဖျောင်းဖျကာ ရေတစ်ခွက် ခပ်တိုက်လိုက်ပြီး ပြန်သိပ်ထားရ လေသည်။ သုတ လည်း အကြောင်းအရင်းကို တွေးမရတာကြောင့် ဆက်ပြီး မတွေးတော့ပဲ ပြန်လည်ပြီး အိပ်စက်လိုက်တော့သည်။

………………
(အခန်း ၃)

နှင်းနုတစ်ယောက် ဈေးကနေ ပြန်လာသည့်အခါ လက်ထဲမှာတော့ ကြက်မကြီး တစ်ကောင်ကို ကိုင်ဆွဲလာလေ တော့သည်။ ဒါကို နှင်းနုရဲ့ ဖခင်ဖြစ်သူ ဦးမောင်ကြီးဆိုသူက တွေ့လိုက်တဲ့အခါ…

“ဟဲ့ မိနှင်းနု ကြက်မကြီးက ဘာလုပ်ဖို့လည်း”

နှင်းနု၏ အဖေဖြစ်သူ ဦးမောင်ကြီးက မေးလိုက်ခြင်းပင်။ သမီးဖြစ်သူ ဈေးကပြန်လာလေတော့ ကြက်မ အရှင်ကြီး တစ်ကောင် ကိုင်လာတာကို တွေ့လိုက်တော့ ထူးဆန်းနေ၍ မေးလိုက်ခြင်းပင်။ ဒီတော့ နှင်းနုလည်း ဈေးခြင်း တောင်းကို ချလိုက်လေပြီး ပြန်လည်ပြောလိုက်သည်။

“​ဪ.. အဖေကလည်း မွေးထားဖို့ပေါ့ … အိမ်မှာ မွေးထားဖို့ ဝယ်လာတာလေ”

ဆိုတော့ ဦးမောင်ကြီးလည်း…

“အာ… နင်ကလည်း အလုပ်ရှုပ်လို့ဟာ”

“အဖေကလည်း ဘာရှုပ်လို့လည်း ဒီတိုင်း ထားရုံပဲလေ”

“ကဲကဲ ထားပါတော့ ဒါဆိုလည်း ငါလည်း ယာထဲသွားအုန်းမယ်”

ပြောပြောဆိုဆိုဖြင့် ဦးမောင်ကြီးလည်း ခမောက်ကို ​ေဆာင်းလိုက်ပြီး လွယ်အိတ်ကိုလွယ် ဓားတစ်ချောင်းကို ကိုင်ပြီး ထွက်သွားလေတော့သည်။

အဖေဖြစ်သူ ထွက်သွားတဲ့အခါ နှင်းနုလည်း သူမ ဝယ်လာသည့်ကြက်ကို အစာကျွေး ရေတိုက်ကာ ခြင်းတောင်းနှင့် အုပ်ထားလိုက်လေသည်။ အခုမှ ဝယ်လာသည်ဆိုတော့ ဒီလို အုပ်ထားရမည်။ ကိုယ်နဲ့က ယဉ်ပါးသေးတာမဟုတ်။ နှစ်ရက်လောက် အိမ်မှာ ထားလိုက်ရင်တော့ အုပ်စရာတော့ မလိုတော့ပေ။ ထို့နောက် မီးဖိုးချောင်ကို ဝင်ကာ လုပ်စရာ ရှိတာတွေ လုပ်ပြီး ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ပါတော့သည်။

အချိန်ကတော့ တဖြေးဖြေးနှင့် ကုန်ဆုံးလာခဲ့ပြီး ညသို့ပင် ရောက်ရှိလာလေတော့သည်။ ဦးမောင်ကြီးနှင့် နှင်းနု လည်း ညစာ ထမင်းစားလိုက်ကြပြီး အိပ်ရာဝင်ဖို့ ပြင်လိုက်တော့သည်။ ဒီလို တောရွာတွေမှာက မြို့ပြလို့ မဟုတ်။ ထမင်းကို စောစောစီးစီးစားကာ အိပ်ရာဝင်တတ်ကြသည်။ မနက်ဆို စောစောထပြီး အသီးသီးလုပ်ငန်းခွင်သို့ ဝင်ကြသည်။ သူတို့ သားအဖနှစ်ယောက်လည်း ညအိပ်ရာဝင်ပြီး အတန်ကြာတဲ့ အခါမှာတော့…

“……………”

“……………”

အိမ်အောက်ကနေ ကြက်အော်သံတွေကို စူးစူးဝါးဝါး ကြားလာရတော့ ဦးမောင်ကြီးလည်း သမီးဖြစ်သူကို လှမ်းပြော လိုက်သည်။

“သမီးရေ အောက်မှာ ကြက်အော်လှချေလားဟ အဖေ ဆင်းကြည့်လိုက်အုန်းမယ်”

ဆိုကာ ဓာတ်မီးကိုယူပြီး ဆင်းကြည့်ဖို့ပြင်လိုက်တော့ နှင်းနုက..

“သမီးပါ လိုက်မယ် အဖေ”

ဟုပြောကာ ဆင်းလာခဲ့လေသည်။

သူတို့ရွာလေးမှာက သူခိုးသူဝှက်တော့ မရှိပေ။ ဒါပေမဲ့ လူဆိုတာက ပြောရတာမဟုတ်။ မနက်ကမှ ဝယ်လာသည့် ကြက် သူများခိုးသွားလို့တော့ မဖြစ်။ သူခိုးသူဝှက် မဟုတ်ရင်တော့ ဒီကြက်က ဘာများဖြစ်လို့ပါလိမ့် ဆိုကာ ဆင်း ကြည့် လိုက်ကြသည်။ ကြက်ကတော့ အသံကုန်အော်နေဆဲပင်။ အိမ်အောက်ကို ရောက်လာလေတော့…

“သမီး ဓာတ်မီးထိုးစမ်း”

နှင်းနုလည်း မီးထိုးလိုက်တဲ့အခါ အိမ်အောက် အမှာတော့ ဘယ်သူမှ ရှိမနေပေ။ ကြက်ကတော့ အော်ကောင်းနေဆဲ။ ညဘက် ထွက်ပြေးမှာစိုး၍သာ ကြက်ခြေထောက်ကို ကြိုးနဲ့ အသာယာလေးပဲ ချည်ထားခဲ့ခြင်းပင်။ ဒါကို ဒီကြက်က ဘာလို့အော်နေတာလည်း တွေးမရ။

ထို့ကြောင့် အိမ်အောက်ထဲအထိ ဝင်ကာ ထိုကြက်ကို မီးနဲ့ထိုးကြည့်လိုက်တဲ့ အခါမှာတော့ သူတို့လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩသွားခဲ့ရသည်။

“ဟင်…”

“ဘုရားရေ…”

သားအဖနှစ်ယောက် ဟာခနဲ ဟင်ခနဲ ဖြစ်သွားပြီး ဘုရားပင် တလိုက် မိသည်။ မြင်လိုက်ရသည်က ကြက် မကြီး၏ လည်ပင်းကို တစ်ယောက်ယောက် လိမ်ချိုးနေသလို လည်လိမ်နေကာ အော်နေခြင်းဖြစ်သည်။ ကြက်က ရုန်းကန်နေပြီး ရုန်းမရသည့်အလား လူးလိမ့်နေသည်။ လည်ပင်းမှာလည်း လိမ်ထွက်နေပြီး ရုန်းမရသည့် သဏ္ဍာန်မျိုးပင်။

မကြာလိုက်။ ထိုကြက် မလည်း အသံကုန်အော်ဟစ်ကာ လည်လိမ်လျက် ငြိမ်ကျသွားလေတော့သည်။ အသက် ပျောက်သွားပြီ ဖြစ်သည်။ ဒီတော့ သူတို့လည်း ဘာဖြစ်မှန်း မသိတော့ ဘာမှမတတ်နိုင်ခဲ့ပေ။

“ကဲ ကဲ သမီး ထားလိုက်တော့.. ကြက်ကတော့ သေသွားပြီ.. အကြောတွေဘာတွေ ကပ်တာပဲ နေမှာပေါ့… ရေနွေးကြိုလိုက်တော့လေ တစ်ခါထဲ ချက်ထားလိုက်တော့မယ် မနက်ကျမှဆိုရင် မကောင်းပဲနေအုန်းမယ်”

“ဟုတ် အဖေ”

နှင်းနုလည်း အိမ်ထဲပြန်ဝင်ကာ ရေနွေးကြိုလျက် ချက်ပြုတ်ဖို့ ပြင်ဆင် လိုက်လေတော့သည်။ ထူးထူးဆန်းဆန်း ပေမဲ့ မိမိလည်း မတွေးတတ်သောကြောင့် စဉ်းစား မနေတော့ပဲ ချက်ပြုတ်ဖို့သာ လုပ်နေလိုက်တော့သည်။

……………..
(အခန်း ၄)

ဧပရယ် နဲ့ သုတတို့က လက်ထပ်ထားသည်မှာ မကြာသေးပေ။ လက်ထပ်ထားပြီးထဲက နှစ်ယောက်ထဲ နေချင်သည်ဆို၍ အိမ်ခွဲ၍ နေခြင်းပင်။ သူတို့အိမ်လေးက တစ်ထပ်တိုက်ပုလေး။ ခြံလေး ဝန်းလေးနဲ့ဆိုတော့ ဧပရယ်လည်း ကျေနပ်သည်။ တစ်ခု ခက်သည်ကား ဧပရယ် တစ်ယောက် တစ်ပတ်ခြား တစ်ခါလောက် ဆိုသလို အိပ်မက်ဆိုးတွေကို မြင်မ က်နေခြင်းပင်။ အိပ်မက်ထဲမှာလည်း ဆံပင်ရှည်ရှည်နဲ့ ဖားလျားချထားသည့် မိန်းမ တစ်ယောက်က သူမကို လာ၍ ခြောက်နေခြင်းဖြစ်သည်။

ထိုမိန်းမ၏ ပုံသဏ္ဌာန်ကတော့ မျက်လုံးက ပြူးကျယ်နေသည်။ လျှာကြီးတွေက အပြင်ကို တစ်ထွာခန့် ရှည်ထွက်နေပြီး ပါးစပ်ထဲမှာတော့ သွားချွန်ချွန်တွေက အတိုင်းသားပင် ပေါ်နေသည်။ ထူးခြားသည်မှာ ထိုမိန်းမရဲ့ လက်သည်းတွေက အရှည်ကြီးတွေနှင့် ချွန်မြနေလေသည်။ အိပ်မက်မက်တိုင်း ထိုမိန်းမက လက်သည်း ချွန်ချွန် ရှည်ရှည် ကြီးတွေဖြင့် လက်နှစ်ဖက်ကို ရှေ့သို့ ဆန်တန်းကာ အသံဩဩကြီးဖြင့် နင့်ကိုသတ်မယ်… နင့်ကို သတ်မယ်… စသဖြင့် အော်ကာ ခြောက်လှန့်နေလေသည်။

ထိုသို့ မြင်မက်တိုင်းမှာ ဧပရယ်လည်း ကြောက်လန့်ကာ လန့်၍နိုးလာတတ်သည်။ ထိုအခါ သူမလည်း ရင်တွေ တုန်လျက် ကြောက်လွန်း၍ အထိတ်တလန့်ပင် အသည်းတုန်ဖွယ် ဖြစ်ခဲ့ရသည်။ ထိုအကြောင်းကို မိဘတွေဆီ ပြောပြလေတော့ သူမကို ဘုရားတရား များများလုပ်ဖို့သာ ပြောဆိုဆုံးမခဲ့သည်။ သို့ပေမဲ့ ထိုအိပ်မက်ကတော့ တစ်ပတ် ကို တစ်ခါလောက်တော့ မြင်မက်နေဆဲပင်။

သုတက ကုမ္ပဏီတစ်ခုမှာ လက်ထောက် မန်နေဂျာတစ်ယောက် ဖြစ်သည်။ သူမနဲ့ ရပြီးထဲက အလုပ်ကို မနက်သွား ညနေပြန် စသဖြင့် လည်ပတ်နေကြရသည်။

သည်ကနေ့လည်း သုတတစ်ယောက် အလုပ်သွားလေတော့ ဧပရယ်လည်း အိမ်မှုကိစ္စတွေကို ဇယ်ဆက်သလို လုပ်ကိုင်လေတော့သည်။ ထမင်းဟင်းကတော့ မနက်စောစောထကာ ချက်ပြီးလေတော့။ အဝတ်လျော်သင့်တာလျော်။ အိမ်ရှင်းစရာရှိတာတွေ ရှင်းလင်းကာ နေ့လည်လောက်မှာတော့ အားလုံးပြီးဆီးခဲ့လေပြီ။ ဧပရယ်လည်း ခနတဖြုတ် နားလိုက်ပြီး ထမင်းစားလိုက်သည်။ ထိုစဉ်မှာပင်…

ဝုန်း…… ဂျိန်း……

ဆိုသည့် မိုးခြိမ်းသံကြီးကို ကြားလိုက်ရလေတာကြောင့် ရုတ်တရက်တော့ လန့်သွားမိသည်။ အဝတ်တွေ လှန်းပြီးဆို ဒီမိုးက ရွာပြီဟု ပြောလိုက်ကာ အဝတ်တွေ ရုတ်လာပြီး အိမ်ထဲမှာသာ ပြန်လှမ်းထားလိုက်သည်။

ခနလောက်နေတော့ ကောင်းကင် တစ်ခုလုံး မှောင်မဲလာကာ တဝုန်းဝုန်းနှင့်ပင် မိုးရွာချလိုက်လေတော့သည်။ ဒီတော့ ဧပရယ်လည်း တံခါးတွေ လိုက်ပိတ်လိုက်တဲအခါ အိမ်ထဲမှာ မှောင်မဲသွား၏။ ထို့ကြောင့် မီးတွေကို လိုက်ဖွင့် လိုက်လေတော့ မီးမက လင်းမလာတော့ပေ။

“ဟွန်း… မိုးရွာပြီဆို မီးကပျက်ပြီ စိတ်ညစ်ပါတယ်”

ဆိုပြီး ညည်းတွားမိလိုက်သည်။ ဧပရယ်လည်း မီးပျက်နေတာ ခုမှ သတိထားမိလိုက်သည်။ ထို့ကြောင့်လည်း ညည်းတွားလိုက်ခြင်းပင်။ ဖယောင်းတိုင် တစ်တိုင်ကို မီးညှိကာ ထွန်းလိုက်တော့မှ အတန်ငယ် လင်းသွားချေ၏။ အပြင်မှာတော့ တဝုန်းဝုန်းနှင့် မိုးကရွာ ကောင်းနေဆဲပင်။ ဧပရယ်လည်း လုပ်စရာ ဘာမှမရှိလေသောကြောင့် အိပ် ခန်းထဲသို့ ဝင်ကာ မှေးနေလိုက်သည်။ ထိုစဉ်…

“ဟဲ့ ထ … ထ … ဟဲ့ ဧပရယ် ဆိုတဲ့ မိန်းမ ထစမ်း”

နားထဲသို့ သူ့နာမည်ကို ခေါ်ကာ နှိုးနေသည့် အသံကို သဲ့သဲ့လေး ကြားနေရသည်။ သို့ပေမဲ့ အိပ်ချင်မူးတူးဖြစ်နေကာ မျက်လုံးတို့က ဖွင့်မရသေး။ နားထဲမှာတော့ အသံတွေ ထပ်ကြားလာရသည်။

“ဟဲ့ နင့်ကို နှိုးနေတာ … ထစမ်း”

အသံကတော့ မိန်းမတစ်ယောက်၏ အသံပင်။ ဒေါသဖြစ်နေသည့် အသံပေါက်နေသည်။ မျက်လုံးဖွင့်ကြည့် လိုက် လေတော့ သူမ၏ အရှေ့နားဆီမှ မဲမဲပုံရိပ် တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ ထို့ကြောင့် လန့်ပြီး ထထိုင် လိုက်တော့ ဘယ်သူမှရှိနေတော့။

“ဟင်.. ဘာလည်းဟ ငါ့ကို ဘယ်သူနှိုးနေတာလည်း ဘယ်သူမှလည်း မရှိပါဘူး”

ဧပရယ်လည်း ထကြည့်လိုက်တဲ့အခါ ဘယ်သူ့ကိုမှ မတွေ့ရပေ။ အခန်းထဲမှာတော့ ဖယောင်းတိုင်မီး ထွန်းထားသည့် အတွက် အလင်းရောင် ရသင့်သလောက်တော့ ရနေသည်။ ဖယောင်းတိုင်ကို လှမ်းကြည့်လိုက်တော့ တစ်ဝက်ပင် မကျိုးသေး။ ဒါဆို သူမ အိပ်ပျော်သွားတာ မကြာသေးပေ။ အပြင်မှာတော့ မိုးကရွာကောင်းဆဲပင်။ ထိုစဉ် အိမ်ရှေ့မှ..

ဂလွမ်း…… ဂလုံး…… ခွမ်း……

ဟင်.. ဘာဖြစ်တာလည်း။ ဖန်ကွက်တွေ ကျကွဲသံပါလား။ ဒီတော့ သူမလည်း အမြန်ထကာ အိမ်ရှေ့သို့ ထွက်လာ ခဲ့လေသည်။ အိမ်ရှေ့ဧည့်ခန်းမှာ တင်ထားသည့် ဖန်ခွက်တွေ ပန်းကန်တွေ ကျကွဲနေတာကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူမလည်း လန့်သွားကာ ကြက်သီးတောင် အနည်းငယ် ထသွားမိသည်။ ဘာဖြစ်တာလည်း။ ကြွက်တိုး တာလား။ ကြောင်လား ထင်မိပေမဲ့ သူတို့အိမ်မှာ ကြွက်တွေ ကြောင်တွေ မတွေ့ရခဲ့ပေ။ ထို့ကြောင့် စဉ်းစား၍ လည်းမရ။

ထိုစဉ် အိမ်နောက်ဖေး မီးဖိုချောင်ထဲမှ ဂလုံး ဂလွမ်း နှင့် အိုးခွက် ပန်းကန် ပြုတ်ကျသံတွေကို ထပ်မံ ကြား လိုက်ရ သည်။

ဟော ကြားရပြန်ပြီ။ ကြောင်တွေလားမသိဘူး ဆိုပြီး သူမလည်း တွေးလိုက် မိသည်။ သူတို့အိမ်မှာ ကြောင်မရှိပေမဲ့ တခြားကကြောင်တွေပဲ နေမှာပေါ့ဟု ထင်လိုက်သည်။ မိုးရွာလို့ လာဝင်ခိုလေသလား။ ကြက်သီးကတော့ နည်းနည်း ထလျက်ပင်။ မိုးကလည်းရွာ မှောင်ကလည်း မှောင်နေတော့ တစ်ယောက်ထဲ ခြောက်ခြားလာခဲ့သည်။ ထို့ကြောင့် အိမ်နောက်ဖေး မီးဖိုချောင်ထဲသို့ အမြန်ပြေးကြည့်လိုက်တဲ့အခါ…

ဘာမှတော့ မတွေ့ရခဲ့ပေ။ ဒီတော့ အံ့ဩနေလျက် ဘာလုပ်ရမလည်း မသိတော့။ အသံတွေတော့ ကြားနေပြီး ဘာပစ္စည်းမှ ပြုတ်ကျနေတာ မတွေ့ရ။ ဒီတော့ ကြက်သီးလေးတွေတောင် ထလာချင်မိသည်။ ကျောရိုး တစ်လျောက် မှာလည်း အနည်းငယ် အေးလာသလို ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း အလျှင်အမြန်ပင် အိမ်ရှေ့ခန်းဆီ ပြန်လာခဲ့ လိုက်လေ၏။

ထိုသို့ ပြန်လာခဲ့တဲ့ အခါ သူမလည်း မီးဖိုခန်းထဲမှ အထွက် မြင်လိုက်သည်က လူရိပ်လိုလို အရိပ်တစ်ခုက အိပ်ခန်းထဲကို ဖျပ်ခနဲ ဝင်သွားသယောင်ယောင်ကို မြင်လိုက်ရလေသည်။

“ဟင် ဘယ်သူပါလိမ့် သုတလား… မဟုတ်သေးပါဘူး သူဆို အသံ ပေးမှာပေါ့ သူခိုးလား ဒါဆိုရင်တော့ မဖြစ်ဘူး”

ဆိုပြီး တွေးလိုက်ကာ သူမ၏ အင်္ကျီအိပ်ထဲက လက်ကိုင် ခလုတ် ဖုန်းလေးကို နံပတ်လေးတွေနှိပ်ကာ ခေါ်လိုက်သည်။ ထို့နောက်တော့ လေသံတီးတိုးဖြင့် ..

“ဟယ်လို အဖေလား.. သမီးအိမ်ကို ခဏလာခဲ့ပါအုန်း သူခိုးလား ဘာလား မသိဘူး ရိပ်ခနဲတွေ့လိုက်လို့”

သူမအဖေအိမ်က သိပ်တော့ မဝေးပေ။ ဒါ့ကြောင့် ခေါ်လိုက်ခြင်းပင်။ ထို့နောက်မှာတော့ ဧပရယ်လည်း မီးဖိုချောင် ထဲက တွေ့တဲ့ တုတ်တစ်ချောင်းကို အသာယာလေးယူလိုက်ကာ အိပ်ခန်းထဲသို့ အသာလေး ချောင်းကြည့်လိုက်တဲ့ အခါမှာတော့ …

“အား …..”

ဧပရယ်လည်း အသံကုန်ပင် စူးစူးဝါးဝါးဖြင့် အော်လိုက်မိတော့သည်။ သူမလည်း ထိတ်လန့် စရာမြင်ကွင်း တစ်ခုကို မြင်လိုက်ရတာကြောင့် အော်မိလိုက်ခြင်းပင်။ ဧပရယ်တစ်ယောက် လန့်လည်း လန့်သွားမိသည်။ အသားတွေလည်း တဆတ်ဆတ်နဲ့ တုန်လာသလိုပင်။ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကား သွေးပျက်စရာပင်။

ကောင်လေး တစ်ယောက်က ကောင်မလေး တစ်ယောက်ကို လည်ပင်းညှစ်နေသည်။ လည်ပင်း ညှစ်နေသည့် ကောင်လေး ခမြာ မျက်ရည်တွေကလည်းကျ။ သို့ပေမဲ့ ဒေါနှင့်မောနှင့် ကောင်မလေး၏ လည်မျိုကို ဖိညှစ် ထား လေသည်။ ကောင်မလေးကတော့ မျက်လုံးတွေ ပြူးကျယ်လာကာ ရုန်းကန်နေပေမဲ့ မရ။ အသံပင် မထွက်နိုင် တော့ပေ။

ဒါဘာလည်း။ သူမအိမ်မှာ ဘာ့ကြောင့် ဒီလိုမျိုး လာတွေ့နေရတာလည်း မသိ။ စောစောက မီးဖိုခန်းထဲကို သွားတာက မကြာလိုက်။ ခဏပဲဖြစ်သည်။ ဒီလူတွေက ဘယ်ကနေ ဘယ်လို ရောက်လာတာလည်း မသိတော့။ ဘာပဲဖြစ်ဖြစ် ဆက်ပြီးတော့ မတွေးတော ဖြစ်တော့။

ထိုမြင်ကွင်းကို သူမလည်း ဆက် မကြည့်နိုင်သောကြောင့် ဖြစ်ချင်ရာဖြစ် ဆိုကာ တုတ်ကိုကိုင်လျက် အခန်းထဲ ဝင်လိုက်လေသည်။ ထိုအခါမှာပင် ထိုအရာတွေက ဖျပ်ခနဲ ပျောက်ကွယ်သွားလေတော့သည်။

“ဟင်… ဘယ်ရောက်သွားတာလည်း”

ဆိုကာ အံ့ဩသွားမိလေသည်။ သူမ အခန်းထဲဝင်လိုက်တဲ့ အခါ ဘာမှ မတွေ့ရတော့ပေ။ သူမလည်း အံ့ဩကာ ဘာလုပ်လို့ လုပ်ရမလည်းမသိ။ အသားတွေလည်းတုန်ကာ ကြက်သီးတွေလည်း ထနေလေပြီ။ ဘာတွေ ဖြစ်နေမှန်း လည်း မသိတော့။ သူမလည်း ရူးချင်သွားသည်။ ခြေပစ်လက်ပစ်နှင့် အိပ်ရာပေါ်သာ ပစ်လှဲလိုက်လေသည်။

*****

တစ်စုံ တစ်ယောက်က သူမကို လှုပ်နှိုးနေတာကြောင့် အသိစိတ်တို့က နိုးလာခဲ့သည်။ သို့ပေမဲ့ မျက်လုံးကတော့ ဖွင့်မရသေး။ အိပ်ချင်နေသေး၍ မထသေးပဲ ပေပြီး ဆက်အိပ်နေလိုက်သည်။ ထိုစဉ် သူမ၏ အသားကို လှုပ်နှိုးနေ တာကြောင့် မထ၍ မရတော့။ မျက်လုံးကို ဖွင့်ကြည့် လိုက်မိတဲ့အခါ …

“အား… ဘာကြီးလည်း ..”

ဆိုကာ အော်ဟစ်လိုက် မိတော့သည်။ သူမ၏ မျက်နှာ ပေါ်ကနေ မိုးပြီး ကြည့်နေသူ တစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရတော့သည်။ ဆံပင် ရှည်ရှည်။ မျက်လုံးပြူးပြူးဖြင့် အသားတွေ မျက်လုံးတွေက နီရဲနေပြီး ဒေါသ ထွက်နေသည့် မျက်နှာကြီး တစ်ခု။ ကြောက်စရာလည်း ကောင်းလှသည်။ ပြီးတော့ မှတ်မိလိုက်သည်က ဒီမျက်နှာဟာ သူမ အိပ်မ က်ထဲကို လာလာနေတဲ့ မျက်နှာကြီးပင်။

“ဟား.. ဟား.. ဟား.. နင် သေရမယ် နင်သေရမယ်”

စသဖြင့် အသံဩဩကြီးနဲ့ အော်ကာ အပေါ် မျက်နှာကြပ် ပေါ်ကနေ တဖြေးဖြေးနှင့် သူမရှေ့ကို ဆင်းလာကို တွေ့လိုက်ရတော့သည်။ ဒီတော့ ဧပရယ်လည်း လုံးဝ နေလို့မရတော့ပေ။ အသားတွေ တုန်လာပြီး ဇောချွေးတွေ ပျံကာ ကြောက်ရွံ့လာခဲ့ပြီ။

“နင်.. နင်.. ဘယ်သူလည်း.. ဘယ်သူလည်း..”

ကြောက်ကြောက်နှင့် မေးလိုက်ပေမဲ့ ထိုကြောက်စရာ မျက်နှာ ပိုင်ရှင်ကား ပါးစပ်ကြီးကို ဖြဲလျက် အော်ဟစ် ရီမော နေပြီး လက်သည်းချွန်ချွန် ရှိသည့် လက်ချောင်းများက ရှေ့သို့ ဆန့်တန်းကာ လာနေချေပြီ။

“သွား.. သွား.. ငါ့အနား မလာနဲ့.. သွား… ငါ ငါကြောက်လို့ပါဟာ.. မလာပါနဲ့”

ထိုသို့ပြောနေပေမဲ့ မရတော့ပေ။ လက်နှစ်ဖက်က သူမရှ့ကို တဖြေးဖြေးချင်းပင် ရောက်နေလေပြီ။ ကြည့်ရင်း ကြည့်ရင်းဖြင့် လက်သည်းတွေက သူမ၏ လည်ပင်းကို ဖျက်ခနဲ ကိုင်လိုက်တဲ့အခါ ဧပရယ် ကြောက်လန့်ပြီး အော်ဟစ် လိုက်တော့သည်။

“အား…”

ထိုအော်သံနဲ့အတူ အသိစိတ်တို့က ဖျပ်ခနဲ ပြန်ရောက်လာသလိုပင်။ ဒါ အိပ်မ က်ပါလား။ တော်သေးတာပေါ့။ ဒီလို တွေးလိုက်ပေမဲ့ ရင်တုန်နေကာ ကြောက်စိတ်က မပြေသေးပေ။ ဟိုကြည့်ဒီကြည့်ဖြင့် လိုက်လံ ကြည့်ရှု့မိ လေတော့ အခန်းထဲမှာက ပုံမှန် အတိုင်းပင်။ ထိုစဉ် အသံတစ်ခုက နားထဲကို ရောက်လာပြန်သည်။ တိုးတိုး ညှင်းညှင်း လေး ကနေ တဖြေးဖြေးနဲ့ ကျယ်လောင်လာ သယောင်ပင်။ ဒီအခါ နားထောင်ကြည့်လိုက်တဲ့ အခါမှာတော့ ..

ရီသံတွေပင်။ ရီသံတွေကို သေသေချာချာပင် ကြားလိုက်ရသည်။ တဟားဟားနဲ့ ရီသံတွေက အခန်းထဲမှာ ပတ်ပြေး နေသလိုပင်။ ဟိုမှဒီ ရွေ့လျားလျက် ကြားနေရလေသည်။ ဒီလို ခြောက်ခြားစရာ အသံတွေကို ဧပရယ်လည်း ကြားလိုက်ရလေတော့ ထိတ်လန့်သွာပြီး အခန်းထဲကိုလည်း ဟိုဟိုဒီဒီ လျောက်ကြည့် လိုက်မိတော့သည်။

ထိုအခါ အနည်းငယ် မှောင်နေတဲ့ အခန်းနံရံထောင့် တစ်နေရာမှာ ပုံရိပ်တစ်ခုက တိုးထွက်လာလေသည်။ ရီသံက ထိုပုံရိပ်ကလာမှန်းလည်း သူမ သိလိုက်သည်။ ထိုပုံရိပ်ကိုတော့ သေသေချာချာတော့ မတွေ့ရသေးပေ။ ဝိုးတဝါး နှင့်သာ တွေ့နေရ လေသည်။ သို့ပေမဲ့လည်း ဧပရယ်တစ်ယောက် ဘာရယ်မသိ ကျောရိုးတစ်လျောက် တဖျင်းဖျင်း ဖြစ်လာကာ ကြက်သီးမွှေးညှင်းတွေ ထလာခဲ့လေသည်။

“ဘယ်သူလည်း ဘယ်သူလည်း”

သူမလည်း ကြောက်ကြောက်နှင့် လှမ်းမေးလိုက်သည်။ ထိုအခါ ထို မဲမဲ ဝိုးတဝါး ပုံရိပ်ဆီမှ အသံဩဩကြီး ထွက်လာလေသည်။

“ဟား… မမှတ်မိတော့ဘူးလား… ကိုစည်သူရဲ့”

လို့ ပြောလိုက်တဲ့အခါ စည်သူ ဆိုပါလား။ ဘယ်သူလည်း။ ဘယ်က စည်သူကို ပြောတာလည်း ဟူ၍ သူမလည်း တွေးလိုက်မိသည်။ ထိုစဉ် ဝိုးတဝါး ဏ္ဍာန်က တဖြေးဖြေးနှင့် ပီပီပင်ပင် ဖြစ်လာလေသည်။ ဒီတော့မှ သူမ မြင်လိုက် ရပြီး ..

“ဟင် … ရှင် ရှင် ကျမ အိပ်မက်ထဲက သရဲမပဲ အား… မလာနဲ့…”

ဆိုကာ အသံကုန်ပင် အော်ဟစ်လိုက်လေသည်။ သူမ တွေ့နေရသည်က ဆံပင်ရှည်ရှည် မျက်လုံးပြူးပြူး လက်သည်း အရှည်ကြီးတွေနှင့် ကြောက် မ က်ဖွယ်ရာ ပုံစံကြီးပါ။ သူမ သိလိုက်သည်။ ဒါက သရဲမတစ်ကောင်။ သူမ၏ အိပ်မက်ထဲကို ရောက်ရောက်လာပြီး လည်ပင်းညစ်တဲ့ သရဲမပင်။

ထိုသရဲမကြီးက လက်သည်း ရှည်ရှည်ကြီးတွေ ပါသည့် လက်နှစ်ဖက်ကိုရှေ့သို့ဆန့်တန်းကာ သူမဆီကို တိုးလာ ချေ ပြီ။ ဒီတော့ သူမလည်း အသည်းတွေ တုန်ကာ ကြက်သီးတွေထလျက် ကြောက်လန့်နေကာ..

“အား… မလာနဲ့ မလာနဲ့ သွား… သွား…”

အသံကုန်အော်ဟစ်လိုက်ပေမဲ့ ထိုသရဲမက ကြောက်မက်ဖွယ်ရာ ပုံစံဖြင့် တဟဲဟဲနှင့် ရီကာ..

“ဟဲ.. ဟဲ.. ဘာလည်း နင်ကြောက်နေပြီလား စည်သူ”

“ဟင်.. ဘာစည်သူလည်း ဘာတွေပြောနေတာလည်း ငါက ဧပရယ်.. နင်.. နင်.. ငါ့အနားမကပ်နဲ့နော်”

သူမ ကြောက်ကြောက် လန့်လန့်ဖြင့် ပြောလိုက်တဲ့အခါ ထိုသရဲမက အသံသြသြကြီးနှင့် ရီမောကာ ပြန်ပြော လိုက်သည်။

“ဟား.. ဟား.. ဟား.. နင့်အလှည့်ရောက်တော့ ကြောက်နေတာလား.. ငါဒီအချိန်ရောက်ဖို့ စောင့်ထားရတာ ကြာပြီ… ငါ့ရဲ့ရန်ငြိုးကို ဒီနေ့ အပြီးသတ်ရမယ်.. အေး… နင်မသိရင် ငါပြောပြမယ်”

ဆိုပြီး ကြောက်မက်ဖွယ် အသံကြီးဖြင့် ပြောလိုက်တော့သည်။ ထို့နောက် ဧပရယ်၏ မျက်လုံးကို ထိုသရဲမကြီးက စိုက်ကြည့်နေကာ ခဏကြာတော့ ဧပရယ်၏ အသိထဲမှာ ပုံရိပ်တွေ မြင်ကွင်းတွေက အထင်အရှားပင် မြင်လာရလေတော့သည်။

………………
(အခန်း ၅)

လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က တက္ကသိုလ်တစ်ခုမှာ အတွဲတစ်တွဲ ရှိလေသည်။ ထိုအတွဲကတော့ စည်သူ ဆိုသည့် ကောင်လေးနှင့် သန္တာ ဆိုသည့် ကောင်မလေး တို့ပင် ဖြစ်၏။ စည်သူကတော့ သန္တာ့အပေါ် သစ္စာရှိရှိနဲ့ ချစ်နေ သလောက် သန္တာကတော့ မျက်နှာ ခပ်များများပင်။ စည်သူရှိနေတာတောင်မှာ ဟိုကောင်လေးနဲ့ တွဲသွားတွဲလာ လုပ်လိုက်။ ဒီကောင်လေးနှင့် တွဲသွားတွဲလာ လုပ်လိုက် ထို့လို မျက်နှာများခြင်းပင်။

ထိုနောက် ကျောင်းထဲက ပိုက်ဆံချမ်းသာသည့် ကောင်လေးတစ်ယောက်နှင့် ကြိုက်သွားကာ စည်သူ့ကို အဆက် ဖြတ်ပစ် လိုက်လေသည်။ သူမပြောသည်က မျက်နှာ များသည် မဟုတ်။ ဘဝအတွက်ကို ကောင်းရာ ရွေးချယ် နေသည်ဟုပင် ပြောခဲ့၏။

တစ်နေ့မှာတော့ စည်သူက သန္တာ့ကို ချိန်းလိုက်သည်။ သူတို့ရဲ့ အကြောင်းကို အပြတ်ပြောကြမယ် ဆိုကာ ချိန်းခဲ့လေသည်။ သန္တာကတော့ ပြီးပြီးရော သဘောဖြင့် လက်ခံလိုက်ကာ နောက်တစ်ရက် လောက်မှတော့ တွေ့နေကြ ပန်းခြံလေးတစ်ခုမှာ တွေ့ကြလေတဲ့ အခါ သန္တာက သူနဲ့ပြတ်ပြီ ဖြစ်ကြောင်း မဆက်သွယ်ဖို့ အကြောင်းကို ကို အပြတ်ပြောလိုက် လေတော့သည်။ သူမ မေ့သွားတာ တစ်ခုကတော့ စည်သူက ဒေါသထွက်လာလျင် မဆင်ခြင် တော့ပဲ လုပ်မိလုပ်ရာ လုပ်ကိုင်တတ်ခြင်းပင်။

ထိုအခါ စည်သူလည်း ရည်းစားလူလု အူနုကျွဲခတ် ဆိုသလို ခံစား လိုက်ရကာ မျက်လုံးထဲမှာ ဘာမှ မမြင်တော့ပဲ ဒေါသတွေ ထွက်လာပြီး သန္တာ့ကို ထိုနေရာမှာပင် လည်ပင်း ထညစ်လိုက်လေတော့၏။ စည်သူရဲ့ ပုံစံကတော့ ကြောက်စရာ ကောင်းနေသည်။ ဒေါသကြောင့်ပဲလားမသိ မျက်နှာကြီးက နီမြန်းနေကာ အသားတွေပင် တုန်ရီ နေလေပြီ။ ပါးစပ်ကလည်း..

“သန္တာ နင်.. နင့်ကို ငါမရသလို ဘယ်သူမှလည်း မရစေရဘူး”

သန္တာလည်း ရုန်းပါသေးသည်။ ဒါပေမဲ့ အားခြင်းက မမျှလေသောအခါ ..

“စည်သူ … နင် လွှတ် လွှတ်စမ်း ငါ … လည်ပင်းအစ်လာပြီ”

ဆိုတာကို ပြောနေပေမဲ့ စည်သူကလည်း ဒေါသနှင့်ဆိုတော့ လွှတ်မပေးပေ။ ကြာလာတဲ့အခါမှာတော့ သန္တာလည်း ဆက်ပြီးမရုန်း နိုင်တော့ပဲ ငြိမ်ကျသွားလေတော့သည်။

ထိုအခါမှ စည်သူလည်း သတိပြန်ဝင်သလို ဖြစ်လာခဲ့ပြီး အခြေနေ အရပ်ရပ်ကို သိလိုက်ရလေတော့သည်။ သွားလေပြီ။ သူမှားသွားခဲ့ပြီလား ဆိုပြီး သန္တာဆိုသည့် နာမည်ကို အော်ခေါ်နေပေမယ့် သန္တာကတော့ တုတ်တုတ်မျှ မလှုပ်တော့ချေ။ ဒီတော့မှ သန္တာ သေပြီ ဆိုတာကို သိလိုက်တော့သည်။ ထိုအခါမှ စည်သူလည်း ကြောက်လန့်ကာ ဘာလုပ်ရမှန်း မသိတော့။ မျက်လုံး တွေထဲမှာလည်း မှောင်မဲသွားသလိုပင်။ ဘာကိုမှ သတိမထားမိ။ မမြင်နိုင်တော့။ အရူးတစ်ယောက်လို ပြာယာ ခတ်ကာ ပန်းခြံထဲကနေ လမ်းမဆီသို့ ဂမူးရှုးထိုးပင် ပြေးထွက်လာခဲ့သည်။

လမ်းမပေါ် ရောက်တော့ ကားလမ်းပေါ်ကို ပြေးအတက် အရှိန်းပြင်းပြင်း မောင်းလာသည့် ကားတစ်စီးနှင့် တိုက်မိကာ အရှိန်ဖြင့် လွှင့်ထွက်သွားခဲ့လေပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့လေတော့သည်။

**********
(အခန်း ၆)

သန္တာကတော့ စည်သူ့အပေါ်မှာ မကျေနပ်စိတ်တွေ ရန်ငြိုးတွေ ဝင်ကာ မကျွတ်မလွတ် ဘဝနှင့်ပင် ရှိနေခဲ့သည်။

စည်သူကတော့ သေလွန်တဲ့အခါ ဆိတ်တစ်ကောင် ဖြစ်ခဲ့သည်။ ဒါကို သရဲဘဝ ရောက်နေတဲ့ သန္တာက သိလေတော့ ထိုဆိတ်ကို အငြိုးမပြေပဲ ညဘက်မှာ ဝင်ရောက်ပြီး လည်လိမ်ချိုးခဲ့လေသည်။

ထို့နောက်တွင်တော့ စည်သူက ကြက်မ တစ်ကောင် ဖြစ်ခဲ့ပြန်သည်။ ဒါကိုလည်း သရဲမ ဖြစ်နေတဲ့ သန္တာက သိခဲ့ လေသောကြောင့် ညဘက်မှာ ဝင်ရောက်ကာ လည်လိမ်ချိုးခဲ့ပြန်သည်။

နောက်ပိုင်း စည်သူက လူပြန်ဖြစ်ခဲ့တဲ့အခါ ဧပရယ်အမည်နဲ့ မိန်းမတစ်ယောက် ဖြစ်ခဲ့လေသည်။ ဒါကို သရဲမ သန္တာ လည်း သိသိခြင်းမှာပဲ ကြောက်လန့်အောင် ခြောက်လှန့်တော့လေသည်။ အိပ်မက်တွေ အရင်ပေးပြီး ဧပရယ့်ကို တုန်လှုပ်ခြောက်ခြား​ေအာင် လုပ်ခဲ့လေတော့သည်။

(ထိုအကြောင်းကိုတော့ စာဖတ်သူများ ဦးဦးဖျားဖျား သိစေဖို့ အရှေ့ပိုင်းမှာ အရင်းဆုံး ဖော်ပြခဲ့ပါသည်)

*****

ဧပရယ်လည်း ယခုမှပင် ဇာတ်ရည်လည်တော့သည်။ ဒီအကြောင်းတွေကိုတော့ သူမ အနေဖြင့်လုံးဝကို မသိ ရှိခဲ့ပေ။ အရင်က အိပ်မက်မက်တွေနေပေမဲ့ ဘာကြောင့်မှန်းမသိ။ ယခုမှ သိလိုက်ခြင်းပင်။

“ဟား… ဟား… ကဲ မဧပရယ် ဒီတစ်ခါတော့ နင့်အလှည့်ပဲ”

ဆိုပြီး အသံဩဩကြီးနှင့် ပြောကာ သူမထံကို လက်ကြီးနှစ်ချောင်း ဆန့်တန်းကာ ဝင်လာလေတော့သည်။

ဧပရယ်လည်း စိတ်က ကြောက်နေသောကြောင့် ဘုရားစာ တရားစာ ရွတ်ဖို့တောင် လုံးဝမေ့နေခဲ့သည်။ လာချေပြီ။ လက်သည်း ရှည်ရှည်ကြီးတွေနှင့် လက်နှစ်ဖက်က ရှေ့သို့ ဆန့်တန်းလာလေပြီ။ သူလည်း မရုန်းနိုင်တော့ပေ။ သရဲမ၏ လက်နှစ်ဖက်က သူမ၏ လည်မျိုကို ဆုပ်ကိုင်လျက်သား ဖြစ်နေပြီ။ ရုန်းချင်ပေမဲ့ မရုန်းတော့။ အကြောင်း စုံကို သိရှိခဲ့၍ စိတ်မကောင်းဖြစ်ခဲ့ရပြီး တောင်းပန်ရုံမှ တပါး တခြားမလုပ်နိုင်တော့။

“အား… မလုပ်ပါနဲ့ဟာ ငါ.. ငါတောင်းပန် ပါတယ်…”

ဧပရယ်လည်း မအော်ဟစ်တော့ပေမဲ့ တိုးတိုးညှင်းညှင်း ဖြင့်သာ ပြောလိုက်သည်။ အပြင်မှာကလည်း မိုးသံတွေနှင့် မည်သူမှ ကြားမည်မထင်ပေ။

ထိုအချိန်မှာပင် ဧပရယ်၏ အဖေက ဖုန်းဆက်ထားသောကြောင့် သူမအိမ်ကို ရောက်လာခဲ့လေသည်။ အိမ်ထဲကိုရောက်တော့ မည်သူ့ကိုမှ မတွေ့ရသောကြောင့် စိတ်တွေလည်း ပူလာမိတော့သည်။ ထို့နောက် မှာတော့ အခန်းအတွင်းမှ ဧပရယ်၏ ငိုယိုပြီး ပြောနေသံကို ကြားလေတဲ့အခါ အခန်းတွင်းကို ဝင်လာတဲ့အခါမှာတော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူလည်း ထိတ်လန့် သွား မိတော့သည်။

“ဟင် … ဘာကောင်ကြီးလည်းဟ”

ဆိုပြီး ပြောလိုက် မိပါတော့သည်။ တွေ့လိုက်သည်မှာ မဲမဲပုံသဏ္ဌာန် အကောင်ကြီး တစ်ကောင်က သူ့သမီးရဲ့ လည်ပင်းညစ်ထားတာကို တွေ့လိုက်လေသည်။ ဒါ ဘာကောင်ကြီးလည်း။ ပုံစံကတော့ လူတစ်ယောက် ပုံစံ တော့မဟုတ်။ မဲမဲ ပုံသဏ္ဍာန်ကြီးဖြင့် ကြောက်မက်ဖွယ်ရာ ကြီးပင်။ ဒါ ပုံမှန်တော့ မဟုတ်နိုင်လောက်ပေ။ မကောင်း ဆိုးဝါး တစ်ကောင်ကောင်ပဲ ဆိုပြီး တွေးလိုက်ကာ ဘုရားစင်သို့ အမြန်ပင် ပြေးသွားလိုက်ပါတော့သည်။ ထို့နောက် မှာတော့ ရေမန်းပုလင်းကို ယူလျက် အခန်းထဲသို့ လှမ်းပက်လိုက် လေတော့သည်။ ထိုအခါမှာတော့ …

“အား…”

ဆိုပြီး မဲမဲအကောင်ကြီး ဆီက အသံဩဩကြီးဖြင့် အော်ဟစ်လိုက် လေတော့သည်။ ထိုအကောင်ကြီးက ရေမန်းနှင့် ပေါက်လိုက်တဲ့အခါ နောက်သို့ ဆုတ်သွားပြီး ရှေ့သိုလည်း ဆက်တိုးမလာတောပဲ အခန်းထောင့်မှာပဲ ရပ်နေတာ ကိုလည်း ထူးထူးဆန်းဆန်း တွေ့လိုက်ရတော့လေသည်။

ဒီတော့မှ ဧပရယ်လည်း သူမရဲ့အဖေထံ ပြေးသွားကာ ငိုပါတော့လေသည်။ ဒီတော့ ဧပရယ်၏ ဖခင်ဖြစ်သူမှာ ချော့မော့ကာ နှစ်သိမ့်နေလျက် …

“သမီး.. သမီး.. ဘာမှမဖြစ်ဘူးနော်”

“အဖေ သမီး.. သမီးကြောက်တယ်”

လို့ ဧပရယ့်ခမြာ ပြောလည်းပြော ငိုလည်း ငိုလျက်ပင် အကြောင်းစုံကို အတိုချုံး ရှင်းပြ လိုက်တော့သည်။ ထိုအခါ ဧပရယ်ရဲ့ အဖေက …

“ကဲ မသန္တာ ဘဝတွေလည်း ခြားနေခဲ့ပါပြီ… ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့ သမီးရဲ့.. သံသရာကို ဆွဲမဆန့်ချင်ပါနဲ့ကွယ်.. ဒီဘဝက ဘယ်လောက်ဆိုးမှန်း သမီးလည်း သိပါတယ်.. ဦးသမီးမှာလည်း ရှေ့ဘဝတွေမှာ သူ့ဒဏ်ကို သူခံရပြီးပါပြီ.. သမီးလည်း ဒီလိုအငြိုးတွေ ထားနေခဲ့ရင် သံသရာဟာ ဘယ်ဆုံးတော့ မှာလည်းကွယ်.. ဒီ့ထက် ကောင်းတဲ့ ဘုံဘဝကို သွားပါလို့ ဦးအနေနဲ့ မေတ္တာရပ်ခံ ပြောကြားပါတယ် သမီး .. ဦးတို့ အမျှဝေ ပေးပါ့မယ်.. သမီးသန္တာလည်း သာဓု အနုမောဓနာ ခေါ်ဆိုပါကွယ်…”

ထိုစကားသံ အဆုံးမှာတော့ သရဲမဖြစ်သူ မသန္တာလည်း ခေတ္တခဏ ငြိမ်နေခဲ့ပြီးနောက် တရှုံ့ရှုံ့နဲ့ငိုကာ ပျောက်ကွယ်သွားလေတော့သည်။

နောက်ပိုင်းမှာတော့ ဧပရယ်တို့အိမ်မှာ ဘုန်းကြီး ငါးပါးပင့်ကာ ဆွမ်းကြွေးလျက် သေဆုံးသူ မသန္တာကို အမျှဝေ ပေးခဲ့ပါသည်။ ထိုအချိန်မှ စ၍ ဧပရယ်လည်း ကြောက်လန့်စရာ အိပ်မက်တွေလည်း မမြင်မက်တော့ပေ။ အားလုံး ငြိမ်းချမ်းသွားခဲ့လေပြီ။

သံသရာကား ကြောက်မက်ဖွယ် ကောင်းလှပေ၏။ တစ်ဦးနှင့်တစ်ဦး အမုန်းတွေ ပွားကာ ရန်ငြိုးတွေ မထားသင့်ပေ။ ရရှိသော ဘဝမှာပင် ကောင်းမှုကို ပြုကာ မကောင်းမှုကို ရှောင်ရှားအပ်ပေသည်။

***** *****
..ပြီးပါပြီ..