တယ်၊ ဆံပင်ကလည်း အရှည်ကြီး၊
သမီးကို အစိမ်းကြီးကြည့်နေတာ၊ သမီးကြောက်တယ် ”
ဝေနှင်း ကား ကြောက်လွန်း၍ အသားပင် တဆတ်ဆတ်တုန်နေ၏။
” ဟုတ်လို့လားဟာ၊ နင်အမြင်မှားတာနေမှာပါ ”
ထူးအောင် မှ ပြော၏။
” ဟာ၊ ကိုကြီးကလည်း ညီမလေး တကယ်မြင်လိုက်တာပါ၊
အမြင်မမှားပါဘူး၊ ညီမလေး ကြောက်တယ် ”
” ဟူး ” ထူးအောင် သက်ပြင်းချလိုက်၏။
” ထွန်းအောင်၊ လိုက်ခဲ့ကွာ၊ ညီမလေးပြောသလိုသာ တကယ်ဖြစ်ခဲ့ရင်၊
အဲ အကောင်ကို အသေဆော်ကြတာပေါ့ ”
ညီအစ်ကို နှစ်ယောက် သစ်သားပိုင်းတစ်ယောက်တစ်ပိုင်း
ကိုင်ကာ ဝေနှင်း ရဲ့ အခန်းဝင်ကြည့်တော့ ဘယ်သူမှမရှိပေ။
ထူးအောင် တို့ က ဝေနှင်းကို ပြောပေမဲ့ ဝေနှင်း ကား ဘယ်
လိုမှ တစ်ယောက်တည်း မအိပ်ရဲတော့၍ မိခင်ဖြစ်သူနှင့်အတူ
အိပ်ရန်ဆုံးဖြတ်လိုက်တော့၏။
***** ***** ******** ****** *****
နောက်တစ်ည ………
ဦးသန်း ကား ထုံးစံအတိုင်း မူးပြီး ရွာထဲမှ လူတစ်ချို့နှင့်ရန်ဖြစ်ကာ၊
အိမ်ရှေ့ ဝရံတာမှာ ကုလားသေကုလားမောအိပ်နေ၏။
” ဟေ့၊ အဲဒါ ဘယ်သူတုန်း ”
ဒေါ်မြသီတာ ၏ စကားကြောင်း သားနှစ်ယောက် ချက်ချင်း အနားသို့ ရောက်လာ၏။
” အမေ၊ ဘာဖြစ်လို့လဲ ”
” ထူးအောင်၊ သားလေး၊ ခုနက လူတစ်ယောက် အမေ့ခြင်
ထောင်နဲ့ သမီးခြင်ထောင်ကြားထိုင်နေတာ တွေ့လိုက်တယ်၊
အမေ အော်လိုက်တော့ ဟော ဟိုထောင့်က တိုင်နားမှာ
ပျောက်သွားတယ်၊ အဲဒါ လူမှ ဟုတ်ရဲ့လား ”
မိခင် ဖြစ်သူမှ မြောက်ဘက်တိုင်ကို ညွှန်ပြပြောဆို၍
ထူးအောင် လည်း ဖယောင်းတိုင်နဲ့လုပ်ထားတဲ့ မီးအိမ်ကို ကိုင်ကာ တိုင်ကို ပတ်ပြီးကြည့်လိုက်၏။
ဘာမှကား မတွေ့ပေ။
ထူးအောင် မီးအိမ်ကို ကိုင်ကာ
” ဘာမှ မရှိဘူး ” ဟု လှည့်ပြီးအပြော
” အကိုကြီး၊ နောက်မှာ ၊ နောက်မှာ ” ဟု ထွန်းအောင် ၏
အလန့်တကြား အော်သံကြောင်း၊ ထူးအောင်လည်း အနည်းယ်လန့်သွား၏။
သို့သော်လည်း နောက်ကိုလျင်မြန်စွာ လှည့်ကြည့်လိုက်တော့
တိုင်ကြားသို့ ဝင်ပြေးသွားသော ဆံပင်တစ်ချို့ကို မြင်လိုက်ရတော့၏။
” အောင်မလေး ”
သားမိလေးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြ၏။
ဦးသန်း ကား ဘာမှ မသိပေ။
” တခေါ၊ ခေါ “ဟောက်လျက် အိပ်ပျော်နေမြဲပင်။
ထိုအခိုက် ……
အိမ်က ငလျင်လှုပ်သလိုမျိုး တစ်သိမ့်သိမ့် လှုပ်ခါသွား၏။
အိမ်မှာ မွေးထားသော ကြက်တို့လည်း လန့်ကာ ထအော်ကြ၏။
” ငလျင်လှုပ်တာလား၊ မသိဘူး၊ အောက်သို့ မြန်မြန်ဆင်း၊ မြန်မြန်ဆင်း ”
ထူးအောင် အော်လိုက်၍ ထွန်းအောင်နှင့် ဝေနှင်း က မိခင်
ဖြစ်သူ ကို ရှေ့က ထားကာ အိမ်ပေါ်မှ လျင်မြန်စွာ ဆင်းလိုက်ကြ၏။
ထိုအခါမှ ဦးသန်း နိုးလာ၏။
” ဟ၊ ဘာဖြစ်တာလဲဟ၊ အိမ်လှုပ်နေပါလား ”
ထိုအချိန်၌ကား ဦးသန်း က လွဲပြီး အကုန်လုံး အိမ်အောက်ရောက်နေကြပြီဖြစ်၏။
ဦးသန်း အိပ်ရာမှ ထကြည့်လိုက်တော့ သူ့ကို ကျောပေးကာ
ငုတ်တုတ်ကြီးထိုင်နေသော ဆံပင်အရှည်နဲ့ လူတစ်ယောက်ကိုမြင်လိုက်ရ၍၊
” ထူးအောင်၊ ထွန်းအောင်၊ ဓားပေး၊ ငါ့ကို ဓားပေးစမ်း၊
ဒီအကောင်ပဲ မနေ့က တွေ့တာ ဒီအကောင်ပဲ၊ ဓားပေး ငါ့
ကို ဓားမြန်မြန်ပေးစမ်း ” ဟု အော်ပြောတော့၏။
” အဖေ၊ အိမ်ပေါ်မှ မြန်မြန်ဆင်းခဲ့၊ အဲဒါ လူမဟုတ်ဘူးဗျ၊အမြန်းခဲ့”
ထိုအချိန်မှာပင် ငုတ်တုတ်ထိုင်နေသော လူမှာ ခန္ဓာကိုယ်
မလှည့်ပဲ မျက်နှာပဲ ဦးသန်း ဘက်သို့ လှည့်လာ၏။
” အောင်မလေး၊ သရဲဟ၊ ဒီအကောင့်မျက်နှာမှာ မျက်လုံး၊ ပါးစပ်က
လွဲလို့ တစ်ခုမှ မပါဘူးဟ၊ အောင်မလေး ”
” ဘုန်း၊ အုန်း ”
ဦးသန်း ဝရံတာမှ ခုန်ချလိုက်တော့၏။
****** ****** ***** ****** ******
” တွေ့လား၊ အိမ်မှာ ဘာဖြစ်နေလဲမသိ၊ အဖေ က တစ်ချိန်လုံးမူးနေ၊
ကိုယ့်သားသမီးတွေ အန္တရာယ်နဲ့ ကြုံနေရတာတောင် အဖေ မသိဘူးမလား ”
တစ်မိသားစုလုံး ခြင်ပြင်ထွက်ထိုင်နေရင်းက ထူးအောင် မှဖခင်ဖြစ်သူအား ပြောလိုက်၏။
” သားရယ်၊ အဖေ့ကို ဘယ်လိုမျိုးပြောနေတာလဲ၊ ငါ့သား ငရဲ ကြီးလိမ့်မယ်နော် ”
ဒေါ်မြသီတာ က ယောကျာ်းဖြစ်သူကို ကာကွယ်ပြောဆိုလိုက်၏။
” မဟုတ်ဘူးအမေ၊ အဖေ တစ်ချိန်လုံး အရက်ပဲ သောက်
နေလို့၊ သား ပြောနေတာပါ၊ အမေလည်း နှုတ်ဆိတ်လွန်းတယ်၊ အဖေ့ ကို နည်းနည်းပါးပါး ပြောအုန်း ”
” ဟေ့ကောင်၊ ထူးအောင်၊ ငါ အရက်သောက်တယ်ကွာ၊
ဟုတ်တယ်၊ ဒါပေမဲ့ ငါ မင်းတို့ကို တစ်ခါရိုက်နှက်ဖူးလားပြော”
ဦးသန်းမှာ အမူးမပြေသေးပေ။
” မရိုက်ဖူး မှန်တယ်၊ ဒါပေမဲ့ အဖေ က လူတိုင်းကို ပြဿနာ
လိုက်ရှာနေတာ၊ သားတို့ ရှက်တယ်ဗျ၊ သားတို့ကိုနည်းနည်းပါးပါးငဲ့ပါအုန်း၊
ခုလည်းကြည့် အိမ်မှာ ဘာဖြစ်နေမှန်းမသိဘူး၊ အိမ်ထဲမှာမြင်နေရတာကော ဘာလဲ၊ အဖေ သိရဲ့လား အဖေ သိအောင်ကော လုပ်ရဲ့လား၊
တစ်ချိန်လုံး အရက် အရက် နဲ့ အဲအရက်ကြောင်း ဒုက္ခရောက်မှ အဖေ သိမှာ”
” ထူးအောင်၊ တော်စမ်းကွာ၊ ငါက မင်းအဖေ၊ မင်း ငါ့ကိုဘာမှ လာစောဒကတတ်မနေနဲ့ ”
” တော်ကြပါတော့ဗျာ၊ တော်ကြပါတော့၊ ”
ထွန်းအောင် အော်ပြောလိုက်၍ အားလုံးတိတ်သွားကြ၏။
“အဖေနဲ့ အကို အဲလိုပဲအမြဲတမ်းရန်ဖြစ်နေလို့ ကျုပ် အိမ်မှာမနေချင်တာ၊ ခုဖြစ်နေတဲ့
ပြဿနာက ဘာလဲ အဖြေရှာဖို့ မကြိုးစားပဲ ရန်ဖြစ်နေလိုက်ကြ၊
အဖေ လည်း တစ်ချိန်လုံးအရက်သောက်နေ၊ ဟုတ်ပြီလား၊
အမေ နဲ့ ညီမလေး ရဲ့ မျက်နှာကိုလည်း နည်းနည်းပါးပါးထောက်ထားကြအုန်း၊
ကြည့်နေ၊
တစ်နေ့ အမေနဲ့ ညီမလေးကို ခေါ်ပြီး ကျုပ် ဒီရွာက ထွက်သွားမှာ”
ထွန်းအောင် ထိုသို့ ပြောပြီး အမှောင်ထုထဲသို့ တိုးဝင်သွားတော့၏။
” သား၊ ထွန်းအောင်၊ ဘယ်သွားမလို့လဲ ”
” အဖေ နဲ့ အကိုရဲ့ ရန်ဖြစ်သံ မကြားတဲ့နေရာကို ”
ထွန်းအောင် နောက်မလှည့်ပဲ ဖြေကာ ထွက်သွားတော့၏။
***** ***** ***** *******
ဦးသန်း တို့၏ ရွာကလေးနာမည်ကား “ရုံးမဖြူ ” ဟု ခေါ်၏။
လှည်းတစ်တန်၊ လှေတစ်တန် ဖြင့်သွားရသော ရွာ ကလေးဖြစ်၏။
ဆစ်တောက် ကားဂိတ်မှဆင်း၊ သပွတ်ချောင်း သို့ လှည်းစီး၊
ပြီးမှ ရုံးမဖြူ သို့ ရောက်ရန် လှေစီးရ၏။
သည်နေ့ နေ့လည်၌ကား ကျွန်တော်၊ ဆရာလင်းညို
{အလင်္ကာလင်းညို } နှင့် ကျောင်းဆရာလင်းထက် တို့ ရုံးမဖြူ
သို့ ကိစ္စတစ်ခုနှင့် သူကြီး၏ အိမ်သို့ ရောက်နှင့်နေကြ၏။
{ ဆရာလင်းညို အကြောင်းကို ” ထူးဆန်းသောရွာ ” ဝတ္ထုတို
မှာဖတ်ရှု့နိုင်ပြီး၊ ကျောင်းဆရာလင်းထက် အကြောင်းကို
” ရွာသူ ” ဝတ္ထုတွင် ဖတ်ရှု့နိုင်၏။ }
သူကြီးနှင့် ကိစ္စ { ကျောင်းဆရာလင်းထက်၏ ကျောင်း
အပြောင်းအရွှေ့ကိစ္စ} ကို ဆွေးနွေးရင်းကနေ ထူးအောင် တို့
ရဲ့ အိမ်မှာဖြစ်နေတဲ့ ကိစ္စကို ကြားသိရပြီး၊ ထူးအောင် နှင့် ရင်းနှီးခဲ့၏။
ဆရာလင်းညို ရဲ့အကြောင်းကိုကြားသိရ၍
ထူးအောင် မှ အကူအညီတောင်းခြင်းကြောင်း
ကျွန်တော်တို့ သုံးယောက် ထူးအောင် တို့ အိမ်သို့ ရောက်ရှိခဲ့
ကြ၏။
ထူးအောင် လည်း ပထမ သူ့ဖခင်ပြောတာကို မယုံပုံနှင့်သူတို့ ကြုံရသမျှကို ပြောပြ၏။
ဆရာလင်းညို က အိမ်ကို ပတ်ပြီးကြည့်ပြီးတော့ ပြုံးလိုက်၏။
” ဆရာ ဘာဖြစ်လို့လဲ ” ထူးအောင်မှမေး၏။
ထွန်းအောင်လည်း ကျွန်တော်တို့နှင့်အတူရှိနေ၏။
ဦးသန်း ကား မနက်အစောကြီးကတည်းက အိမ်မှာမရှိပေ။
” ဘာမှ မဖြစ်ပါဘူး၊ အင်း ကျုပ်ပညာ ကျုပ်အတတ်နဲ့ သိရ
သလောက်တော့၊ ဒီရွာသားတစ်ယောက်ရဲ့ လက်ချက်ပါပဲ”
ရုတ်တရက်ပြောလိုက်သော ဆရာလင်းညို ရဲ့ စကားကြောင်း
ညီအစ်ကို နှစ်ယောက်က ဆရာလင်းညို အား တစ်ပြိုင်နက် ကြည့်လိုက်ကြ၏။
” ဒါပေမဲ့ မပူပါနဲ့၊ ခင်ဗျား တို့ကို အန္တရာယ်ပြုမဲ့အရာတော့မဟုတ်ဘူးဗျ၊ ဒီအိမ်မှာ အပျိုရှိတယ်မလား ”
” ဟုတ်တယ်ဗျ၊ ရှိတယ်၊ ကျွန်တော်တို့ ညီမလေးပဲ”
ထူးအောင်မှ ထိုသို့ ဖြေပေမဲ့ ထွန်းအောင် ကား မျက်မှောင်
ကြုတ်နေ၏။
ထူးအောင် နဲ့ ထွန်းအောင်ကား ရုပ်ချင်းအင်မတန်မှဆင်လွန်း
၍ မနည်းမှတ်ယူနေရ၏။
ထူးခြားတာကတော့ ထူးအောင် ပြုံးလိုက်ရင် ပါးချိုင့်ကလေးပေါ်လာပြီး၊ ထွန်းအောင် မှာကား ပါးချိုင့်မပါရှိပေ။
” ဆရာ၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ၊ ဆရာက အန္တရာယ်
ပြုမဲ့ အရာမဟုတ်လို့ ပြောနေပေမဲ့၊ ကျွန်တော်တို့ ကြောက်
တယ်ဗျ”
ထူးအောင် ရိုးသားစွာဝန်ခံ၏။
” မပူပါနဲ့၊ ဒီ့အတွက် သိပ်ပြီးလုပ်စရာ မလိုပါဘူး၊ ခင်ဗျားတို့
အိမ်မှာ ကျွဲချို နဲ့ လုပ်ထားတဲ့ လေးဂွရှိတယ်မလား”
” ဟုတ်ကဲ့ ရှိပါတယ် ဆရာ၊ ရှိပါတယ်”
” အင်း၊ ဟုတ်ပြီ ”
ဆရာလင်းညို က ဟုတ်ပြီ ဟု ပြောပြီး သွားလေရာရာ သို့
အမြဲပါရှိတဲ့ သူ့လွယ်အိတ်ထဲမှ လောက်စလုံး ကိုးလုံးတိတိကိုထုတ်ပြီး ပေးလိုက်၏။
” ရော့၊ ဒီလောက်စလုံး ကိုးလုံးကိုယူလိုက်၊ ဒါက အစီအရင်
နဲ့ လုပ်ထားတဲ့ လောက်စလုံးတွေ၊ အဲအကောင် ပေါ်လာတဲ့နေရာကို သာ ပစ်လိုက် မလွှဲချော်စေနဲ့ ”
ထူးအောင် ရိုသေစွာ လှမ်းယူလိုက်၏။
ကျွန်တော် အသေအချာကြည့်လိုက်တော့ လောက်စလုံးလေး
တွေမှာ အင်းကွက်ကလေး တွေ ရေးဆွဲထားတာကို တွေ့ရ၏။
” တစ်ခါမြင်တာနဲ့ သုံးလုံးပစ်၊ ကိုးလုံး လုံး ပစ်ပြီးတာနဲ့
ဒီကိစ္စရဲ့ လက်သည်တရားခံ ခင်ဗျားတို့ကို လာ တောင်းပန်လိမ့်မယ်၊
တကယ်တော့ ခင်ဗျားတို့ရဲ့ ညီမလေး ကို ကြိုက်လို့ ခုလို
ခင်ဗျားတို့ အိမ်မှာ အစောင့်ထည့်ထားတာ၊ ခင်ဗျားတို့ ညီမလေးကို စောင့်ကြည့်ဖို့ပေါ့၊
ဒါပေမဲ့ ကတိတစ်ခုတော့ ပေးရမယ် ”
” ဟုတ်ကဲ့ဆရာ၊ ဘာကတိများလဲ၊ ပြောပါ ”
” တရားခံကို ခင်ဗျားတို့ သိပြီးတာနဲ့ တရားခံကိုလွှတ်ပေးရ
မယ်၊ ဘာ အန္တရာယ်မှ မပေးရဘူး၊ ပြီးတော့ အဲဒီအချိန် ကျုပ်လည်း ခင်ဗျားတို့နှင့် အတူရှိနေမှာပါ ”
ထူးအောင် အနည်းငယ်စဉ်းစားပြီးမှ၊ ဆရာလင်းညို ပြောတာကို သဘောတူလိုက်၏။
သူကြီးအိမ်သို့ ပြန်ခါနီး ဆရာလင်းညို က ထူးအောင်ရဲ့ အမေ
ပြောတဲ့ မြောက်ဘက်ထောင့်တိုင် ရဲ့ အခြေကို မြေဖြူနဲ့ စည်းသုံးပတ်ပတ်ပြီး ထားခဲ့၏။
ပြီးမှ ထူးအောင် တို့ကို နှုတ်ဆက်ကာ သူကြီး၏ အိမ်သို့ ပြန်ခဲ့ကြ၏။
ထူးအောင် နဲ့ သူ့အမေ ဒေါ်မြသီတာ၊ ထူးအောင့် ညီမ
ဝေနှင်းတို့က ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်
ပေမဲ့ ထွန်းအောင် ကတော့ တင့်တင့်ကြီးသာ ရပ်နေမြဲတည်း။
**** **** ***** ***** ***** ***** ***
သုံးရက်ကြာပြီးနောက် ….
တစ်ခုသော ညနေ တွင်
မင်းအောင် ဆိုသော လူငယ်လေးတစ်ယောက်၊ ထူးအောင်
ရဲ့ အိမ်မှာ ကျွန်တော်တို့ စကားလက်ဆုံကျနေတုန်း လာရောက်ပြီးတောင်းပန်၏။
သူက ဝေနှင်းကို ချစ်လို့ စိတ်မချတာကြောင်း စောင့်ကြည့်
ရန်အတွက် ခုလို လုပ်ရတာဖြစ်ကြောင်း တောင်းပန်၏။
ဆရာလင်းညို က ထူးအောင် ဆီမှ ကတိတောင်းပြီးသားမို့
ထူးအောင်တို့ကလည်း ခွင့်လွှတ်ကြ၏။
ပြီးနောက်၊ ဆရာလင်းညို ကိုလည်း တောင်းပန်၏။
ထိုသို့ တောင်းပန် ကိစ္စပြီးတဲ့အခါ၊ ဆရာလင်းညို မြေဖြူနဲ့
စည်းသုံးတန်တားထားခဲ့တဲ့ တိုင်၏ အောက်ခြေ ကို မင်းအောင် တူးဆွလိုက်တော့၊
ဦးခေါင်းပြောင်းပြန်၊ ဆံပင်အရှည်ကြီး၊ နဲ့ တစ်ခန္ဓာလုံး အနီ
ရောင်ဆေးတွေနဲ့ ခြယ်သထားတဲ့ ရုပ်ဆိုးဆိုးအရုပ်ကလေးတစ်ရုပ်ထွက်လာတော့၏။။
ထူးအောင် က မင်းအောင် ကို နောက်နောင် ခုလိုမလုပ်ဖို့
သူ့ညီမ ကို တစ်ကယ်ချစ်ရင် ရိုးသားစွာချစ်ခွင့်ပန်ပြီး မိသားဖသားပီပီ လာတောင်းဖို့ မှာကြားလိုက်၏။
ထူးအောင် ကိုယ်တိုင်မှ ထိုသို့ ပြောလိုက်သောအခါ
မင်းအောင် လည်း အတိုင်းမသိ ဝမ်းသာ သွားပြီး၊ ထို အရုပ်နီ
ကိုရော၊ သူတတ်ထားတဲ့ မကောင်းတဲ့ ပညာရပ်တွေကိုရော
ဆရာလင်းညို အထံ ချောချောချူချူပင် စွန့်လွှတ်လိုက်ပါတော့၏။
ထိုနေ့မှ စ၍ ထူးအောင်တို့အိမ်မှာ ဘာအနှောက်အယှက်မှ မဖြစ်တော့ပေ။
************** ******* ******* *****
သို့ပေမဲ့ ကံကြမ္မာရဲ့ ရက်စက်မှု့အပေါင်း သရဖူဆောင်းတဲ့
နေ့တစ်နေ့သို့ ကား မသိမသာရောက်နှင့်လာခဲ့၏။
အတိတ်နှင့် အနာဂတ်က ကျွန်တော်တို့ အနားမှာသာရှိတယ်
ဆိုပေမဲ့ လက်ရှိ ပစ္စုပ္ပန်ကိုပဲ ကျွန်တော်တို့ မြင်ရ တွေ့ရတာမဟုတ်လား။
******* **** **** ***** ***** ***** *
ကျောင်းဆရာ လင်းထက် ရဲ့ ကျောင်းကိစ္စတွေပြီးပြီမို့
ကျွန်တော်တို့ ဋ္ဌာနီကို ပြန်မဲ့နေ့ မနက်အစောကြီးမှာပဲ အချိန်
အခါမဟုတ်ပဲ လေပြင်းတိုက်ကာ မိုးရွာပါတော့တယ်။
ရုံးမဖြူ နဲ့ သပွတ်ချောင်း ကြားမှာ ရှိတဲ့ ချောင်းကလေးမှာ
လည်း ဒီရေတွေတတ်လာပြီး၊ လှိုင်းတွေလည်း ထန် လာ၏။
အချိန်အခါ မဟုတ် မိုးရွာ၊ လေတိုက်၊ လှိုင်းထန် ခြင်းကိုပင်အကုန်လုံး အံ့သြနေကြ၏။
ကျွန်တော်တို့ကို သပွတ်ချောင်း ထိ လိုက်ပို့မဲ့ လှေသမား
ကလည်း လှိုင်းထန်၊ လေတိုက် နေတာကြောင်း လိုက်မပို့ရပေ။
ထိုနေ့မှ မိုးလည်း ဘယ်ရန်ငြိုးရန်စကြောင်းရယ်မသိ။ မတရား ရွာသွန်းနေ၏။
တိုက်လိုက်တဲ့လေ ကလည်း လွင့်ထွက်မတတ်။
မမျှော်လင့်ပဲ ဖြစ်သွားရသော အခြေအနေကြောင်း ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ပေ။
ရာသီဥတု အခြေအနေ ကောင်းသည်အထိ စောင့်ဆိုင်းရန်သာ ရှိတော့၏။
***** ***** **** **** *** **** **** *** *
ထိုနေ့ …..
နေ့လည် ၁၂ နာရီနဲ့ ၁နာရီ ဝန်းကျင်ကြားအချိန်……
” ထူအောင်ရေ၊ ထူးအောင် ”
မိုးရေ တွေကြားထဲ ထွက်ပေါ်လာသော အသံကြောင်း
ထူးအောင် ပြူတင်းပေါက်ကလေးကို ဖွင့်ကာ ခြံရှေ့သို့ လှမ်းကြည့်လိုက်၏။
” ဟာ၊ ကိုတင့် ပါလား၊ ခေါင်းမှာလည်း သွေးသံတရဲရဲနဲ့”
ကိုတင့် ရဲ့ အခြေအနေကိုမြင်၍ ထူးအောင် အောက်သို့ ဆင်းလာခဲ့၏။
” ကိုတင့်၊ ဝင်လာလေ၊ ခင်ဗျား ခေါင်းတွေ မျက်နှာတွေမှာလည်း ဒဏ်ရာတွေနဲ့ပါလား၊
ဒီလောက်မိုးရေတွေထဲ တောင် အေးပုံမရဘူး၊ ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်လာလို့တုန်း”
” ထူးအောင်၊ ငါ ဘာမှ မဖြစ်ဘူး၊ ငါ့အတွက် မပူနဲ့၊ မင်း အဖေ ဦးသန်း၊ ဦးသန်း ”
ကိုတင့် မှာ မောနေ၍ စကားသံက တထစ် ထစ် ဖြစ်နေ၏။
” ဟင်၊ ကိုတင့်၊ အဖေ ဘာဖြစ်လို့လဲ၊ အဖေ ဘာဖြစ်လို့လဲ”
ထူးအောင်ရဲ့စကားကြောင်း ကျန်တဲ့ မိသားစု ဝင်များလည်း အိမ်ပေါ်မှ ချက်ချင်းဆင်းလာကြ၏။
” ဟေ့၊ မောင်တင့် ငါ့ ယောက်ကျာ်း ဘာဖြစ်လို့လဲ၊ မြန်မြန်
ပြောစမ်းပါ၊ မောင်တင့်ရယ်၊ ငါစိတ်ပူလှပြီ”
“ဦးသန်းလေ၊ ဦးသန်း၊ သပွတ်ချောင်း ရွာက အရက်ဝိုင်းမှာ
ရန်ဖြစ်လို့ အဲရွာကလူတွေ ဝိုင်းရိုတ်လိုက်ကြတာ၊ ခု သေလား၊ရှင်လားမသိသေးဘူးဗျ”
” ဗျာ”
“ဗုဒ္ဓေါ ”
” ကိုတင့် ခင်ဗျား၊ သေချာလို့လားဗျာ၊ ”
” ဟုတ်တယ်၊ ထွန်းအောင်ရ၊ ငါ ဝင်တားလို့ ငါ့ကိုတောင် ထိုးလိုက်ကြသေးတာ၊
လှိုင်းတွေထန် လေလည်းတိုက်နေတဲ့ ကြားက ငါ အသက် စွန့်ပြီး လာခဲ့ရတာကွ၊
ငါတို့ နောက်ကျနေလို့ မဖြစ်ဘူး၊ မြန်မြန် လိုက်သွားမှ ဖြစ်မယ်”
” အမေ နဲ့ ညီမလေး အိမ်မှာပဲ နေခဲ့ကြပါ၊ သားတို့ နှစ်
ယောက် လိုက်သွားလိုက်မယ်”
” ထူးအောင်၊ ငါလည်း လိုက်ခဲ့မယ်ကွာ ”
” ဟာ၊ ကိုတင့်၊ ခင်ဗျား လိုက်လို့ မဖြစ်ဘူး၊ ခင်ဗျား တစ်ခန္ဓာ
လုံးလည်း ဒဏ်ရာတွေနဲ့၊ ခင်ဗျား အိမ်ပြန်ပါ၊
ကျုပ်တို့ ညီအကို နှစ်ယောက်ပဲ သွားလိုက်ပါ့မယ်”
” သားရေ၊ မင်းတို့ နှစ်ယောက်တည်း မဖြစ်ပါဘူး၊ အမေပါလိုက်ခဲ့မယ်”
ဒေါ်မြသီတာ အလွန်မှ စိုးရိမ်နေ၍ ဝေနှင်း က မိခင်၏ လက်ကို ဆုပ်ကိုင်ပေးထား၏။
” ဟာ၊ မဟုတ်တာ၊ အမေ မလိုက်ပါနဲ့၊ သားတို့ နှစ်ယောက်
ပဲ သွားလိုက်ပါ့မယ်၊ အဖေ ဘာမှ မဖြစ်စေရဘူး၊
အမေနဲ့ ညီမလေး ဘေးကင်းအောင်ပဲ နေကြပါ၊ မိုးတွေရွာ
လေတွေ တိုက်နေတယ်၊ သားတို့ ပြန်မလာမချင်း အိမ်ပြင်မထွက်ကြနဲ့နော် ”
ထူးအောင် မှ မိခင်ဖြစ်သူ ကို ပြောဆိုနေ၏။
” ထူအောင်၊ မင်းတို့ နှစ်ယောက် သတိတော့ ထားကြကွာ၊
လေတွေတိုက် လှိုင်းကလည်း ထန်နေတော့ အထူးဂရုစိုက်ကြကွာ၊
ဒီအချိန် ဘယ်သူ့ လှေ မှ ငှားလို့ အဆင်ပြေမှာ မဟုတ်ဘူး၊
ငါ့ လှေကိုပဲ ယူသွားကြ၊
ဦးသန်းရော မင်းတို့ နှစ်ယောက်ပါ ဘေးကင်းကင်း နဲ့ ပြန်ခဲ့
ကြကွာ ”
ထူးအောင် ခေါင်း ညိတ်ပြပြီး၊ ထွန်းအောင် နှင့်အတူ ထွက်ခဲ့ကြတော့၏။
****** **** ***** ***** **** ****
လေကတိုက် လှိုင်းကထန်၍ ထူးအောင်တို့ ရဲ့ လှေမှာ ထင်သလောက်ခရီးမပေါက်ဖြစ်နေ၏။
လှိုင်းလုံးတွေကြား လှေက ပေါ်လိုက်ပျောက်လိုက်နှင့်၊
တစ်ချက်တစ်ချက် ရိုက်ပုတ်လာသော လှိုင်းလုံးတွေက လှေမှောက်လုမတတ်။
သို့သော်လည်း ညီအကို နှစ်ယောက် ဇွဲမလျော့ပဲ လှော်ခတ်နေကြ၏။
**** **** **** **** **** **** **** ***
တစ်ဖက်မှာလည်း၊ ဝေနှင်း ရေအိမ်ခဏသွားပြီး အိမ်ပေါ်တတ်
လာတော့ မိခင်ဖြစ်သူအား မတွေ့ရတော့ပေ။
” အမေ၊ အမေ”
ဝေနှင်း တသ်အိမ်လုံးရှာကြည့်ပေမဲ့ မိခင်အား မတွေ့ရ၍
အကို ဖြစ်သူတို့ နှင့်အတူ လိုက်သွားသည်ထင်၍ ချောင်းရှိရာဖက်သို့ ထွက်လာခဲ့၏။
ခေါင်းပေါ်မှာတောင် ဘာဆောင်းစရာမှမပါချေ။
*** *** *** *** *** *** *** *** **
ဒေါ်မြသီတာ ချောင်းစပ်နား ရောက်တော့ သားနှစ်ယောက်
လှေကို အားကုန်လှော်ခတ်နေတာ ကို ကမ်းစပ်မှ တွေ့ရ၍
” သားတို့ရေ၊ ပြန်လာခဲ့ကြ၊ ပြန်လာခဲ့ကြ ” ဟု အော်ဟစ်နေ၏။
” အကို၊ အမေ့ အော်သံကို ကြားတယ် ”
ထွန်းအောင် ရဲ့ စကား ကြောင်း ထူးအောင် နောက်သို့ လှည့်
ကြည့်တော့ ကမ်းစပ်မှနေ၍ အော်ဟစ်နေသော မိခင်ဖြစ်သူကိုတွေ့လိုက်ရတော့၏။
ထိုအခိုက်မှာပင် လှိုင်းလုံးကြီးတစ်လုံးရဲ့ ပုတ်ခတ်မှု့ကြောင်း
လှေတိန်းစောင်းကာ ထွန်းအောင်မှာ ရေထဲသို့ ပြုတ်ကျသွားပါတော့တယ်။
” ဝုန်း ”
” ညီလေး၊ ညီလေး ၊ ထွန်းအောင် ၊ ထွန်းအောင် ”
ထူးအောင်လည်း လှော်ခတ်နေတာကို ရပ်ပြီး ရေထဲ ညီဖြစ်သူပေါ်လာ မလားစောင့်ကြည့်နေ၏။
အထိန်းမရှိတော့၍ လှေ မှာလည်း လေကြောင်း ပတ်ချာလည်နေတော့၏။
သားဖြစ်သူ ရေထဲသို့ ပြုတ်ကျ သွားသည်ကို မြင်လိုက်ရသောဒေါ်မြသီတာ လည်း၊
” သားလေး၊ အမေ့သားလေး၊ ထွန်းအောင်၊ ထွန်းအောင် ” ဟု
အော်ကာ ရေထဲသို့ ဆင်းလာပါတော့၏။
ထိုသည်ကို ထူးအောင် မြင်သော အခါ
” အမေ၊ အမေ၊ မလာနဲ့ မလာနဲ့ ၊ ရေထဲကို မဆင်းပါနဲ့ ” ဟု
အော်ဟစ်နေပေမဲ့ မိခင်ဖြစ်သူကား ရေထဲသို့ ဆင်းမြဲဆင်းလာ၏။
ထူးအောင်လည်း ညီဖြစ်သူ ပေါ်လာမလားကြည့်လိုက်
မိခင်ဖြစ်သူအား အော်ဟစ် တားမြစ်လိုက်နဲ့ ဗျာများနေတုန်း
ရုတ်တရက် ညီဖြစ်သူ ဘွားကနဲ ပေါ်လာ၍ ရေထဲသို့ ခုန်ဆင်းလိုက်ပါတော့၏။
” ဝုန်း ”
” သားလေး၊ အမေ့သားလေး၊ မကြောက်နဲ့ မကြောက်နဲ့နော်
အမေ လာနေပြီ၊ သားတို့ကို ကယ်ဖို့ အမေ လာနေပြီ ”
ဒေါ်မြသီတာ မှာ လှိုင်းလုံးတွေကြား အော်ဟစ်ရင်း ထူးအောင်တို့ရှိရာ ဘက်သို့ ကူးခတ်လာ၏။
လှိုင်းလုံးတွေရဲ့ ရိုက်ပုတ်ဒဏ်ကြောင်း တစ်ခါတခါ နစ်မြုပ်သွား၏။
သို့သော်လည်း သားဇောကြောင်း ဒေါ်မြသီတာ တစ်ယောက်ဘာကိုမှ ဂရုမစိုက်အားပေ။
ထူးအောင် လည်း ညီဖြစ်သူ ရဲ့ လက်ကို လိုက်ဆွဲပေမဲ့ မမိလိုက်ပေ။
သူကိုယ်တိုင် နစ်မြုစ်တော့ မလိုဖြစ်သွား၍ လှေနံတစ်ဘက်ကိုလျင်မြန်စွာ ဆွဲကိုင်ထားလိုက်၏။
တစ်ဖက်မှာလည်း မိခင်ဖြစ်သူ လှိုင်းလုံးတွေကြား ကူးခတ်လာနေသည်ကို တွေ့၍၊
” အမေ၊ မလာပါနဲ့ဗျာ၊ မလာပါနဲ့၊ ပြန်သွားပါဗျာ၊ ပြန်သွားပါ”
ထူးအောင် အော်ဟစ်ရင်း မျက်ရည်များပင်စီးကျလာ၏။
” အမေ၊ ပြန်တတ်ပါအမေရ၊ မလာပါနဲ့ဗျာ၊ အမေ ”
” ဝုန်း ”
လှိုင်းလုံး ရဲ့ ပုတ်ခတ်မှု့ကြောင်း ဒေါ်မြသီတာ လည်းနောက်ထပ် ပေါ်မလာတော့ချေ။
” အေမ့ ”
” အမေ၊ အမေ၊ အမေ ”
ထူးအောင် အော်ဟစ်ရင်း မိခင် ပျောက်ကွယ်သွားသော နေရာဘက်သို့ ကူးခတ်လာပြန်၏။
” အမေ၊ ၊ အမေ ဘယ်မှာလည်း၊ အမေ ဘယ်မှာလည်း”
ထူးအောင် ငုတ်ပြီး ရှာကြည့်ပေမယ့်လည်း မိခင်ဖြစ်သူကိုရောညီဖြစ်သူကို ပါ မတွေ့ရတော့ပေ။
ထူးအောင် အော်ငိုရင်း ငုတ်ချဉ် ပေါ်ချဉ်ဖြင့် ဆက်ရှာနေ၏။
သို့သော် အချည်းနှီးသာ၊
လှိုင်းလုံးတွေကြား ပျောက်ကွယ်သွားသော ညီဖြစ်သူနှင့်မိခင်ဖြစ်သူကို နောက်ထပ်မတွေ့ရတော့ပါ။
လှိုင်းလုံးတစ်လုံးရဲ့ ရိုက်ပုတ်မှု့ကြောင်း ထူးအောင် ကမ်းစပ်ဖက်သို့ရောက်လာခဲ့၏။
” ဟီး၊ ဟီး၊ ဟီး၊ အမေ၊ အမေ ဘယ်မှာလည်း အမေ ရဲ့၊
ညီလေး၊ မင်းဘယ်မှာလဲကွာ၊ မင်းရဲ့အကိုကြီး ဒီမှာလေကွာ ငါ့ကို မထားခဲ့ကြပါနဲ့၊ ပြန်လာခဲ့ကြပါ ”
ထူးအောင် ယူကြုံးမရ အော်ဟစ်ငိုယိုနေပေမဲ့ သူ၏ ငိုသံကိုကား မိခင်ရော၊ ညီဖြစ်သူပါ မကြားနိုင်တော့ပါ။
ထိုအခိုက်
အော်ဟစ်ငိုယို ပြီးပြေးလာသော မင်းအောင် ကို တွေ့မြင်လိုက်ရတော့၏။
သူ၏ လက်ထဲမှာလည်း ဝေနှင်းကို ပွေ့ချီလျက်။
ဝေနှင်း ကတော့ ပါးစပ် နှင့် ဝမ်းဗိုက်မှ သွေးတွေထွက်ကာ မင်းအောင် ၏ လက်ထဲ ငြိမ်လျက်။
သူမ၏ ရင်ဝ တည့်တည့် မှာကား သစ်သားတစ်ခု စိုက်နှင့်နေလေ၏။
” အကို ထူးအောင်၊ ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ၊ ခင်ဗျားရဲ့ ညီမလေး ကို ကယ်ပါအုန်းဗျာ ”
ထူးအောင် ပြေးထလာပြီး ဝေနှင်းကို လှုပ်နှိုးလိုက်၏။
” ညီမလေး၊ ဝေနှင်း၊ ဝေနှင်း ၊ ဘယ်လို ဖြစ်ရတာလဲကွာ”
မိခင်နှင့် ညီဖြစ်သူအတွက် ငို၍ မပြီးသေး ညီမဖြစ်သူ အတွက် ငိုရပြန်၏။
” ဟေ့ကောင်၊ မင်း မင်း ငါ့ညီမ ကို ဘာလုပ်လိုက်တာလဲ”
ထူးအောင်၊ မင်းအောင် ၏ လည်ပင်းကို လက်နဲ့ညှစ်ကာမေးလိုက်၏။
မင်းအောင်ရော ထူးအောင်ပါ သူတို့၏ ပါးပြင်နှစ်ဖက်မှ မျက်ရည်တွေ မရပ်မနားစီးကျနေ၏။
” ကျုပ်၊ ဘာမှ မလုပ်ရပါဘူးဗျာ၊ လေတွေအရမ်းတိုက်နေလို့
ကျုပ် ဝေနှင်းကို စိတ်မချ လို့ လာကြည့်တာပါ၊ လမ်းမှာ သစ်ပင်နဲ့ ပိမိပြီးလဲနေတာ တွေ့လို့ဗျ၊
ဟီး ဟီး ဘယ်လိုဖြစ်ရတာလဲ ဝေနှင်း ရာ ”
မင်းအောင် လည်း အသက်မဲ့နေသော ဝေနှင်းရဲ့ ရုပ်အလောင်းကို ပွေ့ချီရင်း ငိုနေတော့၏။
ထူးအောင် မှာ မင်းအောင် ရဲ့ စကားကိုကြားတော့ မင်းအောင်
အား လည်ပင်းညှစ်ထားတာကို လွှတ်ချလိုက်ပြီး၊ မြေကြီးပေါ်ထိုင်ကျ သွားပါတော့၏။
” အကို၊ ထူးအောင်၊ ထူးအောင်၊ လှေရှာ လှေရှာ၊ ကျွန်တော်
တို့ ဝေနှင်းကို ဆေးခန်းပို့ကြရအောင်ဗျာ၊ နော် နော် အကိုဝေနှင်းကို ဆေးခန်းပို့ရအောင်ဗျာ၊”
ထူးအောင် အထံမှ ဘာအသံမှ ထွက်မလာတော့ပါ။
ထူးအောင် ကြက်သေသေလျက် ထိုင်နေပါတော့၏။
သူ၏ မျက်လုံးနှစ်လုံးမှာလည်း ပေါက်ကွဲလုမတတ်နီရဲနေပြီ။
” ထူးအောင်၊ ခင်ဗျား မကြားဘူးလား၊ ကျုက်တို့ ဝေနှင်း
ကို ဆေးခန်းပို့ ကြရအောင်ဗျာ၊ ဝေနှင်း ဘာမှ မဖြစ်ပါဘူး၊ ဝေနှင်း ပြန်ကောင်း သွားမှာပါ ”
” ဝေနှင်း ၊ အားတင်းထားနော်၊ အားတင်းထား၊ ကိုယ်မင်းကို
ကယ်မယ်၊ ကိုယ်မင်းကို ရအောင် ကယ်မယ်၊ မင်း ဘာမှ မဖြစ်ရဘူးကွာ”
မင်းအောင်၊ ဝေနှင်း ရဲ့ အလောင်းကို ချထားပြီး၊ ဟိုဟိုသည်
သည်ပြေးလွှားကာ၊ လှေ တွေ့လို တွေ့ငြားရှာနေမိ၏။
သို့သော်လည်း ဘာ လှေမှ မတွေ့ပေ။
” အကို၊ ထူးအောင်၊ ခင်ဗျားရဲ့ ညီမလေးကို ကယ်ပါအုန်း၊ ခင်ဗျား တစ်ခုခု လုပ်ပါအုန်းဗျာ”
” ဝေနှင်း ကိုယ်ရှိတယ်၊ အားမငယ်နဲ့ နော်၊ ကိုယ်ရှိတယ်၊ ဝေနှင်းဘေးမှာ ကိုယ်ရှိတယ် ”
ထူးအောင် ရဲ့ ပါးပြင်မှ မျက်ရည်တွေက ရေတံခွန်အလား မရပ်မနားစီးကျလာ၏။
မင်းအောင်ခမျာ ဝေနှင်း အပေါ်ချစ်တဲ့ စိတ်ကြောင်း ဝေနှင်း
သေသွားပြီ ဆိုတာကိုပင် မသိတော့ပေ။
ထူးအောင် ၊ မင်းအောင်အား ဖက်ထားလိုက်၏။
” ထူးအောင်၊ ခင်ဗျား လွှတ်ဗျာ၊ ဝေနှင်းကို ကယ်ရအုန်းမယ်ဗျ”၊
ထူးအောင် လည်း လုံးဝ မလွှတ်၊ တင်းကျပ်စွာ ဖတ်ထား၏။
ထိုအခါမှ မင်းအောင်လည်း သဘောပေါက်သွားပါတော့၏။
အော်ဟစ် ငိုကြွေးရုံကလွဲပြီး၊ အဘယ်တတ်နိုင်ပါတော့အံ့နည်း။
အရာအားလုံးက ကံစီမံရာပဲ မဟုတ်လား။
***** **** ***** ***** ***** **** *****
ထိုနေ့ တစ်နေ့လုံး ရာသီဥတု မသာယာသလို။
ထူးအောင် လည်း ကမ်းစပ်မှ လုံးဝ မထပေ။
လှိုင်းလုံးတွေကို သာ ကြည့်နေ၏။
ကျောက်ရုပ်အလားကဲ့သို့ပင်။ လုံးဝ မလှုပ်မယှက် ထိုင်နေ၏။
မင်းအောင်၊ ဝေနှင်း ရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကို
သယ်သွားတော့မှ တစ်ခြားသူတို့ သိကြရပါတော့တယ်။
ထိုအခါမှ ကိုတင့် ထူးအောင် ရှိရာသို့ အပြေးရောက်လာပြီး
ထွန်းအောင် နှင့် ဒေါ်မြသီတာ ကို မေး၏။
ထူးအောင် ကား ဘာစကားမှ မပြောတော့ပဲ ရေပြင်ကိုသာ
လက်ညိုး ထိုးပြလိုက်တော့၏။
ကိုတင့်လည်း လန့်ပြီး ထိုင်ကျသွားပါတော့၏။
” ထူးအောင်၊ ဘယ်လို ဖြစ်ရတာလဲကွာ ”
ထူးအောင် ရဲ့ အဖြစ်ကို ကြည့်ပြီး အကုန်လုံးမျက်ရည်လည်ကြရ၏။
ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်ရုံမှ အပ ဘာမှ မတတ်နိုင်ပေ။
ရာသီဥတု အခြေအနေကြောင်း ထွန်းအောင် နဲ့ ဒေါ်မြသီတာ
ရဲ့ အလောင်းကို ထိုနေ့ မရှာနိုင်ခဲ့ပေ။
ထိုအချိန်ထိတိုင် ဦးသန်း တစ်ယောက်ပေါ်မလာခဲ့။
တစ်ရွာလုံးလည်း ဦးသန်းကို မုန်းကြလေပြီ။
ထူးအောင် ကိုလည်း ဘယ်လိုပဲ ပြောပြော၊ ခေါ်ခေါ် ကမ်းစပ်မှ လုံးဝ ခေါ်လို့မရပေ။
သည်အတိုင်း ရေပြင်ကို ငေးကာ ငြိမ်သက်စွာ ထိုင်နေမြဲထိုင်နေပါတော့၏။
********* ****** ***** ****** ******
နောက်တစ်နေ့ရောက်တော့မှ ရာသီဥတုလည်း ငြိမ်သက်သွာ၏။
သို့သည့်တိုင် ထူးအောင် ကမ်းစပ်တွက် မလှုပ်မယှက်ထိုင်နေ၏။
ရာသီဥတု တည်ငြိမ်သွား၍ ရွာသားတစ်ချို့က အလောင်းစ
ပြီးရှာကြတော့၏။
ကျွန်တော်နှင့်ဆရာနှစ်ယောက်ကတော့ ဝေနှင်းအတွက်
အခေါင်းစပ်ရာတွင် ဝင်ကူကြ၏။
အခေါင်းစပ်ပြီးသည့်တိုင် မင်းအောင် က ဝေနှင်း ရဲ့
အလောင်းကို ဖက်ငိုနေ၍ မနည်းချော့မော့ပြီး၊ ဝေနှင်းကိုအခေါင်းသွင်းလိုက်ရ၏။
ဦးသန်း အားလည်း ရွာသားတစ်ချို့မှ သွားခေါ်၏။
ဦးသန်း အား သွားခေါ်နေတာ သိသောအခါ ထူးအောင် ကမ်းစပ်မှ ထလာပြီး၊
ဘာစကားမှ မပြောပဲ ဓားသွေးပါတော့၏။
ဦးသန်း ရောက်တော့ တစ်ခန္ဓာလုံး ဒဏ်ရာဗရပွနှင့်ဖြစ်နေ၏။
သားငယ်ရယ်၊ သမီးရယ်၊ မိန်းမ ဖြစ်သူရယ် အကြောင်းကို
ကြားသိရသောအခါ ဦးသန်း မှာ လူးလိမ့်ငိုပါတော့၏။
သို့သော်လည်း ရွာသားများက ဦးသန့်အပေါ် ဂရုဏာ မသက်ကြပဲ၊ အပြစ်တင် ဆဲဆိုကြ၏။
နေ့လည် ၂ နာရီကျော်လောက်မှ ထွန်းအောင် နဲ့ ဒေါ်မြသီတာရဲ့ အလောင်းကို ရှာတွေ့ပါတော့၏။
အလောင်းကို သုဿာန်သို့ သယ်လာတော့ ဦးသန်း လည်းလိုက်ပါလာ၏။
ထိုအချိန်၌ ဝေနှင်း အား သဂြုင်္ိလ် မြေမြုပ်ရန် ကျင်းတူးပြီးနှင့်ပြီဖြစ်၏။
ကျွန်တေ်ာ နှင့် ရွာသား တစ်ချို့က မင်းအောင် တစ်ခုခုထလုပ်
မှာစိုး၍ မျက်ခြေမပျက် စောင့်ကြည့်နေကြရ၏။
ဆရာနှစ်ယောက်ကတော့ ထူးအောင် ရဲ့အနားမှာ နေပြီစကားစမြည်ပြောနေကြ၏။
ထူးအောင် ကား ပြောင်လက်နေသော ဓားကို ဘေးတွင်ချ
ထားပြီး၊ ဘာစကားမှ မပြောတော့ပဲ ငူငူကြီးထိုင်နေ၏။
ထွန်းအောင် နှင့် ဒေါ်မြသီတာ ရဲ့ အလောင်း သုဿာန်သိုရောက်တော့။
နောက်မှာ ဒဏ်ရာဗရပွ နဲ့ လိုက်ပါလာသော ဦးသန်း ကို မြင်၍ထူးအောင် ဓားဆွဲကာ ထလာပါတော့၏။
“ခင်ဗျား၊ ခင်ဗျားကြီး၊ ခင်ဗျားကို ကျုပ်သတ်မယ် ၊ ခင်ဗျားကို ကျုပ်သတမယ်”
” ဟေ့၊ ဟေ့၊ ဆွဲကြ၊ တားကြပါအုန်းဟ၊ တားကြပါအုန်း ”
ရုတ်တရက် ဓားဆွဲကာ အော်ဟစ်ပြေးလာသော ထူးအောင် ကြောင်း
သူကြီးမှ လူများအား အော်ဟစ်ပြောဆိုလိုက်၍၊
ကျွန်တော်အပါအဝင် အားလုံး အလန့်တကြားဖြစ်ကာ၊ ထားအောင်အား တားထားကြသလို၊
ဦးသန်း အားလည်း ဝိုင်းထားကြရ၏။
သို့ပါသော်လည်း ထူးအောင် အနားသို့ သိပ်မကပ်ရဲကြ။
သူ့လက်ထဲမှာကိုင်ထားတာက ဓားဖြစ်နေခြင်းကြောင်းပင်။
” လွှတ်ဗျာ၊ကျုပ်ကိုမတားကြနဲ့ လွှတ်၊ လွှတ် ”
အဲဒီလူကြီးကြောင်း၊ ကျုပ်အမေ၊ ကျုပ်ညီ၊ ကျုပ်ညီမလေး သေရတာဗျ၊
အဲဒီလူကြီးလည်း သေသင့်တယ်၊ လွှတ်ဗျာ”
” ထူးအောင်၊ ဖြစ်ခဲ့တာလည်းဖြစ်ပြီးပြီ၊ ပြန်ပြင်လို့မှ မရတာကွယ်၊
စိတ်ကို လျော့လိုက်ပါကွယ်၊ ငါ့တူ ကံကြီးထိုက်နေပါအုန်းမယ် ”
သူကြီး၏ စကားကြောင်း ထူးအောင် ခေတ္တခဏမျှ ငြိမ်သွား၏။
ထိုအခိုက် ရွာသားတစ်ယောက်မှ ထူးအောင့် လက်ထဲမှ ဓားကို လုယူမည်အပြု၊
ထူးအောင် ဓားကို ဝှေ့ယမ်းလိုက်ပြီး၊
” ထိုက်၊ ထိုက်ဗျာ၊ ဘာကံပဲထိုက်ထိုက်၊ ကျုပ် အဲဒီလူကို သတ်ရမှဖြစမယ်၊
ကျုပ်သတ်မယ်၊ ကျုပ်သတ်မယ်၊ ကျုပ်ကို မတားကြနဲ့နော်၊ အေး တား
ရင်၊ တားတဲ့ သူကိုပါ အဲဒီလူကြီးနဲ့အတူ မြုပ်ပေးမယ် ”
ထူးအောင်၏ မျက်နှာကား ဒေါသကြောင်း နီရဲနေပေမယ့်၊ သူ၏ မျက်
လုံးအိမ်မှ မျက်ရည်များကား မရပ်မနားစီးကျနေသည်သာတည်း။
” လွှတ်ပေးလိုက်ကြပါဗျာ၊ သား ကျုပ်ကို သတ်ပါစေဗျာ၊ ကျုပ်ကိုသတ်
ပလေ့စေ၊ ကျုပ်က သေသင့်တဲ့သူပါ၊ ကျုပ်က သေသင့်တဲ့သူပါ၊
ဟီး၊ ဟီး၊ အဖေတောင်းပန်ပါတယ်သားရယ်၊ အဖေ တောင်းပန်ပတယ်၊
အဖေ့ကြောင်း ခုလိုဖြစ်ရတာပါကွာ၊ အဖေ့ကြောင်းဖြစ်ရတာပါ၊
ဟီး၊ ဟီး၊ ဟီး ”
ဦးသန်း လည်း ပြောရင်း ငိုပါတော့၏။
” ခင်ဗျား၊ ခုမှ လာငို မနေနဲ့၊ ခုကျေနပ်ပြီမလား၊ အရက်သွားသောက်လေ၊
ခင်ဗျားကို တားမဲ့သူရော၊ ဆူမဲ့သူရော မရှိတော့ဘူး၊ ခင်ဗျား၊ ပျော်တော့၊ ”
ထူးအောင် အော်ဟစ် စကားပြောနေတုန်း ရွာသားတစ်ယောက်မှ
ထူးအောင်၏ ခါးကို ညှစ်ထားလိုက်၍၊ နောက်တစ်ယောက်မှ
ထူးအောင် ၏ လက်ထဲမှ ဓားကို လုယူလိုက်၏။
တစ်ခါ ဦးသန်း က ထူးအောင် ဆီသို့ အတင်းသွားနေ၍ လူအများမနည်းတားထားရ၏။
” ကျူပ်ကို လွှတ်ကြပါဗျာ၊ ကျုပ်ကို လွှတ်ကြပါ၊ ဟီး၊ ဟီး၊ ဟီး၊
အဲဒီလူကြီးသေကိုသေရမယ်၊ ကျုပ်ကို လွှတ်ပေးကြပါဗျာ”
အကုန်လုံးလည်း စိတ်မကောင်း၊ မျက်နှာမကောင်းကြ။
တစ်ချို့ မိန်းမတွေဆို ငိုတောင်ငိုနေသေး၏။
ရွာသားများကလည်း ဦးသန်းရဲ့လုပ်ရပ်ကိုဒေါသထွက်နေကြပေမဲ့၊ ဦးသန်း ဖြစ်ပျက်နေပုံကိုကြည့်ပြန်တော့လည်း စုတ်သပ်သပ်ဖြစ်ရပြန်၏။
” ထူးအောင်၊ စိတ်လျော့လိုက်ပါကွာ၊ စိတ်လျော့လိုက်ပါ၊ မင်းခုလိုဖြစ်
နေတာကို မင်းအမေနဲ့ညီလေး၊ ညီမလေး သိရင်ကော ပျော်နိုင်ပါ့မလား၊
စိတ်လျော့ပါကွာ၊ မင်း ပဉ္စာနန္တရိယ ကံ မထိုက်ချင်စမ်းပါနဲ့ကွာ၊
မင်းအဖေလည်း နောင်တ ရနေလောက်ပါပြီ”
” ဘာ၊ နောင်တရနေလောက်ပြီဟုတ်လား၊ အဲလူ နောင်တရလို့ကော
သေသွားတဲ့ အမေ၊ ညီလေး၊ ညီမလေး တို့ကော ပြန်ရှင်လာမတဲ့လားဗျာ၊
အဲဒီလူရဲ့ လုပ်ရပ်က သေကိုသေသင့်တယ်၊
ကျုပ် လုံးဝခွင့်မလွှတ်ဘူး၊ ဘယ်တော့မှလည်း ခွင့်မလွှတ်ဘူး၊ကျုပ်ကို လွှတ်ဗျာ ”
ထူးအောင် ရုန်းကန်ပါသော်လည်း မရပေ။
ထိုအချိန်၌ မင်းအောင် ကား ဝေနှင်းရဲ့ အခေါင်းကိုဖက်ကာ ငိုနေဆဲဖြစ်၏။
” ထူးအောင်၊ ကိုယ်ချစ်တဲ့ လူတစ်ယောက် အမှားကျူးလွန်တဲ့အခါ
ဘာက အရေးကြီးလဲ၊ အချစ်လား၊ အမှားလား ကွာ”
သူကြီးမှ မေး၏။
” ကျုပ်ဘာမှ မသိဘူး၊ အေး ဒါပေမဲ့ ကျုပ်သိတာက၊ အဲဒီလူယုတ်မာ
ကြီးကို ကျုပ်လုံးဝ ခွင့်မလွှတ်ဘူး၊
အမေ၊ ညီလေး နဲ့ ညီမလေးတို့လည်း ခွင့်မလွှတ်ကြနဲ့”
” ဒီမှာ၊ ခင်ဗျားကို ခု ကျုပ်မသတ်ရရင်တောင်၊ ခင်ဗျား၊ ကျုပ် အမေနဲ့
ညီလေး ညီမလေး တို့ အလောင်းနား လာဖို့ စိတ်မကူးနဲ့၊ အဖေသော ဘာသော နားလည်မှာမဟုတ်ဘူး ”
” သားလေး၊ ထူးအောင်၊ အဲလို မလုပ်ပါနဲ့ကွာ၊ အဖေ တောင်းပန်ပတယ်၊
သူတို့ကို အဖေ တစ်ခါလောက်တော့ ကြည့်ပါရစေကွာ၊ အဖေ့ကို
တစ်ခါလောက်ပဲ ကြည့်ခွင့်ပေးပါကွာ”
” ခင်ဗျားကိုယ်ခင်ဗျား၊ အဖေ လို့ မပြောစမ်းပါနဲ့ဗျာ၊ ခင်ဗျားကို ကျုပမေးအုန်းမယ်၊
ခင်ဗျားက ကျုပ်ရဲ့အဖေ ဟုတ်ကော ဟုတ်ရဲ့လား၊ အဖေ စစ်ကေစစ်ရဲ့လားဗျာ”
ထူးအောင် ၏ အမေးကြောင်း ဦးသန်းအပါအဝင် အားလုံး ကြောင်သွားကြ၏။
” သား၊ မင်း မင်း ဘယ်လို ပြောလိုက်တာလဲ၊ မင်းဘယ်လို ပြောလိုက်တာလဲ”
ဦးသန်း အော်ဟစ်ကာ ရုန်းကန်နေ၍ လူအများက မနည်းထိန်းချုပ်ထားရ၏။
တဖက်မှာ ထူးအောင် ကတော့ သတ်မယ်၊ ခုတ်မယ် မပြောတော့ပေမဲ့၊
သူ့စကားက သူ့ဖခင်ကို နာကျင်စေမှန်းသိ၍ နည်းနည်းငြိမ်သက်သွား၏။
***** ***** ***** ***** ***** ***** ****** **
” နောက်သေတဲ့မသာကို အရင်ဦးဆုံး သဂြုင်္ိလ်”ဆိုတဲ့ ထုံးစံအရ ဝေနှင်းကို ဦးစွာ မြေမြုပ်သဂြုင်္ိလ်ကြရ၏။
ပြီးမှ ဒေါ်မြသီတာ၊ ပြီးမှ ထွန်းအောင် တို့ကို သဂြုင်္ိလ်၏။
သဂြုင်္ိလ်ချိန်၌ ထူးအောင် ဝှက်ထားသောဓားကိုဘယ်လို ရှာတွေ့သွားသည်မသိ၊ ဓားတရမ်းရမ်းဖြင့် သွားနေပြန်တာက တစ်
ကြောင်း၊
ဦးသန်း အား လူအများက ဝိုင်းအုံ့ထားကြတာကတစ်ကြောင်းတိုကြောင်း၊
ဦးသန်းခမျာ၊ မိန်းမ၊ သားဖြစ်သူနှင့် သမီးဖြစ်သူတို့ကို နောက်ဆုံး
အကြိမ်မှာတောင် ကြည့်ခွင့်မရလိုက်ပေ။
ဦးသန်း အော်ဟစ် ငိုယို တောင်းဆိုပေမဲ့ ထူးအောင် ကား လုံးဝ ကြည့်ခွင့်မပေးပေ။
မြေဖို့၍ ပြီးခါနီးမှ ကြည့်ခွင့်ပေးလိုက်၏။
ထိုအခါ ဦးသန်း မြေကို လက်နဲ့ယက်ပြန်၍ လူအများကြ တားဆီးကြရပြန်၏။
ထူးအောင် ကား ဓားကို ဘေးနားတစ်ဖက်တွင်ချကာ ဖခင်ဖြစ်သူ
ဦးသန်းကို အစိမ်းကြီးကြည့်နေနပါတော့၏။
****** ****** ***** ****** ******* ****** *****
ကျွန်တော်တို့လည်း ရာသီဥတု သာယာသွားပေမဲ့ ဋ္ဌာနီသို့ မပြန်နိုင်သေးပါ။
နေလက်စ မထူးတော့ပြီမို့ ထွန်းအောင် တို့၏ ရက်လည်တဲ့ နေ့ထိ
တိုင်အောင် နေကြရန်ဆုံးဖြတ်လိုက်ကြ၏။
ရက်လည်နေ့မတိုင်မီ နေ့တို့၌ကား မင်းအောင် နှင့် ဦးသန်း တို့မှာ
အချိန်ရှိသရွေ့ သုဿာန်မှာ သွားပြီး ငိုကြွေးနေကြသလောက်၊
ထူးအောင်မှာလည်း အရက်သမားလုံးလုံးဖြစ်လာခဲ့၏။
မနက်စာ နေ့လည်စာ လုံးဝ မစားပဲ အရက်ချည်းသောက်နေပါတော၏။
ဘယ်သူက ဘယ်လောက်ပဲ ပြောပြ နားချပါစေ မရပေ။
ဦးသန်း ကိုယ်တိုင်သားဖြစ်သူအား ချော့မော့ပြောဆိုပြေပေမဲ့
ထူးအောင် ကား တစ်နေ့တခြား ပိုပို၍ သောက်လာခဲ့၏။
ဦးသန်းကိုယ်တိုင်ကတော့ အရင်ဆို ဝေးဝေးကရှောင်တတ်ခဲ့ပြီ။
သို့ပေမဲ့ သားဖြစ်သူက သူ့လမ်းစဉ်ကို လိုက်နေတော့ သေသူတိုအတွက် ပူဆွေးရ၊
သားဖြစ်သူ ထူးအောင်အတွက် ပူဆွေးရနဲ့ ဦးသန်းမှာ လူရုပ်ပင်မထွက်တော့ပြီ၊
သူ့ခမျာ ဒဏ်ရာတွေကိုတောင် ဆေးထည့်ဖို့သတိမရပေ။
သားဖြစ်သူကို မြင်တိုင်းလည်း မျက်ရည်လည်ရပြန်၏။
ဦးသန်း အဖြစ်ကို ကြည့်ပြီး သနားကရုဏာ မသက်သူမရှိတော့ပေ။
ဤသို့ နှင့် ဒေါ်မြသီတာ၊ ထွန်းအောင်၊ ဝေနှင်း တို့၏ ရက်လည်နေ့သို့ရောက်လာ၏။
****** ***** ***** ****** ***** ***** *****
ရက်လည်နေ့ ………
ထိုနေ့၌ကား
ထူးအောင် တစ်ယောက် လုံးဝ အရက်မသောက်ပေ။
ပြီးတော့ ဝတ်စားပြင်ဆင်ထား၍ ကျော့မော့နေ၏။
ကွယ်လွန်သူတို့အတွက် ပြုပြုသမျှကုသလိုလ်တို့အတွက် သာဓုအနုမောဒနာ ပြုပြီးတဲ့အခါ၊
ထူးအောင်မှ ဖခင်ဖြစ်သူအား သူပြုခဲ့တဲ့ အရာတွေအတွက် ဆရာတော်
သံဃာတော်နှင့် ရွာသူရွာသားတွေ ရှေ့မှာ တောင်းပန်ဝန်ချ၍
အကုန်လုံးက ပီတိမျက်ရည်ဝေရ၏။
ဦးသန်း လည်း သားဖြစ်သူအား ပြန်လည်တောင်းပန်ပြီး၊ သားဖနှစ်ယောက် ဖက်ကာ ငိုကြွေးကြ၏။
သို့ပါသော်လည်း မနက်ပိုင်း အချိန်လွန်ကတည်းက ထူးအောင် အားမတွေ့ရတော့ပေ။
ဦးသန်းရော တစ်ခြားသူတို့ပါ ပြုသမျှ ကိစ္စဝိစ္စတွေအတွက်သုံးခဲ့သော
ပစ္စည်းပစ္စယများကို သိမ်းဆည်းနှင့် ထူးအောင် ပျောက်နေတာကိုသတိမထားမိကြပေ။
ကိစ္စတွေပြီးလို့ လူတွေလည်း အကုန်အမောဖြေနေကြတုန်း။
အိမ်နောက်ဖေးမှ ခွေးတစ်ကောင်၏ ဆိုးရွားစွာဟောင်သံထွက်ပေါ်ထွက်လာတော့၏။
ထူးအောင် တို့၏ အိမ်နောက်ဖေးတွင်ကား သရက်ပင်၊ မာလကာပင်၊
ကွမ်းသီးပင်၊ အစရှိသော သီးစားအပင်တို့ဖြင့်ပြည့်နှက်နေ၍ဥယျာဉ်ငယ်သဖွယ်ဖြစ်နေ၏။
ခွေးက ဆိုးရွားစွာ ဟောင်နေ၍ ရွာသားတစ်ယောက်မှ ခွေးကို ဆဲဆို
ရေရွတ်ကာ သစ်သားပိုင်းတစ်ပိုင်းကိုင်လျက် ခွေးမောင်းရန်ထသွား၏။
ကျွန်တော်တို့လည်း မနက်ဖြန်နေထွက်တာနဲ့ ပြန်တော့မည်ဖြစ်ကြောင်း ဦးသန်းအားပြောကာ နှုတ်ဆက်နေကြ၏။
ထိုအချိန်မှာပင်
” ဦးသန်းရေ၊ ဦးသန်း ဦးသန်း ” ဟု ရွာသားမှ အလန့်တကြားပြေးလာ၍၊
အကုန်လုံးလည်း စိုးရိမ်သွားကြ၏။
” ဟေ့ကောင်၊ ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ ”
ထိုလူမှာ မျက်စိမျက်နှာမကောင်းပေ။
ပြီးတော့ ဘာမှ မပြောပဲ ဦးသန်းကို ဆွဲခေါ်၍ ကျွန်တော်တို့နှင့်အတူ
ဦးသန်းအိမ်မှာရောက်နေကြသော လူအားလုံးလည်း ထိုလူ၏ခေါ်ရာသို့ လိုက်ခဲ့တော့၊
မြင်တွေ့လိုက်ရသည်ကား၊
သရက်ပင်ပေါ်မှာ ကြိုးတန်းလန်းနှင့် သေနေသော ထူးအောင် ကိုပင်တည်း။
ဦးသန်းခမျာ ဆောက်တည်ရာမရဖြစ်ရကာ သားဖြစ်သူ၏ ခြေမှသွား
ကိုင်ကာ အော်ဟစ်ငိုကြွေးပါတော့၏။
ထိုအချိန်၌ကား ဦးသန်းမပြောနဲ့ ကျွန်တော်ကိုယ်တိုင်ပင် မေ့လဲမတတ်
ဖြစ်သွားသည်မှာ အမှန်ပင်။
******* ****** ******** ******* *****
နှစ်အနည်းငယ် ကြာပြီးနောက် ………..
မွေတော်ကိုးဆူ ဘုရားပွဲသို့ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ပျော်ရွှင်စွာ ရောက်ရှိခဲ့ကြ၏။
ရောက်ရောက်ချင်း ဘုရားပေါ်အတတ်မှာ စီတန်းလျက် ဘုရားပေါ်မှ
ဆင်းလာသော ယောဂီ များကိုမြင်တွေ့လိုက်ရ၍၊
ကျွန်တော်တို့အပါအဝင် ဘုရားဖူးများက လှေကားဘေးသို့ကပ်ကရပ်နေလိုက်ကြ၏။
ထိုယောဂီ များ အထဲ တွင် မြင်တွေ့လိုက်ရသည်ကား
တည်ငြိမ်အေးချမ်းစွာ မျက်လွှာအောက်ချလျက် ဆင်းသွားသော
ဦးသန်း ကိုပင်တည်း။
ကျွန်တော်တို့ လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ
” ဦးသန်း ပါလား” ဟုသာ ပြောမိလိုက်ကြပါတော့တယ်။
***** ***** ***** **** ******* ***** ****** ******
;;**;;**;;**;;**;;**;;**;;**;;**;;**;;**;;**;;**;;**;;**;;**;;**
ပြီးပါပြီ။
ဘုရားမကြိုက်လူမိုက် { ၅ } ယောက် – ဇာတ်လမ်းတို့သည်
ဤတွင် ပြီးဆုံးပါလေပြီ။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာပြီး၊ ဆန္ဒနဲ့ဘဝ ထပ်တူကျနိုင်
ကြပါစေ ဟု ဆန္ဒပြုရင်း။
လေးစားစွာဖြင့် = wizard
Leave a Reply