ဒေါကြိုင်နဲ့မိညို့တို့ရဲ့ထိတ်လန့်ဖွယ်ဖြစ်ရပ်ဆန်း

မြေကြီးပေါ်သို့ချလိုက်ပြီး
“အဒေါ်သွားချင်ရင်သွား။ကျွန်မတော့ အဲဒီတဲကိုမလိုက်ရဲဘူး။ဒီမှာပဲထိုင်နားတော့မယ်”ဟုဆိုကာ ခေါင်းခုလုပ်ထားသည့်ပုဆိုးကို ပခုံးပေါ်သို့တင်ကာ လက်အုပ်ချီလိုက်ပြီး
“မြတ်စွာဘုရား ကယ်တော်မူပါ။အဘကိုးမြို့ရှင်ကယ်တော်မူပါ”
ထိုသို့အသနားခံ အကူအညီတောင်းပြီး ခေတ္တအကြာ၌ မှောင်နေသည့်အင်းတစ်ခုလုံးတွင် အလင်းရောင်က ခပ်ပါးပါးလေးရောက်လာပါသည်။
ထိုအခါ ကျွန်မလည်း အားတက်သွားပြီး
“ကိုကြီးကျော်ရှင့်။ကျွန်မတို့နှောင့်ယှက်ခံနေရပါတယ်။ရှင်းပေးပါရှင့်”ဟုထပ်မံအကူအညီတောင်းလိုက်ပါသည်။
(ကျွန်မတို့ဒေသသည် ကိုးမြို့ရှင်၊ကိုကြီးကျော် စသည်တို့ကို ဆည်းကပ်ကိုးကွယ်ကြပါသည်။တစ်ဖန်။ကိုကြီးကျော်ပွဲကိုလည်း တပေါင်းလရောက်တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပပေးကြပါသည်။)
ယင်းအခိုက်မှာပင် အလင်းရောင်သည်တဖြည်းဖြည်း ပိုမိုလင်းထိန်လာကာ ပတ်ဝန်းကျင်တစ်ခွင်လုံးကိုလည်းရှင်းလင်းစွာမြင်တွေ့လိုက်ရပါသည်။
ထို့အတူ ကျွန်မတို့၏ရှေ့မှ မီးလင်းနေသည့် ဦးစံမြင့်၏တဲကလေးကိုလည်း မတွေ့ရတော့ဘဲ အဲ့ဒီတဲနေရာတွင်သစ်ငုတ်တိုကြီးတစ်ခုသာရှိနေသည်ကို အံ့သြဖွယ်ရာတွေ့လိုက်ကြရပါသည်။
သို့သော် နှစ်ယောက်သားကြာကြာမအံ့သြနိုင်ဘဲ တာတိုင်
ရွာသို့သွားရာလမ်းကိုလှမ်းမျှော်ကြည့်ရာ၌
အဝေးမှညောင်ပင်ကြီးတစ်ပင်ကိုခပ်မှုန်မှုန်သာမြင်တွေ့လိုက်ရပါသည်။
အဲ့ဒီညောင်ပင်ကြီးသည် တာတိုင်ရွာ
သို့သွားရာလမ်းဘေးတွင်ပေါက်နေသည့်ညောင်ပင်ကြီးဖြစ်ပါသည်။
ဆိုရလျှင် ကျွန်မတို့နှစ်ယောက်သည် မှောင်မှောင်မည်းမည်းကြီးထဲတွင် စမ်းတဝါးဝါးလျှောက်လာကြရာ၌ လမ်းပေါ်မှချော်ထွက်ကာ အလွန်ဝေးကွာသည့်နေရာသို့ရောက်လာခဲ့ခြင်းဖြစ်ပါသည်။
ထို့နောက် အဲ့ဒီညောင်ပင်ကြီးဆီသို့ရောက်အောင် လမ်းကွင်းတွေကြားမှ ခက်ခက်ခဲခဲပြန်လျှောက်လာခဲ့ကြရပါသည်။
လမ်းပေါ်သို့ရောက်တော့မှ တာတိုင်ရွာသို့ဆက်လက်ထွက်လာခဲ့ရပါသည်။
ထိုရွာသို့ရောက်တော့ မုန့်ဟင်းခါဝယ်သူတွေက ဝိုင်းမေးကြပါသည်။
“ဒေါ်ကြိုင် နေတောင်မြင့်နေပြီ။ဒီနေ့မလာတော့ဘူးအောက်မေ့နေတာ”
“ရွာကထွက်လာတာ မနက်လေးနာရီပဲ။အင်းထဲရောက်တော့ ဝါးမီးတုတ်တွေက မီးငြိမ်းသွားတာ။ပြန်ထွန်းလို့မရဘူး။ဒါကြောင့် ရမ်းသမ်းလျှောက်ရင်း လမ်းလွဲသွားတာ”ဟုဆိုလိုက်ရာ ဝယ်သူတွေလည်း သနားသွားပြီး ပါလာသမျှမုန့်ဟင်းခါးတွေကို အကုန်ဝယ်ယူအားပေးလိုက်ကြပါတော့သည်။
ထို့ကြောင့် ကျွန်မတို့နှစ်ယောက်လည်း ခပ်စောစောပင် ရွာသို့ပြန်လာနိုင်ကြပါတော့သည်။
(ဒေါ်ကြိုင်သည် ခါတိုင်းဆိုလျှင် မုန့်ဟင်းခါးတွေကို ကုန်အောင်လှည့်လည်ရောင်းရသဖြင့် ညနေစောင်းအချိန်မှသာရွာသို့ပြန်လာရပါသည်။)
သို့ဖြင့် ရွာမှအိမ်သို့ပြန်ရောက်တော့ အမေက ဆီးကြိုမေးပါသည်။
“ဟဲ့ ပြန်လာတာစောလှချည်လား။ဒေါ်ကြိုင်စျေးရောင်းရင် ညနေလောက်မှ ပြန်ရောက်တတ်တာပါ”
ယင်းသို့မေးရင်းပြောလေတော့ ကျွန်မက
“လမ်းမှားပြီး တာတိုင်ရွာကို နောက်ကျမှရောက်သွားလို့ ဟိုက သနားပြီး ဝိုင်းအားပေးကြတာအမေရေ။ဒါကြောင့်စောစောပြန်လာနိုင်ကြတာ”
ဟုပြန်ဖြေရင်း ဝါးမီးတုတ်ငြိမ်းသွားရာမှစပြီး ကြုံဆုံခဲ့ရပုံများကိုပြန်လည်ပြောပြလိုက်ပါသည်။
ထိုအခါ အမေလည်း ရင်ဘတ်ကိုလက်ဖြင့်ဖိလေရင်း
“အမလေး သမီးရယ်။မသေကောင်းမပျောက်ကောင်း။သမီးတို့ရောက်သွားတဲ့သစ်ငုတ်တိုနေရာကကျတ်တွေနေတဲ့နေရာ။လယ်လုပ်တဲ့လူတွေတောင် နေ့လည်နေ့ခင်းမှသွားရဲကြတာ။တော်သေးတာပေါ့။မုန့်ဟင်းခါးလောက်လုစားရင်ကိစ္စမရှိဘူး။လူကိုဒုက္ခပေးလိုက်ရင် မတွေးဝံ့စရာ”
ယင်းသို့ဆိုလေတော့မှ ကျွန်မမှာ ကြက်သီးတွေပင်ထသွားရပါတော့သည်။
တစ်ဖန်။ကျတ်ကုန်းမြေသို့အချိန်နှောင်း(မိုးလင်းခါနီး)မှရောက်သွားခဲ့ရတာကိုကျေးဇူးတင်မိသလို၊အဲ့ဒီနေရာသို့ မလိုက်ဘဲ မုန့်ဟင်းခါးတောင်းကိုမြေပြင်ပေါ်ချပြီး ထိုင်နေခဲ့သည့် မိမိ၏လုပ်ရပ်အပေါ်ကိုလည်း ဂုဏ်ယူနေမိပါတော့သည်။
ယခုကျွန်မအသက်ငါးဆယ်သို့ရောက်
ခဲ့ပေမင့် ထိုနေ့မနက်ကဖြစ်ပျက်ခဲ့တာတွေကိုတော့ပြန်တွေးမိတိုင်းကြက်သီးထမိရပါသည်။
အမေပြောခဲ့သလို မုန့်ဟင်းခါးလောက်ကိုလုစားလျှင်ကိစ္စမရှိပေမင့်လူကိုဒုက္ခပေးလျှင်မခက်ပါလား။
ထိုမျှမကသေး။အင်းထဲတွင် မှောင်မှောင်မည်းမည်းကြီးဖြတ်လျှောက်ရာ၌ မြွေပါးကင်းပါးနှင့်မကြုံခဲ့ရသည်မှာလည်း အလွန်ကံကောင်းခဲ့သည်ဟု ဆိုရပါတော့မည်။
အားလုံးအေးချမ်းပါစေ…။

ဆရာဆွေ(တောင်တွင်း)