တွေ စုံလို့ပေါ့ဗျာ၊ ကျုပ်တို့ကားအောက်ဆင်းလိုက်တော့ ဆိုင်ခန်းတွေအများကြီးတွေ့တယ်၊ ကားတွေလည်း သုံးလေးစီးလောက်ရပ်ထားတယ်ဗျ။
ဒွေးလမ်းဆိုလို့ ရုပ်ရှင်မင်းသားဒွေးကိုပြောတာမဟုတ်ဘူးဗျ၊ အဲဒီနေရာမှာ လမ်းကနှစ်ခွခွဲသွားတယ်၊ တစ်လမ်းကတော့ တောင်ဘက်ကိုဆင်းသွားတဲ့ကားလမ်း၊ နောက်တစ်လမ်းကတော့ အနောက်ဘက်ကိုဆက်သွားတဲ့လမ်းပေါ့ဗျာ။ ဦးဘသာကြီး အနောက်ကိုကျုပ်လည်း လိုက်ခဲ့တာပေါ့၊
“ထမင်းစားမလား၊ ထမင်စားမလားရှင့် . . .”
မိန်းကလေးတွေက အော်ပြီးမေးတယ်၊ မန်ကျည်းရိပ်အောက်မှာ ခုံဝိုင်းကလေးတွေချထားတယ်ဗျ၊ ဦးဘသာကြီးက ခေါင်းညိတ်ပြီးမိန်းကလေးတစ်ယောက်ကိုခေါ်လိုက်တော့ ကျုပ်တို့အတူတူခုံဝိုင်းမှာ သွားထိုင်ကြလိုက်ကြတယ်၊ မိန်းကလေးရဲ့ခေါင်းပေါ်မှာ ဒန်အိုးတစ်လုံးရယ်၊ အပေါ်ကစကောတစ်ချပ်ကိုရွက်ထားပြီးတော့ အထဲမှာ ဟင်းထည့်ထားတဲ့ ခွက်ကလေးတွေစုံလို့ဗျ။
ကျုပ်တို့ထိုင်လိုက်တော့ သူ့ဒန်အိုးကိုချပြီးတော့ ပန်းကန်ပြားနှစ်ချပ်ကို အဝတ်နဲ့သုတ်ပေးတယ်၊ ပြီးတော့ ဒန်အိုးကိုဖွင့်ပြီး အထဲက ထမင်းခူးတယ်၊ သူ့စကောထဲက ကျုပ်တို့ကြိုက်တဲ့ဟင်းနဲ့ စားနိုင်တာပေါ့ဗျာ၊ ကျုပ်ဖြင့် ဟင်းတွေကိုကြည့်ပြီး သွားရေတွေကျနေတာဗျ၊ ဗိုက်ကလည်းဆာနေပြီကိုး၊ ဒါနဲ့ အသားဟင်းနှစ်ခွက်မှာလိုက်တယ်၊ ဦးဘသာကတော့ သွားမကောင်းတော့ အသားမဝါးနိုင်ဘူးလားမသိပါဘူးဗျာ၊ ဘဲဥချဉ်ရည်ဟင်းနဲ့စားတယ်၊ ငရုတ်သီးခြောက်ကြော်ရယ်၊ ငါးပိချက်ရယ်၊ နောက်ပြီး ခရမ်းချဉ်သီးထောင်းလေးနဲ့ တို့စားဖို့အတွက်တော့ သီဟိုရ်ရွက်နု၊ သခွားသီးစိတ်ကလေးတွေ စုံလို့ဗျ။
ကျုပ်လည်း ဆာဆာနဲ့ ဟင်းကိုခပ်ပြီး ထမင်းအပေါ်မှာပုံပြီးတော့ စားထည့်လိုက်တာပေါ့ဗျာ၊ ဒါပေမယ့် စားမကောင်းဘူးဗျ၊ ကျုပ်ဝါးနေရင်း အင်တင်တင်ဖြစ်လာတာ၊ ဦးဘသာကြီးကတော့ နားလည်တဲ့ပုံပါပဲ။
“မင်းအမေလက်ရာကိုလွမ်းနေပြီလားကွ၊ ဟား . .ဟား”
သူပြောတာမှန်တယ်ဗျ၊ ဟင်းတွေက ကြည့်သာကောင်းတာ၊ တကယ်တမ်းတော့ ကျုပ်ပါးစပ်နဲ့မတွေ့ဘူးဗျာ၊ အင်းပေါ့လေ ကျုပ်က အမေလက်ရာကိုပဲ အခုအသက်နှစ်ဆယ်ကျော်တဲ့အထိ စားလာတာဆိုတော့ သူများလက်ရာ ရောင်းတမ်းတွေကို မစားတတ်ဘူးဗျ၊ ဟင်းတွေက စားရတာ တစ်ခုခုလိုနေသလိုပဲ၊ စားသောက်ပြီးတော့ သူတို့ချပေးတဲ့ ရေအိုးထဲကရေကိုခပ်သောက်တော့ ဦးဘသာက ပိုက်ဆံတွေရှင်းနေပြီဗျ။
“ဘယ်လောက်ကျသလဲတူမရဲ့”
ပါးကွက်ကြီးကြီးဝိုင်းထားပြီးတော့ အသားမည်းမည်းနဲ့အညာသူက ကျုပ်တို့ကိုကြည့်ပြီး
“တစ်ယောက်ကိုခြောက်ဆယ်၊ နှစ်ယောက်ဆိုတော့ တစ်ရာ့နှစ်ဆယ်၊ ရေကတစ်ဆယ်ပဲပေးပါ၊ စုစုပေါင်း တစ်ရာ့သုံးဆယ်ပေါ့”
ကျုပ်ဖြင့်မျက်လုံးတွေပြူးသွားတာ၊
“ဘာဗျ၊ ဒီလောက်ကလေးစားတာကို တစ်ရာ့သုံးဆယ်တဲ့လား”
ဦးဘသာကြီးက ကျုပ်ကိုဆက်မပြောဖို့ မျက်ရိပ်ပြတယ်ဗျ၊ ကျုပ်ဖြင့်အံ့ဩနေတာဗျာ၊ ထမင်းစားမကောင်းလို့ တစ်ပန်းကန်တောင် မနည်းဝင်အောင်စားရတာ၊ ဟင်းကလည်း သုံးလေးတုံးလောက်ပဲကုန်တာလေ၊ အဲဒါကိုတောင် တစ်ယောက်ခြောက်ဆယ်ဆိုတော့ ကျုပ်တို့အိမ်မှာလို တစ်ခါစားရင် ထမင်းနှစ်လုံးချက်လောက်များစားရင် သုံးလေးရာများ ပေးရမလားပဲပေါ့ဗျာ၊ ကျုပ်ကိုတစ်သက်လုံး အလကားကျွေးထားတဲ့ အမေနဲ့အဖေကို ကျုပ်မှန်းဆရင်း လွှတ်ကျေးဇူးတင်နေမိတာ။ ဦးဘသာက ပိုက်ဆံပေးလိုက်တော့ အဲဒီမိန်းကလေးက အကြွေအမ်းဖို့ ဆိုင်တစ်ဆိုင်ကို ထသွားပါရောဗျာ။
“ထားလိုက်စမ်းပါအလတ်ကောင်ရာ၊ သူတို့လည်း နေပူကျဲတဲမှာ လုပ်စားနေရတာမဟုတ်လား၊ ဒီလောက်တော့ တောင်းမှာပေါ့ကွာ”
“အိုဗျာ၊ ကျန်တာမပြောပါဘူး၊ ရေတစ်အိုးတစ်ဆယ်ဆိုတာကတော့ များတယ်”
ထမင်းရောင်းတဲ့မိန်းကလေးက ပိုက်ဆံတွေယူပြီးပြန်လာတော့ ဦးဘသာကြီးက ထသွားတယ်ဗျ၊ ရေအိုးက ကျုပ်တို့ တစ်ခွက်နှစ်ခွက်လောက်ပဲ သောက်ထားတော့ အပြည့်ကြီးနီးပါးကျန်နေခဲ့တာ၊ ကျုပ်လည်း ဘယ်ရမလဲဗျာ။ တစ်ဆယ်ပေးထားရတဲ့ ရေကိုတော့ တန်အောင်သောက်မယ်ဆိုပြီး ရေအိုးထဲက ရေတွေခပ်ခပ်ပြီး သောက်ထည့်လိုက်တာဗျာ၊ ငါးခွက်လောက်သောက်ပြီးတော့ ရေအိုးကတစ်ဝက်ကျိုးနေပြီ၊ ဒီတော့မှ ကျုပ်လည်းကျေနပ်ပြီးတော့ ဦးဘသာအနောက်ကို ထလိုက်ခဲ့တာပဲ၊ ထမင်းရောင်းတဲ့မိန်းကလေးကတော့ ကျုပ်ကိုပြုံးကြည့်ရင်း ကျန်နေခဲ့တာပေါ့ဗျာ။
ကျုပ်တို့လည်း ပြန်ထပြီး ကားပေါ်တက်ခဲ့တယ်။ ကျုပ်တို့စားသလိုမျိုး စားနေကြတဲ့သူတွေ အများသားဗျ၊ ပိုက်ဆံမရှိတဲ့လူကျတော့လည်း မုန့်ဖက်ထုပ်လေးဝယ်စား၊ ပြောင်းဖူးဖုတ်လေး ဝယ်ပြီးဝါးနေကြတာပေါ့ဗျာ၊ ဒီလိုနဲ့ ကားကြီးက စထွက်တော့မယ်ဗျ။ ကားဆရာက ဟွန်းကိုသုံးချက်တီးလိုက်တော့ စပယ်ယာက သူတို့သွားမယ့်နေရာကို အော်နေတာပေါ့၊ နောက်တော့ ကားဆက်မောင်းခဲ့တာပေါ့ဗျာ။
ကားက ခုနတုန်းကထက်စာရင် အတော်ကြီးချောင်သွားပြီဗျ၊ မတ်တပ်ရပ်စီးတဲ့သူလည်း သုံးလေးယောက်ပဲရှိတော့တာ၊ ခုနက လမ်းခွဲမှာ တောင်ဘက်ကိုသွားမယ့်လူတွေ ဆင်းသွားတယ်ထင်ပါရဲ့ဗျာ၊ ကားချောင်သွားတော့ အညာလေပူပူက ကားထဲကိုတိုးဝင်လာတာဗျ၊ ကျုပ်လည်း ထမင်းစားရင်း ဗိုက်ကားထားတာရယ်၊ ညက သန်းခေါင်လောက်ထထားရတာရယ်ဆိုတော့ လေတဖြူးဖြူးနဲ့ မျက်လုံးတွေက စင်းလာပြီး ငုတ်တုတ်ကြီးအိပ်ပျော်သွားတာပဲဗျာ။
(၂)
အံမယ် ကျုပ်က အိပ်နေရင်း အိပ်မက်တွေဘာတွေတောင်မက်လို့ဗျ။ အိပ်မက်ထဲမှာ ကျုပ်က ရွာကိုပြန်ရောက်နေပြီဗျ၊ ကျုပ်တို့ခြံရှေ့ကိုရောက်နေတာပေါ့ဗျာ၊ ကျုပ်လည်း အိမ်လွမ်းနေတဲ့ကောင်ဆိုတော့ အိမ်ထဲကိုပြေးဝင်လိုက်တာပေါ့၊ အဖေက ကျုပ်ကိုကြည့်နေတယ်ဗျ၊
“အဖေ . . အဖေ ကျုပ်ပြန်လာပြီလေ”
ကျုပ်က ဝမ်းသာအားရအော်ပြီးတော့ အဖေ့ဆီပြေးသွားပေမယ့် အဖေက ကျုပ်ကိုမတွေ့သလိုပဲ တွေတွေကြီးကြည့်နေတာ၊ နောက်တော့ မီးဖိုချောင်ထဲကနေ အမေက ရေနွေးကရားအိုးကိုင်ပြီး ထွက်လာပြန်ရော။
“အမေ . . အမေ ကျုပ်ရောက်ပြီလေ”
အမေကလည်း အဖေ့အတိုင်းပဲ၊ ကျုပ်ကိုမမြင်ဘူးဗျ၊ သူကိုင်လာတဲ့ ရေနွေးကရားအိုးထဲက ရေနွေးတွေကို အဖေ့အရှေ့နားက ရေနွေးကရားအိုးထဲကို လောင်းထည့်နေတယ်၊ ကျုပ်ဖြင့် စဉ်းစားလို့မရတော့ဘူးဗျာ၊ နောက်တော့ အိမ်ပေါ်က အကိုကြီးက ကလေးချီပြီးဆင်းလာပါရော။
“အကိုကြီး . . အကိုကြီး”
အကိုကြီးဆီကို ကျုပ်ကပြေးသွားပေမယ့် အကိုကြီးက ကျုပ်ခေါ်တာကို မကြားတဲ့ပုံပါပဲ၊ အဲ . . ဒါပေမယ့် သူ့လက်ထဲက သုံးနှစ်လောက်ရှိမယ့် ကျုပ်တူမကတော့ ကျုပ်ကိုကြည့်ပြီး လန့်ပြီးအော်ငိုပါရောဗျာ၊ ကျုပ်လည်း ဘာတွေဖြစ်ကုန်မှန်းမသိဘူး၊ အားလုံးက သူ့အလိုလိုလှုပ်ရှားနေကြပြီး ကျုပ်ကိုကျတော့ မမြင်ရတဲ့ပုံစံပဲဗျ။
ဒီအချိန်မှာပဲ ကောင်းကင်မှာ ကျီးတွေပြိုနေတာဗျ၊ ကျီးပြိုတယ်ဆိုတာ ကျီးကန်းတွေအကောင်ရေအများကြီး လှည့်ပတ်ပျံသန်းနေပြီးတော့ အော်ဟစ်ဆူညံနေတာကို ပြောတာ၊ ကျုပ်လည်း စိတ်ထဲတစ်မျိုးကြိးဖြစ်သွားတယ်၊ ဘာလို့လဲဆိုတော့ ကျုပ်တို့ရွာမှာ ကျီးမရှိဘူးဗျ၊ အခုတော့ ကျီးတွေက မနည်းဘူး၊ ကောင်းကင်တစ်ခုလုံး ကျီးတွေလှည့်ပတ်ပျံနေပြီး မည်းနက်နေတာပဲဗျာ။
ဒီအချိန်မှာ အိမ်ပေါ်ကနေ ငိုသံသဲ့သဲ့ကိုကြားရတယ်ဗျ၊ ကျုပ်လည်း မနေနိုင်ပဲနဲ့ အိမ်ပေါ်တက်ကြည့်လိုက်တော့ ဘုရားစင်အရှေ့နားမှာ ဆန့်ဆန့်ကြီးလှဲပြီး စောင်ခြုံပြီးအိပ်နေတာက ကျုပ်ဗျ။ ကျုပ်ဘေးနားမှာတော့ နို့ညှာမနဲ့ အငယ်မက ခွေခွေကလေးထိုင်ပြီးတော့ ငိုနေကြတာ၊ ကျုပ်ဖြင့်ထူပူသွားတာပဲ။
“အငယ်မ၊ ဘာလို့ငိုနေကြတာလဲ”
ကျုပ်အသေအချာကြည့်လိုက်တော့ လှဲအိပ်နေတဲ့ကျုပ်မျက်နှာက မည်းမည်းကြီးဖြစ်နေတာဗျ၊ လူသေမျက်နှာကြီးပေါ့ဗျာ၊ ကျုပ်စိတ်ထဲ ပြောပြလို့မရတဲ့ ဝမ်းနည်းမှုကို ခံစားရတယ်ဗျ။
“ငါသေသွားတာလား၊ ဒါကြောင့်မို့လို့ သူတို့က ငါ့ကိုမမြင်ရတာလား”
ကျုပ်ကြည့်နေတုန်းမှာပဲ ကျုပ်အလောင်းကြီးက မျက်လုံးနှစ်ဖက် ဝုန်းခနဲပွင့်လာတယ်ဗျ၊ ပြီးတော့ ငေါက်ခနဲထထိုင်ပြီး ကျုပ်ပေါ်ကိုကုပ်ဖက်တက်တော့တာပဲ၊ ကျုပ်လည်း ကြမ်းပေါ်လိမ့်သွားတာပေါ့ဗျာ၊ ဒီတော့ အဲဒီအလောင်းကောင်ကြီးက ကျုပ်အပေါ်ကိုတက်ထိုင်ပြီး ကျုပ်လည်ပင်းကို လက်တွေနဲ့ညှစ်နေတာဗျ၊ ကျုပ်အသက်ရှုတွေကြပ်လာတယ်၊ ရုန်းပေမယ့် ရုန်းလို့ကလည်းမရဘူးပေါ့ဗျာ၊ အော်မယ်ဆိုပြီးကြံတော့လည်း ပါးစပ်တွေက ပိတ်နေပြန်ရောဗျို့။
“ဟေ့ကောင် ထစမ်းဟ”
ကျုပ်နားထဲ ဦးဘသာအသံကိုကြားလိုက်ရပြီး ကျုပ်ပုခုံးကိုတစ်ယောက်ယောက်ပုတ်လိုက်သလို ခံစားရတာJU ကျုပ်လည်း လန့်နိုးသွားတယ်၊ ကားက မောင်းနေတုန်းပါပဲ၊ ကျုပ်တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲလို့ဗျ။
“ဦးဘသာကြီး . . ကျုပ် . . ကျုပ်ကိုဘီလူးစီးတာထင်တယ်”
“နေ့ခင်းဖက်အိပ်လို့ဖြစ်မှာပါ သိပ်ပြီးအစွဲအလန်းမထားပါနဲ့”
“ကျုပ်အိပ်မက်ထဲ ကျုပ်ကသေသွားတာတဲ့ဗျ”
“ငါသိပါတယ်ကွာ . . . ပြောမနေပါနဲ့”
ကျုပ်လည်းထူးဆန်းသွားတာပေါ့၊ ဦးဘသာကြီးက သိနေတယ်ဆိုပါလား။
“ဦးဘသာက ကျုပ်အိပ်မက်ကို သိတယ်လား”
ဦးဘသာက ခေါင်းပဲညိတ်ပြတယ်ဗျ၊ ကျုပ်လည်း စကားဆက်မပြောဖြစ်ပါဘူးဗျာ၊ လွယ်အိတ်ထဲက ပုဝါစတစ်ခုနဲ့ မျက်နှာနဲ့ လည်ပင်းတွေ၊ ဂုတ်တွေက ချွေးတွေကိုသုတ်ပစ်လိုက်တာပေါ့။
(၃)
ကားက တစ်ချက်တုန့်ခနဲရပ်သွားတယ်ဗျ၊ နောက်တော့ ကားအရှေ့ပေါက်ကနေ အဘွားကြီးတစ်ယောက်တက်လာတယ်၊ အဘွားကြီးက တုန်တုန်ချိချိနဲ့ဗျ၊ အသက်ကလည်း ကိုးဆယ်လောက်ရှိပြီထင်ပါရဲ့၊ လက်ထဲမှာလည်း တောင်ဝှေးကြီးတစ်ချောင်းကိုင်ထားသေးတယ်၊ သွားတွေကျိုးကုန်ပြီဆိုတော့ နှုတ်ခမ်းက အထဲကို လိပ်ဝင်နေသေးတယ်။
ကျုပ်လည်း အဘွားကြီးကို နေရာထပေးဖို့လုပ်လိုက်တော့ အဘွားကြီးက ကျုပ်အနားကိုမလာဘဲ ကျုပ်တို့ရဲ့မျက်စောင်းထိုးထိုင်ခုံကိုသွားလိုက်တယ်ဗျ၊ အဲဒီနေရာမှာ လူကြီးတစ်ယောက်က ထိုင်နေပါရော၊ အဘွားကြီးက အဲဒီလူကြီးကို လက်ညှိုးထိုးပြီး
“ငါ့ကိုဖယ်ပေးစမ်း”
အဲဒီလူကြီးလည်း မတ်တပ်ထရပ်လိုက်တော့ အဘွားကြီးက လွတ်သွားတဲ့နေရာမှာ ထိုင်တယ်ဗျ၊ ပြီးတော့ ကားစီးလာရင်း မျက်နှာချင်းဆိုင်က ကျုပ်တို့ကို ကြည့်နေတော့တာပဲ၊ အစကတော့ ကျုပ်က ဒီအတိုင်း မျက်လုံးထဲမြင်သမျှကို ကြည့်နေတယ်မှတ်တာ၊ နောက်တော့မှ ကျုပ်နဲ့ဦးဘသာကို စိုက်ကြည့်နေမှန်းသိလိုက်ရတော့တာ။
အဘွားကြီးကိုလည်း ကျုပ်ကပြန်ကြည့်တာပေါ့ဗျာ၊ အဘွားကြီးက ပိန်ပိန်ကပ်ကပ်နဲ့ လက်တွေဆိုလည်း အရိုးပေါ်အရေတင်ဗျ၊ ဆံပင်တွေဆိုရင်လည်း တစ်ခေါင်းလုံးကို ဖြူဖွေးဆွတ်နေတာပဲ၊ ဒါပေမယ့် ထူးခြားတာကတော့ သူ့မျက်လုံးတွေဗျ၊ သူ့မျက်လုံးတွေက စူးရှပြီး ကြည်လဲ့နေတာဗျ၊ ကျုပ်လည်း ဦးဘသာကြီးကို သတိပေးဖို့လှည့်ကြည့်လိုက်တော့ ဦးဘသာကြီးကလည်း အဲဒီအဘွားကြီးကိုကြည့်နေတယ်ဗျ၊ ကျုပ်လည်း ဦးဘသာလက်ကိုအသာကုပ်ပြီး အနားကိုမသိမသာကလေးတိုးလိုက်တယ်ဗျ။
“ဦးဘသာ၊ ဟိုအရှေ့ကအဘွားကြီးက တစ်မျိုးကြီးပဲနော်”
“အဲဒါ ဇော်ဂနီကွ၊ စုန်းတွေထဲမှာ တော်တော်မြင့်တဲ့စုန်းပေါ့ကွာ၊ သူတို့ကို ကာကဇော်ဂနီလို့ခေါ်တယ်၊ ကာက ဇော်ဂနီက ကျီးကန်းကိုကိုယ်စားပြုတယ်ကွ”
“ဒါကြောင့်ဖြစ်မယ်၊ ကျုပ်ခုနက အိပ်နေရင်း ကျီးကန်းတွေ တွေ့လိုက်တာ၊ ဒါနဲ့ အခုသူနဲ့တွေ့ပြီဆိုတော့ ဘာဆက်ဖြစ်မှာလဲဗျ”
ဦးဘသာက တည်တည်ငြိမ်ငြိမ်ပဲ
“ငါလည်းမသိဘူး၊ ငါတပ်အပ်ပြောနိုင်တာကတော့ မကြာခင် မကောင်းတာတွေဖြစ်လာတော့မယ်ဆိုတာပဲကွ၊ မင်းငြိမ်ငြိမ်ထိုင်နေနော်၊ မဟုတ်တာတွေမလုပ်နဲ့”
ပြီးတော့ ဦးဘသာက သူပိုက်ထားတဲ့ ကွမ်းအစ်ကို ကျုပ်ဆီကိုလှမ်းပေးလိုက်တယ်၊ ကျုပ်လည်းသိလိုက်ပြီလေဗျ၊ သူ့ကွမ်းအစ်ကိုင်ထားတဲ့သူက စုန်းအတတ်နဲ့ပြုစားလို့မရဘူးမဟုတ်လား၊ ဒါနဲ့ ကျုပ်လည်း ကြောက်ကြောက်နဲ့ ကွမ်းအစ်ကိုလက်နှစ်ဖက်နဲ့ သေသေချာချာကိုင်ထားလိုက်တာပေါ့ဗျာ၊ စုန်းနှစ်ယောက် ကားပေါ်မှာ မျက်နှာချင်းဆိုင်တွေ့နေပြီလေ၊ ဘာဆက်ဖြစ်မလဲဆိုတာလည်း ဦးဘသာကြီးက ပြောထားတယ်မဟုတ်လား။
ရုတ်တရက် ကားက တစ်ချက်သိမ့်ခနဲဖြစ်သွားပြီးတော့ အဘွားကြီးက စကားစပြောတယ်ဗျ။
“ရှင့်ကိုဘာမှမလုပ်ဘူး၊ ကျုပ်ကို ဟိုကောင်လေးကိုသာပေး . . .”
ဦးဘသာကြီးကလည်း
“အောင်မာ၊ ဒီကောင်က ငါ့တူကွ၊ ငါကဘာလို့ပေးရမှာလဲ”
“အောင်မယ်ရှင်က အလာကြီးပါလား၊ ခဏနေကားရပ်တဲ့အချိန်မှာ ကောင်လေးကိုကျုပ်ကိုပေး၊ သူ့ကိုကျုပ်ခေါ်သွားမယ်”
“မင်းပြောတဲ့အတိုင်း ငါကလုပ်စရာလား မယ်အိုဇာရဲ့”
ဦးဘသာပြောလိုက်တော့ အဘွားကြီးက တော်တော်ဒေါသထွက်သွားတဲ့ပုံပဲဗျ၊
“ကောင်းပြီလေ၊ ဒီကောင်လေးကို မပေးဘူးဆိုရင် ဒီတစ်ကားလုံးကိုမှောက်ပစ်မယ်၊ ကားပေါ်ကလူတွေအကုန်လုံးကို သတ်ပစ်မယ်”
ကျုပ်လည်း လန့်သွားပြီး ကားစီးနေတဲ့သူတွေကို လိုက်ကြည့်မိတယ်၊ ဒီတော့မှ ကားစီးနေတဲ့သူတွေက အိပ်နေကြတာဗျ၊ မတ်တပ်ရပ်တဲ့လူကလည်း တန်းကြီးကိုကိုင်ပြီး အိပ်နေတာဗျို့၊ ကျုပ်ဘေးနားက အဒေါ်ကြီးဆို ဇက်ကြိးကျိုးကျပြီးတော့ ဟောက်ရင်း အိပ်ပျော်နေတာ၊ ကျုပ်လည်း စုန်းမကြီးအိပ်မွေ့ချလိုက်တာမှန်း သိလိုက်ပြီပေါ့ဗျာ၊ ကျုပ်တောင်မှ ကွမ်းအစ်ကိုင်ထားလို့ အိပ်မွှေ့အချမခံရတာနေမှာ။
ကျုပ်စဉ်းစားနေတုန်း ကားကတစ်ချက်သိမ့်ခနဲပြန်တုန်သွားတယ်၊ ပြီးတော့ ပုံမှန်အတိုင်းပဲဆက်သွားနေတယ်၊ ခုနက အိပ်ပျော်နေတဲ့လူတွေကလည်း အကုန်ပုံမှန်ဖြစ်သွားပြီဗျ၊ ထူးဆန်းလိုက်တာဗျ၊ ဒီအဖြစ်ကိုကြည့်တာနဲ့ ဒီအဘွားကြီးအစွမ်းက မသေးလောက်ဘူးဆိုပြီးတော့ ကျုပ်သိလိုက်ပြီလေ။
နောက်တော့ ကားက အရှိန်လျှော့သွားပြီး လမ်းဘေးမှာရပ်လိုက်တယ်ဗျ၊ ကားစပယ်ယာက ကားထဲကိုကြည့်လိုက်ပြီးတော့
“အင်တိုင်းရွာပါသေးလား၊ အင်တိုင်းရွာဆင်းမယ့်လူရှိသေးလား”
အဲဒီလိုအော်တာဗျ၊ အဘွားကြီးက ကျုပ်မျက်လုံးတွေကိုကြည့်လိုက်တယ်၊ သူ့မျက်လုံးနဲ့ ကျုပ်မျက်လုံးနဲ့ အကြည့်ချင်းဆုံသွားတဲ့အချိန်မှာပဲ သူ့မျက်လုံးက ဝင်းခနဲတစ်ချက်ထလက်သွားတယ်ဗျ၊ မြင်သာအောင်ပြောရရင် ဘုရားရောင်ခြည်တော်မှာတပ်တဲ့ မီးလုံးအစိမ်းရောင်ကလေး ထပြီးလက်သွားသလိုမျိုးပေါ့ဗျာ၊ အစိမ်းရောင်ကလေး တစ်ချက်လက်ထွက်သွားတာ။ ပြီးတော့ အဘွားကြီးက တောင်ဝှေးအားပြုပြီး မတ်တပ်ရပ်လိုက်တယ်ဗျ၊ ဒီအချိန်မှာပဲ ကျုပ်စိတ်တွေဘယ်လိုဖြစ်ချင်သလဲမသိပါဘူးဗျာ၊ ကျုပ်လည်း ရောယောင်ပြီး မတ်တပ်ထရပ်လိုက်တယ်၊ ဦးဘသာကြီးက ကျုပ်လက်ကိုဆတ်ခနဲဖမ်းဆွဲထားလိုက်တော့မှ ကျုပ်ကိုယ်ထဲက တစ်ခုခုထွက်သွားသလို ခံစားလိုက်ရတာဗျာ။ အဘွားကြီးက ထိုင်ရမလို ထရမလိုနဲ့ ကုန်းကုန်းကွကွကြီးဖြစ်နေတာ၊ ဦးဘသာကြီးကိုလည်း စိုက်ကြည့်နေတာပေါ့။
“ဟိုအကို အင်တိုင်းမှာဆင်းမှာလား”
မတ်တပ်ရပ်သွားတဲ့ ကျုပ်ကို စပယ်ယာကမေးတယ်ဗျ၊ ကျုပ်လည်း ဘာပြောရမှန်းမသိဘူးဖြစ်နေတာ။
“မဆင်းဘူးဟေ့၊ ဘယ်သူမှမဆင်းဘူး၊ ဆက်သာမောင်း . . ”
ဦးဘသာကြီးက အသံကျယ်ကျယ်နဲ့ပြောလိုက်တော့မှ ကားဆရာက လီဗာကိုဆောင့်နင်းပြီး ဝူးခနဲကားကြီးက ထွက်သွားတာဗျ၊ ကုန်းကုန်းကွကွနဲ့ဖြစ်နေတဲ့အဘွားကြီးက ကားဆောင့်ထွက်တော့ လဲကျမလိုဖြစ်သွားတာဗျ၊ ဒါပေမယ့် သူ့ကိုယ်သူတော့ ပြန်ထိန်းနိုင်ပါတယ်။ နောက်တော့ သူထိုင်တဲ့နေရာမှာပဲ အေးအေးဆေးဆေးပြန်ထိုင်နေတယ်။
ဦးဘသာကိုတော့ တော်တော်မုန်းနေတဲ့ပုံပဲဗျ၊ နောက်တော့ မအိုဇာလို့ခေါ်တဲ့ အဲဒီအဘွားကြီးက သူ့လက်ထဲက တောင်ဝှေးကြီးနဲ့ ကားကြမ်းပြင်ကို သုံးလေးချက်လောက် တဒေါက်ဒေါက်နဲ့ဆောင့်ချလိုက်တယ်ဗျ၊ မကြာပါဘူးဗျာ၊ ကားအနောက်ပေါက်က စပယ်ယာက အရှေ့ခန်းကိုပြေးသွားတယ်၊ ကားဒရိုင်ဘာနဲ့ စပယ်ရာတွေ တိုးတိုးကြိတ်ကြိတ်နဲ့ ပြောလိုက်၊ စပယ်ယာက ကျုပ်တို့ခရီးသည်တွေကိုကြည့်လိုက်နဲ့ဆိုတော့ သူတို့ကားတစ်ခုခုဖြစ်နေပြီမှန်း ကျုပ်သိလိုက်ပြီလေ၊ စပယ်ယာမျက်နှာကလည်း အတော်ပျက်နေတာကိုးဗျ။
ကားအနောက်ပိုင်းက စပယ်ယာက ကားဒရိုင်ဘာနားမှာထားတဲ့ ကားပြင်တဲ့ကိရိယာတွေယူလိုက်တယ်ဗျ၊ ကားကတော့ မောင်းနေဆဲပါပဲ၊ ကားဒရိုင်ဘာရဲ့ ဘေးနားမှာ စက်ခုံကြီးရှိတယ်ဗျ၊ အဲဒီစက်ခုံကြီးကိုဖွင့်ပြီးတော့ တစ်ခုခုလုပ်နေသလိုပဲ။ ကျုပ်သာသတိထားမိပေမယ့် ကျန်တဲ့ခရီးသည်တွေကတော့ ကိုယ့်အတွေးနဲ့ကိုယ် အေးအေးလူလူလိုက်ပါလာကြတာပေါ့ဗျာ။ အဘွားကြီးကလည်း ပြုံးလို့ဗျ၊ ဦးဘသာကြီးကိုကြည့်နေတာ၊ သူ့အကြည့်က နင်ဘာလုပ်မလဲဆိုတဲ့အကြည့်မျိုး၊ အပြုံးမျိုးဗျ၊
ဦးဘသာကလည်း ထိုင်နေရင်း ခြေထောက်တစ်ဖက်ကိုချိတ်လိုက်တယ်၊ ပြီးတော့ ကျန်တဲ့ခြေထောက်တစ်ဖက်ရဲ့ ဖနောင့်နဲ့ ကားကြမ်းပြင်ကို လေးငါးချက် သာသာလေးဆောင့်လိုက်တယ်ဗျ၊ သူတို့နှစ်ယောက်လုပ်နေတာတွေကြည့်ရင်း ကျုပ်ကတော့လန့်နေပြီ၊ ကားရှေ့ပိုင်းကိုကြည့်လိုက်တော့ ကားဆရာကို စပယ်ယာက လက်မထောင်ပြတယ်ဗျ၊ နောက်တော့ ကိရိယာတွေဘာတွေကို ပြန်သိမ်းနေတယ်ဆိုတော့ ကားကပြန်အဆင်ပြေသွားလို့ပေါ့ဗျာ။ ဦးဘသာက နှုတ်ခမ်းတွန့်ရုံကလေး ခနဲ့ပြီးပြုံးပြလိုက်တော့ အဘွားကြီးက ဒေါသတွေထွက်ပြီး မျက်မှောင်ကြုတ်သွားပါရော။
(၄)
ဒေါ်အိုဇာကြီး တစ်ချီတော့ရှုံးသွားပြီဗျ၊ ဒါပေမယ့် သူက အပြုံးမပျက်သေးပါဘူး၊ ဦးဘသာမျက်နျာကိုတည့်တည့်ကြီးပြီးတော့ ချောင်းတစ်ချက်ဆိုးပြလိုက်တယ်ဗျ။
“အဟွတ် . . . ဖောင်း . . ရှူး . . .”
သူချောင်းဆိုးလိုက်တာနဲ့ ကားဘီးက ဖောင်းခနဲကွဲထွက်သွားပြီးတော့ လေထွက်သံတရှူးရှူးလဲကြားလိုက်ရတာပေါ့ဗျာ၊ ကားစပယ်ယာလည်း ပျာယာခတ်သွားသလို ကားပေါ်က ခရီးသည်တွေကလည်း ကြောက်လန့်တကြားနဲ့ ထအော်ကြတာပေါ့၊ အိပ်နေတဲ့ခရီးသည်အချို့တောင်မှ လန့်ပြီးနိုးသွားတာ။
“ကားဘီးပေါက်သွားတာလားမသိဘူး”
ခရီးသည်တွေက တစ်ယောက်တစ်မျိုးပြောကုန်ကြပြီဗျ၊ ကားဘီးပေါက်တယ်ဆိုတာ ခရီးများများသွားတဲ့လူတွေအတွက်မဆန်းပါဘူးဗျာ၊ အဲဒီခေတ်က ကားကြီးတွေက စစ်ကျန်ကားကြီးတွေဆိုတော့ ကျန်းမာရေးက သိပ်မကောင်းတော့ဘူးဗျ၊ တော်ကြာ ဟိုဟာပျက်လို့၊ တော်ကြာဒီဟာပျက်လို့နဲ့ ကိုယ့်ကားအကြောင်းကိုသိတဲ့ ကားဒရိုင်ဘာတွေသာ လက်ပူတိုက်ကြီးတော့ မောင်းကြရတာဗျ။ ဒီကြားထဲ ကားလမ်းတွေကလည်း ရေလှိုင်းတွေလိုဖြစ်နေတဲ့အပြင်၊ ကားလမ်းတစ်လျှောက်လည်း ချိုင့်တွေ ခွက်တွေချည်းဆိုတော့ အခန့်မသင့်ရင် ဒီလိုပဲ ကားဘီးပေါက်တတ်တာပေါ့ဗျာ၊ ဒါပေမယ့် ဒီတစ်ခါကားဘီးပေါက်တာကို ကျုပ်ကတော့ သွေးရိုးသားရိုးမဟုတ်ဘူးလို့ ယူဆလိုက်တယ်ဗျ၊ ဒေါ်အိုဇာကြီး ချောင်းဆိုးလိုက်တာနဲ့များ သက်ဆိုင်နေမလားပေါ့ဗျာ။
“ဆရာရေ၊ ကားရပ်ပါအုံး”
စပယ်ယာက အော်လိုက်တော့ ကားဒရိုင်ဘာက ထိန်းမောင်းရင်း ကားရပ်ဖို့နေရာကောင်းရှာရတာပေါ့ဗျာ၊ နွေရာသီဆိုတော့ လမ်းပုခုံးသားတွေကလည်း ဖုန်တွေအထူကြီးနစ်နေတာ၊ ဒီကားကြီးသာ ဖုန်နစ်ရင်မလွယ်ဘူးမဟုတ်လား၊ ဒီတော့ လမ်းသားမာတဲ့နေရာကို ရွေးပြီးရပ်ရတာပေါ့ဗျာ။
ကားကိုအရှိန်လျှော့လိုက်တဲ့အချိန်မှာပဲ ဦးဘသာကြီးက သူ့ပါးစပ်ကိုလက်သီးဆုပ်နဲ့အသာကလေးပိတ်ပြီးတော့ ချောင်းတစ်ချက်ပြန်ဟန့်လိုက်ပါရောဗျာ၊ အဟမ်းဆိုပြီး ချောင်းဟန့်တဲ့အသံက အကျယ်ကြီးထွက်လာတာပေါ့၊ မကြာပါဘူး ကားကြီးက လမ်းဘေဘးမှာရပ်သွားပါရော၊ ကားစပယ်ယာနဲ့ ဒရိုင်ဘာက ကားအောက်ကိုဆင်းပြီး ကားဘီးတွေကိုကြည့်ကြတာပေါ့ဗျာ။ ကျုပ်လည်း ကားပေါ်ကနေလှမ်းကြည့်တော့ စပယ်ယာနဲ့ ဒရိုင်ဘာက ခေါင်းတွေကုပ်လို့ဗျ။
“ဘာမှမပေါက်ပါဘူးကွာ၊ ဘီးတွေအားလုံး အကောင်းအတိုင်းပါပဲကွ၊ အိတ်ဇောပေါက်တာဖြစ်မှာပါ၊ ဒါမှမဟုတ်လည်း လမ်းမှာကျခဲ့တဲ့ အိတ်တစ်ခုခုကိုနင်းမိတာဖြစ်မှာ”
ဒရိုင်ဘာက ပြောပြီးတော့ ကားပေါ်ပြန်တက်သွားတယ်ဗျ၊ စပယ်ယာက ခေါင်းတခါခါနဲ့
“မဟုတ်ပါဘူး၊ ဘီးပေါက်တာမှ ဘီးပေါက်တဲ့အသံအစစ်ပါ”
သူ့နားကို သူမယုံနိုင်သလိုဖြစ်နေတာပေါ့ဗျာ၊ ဒီတော့မှ ဦးဘသာကြီးက ပါးကြီးဖောင်းသွားအောင်ပြုံးရင်း ဒေါ်အိုဇာကြီးကိုကြည့်လိုက်တယ်ဗျ၊ သူနိုင်သွားပြီဆိုတော့ အောင်နိုင်သူအပြုံးနဲ့ပေါ့ဗျာ၊ ဒေါ်အိုဇာကတော့ မပြုံးနိုင်ပါဘူးဗျာ၊ ဦးဘသာကိုမျက်စောင်းကြီးထိုးပြီးတော့ ပါးစပ်ကလည်း ပွစိပွစိနဲ့ ဘာတွေကျိန်နေသလဲတော့ မသိပါဘူးဗျာ၊ ဒါနဲ့ပဲ ကားကြီးက ဆက်ထွက်လာခဲ့တာပေါ့ဗျာ။
မြေမျက်နှာသွင်ပြင်က နည်းနည်းပြောင်းသွားတယ်ဗျ၊ ကျုပ်တို့ဆီကထွက်လာသလို မြေပြန့်တွေမဟုတ်တော့ဘဲ လမ်းက အတက်အဆင်း၊ အကွေ့အကောက်တွေ များလာတယ်ဗျ၊ နောက်ပြီးတော့ ရွာဆက်လည်း နည်းနည်းကျဲလာတယ်။ လမ်းနံဘေးမှာလည်း ရွက်ကြွေတောကြီးတွေပဲ ရှိတယ်ဗျ။
အချိန်ကလည်း ညနေစောင်းချင်လာပြီဗျ၊ ကျုပ်လည်း အပေါ့အရမ်းသွားချင်လာပြီဗျ၊ တစ်ဆယ်ပေးထားတဲ့ရေအိုးကို တန်အောင်သောက်မယ်ဆိုတဲ့စိတ်ကူးနဲ့ ရေတွေတ၀သောက်လာခဲ့တော့ အခုတော့ သောက်ထားတဲ့ရေတွေက ဆီးတွေဖြစ်ပြီး ဆီးအိမ်ထဲမှာ စုနေပြီဗျ။
ဒါပေမယ့် လူကလည်း မထရဲဘူး၊ ကိုယ့်အရှေ့တည့်တည့်မှာ ကိုယ့်ကိုလုပ်မယ့်သူက မိန့်မိန့်ကြီးထိုင်နေတယ်မဟုတ်လား၊ တော်ကြာ အပေါ့သွားဖို့ ကားရပ်ခိုင်းပြီးဆင်းတဲ့အချိန် ကျုပ်ကိုတစ်ခုခုလုပ်ရင် ဘယ်နှယ့်လုပ်ပါ့မလဲဗျာ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ ဦးဘသာကြီးဘေးကနေ မခွာနိုင်ဘူးပေါ့။
တောအုပ်ကြီးတစ်ခုကိုဖြတ်တော့ အရှေ့မှာထိုင်နေတဲ့ ဒေါ်အိုဇာကြီးက ပြုံးပြန်တယ်ဗျ၊ သူပြုံးရင်ကျုပ်က ကြောက်နေရပြီ၊ ဘာမဟုတ်တာလုပ်ပြီလဲပေါ့ဗျာ၊ ဒီအချိန်မှာပဲ ကားက ဝုန်းခနဲဆောင့်သွားတယ်ဗျ၊ ကားပေါ်မှာထိုင်လိုက်လာတဲ့သူတွေလည်း အော်ကြဟစ်ကြပေါ့ဗျာ။ နောက်တော့ကားက အဲဒီလိုပဲ တဝုန်းဝုန်းနဲ့ ကဆုန်ပေါက်နေတော့တာပါပဲ၊ ကားပေါ်ပါတဲ့သူတွေလည်း ဘုရားစာရွတ်တဲ့လူကရွတ်။ ကားဆရာကို ဝိုင်းပြီးဆဲဆိုတဲ့လူက ဆဲဆိုနဲ့ ဆူညံသွားတာပေါ့ဗျာ။
“ကားဆရာ၊ ကားကိုဘယ်လိုမောင်းနေသလဲ၊ နည်းနည်းထိန်းမောင်းစမ်းပါ”
လူတွေအော်ပေမယ့် အချည်းနှီးပါပဲဗျာ၊ ကားက ငြိမ်သွားတယ်လို့ကိုမရှိဘဲ တဝုန်းဝုန်းနဲ့ကို ဆောင့်နေတေတာ့တာ၊ မသိရင် ကားဆရာက ကားလမ်းမှာရှိတဲ့ ချိုင့်ခွက်တွေကို တမင်နင်းပြီးလိုက်မောင်းနေသလိုပဲဗျာ၊ ကျုပ်လည်း သိလိုက်ပါပြီ၊ ဒီအဘွားကြီး တစ်ခုခုလုပ်လိုက်ပြီဆိုတာကို။
ဦးဘသာကြီးနဖူးကနေ ချွေးတွေပြန်လာတယ်ဗျ၊ သူလည်းပူအိုက်လာပုံရတယ်၊ ဒါနဲ့သူပေါင်းထားတဲ့ ခေါင်းပေါင်းကိုချွတ်လိုက်ပြီးတော့ သူ့နဖူးကိုသူသုတ်နေတယ်၊ ကျုပ်ကြည့်ရသလောက်ကတော့ ဦးဘသာကြီး အကြပ်ရိုက်နေပုံပဲဗျ၊ မျက်နှာကလည်း သိပ်မသာမယာဘူးမဟုတ်လား။
ရှေ့နားရောက်တော့ ကားကပိုဆိုးလာတယ်၊ ခုန်ရုံတင်မဟုတ်ဘဲ ကားက ဘယ်ဖက်ကိုဆွဲသွားလိုက်၊ ညာဖက်ကိုယိုင်သွားလိုက်နဲ့ လူးနေတာပဲဗျာ၊ ကားနောက်ခန်းကလူတွေကတော့ အော်ဟစ်ဆဲဆိုရင်း ဆီးဖြူသီးကို စကောထဲထည့်လှိမ့်သလိုမျိုး ခလောက်ဆန်နေတာပေါ့ဗျာ၊ ဦးဘသာကြီး ရှုံးပြီလားဆိုပြီး ကျုပ်လည်းတွေးမိရင်း အနားက သံတန်းကို လက်နဲ့ဆုပ်ကိုင်ထားလိုက်တာပေါ့။
ဒေါ်အိုဇာကြီးက ပြောပြီးသားလေဗျာ၊ ကျုပ်ကိုမပေးရင် ကားတစ်စီးလုံးက လူတွေကိုသတ်ပစ်မယ်ဆိုပြီး ပြောထားပြီးသားမဟုတ်လား၊ ပြီးတော့ သူ့ရုပ်ကလည်း တကယ်လုပ်မယ့်ရုပ်ကြီးဗျ၊ ဒီတော့ ခရီးသည်တွေအားလုံးရဲ့အသက်က ကျုပ်အပေါ်မူတည်နေပြီလေဗျာ၊ ကားတစ်စီးလုံးကိုကြည့်လိုက်တော့လည်း ကလေးငယ်တွေ၊ သားသည်အမေတွေနဲ့၊ နောက်ပြီး ကားခေါင်မိုးပေါ်က လူတွေဆို အော်လိုက်ကြတာ ငယ်သံပါနေပြီဗျ။
ကားစပယ်ယာတွေက ဒရိုင်ဘာကိုသွားကြည့်တော့ ဒရိုင်ဘာက မျက်လုံးကြီးပြူး၊ ပါးစပ်ကြီးဖြဲပြီးတော့ လျှာကြီးကလည်းတစ်လစ်ကြီးထွက်ရင်း ကားမောင်းနေတာတဲ့ဗျ၊ စပယ်ယာတစ်ယောက်က သူ့အသားကိုသွားထိတော့ လက်ပြန်ကြီးနဲ့ ဖြောင်းခနဲရိုက်ချလိုက်တာဗျာ၊ အဲဒီစပယ်ယာလွင့်သွားပြီး ကျုပ်တို့အရှေ့နားက အထုပ်အပိုးတွေအပေါ်ကို နောက်ပြန်လန်ကျသွားတယ်၊ ကျုပ်အထင်တော့ ဒေါ်အိုဇာကြီးက ကားဒရိုင်ဘာကို တစ်ခုခုပူးကပ်ခိုင်းထားတာပဲဖြစ်ရမယ်လို့ ကျုပ်တော့ထင်တာပဲ။
ဟော အရှေ့မှာ လမ်းကွေ့ကြီးဗျ၊ လမ်းက တောင်ဆင်းလမ်းကြီးလို ဆင်ခြေလျှောကြီးဖြစ်နေတာ၊ မကွေ့ရင်တော့ တောထဲဆင်းချသွားမှာဗျ၊ ဒရိုင်ဘာကိုကြည့်ရတာလည်း ကားကိုကွေ့မယ့်ပုံမပေါ်ဘူး၊ ကျုပ်လည်း မနေသာတော့ဘူးပေါ့ဗျာ။
“ဒီမယ်အဘွားကြီး၊ ကျုပ်ခင်ဗျားနဲ့လိုက်ခဲ့မယ်၊ အခုလုပ်နေတာတွေကို ချက်ချင်းရပ်လိုက်စမ်း”
ကျုပ်အော်ပြောလိုက်တော့ အဘွားကြီးက
“မင်းရဲ့လူကြီးကို အရင်အရှုံးပေးခိုင်းလိုက်စမ်းပါ၊ သူအရှုံးမပေးမချင်း ငါဒီလိုဆက်လုပ်နေရမှာပဲ”
ကျုပ်လည်း ဦးဘသာကြီးကိုလှည့်ကြည့်လိုက်တာပေါ့ဗျာ၊ ဦးဘသာကြီးက ကျုပ်လက်ကိုဆွဲထားတယ်။
“မသွားရဘူးအလတ်ကောင်၊ မင်းလိုက်သွားရင် မင်းမိဘတွေကို ငါပေးထားတဲ့ကတိ ပျက်သွားလိမ့်မယ်၊ ငါရွာကိုဘယ်လိုမျက်နှာနဲ့ ပြန်ရမလဲကွ”
ကျုပ်လက်ကို အတင်းဆွဲထားတယ်၊ ဒါပေမယ့် ကျုပ်ကလည်း ကျုပ်ကြောင့် ဒီကားပေါ်ကလူတွေ သေမှာကိုမဖြစ်စေလိုဘူး၊ ဦးဘသာကြီးအခြေအနေကလည်း ဒီအတိုင်းဆို နိုင်မယ့်ပုံမရှိဘူးလေ၊ ဒီတော့ ကျုပ်က လက်ကိုအတင်းခါချလိုက်တာပေါ့။
“တော်ပြီ ဦးဘသာ၊ ကျုပ်သူနဲ့လိုက်သွားမယ်၊ ကျုပ်ကြောင့်သူများတွေထိခိုက်မှာ မလိုချင်ဘူး”
ကျုပ်ပြောလိုက်တဲ့အချိန်မှာပဲ ကားက ကျွီခနဲမြည်သွားပြီးတော့ ဘေးကိုကွေ့ထွက်သွားတယ်ဗျ၊ ကျုပ်လည်း လက်ကကွမ်းအစ်တစ်ဖက်ကိုင်ထားတယ်၊ နောက်လက်တစ်ဖက်က ဘာမှမကိုင်ထားဘူးဆိုတော့ ကားဆောင့်ကွေ့တဲ့အခါ ဝုန်းဆိုပြီး ချော်လဲကျတာပဲဗျ၊ ဖြစ်ချင်တော့ ကျုပ်က ကျုပ်အရှေ့မှာ ပုံထားတဲ့အထုပ်အပိုးတွေနဲ့ တိုက်မိပြီးတော့ နောက်ပြန်ကြီးပက်လက်လန်ပြီး ဒေါ်အိုဇာကြီး ပေါင်ပေါ်ကို လဲကျသွားပါရောဗျာ၊
ကျုပ်လက်ထဲက ကွမ်းအစ်လည်း မိုးပေါ်ပျံတက်သွားပြီး ဒေါ်အိုဇာရဲ့ နဖူးကို တည့်တည့်ထိသွားတာပဲဗျို့၊ ဒေါင်ဆိုတဲ့အသံကြီးတောင်မှ ကျုပ်ကကြားလိုက်ရသေးတာ၊ နောက်တော့ လက်က ဆွဲမိဆွဲရာ ဆွဲရင်း ဒေါ်အိုဇာကြီးရဲ့ ထမီကိုဆွဲလိုက်တော့ ဒေါ်အိုဇာထိုင်နေရင်းနဲ့ ထမီကြီးကျွတ်ထွက်သွားပါရောဗျာ။
“ဟဲ့ မအေလိုး၊ သေချင်းဆိုးလေး . . .”
ဒေါ်အိုဇာကြီးလည်း သူ့ထမီကို ကြောက်လန့်တကြားနဲ့ပြန်ဆွဲတယ်ဗျ၊ ကားပေါ်ကလူတွေလည်း ကျုပ်အဖြစ်ကိုဝိုင်းကြည့်နေတာပေါ့ဗျာ၊ ဒေါ်အိုဇာလည်း အသက်ဘယ်လောက်ကြီးကြီး မိန်းမသားမဟုတ်လားဗျ၊ ထမီကျွတ်တော့ ရှက်တာပေါ့။ ဒါပေမယ့် တစ်ခုကံကောင်းသွားတာက ဒေါ်အိုဇာထမီပြန်ဆွဲနေတဲ့အချိန်က သူ့အတွက် အားနည်းချက်ဖြစ်သွားပုံရတယ်။
ဦးဘသာကြီးက ဒေါ်အိုဇာကြီးကို စိုက်ကြည့်လိုက်တာနဲ့ ဒေါ်အိုဇာကြီး အနောက်ကိုလန်ပြီးခုံပေါ်လဲကျတာပဲဗျာ၊ ဦးဘသာမျက်လုံးက အရောင်တွေ တလက်လက်နဲ့ ထွက်သွားတာကို ကျုပ်မြင်ရတယ်၊ ဒီအချိန်ပဲ ဒေါ်အိုဇာခေါင်းပေါ်က တန်းပေါ်မှာတင်ထားတဲ့ အထုပ်အပိုးတွေက ပြိုကျလာတာပဲဗျာ။
အဖြစ်အပျက်တွေက တကယ်မြန်တယ်ဗျ၊ ကားကလဲ ကျွီခနဲထိုးရပ်သွားတာ၊ ကျုပ်မျက်နှာပေါ်ကိုလည်း အထုပ်အပိုးတွေကျတာပေါ့ဗျာ၊
“ကားရပ်ပြီဟေ့၊ ကားရပ်ပြီဟေ့”
ကားပေါ်ကလူတွေက အော်ဟစ်ပြီးတော့ ဆဲဆိုကြတာပေါ့ဗျာ၊ ကားသမားကလည်း ကြောင်စီစီနဲ့ပါ၊ ကားရပ်ပြီဆိုတော့ ကျုပ်လည်း လဲကျနေရာကနေ လူးလဲထပြီးတော့ ကားအောက်ကိုပြေးဆင်းတော့တာပဲ၊ အနားက ချုံနားကိုသွားပြီးတော့ ထိပ်၀ရောက်နေတဲ့ ကိစ္စကို အပြတ်ရှင်းထုတ်ရတာပေါ့ဗျာကျုပ်ဘာကိုမှမှ ဂရုမစိုက်နိုင်တော့ဘူးလေ၊ ဒီထက်နည်းနည်းနောက်ကျရင် ပုဆိုးထဲထွက်ကျကုန်တော့မှာမဟုတ်လား။
ကျုပ်နည်းတူပဲ လူတစ်ချို့လည်းဆင်းလာကြတယ်၊ ခေါင်မိုးပေါ်က လူတွေက ဆင်းလာပြီးတော့ ဒရိုင်ဘာကို ထိုးမယ်ကြိတ်မယ်လုပ်ကုန်ကြပြီဗျ၊ ဒရိုင်ဘာကတော့ ဘာမှမသိသလို မျက်နှာငယ်ကလေးနဲ့နေရတာ၊ စပယ်ယာတွေ ဝိုင်းဆွဲလို့သာ မထိုးမကြိတ်ကုန်ကြတာပေါ့ဗျာ။
ကျုပ်လည်း ကိစ္စပြီးတာနဲ့ ကားပေါ်ကိုပြန်တက်လာခဲ့တယ်၊ ဦးဘသာကြီးကတော့ တစ်စစီပြန့်ကျဲနေတဲ့ သူ့ကွမ်းအစ်ကို ပြန်ကောက်နေတယ်၊ လူတွေကလည်းသူတို့အထုပ်အပိုးတွေကို ပြန်ကောက်ပြီးတော့ အဲဒီအပေါ်က စင်ပေါ်ကိုပြန်တင်တာပေါ့ဗျာ။ ဒါပေမယ့် ဒေါ်အိုဇာကြီးကတော့ မရှိတော့ဘူးဗျ။
ခရီးသည်တွေစုံပြီဆိုတော့ ကားပြန်ထွက်ဖို့လုပ်ကြတာပေါ့၊ ကားစပယ်ယာက ဒေါ်အိုဇာကြီးကို မှတ်မိတယ်ဗျ။
“ဟင် . . . ခုနက ဒီနားမှာထိုင်သွားတဲ့ အမေကြီးရော . . .”
လူတွေကလည်း ဘာမှမပြောနိုင်ဘူးလေ၊ ဦးဘသာကြီးက သူ့ခေါင်းပေါင်းစ သဘက်ကြီးကို ပြန်ပြင်ပြီးတော့ ပေါင်းနေတယ်၊ ကားစပယ်ယာကလည်း ခေါင်းကုပ်ပြီး
“ဒါဆို ဆင်းသွားတာလားမသိဘူး၊ ကဲ ဆွဲဆရာရေ . . ဆက်မောင်းတော့ဗျို့”
ကျုပ်တို့ကားကြီးက အိပဲ့အိပဲ့နဲ့ပြန်ထွက်လာခဲ့တာပေါ့ဗျာ။ ကျုပ်လည်း ဦးဘသာကြီးကို အသာလက်တို့ပြီး
“ဒေါ်အိုဇာကြီး ဘာဖြစ်သွားသလဲဗျ”
“ဘာဖြစ်ရမှာလဲကွာ မြိုင်သာကို ပြန်ပြေးပြီပေါ့ကွ”
ကျုပ်မျက်လုံးပြူးသွားတယ်။
“ဟာ . . ဦးဘသာကြီးကလည်း မြိုင်သာဆိုတာ အတော်ဝေးခဲ့ပြီမဟုတ်လား”
“မင်းအတွက်တော့ဟုတ်ပေမယ့် အတောင်ပံရှိတဲ့သူအတွက်တော့ သိပ်မဝေးဘူးပေါ့ကွာ၊ ကာက ဇော်ဂနီဆိုတာ ကျီးပုံသဏ္ဍာန်ပြောင်းနိုင်တယ်ကွ၊ ခုနကပဲ ကျီးငှက်အဖြစ်နဲ့ အပြင်ကိုပျံထွက်သွားတာ”
“ဒါနဲ့ အဲဒီ ဒေါ်အိုဇာကြီးနဲ့ ဦးဘသာနဲ့က သိလို့လား”
ဦးဘသာကခေါင်းညိတ်တယ်။
“အရင်တုန်းကတော့သိတယ်ကွ၊ သူ့နာမည်ကလည်း ဒေါ်အိုဇာမဟုတ်ပါဘူးကွာ၊ ဒါပေမယ့် သူ့ကိုဒေါ်အိုဇာလို့ခေါ်ရင်မကြိုက်လို့ ငါကတမင်နှိမ်ပြီးခေါ်လိုက်တာကွ၊ ဟား . . ဟား”
“အခုမှ ရယ်နေပြန်ပါပြီ၊ ခုနတုန်းကတော့ ဦးဘသာကြီး ချွေးတွေပြန်လို့၊ ကျုပ်ဖြင့် ဦးဘသာကြီးရှုံးပြီလို့ ထင်နေတာဗျ”
“မရှုံးပါဘူးကွာ၊ တစ်ခုပဲ၊ ဒီဒေသက ငါ့ဒေသမဟုတ်တော့ ဒီဒေသက အကောင်ဘလောင်တွေကို ငါက ခိုင်းမရ ပြောမရဘူးကွ၊ အဲဒါကြောင့် နည်းနည်းကြာနေတာ၊ ဒါပေမယ့် မင်းမတ်တပ်ရပ်လိုက်တာ အချိန်ကောင်းဖြစ်သွားတယ်လို့ပြောရမယ်”
“ဒါနဲ့ သူကဘာလို့ကျုပ်ကိုလိုချင်တာတုန်း”
“ငါ့အထင် သူက မရင်မြရဲ့ဆရာကွ၊ မင်းကို နှစ်သိန်းနဲ့ လုပ်ခိုင်းတဲ့လူရှိတဲ့အကြောင်းကို မရင်မြက ပြောဖူးတယ်မဟုတ်လား”
ကျုပ်ပြန်တွေးလိုက်မိတော့မှ မရင်မြက ကျုပ်ကိုဖမ်းခေါ်သွားပြီး သစ်သားအိမ်ကလေးဆီကိုရောက်တော့ အမေကြီးဆိုပြီး အော်ခေါ်တာကြားလိုက်ရတယ်မဟုတ်လား၊ ဒီတော့ ဦးဘသာကြီးပြောတာဖြစ်နိုင်ပါတယ်။
“ဒါနဲ့ ဘယ်သူကများကျုပ်ကို ငြိုးနေရတာလဲဗျ”
“ဘယ်သူရှိမလဲကွ၊ ငါတို့ရဲ့အချစ်တော်ကြီး အောက်လမ်းဘသော်ပေါ့ကွာ”
“ဗျာ၊ အောက်လမ်းဘသော်က သူ့အိမ်မှာ မရှိတော့ဘူးဗျ၊ ကျုပ်သွားကြည့်တော့ သူ့အိမ်ကိုအပြင်ကနေသော့ခတ်ထားတယ်”
ဦးဘသာကြီးက ကျုပ်ကိုကြည့်ပြီး မဲ့ပြတယ်ဗျာ။
“မင်းနှယ်ကွာ၊ သော့ခတ်ထားတာနဲ့ မရှိတော့ဘူးတဲ့လား၊ ငါ့အထင် သူ့အိမ်မှာပဲ သူရှိနေမှာကွ”
“ဒါပေမယ့် အောက်လမ်းဘသော်က နောက်ထပ်လူတွေကို ထပ်မလုပ်တော့ပါဘူးလို့ ပြောခဲ့တယ်မဟုတ်လား”
“အေးပေါ့၊ အခုလည်း သူလုပ်တာမှမဟုတ်တာ၊ သူက ငွေရှိတော့ ငွေလိုချင်တဲ့ စုန်းတွေကိုလုပ်ခိုင်းတာပေါ့ကွာ၊ ငါ့ကိုလုပ်မရတော့ မင်းကိုအငြိုးထားတယ် ထင်ပါရဲ့ကွာ”
ကျုပ်ဖြင့်ကြောက်သွားတာပဲဗျာ။
“ဒါဆို နောက်ထပ်လည်း စုန်းတွေက ကျုပ်ဆီကိုလာကြအုံးမှာလားမသိဘူးနော်”
ဦးဘသာက ခေါင်းခါပြတယ်။
“ပူစရာမလိုတော့ပါဘူးကွာ၊ အရှေ့ကျရင် သူတို့ပိုင်တဲ့နယ်ဆုံးပြီကွ၊ ဘယ်သူမှ ငါတို့နောက်ကို ထပ်လိုက်ပြီး မနှောင့်ယှက်တော့ပါဘူးကွာ”
ကားကြီးက ဆက်မောင်းလာရင်း ညခုနစ်နာရီလောက်ရောက်တော့ လမ်းဘေးမှာထိုးရပ်လိုက်တယ်ဗျ။
“ခရီးသည်များခင်ဗျာ၊ ညဘက်ရောက်ပြီမို့ ရှေ့ကလမ်းတွေက သွားလို့မသင့်တော့တဲ့အတွက် ဒီမှာပဲ တစ်ညလောက်ရပ်နားကြပါမယ်ခင်ဗျာ၊ မနက် မိုးလင်းတော့မှ ပြန်ပြီးခရီးဆက်ကြပါမယ်”
စပယ်ယာပြောတော့ ခရီးသည်တွေလည်း ကားပေါ်ကဆင်းလိုက်ကြတာပေါ့ဗျာ၊ ကားအနီးမှာ ဇရပ်သုံးလုံးရှိတယ်ဗျ၊ အဲဒီဇရပ်ဘေးနားမှာ တာလမ်းတစ်ခုရှိပြီး ဟိုးအဝေးက မီးရောင်မှိတ်တုတ်မှိတ်တုတ်နဲ့ ရွာကလေးကို လှမ်းမြင်နေရတယ်။
ဇရပ်တွေက လူမရှိဘဲ ဟောင်းနွမ်းနေတော့ ခရီးသည်တွေက လှဲကျင်းသန့်ရှင်းနေရတာပေါ့ဗျာ၊ ကျုပ်တို့ဇရပ်ပေါ်တက်ခဲ့တော့ သွားနေကျခရီးသည်တစ်ဦးက ဒရိုင်ဘာကို ရန်တွေ့တယ်ဗျ။
“ငါတို့ဒီမှာ ရပ်ရမှာမဟုတ်ဘူးလေ၊ ပုံမှန်ဆိုရင် ရေအေးကွင်းရွာမှာ ရပ်ရမယ်မဟုတ်လား”
“ကျုပ်သိတာပေါ့ဗျာ၊ ဒါပေမယ့် အခုက အချိန်ကလည်း လင့်နေပြီလေ၊ ရေအေးကွင်းကိုရောက်ဖို့ဆို တစ်နာရီကျော်ကျော်လောက်မောင်းရမှာ၊ လမ်းမှာကလည်း ပိတ်ချင်းတောင်ကြီးကို ဖြတ်ရအုံးမှာမဟုတ်လား”
ဒီတော့မှ ခရီးသည်လည်း ပါးစပ်ပိတ်သွားတယ်။ ဒရိုင်ဘာက ဇရပ်ကြမ်းပြင်ပေါ်ကို လှဲချရင်းနဲ့
“ဒီနေ့တော့ ကားမောင်းရတာ အဆင်ကိုမပြေပါဘူးကွာ၊ ဘယ်လိုတွေဖြစ်နေသလဲတော့မသိပါဘူး”
စိတ်ညစ်ညစ်နဲ့ ဒရိုင်ဘာလည်း လှဲအိပ်သွားတော့တယ်၊ မတတ်နိုင်တော့ဘူးလေ၊ သူတို့ကားရပ်တော့ ကျုပ်တို့လည်း လမ်းလျှောက်သွားလို့ရတာမှမဟုတ်တာ၊ စပယ်ယာတွေကတော့ ကားကိုစစ်ဆေးနေကြတယ်ဗျ။
ဦးဘသာကြီးက ဇရပ်ပေါ်ကနေဆင်းသွားပြီးတော့ ဘေးဘီကိုကြည့်နေတယ်၊ လကလည်း သာလို့ဗျ၊ ဟိုးအနောက်ဖက်မှာတော့ ပိတ်ချင်းတောင်လို့ခေါ်တဲ့ အုပ်အုပ်ဆိုင်းဆိုင်းနဲ့တောင်ကြီးတစ်လုံးကို လှမ်းမြင်လိုက်ရတယ်၊ နွေရာသီဆိုပေမယ့် ကွင်းပြင်ကိုဖြတ်ပြီးတိုက်လာတဲ့လေတွေက အေးလွန်းလို့ ကျုပ်ဖြင့် ကျောချမ်းမိသွားသေးတယ်ဗျာ။
ဒါပေမယ့် အဲဒီဇရပ်မှာ တည်းမိတာကိုက ကျုပ်တို့ကံဆိုးတာပဲဗျ၊ ဒီနေ့တော့ တော်လောက်ပြီပေါ့ဗျာ၊ နောက်နေ့မှ အဲဒီအကြောင်းကို ပြန်ဆက်ပြောပါအုံးမယ်။
ပြီးပါပြီ။
အဂ္ဂဇော်
Leave a Reply