တစ်ရွာသူသရဲမ

ကြကြောင်း တစ်ရွာလုံးသိရှိသွားကြတော့၏။

ထိုသို့ဖြင့် နှစ်ရက်မျှကြာလေတော့…

သန်းခေါင်ယံ လမိုက်ညတစ်ည၌…

“အီး…..ဟီး…ဟီး…..ဟီး……
ဟီး……ဟီး–”

ငိုသံကြီးတစ်သံ ကောင်းကင်ယံကိုပင်
ဖောက်ထွင်း၍ထွက်ပေါ်လာလေရာ တစ်ရွာလုံးပင်ကြားနိုင်၏။
ထိုအသံကြီးသည် မိမိတို့အိမ်ရှေ့၌ထိုင်ငိုနေသယောင်…
တဖန် အိမ်နောက်ဖေးမှ ငိုကြွေးနေသယောင်ဖြင့်…
ငိုသံကြားသော ရွာသူ၊ရွာသားများသည် အိပ်ရာထဲမှ လူးလဲ ထထိုင်လာကြပြီး ထိုအသံကြီးအား နားစွင့်နေကြလေသည်။
ငိုသံကြီးသည်ကလေးငယ်တစ်ယောက်၏ငိုကြွေးသံမဟုတ်
ကွဲအက်အက်ခြောက်ကပ်ကပ်အသံကြီးဖြင့် ရှိုက်ငင်တကြီးငိုကြွေးနေသည့် မိန်းမတစ်ယောက်၏အသံပင်ဖြစ်သည်။

တစ်ရွာလုံးလူကုန်ကြားရသော်လည်း မည်သူကမျှအိမ်အပြင်သို့မထွက်ရဲကြ။
ကလေးများသည် မိဘများအနားတွယ်ကပ်ထိုင်နေကြပြီး…
လူကြီးများသည်လည်း ထိတ်လန့်နေမိကြ၏။

“ဘယ်ကအသံကြီးလဲ”

“ကျုပ်လဲဘယ်သိမလဲတော်…တစ်ရွာလုံးကြားရတာလား
ဒါမှမဟုတ် ကျုပ်တို့အိမ်ပဲ ကွက်ပြီးကြားတာလားဆိုတာ
သိရအောင် ရှင်အပြင်ထွက်ကြည့်ပါလားတော်…”

“နင့်မေကလွှား ငါကထွက်ကြည့်ရမယ်…
မတော်လို့ ငါ့သတ်သွားဘယ်နဲ့လုပ်မလဲ မထွက်ပါဘူး”

နောက်တစ်အိမ်၌လည်း…

“အဘအသံကြီးက ကြောက်စရာကောင်းလိုက်တာဗျာ…။ကျုပ်တို့ရွာဘာတွေဖြစ်နေတာလဲမသိဘူး…”

“အချိန်တန်ရင်တိတ်သွားလိမ့်ပါမယ်ကွာ…။မင်းကအပြင်ထွက်ကြည့်ချင်လို့လား”

“အာ…ကျုပ်..။ကျုပ်က ဘာမှန်းညာမှန်းမသိဘဲ ထွက်ကြည့်စရာလားဗျာ…”

ထိုသို့ဖြင့် ငိုသံရှည်ကြီးသည် အာရုံမတက်ခင်အချိန်၌ ပျောက်ကွယ်သွားတော့၏။
ထိုအသံကြီးမကြားရတော့လေမှ အားလုံး စိတ်သက်သာရာရကြလေသည်။

မနက်ခင်း၌မှာတော့…

“အမယ်လေးးး….ငါ့နွားကြီးတော့ သွားပါပြီကွာ…
အီး…ဟီး…ဟီး…ဟီး….ငါ့နွားကြီးကို စားသွားတာငါမသိလိုက်ဘူး…အီး…ဟီးး…ဟီး..”

ရွာအနောက်ပိုင်းက ဦးလွင်တစ်ယောက် သွေးသံရဲရဲ နွားအရိုးများအနီးတွင် ငိုကြွေးနေရှာ၏။
နွားတစ်ကောင်လုံးဝင်စားသွားသည်ကို ဦးလွင်တို့မကြားမိခဲ့။
ညတုန်းက ငိုသံကြီးကိုသာ နားစွင့်နေမိကြခြင်းကြောင့်ဖြစ်၏။

ထိုနေ့မနက်၌ မင်းကင်းရွာရှိ နွားသုံးကောင်အစားခံလိုက်ရလေသည်။
ဤအဖြစ်အပျက်ကြောင့် မင်းကင်းရွာသူကြီး ဦးစံဝိုင်းလည်း ခေါင်းမီးတောက်နေရှာ၏။

“တောက်…ညသန်းခေါင်ကြီးကျမှ ငိုသံတွေပေးပြီး…
တစ်ဖက်က ခြံထဲရှိတဲ့နွားတွေကို
ဝင်​စားသွားရတယ်လို့ကွာ….ဟင်းးး”

“ဒီနေ့ညကောာအဲ့လိုကြီးပဲဆိုရင် ကျုပ်တို့တော့ ကြောက်ရချည်ရဲ့တော်…
နွားသုံးကောင်ကိုတစ်ခါထဲစားသွားတာဆိုတော့ နည်းတဲ့ဟာကြီးမဟုတ်ဘူးတော့…သရဲလား…
ဒါ…ဒါမှမဟုတ်ဘီလူးများလား”

“ဟဲ့…မိရွှေလုံးရယ်…
ညည်းပြောမှငါတောင်ပိုလန့်သဟ…
တိတ်တိတ်နေစမ်းပါကွာ…။
ဒီမှာအဖြေရှာရခက်နေပါတယ် ဆိုနေမှပဲ”

သူကြီးကတော် ဒေါ်ရွှေလုံးတစ်ယောက်က…

“ရှင်ကစဥ်းပဲစဥ်းစားနေတာ…အဖြေမှမရှာတတ်တာ…။ဒီညသာထပ်လာရင်တော့ ရွာသူ၊ရွာသားတွေက ရှင့်ခေါင်းကိုတက်နင်းတော့မယ်…
သူကြီးတဲ့ အဖြစ်ကိုမရှိဘူး”

“ဘာကွ…ဒီမိန်းမကတော့…သွား…သွား…
ငါနဲ့ဝေးဝေးမှာသွားနေစမ်း…”

ဟုအော်ဟစ်ပြီး…
သူကြီးကတော်အား နှင်ထုတ်လိုက်တော့လေသည်။

မင်းကင်းရွာ၌ ထိုအဖြစ်အပျက်ဖြစ်ပြီးနောက်မှာ
ရွာသူ၊ရွာသားများ စိတ်ဆင်းရဲနေကြရ၏။
မိမိတို့နွားများ၊ဆိတ်များကိုသတ်စားသွားလျှင်ဆိုသည့်အတွေးဖြင့် ညအချိန်လင့်သည်အထိ မအိပ်ရဲကြသေး။
လူကြီးတွေ နည်းတူ ကလေးများပင်မအိပ်ရဲကြ ထွက်ပေါ်လာမည့် အသံအားနားစွင့်နေကြရှာသည်။

ညသန်းခေါင်ယံအနားသို့နီးကပ်လာလေလေ အားလုံး၏ကြောက်ရွံစိတ်တို့ ပိုလာလေလေဖြစ်၏။
ငိုသံကြီးထပ်မကြားရပါစေနဲ့ဟုတွေးနေကြရင်း…

“အီး…ဟီး..ဟီး…ဟီး……ဟီး……..”

ငိုသံကြီးထွက်လာလေပြီ။
ရွာကာလသားများက မိမိတို့အိမ်အတွင်းဓားကိုယ်စီဖြင့်…။

“အဘ…ကျုပ်နွားခြံနားသွားနေမယ်ဗျာ…
ကျုပ်နွားလာစားတဲ့အကောင် ဟောဒီဓားနဲ့အသေပိုင်းပစ်မယ်…”

“ဟကောင်ရ…မင်းနွားထက် မင်းအသက်ကပိုအရေးကြီးတယ်…
နွားကပြန်မွေးလို့ရတယ်ကွ…
မမိုက်စမ်းပါနဲ့ငါ့သားရယ်…
ဘာမှန်းမသိတဲ့အရာကြီးကို မစမ်းသပ်ချင်နဲ့
အသာပဲ ထိုင်နေစမ်းပါ”

ဟု…
မိဘများကပင် ဆူပူကြရ၏။

ထိုညမှာလည်းယခင်ညနည်းတူပင် အာရုံတက်ခါနီးမှ
ငိုသံ​ကြီး ပျောက်ကွယ်သွားပြန်သည်။

“တောက်…မဟုတ်တော့ဘူး….မဟုတ်တော့ဘူးကွာ….”

သူကြီးဦးစံဝိုင်း၏ခြံအတွင်းမှနွားတစ်ကောင်ပါ
သွားလေသည်။
ထိုအချက်ကြောင့် သူကြီးခမျာဒေါသပိုထွက်နေရှာသည်။

“ကျုပ်တို့နွားကြီးလည်းပါသွားပြီ ကိုစံဝိုင်းရဲ့…။
တော်ကစဥ်းစားလို့ကောင်းနေတုန်းလားတော့…
အီး…ဟီး…ဟီး……”

သူကြီးကတော် ဒေါ်ရွှေလုံးငိုချင်းချနေလေပြီ။
သူကြီးကတော့ သက်ပြင်းများသာလှိမ့်ချနေရှာ၏။

ထိုသို့ဖြင့် မင်းကင်းရွာသူ၊ရွာသားများ အားလုံး ရွာ၏အဖြစ်အပျက်ကြောင့် ညဘက်သို့ရောက်မှာကိုပင်ကြောက်လန့်ရင်း အလုပ်ပျက်အကိုင်ပျက်ဖြစ်နေကြရ၏။

– – – – – – – – –

“ဘွားမယ်စိန်ရှိလား ခင်ဗျ…”

“ဝေ့…ရှိတယ်ဟေ့…။ဝင်လာခဲဲ့ကြ”

ဝိုင်းအပြင်မှအော်ခေါ်သံကြောင့် ဘွားမယ်စိန်မည်သူဆိုတာမသိ။
ထို့ကြောင့်ဝင်လာစေရန်ပြောလိုက်၏။

ဝိုင်းအတွင်းဝင်လာကြလေမှ…

“သြော်…သူကြီးဦးနောင်ချိုကို…
ဧည်သည်တွေလည်း ပါလာပါ့လား”

“ဟုတ်တယ်ဘွားရေ…
ဒါကျုပ်ငယ်သူငယ်ချင်း နဲ့ သူ့သားပါ”

“အေး…အေး…ထိုင်ကြ…ထိုင်ကြ…။ဧည့်သည်တွေဧည့်ခံဖို့က အကြမ်းရေပဲရှိတာ…သမီးက အနောက်ပိုင်းသွားနေလို့သူကြီးရေ စိတ်တော့မရှိကြနဲ့နော့”

ဘွားမယ်စိန်ကအားနာစကားဆိုလိုက်၏။
သူကြီးဦးနောင်ချိုက…

“ရပါတယ်ဘွားရဲ့…ကျုပ်အိမ်မှာမနက်စာစားခဲ့ကြပါပြီ…။အခုလာကြတာက ဘွားဆီကအကူအညီလေးတောင်းချင်လို့ပါ ဘွား…”

“ဘာအကူအညီများလဲ သူကြီးရဲ့”

သူကြီးဦးနောင်ချိုက စကားပြောဖို့စတင်လေသည်။

“ဒီလို ဘွားရဲ့…ဟောသည်က ကျုပ်သူငယ်ချင်းက မင်းကင်းရွာက ရွာသူကြီးဦးစံဝိုင်းပါ…
သူတို့ရွာမှာ အခက်အခဲတွေ့နေကြလို့ပါ ဘွား…။
အဲ့ကိစ္စအတွက်ကူညီတောင်းဖို့ ကျုပ်တို့ဘွားဆီကိုလာခဲ့တာပါ”

“ဘာအခက်အခဲများတုန်း သူကြီး”

ဘွားမယ်စိန်ကထပ်မံမေးမြန်း၏။
ထိုအခါ “မင်းကင်းရွာ”ရွာသူကြီး ဦးစံဝိုင်းက…

“ကျုပ်တို့ရွာမှာဒီအဖြစ်အပျက်ဆိုးဖြစ်နေတာက မနေ့ကညနဲ့ဆို သုံးညရှိပြီဗျ…
ဖြစ်ပုံကဒီလို….
ညသန်းခေါင်ချိန်ရောက်ရင် ငိုသံကျယ်ကြီးတစ်သံထွက်လာတယ်ဗျ…
အဲ့ ငိုသံကြီးက တစ်ရွာလုံးကအိမ်ပေါက်စေ့ကိုကြားရတယ်ဘွား။
ငိုသံကြီးကလည်းကြောက်ဖို့ကောင်းတော့ဘယ်သူကမှ
အရဲစွန့်ပြီးအိမ်ပြင်မထွက်ရဲကြဘူးလေ…။
အဲ့​သည်လို မထွက်ရဲတာကနေ
တစ်ညကို နွားသုံးကောင်အစားခံရတယ်ဘွား…။နွားသူခိုးတွေလက်ချက်လားလို့
စဥ်းစားကြတော့လည်းမဟုတ်နိုင်ဘူးဗျ…
ဘာလို့ဆို နွားရဲ့ ကျန်ခဲ့တဲ့အပိုင်းအစတွေမှာ သွားရာအကြီးကြီး တစ်ခုကို တွေ့ခဲ့ကြရလို့ပဲ…။အဲ့ဒီကိစ္စကြောင့် ကျုပ်လည်းစဥ်းစားရကြပ်နေခဲ့တာ…
နောက်ဆုံး ဒီရွာကသူကြီးဖြစ်တဲ့ ကျုပ်သူငယ်ချင်းနဲ့လာတိုင်ပင်ရာကနေ အခုလိုဘွားဆီကိုရောက်လာခဲ့ရတာပါပဲ…။ဘွားဘက်ကကူညီနိုင်တာများရှိရင်ကျုပ်တို့ရွာကို ကူညီပေးပါဦးလို့ကျုပ်တောင်းဆိုပါရစေ ဘွားရယ်……”

“မင်းကင်းရွာ”သူကြီးဦးစံဝိုင်းက ဘွားမယ်စိန်အား အကူအညီတောင်းလေသည်။
ထိုအခါ ဘွားမယ်စိန်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် တွေးတောနေ၏။
ခဏမျှကြာလေတော့…

“ဒီကိစ္စကြီးမဖြစ်ခင်က မောင်ရင်တို့ရွာမှာ ဘာတွေများဖြစ်ပျက်ခဲ့သေးတုန်း”

ဘွားမယ်စိန်၏အမေးကြောင့် ဦးစံဝိုင်း ခဏမျှစဥ်းစား၏။
ပြီးလေတော့…

“ထူးထူးခြားခြားတော့ဘာမှမဖြစ်ပွားခဲ့ပါဘူး ဘွား”

ဦးစံဝိုင်း၏အဖြေအား ဘွားမယ်စိန်မကျေနပ်သေး။

“အင်း…။တစ်ခုခုတော့ဖြစ်ခဲ့မှာပဲ…။
ကဲပါ…ဘွား ကိုခဏစောင့်ကြ ဘုရားခန်းဝင်ဦးမယ်”

“ဟုတ်ကဲ့ဘွား…။ကျုပ်တို့စောင့်နေပါ့မယ်”

ဘွားမယ်စိန် အိမ်ပေါ်သို့တက်သွားလေသည်။
ဘုရားခန်းအတွင်း၌ ဘုရားအား ရှစ်ခိုးကန်တော့အပြီး မျက်လုံးအား မှိတ်ကာ ငြိမ်သက်နေလေသည်။

သူကြီးတို့သုံးယောက်သည်လည်း ကွပ်ပျစ်၌သာထိုင်စောင့်နေကြ၏။
အတော်ကြာလေမှသာ ဘွားမယ်စိန် ပြန်ရောက်လာခဲ့လေသည်။
ဘွားမယ်စိန်၏ခေါင်းကလည်း တငြိမ့်ငြိမ့်ဖြစ်နေ၏။

“မောင်ရင်တို့ရွာကအကြောင်းကိုဘွားသိခဲ့ပြီကွဲ့”

“ဗျာ…”

သူကြီးဦးစံဝိုင်း ဝမ်းသာသွား၏။

“ဟုတ်တယ်…။မောင်ရင်တို့ရွာမှာ ဒီအဖြစ်အပျက်မဖြစ်ခင်က အဖြစ်ဆိုးတစ်ခုဖြစ်ခဲ့တာ မောင်ရင်တို့မသိခဲ့ကြတာပါကွယ်”

“ဗျာ…”

“ဟင်…”

သူကြီးတို့သုံးယောက်အံ့သြ သင့်ကုန်ကြသည်။
ဘွားမယ်စိန်ကဆက်ပြီး…

“ဒီကိစ္စဖြစ်တာက မောင်ရင်တို့ရွာခံ အစိမ်းသေ သေသွားတဲ့ရွာသူမ သရဲမက မကျေနပ်တာပဲ…။သူမကျေနပ်လို့ ငိုကြွေးနေတုန်း သူ့အဖော်သရဲက ရွာထဲဝင် နွားတွေကိုစားတာပဲကွဲ့…။”

“ဗျာ…သရဲ”

ဦးစံဝိုင်းကြောက်လန့်သွား၏။

“ဟုတ်တယ်ကွဲ့…။မောင်ရင်တို့ရွာက သရဲမဆိုတာ သေတာရက်ပိုင်းပဲရှိသေးတယ်…ဒါပေမယ့် သူ့ရဲ့အငြိုးတွေကအတော်ကြီးထွားနေတယ်…”

” ကျုပ်တို့ရွာမှာ အခုရက်ပိုင်းထဲ အသုဘမရှိပါဘူးဘွား”

ဦးစံဝိုင်းက ဘွားမယ်စိန်အား ပြောလိုက်လေသည်။

“ဒီလိုကွဲ့…ဘွားမြင်ခဲ့ရသမျှပြောပြမယ်…
မောင်ရင်တို့နားထောင်ကြ”

“ဟုတ်ကဲ့ဘွား…”

“အမ်း….။ အနီရောင်ဝမ်းဆက်ဝတ်ဆင်ထားတဲ့
ကောင်မလေးတစ်ယောက် နွားသုံးကောင်နဲ့ အတူ နွားကျောင်းထွက်လာခဲ့တယ်…။နွားကျောင်းနေရင်း ရွာနဲ့နည်းနည်းအလှမ်းကွာလာတာကို
သူ သတိမထားမိရှာဘူး…။နွားတွေကလည်း အစာကိုသာငမ်းစားနေကြတာ…။
သူကလည်းနွားတွေနဲ့ မလှမ်းမကမ်းက တမာပင်ရိပ်အောက်မှာထိုင်နေခဲ့တာပေါ့…။အဲ့အချိန် ယောကျာ်းသုံးယောက် ရောက်လာခဲ့တယ်…။တစ်ယောက်က နဖူးမှာ မှည့်နက်ကြီးပါတယ်…တစ်ယောက်က နဖူးကျယ်ကျယ် အရပ်ပုပု…။နောက်တစ်ယောက်က လက်မောင်းမှာ ဘီလူးခေါင်းပုံ တစ်ပုံစုပ်ထိုးထားတယ်…။အဲ့သုံးယောက်ရောက်လာပြီး ကလေးမလေးကို အတင်းဖမ်းချုပ်ကြတော့…ကလေးမလေးခမျာ ရွာနဲ့လည်းဝေး…ကယ်မယ့်သူလည်းမရှိတော့ သူတို့ ပြုသမျှနုခဲ့ရရှာတယ်…လူယုတ်မာတွေက
ကောင်မလေးဆီက လက်ဝတ်လက်စားတွေယူပြီး…ကောင်မလေးကို သတ်ပစ်လိုက်ကြပြန်တယ်။
ကောင်မလေးထိုင်နေခဲ့တဲ့ တမာပင်အောက်မှာပဲကောင်မလေးရဲ့ အလောင်းကိုမြုပ်ခဲ့ကြတယ်လေ…။အခုမောင်ရင်တို့ရွာကို မကျေနပ်နေတာက အဲ့ကောင်မလေးရဲ့ ဝိညာဥ်ကပေါ့….သူသေတာကိုဘယ်သူမှမသိဘဲ…
အခုချိန်ထိ လိုက်မရှာကြတော့ ဒီရွာကိုသူနာကျည်းတာပေါ့ကွယ်….”

“ဗျာ…ဒါဆို…သူက…သူကဘယ်သူလဲဘွား…..”

သူကြီးဦးစံဝိုင်း၏သားဖြစ်သူ ဖိုးသားကမေးလေသည်။

“ဘွား…ကလေးမလေး ဝိညာဥ်နဲ့တွေ့ခဲ့တယ်…။သူ့နာမည်က ရွှေစင်တဲ့ကွယ်….”

“ဗျာ….”

“ဟာ….”

သူကြီးတို့သားအဖ အံ့သြကုန်ကြလေသည်။

ရွှေစင်ဆိုသည်မှာ ယောကျာ်းနောက်လိုက်ပြေးသွားကြသည်ဟုတစ်ရွာလုံးက ပြောဆိုနေသည့်မိန်းကလေးဖြစ်၏။
ယခုတော့ သရဲမဘဝ၌ရောက်ရှိနေပြီး ရွာကိုမုန်းတီးနေရှာလေသည်။

“သူက…ကျုပ်သူငယ်ချင်းပါဘွားရယ်…။သူအခုလိုဖြစ်တာကျုပ်တို့တကယ်မသိတာပါဗျာ…ကျုပ်တို့ ဘာလုပ်ပေးမှ သူ့အမုန်းတွေပြေမှာလဲဘွား…”

ဖိုးသားကမေးလေတော့…

“အခုမောင်ရင်တို့ရွာမှာနွားဝင်စားနေတဲ့သရဲက ကလေးမလေးအလောင်းရှိတဲ့တမာပင်မှာနေတဲ့ သရဲပဲ…။
အဲ့သရဲရွာထဲထပ်မဝင်ဖို့က ရွာပတ်ပတ်လည်ကို ပရိတ်ရေဖြန်းထားရင်ရပါပြီ…။အင်း…နောက်တစ်ခုက….ကလေးမလေးအလောင်းက
ပြန်တူးဖော်ကြပြီးသေသေချာချာလေး
မြုပ်နှံပေးလိုက်ကြပါ…ဒါဆို သူ့ဝိညာဥ်လည်း မောင်ရင်တို့ရွာကိုခွင့်လွှတ်ပေးရှာမှာပါကွယ်….”

“စိတ်ချပါဘွားရယ်…။ကျုပ်သူကြီးတန်မဲ့ အခုလိုဖြစ်သွားခဲ့တာမသိလိုက်တာ ကျုပ်ရဲ့ညံ့ဖျင်းမှုကြောင့်ပါ…။ကျုပ် ရွှေစင်ကိုသတ်တဲ့အကောင်တွေကို သေချာလိုက်ရှာပြီး ဖမ်းမယ်ဘွား….ဒါမှာကျုပ်တာဝန်ကျေမှာဗျ”

သူကြီးဦးစံဝိုင်း ရွှေစင်အတွက်စိတ်မကောင်းဖြစ်စွာငိုနေရှာ၏။
သားဖြစ်သူဖိုးသားသည်လည်းသူငယ်ချင်းဖြစ်သူအတွက်ငိုကြွေးနေရှာသည်။

– – – – – – – – –

သူကြီးဦးစံဝိုင်းတို့သားအဖရွာသို့ပြန်ရောက်လာကြ၏။
ရွာကာလသားများကို ရွာစည်းရိုးအား ပရိတ်ရေ…ပရိတ်ကြိုးများ ဖြန်းစေဖို့ရန် ရွာဦးကျောင်းဆရာတော်ထံသို့ သွားစေ၏။
ဆရာတော်နှင့် သံဃာတော်များက အန္တရယ်ကင်းပရိတ်များ ရွတ်ပွားကြပြီး ရွာစည်းရိုးအား ပရိတ်ရေများဖြန်းပတ်ကြလေသည်။
သူကြီးကိုယ်တိုင်ကတော့ ရွှေစင်၏မိဘများထံသို့သွားရောက်ပြီး အကျိုးအကြောင်းပြောပြလေရာ….

“အမလေး…. သမီးရယ်…
အမေတို့အထင်နဲ့မှားပါပေါ့လား….။အီး….ဟီး…..အမေ့သမီးမှဖြစ်ရတယ်လို့……အီး….ဟီးဟီး… ”

“ငါ့အမှားပါ….ငါ့အမှားပါမိန်းမရာ…..။ငါ့သမီးလေးယောကျ်ားနောက် လိုက်ပြေးတယ်ထင်ပြီး…ငါမရှာမိတာပါကွာ….
အီးဟီးဟီး………”

ရွှေစင်မိဘများသမီးဖြစ်သူအတွက် ရင်ကျိုးမတက်ဝမ်းနည်းနေကြရ၏။
ဘေးရှိရွာသူ၊ရွာသားများသည်လည်း ငိုကြွေးနေကြလေသည်။

“ကျုပ်သမီးကိုသတ်တဲ့အကောင်တွေကို
ကျုပ်ရှာမယ် သူကြီး…
ကျုပ်သွားသတ်မယ်….
ဒင်းတို့ကိုမြေလှန်ရှာပြီးသတ်မယ်….ကျုပ်…
ကျုပ်သမီးလေး….ဘယ်လောက်ကူကယ်ရာမဲ့ပြီး နာကျဥ်နေရှာမလဲဗျာ…..ဟီးးးးးဟီးးးးးးးဟီးးးး”

ရွှေစင်၏ဖခင်အံကိုကြိတ်ကာပြောလေသည်။

“စိတ်ချပါ…ကျုပ်ကိုယ်တိုင်ရအောင်ရှာမှာပါဗျာ….
အခုတော့ အလောင်းမြုပ်တဲ့နေရာလေးသွားတူးကြရအောင်ဗျာ”

ဟု….သူကြီးကပြောလိုက်လေတော့သည်။

– – – – – – – – –

ရွှေစင်၏အလောင်းအား ဘွားမယ်စိန်ပြောပြသော တမာပင်အောက်မှာပင်တူးဖော်ရလေသည်။
ထိုသို့ဖြင့် ရွှေစင်၏အသုဘအား တစ်ရွာလုံးကဝိုင်းဝန်းကူညီကြရှာသည်။
အသုဘပြီး၍ တစ်ပတ်မျှကြာလေတော့ တစ်ဖက်ရွာရှိကြက်ဝိုင်းတွင်
ရွှေစင်အား သတ်သွားကြသည့် လူသတ်သမားသုံးယောက်အားဖမ်းဆီးမိကြလေသည်။
ထိုလူသုံးယောက်သည် ဘွားမယ်စိန်ပြောပြသောအမှတ်အသားများ—
အသွင်အပြင်များနှင့်ကိုက်ညီကြ၏။
စစ်ဆေးမေးမြန်းလေတော့ ရွှေစင်အားသတ်ကြောင်းဝန်ခံကြလေရာ မြို့ဂတ်သို့ပို့ဆောင်ဖို့ပြင်ဆင်ကြလေသည်။
ထိုစဥ်မှာပင်
ရွှေစင်ဖခင်ကထိုသုံးယောက်အားဓားဖြင့်ခုတ်ဖို့ရန်ကြိုးစားသဖြင့်အားလုံးကဝိုင်းဝန်းတားဆီးခဲ့ကြရသေး၏။
ဖခင်တစ်ယောက်၏ခံစားချက်ပေမို့လည်း မည်သူကမှအပြစ်မဆိုသာကြပေ။
– – – – – – – – –

ထိုသို့ဖြင့် တစ်နေ့မှာတော့…

“ဘွား……”

“သမီးလေး အဆင်ပြေရဲ့လားကွယ်…”

“ဘွားရဲ့ကူညီမှုကြောင့် သမီးအခုဆို ကျွတ်လွတ်ချိန်ရောက်ပြီဘွား….
အဲ့တာသမီးဘွားကိုလာကန်တော့တာပါ…”

“အင်း….။ဒါဘွားရဲ့ကူညီမှုမဟုတ်ပါဘူးကွယ်…
သမီးလေးလည်းကောင်းရာမွန်ရာရောက်တော့မယ်ဆိုတော့ဘွားဝမ်းသာပါတယ်…
နောင်မှာဒီလိုအဖြစ်ဆိုးမျိုးနဲ့ကင်းဝေးသူဖြစ်စေလို့
ဘွားဆု​တောင်းပေးလိုက်ပါတယ်ကွယ်…”

“ပေးတဲ့ဆုနဲ့ပြည့်ပါရစေဘွားရယ်..—.”

ရွှေစင်တစ်ယောက်…ဘွားမယ်စိန်အားကန်တော့လေသည်။
ပြီးနောက် တစတစ ဘွားမယ်စိန်၏ မျက်လုံးအတွင်းမှပျောက်ကွယ်သွားတော့၏။

– – – – – – – – –

နောက်တစ်နေ့နံနက်၌…
ဘွားမယ်စိန် ညက ရွှေစင်မိမိအိမ်မက်အတွင်းလာသည်ကိုပြန်တွေးရင်း
ကျေနပ်ပီတိဖြစ်နေရှာသည်။
နှုတ်မှလည်း…

“သတ္တဝါတွေအားလုံး ကျန်းမာ—ချမ်းသာကြပါစေကွယ်—”

ဟု—
ဝမ်းသာစွာရွတ်ဆိုနေမိတော့၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)