တစ်လိပ်စီ ဖွာလိုက်ကြပါတယ်။
“ ဒီလိုကွ ညီလေးရ။ မင်းလိုက်ပို့ရမယ့် မသာနှစ်လောင်းက သားအမိကွ ”
“ ဗျာ……. ”
“ ဇီးကုန်းကနေ ရန်ကုန်လာလည်းရင်း ဈေးကအပြန် လမ်းဖြတ်ကူးနေတုန်း ဟိုင်းလက်ကားနဲ့တိုက်ပြီး သားအမိနှစ်ယောက်စလုံး သေသွား ခဲ့တာ။ ကလေးက သုံးနှစ်သား ယောက်ျားလေးကွ။ မိန်းမက ကိုယ်ဝန်ဆောင်သည်။ ဗိုက်ထဲမှာ ကလေးက သုံးလသားလောက်ရှိပြီ ”
“ ဟာ….ကျွတ်……ကျွတ်…..။ သနားစရာဗျာ။ ဘယ်နေ့ကဖြစ်တာလဲ ”
“ မနေ့မနက်ကမှဖြစ်တာ။ ဒီနေ့ညမှ ရင်ခွဲဖြစ်တယ် ”
“ မင်းက မကြောက်တတ်တော့ ထူးဆန်းတာ ပြောပြမယ်ကွ ”
“ လုပ်စမ်းပါဦး အစ်ကိုရာ ”
“ ကားက အဲဒီအမျိုးသမီးကိုတိုက်ပြီး ဗိုက်ကို တက်ကြိတ်တယ်ထင်တယ်။ ဗိုက်ကပွင့်ပြီး သားအိမ်ထဲက ကလေးပါ အပြင်ထွက်သွားတယ်။
အဲဒီမိန်းမကို ရင်ခွဲတော့ ငုတ်တုပ်ကြီး ထထိုင်တယ်ကွ……အဟေး….. ”
“ ဗျာ……… ”
“ ငါလည်း ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့ကွာ။ လက်တွေ ခြေထောက်တွေလှုပ်တာ မဆန်းပါဘူး။ တစ်ခါတစ်လေ ခွဲစိတ်ဖြတ်တောက်ရင်း အကြောထိသွားတာမျိုးဆို ဆတ်ကနဲလှုပ်တတ်တယ်။ အခုဟာက ငုတ်တုပ်ထထိုင်တာကွ ”
“ ဟာ….ဘယ်လိုဖြစ်တာတုန်း ”
“ သူ့ဗိုက်ထဲက ကလေးကို ထုတ်လိုက်ပြီးချိန်မှာ ငုတ်တုပ်ထထိုင်တာ။ ဒီထက်ပိုပြီး အံ့သြစရာကောင်းတာက မျက်လုံးပါ ပွင့်နေတယ် ငါ့ညီရေ ”
“ ဟောဗျာ…..။ ခြောက်တာလား အစ်ကို ”
“ ငါ့အထင်တော့ သူ့ရင်သွေးကို စွဲပြီး အဲဒီလိုဖြစ်တာနဲ့တူတယ် ”
“ ဗိုက်ထဲက ကလေးအလောင်းကို လွှင့်ပစ်လိုက်ပြီလားအစ်ကို ”
“ ရှိသေးတယ်ကွ။ ကြည့်ချင်လို့လား ”
“ ဟုတ်ကဲ့ ”
“ လာ…..၊ ပြမယ် ”
ကိုအောင်ကြည်က သောက်လက်စ စီးကရက်ကို တောက်ထုတ်လိုက်ပြီး ထိုင်ရာက ထလိုက်တာနဲ့ ကျွန်တော်လည်း စီးကရက်ကိုစင်္ကြံပေါ်မှာ ငြိမ်းသတ်လိုက်ပြီး ကိုအောင်ကြည်နောက်ကနေ ရင်ခွဲရုံထဲကို လိုက်သွားပါတော့တယ်။ ရင်ခွဲရုံထဲကို ခွင့်ပြုချက်မရဘဲ ဝင်ခွင့်မရှိပေမယ့် ကျွန်တော်ကတော့ အခါအားလျော်စွာ ရောက်တတ်ပါတယ်။ ရင်ခွဲရုံထဲရောက်တော့ ညှီစို့စို့အနံ့က အော်ဂလီဆန်စရာကောင်းလွန်းလှပါတယ်။ အနံ့ယဉ်ပါးနေသူအတွက်ကတော့ ဘာမှမဖြစ်ပေမယ့် စိမ်းတဲ့သူအတွက်တော့ ပျို့အန်မိမှာ အမှန်ပါ။ ပြူတင်းပေါက်မှန်တွေကို ဆေးအဖြူနဲ့ မညီမညာသုတ်ထားတဲ့ ရင်ခွဲရုံထဲမှာ မီးချောင်းသုံးချောင်းရှိတဲ့အထဲက တစ်ချောင်းပဲလင်းနေပါတယ်။ ရင်ခွဲစင်ပေါ်မှာကအသက်လေးဆယ်ကျော် အမျိုးသားတစ်ယောက်ကို ရင်ခွဲထားတာ တွေ့ရပါတယ်။
“ ကလေးက ဘယ်မှာလဲ အစ်ကို ”
“ ဒီမှာကွ ”
ကိုအောင်ကြည်က ပလပ်စတတ်အိတ်ထဲက ကလေးကို ထုတ်ပြပါတယ်။ ကျွန်တော် အသေအချာကိုင်ကြည့်တဲ့အခါ လက်ဖဝါးတောင်မပြည့်ချင်ပါဘူး။ လူဖြစ်ခွင့်မရတဲ့ကလေးကတော့ မျက်လုံးလေးမှိတ်ပြီး လောကကြီးထဲကနေ ထွက်ခွာသွားပါပြီ။
“ စိတ်မကောင်းလိုက်တာ အစ်ကိုရယ် ”
“ ကံစီမံရာပေါ့ကွာ။ ငါဆိုရင် နေ့တဓူဝ မမြင်ချင်တာတွေ မြင်တွေ့နေရတာပါ ညီလေးရာ ”
“ ဟုတ်ပါတယ်။ သူ့ဆွေမျိုးတွေ ဘယ်နှစ်ယောက် လိုက်မှာလဲ ”
“ နှစ်ယောက်လိုက်မယ်ထင်တယ်”
“ အလောင်းက နှစ်လောင်း၊ လူနှစ်ယောက်ဆို အဆင်ပြေမယ် မထင်ဘူး ”
“ ဒါတော့ မင်းဟာမင်းပဲ ပြောကြည့်ပေါ့ကွာ။ ဗိုက်ထဲက ကလေးကတော့ ပြန်မပါတော့ဘူး။ သူ့သားရယ် သူရယ်ပဲပါမယ် ”
“ ကလေးကို ဘယ်လိုလုပ်မလဲ အစ်ကို”
“ ကလေးက လက်သီးဆုပ်စာလောက်ရှိသေးတာကွာ။ ထုံးစံအတိုင်း လုပ်ရမှာပေါ့ ”
“ ဖြစ်ရလေဗျာ။ အချိန်ရှိတုန်း လိုက်ပို့လိုက်ဦးမယ်ဗျာ ”
အသက်မဲ့နေတဲ့ ကလေးရုပ်အလောင်းကို ပလပ်စတစ်အိတ်ထဲပြန်ထည့်ပြီး လက်ဆေးရင်း အလောင်းတွေပို့ဖို့ မေးရပါတယ်။
“ ဆေးရုံကြီးအပေါက်ဝမှာ မသာရဲ့ဆွေမျိုးနှစ်ယောက်ရှိတယ်။ ငွေကြေးလည်းမတတ်နိုင်ကြဘူးကွာ။ ဒါကြောင့် မင်းကို ခေါ်လိုက်ရတာ ”
“ ရပါတယ် အစ်ကိုရာ ”
“ ငါနဲ့လိုက်ခဲ့ညီလေး ”
“ ဟုတ်ကဲ့အစ်ကို။ ကျွန်တော့်ကားနဲ့ပဲသွားလိုက်တော့မယ်လေ ”
“ ကားထားခဲ့လေ၊ ပြီးရင် အလောင်းလာယူရဦးမယ် မဟုတ်လား ”
“ ဒါဆိုလည်း လမ်းလျှောက်ကြတာပေါ့ဗျာ ”
ကျွန်တော်နဲ့ ကိုအောင်ကြည်တို့နှစ်ယောက် ရေခဲတိုက်သွားရာ လူသွားစင်္ကြံန်ကနေ ဆေးရုံကြီးထဲကိုဝင်ပြီး အရှေ့ပေါက်ကိုထွက်လာခဲ့ကြပါတယ်။ ဆေးရုံကြီး ပေါ်တီကိုအောက်သို့ရောက်သည့်အခါ အထုပ်အပိုးတွေနဲ့ ထိုင်စောင့်နေကြတဲ့ အမျိုးသမီးနှစ်ယောက်က ကိုအောင်ကြည်နဲ့ ကျွန်တော့်ကို အားတက်သရော ကြည့်နေကြပါတယ်။ ( ထိုစဉ်အချိန်က အသုဘကားဆိုလို့ ဦးအေးမောင်နဲ့ဦးပန်ချာတို့ရဲ့ နာရေးကားပဲရှိပါတယ် )
“ ခင်ဗျားတို့ကို လိုက်ပို့မယ့်သူက သူပဲ ”
“ အစ်မတို့က ဘယ်နှစ်ယောက်လိုက်ကြမှာလဲ ”
“ နှစ်ယောက်ပါ မောင်လေး။ အစ်မတို့က ဆုံးသွားတဲ့ စန်းစန်းရီရဲ့ အစ်မတွေပါ။ အစ်မတို့ဆီ လာလည်ရင်း အ…အခုလိုဖြစ်သွားကြတာပါ”
“ အရှေ့ခုံမှာ တစ်ယောက်ပဲ ရမယ်အစ်မ။ နောက်မှာ အသုဘတွေနဲ့အတူ လိုက်ရဲရင်တော့ လိုက်ခဲ့လို့ရပါတယ် ”
“ မကြောက်ပါဘူး မောင်လေးရယ်။ လိုက်ပါ့မယ် ”
“ သေစာရင်းရပြီလား အစ်မ ”
“ ငါပဲ အကုန်လုပ်ပေးလိုက်ပြီ ညီလေး ”
“ ဟုတ်ကဲ့ အစ်ကို ”
“ ကားခ သိပ်မတတ်နိုင်ဘူး မောင်လေးရယ်။ ဘယ်လောက်ပေးရမှာလဲဟင် ”
“ ဟာ….၊ ပေးစရာမလိုပါဘူးအစ်မရယ်။ ကျွန်တော်က စေတနာနဲ့ ကူညီတာပါ ”
“ သာဓု ခေါ်ပါတယ် မောင်လေးရယ်။ မနက်မိုးမလင်းခင် ရွာရောက်ချင်တယ် ”
“ ဇီးကုန်းမြို့ပေါ်မဟုတ်ဘူးလား အစ်မ ”
“ ဇီးကုန်းကနေ ရွာထဲကို နာရီဝက်လောက်သွားရသေးတယ် မောင်လေး ”
ရွာကိုဆက်ဝင်ရသေးတယ်ဆိုတော့ ကျွန်တော် နည်းနည်းတော့ တွန့်သွားမိပါတယ်။ လမ်းဆိုးရင် ကားအောက်ပိုင်းတွေ ပျက်စီးလို့ မကြာခဏပြင်ရပါတယ်။ သို့သော်လည်း ပို့မယ့်ပို့ ကူးတို့ရောက်အောင် ပို့ရပါတော့မယ် ။
“ အစ်ကို……..အလောင်းထုတ်ပြီး ကားပေါ်တင်ဖို့လုပ်ပေးပါဦး ”
“ အေး….၊ ငါ စီစဉ်ပေးမယ် ”
ရေခဲတိုက်ထဲက ထုတ်ယူလာတဲ့အလောင်းနှစ်လောင်းကို အဝတ်အစားဝတ်၊ စောင်နဲ့ပတ်ပေးရတဲ့အလုပ်တွေကို ဝိုင်းကူဖြစ်ပါတယ်။
ဝိုင်းကူရတာကလည်း ရေခဲတိုက်မှာ တာဝန်ကျနေတဲ့သူနှစ်ယောက်စလုံးက အရက်တွေသောက်ထားပြီး ဒယီးဒယိုင်ဖြစ်နေကြလို့ပါ။ သေဆုံး
သူအမျိုးသမီးက အသက်နှစ်ဆယ့်ငါးနှစ်ကျော်ကျော်လောက်ပဲ ရှိပါဦးမယ်။ မျက်နှာညာဘက်ခြမ်းက ညိုမည်းပြီး ဖူးယောင်နေပါတယ်။အောက်နှုတ်ခမ်းကလည်း ဟက်တက်ကွဲလို့ ပြန်ချုပ်ထားပါတယ်။ အသားဖြူဖြူ၊ မျက်ခုံးကောင်းကောင်းနဲ့ပါ။ ညာဘက်ပါးမှတော့ စံပယ်တင်မှဲ့တစ်လုံးက ထင်ထင်ရှားရှားရှိနေပါတယ်။ သက်ရှိထင်ရှားရှိခဲ့စဉ်က အတော်လေးကြည့်ပျော်ရှုပျော်ရှိမယ့်ပုံပါပဲ။ ဗိုက်မှာတော့ချုပ်ရိုးကြောင်းကြီးတွေပွထနေပါတယ်။ ကြည့်ရတာ ပွင့်ထွက်သွားပြီး စုတ်ပြဲနေတဲ့အရေပြားတွေကို ပြန်ဆွဲချုပ်ထားပုံရပါတယ်။ ကလေးငယ်လေးရဲ့အလောင်းကိုကြည့်လိုက်ပြန်တော့မျက်နှာတစ်ခုလုံး ညိုမည်းပြီး ဘက်ဘက်မျက်ခုံးကွဲနေပါတယ်။ နောက်စေ့ကလည်း ချိုင့်ဝင်နေပါတယ်။ သားအမိနှစ်ယောက်ရဲ့အလောင်းကိုကြည့်ပြီး စိတ် မကောင်းဖြစ်ခဲ့မိပါတယ်။
************
ဆေးရုံကြီးကထွက်လာတော့ ညဆယ့်နှစ်နာရီကျော်ပါပြီ။ ကျွန်တော်လည်း မနက်မိုးမလင်းခင် ဇီးကုန်းကိုရောက်ချင်ဇောနဲ့ ကားကို စက်ကုန်ဖွင့်ပြီး မောင်းလာခဲ့တယ်။ ရန်ကုန်ပြည်လမ်းမပေါ်မှာ ကုန်ကားကြီးတစ်စီးတစ်လေကလွဲပြီး ရှင်းနေပါတယ်။ ကားလမ်းမပေါ်မှာ ခုန်ဆွခုန်ဆွနဲ့ ဖြတ်ပြေးနေကြတဲ့ ဖားသူငယ်လေးတွေကို ကားတာယာနဲ့ တဖောင်းဖောင်းတက်ကြိတ်နေတဲ့အသံတွေကို ကားစက်သံကြားကနေအတိုင်းသား ကြားနေရပါတယ်။ ကားနောက်ခန်းမှာတော့ ကလေးငယ်အလောင်းနဲ့ မိခင်အလောင်းက အခန့်သားနဲ့ ဆန့်ဆန့်ကြီး လိုက်ပါလာပါတယ်။ အမျိုးသမီးအလောင်းဘေးမှာတော့ သေဆုံးသူ အမျိုးသမီးနဲ့အစ်မတော်စပ်သူက ထိုင်လျက်လိုက်ပါလာပါတယ်။ အရှေ့ခန်းကကျွန်တော့်ဘေးထိုင်ခုံမှာတော့ သေဆုံးသူရဲ့ အစ်မတစ်ယောက်က လိုက်ပါလာပါတယ်။
“ သူသေတာ သူ့ယောက်ျားတောင် မသိသေးဘူး ”
“ ဘယ်လိုဖြစ်လို့လဲ အစ်မ ”
“ သူ့ယောက်ျားက သာဝတ္ထိကိုရောက်နေတယ်။ သူ့ကို အကြောင်းကြားထားတယ် ”
“ အဲဒီအစ်မ ကံဆိုးလိုက်တာ ”
“ အဲဒီနေ့က သူ့ကိုဈေးမသွားပါနဲ့လို့ အစ်မကိုယ်တိုင်ပြောခဲ့တာ။ သူ့သားကလည်း ကံပါလာတယ်ထင်ပါတယ်။ သူ့အမေနောက်ကို လိုက်သွားတယ်။ အစ်မလည်း စိတ်မချလို့ သူတို့နဲ့အတူလိုက်သွားတယ်။ ကားမှတ်တိုင်ရောက်တော့ မှတ်တိုင်မှာရပ်နေတဲ့ ဘတ်စ်ကားရှေ့ကဖြတ်ပြီး လမ်းကူးလိုက်တဲ့အချိန် အစ်မတားချိန်တောင်မရလိုက်ပါဘူး မောင်လေးရယ်။ သူက ကလေးကိုဆွဲပြီး ဖြတ်အပြေး၊ကားချင်းအပြိုင်မောင်းလာတဲ့ ဟိုင်းလက်ကားက ဘတ်စ်ကားကိုကျော်တက်တဲ့အချိန် တိုက်ချသွားတာ။ အစ်မရှေ့မှာတင်တိုက်တာဆိုတော့ သွေးပျက်ပြီး ရူးမတတ်ပါဘဲ။ ကားရှေ့ဘီးက သူ့ကိုတက်ကြိတ်သွားတယ်။ ဗိုက်ထဲက အူတွေရော ကလေးပါ ထွက်သွားတယ် မောင်လေးရယ် ”
“ ဟိုကလေးကရော အစ်မ ”
“ သားလေးက အဝေးကြီးကိုလွင့်ထွက်ပြီး ခေါင်းနဲ့ ကတ္တရာလမ်းပေါ်ဆောင့်မိပြီး ဆုံးသွားတာ ”
“ ဟာဗျာ….ကျွတ်……ကျွတ်…… ”
သေဆုံးသူရဲ့အစ်မပြောသမျှ အလိုက်သင့်ပြန်ပြောရင်း ကားကိုပဲ ဂရုတစိုက်မောင်းလာခဲ့ပါတယ်။ တရိပ်ရိပ်ပြေးနေတဲ့ TOYOTA Van ကားလေးထဲမှာ အလောင်းနှစ်လောင်းက ဆိတ်ငြိမ်နေသလို သက်ရှိလူသားသုံးယောက်ကလည်း စကားမပြောဖြစ်ကြဘဲ တိတ်ဆိတ်နေကြပါတယ်။ ဥက္ကံအကျော်မှာတော့ ဇာတ်လမ်းစပါပြီ။
“ အမလေး……….လုပ်ကြပါဦး ”
ကားနောက်ခန်းက အသုဘရှင်အစ်မရဲ့ အော်လိုက်သံကြောင့် ကားစက်ရှိန်ကိုလျှော့ချပြီး နောက်မှန်ကနေ ကြည့်လိုက်ပါတယ်။ကားရှေ့မီးရောင်ကြောင့် နောက်ခန်းကို ကောင်ကောင်းမြင်ရပါတယ်။ အသုဘရှင်အစ်မက ကုန်းကုန်းကြီးနဲ့ ကြောက်အားလန့်အားဖြစ်နေတာ
ကြောင့် ကားကို လမ်းဘေးချရပ်လိုက်ရပါတော့တယ်။
“ ဘာဖြစ်လို့လဲ အစ်မ ”
“ လက်……လက်ကို ဆွဲ…ဆွဲလို့ ”
“ ဗျာ….ဘယ်သူက ဆွဲတာလဲ ”
“ စန်း….စန်းရီ… ”
ကျွန်တော် အံ့အားမသင့်ပါ။ ကိုအောင်ကြည်ပြောပြခဲ့သည့်စကားအရ အခြေအနေကိုသိထားပြီးပါပြီ။
“ မဟုတ်နိုင်ပါဘူး အစ်မရယ်။ ကျွန်တော်ဆို အသုဘတွေတင်လာတာ နည်းမှမနည်းတာ။ တစ်ခါမှမဖြစ်ခဲ့ဖူးပါဘူး ”
“ တကယ်ပါ မောင်လေးရယ်။ အစ်မရဲ့လက်ကို ဖမ်းဆွဲထားလို့ အတင်းရုန်းလိုက်ရတယ်။ ပြောရင်းနဲ့တောင် ကြက်သီးတွေထလာပြီ။ အစ်မ ရှေ့ခန်းမှာ လာထိုင်လို့ရမလား ”
“ အစ်မတို့နှစ်ယောက်ပူးကပ်ပြီးထိုင်လို့ရရင် ထိုင်ပါ။ ကျွန်တော် ဂီယာထိုးရတာ ခက်မှာစိုးလို့ ”
“ ကပ်ထိုင်ပါ့မယ် ”
“ ကပ်ထိုင်မယ်ဆိုလည်း ကားပေါ်တက်တော့အစ်မ။ လက်ပံတန်းရောက်ရင် ကျွန်တော် အိမ်သာတက်မယ်။ အစ်မတို့ တစ်ခုခုစားချင်စားပေါ့။ ကျွန်တော် ရှင်းပါ့မယ် ။ ကျွန်တော်လည်း အိပ်ချင်ပြေ လက်ဖက်ရည်တစ်ခွက်တော့ သောက်မှဖြစ်မယ် ”
“ ရွာကို မိုးမလင်းခင်ရောက်ပါ့မလား ”
“ ရောက်ပါတယ် အစ်မရယ်။ စိတ်မပူပါနဲ့ ”
အမျိုးသမီးနှစ်ယောက် ရှေ့ခန်းမှာ ကပ်ထိုင်ကြပေမယ့် ဂီယာထိုးတဲ့အခါ မလွတ်မလပ်ဖြစ်တာကြောင့် စိတ်ညစ်ရပါတယ်။ သာယာဝတီနားကို ရောက်ခါနီးလောက်မှာ အမျိုးသမီးနှစ်ယောက်လည်း တခေါခေါနဲ့ အိပ်မောကျသွားကြပါပြီ။ အဲဒီအချိန်မှာပဲ နောက်ခန်းထဲက ငိုသံသဲ့သဲ့ကြားလို့ ကားနောက်မှန်ကနေ ကြည့်လိုက်တဲ့အခါ အမျိုးသမီးတစ်ယောက် ငုတ်တုပ်ထိုင်နေတာကိုတွေ့လိုက်ရပါတော့တယ်။ ကျွန်တော်မြင်တွေ့နေရတာက ထင်ရှားလွန်းပါတယ်။ ကျောခိုင်းထားတဲ့ အမျိုးသမီးဆီက ရှိုက်သံကိုကြားနေရပါတယ်။ ကျွန်တော့်ဘေးက အမျိုးသမီးနှစ်ယောက်ကတော့ အိပ်မောကျနေဆဲပါ။
“ အိ…ဟီး…….ဟီး….. ”
ကားကို ဂရုတစိုက်မောင်းနေရင်း ကျွန်တော့်ရဲ့မျက်လုံးတွေက ကားနောက်ကြည့်မှန်ကတဆင့် နောက်ခန်းကို ရောက်နေပါတယ်။ အရှေ့မှာ ကုန်တင်ကားတစ်စီးက အိပဲ့အိပဲ့နဲ့မောင်းနေလို့ ကျော်တက်ဖို့ ဟွန်းတီးပြီး ဂီယာချိန်းတဲ့အခါ ဂီယာတံကိုကိုင်ထားတဲ့ ကျွန်တော့်ရဲ့လက်ကို အေးစက် တဲ့အထိအတွေ့တစ်ခု ခံစားလိုက်ရပါတယ်။ ရှေ့ကားကိုလည်းကြည့်ရင်း ဂီယာတံကိုကိုင်ထားတဲ့ ကျွန်တော့်ရဲ့လက်ကိုကြည့်မိတော့မှ ကျွန်တော် ကြက်သီးမွေးညင်းတွေ ထောင်ထသွားပါတော့တယ်။ လက်က ထိုင်ခုံနှစ်ခုံကြားကနေ အရှေ့ကို ထွက်လာတာပါ။
အမျိုးသမီးတစ်ယောက်က ကားပြူတင်းပေါက်မှန်ကိုမှီပြီးအိပ်ပျော်နေပါတယ်။ ကျွန်တော့်ဘေးကအမျိုးသမီးက ပြူတင်းပေါက်မှန်ကိုခေါင်းမှီပြီးအိပ်နေတဲ့ အမျိုးသမီးရဲ့ ပခုံးပေါ်မှီပြီးအိပ်နေပါတယ်။ လက်ကိုအရိပ်တစ်ခုလို မြင်နေရပေမယ့် ထင်ထင်ရှားရှားကို မြင်ရတာပါ။ ကျွန်တော့်လက်ကို အုပ်ကိုင်ထားတဲ့လက်က အေးစက်စက်မို့ ဂီယာမချိန်းတော့ဘဲ လက်ကို ပြန်ရုတ်လိုက်ပါတယ်။
ကားကြီးကို ကျော်မတက်သေးဘဲ သူဘာဆက်လုပ်မယ်ဆိုတာ မသိမသာကြည့်နေစဉ်မှာပဲ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတော့တယ်။ နောက်ခန်းက ငိုသံသဲ့သဲ့ကတော့ တိတ်မသွားသေးပါ။ လက်ပံတန်းရောက်ခါနီးတော့ လမ်းဘေးမှာ ကားထိုးရပ်လိုက်ပါတယ်။ ကားရပ်ပြီး တံခါးဖွင့်တော့မှပဲ အမျိုးသမီးနှစ်ယောက်လည်း နိုးလာပါတော့တယ်။
“ ဘယ်ရောက်နေပြီလဲ မောင်လေး ”
“ လက်ပံတန်းဝင်တော့မယ် ”
“ အပေါ့သွားဖို့ ရပ်တာလား ”
“ မဟုတ်ဘူး အစ်မ။ အလောင်းတွေကို တာလပတ်စနဲ့အုပ်မလို့ ”
“ ဟင်…..ဘာဖြစ်လို့လဲ ”
“ လက်ပံတန်းရောက်ရင် အိမ်သာတက်မယ်။ လက်ဖက်ရည်သောက်ပြီး တစ်ခုခုစားမယ်လေ။ အဲဒီမှာက အဝေးပြေးကားကြီးတွေရပ်တယ်။ ဈေးသည်လည်းတွေရှိတယ်။ အပြင်ကနေအထဲကိုကြည့်လို့ အလောင်းတွေမြင် သွားရင် လန့်ဖြန့်ကုန်ကြမယ် ”
“ သြော်………။ အစ်မတို့လည်း အဲဒီရောက်မှ အပေါ့အပါးသွားတော့မယ် ”
“ ဟုတ်ကဲ့ အစ်မ။ မလိုတော့ပါဘူး။ နောက်ဆယ်မိနစ်ဆို မြို့ထဲဝင်ပါပြီ ”
ကျွန်တော်လည်း အလောင်းတွေပေါ်ကို တာလပတ်အသေအချာအုပ်ပြီး ကားမောင်းထွက်ခဲ့ပါတယ်။ လက်ပံတန်းကိုရောက်တဲ့အခါ စားသောက်ဆိုင်တစ်ခုရှေ့မှာ ကားရပ်လိုက်ပြီး အမျိုးသမီးနှစ်ယောက်ကို စားချင်တာမှစားကြဖို့ပြောရင်း အိမ်သာပြေးရပါတယ်။ အိမ်ကထွက်လာတော့ အိမ်သာမတက်ခဲ့ရပါ။ မနက်စောစောဆိုတော့ စာသောက်ဆိုင်တွေကလည်း လူရှင်းနေပါတယ်။ စားသောက်သူမရှိတဲ့ဆိုင်ကိုမှ ရွေးရတာက ကျွန်တော့်ကားထဲက အလောင်းတွေကြောင့်ပါ။ ဗန်းရွက်ဈေးသည်တွေလည်း ရှင်းနေတော့အဆင်ပြေပါတယ်။
“ အမလေး………လုပ်ကြပါဦးတော့…….. ”
“ ဟဲ့….ဘာကြီးတုန်း……လုပ်ကြပါဦး……. ”
“ အမလေး…… ”
စားသောက်ဆိုင်နောက်ဖေးက အိမ်သာမှာ အိမ်သာတက်နေတုန်း အပြင်ကအော်ဟစ်ဆူညံသံတွေကို ကြားလိုက်ရလို့တစ်ခုခုဖြစ်ပြီဆိုပြီး အိမ်သာတက်တာ တစ်ဝက်တစ်ပျက်နဲ့ ပြေးထွက်ခဲ့ပါတယ်။ ကျွန်တော့်ကားနားမှာ လူခြောက်ယောက်လောက်ဝရုန်းသုန်းကားဖြစ်နေကြပါတယ်။ အသုဘရှင်အမျိုးသမီးနှစ်ယောက်ကမျက်နှာငယ်လေးတွေနဲ့ သူတို့ကို ရပ်ကြည့်နေပါတယ်။ ကျွန်တော် သဘောပေါက်ပါပြီ။ ကားနားကို အပြေးအလွှားရောက်သွားတော့ အမျိုးသမီးတစ်ယောက်ကို အမျိုးသားနှစ်ယောက်ကနှာနှပ်ပေးနေကြပါတယ်။ ကျန်တဲ့သူတွေက ကားနောက်ခန်းထဲကို မကြည့်ရဲကြည့်ရဲနဲ့ကြည့်နေကြပါတယ်။
“ အစ်မ….ဘာဖြစ်လို့လဲခင်ဗျ ”
အသုဘရှင်အမျိုးသမီးကို ကျွန်တော်မေးလိုက်တော့ အမျိုးသမီးရဲ့မျက်နှာက ငိုမဲ့မဲ့ဖြစ်နေပါတယ်။
“ သူ…သူ…သတိလစ္သြားလို့ ”
“ ဘာဖြစ်လို့လဲ ”
“ အစ်မတို့နှစ်ယောက် ထမင်းကြော်စားနေတုန်း အဲဒီမိန်းမက ကားနားမှာ ရပ်နေတယ်။ နောက်တော့ အမလေးဆိုပြီး အသံနက်ကြီးနဲ့ထအော်ပြီး လဲကျသွားလို့ အစ်မတို့လဲ စားလက်စနဲ့ ထပြေးလာတာ ”
“ ဒါ ဘယ်သူ့ကားလဲ ”
သတိလစ်နေတဲ့အမျိုးသမီးကို နှာနှပ်ပေးနေတဲ့ အမျိုးသားက မေးလိုက်တော့ ကျွန်တော် တွန့်ကနဲဖြစ်သွားပါတယ်။
“ ကျွန်တော့်ကားပါ အစ်ကို ”
“ မင်းရဲ့ကားဆိုတာ သေချာရင် ဘယ်မှမသွားနဲ့၊ ရဲစခန်းလိုက်ခဲ့ ”
“ နေပါဦး။ ကျွန်တော်က ဘာဖြစ်လို့ လိုက်ရမှာလဲ ”
“ ကားပေါ်မှာ လူသေအလောင်းတွေ တင်လာတာဘာသဘောလဲ ”
“ အော…ဒါလား။ ကျွန်တော်က ဆေးရုံကြီးက မရှိဆင်းရဲနွမ်းပါးတဲ့ လူနာတွေ၊ အသုဘတွေကို ကိုယ့်ကားနဲ့ကိုယ်၊ ကိုယ့်ထမင်းကိုယ် စားပြီးစေတနာနဲ့ ပရဟိတအလုပ်ကို လုပ်နေတာပါ။ အလောင်းကလည်း ဆေးရုံကြီးက သေဆုံးကြောင်းလက်မှတ်ပါပြီးသားပါ။ သေစာရင်းကြည့် ချင်ရင်ပြပါ့မယ်။ အစ်ကိုက ဘယ်သူလဲ ”
“ ငါက ဟိုကားမောင်းတဲ့သူပဲ ”
“ အစ်ကိုက ရဲအောင်လံက ယာဉ်မောင်းလား ”
“ ဟုတ်တယ်။ မင်းရဲ့စေတနာကို သဘောပေါက်ပြီညီလေး။ ဒီကနေ အမြန်သွားတော့။ ရွာနာတယ်ဆိုပြီး မင်းကို ဝိုင်းရိုက်ကြလိမ့်မယ် ”
ရဲအောင်လံ ယာဉ်မောင်း ပြောပြတော့မှ ကျွန်တော်လည်း သတိထားလိုက်မိပါတယ်။ ကျွန်တော်လည်း အမျိုးသမီးနှစ်ယောက်ကို ကားပေါ်အမြန်တက်ခိုင်းပြီး ဆိုင်ထဲကိုအမြန်ဝင်၊ ပိုက်ဆံရှင်းရပါတယ်။ ပိုက်ဆံရှင်းပြီး ပြန်ထွက်လာတော့ သတိလစ်နေတဲ့ အမျိုးသမီးလည်း သတိပြန်ရနေပါပြီ။
“ ကား….ကားနားမှာ ရပ်နေတုန်း ကားထဲကနေ ကြောက်စရာမျက်နှာကြီးပေါ်လာတယ်။ မျက်နှာမှာလည်း သွေးတွေနဲ့ ”
သတိပြန်လည်လာတဲ့အမျိုးသမီးပြောသမျှကို နားထောင်ရင်း ကြာကြာဆက်နေဖို့မသင့်တော့တာကြောင့် အသုဘရှင် အမျိုးသမီးနှစ်ယောက်ကို ကားပေါ်အမြန်တက်ခိုင်းပြီး ဒုန်းစိုင်းခဲ့ရပါတော့တယ်။ စိတ်ကလည်းလောနေ၊ ပြဿနာနဲ့လည်း ကြုံခဲ့ရတော့ ကားကိုအမြန်မောင်းလာရင်း ပြည်ဘက်ကိုတည့်တည့်မောင်းရမယ့်အစား လက်ပံတန်းမြို့ထဲကို ချိုးကွေ့ခဲ့မိတယ်။ မြို့ထဲရောက်တော့မှ လမ်းမှားနေပြီဆိုတာသိလိုက်တော့ ပြန်ကွေ့ခဲ့ရပါတော့တယ်။
လက်ပံတန်းကနေ အမြန်မောင်းလာရင်း မင်းလှနဲ့အုတ်ဖိုကြားမှာ ပြဿနာထပ်ဖြစ်ပြန်ပါပြီ။ ကားမောင်းနေတဲ့ ကျွန်တော့်ရဲ့ ပခုံးကို နောက်ကနေ တစ်ယောက်ယောက် လက်နဲ့ကိုင်တွယ်လိုက်သလိုခံစားရလို့ နောက်ကြည့်မှန်ကနေ နောက်ခန်းကို ကြည့်မိပါတယ်။ အသုဘရှင် အမျိုးသမီးနှစ်ယောက်ကတော့ အိပ်ပျော်နေပါတယ်။ ကားနောက်ကြည့်မှန်မှာ မြင်နေရတာကတော့ ကျွန်တော့်ပခုံးကို လက်နဲ့ ကိုင်ထားသူက သေဆုံးပြီးဖြစ်တဲ့ အမျိုးသမီးပါပဲ။ ငုပ်တုပ်ထိုင်ပြီး ကျွန်တော့်ပခုံးကိုကိုင်ထားတာကိုမြင်လိုက်တော့ ကျွန်တော်လည်း ကြောက်လန့်လာမိပါတယ်။ ကြောက်လန့်တတ်သူမဟုတ်ပေမယ့် အခုလို ကြုံတွေ့ရခြင်းက ကျွန်တော့်အတွက် ပထမဆုံးအကြိမ်ပါ။ တော်ရုံလူဆို သွေးပျက်သွားနိုင်ပါတယ်။
ကားရပ်လိုက်ပြန်ရင်လည်း ဇီးကုန်းအဝင် နောက်ကျမှစိုးတာကြောင့် မရပ်တော့ဘဲ ဆက်မောင်းလာခဲ့ပါတယ်။ အေးစက်တဲ့အထိအတွေ့
ကြောင့် နေရခက်ပေမယ့် နောက်ခန်းကိုမကြည့်တော့ဘဲ ကားကိုသာ ဂရုစိုက်မောင်းနေမိတယ်။ အုတ်ဖိုအကျော်မှာတော့ ပိုပြီးဆိုးလာပါတယ်
။
“ ဘုံး……ဘုံး….ဘုံး….. ”
“ ဟီး……..၊ ဟီး…… ”
ကားနောက်ဘက်က ကားအမိုးကို ထုနှက်ပြီး ငိုကြွေးနေတဲ့အသံကြောင့် အိပ်ပျော်နေတဲ့ အသုဘရှင်အမျိုးသမီးနှစ်ယောက် လန့်နိုးလာပါတယ်။ ကျွန်တော်က ကားနောက်မှန်ကနေ နောက်ခန်းကို မြင်နေရလို့ ဘာဖြစ်နေတယ်ဆိုတာသိပါတယ်။ အသုဘရှင် အမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်က နောက်ခန်းကို လှည့်ကြည့်လိုက်တဲ့အခါ နောက်ခန်းမှာ ငုတ်တုပ်ထိုင်နေတဲ့ အမျိုးသမီးအလောင်းကိုမြင်လိုက်တာကြောင့် အသံနက်ကြီးနဲ့ အော်ပါတော့တယ်။
“ အမလေး……………သ…သရဲ…သရဲ… ”
ကျွန်တော့်ဘေးက အမျိုးသမီးကတော့ နောက်ကိုလှည့်မကြည့်ဘဲ အော်ဟစ်ပြီး ကျွန်တော့်လည်ပင်းကို ညှစ်ပါတယ်။
“ ငါမလိုက်ဘူး၊ ငါ့သားနဲ့ ငါ့ကလေးကို ပြန်ခေါ်ပေး ”
ကားထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကြောင့် ကားကို ဂီယာချက် ချင်းဒေါင်းပြီး လမ်းဘေးမှာ ထိုးရပ်လိုက်ရပါတော့တယ်။ စောစောက အထိတ်တလန့်နဲ့ အော်ဟစ်နေတဲ့ အမျိုးသမီးကတော့ သတိလစ်သွားခဲ့ပါပြီ။ ကျွန်တော့်ကို လည်ပင်းညှစ်ခဲ့တဲ့ အမျိုးသမီးက နတ်ဝင်သည်လို တစ်ကိုယ်လုံးတုန်ပြီး သူ့ကလေးကို ပြန်ခေါ်ပေးဖို့နဲ့ သူ့ကလေးမပါရင် မပြန်ဘူးဆိုတဲ့စကားကိုတွင်တွင်ပြောနေပါတယ်။ ကားနောက်ခန်းကို လှည့်ကြည့်လိုက်တော့ အလောင်းနှစ်လောင်းက မူလအတိုင်း ပုံစံမပျက်ပါ။ ကျွန်တော်ကတော့ ကားထဲက အမြန်ထွက်ပြီး လမ်းဘေးမှာ ရပ်နေမိပါတယ်။ ဘာဆက်လုပ်သင့်တယ်ဆိုတာကိုလည်း မဆုံးဖြတ်တော့ပါ။ ကြံရာမရတဲ့အဆုံးမှာတော့ ကားနောက်ဖုံးကိုဖွင့်ပြီး အမျိုးသမီးအလောင်းကို လက်နဲ့ပုတ်ပြီး စကားပြောလိုက်ပါတယ်။
“ အစ်မ…….။ အစ်မကို အိမ်ပြန်ပို့ပေးမလို့ပါ။ မနှောက်ယှက်ပါနဲ့။ ကျွန်တော်က စေတနာနဲ့ အခမဲ့လိုက်ပို့ပေးတာပါ။ အစ်မကို ဘယ်သူဆိုတာ မသိပါဘူး။ အစ်မရဲ့ ကလေးကိုလည်း မသိပါဘူး ”
ကျွန်တော် အလောင်းကို လက်နဲ့ပုတ်ပြီးစကားပြောနေစဉ်မှာပဲ ဝိညာဉ်ပူးကပ်နေတဲ့ အမျိုးသမီးက ကားနောက်ခန်းကို လှည့်ကြည့်ပြီးကျွန်တော့်ကို ပြောပါတော့တယ်။
“ ငါ့ကို ဘာလို့ပြန်ပို့တာလဲ။ ငါ့သားနဲ့ ငါ့ကလေးဘယ်မှာလဲ ”
“ အစ်မ……အစ်မက ကားတိုက်ပြီး သေသွားခဲ့ပါပြီ။ အစ်မရဲ့ အလောင်းရော အစ်မသားရဲ့ အလောင်းရော ကျွန်တော့်ကားနဲ့တင်လာတာပါ။အစ်မသားရဲ့အလောင်းလည်း အစ်မဘေးမှာရှိနေပါတယ် ”
အသက်မဲ့နေတဲ့အလောင်းနဲ့ ကျွန်တော်စကားပြောနေချိန်မှာ အလောင်းက ငြိမ်သက်နေပေမယ့် ဝိညာဉ်ပူးကပ်နေတဲ့ အမျိုးသမီးကတော့ ကားရှေ့ခန်းကနေ ကားနောက်ခန်းကို ကျော်ဝင်လာပြီး အလောင်းတွေကို တအံ့တသြကြည့်နေပါတယ်။
“ သား…….သား………. ။ သားလေး…….သား….. ဟီး…….အမေ့သားလေး……”
ကျွန်တော့်ရဲ့ ဘဝတစ်သက်တာမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ ဝိညာဉ်ပူးကပ်
နေတဲ့ အမျိုးသမီးက သူ့သားရဲ့အလောင်းကိုဖက်ပြီး ငိုရှိုက်နေတဲ့မြင်ကွင်းပါပဲ။
“ ဘယ်မှာလဲ ငါ့ကလေး….. ”
ဝိညာဉ်ပူးကပ်နေတဲ့ အမျိုးသမီးက ရုတ်တရက်ဆိုသလို ကျွန်တော့်ကိုကြည့်ပြီး မေးလိုက်တာကြောင့် ကျွန်တော် အဖြေရခက်သွားခဲ့ပါတယ်။
“ ကျွန်တော်နဲ့မဆိုင်ဘူးလေ ”
“ နင်မညာနဲ့….၊ ဘယ်မှာလဲ ငါ့သားနဲ့ ငါ့ကလေး ”
“ ခင်ဗျားရဲ့ကလေးက အဲဒီမှာလေ ”
ကျွန်တော်လည်း ကလေးအလောင်းကို လက်ညှိုးထိုးပြပြီးပြောလိုက်ပါတယ်။
“ ငါ့ဗိုက်ထဲက ကလေးကိုပြောတာ ”
“ ကျွန်တော် မသိဘူးဗျ။ ကျွန်တော်က ခင်ဗျားတို့သားအမိအလောင်းကို အခမဲ့ပို့ပေးတာပါ ”
“ ငါမသိဘူး…….ငါ့ကလေးကို အခုပြန်ခေါ်ပေး ”
ကျွန်တော် ပြောလိုက်တဲ့စကားကို ဝိညာဉ်ပူးကပ်နေတဲ့ အမျိုးသမီးက ကျေနပ်ပုံမပေါ်ပါဘူး။ အဲဒီအချိန်မှာပဲ သတိလစ်နေတဲ့ အမျိုးသမီးက သတိပြန်လည်လာပါတယ်။ ကျွန်တော်နဲ့ ဝိညာဉ်ပူးကပ်နေတဲ့ အမျိုးသမီးတို့ စကားပြောဆိုနေတာကို သူလည်း မြင်တွေ့ပါတယ်။
“ ကျွန်တော်နဲ့ မဆိုင်ဘူးလေဗျာ ”
“ အေးသင်း….အေးသင်း…….။ သတိထား………အေးသင်း ”
သတိပြန်လည်လာတဲ့အမျိုးသမီးက အခြေအနေကို ရိပ်မိသွားပုံရပါတယ်။ ဝိညာဉ်ပူးကပ်နေတဲ့ အမျိုးသမီးရဲ့ ခန္တာကိုယ်ကို လှုပ်ရမ်းပြီးအသိပေးနေပါတယ်။ အဲဒီအခါမှ ဝိညာဉ်ဝင်ပူးကပ်နေတဲ့ အမျိုးသမီးလည်း ငြိမ်သက် သွားပါတော့တယ်။
“ မောင်လေး……ကားပေါ်တက်ပြီး အမြန်မောင်းတော့။ မိုးမလင်းခင်ရောက်မှဖြစ်မယ် ”
“ ဟုတ်ကဲ့အစ်မ ”
သတိပြန်လည်လာတဲ့ အမျိုးသမီးက ကျွန်တော့်ကို ကားပေါ်တက်ခိုင်းလိုက်တာကြောင့် နောက်ဖုံးတံခါးကို ပိတ်ချလိုက်ပြီး ကားရှေ့ခန်း
ကိုအမြန်လာတဲ့အချိန်မှာပဲ ကားမှန်ကို လက်နဲ့ပုတ်လိုက်တဲ့ အသံကြားလို့ လှည့်ကြည့်လိုက်တဲ့အခါ ကားမှန်ပေါ်က လက်ဖဝါးနှစ်ဖက်ကြားက
အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာကို မြင်တွေ့လိုက်ရပါတော့တယ်။ သူကတော့ ကားနောက်ခန်းမှာရှိနေတဲ့ သက်မဲ့ အမျိုးသမီးပါ။
ကျွန်တော်လည်း ကားပေါ်အမြန်တက်ပြီး ကားကို စက်ကုန်ဖွင့်မောင်းခဲ့ပါတယ်။ ဇီးကုန်းရောက်တဲ့အခါ မနက်ငါးနာရီကျော်ပါပြီ။ ရောင်နီလည်း သမ်းနေပါပြီ။ လူလည်းပန်း စိတ်လည်းပန်းပေမယ့် ဇီးကုန်းကနေ ရွာထဲအရောက် လိုက်ပို့ခဲ့ပါတယ်။ ရွာထိပ်ရောက်တဲ့အခါ အသုဘရှင် အမျိုးသမီးနှစ်ယောက်က အလောင်းကိစ္စအတွက် ကျေးရွာလူကြီးတွေရဲ့ခွင့်ပြုချက်တောင်းဖို့ ရွာထဲကိုအမြန်ပြေးကြပါတယ်။ ရွာထိပ်မှာ ကျွန်တော်ရယ် အလောင်းနှစ်လောင်းရယ်ပဲရှိပါတယ်။ ရွာထဲဝင်သွားတဲ့ အမျိုးသမီးနှစ်ယောက်က အတော်ကြာတဲ့အထိ ပေါ်မလာပါ။လူသေအလောင်းနှစ်လောင်းက ကျွန်တော့်ကားပေါ်မှာ။ သေစာရင်းက ဟိုအမျိုးသမီးနှစ်ယောက်ဆီမှာ။ တစ်ခုခုပြဿနာပေါ်လာရင် ကျွန်တော်ပဲ ပြသနာတက်ပါတော့မယ်။ ပရဟိတလုပ်ငန်းတွေကို လုပ်ချင်စိတ်တောင် မရှိတော့လောက်အောင်ပါပဲ။
နာရီဝက်လောက်ကြာတဲ့အခါ ရွာထဲကနေ လူအယောက်နှစ်ဆယ်လောက် ပြေးလာတာမြင်လိုက်ရပါတယ်။ အသုဘရှင် အမျိုးသမီးနှစ်
ယောက်ကို မြင်တွေ့လိုက်ရတော့ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။
“ မောင်လေး….စိတ်မရှိနဲ့နော်။ အစ်မတို့က လူကြီးတွေရော ဆွေမျိုးတွေပါ သွားခေါ်လာရတာ ”
“ ရပါတယ်အစ်မ။ ကျွန်တော့်ကို ရွာထဲလိုက်ပို့ဆိုရင် ပို့ပေးမှာပေါ့ဗျာ။ လမ်းလည်း မဆိုးပါဘူး ”
“ မဟုတ်ဘူး မောင်လေးရဲ့။ ရွာထဲဝင်မရလို့ပါ ”
“ ဗျာ…….. ”
“ အောင်ကျော်….ခင်ထွေး…..အလောင်းတွေကို ပုခက်ပေါ်တင်ပြီး သုသာန်ကိုယူသွားကြ ”
ရွာလူကြီးလို့ ယူဆရတဲ့သူက အလောင်းတွေကို ရွာထဲကို ပေးမဝင်ဘဲသုသာန်ပို့ဖို့ ဦးဆောင်ပြီး ခိုင်းစေနေပါတယ်။ အလောင်းတွေကို ကားပေါ်ကချပြီးသယ်သွားကြတဲ့အခါ ကျွန်တော့်တာဝန်ပြီးဆုံးသွားပြီမို့ ပေါ့ပါးသွားပါပြီ။
“ အစ်မ…..၊ ကျွန်တော်ပြန်မယ်နော် ”
“ မောင်လေး…..အစ်မတို့ နိုင်သလောက် ပေးလိုက်မယ် ”
“ ဟာ……မပေးနဲ့အစ်မ။ ကျွန်တော်က စေတနာနဲ့ ကူညီပေးနေတာပါ ”
“ အိမ်ကိုလိုက်ခဲ့ပါဦးလား။ ဧည့်ခံပါရစေ ”
“ ကျေးဇူးတင်ပါတယ် အစ်မ။ ကျွန်တော်လည်း ပင်ပန်းနေလို့ အိမ်ပြန်ချင်နေပြီ ”
“ မောင်လေးကိုလည်း ကျေးဇူးတင်ပါတယ် ”
“ ဟုတ်ကဲ့ခင်ဗျ ”
အသုဘရှင် အမျိုးသမီးနှစ်ယောက်ကို နှုတ်ဆက်ပြီး ကားမောင်းထွက်တဲ့အချိန်မှာ ဂီယာထိုးပြီး လီဗာကိုနင်းပေမယ့် ကားက တစ်လက်မတောင် မရွေ့တော့ပါ။ ဂီယာမဝင်ဘူးထင်ပြီး ဂီယာချိန်းပေမယ့်လည်း ကားကမရွေ့ပါ။ ကျွန်တော်လည်း စိတ်ဆိုးဆိုးနဲ့ ဆဲဆိုမိပါတယ်။
“ ဘာဖြစ်လို့လဲကွ ”
“ ကားက ဘယ်လိုမှ မောင်းမရတော့လို့ အဘရယ် ”
အသက်ခြောက်ဆယ်အရွယ်လောက်ရှိတဲ့ အမျိုးသားကြီးက ကျွန်တော့်ကားအနားကိုရောက်လာပြီးမေးတာကြောင့် ပြန်ဖြေလိုက်ရပါတယ်။
“ ငါ့အိမ်လိုက်ခဲ့ကောင်လေး။ မင်းရဲ့ကားက ဘယ်လိုမှ မောင်းရမှာမဟုတ်ဘူး။ မင်းရဲ့ကားပေါ်မှာ စန်းစန်းရီရှိနေတယ်”
“ ဗျာ…… ”
“ ကားကို ထားခဲ့ပြီး ငါနဲ့လိုက်ခဲ့ချေ ”
“ ကျွန်တော် ဒီနေ့ပြန်မှဖြစ်မှာမို့ပါ ”
“ ငါပြောတာယုံ။ စန်းစန်းရီတို့ အသုဘကိစ္စပြီးမှ မင်းပြန်လို့ရမှာ။ ငါနဲ့လိုက်ခဲ့။ မင်းရဲ့ကားကို စိတ်ချလက်ချထားခဲ့ကွ ”
“ ဟုတ်ကဲ့ အဘ ”
စက်နိုးပေမယ့် မောင်းလို့မရတော့တာကြောင့် ကားကိုထားခဲ့ပြီး အ မျိုးသားကြီးနဲ့အတူ ရွာထဲကို လိုက်သွားခဲ့ပါတယ်။ ရွာဆိုပေမယ့် အိမ်ခြေအတော်များတဲ့ ရွာကြီးပါ။
“ ငါတို့လည်း မနေ့ကမှ သိတာကွ ”
“ ဘာကိုလဲ အဘ ”
“ စန်းစန်းရီတို့ သားအမိ ကားတိုက်ပြီး ဆုံးသွားတာကိုပြောတာ ”
“ သြော်….ဟုတ်ကဲ့ ”
“ စန်းစန်းရီက ငါ့တူမဝမ်းကွဲ။ ဟိုအိမ်က စန်းစန်းရီတို့အိမ်ပေါ့ ”
အမျိုးသားကြီး လက်ညှိုးထိုးပြတဲ့အိမ်ကို အသေအချာကြည့်မိပါတယ်။ အိမ်က အိမ်ကြီးရခိုင်ပါ။ အိမ်ပေါ်မှာတော့ လူတစ်ယောက်မှ ရှိပုံမပေါ်ပါ။
“ အဘ……။ ကျွန်တော် ဘာဆက်လုပ်ရမလဲ ”
“ အခုနေ ဘာမှ လုပ်လို့မရဘူး။ စန်းစန်းရီတို့ သားအမိအတွက် အမျှဝေပြီးမှ မင်းပြန်လို့ရမှာ ”
“ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲဗျာ ”
“ စန်းစန်းရီက မင်းနဲ့ ဘယ်လိုပတ်သက်နေသလဲ ”
“ ကျွန်တော်နဲ့ ဘာမှ မပတ်သက်ပါဘူး အဘ။ သူတို့သားအမိအလောင်းကို စေတနာနဲ့ လိုက်ပို့ပေးတာပါ ”
“ စန်းစန်းရီက မင်းကို ကျေနပ်ပုံမပေါ်ဘူး ”
“ ဗျာ…..၊ အဘက ဘယ်လိုသိနေတာလဲ ”
“ ငါက မြင်နေရတယ်ကွ။ မင်းကားပေါ်မှာ သူထိုင်နေတယ်။ မင်းကို မကျေ မနပ်ကြည့်နေတယ် ”
“ ဟာ…….. ”
“ ဒါ ငါ့အိမပွဲ။ အားမနာနဲ့ ”
အမျိုးသားကြီးရဲ့အိမ်ကခြေတံရှည်အိမ်ကြီးပါ။ ခြံဝင်းလည်း ကျယ်ပါတယ်။ ခြံထဲမှာတော့ နွားသုံးကောင်ရှိပါတယ်။
“ လာကွ…အိမ်ပေါ်တက် ”
အရှေ့က ဦးဆောင်ပြီး အိမ်ပေါ်ကိုတက်သွားတဲ့အမျိုးသားကြီးရဲ့နောက်ကနေ လိုက်သွားခဲ့ပါတယ်။ အိမ်ပေါ်ရောက်တဲ့အခါ သုံးဆယ့်
ခုနစ်မင်းနတ်တွေက အိမ်ဦးခန်းမှာ နေရာယူထားတာကိုမြင်လိုက်ရပါတယ်။
“ မသန်းညွန့်ရေ…..မသန်းညွန့် ”
“ လာပြီ ကိုဖေတင် ”
“ ဧည့်သည်ပါလာတယ်။ တစ်ခုခုလုပ်ပါဦး ”
ဒေါ်သန်းညွန့်ဆိုတဲ့ အမျိုးသမီးကြီးက အိမ်နောက်ဖေးကနေထွက် လာပြီး ကျွန်တော့်ကို အသေအချာကြည့်နေလို့ ကျွန်တော် အနေကျပ်မိတယ်။
“ သူက ဘယ်သူလဲ ကိုဖေတင် ”
“ စန်းစန်းရီတို့အလောင်းကို လာပို့တဲ့ကောင်လေး ”
အမျိုးသမီးကြီးက ဘာမမှပြန်မပြောဘဲ ကျွန်တော့်ကို အသေအချာကြည့်ပြီး အိမ်နောက်ဖေးကို ပြန်ဝင်သွားပါတယ်။ ဦးဖေတင်နှင့် ဒေါ်သန်းညွန့်တို့ ဧည့်ခံကျွေးမွေးတဲ့ မနက်စာကို စားသောက်ပြီးလို့ နေ့လည်တစ်နာရီကျော်လောက်မှာ မစန်းစန်းရီတို့သားအမိ အလောင်းကို မီးသင်္ဂြိုဟ်တော့မယ် ဆိုတဲ့အကြောင်း အမျိုးသမီးတစ်ယောက်က လာပြောတာကြောင့် ဦးဖေတင်တို့လင်မယားနဲ့အတူ သုသာန်ကို လိုက်သွားခဲ့ပါတယ်။ သုသာန်ရောက် တဲ့အခါ ထင်းပုံ ပေါ်တင်ထားတဲ့ မစန်းစန်းရီတို့ သားအမိနှစ်ယောက်အလောင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရပါသေးတယ်။
“ အဘ……ထုံးစံအတိုင်း သုံးရက်မထားတာ ဘာဖြစ်လို့လဲ ”
“ စန်းစန်းရီတို့က အစိမ်းသေ သေထားကြလို့ကွ။ ရွာထဲလည်း သွင်းလို့မရဘူးလေ ”
“ သြော်…..”
ခဏအကြာမှာတော့ အလောင်းတွေကို မီးသင်္ဂြီုဟ်ကြပါပြီ။ မီးသင်္ဂြီုဟ်တာကို မကြည့်ချင်တော့တာနဲ့ ကားရှိရာကိုသွားပြီး စက်နှိုးပြီးမောင်းထွက်ပေမယ့် ကားက တစ်လက်မတောင်မရွေ့ပါ။ မစန်းစန်းရီတို့သားအမိကို မီးသင်္ဂြီုဟ်တဲ့နေရာနဲ့ ကားရှိနေတဲ့နေရာက ပေနှစ်ရာကျော်လောက်ပဲ ဝေးပါတယ်။ ကျွန်တော် အတော် စိတ်ညစ်နေပါပြီ။ အိပ်လည်း အိပ်ချင်နေပါပြီ။
“ ကဲ…..မစန်းစန်းရီရေ၊ ကျွန်တော်နဲ့ဘာမှမဆိုင်တာကို မနှောက်ယှက်ပါနဲ့ဗျာ ”
ကျွန်တော်ပြောဆိုလိုက်ပြီးတဲ့အချိန်မှာပဲ ကားကလှုပ်လာပါတယ်။ ကျွန်တော်လည်း စိတ်ထဲအချဉ်ပေါက်လာတာနဲ့ ကားပေါ်ကဆင်းပြီးဆဲဆိုလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ မစန်းစန်းရီတို့သားအမိကို သင်္ဂြိုဟ်နေတဲ့နေရာကနေ အမျိုးသမီးကြီးတစ်ယောက် အူယားဖားယားပြေးလာနေတာ တွေ့လိုက်ရပါတော့တယ်။ ကျွန်တော့်ဆီဦးတည်ပြေးလာနေတဲ့သူက အခြားသူမဟုတ်ပါဘူး။ ဦးဖေတင်ရဲ့ဇနီး ဒေါ်သန်းညွန့်ပါ။
“ နင်က ငါ့ကိုဆဲရအောင် ဘာကောင်မို့လဲ ”
“ ဟာ…… ”
ကျွန်တော့်အနားကိုရောက်လာတဲ့အချိန်မှာ ရုတ်တရက်ဆိုသလို ကျွန်တော့်ရင်ဘတ်ကိုဆောင့်တွန်းပြီး မျက်ထောက်နီနဲ့ကြည့်ကာ ပြောဆိုပါတယ်။
“ ကြီးတော်…..ကြီးတော်နဲ့ ဘာဆိုင်လို့ ကျွန်တော့်ကို လုပ်ရတာလဲ ”
“ ငါ စန်းစန်းရီဟဲ့။ ငါ့ဗိုက်ထဲက ကလေး ဘယ်မှာလဲ။ ငါ့သားလေး ဘယ်မှာလဲ ”
ဒေါ်သန်းညွန့်ကိုယ်ထဲမှာ ပူးဝင်နေတဲ့သူက မစန်းစန်းရီဆိုတာ သိလိုက်ပါပြီ။
“ ခင်ဗျားရဲ့ဗိုက်ထဲက ကလေးက ရင်ခွဲရုံမှာ ကျန်ခဲ့ပြီလေ။ ခင်ဗျားရဲ့သားက ခင်ဗျားနဲ့အတူ မီးသင်္ဂြိူဟ်နေတယ်လေ။ ကျွန်တော်နဲ့ ဘာဆိုင်လို့တုန်း ”
“ နင် မညာနဲ့။ ငါ့ကလေး အခုပြန်ပေးပါ ”
“ မယုံရင်လည်း ခင်ဗျားပြန်လိုက်ခဲ့။ ခင်ဗျားကို ရေခဲတိုက်ပြန်ပို့ပေးမယ် ”
“ ငါ့ကို ညာပြောရင် နင့်ကိုသတ်မယ်။ ငါလိုက်ခဲ့မယ် ”
“ လိုက်ခဲ့ဗျာ ”
ဒေါ်သန်းညွန့်က ကျွန်တော့်ကို မျက်ထောက်နီနဲ့ကြည့်ပြီး ဒေါသထွက်နေပါတယ်။ အဲဒီအချိန်မှာ ဦဖေတင်နဲ့ အမျိုးသားတစ်ဦးတို့ ကျွန်တော် တို့အနားကို ရောက်လာပါတယ်။
“ ဘာဖြစ်နေကြတာလဲ ”
“ အဘရဲ့မိန်းမကို မစန်းစန်းရီဝင်ပူးပြီး ကျွန်တော့်ကို ပြဿနာလုပ်နေလို့ ”
“ စန်းစန်းရီ…..။ မနက်ဖြန် နင်တို့သားအမိအတွက် သပိတ်သွတ်အမျှဝေပေးမယ်။ သူနဲ့ဘာမှမဆိုင်ဘူး။ ဒုက္ခမပေးနဲ့တော့ ”
“ မရဘူး….ကျွန်မသားနဲ့ ဗိုက်ထဲကကလေးကို သူတို့ခေါ်ထားတယ် ”
“ မဟုတ်ဘူး စန်းစန်းရီ။ နင်တို့သားအမိကို မီးသင်္ဂြိုလ်နေပြီ ”
“ ငါ့သားနဲ့ ကလေးရှိတဲ့နေရာကို ပြန်လိုက်ပို့ ”
“ လိုက်ခဲ့ဗျာ။ ကျုပ်လိုက်ပို့ပေးမယ်။ ခင်ဗျားပါ ရေခဲတိုက်မှာ နေခဲ့တော့ ”
“ မင်း ဘာတွေလျှောက်လုပ်နေတာလဲ ကောင်လေး ”
“ သူကလေးက ရေခဲတိုက်မှာ ကျန်ခဲ့တယ် အဘ။ ကလေးက လက်သီးဆုပ်စာလောက်ပဲရှိတာ။ ကျွန်တော် အဲဒီလိုမှ မပြောရင် ကားထွက်လို့ရမှာမဟုတ်ဘူး။ ခင်ဗျား ကျုပ်နဲ့ ပြန်လိုက်ခဲ့ ”
“ အခု မလိုက်နိုင်သေးဘူး။ ငါ့ယောက်ျားပြန်လာတဲ့အထိစောင့်မယ် ”
“ ခင်ဗျားရဲ့ယောက်ျားပြန်လာတဲ့အထိ ကျွန်တော်မစောင့်နိုင်ဘူး။ ခင်ဗျား အခုလိုက်ခဲ့တော့ ”
“ မလိုက်နိုင်သေးဘူး ”
“ ဒါဆို ကျွန်တော့်ကို မနှေက်ယှက်နဲ့တော့။ ကျွန်တော် ပြန်မှဖြစ်မယ် ”
“ နင် လုံးဝမသွားရဘူး။ ငါ့ယောက်ျားနဲ့တွေ့ပြီးမှ နင်နဲ့လိုက်ခဲ့မယ် ”
“ အဘ…သူ့ယောက်ျားက ဘယ်တော့လာမှာလဲ ”
“ ညနေရောက်လိမ့်မယ်ထင်တယ်။ ငါတို့လည်း ဒီမနက်မှ သူ့ကိုအကြောင်းကြားရတာ ”
“ ရတယ်လေ….ညနေအထိ စောင့်ပေးမယ် ”
မတတ်သာတော့တဲ့အဆုံး ပြောလိုက်ရပေမယ့် ကျွန်တော် တော်တော် စိတ်ဆိုးနေပါပြီ။
“ ဟင်း………. ”
“ မသန်းညွန့်……မသန်းညွန့် ”
သတိပြန်လည်လာတဲ့ ဒေါ်သန်းညွန့်ကို ကျွန်တော် မကျေမနပ်နဲ့ကြည့်နေတာ ဦးဖေတင် မြင်တွေ့သွားပါတယ်။
“ မသန်းညွန့်က လိပ်ပြာလှတယ်ကွ။ နတ်ဝင်တဲ့အလုပ်လည်းလုပ်တယ်။ စန်းစန်းရီရဲ့အစ်မ အေးအေးသင်းလည်း အတူတူပဲ။ ငါကတော့ နာနာဘာဝတွေကို တစ်ခါတစ်လေ မြင်ရတယ် ”
“ ဟုတ်ကဲ့…… ”
“ မင်းကားအတွက် စိတ်ချကွာ။ ငါတို့အိမ်မှာ ခဏနေလိုက်ပေါ့။ ကားကို တစ်ယောက်ယောက် စောင့်ခိုင်းပေးမယ် ”
“ ကျွန်တော် မောင်းကြည့်လိုက်ဦးမယ် ”
ကျွန်တော်မကျေမနပ်ဖြစ်နေတာကို ဦးဖေတင်နဲ့ ဒေါ်သန်ညွန့်တို့ သိကြပါတယ်။ ကျွန်တော်ကားပေါ်တက် စက်နှိုးပြီးလီဗာအကုန်နင်းပေမယ့် ကားက တစ်ချက်လေးတေင် မရွေ့ပါ။ မတတ်သာတဲ့အဆုံး ကားစက်ကိုသတ်ပြီး မှန်တွေတင်လိုက်ရပါတော့တယ်။
“ မရဘူးမဟုတ်လား ကောင်လေး။ ငါ့အိမ်ကိုပဲ လိုက်ခဲ့တော့ ”
“ အခုမှတော့ အဘအိမ်ကိုပဲ လိုက်ရတော့မှာပေါ့ဗျာ။ ကျွန်တော့်ကားကို တစ်ယောက်ယောက်လောက် စောင့်ခိုင်းပေးပါ ”
“ စိတ်ချ။ ငါစီစဉ်ပေးပါ့မယ် ”
***************
ညကိုးနာရီအထိ မစန်းစန်းရီရဲ့ ခင်ပွန်းမရောက်လာသေးတာကြောင့် ကျွန်တော် အတော် စိတ်ပျက်လာမိတယ်။ အိမ်ကိုဖုန်းဆက်အကြောင်းကြားဖို့ကလည်း ရွာမှာဖုန်းမရှိပါ။ ဖုန်းဆက်ဖို့ဆိုရင် ဇီးကုန်းမြို့ကို ပြန်သွားရပါ့မယ်။ အချိန်ကလည်း အတော်လင့်လာပါပြီ။
“ ဒီမှာပဲ အိပ်လိုက်တော့ ကောင်လေး။ အိမ်ရှေ့ခန်းမှာ အိပ်ရာပြင်ပေးမယ် ”
“ ပြန်လို့မှမဖြစ်တော့တာ အဘရာ။ ဒီမှာပဲ အိပ်ရတော့မှပေါ့ ”
“ အားနာစရာမလိုဘူးကွ။ ငါတို့အိမ်မှာ တို့လင်မယားနှစ်ယောက်ပဲရှိတယ်။ မသန်းညွန့်က စန်းစန်းရီတို့အိမ်ကို သွားမှာ ”
“ ဟုတ်ကဲ့ အဘ ”
ဒေါ်သန်းညွန့်က ကျွန်တော့်အတွက်အိပ်ရာပြင်ဆင်ပေးပြီး မစန်းစန်းရီတို့ အသုဘအိမ်ကို ထွက်သွားပါပြီ။ ကျွန်တော်နဲ့ ဦးဖေတင်တို့စကားပြောဆိုနေရင်း ညဆယ်နာရီလောက်မှာမှ ဦးဖေတင်လည်း ကျွန်တော့်ကားကို အစောင့်ထားဖို့ သတိရသွားပါတယ်။
“ မေ့နေလိုက်တာကွာ။ မင်းရဲ့ကားကိုစောင့်ဖို့ စီစဉ်လိုက်ဦးမယ်။ နေရဲတယ် မဟုတ်လား ”
မနေခဲ့လို့လည်း မဖြစ်ပါ။ ကျွန်တော့်ကားကို လူစောင့်ထားဖို့လိုပါတယ်။
“ ရပါတယ် အဘ ”
“ ငါ အခုပြန်လာခဲ့မယ် ”
“ ဟုတ်ကဲ့ခင်ဗျ ”
ဦးဖေတင် ဓာတ်မီးတစ်လက်နဲ့ အိမ်ကနေ ထွက်သွားတဲ့အချိန် တစ် အိမ်လုံးမှာ ကျွန်တော်တစ်ယောက်တည်းဆိုအသိစိတ်ကြောင့် ကျောချမ်းလာခဲ့မိတယ်။
“ ဘွဲ…….ဘွဲ……. ”
“ ဘွဲ………… ”
အိမ်အောက်က နွားတွေ ရုတ်တရက်ထအော်လိုက်သံကြောင့် ကျွန်တော့်နားထင်မွေးတွေ ထောင်ထသွားပါတယ်။ အဲဒီအချိန်မှာပဲအိမ်ပေါ်ကိုတက်လာနေတဲ့ ခြေသံကိုကြားလိုက်ရလို့ ဦးဖေတင်ပြန်လာပြီဆိုတဲ့အတွေးကြောင့် စိတ်သက်သာရာတော့ ရခဲ့မိတယ်။ သို့ပေမယ့် ကျွန်တော်ထင်ထားသလို ဦးဖေတင် မဟုတ်ပါ။ ခြေသံသာကြားရပြီး လူတစ်ယောက်တစ်လေတောင် မမြင်ရပါ။ ခြေသံက ကျွန်တော့်နားအထိ တရှပ်ရှပ်နဲ့ ရောက်လာပါပြီ။ ကျွန်တော် ဆက်မနေချင်တော့တာနဲ့ အိမ်ပေါ်ကနေဆင်းပြီး ခြံရှေ့မှာ ထွက်ရပ်နေလိုက်ပါတယ်။ ခြံထဲက နွားတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို သတိထားလိုက်မိလို့ ခြံထဲကို ကြည့်လိုက်တဲ့အခါ နွားတွေနားမှာ ရပ်နေတဲ့အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ်။ အဲဒီအမျိုးသမီးက မစန်းစန်းရီဆိုတာ အထူးပြောစရာမလိုတော့ပါ။
ကျေးရွာထုံးစံအတိုင်း ညရှစ်နာရီကျော်တာနဲ့ မီးခွက်မှုတ်ပြီး အိပ်ကုန်ကြပါပြီ။ အဲဒီအချိန်မှာပဲ ဓာတ်မီးရောင် မြင်တွေ့လိုက်ရလို့အားတက်သွားပါတယ်။ ဓာတ်မီးတဝင်းဝင်းနဲ့ ကျွန်တော့်ဘက်ကို လျှောက်လာနေတာ ဦးဖေတင်ဆိုတာ သေချာသွားပါပြီ။
“ ကောင်လေး…..အိမ်ပေါ်မှာ မနေရဲလို့လား ”
“ ဟုတ်တယ် အဘ ”
“ လာ…လာ…. ။ အိမ်ပေါ်တက်ကြမယ် ”
အရှေ့ကနေ ဦးဆောင်ပြီး အိမ်ပေါ်တက်သွားတဲ့ ဦးဖေတင်နောက်ကနေလိုက်သွားရင်း ခုနက နွားတွေနေရာကိုကြည့်လိုက်တော့ အဲဒီနေရာမှာ ဘာမှမရှိတော့ပါ။ နွားတွေလည်း ငြိမ်သက်ပြီး အမြီးတဖျပ်ဖျပ်ခပ်သံပဲကြားရပါတော့တယ်။
“ စန်းစန်းရီနဲ့တော့ ခက်တာပဲ ”
“ ဘာဖြစ်လို့လဲ အဘ ”
အိမ်ပေါ်ရောက်ရောက်ခြင်း ပြောလိုက်တဲ့ ဦးဖေတင်ရဲ့စကားကြောင့် ကျွန်တော် စိတ်ဝင်စားသွားမိတယ်။
“ မင်းရဲ့ကားထဲမှာ ငုတ်တုပ်ထိုင်နေလို့ ဘယ်သူမှ မစောင့်ရဲကြဘူး။ ကားကို စိတ်ချကွာ။ ဘယ်သူမှ မခိုးပါဘူး။ အနားတောင် မကပ်ရဲကြဘူး ”
“ ဗျာ….၊ခုနကတင် နွားတွေထအော်ပြီး အိမ်ပေါ်တက်လာတဲ့ ခြေသံကြားလို့ အဘပြန်လာတယ်ထင်ပြီး တံခါးပေါက်ဝကို ကြည့်လိုက်တာ ဘယ်သူမှ မရှိဘူး။ ခြေသံက ကျွန်တော့်အနားထိရောက်လာလို့ အိမ်အောက်ကိုဆင်းပြီး ခြံဝကနေ အဘကို စောင့်နေတဲ့အချိန်မှာနွားတွေရုန်းနေကြတယ်။ ဘာဖြစ်တာလဲဆိုပြီး ကြည့်လိုက်တော့ နွားတွေနားမှာ ရပ်နေတဲ့ မစန်းစန်းရီကို တွေ့လိုက်တယ် အဘ ”
“ အင်း….သူ့ကလေးမပါလာလို့ မင်းကို မကျေမနပ်ဖြစ်နေတယ်နဲ့တူတယ် ”
“ ကျွန်တော်နဲ့ မဆိုင်ဘူးလေ အဘ။ ကလေးထည့်မပေးလိုက်တာက ရင်ခွဲရုံကလေ ”
“ မင်းနဲ့မဆိုင်မှန်း ငါသိပါတယ်။ သူကတော့ ကလေးမပါလာတာ မင်းကြောင့်လို့ထင်မှာပေါ့ ”
“ ဟာဗျာ….. ”
“ မနက်ဖြန် သူ့ယောက်ျားပြန်လာရင် သူ့ကိုပြန်ခေါ်သွားလိုက်ကွာ ”
“ ခေါ်သွားမှာအဘ။ သူ့ကို ရေခဲတိုက် ပြန်ပို့လိုက်မယ် ”
“ ကောင်းတယ် ကောင်လေး။ ဒါမှ သူ့အခြေအနေကို သိသွားမှာ။ သူ့ကိုယ်သူ သေတယ်ဆိုတာ သိပုံမရသေးဘူး။ အစိမ်းသေဆိုတာမျိုးကသူတို့ကိုယ်သူတို့ သေတယ်ဆိုတာ မသိကြတာများတယ် ”
“ သူ့ယောက်ျားပြန်လာတာနဲ့ ကျွန်တော်ပြန်ချင်တယ်။ ကျွန်တော့်အမေလည်း စိတ်ပူနေလောက်ပြီ ”
“ ငါ စီစဉ်ပေးပါ့မယ်။ ဒီနေ့ညတော့ အိပ်တော့ကောင်လေး။ မကြောက်နဲ့၊ ငါလည်း အိမ်ရှေ့ခန်းမှာ ထွက်အိပ်ပေးမယ်။ စန်းစန်းရီ ငါ့အိမ်မှာ မရှိတော့ဘူး ”
“ ဟုတ်ကဲ့ အဘ ”
**************
မနက်ခြောက်နာရီမှာတော့ မစန်းစန်းရီရဲ့အမျိုးသား ကိုခင်စိုး ရောက်လာပါတယ်။ မစန်းစန်းရီရဲ့ အသုဘအိမ်ကို ကျွန်တော်နဲ့ဦးဖေတင်တို့ သွားတွေ့ကြပါတယ်။ ကိုခင်စိုးကို အကျိုးအကြောင်းပြောပြတော့ ကိုခင်စိုးက လက်ခံပါတယ်။ သူကိုယ်တိုင် ရန်ကုန်ပြန်လိုက်ပြီး မစန်းစန်းရီကို ရွာပြန်ခေါ်မယ်လို့ ပြောရှာပါတယ်။ ကျွန်တော်တော့ ပြန်လိုက်မပို့နိုင်တော့ကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ်သာ ဇီးကုန်းကို ပြန်လာဖို့ ပြောလိုက်ပါတယ်။ ကိုခင်စိုးကလည်း သဘောတူပါတယ်။ မနက်စာ စားသောက်ကြပြီး ဆယ့်တစ်နာရီလောက်မှာ ကျွန်တ်ာနဲ့အတူ ဦးဖေတင် ကိုခင်စိုးတို့ ကားဆီလာကြပါတယ်။
“ စန်းစန်းရီ…..။ သူတို့နဲ့လိုက်သွားပြီး နင့်သားတွေကို သွားရှာပေတော့။ နင့်ယောက်ျားနဲ့ ပြန်လိုက်လာပြီး အမျှဝေတဲ့အခါ သာဓုခေါ် ”
ကျွန်တော် ကားေ့းတက်လိုက်တဲ့အချိန်မှာပဲ ကားက ငြိမ့်ကနဲဖြစ်သွားပါတယ်။ မစန်းစန်းရီ ကျွန်တော့်ကားပေါ်မှာ ရောက်နေပြီဆိုတာ သိလိုက်ပါပြီ။ စက်နှိုးပြီး မောင်းကြည့်လိုက်တော့ ကားလိမ့်သွားပါပြီ။
“ အဆင်ပြေသွားပြီလား ကောင်လေး ”
“ ဟုတ်ကဲ့ အဘ ”
“ ကားပေါ်က ခဏဆင်းဦး။ မင်းကို ပြစရာရှိတယ် ”
“ ဟုတ်ကဲ့ အဘ ”
ဦးဖေတင်ပြောသလို ကျွန်တော်ကားပေါ်ကဆင်းလိုက်ပါတယ်။
“ ဒီမှာကြည့် ”
ဦးဖေတင်ပြတဲ့ ကားနောက်ဖုံးမှန်ကို ကြည့်လိုက်တော့ လက်ရာ နှစ်ခုကို မြင်လိုက်ရပါတယ်။ လက်ရာတွေက ကားထဲကနေ မှန်ကိုကိုင်တွယ် ထားတဲ့ လက်ရာတွေပါ။
“ သူတစ်ယောက်တည်း ပါလာပုံရတယ်။ သူ့သားနဲ့ သူ့ကလေး ပါမလာလို့ထင်တယ်။ စန်းစန်းရီ မင်းရဲ့ကားပေါ် ရောက်နေပြီ။ ကဲ….သွားကြတော့ ”
“ ဟုတ်ကဲ့ အဘ ”
ကျွန်တော်လည်း ကားပေါ်တက်ပြီး ကိုခင်စိုးနဲ့အတူ မောင်းထွက်ခဲ့ပါတော့တယ်။ ရန်ကုန်ကို ရောက်တဲ့အခါ ကိုခင်စိုးကို ရေခဲတိုက်ကို ခေါ်သွားပြီး ကိုအောင်ကြည်နဲ့ ပေးတွေ့လိုက်ပါတယ်။ ကိုအောင်ကြည်ကိုလည်း အကျိုးအကြောင်းပြောပြလိုက်ပါတယ်။
“ ကလေးအလောင်းကို ထည့်ပေးလိုက်ဖို့ မေ့သွားတယ်ကွ။ အမှန်က သူ့အထဲကိုပြန်ထည့်ပေးလိုက်ရမှာ ”
“ လုပ်ပေါ့ အစ်ကိုရာ။ အခု ဘယ်လို လုပ်ကြမလဲ ”
“ ဘာမှ လုပ်စရာမလိုပါဘူးကွာ။ နာမည်ဘယ်သူ…… ”
“ ခင်စိုးပါ ”
“ ခင်ဗျားနာမည်ကိုပြောတာ မဟုတ်ဘူး။ ခင်ဗျားရဲ့မိန်းမနာမည် ”
“ စန်းစန်းရီပါ ”
“ ခင်ဗျားရဲ့ သားနာမည်ကရော ”
“ အောင်စန်းမော်ပါ ”
“ နေတာက ဘယ်မှာလဲ ”
“ ဇီးကုန်း….( XXX ) ရွာမှာပါ ”
“ ကဲ……ဇီးကုန်း ( XXX ) ရွာက မစန်းစန်းမြင့်နဲ့ မောင်အောင်စန်းမော်ရေ…။ မင်းတို့သားအမိတွေ အမြန်ပြန်တွေ့ကြတော့။ ရပြီ ”
“ ဟမ်……ဘယ်လိုတုန်း အစ်ကို။ အဲလိုပြောလိုက်တာနဲ့ ရရောလား ”
“ ဒါတော့ ငါလည်းမပြောတတ်ဘူးလေ။ အနရောဂါကြောင့် သေတာမဟုတ်ဘဲ ကားတိုက်ခံရပြီး သေတာ၊ ရေနစ်ပြီးသေတာ၊ လူသတ်ခံရလို့သေ တာက အစိမ်းသေကွ။ ရုတ်တရက်သေသွားတဲ့အခါ သူတို့ကိုယ်သူတို့ သေတယ်ဆိုတာ မသိဘူးလေ။ ကားတိုက်ခံရတဲ့အချိန်မှာ ကလေးက အဲဒီနေရာမှာပဲ ရှိချင်ရှိနေမှာပေါ့ ”
“ ဗိုက်ထဲက ကလေးကိုလည်း ပြန်တောင်းနေတယ် ”
“ အဲဒါတော့ ဘယ်လိုမှ လုပ်ပေးလို့မရဘူးလေ။ ရှိမှ မရှိတော့တာ။ ဒီလိုလုပ်ကြ၊ သူတို့သားအမိနှစ်ယောက် ကားတိုက်ခံရတဲ့နေရာမှာ နာမည်ခေါ်ကြည့်ကြ ”
“ ညီလေး…အစ်ကို့ကို အဲဒီနေရာ လိုက်ပို့ပေးပါလား ”
“ ဘယ်နေရာဆိုတာ ကျွန်တော်မှ မသိတာ။ ကျွန်တော်လည်း ဆက်ပြီးမကူညီနိုင်တော့ဘူး အစ်ကို။ ရန်ကုန်က မစန်းစန်းရီအမျိုးတွေကို မေးကြည့်ပြီး အစ်ကို့ဟာအစ်ကိုသာ ဆက်လုပ်ပေတော့ ”
ကျွန်တော် အတတ်နိုင်ဆုံး အကူအညီပေးခဲ့ပြီးပါပြီ။ ထပ်မကူညီနိုင်တော့ပါ။
“ ကောင်းပါပြီ ညီလေး ”
“ ခင်ဗျား အဲဒီလိုမှ လုပ်လို့မရရင် နောက်တစ်နည်းရှိတယ် ”
“ ဟုတ်ကဲ့ ပြောပါခင်ဗျ ”
“ ကားတိုက်တဲ့နေရာမှာ ဆိုင်ရာပိုင်ရာ အစောင့်တွေရှိတတ်တယ်။ ဥပမာ လမ်းစောင့်နတ်ပေါ့ဗျာ။ ပွဲထိုးပြီး အကူအညီတောင်းကြည့်ပေါ့။ အဲဒီလိုလုပ်လို့ရတာတော့ သိတယ်။ ရေနစ်တဲ့သူအလောင်းကို ရှာရင်လည်း အဲဒီနည်းသုံးတတ်ကြတယ်လေ ”
“ ဟုတ်ကဲ့…..လုပ်ကြည့်ပါ့မယ်။ ညီလေးကို ကျေးဇူးတင်ပါတယ် ”
“ ရပါတယ် အစ်ကို။ ကျွန်တော်လည်း အလုပ်တွေရှိလို့ ဆက်ပြီး မကူညီနိုင်တာပါ ”
“ ရပါတယ်ညီလေး ”
အဲဒီနေ့က ကိုခင်စိုးကို ဆေးရုံကြီးမှာထားခဲ့ပြီး အိမ်ပြန်ခဲ့ပါတယ်။ အိမ်ကိုရောက်တော့ ကားရေဆေးပြီး အိမ်ရှေ့မှာပဲ ထားလိုက်ပါတယ်။ မေမေ့ကိုလည်း အကျိုးအကြောင်း ပြောပြလိုက်ပါတယ်။ မေမေက ကားကို ပရိတ်ရေဖြန်းပြီး မစန်းစန်းရီကို နာမည်ခေါ်ပြီးမေတ္တာပို့ပါတယ်။ အဲဒီနေ့ကစပြီး ကျွန်တော့်ကားပေါ်မှာ မစန်းစန်းရီ ရှိမနေတော့ပါ။ သားအမိချင်း ပြန်ဆုံတွေ့သွားကြပြီ ထင်ပါတယ်။ ဒါမှမဟုတ်အခြားဘဝကို ကူးပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ထိုအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကြောင့် တစ်သက်လုံးမေ့မရနိုင်တော့ပါ။ ယာဉ်တိုက်မှုဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြတဲ့ သူတွေလည်း အစိမ်းသေဘဝနဲ့ မစန်းစန်းရီတို့လို့ ဖြစ်ပျက်နေကြမှာ မလွဲမသွေပါ။ ဥပစ္ဆေဒကကံကြောင့် သေဆုံးရခြင်းမှ ကင်းဝေကြပါစေ။
ချစ်ခင်လေးစားလျက်
လွင်ဦးဟန်
Leave a Reply