အောက်လမ်းဦးသံချောင်း

သွားသည်ကို မောင်၀င်း တစ်ယောက် ရေချိုးရင်းမှ လှမ်းမြင်‌ေနရ၏။

“ဟာ … သန်းမြ … ဖိုးသား ချော်လဲသွားပြီ … လာထူပါအုံး ဟ”

“လာပါပြီတော် …”

သန်းမြလည်း မောင်၀င်း အသံကြောင့် ချက်ပြုတ်နေ‌ရာမှ အပြေးတပိုင်းဖြင့် ထွက်လာလေတော့၏။ ဖိုးသားလေးမှာတော့ လဲကျသွားရာ မှ ချက်ချင်းမထနိုင်ပေ။ မသန်းမြလည်း ကလေး အား လဲကျနေရာမှ ထူလိုက်သော်လည်း ကလေးမှာ ပျော့ခွေသတိလစ်လို့နေလေ၏။

“အမလေး … ကိုမောင်၀င်းရေ … လာပါအုံး … တော့်သား … ခေါ်မရတော့ဘူး ”

“ဟေ ….”

အမှန်ပင် ဖိုးသားလေးမှာ လဲကျသွားရာမှ သတိလစ်သွားခဲ့လေတော့သည်။ ဆော့နေရင်းမှ ရုတ်တရက်ပစ်လဲကာ သတိလစ်သွားသော သားတော်မောင်ကြောင့် မိဘ နှစ်ပါးစလုံး ပျာယာခတ်သွားလေတော့၏။

လင်မယားနှစ်‌ယောက် ရုတ်ရုတ်သဲသဲဖြစ်သွားဖြစ်သွားသည့် အသံကြောင့် အိမ်နီးနားချင်းများပါ ချက်ချင်းဆိုသလို ရောက်လာကြတော့သည်။

“ဟဲ့ … ဟဲ့ … မောင်၀င်း … ကလေးက ဘယ်လိုဖြစ်ရတာတုန်း ”

“မသိဘူး … အရီးစိန် … ဆော့နေရင်းက ခေါက်ကနဲ လဲပြီး သတိလစ်သွားတာ … အခုခေါ်လို့မရတော့ဘူး ”

“နင်တို့နဲ့လည်းအေ … ကလေးကို ဂရုမစိုက်ကြဘူး … ကလေးက ပြေးရင်းလွှားရင်း လဲသလား ”

“မဟုတ်ဘူး … အရီးစိန် … ကျုပ်ရေချိုးရင်းကြည့်နေတာ … ဒီတိုင်း အနောက်က တစ်ယောက်ယောက် ပစ်တွန်းလိုက်သလို လဲသွားတာပဲ ”

“ဘုရား … ဘုရား … ဒါဆို ညည်းတို့သား … သွေးရိုးသားရိုး တော့မဟုတ်ဘူး … ကလေးကို အိမ်ထဲ ‌ထည့်ကြပါအုံး … အပြင်မှာ နေကလဲ ပူပါဘိသနဲ့ ”

အရီးစိန်၏ အပြောကြောင့် မောင်၀င်းလည်း ဖိုးသားအား ပွေ့ချီကာ အိမ်ထဲရှိ ကုတင်ပေါ်၌ တင်ထားလေ၏။ မသန်းမြ နှင့် အခြားသော မိန်းမကြီး တစ်ယောက်မှာတော့ ဆရာ၀န် ပြေးပင့်နေကြသည်။

အိမ်ထဲတွင်တော့ သတိလစ်နေသော ဖိုးသားလေး နှင့်အတူ မောင်၀င်း အရီးစိန်သာ ကျန်ခဲ့လေ၏။

“မောင်၀င်း … ငါ့ကိုပြောစမ်း … ဖိုးသား ဘယ်နေရာတွေသွားသေးလဲ … ”

“ဘယ်မှမသွားဘူး အရီးစိန် … တမနက်လုံး ကျုပ်နဲ့ ရှိနေတာ … ”

“ဒါဆို … မနက်က နင်တို့ ဆီဘယ်သူလာသေးလဲ”

အရီးစိန်၏ အမေးကြောင့် ကိုမောင်၀င်းလည်း အတန်ကြာအောင် စဉ်းစားလိုက်ကာ

“မနက်က … ကိုသံချောင်းတော့ … ဆေးလိပ်လာတောင်းတယ် ”

“နင်ပေးလိုက်သလား … မောင်၀င်း ”

“မပေးလိုက်ဘူးဗျ … ကျုပ်မှာလည်း ဆေးလိပ်မရှိလို့ … ဒါကိုသူက မကျေမနပ်တဲ့ ပုံနဲ့ ထွက်သွားတယ် ”

“တော်တော်မိုက်ပါ့လား … မောင်၀င်းရယ် … သံချောင်း အကြောင်းလည်း နင်တို့ မသိတာ မဟုတ်ဘူး … သူကမကြည်ရင် မကြည်သလို ဖယောင်းတိုင်ထွန်းပြီး တိုက်တာ … နင်တို့ အသိပဲ… ကဲကဲ … ကလေး ငါကြည့်ထားမယ် …စံမောင် ဆီသွား အကျိုး အကြောင်းပြောပြီး …. သံချောင်းဆီသွားချေ ”

“ဟုတ် … ဟုတ် … အရီးစိန် ”

မောင်၀င်းလည်း ထိုသို့ပြောပြီး ကိုစံမောင့်ဆီထွက်လာခဲ့လိုက်တော့သည်။ စံမောင်ထံရောက်တော့ အကျိုးအကြောင်း ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်လေ၏။

ဦးသံချောင်းကား စံမောင် တို့၏ ခြံထဲတွင် ဌားနေသော လူတစ်ယောက်ဖြစ်လေ၏။ ထို့ကြောင့်လည်း ၎င်းနှင့် ပတ်သက်သမျှ ကိစ္စများကို စံမောင်က အိမ်ရှင်ပီပီ လိုက်ဖြေရှင်း ပေးရသည်မှာလည်း မနည်းတော့ပေ။

စံမောင်မှာ အသက် နှစ်ဆယ်ကျော် နှစ်ဆန့်ငါး၀န်းကျင်လောက်ရှိပြီး အသားမဖြူမညို ရှိလေ၏။ လူမှာလည်း ခပ်ပိန်ပိန် ခပ်သေးသေး နှင့်အတူ ကျိုးတိုးကျဲတဲ ပေါက်နေသော ၎င်း၏ နှုတ်ခမ်းမွေး က လူနှင့် လိုက်ဖက်လှသည်။

“ကိုသံချောင်း … ဗျို့ ကိုသံချောင်း ”

ဦးသံချောင်းမှာတော့ အသက်အရွယ်အားဖြင့် စံမောင်ထက် ကြီးလေ၏။ ထို့ကြောင့်လည်း စံမောင်က လေးစားသမှုဖြင့် ကိုသံချောင်းဟုခေါ်လေ၏။

“ဟေ့ … ဘယ်သူလဲ ”

“ကျုပ် … စံမောင်ပါ ”

“စံမောင် … ဘာကိစ္စရှိလို့လဲ ”

“ခင်များ … ဖယောင်းတိုင် ထွန်းထားလို့ မောင်၀င်းသား သတိလစ်နေပြီ …အဲ့ဒါကြောင့်လာတာ ”

“ငါမထွန်းဘူး … မင်းတို့ပြန်ကြတော့”

ဦးသံချောင်းက ၎င်း၏ အိမ်ခန်းထဲမှ နေ၍ မထွန်းဘူးဟု ငြင်းကာ စံမောင်တို့အား ပြန်လွှတ်လေ၏။ ထိုအခါ စံမောင်ကလည်း

“ဟေ့လူ … ကျုပ်အေးဆေး ပြောနေတယ်နော် … ကျုပ်တို့ တံခါးဖျက်ပြီး ၀င်လာရမလား … ခင်များ ဖယောင်းတိုင် မှုတ်ပေးမလား … အေ အထဲရောက်လာမှတော့ စံမောင့် အဆိုးမဆိုနဲ့နော် … ကို‌သံချောင်း ”

စံမောင်လည်း စိတ်မရှည်တော့ဘဲ အပြင်မှ နေ၍ လှမ်းကြိမ်းလိုက်လေတော့သည်။ ထိုအခါမှာတော့ အိမ်ထဲက အသံလည်း အတန်ကြာအောင်တိတ်ဆိတ်သွားလေတော့၏။

“ဘာလို့ … အဲ့လိုလုပ်ရတာလဲ … ကိုသံချောင်း … ကျုပ်နှစ်ခါ မပြောဘူးနော် … ဖယောင်းတိုင် ချက်ချင်းမှုတ်လိုက် ”

“ငါ မကျေနပ်လို့လုပ်တာ … မောင်၀င်းက လိပ်ပြာ အားကောင်းနေတော့ … သူ့သားကို ထိတာပဲ”

ဦးသံချောင်း ထိုသို့ပြန်ပြောလေ၏။

“ဘာကို မကျေနပ်တာလဲ … သူတို့က ခင်များကို ဘာလုပ်နေလို့လဲ ”

“ငါဆေးလိပ်တောင်းတာကို မပေးလို့ လုပ်တာကွာ ”

“ခင်များနှယ့် …တံခါးလာဖွင့် ”

“မဖွင့်ဘူး ….”

ဦးသံချောင်းကား ခေါင်းမာလှပေသည်။ ထိုအခါမှာ‌ေတာ့၎င်း ထက်ပိုကာ စိတ်ဆတ်လှသော ကိုစံမောင်က တံခါးကို ကန်ချိုးကာ အထဲသို့၀င်လိုက်လေတော့၏။ အမှန်ပင် ဦးသံချောင်းမှာ အရိုးခေါင်းပေါ် ဖယောင်းတိုင်ထွန်းထားလေ၏။

ဖယောင်းတိုင်မှာ အတော်ပင်အရည်ပျော်ကျကာ လက်နှစ်လုံးခန့်သာ ကျန်တော့၏။ ထိုဖယောင်းတိုင်ကုန်သွားပါက ကိုမောင်၀င်းသားမှာ မြေကြီးလက်ခတ် မလွဲ သေပေတော့မည်။

“ဖယောင်းတိုင်မီးကိုညှိမ်းလိုက်နော် … ကိုသံချောင်း … နောက်တခါဆိုရင်တော့ … ကျုပ်က ပါးစပ်နဲ့ပြောမှာမဟုတ်ဘူး … ”

ကိုစံမောင်လည်း ထိုသို့ပြောလိုက်တော့မှ မိမိဘက်က အရေးမသာတော့မှန်းသိကာ ဦးသံချောင်း တစ်ယောက် ၎င်း၏ ဖယောင်းတိုင်မီးငြိမ်းပေးလိုက်ရလေ၏။ ထူးဆန်းစွာပင် ဦးသံချောင်း ဂါထာများ ရွတ်ဖတ်ကာ ဖယောင်းတိုင်မီးငြိမ်းပြီးနောက်တွင်တော့ ကိုမောင်၀င်းသား ဖိုးသားလေး မှာ အကောင်းပကတိအတိုင်း သတိပြန်လည်လာခဲ့ပါလေတော့သတည်း ။

ဖိုးသား လေး သတိပြန်ရလာပြီး‌နောက်တွင်တော့ မောင်၀င်း တို့လည်း ဦးသံချောင်းအား ရဲတိုင်ခြင်း အရေးယူခြင်းများ မလုပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဦးသံချောင်းထံမှ အမုန်းသံသရာရှည်မည်ကို သူတို့မလိုလားသောကြောင့်ပင်။ သို့တစ်ဖန် အောက်လမ်း နှင့်လုပ်သည်ဟု ရဲသွားတိုင်ပါကလည်း သက်သေ သာဓကများ မရှိသည်မို့ အကျိုးထူးမည်မဟုတ်ပေ။ ထို့ကြောင့်လည်း ဤကိစ္စလေး သည် ကိုမောင်၀င်းတို့ဖက်မှ ကြေအေးကာ အဆုံးသတ်ခဲ့လိုက်ရတော့၏။

ဤသို့လျှင် ဦးသံချောင်းအား အရေးမယူနိုင်ခြင်း ထိထိရောက်ရောက် မဆုံးမခြင်းများကြောင့် ၎င်းမှာ ကောင်းလာဖို့ရန် ဝေးစွ တစ်ဆထက်တစ်ဆ ဆိုးသွမ်းလာကာ အောက်လမ်း ဦးသံချောင်း ဟူ၍ ပင် နာမည် ကမ္ဗည်း အသစ်တွင်လို့သွားခဲ့ရပါလေ တော့၏။

++++++++++

( ၂ )

ထိုအဖြစ်အပျက်ကလေး ဖြစ်ပွားပြီး မကြာမီ ကိုစံမောင်၏ နေအိမ်၌ ငယ်ပေါင်း သူငယ်ချင်းဟောင်းဖြစ်သည့် အောင်ကြီးက အရက်လာသောက်လေသည်။ စံမောင်ကလည်း အရက်ကြိုက်တတ်သော သူမို့ နှစ်ယောက်သား သောက်ရင်း စားရင်း စကားပြောရင်းက အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့ရလေ၏။ ညခုနစ်နာရီ ကတည်းက ထိုင်သောက်က စကားပြောနေရင်းမှ ယခု ည သန်းခေါင်ကျော်လာသည်အထိပင်။

“ပြောကို မပြောချင်ပါဘူး စံမောင်ရာ ”

“ဟာ … ဘာကိုမပြောချင်တာလဲ … မင်းမလည်း စသောက်ကတည်းက ညည်းနေညူနေလိုက်တာ … ငါတောင် မျက်ရည်စို့လာပြီ … ကဲကဲ မင်း ဘာကိုမပြောချင်တာလဲ ပြော အောင်ကြီး ”

နှစ်ယောက်သား အသံဩဗလုံးဗထွေးကြီး ဖြင့် တစ်ယောက် နှင့်တစ်ယောက် အပြန်အလှန်ပြောဆို နေကြ၏။

“မပြောချင်ပေမယ့်လည်း … မင်းက ပြောဆိုတော့ ပြောရတော့မာပေါ့ကွာ … ငါ ခုတလော ကံတွေ အရမ်းညံ့နေတယ်လို့ ခံစားရတယ်ကွာ … အလုပ်ထဲက သူဌေးကလည်း ငါ့ကို အမြင် မကြည်ဘူး … ငါသာ တခုခု ခြေချော်လက်ချော် ဖြစ်ရင် အလုပ်က တန်းထုတ်ခံရမာ ”

“ဟာ … မဖြစ်သေးတာကို ကြိုတွေးပူမနေစမ်းပါနဲ့ … အောင်ကြီးရာ … ကံလေး ဘာလေး တက်အောင် ယတြာလေး ဘာလေး ချေလိုက် … ဒါဆို အဆင်ပြေလောက်မှာပါ … အေ့ ”

“မင်းပြောတာ ဟုတ်သကွ … နို့ ဗေဒင်ဆရာ ကဘယ်မှာ ရှိလို့တုန်း … ခုခေတ်က လူလိမ်တွေ ခပ်များများရယ် … အမှန်အကန်ကရှားဟ ”

ကိုအောင်ကြီး၏ အပြောကြောင့် ကိုစံမောင်လည်း တဒင်္ဂ ငြိမ်သက်သွားပြီး ဗေဒင်ဆရာ ကောင်းကောင်း တစ်ယောက်ကို စဉ်းစားနေလိုက်သည်။ စဉ်းစားနေရင်းမှ လက်ကြားထဲ ညှပ်ထားသော ဖက်ကြမ်းအတိုကို တစ်ရှိုက်မျှ ရှိုက်လိုက်ရင်း

“‌ကိုသံချောင်းတော့ရှိတယ်ကွ … သူက အောက်လမ်း ဆရာယောင်ယောင် ဗိန္ဒောဆရာ ယောင်ယောင် ဗေဒင်ဆရာ ယောင်ယောင်ပဲ … ဒါပေမယ့် သူယတြာလုပ်ပေးလိုက်ရင် အဆင်ပြေသွား ကြတဲ့ လူတွေတော့ များသား ” ဟူ၍ စကားစလိုက်တော့သည်။

“အေ … လုပ်စမ်းပါအုံး စံမောင်ရာ … အားကိုးပါတယ်”

“နေအုံးကွ … ခုချိန်ဆို သူလည်းအိပ်နေလောက်ရောပေါ့ … ဘယ်နနာရီ ရှိပြီတုန်း ”

“မိုးကုတ်ကျောင်းကတော့ … နှစ်ချက်တီး တာကြားလိုက်တယ် … မနက်မှ သွားမေးရင်မကောင်းဘူးလား ”

ကိုအောင်ကြီးက ထိုသို့ပြောလေ၏။

“မနက်ဆို အဆင်မပြေဘူး … အောင်ကြီးရ … တခြားလူတွေ လာရင် ဇယားရှုပ်တယ် … ခုထကွာ … လာမင်းနဲ့ငါ သူ့ဆီသွားမယ် ”

“ဟာဖြစ်ပါ့မလား … စံမောင်ရာ ”

“စံမောင် ကြံရင် … ဘယ်ကောင်မှ မခံနိုင်ဘူး … လာလာ ထစမ်းပါကွာ ”

စံမောင်လည်း ထိုင်သောက်နေရာမှ ဝုန်းကနဲ ဒယီးဒယိုင် ဖြင့်ကောက်ထကာ အောင်ကြီးကိုပါ ဆွဲထူပေးလိုက်သေးသည်။ ထို့နောက် ၎င်းတို့နှစ်ယောက် သောက်လက်စ အရက်ဝိုင်းလေးကို စွန့်ခွာကာ ဦးသံချောင်း နေထိုင်ရာ အခန်းဖက်သို့ ဦးတည်လာခဲ့လိုက်ကြတော့သည်။

ဦးသံချောင်း ၏ အခန်းလေး ရှေ့ အရောက်မှာတော့ စံမောင်က တံခါးကို ခပ်ဖွဖွ ခေါက်လိုက်ရင်း

“ကိုသံချောင်း … ကိုသံချောင်း … ”

ဟူ၍ အသံခပ်အုပ်အုပ်ဖြင့် ခေါ်လိုက်သည်။ ခပ်အုပ်အုပ်ဟု ဆိုရသော်လည်း အရက်မူးနေသည့် လေသံ ခပ်ဩဩ ဟုပြောပါက ပိုမှန်ပေလိမ့်မည်။

“ကိုသံချောင်း … ခင်များ မအိပ်သေးတာ ကျုပ်သိတယ် … တံခါးဖွင့်ပေးစမ်းပါအုံးဗျ … အကူညီလိုနေလို့ပါ ”

“ဟေ့ … ဘယ်သူလဲ ”

အိမ်ထဲမှ အသံထွက်လာလေတော့သည်။ ထိုအသံကား ဦးသံချောင်း၏ အသံ

“ကျုပ်ပါ … စံမောင် ပါ … လက္ခဏာ နည်းနည်း လောက်ကြည့်ချင်လို့ ”

“ဟေ့ကောင် … မင်းမူးနေရင် အေးဆေး ပြန်အိပ်စမ်းပါကွာ … မနက်မှ လာခဲ့ ”

“မရဘူးဗျ … အရေးကြီးတယ် … တံခါးသာ အမြန်လာဖွင့်စမ်းပါ ”

ဦးသံချောင်းလည်း ၎င်းကိုယ်တိုင် မထပါက စံမောင် တစ်ယောက်ပြန်မည် မဟုတ်ကြောင်းရိပ်မိလေ၏။ ထို့ကြောင့်လည်း မတတ်သာတော့သည့် အဆုံး တံခါးထဖွင့်ပေးရလေတော့၏။

“ဟော … ကျေးဇူးကြီးလှပါတယ် ကိုသံချောင်းရာ … ဟောဒီက ကျုပ် သူငယ်ချင်းက … လက္ခဏာ နည်းနည်းကြည့်ချင်လို့တဲ့ … ကူညီစမ်းပါအုံး ”

စံမောင်စကား ပြောလိုက်သည် နှင့် သောက်ထားသော အရက်နံ့တို့က ထောင်းကနဲထလို့နေလေသည်။ အောင်ကြီးမှာတော့ စံမောင်လုပ်သမျှကို နောက်မှသာ ငြိမ်လျက်သား ကြည့်နေလိုက်သည်။

“မနက်လာရင် … ခင်များကို အနှောက် အယှက် ဖြစ်မှာဆိုးလို့ပါ … ကိုသံချောင်းရယ် ”

“ကဲကွာ … လာလာ အထဲလာထိုင် … ကြည့်ပေးပြီး တန်းပြန် ကြကွာ … ဟုတ်ပလား … ငါလည်း လုပ်စရာရှိသေးတယ် ”

“ဘာလဲ … ခင်များက ငြိုငြင်တာလား … ကျုပ်မို့လို့ ခင်များလို စုန်းယောင်ယောင် … ဗေဒင်ယောင်ယောင် လူကို ခြံထဲ ခေါ်ထည့်ထားတာနော် … လူပါးမ၀နဲ့ … ကျုပ်သူငယ်ချင်းကို ကြည့်ပေးလိုက် ”

အရက်မူးနေသော စံမောင်က တော့ ပါးစပ်ကို ဘရိတ်မထိန်းနိုင်ဘဲ ပြောချင်ရာစွတ်ပြောချလိုက်တော့သည်။ ဦးသံချောင်းလည်း စံမောင်အား မျက်လုံးစိမ်းကြီးဖြင့် ကြည့်ကာ ဘာမျှဆက်မပြောတော့ဘဲ ၎င်းဗေဒင်ကြည့်သည့် နေရာသို့ အသင့်၀င်ထိုင်လိုက်တော့သည်။ ပြီးနောက် ၎င်းတတ်စွမ်းသမျှ ပညာများဖြင့် အောင်ကြီးအား လက္ခဏာကြည့်ပေးလေ၏ ။

သို့သော်လည်း စံမောင် နှင့် အောင်ကြီးမှာ မူး နေသော သူများဖြစ်သည့်အလျောက် တချက်တချက် ထရယ်လိုက် ။တချက်တချက် မဟုတ်ကြောင်း မမှန်ကြောင်း လက်မခံနိုင်ကြောင်း အစရှိသဖြင့် ကန့်လန့်တိုက်ကြလေ၏ ။ ဦးသံချောင်းက မည်သို့မျှ ပြန်လည် ချေပ မပြောဆိုခဲ့ပေ သို့သော် …..

+++++++++

ညက အသောက်များသွားသလို အိပ်ရာ၀င်လည်း နောက်ကျခဲ့ရသည်မို့ စံမောင် တစ်ယောက် နေ့လည် မွန်းတည့်ချိန်လောက်မှ နိုးလာလေတော့သည်။ ခေါင်းထဲကလည်း နောက်ကျိကျိ ဖြစ်နေသလို ညက ဦးသံချောင်းအား ပြဿနာရှာခဲ့ပုံ များကိုလည်း ဝိုးတိုးဝါးတား သတိရလို့နေလေ၏။

ထိုစဉ်မှာပင် ခန္ဓာကိုယ်က ယားယံမှုများဖြစ်လာသည် မို့ စံမောင်လည်း ၎င်း၏ လက်နှစ်ဖက်ဖြင့် ကျော ရင်ဘက် ပေါင် အစရှိသည့် နေရာများသို့ တဗျင်းဗျင်းကုပ်လေတော့သည်။ ညက အင်္ကျီချွတ်ကာ အိပ်လိုက်သည်မို့ ဂျပိုးများ ကိုက်လေသလား ဟုတွေးမိသေးသည်။ ထိုစဉ်မာပင်

“ဟေ့ကောင် စံမောင် … အခုထ ”

ဘယ်ကမှန်း မသိသော အသံကြီးက စံမောင့် ခေါင်းထဲ က ထွက်ပေါ်လာလေတော့၏။ အသံကြီးမှာ ခပ်ပြတ်ပြတ်နိုင်ကာ ဩဇာ ပြင်းလွန်းလှသည်။ စံမောင်လည်း ဘာရယ်ကြောင့်မှန်းမသိ အိပ်ရာထဲမှ ဝုန်းကနဲ ကောက်ထလိုက်မိတော့သည်။

“ချောင်းစပ်ကို … ခုချက်ချင်းပြေး … ”

အသံက ထပ်မံထွက်ပေါ်လာလေ၏။ စံမောင်လည်း ဘယ်သူပြောနေမှန်းမသိရဘဲ တောင်ကြည့် မြောက်ကြည့်ကြည့်ကာ စတင်ပြေးရတော့၏။ သူ့စိတ်က မပြေးသော်လည်း ခြေထောက်များက သူ့အမိန့်ကို မနာခံဘဲ ချောင်းစပ်ကို တဟုန်ထိုးပြေးလေ၏။ ချောင်းစပ် ရောက်သည် နှင့် တစ်ပြိုင် စောစောက အသံမှာ တစ်ဖန် ထပ်ပေါ်လို့ လာပြန်၏။

“ဟေ့ကောင် … ရေကူးစမ်း …”

“ဝုန်း … ဗွမ်း ”

နေကလည်း ကျစ်ကျစ်တောက်ပူလို့နေသည်။ ပေနှစ်ဆယ် သုံးဆယ် သာသာ ကျယ်သော နမ္မတူချောင်း လေးထဲမှာတော့ လူတစ်ယောက်က တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းကို လက်ပစ်ကူးလို့နေလေ၏။ ထိုလူကား စံမောင် ။ နေ့လည် မွန်းတည့်ချိန်လည်း ဖြစ်သည်မို့ လမ်းမ ပေါ်၌ လမ်းသွားလမ်းလာများလည်းရှိလေသည်။ စံမောင့်အား လှမ်းမြင်သော လူများကတော့

“ဟာ … ဟေ့ … ချောင်းထဲမှာ လူမို့လား ”

“ဟယ် … ဟုတ်တယ်တော့ ”

“ဘယ်သူလည်း …ကြည့်ကြစမ်း ကြည့်ကြစမ်း ”

စသဖြင့် နေ့ခင်းကြောင်တောင်ကြီး အထူးအဆန်းလုပ်ပြနေသော စံမောင့်အား ချောင်းအပေါ် တံတားအပေါ် နေရာများမှ ကြည့်နေသည့် လူအုပ်ကြီးထံမှ အသံဗလံများ ဆူညံလာလေတော့သည်။ စံမောင်မှာတော့ ဟိုဖက်ကမ်းမှ ဒီဖက်ကမ်းရောက်သည် နှင့် ၊ တစ်ဖန် ရေထဲ ဒိုင်ဗင်ထိုးကာ မနားတမ်းကူးပြန်၏။

“ကိုသောင်းစိန် … စံမောင် မဟုတ်လား ”

“တယ် … ဒီကောင်နဲ့တော့ကွာ … နေပူပူကြီး သေနေအုံးမယ် … အော်ကြပါဟ ”

“ဟေ့ကောင် … စံမောင် … ကမ်းပေါ်တက် … ဟေ့ကောင်ပြောနေတာကြားလား ”

စံမောင်လည်း တံတား ပေါ်မှ အော်သံများကိုကြားသွားသည်ထင် ။ ထို့ကြောင့် ရေကူးနေရင်းမှ

“ကျုပ်ရပ်လို့မရဘူး … ကျုပ်ကို ရေကူးခိုင်းနေလို့ … ရပ်လို့မရဘူးဗျ ”

ဟူ၍ လှမ်းအသံပြုလေ၏။ အတန်ကြာအောင် ကူးခတ်ပြီးနောက်မှာတော့ စံမောင်လည်း ခြေကုန်လက်ပန်းကျနေဟန်တူလေသည်။ ယက်ကန်ယက်ကန်ဖြစ်လာကာ ရေထဲသို့ မြုပ်လိုက်ပေါ်လိုက်ဖြစ်နေလေတော့၏။ ထိုအခါ ကိုသောင်းစိန် တို့ အဖွဲ့မှ

“ဟာ …. ဟာ … စံမောင် နစ်ပဟ … ဆင်းဆယ်ကြအုံး ”

“သေကုန်တော့မှာပဲ ”

စသဖြင့် လူများလည်း ၀ရုန်းသုန်းကား ဖြစ်ကာ အရွယ်ကောင်းကောင်း ကာလသားများက စံမောင့်အား ချောင်းထဲ ဆင်းဆယ်ကြ‌ရတော့သည်။ ကမ်းပေါ်ဆွဲတင်လာပြီးနောက်မှာတော့ စံမောင်မှာ ဟောဟိုက်ဆိုက်ကာ မျက်ဖြူပင်လှန်နေချေပြီ။

ရင်ဘက်ကြီးမှာလည်း ဖားဖိုကြီးလို နိမ့်ချည်မြင့်ချည်။ ကံကောင်းစွာဖြင့် ရေမမွန်းဘဲ ပင်ပန်းလွန်း သဖြင့်သာ စံမောင်တစ်ယောက် သတိလစ်သွားခဲ့ရပါတော့၏။ ကိုသောင်းစိန် တို့အဖွဲ့လည်း စံမောင့်အား ထမ်းပိုးကာ ၎င်းအိမ်သို့ အရောက်ပို့ဆောင်ပေးခဲ့သည်။ အိမ်ရောက်မှသာ အ၀တ်အစားများ လဲလှယ်ပေးရင်း အိပ်ယာထက်၌ အိပ်စက်စေခဲ့၏။ စံမောင့်မှာတော့ သတိလစ်နေဆဲပင်။

+++++++++

( ၃ )

နောက်တစ်နေ့ နေ့လည်ခင်းလောက်ရောက်တော့မှ စံမောင်လည်း သတိရလာလေတော့သည်။ မနေ့က နာရီပေါင်းများစွာ ရေကူးခဲ့သောကြောင့် လက်မောင်းများ ခြေထောက်များက ပျော့ခွေလို့နေလေ၏။ ယခုအချိန်ထိလည်း သူဘာဖြစ်မှန်း မသိသလို ဖြစ်ခဲ့သမျှ ကိစ္စများကိုတော့ သူ ဝိုးတဝါးတား သတိရနေလေသည်။

ထိုစဉ်မှာပဲ ၎င်း လဲလျောင်းနေရာ အခန်းထဲသို့ အမွေးရနံ့ အချို့က လေကြောင်းအတိုင်း ၀င်လာလေတော့၏။ မကြာပေ ထို အမွေးရနံ့တို့ နှင့်အတူ အသက်နှစ်ဆယ် ကျော်ခန့်အရွယ်သာ ရှိသော မိန်းကလေး နှစ်ယောက်က သူ့ထံသို့ တရွေ့ရွေ့ ချဉ်းကပ်လာလေတော့၏။

မိန်းကလေး နှစ်ယောက်မှာ ရာဇ၀င်ထဲက မင်းသမီးများကဲ့သို့ ၀တ်စုံများကို ဆင်မြန်းထားလေ၏။ အသားအရေများကလည်း ၀င်းမွတ်ကာ ခန္ဓာကိုယ်အလှတရားများကလည်း ရင်ဖုံး အင်္ကျီ ချိတ်ထမီထဲမှ ရုန်းကန်ထွက်ချင်သယောင်။ စံမောင်လည်း ထိုမိန်းမငယ်လေး နှစ်ယောက်အား အကြောင်သားပြူးကြည့်နေမိ၏။

လဲနေရာမှ ထရန်ကြိုးစားသော်လည်း ၎င်း၏ ‌ခြေလက်များက အကြောဆိုင်းနေသလို နည်းနည်းမျှ လုပ်၍ မရပေ။ ချက်ချင်းဆိုသလို အမျိုးသမီးငယ်လေး တစ်ယောက်က စံမောင် ကုတင်ပေးတွင် ၀င်ထိုင်လိုက်ကာ

“ကိုစံမောင် … ကျွန်မတို့နဲ့ အတူလိုက်ခဲ့ပါလား … အရမ်းပျော်စရာကောင်းမှာ… သိလား ”

ရုပ်ရည်ရူပကာ တင်မက အသံလေးမှာလည်း အိစက်ညက်ညောပြီး သာယာ နာပျော်ဖွယ်ကောင်းလှပေ၏။ စံမောင်လည်း ထိုမိန်းကလေးအား ကြည့်ကာ ရှူမိသော ရနံ့များနှင့် အတူ လူပါ မူးနောက်နောက် ဖြစ်လာလေ‌၏။ သို့သော် သတိကို မလွတ်စေဘဲ စံ‌မောင်တစ်ယောက် စိတ်ကို ချုပ်တည်းထားလေသည်။

“မလိုက်ဘူး … မလိုက်နိုင်ဘူး … နင်တို့က ငါ့ကိုသတ်မာ … နင်တို့က လူတွေ မဟုတ်ဘူး ”

“ဟုတ်ပါတယ် … ကျွန်မ တို့က လူတွေမဟုတ်ပါဘူး … ဒါပေမယ့် ကိုစံမောင့်ကို ဒုက္ခမပေးပါဘူ … ကျွန်မတို့ နဲ့ အတူလိုက်ခဲ့ပါနော် ”

“မလိုက်ဘူး … မလိုက်နိုင်ဘူးကွာ … သွား … သွား ”

စံမောင်လည်း သွေးရူးသွေးတန်းဖြင့် အသံ‌ကုန်ဟစ်ကာ အော်ပစ်လိုက်တော့သည်။ ထိုအခါ စံမောင့် ကုတင်ဘေးတွင် ရပ်နေသော မိန်းကလေးက

” သူ့ကို ချက်ချင်းဝိညာဉ် နုတ်ပစ်လိုက်ရင်ကောင်းမယ် … ဒီလူက တော်တော် ခေါင်းမာတာပဲ ”

ဟူ၍ ပြောလိုက်သော စကားသံကို စံမောင်တစ်ယောက် ကြက်သီးထဖွယ်ကြားလိုက်ရတော့သည်။ စောစောက ချစ်ဖွယ်ကောင်းလှသော အမျိုးသမီး လေးမှာ ယခုမှာတော့ ခက်ထန်ကြမ်းတမ်းလာသလို ခံစားလိုက်ရ၏။ ထိုအခါ စံမောင့်ဘေး တွင်ထိုင်နေသော တစ်ယောက်က

“အစ်မတော် … ချော့ပြီး ခေါ်လာခဲ့ပါမယ် … ညီမတော် ပြန်ရင်ပြန်နှင့်ပါ … ”

“အိုမဟုတ်တာ … သူ့လိပ်ပြာ ပါမလာရင် … ဆရာက ကျွန်မတို့ကိုသတ်လိမ့်မယ် ”

ထိုမိန်းကလေး နှစ်ယောက်မှာ ညီအမ ဖြစ်ဟန်တူလေသည်။ စံမောင့်ဘေးတွင် ထိုင်နေသော အမျိုးသမီးမှာ အစ်မဖြစ်ပြီး ရပ်နေသော တစ်ယောက်မှာ ညီမဖြစ်ပေလိမ့်မည်။ အစ်မဖြစ်သူက တည်ငြိမ်သော်လည်း ညီမ ဖြစ်သူက ကြမ်းတမ်း ပုံရ၏။

“ဟုတ်ပါတယ် … ကိုစံမောင်ရယ် … ကျွန်မတို့က ကုလားသင်္ချိုင်းက တစ္ဆေညီအမ ပါ … ကိုစံမောင် ပါမလာရင် … ဆရာက ကျွန်မတို့ကို အငတ်ထားလိမ့်မယ် … လိုက်ခဲ့ပါ ကိုစံမောင်ရယ် ”

“ဟာ … မလိုက်ပါဘူးဆိုကွာ … မလိုက်ဘူး မလိုက်နိုင်ဘူး ”

စံမောင်လည်း ထိုသို့ပြောရင်း အားယူကာ အိပ်ရာ နဘေးမှ ထင်းချောင်းကိုယူပြီး ထိုမိန်းကလေး နှစ်ယောက်အား လွှဲပစ်ချလိုက်တော့သည်။

“ဝုန်း … ခွမ်း ”

ထင်းချောင်းကြီးမှာ ထိုမိန်းကလေး နှစ်ယောက်အား မထိမှန်ဘဲ နံရံတောင့်တွင်ထားထားသော ရေအိုကြီးအား ထိမှန်သွားလေတော့၏။ မိန်းကလေး နှစ်ယောက်မှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့ပါတော့သည်။

“ကိုစံမောင် … ကိုစံမောင် … သတိရလာပြီလား ”

“အေ … ဖိုးပိန် ”

ရေအိုးကွဲသွားသော အသံကြောင့် ဖိုးပိန် လည်း စံမောင်ရှိရာ အခန်းထဲသို့ပြေး၀င်လာတော့သည်။

“ခင်များသတိလစ်နေတာ … နှစ်ရက်တောင်ရှိပြီ … အစ်မစိုးမြင့် အကူညီတောင်းလို့ … ကျုပ်က လာစောင့်ပေးနေတာ ”

” မင်းလာ‌တော့… စောစောက မိန်းကလေး နှစ်ယောက်ကို တွေ့လိုက်သေးလား … ဖိုးပိန်”

“ဘယ်က မိန်းကလေး နှစ်ယောက်လဲဗျ … ကျုပ်တော့ မတွေ့မိဘူး ကိုစံမောင်… ဗိုက်မကောင်းလို့ နောက်ဖေး ခန သွားနေတာ အခုအသံကြားလို့ သာပေါ့ ”

“အေအေ … မင်းလည်း ပြန်နားရင်နားတော့ကွာ … ငါနေပြန်ကောင်းနေပါပြီ ”

“ဟုတ် … ဟုတ် … ကျုပ် ခင်များ သတိရနေပြီလို့အစ်မ စိုးမြင့်ကို ၀င်ပြောပေးခဲ့မယ် …”

ဖိုးပိန်လည်း စံမောင့်အား နှုတ်ဆက်ကာ ထွက်သွား လေတော့သည်။ စံမောင်လည်း အိပ်ရာထဲ ပြန်လဲ ရင်းမှ ဘာကြောင့် ယခုလိုတွေ ဖြစ်နေရသည့် အကြောင်းကို တွေးနေမိသည်။ သူ့အား တစ်စုံတစ်ယောက်က နှောက်ယှက်နေသည်မှာ ဧကန်မလွဲပေ။

အတန်ကြာအောင်စဉ်းစားပြီးမှ အောင်ကြီး နှင့် သူ အရက်အတူ သောက်ခါ ဦးသံချောင်း အား ပြဿနာရှာခဲ့ပုံများကို သတိရလာလေတော့သည်။ ထိုစဉ်မှာပဲ

“ဟေ့ကောင် … စံမောင် ”

“ဗျာ … ဗျာ ”

အသံဩကြီး တစ်ခုကို သူ့ခေါင်းထဲမှ ကြားလိုက်ရပြန်တော့သည်။

“ကုတင်ပေါ်က … ခုချက်ချင်းဆင်း ”

အသံပိုင်ရှင်ကို မမြင်ရ ထို အမိန့်ပေးနေသော အသံကိုသာ ကြားနေရ၏။ ချက်ချင်းဆိုသလို စံမောင်လည်း ကုတင်ပေါ်က ဆင်းလိုက်ရတော့သည်။ သူမဆင်းချင်သော်လည်း ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ ရောက်နှင့်နေချေပြီ။

“အပေါ်ထပ် တက်ပြီး ခုန်ချကွာ ”

စံမောင်နေသော အိမ်မှာ ခြေတံရှည် နှစ်ထပ် ပျဉ်ထောင်အိမ်ဖြစ်လေ၏။ စံမောင်လည်း ထိုအမိန့်ပေးသံကြီးကို မလွန်ဆန်နိုင်တော့ဘဲ နံဘေး လှေကားမှ တစ်ဆင့် ရှစ်ပေခန့်မြင့်သော အိမ်အပေါ် ၀ရံတာထိတက်တာ ခုန်ချလေတော့သည်။

“ဟေ့ကောင် … ပြန်ခုန်တက် ”

အောက်ကို ခုန်ချပြီးသည် နှင့်တစ်ပြိုင်နက် ထို ရှစ်ပေကျော်ကျော် ရှိသော ၀ရံတာ ဆီသို့ စံမောင် တစ်ယောက် ခုန်တက်ရပြန်၏။ တော်ရုံ သိုင်းဆရာ များပင် မခုန်နိုင်သော နေရာကို ရောက်အောင် စံမောင် ခုန်တက်ရ၏ ။ အပေါ်ရောက်သည် နှင့်တစ်ပြိုင်နက် ဟေ့ကောင် ခုန်ချ ဟူသော အသံ အောက်ရောက်သည် နှင့် ဟေ့ကောင် ခုန်တက် ဟူသော အမိန့်ပေးသံကြီးက မနားတမ်းထွက်ပေါ်လို့နေလေတော့သည်။ အတန်ကြာအောင် ခုန်တက်ခုန်ဆင်း လုပ်ပြီးသည့်နောက်တွင်တော့

“ဟေ့ကောင် … ကြက်ဖခွပ်စမ်းကွာ ”

စံမောင်လည်း မည်သို့မျှ မတုန့်ပြန်နိုင်တော့ဘဲ မြေကြီးပေါ်တွင် တစ်ယောက်တည်း ဘယ်ညာ ဘယ်ညာ ကြက်ဖခွပ်နေရတော့သည်။ လူသားဖြစ်သည့် အလျောက် ချွေးများလည်း သီးလာကာ မောဟိုက်လာလေသည်။ ခုန်တက်ခုန်ဆင်း လုပ်ထားရသည်မို့လည်း ခြေထောက်များက နာနေချေ၏။ မျက်လုံးများပြာဝေလာသည်။

နောက်ထပ် မိနစ်နှစ်ဆယ်လောက်သာ ခုလိုဖြစ်နေပါက သေချာပေါက် အသက်ပျောက်ရပေတော့မည်။ သို့သော်လည်း ၎င်း စိတ်ကို တတ်နိုင်သလောက်တင်းကာ ကြက်ဖခွပ်နေလေ၏။ မကြာပေ

“ဟဲ့ … စံမောင် … ဘာလုပ်နေတာလဲ ”

မစိုးမြင့်က ခြံထဲ၀င်လာသည် နှင့် ကြက်ဖခွပ်နေသောစံမောင့် အားတွေ့သွားတော့သည်။

“မသိဘူး … ကြက်ဖ ခွပ်ဆိုလို့ ”

“နင်ဘာဖြစ်တာလဲ စံမောင် … နင့်ကို ဘယ်သူ ဘာလုပ်နေတာလဲ … ဘယ်သူကြက်ဖ ခွပ်ခိုင်းတာလဲ ”

“သံ … သံချောင်း ”

စံမောင်လည်း ကြက်ဖ ခွပ်နေရင်းမှ သံချောင်း ဟုပြောကာ အမောဆို့ ပစ်လဲကျသွားလေတော့သည်။ ညနေစောင်းရောက်တော့ ၎င်းအိပ်ရာထက်တွင်ပင် တစ်ဖန် သတိပြန်ရလာတော့သည်။ မျက်စိနှစိလုံးကို ဖွင့်လိုက်သည် နှင့် သူ့နံဘေးတွင် မိန်းကလေး ခြောက်ယောက်က ပတ်ပတ်လည်၀န်းရံထားလေ၏။

ခါး တစ်ဖက်တစ်ချက်တွင် တစ်ယောက်စီ ခြေ‌ေထာက် ဘယ်ညာ တွင် တစ်‌ယောက်စီ လက်ဘယ်ညာတွင် တစ်ယောက်စီ အသင့်ရှိနေလေ၏။ ပြီးနောက် စံမောင့်အား သူတို့လက်များဖြင့် အပေါ်မှ အောက်ဆွဲကာ ပွတ်သပ်ချလေ၏။ ထိုအရသာကား စာဖြင့် ရေးဖွဲ့ပြရန်ပင် မစွမ်းနိုင်ပေ။ လက်ထိပ် ‌ခြေထိပ် ဦးခေါင်းထိပ် အစရှိသော နေရာများမှ တဖျင်းဖျင်း ကြက်သီးများထကာ ခံစားလို့ကောင်းလှပေသည်။

အတန်ကြာအောင် မိန်းကလေး ခြောက်ယောက်မှာ ထိုသို့ ပွတ်သပ်ချပြီးနောက် အခန်းထဲမှ ထွက်သွားကြတော့သည်။ စံမောင်လည်း စောစောက လေးလံနေမှု ပင်ပန်းမှု ခေါင်းမကြည်မှုများက ချက်ချင်း ယူပစ်သလို သက်သာသွားလေတော့သည်။ ထို့နောက် မစိုးမြင့်က ၎င်းအခန်းထဲ၀င်လာကာ

“စံမောင် … ဘယ်လိုနေသေးလဲ … ”

“သက် … သက်သာ ပြီး နေလို့ကောင်းနေတယ် ”

“အေ … ဟုတ်တယ် … အဲ့ဒါ နင့်ကို သံချောင်းက အောက်လမ်းလုပ်ထားတာ … အပင်းတိုက်ထားတာ … နင်သတိလစ်နေတုန်း တို့တွေ သွားပြောလို့ အခုသူထုတ်ပေးလိုက်တာပဲ ”

မစိုးမြင့် အပြောကြောင့် စံမောင်လည်း ဒေါသထွက် သွားကာ အိပ်ရာထဲမှ ကျုံးထလေ၏။

“တောက် … ခွေးမသား … လူပါး၀လို့ကွာ ”

“ဟဲ့ … ဟဲ့ … ပြီးတာတွေ ပြီးပစေတော့ … နင်လည်း သက်သာနေပြီပဲ … ရန်သွားမစချင်စမ်းပါနဲ့‌ တော့အေ ”

မစိုးမြင့် တားနေသည်က တစ်ကြောင်း သူကိုယ်တိုင် လည်း စိတ်မကြည်သေးသည်က တစ်ကြောင်းမို့ စံမောင်တစ်ယောက် အလျော့ပေးလိုက်တော့သည်။

“နောက် … တခါဆိုရင်တော့ … ကျုပ်က ခုတ်ပြီ ”

“အေးပါဟယ် … သည်းခံလိုက်ပါ … အိမ်နီးနားချင်းတွေပဲ ”

ဤသို့ဖြင့် စံမောင်လည်း ရေမိုးချိုးကာ ညစာစားပြီး အိပ်ရာ ၀င်လိုက်တော့သည်။နေ့ခင်းဘက် နိုးလာသည့်အချိန်တွင် တော့ ၎င်း စိတ်တွေကြည်နေသည်။

စိတ်သစ်လူသစ် ဖြစ်လာသလို ခန္ဓာကိုယ်၌ အားအင်များ ပြည့်လာသည်ဟုလည်း ခံစားရလေ၏။ ထို့နောက် ဆေးလိပ်သောက်ရန် အတွက် အိမ်ထဲမှ ထွက်ကာ ဒေါ်အေးမြ ဆိုင်ဖက်သို့ ဆင်းလာခဲ့လိုက်တော့သည်။

“ဟဲ့ … စံမောင် … နေကောင်းသွားပြီလား ”

“ကောင်းသွားပါပြီ … အရီးမြ … ”

“နင် တော်တော် ကံကောင်းတယ်နော် … တို့ဖြင့် သေပြီတောင်ထင်တာ ”

“စံမောင်ပါဗျ … လွယ်လွယ်သေတဲ့ ထဲဘယ်ပါလိမ့် မတုန်း လူသာပိန်သာ … ဘုန်းတန်ခိုးကြီးပါတယ် … ကဲကဲ ကျုပ်ကို ဂဠုန်လေးလိပ် လောက်ပေးပါအုံး ”

“အေအေ ”

ဒေါ်အေးမြလည်း ဂဠုန်ဆေးလိပ် အစည်းထဲက လေးလိပ်ထုတ်ကာ စံမောင့်အားပေးလေ၏။ ထိုစဉ်မှာပဲ

“ဦးဦး စံမောင် ဆေးလိပ်ပေး … ဦးဦး စံမောင် ဆေးလိပ်ပေး ”

ကလေး တစ်ယောက်၏ အသံကို စံမောင် တစ်ယောက် အတိုင်းသား ကြားလိုက်ရတော့သည်။ အသံလာရာကိုကြည့်လိုက်တော့ ပေနှစ်ဆယ် ကျော်မြင့်သော ပိန္နဲပင်ပေါ်က ကလေး တစ်ယောက်ကို လှမ်းမြင်ရလေ၏။ ထိုကလေးမှာ ရိုးရိုးကလေး တစ်ယောက် မဟုတ် ဦးသံချောင်းမွေးထားသော ကလေးသရဲ တစ်ကောင်ဖြစ်လိမ့်မည် ကို စံမောင် အတပ်သိလေ၏။

“ဦးဦးစံမောင် ကပ်စေးကုပ် … ဦးဦးစံမောင် ကပ်စေးကုပ် ”

စံမောင်လည်း ထိုပိန္နဲပင် ထိပ်ဖျားမှ ကလေး အားကြည့်ကာ ချက်ချင်းဆိုသလို ၎င်း အိမ်သို့ တစ်ဟုန်ထိုးပြေးသွားလေတော့သည်။ အိမ်သို့ရောက်သည်နှင့်တစ်ပြိုင်နက် နံရံပေါ်တွင် အသင့်ချိတ်ထားသော ဌက်ကြီးတောင် ဓားကိုဖြုတ်ကာ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်လေတော့၏။

“ရွှက် ….”

“သံချောင်း ရေ … ဒီနေ့တော့ မင်းနဲ့ ငါ တွေ့ပပေါ့ ဟေ့ ”

ဟူ၍ ကျုံးဝါးကာ အိမ်ပေါ်က ခုန်ဆင်းလိုက်တော့သည်။ ပြီးနောက် ဦးသံချောင်း၏ အိမ်ခန်းအရှေ့ အရောက်

“ဟေ့ကောင် … သံချောင်း … ငါလာပြီကွ … စံမောင်လာပြီ ”

ယခင်လို ကိုသံချောင်းဟုပင် မခေါ်နိုင်တော့ ။ စံမောင့် ဒေါသတွေ ငယ်ထိပ်ရောက်နေချေပြီ။ ပြီးနောက် အိမ်ခန်း တံခါးကို ဝုန်းကနဲ ဆောင့်ကန်ကာ ဌက်ကြီးတောင် ဓားကို ၀င့်ရင်း ၀င်သွားလေ၏။ စံမောင် အိမ်ထဲ ရောက်သွားချိန်၌ ဦးသံချောင်း ရှိ‌မနေတော့ပါ ။ နောက်ဖေး ပြတင်းပေါက်ကနေ၍ ခုန်ဆင်းကာ ထွက်ပြေးသွားချေပြီ ။ အချိန်ကား ညနေ‌စောင်းနေ၀င်ချိန် လောက် ဖြစ်လေ၏ ။ စံမောင်လည်း ပြတင်းပေါက်မှ နေ၍ ဟိုးအဝေးကြီးမှ ခပ်ရေးရေးသာ သွားနေသော ဦးသံချောင်း၏ ကျောပြင်ကို လှမ်းလို့မြင်ရနေသည်။

ထိုသို့မြင်ရခြင်းကား ဦးသံချောင်းအား ထိုနေရာတွင် နောက်ဆုံး သောမြင်ရခြင်း တစ်ခုသာ ဖြစ်နေပါတော့၏။ စံမောင် စောစောက မြင်ခဲ့ရသော ကလေးသရဲမှာ ဦးသံချောင်းက သူ့အား ကျီစားသွားခြင်းလား ။

ဦးသံချောင်းမှာတော့ ထိုနေ့မှစကာ လူရော သတင်းပါ အစအန မကြားရတော့ပေ။သူ အားလုံးကို ကျောခိုင်းထွက်ခွာသွားခဲ့‌ချေပြီ ။ ထို့နောက်တွင်တော့ စံမောင် တစ်ယောက် လည်း ယခင်လို အနှောက် အယှက်များ မရှိတော့ဘဲ အဆင်ပြေပြေ နေနိုင်သွားခဲ့ပါတော့၏ ။ ဦးသံချောင်းကား အောက်လမ်း ဦးသံချောင်းလော/ ယောကျာ်းစုန်း ဦးသံချောင်းလော ………

( ပြီးပါပြီ )

( ထိုဖြစ်ရပ်မှန် အကြောင်းလေးအား ခရေစေ့တွင်းကျ ပြောပြပေးသည့် လေးလေး ဦးစံမောင် အား ဤ နေရာမှ ကျေးဇူးတင်စကားပြောရင်း ဂါရ၀ ပြုလိုက်ပါသည်။

ကျွန်ုပ်ရေးသားသော အောက်လမ်း ဦးသံချောင်း အမည်ရ ဇာတ်လမ်းတိုလေး ဤတွင်ပြီး၏။

စာဖတ်သူတို့အား အစဉ်လေးစားလျက်

သူရေး