ရမယ်။ သွားရရင်လည်း အောက်တိုဘာလလောက်မှာ သွားရမယ်။ အမေရိကား ရောက်တဲ့အခါမှာ ‘C စာလုံး၊ ‘G’ စာလုံး ၊ S စာလုံး၊ ‘L’ စာလုံးစတဲ့ မြို့တွေမှာ နေရလိမ့်မယ်” ဟု ပြောလိုက်ရင် သက်မှူးခင်က…
“အများကြီးဖြစ်နိုင်တယ် အဘ၊ ကာလီဖိုးနီးယားမှာက သမီးရဲ့ သူငယ်ချင်း ကောင်မလေးတစ်ယောက် နာမည်ကြီး အဆိုတော် ဖြစ်နေတယ်။ သူ့ကို ချိတ်ရင်ချိတ်ရမှာ။ လောစ်အိန်ဂျလစ်မှာက ဘွိုင်းဖရန့် (Boy friend) တစ်ယောက် ဆူရှီထမင်းလိပ်ဆိုင်ကြီး ဖွင့်ထားတယ်။ ဆန်ဖရစ်စစ္စကိုမှာက သမီးမေမေရဲ့ငယ်ရည်စားတစ်ယောက် စိန်ပွဲစားကြီးဖြစ်နေတယ်။ အဲဒီအထဲက တစ်ယောက်ယောက်နဲ့ ချိတ်ပြီး သွားရမှာပဲ။ အဘဟောတာ ကွက်တိလောက်နီးနီးပါပဲ” ဟု ထောက်ခံလိုက်လေတော့၏။
“နောက်တစ်ခု အဘကို တင်ပြချင်တာကတော့ သမီးမှာ ‘ဒိုးဆီ’ ၄ ပိဿာလောက် ရထားတယ်။ အဲဒါကို အရောင်းအဝယ်ဖြစ်မဖြစ် သိချင်တာပါပဲ အဘ” ဟု သက်မှူးခင်က မေးပြန်၏။ ထိုအခါ ကျွန်ုပ်က…
“ဒိုးဆီဆိုတာ အဘမကြားဖူးလို့ ရှင်းပြစမ်းပါဦး” ဟု ပြောလိုက်ရာ သက်မှူးခင်က …
“ဒိုးဆီဆိုတာက တခြားမဟုတ်ဘူးအဘ၊ ဒိုးပင်က ထွက်တဲ့အဆီတစ်မျိုးပဲ။ အပင်တစ်သန်းမှာတောင် တစ်ပင်မပါတတ်ဘူး။ အဲဒီအဆီဟာ အပင်ပေါ်မှာလည်း မတွေ့ရဘူး။ အပင်အောက်ကို တူးကြည့်မှ အိမ်ဖွဲ့ပြီးနေတာကို တွေ့ရမှာ။ တွင်းဖြစ်ပြီးနေလိမ့်မယ်။ အဲဒီတွင်းထဲကနေ ခပ်ယူရတာ” ဟု ပြောလေတော့၏။
ထိုအခါကျွန်ုပ်က…
“ဟုတ်ပါပြီး သမီးရယ်။ အဲဒီဒိုးဆီက ဘာသုံးလို့ရမလဲ” ဟု မေးလိုက်ရာ သက်မှူးခင်က ..
“ဘယ်လောက်မာတဲ့ သံချောင်းပဲဖြစ်ဖြစ် ဒိုးဆီထဲမှာနှစ်ပြီး ကွေးလိုက်ရင် ဖယောင်းလိုပျော့သွားတယ်။ ခြောက်မူးလုံးလောက်ရှိတဲ့ သံချောင်းကြီးကို ဒိုးဆီစိမ်ပြီး သမီးတို့နားက မင်းသုခဆိုတဲ့ ကလေးတစ်ယောက်ကို ကွေးခိုင်းလိုက်တာ သံချောင်းကြီးက ခွေခေါက်ပြီး ကွေးသွားတယ် အဘရဲ့။ အဲဒါကို ဘယ်သံရုံးက အလိုရှိမှန်းတော့ မသိဘူး။ တစ်ပိဿာကို (၁၁)သိန်းရမယ်။ သမီးမှာ (၄)ပိဿာရှိတယ်။ (၄၄)သိန်းပေါ့ အဘရယ်။ နိုင်ငံခြားကို မသွားခင် အမေ့ကိုလည်း ပေးသွားချင်တယ်။ သမီးအမေက မုဆိုးမပါ။ ဒေါ်အေးမူလို့ခေါ်ပါတယ်။ မှော်ဘီမြို့ အထွက်နားမှာ ထမင်းဆိုင်ကလေး ဖွင့်ထားပါတယ်။
သမီးတို့ဆိုင်က စားတဲ့လူနည်းလို့ ညဉ့်နက်သန်းခေါင်ထိဖွင့်ပြီး ရောင်းရပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ လူသိပ်ပြီး မရှိပါဘူး။ လူပါးတယ်။ ရပ်ကွက်ရယ်လို့ မဟုတ်ဘူး။ ခြံကြီးတွေနဲ့ နေကြတာ လူကျဲတယ်။ ညတစ်ညမှာ ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိဘူး။ လူ (၅၀) လောက် ထမင်းစားမယ်ဆိုပြီး ဝင်လာကြတယ်။ ဆိုင်မှာက အဲဒီလူတွေထိုင်ဖို့ ခုံအလုံအလောက်မရှိဘူး။ တချို့လူတွေဆိုရင် မတ်တတ်ရပ်ပြီး စားကြရတယ်။ အမေက ဟင်းချက်သိပ်ကောင်းတာ။ စားမယ့်လူတွေ အားလုံးကလည်း အမဲသားဟင်းနဲ့ စားမယ်လို့မှာကြတယ်။ ဆိုင်မှာက လူ(၅၀)အတွက် အမဲသားဟင်း အလုံအလောက်မရှိတော့ ဆိတ်ကလီစာနဲ့ တွဲရပါတယ်။ အဲဒီလူတွေ အားလုံးရဲ့မျက်နှာကို သမီးတို့သားအမိ တစ်ခါမျှမမြင်ဖူးပါဘူး။ မျက်နှာစိမ်းတွေချည်းပါပဲ။ စားပြီးတော့ တစ်ထောင်တန်အစိမ်းတွေ တစ်ရွက်စီ ပေးကြပါတယ်။
အဲဒီအထဲက လူကြီးတစ်ယောက်က သမီးကို ကြေးနဲ့ထုထားတဲ့ ဘုရားဆင်းတုလေးပေးတယ်။ သမီးက ဘာဘုရားလဲလို့မေးတော့ သူက ဒါဟာ ဘုရားမဟုတ်ဘူးတဲ့။ ညာတကုတ်လို့ ခေါ်တယ်တဲ့။ အမေကတော့ အဲဒီလူကြီးရဲ့နောက်ကနေ မယူဖို့ ခေါင်းခါပြပါတယ်။ ဘုရားဆင်းတုတွေ့ရဲ့ သားနဲ ညာတကုတ်လို့ ဖြေတော့ သမီးလည်း နားမလည်နိုင်အောင် ဖြစ်သွားပြီး ရှင်းပြပါဦးလို့ပြောတယ်။ အဲဒီတော့ အဲဒီလူကြီးက စာလေးတစ်ပုဒ် ရွတ်ပြတယ်။
“ငါဟာ ဘုရားမဟုတ်
ညာတကုပ်
ကိုင်လိုက်ရင် လက်တစ်ဆုပ်
မီးမှာပြရင် တဟုတ်ဟုတ်”
လို့ဆိုပါတယ်။
အဲဒီဆင်းတုကလေးက ကိုင်လိုက်ရင် လက်တစ်ဆုပ်ပဲ ရှိပါတယ်။ ဖယောင်းတိုင်မီးထွန်းပြီး အဲဒီနားကို ဆင်းတုတော်လေးပြလိုက်ရင် အဲဒီ ဖယောင်းတိုင်မီးတောက်ဟာ ဆင်းတုတော်နောက်ကို လိုက်ပါတယ်။ တစ်ပေလောက်အထိ လိုက်ပါတယ်” ဟု ကျွန်ုပ်အား ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က…
“နေစမ်းပါဦး သက်မှူးခင်ရဲ့ ။ မင်းပြောတဲ့ ညာတကုပ်နဲ့ အခြားဆင်းတုနဲ့ ဘာကွာလဲကွဲ့” ဟု မေးလိုက်ရာ ၎င်းက…
“တခြားဆင်းတုတော်တွေက သင်္ကန်းကို ဘယ်ဘက်ပခုံးပေါ်မှာတင်တယ်။ ညာတကုပ်က ညာဘက်ပခုံးပေါ်မှာ တင်တယ်။ အဲဒါထားတာပါပဲ။ နောက်တစ်ခုရှိသေးတယ် အဘ။ စိတ်မဆိုးနဲ့နော် ဆက်ပြီး ပြောမယ်။ ခြေထောက် ၆ ချောင်းပါတဲ့ မြွေတစ်ကောင် သမီးရလို့ မွေးထားတယ်။ အရောင်က အဖြူ အဘရဲ့။ သူက သွားရင် တခြားမြွေတွေလို ဗိုက်နဲ့ ခြစ်ပြီးသွားတာ မဟုတ်ဘူး။ အဲဒီခြေထောက်တွေနဲ့ သွားတာပါ။ မြွေဆရာတွေကို ခေါ်ပြီးပြကြည့်ပါတယ်။ သူတို့လည်း မတွေ့ဖူးဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ မြွေဆရာတွေက သမီးရဲ့မြွေကို အမိန့်ပေးကြပါတယ်။ မြွေကလိုက်ပြီးမလုပ်ဘူး။ ရန်လည်း မမူပါဘူး။ မြွေဆရာတွေကို အထူးအဆန်းတွေ့ရသလို သူ့မျက်လုံးက ကြည့်တယ်။
လူတွေအလိုဆိုရင်တော့ ဘာကောင်တွေလဲမသိဘူး။ ငါ့ကို ဘာတွေလာပြောနေကြတာလဲ မသိဘူးဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ကြည့်နေပါတယ်။ တော်တော်စပ်စုတဲ့ လူတစ်ယောက် ဒီမြွေကိုသတ်ပြီး ယိုထိုးစားမယ်တဲ့။ အဲဒီလိုစားလိုက်ရင် လောကကြီးတစ်ခုလုံးမှာရှိတဲ့ တိရစ္ဆာန်တွေရဲ့စကားကို နားလည်သွားလိမ့်မယ်တဲ့။ သမီးတော့ မသတ်ရဲလို့ မသတ်ဘူး။ သတ်ရဲတယ်ပဲ ထားဦး။ ယိုထိုးပြီး စားဖြစ်မှာမဟုတ်ဘူး။ တကယ်လို့ စားဖြစ်လို့ရှိရင် နိုင်ငံခြားဘာသာသင်တဲ့ တက္ကသိုလ်တစ်ခုမှာ တိရစ္ဆာန်တွေရဲ့ စကားကို စာတန်းတစ်ခုတင်ချင်ပါတယ်။ အဲဒီမြွေကိုလည်း သံရုံးတစ်ရုံးက ရှာနေတယ်ဆိုပဲ။ ရရင် သိန်း ၅၀ ပေးမယ်တဲ့။ အဲဒါကိုလည်း သမီးရောင်းချင်ပါတယ်” ဟု ပြောလေ၏။
ထို့ကြောင့် ကျွန်ုပ်က..
“သက်မှူးခင် နင့်ဟာလည်း အဆန်းတွေချည်းပါလား။ အဘဖြင့် တစ်ခါမျှတောင် မကြားဖူးပါဘူး” ဟု ပြောလိုက်လေ၏။
ထို့နောက် သက်မှူးခင် က..
“တစ်ခါက အင်္ဂလန်ပြည့်ရှင် ဂျော့ဘုရင်မင်းမြတ်ဟာ နောက်လိုက်နောက်ပါတွေနဲ့ ခရီးထွက်ခဲ့တယ်။ တောရွာကလေးတစ်ရွာ ရောက်တော့ သူ့နန်းတော်ကို စာတစ်စောင် ရေးချင်စိတ် ပေါ်လာတာနဲ့ စာတစ်စောင် ကောက်ရေးပစ်တယ်။ ပြီးတော့ စာအိတ်အသစ်တစ်လုံးဝယ်ပြီး အဲဒီစာအိတ်ထဲကို ထည့်လိုက်တယ်။ အဲဒီလိုလုပ်ပြီးရင် နီးရာ စာတိုက်ပုံးထဲ ထည့် ရမယ် မဟုတ်လား။ ဒါပေမဲ့ တံဆိပ်ခေါင်းကပ်ရဦးမယ်။ ဂျော့ဘုရင်မင်းမြတ်မှာ တံဆိပ်ခေါင်းမပါဘူး။ သူကလည်း တံဆိပ်ခေါင်းမပါတဲ့စာကို မထည့်ချင်ဘူး။ စာပို့စည်းကမ်းကို ချိုးဖောက်သလိုဖြစ်နေတယ်။ နောက်လိုက်နောက်ပါတွေကို မေးကြည့်ပြန်တော့လည်း တစ်ယောက်မျှမရှိဘူး။ ဘုရင်ဖြစ်ပြီး အဲဒီစာပို့စည်းကမ်းကို ချိုးဖောက်လို့ ဘယ်သင့်တော်ပါ့မလဲ။
အမှန်က တစ်ပဲနိတန် တံဆိပ်ခေါင်းမှာကလည်း သူ့ပုံပါပဲ။ အဲဒါကြောင့် စာအိတ်ထောင့်မှာ တံဆိပ်ခေါင်းပုံ လေးထောင့်ကွက်ကလေးဆွဲပြီး‘ကင်းဂျော့’လို့ လက်မှတ်ထိုးလိုက်တယ်။ အဲဒါကိုလည်း စာတိုက်က တံဆိပ်ခေါင်းအဖြစ်လက်ခံတယ်။ အဲဒီတံဆိပ်ခေါင်းဟာ ကမ္ဘာပေါ်မှာ တစ်လုံးတည်းပဲရှိမှာပေါ့။ အဲဒါကိုလည်း မြန်မာပြည်မှာရောက်နေတယ် သတင်းကြားလို့ အင်္ဂလန်သံရုံးက ရှာနေပါတယ်။ ရရင်ဒေါ်လာ တစ်သန်းပေးမယ်တဲ့။ ဒေါ်လာတစ်သန်းရရင် မြန်မာငွေ သန်း ၁ဝဝဝ ရမှာပေါ့။ ဒီတံဆိပ်ခေါင်းလေးဟာ လောစ်အိန်ဂျလစ်ရောက်နေတဲ့ သမီးချစ်သူက ပေးခဲ့တာပါ” ဟု ပြောလျှင် ကျွန်ုပ်က…
“မင်းပြောတော့ ဘွိုင်းဖရင့်ဆို” ဟု ထောက်လိုက်ရာ သက်မှူးခင်က..
“အဘကလည်း နားထောင်ကောင်းအောင် ပြောတာပါ။ ဘွိုင်းဖရန့်ဆိုတာ ရည်းစားပဲပေါ့” ဟု သွက်လက်စွာ ပြန်၍ ဖြေလေ၏။ ထိုအခါ ကျွန်ုပ်က…
“ကလေးမရယ် မင်းဆီရောက်နေတာတွေကလည်း အထူးအဆန်းတွေချည်းပါလား။ တန်ဖိုးငွေကလည်း မသေးဘူးနော်” ဟု ပြောလိုက်လျှင် ၎င်းက…
“နောက်တစ်ခုရှိသေးတယ် အဘ၊ အဲဒါကတော့ သမီး လက်ဝါးလောက်ရှိတဲ့ ကြေးမိုးကြိုးသွားပါပဲ။ သူ့ရဲ့ ထူးခြားချက်ကတော့ လျှပ်စစ်မီးအောက်ကို ယူသွားရင် မီးဟာ အလိုလိုငြိမ်းသွားတယ်။ ရေဒီယိုနားသွားရင် ရေဒီယို ရပ်သွားတယ်။ အဲဒါကိုလည်း ဂိုဏ်းဖွဲ့ပြီး လိုက်ဝယ်နေကြတယ်။ အစစ်တွေ့ရင် သိန်း ၄၀ ပေးမယ်တဲ့” ဟု ပြောလေတော့၏။
ကျွန်ုပ်သည် ရှည်ရှည်ဝေးဝေး မပြောနိုင်တော့ဘဲ…
“ဆန်းပါ့ကွာ..” ဟုပင် ပြောလိုက်လေတော့၏။ ထို့နောက် သက်မှူးခင်၏ ထူးဆန်းသော ပစ္စည်းများ အမြန်ဆုံး ရောင်းထွက်နိုင်ရန်အတွက် ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးလိုက်ရတော့သတည်း။
🙏 သဗေ သတာ ကမသကာ 🙏
✍ မင်းသိင်္ခ
📒 မင်းနန်သူနှင့် ဂမ္ဘီရလောကဝတ္ထုတိုများ
Leave a Reply