ကွင်းပိုင်ကူတဲ့ည

ကိုယ့်အရီးအကြောင်းသိရဲ့နဲ့
စ ရတယ်လို့ကွယ်…
ဟိုက အုန်းခွံခွက်နဲ့ ထုချေမှပြေးနေရမယ်ကွဲ့…”
ဟု…ဘွားမယ်စိန်ကဝင်တားရသည်။
“ကျုပ်ကစတာပါဘွားရဲ့…
ကျုပ်မှာ စ စရာဆိုလို့ အရီးနဲ့ညီမလေးနန်းကြိုင်တို့ပဲ
ရှိတာလေ…
ကျုပ်အမျိုးတွေဆိုတာကလည်းအရင်ကတည်းက
ချေးမှာငှားမှာကြောက်နေကြလို့
အဆက်အဆံမလုပ်တာဘွားတို့အသိပဲဟာ…”
ဟု…ပြောရင်းမောင်တိုးမျက်နှာကညိုးငယ်သွားသည်။
ဒါကိုမြင်တော့ ဒေါ်ဝင်းလည်းစိတ်မကောင်းဖြစ်သွားပြီး…
“စတာများ…စပေါ့ဟယ်…နင်စရင်
ငါကလည်းပြန်စမှာပေါ့ မဟုတ်ဘူးလား”
ဟုပြောလေတော့မှ…
“ဒါပေါ့အရီးရဲ့”
“ကဲပါလေ…ဒါတွေပြောရင်
စိတ်မကောင်းဖြစ်နေကြရမယ်…
ဒီနေ့မနက်တော့မင်းအရီးချက်တဲ့ငါးပိရည်အတို့အမြုပ်နဲ့
တောကြက်သားဟင်းလေးစားပြီးမှပြန်ပေတော့…
သိတဲ့အတိုင်းပဲ…ဘွားက အသားဟင်းမစားတော့
ဟင်းတွေကပိုနေမှာကွဲ့…”
“ဟဲ…ဟဲ…ဒါမျိုးဆိုကျုပ်ကသိပ်ကြိုက်တာဗျ”
ဟုပြောရင်းမောင်တိုးက ရယ်မောလေသည်။
မောင်တိုးရယ်မောလေမှ ဘွားမယ်စိန်တို့လည်း
သဘောကျစွာလိုက်၍ရယ်မောကြတော့၏။
ဒေါ်ဝင်းကမီးဖိုထဲ၌မနက်စာသွားချက်နေချိန်
မောင်တိုးကတော့ ခြံထဲ၌ပုံထားသောထင်းပုံမှထင်းများကို
ပေါက်စိန်ဖြင့်ခွဲပေးနေသည်။
ဒေါ်ဝင်းထမင်းဟင်းကျက်လေမှ…
ဘွားမယ်စိန်တို့နှင့်အတူဝိုင်းဖွဲ့စားသောက်လေ၏။
စားလို့သောက်လို့ပြီးသောအခါမှ
သူလည်းအိမ်သို့ပြန်သွားခဲ့တော့သည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့
မောင်တိုးနှင့်အတူငတင်နဲ့ငစိုးညီအစ်ကိုနှစ်ယောက်အပြင်
ကျော်သန်းနဲ့ငလုံးတို့လည်းနွားလှည်းလေးဖြင့်
အတူတူမြို့သို့လိုက်လာခဲ့ကြသည်။
နွားလှည်းကိုတော့ ငစိုးကမောင်းလာခဲ့ပြီး
လှည်းပေါ်၌စကားများပြောလိုက်…ရယ်မောလိုက်ဖြင့်
အတော်လေးပျော်မြူးနေကြလေသည်။
“ကျုပ်ကတော့ဘုရားပွဲမှာ…
ရွာသစ်ကကောင်တွေထက်ပိုပြီး တောက်ပြောင်ချင်တယ်ဗျ…
ကျုပ်တို့ရွာကဟာမတွေကလည်း ရွာနားမြက်ရွာနွားမစားချင်ဆိုသလိုဖြစ်နေကြတော့…ကျုပ်တို့ဘက်ကလည်း
ဘုရားပွဲအတွက်အပြတ်ပြင်ဆင်ကြရမှာပေါ့…
မဟုတ်ဘူးလားဗျ…”
“အမယ်လေးကွာ…တို့ရွာကမိန်းကလေးတိုင်းမဟုတ်ပါဘူး…
မင်း ရွာသစ်ကကောင်တွေကလည်း
တို့နဲ့သူမသာငါမသာတွေကြီးပါပဲကွ…”
“မတူဘူးဗျ…ကျုပ်တို့ရွာမှာက…
ရွာသူ၊ရွာသားအချင်းချင်းလည်းစည်းလုံးကြတယ်…
နောက်ပြီး ကျုပ်တို့ရွာဘုရားပွဲဆို
ဒီနယ်တစ်ဝိုက်မှာအစည်ကားဆုံးမလား…
ဟောပြီးတော့ ကျုပ်တို့ရဲ့ဘွား…ဘွားမယ်စိန်ဆိုတာနဲ့
တစ်နယ်လုံးက လေးစားနေရတာလေ…
ဒီတော့ကျုပ်တို့ရွာ…ဘုရားပွဲမှာကျုပ်တို့ကပိုပြီး
ဂရုတစိုက်ဝတ်စားကြရမှာမဟုတ်ဘူးလားဗျ”
ငတင်၏စကားကြောင့်အစ်ကိုဖြစ်သူငစိုးတင်မက
မောင်တိုးတို့ပါ သဘောကျစွာရယ်မောကုန်ကြလေသည်။
“ဘာလဲ…ကျုပ်ပြောတာမဟုတ်လို့လားဗျ”
ဟု…ငတင်ကသူ့အားရယ်မောနေကြ၍
မကျေမနပ်ဖြင့်မေးလေသည်။
ထိုအခါမောင်တိုးက ငတင်ပုခုံးကိုဖက်၍…
“ငါ့ကောင်ရာ…မင်းက အခုမှလူပျိုလေးဖြစ်လာတော့…
လှချင်ပ ချင်မှာပေါ့…ငါတို့အတွက်ကဒါတွေမလိုတော့ဘူး…
တကယ်တော့ယောကျာ်းဆိုတာ ယောကျာ်းပီပီသသ
နေနိုင်ရင်ဘာအဝတ်အစား၊ဘာအလှအပမှမလိုပါဘူးကွာ”
“ကျုပ်က ယောကျ်ားပီသပါတယ်ဗျ”
“အစ်ကိုပြောမယ်ကွ…
ယောကျာ်းပီသတယ်ဆိုတာက
အမျိုးသမီးတွေအပေါ်လေးစားရမယ်…
ကိုယ့်နှမလိုအစ်မလို စိတ်ကိုမွေးပြီး
အလေးထားရမယ်ကွ…
သူတို့ရဲ့သိက္ခာပျက်စီးရာပျက်စီးကြောင်းမလုပ်ရဘူး…”
“ဟင်…ကိုကြီးတိုးပြောပုံကြီးက ကျုပ်က
မိန်းကလေးတွေကိုမဟုတ်တာလုပ်နေတဲ့
ကောင်ကြီးကျနေတာပဲ”
“မင်းကလည်းကွာ…ငါက မင်းကိုပြောတာ
မဟုတ်ပါဘူးကွ…
ထားသင့်တဲ့စိတ်ထားလေးကို
သင်ပြပေးယုံတင်ပါငါ့ကောင်ရာ…”
“ဟုတ်ပါပြီဗျာ…”
ထိုသို့စကားလေးတပြောပြောနဲ့ နွားလှည်းလေးပေါ်ထိုင်ရင်း
ခရီးဆက်လာကြလေသည်။
နေ့လယ်ခင်းအချိန်၌ မြို့ပေါ်သို့ရောက်လာကြ၏။
ဝယ်စရာများကိုအကြိုက်မတွေ့မချင်းရှာဖွေဝယ်ကြပြီးနောက်
စျေးမှပြန်ထွက်လာခဲ့ကြသည်။
“ငတိုး…”
“ပြောလေ ငစိုး”
“တို့…ဘုန်းကြီးကျောင်းမှာ ညဝင်မအိပ်ပဲ…
ပြန်ကြရအောင်ကွာ…”
“ဟေ…ချက်ချင်းကြီးပြန်မလို့လား”
“အေးဟ…အချိန်လည်းရနေသေးတော့
ရွာပဲတန်းပြန်မလားလို့”
“အေးလေ…မင်းပြောသလိုပဲ ပြန်ချင်ရင်လည်း
ပြန်ကြတာပေါ့ကွာ…ဒါပေမယ့် လမ်းစာဖို့မုန့်လေးဘာလေး
ဝယ်ခဲ့ကြနော်…”
“ဝယ်ရမှာပေါ့ကွာ…ရွာကိုပြန်ရောက်ဖို့ကလည်း
အတော်မောင်းရဦးမှာဆိုတော့
ငါတို့လည်းဗိုက်ဆာကြမှာပဲကွ…”
ရွာပြန်ဖို့တိုင်ပင်နေကြချိန်မှာနေပင်စောင်းနေပြီဖြစ်သည်။
ယောကျာ်းသားတွေကြီးပဲမလို့ ညဘက်ခရီးသွားရမည်ကို
နည်းနည်းလေးမှမကြောက်ကြဘဲ
အပျော်ခရီးထွက်နေသကဲ့သို့ တဟီးဟီး…တဟားဟားဖြင့်
ပျော်ရွှင်နေကြလေသည်။
မြို့မှပြန်လာတော့ နွားလှည်းကိုမောင်တိုးကမောင်းလာခဲ့သည်။
မြို့နှင့်အတော်လေးအလှမ်းကွာသောနေရာလေးသို့
ရောက်လာကြတော့…
“ခဏ…ခဏရပ်ဦး”
“ဘာဖြစ်လို့လဲငလုံး”
“ငါ…ငါ…အပေါ့သွားချင်လို့ကွ”
“သြော်…အေး…အေး…”
မောင်တိုးကလှည်းကိုရပ်ပေးတော့ ငလုံးက
လှည်းပေါ်မှဆင်း၍ခပ်လှမ်းလှမ်းရှိခြုံများဆီကိုအပြေးသွားရင်းပျောက်ကွယ်သွားလေသည်။
“ဟေ့ကောင်ငလုံး…အဝေးကြီးမသွားနဲ့နော်…”
ဟုမောင်တိုးကအော်၍သတိပေးလိုက်သည်။
တစ်နေကုန်လှည်းစီးရယုံတင်မကမြို့စျေး၌လည်း
စိတ်ကြိုက်မွှေခဲ့ကြသော ပင်ပန်းမှုကြောင့်
ငတင်နဲ့ငစိုးနဲ့ကျော်သန်းတို့မှာ
လှည်းပေါ်၌တစ်ယောက်ကိုတစ်ယောက်မှီတွယ်ပြီး
အိပ်ပျော်နေကြလေသည်။
အပေါ့သွားသော ငလုံးတစ်ယောက်ခြုံများကြားမှ
အပြေးထွက်လာတော့ မောင်တိုးမှာ
လည်ပင်းကိုမော့၍စိုးရိမ်တကြီးဖြင့်…
“ငလုံး…ဘာဖြစ်တာလဲဟ”
ဟုအော်မေးလိုက်သည်။
မောင်တိုးအသံကြောင့်အိပ်ပျော်နေကြသူများလည်း
နိုးလာကြ၏။
ငလုံးကအပြေးတပိုင်းရောက်လာပြီး…
“ဟို…ဟိုနားမှာ တောင်ပို့လေးတစ်ခုကွ…
သူ့ဘေးပတ်ပတ်လည်မှာလည်း
ပြောင်ရှင်းနေတဲ့မြေကွက်လပ်ကြီးတစ်ခုလည်းရှိတယ်…
အတော်လေးတော့ထူးဆန်းတယ်ကွ…”
“ဟေ…မင်းဘာပြောတယ် ငလုံး…
မြေကွက်လပ်ကြီး…ဟုတ်လား”
“ဟုတ်ပါတယ်ဆိုကွာ…
အိမ်တစ်အိမ်အကျယ်အဝန်းလောက်ရှိတယ်ကွ…
မြေပြင်ကလည်းပြောင်ရှင်းနေတာပဲ…
တစ်ယောက်ယောက်ကလှည်းကျင်းထားသလိုကြီးကွ”
“အဲ့တာဆိုရင်ငါ့ကိုလိုက်ပြကွာ…
ငါကြည့်ချင်တယ်”
“ရတယ်လေ…လာလိုက်ခဲ့”
မောင်တိုး နွားလှည်းပေါ်မှဆင်းလိုက်သည်။
“ဟေ့ကောင်တွေ…မိုးတောင်ချုပ်စပြုနေပြီကွ…
ဘယ်သွားကြမလို့လဲ”
“ဒီနားတင်ပါကွာ…ခဏလေးပါပဲ…
ငါကြည့်ချင်တာကြည့်ပြီးတာနဲ့ချက်ချင်းပြန်ခဲ့ပါ့မယ်”
“မကြာစေနဲ့ကွ…
ခရီးကဆက်သွားရဦးမှာ”
“အေးပါကွာ…ခဏလေးတင်ပါ”
ဟုပြော၍မောင်တိုးလည်း ငလုံး၏နောက်မှလိုက်လာခဲ့သည်။
ခြုံများကိုဖြတ်ကျော်ပြီးနောက် ဆက်၍
လျှောက်လှမ်းလာခဲဲ့ကြသည်။
“မရောက်သေးဘူးလားကွ…
မင်းအပေါ့သွားတာကလည်း ဒီလောက်သွားရသလား”
“ရှေ့ဆိုရောက်ပါပြီကွာ…
ငါလည်း စပ်စုချင်တာနဲ့သွားလိုက်မိတာပါ…”
“ဟိုဟာလား”
“အေး…ဟုတ်တယ်”
မောင်တိုးသည်မလှမ်းမကမ်းရှိတောင်ပို့တစ်ခုနှင့်
မြေကွက်လပ်တစ်ခုကိုမြင်လိုက်ရ၏။
“မြွေတောင်ပို့လားမသိဘူးကွ”
“ဟေ့ကောင်…
မင်း…အပေါ့ကဘယ်မှာသွားခဲ့တာလည်း…”
“ဟိုနားကခြုံဘေးတင်ပါကွ…
ဘာဖြစ်လို့လဲ”
“တော်ပါသေးရဲ့ကွာ…”
ဟုပြောပြီးမောင်တိုးအသံတိတ်သွားသည်။
မြေကွက်လပ်နှင့်တောင်ပို့ကြီးကိုကြည့်၍ …
“အမှားလုပ်မိခဲ့သည်ရှိသော်ခွင့်လွှတ်ပေးပါခင်ဗျာ…
တောပိုင်…တောင်ပိုင်နဲ့..ဤအရပ်နှင့်
ဆိုင်ရာပိုင်ရာများကိုလည်းတိုင်တည်ပါတယ်…
ကျုပ်တို့ငါးယောက်ရဲ့ခရီးလမ်းကိုလည်း
ဘေးမထိစေဖို့စောင့်ရှောက်ပေးပါခင်ဗျာ…”
ဟုပြောလိုက်လေသည်။
ငလုံးကတော့မောင်တိုးပြောသမျှကိုငေး၍သာ
နားထောင်နေခဲ့၏။
“ကဲ…တို့ လှည်းဆီပြန်ကြရအောင်ကွာ…”
မောင်တိုးလည်း သေချာကြည့်ပြီးနောက်
သူငယ်ချင်းဖြစ်သူကိုခေါ်၍
ပြန်လှည့်ထွက်လာခဲ့သည်။
နွားလှည်းဆီသို့ ပြန်ရောက်လာကြတော့…
“ဘာတွေ့ခဲ့လဲကွ…”
ဟု… သူတို့ပြန်အလာကိုမျှော်နေကြသော
ငတင်တို့ကမေးလေသည်။
မောင်တိုးကလှည်းပေါ်သို့ပြန်တက်လိုက်ပြီး…
“ဘာမှမတွေ့ပါဘူးကွာ…ဒီတိုင်းပါပဲ”
“မသိပါဘူးကွာ…မင်းကအလောတကြီး
လိုက်ကြည့်တာဆိုတော့ ဘာများလဲလို့…”
ကျော်သန်း၏စကားကိုမောင်တိုးမည်သည်မှ
ပြန်မပြောဘဲပြုံးရုံသာပြုံးပြီး လှည်းကိုထိုနေရာမှ
မောင်းထွက်လာခဲ့တော့သည်။
ခပ်လှမ်းလှမ်းသို့မောင်းလာခဲ့ပြီး
မိုးကအတော်လေးချုပ်စပြုလာပြီဖြစ်၏။
လရောင်အောက်၌ မောင်းနှင်နေသည်မလို့ ပတ်ဝန်းကျင်ကို
ရှင်းရှင်းလင်းလင်းမြင်ရပေသည်။
လှည်းလမ်းနှင့်မဝေးသောဘေးဘယ်ညာမှာလည်း
ခြုံပင်…နွယ်ပင်တို့သာ ပေါက်ရောက်နေသော
ကွင်းပြင်ကျယ်များသာဖြစ်၏။
“ဟေ့…ဆိုင်းသံတွေကြားကြသလားကွ”
ငစိုးက နားစွင့်နေရင်းမှကျန်လူများကိုမေးလေသည်။
“အေး…ကြားတယ်ဟ…
အသံကအတော်ကျယ်တာပဲ…
ကြည့်ရတာဒီအနီးအနားကရွာမှာ ဇာတ်ပွဲရှိပုံရတယ်”
“ဒီလိုဆို…ဝင်ကြည့်ကြရအောင်ကွာ…
ငါက ဇာတ်ပွဲဆိုရင်တော့ ကြည့်ချင်တယ်ကွ…”
“ဟုတ်တယ်…ငတင်ပြောသလိုပဲ…
ငါလည်းကြည့်ချင်တယ်ကွ”
ငတင်နှင့်ငလုံးတို့က အတိုင်အဖောက်ညီစွာပြောလိုက်သည်။
“အေးလေ…မင်းတို့ကြည့်ချင်တယ်ဆိုရင်လည်း
ကြည့်ကြတာပေါ့…”
ဟု…မောင်တိုးကလည်းသဘောတူလိုက်သည်။
ထိုသို့ဖြင့်သူတို့နွားလှည်းလေးသည် ဆိုင်းသံများကြားရာ
ရွာဆီသို့ဦးတည်၍မောင်းလာခဲ့၏။
ရွာဆီသို့မရောက်မှီ…
“ဟ…ဟိုမှာ…လှည်းလမ်းပေါ်မှာ
လူတစ်​ယောက်ထိုင်နေတာပါလားကွ…”
မောင်တိုးစကား​ကြောင့် သူငယ်ချင်းများကလည်း
လှမ်း၍ကြည့်ကုန်ကြသည်။
“အေး…ဆံပင်ကအရှည်ကြီးနဲ့ပုဆိုးကြီးကို
တိုတိုတုတ်တုတ်ဝတ်ထားတာကွ…
ဗလကလည်းခပ်တောင့်တောင့်ဆိုတော့ ကြည့်ရတာ
လူကောင်းမှဟုတ်ရဲ့လားကွာ…”
ဟု…ငလုံးကပြောလိုက်တော့ကျန်လူများကလည်း
ထောက်ခံကြလေသည်။
သူတို့ပြောနေသောလှည်းလမ်းကြောင်းပေါ်ရှိလူကလည်း
အပေါ်ပိုင်းအဝတ်ဗလာနှင့်ဖြစ်ပြီးအောက်ပိုင်းကိုတော့
ပုဆိုးအပြာကွက်ကြီးကိုပေါင်ပေါ်ထိတိုတိုပင်ဝတ်၍ထားသည်။
ထိုသူက သူ့ထံသို့တရွေ့ရွေ့လာနေသော နွားလှည်းကို
ဂရုမပြုဘဲ ထိုင်မြဲအတိုင်းထိုင်နေခဲ့၏။
ထိုသို့ထိုင်နေခြင်းကြောင့်မောင်တိုးလည်းနွားလှည်းကိုရပ်၍…
“ဟေ့….နောင်ကြီး…
လှည်းလာနေတာမမြင်ဖူးလားဗျ…
ဘေးကိုဖယ်ပေးဦးလေဗျာ…”
ဟု…လှည်းလမ်းပေါ်ရှိလူ ကြားစေလောက်သောအသံဖြင့်
ပြောလိုက်သည်။
မောင်တိုးအသံကြောင့်ထိုလူက မောင်တိုးတို့ဘက်ကို
လှည့်၍ ရုပ်တည်ကြီးဖြင့်စိုက်ကြည့်နေပြန်သည်။
“ဟေ့ကောင်တွေ…ဒီလူကကြည့်ရတာ
နားများကန်းနေတာလားမသိဘူးနော်…”
ဟု…ငစိုးကပြောလေတော့မောင်တိုးက…
“မင်းအသာနေစမ်းပါကွာ…
ဒီမှာနောင်ကြီး…ကျုပ်တို့လမ်းကိုကျေးဇူးပြုပြီး
ဖယ်ပေးပါနောင်ကြီးရာ…”
ဟု…ထပ်မံကာပြောလိုက်လေတော့ လှည်းလမ်းပေါ်ရှိလူက
ချက်ချင်းနေရာမှ ထ၍ နွားလှည်းအနီးဆီသို့လျှောက်လာခဲ့သည်။
“ငါတို့ကိုရန်များပြုမလို့လားမသိဘူးနော်…
သတိနဲ့နေကြဦးကွ”
ငတင်က မောင်တိုးတို့ကိုသတိပေးလိုက်သည်။
ဆံပင်ရှည်ကြီးနှင့်ဗလတောင့်တောင့်လူကလည်း
လှည်းပေါ်ရှိ မောင်တိုးတို့ကိုသေချာစူးစိုက်ကြည့်နေခဲ့၏။
ထိုလူ့အကြည့်ကြောင့်လည်း မောင်တိုးတို့မှာ
နေရခက်နေလေသည်။
ထိုစဥျ…
“မင်းတို့ငါးယောက်ထဲကဘွားမယ်စိန်ရဲ့
သားဆိုတာ ဘယ်သူလဲ…”
ဟု…ကိုဆံရှည်မှမေးလေတော့…
“ဘာ…ဘာလို့လဲခင်ဗျ”
ဟု…ငလုံးကပြန်မေးလိုက်သည်။
ဘွားမယ်စိန်အပေါ်၌ အခဲမကျေသူတစ်ဦးမှပြန်၍
လက်စားချေဖို့ရန်စောင့်နေသည်များလားဟု
သူတို့အားလုံးထင်နေကြသည်။
“လျှာမရှည်နဲ့…ဘယ်သူလဲသာပြော”
ဟု…ထပ်၍ပြောပြန်တော့ မောင်တိုးလည်း
ဖြစ်လာမည့်ကိစ္စကိုရင်ဆိုင်ပစ်မည်ဟုသောအတွေးဖြင့်…
“ကျုပ်ပဲ…”
ဟုဖြေလိုက်လေသည်။
ထိုကိုဆံရှည်ကလည်းမောင်တိုးကိုသေချာစိုက်ကြည့်ပြီး
ချက်ချင်းပင်လှည်းပေါ်သို့တက်ထိုင်လိုက်၏။
“ဟ…ဘာလို့လှည်းပေါ်တက်လာတာတုန်း”
“ဟေ့လူ…ခင်ဗျား ကျုပ်တို့လှည်းပေါ်ဘာလို့တက်တာတုန်း”
ဟု…ငလုံးနဲ့ငတင်တို့ကမေးကြသည်။
ကိုဆံရှည်ကတော့ သူတို့အမေးကိုဂရုစိုက်ဟန်မပြဘဲ
လှည်းပေါ်၌မိန့်မိန့်ကြီးထိုင်နေခဲ့၏။
ကိုဆံရှည်ကိုမောင်တိုးကစိုက်ကြည့်နေတော့…
“ဟိုကောင်ဘာကြည့်နေတာတုန်း…
မောင်းလေကွာ…”
ဟု..ကိုဆံရှည်ကပြောလိုက်သည်။
မောင်တိုးလည်းသက်ပြင်းကိုချ၍
လှည်းကိုဆက်မောင်းလာခဲ့၏။
သူ၏သူငယ်ချင်းများကတော့ ကိုဆံရှည်ကို
မကြည်ကြည့်များဖြင့် မျက်စောင်းခဲနေကြသည်။
ဒါကိုလည်းကိုဆံရှည်ကဂရုစိုက်ပုံမရ။
နွားလှည်းလေးကိုဆက်မောင်းလာရင်း
လမ်းဆုံလမ်းခွတစ်ခုဆီသို့ရောက်လာခဲ့၏။
လမ်းသွယ်တစ်ခုက သူတို့ရွာသို့ပြန်ရာလမ်းဖြစ်ပြီး
ကျန်လမ်းမှာက ဆိုင်းသံများထွက်ပေါ်နေသော
ရွာဆီသို့သွားရာလမ်းပင်ဖြစ်ပေသည်။
မောင်တိုးလည်း နွားလှည်းကိုဆိုင်းသံများကြားရာဆီသို့
ဦးတည်မောင်းဖို့ပြင်လေတော့…
“ဟေ့…အဲ့သည်လမ်းကမသွားနဲ့”
ဟု…ကိုဆံရှည်ကတားလိုက်သည်။
“ဘာလို့မသွားရမှာလဲ…
ကျုပ်တို့ကဇာတ်ပွဲသွားကြည့်မလို့”
ဟု…ငစိုးက ပြောလိုက်တော့ ကိုဆံရှည်ကငစိုးကို
စိုက်ကြည့်လေတော့ငစိုးမှာ
ကြက်သီးမွှေးများပင်ထလာပြီး ကိုဆံရှည်ကို
ရဲရဲပင်ပြန်မကြည့်ရဲတော့…။
ငတင်တို့ငလုံးတို့မှာလည်း ကိုဆံရှည်၏အကြည့်ကြီးကို
ကြောက်လာကြပြီးဘာစကားမှပင် ဝင်မပြောရဲကြပေ။
လှည်းနောက်ပိုင်း၌ကိုဆံရှည်ကထိုင်နေပြီး
သူတို့သည်ကလှည်းအရှေ့ပိုင်းသို့တိုးကပ်ထိုင်ကုန်ကြ၏။
အခြေအနေကိုသဘောပေါက်သော​ မောင်တိုးလည်း
ရွာသို့ပြန်ရာလမ်းကိုသာရွေး၍မောင်းလာခဲ့တော့သည်။
လှည်းမောင်းလာတာလည်းကြာတော့
မောင်တိုးပင်တဝါးဝါးသန်းနေပြီဖြစ်သည်။
ကျန်လူများကလည်းဘေး၌ခွေခွေလေးအိပ်ပျော်နေကြ၏။
မောင်တိုးနဲ့ကိုဆံရှည်သာ လှည်းပေါ်၌
ထိုင်လျှက်လိုက်လာခဲ့ကြသည်။
ကိုဆံရှည်ကလည်းရွာအထိလိုက်လာမည့်ပုံမလို့
မောင်တိုးလည်း ဘယ်မှာဆင်းမလဲမမေးဖြစ်ပေ။
သောင်ထွန်းရွာကိုနွားလှည်းဝင်လာတော့
အချိန်ကသန်းခေါင်ပင်ကျော်နေလေပြီ။
နွားလှည်းကိုမောင်တိုးကသူ့အိမ်ဝိုင်းအတွင်းသို့
မောင်းသွင်းလိုက်ပြီး…
“ကဲ…ရောက်ပြီဟေ့…ထကြတော့ကွ”
ဟု…သူ့သူငယ်ချင်းများကိုအော်ကာနိုးလေတော့
တဝါးဝါးသန်း၍ခေါင်းများထောင်ကာ ထလာခဲ့ကြသည်။
“ဟင်…ဟိုလူကဘယ်မှာဆင်းနေခဲ့တာလဲ”
“အေးနော်…သူ ဘယ်မှာဆင်းနေခဲ့တာလဲမသိဘူး”
ဟုသူငယ်ချင်းများကဝိုင်းမေးလေတော့
မောင်တိုးလည်းစဥ်းစား၍ပင်မရဖြစ်နေခဲ့သည်။
“ငါဒီအတိုင်း လမ်းမှာတောင် မရပ်ဘဲမောင်းလာခဲ့တာပါကွ…
သူ…ဘယ်မှာခုန်ဆင်းနေခဲ့သလဲတော့မသိပါဘူးကွာ…”
“ဟေ…”
မောင်တိုးစကားကြောင့်အားလုံးလည်း အံ့သြကုန်ကြသည်။
“ကဲ…မိုးလည်းချုပ်နေပြီ…
မင်းတို့လည်းကိုယ့်အိမ်ကိုယ်ပြန်ကြတော့”
“အေး…အေး…အေး…ဒါဆိုရင်မနက်မှပဲဆုံမယ်…
ပြန်ပြီဟေ့”
သူငယ်ချင်းများပြန်လေတော့ မောင်တိုးလည်း
နွားများကိုလှည်းမှချွတ်လိုက်သည်။
သူ့အတွေးများထဲတော့ကိုဆံရှည်၏မျက်နှာကို
မြင်ယောင်နေမိ၏။
သို့သော်နားမလည်ခြင်းများနဲ့သာဖြစ်နေခဲ့ရသည်။
နွားများကိုတင်းကုပ်သို့ထည့်ပေးပြီးနောက်
ခြေရေလက်ရေများဆေးကြောသန့်စင်ပြီး
အိပ်ရာဝင်ခဲ့၏။
နောက်တစ်နေ့နံနက်ရောက်တော့ မျက်နှာကို
ပြာပြာသလဲထသစ်ပြီး…အိမ်မှထွက်လေတော့…
“ဟဲ့ကောင်လေး… ထမင်းကြော်ထားတာမစားဘဲ
ဘယ်သွားမလို့တုန်း”
ဟုမိခင်ဖြစ်သူဒေါ်တာမှလှမ်းအော်ကာမေးလေသောအခါ…
“ဘွား အိမ်ကိုသွားမလို့အမေရေ…
ကျုပ်အပြန်မှပဲစားတော့မယ်ဗျို့”
ဟုပြောပြီးခြေလှမ်းကျဲကြီးများဖြင့်ထွက်လာခဲ့တော့သည်။
ဘွားမယ်စိန်အိမ်သို့ရောက်တော့
ဘွားမယ်စိန်က ကွပ်ပျစ်ခင်း၌
ထမင်းဆီဆမ်းနှင့်ပဲပြုတ်ကြော်ကို
ရေနွေးကြမ်းလေးဖြင့်သောက်ကာ စားနေခဲ့၏။
“ဟဲ့…ပြန်လာပြီလာမောင်တိုးရဲ့”
ဟု…ဒေါ်ဝင်းကမေးလေတော့…
“ကျုပ်ညကပဲပြန်ရောက်တာအရီး”
ဟုဖြေရင်းကွပ်ပျစ်ခင်း၌ဝင်ထိုင်လေသည်။
မောင်တိုးပုံစံက တစ်ခုခုထူးခြားနေသည်မလို့
ဒေါ်ဝင်းကအကဲခတ်နေခဲ့သည်။
“ဘွား…ကျုပ်ပြောပြစရာရှိလို့ပါ”
“ညကဘယ်အချိန်ပြန်ရောက်တာလဲကွဲ့”
“သန်းခေါင်ကျော်လောက်ပါ”
“လမ်းခရီးမှာအဆင်ပြေတယ်မဟုတ်လား”
ဟု…ဘွားမယ်စိန်ကထပ်မေးလေတော့….
“အဲ့သည်ကိစ္စပဲပြောမလို့ဗျ…
ကျုပ်တို့ညတုန်းက လူတစ်ယောက်နဲ့ဆုံခဲ့တယ်ဗျ…
အဲ့သည်လူက ကျုပ်ကိုဘွားမယ်စိန်သားလားလို့မေးနေတာ”
ဟုပြောလိုက်လေတော့ ဘွားမယ်စိန်သည်
ရေနွေးကြမ်းကိုမော့သောက်လိုက်ပြီး မျက်နှာကပြုံးနေခဲ့၏။
မောင်တိုးကဘွားမယ်စိန်၏အပြုံးကိုနားမလည်သလိုဖြင့်…
“ဘွား…အဲ့သည်လူကိုသိနေတာလား”
ဟုမေးလိုက်တော့ ဘွားမယ်စိန်ကခေါင်းညိတ်၍…
“သိတာပေါ့ကွယ်…အဲ့တာ အဲ့သည်နယ်က
ကွင်းပိုင်လေ…”
“ဗျာ…ကွင်းပိုင်…ဘာတွေလဲဘွားရဲ့…
ကျုပ်နားကိုမလည်တော့ဘူး”
မောင်တိုးကအူလည်လည်ဖြင့်ထပ်မေးလေတော့
ဒေါ်ဝင်းနဲ့နန်းကြိုင်တို့ကလည်းဘွားမယ်စိန်ပြောမည့်စကားကို
သိချင်နေကြသည်။
“ညတုန်းက…ဘွားတရားထိုင်နေရင်းနဲ့
ဘွားရဲ့အာရုံထဲမှာ မောင်ရင်ဒုက္ခရောက်နေတယ်လို့
မြင်ရတယ်…
အဲ့တာကြောင့်မောင်ရင်တို့ရောက်နေတဲ့နေရာက…
တောပိုင်…တောင်ပိုင်…ကွင်းပိုင်တွေကိုမေတ္တာပို့ပေး
ပြီးအကူညီတောင်းထားရတာကွဲ့”
“ဗျာ…ကျုပ်ဒုက္ခရောက်နေတယ်…
မနေ့ညတုန်းကအကုန်အဆင်ပြေပါတယ်ဘွားရဲ့”
“အင်း…မောင််ရင်ကတော့ထင်မှာပေါ့…
ဘွားရဲ့အာရုံထဲမှာတော့ မောင်ရင်နဲ့
မောင်ရင့်သူငယ်ချင်းတွေက
ဇာတ်ပွဲတစ်ပွဲကို​ကြည့်နေကြတာကွဲ့…
အဲ့သည်ဇာတ်ပွဲမှာပဲ ရွာသားတွေနဲ့ခိုက်ရန်ဖြစ်ပြီး
ရိုက်ကျနှက်ကျနဲ့…
နောက်ဆုံး မောင်ရင်တို့တွေအားလုံး
သွေးတွေနဲ့လဲနေတယ်လို့မြင်ရတာပဲကွဲ့…
ဒါ့ကြောင့်လည်းဘွားဘက်ကလုပ်ပေးသင့်တာကို
လုပ်ပေးခဲ့တာပါ…”
“ဘုရား…ဘုရား…ဘုရား…
တော်ပါသေးရဲ့ဗျာ…
ဒီလိုဆိုရင်တော့ညက ကျုပ်တို့
လှည်းပေါ်လိုက်လာတဲ့သူက လူမဟုတ်ဖူးပေါ့နော်…”
“ဟယ်…ဒီကောင်လေး…ဝေးပါ့တော်…
ကွင်းပိုင်ဆိုမှတော့လူဟုတ်ပါ့မလား”
မောင်တိုးကိုဒေါ်ဝင်းကစိတ်မရှည်စွာဝင်ပြောလိုက်သည်။
ထိုအခါမှမောင်တိုးလည်းပြုံးသွားခဲ့ပြီး…
“ကျုပ်ဖြင့်ဘွားကိုကျေးဇူးတင်လိုက်တာဗျာ…
တော်သေးတာပေါ့ ဘွားကူညီပေလို့…
မဟုတ်ရင်တော့ကျုပ်အဖြစ်ကတော့တွေး…
မတွေးရဲစရာပဲ…
အဲ့…ဒါနဲ့ပြောရဦးမယ်ဗျ…
ကျုပ်တို့အဲ့သည်လူနဲ့မဆုံသေးခင်
လမ်းမှာအပေါ့ဆင်းသွားတော့​ တောင်ပို့တစ်ခုနဲ့
မြေကွက်လပ်ကြီးတစ်ခုကိုတွေ့ခဲ့ရသေးတယ်…
ဘွားနောက်ကိုလိုက်​နေကြဆိုတော့ ကျုပ်လည်း
လမ်းခရီးမှာအဆင်ပြေဖို့ဆုတောင်းမိသေးတယ်…
နောက်ပြီး…
ဟဲ…ဟဲ…ရယ်တော့ရယ်ရသားဗျ….
ဟိုကောင်တွေလေ..ဘွားရဲ့ကွင်းပိုင်ကိုဆံရှည်ကြီးကို
ပြန်တောင်မပြောရဲကြဘူးဗျ…
ကိုဆံရှည်ကရွာလမ်းကိုပဲ မောင်းလို့ပြောတာနဲ့
အသာလေးငြိမ်ကုပ်လိုက်လာကြတာ
ရွာကိုရောက်တဲ့အထိပဲဗျ…
အခုအကြောင်းသာ သူတို့ကိုပြောပြလိုက်ရင်
ဘယ်​လောက်တောင်ကြောက်နေကြမလဲမသိဘူး”
ဟုမောင်တိုးကရယ်ရယ်မောမောပြောလေတော့
ဒေါ်ဝင်းကလည်း…
“နင်တို့ကလေ…တကယ့်ငပွေးကောင်လေးတွေ…
တော်သေးတာပေါ့ဟယ်…”
ဟုပြောလေသည်။
ထိုသို့ဖြင့်မောင်တိုးတစ်ယောက်ဘွားမယ်စိန်၏ကူညီမှုကြောင့်
မည်သည့်ဘေးဒုက္ခမှမကြုံခဲ့ရခြင်းဖြစ်သည်။
ကိုဆံရှည်ဟုသူတို့ခေါ်သောကွင်းပိုင်ကြီးအကြောင်းမှာလည်း
မောင်တိုးတို့ကာလသားများပါးစပ်ဖျား၌
အတော်လေးနာမည်ကြီးခဲ့၏။
“မင်းတို့သာအဲ့သည်ညက ကိုဆံရှည်နဲ့ဆုံခဲ့မယ်ဆိုရင်လေ…
ကြောက်သေးတွေတောင်ထွက်ကျမလားမသိဘူး…
သူ့အကြည့်ကြီးတွေကသိပ်ကြောက်ဖို့ကောင်းတာကွ”
ဟု…ငလုံးတို့က သတ္တခဲများပမာ…
ကျန်ရွာသားများကိုပြောပြနေကြတော့သည်။
ထိုသို့ဖြင့် စာမူလေးလည်းပြီးဆုံးသွားပါသည်။
ယဥ်မင်း(ကန့်ဘလူ)