သက်ဆိုင်သည်မို့
ချိုသည် ခါးသည် ဘွားမယ်စိန်မပြောခဲ့ပေ။
ထိုသို့နေရင်းဖြင့် တစ်ရက်၌ ဘွားမယ်စိန်ထံသို့ ရွာ၏
ကာလသားခေါင်းဆောင်မောင်အုန်းနှင့် မောင်တိုး
တို့နှစ်ယောက် ရောက်ရှိလာခဲ့ကြသည်။
“ကျုပ်တို့က ဘွား ဘုန်းကြီးကျောင်းဆီကို
သွားများနေသလားလို့ …တော်သေးတာပေါ့ဗျာ
အိမ်မှာရှိနေလို့ မဟုတ်ရင်ကျောင်းဆီကို
ကျုပ်တို့လိုက်လာခဲ့ကြမလို့”
မောင်အုန်းသည်စကားပြောရင်း
ဘွားမယ်စိန်ထိုင်နေသော ကွပ်ပျစ်၌ဝင်၍ထိုင်လေသည်။
နောက်ပါးမှလိုက်လာသော
မောင်တိုးသည်လည်း ကွပ်ပျစ်ခင်းသို့ဝင်ကာထိုင်၏။
ဘွားမယ်စိန်က သူတို့နှစ်ယောက်အားကြည့်၍…
“အေး…ဘွား အစောကမှကျောင်းကပြန်ရောက်တယ်လေ…
သီလယူပြီးပြန်လာတာပေါ့မောင်ရင်ရဲ့…
နေပါဦး မောင်ရင်တို့ကဘာအကြောင်းများထူးကြလို့တုန်းကွဲ့”
ဘွားမယ်စိန်အမေးအား မောင်အုန်းက…
“ဆရာသာဝအကြောင်းဘွားကြားတယ်မို့လားဗျ”
“ဆရာသာဝဆိုတာ အခုနာမည်ကြီးနေတဲ့
ဆရာကိုပြောတာလားမောင်ရင်”
“ဟုတ်တယ်လေဘွားရဲ့…သူ့နာမည်ကဆရာသာဝတဲ့
ပြောရရင် မှော်အောင်သာဝပေါ့ဗျာ….”
“ဟေ…မှော်အောင်သာဝဟုတ်သလား….
သူကဘာမှော်တွေအောင်သတုန်းဟဲ့”
“အဲ့တာတော့ကျုပ်တို့လည်း မသိဘူးဗျ…
အခု ကျုပ်တို့ဘွားဆီကိုလာတာကလည်း
သူ့အကြောင်းတွေကို
ဘွားသိအောင်ကျုပ်ပြောပြချင်လို့ပဲဗျာ”
“အင်း…ဘွားသိရမယ့်အကြောင်းတော့ရှိကိုရှိမှာပေါ့မောင်ရင်”
“ရှိတာပေါ့ ဘွားရဲ့….အခုကျုပ်ပြောတာကို
ဘွားနားထောင်ပြီးရင်သိပါလိမ့်မယ်”
“ဟုတ်ပြီမောင်ရင်…ဒါဆိုမောင်ရင်ပြောစရာရှိတာကိုသာ
ပြောပေတော့ ဘွားနားထောင်မယ်”
ထိုအခါ…
မောင်အုန်းသည် သူပြောလိုသည်များကိုဘွားမယ်စိန်အား
ပြောပြတော့၏။
“ဒီလိုဗျ…တလောက ကျုပ် ရွာသစ်ရွာက
ကျုပ်သူငယ်ချင်းခင်မောင်ကြည်တို့အိမ်ကို
ရောက်ဖြစ်တယ်…
ဖြစ်ချင်တော့ဗျာ…ဒီကောင့်အိမ်မှာ
အဲ့ဆရာကရောက်နေခဲ့တာဗျ….ခင်မောင်ကြည်တို့ကလည်းရွာသစ်မှာ လူချမ်းသာတွေဆိုတော့
ဒီဆရာကို ဧည့်ခံထားတာပေါ့ဘွားရာ
ဆရာသာပြောတယ်ဗျ အသက်က ကျုပ်တို့လောက်ပဲ လူပုံက အသားဖြူဖြူ ဥပတိခပ်ကောင်းကောင်းပဲဗျ…
အယ်…ပြောရဦးမယ်ဗျာ…သူက အပေါ်ဖြူအောက်ဖြူပဲဝတ်တာကျန်တဲ့အရောင်ပါတဲ့အဝတ်အစားတစ်ခုမှဝတ်တာ
ကျုပ်မမြင်ဘူးဘူး…
ကျုပ်ကလည်း ဒီဆရာအကြောင်းသိချင်တာနဲ့ ခင်မောင်ကြည်အိမ်မှာနေလိုက်သေးတယ်လေ…အဲ့မှာပဲကျုပ်သိရတယ်ဗျို့…
မနက်ဆို ဒီဆရာက ဘုရားခန်းထဲမှာပဲအချိန်ကုန်တယ်…
နေမွန်းပြီဆိုတော့မှ သူ့ဆီကုသဖို့လာတဲ့သူတွေကိုထွက်တွေ့ပြီး
ကုသပေးတာဗျ…
သူကုသပေးတာကျုပ်ဖြင့်ကြည့်ရတာ စိတ်ဝင်စားချက်ဗျာ…
လူနာက ဘာဖြစ်တယ်ဆိုတာမပြောခင်သူကအရင်
ခင်ဗျားဘာရောဂါဖြစ်နေတယ်မလားဆိုပြီး
တန်းပြောတယ်ဗျ….
အဲ့လို ပြောပြီးရင်လည်း…”ဟဲ့..ဆေးစောင့် သူ့အတွက်ဆေးစီရင်ပေးစမ်း”ဆိုပြီးလက်ညိုးငေါက်ငေါက်ထိုး
တစ်ခွန်းပဲပြောလိုက်တာ…အဲ့လိုပြောပြီးခဏပဲဗျာ
ဘယ်ကဘယ်လိုရောက်လာတဲ့ဆေးတွေလည်းမသိပါဘူး…
အဲ့ဆရာရဲ့လက်ဝါးထဲကပေါ်လာခဲ့တာကို
ကျုပ်သေချာမြင်တယ်ဗျ…
အဲ့မှာတင် သူကလူနာကိုဆေးသောက်ခိုင်းတာပဲ…
ပြောရဦးမယ်ဗျ …ဆေးတွေထဲမှာ အင်းစက္ကူတစ်ခုပါတယ် အဲ့အင်းစက္ကူကိုကျတော့ သူကမီးရှို့ပြာချပြီးရေခွက်ထဲထည့်လိုက်သေးတာ…အဲ့ရေခွက်ထဲထည့်ထားတာကိုမှ
သူ့ရဲ့လက်ညိုးနဲ့မွှေပေးသေးတာဗျို့…
အဲ့လိုလုပ်ပြီးတော့မှ
သူကလူနာကိုသောက်ခိုင်းလိုက်တာဘွားရဲ့…
လူနာကလည်းသူပြောသလိုပဲသောက်လိုက်တာပေါ့။
မကြာပါဘူး ဆေးလည်းသောက်ပြီးရော
သူခံစားနေရတဲ့ရောဂါတွေသက်သာသွားပါပြီဆိုပြီး
ဆရာသာဝကို ဝမ်းသာအားရကန်တော့ တော့တာပဲ”
မောင်အုန်းသည် သူတွေ့မြင်ခဲ့ရသော ဆရာသာဝအကြောင်းအားပြောပြလေသည်။
ပြောပြအပြီးမောသွားဟန်တူသည် မောင်တိုးငှဲ့ထားသောရေနွေးကြမ်းခွက်အား မော့ယူ၍သောက်လိုက်လေသည်။
ဘွားမယ်စိန်သည် မောင်အုန်းပြောသောအကြောင်းအရာအား
တွေးတောရင်းမှ…
“အကြောင်းကဒီမှာပြီးပြီလား မောင်ရင်…
မောင်ရင်မှာပြောစရာကိစ္စရှိနေသေးတယ်လို့ဘွားထင်တယ်”
ဟု…ပြောလိုက်သော အခါ မောင်အုန်းက ခေါင်းငြိမ့်၏။
“ကျုပ်ပြောစရာရှိသေးတယ်ဘွား…ဒီဆရာသာဝက
ရောဂါကုတဲ့နေရာမှာတော်လွန်းပါတယ်… ဒါပေမယ့်
ဒီဆရာရဲ့အကြည့်ကမရိုးသားဘူးဗျ…အခြားသူအပေါ်တော့မဟုတ်ပါဘူး…ကျုပ်သူငယ်ချင်း ခင်မောင်ကြည်ရဲ့ ညီမ
အေးကြည်မအပေါ်ဆို
သူ့မျက်လုံးတွေကအရောင်တောက်ချက်ဗျာ”
“အေးကြည်မကဘယ်အရွယ်တုန်း မောင်ရင်ရဲ့”
“အေးကြည်မက ရှိလှ အသက်နှစ်ဆယ်ငါးလောက်ပေါ့
ဘွားရဲ့…
အခု အဲ့ဆရာက အေးကြည်မကို အတင်းရောနေတာ…
အေးကြည်မကို သူ့အစ်ကိုခင်မောင်ကြည်က
သူ့အဒေါ်အိမ်မှာပဲသွားနေခိုင်းရတယ်ဗျ…”
“အင်း…ဒါဆို ဒီဆရာက မလွယ်ပါလား…”
“ဟုတ်တယ်ဗျ…ဒီဆရာကအတော်မလွယ်တာ…ကျုပ်သူငယ်ချင်းကို ဒီကောင်ကမကြည်ဘူးဖြစ်နေတာ…ကျုပ်သူငယ်ချင်း ခင်မောင်ကြည်ကလည်းဒင်းကိုမကောင်းတတ်လို့ အိမ်မှာဆက်ထားရတာဗျ…အဲ့လိုနေရင်း အခု အဲ့ဆရာသာဝက ကျုပ်သူငယ်ချင်းကို…သူနဲ့အေးကြည်မကို လက်ထပ်ပေးဖို့
လက်မထပ်ပေးရင် သူ့ပညာနဲ့ရအောင်ယူမယ်ဆိုပြီး
ချိန်းခြောက်တယ်တဲ့…
ခင်မောင်ကြည်ကျုပ်ကိုပြောပြတုန်းကဆို
ဒင်းကိုကျုပ်သတ်ချင်လိုက်တာဗျာ…
ဒင်းပညာတွေကျုပ်မတတ်လို့သာပေါ့”
မောင်အုန်းသည် သူငယ်ချင်းဖြစ်သူအတွက်
ကြိတ်မနိုင်ခဲမရ ဖြစ်ကာပြောလေသည်။
ဘွားမယ်စိန်သည်လည်း မောင်အုန်းပြောသမျှကိုနားထောင်ရင်းမှ သူ၏မျက်လုံးများအားမှိတ်လိုက်၏။
ထိုသို့ခဏကြာလေတော့
ဘွားမယ်စိန်မျက်လုံးများပြန်ဖွင့်လိုက်သည်။
မျက်လုံးဖွင့်အပြီး…
“မောင်ရင်တို့ ဒီညမှာထူးခြားလိမ့်မယ်ကွဲ့…
ဘာလို့ဆို မောင်ရင်ပြောတဲ့ ဆရာသာဝဆိုတဲ့ကောင်က
အေးကြည်မကိုအရခိုးလိမ့်မယ်”
“ဗျာ…”
“ဟင်…”
“ဟုတ်တယ်…ဒင်းကဒီည အေးကြည်မကို
သူ့ရဲ့ပညာနဲ့အရခိုးလိမ့်မယ်”
“ဒါဆို…ကျုပ်တို့ ကျုပ်သူငယ်ချင်းကိုသွားပြောရမှာပေါ့ဘွား”
ဟု…မောင်အုန်းကအလျှင်စလိုပြောလေရာ
ဘွားမယ်စိန်က လက်ကာပြရင်း…
“ပြောလို့မဖြစ်ဘူးမောင်ရင်…မောင်ရင်တို့ပြောရင်
ဒင်းရဲ့ပညာနဲ့ကြားပြီး အစီအစဥ်ပြောင်းသွားလိမ့်မယ်…
ဒီတော့ ဘွားတို့ကပဲသူ့ကိုတားဖို့စီစဥ်မှဖြစ်လိမ့်မယ်”
“ဟုတ်ကဲ့ဘွား…ကျုပ်တို့ဘာတွေလုပ်ရမလဲ”
“အင်း…
မောင်ရင်ပြောတဲ့ဆရာသာဝဆိုတဲ့ကောင်က
အေးကြည်မကို သူ့ရဲ့ပညာနဲ့ညို့ထားပြီးပြီကွဲ့…
ဒီနေ့ည နှစ်ချက်တီးတာတဲ့
ရွာအနောက်ပိုင်းကိုလာခဲ့ဖို့လည်း အေးကြည်မကို
လက်ညိုးငေါက်ငေါက်ထိုးအမိန့်ပေးသွားခဲ့ပြီ…
အဲ့တော့အေးကြည်မကလည်း
သူအမိန့်အတိုင်းလာခဲ့လိမ့်မယ်…
အဲ့တာပြီးရင် ဒင်းကအေးကြည်မကိုခေါ်ပြီးရွာကနေ အပြီး
ထွက်ပြေးသွားတော့မှာလေ။
အဲ့အချိန်တစ်ရွာလုံးကလည်း ဘယ်သူမှသိကြမှာမဟုတ်ဘူး။
ဘာလို့ဆိုဒင်းကရွာသစ်တစ်ရွာလုံးကို အိပ်ငွေ့ချထားခဲ့လို့ပဲ။
အဲ့တော့ ဘွားတို့က ရွာသစ်အနောက်ပိုင်းက ဝါးတောကနေ
ဒင်းကိုအသင့်စောင့်နေရလိမ့်မယ်…
တစ်ခုက အဲ့ဝါးတောမှာ
ဘွားရယ် မောင်တိုးရယ်ပဲရှိနေလိမ့်မယ်…
မောင်ရင်ကတော့
သူရွာကထွက်တာနဲ့ မောင်ခင်မောင်ကြည်တို့ဆီကိုအရောက်သွားပြီးဘွားပေးလိုက်မယ့်ရေမန်းတွေဖြန်းပေး…
ပြီးရင်ဖြင့်သူတို့တွေကိုဘွားတို့ရှိရာဆီကို ခေါ်လာခဲ့ပေးပေါ့”
“ဒါတော့ ကျုပ်လုပ်နိုင်ပါတယ်ဗျာ…
ဒါပေမယ့် ဘွားတို့နှစ်ယောက်ထဲ အဆင်ပြေပါ့မလား”
“ရပါတယ်ကွယ်…အဲ့အတွက်မပူလေနဲ့
ဘွားတို့အဆင်ပြေပါတယ်”
“ဟုတ်တယ်ကိုကြီးအုန်း စိတ်ချပါဗျာ…
ကျုပ်ကတော့ သူ့လိုမတတ်ပေမယ့်
ကျုပ်ဓားနဲ့ဒင်းကိုရအောင်ပိုင်းပြီး
ဘွားတို့ကိုကာကွယ်ပေးမှာပါ”
“အေးကွာ…ဒါဆိုလည်းစိတ်ချပါတယ်”
ထိုသို့ဖြင့် ဘွားမယ်စိန်နှင့် မောင်အုန်းတို့အစီအစဥ်ဆွဲခြင်းအောင်မြင်သွားတော့သည်။
ထိုအစီစဥ်အားအကောင်အထည်ဖော်ဖို့ရန်သာကျန်ရှိတော့၏။
******************************
လသည် တိမ်များကြားမှ ထွန်းလင်းနေခဲ့သည်။
ညသည်လည်း တစတစတိတ်ဆိတ်မှောင်မိုက်၍လာခဲ့၏။
အချိန်သည်ကားဖြင့် နှစ်ချက်တီးပေတော့မည်။
ရွာသစ်ရွာ အနောက်ပိုင်းရှိ ဝါးတော၌မှာကား ဘွားမယ်စိန်နှင့်မောင်တိုးတို့ရောက်ရှိနေကြလေပြီ။
မောင်အုန်းသည်ကား ရွာရှေ့ပိုင်း၌ရှိနေခဲ့ပြီး
ညနှစ်ချက်တီးသည်နှင့်ရွာထဲသို့ဝင်ပေလိမ့်မည်။
ဘွားမယ်စိန်နှင့်မောင်တိုး တို့သည်က
ရွာနောက်ပိုင်းမှထွက်ပေါ်လာမည့်
သကောင့်သားအားစောင့်မျှော်၍နေ ကြ၏။
ထိုသို့စောင့်နေခဲ့ကြရင်း
ညနှစ်ချက်တီးအချိန်သို့ရောက်လာခဲ့လေပြီ။
ထိုသို့ ဘွားမယ်စိန်တို့စောင့်ကြည့်နေရင်းမှ
မိန်းမပျိုတစ်ဦးသည် ရွာနောက်ပိုင်းသို့တရွေ့ရွေ့ရောက်ရှိလာခဲ့၏။
မိန်းမပျိုရောက်ပြီး မကြာခင်၌ အဖြူရောင်ဝတ်စုံအပြည့်ဝတ်ဆင်ကာ လွယ်အိတ်တစ်လုံးလွယ်ထားသော
ယောင်္ကျားသားတစ်ဦးလည်းရောက်ရှိလာခဲ့ပေသည်။
ထိုအမျိုးသား၏လက်ထဲ၌မီးတုတ်တစ်ချောင်းအား
ကိုင်ဆောင်ထားခဲ့ပြီး
မိန်းမပျိုအား ကျေနပ်ဝမ်းသာစွာစိုက်ကြည့်နေခဲ့၏။
မိန်းမပျိုသည်ကပြုံးရယ်ခြင်းမရှိတည်ငြိမ်လွန်းလှသည်။
ဆရာသာဝသည် မိန်းမပျိုအဖြစ်တလဲ ကြည့်၍
“ဟိတ်ကောင် ငနက် သူ့ကိုထမ်းခဲ့စမ်း”
ဟု အမိန့်တစ်ခုပေးလိုက်ပြန်သည်။
ထိုအခါ မည်သည်က ထွက်လာမှန်းမသိသော
မည်းမည်းကောင်ကြီးတစ်ကောင်ရောက်ရှိလာခဲ့ပြီး
မိန်းမပျိုအားထမ်းပိုးထားတော့သည်။
လရောင်အောက်၌ မီးတုတ်တစ်ချောင်းကိုင်ကာရှေ့မှသွားသော
ဝတ်စုံဖြူအမျိုးသားနှင့် နောက်မှမိန်းမပျိုအား ထမ်းပိုး၍လာသော မည်းမည်းကောင်ကြီးတို့သည် ဝါးတောဘက်ဆီသို့
ဦးတည်ကာ လာကြလေသည်။
အချိန်ကောင်းကိုမြင်သောဘွားမယ်စိန်သည်…
“ဘွားပြောမယ်မောင်ရင်…ဘွား ဒင်းတို့ကိုတိုက်ခိုက်နေတုန်း
မောင်ရင်က အေးကြည်မကို အလှစ်ဝင်ပြီးခပ်လှမ်းလှမ်းကိုသယ်သွားပေးရမယ်…အဲ့တာလေးကို မောင်ရင်လုပ်နိုင်မလား”
“ရတယ်ဘွား…ကျုပ်လုပ်မယ်”
“ဟုတ်ပြီ…ဒါဆို ဘွားထွက်သွားတုန်း
မောင်ရင်ပုန်းနေလိုက်ဦး
အချိန်ကောင်းကိုကြည့်ပြီးသာအေးကြည်မဆီ သွားပေတော့”
“ဟုတ်ကဲ့ဘွား”
မောင်တိုးသည် ဘွားမယ်စိန်စကားအတိုင်းပုန်းကွယ်၍နေ၏။
ဘွားမယ်စိန်သည် သူ၏တောင်ဝှေးအား လက်ထဲ၌ စုပ််ကိုင်ထားပြီး တရွေ့ရွေ့လာနေသော ဆရာသာဝတို့အား ကြည့်နေခဲ့လေသည်။
ဆရာသာဝတို့ ဘွားမယ်စိန်နှင့် အနည်းငယ်အကွာအဝေးအလို၌ ဘွားမယ်စိန်က ထိပ်တိုက်ပင်
ထွက်တွေ့တော့လေသည်။
ဘွားမယ်စိန်ကိုမြင်သောအခါ ရှေ့ဆုံးမှလာနေသော
ဆရာသာဝ၏ခြေလှမ်းများရပ်တန့်သွားလေသည်။
ခြေစုံရပ်တန့်ပြီးနောက် ဘွားမယ်စိန်အား ကြည့်ကာ…
“ဟဲ့…ငါ့အရှေ့ကဘာတုန်း…ဘယ်ကအဖျက်ဝင်တာတုန်းဟဲ့”
ဟု…ခပ်ကျယ်ကျယ်အော်ဟစ်လိုက်လေသည်။
ထိုအခါ ဘွားမယ်စိန်က သူ၏တောင်ဝှေးကို မြေပေါ်သို့ဆောင့်ချလိုက်ပြီး…
“ငါဟဲ့…ဘွားမယ်စိန်…နင်လိုကောင်ကို ငါကစောင့်နေခဲ့ရတာ
အခုတော့တွေ့ကြပြီပေါ့သာဝရဲ့”
“ဘွားမယ်စိန်…ဟုတ်စ…
ဟား…ဟားး…ဟားး…ဟားး…အိုကြီးအိုမက
ငါ့လိုမှော်သာဝကိုနိုင်မတဲ့လား…ပြောစမ်း…
ညည်းဘာလိုချင်သလဲ…
ညည်းလိုချင်တာရရင် ငါ့လမ်းကနေဘေးဖယ်ပေးမလား”
ဟု…သူ၏ပညာအစွမ်းအား
အထင်တကြီးဖြင့် ဘွားမယ်စိန်အား ပြောလိုက်လေသည်။
ထိုအခါ ဘွားမယ်စိန်သည် အပြုံးတစ်ချက်ဖြင့် ဆရာသာဝကိုကြည့်ကာ…
“ငါလိုချင်တာ နင့်အနောက်ကကောင်ရဲ့လက်ထဲက
မိန်းကလေးကိုပဲ…
နင်သာ သူ့ကိုငါ့လက်ထဲထည့်ပြီး ဒီရွာကနေ
အပြီးအပိုင်ထွက်သွားပေး…
ဒါဆိုရင်တော့ နင်သွားမယ့်လမ်းကိုငါဖယ်ပေးလိုက်မယ်”
“ဘာ…ဟားး…ဟားး…ဟားး…ဟားး…..ဟားး…
အဘွားကြီးကများ ငါ့အရေးကိုရှုပ်မယ်ပေါ့…
သာဝဆိုတဲ့ကောင်ကကိုယ်သွားမယ့် လမ်းမှာရှုပ်ရင်
ငရဲထိလိုက်သတ်တဲ့ကောင်ဆိုတာ မသိလေသလား…ဟမ်”
“အေး…ဒါဆိုရင် နင်သွားမယ့်ငရဲဆီတော့
ငါကိုယ်တိုင်ပို့ရမှာပေါ့လေ”
ဘွားမယ်စိန်နှင့်ဆရာသာဝတို့
သူတပြန်ငါတပြန်စကားသတ်နေကြလေပြီ။
တစ်ဦးနှင့်တစ်ဦးအကြည့်များကလည်း ခက်ထန်လို့နေခဲ့၏။
ဆရာသာဝ၏နောက်၌ ရှိသော
မည်းမည်းကောင်ကြီးကလည်း ရပ်တန့်၍
အခြေအနေကိုကြည့်နေသကဲ့သို့
မောင်တိုးသည်လည်း ပုန်းကွယ်နေရာမှအသံများအား
နားစွင့်၍နေခဲ့လေသည်။
“ကဲသာဝ…နင်ကလေးမကိုထားခဲ့မလား…ဒါမှမဟုတ်
နင်နဲ့ငါပညာခြင်းယှဥ်မလားနင်ရွေးပေတော့…”
“ရတယ်လေ…ငါ့နာမည်မှတ်ထား…
ရုက္ခစိုးမှော်အောင်တဲ့ မှော်အောင်သာဝတဲ့…”
ဆရာသာဝသည် မြေပေါ်၍ ခြေတစ်ဖက်ကိုစောင့်ချ၍ အော်ဟစ်လိုက်လေသည်။
ဘွားမယ််စိန်သည်ကား မည်သည်မှမလုပ်ဆောင်သေးဘဲ
ဆရာသာဝအား ကြည့်နေခဲ့၏။
ထို့သို့ကြည့်နေစဥ် ဆရာသာဝသည် သူ၏လက်ညိုးကိုထိုး၍…
“အဲ့ကောင်မကို အသေသတ်ကြစမ်း…”
ဟု ပြောလိုက်လေသည်။
ထိုသို့ပြောသံ၌ ဒေါသများကအပြည့်ပါ၏။
ဆရာသာဝ၏စကားအတိုင်းပင် ငြိမ်သက်နေသော ပတ်ဝန်းကျင်သည် လေများ တဝေါဝေါ တိုက်ခတ်လာခဲ့သည်။
ထိုလေများကြောင့် ဝါးတောတစ်ခါလုံးလွင့်ထွက်သွားတော့မတတ်လှုပ်ခါ၍နေခဲ့သည်။
ထိုအချိန်၌ပင် အသွားများ ချွန်ထက်နေသော ဝါးချွန်များသည် ဘွားမယ်စိန်ထံသို့ တန်းမတ်စွာ ပြေးဝင်လာခဲ့သည်။
ထိုဝါးချွန်များအားဘွားမယ်စိန်သည်
မည်သို့မှမကာကွယ်ထားဘဲ စူးစိုက်၍သာကြည့်နေခဲ့၏။
ဆရာသာဝသည်က ဘွားမယ်စိန်အား အထင်သေးသကဲ့သို့ အောင်နိုင်သူအပြုံးဖြင့်ကြည့်နေခဲ့၏။
သို့သော်…ဘွားမယ်စိန်ထံသို့ပြေးဝင်လာသော ဝါးချွန်များသည် ဘွားမယ်စိန်ဆီ၏ရှေ့သို့အရောက်မှာပင်
မြေပေါ်သို့ သက်ဆင်းငြိမ်သက်သွားခဲ့ကြလေသည်။
ထိုအဖြစ်အပျက်ကိုကြည့်နေသော ဆရာသာဝသည်
မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဘွားမယ်စိန်အား
တအံ့တသြကြည့်နေခဲ့ရှာ၏။
အချိန်ကောင်းကိုစောင့်ဆိုင်းနေသောဘွားမယ်စိန်သည်…
“နင့်ပညာလောက်နဲ့ငါ့ကိုစမ်းသလား သာဝ…နင်မှတ်ထား နင်ဘယ်ကျင့်စဥ်ပဲအောင်ထားအောင်ထား…နင့်လိုမကောင်းတဲ့နေရာမှာအသုံးချတဲ့ကောင်အတွက် လမ်းစဥ်က…ဒါပဲ”
ဟု…အားအပြည့်ပြောပြီး ဝါးချွန်တစ်ခုအား
တောင်ဝှေးဖြင့်ဆောင့်ခနဲထောက်ချလိုက်လေသည်။
ထိုသို့ထောက်ချသော ဝါးချွန်သည် ချက်ချင်းပင်
ဆရာသာဝ၏ရင်ဘက်ဆီသို့ပြေးဝင်ထိုးစိုက်၍သွားတော့၏။
“စွပ်…..”
“အင့်…”
“အဟွတ်….အဟွတ်….အွတ်…”
သတိမမူလိုက်၊ မတားဆီးနိုင်လိုက်သော ဆရာသာဝသည်
ပြူးကျယ်သောမျက်လုံးများဖြင့်
ဘွားမယ်စိန်အားစိုက်ကြည့်ပြီးနောက်
မြေပေါ်သို့လဲကျသွားခဲ့တော့၏။
လဲကျပြီးနောက်တစ်ချက်မျှမလှုပ်ငြိမ်သက်၍သွားတော့သည်။
ဆရာသာဝလဲကျသွားသည်ကိုမြင်လိုက်သော
မည်းမည်းကောင်ကြီးသည်လည်း အေးကြည်မအားမြေပေါ်
သို့ချခဲ့ပြီး ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။
အသံများတိတ်ဆိတ်သွားသောအခါ မောင်တိုးသည်လည်း ပုန်းကွယ်နေရာမှထွက်လာခဲ့၏။
မြေပေါ်၌လဲကျနေသော
အေးကြည်မအား ဘွားမယ်စိန်ရပ်နေသောနေရာဆီသို့ ပွေ့ချီ၍ခေါ်လာပေးလေသည်။
ဘွားမယ်စိန်သည် သတိမေ့မြောနေသော အေးကြည်မ၏ခေါင်းအား သူ၏လက်ဖြင့် ဖိကိုင်ပြီး
ဂါထာအချို့အားရွတ်ဆိုလိုက်သည်။
ထိုဂါထာရွတ်အပြီး၌…
“ကဲ…ခဏနေရင် သူသတိလည်လာလိမ့်မယ်…
အခုတော့ ဘွားတို့တွေ
ရွာကလူတွေအလာကိုပဲစောင့်နေကြယုံပေါ့”
ဘွားမယ်စိန်နှင့်မောင်တိုးတို့သည် ဝါးချွန်တန်းလန်းဖြင့်
သေဆုံးနေသော ဆရာသာဝနှင့် သတိမလည်လာသေးသော
အေးကြည်မတို့အား ကြည့်ရင်း ရွာမှလူများအလာကို
စောင့်ဆိုင်းနေခဲ့ကြလေသည်။
ထိုသို့စောင့်ဆိုင်းနေစဥ် မောင်တိုးမှ…
“ဘွား…အစောက ကျုပ်ကြားလိုက်တဲ့
ရုက္ခစိုးမှော်ကျင့်စဥ်ဆိုတာ ဘာများလဲဘွားရဲ့”
ဟု…မေးလေသည်။
ထိုအခါ ဘွားမယ်စိန်က သေဆုံးနေသောဆရာသာဝအားကြည့်ကာ…
“ရုက္ခစိုးမှော်ကျင့်စဥ်ဆိုတာ ကျင့်စဥ်တစ်ခုပဲကွဲ့…အဲ့ကျင့်စဥ်အောင်မြင်တဲ့သူက လက်နဲ့မယူဘဲ လက်ညိုးထိုးခိုင်းယုံနဲ့
ဘယ်ပစ္စည်းမဆိုအနားရောက်အောင်ယူနိုင်စွမ်းရှိတယ်…
လူတစ်ယောက်ရဲ့အကြောင်းက်ိုလည်း ဟောနိုင်ပြောနိုင်တယ်…
နောက်တစ်ခုက…မှော်စွမ်းအားရှင်လိုပဲ
သူ့ရဲ့ တန်ခိုးကလည်းရှိတာပေါ့ကွယ်…
အေး…အဲ့လိုအစွမ်းတွေပိုင်ဆိုင်ပြီး
အဲ့အစွမ်းနဲ့မကောင်းတာလုပ်ပြီဆိုရင်လည်း သေရင်
ရုက္ခစိုးရဲ့ခိုင်းဘက်ဖြစ်တယ်…
သေတိုင်းတောရုက္ခစိုးခိုင်းဘက်မဟုတ်ဘူးပေါ့…
အကုသိုလ်ကြီးတဲ့သူဆိုရင်တော့ဖြင် ငရဲကို
တန်းလားတာပေါ့ကွယ်…”
“ဟာ…ကျင့်စဥ်ရဲ့ကောင်းကျိုးကစွမ်းသလောက်…
ခံရတာကလည်းကြောက်စရာကြီးပါလားဘွားရယ်”
“ဒါပေါ့ကွယ်…ကောင်းတာလုပ်ရင်
အစောင့်အရှောက်ပေါများမယ်…
အေး…မကောင်းတာများ လုပ်ရင်တော့ဖြင့် အဲ့သည်လူကို
ငရဲကအသင့်စောင့်နေမှာပဲ……….”
ဘွားမယ်စိန်ပြောသည့်စကားအား မောင်တိုးတစ်ယောက်ခေါင်းလေးငြိမ့်ကာလက်ခံလိုက်လေသည်။
ခဏမျှကြာသောအခါမီးတုတ်များကိုင်ကာ
မောင်အုန်းတို့အဖွဲ့ ရောက်လာခဲ့ကြသည်။
မောင်အုန်းတို့ရောက်လာသောအခါ၌ သေဆုံးနေသော
ဆရာသာဝ၏အလောင်းအားတွေ့သွားကြတော့သည်။
ထိုအခါ ဘွားမယ်စိန်က…
“ကဲ…မောင်ရင်တို့ မကောင်းတဲ့သူကတော့ သူရဲ့လားရာကိုသွားပြီ…တို့များကောင်းတဲ့လူတွေက
သူ့ရဲ့ကျန်တဲ့ခန္ဓာကိုယ်ကို မြုပ်နှံပေးလိုက်ကြတာပေါ့”
“ဟုတ်ကဲ့ဘွား…ကျုပ်သူတို့ကို
ဒီဖြစ်တဲ့အကြောင်းတွေအကုန်ပြောပြခဲ့ပြီးသားပါ…
ကျန်တဲ့ကိစ္စတွေကျုပ်တို့
ဆက်လုပ်လိုက်ပါ့မယ်”
“အေးကွယ်…အေး…အေး…”
ထိုသို့ဖြင့် ဆရာသာဝ၏အလောင်းအား မြေသို့မြုပ်နှံကာ ကိစ္စရှင်းပေးလိုက်ကြတော့၏။
ပြီးပါပြီ။
ရုက္ခစိုးမှော်ကျင့်စဥ်အကြောင်းအားသိချင်သူများအတွက်ဖော်ပြပေးလိုက်ပါသည်။
ရုက္ခစိုးမှော်ကျင့်စဉ်
ရုက္ခစိုးမှော်ကျင့်စဉ်အောင်မြင်ပါက လေထဲမှာပစ္စည်းများကိုယူပြနိုင်ခြင်း၊မိမိလိုခြင်းတဲကပစ္စည်းတိုင်းကိုယူနိုင်ခြင်း၊အကြားမြင်ကဲ့သို့ဟောပြောနိုင်ခြင်းစသည်မှော်ဆန်ဆန်တန်းခိုးကိုရရှိပါတယ်။မှော်ကျင့်စဉ်သည်မိမိစိတ်ကိုမနိုင်ပါက ရူးသွားနိုင်သည်။အသက်ပါပါသွားနိုင်သည်။မှော်တန်းခိုးကြောင့်အကုသိုလ်အလုပ်များလုပ်မိပါကသေရင်ရုက္ခစိုးခိုင်းဘက်ဖြစ်ယုံသာမကသေရင်ငရဲပါခံရမည်။ရုက္ခစိုးမှော်အောင်မြင်တိုင်းသေရင်ရုက္ခစိုးခိုင်းတာခံရတိုင်းမဟုတ်ပါ။မိမိကျင့်စဉ်မိမိလုပ်ရပ်တိုင်းသည်မိမိပေါ်သာမူတည်နေပါသည်
၁.အပေါ်အဖြူ အောက်အဖြူ အဝတ်အဖြူဝတ်ရပါမယ်
၂.မြတ်စွာဘုရားကိုရုက္ခစိုးကလှူ လို့ရအောင် သစ်သီး(၃)မျိုး
ပေးလှူ ရမယ်ပါမယ်
၃.ပန်း၊ရေ၊ဆီမီးတို့ကိုမြတ်စွာဘုရားကိုလှူဒါန်းရပါမယ်
၄.အဓိဌာန်ဝင်ဖို့ညောင်ပင်ရွှေးတဲ့အခါမှာ ကိုယ့်ရဲ့တေဇအရပ်
ဒါမှမဟုတ်သီရိအရပ်မှာပေါက်နေတဲ့သစ်ပင်ကြီးကြီးတပင်ကိုရွေးရပါမယ်
၅.ရက်ရာဇာဒါမှမဟုတ်အမြိတ္တစုတ်ရက်ကိုရွေးရပါမယ်
၆.အချိန်နာရီ က ညကိုးနာရီတိတိကနေ မနက် သုံးနာရီအထိဆိုပါဆို
အဲဒီအတိုင်းအချိန်မှန်ဝင်ရပါမယ်
၇.တကြိမ်ဝင်ရင်( ရ)ရက်နဲ့(၂၁)ရက်တိတိမပြတ်ဝင်ရပါမယ်
၈.ကိုယ်အဓိဌာန်ဝင်မယ့်သစ်ပင်ရဲ့(၇)တောင်အကွာကိုစိတ်နဲ့စက်ဝိုင်းဝိုင်းထားရမယ်အဲဒီစက်ဝိုင်းထဲမှာထိုင်ပြီးကျင့်စဉ်ကိုဝင်ရပါမယ်
အဓိဌာန်သတ်မှတ်ထားတဲ့အချိန်မရောက်မချင်းမပြီးမချင်း
အဲစက်ဝိုင်းထဲကအပြင်မထွက်ရပါဘူး
၉.ပထမဦးဆုံး
သမာဒေဝနတ်မင်းကြီးတွေ
စတုမဟာရာဇနတ်မင်းကြီးတွေဟေမဝန္တနတ်မင်းကြီး
အစရှိတဲ့နတ်မင်းကြီးတွေကိုပင့်ပြီးဘုရားရှိခိုးသီလခံယူမေတ္တာပို့ပါ
မေတ္တာသုတ်ကိုရွတ်ပါရုက္ခစိုးမှော်ဂါထါရွတ်ရပါမယ်အားလုံးကိစ္စ ဝိစ္စပြီးတာနဲ့နတ်မင်းကြီးတွေနဲ့ရက္ခစိုးကိုမေတ္တာပို့အမျှ ဝေရပါမယ်
၁၀.ညောင်ပင်အပင်ကြီး၉ပင်အဓိဌာန်ဝင်တာအခက်ခဲမရှိအောင်မြင်ပါကမှော်အောင်ပြီးဖြစ်ပါတယ်
အောက်ပါဂါထာကိုပုတီးစိတ်လည်းရပါတယ်ဂါထာအဆုံးပုတီးတစ်လုံးချပါ ၂၇ပတ် ၁၀ဂလုံးပုတီးနဲစိတ်လည်းရပါတယ်
မှော်မြင်ပါကရုက္ခစိုးစကားလာပြောပါမည်မိမိတစ်ယောက်ထဲကြားရပြီး ရုက္ခစိုးကိုမိမိတစ်ယောက်ထဲသာမြင်ရပါမည်။မှော်အောင်မြင်ခါနီးအလွန်ကိုအဖျက်များပါသည်။
ဆရာငြိမ်းချမ်းအောင်၏ရေးသားတင်ပြချက်အား
ဖော်ပြပေးလိုက်ပါသည်။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply