အိမ်ထဲသို့ဝင်လာခဲ့တော့သည်။
+++++++++++++++++++++++++
မြင့်ဌေးတွင် မိခင်ကြီး ဒေါ်သင်းခိုင်နှင့် စုပိုဟူသည့် ညီမတစ်ယောက်လည်း ရှိနေ
ပါသေးသည်။
နှစ်ယောက်စလုံးကလည်း ဝမ်းရေးအတွက် လယ်ယာရှင်တွေထံတွင် နေ့စားခဖြင့် အလုပ်လုပ်နေကြရသည်။
ယခုမူ ကိုဗစ်ကာလဖြစ်သည်မို့ လယ်ယာထဲသို့သိပ်မဆင်းဖြစ်တော့ချေ။
သို့သော် မြင့်ဌေးပြန်ရောက်လာပြီး တက္ကစီမောင်း၍စုထားသည့်ငွေကြေးလေးတွေဖြင့် စတင်သုံးစွဲခွင့်ရနေပြီမို့ အနည်းငယ်တော့ပြေလည်နေပါသေးသည်။
ဒါလည်း ရောဂါပိုးက မည်မျှအထိကြာနေအုံးမည်ဆိုတာမသိရတော့ အနည်းငယ်တော့ စိုးရိမ်နေရသေးသည်။
ဒေါ်သင်းခိုင်စိုးရိမ်နေသည်ကိုသိတော့ မြင့်ဌေးက
“အမေရာ ဘာမှစိုးရိမ်မနေစမ်းပါနဲ့။ညဘက်ကျွန်တော်တို့ ချိုး(ဂျိုး)ပစ်ရင် ပိုက်ဆံတွေရအုံးမှာပါ။ငွေကြေးအတွက်ပူမနေပါနဲ့”ဟု နှစ်သိမ့်သည်။
သို့ဖြင့် ညသန်းခေါင်အချိန်သို့ရောက်တော့ သိန်းစိန်နှင့်ကျော်ဦးရောက်လာသည်။
၎င်းတို့၏လက်ထဲတွင်လည်း လေးခွကိုယ်စီကိုယ်ဆောင်ထားသလိုလောက်စာလုံးများထည့်ထားသည့်လွယ်အိတ်ကိုလည်း ကိုယ်စီလွယ်ထားကြသည်။
“မြင့်ဌေး။လာ သွားကြရအောင်။မင်းအတွက်လည်း လေးခွတစ်လက်ပါလာတယ်”
ပြောရင်းဖြင့် သိန်းစိန်က လွယ်အိတ်ထဲမှ လေးခွတစ်လက်ကိုထုတ်ပေးသည်။
မြင့်ဌေးလည်း သိန်းစိန်ပေးသည့် လေးခွကိုယူလိုက်ပြီး သားရေကြိုးကိုဆွဲကြည့်သည်။
ပြီးနောက်
“အနေတော်ပဲ။ငါလည်းမပစ်တာကြာပြီဆိုတော့ ဒီညကစပြီး လက်တည့်ပြန်စမ်းရတာပေါ့”ဟုဆိုလိုက်သည်။
ထို့နောက် မိခင်ဘက်သို့လှည့်ပြီး
“အမေ။သားချိုး(ဂျိုး)သွားပစ်လိုက်အုံးမယ်”
“အေးအေး။မြွေပါးကင်းပါးလည်းဂရုစိုက်အုံး”
“ဟုတ်ကဲ့ပါဗျ”
မြင့်ဌေးတို့သုံးယောက်အိမ်ထဲမှထွက်လာခဲ့ကြသည်။
သို့ဖြင့် ရွာအနောက်ဘက်ခပ်လှမ်းလှမ်းရှိသင်္ချိုင်းထဲသို့ရောက်လာတော့ သစ်ပင်တွေပေါ်သို့ ဓာတ်မီးဖြင့်ထိုးကြည့်ရာ ချိုးငှက်အချို့ကိုတွေ့လိုက်ရသည်။
ထိုအခါ သိန်းစိန်က
“ရပြီဟေ့။ပစ်တော့”
ယင်းသို့ခပ်တိုးတိုးဆော်ဩတော့ မြင့်ဌေးနှင့် ကျော်ဦးလည်း လေးခွကိုယ်စီဖြင့် ထိုးချိုးငှက်တွေကိုပစ်ကြသည်။
“ဝှစ်”
“ဗုန်း’
လောက်စာလုံးက ချိုးငှက်၏ခန္ဓာကိုယ်ကိုမှန်ကာ အမွှေးတွေလည်း ဖွာထွက်သွားသည်။
ထို့အတူ ချိုးငှက်လည်း မြေပြင်ပေါ်သို့ပြုတ်ကျလာသည်။
‘ဘုတ်’
ကျော်ဦးက ထိုချိုးငှက်ကိုကောက်ကာ လွယ်အိတ်ထဲသို့ထည့်လိုက်သည်။
သိန်းစိန်က နောက်တစ်ကောင်ကို ဓာတ်မီးဖြင့်ထိုးပြပြန်လေရော မြင့်ဌေးက လှမ်းပစ်သည်။
ငှက်မပစ်တာကြာထားသည်မို့ ပထမတစ်ချက်လွဲသွားသည်။
သို့သော် နောက်တစ်ချက်မှာတော့ ချိုးငှက်၏ခေါင်းကိုတည့်တည့်ထိမှန်သည်။
‘ဗုန်း’
‘ဘုတ်’
ချိုးငှက်လည်း အမွှေးတွေဖွာသွားပြီး ပြုတ်ကျလာသည်။
ကျော်ဦးက ထိုချိုးငှက်ကိုကောက်ပြီး လွယ်အိတ်ထဲသို့ထည့်ပြန်သည်။
သို့ဖြင့် တစ်ယောက်က ဓာတ်မီးထိုးပြ၊နှစ်ယောက်ကပစ်ဖြင့် အလှည့်ကျပစ်လာခဲ့ကြရာ နံနက်တစ်နာရီဝန်းကျင်သို့ရောက်တော့ ချိုးငှက်အကောင်နှစ်ဆယ်ဝန်းကျင်ခန့်ရလိုက်သည်။
မြင့်ဌေးက
“ကဲ တစ်နာရီလည်း ထိုးတော့မယ်။ဒီလောက်ဆိုတော်ရောပေါ့”
ယင်းသို့ပြောတော့ သိန်းစိန်က
“နေပါအုံးကွ။တစ်ကောင်လောက်တော့ထပ်ပစ်ရအောင်”
“သဘောပဲ။တစ်ကောင်ဆိုတော်တော့နော်။သိပ်နောက်ကျလွန်းရင်မကောင်းဘူး”
“အေးပါကွ”
သုံးယောက်သား သင်္ချိုင်းအတွင်းလှည့်လည်ကာသစ်ပင်တွေပေါ်သို့ဓာတ်မီးဖြင့်လိုက်ထိုးကြသည်။
တစ်နေရာရောက်တော့ သစ်ကိုင်းပေါ်ဝယ် ချိုးငှက်တစ်ကောင်ကို တွေ့လိုက်ရပြန်သည်။
သိန်းစိန်က
“ဒါတော့ငါပစ်လိုက်မယ်”ဟုဆိုကာ ထိုချိုးငှက်ကို လေးခွဖြင့် ပစ်ချလိုက်သည်။
‘ဗုန်း’
ချိုးငှက်လည်း ခေါင်းတည့်တည့်ထိမှန်ကာ
အပင်အောက်ရှိ ချုံပုတ်ထဲသို့ပြုတ်ကျသွားသည်။
ထိုအခါ မြင့်ဌေးတို့လည်း ချုံပုတ်တွေထဲ ဓာတ်မီးကိုယ်စီထိုးကာ ရှာကြသည်။
သို့သော်မတွေ့ချေ။
သည်တော့ သိန်းစိန်က
“လူခွဲပြီးရှာကြ”ဟုပြောလိုက်ရာ မြင့်ဌေးနှင့် ကျော်ဦးလည်း အရှေ့အနောက်စသည့်ဆန့်ကျင်ဘက်ဆီသို့ခွဲကာ ချိုးငှက်ကိုကှာကြသည်။
ယင်းလည်းမတွေ့ချေ။
ထိုအခိုက်တွင် မြင့်ဌေး၏ဘေးတစ်ဖက်တွင် ခြေသံတွေထွက်ပေါ်လာသည်။
‘ဖျပ် ဖျပ် ဖျပ်’
ထိုအခါမြင့်ဌေးလည်း ဓာတ်မီးဖြင့်ထိုးကြည့်လိုက်ရာ မည်သူမှရှိမနေချေ။
ထို့နောက် သိန်းစိန်တို့ကိုလှမ်းမေးသည်။
“ဟေ့ကောင်တွေ။ဒီနားလာသေးလား”
“မလာဘူး”
“အဲဒါဆိုပြေးဟေ့”
ပြောရင်းဖြင့် မြင့်ဌေးသည် ချုံပုတ်အနားမှပြေးထွက်လာခဲ့သလို သိန်းစိန်တို့ကလည်း အနောက်မှပြေးလိုက်လာကြသည်။
သို့ဖြင့်သင်္ချိုင်းအပြင်သို့ရောက်တော့မှ ပြေးနေသည့်အရှိန်ကိုလျှော့လိုက်ကြသည်။
သိန်းစိန်က
“ဘာလဲ။အနားမှာခြေသံတွေကြားရလို့လား”
“ဟုတ်တယ်”
“အမြဲတမ်းဒီလိုပဲ”
ကျော်ဦးက ဝင်ပြောလိုက်ခြင်းဖြစ်သည်။
ဟုတ်သည်။ဟိုယခင်ကတည်းက မြင့်ဌေးတို့သုံးယောက် ဤသင်္ချိုင်းထဲ ချိုးငှက်လာပစ်တိုင်း ဤသို့ကြုံကြရမြဲဖြစ်သည်။
ယင်းသို့ကြုံတိုင်း ယခုကဲ့သို့ထွက်ပြေးလာကြစမြဲဖြစ်သည်။
သိန်းစိန်၏အိမ်သို့ပြန်ရောက်တော့ သုံးယောက်သားရထားသည့်ချိုးငှက်တွေကို
အသေအချာသိမ်းထားလိုက်ကြသည်။
နောက်တစ်နေ့မနက်ရောက်တော့ မြင့်ဌေးတို့သုံးယောက်သည် ထိုချိုးငှက်တွေကို ထန်းရည်ဆိုင်သို့သွားသွင်းကြသည်။
မဆိုးချေ။စုစုပေါင်း နှစ်သောင်းဝန်းကျင်ခန့်ရလိုက်သည်။
ထိုပိုက်ဆံတွေထဲမှအချို့အစွန်းထွက်တွေကို ထန်းရည်သောက်ပြီး ကျန်ငွေကိုအညီအမျှခွဲယူကာ အိမ်သို့ပြန်အပ်ကြသည်။
ညအချိန်သို့ရောက်သည့်အခါ သင်္ချိုင်းသို့သွားပြီး ချိုးငှက်ပစ်ကာ ထန်းရည်ဆိုင်သို့သွင်းပြန်သည်။
သို့သော် နောက်ပိုင်းတွင်မူ အခြားချိုးငှက်ပစ်သည့်အဖွဲ့တွေလည်း အသီးသီးပေါ်လာတော့ ချိုးငှက်က ရှာရခက်လာသည်။
ထိုအခါ သိန်းစိန်က
“ငါတို့ကြောင်လိုက်ကြမယ်။ကြောင်တွေက ဈေးပိုရတယ်။ခုတလော လိုက်တဲ့သူလည်းသိပ်မတွေ့ရသေးဘူး”ဟုဆိုလာသဖြင့် မြင့်ဌေးနှင့်ကျော်ဦးလည်းသဘောတူလိုက်ကြသည်။
သို့ဖြင့် ညသန်းခေါင်အချိန်သို့ရောက်တော့ မြင့်ဌေးတို့သည် လေးခွ၊လောက်စာလုံးလွယ်အိတ်၊ပီနံအိတ်နှင့် ခွေးနှစ်ကောင်ကိုပါခေါ်လာပြီး ယာခင်းတွေဘက်ထွက်လာ
ခဲ့ကြသည်။
ကြောင်ဆိုတာကလည်း တောကြောင်မဟုတ်။အိမ်ကြောင်တွေသာဖြစ်သည်။
အနှီအိမ်ကြောင်တွေသည် ညသန်းခေါင်ယံဆိုလျှင် ယာခင်းတွေဘက်ထွက်ပြီး အစာရှာခြင်း၊မိတ်လိုက်ခြင်းစသည်တို့ကိုပြုလုပ်တတ်သောကြောင့် မြင့်ဌေးတို့အတွက် မျက်စိကျစရာဖြစ်လာသည်။
ထို့နောက် သုံးယောက်သား ယာခင်းထဲသို့ရောက်သည်နှင့်တပြိုင်နက် ဓာတ်မီးဖြင့် ဟိုဟိုဒီဒီထိုးကြည့်သည်။
ကြောင်ကိုမတွေ့ရသေးချေ။
ထို့နောက် နောက်ယာခင်းတစ်ခုသို့ဆက်လျှောက်ရသည်။
ထိုအခိုက်တွင်
‘ဝုတ်’
‘ဝုတ်’
ခွေးနှစ်ကောင်က မြောက်ဘက်သို့တစ်ချက်ဟောင်ကာ အချက်ပြကြသည်။
မြင့်ဌေးတို့သုံးယောက်လည်း ထိုမြောက်ဘက်သို့ဓာတ်မီးဖြင့် လျှပ်တပြက်ဝှေ့ဝိုက်ထိုးကြည့်လိုက်ရာ အရောင်တလက်လက်တောက်နေသည့်ကြောင်မျက်လုံးအစုံကိုတွေ့လိုက်ရသည်။
ကြောင်ကနှစ်ကောင်ဖြစ်သည်။
“ရှူးရှူး ရှူး”
မြင့်ဌေးတို့လည်း ထိုကြောင်နှစ်ကောင်ကိုရှူးတိုက်လေရာ ခွေးနှစ်ကောင်လည်း ပြေးကိုက်ကြသည်။
ကြောင်နှစ်ကောင်လည်း ထွက်ပြေးကြသည်။
မြင့်ဌေးတို့သုံးယောက်ကလည်း အနောက်ကနေ ပြေးလိုက်ကြသည်။
ကြောင်နှစ်ကောင်လည်း ပြေးရင်းပြေးရင်းဖြင့် သစ်ပင်ကြီးတစ်ပင်ပေါ်သို့တက်ပြေးသွားသည်။
ခွေးနှစ်ကောင်ကလည်း အပင်ပေါ်မော့ကြည့်ကာဟောင်ကြသည်။
အနောက်မှ ပြေးလိုက်လာကြသည့် မြင့်ဌေးတို့လည်း အပင်အောက်သို့ရောက်လာပြီး ဓာတ်မီးဖြင့် သစ်ပင်ပေါ်သို့ထိုးကြည့်ကြသည်။
ကြောင်နှစ်ကောင်ကမူ သစ်ကိုင်းကြီးတစ်ကိုင်းပေါ်တွင်ရှိနေကာ အောက်မှအခြေအနေကို ငုံ့ကြည့်နေကြသည်။
ထို့နောက် သိန်းစိန်က
“ငါဓာတ်မီးနဲ့ထိုးပေးထားမယ်။မင်းတို့ပစ်တော့။ဒီဘက်နီးတဲ့အကောင်ဝါကိုအရင်ပစ်ကြ”
ပြောပြီး ဓာတ်မီးဖြင့်ကြောင်ဝါကိုထိုးပြသည်။
မြင့်ဌေးနှင့်ကျော်ဦးကလည်း ခွေးခွကိုယ်စီဖြင့်အနှီကြောင်ဝါကိုပစ်ကြသည်။
“ဗုန်း ‘
‘ဗုန်း’
‘မြှောင်’
လောက်စာလုံးများသည် ကြောင်ဝါ၏ဦးခေါင်း ခန္ဓာကိုယ်အနှံသို့မှန်လေတော့ ကြောင်ဝါလည်း နာကျင်စွာအော်ပြီး အောက်သို့ပြုတ်ကျလာသည်။
“ဝုတ် ဝုတ်”
ခွေးနှစ်ကောင်ကလည်း ကြောင်ဝါပြုတ်ကျလာသည်နှင့်တပြိုင်နက် ဝိုင်းဆွဲကြသည်။
ထိုအခါမှ မြင့်ဌေးလည်း ခွေးနှစ်ကောင်ကိုဖယ်ပြီး အသက်ခပ်ယဲ့ယဲ့သာကျန်တော့သည့်ကြောင်ဝါကြီးကို ပီနံအိတ်ထဲသို့ထည့်လိုက်သည်။
သိန်းစိန်ကမူ အပင်ပေါ်မှ လက်ကျန်ကြောင်တစ်ကောင် မျက်ခြေမပြတ်စေရန် ဓာတ်မီးဖြင့်ထပ်မံထိုးထားပြန်သည်။
ပြီးနောက်
“ပစ်တော့ ပစ်တော့”
ယင်းသို့ဆိုတော့ မြင့်ဌေးတို့နှစ်ယောက်လည်း သစ်ပင်ပေါ်မှ လက်ကျန်ကြောင်တစ်ကောင်ကိုဝိုင်းပစ်ကြသည်။
ထိုကြောင်လည်း အောက်သို့ပြုတ်ကျလေရာ ခွေးနှစ်ကောင်က ဝိုင်းဆွဲကြသည်။
ဒါဏ်ရာတွေကြောင့် ထိုကြောင် မပြေးနိုင်တော့မှ မြင့်ဌေးတို့လည်း ခွေးနှစ်ကောင်ကိုဖယ်ပြီးအနှီကြောင်ကို ပီနံအိတ်ထဲသို့ကောက်ထည့်လိုက်တော့သည်။
ပြီးနောက် နောက်တစ်နေရာဆက်သွားကြပြီး အထက်ပါနည်းအတိုင်း
ကြောင်တွေကိုထပ်ပစ်ကြသည်။
ယင်းသို့ပစ်ရာ၌ ထိုညတစ်ညတည်းနှင့်ပင် ကြောင်ဆယ်ကောင်ခန့်ရလိုက်သည်။
သို့ဖြင့် မနက်ရောက်တော့ နှစ်ကောင်သာချန်ထားပြီး ကျန်သည့်ရှစ်ကောင်ကို ပိဿာချိန်ဖြင့်ရောင်းလေရာ နှစ်သိန်းဝန်းကျင်ခန့်ရလိုက်သည်။
မြင့်ဌေးတို့လည်း ထိုပိုက်ဆံတွေကိုခွဲယူကြပြီး ချန်ထားသည့်ကြောင်နှစ်ကောင်ကိုတော့ အတူတူချက်စားလိုက်ကြသည်။
သို့ဖြင့် ညအချိန်သို့ရောက်တော့ သုံးယောက်သား ခွေးနှစ်ကောင်ဖြင့် ကြောင်လိုက်ကြပြန်သည်။
ယင်းသို့လိုက်ကြရာတွင်လည်း ထိုညအဖို့ စုစုပေါင်း ဆယ်ကောင်ခန့်ရခဲ့ပြန်သည်မို့
မြင့်ဌေးတို့သုံးယောက်မှာ အလွန်တက်ကြွကာ ညစဉ်တိုင်း ဇွဲလုံ့လထားကာ ကြောင်လိုက်ဖြစ်ကြလေတော့သည်။
ဆယ့်ငါးရက်ခန့်ကြာတော့ မြင့်ဌေးတို့သုံးယောက်မှာ ကြောင်သားရောင်းရသည့်ပိုက်ဆံတွေဖြင့် ရွှေတိုရွှေစတွေဝယ်နိုင်သည်အထိဖြစ်လာသည်။
သို့သော် ရွာထဲတွင်လည်း ကြောင်တွေပျောက်သဖြင့် သခင်တွေကကြောင်မုဆိုးတွေကိုမေတ္တာတွေပို့နေကြတော့သည်။
ယင်းသို့မေတ္တာပို့သည်ကိုသိရတော့ မြင့်ဌေးက သိန်းစိန်ကိုရင်ဖွင့်သည်။
“ငါ့ကောင်ရေ။ရွာထဲက ကြောင်ပိုင်ရှင်တွေကတော့ သူတို့ကြောင်တွေပျောက်လို့ ငါတို့ကိုပယ်ပယ်နယ်နယ်ဆဲနေကြပြီ။ငါတို့ ဒါကိုမလုပ်တော့တာကောင်းမယ်ထင်တယ်”
ထိုအခါ သိန်းစိန်က
“ဒီလို ကြောင်တွေဖမ်းတာကို သူတို့က ဆဲသတဲ့လား။တကယ်တော့ ငါတို့လုပ်တာ တစ်ချက်ခုတ်နှစ်ချက်ပြတ်လေ”
“ဟင် ဘာတွေနှစ်ချက်ပြတ်နေလို့တုံး”
“ဒီလိုလေကွာ။ပထမအချက်က ဒီကာလကြီးမှာ သူများတွေအလုပ်အကိုင်ပျက်ပြီး ငတ်နေတဲ့အချိန်မှာ ငါတို့မှာတော့ အဆင်ပြေပြီးရွှေတွေတောင်ဝယ်နိုင်နေပြီလေ။နောက်တစ်ချက်က ငါတို့က ဈေးလျှော့ပြီးရောင်းတာမလို့ ဆိုင်ရှင်တွေနဲ့ကြောင်သားဝယ်တဲ့လူတွေလည်း ဈေးချိုချိုနဲ့အသားဟင်းစားရတယ်လေ။အခုချိန် ကြက်သား ဝက်သား ဘယ်သူဝယ်စားနိုင်မှာတုံး။ဒီတော့ ငါတို့လုပ်တာဟာ အားလုံးအတွက်ပဲ။မဟုတ်ဘူးလား”
သိန်းစိန်က ယင်းသို့အချက်ကျကျဖြင့်ပြန်ရှင်းပြတော့ မြင့်ဌေးလည်း ပြန်မပြောတတ်အောင်ဖြစ်သွားသည်။
ထို့နောက်
“အေးကွာ။မင်းပြောတာဟုတ်ပါတယ်။ဒါပေမယ့် ငါတော့ အိမ်ဆိုင်လေး ဖွင့်ပြီးရင် ဒီလိုကြောင်လိုက်တာတွေမလုပ်ချင်တော့ဘူး”
“မင်းသဘောပါ။လောလောဆယ် မင်းရည်ရွယ်ထားတဲ့အိမ်ဆိုင်ကလေးဖွင့်နိုင်အောင် အရင်ကြိုးစားကြရတာပေါ့”ဟုဆိုလိုက်သည်။
သို့ဖြင့် ညအချိန်သို့ရောက်တော့ သုံးယောက်သား ကြောင်လိုက်ကြပြန်သည်။
ပြီးနောက် ရလာသည့်ကြောင်တွေကို ထန်းရည်ဆိုင်၊အရက်ဆိုင်သို့ပြန်ရောင်းကြသည်။
ရက်အနည်းငယ်ကြာလာတော့ မြင့်ဌေးလည်း ထိုကြောင်တွေရောင်းရငွေဖြင့် အိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်လာနိုင်ခဲ့သည်။
ထို့နောက် မူလက ဆုံးဖြတ်ထားခဲ့သည့်အတိုင်း ကြောင်လိုက်သည့်အလုပ်ကိုစွန့်လွှတ်ချင်ကြောင်းပြောလိုက်ရာ သိန်းစိန်က
“မင်းကလည်းကွာ။ဘယ်လိုဖြစ်လို့ ဒီအလုပ်ကိုအတင်းရပ်နားချင်နေရတာတုံး”
“ဒီရွာထဲကကြောင်ပိုင်ရှင်တွေမေတ္တာပို့တာနေ့တိုင်းကြားနေရလို့ကွ”
“ကဲ ဒါဆို ငါတို့တခြားရွာတွေဘက်သွားပြီးလိုက်ကြမယ်။ဒါဆိုဘယ်လိုလဲ။ငါတို့မှာလည်း စိတ်တူကိုယ်တူပေါင်းတာဆိုလို့မင်းပဲရှိတာ”
သိန်းစိန်က ထိုသို့ပြောတော့ ကျော်ဦးကလည်း ထောက်ခံပြောဆိုပေးသည်။
“ဟုတ်တယ်ကွာ။သူငယ်ချင်းသုံးယောက်ဆုံတုန်းလေး အတူလုပ်ရတာ။နောက်ဆို မင်းက ရန်ကုန်ကိုပြန်မယ့်ဟာ”
ငယ်သူငယ်ချင်းတွေက ထိုမျှအထိပြောနေတော့ မြင့်ဌေးလည်း တင်းခံနိုင်စွမ်းမရှိတော့ချေ။
“အေးကွာ။ငါလိုက်မယ်။ဒီရွာကကြောင်တွေမဟုတ်ရင်ပြီးရော”
“စိတ်ချ”
သို့ဖြင့် မြင့်ဌေးတို့လည်း ညဉ့်အချိန်ရောက်သည့်အခါ အခြားရွာတွေဘက်သို့ သွားကာ ကြောင်တွေကိုလိုက်ကြသည်။
ပြီးနောက် ရလည်သည့်ကြောင်တွေကို အရက်ဆိုင် ထန်းရည်ဆိုင်တွေသို့ပြန်ရောင်းချကြသည်။
ဆိုရလျှင် ကိုဗစ်ကာလဖြစ်သည့်အလျောက် လူအများစု စားဝတ်နေရေးခက်ခဲနေချိန်၌ မြင့်ဌေးတို့သုံးယောက်မှာတော့ ဝင်ငွေတွေကောင်းလျက်ရှိပြီး နေအိမ်ကိုပင် အောက်ခံတိုက်ဆောက်နိုင်သည်အထိဖြစ်လာသည်။
တစ်ညတွင်တော့ မြင့်ဌေးတို့သုံးယောက်သည် ရတနာတင်းတိမ်ကန်တော်ကြီးအနီးမှ လယ်ကွက်တွေဘက်သို့ ကြောင်လိုက်ရန်ရောက်လာခဲ့သည်။
ခွေးနှစ်ကောင်ကိုလွှတ်ပေးပြီး ကြောင်ရှာကြသည်။
ဖြစ်ချင်တော့ညဉ့်နက်အချိန်ရောက်သည့်တိုင်အောင် ကြောင် တစ်ကောင်မှ မတွေ့ရသေးချေ။
ထို့ကြောင့်သုံးယောက်သား စိတ်ဓာတ်ကျစပြုလာသည်။
သို့သော် အချိန်ကုန် ရကျိုးနပ်အောင် ဇွဲမလျှော့သေးဘဲ ဆက်ရှာကြရာ ကြောင်တစ်ကောင်ကိုတွေ့လိုက်ရသည်။
မြင့်ဌေးတို့လည်း ဝမ်းသာအားရစွာဖြင့် ထိုကြောင်ကိုခွေးဖြင့်ရှူးတိုက်ကြသည်။
“ရှူး ရှူး ရှူး”
ယင်းသို့ရှူးတိုက်လေရာ ခွေးနှစ်ကောင်လည်း ကြောင်နောက်သို့ လိုက်ကြသည်။
ကြောင်လည်း ပြေးရင်းပြေးရင်းဖြင့်
သစ်တောငယ်တစ်ခုထဲပြေးဝင်သွားေလရာ ခွေးနှစ်ကောင်လည်း အနှီသစ်တောငယ်ထဲအထိဆက်မလိုက်တော့ဘဲ တအီအီဖြင့် အနောက်သို့ပြန်လှည့်ပြေးဖို့လုပ်နေကြသည်။
ထိုအခါမြင့်ဌေးတို့သုံးယောက်ကလည်း ထပ်မံရှူးတိုက်ကြပြန်သည်။
“ရှူး ရှူး ရှူး”
ယင်းသို့အဆက်မပြတ် ရှူးတိုက်ကြပေမင့် ခွေးနှစ်ကောင်မှာ သစ်တောငယ်ထဲဝင်မတိုးဝံ့ဘဲ ‘တအီအီ’ဖြင့် အနောက်သို့သာ လှည့်ပြန်နေကြသည်။
“ဒီခွေးတွေ ဘယ်လိုဖြစ်တာလဲမသိဘူး”
မြင့်ဌေးက ဆိုလိုက်ခြင်းဖြစ်သည်။
သိန်းစိန်က
“အို ဘာဖြစ်ဖြစ်ကွာ။ဒီကြောင်တစ်ကောင်ပဲတွေ့ရတာ။ရမှဖြစ်မယ်”
ယင်းသို့ဆိုပြီးနောက် သူကိုယ်တိုင်သစ်တောငယ်ထဲဝင်ပြီး ဓာတ်မီး ဖြင့် နေရာအနှံ့ထိုး၍ လိုက်ရှာကြည့်သည်။
ထိုအခါ မြင့်ဌေးနှင့်ကျော်ဦးလည်း လေးခွကိုယ်စီအသင့်ပြင်ကာ အနောက်မှလိုက်ဝင်ကြသည်။
သုံးယောက်သား သစ်တောငယ်အတွင်းဝယ် ကြောင်ကိုလိုက်ရှာပေမင့် မတွေ့ရဘဲ ဖြစ်ကာ အချိန်ကြာလာတော့
စိတ်မောကိုယ်မောဖြစ်ပြီး ကုက္ကိုပင်ကြီး တစ်ပင်အောက်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်ကြသည်။
ထိုအခိုက်တွင်
‘ဂျွတ် ဂျွတ် ဂျွတ်’
ကုက္ကိုပင်ပေါ်မှ အသံအချို့ထွက်ပေါ်လာသည်မို့ သုံးယောက်သား မော့ကြည့်လိုက်ရာ အရပ်ရှစ်ပေခန့်ရှိသော အမျိုးသမီးကြီးတစ်ဦး သစ်ပင်ပေါ်မှ ဇောက်ထိုးကြီးဆင်းလာသည်ကိုတွေ့ရသည်။
ထိုအမျိုးသမီးကြီးသည် အဖြူရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး ဦးခေါင်း ညာဘက်ခြမ်းတွင် ဆံပင်တွေက ရှည်လျားပြီး အောက်သို့တွဲကျနေပေမင့်
ဘယ်ဘက်ခြမ်းကမူ ဆံပင်ငုတ်တို အနည်းငယ်သာရှိလေသည်။
ချောက်ခြားစရာကောင်းသည်မှာ သူမ၏ မျက်လုံးတွေပဲဖြစ်သည်။
မျက်လုံးနှစ်လုံးအနက် တစ်လုံးက အပြင်သို့ငေါထွက်နေလေပြီး ကျန်တစ်လုံးကတော့ အပြင်သို့ လုံးလုံး ထွက်ကာ အကြောတွေဖြင့် တန်းလန်းကြီးဖြစ်နေခြင်းရယ်ပင်။
အလွန်ချောက်ခြားဖွယ်ရာကောင်းသောထိုမြင်ကွင်းကြောင့် မြင့်ဌေးတို့လည်း သွေးပျက်ကာ အော်ဟစ်ပြီး ရွာသို့ရောက်အောင် ပြန်ပြေးလာခဲ့ကြတော့သည်။
အိမ်သို့ရောက်ပြီးသည့်နောက် အကြောက်လွန်ကာ ခုနှစ်ရက်တိတိဖျားကြလေတော့သည်။
ရှစ်ရက်မြောက်သောနေ့တွင်တော့ သုံးယောက်သား ထူထူထောင်ထောင်ပြန်ဖြစ်လာကြသည်။
သို့သော် ကြောင်လိုက်မည့်ကိစ္စကိုတော့
မည်သူမှ မဖွင့်ဟကြတော့ချေ။
+++++++++++++++++++++++++++
နောက်ဆက်တွဲ
တစ်ရက်တွင်တော့ မြင့်ဌေးတို့သုံးယောက်သည် ဆိုင်ကယ်ဖြင့်မြို့ပေါ်သို့ဈေးတက်ဝယ်ကြသည်။
ဖြစ်ချင်တော့ ဆိုင်ကယ်သည် ကန်တော်ကြီး၏တစ်နေရာသို့ရောက်တော့ ဘီးပေါက်သွားသည်။
ထို့နောက် အနီးအနားရှိ ဆိုင်ကယ်ပြင်သည့်ဆိုင်ပေါက်စအနားသို့တွန်းလာပြီး အပ်လိုက်သည်။
ပြီးနောက် သုံးယောက်သား ဘီးဖာတာကိုထိုင်စောင့်ရင်း ပတ်ဝန်းကျင်ကိုငေးမောကြည့်ရှုကြခိုက် သစ်တောငယ်လေးတွေကြားမှ ထီးထီးကြီးမြင့်နေသည့်
ကုက္ကိုပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရတော့ မျက်ခုံးပင့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ညဘက်ကြောင်လိုက်ရင်း ခြောက်လှန့်ခံခဲ့ရသည်မှာ ထိုအပင်ကြီးဆီမှဖြစ်ကြောင်း မှတ်မိလေသောကြောင့်ဖြစ်သည်။
ထို့နောက် သိန်းစိန်က ကုက္ကိုပင်ကိုလက်ညိုးထိုးပြလိုက်ရင်း ဆိုင်ကယ်ပြင်သူကိုမေးလိုက်သည်။
“အဲဒီကုက္ကိုပင်ကြီးက သရဲခြောက်တယ်မလားဗျ”
ယင်းသို့မေးလိုက်တော့ ဆိုင်ကယ်ပြင်သူက
“ဟုတ်တယ်။သရဲမ တစ်ကောင်ရှိတယ်လေ။ဘာလဲ ညီတို့တွေ ခြောက်လှန့်တာ ခံရဖူးလို့လား”
ယင်းသို့ပြန်မေးတော့ သိန်းစိန်က
“ဟုတ်တယ်ဗျ။ဒီလပိုင်းအတွင်းမှာ ညဘက်ကောင်လိုက်ရင်း အခြောက်ခံလိုက်ရတာ”
ထိုအခါ ဆိုင်ကယ်ပြင်သူက
“ညဘက်ကြီးတောင် အဲဒီအပင်နား ကြောင်လိုက်ရတယ်လို့။ဒီရပ်ကွက်ကလူတွေတောင် ညနေမိုးချုပ်ပြီဆိုရင် အဲဒီဘက်မသွားကြတော့ဘူး”
“ဟုတ်လား။ရှင်းပြပါဦးဗျ။ဘယ်လိုတွေဖြစ်ခဲ့လို့တုံး”
“ဒီလိုကွ။အဲဒီအပင်မှာရှိနေတဲ့သရဲမရဲ့အဖြစ်ကအစ်ကိုတို့အဖေပြောပြတာရှိခဲ့ဖူးတယ်။ငိုး လွန်ခဲ့တဲ့နှစ်ပေါင်းလေးဆယ်လောက်က တောင်တွင်းကြီးတစ်မြို့လုံးမီးလောင်ခဲ့ဖူးတယ်လေ။ဘူတာရုံက စလောင်တာ။နောက်တော့ ထူပါရုံရောက်မှ မီးကငြိမ်းသွားတာ။ဒါကြောင့်မို့ ‘ဘူတာရုံကမီး ထူပါရုံမှပြီး’လို့ စာဆိုထွက်လာတာ ညီတို့သိမှာပေါ့”
“ဟုတ် သိပါတယ်”
“အေး အဲဒီလိုမီးလောင်တော့ အိမ်ခေါင်မိုးတွေလည်း လွင့်သွားကြတာပဲ။သွပ်တေွလည်းလေပေါ်ပျံဝဲနေကြသတဲ့။ဒီတော့ အဖြူရောင်ဂါဝန်ဝတ်ထားတဲ့ကောင်မလေးလည်း ကြောက်လန့်ပြီး အိမ်ထဲမနေရဲတော့ဘဲ လယ်ကွင်းတွေကြားက ကုက္ကိုပင်အောက်မှာသွားရပ်နေတယ်။ကံဆိုးချင်တော့ မီးအရှိန်ကြောင်လွင့်လာတဲ့ခေါင်မိုးသွပ်ပြားက အဲဒီကောင်မလေးရဲ့ခေါင်းကို လာစိုက်သတဲ့။ကောင်မလေးလည်း အဲဒီကုက္ကိုပင်အောက်မှာပွဲချင်းပြီးသေသွားသတဲ့။အဲဒီနောက်ပိုင်း ကောင်မလေးက မကျွတ်ဘူးထင်ပါတယ်။ကုက္ကိုပင်အောက်ရောက်တဲ့သူတိုင်းကိုခြောက်လှန့်နေတော့တာပဲ။ညဘက်ဆို ပိုဆိုးပေါ့”
“ဪ”
မြင့်ဌေးတို့သုံးယောက်လည်း ဆက်မပြောဖြစ်ကြတော့ချေ။
ဆိုင်ကယ်ဘီးထာပြီးသည့်နောက် ငျသင့်ငွေကိုပေးပြီး သုံးယောက်သား မြို့ထဲသို့ဆက်လက်မောင်းလာခဲ့တော့သည်။
အားလုံးအေးချမ်းပါစေ။
ဆရာဆွေ(တောင်တွင်း)
Leave a Reply