အထူးဂရုစိုက်တတ်ကြလေသည်။
ကိုပြည့်လည်းနွားများအား
ဂရုတစိုက်အစာကျွေး၊ရေတိုက်နေသည့်
အချိန်………
“ငပြည့်ရေ ငပြည့် ဟေ့ကောင်ငပြည့်”
“ကျော်မောင်ပါလားဟဲ့
နင့်သူငယ်ချင်းငပြည့်က အိမ်နောက်မယ်
နွားစာကျွေးနေတယ်ကွဲ့”
“ဟုတ်အရီးမြရေ
ဒါဆိုကျုပ်နောက်ဖေးလိုက်သွားလိုက်
အုံးမယ်ဗျာ”
“အေးအေး”
ကိုကျော်မောင်လည်းအိမ်နောက်ဘေး
သို့ဝင်လာခဲ့တော့သည်။
အိမ်နောက်ဘေးရောက်သည်နှင့်
နွားများနှင့်အလုပ်ရှုပ်နေသော
ကိုပြည့်အားမြင်တွေ့လိုက်ရသည်။
“ဟေ့ကောင်ငပြည့် အလုပ်ရှုပ်နေတာလားကွ ”
“ဟာ ကျော်မောင် ငါ့ဆီလာလည်တာလားကွ ”
“အေးဟုတ်တယ် သူငယ်ချင်း”
“လာကွာ ဟိုပိတောက်ပင်အောက်
သွားပြီးအေးဆေးစကားပြောကြတာ
ပေါ့။
ကိုပြည့်နှင့်ကိုကျော်မောင်လည်း
နွားတင်းကုတ်နှင့်မလှမ်းမကမ်းမှ
ပိတောက်ပင်ကြီးအောက်သို့
ရောက်လာခဲ့ကြသည်။
“ထိုင်ကွာ သူငယ်ချင်း အကြမ်းရည်လေးလည်းသောက်
အေးဆေးစကားပြောကြတာပေါ့။
အလုပ်တွေရှုပ်နေတာနဲ့
မင်းနဲ့မတွေ့တာတောင်ကြာပေါ့ကွာ ”
“ဟုတ်တယ်ကွ
ငါလည်းမအားတာနဲ့မင်းဆီမလာ
ဖြစ်သေးတာကွ။
ဒီနေ့တော့ငါလည်းအားနေတာရယ်
ပြီးတော့မင်းကိုပြောစရာရှိလို့လာခဲ့တာ”
“ပြောလေ ဘာများလဲ”
“မင်းထိန်ကုန်းရွာကိုရောက်ဖူးတယ်
မလား ငပြည့်”
“အင်းရောက်ဖူးတယ်လေကွာ
ဟိုအရင်တစ်ခါက မင်းနဲ့ငါ
အလှူကိစ္စနဲ့သွားကြသေးတယ်လေ”
“အေး ဒီကနေ့ထိန်ကုန်းရွာဘုရားပွဲကွ
ဇာတ်လည်းပါတယ် ငပြည့်၊အခုနာမည်ကြီးနေတဲ့ စိန်ညွှန့်မောင်
ဇာတ်သဘင် ဒီနေ့ညကမှာတဲ့ကွာ။
အဲဒါငါသွားကြည့်ချင်လို့
မင်းကိုအဖော်လာခေါ်တာ
ငါတစ်ယောက်တည်းကြမသွားရဲဘူးလေ
“ဇာတ်ပွဲဆိုတော့
ငါစိတ်တော့ဝင်စားမိသား၊ငါ့အိမ်က
လွှတ်ပါ့မလားမသိဘူး”
“ငါအရီးမြကိုကူပြောကြည့်မယ်ကွာ
ငါနဲ့ဆိုထည့်လောက်မှာပါကွာ”
“မင်းသေချာလား ကူပြောပေးမှာက”
“သေချာတယ်ကွာ
အရီးမြထည့်ရင် မင်းသာလိုက်မှာလား”
“လိုက်မှာပေါ့ကွ”
“ကဲဒါဖြင့်လာ ငါအရီးမြကို
သွားပြောကြည့်မယ်…”
“အေးအေး”
ကိုပြည့်နှင့်ကိုကျော်မောင်လည်း
အိမ်ထဲသို့ဝင်လာခဲ့ကြသည်။
အိမ်ရှေ့ကုလားထိုင်၌ ပုတီးစိပ်နေသည့်
ဒေါ်မြအားမြင်လိုက်ကြသည်။
“အေမ”
“အရီးမြ အရီးမြ”
“ဟဲ့ဘာတုန်း ဒီကလေးနှစ်ယောက်
ကုပ်ချောင်းကုပ်ချောင်းနဲ့ ဘာပြောမလို့
လဲ။
“သားညကြရင် ကျော်မောင်နဲ့
ထိန်ကုန်ရွားဘုရားပွဲကဇာတ်ပွဲ
သွားကြည့်ချင်လို့အမေ။
“ဟုတ်တယ်အရီးမြ
ကျုပ်တို့သူငယ်ချင်းနှစ်ယောက်
ဇာတ်ပွဲသွားကြည့်ချင်လို့
အရီးမြဆီကခွင့်တောင်းတာပါ။
“ဖြစ်ပါ့မလားသားရယ်
ထိန်ကုန်းရွာဘုရားပွဲက အလွန်စည်ကားတာ၊ပွဲကတဲ့ညဆို
ရန်တွေလည်းဖြစ်ကြပါပေ့နဲ့
မသွားပါနဲ့လားသားရယ်
အေမသားတို့ကိုစိတ္မခ်ဘူး”
“သားတို့ကခဏလေးပဲကြည့်မှာပါ
ညဉ့်နက်တာနဲ့အိမ်ကိုပြန်လာခဲ့မှာပါ”
“ဟုတ်ပါတယ် အရီးမြရယ်
ကျုပ်လည်းပါနေတာပဲဗျာ
ဘာစိတ်မချစရာရှိလို့လဲ။
တစ်နှစ်မှတစ်ခါလုပ်တဲ့ဘုရားပွဲကြီးမို့
ကျုပ်တို့သွားပါရစေနော် အရီးမြ”
“ကဲဒီလောက်တောင် ဆန္ဒတွေပြင်းပြနေမှတော့ ငါမတားတော့ပါဘူး၊တစ်ခုတော့ရှိတယ်
မင်းတို့တွေအရက်မသောက်ရဘူး
ရန်ဖြစ်မလာရဘူး၊ညဉ့်နက်တာနဲ့
ပြန်လာရမယ်၊မင်းတို့ပြန်မလာမချင်း
ငါမအိပ်ပဲအိမ်ရှေ့ကစောင့်နေမယ်”
“ဟုတ်ကဲ့ပါ အမေရယ်
အမေပြောသလိုအရက်လည်းမသောက်ဘူး၊ရန်လည်းမဖြစ်ဘူး။
ညဉ့်နက်တာနဲ့ပြန်လာခဲ့ပါ့မယ်ဗျာ”
“ဟုတ်ပါတယ် အရီးမြ
ကျုပ်ငပြည့်ကိုသေချာဂရုစိုက်လိုက်ပါ့
မယ်ဗျာ။
“ပြီးရော ပြီးရော
မိဘစကားနားထောင်လို့ မင်းတို့ဘေးမရောက်ပါဘူးကွယ်”
“ဟုတ်အမေ”
ကိုပြည့်နှင့်ကိုကျော်မောင်လည်း
တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ကာဖြီးနေကြတော့သည်။
ညနေစောင်းသည်နှင့်ကိုပြည့်
တစ်ယောက်ရေမိုးချိုးကာ ကျော်မောင်
လာအခေါ်အားအိမ်မှစောင့်နေ
လိုက်သည်။
“သားထမင်းမစားတော့ဘူးလား”
“မစားတော့ဘူးအမေ
သားဟိုကြမှပွဲစျေးတန်းက
သွားရေစာဝယ်စားတော့မယ်အမေ။
“အေးအေး သားအဆင်ပြေရင်ပြီးတာပါပဲ။
“ကျော်မောင်ကလည်းအခုထိ
မလာသေးဘူး၊ဒီကောင်ကလည်း
နောက်ကြလိုက်တာဘာလုပ်နေလဲ
မသိဘူး။
ကိုပြည့်လည်းကျော်မောင်အား
မျှော်ကြည့်ရင်းလည်ပင်းရှည်နေသည်။
“ငပြည့်…”
“ဟားရောက်တော်မူပြီလား
စောင့်လိုက်ရတာကျော်မောင်ရာ
ဘာလုပ်နေတာလဲ။
“ငါလည်းမင်းလိုပဲလေကွာ
အပျိုလေးတွေကြည့်ကောင်းအောင်
ပြင်ရဆင်ရသေးတယ်လေကွာ။
ဘယ်လိုလဲငါချောတယ်မလား”
“ဟင်း…ငါ့တော့ဘယ်မှီမှာလဲကွ”
“မင်းကိုမမှီပေမယ့် မင်းထက်တော့
မလျော့ပါဘူး ငပြည့်ရာ”
“ကဲလာနောက်ကျနေပြီ
သွားကြရအောင်…”
“အရီးမြ ကျုပ်တို့သွားတော့မယ်ဗျို့ ”
“အမေ သားသွားပြီနော်”
“အေး ဂရုစိုက်ပြီးသွားခဲ့ပြန်ခဲ့ကြနော်”
“ဟုတ်အမေ/ဟုတ်ကဲ့အရီးမြ”
ကိုကျော်မောင်နဲ့ကိုပြည့်တို့
သူငယ်ချင်းနှစ်ယောက်ဝတ်ကောင်း
စားလှများဝတ်ဆင်ကာ ထိန်ကုန်းရွာ
ဘုရားပွဲဆီသို့ ဦးတည်၍လာခဲ့သည်။
ထိန်ကုန်းရွာဘုရားပွဲသည်
ကြက်ပျံမကျစည်ကားလှသည်။
အနီးအနားရှိရွာများကလည်း
ထိန်ကုန်းရွာဘုရားပွဲသို့ လှည်းများဖြင့်လာရောက်ကြလေသည်။
ရှေးလူကြီးများ၏ပြောစကားအရ
ထိန်ကုန်းရွာဘုရားပွဲသို့ လူများသာမက
ဥစ္စာစောင့်များလည်းလာတတ်သည်ဟု
ပြောဆိုကြလေသည်။
သို့ပေမယ့်မည်သူမှအတည်တကျ
လက်တွေ့မပြနိုင်ကြပေ။
ကိုပြည့်နဲ့ကိုကျော်မောင်လည်း
ခြေလျင်လျှောက်ကာထိန်ကုန်ရွာ
ဘုရားပွဲသို့လာခဲ့ကြသည်။
ထိန်ကုန်းရွာကိုရောက်တော့မှောင်ရီပျိုးစပင်ရှိသေးသည်။
သို့ပေမယ့် စျေးဆိုင်များ ဘုရားပွဲအား
လာရောက်လည်ပတ်ကြသည့်
လူများဖြင့်ပြည့်နှက်နေလေသည်။
ကိုပြည့်နဲ့ကိုကျော်မောင်လည်း
ဆိုင်တစ်ဆိုင်သို့ဝင်ထိုင်ခိုင်လိုက်ပြီး
စားသောက်ဖွယ်ရာများအား
မှာ၍စားလိုက်ကြသည်။
“လက်ရာကရှယ်ပဲ ငပြည့်ရေ”
“ဟုတ်တယ်ကွ
ထိန်ကုန်ရွာဘုရားပွဲက အစားအသောက်
တအားနာမည်ကြီးတာကွ။
ငါလည်းဒါကြောင့်အိမ်ကနေ
ထမင်းမစားပဲထွက်လာတာ”
“အစ်မရေ စားလို့သိပ်ကောင်းတယ်ဗျာ
ဟင်းရည်လေးထပ်ထည့်ပေးပါဦး”
“ရမယ် မောင်လေးရေ”
“ငါ့မောင်တို့က ဘယ်ရွာကနေလာလည်ကြတာလဲ”
ဆိုင်ရှင်အစ်မကြီးက ဟင်းရည်နှစ်ပန်းကန်လာချရင်း
မေးလိုက်သည်။
“လက်ပံစုရွာကလာခဲ့ကြတာပါ”
“သြော် လက်ပံစုကလား
လက်ပံစုရွာမှာ၊အစ်မအမျိုးတွေရှိတယ်”
“ဟုတ်လား ကျုပ်တို့ရွာကိုလည်း
လာလည်ပေါ့ဗျာ၊ကျုပ်နာမည်က
ကျော်မောင်တဲ့ ဒီကောင်ကငပြည့်တဲ့
မှတ်ထားပေါ့ဗျာ”
“အစ်မမှတ်ထားလိုက်ပါ့ကွယ်
အခွင့်ကြုံရင်လည်း ငါ့မောင်တို့ရွာကို
လာလည်ပါဦးမယ်။
“ဟုတ်အစ်မ ကြိုဆိုနေမှာပါဗျာ”
ကျော်မောင်နဲ့ကိုပြည့်လည်း
စားသောက်ပြီးသည်နှင့်ကျသင့်ငွေ
ရှင်းကာထလာခဲ့ကြသည်။
ဇာတ်ပွဲမစသေးသဖြင့် မုန့်စျေးတန်းများထဲမှ မုန့်ဆိုင်များအား
လည်ပတ်ပြီးဝယ်စားလိုက်ကြသည်။
ထိန်ကုန်ရွာဘုရားပွဲသို့ လာရောက်လည်ပတ်ကြသည့်
မိန်းမပျိုများအား မျက်စိအစာကျွေးရင်း
အချိန်တို့ကုန်ဆုံးခဲ့လေသည်။
ခဏကြာတော့ စိန်ညွှန့်မောင်
ဇာတ်ပွဲကြီးစတင်လေသည်။
ကိုပြည့်နဲ့ကိုကျော်မောင်လည်း
အားပါးတရ ကပြဖျော်ဖြေနေသည့်
စိန်ညွှန့်မောင်ဇာတ်သဘင်မှဖျော်ဖြေမှုများအားကြည့်ကာ အားရကျေနပ်မိ
လေသည်။
“တောက်…စိန်ညွှန့်မောင်ကသွားတာများ
တယ်မိုက်သကိုးကွာ။
“ဒါကြောင့်လည်း စိန်ညွှန့်မောင်ဆိုပြီးနာမည်ကြီးနေတာ
ပေါ့ငပြည့်ရာ”
“အေးကွာ
ငါကပွဲပြီးတဲ့အထိကြည့်ချင်တာကွ
ဒါပေမယ့်အမေကမအိပ်ပဲထွက်စောင့်
နေမှာဆိုတော့ ငါပြန်မှဖြစ်မယ်ကွ။
“အေးပါကွာ
ဒါဖြင့်ရင်လည်းပြန်ကြတာပေါ့”
“အင်း…”
ကိုပြည့်နဲ့ကိုကျော်မောင်လည်း
ပွဲခင်းထဲမှထ၍ပြန်လာခဲ့ကြသည်။
လေသင့်တိုင်းလွင့်ပျံလာသည့်
ဆိုင်းသံများကပွဲခင်းထဲအားပြန်၍
ဆွဲခေါ်နေသည့်အလားကြားနေရလေ
သည်။
ကိုကျော်မောင်နဲ့ကိုပြည့်လည်း
ထန်းတောမှဖြတ်၍ရွာသို့ပြန်လျှင်
လမ်းနီးသည်ဟုတွေးမိပြီးထန်းတောမ
ှဖြတ်လာခဲ့သည်။
ကိုကျော်မောင်နဲ့ကိုပြည့်လည်း
စကားတပြောပြောနှင့်လာခဲ့စဉ်
သစ်ပင်များအကြားမှ တဝင်းဝင်း
တောက်နေသည့်မီးလုံးကြီးအား
မြင်တွေ့လိုက်ရသည်။
“ဟာ…ကျော် ကျော်မောင် ဟိုမှာ”
ကိုပြည့်ကလက်ညိုးထိုးကာ
ပြလိုက်သဖြင့်ကိုကျော်မောင်လည်း
ကိုပြည့်ပြသည့်နေရာသို့
ကြည့်လိုက်မိသည်။
“ဟင်…မီးလုံးကြီးပါလား
နီရဲပြီးနည်းတာကြီးမဟုတ်ဘူး”
“အဲဒါ စုန်းမီးတောက်တာကွ”
“ဘာစုန်းမီးတောက်တာ ဟုတ်လား”
“ငါ့အမေပြောတာကြားဖူးတယ်ကွ
လပြည့်လကွယ်ညတွေဆိုရင်
စုန်းမတွေကတောက်စားမြူးတူး
တတ်ကြတယ်တဲ့။
ပြီးတော့သူတို့အချင်းချင်းပညာပြိုင်
ကြတယ်လို့ပြောဖူးတယ်
ဒီနေ့ကလည်းလပြည့်နေကြီးဆိုတော့
သူတို့တွေပညာထွက်ပြိုင်တာပဲ
ဖြစ်မယ်ကွ။
“ဟာဟိုမှာ နောက်တစ်လုံးတက်လာပြန်ပြီ
ငပြည့်……”
ကိုကျော်မောင်ကလက်ညိုးထိုးပြီး
့ပြသည့်နေရာအား ကိုပြည့်ကြည့်
လိုက်သည်။
“အေးကွ
ဒီမီးလုံးကအစိမ်းရောင်ဘက်
နည်းနည်းပါသလိုပဲ။
ဒါပညာမြင့်တဲ့စုန်းမပဲဖြစ်မယ်ကွ”
ကိုပြည့်နဲ့ကိုကျော်မောင်လည်း
ကောင်းကင်ယံ၌ပျံသန်းနေသော
မီးလုံးကြီးနှစ်လုံးအားကြည့်ကာ
အံ့သြနေမိကြသည်။
မီးလုံးကြီးများက နိမ့်သွားလိုက်၊မြင့်သွားလိုက်ဖြင့် ထန်းပင်များအပေါ်၌
ဝေ့ဝဲကာပျံသန်းနေကြသည်။
အချိန်တော်တော်ကြာသည့်အထိ
ဝဲပျံပြီးမှအရှေ့ဆီသို့ ဦးတည်ကာ
ပျံသန်းပျောက်ကွယ်သွားတော့သည်။
ကိုပြည့်နဲ့ကိုကျော်မောင်လည်း
မြင်ရသမျှကိုအတံ့တသြဖြစ်နေမိ
တော့သည်။
ယခုအသက်အရွယ်ရောက်သည်အထိ
စုန်းတောက်စားခြင်းကိုမမြင်ဖူးခဲ့ပေ။
ထိန်ကုန်းရွာဘုရားပွဲမှ ပြန်လာသည့်ညကြမှ စုန်းတောက်စားခြင်းကိုကောင်းစွာ
မြင်တွေ့လိုက်ရလေသည်။
ကိုကျော်မောင်နဲ့ကိုပြည့်လည်း
အိမ်သို့ပြန်ရောက်လာခဲ့ကြသည်။
အိမ်ကိုရောက်တော့ ဒေါ်မြတစ်ယောက်
မအိပ်သေးပဲကုလားထိုင်ဖြင့်
စောင့်နေသည်ကိုတွေ့လိုက်ရသည်။
“ပြန်လာကြပြီလား”
“ဟုတ်ပြန်လာပြီအမေ/အရီးမြ”
နှစ်ယောက်သားပြိုင်တူဖြေလိုက်
ကြသည်။
“ပွဲကကြည့်ကောင်းကြရဲ့လား”
“ကောင်းတာတော့ပြောမနေနဲ့
အရီးမြရာ၊မနည်းကိုအမျှင်ဖြတ်ပြီး
ထပြန်လာရတယ်ဗျို့ ။
“ဟုတ်တယ်အမေရာ
သားလည်းအမေ့ကိုကြောက်လို့သာ
ပြန်လာခဲ့ရတာ နို့မို့ဆိုရင်ပွဲပြီးတဲ့အထိ
ကြည့်ချင်သေးတာဗျ။
“နင်ညမအိပ်ပဲ ညလုံးပေါက်ပွဲကြည့်ချင်ရင်
ငါသေမှသာကြည့်တော့…”
“ဟာအမေကလည်း
ဘာတွေလျှောက်ပြောနေတာလဲ”
“ကဲကဲ သွားအိပ်တော့ အမေလည်း
အိပ်တော့မယ် သား၊ကျော်မောင်
မင်းကအိမ်ပြန်မှာလား မင်းသူငယ်ချင်းနဲ့
အတူအိပ်မှာလား”
“ကျုပ်အိမ်မပြန်တော့ဘူး အရီးမြ
ငပြည့်နဲ့ပဲအိပ်လိုက်တော့မယ်”
“အေးအေး အဆင်ပြေသလိုသာလုပ်ကြ
ငါတော့အိပ်ပြီဟေ့”
ဒေါ်မြလည်းအိမ်ထဲဝင်သွားသည်။
ကိုကျော်မောင်နဲ့ကိုပြည့်လည်း
အိပ်ရာထဲဝင်လာခဲ့ကြတော့သည်။
ကိုပြည့်လည်းအိပ်မပျော်မချင်း ကောင်းကင်ယံ၌
ဝဲပျံနေသော မီးလုံးကြီးနှစ်လုံးကို
ပြန်မြင်ယောင်နေမိတော့သည်။
စာဖတ်သူတို့ရော စုန်းတောက်တာ
မြင်ဖူးပါသလား?
[Like.&.Shareဖြင့်အားပေးပါဦးဗျ]
ပြီးပါပြီ။ ။
အောင်ဓူဝံ
Leave a Reply