နှစ်ချီသောဖုတ်တစ္ဆေ

မေးမြန်းခဲ့သော်လည်း ကလေးငယ်လေး၏မိဘများမှာ မည်သူမည်ဝါဟူ၍ မပေါ်ပေါက်ခဲ့ပေ။
ထို့ကြောင့် သားသမီးမထွန်းခဲ့သော် ဦးကြွက်နှင့်ဒေါ်ငြိမ်းတို့သာလျင် ထိုကလေးငယ်လေးအား မွေးစားထားခဲ့ရပေတော့သည်။ မိမိတို့မှာမူ တစ်နေ့လုပ်မှ တစ်နေ့စားများဖြစ်သည်ကြောင့် မွေးစားထားခဲ့သော ကလေးလေးကိုပင် နို့မှုန့်ဟူ၍ မတိုက်ကျွေးနိုင်ပဲ၊ မိမိတို့မွေးမြူးထားခဲ့သည့် ဆိတ်မကြီးထံမှ ရရှိလာသော ဆိတ်နို့ကိုသာလျင် တိုက်ကျွေးနေခဲ့ရလေသည်။

“မငြိမ်း… ကလေးက ငိုလှချည်လားဟ။ နို့ရော တိုက်ရဲ့လား ဒီနေ့…။”
“တိုက်ပါတယ်တော်…။ ရှင့်ကလေးက နို့ကုန်တာနဲ့ ငိုတော့တာပဲတော့… ကျွန်မလည်း အမျိုးမျိုးချော့တာပဲ ချော့လို့ကိုမရဘူး။’
“သွားပါဦးအေ… နို့ရှိသေးရင် နည်းနည်းလောက် နို့ဘူးထဲ ထည့်လာခဲ့ပါဦး။”

ဦးကြွက်တစ်ယောက် ထမင်းစား ပြန်လည်ရောက်ရှိလာခဲ့သော နေ့လည်ခင်းအချိန်ပိုင်း၌ ကလေးငယ်လေး၏ ငိုကြွေးသံများကိုပင် ကြားသိနေခဲ့ရသည်ကြောင့် ဇနီးဖြစ်သူ ဒေါ်ငြိမ်းအား ထိုကဲ့သို့ပင် ပြောဆိုလေခဲ့သည်။ ကလေးငယ်လေးမှာ နို့ဘူးနှင့် ပါးစပ် ပျက်၍ပင်မရ၊ နို့ကုန်သွားခဲ့သည်နှင့် မည်သို့မှပင် ချော့မြူ၍မရတော့ပဲ ငိုကြွေးနေခဲ့လေတော့သည်။
နေ့စဉ်နှင့်အမျှ ထိုကဲ့သို့ ဖြစ်နေခဲ့သည်ကြောင့် ဆိတ်မကြီးထံမှ ဆိတ်နို့များသည်လည်း လုံလောက်စွာဖြင့် မရရှိတော့ပေ။ ထို့ကြောင့် မိမိတို့၏ စားဝတ်နေရေး စာရိတ်များကိုပင် ပုံမှန်ထက်လျော့ချလျက်၊ အများသူများထံမှ ဆိတ်နို့၊ နွားနို့များကိုပင် ဝယ်ယူခါ၊ ကလေးငယ်လေးအား တိုက်ကျွေးလာခဲ့ရပေတော့သည်။

“မိန်းမရေ… ငါတို့တော့ ဒီအတိုင်းဆိုရင် မွဲရချည်ရဲ့…။ တို့ကလေးက နို့ဘူးနဲ့ပါးစပ် ပျက်လို့ကိုမရဘူးဖြစ်နေတယ်။ ဒီတော့ ထမင်းတွေဘာတွေ စမ်းပြီး ဝါးခွန့်ကြည့်ပါလား။”
“အိုးတော်… ဒီအရွယ်ကိုလေး ဘယ်လိုလုပ်ပြီး ထမင်းဝါးခွန့်လို့ ရဦးမှာလဲတော့..။”
“ဒါတော့ ဒါပေါ့ကွာ… ဒါပေမယ့် နည်းနည်းပါးပါး စမ်းခွန့်ကြည့်ပါလား။ သူထမင်းစားတော့လည်း ငါတို့အတွက် စာရိတ်ပိုသလို… ကလေးလည်း အာဟာရပိုဖြစ်တာပေါ့”

နို့ဖိုးမတတ်နိုင်တော့သည့်အဆုံး ဦးကြွက်သည်လည်း ဇနီးဖြစ်သူအား ထိုကဲ့သို့ပင် အကြံပေးခဲ့လေသည်။ ဒေါ်ငြိမ်းသည်လည်း လသားအရွယ်လေးကိုပင် ထမင်းဝါးကျွေး၍ မရနိုင်သေးကြောင်း သိရှိထားခဲ့သော်လည်း နို့ဖိုးအတွက် အကဲခတ်ဖြစ်နေခဲ့သည်ကြောင့် လင်ယောက်ျားဖြစ်သူ၏ ပြောစကားများအတိုင်းသာလျင် ပြုလုပ်ကြည့်လေသည်။

“ကိုကြွက်… လာပါဦးတော်…။ ရှင့်သားလေးက ထမင်းစားတယ်တော့… ကျွန်မဖြင့် ဝါးကျွေးလို့ကို အလျင်မမှီဘူး။”
“ဟင်… ဟုတ်လား။ ဒါဆို ကောင်းတာပေါ့ကွ။ သူလည်း ထွားထွားကြိုင်းကြိုင်းဖြစ်… တို့လည်း နို့ဖိုးလေး သက်သာသွားတာပေါ့။”
“ကြည့်စမ်း… နို့ဆို့တုန်းကအတိုင်းပဲ ပါးစပ်ထဲ ထမင်းကုန်သွားပြီဆိုတာနဲ့ ရှင့်ကလေးက ငိုတော့တာပဲ..။ တကယ့်ကို ပူတယ်တော်။”
“မိန်းမကလည်း ကလေးကို အဲ့ဒီလိုမပြောပါနဲ့ကွာ။ သူစားတော့ တို့မိဘတွေအနေနဲ့ ကျွေးရတာတောင် ဘယ်လောက် ပီတိဖြစ်ဖို့ကောင်းတုန်း။ တချို့မိဘတွေများ ကလေး အစားမစာလို့ စိတ်ညစ်နေကြတာ တစ်ပုံကြီး။”

ကလေးငယ်လေးမှာ နှစ်လသားအရွယ်လေးဖြင့် ဒေါ်ငြိမ်းဝါးခွန့်သည့် ထမင်းများကိုပင် အားပါးတရ စားသောက်တတ်ပေသည်။ နို့ဘူးဆို့စဉ်မှအတိုင်း သူ၏ပါးစပ်အတွင်း၌ ထမင်းလုတ်ကုန်သွားခဲ့သည်နှင့် ငိုကြွေးရန်အတွက်ပင် ဟန်ပြင်နေခဲ့ပြီဖြစ်လေသည်။ ထမင်းကျွေးသည့် အခါတွင်လည်း ဝါးခွန့်သည့် သူအဖို့ အလျင်မှီအောင်ပင် မဝါးနိုင်၊ စားပစ်လိုက်သည်မှာ လွန်စွာမြန်လွန်းလှပေသည်။
ထိုကဲ့သို့ ဖြစ်ပျက်နေခဲ့သော အဖြစ်များကိုပင် ဦးကြွက်နှင့် ဒေါ်ငြိမ်းတို့မှာမူ သတိမထားမိသေး၊ တစ်ခါတစ်ရံသော အခါများတွင် ကလေးငယ်လေး၏ ခန္ဓာကိုယ်ဆီမှ အပုပ်နံ့တစ်ချို့့ တသဲ့သဲ့ကလေး ရရှိလာခဲ့ပေသည်။ သည်လိုနှင့် ထိုကလေးငယ်လေးအား ပြုစုစောင့်ရှောက်လာခဲ့ပြီး တစ်နှစ်သားခန့်အရွယ်သို့ ရောက်ရှိလာခဲ့သည်နှင့် ကလေးလေးမှာ မတ်တပ်ပင်လျင် စမ်းရပ်လျက်၊ တစ်တောက်တောက် ဆော့ကစားတတ်လာခဲ့ပြီ ဖြစ်သည်။
သို့သော် ကလေးငယ်လေး၏ အမူအကျင့်များမှာ ထမင်းစားလျင် လူကြီးနှစ်ယောက်စာမျှ စားသောက်တတ်ပြီး၊ စားသောက်လျင်လည်း အသားဟင်းပါမှသာလျင် စားသောက်တတ်ပေသည်။ ထမင်းစားသည့် အခါတွင်လည်း ခွန့်ကျွေးသည်ကိုပင် အားမရနိုင်၊ မသန်စွမ်းသေးသော သူ၏လက်ကလေးဖြင့် သူ၏ပါးစပ်အတွင်းသို့ ကိုယ်တိုင်ယူဆောင် စားသောက်တတ်ခြင်းမျိုးဖြစ်ပေသည်။

ထိုသို့သော်အခါများတွင် မိဘများဖြစ်သည့် ဦးကြွက်နှင့် ဒေါ်ငြိမ်းတို့မှာမူ မိမိတို့၏ ကလေးလေးမှာ တစ်နှစ်သားလေးနှင့် လွန်စွာလူကြီးဆန်စွာဖြင့် နားလည်သိတတ်သည်ဟု သတ်မှတ်ထားခဲ့ကြလေသည်။ တစ်မနက် ကလေးငယ်လေးမှာ နေအိမ်လေးအပေါ်၌ နေရာအနံ့ ဆော့ကစားနေခဲ့သည့်အချိန်၊ တစ်ဖက်ရွာမှ ဦးကြွက်၏ ငယ်သူငယ်ချင်းဖြစ်သော ကိုမြမောင်မှာ အလည်သဘောဖြင့် ရောက်ရှိလာခဲ့လေသည်။
နေအိမ်အပေါ်တွင်လည်း ဦးကြွက်နှင့် ဒေါ်ငြိမ်းတို့မှာ ရှိနေခဲ့ကြပြီး၊ ကိုမြမောင် ခြံအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ကလေးငယ်လေးမှာ ဖိနပ်ချွတ်လေးအတွင်း၌ ဆော့ကစားနေခဲ့ရမှ ရုတ်တရက် ရပ်တန့်သွားခဲ့ရပေသည်။ ဦးကြွက်သည်လည်း သူ၏ သူငယ်ချင်းဖြစ်သူ ကိုမြမောင် ရောက်ရှိလာခဲ့သည်ကြောင့် ခရီးဦးကြိုရန်အတွက် ထိုင်နေရာမှ ထလိုက်လေ၏။
ဖိနပ်ချွတ်လေးအတွင်း၌ ဆော့ကစားနေခဲ့ရာမှ ရုတ်တရက် မတ်တပ်ရပ်လျက် ငြိမ်သတ်နေခဲ့သော ကလေးငယ်လေးအား မြင်တွေ့လိုက်ရသည်နှင့် ကိုမြမောင်မှာ ခြံဝမှနေ၍ ထိုကဲ့သို့ပင် အော်ဟစ်ပြောလိုက်လေသည်။

“ဟေ့… ကိုရွှေဖုတ်… မင်းက ဒီအရွယ်တောင် ရောက်နေပါရောလား။”

ခပ်ပြုံးပြုံးအမူယာများဖြင့် ကိုမြမောင်တစ်ယောက် ထိုကဲ့သို့ ပြောဆိုလိုက်သည်နှင့် မတ်တပ်ရပ်လျက်ရှိနေခဲ့သော ကလေးငယ်လေးမှာ ရုတ်တရက်ပစ်လဲကျသွားခဲ့လေသည်။ ထို့ကြောင့် မိဘများသည်လည်း စိုးရိမ်တကြီး သွားရောက်ထူမည့်အခါတွင် ကလေးလေးမှာ အရိုးပေါ်၊ အရည်တင်လျက် ပိန်လှီနေခဲ့ပြီး အပုပ်နံ့များပင်လျင် ထွက်ပေါ်နေခဲ့လေတော့သည်။

“ဟာ… သားလေး… သားလေး…။”
“ယောက်ျား… ရှင့်သားလေးကို ကြည့်ပါဦး။ သားလေး… သားလေး။”
“ဟင်… သားလေး ဘယ်လိုဖြစ်ရတာလဲ။”

ကလေးငယ်လေး၏ ရုပ်အသွင်သဏ္ဍန်များအား မြင်တွေ့လိုက်ရသော ဦးကြွက်နှင့် ဒေါ်ငြိမ်းတို့မှာမူ အံ့သြတကြီးဖြစ်သွားလျက်၊ မျက်လုံးပြူးဆန်ပြာဖြင့် ကလေးငယ်လေးအား ပွေ့ချီလိုက်လေသည်။ ထိုအခါ ကလေးငယ်လေး၏ အသားများမှာ ပဲ့ကျကုန်လျက်၊ အပုပ်နံ့များသည်လည်း တထောင်းထောင်း ထွက်ပေါ်လာခဲ့လေတော့သည်။
ခြံဝမှနေ၍ ကိုမြမောင်သည်လည်း နေအိမ်အပေါ်သို့ တလှမ်းချင်း တတ်ရောက်လာခဲ့ပြီး၊ ဦးကြွက်နှင့် ဒေါ်ငြိမ်းတို့၏ အနားဆီသို့ ရောက်ရှိလာသည်နှင့် ထိုကဲ့သို့ပင် ပြောဆိုလေတော့သည်။

“မြမောင်… မင်းဘယ်ကနေ လှည့်လာတာလဲ။”
“အေး… ငါလည်း နယ်တကာလှည်ု့ပြီး ဆေးလိုက်ကုနေတာ။ ဒီနွေဦးပေါက်လေးမှာ ရွာမှာ ပြန်နားချင်တာနဲ့ ပြန်လာခဲ့တာကွ။”
“အေးကွာ… ဒီမှာကြည့်ပါဦး။”
“ဟင်… အဲ့ဒါဘာဖြစ်တုန်း။”
“ဘာဖြစ်ရမှာလဲကွ၊ မင်းခြံထဲဝင်လာမှ ငါ့သားလေး… ရုတ်တရက်အခုလို ဖြစ်သွားရတာ။ ကြည့်ပါဦးကွာ”
“လုပ်မနေနဲ့ ငကြွက်… မင်းကလေးအကြောင်းတွေကို ငါ့ညီမဆီကနေ သိရလို့ မင်းအိမ်ကို ငါလာခဲ့တာ…။”
“ဟင်… ဘာအကြောင်းတွေတုန်းကွ။”
“ဘာအကြောင်းတွေဖြစ်ရမှာလဲ။ မင်းရွာထိပ်ကနေ မွေးကင်းစ ကလေးလေးတစ်ယောက် ကောက်ရပြီး မွေးစားထားတဲ့အကြောင်း၊ ပြီးတော့ ပါးစပ်နဲ့နို့ဘူး ပျက်လို့မရအောင် နို့ဆို့တတ်အကြောင်း၊ အရွယ်နဲ့မလိုက်ပဲ ဝါးကျွေးတဲ့ ထမင်းလုတ်ကို ကျွေးတဲ့သူ အလျင်မမှီအောင် စားတတ်တဲ့အကြောင်းတွေပေါ့ကွ။ ပြီးတော့ ပြောသေးတယ်။ ဘာတဲ့… တစ်ခါတစ်လေကြရင် ကလေးကိုယ်ကနေ အပုပ်နံ့သဲ့သဲ့ရတယ်ဆို… ဟုတ်လား အဲ့ဒါတွေ…။”

“ဟင်… ဟုတ်… ဟုတ်တယ်ကွ။”
“အေး… သူငယ်ချင်း… မင်းကလေးကို ဘယ်လိုကနေ ဘယ်လို စတွေ့ခဲ့တာလဲဆိုတာ ငါ့ကိုပြောစမ်းပါဦး။”
“ဒီလိုကွ… သူငယ်ချင်းရ…။”

ကိုမြမောင်ဆိုသူမှာ နယ်တကာလှည့်လျက် ဆေးကုပေးနေခဲ့သော တိုင်းရင်းဆေးဆရာ တစ်ဦးဖြစ်သည့်အလား၊ အထက်ဂုဏ်းဆရာ တစ်ဦးသည်လည်း ဖြစ်နေခဲ့ပြန်သည်။ သူသည် ပယောဂါများအားလည်း နယ်တကာလှည့်၍ ကုသပေးနေခဲ့ရသည်ကြောင့် ဖုတ်၊ တစ္ဆေ၊ မှင်စာ၊ သူယောင်၊ လမိုင်း၊ ကဝေ၊ စုန်း အစရှိသော အပ ပယောဂါများနှင့် လွန်စွာရင်းနှီး ကျွမ်းဝင်နေခဲ့ပြီဖြစ်လေသည်။
ယခုအခါတွင်မူ မိမိ၏ ကျေးရွာလေးဆီသို့ ရောက်ရှိလာခဲ့သည့် အချိန်တွင် ညီမဖြစ်သူထံမှ ဦးကြွက်တစ်ယောက် ကောက်ယူမွေးစားထားခဲ့သော ကလေးလေး၏ အကြောင်းများကိုပင် သိရှိလိုက်ရပြီး သူငယ်ချင်းဖြစ်သူ၏ နေအိမ်ထံသို့ စ်ိုက်မြိုက်စွာ ရောက်ရှိလာခဲ့ရခြင်းဖြစ်ပေသည်။
ကလေးငယ်လေး၏ အကြောင်းများအား ကြားသိလိုက်ရသည်နှင့် ကိုမြမောင်မှာမူ ဖုတ်ဝင်စားနေခဲ့သော ကလေးငယ်လေးပင် ဖြစ်သည်အား ကောင်းစွာသိရှိခဲ့ပါသည်။ ထို့ကြောင့် မိမိအား မြင်လျင်မြင်ချင်း ရပ်တန့်သွားခဲ့သည့် ကလေးငယ်လေးအား “ကိုရွှေဖုတ်”ဟုပင် အမည်တပ်လျက် ခေါ်ဆောင်လိုက်ခြင်းမျိုး ဖြစ်ပေတော့သည်။

ဝါရင့်ပယောဂါဆရာကြီးဖြစ်သော ကိုမြမောင်၏ ရိသဲ့သဲ့ခေါ်ဆိုလိုက်သံများကြောင့် နှစ်ရှည်လများ ကလေးငယ်လေး၏ ခန္ဓာကိုယ်အတွင်း၌ ဝင်ရောက်ကပ်တွယ်နေခဲ့သော ဖုတ်တစ္ဆေမှာ ချက်ချင်းပင်လျင် ထွက်ခွာသွားခဲ့ရလေသည်။ ဦးကြွက်သည်လည်း ကလေးငယ်လေးအား စတင်တွေ့ရှိခဲ့ရသည့် အချိန်တွင် ပုရွက်ဆိတ်အနီကောင်များမှာ များပြားစွာ ကိုက်လျက်ရှိနေခဲ့သည်အား ပြောဆိုပြခဲ့လေသည်။
ထိုအခါ မိတ်ဆွေဖြစ်သူ ပယောဂါဆရာကြီး ဦးမြမောင်ထံမှ ပြောဆိုလာခဲ့သော စကားတို့မှာ ဤသို့ပင် ဖြစ်လေတော့သည်။

“ဒါဆိုရင်… အဲ့ဒီကလေးလေးက မင်းစတွေ့တဲ့အချိန်တည်းက ပုရွက်ဆိတ်ကိုက်လို့ သေသွားလောက်ပြီကွ။”
“ဟေး”
ထိုကဲ့သို့သော် ပြောစကားများကြောင့် ဦးကြွက်နှင့်ဒေါ်ငြိမ်းတို့သည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ မည်သို့မှပင် မငြင်းဆန်နိုင်၊ ကလေးငယ်လေးအား မွေးစားခဲ့သည့် အချိန်မှစတင်ပြီး ယခုအချိန်ထိ ပုံမှန်မဟုတ်သော ကလေးငယ်လေး၏ အစားသောက်၊ အနေထိုင်တို့မှာ လွန်စွာကြမ်းတမ်းနေခဲ့သည်။
ထိုတင်မကသေး ကိုမြမောင် ရောက်ရှိလာခဲ့သည်နှင့် ရုတ်တရက် သေဆုံးသွားခဲ့သည့် ကလေးငယ်လေး၏ ရုပ်အသွင်ပြင် လက္ခဏာများမှာလည်း သေဆုံးသွားခဲ့သည်မှာ နှစ်ကာလကြာမြင့်နေခဲ့သည့် ပုံစံတို့နှင့်ပင် ဖြစ်လေတော့သည်။

“ဟုတ်တယ်ကွ။ ကလေးလေးက သေသွားတာ ကြာလှပြီး၊ ဖုတ်က ကလေးခန္ဓာကိုယ်ကို အသုံးချပြီး မင်းတို့လင်မယားနှစ်ယောက်ဆီမှာ နှစ်နဲ့ချီပြီး အခုလို စားသောက်သွားတာပဲဟေ့။”
*****

ပြီး။
(ဤဖြစ်ရပ်မှန် ဇာတ်ကြောင်းလေးအား ပြောပြပေးပါသော် လက်ပန်လှကျေးရွာနေ မဇင်မာအောင်အား အထူးပင်ကျေးဇူးတင်ရှိပါသည်။)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)