အနှိပ်သည်မောင်အေး

ဆွဲပြီးနှိပ်သွားတာဗျာ၊ ကျုပ်ဖြင့် အနှိပ်ခံလို့ကောင်းလို့ မျက်လုံးကလေးကိုစင်းနေတာပဲ၊ ဒီအချိန်မှာ အဖေက ကျုပ်ကိုကြည့်ပြီးတော့ မျက်စောင်းခဲပြတယ်ဗျ၊ သူလည်း တစ်လှည့်အနှိပ်ခံမယ်ပေါ့ဗျာ၊ ဒါနဲ့ပဲ ကျုပ်လည်း

“ရပြီ၊ ရပြီ ဦးကြီး . . တော်လောက်ပြီ၊ ကျုပ်အဖေလည်း နှိပ်ပေးစမ်းပါဗျာ၊ ကျုပ်အဖေက ဒီရွာရဲ့သူကြီးဗျ၊ တစ်နေကုန်ရပ်အကျိုး ရွာအကျိုးတွေကို ဒီကွပ်ပျစ်ကနေ မနားတမ်းထမ်းဆောင်နေတာဆိုတော့ ညောင်းနေရောပေါ့ဗျာ”

ကျုပ်စကားရှည်လိုက်တော့ အဖေကကျုပ်ကို မျက်စောင်းထိုးတယ်။ မောင်အေးကလည်း လူလည်ပါ၊ စကားပြောတာညက်တယ်။

“အို သူကြီးလား၊ သူကြီးမင်းအတွက်ဆိုရင်တော့ မောင်အေးတို့က စပါယ်ရှယ်ကို ပြုစုအုံးမှာ”

မောင်အေးက အဖေ့ကိုစနှိပ်တော့တာပါပဲ။ အကြောတွေလျော့ပေး၊ အပူတွေထုတ်ပေးနဲ့ တစ်နာရီသာသာလောက်ကြာသွားတာပေါ့ဗျာ၊ ဒါနဲ့ အနှိပ်သည်မောင်အေးကို တန်ရာတန်ကြေးပေးနေတုန်း၊ အမေကလည် သူခေါင်းအုံနေတာကို နှိပ်ပေးဆိုလို့ နှိပ်ရပြန်ပါရောဗျာ၊ အမေ့ကိုလည်း နာရီဝက်လောက်နှိပ်ပေးပြီးရော အကိုကြီးက ခါးနာနေတာ ဒဏ်ဖြစ်နေတာမို့လို့ အကိုကြီးကို ထပ်နှိပ်ခိုင်းပါရောဗျာ၊ အနှိပ်သည်မောင်အေးက ဒီလိုနဲ့ ကျုပ်တို့အိမ်မှာပဲမိုးချုပ်သွားတာပေါ့ဗျာ။

“ကဲ အနှိပ်သည်ဆရာကြီး၊ ခင်ဗျားဘယ်ရွာကလဲဗျ”

“ကျုပ်က ရွာမရှိပါဘူး၊ ဒီလိုပဲ ရွာစဉ်လှည့်ပြီးတော့ နှိပ်နယ်နေရတာပါပဲဗျာ၊ အိပ်တဲ့အခါကျတော့လည်း ကျုပ်ကိုကြည်ဖြူတဲ့အိမ်ရှိရင် အဲဒီအိမ်မှာတည်းရတာပေါ့ဗျာ၊ မကြည်ဖြူကြဘူးဆိုရင်တော့ ဇရပ်ထွက်အိပ်ရတာပေါ့”

အနှိပ်သည်ကြီးက အိမ်ကထွက်သွားဖို့ သူ့လွယ်အိတ်ကြီးကိုလွယ်လိုက်တာပေါ့ဗျာ၊ ဒါနဲ့အဖေက ဘယ်မှမသွားခိုင်းတော့ဘဲ အနှိပ်သည်ကြီးကို အိမ်မှာပဲခေါ်ထားလိုက်တာပေါ့ဗျာ၊ ညစာတွေဘာတွေ ပြင်ဆင်ပေးပြီးတော့ စကားစမြည်ပြောကြတယ်ဗျ။

“ကျုပ်နာမည်မောင်အေးပါ၊ ကျုပ်ကိုဆရာကြီးတွေ ဘာကြီးတွေမခေါ်ပါနဲ့၊ ဒီအတိုင်း အနှိပ်သည် မောင်အေးလို့ ခေါ်ရင်ရပါတယ်၊ ကျုပ်က တောင်တွင်းနယ်ဘက်က လာခဲ့တာပါ၊ ဒီလိုပဲ ရွာစဉ်လှည့်ပြီးတော့ နှိပ်နယ်ရင်း ခြေသလုံးအိမ်တိုင် သွားနေတဲ့သူပေါ့ဗျာ”

အဖေတို့ကလည်း ဒါမျိုးကျတော့ သနားတယ်မဟုတ်လားဗျာ။

“ဒါဆို ရွာမှာတစ်ပတ်၊ ဆယ်ရက်လောက်တော့ နေပါအုံးဗျာ၊ ခင်ဗျားအတွက်လည်း လူနာရှာပေးပါ့မယ်၊ ကျုပ်တို့ရွာမှာလည်း အနှိပ်ကျွမ်းကျင်တဲ့လူမရှိဘူးဆိုတော့ ခင်ဗျားအတွက်တော့ လူနာမရှားပါဘူးဗျာ”

(၂)

မနေ့က နှိပ်ခံထားလို့လားမသိဘူး၊ ဒီနေ့မနက် အိပ်ရာထတော့ ပေါ့ပါးနေတာပဲဗျို့၊ အကိုကြီးက တမြန်နှစ်က ဝန်ပိပြီးတော့ ခါးမျက်သွားပြီး စောင်းငန်းစောင်းငန်းဖြစ်နေတာလည်း တည့်သွားတာပေါ့ဗျာ၊ ဒါတင်မကသေးဘူး အဖေကလည်း ဖလန်းဖလန်းဖြစ်နေပြီးတော့ အမေကလည်း စိတ်တွေကြည်လင်နေတယ်ဆိုပဲဗျ၊ အနှိပ်သည်မောင်အေးရဲ့ ကျေးဇူးတွေပေါ့ဗျာ၊

ကျုပ်အိမ်အောက်ရောက်တော့ အနှိပ်သည်မောင်အေးက ဘေးအိမ်က ဦးလေးကြီးကို နှိပ်ပေးနေတာဗျ၊ နှိပ်တဲ့နေရာကတော့ သရက်ပင်ရိပ်အောက်မှာခင်းထားတဲ့ ကျုပ်တို့ကွပ်ပျစ်ကလေးပေါ့ဗျာ၊ အဲဒီဦးလေးကြီးက လေငန်းဆွဲထားတာဆိုတော့ လမ်းလျှောက်ရင်တောင် စောင်းငန်း၊ စောင်းငန်းနဲ့ပေါ့ဗျာ။ မကြာပါဘူးဗျာ၊ ကျုပ်တို့ဆွေမျိုးထဲက ရောဂါသည်တွေလာကြတာပေါ့ဗျာ၊ ဒီလိုနဲ့ အနှိပ်သည်မောင်အေး တစ်ယောက် လက်ကိုမလည်တာ ညနေအထိပါပဲဗျာ၊ ငွေလည်းတော်တော်ရတယ်ဗျ၊ ကျုပ်တို့ကလည်း သူ့ကိုတင်ကြွေးထားတာဆိုတော့ အသားတင်ပဲပေါ့ဗျာ၊ ကျုပ်လည်း နွေနေပူတော့ အိမ်အပြင်ကိုမထွက်ဖြစ်ပါဘူးဗျာ၊ စာဖတ်လိုက်၊ မှောက်လိုက်လှန်လိုက်နဲ့ပဲ တစ်နေကုန်သွားတာပေါ့ဗျာ၊

ဒီလိုနဲ့ နောက်နေ့ကျတော့ မနေ့ကလေငန်းဆွဲနေတဲ့ ဦးလေးကြီးက လမ်းဖြောင့်ဖြောင့်လျှောက်နိုင်တဲ့အထိကို ကောင်းသွားတယ်ဗျာ၊ မနေ့က နှိပ်ပေးခဲ့တဲ့သူတွေအားလုံး ကောင်းကုန်လို့ ရွာထဲမှာ အနှိပ်သည်မောင်အေးသတင်းက ကြီးသွားတာပေါ့ဗျာ၊ ဒါနဲ့ ရောဂါသည်တွေစုရုံးလာလို့ ကျုပ်တို့ကွပ်ပျစ်ကလေးမှာ လူတွေကိုပြည့်လို့ဗျ၊ တစ်ချို့ကလည်း သူ့တို့အလှည့်ရောက်ဖို့ ထိုင်စောင့်နေကြတာပေါ့ဗျာ။ စောင့်နေတဲ့သူတွေအချင်းချင်းစကားတွေပြောကြ၊ အတင်းတွေတုပ်ကြနဲ့ အရိပ်ကောင်းတဲ့ ကျုပ်တို့ခြံဝိုင်းထဲမှာ လူတွေတရုန်းရုန်းနဲ့ဖြစ်နေကြတာပေါ့။

ဒီနေ့တော့ ကျုပ်လည်းအိမ်ကနေထွက်လာပြီး ကာလသားတွေစုလေ့ရှိတဲ့ ကန်ပေါင်ဘေးက သစ်ပင်ရိပ်ကိုလာခဲ့တာပေါ့ဗျာ၊ ကာလသားတွေက အဲဒီမှာစုရုံးပြီးဘယ်ရွာက ကောင်မလေးက ဘယ်လိုလှတာ၊ ဘယ်သူကတော့ ဘယ်သူနဲ့ငြိနေတာ စသဖြင့် အရည်မရအဖတ်မရတွေကို ပါးစပ်အရသာခံပြီး ပြောကြတာပေါ့ဗျာ၊ ကျုပ်လည်းကန်ပေါင်မှာထိုင်ပြီး ပြောစကားတွေနားထောင်နေတုန်း ကျုပ်ကျောကုန်းကို ဖြန်းဆို ကြိမ်နဲ့အရိုက်ခံလိုက်ရတယ်ဗျ၊ ကျုပ်လှည့်ကြည့်တော့ ဦးဘသာကြီးဖြစ်နေတယ်။

“လန့်လိုက်တာ ဦးဘသာကြီးရာ၊ လာ၊ ထိုင်ပါအုံးကွ”

ကာလသားတွေကတော့ ဦးဘသာကြီးကိုခင်ကြပါတယ်၊

“မထိုင်တော့ဘူးကွ၊ ငါ့နွားတွေ နေပူနေလို့ ရွေ့ရအုံးမယ်၊ ဒါနဲ့အလတ်ကောင် မင်းဘယ်သွားထားတာလဲ”

“ဘယ်မှမသွားပါဘူးဗျ၊ ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူးကွာ၊ တစ်နေရာရာများရောက်ခဲ့သလားလို့”

ဦးဘသာကြီးလည်း ထွက်သွားတာပေါ့ဗျာ၊ ကျုပ်လည်း ကျောကိုပွတ်နေမိတယ်၊ စွပ်ကျယ်ဝတ်ထားတော့ ပေါ်နေတဲ့ကျုပ်ကျောကုန်းကို သူ့နွားရိုက်ကြိမ်နဲ့ ရိုက်ထည့်လိုက်တာဗျာ၊ အရှိုးရာတောင်ထင်သွားတယ်ဗျ။

ညနေစကားဝိုင်းသိမ်းပြီးတော့ ကျုပ်လည်း အိမ်ပြန်လာခဲ့တယ်ဗျာ၊ ကျုပ်တို့ခြံဝိုင်းထဲမှာတော့ လူတွေက အများကြီးရှိနေဆဲပါ၊ အနှိပ်သည်မောင်အေးကလည်း ညနေစောင်းတဲ့အထိ နှိပ်ပေး၊ ကုသပေးနေတုန်းပဲ။

“အနှိပ်သည်မောင်အေးတော်ချက်အေ၊ ငါ့ခေါင်းတစ်ခြမ်းကိုက်တာ ရွာကဆေးရာမှတ်ကြီးကုတာ သုံးနှစ်တောင်မပျောက်ဘူး၊ အခုမောင်အေးကုလိုက်တော့ တစ်မနက်နဲ့တင် ပျောက်ရောပဲဟယ်”

အသက်ကြီးကြီး အဘွားကြီးက ရေရွတ်နေတယ်ဗျ၊

“ဒါပေါ့၊ အနှိပ်သည်မောင်အေးဆိုတာ လူပျိုကတည်းက နယ်လှဲ့ပြီးဆေးကုနေတာမဟုတ်လား၊ မှတ်ကြီးတို့က ဖအေဆေးဆရာမို့သာ ဆေးဆရာဖြစ်ခဲ့တာ ဘာတတ်တာမှတ်လို့”

သူတို့ပြောတာကြည့်ပြီး ကျုပ်လည်းပြုံးလိုက်မိတယ်ဗျ၊ အနှိပ်သည်မောင်အေးသာ ရွာမှာဆက်နေရင် ဆေးဆရာဦးမှတ်ကြီးတို့ ကြာရင်ထမင်းငတ်လောက်တယ်ဗျ။ ဟိုက သုံးရက်လောက်ရှိသေးတာ၊ ကုသရတဲ့ငွေတွေကို သူလွယ်လာတဲ့အိတ်ကြီးပြည့်တော့မယ်ဗျ၊ ဒါတောင်မှ ရောဂါပျောက်သွားလို့ဆိုပြီး လူနာတွေက ငှက်ပျောခိုင်တွေ၊ သရက်သီးတွေ၊ အညာအထည်တွေ ပေးထားတာဆို နည်းတာမဟုတ်ဘူး၊ ဟော အနှိပ်သည်မောင်အေး ထမင်းစားတော့မယ်ဆိုရင်လည်း လူနာတွေက ပို့ထားတာ ဟင်းခွက်တွေတင် ငါးဆယ်လောက်ရှိနေတာဗျ၊ တကယ်ပါ ကျုပ်ပိုမပြောဘူး၊ ကျုပ်တို့အညာသားတွေက ကြည်ညိုပြီဆိုရင် ဖင်ဘူးတောင်းထောင်ပြီး ကန်တော့သလို၊ မကြည်ညိုဘူးဆိုရင်တော့ သေးနဲ့ချည်းကော့ပန်းတယ်ဆိုတဲ့ စာဆိုလိုပေါ့ဗျာ၊ အခုလည်း အနှိပ်သည်မောင်အေးက ရွာဦးဘုန်းကြီးထက်တောင် ဟင်းခွက်တွေစုံလို့ဗျာ။ ဒါပေမယ့် အနှိပ်သည်မောင်အေးက ထမင်းဟင်းကို သိပ်ပြီးမမက်မောပါဘူးဗျာ၊ သူကြိုက်တာက သစ်သီးသစ်နှံတွေဗျ၊ ငှက်ပျောသီးတို့၊ ဆီးဖြူသီး၊ မာလကာသီးတို့ စားတယ်ဗျို့၊ ရွာကလူတွေကလည်း နောက်တော့ သူ့အကြိုက် အသီးတွေ စီစဉ်ပေးတာပေါ့ဗျာ။

နောက်ရက် ကျုပ်အိပ်ရာထတော့ ခါးက မျက်ခနဲဖြစ်သွားတာဗျာ၊ ဘာဖြစ်သွားမှန်းမသိပါဘူး၊ ကျုပ်ခြေထောက်တွေ ထုံကျင်လာပြီးတော့ လမ်းတောင်မှ မနည်းလျှောက်ရတယ်။ ကျုပ် ကွတကွတနဲ့ဆင်းလာတာကို မနက်စာ စားနေတဲ့ အနှိပ်သည်မောင်အေးက မြင်သွားတယ်ဗျ။

“ငါ့တူကြီးကတော့ ပုဆိုးကိုအတင်းအကြပ်ဝတ်ပြီး အိပ်တယ်ထင်တယ်၊ အခုလိုရာသီနဲ့ အကြောအချင်တွေကို ထုံးထားသလိုဖြစ်ပြီး သွေးလေမမှန်လို့ဖြစ်တာကွ၊ ဒီကိုလာစမ်း”

ကျုပ်လည်း သူပြောသလို သူ့နားသွားရတာပေါ့ဗျာ၊ သူက ကျုပ်ခြေထောက်ကိုစမ်းကြည့်ပြီး ကျုပ်ခြေဖဝါးကို သုံးလေးချက်နှိပ်လိုက်တာနဲ့ ကျုပ်ခြေထောက်က နွေးလာပြီးတော့ ကျုပ်လည်း လမ်းလျှောက်လို့ကောင်းသွားတယ်ဗျာ၊ မယုံသေးလို့ကျုပ်လည်း ခြေထောက်ကို လွှဲယမ်းကြည့်တော့လည်း အလိုက်သင့်ပဲဗျ၊ ထုံတာ၊ နာတာ တစ်ခုမှမရှိတော့ဘူး။

“ကောင်းသွားပြီ၊ ဦးကြီး၊ ဦးကြီး သုံးလေးချက်ပဲနှိပ်လိုက်တာ ကျုပ်ကောင်းသွားပြီ”

အနှိပ်သည်မောင်အေးက ကျေကျေနပ်နပ်ကြီးပြုံးနေတယ်ဗျ။

“ဒါပဲလေ၊ ပညာဆိုတာ အဲဒါပဲ ငါ့တူကြီးရဲ့”

ဆေးကုဖို့ရောက်နေတဲ့လူတွေအကုန်လုံး အနှိပ်သည်မောင်အေးကို ချီးကျူးထောမနာပြုကြတာပေါ့ဗျာ၊ တကယ်လည်း ချီးကျူးချင်စရာပါ၊ အနှိပ်သည်မောင်အေးက တော်ကိုတော်လွန်းပါတယ်ဗျာ။

(၃)

အဲဒီနေ့တော့ ကျုပ်ရွာထိပ်ကိုထွက်ခဲ့တယ်ဗျ၊ ဦးတရုတ်ကြီးဆိုင်မှာ ကာလသားတွေစုပြီး အရက်သောက်ကြမယ့်အစီအစဉ်ရှိတယ်၊ ဒကာခံတဲ့သူကတော့ ဒူလာကိုက်နေတဲ့ တရုတ်ကြီးပေါ့ဗျာ၊ သူ့ဒူလာကို အနှိပ်သည်မောင်အေးကုပေးလိုက်လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ အရက်တိုက်မယ်ဆိုပဲဗျ။ ကျုပ်လည်း သောက်ရမလားဆိုပြီး လာခဲ့တာပေါ့၊ ဒါနဲ့ တရုတ်ကြီးဆီမရောက်ခင် နွားတစ်အုပ်နဲ့ ဦးဘသာကြီးကိုတွေ့ပါရော၊ ကျုပ်တောင် မနှုတ်ဆက်ရသေးဘူး ဦးဘသာကြီးက ကျုပ်ဆီကိုပြေးလာတယ်၊ နောက်ပြီးအနားရောက်တာနဲ့ ကျုပ်လက်မောင်းကို နွားရိုက်တဲ့ကြိမ်လုံးကြီးနဲ့ ဖြန်းခနဲရိုက်တာဗျာ၊ ကျုပ်မှာနာလိုက်တာ မပြောပါနဲ့။

“ဦးဘသာကြီး၊ လူကိုတွေ့ရင် နွားလို့ထင်နေတာလား၊ အားအားရှိ အဲဒီကြိမ်နဲ့ပဲ ရိုက်ရိုက်နေတာ”

ဦးဘသာကြီးက ကျုပ်မေးတာကို ပြန်မဖြေဘူးဗျ။

“မင်းကိုငါမေးမလို့ကွ၊ ရွာထဲမယ် ဆေးဆရာတစ်ယောက် ရောက်နေတယ်ဆိုကွ”

ဦးဘသာကြီးက တောထဲသွားနေတာများတော့ ရွာထဲကအကြောင်းတွေ သိပ်မသိဘူးပေါ့ဗျာ၊

“ဟုတ်တယ်ဗျ၊ ကျုပ်တို့အိမ်မှာတည်းတာ၊ ဆေးဆရာမဟုတ်ပါဘူးဗျာ၊ အနှိပ်သည်ပါ နာမည်က ဦးမောင်အေးတဲ့”

ဦးဘသာကြီးက ကျုပ်စကားကြားတော့ စဉ်းစားသွားတယ်ဗျ။

“အနှိပ်သည်၊ ဟုတ်လား၊ ဒါဆိုရင် သူနှိပ်တဲ့အခါ ခြေတွေလက်တွေကိုင်သလား”

“အိုဗျာ၊ အနှိပ်သည်ပါဆိုမှ ခြေရောလက်ရော၊ နှိပ်တဲ့အခါနှိပ်တယ်၊ နင်းတဲ့အခါလည်း နင်းတာပေါ့ဗျ”

ဦးဘသာကြီးက ကျုပ်လက်ကိုဆွဲပြီး လမ်းဘေးကိုကပ်လိုက်တယ်၊ နောက်တော့ ဟိုကြည့်ဒီကြည့် ကြည့်လိုက်သေးတယ်။

“ငါထင်တာ မှန်နေပါပြီ၊ အဲဒီ အနှိပ်သည်က ရိုးရိုးအနှိပ်သည်မဟုတ်ဘူးကွ၊ ဒီလူက ရွာသူပဲ”

ကျုပ်လည်း ဦးဘသာကြီးစကားကိုနားထောင်ပြီးတော့ ရယ်ချင်သွားတယ်။

“ဟာ၊ ဦးဘသာကြီးကလည်း မနောက်ပါနဲ့၊ ရွာသူဆိုတာ မိန်းမလေဗျာ၊ သူက ယောက်ျားဆိုတော့ ရွာသားပေါ့”

ဦးဘသာကြီးက သူ့လက်ထဲကိုင်ထားတဲ့ ကြိမ်လုံးနဲ့ကျုပ်ခေါင်းကိုခေါက်ထည့်ပါရော။

“မင်းကွာ၊ တော်တော်ဒုံးဝေးတဲ့ကောင်၊ ရွာသူဆိုတာ စုန်းကိုပြောတာဟေ့၊ စုန်းဟ”

ကျုပ်လည်း မျက်လုံးပြူးသွားတာပေါ့ဗျာ။

“စုန်း၊ အနှိပ်သည်မောင်အေးက စုန်းတဲ့လား”

“အေးကွ၊ ငါပြောပြမယ်၊ ရွာသူဆိုတာ စုန်းတစ်မျိုးကိုခေါ်တာ၊ သူတို့က သစ်သီးတွေ၊ သစ်ပွင့်တွေ သိပ်ကြိုက်တယ်ကွာ၊ သူတို့က လူတွေကိုပြုစားချင်ရင် ခြေထောက်တို့၊ ခြေရာတို့ကို ထိတွေ့ကိုင်မှ ပြုစားနိုင်တဲ့သူတွေကွ၊ ဒါကြောင့် တချို့က ရွာသူကို ခြေစုန်းလို့လဲခေါ်ကြတာပေါ့”

ကျုပ်အသေအချာပြန်စဉ်းစားနေမိတယ်၊ အနှိပ်သည်မောင်အေးက ထမင်းဟင်းသိပ်မမက်ဘဲ အသီးတွေ၊ အနှံတွေကိုပဲ အားရပါးရစားတာရယ်၊ နောက်ပြီးတော့ အနှိပ်သည်ဆိုတော့လည်း ခြေထောက်တွေကိုင်ရတယ်မဟုတ်လား။

“ဟုတ်မယ်ဗျ၊ ဒါပေမယ့် အနှိပ်သည်မောင်အေးက ကောင်းတဲ့စုန်းဖြစ်မယ်၊ သူကုပေးလိုက်လို့ ကောင်းသွားတဲ့လူတွေအများကြီးပဲမဟုတ်လား”

“မဟုတ်ဘူးကွ၊ ဒီကောင်က တော်တော်ဆိုးတဲ့စုန်းကွ၊ တော်တော်လည်း အောက်တန်းကျတဲ့အကောင်”

“ဟာဗျာ၊ သူများတွေကို ဆေးကုသပေးတာကို အောက်တန်းကျတယ်လို့ ပြောလို့ရမလား ဦးဘသာရဲ့”

“မင်းဘာနားလည်လို့လဲကွ၊ သူက မင်းတို့ကို ကုပေးနေတာမဟုတ်ဘူး၊ မင်းတို့ကို ပြုစားနေတာပဲကွ”

ကျုပ်ခေါင်းရှုပ်သွားတယ်။

“ဘယ်လို၊ ပြုစားနေတာတဲ့လား”

ဦးဘသာကြီးက ခေါင်းညိတ်တယ်။

“မင်းတို့ရောဂါတွေက တကယ်ပျောက်သွားတာမဟုတ်ဘူးကွ၊ သူ့အတတ်နဲ့ပြုစားပြီး မင်းတို့ကို မနာကျင်အောင်လုပ်ပေးထားတာ၊ မင်းတို့က မနာကျင်တော့ ရောဂါပျောက်ပြီလို့ထင်ပြီးတော့ အကောင်းအတိုင်း သွားလာလှုပ်ရှားနေကြတာ၊ သူပြုစားတာ ပျောက်တဲ့နေ့ဆိုရင်တော့ မင်းတို့ရောဂါတွေက ပိုဆိုးပြီးတော့ ပိုခံရပြီသာမှတ်”

ကျုပ်လည်းမျက်လုံးအပြူးသားနဲ့ နားထောင်နေရတာပေါ့ဗျာ။

“မင်းကို ငါလာလို့ ကြိမ်လုံးနဲ့ရိုက်ရသလဲဆိုတော့ မင်းမှာ သူပြုစားထားတဲ့ ပညာစက်တွေရှိနေလို့ပဲ၊ ဒါကြောင့် ငါက ငါ့ကြိမ်လုံးနဲ့ရိုက်ပြီး ပညာစက်တွေကို ဖယ်ရှားပေးခဲ့တာပဲကွ၊ ဟိုနေ့က ရေကန်နားမှာတစ်ခါ၊ အခုလည်း မင်းဆီမှာတွေ့ပြန်ပြီ”

ဒီတော့မှ ဦးဘသာကြီးက ကျုပ်ကို ကြိမ်လုံးနဲ့ရိုက်နေတာကို ကျုပ်သိလိုက်ရတာ၊ ကျုပ်ဆက်ပြီးစဉ်းစားလိုက်တော့ သူကျုပ်ကိုရိုက်ပြီး နောက်တစ်နေ့ကျတော့ ကျုပ်ခါးအောက်ပိုင်းကြီး နာကျင်နေတယ်မဟုတ်လားဗျာ၊ ကျုပ်တွေးရင်း တွေးရင်း အနှိပ်သည်မောင်အေးက ဦးဘသာကြီးပြောသလိုများ စုန်းထီးကြီးဖြစ်နေမလားပေါ့။

“ဒါဆိုရင်တော့ အဖေ့ကိုပြောမှဖြစ်တော့မယ်ဗျ”

ဦးဘသာကြီးက ခါးထောက်ပြီးတော့

“ကဲပြောပြီပဲဆိုပါစို့၊ မင်းအဖေက မင်းဒီအကြောင်းတွေ ဘယ်ကသိလာသလဲလို့ မေးရင် မင်းဘယ်လိုဖြေမလဲ”

“အိုဗျာ၊ ဦးဘသာကြီးပြောတယ်လို့ ကျုပ်ဖြေမှာပေါ့”

“အေး၊ ငါကပြောတယ်ဆိုရင် မင်းအဖေက ယုံပါ့မလား၊ တစ်ရွာလုံးကရော ယုံပါ့မလား”

ကျုပ်လည်း သေသေချာချာစဉ်းစားပြီး ခေါင်းခါလိုက်တယ်ဗျာ၊ ဟုတ်တယ်လေ၊ အခုအချိန်က တစ်ရွာလုံးက အနှိပ်သည်မောင်အေးကို ကြည်ညိုနေတယ်ဆိုတော့ ကျုပ်ပြောတာ၊ ဦးဘသာကြီးပြောတာကို ဘယ်လိုလုပ်ပြီး ယုံမလဲဗျာ။

“ဒါဆို ဘယ်လိုလုပ်ကြမလဲ”

“မတတ်နိုင်ဘူးကွာ၊ ဒီအကောင်ကိုတော့ မင်းနဲ့ငါနဲ့နှစ်ယောက်တည်း ကြိတ်ပြီးဖြေရှင်းကြတာပေါ့ကွာ”

“ဘယ်လိုလုပ်ကြမလဲ ဦးဘသာ”

“နေစမ်းပါအုံး သူ့နာမည်ကလည်း မောင်အေးဆိုတော့ တစ်ချိန်က တောင်တွင်းဘက်မှာ သောင်းကျန်းခဲ့တဲ့ မောင်အေးဆိုတဲ့ စုန်းများလား”

ကျုပ်ခေါင်းထဲ ဖြတ်ခနဲလက်သွားတာဗျ၊ အနှိပ်သည်မောင်အေးက တောင်တွင်းဘက်ကလို့ ပြောတယ်မဟုတ်လား။

“ဟုတ်တယ်ဦးဘသာ၊ အနှိပ်သည်မောင်အေးက တောင်တွင်းဘက်ကတဲ့”

“ဒါဆို သေချာပါပြီကွာ၊ ဒီကောင်က မကောင်းတဲ့ကောင်ပဲကွ၊ အရင်ကတော့ ဆေးဆရာလိုလို၊ ဆံပင်ညှပ်တဲ့လူလိုလိုနဲ့ တောင်တွင်းဘက်မှာ သောင်းကျန်းခဲ့တာပေါ့ကွာ”

“ဒါနဲ့ သူကဘယ်လိုသောင်းကျန်းတာတုန်း”

“မောင်အေးက တဏှာရူးကွ၊ သူရောက်နေတဲ့နေရာကနေ ခုနစ်ရက်ပြည့်ရင် ထွက်သွားတတ်တယ်၊ မထွက်သွားခင်မှာ အဲဒီရွာက မိန်းမပျိုလေးတွေနဲ့ ကာမစပ်ယှက်တယ်တဲ့ကွာ၊ ဒီလိုစပ်ယှက်ပြီးတဲ့အခါမှာလည်း သူက မိန်းမပျိုကလေးတွေဆီကနေ တချို့အရာတွေယူတယ်၊ ပြီးတော့သူက ကာမသိဒိအားတိုးတဲ့ ဆေးတွေဖန်တီးနေတာကွ”

“နေပါအုံး မိန်းကလေးတွေဆီကနေ ရွှေတွေ၊ စိတ်တွေယူသွားတာလား”

“မင်းနှယ်ကွာ၊ ပြောရတာဝေးလိုက်တာ၊ မိန်းမပျိုကလေးတွေဆီကနေ သူတို့ဆီက အရည်တို့၊ အမွှေးအတောင်တို့ ယူရတာကွ၊ သူက ဆေးတွေဖော်ပြီးသွားရင် ဈေးကြီးကြီးနဲ့ပြန်ရောင်းတာ၊ သူဌေးကြီးတွေ ဝယ်ကြတယ်ပြောတာပဲကွ”

“တောက်”

ကျုပ်လည်း တောက်ခေါက်လိုက်မိတယ်၊ နောက်တော့မှ ကျုပ်သိလိုက်ရတာက ဒီနေ့က သူကျုပ်တို့ရွာကိုရောက်တာ ခုနစ်ရက်မြောက်တဲ့နေ့ပဲဗျ။

“ဦးဘသာ၊ ဒီနေ့က သူရွာကိုရောက်တာ ခုနစ်ရက်မြောက်တဲ့နေ့ပဲဗျ”

ဦးဘသာကြီးလည်း တော်တော်ထိတ်ထိတ်လန့်လန့်ဖြစ်သွားတယ်။

“ဟေ၊ ဒါဆိုငါတို့ ခပ်မြန်မြန်လုပ်မှရမယ်၊ ဒီကောင် ဒီညမှာသူလိုအပ်တာယူပြီး ရွာကနေထွက်သွားလိမ့်မယ်ကွ၊ မနက်မိုးလင်းတာနဲ့ ဒီကောင်ပျောက်သွားမှာ”

ကျုပ်လည်း စိတ်လှုပ်ရှားလွန်းလို့ လက်တွေပါတုန်လာတယ်ဗျာ။ ဦးဘသာကြီးကလည်း

“မင်းတို့အိမ်မှာ မိန်းမပျိုဆိုရင်၊ ဟာ . . မင်းညီမနို့ညှာမရှိတာပဲ၊ ဟာဟေ့ကောင် ဒီကောင်က အကြံတော်တော်ပက်စက်တဲ့ကောင်ပဲကွ၊ မင်းတို့အိမ်မှာတည်းတာက သူ့အတွက် ရေကန်အသင့် ကြာအသင့်ပဲဟေ့”

“ဒါဆို ဘယ်လိုလုပ်ရမလဲ၊ ဦးဘသာ ကျုပ်တို့ကိုကယ်ပါအုံး”

ဦးဘသာကြီးက တစ်ချက်တွေးနေတယ်ဗျ။

“ဟေ့ကောင်၊ ဟိုဘက်ကိုလှည့်စမ်းကွာ၊ မင်းစွပ်ကျယ်ကို လှန်တင်လိုက်”

ကျုပ်လည်း သူပြောတဲ့အတိုင်း စွပ်ကျယ်ကိုလှန်ပြီးသူ့ကိုကျောပေးထားတာပေါ့ဗျာ၊ ဦးဘသာကြီးက ဘာမပြောညာမပြောနဲ့ ကျုပ်ကျောကုန်းကို နွားရိုက်တဲ့ကြိမ်ကြီးနဲ့ လွှဲပြီးရိုက်ထည့်လိုက်တာဗျာ၊ ကြိမ်လုံးကြီးက ကြီးတော့ မစပ်ဘဲ ကျောကုန်းကို ပူခနဲပဲဗျာ။

“ဦးဘသာ ဘာလုပ်တာလဲ”

“ငါ့ကိုပြန်မမေးနဲ့ သူ့အစီအရင်တွေ ခံနိုင်အောင် မင်းကိုလုပ်ပေးနေတာကွ”

ကျုပ်လှည့်ကြည့်တော့ ဦးဘသာကြီးက သူ့ကြိမ်လုံးကို တံတွေးနဲ့ဆွတ်လိုက်သေးတယ်၊ ပါးစပ်ကလည်း တစ်ခုခုကိုရွတ်လို့ဗျ၊ နောက်တော့ ကျုပ်ကျောကို နောက်တစ်ချက်ထပ်ရိုက်တယ်၊ ကျုပ်မှာ ကျောကိုအောင့်သွားတာပဲဗျာ။

“ဦးဘသာ၊ ဟိုတစ်ခါလို ကွမ်းရိုးနဲ့လုပ်တာတို့၊ အင်းဆွဲတာ၊ အဆောင်ပေးတာတို့ လုပ်လို့မရဘူးလား၊ ဒီလိုရိုက်မှရမှာလား”

“အေးကွ၊ အသားနာလေ၊ ကောင်းလေပဲဟ”

ဦးဘသာက နောက်တစ်ချက်ထပ်ရိုက်ပြန်တယ်ဗျာ၊ ကျုပ်လည်းမနေနိုင်တော့ဘူးလေ၊ လက်ကိုလှန်ပြီး ကျောကုန်းကို ပွတ်နေရတော့တာ၊ သုံးချက်ရိုက်ပြီးတော့ ဦးဘသာကြီးက ခေါင်းညိတ်လိုက်တယ်ဗျ။

“ကဲ ပြီးပြီ၊ မင်းလုပ်ရမှာက ဒီကောင်ဘာလုပ်နေတယ်ဆိုတာ စောင့်ကြည့်နေ၊ တစ်ခုခုထူးပြီဆိုတာနဲ့ မင်းဒီကောင့်ကိုဝင်ပြီးတော့တား၊ ငါကလည်း အသင့်ရောက်လာခဲ့မယ်၊ အရေးကြီးတာ မင်းခြေထောက်ကိုမထိသရွေ့ မင်းကိုသူဘာမှမလုပ်နိုင်ဘူး”

ကျုပ်လည်း ကျောကော့ကော့နဲ့ပြန်လာခဲ့တာပေါ့ဗျာ၊ အိမ်ပြန်ရောက်တာနဲ့ ကျုပ်လည်းဘာမှမလုပ်တော့ဘဲနဲ့ အနှိပ်သည်မောင်အေးကိုပဲ ချောင်းနေတော့တာ၊ ကျုပ်က ကျောကုန်းကိုပွတ်နေလို့ အနှိပ်သည်မောင်အေးက ကျုပ်ကိုတောင် ကုပေးရမလားတဲ့၊ ကျုပ်လည်း သူ့ကိုအကိုင်မခံတော့ဘူးလေဗျာ၊ ရပါတယ်ဆိုပြီး ငြင်းလိုက်တာပေါ့၊ ဒီလိုနဲ့ညဘက်ကိုရောက်လာခဲ့ပြီဗျ၊ တစ်အိမ်လုံးလည်းအိပ်သွားပြီ၊ အနှိပ်သည်မောင်အေးက ဘုရားခန်းခြေရင်းနားမှာအိပ်တာဗျ၊ ကျုပ်လည်းအေိပ်ချင်ယောင်ဆောင်ပြီးကြည့်နေတုန်း မောင်အေးက ငေါက်ခနဲထလာတယ်ဗျာ၊ နောက်တော့ သူ့ဖျာပေါ်မှ သစ်ရွက်စိမ်းတစ်ရွက်ချပြီး အဲဒီသစ်ရွက်ပေါ်ကို ဆေးမှုန့်လေးတွေဖြူးတယ်ဗျ၊ ဆေးမှုန်းလေးတွေကို စုလိုက်တော့ တောင်လိုပုံစံလေးဖြစ်သွားတာဗျာ၊ အဲဒီတောင်ထိပ်ချွန်ချွန်ကလေးကို သူက မီးခတ်နဲ့ခတ်လိုက်တော့ မီးကူးသွားတာပေါ့ဗျာ၊ မီးကူးသွားတာနဲ့ စိမ်းရွှေရွှေအနံ့တစ်မျိုး ကျုပ်နှာခေါင်းထဲကိုဝင်လာတော့တာ။ ခဏကြာလို့ သူ့ခြင်ထောင်ကြီးကို မလိုက်တော့ အငွေ့တွေက ခြင်ထောင်ထဲကနေ အလုံးအရင်းနဲ့ထွက်လာပြီးတော့ တစ်အိမ်လုံးကိုလွှမ်းသွားတာဗျာ၊ သူက အဲဒီသစ်ရွက်ကလေးကို လက်ဝါးပေါ်တင်ပြီးတော့ အိမ်အောက်ထပ်ကို အေးအေးလူလူပဲ ဆင်းသွားတော့တယ်။ ကျုပ်လည်း ဒီလူအိပ်မွေ့ချလိုက်ပြီဆိုတာ သိလိုက်တယ်ဗျ၊ ဒါနဲ့ ကျုပ်ဘေးမှာအိပ်နေတဲ့ ကျုပ်ညီကို ကျုပ်နှိုးတာ၊ မျက်နှာကိုလက်သီးနဲ့ကြိတ်ထုတယ်၊ ပါးတွေကို ဖြတ်ဖြတ်ရိုက်တယ်၊ ဒါပေမယ့် ကျုပ်ညီက ဘယ်လိုလုပ်လုပ် မနိုးဘူးဗျာ၊ သူ့ကိုဆွဲထူတော့လည်း လူသေကောင်ကြီးလို တောင့်တောင့်ကြီးဗျ။ ကျုပ်လည်း ကျုပ်ညီကိုမနှိုးတော့ဘဲ အိမ်အောက်ကိုဆင်းခဲ့တယ်၊ မောင်အေးက အိမ်ရှေ့ကွပ်ပျစ်မှာ ခုနကလုပ်တဲ့အတိုင်း သစ်ရွက်နဲ့ အပုံကလေးငါးပုံလုပ်ပြီး မီးထွန်းလိုက်တယ်ဗျာ၊ မီးခိုးတွေက ရွာထဲကို ပြန့်သွားတော့တာပေါ့၊ ကျုပ်ကို ဦးဘသာကြီးက ကြိမ်နဲ့သုံးချက်ရိုက်ထားလို့ ကျုပ်ဘာမှမဖြစ်တာနေမယ်ဗျာ။ ဒီလူက ဘေးဘီကြည့်ပြီးတော့ အိမ်အောက်ကိုလာတော့ ကျုပ်လည်း လှေကားအနောက်က ပုဏ္ဍားကွယ်မှာ ကွယ်ပြီးပုန်းနေလိုက်ရတာ၊ ထင်တဲ့အတိုင်းပဲ ဒီလူက အိမ်အောက်ထပ်က ကျုပ်ညီမတို့အိပ်တဲ့အခန်းကိုသွားတာဗျာ၊ အိမ်မှာ လူစိမ်းတွေရောက်နေပြီဆိုရင် ညီမတို့က အခန်းတံခါးကိုအတွင်းက ကလန့်ထိုးပြီး အိပ်တတ်ကြတယ်၊ အဲဒါအကျင့်ဖြစ်နေပြီ။ အခုလည်း မောင်အေးက တံခါးကိုဖွင့်ကြည့်တယ်ဗျ၊ ဖွင့်လို့မရတော့ တံခါးကိုလက်နဲ့အုပ်ပြီး တစ်ခုခုရွတ်လိုက်တာ ပိတ်ထားတဲ့တံခါးက အခန်းထဲက တစ်ယောက်ယောက်ဖွင့်ပေးသလိုမျိုး ပွင့်သွားတော့တာဗျို့၊ မောင်အေးက အေးအေးလူလူကို လုပ်နေတာဗျာ၊ သူက အိပ်မွှေ့ချပြီးပြီဆိုတော့ အေးအေးဆေးဆေးပေါ့လေ၊ သီချင်းကလေးကလည်း ညည်းနေသေးတယ်၊ အခန်းထဲမဝင်ခင် သူဝတ်ထားတဲ့ ပုဆိုးကို အပုံလိုက်ချွတ်လိုက်တာဗျ၊ အောက်ကလည်း ဘောင်းဘီမပါဘူးဗျို့၊ ဖင်တုံးလုံးကြီးဖြစ်သွားပါရော၊ နောက်တော့ သူဝတ်ထားတဲ့အင်္ကျီက အိတ်ထဲကိုနှိုက်ပြီးတော့ ပင်နယ်ဆလင်ပုလင်းကလေးတစ်လုံး ကိုင်လိုက်တယ်။ နောက်တော့ အင်္ကျီကိုပါချွတ်ပြီး ပုဆိုးကွင်းထဲကို ထည့်လိုက်တာဗျ၊ ပြီးတာနဲ့ အဲဒီအင်္ကျီကိုသုံးချက်နင်းပြီးတော့မှ ကိုယ်လုံးတီးနဲ့ အခန်းထဲဝင်သွားတာ၊ အဲဒါကလည်း သူဆေးဖော်တာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်မှာပေါ့ဗျာ။

(၄)

သူအခန်းထဲဝင်သွားတော့ ကျုပ်လည်း အိမ်အောက်ကိုပြေးဆင်းပြီးတော့ အခန်းထဲကိုခုန်ဝင်လိုက်တောပေါ့ဗျာ၊ ဒီလူက နို့ညှာမခြင်ထောင်ကိုလှန်ပြီးတော့ ထမီကိုတောင်ချွတ်ဖို့လုပ်နေပြီ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ အခန်းထောင့်မှာထောင်ထားတဲ့ တစ်ထွာလောက်ရှိတဲ့ သနပ်ခါးတုံးကြီးနဲ့ သူ့ခေါင်းကိုပိတ်ထုထည့်လိုက်တာဗျာ၊ မောင်အေးက လုံး၀မထင်ထားတော့ အရှေ့ကိုလဲကျသွားတာ၊

ကျုပ်လည်း နောက်တစ်ချက်ထပ်ပြီးထုမယ်လုပ်တော့ သူက ကုန်းထပြီး ကျုပ်ကိုဆောင့်တွန်းထည့်လိုက်တာဗျ၊ ကျုပ်လည်း အရှိန်လွန်ပြီးတော့ ထရံနဲ့တိုက်မိသွားတယ်၊ ဒီမှာ သူနဲ့ကျုပ်နဲ့ နပမ်းလုံးကြတော့တာပဲ၊ ဒါပေမယ့် သူ့လိုအသက်ငါးဆယ်ကျော်ကို ကျုပ်ယှဉ်မလုံးနိုင်ဘူးဗျ၊ ဒီလူကြီးက သန်ချက်ဗျာ၊ ကျုပ်ကိုတွန်းထုတ်ပြီးတော့ အခန်းထဲမှာ ဟိုဟိုဒီဒီလိုက်ကြည့်တယ်ဗျ၊ အခန်းအဝကြမ်းပြင်မှာ ကျုပ်ခြေရာကြီးက အထင်းသားကြီးဗျာ၊ လှေကားကနေ သူတို့အခန်းကိုလာတဲ့နေရာမှာ မြေကြီးရှိတယ်ဗျ၊ နွေဆိုတော့ မြေကြီးကဖုန်ထနေတာဆိုတော့ ကျုပ်ခြေရာကြီးက ဖုန်တွေနဲ့အထင်းသားကြီးဖြစ်နေတာ၊ ကျုပ်လည်း သိလိုက်တယ်လေ၊ မောင်အေးကလည်း မြန်တယ်ဗျာ၊ ခြေရာကြီးဆီကိုပြေးပြီးတော့ သူ့လက်နဲ့ပုတ်ထည့်လိုက်တာဗျ၊ ဒါပေမယ့် ကျုပ်က ဘာမှမဖြစ်ဘူး၊ မောင်အေးက မယုံချင်သေးဘူး၊ ခြေရာကို သုံးလေးချက်လောက် ပုတ်နေသေးတာဗျာ၊

“ဟေ့ကောင်၊ ဘာတွေလုပ်နေတာလဲ”

ဒီအချိန်မှာပဲဦးဘသာကြီးက အခန်း၀မှာပေါ်လာတယ်ဗျ၊ မောင်အေးက စုန်းမို့ သူတို့အချင်းချင်းကြည့်ရုံနဲ့ သိသွားတယ်ထင်တယ်၊ ဒါနဲ့ နောက်လက်တစ်ဖက်က ဦးဘသာကြီးဆီကို တစ်ခုခုနဲ့လှမ်းပြီး ပစ်လိုက်တာဗျ၊ ဝင်းခနဲ၊ လက်ခနဲပဲ၊ စက်လက်နက်ဆိုတာ ဒါမျိုးနေမှာပေါ့ဗျာ၊ ဦးဘသာကြီးက မြန်တယ်ဗျာ၊ လေထဲကို ဟိတ်ဆိုပြီး ဖမ်းလိုက်တာ၊ သူ့လက်ထဲမှာ ဘာရှိလဲတော့ ကျုပ်လည်းမမြင်ရဘူးဗျ၊ နောက်တော့ မြေကိုပစ်ချလိုက်တဲ့ပုံစံလုပ်ပြီးတော့ ဖနောင့်နဲ့ပေါက်ထည့်လိုက်တယ်၊ အနှိပ်သည်မောင်အေးရုပ်ကြီး တော်တော်ကိုပျက်နေတာဗျာ၊ ဒီမှာ ဦးဘသာကြီးက မောင်အေးကို လက်ညှိုးထိုးပြီးတော့

“ဟိတ်၊ မလှုပ်နဲ့”

အဲဒီလိုပြောလိုက်တော့ အနှိပ်သည်မောင်အေးက ကြမ်းပေါ်မှကုန်းကုန်းကြီးဗျ၊ မထနိုင်တော့ဘူး၊ ဦးဘသာကြီးက

“အလတ်ကောင်၊ ဟိုပုလင်းကလေး ငါ့ကိုပေးစမ်း”

ကျုပ်လည်း ပင်နယ်ဆလင်ပုလင်းကို ပြေးကောက်ပြီးတော့ ဦးဘသာကြီးကိုပေးလိုက်တာပေါ့ဗျာ၊ ဦးဘသာကြီးက ပုလင်းကလေးကို သူ့အိတ်ထဲကိုထည့်လိုက်ပြီး

“မင်းကိုငါဘာမှမလုပ်ချင်ဘူး၊ မင်းဒီကနေမြန်မြန်သာထွက်သွား၊ နောက်တစ်ခါပေါ်လာရင် မင်းငါ့အကြောင်းသိမယ်”

အဲဒီလိုပြောပြီးတော့ မောင်အေးရဲ့နဖူးပေါ်ကို လက်ညှိုးနဲ့ထိုးပြီး ကြက်ခြေခတ်ပုံရေးဆွဲလိုက်တယ်ဗျ၊ မောင်အေးလည်း အဲဒီတော့မှ ထနိုင်တယ်ဗျာ။ ထပြီးတာနဲ့ အဝတ်အစားတွေမြန်မြန်ကောက်ဝတ်ပြီး သွားဖို့လုပ်တာပေါ့၊ ကျုပ်လည်း အိမ်ပေါ်ကိုပြေးတက်ပြီးတော့ သူ့အထုပ်အပိုးတွေယူပြီး ပစ်ချပေးလိုက်တာ၊ ဒါနဲ့ မောင်အေးတစ်ယောက် ဖိနပ်တောင်မဝတ်နိုင်ဘဲ ခြံထဲကနေ ပြေးထွက်သွားပါရောဗျာ။ ကျုပ်နဲ့ဦးဘသာကြီးလည်း ထွက်ပြေးသွားတဲ့ မောင်အေးကို မျက်စိတစ်ဆုံးကြည့်နေကြတာပေါ့ဗျာ။

“ခြေစုန်းဆိုတာ အဲဒါပဲကွ၊ သူပြေးသွားတာ ခြေရာတောင်မထင်ဘူးတွေ့လား”

နွေရာသီမို့လို့ လမ်းမှာက ဖုန်တွေတထောင်းထောင်းထနေပေမယ့် အနှိပ်သည်မောင်အေးထွက်ပြေးသွားတာ ခြေရာတစ်ခုတောင် မကျန်ခဲ့ပါဘူးဗျာ၊ ကျုပ်လည်း အံ့ဩနေတာပေါ့။

“သူ့ကိုလုပ်မှာတော့ ကြောက်သားကွ”

ဦးဘသာကြီးက သူ့အင်္ကျီအိတ်ထဲက ပုလင်းကလေးကိုထုတ်လိုက်တယ်ဗျ။

“အဲဒါ ဘာတွေလဲ ဦးဘသာ”

“အပျိုစင်ရဲ့သွေးတွေပေါ့ကွာ၊ ကဲ၊ ဒီပုလင်းကို အိမ်သာကျင်းထဲ ပစ်ထည့်လိုက်စမ်းကွာ”

ကျုပ်လည်း ပုလင်းကလေးကို ယူလိုက်တယ်ဗျ၊ နောက်တော့ ဦးဘသာကြီးက ခြံထဲကထွက်သွားဖို့လုပ်နေတယ်။

“ဘာဆက်လုပ်ရအုံးမှာလဲ ဦးဘသာ”

“ပြီးပြီ၊ ငါလည်းသွားအိပ်တော့မယ်၊ ရွာကလူတွေကတော့ မနက်အုန်းမောင်းခေါက်မှ နိုးကြမယ်ထင်တယ်၊ ငါသွားပြီဟေ့”

ကျုပ်လည်း အိမ်သာဆီကိုအမြန်ပြေးသွားပြီးတော့ အိမ်သာကျင်းထဲကို ပုလင်းကလေးကိုပစ်ချလိုက်တော့တာပေါ့ဗျာ။ ပြီးတော့ အငယ်မတို့အခန်းတံခါးကိုပြန်ပိတ်ပြီးတော့ ခြေလက်ဆေးပြီး ပြန်အိပ်တာပေါ့ဗျာ။

နောက်နေ့မနက်လင်းတော့ ကျုပ်မထနိုင်ဘူးဗျာ၊ ဦးဘသာရဲ့ကြိမ်ချက် ဘယ်လောက်ပြင်းသလဲဆို အသားတွေဖူးပြီး ယောင်နေပါရော၊ အိပ်ရာကနေ ကုန်းပြီးထတဲ့အချိန်မှာ ကျုပ်အကိုကြီးကလည်း ခါးနာလို့ဆိုပြီး အိပ်ရာထဲ ဆန့်ဆန့်ကြီးဗျာ၊ အဖေကလည်း အဖျားတွေတက်နေတယ်၊ အမေက အုန်းလွဲလို့ဆိုပြီးတော့ ခေါင်းကြီးကစောင်းနေတယ်၊ ကျုပ်သိလိုက်ပြီလေ၊ ဒါ မောင်အေးထွက်သွားပြီးတော့ သူပြုစားထားတာတွေကုန်သွားလို့ လူတွေထိကုန်ကြတာပဲနေမှာ၊ ကျုပ်လည်း ပရုတ်ဆီလေးရှာပြီး ကျောကဒဏ်ရာတွေကို ပွတ်နေတုန်းရှိသေးတယ်၊ ဟိုဖက်အိမ်က ဦးလေးကြီးရဲ့ အော်သံကိုကြားလိုက်ရပါရော။

“ဟေ့၊ ငါဘယ်လိုဖြစ်လဲမသိဘူး၊ လမ်းလျှောက်လို့မရတော့ဘူး၊ ငါ့ကို အနှိပ်သည်မောင်အေးဆီ ပို့ပေးကြပါအုံးဟဲ့”

ကျုပ်လည်း အသံကြားလိုက်တော့ အိမ်ထဲကနေလှမ်းအော်လိုက်တယ်။

“အနှိပ်သည်မောင်အေး မရှိတော့ဘူးဗျို့၊ ပြေးပြီ . . . ပြေးသွားပြီဗျ”

ပြီးပါပြီ။
အဂ္ဂဇော်