စုန်းမကျိန်စာ

ဆန်စက်၊ဆီစက်ပိုင်ရှင်သူဌေးသူကြွယ်များဖြစ်ကြသည်။

ဇော်မိုးတွင်မွေးချင်းအစ်ကိုတယောက်၊အမတယောက်ရှိကာဇော်မိုးက
အငယ်ဆုံးဖြစ်သည်။
ဇော်မိုးမိဘများမှာသားသမီးသုံးယောက်အိမ်ထောင်ကျသောအခါအမွေများကိုညီတူ၊ညီမျခွဲဝေပေးလာသည်။

သားသမီးသုံးယောက်တွင်ဇော်မိုးမှာ
စီးပွားရေးအမြင်ရှိသူအဖြစ်အားလုံးသတ်မှတ်ချီးကျုးခံရသည်။
ရရှိလာသောအမွေများကိုအရင်းတည်ကာ မြေပဲဝယ်လှောင်၊စပါးဝယ်လှောင်ကာ ကိုယ်တိုင်ကြိတ်ခွဲပြီးကုန်သည်ပွဲစားများကိုရောင်းချရာ သူဝယ်လှောင်စဥ်စျေးထက်နှစ်ဆကျော်ခန့်အမြတ်ရပြီး စီးပွားရေးမှာတစ်နေ့တခြားတိုးတက်လာသည်။

သုံးလေးနှစ်ခန့်အတွင်း ကံဇာတာကလည်းကောင်း စည်းစနစ်ကျကျလည်းလုပ်ကိုင်တတ်သူမို့စီးပွားရေး
တက်လာခြင်းဖြစ်သည်။

ဇော်မိုးဇနီးမယားအမည်မှာမေသူဟု
အမည်ရပြီးသူတို့တွင်သားတယောက်
သမီးတယောက်ရှိသည်။
ဇော်မိုးဇနီးမေသူမှာ မဲဇလီရွာသူမဟုတ်ပဲ ပဲခူးရိုးမတောင်ခြေအနီး
ထန်းနှစ်ပင်ရွာသူတယောက်ဖြစ်သည်။

ဇော်မိုးမှာစီးပွားရေးလုပ်ငန်းကိုတိုးချဲ့
ရန်စဥ်းစားရာ ဇနီးမယားရွာတွင်စီးပွား
ရေးလုပ်ငန်းတိုးချဲ့ရန်ကြံစည်စိတ်ကူး
ရန်နေရာရှာရာ ဆီစက်၊ဆန်စက်တည်ထောင်သူမရှိသည့်ဇနီး​မယားရွာ ထန်းနှစ်ပင်တွင်တည်ထောင်ရန်စိတ်ကူးရှိနေသည်။

မေသူအမျိုးများကလည်းတရွာလုံး
နီးပါးမို့ သူ့စီးပွားရေးကိုနှောင့်ယှက်ရန်
ပြုမည့်သူအတွက်စိတ်ပူရန်မလိုသည့်အတွက်ပို၍အဆင်ပြေနေသည်။

ထို့ကြောင့် ထန်းနှစ်ပင်ရွာတွင်မြေနေရာတည်ရန်နေရာလိုက်ရှာရာ ကျယ်ဝန်းသောမြေနေရာတခုသွားတွေ့သည်။
စက်ရုံတည်ရန်၊ အလုပ်သမားတန်းလျားဆောက်ရန် ​၊ ကုန်ပစ္စည်းများ
ထားရန်အဆောက်အဦးများဆောက်၍
အဆင်ပြေမည့်မြေနေရာမျိုးဖြစ်သည်။

သို့ရာတွင်.. ပြသာနာတခုတော့ရှိနေသည်။ ထိုနေရာတွင်နေထိုင်သူရှိနေ
ခြင်းကြောင့်ဖြစ်သည်။
ပိုင်ရှင်ကိုစျေးကောင်းပေးဝယ်၍
ရသော်လည်းပိုင်ရှင်သည်မြေပိုင်ရှင်
မဟုတ် ၊ နေသူမရှိသည့်နေရာတွင်ကာလရှည်နေရာမှမြေပိုင်အဖြစ်နေရာ
ယူထားခြင်းဖြစ်သည်။

ထိုနေရာကိုထန်းနှစ်ပင်ရွာသားများကဖုန်းဆိုးမြေဟုခေါ်ကြသည်။ ရွာနှင့်
ခြေလျှင်တစ်နာရီသွားရမည့်အရပ်တွင်
တည်ရှိနေသောနေရာဖြစ်သည်။
ဖုန်းဆိုးမြေဟုခေါ်ရခြင်းမှာအကြောင်းရှိသည်။ သစ်ပင်ကြီးများ
ကျဲပါးပြီး ကြိမ်ပင်၊ဆူးပင်၊နွယ်ပင်များ
ဖြင့်တောထနေသောနေရာမျိုးဖြစ်၏။

ဖုန်းဆိုးမြေကိုရွာသားများမှာတကူးတကခုတ်ထွင်စိုက်ပျိုးသူမရှိ၊စိတ်မဝင်စားပဲစွန့်ပစ်ထားကြသည်။လွန်ခဲ့သောသုံးနှစ်ကထိုနေရာသို့လင်မယားနှစ်ယောက်ရောက်လာကြသည်။
အသက်လေးဆယ်ကျော်လင်မယားဖြစ်ပြီး သားသမီးမရှိလင်မယားနှစ်ယောက်တည်းဖြစ်သည် ။

လင်ဖြစ်သူအမည်မှာတင်သောင်းဟု
အမည်ရပြီး၊ဇနီးဖြစ်သူအမည်မှာ ရင်ရွှေဟုခေါ်သည်မှလွဲ၍ တခြားအကြောင်းများမည်သူမှမသိကြ။
သူတို့ဘယ်အရပ်ကလာ၍နောက်ကြောင်းမည်သို့ရှိသည်ကို
မသိကြခြင်းဖြစ်သည်။

လင်မယားနှစ်ယောက်မှာ နေထိုင်သူမရှိသောဖုန်းဆိုးမြေတွင် အိမ်ငယ်တစ်လုံးဆောက်၍နေကြသည်။
ထန်းနှစ်ပင်ရွာသားများနှင့်အဆက်အဆံမလုပ်၊ လိုအပ်သည်များရွာသို့လာဝယ်သည်မှအပ၊ရွာသာရေး၊နာရေးများတွင်ဝင်ရောက်ပါဝင်ခြင်းမရှိ၊သီးခြားနေသူများဖြစ်သည်။

လင်မယားနှစ်ယောက်ရုပ်ရည်မှာအလွန်လိုက်ဖက်သောပုံစံမျိုးရှိသည်။

တင်သောင်းမှာအရပ်ပုပု၊ အသားမည်းမည်း ဗလတောင့်တောင့်ဖြစ်သည်။ မျက်နှာကလေးထောင့်စပ်စပ်ပုံစံမျိုးရှိကာ အာဖရိကသားများလိုလိမ်ကောက်နေသောဆံပင်၊နဖူးမောက်မောက်၊မျက်လုံးပြူးပြူး၊နခေါင်းပွပွ၊ပါးစပ်ပြဲပြဲပုံစံရှိကာ၊မျက်နှာတွင်ကန့်လန့်ဖြတ်ဓားဒဏ်ရာကြီးတခုရှိသည်။
အင်ကျီဝတ်သည်ဟူ၍မြင်ဖူးသူမရှိ၊ အရောင်ညစ်ညစ်ပုဆိုးကွက်ကျဲတထည်ကိုဒူးအထိတိုတိုဝတ်ကာ ဓားမကြီးတလက်ခါးတွင်ထိုး၍သွားလာနေသော တင်သောင်း ထန်းနှစ်ပင်ရွာသို့
ရောက်လာလျှင် တင်သောင်းကိုတွေ့သောခလေးများမှာ လမ်းပေါ်တွင်မဆော့ရဲကြပဲ နီးစပ်ရာအိမ်များသို့ဝင်ပြေးကြသည်။
ခွေးများသည်ပင်အမြီးကုတ်ကာခြံအတွင်းမှဟောင်ဝံ့ကြသည်။ တင်သောင်းကားမည်သူကိုမှဂရုမစိုက် မျက်နှာထားတည်တည်ဖြင့် သူလိုအပ်သည်ဝယ်ယူကာပြန်တတ်သည်။
အဓိကဝယ်ယူသည်ကားအရက်ဖြစ်၏။

ရင်ရွှေမှာကား ခေါင်းမလျှော်၊ဆီမထည့်သည်မှာနှစ်မည်မျကြာပြီမသိသော
ဆံပင်ဖိုးရိုးဖားလျားကိုအမြဲတစေကျောပေါ်ဖြန့်ချထားတတ်သည်။

မျက်လုံးကစွေစောင်းကာ ၊သွားခေါသည်။ ညစ်ထေးထေးထမီကိုရင်လျား
ဝတ်ထားတတ်သည်။စကားပြောလျှင်
အဆဲအဆိုလေးပါမှပြောတတ်သူဖြစ်သည်။

သူတို့နှစ်ယောက်စားသောက်ရေးအတွက်အလုပ်အကိုင်မှာ သားသတ်လုပ်ငန်းဖြစ်သည်။
ထန်းနှစ်ပင်ရွာတွင်အစပထမသားသတ်လုပ်ငန်းလုပ်ကိုင်သူမရှိ။ ရွာတွင်ပွဲလမ်းသဘင်ရှိပါက ဝက်များကိုအနည်းငယ်လက်ရဲဇက်ရဲရှိသူများဝိုင်းသတ်ကာအသားပေါ်ကြသည်။
နေ့စဥ်အသားပေါ်သည်ဟူ၍မရှိပေ။တင်သောင်းတို့လင်မယားရောက်လာချိန်တွင်တင်သောင်းမှာရွာ၏လွတ်နေသောအလုပ်ဖြစ်သော
သားသတ်လုပ်ငန်းကိုယူလိုက်တော့သည်။

အစပထမ ဝက်ဝယ်၍သတ်သည့်အလုပ်သာလုပ်သော်လည်း နောက်ပိုင်း
နွားသတ်ခြင်းလုပ်ငန်းများလုပ်ကိုင်
လာသည်။
ဝက်ပေါ်သောအလုပ်ကိုမနက်ပိုင်းလေးနာရီတွင်ထလုပ်ပြီးမိုးလင်းသည်နဲ့
အားလုံးအပြီးအစီး ဝမ်းတွင်းကလီစာ၊
အသား၊အရိုးများ သူ့အတွဲနဲ့သူအသင့်
ဖြစ်နေသည်။

ရင်ရွှေမှာအသားများကိုထန်းနှစ်ပင်ရွာတွင်မနက်စောစောသွားရောင်းသည်။ ရောင်းမကုန်၍ပိုလျှံသောအသားများကို တင်သောင်းမှာတခြားရွာများသို့သွားရောင်းတတ်သည် ။

သားသတ်ခြင်းလုပ်ငန်းကိုသူတို့အိမ်နှင့်မနီးမဝေးတွင် ပြုလုပ်ခြင်းဖြစ်ရာ
ထိုနေရာတွင်ယင်မဲရိုင်းများအုပ်စုလိုက်ရှိနေကာ ၊ အပုတ်နံ့များမခံမရပ်နိူင်ရှိနေသည်။

တခြားသူများမှာသားသတ်လုပ်ငန်း
လုပ်သည့်နေရာမှဖြတ်သွားလျှင်ပင်
အနံ့မခံနိူင်ကြသော်လည်း တင်သောင်းတို့လင်မယားမှာမည်သို့မျှခံစားရဟန်မပြချေ။

အစားအသောက်ပိုင်းနှင့်ပတ်သက်လျင်လည်းလင်မယားနှစ်ယောက်လုံး
အစားကြူးသူများဖြစ်သည်။

တင်သောင်းဆိုလျှင်မကျက်တကျက်အသားများကိုအရက်နှင့်မြည်းနေတတ်သလို၊ရင်ရွှေကလည်း
မြည်းရင်းနိူက်စားနေတတ်သည်။

ဖုန်းဆိုးမြေမှာအစပထမကတည်းက
သရဲခြောက်သည်ဟုနာမည်ကြီးသော
နေရာဖြစ်သည်။ ညရေးညတာဆိုလျှင်
တယောက်တည်းဖြတ်သွားဖြတ်လာဝံ့သူမရှိသောနေရာဖြစ်၏ ။

ထိုနေရာမျိုးမှာသားသတ်လုပ်ငန်းလုပ်သည်ဆိုပါက ပရလောကသားများနှင့်ကြိမ်းသေပေါက်တွေ့ရှိရမည်မှာသေချာနေသည်။

တင်သောင်းတို့လင်မယားတပတ်ခန့်အထိသားသတ်ခြင်းအလုပ်လုပ်နေသော်လည်း အနှောင့်အယှက်မကြုံရသေးချေ။
ပထမဆုံးနွားသတ်သည့်နေ့တွင်
အနှောင့်အယှက်စကြုံတော့သည်။

ထိုနေ့ကပထမဆုံးနွားတကောင်အမဲပေါ်မည့်နေ့မို့ ညနှစ်နာရီခန့်တွင်တင်သောင်းမှာနွားကိုနဖားမှကိုင်ဆွဲကာ
သတ်မည့်နေရာဆွဲသွားနေ၏။ ဇနီးဖြစ်သူမှာမီးတုတ်ကိုင်ကာရှေ့မှသွားနေသည်။နွားကအချိန်ပေးအမဲဖျက်ရမည်မို့ စော၍သတ်ဖြတ်ရန်လုပ်နေကြခြင်းဖြစ်သည်။

နွားမှာသူ့ကိုသတ်တော့မည်ကိုသိနေသည်မို့ ခြေစုံကန်ကာရပ်နေသော်လည်းနဖားကြိုးကိုဆွဲနေသည်မို့နာကျင်သောကြောင့်
နှာတရူးရူးမှုတ်ကာလိုက်ပါနေရသည်။

တင်သောင်းမှာနွားသတ်ခြင်းအတွက်
လက်ယဥ်သူမို့ ဂျိုနှစ်ချောင်းအလည်သို့ပုဆိန်ဖြင့်သုံးလေးချက်ထုကာ
သတ်ဖြတ်လိုက်သည်။

မြိနေအောင်သွေးထားသောဓားမကြီးဖြင့် နွားကိုအမဲဖျက်နေချိန် ဇနီးဖြစ်သူရင်ရွှေမှမီးတုတ်ကိုင်ကာအလင်းပြပေးထားသည်။

” ကိုတင်သောင်း ဟိုမှာဘာကောင်ကြီးလည်းမသိဘူး နွားခြေကို
လာဆွဲနေတယ်… ”

ဖုန်းဆိုးမြေမှထွက်လာသော ကြောက်မက်ဖွယ်ရုပ်သွင်ဖြင့်မဲနက်နက်
အကောင်ကြီးတကောင်မှာ တင်သောင်း
အကြမ်းထည်ခုတ်ထားသောနွားနောက်ခြေတစ်ချောင်းကိုလာဆွဲနေသည်ကို
ရင်ရွှေကမြင်ကာ တင်သောင်းကိုပြောလိုက်ရာခေါင်းငုံကာအလုပ်လုပ်နေသောတင်သောင်းလှည့်ကြည့်ရာ နွားခြေထောက်ဆွဲနေသောမကောင်းဆိုးဝါးကောင်ကြီးကိုတွေ့လိုက်ရသည်။

…တောက်…ငါ့အသားလာလုစားနေတဲ့မကောင်းဆိုးဝါးသိကြရောပေါ့ကွာ…ကဲ…. ဒုတ်……

တင်သောင်းမှာ ဒေါသတကြီးကြိမ်းဝါးပြောဆိုပြီး ဓားမကြီးဖြင့် မကောင်းဆိုးဝါးလက်ကိုပြေးခုတ်လိုက်ရာ မကောင်းဆိုးဝါးလက်ကိုဓားထိသွားပြီးဆွဲထားသောနွားခြေထောက်
ကိုလွတ်ချပြီးအသံနက်ကြီးဖြင့်အော်ညီးသံပြုနေ၏။ တင်သောင်းမှာဓားဖြင့်ထပ်မံလိုက်ခုတ်ရာ ဖုန်းဆိုးတောအတွင်းပြေးဝင်သွားတော့သည်။

…နောက်တခါဆိုရင်လက်ကိုမခုတ်ဘူး ၊ လည်ပင်းကိုခုတ်လို့ သရဲဘဝကပါကျွတ်သွားမယ် ၊သတ္တိရှိရင်နောက်တခါလာခဲ့ကြ….

…ဟုတ်ပ အငတ်အပြတ်ကောင်တွေ
နောက်တခါလာရင် လည်ပင်းပြတ်အောင်သာခုတ်လိုက်ကိုတင်သောင်း…

တင်သောင်းတို့လင်မယားမှာထိုမျှထိ
စရိုက်ကြမ်းသောလင်မယားဖြစ်သည်။
သရဲတစ္ဆေကိုလင်သာမကြောက်သည်မဟုတ်ဇနီးဖြစ်သောရင်ရွှေလည်းအကြောက်အလန့်မရှိသူဖြစ်သည် ။

နောက်ရက်များတွင်တင်သောင်းဓားချက်ဖြင့်လည်ပင်းပြတ်မည်စိုးကြောက်သည်လားမဆိုနိူင်၊မည်သည့်မကောင်းဆိုးဝါးမှရောက်မလာကြတော့ပေ။

ရင်ရွှေနှင့်ပတ်သက်၍ပြောစရာနောက်တချက်ရှိသည်။ ရင်ရွှေထံအသားများကိုအကြွေးယူကြသော်လည်းမည်သူမှအကြွေးမပေးပဲမထားဝံ့ကြပေ။ မထားဝံ့သောအကြောင်းတရားများလည်းရှိသည်။

တခါကရွာထဲမှမိန်းမတယောက်က ရင်ရွှေထံမှအသား အကြွေးယူကာညနေအသားဖိုးလာကောက်ရန်ပြောသည်။

ညနေစောင်းရင်ရွှေအကြွေးသွားတောင်းသောအခါ၊မရှိသေး၍မပေးနိူင်ကြောင်းစကားပြောလာသည်။ ထိုမိန်းမသည်လည်း ရွာထဲတွင်ခပ်စွာစွာ
နူတ်သီးကောင်းလျှာပါးမိန်းမတယောက်ဖြစ်သည်။ ရွှေရင်နှင့်ထိုမိန်းမ
ခွန်းကြီးခွန်းငယ်စကားများကြရင်း

…နင်တို့မိသားစုတွေစားထားသမျှအသားက အပင်းဖြစ်ပါစေ…..

ရွှေရင်မှာမြေကြီးကိုဖနောင့်ဖြင့်ပေါက်၊ တံတွေးထွေးရင်း ကျိန်ဆဲကာ
ထွက်သည်။ တိုက်ဆိုင်သည်လား၊တကယ်လားမဆိုနိူင်၊ညရောက်သောအခါထိုမိသားစုတအိမ်လုံးဗိုက်အောင့်၍လူးလှိမ့်နေကြသည် ။

ဆေးတိုက်၍လည်းမပျောက်ပဲမခံမရပ်နိူင်အော်ဟစ်နေကြသည့်အတွက်
လူကြီးများစဥ်းစားရကြပ်ကုန်သည်။
နောက်ဆုံးရွှေရင်နှင့်ပြသာနာတက်သည်ကိုသိသောအိမ်နီးနားခြင်းများကရွှေရင်နှင့်ထိုမိန်းမပြသာနာတက်ကာရွှေရင်ကြိမ်သွားသည့်အကြောင်းပြောလာကြသည်။

ရွာလူကြီးများမှာလည်းတယောက်တည်းမဟုတ်ပဲတအိမ်လုံးဗိုက်အောင့်နေကြသည့်အတွက်ရွှေရင်ပြုစားထားသည်မှာဟုတ်လိုဟုတ်ငြားဝက်သားဖိုးသွားပေးကာပြေရာပြေကြောင်းသွားပြောကြသည်။

ရွာလူကြီးများဖုန်းဆိုးကုန်းမှရွာသို့ပင်
မရောက်သေးမှီ ဗိုက်အောင့်ကာတဝေါ့ဝေါ့ထိုးအန်နေကြသောမိသားစုမှာတဝေါ့ဝေါ့ထိုးအန်ကုန်ကြတော့သည်။

ရွာသားများမှာထိုမိသားစုအန်လိုက်သောအန်ဖတ်များကိုကြည့်ကာမျက်လုံးအပြူးသားဖြင့်အံ့သြကုန်ကြသည်။ အန်ဖတ်များမှာအသားစအပုတ်အသိုးများ၊ဆံပင်ချည်ထွေးများဖြစ်နေသောကြောင့်ပင်ဖြစ်၏။

ထိုအချိန်မှစကာရွှေရင်မှာ စုန်းမတယောက်အဖြစ်တရွာလုံးကြောက်လန့်ကာမည်သူမှအကြွေးမပေးပဲမနေဝံ့ကြတော့ပေ။ ရွှေရင်နှင့်ပြသာနာဖြစ်မည့်အရေးဝေးဝေးမှရှောင်ကြသည်။

ယခုဇော်မိုးမှာ ထိုကဲ့သို့ကြောက်စရာလင်မယားနှင့်ထိပ်တိုက်ဆုံနေရပြီဖြစ်သည်။

ဇော်မိုးအနေဖြင့်သူစီးပွားရေးတွက်ခြေကိုက်မည့်အရေးအတွက်မည်သည့်အတားအဆီးကိုမဆိုရင်ဆိုင်ရန်
တွေးထားသည်။
ထို့အတွက် ကျေးရွာလူကြီးများကိုသွားရောက်စည်းရုံးတော့သည်။

စပါးစက်၊ဆီစက်တည်လျှင်ရွာမှစပါး၊နှမ်း၊မြေပဲများကိုတခြားနေရာသွားရောင်းစရာမလိုပဲ သူဝယ်မည်ဖြစ်ကြောင်း။ စက်ရုံတွင်အလုပ်သမားများကိုရွာသားများကိုအလုပ်ပေးခေါ်ခိုင်းမည်ဖြစ်ရာ ရွာသားများလည်းအလုပ်ရမည်ဖြစ်ကြောင်းပြောလာသည်။

ဇော်မိုးပြောစကားကသဘာဝကျနေသည့်အပြင်တရွာလုံးအဆင်ပြေမည့်အရေးမို့ရွာလူကြီးများမှာ တင်သောင်းတို့အိမ်သွားရတော့သည်။

တင်သောင်းတို့လင်မယားအိမ်သို့ရောက်သောအခါ ဓားသွေးကျောက်ပေါ် သူ့ဓားမကြီးတင်၍သွေးနေသော
တင်သောင်းကိုတွေ့လိုက်ကြ
ရသည်။

..မလာစဖူး အလာထူးလို့ကျုပ်အိမ်ကို
ရွာကလူကြီးတွေရောက်လာကြပါလား
ကျုပ်ဘာအမှားမှ မလုပ်ထားဖူးနော်…

…တော်ပြောပုံကကျုပ်ပဲအပြစ်လုပ်ထားသလိုလို ၊ ကျုပ်လည်းဘာအပြစ်မှမလုပ်ထားပါဘူးတော်….

လင်ယောက်ကျားကရွာလူကြီးများရှေ့
ဓားကိုင်ရပ်ကာ မခိုးမခန့်ပြောနေချိန်
နောက်ဖေးတွင်ထမင်းချက်နေပုံရသော
ရွှေရင်မှာလည်းယောက်မကြီးကိုင်ကာ
အိမ်ရှေ့ထွက်လာရင်းပြောလာခြင်းဖြစ်သည်။

….အပြစ်လုပ်ထားလို့လာတာမဟုတ်ပါဘူးကွာ။ မင်းတို့ကိုပြောစရာရှိလို့ရောက်လာတာပါ ။.. ကိစ္စကတော့ မင်းတို့ခုနေတဲ့နေရာကတို့ရွာအပိုင်မြေ၊
ဒီတော့မင်းတို့ကိုဒီနေရာကဖယ်ခိုင်းချင်တယ်။ …..

….ဘာ…ကျုပ်တို့ဒီမှာနေလာတာသုံးနှစ်သုံးမိုးမကတော့ဘူး ။ ဘာလို့ဖယ်ပေးရမှာလဲ ၊ မဖယ်နိူင်ဘူးဗျာ…

…ရှင်တို့မတရားမပြောကြနဲ့ဒီနေရာက
ဘယ်သူမှအပိုင်မဟုတ်ဘူးဆိုတာကျုပ်တို့သိတယ်မတရားလာမလုပ်နဲ့ ၊ရွှေရင်တို့ကအသက်ချင်းလဲဖို့ဝန်မလေးဘူးနော်…

…..မင်းတို့လင်မယားကိုထိုက်သင့်တဲ့ငွေကြေးတချို့တခြားနေရာတခုမှာနေဖို့အတွက်ပါစီစဥ်ပေးပါ့မယ်…

…တခြားနေရာလည်းမနေနိူင်ဘူးဗျာ။
ဒါကျုပ်တို့အပိုင်မြေ ၊ ခင်ဗျားတို့နောက်ထပ်ဘာစကားမှလာမပြောကြနဲ့တော့ ကျုပ်စိတ်တိုလာရင်မလွယ်ဘူးနော်။ ကျုပ်ခြံထဲကခုထွက်သွားကြနော်….

တင်သောင်းတယောက်ဓားကြီးတယမ်းယမ်းပြောဆိုကြိမ်းမောင်း
နေသောကြောင့် ရွာလူကြီးများနှင့်ဇော်မိုးမှာတင်သောင်းခြံထဲမှ သူ့ထက်ငါအလျှင်အမြန်ထွက်လာကြရသည်။

” မောင်ဇော်မိုးရယ် လက်လျော့
ဒီ​ေနလိုက်ပါတော့ကွာ ..တခြားနေရာတခုရွေးပါ၊ဦးတို့အဆင်ပြေအောင်လုပ်ပေးပါ့မယ်… ”

” ဒီလူက ဘယ်လိုလူများလဲ ကျေးရွာလူကြီးတွေကိုတောင်မလေးမစားနဲ့ဗျာ…နောက်ပြီးရွာခံသားလဲမဟုတ်ပဲ
မြေနေရာလုပြီးလူမိုက်လာလုပ်နေတယ်…”

” ဒီလိုကောင်စားမျိုးနဲ့ ဘယ်သူက
ဖက်ပြိုင်ချင်မှာလဲဇော်မိုးရာ….ဘယ်နေရာကလွင့်လာမှန်းမသိတဲ့..ရေမျောကမ်းတင်လင်မယားတွေ…”

ရွာလူကြီးများကတခြားနေရာရွေးချယ်ခိုင်းသော်လည်းဇော်မိုးကား
လက်မလျော့..ဖုန်းဆိုးမြေကိုမရ.. အရယူမည်ဟုစိတ်ပိုင်းဖြတ်ထားသည်။

ထန်းနှစ်ပင်ရွာလူကြီးများနှင့်
ပြသာနာဖြစ်ပြီးတစ်လလောက်အထိ
တင်သောင်းတို့လင်မယားအသားများလာမရောင်းသလို ရွာသို့လည်းမဝင်ကြပေ။ အသားများတခြားရွာသို့သွားရောင်းသလို ၊ အရက်နှင့်အိမ်အသုံးအဆောင်များလည်းတဖက်ရွာမှ
ဝယ်လာတတ်သည် ။

ထန်းနှစ်ပင်ရွာသားများအတွက်မနက်ပိုင်းအချိန်ထူးဆန်းသော သတင်း
တပုဒ်က တရွာလုံးပါးစပ်ဖျားရေပန်းစားနေသည်။ တင်သောင်းတယောက်
တဖက်ရွာသို့သွားသောနေရာတွင်ဓားဒဏ်ရာများဖြင့်သေဆုံးနေသောကြောင့်ပင်ဖြစ်သည်။
ညကတည်းကပင်သေဆုံးဟန်ရှိပြီး
ခန္ဓာကိုယ်အနှံ့ဒဏ်ရာဗရပွများဖြင့်ရက်ရက်စက်စက်အသတ်ခံထားရခြင်း
ဖြစ်သည်။

ရင်ရွှေတယောက်သူယောက်ကျားအလောင်းဖက်ငိုကာသူ့ယောက်ကျားကိုသတ်သွားသူများကိုကျိန်စာ
တိုက်နေသည် ။ ရွာသားများကားထိုလင်မယားကိုကြည့်မရသည့်အတွက်
တင်သောင်းသေသည့်အတွက်မည်သူမှဝမ်းနည်းခြင်းမရှိ၊ကွယ်ရာတွင်အားရဝမ်းသာကြောင်းပြောနေကြသေး
သည် ။
သူကြီးခေါ်၍မတတ်သာပဲမြေကျင်း
တူးပေးရသူတယောက်နှစ်ယောက်မှလွဲကာတင်သောင်းအသုဘမှာခြောက်ကပ်တိတ်ဆိတ်စွာပြီးဆုံးသွားသည်။

ရင်ရွှေမှာယောက်ကျားမြေစာပုံကိုဖက်ငိုလိုက်သူ့ယောက်ကျားကိုသတ်သွားသူများကိုကျိန်ဆဲလိုက်ရှိနေသည်။

တင်သောင်းသေပြီးသုံးရက်အကြာ
ရင်ရွှေမှာဖုန်းဆိုးတောသို့ပြောင်းရွှေ့သွားကာ သင်ချိုင်းကုန်းနှင့်မနီးမဝေးတွင်တဲထိုးနေတော့သည်။ သူမယောက်ကျားမရှိသောဖုန်းဆိုးမြေတွင်မနေလို
သောကြောင့်ဖြစ်ဟန်တူကြောင်းရွာသားများပြောနေကြသည် ။တင်သောင်းကိုမည်သူသတ်သွားသည်ဆိုခြင်းကိုလည်းအထူးတလည်စုံစမ်းမူမပြုပဲထားလိုက်ကြသည်။

ဖုန်းဆိုးမြေမှတင်သောင်းတို့လင်မယားထွက်သွားခြင်းကဇော်မိုးအတွက်ဝမ်းသာစရာဖြစ်နေသည် ။

ဖုန်းဆိုးမြေကိုရွာမှလူငှားများဖြင့်
ရှင်းလင်းလိုက်သည်။ တင်သောင်းတို့အိမ်ကိုလည်းမီးတင်ရှို့လိုက်ကြ၏။

တင်သောင်းတို့အိမ်မီးတင်ရှို့သော
နေ့ကရင်ရွှေတယောက် အဝေးမှစိမ်းစိမ်းကြီးလာကြည့်နေသည်။
သို့ရာတွင် မည်သည့်စကားမှမဆိုပဲလှည့်ပြန်သွားခြင်းကြောင့်ရွာသားများပင်အံ့သြသွားကြ၏။ အရင်ကဆိုပါက
ဆဲဆိုကြိမ်းမောင်းနေမည့်ရင်ရွှေတယောက်ခင်ပွန်းချစ်လင်ဆုံးပါးသွားခြင်းအတွက်အားကိုးမရှိ၍ စိတ်ဓာတ်ကျသွားပြီဟုအားလုံးခပ်ပေါ့ပေါ့တွေး
လိုက်ကြသည်။

ဟိုးယခင်ကခြုံနွယ်ပိတ်ပေါင်းများဖြင့်လူသူအရောက်အပေါက်နည်းသော
ဖုန်းဆိုးမြေမှာ တစ်လကျော်အတွင်း
ဆန်စက် ၊ ဆီစက်၊ အလုပ်သမားတန်း
လျားများပေါ်ထွန်းလာသည်။
နေ့ဖက်တွင်စက်သံများဖြင့်ဆူညံ့နေကာအလုပ်သမားများကလည်းကိုယ်စီတာဝန်များဖြင့်လှုပ်ရှားသက်ဝင်နေသည်။

ဇော်မိုးတယောက်သူ့လုပ်ငန်းခွင်ကို
ကြည့်ကာ ကျေနပ်စွာပြုံးနေသည်။

ရာသီကလည်း စပါးပေါ်သောရာသီမို့
ထန်းနှစ်ပင်ရွာသာမကရွာနီးချုပ်စပ်မှ
စပါးမှန်သမျဒိုင်ခံဝယ်နေရာ စပါးလာရောင်းသောလှည်းများကလည်းမပြတ်တမ်းရှိနေသည် ။

အစစအရာရာ အားလုံးအဆင်ပြေနေပြီဟုဇော်မိုးတွက်ထားပြီးမှမထင်မှတ်ထားသောကြောက်လန့်စရာ
ပြသာနာဆိုးကြီးတစ်ခုပေါ်ပေါက်လာ
သည်။

စက်ရုံတွင်ကင်းညပိုင်းကင်းစောင့်ရန်အလုပ်သမားနှစ်ယောက်ကိုအလှည့်ကျအမြဲထားသည်။ တခြားသူများအိပ်သော်လည်းကင်းသမားနှစ်ယောက်မှာအိပ်ခွင့်မရှိစက်ရုံတွင်း ပျောက်ရှစရာပစ္စည်းကများသောကြောင့်စောင့်ကြပ်နေရသည်။ ကင်းတာဝန်ကျသူမှာနောက်နေ့အလုပ်ဆင်းစရာမလိုပဲတနေကုန်အိပ်ခွင့်ရှိသည် ။

ကြောက်လန့်စရာအဖြစ်ဆိုးကြီးကြုံရသည့်ညကင်းတာဝန်ကျသူမှာ မောင်ထွေးနှင့်ဝင်းဇော်ဖြစ်သည်။

အားလုံးအိပ်ချိန်တွင်သူတို့နှစ်ယောက်မှာလက်နှိတ်ဓတ်မီးတဝင်းဝင်းဖြင့်စက်ရုံကိုလှည့်ပတ်နေကြ၏။

” ..မောင်ထွေးရာ တစ်ညလုံးမအိပ်ပဲ
ဒီလိုကြီးနေရမှာပျင်းစရာကြီးကွာ…”

” ပျင်းရင်လည်းစောင့်ရမှာပဲကွ..စက်ရုံထဲပျောက်စရာတွေအများကြီး တခုခုသာပျောက်သွားရင်ငါတို့လျှော်နိူင်မှာ
မဟုတ်ဘူး…..ဝင်းဇော်…”

” ..ငှက်အိပ်တန်းသွားပစ်ရအောင်ကွာ
ပြီးရင်ငှက်သားနဲ့ထမင်းချက်စားကြမယ်…”

”..စက်ရုံကိုထားပြီးအဝေးကြီးသွားလို့မရဘူးလေ ဝင်းဇော်…”

” သိပ်မဝေးဘူးကွဟိုနားကအပင်မှာ
ညနေစောင်းက ချိုးနှစ်ကောင်အိပ်တန်း
ဝင်သွားတာတွေ့လိုက်ရတယ်…မင်းမီးထိုးပေးမောင်ထွေး ငါပစ်မယ်…”

” ..ဒီလောက်တောင်ပြောမရတာ သွားကွာ…သွား….”

ဝင်းဇော်အဆွယ်ကောင်းမှုကြောင့်မောင်ထွေးတယောက် ငှက်အိပ်တန်း
ပစ်ရန်လိုက်ခဲ့တော့သည် ။

စက်ရုံနှင့်အနည်းငယ်သာလှမ်းသော
အုန်းနှဲပင်ပေါ်သို့မီးထိုးရှာကြည့်ရာ
ချိုးနှစ်ကောင်အိပ်နေသည်ကိုတွေ့လိုက်ရ၏။

မောင်ထွေးမှချိုးတည့်တည့်မီးထိုးထားရာ ဝင်းဇော် မှာချိုးအစာအိမ်နေရာသို့ချိန်ရွယ်ပစ်ခတ်လိုက်သည်။

ဝင်းဇော်ပစ်ပြီးတပြိုင်နက်တည်းမောင်ထွေးကလက်နှိတ်ဓာတ်မီးကိုမီးမှိတ်လိုက်သည်။ သို့မှသာ တခြားတကောင်မှာဘာအိပ်ယာနိူးလာချိန်ဘာမှန်းမသိဖြစ်နေမည်ဖြစ်၏။

ဝင်းဇော်ပစ်ချက်က ချိုးကိုထိ၍ပြုတ်ကျလာသံကြားရသည် ။ မောင်ထွေးကနောက်တကြိမ်မီးဖွင့်လိုက်ရာ တကောင်တည်းကျန်ခဲ့သောချိုးမှာတောင်ကြည့်မြောက်ကြည့်ရှိနေရာဝင်းဇော်မှနောက်တခေါက်လျှင်မြန်စွာပစ်ချလိုက်သည်။

ကျန်နေသောချိုးကိုလည်းထိမှန်ကာပြုတ်ကျလာသည်မို့နှစ်ယောက်သား
ပျော်သွားကြသည်။

အပင်အောက် ပြုတ်ကျနေသောချိုးများကောက်ယူရန်အပင်အောက်ဆီသို့မောင်ထွေးမှ ဟိုဒီလိုက်ကြည့်နေရာ
မြင်လိုက်ရသောမြင်ကြောင့်နှစ်ယောက်သား ပါးစပ်အဟောင်းသားအံ့သြသွားရသည်။ သူတို့တွေ့လိုက်ရသည်မှာကား တကိုယ်လုံးအရေပြားမပါရဲရဲနီနေကာ၊သွေးကြောကြီးများမြင်နေရသည်။

ဦးခေါင်းမှာလည်းအရေပြားဆွဲခွာထားသလိုရဲရဲနီနေသည်။ မျက်နှာပြင်ကလည်းအရိုးစုမျက်နှာကဲ့သို့ရှိနေပြီး
မျက်ခွံမပါသောမျက်လုံးကြီးများက
ပြူးကျယ်ကာအပြင်သို့ပြုတ်ကျတော့မလားထင်နေရသည်။
နူတ်ခေါင်းနေရာတွင်အပေါက်နှစ်ပေါက်ကိုတွေ့နေရ၏။ နူတ်ခမ်းသားများမရှိ၍အကျဲသားပေါ်နေသောသွားများမှာ ငါးမန်းသွားလိုချွန်ထက်စွာရှိနေကြသည်။

ထိုကြောက်မက်ဖွယ်ရာအကောင်ကြီးမှာဆောင့်ကြောင့်ထိုင်ခေါင်းငုံလျက်
ချိုးငှက်တကောင်အားကိုက်ဖဲ့စားနေရာမှာမီးရောင်ကြောင့် ပြန်ကြည့်လာရာ
မှရုပ်ကိုသေချာမြင်တွေ့လိုက်ကြရာနှစ်ယောက်သားတခဏမျကြောက်လန့်စိတ်ဖြင့်ကြောင်ငေးနေချိန်။

ကြောက်လန့်စရာအကောင်ကြီးမှာ
သူနှင့်အနီးဆုံးတွင်ရှိသောမောင်ထွေးထံလွားခဲခုန်ဝင်လာသည်။

………ဝင်းဇော်… ကူပါအုံး…အား ….အီး….အ…..

ကြောက်လန့်ဖွယ်အကောင်ကြီးအရှိန်ဖြင့်ခုန်ဝင်လာမူကို အမှတ်တမဲ့နေမိသောမောင်ထွေးမှာနောက်သို့ပစ်လဲသွားသည်။ နောက်စေ့နှင့်မြေကြီးထိကာမူးဝေနေသောမောင်ထွေးပြန်မထလာမှီ လည်ပင်းကိုကိုက်ဆွဲလိုက်ရာလည်ပင်းအသားများကြောက်စရာကောင်ကြီးပါးစပ်အတွင်ပါသွားပြီး
သွေးများလည်းငေါက်ခနဲပန်းထွက်
လာ၏။

မောင်ထွေးအကူအညီတောင်းသံ၊နာကျင်စွာအော်ဟစ်သံကိုဝင်းဇော်ကြားနေရသော်လည်းနဂိုကပင်သရဲ
ကြောက်တတ်သူမို့သူငယ်ချင်းကိုကူ
ညီရန်မတွေးပဲစခန်းသို့ခြေကုန်သုတ်
ပြေးပါလေတော့သည် ။

ကြောက်လန့်အကောင်ကြီးမှာသိန်းငှက်လက်သည်းလိုလက်သည်းများဖြင့်
မောင်ထွေးဗိုက်ကိုကုတ်ဆွဲကာခွဲနေသည်။

သွေးသံတရဲရဲ ဖြင့်ဗိုက်ပွင့်သွားချိန်ဗိုက်အတွင်းလက်နှိက်ပြီးအသည်းကိုအားကုန်ဆွဲဖြုတ်ကာလက်
ပြန်နူတ်ချိန်တွင်တဆတ်ဆတ်တုန်နေသောမောင်ထွေး၏အသည်းပါလာသည်။ မောင်ထွေးကားအစပထမနာကျင်သံပြုကာရုန်းကန်အော်သေးသော်လည်းနောက်ပိုင်းအသံတိုးလာ၏။ အသဲဆဲဲဖြုတ်ခံရချိန်ကိုယ်ခန္ဓာတဆတ်တုန်ကာငြိမ်ကျသွားတော့သည်။

ကြောက်လန့်စရာအကောင်ကြီးမှာ တဆတ်ဆတ်တုန်နေသောမောင်ထွေးအသည်းကိုမြိုင်ရည်ယှက်ရည်ကိုက်
ဖဲ့စားနေပြီးကုန်သောအခါအူများကို
ဆွဲထုတ်စားနေပြန်သည်။

ဝင်းဇော်တယောက်ကြောက်လန့်မှုကြောင့်အသံပင်မထွက်နိူင်ပဲ သူနေရာ
စက်ဝင်းအတွင်းပြေးလာသည်။

စက်ဝင်းအတွင်းကားမီးလင်းနေ၏။
ငှက်ပစ်သောနေရာမှာ စခန်းနှင့်မဝေးသောကြောင့် မောင်ထွေးနာကျင်စွာအော်သံကြောင့်အအိပ်ဆတ်သူတချို့
နိူးလာကြချိန်တွင်ဝင်းထဲသို့ပုဆိုးမနိူင်ပဝါမနိူင်ပြေးလာသောဝင်းဇော်ကိုတွေ့လိုက်ကြရသည်။

”…ဝင်းဇော်..ဘာဖြစ်လာတာလဲ…”

..မောင်ထွေးရော မတွေ့ပါလား….

ဝင်းဇော်မှာကြောက်လန့်မှုကြောင့်အတန်ကြာစကားမပြောနိူင်ပဲရှိနေရာမှ
မောင်ထွေးအားကြောက်စရာအကောင်
ကြီးတကောင်ကိုက်သွားသည့်အကြောင်းပြောပြလာသည်။

ဝင်းဇော်စကားအဆုံးအားလုံးလှုပ်လှုပ်ရွရွတယောက်တပေါက်ဆူညံ့စွာဖြင့်တုတ်၊ဓားလက်နက်များကိုင်ကာ
လူစုပြီး မောင်ထွေးရှိနေရာလိုက်သွားကြသည်။

မောင်ထွေးကားသွေးအိုင်အတွင်းမချိမဆန့်အသက်ပျောက်လျှက်ရှိနေသည်ကိုတွေ့လိုက်ကြရသည့်အပြင်
အူ၊အသည်းများဖောက်စားခံထားရသည့်အားလုံးထိတ်လန့်သွားကြသည်။မောင်ထွေးအားသတ်ဖြတ်သွားသည့်အကောင်ကိုတော့မတွေ့ရတော့ချေ။

….ဝင်းဇော်မောင်ထွေးကိုဘာကောင်ကိုက်သွားတာလဲ မင်းအမြင်မှားပြီး
မကောင်းဆိုးဝါးလို့မြင်တာလား….

….အမြင်မှားတာမဟုတ်ဘူးဗျ၊ တကယ်ကြောက်စရာအကောင်ကြီးတကောင်ကိုက်သွားတာဗျ၊ကျုပ်မျက်လုံး
နှင့်တပ်အပ်မြင်ခဲ့တာ….

…မကောင်းဆိုးဝါးသတ်တယ်လို့မဖြစ်နိူင်ပါဘူးကွာ ၊ ပုံစံကြည့်ရတာမင်းတို့
တောမှောက်သလိုဖြစ်ပြီး အသားစား
တိရိစ္ဆာန်တကောင်ကို ကြောက်စရာ
အကောင်တကောင်လို့မြင်တာနေမယ်….

….ကျုပ်မလိမ်ဘူးဗျမောင်ထွေးကိုသတ်သွားတာတောသတ္တဝါမဟုတ်ဘူးဗျ မကောင်းဆိုးဝါးဗျ….

တခြားသူများကမောင်ထွေးကိုသတ်သွားသည်မှာသားစားတောသတ္တဝါတကောင်လက်ချက်ဟုထင်နေကြသည်။
သို့ရာတွင် မောင်ထွေးက ကြောက်စရာ
မကောင်းဆိုးဝါးဟုအခိုင်အမာဆိုနေသည်။

…ကဲ..ကဲ.. ငြင်းမနေကြနဲ့တော့ ရွာလူကြီးတွေကိုသွားခေါ် လုပ်စရာရှိတာဆက်လုပ်ရမယ် ။ ဇော်မိုးကိုလည်းလှမ်းအကြောင်းကြားရမယ်…..

အလုပ်သမားခေါင်းဆောင် တာတီးကအစီအစဥ်ပြောလာခြင်းဖြစ်သည်။
ဇော်မိုးမှာ ထန်းနှစ်ပင်နှင့်မဲဇလီကုန်းသို့
ကူးချည်သန်းချည်သွားလာနေပြီး ဆန်စက်၊ဆီစက်ကိစ္စအဝဝကိုအလုပ်သမားခေါင်းဆောင်တာတီးကို
လွဲအပ်ထားသည်။
တာတီးမှာမေသူအကိုအရင်းလည်းဖြစ်ရာယုံကြည်အားကိုးရသူတယောက်
လည်းဖြစ်သည်။

ရွာလူကြီးများကိုသွားခေါ်ပြီးရောက်လာချိန်တွင် မောင်ထွေးမည်သို့သေသည်ကိုမေးမြန်းရာ ဝင်းဇော်မှသူမြင်ခဲ့ရသည်ကိုပြောပြလာ၏။

သို့ရာတွင် ရွာလူကြီးများမှာလည်းမောင်ထွေးပြောစကားကိုအယုံအကြည်မရှိ၊မောင်ထွေးကိုအသားစားတောသတ္တဝါတကောင်သတ်ဖြတ်သွားသည်ဟုသာထင်နေကြသည်။ ဝင်းဇော်တောမှောက်၍အမြင်အာရုံမှားခြင်းဟုသာ
သတ်မှတ်လိုက်ကြသည်။

မောင်ထွေးအလောင်းကားရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်မို့ဆက်ထားရန်
မဖြစ်နိူင်တော့သည်မို့ညတွင်းချင်းသဂြိုလ်ရန်သင်းချိုင်းသို့ယူဆောင်လာ
ခဲ့ကြသည်။

သင်ချိုင်းကုန်းအဝင်တွင်ရင်ရွှေနေသောတဲဘေးမှဖြတ်လျှောက်ကြရာတွင်
ရင်ရွှေမှာဆီမီးခွက်ကြီးကိုင်ကာအားရကျေနပ်ဟန်ပြုံးနေသည်ကိုတွေ့လိုက်
ကြရသည်။

မောင်ထွေးအလောင်းမှာအစိမ်းသေအလောင်းမို့မြေမမြုတ်ပဲ မီးသဂြိုလ်ရန်ရွာမှလူကြီးများပြောသောကြောင့်
လိုက်ပါလာသူများမှာ
သင်းချိုင်းအတွင်းရသမျှထင်းခြောက်များကိုရှာဖွေနေကြချိန်…။

…ဟာ..လုပ်ကြပါအုံး….

…အမလေးဗျ…..

….အလောင်းကြီးထလာလို့…

မီးသဂြိုလ်မည့်နေရာတွင်ချထားသော
မောင်ထွေးအလောင်းကြီးမှာတောင့်တောင့်ကြီးထရပ်လာရာအားလုံးအလန့်
တကြားရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ဗိုက်ကြီးပွင့်ထွက်ကာမျက်လုံး
သေကြီးများဖြင့်ရှိကာ၊ လည်ပင်းတဖက်ဘေးသို့စောင်းနေသောမောင်ထွေးပုံစံ၊ အသက်ဝင်ကာထရပ်လာမူကြောင့်အားလုံးအလန့်တကြားဖြစ်ကာ
မောင်ထွေးနှင့်ဝေးရာပြေးလွားကုန်ကြသည်။

မည်မျပင်သတ္တိကောင်းသူမဆိုယခုလိုအခြေအနေမျိုးရုတ်တရက်ကြုံရလျှင်သွေးပျက်သွားနိူင်သောအခြေအနေမျိုးဖြစ်သည်။

…ဟေ့ကောင်တွေ ဒါဖုတ်ဝင်တာ ၊ လွတ်ပေးလိုက်လို့မဖြစ်ဘူး အမြန်ဖမ်းထားကြ၊ လွတ်သွားလို့မဖမ်းမိရင်
ရွာအတွက်အန္တရာယ်ရှိနိူင်တယ်…

အတွေ့အကြုံရှိသောလူကြီးတယောက်
ပြောလာသောစကားဖြစ်သည်။

…ကဲကွာ.. ဖျောင်း…ဘုတ်…

ထင်းခြောက်လိုက်ရှာနေသောအလုပ်သမားခေါင်းဆောင်တာတီးမှာ
အကြောက်အလန့်နည်းသူမို့တုတ်တချောင်းကိုင်ကာ ဖုတ်ဝင်နေသောမောင်ထွေးရှိရာပြေးသွားရင်းနောက်ကျောအားရိုက်ချလိုက်သည်။

…ဟင်….

မောင်ထွေးမှာအရိုက်ခံရမူကြောင့်လဲကျမသွားပဲနောက်သို့လှည့်ကာ
ရုတ်တရက်လျင်မြန်စွာဖြင့် တာတီးလည်ပင်းအားသူ့လက်နှစ်ဖက်ဖြင့်ညှစ်
လိုက်သည်။
တာတီးမှာမောင်ထွေးလက်ကိုဆွဲဖြုတ်ရန်ကြိုးစားသော်လည်းအောင်မြင်ခြင်းမရှိ။အလွန်သန်မာသော
လက်နှစ်ဖက်အားကြောင့်အသက်ရှုကြပ်ကာမျက်လုံးကြီးများပြူးနေတော့သည်။

…ဟေ့ကောင်တွေဘာရပ်ကြည့်နေကြတာလဲ.. တာတီးသေတော့မယ် ။ ဝိုင်းကူကြလေကွာ….

ရွာလူကြီးတယောက်အော်ဟစ်သတိပေးတော့မှ တခြားသူများလည်း
သတိဝင်လာကြပြီး ဖုတ်ဝင်ပူးနေသော
မောင်ထွေးကိုဝိုင်းဆွဲနေကြသည်။
မောင်ထွေးမှာဖုတ်ဝင်ပြီးအလွန်သန်မာနေသောကြောင့်
လူသုံးလေးယောက်ဝိုင်းဆွဲဖြုတ်သည်အခါမှာ တာတီးလည်ပင်းကိုညှစ်ထား
သောလက်များပြုတ်သွားတော့သည်။

ရုန်းကန်နေသောမောင်ထွေးကိုလူအားသုံးကာမြေပြင်ပေါ် တွန်းလှဲထားကြသည်။

ပြီးနောက်..ခြေလက်များကိုကြိုးတုတ်ပြီးထင်းခြောက်တုံးကြီးများဖိကာစုပုံလိုက်ကြ၏။
မောင်ထွေးမှာခြေလက်များကြိုးတုတ်နေချိန်ဦးခေါင်းကိုဘယ်ညာယိမ်းကာ
လိုက်ကိုက်ရန်ကြိုးစားနေသည်။ ထင်းခြောက်တုံးကြီးများစုပုံပြီးချိန်တွင်ထင်းများကိုမီးအမြန်ရှို့လိုက်ကြတော့သည်။
ထင်းချောင်းငယ်များမှတဆင့်ထင်းတုံးကြီးများကိုမီးစွဲလာချိန်တွင်
မောင်ထွေးတယောက်အသားများမီးစွဲလျက်ထင်းပုံကြီးအောက်မှရုန်းနေရာမှ
တဖြည်းဖြည်းငြိမ်ကျသွားတော့မှအားလုံးသက်ပြင်းကိုယ်စီချလိုက်မိကြတော့သည်။

ထင်းချောင်းများအားလုံးလောင်ကျွမ်းပြာကျသည်အထိစိတ်ချရအောင်စောင့်ပြီးမှအားလုံးသင်းချိုင်း
ကုန်းမှပြန်ထွက်လာကြသည်။

…ဟား..ဟား..ဟား.. ဒါနင်တို့ရွာသားတွေရဲ့သေမင်းနိမိတ်အစပဲရှိသေးတယ် ။ မကြာခင်ဒီထက်ဆိုးတာတွေထပ်လာအုံးမယ်ဆိုတာမှတ်ထားကြ…..

…တောက်…ဒီကောင်မကြီးသေချင်နေပြီထင်တယ်….

….နိမိတ်မရှိ ၊နမာမရှိစကားတွေလျောက်ပြောနေတာ ပါးစပ်ပိတ်သွားအောင် လုပ်ပေးမှတော်တော့မယ်…

…မောင်ထွေးကိုဖုတ်ဝင်အောင်လုပ်တာ
ဒီမိန်းမကြီးလက်ချက်ပဲနေမယ်…

…ဟေ့ကောင်တွေတော်ကြ သူနဲ့တုဖက်
ပြောမနေကြနဲ့ ကို့လမ်းကိုသွားကြ…

ရင်ရွှေတယောက်သူ့အိမ်ရှေ့ရပ်စောင့်ကာ ​သဘောကျစွာရယ်မောရင်းပြောလာသောစကားကြောင့်လူငယ်များမှာ
တုတ်ဆွဲ၊ဓားဆွဲဒေါသဖြစ်နေကြရာ ရွာလူကြီးများကဝိုင်းဟန့်၍သာမကျေမချမ်းဖြင့်ငြိမ်နေရသည်။

…ငါ့ကိုသတ်မလို့တဲ့ ငါသေရင်နင်တို့တရွာလုံးကိုသရဲဘဝနဲ့လာသတ်မှာနော်။
လာသတ်ကြ၊ လာသတ်ကြ…ငါ့ယောက်ကျားကိုသတ်သွားတဲ့သေနာကျရွာသားတွေ….

ရင်ရွှေ၏မကျေမနပ်ရေရွတ်ကြိမ်း
မောင်းသံက ခပ်ဝေးဝေးသို့ရောက်နေပြီဖြစ်သောထန်းနှစ်ပင်ရွာသားများနောက်မှကပ်၍လိုက်ပါလာသည်။

နောက်တစ်နေ့မနက်ရောက်သောအခါ ဇော်မိုးနေထိုင်ရာ မဲဇလီရွာသို့လူလွှတ်ခေါ်ခိုင်းကြသည်။

ဇော်မိုးမှာအလုပ်ကိစ္စများဖြတ်ပြီးအားခြင်းလိုက်လာ၏။ ဖြစ်ပျက်သမျအကြောင်းအရာကိုအကြမ်းဖျင်းသိထားပြီးဖြစ်သော်လည်းအသေးစိတ်ပြန်လည်စုံစမ်းမေးမြန်းကာ မောင်ထွေးမိသားစုကို ထောက်ပံ့ကြေးငွေများပေး
အပ်ကာ ဆန်စက်တွင်မောင်ထွေး ရက်လည်အထိရှိနေသည် ။

ဝင်းဇော်ပြောသောမောင်ထွေးကို
ကြောက်လန့်စရာ မကောင်းဆိုးဝါးတကောင်ကိုက်သွားသည်ဆိုခြင်းကိုဇော်မိုးလည်းမယုံသည့်အတွက် ထန်းနှစ်ပင်ရွာမှမုဆိုးများကိုငှားရမ်းကာ တောနင်းရှာခိုင်းသော်လည်း အသားစားကျားအပါအဝင်၊မည်သည့်သားကောင်ကြီးခြေရာကိုမှမတွေ့ဟုဆို
လာကြသည်။

ရက်လည်ပြီးချိန်ထိနောက်ထပ်မည်သည့်အန္တရာယ်မှမတွေ့ရသောကြောင့်
မဲဇလီရွာသို့ပြန်လာခဲ့သည်။

မောင်ထွေးသေဆုံးပြီးရက်နှစ်ဆယ်မြောက်နေ့တွင် နောက်ထပ်ကြောက်လန့်စရာကိစ္စတခုပေါ်ပေါက်လာသည်။

ဇော်မိုးစက်ရုံတွင်အလုပ်လုပ်သော
အလုပ်သမားသုံးယောက်မှာ ညနေပိုင်းဆန်စက်၊ဆီစက်သိမ်းချိန်ရွာသို့သွားပြီး
လိုအပ်သည်များဝယ်ကာပြန်လာကြသည်။
သူတို့ပြန်လာချိန်တွင်နေကလည်းမှောင်နေပြီဖြစ်၏။

သုံးယောက်သားလက်နှိတ်ဓာတ်မီးကိုယ်စီဖြင့်စကားတပြောပြောဖြင့်စက်ရုံရှိရာပြန်လာ၍လမ်းတဝက်ရောက်ချိန်။

…ဟေ့ကောင်တွေ ခဏလောက်စောင့်ကြပါအုံး ငါအပေါ့သွားချင်လို့….

…ဟေ့ကောင်မင်းအဲလောက်သတ္တိနည်းရလား ကိစ္စရှင်းပြီးနောက်ကလိုက်ခဲ့ကွာ….

….အတော်ကြောက်တတ်တဲ့အကောင်
ကြောက်ရင်အောင့်ထားပြီးစခန်းအထိ
လိုက်ခဲ့…

အပေါ့သွားလိုသူမှာမောင်ထွေးကိစ္စဖြစ်ပြီးကတည်းကကြောက်လန့်စိတ်ဝင်နေသောကြောင့်သူငယ်ချင်းနှစ်ယောက်ကို
စောင့်နေခိုင်းသော်လည်း ကျန်နှစ်ယောက်ကပေါ့ပေါ့တန်တန်သဘောထားကာ စနောက်၍တမင်တကာမစောင့်ကြပေ။

အပေါ့အလွန်သွားလိုနေပြီမို့ထိုသူမှာလည်း လမ်းဘေးမှာပင်သူ့ကိစ္စဖြေရှင်းပြီးခပ်လှမ်းလှမ်းရောက်သွားပြီဖြစ်သောသူငယ်ချင်းနှစ်ယောက်နောကလိုက်ရန်ဟန်ပြင်စဥ် ။

… ဟင်….

လမ်းဘေးမှ
ခြုံပုတ်တခုသည်လှုပ်ယမ်းသွားခြင်း
ကြောင့် လက်နှိတ်ဓာတ်မီးဖြင့်ကြည့်လိုက်ရာ။

…အမလေးဗျ…..အား……

ကြောက်လန့်စရာအကောင်ကြီးတကောင်ကိုတွေ့လိုက်ရသောကြောင့်အလန့်တကြားအော်ဟစ်လိုက်၏။ ကြောက်လန့်စရာအကောင်ကြီးမှာထိုလူအော်သံပင်မဆုံး လူပေါ်သို့လွားခနဲ
ခုန်အုပ်လိုက်သည်။

…ဟိုကောင်ဘာဖြစ်တာလဲမသိဘူး
အမြန်သွားကြည့်ရအောင်….

ရှေ့ခပ်လှမ်းလှမ်းသို့ရောက်နေပြီဖြစ်သောသူငယ်ချင်းနှစ်ယောက်မှာသူတို့လူရှိရာပြန်လှည့်ပြေးလာကြသည်။

….အမလေးဗျ…

…ကယ်ကြပါအုံးဗျို့….

သူတို့တွေ့လိုက်ရသည့်မြင်ကွင်းမှာကား
သွေးအိုင်အတွင်းအသက်ငင်နေသောသူတို့သူငယ်ချင်းကိုဗိုက်ကိုဆွဲဖောက်ကာအူများဆွဲနူတ်ပြီးစားသောက်နေသောကြောက်လန့်ဖွယ်အသွင်အပြင်ရှိသောမကောင်းဆိုးဝါးကြီးတကောင်ကို
လက်နှိတ်ဓာတ်မီးအလင်းရောင်အောက်တွင်တွေ့လိုက်ရသောကြောင့်
ထိတ်လန့်အံ့သြကာခတ္တခဏငေးကြောင်ကြည့်နေကြစဥ်။

အူခွေကြီးကိုသွေးသံတရဲရဲကိုက်ဖြတ်စားရင်းသူတို့ကိုလှမ်းကြည့်လာသော
ကြောင့် စက်ရုံဖက်သို့ဖနောင့်နှင့်တင်ပါးတသားတည်းကျအောင် အော်ဟစ်ပြေးကြပါတော့သည်။

===========================

ပြီးပါပြီ

မြူခိုးအလင်္ကာ