အိပ်တဲ့အချိန်ဟာ ကာလသား ကာလသမီးတွေ့ဆုံပြီး ပိုးကြပန်းကြတဲ့ တရားဝင်အချိန်ပေါ့ဗျာ။
တော်ရုံတန်ရုံလူကြီးကတော့ ကိုယ့််သမီးကို သူများလာပိုးပန်းတာကို မတားမြစ်ကြပါဘူးဗျာ၊ တားလို့ကတော့ အပျိုကြီးဖြစ်မှာကိုးဗျ၊ ဒီလိုပဲ လူငယ်လူငယ်ချင်းဆိုပြီးတော့ လွှတ်ထားပေးကြတာပါပဲ၊ သူတို့လည်း ငယ်ရာကကြီးလာပြီး ဒီလိုပဲပိုးပန်းခဲ့ကြတာမဟုတ်လားဗျာ၊ ကျုပ်တို့ခေတ်ကလည်း ပိုးပန်းတယ်ဆိုရင် စကားပြောတာလောက်ကနေ အဆင့်မတက်ဘူးဗျ၊ ရည်းစားသညာဖြစ်ပြီဆိုတော့မှ တစ်ယောက်နဲ့တစ်ယောက် လက်ကလေးဘာလေးကိုင်ရတာ၊ ဒါတောင် ရှက်တဲ့လူတွေဆိုရင် လူမြင်သူမြင်နေရာမှာ လက်ကိုင်ဝံ့တာမဟုတ်ဘူးဗျာ၊ တစ်ချို့အိမ်တွေဆိုရင် မိန်းကလေးတွေအိပ်တဲ့အိပ်ခန်းအောက်က ကြမ်းပြင်မှာ လက်တစ်နှိုက်စာလောက် အပေါက်ကလေးဖောက်ထားသေးသဗျ၊ ကျုပ်တို့အခေါ်တော့ အပျိုနှိုက်တယ်ခေါ်တာ၊ ခင်ဗျားတို့ မိုက်မိုက်ရိုင်းရိုင်းတွေမတွေးပါနဲ့ဗျာ၊ သမီးရည်းစားနှစ်ယောက် အဲဒီအပေါက်ကလေးကနေ စကားတွေပြောကြ၊ တစ်ယောက်လက်တစ်ယောက်ကိုင်ကြတာကိုပြောတာဗျ။
(၂)
အခုလိုဆောင်းတွင်းကာလမျိုးဆိုရင်တော့ ကာလသမီးတွေက ခြံကျယ်တစ်ခုမှာ စုပြီးမီးပုံကြီးဖိုကြတယ်၊ အဲဒီအနားမှာ အနီးအပါးအိမ်က ကာလသမီးတွေစုပြီး အတင်းတုပ်ကြ၊ သတင်းဖလှယ်ကြပေါ့ဗျာ၊ စကားပြောတယ်ဆိုပေမယ့်လည်း အလုပ်နဲ့လက်နဲ့တော့မပြတ်ဘူးဗျ၊ အပေါ်က စကားပြောရင်း ပဲကြီးအခွံခွာတဲ့လူကခွာ၊ နောက်နေ့စားဖို့ ငါးခြောက်ခေါင်းချွေတဲ့လူကချွေ၊ ဟင်းနုနယ်သင်တဲ့လူက သင်နဲ့ပေါ့။ ဒီလိုမီးပုံမျိုးဆိုရင်တော့ ကျုပ်တို့ကာလသားတွေအတွက် ပွဲတော်ပဲပေါ့ဗျာ၊ ကာလသား လေးငါးယောက်လောက်စုပြီး ကာလသမီးတွေရှိတဲ့မီးပုံဆီကိုသွားပြီး လူပျိုလှည့်တာပေါ့ဗျာ၊ မိန်းကလေးတွေလုပ်တဲ့အလုပ်ကို ကူပေးတဲ့လူက ကူပေးတာပေါ့၊ အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် လှော်ပေးကြတာပေါ့ဗျာ၊ အဲဒီလိုမီးပုံနဲ့တိုးလို့ကတော့ ညသန်းခေါင်တင်မကဘူး၊ မနက်နှစ်နာရီသုံးနာရီလောက်ထိုးတော့မှ လူစုခွဲကြတယ်၊ အိမ်ပြန်တော့မှ အိပ်ရာထဲအတင်းဝင်အိပ်ကြပေါ့ဗျာ၊ အိပ်ရေးမဝတော့ မနက်မထနိုင်ထနိုင်နဲ့ မျက်တွင်းဟောက်ပက်လေးတွေဖြစ်ကုန်ကြတာပေါ့၊ ဆောင်းလယ်လောက်ဆိုရင်တော့ မီးပုံဘေးမှာ အတွဲကလေးတွေနဲ့ဖြစ်ကုန်ကြပြီဗျ၊ အဆင်ပြေတယ်ဆိုရင် နွေဦးပေါက်တဲ့အခါ မင်္ဂလာဆောင်ကြတော့တာပါပဲဗျာ။
အိမ်ကလူကြီးတွေအိပ်ပြီဆိုရင်မှဖြင့် ကျုပ်နဲ့အငယ်ကောင်နဲ့ အိမ်ကနေခိုးခိုးထွက်ကြတာ ထုံးစံပါပဲဗျာ၊ အဖေတို့လည်း မတားပါဘူး၊ ဒါပေမယ့် အဲဒီလိုခိုးထွက်ရတာကိုက အရသာဗျ၊ အဲဒီတုန်းက ကျုပ်အသက်နှစ်ဆယ်တောင်ကောင်းကောင်းမပြည့်သေးပါဘူး၊ အငယ်ကောင်ဆိုရင် ဆယ့်ငါးလောက်ပဲရှိသေးတယ်၊ လူပျိုလှည့်ရင် အငယ်ကောင့်ကို မုန်ကျွေးမယ်ဆိုပြီးတော့ မပါမဖြစ်ခေါ်ရတယ်ဗျ၊ ဘာလို့လဲဆိုတော့ ကျုပ်က သရဲကြောက်တတ်လို့ပေါ့ဗျာ။
ဒီညတော့ သွားတာပဲဗျာ၊ အငယ်ကောင် အစောကြီးအိပ်သွားပါရော၊ လူကြီးတွေအိပ်တော့မှ ဒင်းကိုကြိတ်နှိုးရတယ်၊ ဒါတောင်ဒင်းက မထချင်ပါဘူးဗျာ၊ တအင်းအင်းနဲ့လုပ်ရင်း ဟိုဘက်လှည့်အိပ်သွားတာဗျ၊ ကြည့်ရတာကတော့ ဒီကောင်နေ့ခင်းက တော်တော်မျောက်ကျပြီးတော့ ဆော့ခဲ့လို့ဖြစ်မယ်။
“အငယ်ကောင်၊ အငယ်ကောင်၊ ထစမ်းပါကွာ၊ တို့ရွာနောက်ပိုင်းဘက် သွားရအောင်ကွ”
အငယ်ကောင်က အိပ်ချင်မူးတူးနဲ့
“ဟာ၊ မလိုက်ဘူးအကိုလတ်ရာ၊ သွားချင်ရင် အကို့ဖာသာသွားစမ်းပါ”
“လုပ်စမ်းပါအငယ်ကောင်ရာ၊ ဒေါ်ဖွားရှင်ကြီးသေထားတယ်မဟုတ်လားကွ၊ ငါကြောက်လို့လိုက်ခဲ့စမ်းပါ”
“ဟာဗျာ၊ ကြောက်ရင်လည်း မသွားနဲ့ပေါ့ဗျ”
“ဒီလိုတော့ဖြစ်မလားကွ၊ ဒီညငါလာမယ်လို့ ကိုပီတာတို့နဲ့ချိန်းပြီးသား၊ ပြီးတော့ ငါ့ရဲ့အထွေး . . အထွေးနဲ့လည်း စကားတွေပြောရအုံးမှာ”
“ဒါဖြင့် ကိုယ့်ဖာသာကိုယ်သွား”
အငယ်ကောင်ကတစ်ဖက်လှည့်သွားပြီးတော့ စောင်ကိုခေါင်းမြီးခြုံပြီးအိပ်သွားပါရောဗျာ၊ ကျုပ်ဖြင့် သွားရနိုးနိုး မသွားရကောင်းနိုးနိုးဖြစ်နေတာပေါ့ဗျာ၊ ဒေါ်ကြီးမြိုင်ရဲ့တူမ အထွေးဆိုတဲ့ကောင်မလေးနဲ့ကျုပ်နဲ့ ဒီရက်ပိုင်းလေပေးဖြောင့်နေတာကြာပြီဗျ၊ သွားတာကတော့ သွားချင်တယ်၊ ဒါပေမယ့် ဒေါ်ဖွားရှင်ကြီးကလည်း လွန်ခဲ့တဲ့ သုံးရက်လောက်က သေသွားပြီမဟုတ်လားဗျာ။
နောက်ဆုံးတော့ ငယ်ရွယ်သူမို့ အချစ်ဘက်ကိုအလေးသာပေးမိတယ်ဆိုပါတော့ဗျာ၊ ဒေါ်ဖွားရှင်သေလည်း ဘာထူးလဲဗျာ၊ သူ့အိမ်ကိုရှောင်ကွင်းသွားမယ်ဆိုပြီးတော့ အရဲကိုးပြီးအိမ်ပေါ်ကဆင်းခဲ့တာပေါ့ဗျာ၊ လက်ထဲမှာလည်း တုတ်တစ်ချောင်းပဲပါတယ်ဗျ၊ ဓါတ်မီးတွေဘာတွေလည်းမပါပါဘူး၊ လရောင်ကသာနေတာနဲ့ လရောင်အားကိုးပြီး လာခဲ့တာပေါ့ဗျာ။
ဖြစ်ချင်တော့ ရွာနောက်ပိုင်းကိုသွားမယ်ဆိုရင် ဒေါ်ဖွားရှင်အိမ်ရှေ့က ဖြတ်ရတော့မှာဗျ၊ ရွာဓလေ့အရ သေသွားတဲ့လူကို အလောင်းစင်နဲ့အိမ်ရှေ့လမ်းပေါ်ထားတာ ထုံးစံပဲလေဗျာ၊ ကျုပ်က ငယ်သေးတော့ အလောင်းတွေဘာတွေလည်း မကြည့်ရဲသေးဘူး၊ တစ်ခါကလည်း မြိုင်သာသွားရင်း ကားပေါ်ကပြုတ်ကျသေတဲ့လူဆိုလို့ သွားတိုးပြီးကြည့်လိုက်တာ လူသေကောင်ကြီးမြင်ပြီး အန်ပါလေရောဗျာ၊ အိမ်ပြန်ရောက်တော့လည်း သုံးလေးရက်လောက် ထမင်းမစားနိုင်ဘူးဗျ၊ ကျုပ်က အဲဒီလောက်သတ္တိကောင်းခဲ့တဲ့ကောင်၊ အခုလည်း ဒေါ်ဖွားရှင်အိမ်နဲ့တစ်ခေါ်လောက်အရောက်မှာ လမ်းပေါ်ထိုးထားတဲ့အလောင်းစင်ကြီးတွေ့ပြီး ကျုပ်ကြက်သီးမွှေးညှင်းတွေထသွားတော့တယ်။ အဖေပြောတာတော့ ဒေါ်ဖွားရှင်အလောင်းက အရည်တွေတောင်ကျနေပြီဆိုပဲဗျာ။ ကျုပ်လည်း ဒီအရှေ့ကနေ ဖြတ်မသွားရဲတော့ပါဘူး။
အရဲကိုးပြီးတော့ ဒီလမ်းကိုမဖြတ်ရဲဘူးပေါ့ဗျာ၊ ဒါနဲ့ခြံကြိုခြံကြားကနေတိုးပြီး ရွာအပြင်ကနေပတ်သွားမယ်လို့ စိတ်ကူးလိုက်တယ်ဗျ၊ ကျုပ်တို့ရွာမှာ ရွာလမ်းကမသွားချင်ရင် ရွာပြင်က ပတ်သွားလို့ရတဲ့လမ်းတစ်ခုရှိသေးတယ်ဗျ၊ လူတော့သိပ်မသုံးကြဘူးပေါ့လေ၊ မလွှဲမရှောင်သာမှသာ သုံးကြတာ၊ အခုလည်း ကျုပ်အခြေအနေက မလွှဲမရှောင်လို့မဖြစ်တော့ဘူးဗျ။ ဒါနဲ့ ဘေးနားကခြံဝိုင်းထဲကဖြတ်ပြီး အိမ်တွေအနောက်ကိုထွက်ခဲ့လိုက်တယ်၊ ခြံဝိုင်းတွေက များသောအားဖြင့် ခြံစည်းရိုးဆိုတာ မရှိဘူးဗျ၊ သူခိုးသူဝှက်ဆိုတာလည်း ရွာမှာမရှိသလို ခုခေတ်လို သူ့မြေငါ့မြေဆိုပြီး အပြိုင်အဆိုင်ခိုးတာမျိုးလည်း မရှိဘူးလေဗျာ၊ အိမ်တွေကိုကျော်ခဲ့တော့ ကွင်းစပ်ရောက်လာသဗျ၊ အဲဒီမှာ မြေသားလမ်းကလေးက ဖြူးနေတာပါပဲဗျာ၊ ကျုပ်အကြံကတော့ ရွာပြင်ကနေပတ်ပြီး အထွေးတို့အိမ်ကို ရွာနောက်ကနေ ပတ်ဝင်မယ်လို့တွေးထားတာ၊ ဒါနဲ့ မြေလမ်းကလေးအတိုင်း လျှောက်လာခဲ့တာပေါ့ဗျာ၊ လရောင်ကလည်း ထိန်နေအောင်သာတာဆိုတော့ ဘေးပတ်ဝန်းကျင်ကလည်း နေ့ခင်းကြီးလိုပါပဲဗျာ။
ကျုပ်သွားရင်း တစ်နေရာရောက်တော့ အနောက်ကနေ တချွတ်ချွတ်နဲ့အသံကြားရသဗျ၊ ဒါနဲ့ကျုပ်လှည့်ကြည့်တော့ အဒေါ်ကြီးတစ်ယောက်ဗျ၊ ကျုပ်နဲ့ဆိုရင်တော့ ပေတစ်ရာကျော်လောက် ဝေးပါတယ်၊ ဘယ်သူလဲဆိုပြီး လှမ်းကြည့်တော့လည်း ခမောက်ကြီးကို ဆောင်းထားသေးတယ်ဗျ။ ညရေးညတာ အကြောင်းရှိလို့ သွားတာနေမှာပါဆိုပြီး ကျုပ်လည်း ဆက်လျှောက်လာတာပေါ့ဗျာ၊ အဒေါ်ကြီးကလည်း အနောက်ကနေလိုက်လျှောက်လာတယ်ဗျ။ ကျုပ်က သုံးလေးလှမ်းလောက်လျှောက်ပြီး ရပ်လိုက်တယ်၊ အဒေါ်ကြီးကလည်း လိုက်ပြီးရပ်တယ်ဗျ၊ ကျုပ်လျှောက်သွားရင် လိုက်လာတာပါပဲ။
ခပ်လှမ်းလှမ်းရောက်တော့ လေတစ်ချက်အဝှေ့မှာ ကျုပ်နှာခေါင်းထဲ အနံ့တစ်မျိုးရလိုက်တယ်ဗျာ၊ အနံ့ကတော့ ပုပ်အက်အက်အနံ့ပဲဗျ၊ ခွေးသေကောင်ပုပ်လိုလို၊ ကြွက်သေကောင်ပုပ်လိုလိုအနံ့ပဲ၊ ဒါပေမယ့် သေချာရှုကြည့်ရင်တော့ မတူဘူးဗျ၊ အနံ့က အီအီကြီးပါဗျာ။
“ဘယ်အကောင်လာပုပ်နေပါလိမ့်၊ ထွီ”
ကျုပ်လည်းရေရွတ်ပြီးတော့ တံတွေးတစ်ချက်ထွေးလိုက်မိတယ်ဗျာ၊ ဒီအချိန် ကျုပ်နောက်ကျောဘက်မှာခြေသံကြားရတယ်ဗျ၊ ကျုပ်လည်း ဘာကြောင့်မှန်းမသိဘဲ တစ်ကိုယ်လုံးကြက်သီးတွေထောင်းခနဲထသွားတော့တယ်၊ ဘာရယ်မဟုတ် စိတ်ကလည်းသိချင်လာတာနဲ့ အနောက်ကိုလှည့်ကြည့်မိလိုက်ပါတော့တယ်ဗျာ။
“အောင်မယ်လေး၊ ကယ်ကြပါအုံး . . .”
အသံရှည်ဆွဲပြီး ကျုပ်အော်လိုက်မိတယ်ဗျ၊ ကျုပ်အနောက်မှာ ခမောက်ကြီးဆောင်းပြီးရပ်နေတာ ဒေါ်ဖွားရှင်မှ ဒေါ်ဖွားရှင်အစစ်ကြီးပါ၊ အသားကြီးတွေက မည်းနက်နေပြီးတော့ သွားတွေက အပြင်ကိုငေါငေါကြီးထွက်နေသဗျ၊ မျက်လုံးကြီးနှစ်လုံးကလည်း အပြင်ကိုပြူးူထွက်နေပြီး မသိရင် ပြုတ်ကျတော့မလိုပဲဗျာ၊ ပုပ်စော်ကြီးကလည်း နံလိုက်တာပြောမနေပါနဲ့တော့ဗျာ၊ ကျုပ်အစကထွက်ပြေးဖို့လုပ်သေးတယ်ဗျ၊ ဒါပေမယ့် ကျုပ်ခြေထောက်တွေက လှုပ်မရဘူးဗျာ၊ ဒူးတွေက တဆတ်ဆတ်တုန်နေပြီးတော့ ဒူးတချောင်းနဲ့တစ်ချောင်းက တဖတ်ဖတ်နဲ့ရိုက်နေပါရောဗျာ။
ဒေါ်ဖွားရှင်က ကျုပ်ရင်ဘတ်ကို သူ့လက်ပြန်ကြီးနဲ့ ဘုတ်ခနဲရိုက်တယ်ဗျ၊ ဒါနဲ့ကျုပ်လည်း လမ်းဘေးကိုထိုင်ကျသွားတာပေါ့ဗျာ၊ ဒေါ်ဖွားရှင်က ကျုပ်ကိုတောင်တစ်ချက်မကြည့်ဘဲ ဆက်ပြီးလျှောက်သွားတယ်ဗျ၊ သူတစ်လှမ်းလျှောက်လျှောက်သွားလိုက်တိုင်းမှာ သူ့ထမီစကနေ ပျစ်ချွဲချွဲအရည်တွေက တစ်စက်တစ်စက်နဲ့ ကျနေတာဗျာ၊ အပုပ်ရည်တွေဖြစ်မယ်ဗျ။
ဒေါ်ဖွားရှင်ကြီး ငူငူငိုင်ငိုင်နဲ့ လမ်းလျှောက်သွားတာကိုကြည့်ရင်း ကျုပ်တော်တော်လန့်နေမိတယ်ဗျ၊ လဲနေရာကလည်း မထနိုင်သေးပါဘူး၊ ဒီအချိန်ကျုပ်အရှေ့မှာ မိန်းမတစ်ယောက်လာရပ်တယ်ဗျ။
“ဟေ့ကောင်လေး၊ နင်ဘာလုပ်နေတာလဲ”
“ကျုပ် . . . ကျုပ် လူပျိုလှည့်မလို့ပါ”
ဒီမိန်းမက ဆံပင်ဖားလျားချထားတယ်ဗျ၊ ဆံပင်က ကျောလယ်လောက်တော့ရှိမယ်၊ အရှေ့ဆံပင်တွေက မျက်နှာကိုအုပ်နေလို့ ဘယ်သူမှန်းသေသေချာချာမမြင်ရဘူးဗျ၊ ချည်ထည်အကွက်ဝတ်ထားပြီးတော့ ထမီကိုတော့ရင်လျားသလိုမျိုး ရင်ခေါင်းအထိတက်ဝတ်ထားသဗျာ၊ ထူးဆန်းတာကတော့ သူ့နားရွက်ပဲဗျ၊ သူ့နားရွက်မှာ ပန်းပွင့်တစ်ပွင့်ပန်ထားတယ်၊ ပန်းက တရုတ်စကားပန်းလို ပန်းမျိုးဗျ။
“ဘာလူပျိုလှည့်မလို့လဲ၊ သွား . . . ပြန်တော့”
အဲဒီမိန်းမက ပြောဆိုပြီးဆက်လျှောက်သွားတယ်ဗျ၊ သုံးလေးလှမ်းလောက် လျှောက်ပြီးတော့မှ ကျုပ်ကိုလှည့်ကြည့်ပြီး
“နင်ငါ့အနောက်ကိုလိုက်ခဲ့ရမယ်”
“ဗျာ၊ မလိုက်ပါရစေနဲ့ဗျာ၊ ကျုပ်ပြန်ဆိုပြန်ပါ့မယ်”
ဒီမိန်းမက ခေါင်းခါရင်း
“မပြန်နဲ့၊ နင့်ကိုငါခိုင်းစရာရှိတယ်”
“ဗျာ၊ ဘာလုပ်ခိုင်းမလို့လဲဗျာ”
“နင်လိုက်ခဲ့ဆိုလိုက်ခဲ့စမ်း”
ကျုပ်လည်း တုန်တုန်ယင်ယင်နဲ့မတ်တပ်ထရပ်လိုက်ရတယ်ဗျ၊ မတ်တပ်ရပ်ပြီးတာနဲ့ ရွာဘက်ကိုတစ်ချိုးတည်းလှည့်ပြေးတာပဲဗျာ။
“ဟေ့ကောင်လေးပြန်လာစမ်း၊ ငါ့ဆီကိုပြန်လာခဲ့”
ကျုပ်လည်းအနောက်လှည့်ကြည့်ရင်း
“မလာဘူး၊ လုံးဝမလာဘူးဗျာ”
ဒီလိုတော့လည်း ကျုပ်ခြေထောက်က သွက်သလာမမေးနဲ့ဗျာ၊ ဖဝါးနဲ့တင်ပါးတစ်သားတည်းကျမတတ်ကိုပြေးတာဗျ၊ ခဏလေးနဲ့လှစ်ခနဲအဝေးကြီးကိုရောက်သွားပါရော၊ ပြေးနေရင်း ပြေးနေရင်းနဲ့နောက်တော့ ကျုပ်အရှေ့ကိုမရောက်တော့ဘူးဗျ၊ ဘယ်လောက်အားစိုက်ပြေးပြေး အရှေ့မတက်တော့တဲ့အပြင် အနောက်ကိုတဖြည်းဖြည်းရောက်သွားသဗျာ၊ ပြေးရင်းပြေးရင်း နောက်ဆုံးခုနက မိန်းမကြီးဆီကိုပြန်ရောက်သွားတယ်၊ မိန်းမကြီးက ကျုပ်ကိုခါးထောက်ကြည့်ရင်း
“အကောင်းနဲ့ခေါ်တာကို ပြန်မလာဘူး၊ ဒီကောင်လေးကတော့ နာတော့မယ်”
အဲဒီလိုပြောပြီး ကျုပ်နားရွက်ကိုလက်တစ်ဖက်နဲ့ဆွဲလိမ်လိုက်တာပဲဗျာ၊ လိမ်တာကလည်း တော်တော်နာတာဗျ၊ နားရွက်တောင်တစ်ပတ်လည်သွာသလားမှတ်ရတယ်၊ ပြီးတော့ ကျုပ်ကိုနားရွက်ဆွဲပြီးဆွဲခေါ်သွားပါရောဗျာ၊ ကျုပ်မှာ သူ့အနောက်ကို နောက်ပြန်ကြီးတရွတ်တရွတ်နဲ့ လိုက်သွားရပါလေရော။
(၃)
ရွာထိပ် ကုက္ကိုပင်ကြီးနားရောက်တော့မှ ကျုပ်ကိုလွှတ်လိုက်တယ်ဗျ၊ ကျုပ်ဖြင့် နားရွက်ပြတ်ပြီထင်နေတာဗျာ၊ သူလွှတ်လိုက်တာနဲ့ ကိုယ့်နားရွက်ကို လက်နဲ့ပွတ်နေမိတယ်ဗျ၊ သေချာကြည့်လိုက်တော့မှ ဒေါ်ဖွားရှင်ကြီးက လမ်းတစ်ဖက်ခြမ်း ကုက္ကိုပင်အောက်မှာ ဆောင့်ကြောင့်ကြီးထိုင်လို့ဗျ။ ဒီမိန်းမက လမ်းဘေးက စကောတစ်ချပ်ကိုကောက်လိုက်တယ်၊ ကျုပ်အထင်တော့ ဒီစကောက သူယူလာတာဖြစ်မယ်ဗျ၊ စကောထဲမှာလည်း ငှက်ပျောရွက်စိမ်းတွေခင်းလို့ဗျို့၊ ကျုပ်ကို စကောပေးပြီးတော့
“ကဲ၊ ဒီစကောကိုယူသွား၊ ပြီးတော့ ဟိုမိန်းမကြီးရဲ့အရှေ့တည့်တည့်မှာသွားထိုင်နေစမ်း”
“ဗျာ၊ ဘာဖြစ်လို့ကျုပ်က ထိုင်ရမှာလဲ”
“လျှာမရှည်နဲ့ထိုင်ဆိုထိုင်စမ်း၊ ငါ့ကိုဘာမှတ်နေလည်း”
သူ့ပုံစံကြည့်ရတာ တစ်ခုခုတော့တစ်ခုခုပဲဗျ၊ ကျုပ်အထင်တော့ စုန်းမကြီးဖြစ်မယ်ထင်တာပဲဗျာ၊ ဒါနဲ့ စကောကိုယူလိုက်ပြီးတော့ ဒေါ်ဖွားရှင်ကြီးနဲ့မျက်နှာချင်းဆိုင်လောက်မှာထိုင်လိုက်တယ်။
“စကောကို လက်နှစ်ဖက်နဲ့ကိုင်၊ ပြီးတော့ သူ့အရှေ့မှာခံ”
“ကျုပ်၊ ကျုပ်က ဘာကိုခံရမှာလဲ”
ဒီမိန်းမက ဒေါ်ဖွားရှင်ကြီးကိုလက်ညှိုးထိုးပြီးတော့
“ကဲ အန်ချလိုက်စမ်း”
သူပြောလိုက်တာနဲ့ ဒေါ်ဖွားရှင်ကြီးက ကြို့ထိုးသလိုမျိုး တအွတ်အွတ်နဲ့ဖြစ်လာသဗျ၊ နောက်တော့ ဒေါ်ဖွားရှင်ရဲ့ရင်ဘတ်ကြီးတွေက ဖားခုံညင်းကြီးလိုဖောင်းတက်လာတယ်၊ လည်ပင်းကြီးကလည်း ဖောင်းကြွလာပြီးတော့ ပါးစပ်ကြီးကိုလဲ ဖြဲလိုက်တယ်ဗျ၊ နောက်တော့ အွတ်ခနဲအသံတစ်ချက်မြည်ပြီး ပါးစပ်ထဲကနေ ကလီစာတွေ အတွဲလိုက်ကို ထွက်ကျလာတာဗျ၊ ပုပ်စော်ကလည်း နံဟောင်နေတာပဲဗျာ၊ စကောကြီးထဲကို ဘတ်ခနဲပြုတ်ကျလာတယ်ဗျ၊ ပျစ်ချွဲချွဲ မည်းမည်းအရည်ကြီးတွေလဲပါလို့ဗျာ၊ ဒေါ်ဖွားရှင်ကတော့ တဝေါ့ဝေါ့နဲ့အန်တယ်၊ ကလီစာတွေထွက်လာပြီးတော့ အူတွေအခွေလိုက်ထွက်လာပါရောဗျာ၊ အူသိမ်တွေရော၊ အူမကြီးတွေရောအစုံပါပဲ၊ အူမကြီးပါထွက်လာတော့ ဗိုက်ထဲကချီးစော်သေးစော်တွေရော ပုပ်အက်အက်အနံ့တွေရော မွှန်ထူပြီး ကျုပ်ဖြင့်အန်ချင်လိုက်တာပြောမနေပါနဲ့ဗျာ။ စကောတစ်ချပ်လုံးလည်း ပြည့်သွားတော့တာပါပဲ။
“ကဲ ကောင်လေး အဲဒီစကောကိုကိုင်ပြီး ငါ့အရှေ့ကိုလာခဲ့စမ်း”
ကျုပ်လည်း စကောကိုသေသေချာချာကိုင်သွားလိုက်တယ်ဗျ၊ ဒီမိန်းမကလည်း မြေကြီးမှာဆောင့်ကြောင့်ထိုင်ပြီးတော့ မျက်လုံးကိုမှတ်လိုက်တယ်၊ နောက်တော့ လက်အုပ်ချီပြီး လက်အုပ်ကိုနဖူးအနားမှာတင်တယ်ဗျ၊ ပြီးတော့ နတ်ကတော်တွေနတ်ပူးသလိုမျိုး တဆတ်ဆတ်တုန်ပြီးတော့ မျက်လုံးကြီးက ပွင့်သွားပါရောဗျာ၊ သူ့မျက်လုံးကြီးက လူမျက်လုံးလိုမဟုတ်ဘဲ နီနီကြီးဖြစ်နေတာဗျ၊ ရယ်လိုက်ပြုံးလိုက်တာကလည်း ပါးစပ်ကြီးက နားရွက်ကိုတက်ချိတ်တော့မယ့်အလား ပြဲပြဲကြီးဖြစ်နေပါရော၊ ပြီးတာနဲ့ ကျုပ်အရှေ့က အပုပ်အစပ်တွေကို လက်နှစ်ဖက်နဲ့ကောက်ကိုင်ပြီးတော့ အားရပါးရကို ဝါးစားတယ်ဗျာ၊ ကျုပ်လည်း ကြည့်ရင်း ရင်ထဲကနေ ပျို့ပျို့တက်လာတာဗျ၊ အန်တောင်အန်ချချင်တယ်ဗျာ။ အန်လည်းမအန်ရဲဘူး၊ တော်ကြာသူစားနေတာကို အန်ပါတယ်ဆိုပြီး ကျုပ်ကိုဖိမဲရင် ဘယ့်နှယ့်လုပ်မလဲဗျ။
စကောတစ်ခုလုံးနီးပါး စားသောက်ပြီးသွားတော့ အူအခွေလိုက်ကြီးတစ်ခွေ ကျန်ခဲ့တယ်ဗျ၊ ဒီအချိန်ခုနကလိုမျိုး တစ်ကိုယ်လုံးတုန်တက်သွားပြီးတော့ ကျုပ်ကိုကြည့်နေပါရော။ သူ့ပုံစံက နဂိုအတိုင်းပြန်ဖြစ်သွားတယ်ဗျ။
“ခင်ဗျားပြီးပြီလား၊ ဒီအူခွေကြီးကို မစားတော့ဘူးလား”
မိန်းမကြီးက သူ့ပါးစပ်ကိုအင်္ကျီလက်တွေနဲ့သုတ်နေရင်း ခေါင်းခါပြတယ်။
“ငါက ပြီးပြီ၊ အဲဒါနင်စားဖို့”
“ဗျာ၊ ကျုပ် . . . ကျုပ်စားဖို့တဲ့လား”
“အင်းလေ၊ ဘာပဲပြောပြော ငါနင့်ကိုသဘောကျတယ်၊ ငါလည်းတပည့်တစ်ယောက်လိုနေတာဆိုတော့ နင့်ကိုငါ့တပည့်အဖြစ် ပညာအမွေပေးချင်တယ်”
“ဘာ . . . ဘာပညာလဲဗျာ”
“ဟဲ့၊ ဘာပညာရှိမလဲ စုန်းပညာပေါ့ဟဲ့၊ စုန်းပညာ”
“ဗျာ၊ စုန်းတော့မဖြစ်ချင်ပါဘူး”
“အောင်မယ်၊ နင်က မဖြစ်ဖူးသေးလို့ပါ၊ စုန်းဖြစ်တာ သိပ်ကောင်းတာ၊ ကိုယ်ဖြစ်ချင်တာဖြစ်ရတယ်၊ ကိုယ့်ကိုမကျေနပ်တဲ့လူတွေဆိုရင်လည်း တစ်ချက်ကြည့်လိုက်တာနဲ့ အမြှီးကိုကုပ်ပြီးသားပဲ၊ စုန်းဖြစ်ရင် ဟောဒီလောကကြီးထဲမှာ နင်လုပ်ချင်တာ ဘာမဆိုလုပ်လို့ရတယ်ဟဲ့၊ သေချာစဉ်းစားစမ်း၊ နင်စုန်းမဖြစ်ချင်ဘူးလား”
“ခုနကပြောတဲ့အတိုင်းဆို ဖြစ်တော့ဖြစ်ချင်သားဗျ၊ ဒါပေမယ့် ဒီအပုပ်တွေကိုတော့ မစားချင်ပါဘူးဗျာ”
“ဟယ်၊ အပုပ်တွေတဲ့လား၊ နင့်ကိုငါလုပ်ရင်တော့ နာတော့မယ်၊ ဒီလောက်ကောင်းတဲ့အစားအစာတွေကို နင်ကအပုပ်တွေလို့ပြောရက်တယ်၊ ဒါကိုစားဖို့ ငါဘယ်လောက်အဝေးကြီးက လာခဲ့ရတယ်ဆိုတာ နင်သိရဲ့လား၊ ကဲ စားမှာသားစားစမ်းပါ၊ နင်စားနေတဲ့အချိန် နင့််ဝမ်းထဲကို ငါဗူးသွင်းပေးမယ်”
ကျုပ်လည်း လက်တွန့်နေတာပေါ့ဗျာ၊
“ဟဲ့ကောင်လေး၊ စားဆိုစားနော်၊ မစားရင် နင်သေမယ်”
သေမှာတော့ လူတိုင်းကြောက်တယ်မဟုတ်လား၊ ဒါနဲ့ကျုပ်လည်း စကောကိုမြေပေါ်မှချပြီးတော့ ဒေါ်ဖွားရှင်ဗိုက်ထဲကထွက်လာတဲ့ အူအခွေအလိပ်ကြီးကို တွေတွေကြီးကြည့်နေမိတယ်။ ဟိုမိန်းမက ကျုပ်ကိုပါးချဖို့ လက်ရွယ်နေတာနဲ့ကျုပ်လည်း အရဲကိုးပြီးတော့ အူအခွေကြီးကို လက်နဲ့ကိုင်လိုက်ပါရောဗျာ၊ ကျွိချွဲချွဲအရာတွေနဲ့ဆိုတော့ မသိရင် အူခွေကြီးက ငါးရှဉ့်ကောင်ကြီး ကိုင်ရတဲ့အတိုင်းပဲဗျ။
“စားလေ၊ စားပါတော့ဆို”
ကျုပ်လည်း ပါးစပ်အနားကိုတိုးလိုက်တယ်၊ နံ့စော်နေတဲ့အနံ့တွေကြောင့် စားဖို့မပြောနဲ့ကြည့်ရင်းနဲ့ကို အန်ချင်နေမိတာဗျာ၊ ကျုပ်စားဖို့တွန့်ဆုတ်နေတာကိုတွေ့တော့ ဒီမိန်းမကြီးက လက်ဝါးတစ်ဖက်ထောင်ပြပြီး
“စားဆိုစားစမ်း၊ ဟောဒီမှာတွေ့လားလက်ဝါး၊ ပါးရိုက်ထည့်လိုက်လို့ အသက်ပါအတောင့်လိုက်ထွက်သွားမယ်”
ကျုပ်လည်းကြောက်တာပေါ့ဗျာ၊ ဒါနဲ့ပါးစပ်ကိုဟလိုက်ပြီး ပါးစပ်ထဲကို အူပိုင်းကြီးသွင်းမယ်အလုပ်မှာပဲ
“ဟေ့၊ အားလုံးရပ်လိုက်ကြစမ်း”
အသံတစ်သံကိုကြားရတယ်ဗျ၊ ကျုပ်ပါးစပ်ဟောင်းလောင်းနဲ့ အသံကြားရာကိုကြည့်လိုက်တော့ လရောင်အောက်မှာ ထိပ်ပြောင်ပြောင်နဲ့ ဦးဘသာကြီးကိုတွေ့လိုက်ရပါရောလားဗျာ။
“ဟာ၊ ဦး . . . ဦးဘသာပါလား”
(၄)
ကျုပ်လည်း ဦးဘသာကိုတွေ့တော့ အကူအညီရလိုရငြားဆိုပြီးပျော်သွားတာပေါ့ကွာ၊ ဦးဘသာက ကျုပ်ကိုကြည့်ရင်း
“အလတ်ကောင်၊ မင်းလက်ထဲက အပုပ်အစပ်တွေ ချထားလိုက်စမ်း”
ကျုပ်လည်း လက်ထဲက အူတွေကို စကောထဲကို ဘုတ်ခနဲပစ်ချလိုက်တော့တယ်၊ ဦးဘသာက ဒီမိန်းမကြီးကိုခါးထောက်ကြည့်ရင်း
“မိကျန်၊ နင့်အကြံ ဒါအကုန်ပဲလားဟ”
“အိုတော်၊ ရှင်လည်းစုန်း၊ ကျုပ်လည်းစုန်းပဲ၊ စုန်းအချင်းချင်းမနှောင့်ယှက်ပါနဲ့တော့”
“ငါနင့်ကိုမနှောင့်ယှက်ချင်ပါဘူး၊ အခုတော့ မနှောင့်ယှက်လို့မဖြစ်လို့ကို နှောင့်ယှက်လိုက်ရတာ၊ လာ အလတ်ကောင်၊ မင်းဒီကိုလာခဲ့”
ကျုပ်မတ်တပ်ထမလို့လုပ်လိုက်တော့ မိကျန်ဆိုတဲ့မိန်းမကြီးက ကျုပ်အရှေ့မှာပိတ်ရပ်လိုက်ပြီး
“မင်းဘယ်ကိုမှ မသွားရဘူး”
“မိကျန်၊ သူ့ကိုမတားနဲ့”
မိကျန်က ဦးဘသာဘက်ကိုလှည့်လိုက်ပြီး
“ဒါကျုပ်လူ၊ ကျုပ်ဗူးသွင်းပြီးတော့ ပညာပေးမယ့်လူရှင့်၊ ရှင်ကြားကနေ ဝင်မပါစမ်းပါနဲ့”
ဦးဘသာက ကျုပ်ကိုကြည့်ပြီး
“ဒါဆိုအလတ်ကောင်၊ မင်းကိုငါမေးမယ်၊ မင်းသူ့ဆီကနေ စုန်းပညာလိုချင်သလား”
ကျုပ်လည်းတွေတွေကြီးဖြစ်နေမိတယ်၊ ရှင်းရှင်းပြောရရင်တော့ အဲဒီတုန်းက စုန်းပညာလိုချင်တယ်ဗျ၊ ဒီလိုပညာတွေတတ်ရင် လုပ်ချင်တာလုပ်မယ်ဆိုပြီး တွေးနေတဲ့အချိန်ပေါ့ဗျာ၊ ဦးဘသာရဲ့ စုန်းပညာထုတ်သုံးတာတွေကို ဘေးနားကနေကြည့်ပြီး အားကျနေတဲ့အချိန်ပေါ့ဗျ၊ ဒါနဲ့ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။
“အမှန်အတိုင်းပြောရင်တော့ လိုချင်တယ်ဗျ”
ဦးဘသာက စိတ်ပျက်သွားတဲ့မျက်နှာပေးနဲ့
“မိကျန်ဆိုတာ အပုပ်အစပ်စားတဲ့ရွာသမီးကွ၊ စုန်းပုပ်လို့ခေါ်တယ်၊ ပုပ်မှဟောင်မှ နံမှကြိုက်တာ၊ သူ့ဗူးထဲမှာလည်း အပုပ်အစပ်ကြိုက်တဲ့ ဘီလူးမနေတယ်ကွ၊ မင်းစုန်းဖြစ်ချင်တာကို ငါမတားဘူးအလတ်ကောင်၊ ဒါပေမယ့် မိကျန်တပည့်ဖြစ်ရင်တော့ မင်းနေ့တိုင်း အပုပ်ပဲစားရလိမ့်မယ်ကွ၊ ခွေးသေကောင်ပုပ်၊ ကြွက်သေကောင်ပုပ်တော့ နေ့တိုင်းစားရမယ်၊ ကံကောင်းရင်တော့ အခုလိုလူသေကောင်ပုပ်ကို စားရမှာပေါ့ကွာ”
“အဲဒါတော့ မစားချင်ဘူးဦးဘသာ”
ဦးဘသာက မိကျန်ကိုကြည့်ရင်း
“တွေ့လားမိကျန်၊ သူက နင့်တပည့်မဖြစ်ချင်ဘူး၊ နင့်ပညာမလိုချင်ဘူးတဲ့”
“ဦးဘသာ ကြားကနေဝင်မလှော်နဲ့နော်၊ သူက ကျုပ်ဆီကပညာမလိုချင်ဘူးလို့မှမပြောတာ”
“ဟ၊ အပုပ်အစပ်မစားဘူးလို့ပြောနေတယ်မဟုတ်လား”
“ဘာအပုပ်အစပ်လဲ၊ ဒါတွေက ပညာယူပြီးရင် မွှေးကြိုင်သွားမှာ၊ ရှင်တို့အပုပ်အစပ်ခေါ်တဲ့အရာတွေက ကျုပ်တို့အတွက် နတ်သုဒ္ဓါနဲ့တောင် မလဲနိုင်ဘူးဆိုတာ ရှင်သိရဲ့လား”
မိကျန်က ကျုပ်ဘက်လှည့်ရင်း
“သူပြောတာမယုံနဲ့နော်ကောင်လေး၊ မင်းပညာတွေမရချင်ဘူးလား၊ အစွမ်းတွေမလိုချင်ဘူးလား”
ကျုပ်လည်း ခေါင်းခါလိုက်ပြီးတော့
“မလိုချင်တော့ပါဘူးဗျာ”
မိကျန်ငိုင်ကျသွားတယ်ဗျ၊
“ကဲ ကြားတယ်မဟုတ်လားမိကျန်၊ ကာယကံရှင်က မလိုချင်ဘူးဆိုမှတော့ နင်ဘယ်လောက်ပေးပေး အလကားပဲပေါ့ဟာ”
မိကျန်က တောက်တစ်ချက်ခေါက်ပြီးတော့
“သေချင်းဆိုးကြီး မြေပွေးကိုက်ကြီး၊ သူများလုပ်နေတာကို ဖျက်လိုဖျက်ဆီးဝင်လုပ်တယ်”
“နင်အပုပ်အစပ်စားတာကို ငါမတားပါဘူးဟာ၊ ငါထင်နေပြီးသားပါ၊ ဒေါ်ဖွားရှင်ဝမ်းကို တစ်ယောက်ယောက်တော့ ဖောက်စားတော့မယ်ဆိုတာ တွေးမိနေပြီးသား၊ ဒါပေမယ့် ငါထင်တာက မြေမြှုပ်ပြီးမှ ဖော်စားမယ်ထင်တာ၊ နင်တော်တော်ငတ်ကြီးကျပါလား မိကျန်”
“အပိုတွေမပြောနဲ့ သေနာကြီး၊ သေပေတော့”
မိကျန်က ပြောပြောဆိုဆိုနဲ့ ထမီရင်လျားကိုဖြုတ်ပြီး ခါးမှာပတ်လိုက်တယ်၊ နောက်တော့ သူဝတ်ထားတဲ့အညာချည်ထည်အင်္ကျီကို လှန်လိုက်တဲ့အခါ နို့သီးတွဲလောင်းကြီးတွေက အတိုင်းသားပေါ်သွားသဗျ၊ ဦးဘသာက မိကျန်ကိုကြည့်ရင်း
“ကောင်မ၊ ငါ့ကိုယုတ်ပတ်ပြီ”
ဒီအချိန် ကျုပ်နားထဲ တချွင်ချွင်အသံတွေကြားလိုက်ရတယ်ဗျ၊ မိကျန်ရဲ့ နို့ပျဉ်းကြီးတွေကနေ ရွှေရောင်အမှုန်တွေထွက်သွားတယ်၊ ဦးဘသာက အနောက်ကိုလေးငါးလှမ်းဆုတ်လိုက်ပြီး လက်နဲ့ရိုက်ချတော့မှ ရွှေရောင်အမှုန်တွေက မြေပေါ်ကိုကျပြီးတော့ မြေကြီးပေါ်မှာ တရွှီးရွှီးနဲ့ သံစုံမြည်နေသဗျာ။
“ကောင်မ၊ နင်ငါ့ကိုအရင်လုပ်တာနော်”
မိကျန်က ဒေါနဲ့မောနဲ့ ရင်ကိုကော့ကော့ပြပြီး
“လုပ်တယ်၊ လုပ်တယ်၊ ဘာဖြစ်လဲ ရှင်ဘာဖြစ်ချင်လဲ”
ဦးဘသာက မိကျန်ကိုလက်ညှိုးထိုးလိုက်ပြီး
“နင့်အလုံးတွေကိုနေရာရွေ့ပေးထည့်လိုက်မယ်၊ ကိုင်း လာလေရော့”
ဦးဘသာပြောပြီးတော့ မိကျန်အနားမှာ ဖုန်းခနဲပေါက်ကွဲသံထွက်လာတယ်ဗျ၊ ပတ်ဝန်းကျင်မှာလည်း ဖုန်တွေထသွားတာပေါ့ဗျာ၊ မိကျန်က ငုံ့နေရာကနေ ပြန်ထလိုက်ပြီးတော့ ဦးဘသာကို ရင်ဘတ်လှန်ပြတယ်ဗျ။ ဒါပေမယ့် မိကျန်ရင်ဘတ်က ယောက်ျားရင်ဘတ်ကြိးလိုဖြစ်နေသဗျာ၊ ရင်ဘတ်မှာ နို့သီးကြီးတွေလည်းမရှိတော့ဘူးဗျ။ မိကျန်တော်တော်အံ့သြသွားတယ်။
“ဟင်၊ ငါ့ ငါ့အလုံးတွေဘယ်ရောက်ကုန်လဲ”
ကျုပ်က မိကျန်အနောက်မှာရပ်နေတာဆိုတော့ အကုန်မြင်လိုက်တာပေါ့ဗျာ၊ မိကျန်ရဲ့ရင်ဘတ်က နို့သီးတွေက ကျောကုန်းမှာပေါက်နေပါရောဗျာ၊ သူ့ကျောမှာ နို့ပျဉ်းကြီးနှစ်လုံးက တွဲလောင်းကြီးကျနေပါရော။
“အနောက်မှာဗျ၊ ခင်ဗျားကျောမှာ”
မိကျန်က သူ့လက်နဲ့စမ်းကြည့်တယ်ဗျ၊ ကျောကုန်းရောက်သွားတဲ့နို့တွေကိုစမ်းမိတော့ မိကျန်တော်တော်ထိတ်လန့်သွားတယ်၊ ဦးဘသာကြီးက ခါးတစ်ဖက်ထောက်ရင်း လက်တစ်ဖက်က မိကျန်ကိုလက်ညှိုးထိုးရင်းနဲ့
“ဒီမှာမိကျန်၊ အခုက နင့်ကိုသနားလို့ နင်ရင်လေးနေမှာစိုးလို့ နင့်အလုံးတွေကို ကျောကိုရွှေ့ပေးလိုက်ထာ၊ နင်ဒီ့ထက်ထပ်တိုးရင် နင့်ဟိုဟာကို နဖူးကိုရွေ့ပေးလိုက်မယ်၊ နင်ငါ့ကိုဘာမှတ်နေလဲ”
ဦးဘသာကျိန်းမောင်းလိုက်တာနဲ့ မိကျန်တစ်ယောက် အင်္ကျီစကိုဆွဲချပြီးတော့ တစ်ချိုးတည်းလစ်ပြေးတော့တာပဲဗျာ၊ ကွင်းကြီးကိုဖြတ်ပြေးတာ မြန်လိုက်တာပြောမနေပါနဲ့၊ ဦးဘသာက မိကျန်ကိုလှမ်းကြည့်ရင်း
“မိကျန်ရင် နင့်အစား ငါကျောလေးတယ်၊ ငါကျောလေးတယ်ဟ၊ ဟား၊ ဟား”
ဆိုပြီးတော့ ရယ်ပါရောဗျာ၊ မဆီမဆိုင်ကျုပ်လည်း ဝိုင်းရယ်ပေးပါရော။ တော်တော်ကြာတော့မှ ဦးဘသာက ကျုပ်ဘက်ကိုလှည့်ရင်း
“အောင်မာ၊ မင်းက ဘာလို့ရယ်တာလဲကွ”
“မသိဘူးလေဗျာ၊ ဦးဘသာရယ်လို့ လိုက်ရယ်တာပေါ့”
“အောင်မာ၊ ဒါနဲ့ညကြီးမိုးချုပ် မင်းဘာထလုပ်တာလဲကွ”
“ဟီး၊ ဟီး ဒါကတော့ဗျာ၊ ရွာနောက်ပိုင်းက အထွေးနဲ့တွေ့ချင်တာနဲ့ သူနဲ့စကားပြောဖို့ ထွက်လာခဲ့တာ”
ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးရင်း
“မင်းကတော့ကွာ၊ အခုတော့ လူပျိုလှည့်ကောင်းလို့ စုန်းဖြစ်တော့မလို့ကွ၊ နောက်ကြပ်ကြပ်လုပ်၊ ဟုတ်ပြီလား”
“လုပ်အုံးမှာ၊ လုပ်အုံးမှာ၊ အထွေးလေးနဲ့ နီးရဖို့ဆိုရင် ဘာဖြစ်ဖြစ်လုပ်အုံးမှာ”
ဦးဘသာက သက်ပြင်းချပြီး ခေါင်းတခါခါနဲ့ဗျ၊ နောက်တော့ ကျုပ်ကိုသေချာကြည့်ရင်း
“လုပ်မနေစမ်းပါနဲ့အလတ်ကောင်ရာ၊ မင်းနဲ့အထွေးနဲ့က မဟန်ပါဘူးကွ”
“အောင်မာ၊ စောင့်ကြည့်နေလိုက်စမ်းပါဦးဘသာရာ၊ ဒီနှစ်နွေပေါက်ရင် အထွေးနဲ့ကျုပ်မင်္ဂလာဆောင်တော့မှ ဦးဘသာကြီး အံ့သြမနေနဲ့ဗျ”
ဦးဘသာက လှည့်ထွက်မယ်လုပ်တော့ ကျုပ်လည်း ဦးဘသာအနောက်ပြေးလိုက်ရင်း
“ဦးဘသာနေပါအုံး၊ ဒီအတိုင်းသွားမလို့လားဗျ၊ ဒါကြီးကိုဘယ်လိုလုပ်မလဲ”
ကျုပ်ပြောရင်း လမ်းပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ ဒေါ်ဖွားရှင်ကြီးကို လက်ညှိုးထိုးပြလိုက်တယ်၊ ဦးဘသာက လှည့်ကြည့်ပြီးတော့
“အေးကွ၊ ဟုတ်သား၊ ငါလည်းမေ့တော့မလို့”
“ကြည့်လည်းလုပ်အုံးဦးဘသာ၊ တော်ကြာ ရွာထဲကလူတွေမနက်ထလာတော့မှ ရွာထိပ်မှာငုတ်တုတ်ထိုင်နေတဲ့လူသေကောင်ကြီးတွေ့ပြီးတော့ ထိတ်လန့်ကုန်ပါအုံးမယ်ဗျာ”
ဦးဘသာက ခေါင်းညိတ်ရင်း ဒေါ်ဖွားရှင်ကြီးအနားကိုလျှောက်သွားပြီးတော့ ဒေါ်ဖွားရှင်ခေါင်းကို လက်နဲ့သုံးချက်ပုတ်ပြီး
“ကဲ ပြန်တော့၊ ကိုယ့်အိမ်ကိုယ်ပြန်ပြီး အဲဒီမှာသွားအိပ်နေစမ်း”
ဦးဘသာပြောလိုက်တာနဲ့ အလောင်းကောင်ကြီးက ငေါက်ခနဲကောက်ထသဗျာ၊ ပြီးတာနဲ့ ရွာလယ်လမ်းအတိုင်း ငူငူကြီးလျှောက်သွားပါရောဗျို့၊ စကောချပ်ကို ဦးဘသာက လက်ညှိုးတစ်ချက်ထိုးလိုက်ပြီး မီးပွားစကလေးနဲ့ ပစ်ထည့်လိုက်တာနဲ့ စကောက မီးဟုန်းဟုန်းတောက်လောင်ပြီးတော့ မျက်စိရှေ့မှာတင်ပဲ ပြာဖြစ်သွားပါရောဗျာ။
“ကဲ ငါတော့ပြန်ပြီအလတ်ကောင်ရေ”
ကျုပ်လည်း အထွေးဆီဆက်မသွားတော့ဘဲ ကြောက်ကြောက်နဲ့အိမ်ကိုပြန်ပြေးခဲ့ပါရောဗျာ၊ ရွာလယ်လမ်းက ဒေါ်ဖွားရှင်ကြီးသွားနေတာဆိုတော့ အဲဒီလမ်းကမသွားဘဲ ရွာပြင်ကနေပတ်ပြီး အိမ်ပြန်ခဲ့ပါရော။
မနက်မိုးမလင်းသေးဘူး အိမ်အောက်မှာ ဆူညံဆူညံနဲ့ကြားတာပဲဗျာ၊ လူတွေက ရုံးစုရုံးစုနဲ့ တစ်ယောက်တစ်ပေါက်စကားပြောနေကြတာဆိုတော့ ဘယ်အိပ်လို့ရပါတော့မလဲဗျာ၊ ဒါနဲ့ကျုပ်လည်း အိပ်ရာထဲကထွက်လိုက်တော့ အိပ်ပုပ်ကြီးတဲ့အငယ်ကောင်က နိုးတောင်မနိုးသေးဘူးဗျာ၊ အချိန်က မနက်ငါးနာရီလောက်ပဲရှိမယ်ဗျ၊ အဖေ့နားမှာလူတွေအုံနေကြတယ်။
“တကယ်ပြောတာပါ သူကြီးရယ်၊ ဒေါ်ဖွားရှင်ကြီးက သူ့အခေါင်းထဲမှာမရှိတော့ဘဲ အိမ်ခန်းထဲဝင်ပြီးတော့ သူအိပ်ခဲ့ဖူးတဲ့နေရာမှာ အိပ်နေတာဗျ”
အဖေက မျက်မှောင်ကြုတ်ရင်း
“တစ်ယောက်ယောက်များ စချင်နောက်ချင်လို့ ရွှေ့ခဲ့တာများလား”
“ဘယ်ဟုတ်ရမလဲသူကြီးရာ၊ ဘယ်သူကများ ဒီအလောင်းကိုရွေ့မှာလဲဗျ၊ ကျုပ်အထင်တော့ ဖုတ်တွေဘာတွေဝင်ပြီး လျှောက်သွားနေတာများလား”
ကျုပ်အခုမှသိပြီဗျာ၊ လတ်စသတ်တော့ ဦးဘသာကြောင့်ပဲဗျ၊ ဦးဘသာက ကိုယ့်အိမ်ကိုပြန်ပြီး အိပ်လို့ပြောလိုက်တာဆိုတော့ ဒေါ်ဖွားရှင်က အိမ်ရှေ့လမ်းပေါ်က အခေါင်းထဲပြန်မဝင်ဘဲ သူမသေခင်အိပ်ခဲ့တဲ့ အိပ်ခန်းထဲပြန်ဝင်ပြီး သေနေတာပေါ့ဗျာ။ ရွာကလူတွေလည်း ဆူညံဆူညံဖြစ်ကုန်ကြတယ်။
“ဒါတော့ကျုပ်လည်း မတွေးတတ်တော့ဘူးဗျာ၊ ဘာပဲဖြစ်ဖြစ် ဒေါ်ဖွားရှင်ကိုဆက်မထားဘဲ ဒီနေ့တွင်းချင်းပဲ သဂြိုဟ်လိုက်တာ အကောင်းဆုံးပဲ”
ရွာသားတွေကလည်း အဖေပေးတဲ့အကြံကိုလက်ခံလိုက်ပြီးတော့ ဒေါ်ဖွားရှင်အလောင်းကို ချက်ချင်းမြှုပ်ဖို့ ကြံစည်ကြပါရောဗျာ။ ကျုပ်ကသိပေမယ့်လည်း ဒီအဖြစ်ကိုကျုုပ်ပြောရင် တစ်ရွာလုံးက ယုံမှာမဟုတ်တာနဲ့ ရေငုံနှုတ်ပိတ်နေလိုက်ရတယ်ဆိုပါတော့။ ပြန်ဆက်အိပ်လို့မရတော့တာနဲ့ မီးဖိုချောင်ထဲကိုဝင်ခဲ့ပြီးတော့
“အမေဘာဟင်းချက်သလဲဗျ”
“ဝက်အူချိုချက်မလို့ဟေ့၊ မနေ့ကဝယ်လာခဲ့တာ”
ဇလုံထဲထည့်ထားတဲ့ ဝက်အူခွေခွေခေါက်ခေါက်ကြီးကိုကြည့်ပြီးတော့ ကျုပ်ဖြင့် မနေ့ညက ကျုပ်စားမလိုဖြစ်ခဲ့တဲ့ အူအခွေကြီးကိုသတိရသွားပြီး ပျို့အန်တက်လာပါရောဗျာ၊ ဒါနဲ့မထိန်းနိုင်တော့ဘဲ မီးဖိုချောင်ထဲ အန်ချမိတာပေါ့၊ အမေက ကျုပ်ကိုဆဲဆိုပြီးတော့ ကျုပ်ကျောကုန်းကို တဘုန်းဘုန်းနဲ့ထုပါလေရောဗျာ။
ပြီးပါပြီ။
အဂ္ဂဇော်
Leave a Reply