ရွှေကျတ်ကျဆိုတဲ့ ဘုရားကလေးပဲရှိတယ်ဗျ၊ ရွာလယ်လောက်ရောက်တော့ ဦးလူဝက သူ့ခြံထဲကိုဝင်သွားတယ်၊ ဦးလူဝခြံကြီးက အကျယ်ကြီးပဲဗျာ၊ အိမ်ခြေရင်းမှာလည်း နွားတင်းကုပ်နဲ့ အိမ်ကြီးက လေးပင်ခန်းဖွဲ့ထားတဲ့ သစ်သားအိမ်ကြီးဗျ၊ ရေနံချေးတွေဝပြီးတော့ မည်းနက်နေတာပဲ။
“ကဲ ငါ့တူကြီးတို့ထိုင်ကြအုံး၊ ခြံထဲမှာက ဝါးရိပ်နဲ့ဆိုတော့ အေးသကွ”
ဦးလူ၀ ခြံရှေ့နားမှာ ခင်းထားတဲ့ကွပ်ပျစ်ပေါ်မှာပဲ ထိုင်လိုက်ကြတာပေါ့ဗျာ၊ သူပြောတာလည်းဟုတ်တယ်ဗျ။ အိမ်ရှေ့မှာဝါးရုံတွေရှိတော့ အရိပ်ကောင်းတယ်ဗျာ၊ ဒါ့အပြင် ဝါးရုံပင်ကိုဖြတ်တိုက်လာတဲ့ လေကလေးကလည်း အေးမှအေးပဲဗျို့၊ ဦးလူဝက အိမ်အောက်ကိုဝင်သွားတယ်ဗျ၊ နာမည်နဲ့လူနဲ့လည်း လိုက်ပါတယ်၊ လူက ထွားထွားကျိုင်းကျိုင်း ၀၀ကြီးဗျာ၊ အဆီတွေတစ်နေတဲ့ ဗိုက်ကြီးကလည်းအရှေ့ကိုတွဲကျလို့ဗျ၊ လမ်းလျှောက်ရင်လည်း ပေါင်ကားပြီး ကွတကွတကြီးလျှောက်သွားတာ။
နောက်တော့ ဦးလူဝက ရေနွေးဗန်းကိုင်ပြီး ပြန်ထွက်လာတယ်ဗျ၊ သူကွပ်ပျစ်မှာဝင်ထိုင်ပြီး မကြာပါဘူး၊ မိန်းကလေးတစ်ယောက်က ထန်းလျက်တွေ၊ ပဲလှော်တွေ ထည့််ထားတဲ့ဗန်းကလေးကိုင်ပြီးတော့ ထွက်လာတယ်ဗျ၊ မိန်းကလေးကတော့ လုံးလုံးတစ်တစ်ပါပဲဗျာ၊ အသက်ကတော့ ကျုပ်တို့ထက် နည်းနည်းငယ်မယ်ထင်တယ်။ ဦးလူဝက ဒီမိန်းကလေးကို လက်ညှိုးထိုးပြီးတော့
“ဟောဒါ ကျုပ်သမီးအငယ်ဆုံးပေါ့ဗျာ၊ သူ့နာမည်က ဘုတ်ဆုံတဲ့”
ဘုတ်ဆုံဆိုတဲ့မိန်းကလေးက ထန်းလျက်ပန်းကန်တွေချပေးရင်း
“စားကြပါအုံးရှင်”
ဦးဘသာက အဲဒီမိန်းကလေးကိုကြည့်ပြီးတော့
“ဒါနဲ့ မင်းမှာသမီးတွေချည်းမွေးထားတာမဟုတ်လား”
“အေးလကွာ၊ သမီးချည်းသုံးယောက်ပေါ့၊ အပေါ်က သမီးနှစ်ယောက်တော့ အိမ်ထောင်ကျသွားပြီကွ၊ တစ်ယောက်ကတော့ ဒီရွာမှာပဲ၊ နောက်တစ်ယောက်ကတော့ နိဗ္ဗာန်ရွာက ကောင်လေးနဲ့အိမ်ထောင်ကျပြီး အဲဒီဖက်လိုက်နေတယ်ကွာ၊ ဒါကတော့ အငယ်ဆုံး၊ အပျိုပေါ့၊ ငါ့မှာလည်း ခိုင်းစရာဆိုလို့ သူ့တစ်ယောက်တည်းကျန်ခဲ့တော့တာပဲဟေ့”
ပြောရင်းဆိုရင်း ဦးလူဝက ဘုတ်ဆုံဘက်ကိုကြည့်လိုက်ပြီး
“ဟဲ့သမီး၊ ဧည့်သည်တွေ အိမ်မှာ နှစ်ရက်သုံးရက်လောက် တည်းမယ်၊ အဲဒါ သူတို့နေဖို့ထိုင်ဖို့ အိမ်ပေါ်ထပ်မှာစီစဉ်ပေးလိုက်၊ ပြီးတော့ ဟင်းလေးဘာလေး ကောင်းကောင်းကမ်းကမ်းချက်စမ်းဟာ”
ဘုတ်ဆုံက ခေါင်းညိတ်ပြီးတော့ ကျုပ်တို့ကိုကြည့်တယ်ဗျ၊ ကျုပ်ကလည်း ဘုတ်ဆုံကိုငေးကြည့်နေမိတာပေါ့ဗျာ၊ ဘုတ်ဆုံဆိုတဲ့ကောင်မလေးက လူကသာခပ်ဖိုင့်ဖိုင့်ဆိုပေမယ့် မျက်နှာကလေးကတော့ ချစ်စရာကလေးဗျ၊ ပါးမို့မို့အစ်အစ်လေးနဲ့ ကလေးမျက်နှာလေးကျနေတာပဲဗျာ၊ ခင်ဗျားတို့မြင်သာအောင်ပြောရရင် ခုခေတ် ရုပ်ရှင်မင်းသမီး ပွင့် နဲ့ဆင်တယ်ဗျို့၊ ကိုယ်လုံးကိုယ်ပေါက်လည်း အတူတူလောက်ပဲဗျ။ လမ်းလျှောက်သွားရင် အဆီတွေပြည့်နေတဲ့တင်ပါးကြီးက နိမ့်တုံ မြင့်တုံ တခုန်ခုန်နဲ့သွားတာကိုကြည့်ရင်း ကျုပ်ဖြင့်ရင်တွေတောင် ခုန်လာသလိုပဲဗျာ။
“ဒါနဲ့လူဝ၊ မင်းစီးပွားရေးရော အဆင်ပြေရဲ့လားကွ”
ဦးဘသာက ရေနွေးတစ်ခွက်ငှဲ့ရင်းမေးတယ်၊ ဦးလူဝက ခေါင်းညိတ်လိုက်ပြီးတော့
“ပြေပါ့ဘသာရာ၊ အခုတော့ လယ်ပြီးပြီကွ၊ ယာကျဲမလို့ တလင်းပြင်ထားတယ်၊ ရှေ့တစ်ရက်နှစ်ရက်ဆိုရင်တော့ ယာခင်းကျဲမယ်၊ ဒါနဲ့မင်းနဲ့ငါတောင် မတွေ့တာ သုံးနှစ်လောက်ရှိပြီနော်”
“ဟုတ်ပါ့ကွာ၊ တို့တွေနောက်ဆုံးတွေ့ခဲ့တာ မြိုင်သာမှာမဟုတ်လား၊ စပါးမျိုးဝယ်ရင်းတွေ့ကြတာလေကွာ”
သူတို့က ရှေးဟောင်းနှောင်းဖြစ်တွေပြောနေတယ်ဗျ၊ ကျုပ်စိတ်ထဲမှာတော့ ဦးလူဝကို မေးချင်စိတ်က ထိန်းမရဘူးဗျ၊
“ဦးလူဝ၊ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ကျတ်ကုန်းမှာနေတော့ ဦးလူဝတို့ အခြောက်အလှန့််မခံရဘူးလား၊ ဦးလူဝတို့ ကျတ်တွေကို မကြောက်ကြဘူးလား”
ဦးလူဝက ခေါင်းခါတယ်ဗျ။
“ကျတ်တွေတော့ မြင်နေတာပဲကွ၊ မြင်တာကြာလို့တောင်မှ ကြောက်ရကောင်းမှန်းမသိတော့ဘူး၊ သူတို့လည်း လူလိုပုံစံနဲ့ သွားလာနေကြတာပဲ”
“ဟာဗျာ၊ ထူးဆန်းလိုက်တာ၊ ကျတ်တွေက ဘာမှရန်မပြုဘူးလားဗျ”
“သူတို့လည်း သူတို့ဖာသာနေကြ၊ ငါတို့လည်းငါတို့ဖာသာ နေကြတာပဲလေ၊ ကျတ်ဆိုတာကို သူများတွေကတော့ မကောင်းဆိုးဝါးတွေလို့ ထင်ကြပေမယ့် တို့ရွာသားတွေအတွက်ကတော့ လူကောင်း၊ သူကောင်းကြီးတွေကွ၊ တို့အပေါ် အများကြီးကျေးဇူးရှိတယ်”
ဦးဘသာက ဝင်ထောက်ပြောတယ်။
“ဒီလိုအလတ်ကောင်ရ၊ ကျတ်ဆိုတာတွေက တစ်ချိန်ကလူတွေပဲ၊ အကြောင်းတစ်ခုခုကြောင့် အစုလိုက်အပြုံလိုက်သေသွားကြရာကနေပြီးတော့ မကျွတ်မလွတ်ဘဲ ကျတ်ဖြစ်သွားကြတယ်ဆိုပါတော့၊ တစ်ချို့ဆိုရင် သူတို့ကိုယ်သူတို့ သေသွားမှန်းတောင်မသိကြဘဲ နေ့စဉ်လုပ်စရာရှိတာတွေကို ဆက်လုပ်နေကြသတဲ့ကွ၊ ဒါပေမယ့် ကုသိုလ်ကံအပေါ်မူတည်ပြီးတော့ ကျတ်တွေမှာလည်း ကမ္မဇိဒ္ဓိဆိုတဲ့ တန်ခိုးအစွမ်းတွေရှိတယ်ကွ”
“ကျုပ်လည်း အဲဒါကိုကြားဖူးတာကြာပြီဗျ၊ မေးမယ် မေးမယ်နဲ့ မမေးဖြစ်သေးတာ၊ ကမ္မဇိဒ္ဓိဆိုတာ ဘယ်လိုအစွမ်းလဲဗျ၊ စုန်းပညာတွေလို သင်ယူလို့ရတာလား”
ဦးဘသာက ခေါင်းခါရင်း
“ကမ္မဇိဒ္ဓိဆိုတာ ကံကြောင့်ရရှိလာတဲ့အစွမ်းပဲကွ၊ ဥပမာပြောရရင် နတ်တွေပေါ့ကွာ၊ လူ့ဘဝကနေ သေဆုံးပြီးတော့ နတ်ပြည်မှာနတ်သွားဖြစ်တယ်ဆိုရင် သူပြုခဲ့တဲ့ ကုသိုလ်ကံအပေါ်မူတည်ပြီး အရှိန်အဝါတွေ၊ စည်းစိမ်တွေနဲ့ တန်ခိုးတွေရတာပေါ့၊ ကုသိုလ်ကောင်းတဲ့လူကျတော့ ဟိုးအထက်က တန်ခိုးပိုမြင့်တဲ့ နတ်တွေသွားဖြစ်တာပေါ့၊ ကုသိုလ်နည်းတဲ့လူကျတော့ အောက်နတ်တွေဖြစ်သွားကြတာပေါ့၊ အောက်ဆုံးစတုမဟာရာဇ်ဘုံက နတ်နဲ့ ဟိုးအထက် ဝဿ၀တီနတ်ပြည်က နတ်တို့နဲ့က တန်ခိုးအရာချင်း အဆတစ်သန်းမက ကွာခြားတယ်ကွ”
“ဒါဆိုတော်တော်တန်ခိုးကြီးတာပဲဗျ၊ ဒါနဲ့ သူတို့က နတ်တွေလေဗျာ၊ အခုဟာက နတ်မှမဟုတ်တာ ကျတ်ပဲကို”
“ကမ္မဇိဒ္ဓိအကြောင်းဆက်ရရင် တကယ်လို့ လူတစ်ယောက်က သူ့အကုသိုလ်ကြောင့် ပြိတ္တာဖြစ်သွားတယ်ဆိုရင်တောင်မှ သူ့မှာပြုဖူးခဲ့တဲ့ ကုသိုလ်ကောင်းမှုအဟုန်က အကျိုးပေးသေးတယ်ကွ၊ ဒီတော့ ဒီကုသိုလ်ကံတွေက ကမ္မဇိဒ္ဓိဖြစ်လာတာပေါ့၊ ဒါကြောင့် ပြိတ္တာချင်းတူတာတောင်မှ အစွမ်း၊ တန်ခိုးချင်းမတူကြဘူး၊ ကျတ်ဆိုတာ ပြိတ္တာထဲကမှ အဆင့်မြင့််တဲ့ အသူရကာယ်ဘုံသားထဲပါတယ်ကွ၊ အသူရကာယ်ဆိုတာ ပြိတ္တာထဲမှာ အဆင့်အမြင့်ဆုံးပေါ့၊ သူတို့ရဲ့ ကုသိုလ်ကံကြောင့် အေးအေးလူလူနေနိုင်၊ စားသောက်နိုင်တယ်၊ အချို့ဆို နတ်တွေလိုမျိုး ဘုံဗိမ္မာန်တွေနဲ့၊ အခြွေအရံတွေနဲ့တောင် ခံစားကြရတယ်၊ ဒါပေမယ့် အကုသိုလ်အကျိုးပေးကြောင့် နေ့မှာနတ်တမျှစံစားရပေမယ့် ညဘက်ရောက်တော့ငရဲကျသလို ခံစားရတယ်မဟုတ်လား၊ ဒါကြောင့် အသူရကာယ်ဆိုရင် နေ့စံ၊ ညခံလို့ ပြောကြတာပေါ့”
“ကျုပ်နားလည်ပြီ၊ ဒါဆို ကျတ်က နေ့စံညခံပေါ့၊ အစွမ်းတွေ တန်ခိုးတွေ တော်တော်ရှိတာပေါ့”
“ဒါပေါ့ကွ၊ ကျတ်ကျတော့ ညစံနေ့ခံပေါ့၊ နေ့ဘက်ဆိုရင် ကျတ်တွေက တိရစ္ဆာန်တွေအသွင်ဖြစ်ရင်ဖြစ်တယ်၊ မဖြစ်တဲ့ကျတ်တွေကလည်း သူ့ဒုက္ခသူခံစားနေရတာပေါ့ကွာ၊ ဟော ညဘက်ရောက်ရင်တော့ သူတို့ဟာ သူတို့ရဲ့ကုသိုလ်ကြောင့် အေးအေးဆေးဆေးနေထိုင်နိုင်ကြတာပေါ့၊ ကျတ်ဆိုတာ ပြိတ္တာတွေနဲ့မတူဘူးကွ၊ ပြိတ္တာတွေက ဆာလောင်နေပြီးတော့ အစာရှာစားရပေမယ့် ကျတ်တွေကျတော့ တို့လူသားတွေလိုပဲ အလုပ်တွေလုပ်၊ ဟင်းတွေချက်ပြုတ်ပြီး နေထိုင်နိုင်တယ်၊ ပြီးတော့ နေ့စံညခံဆိုတာ ကျတ်တွေအတွက်တော့ မှန်တယ်ကွ”
“ဟာဗျာ၊ သူတို့က ညမှထွက်တာမဟုတ်လား”
ဦးဘသာက ခေါင်းခါပြီးတော့
“တို့လူ့လောကရဲ့ နေဝင်ချိန်က၊ ပရလောကမှာ နေထွက်ချိန်တဲ့ကွ၊ တို့လူ့လောကမှာ နေဝင်ပြီးတော့ မိုးချုပ်လို့ ညရောက်သွားတယ်ဆိုပေမယ့် သူတို့ပရလောကဘက်မှာတော့ အဲဒါဟာ နေထွက်တဲ့နေ့အချိန်ပဲပေါ့၊ ဒါကြောင့် လူကြီးသူမတွေက ကလေးသူငယ်တွေကို နေဝင်မိုးချုပ်ဆိုရင် အိမ်အပြင်ကိုမထွက်ခိုင်းဘူးမဟုတ်လားကွ၊ ငါခုနကပြောသလို ဆာလောင်နေတဲ့ ပြိတ္တာတွေက နေဝင်မိုးချုပ်သွားရင် သူတို့နေထွက်ချိန်ကိုးကွ၊ ဒီတော့ သူတို့က မနက်စောစောအစာရှာထွက်ကြတယ်လေ”
“ဒါဆို အဲဒီကျတ်တွေက ကမ္မဇိဒ္ဓိအားကောင်းလို့ ဦးဘသာကြီးတောင် မနိုင်တာလား”
ဦးဘသာကပြုံးရင်း
“ကျတ်ဆိုတာ နတ်တစ်ပိုင်းပဲကွ၊ မှတ်ထား၊ ကျတ်တွေကို သူတို့ပိုင်နက်ထဲမှာဆိုရင် ငါ့လိုစုန်းမပြောနဲ့ ဘိုးတော်တို့ ဘုန်းကြီးတို့တောင်မှ မနိုင်ဘူးကွ”
“ဟာဗျာ၊ ဖြစ်နိုင်ပါ့မလား၊ ဘုရားစာရွတ်မယ်ဆိုရင်ရောဗျာ”
“မင်းနှယ်ကွာ၊ ဘုရားစာရွတ်တိုင်းမရဘူးကွ၊ မင်းတော်တော်ဗဟုသုတနည်းတဲ့ကောင်၊ မေတ္တာသုတ်ဆိုတာ ဘယ်လိုဖြစ်လာသလဲဆိုတာ မင်းမသိဘူးလား၊ ရဟန်းတွေက တောအုပ်ကြီးထဲသွားပြီး တရားအားထုတ်ကြတော့ သစ်ပင်မှာနေတဲ့ နတ်တွေနဲ့ ပရလောကသားတွေက မခံနိုင်ဘဲ အလုပ်ပျက်အကိုင်ပျက်ဖြစ်လို့ ခြောက်လှန့်လွှတ်တယ်လေကွာ၊ ဒီတော့ ဘုရားက မေတ္တာသည်သာ အကောင်းဆုံးလက်နက်ဆိုပြီးတော့ မေတ္တာသုတ်ပေးလိုက်တယ်မဟုတ်လားကွ၊ ဒီလိုပဲပေါ့၊ ကျတ်တွေကိုလည်း သူ့ပိုင်နက်ထဲသွားပြီးရန်ရှာတာထက် သူတို့ကိုပြောရာပြေကြောင်းပြောပြီး နားလည်မှုယူရတယ်ကွ”
ကျုပ်လည်း ခေါင်းညိတ်လိုက်တော့တယ်။ ချိုတူးနဲ့ ငညိုတို့ကတော့ ဦးလူဝကျွေးတဲ့ ထန်းလျက်တွေကို စားကောင်းကောင်းနဲ့ စားနေကြတာပါပဲ၊ ဦးလူဝက ကျုပ်တို့ကိုကြည့်ပြီးတော့။
“ဒါနဲ့ သူတို့ကဘယ်သူတွေလဲကွ”
“ဒါကတော့ တို့ရွာက သူကြီးသားကွ၊ နာမည်က ခင်မောင်တဲ့၊ ဒါပေမယ့် သူ့ကိုတစ်ရွာလုံးက အလတ်ကောင်ပဲခေါ်တာ၊ ဟောဟိုက ကောင်လေးကတော့ ချိုတူးတဲ့ကွ၊ ဒီဘက်ကတော့ သူ့တူ၊ ငညိုလို့ခေါ်တယ်”
“နေပါအုံး၊ အဲဒီငညိုဆိုတဲ့ကောင်လေးက စကားမပြောတတ်ဘူးလား”
ဦးဘသာက ခေါင်းခါပြပြီးတော့
“သူ့ကိုငါ အာစေးထည့်ထားတာကွ”
ဒီတော့ ဦးလူဝက မျက်လုံးပြူးသွားတယ်ဗျ၊ ငညိုကိုသေသေချာချာကြည့်ပြီးတော့
“အာစေးထည့်ထားတယ်ဆိုတော့ သူကတော်တော်စွမ်းသလား”
“စွမ်းတာပေါ့ကွ၊ မကောင်းတာတွေမပြောမိအောင်လို့ လုပ်ထားရတယ် လူဝရေ၊ ငါမြင်ဖူးသမျှ ဝမ်းတွင်းပါတဲ့သူထဲမှာ ဒီကောင်လေးအစွမ်းဆုံးပဲကွ”
ဦးလူဝက ခေါင်းတဆတ်ဆတ်ညိတ်တယ်ဗျ။
“ကျုပ်နားလည်ပြီ၊ အခုနိဗ္ဗာန်ရွာကို သွားမယ်ဆိုတာလည်း ဒီကောင်လေးကြောင့်ထင်ပါ့”
“အမှန်ပေါ့ လူဝရာ”
(၂)
ကျုပ်တို့စကားပြောနေတုန်း ဘုတ်ဆုံကထွက်လာတယ်ဗျ။
“အဖေ၊ ဟင်းတွေကျက်ပြီနော်၊ ဧည့်သည်တွေဆာလာတယ်ဆိုရင် ကျွေးလို့ရပြီ”
“သြော်၊ အေးအေး၊ ဒါနဲ့ အိမ်ကြီးရှင်တွေအတွက်လည်း တစ်ပွဲပြင်လိုက်စမ်းပါဟေ့”
ကျုပ်က မျက်မှောင်ကြုတ်လိုက်မိတယ်ဗျ၊ အိမ်ကြီးရှင်ဆိုတော့ ဒီအိမ်က ဦးလူဝပိုင်တဲ့အိမ်မဟုတ်ဘူးပေါ့၊ ဒီအိမ်မှာ ဦးလူဝတို့က ကပ်နေတာများလား၊ တခြားအိမ်ရှင်တွေရှိလို့ ကျုပ်တို့ကိုများ အိမ်ပေါ်ပေးမတက်တာလား၊ ကျုပ်လည်း သို့လော သို့လောတွေ တွေးနေမိတာပေါ့ဗျာ၊ ကျုပ်ဘာတွေးသလဲဆိုတာကို ဦးဘသာက သိတယ်ထင်ပါရဲ့။ ကျုပ်ပုခုံးကိုဆတ်ခနဲလှမ်းပုတ်တယ်။
“ဟေ့အလတ်ကောင်၊ အိမ်ကြီးရှင်ဆိုလို့ တခြားမတွေးနဲ့ကွ၊ ခုနက မင်းပြောခဲ့တဲ့ ကျတ်တွေကိုပြောတာ”
“ဗျာ၊ ကျတ်တွေကိုများ အိမ်ကြီးရှင်တဲ့လား”
ဦးလူဝက ဝင်ပြောတယ်။
“ငါ့တူကြီးကို ဦးလေးပြောပြမယ်၊ ကျတ်ဆိုတာ လူဆိုးတွေမဟုတ်ဘူးကွ၊ ငါ့တူကြီးတို့လို တကယ်ထဲထဲဝင်ဝင်မသိကြတဲ့လူတွေကတော့ ကျတ်တွေကို ဆိုးတယ်လို့ပဲထင်မှာ၊ ကျတ်တွေနဲ့ပတ်သက်ပြီးတော့ ကြားဖူးထားတဲ့စကားတွေကလည်း အဆိုးတွေပဲမဟုတ်လား”
ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။
“ငါ့တူကြီးကို ဦးလေးတစ်ခုမေးမယ်နော်၊ ငါ့တူကြီးကို လူတွေက လူဆိုးလို့ဝိုင်းခေါ်ရင် ငါ့တူကြီးကြိုက်သလား မကြိုက်ဘူးလား”
“ဟာဗျာ၊ ဘယ်ကြိုက်မှာလဲဗျ”
“အေး၊ ကျတ်တွေကလည်း ဒီလိုပဲပေါ့ကွာ၊ သူတို့ကို ဆိုးတယ်လို့အကြောင်းမဲ့ခေါ်ရင် တကယ်တမ်းမဆိုးရင်တောင်မှ သူတို့က ဆိုးသွားတတ်ကြတယ်၊ ဒါကြောင့် ကျတ်တွေကိုဆိုးတယ်လို့မပြောဖို့ တားရတာပဲဟေ့”
“ကျုပ်နားလည်ပါပြီ ဦးလေး”
“ဒီခြံကြီးရော၊ ရွာက အိမ်တွေအကုန်လုံးရော ကျတ်ကုန်းကြီးပဲကွ၊ ဒီတော့ ငါတို့က ဒီကျတ်ကုန်းမှာလာပြီးနေတော့ အရင်နေခဲ့တဲ့ကျတ်တွေကို အိမ်ကြီးရှင်လို့ သဘောထားပြီးဆက်ဆံရတယ်၊ လပြည့်လကွယ်လိုနေ့မျိုး၊ အိမ်ကိုဧည့်သည်လာတဲ့အခါမျိုးကျရင် အိမ်ကြီးရှင်တွေကို ထမင်းကျွေးပြီး ဧည့်သည်ဆောင်သည်လာလို့ သည်းခံပေးပါဆိုတဲ့အကြောင်းပြောရတယ်ကွ”
ဘုတ်ဆုံက မြေနဲ့လုပ်ထားတဲ့ ကလေးဆော့တဲ့ အိုးပုတ်လိုခွက်ကလေးတွေကိုင်လာတယ်ဗျ၊ အထဲမှာတော့ ထမင်းရယ်၊ ဟင်းတွေရယ်ထည့်ထားတာပဲဗျာ၊ ခြံရဲ့ဟိုးဘက်ထောင့်နားမှာတော့ သစ်သားနဲ့ဆောက်ထားတဲ့ အိမ်ကလေးတစ်လုံးရှိတယ်ဗျ၊ အဲဒီအိမ်ကလေးရဲ့ကြမ်းအပေါ်မှာ ခုနက ဟင်းခွက်တွေတင်ပြီးတော့ တိုးတိုးနဲ့ရေရွတ်နေတာပဲ၊ ပြီးတော့မှပြန်လာတယ်၊ ကျုပ်တို့စားဖို့သောက်ဖို့အတွက်လည်း ပြင်ဆင်ပေးတာပေါ့ဗျာ။
ဦးလူဝတို့က ဟင်းကောင်းစားတဲ့လူတွေဗျ၊ ဟင်းတွေကလည်းစုံလို့ဗျာ၊ ကျုပ်တို့လည်း ဆာဆာာနဲ့ ခေါင်းမဖော်တမ်းစားကြတာပေါ့ဗျာ၊ တစ်ယောက်ကို သုံးလေးပန်းကန်လောက်စားလိုက်လို့ ထမင်းလည်းစားပြီးရော ထတောင်မထနိုင်ကြတော့ဘူးဗျ၊ ငညိုဆိုရင် အဆီရစ်ပြီးတော့ ပက်လက်လှန်ပြီး အိပ်သွားတော့တာ၊ ကျုပ်နဲ့ ဦးလူဝတို့လည်း စကားစမြည်ပြောကြတာပေါ့ဗျာ။
“ငါ့တူတို့ ကျတ်တွေနဲ့မတွေ့ဖူးသေးဘူးထင်တယ်”
ကျုပ်လည်းဦးဘသာမျက်နှာကိုကြည့်လိုက်ပြီး
“တွေ့ဖူးပါ့ဗျာ”
လို့အစချီကာ ညကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေအကုန်ပြန်ပြောပြလိုက်တယ်ဗျ၊ ဦးလူဝက တအံ့တသြနဲ့နားထောင်နေတယ်။
“မင်းတို့က သီချင်းဆိုတာကိုးကွ၊ ကျတ်ဆိုတာ အပျော်အပါးကြိုက်တယ်၊ တို့ရွာကလူတွေဆို လယ်ထဲယာထဲဆင်းတောင်မှ သီချင်းမဆိုဝံ့ကြဘူးကွ”
“သီချင်းဆိုရင် ဘာဖြစ်လို့လဲဗျ”
“သီချင်းဆိုတဲ့လူကို သူတို့ရွာကိုခေါ်သွားတတ်တယ်၊ မဟုတ်တာတော့မလုပ်ပါဘူးကွာ၊ အဲဒီမှာ လေးငါးရက်လောက်ခေါ်ထားပြီး ပြန်လွှတ်လိုက်တာပဲတဲ့၊ သူတို့ဆီမှာ လေးငါးရက်ရောက်သွားပေမယ့် အပြင်ပြန်ရောက်လာရင် သုံးလေးနှစ်လောက် ကြာသွားတတ်တယ်ဆိုပဲဟေ့၊ ဒါကြောင့် ရွာကလူတွေ သီချင်းမဆိုဝံ့တာ၊ တစ်ခါကလည်း ထူးဆန်းတာပြောရအုံးမယ်”
ဦးလူဝက ပြောရင်းမောသွားတယ်ထင်ပါတယ်၊ ရေနွေးတစ်ခွက်ကောက်သောက်လိုက်ရင်း
“ဒီလိုကွ၊ နိဗ္ဗာန်ရွာမှာ အလှူရှိတော့ဆိုင်းအဖွဲ့ ငှားကြတာပေါ့၊ ဇာတ်အဖွဲ့ကို နိဗ္ဗာန်ရွာကလူတွေက လှည်းတွေနဲ့ကြိုတာပေါ့ကွာ၊ အဲဒီတော့ လှည်းပေါ်မှာပါလာတဲ့ နှဲသမားတို့ဘာတို့က လမ်းမှာတီးကျမှုတ်ကျရင်း လိုက်သွားတာပေါ့၊ ဒီလိုနဲ့ နိဗ္ဗာန်ရွာကိုရောက်သွားတယ်ပေါ့ကွာ၊ အလှူဝင်ညဆိုတော့ ဆိုင်းနဲ့ဖော်ဖြေရတာပေါ့၊ အဲဒီမှာဆိုင်းအဖွဲ့လည်း မဏ္ဍပ်ကြီးထဲမှာ ဆိုင်းတွေဆင်ပြီး တီးကြမှုတ်ကြနဲ့ ဧည့်ခံကြတာပေါ့၊ ညသန်းခေါင်ကျော်ပြီး မိုးလင်းနှစ်ချက်တီးတာတောင်မှ ကြည့်တဲ့လူတွေက လျော့မသွားဘူးတဲ့ကွာ၊ နောက်တော့ ဆိုင်းအဖွဲ့လည်း အတင်းနားလိုက်ရတာပေါ့၊ အဖွဲ့လူတွေလည်းမောမောပန်းပန်းနဲ့ မဏ္ဍပ်ကြီးထဲမှာပဲ အိပ်လိုက်ကြတာ၊ မနက်မိုးလင်းသွားတော့ တောအုပ်ကြီးထဲရောက်နေသတဲ့၊ တို့ရွာအနောက်ဘက်က ခင်တန်းကြီးထဲပေါ့ကွာ”
“ဗျာ၊ အဲဒါ ကျုပ်တို့ရောက်ခဲ့တဲ့နေရာပဲဗျ”
“အေး၊ ကျတ်တွေက တီးသံမှုတ်သံကြားလို့ နိဗ္ဗာန်ရွာရောက်သွားသလိုမျိုး တန်ခိုးနဲ့ဖန်တီးပြီးတော့ တီးခိုင်းတာပဲတဲ့ဟေ့၊ အဲဒီကတည်းက ဟောဒီကျတ်ကွင်းမပြောနဲ့ နိဗ္ဗာန်ရွာသွားတဲ့လမ်းပေါ်မှာ သီချင်းမဆိုရဲ၊ သီချင်းမဖွင့်ရဲတော့တာပဲ ငါ့တူရေ”
ကျုပ်လည်း ချိုတူးဘက်ကိုလှည့်လိုက်ပြီး
“အဲဒါမင်းကြောင့်ပေါ့ ချိုတူး၊ မင်းအဆိုကောင်း၊ အကကောင်းလို့ဖြစ်ရတာ”
ချိုတူးက ခေါင်းကုပ်လျှက်
“ဟာဗျာ၊ ကျုပ်လည်းသိမှမသိတာဗျ”
ချိုတူးပြောတော့ ကျုပ်တို့လည်းဝိုင်းရယ်လိုက်ကြတာပေါ့ဗျာ၊ ဦးလူဝက တစ်ချက်ငြိမ်သွားပြီးတော့
“ဒါနဲ့ မင်းတို့ခုနကပြောတဲ့အထဲမှာ ဝတုတ်ဆိုတဲ့လူနဲ့တွေ့ခဲ့တယ်ဆိုကွ၊ အဲဒါတကယ်လား”
“တကယ်ပေါ့ဗျာ၊ သူက နွားကိုယ်လုံးကြီးနဲ့ဖြစ်နေပြီးတော့ ခေါင်းကတော့ လူခေါင်းကြီးဗျ၊ ကျင်းကြီးထဲက ချေးတွေကို အားရပါးရစားနေလိုက်တာဗျာ၊ ကျုပ်ဖြင့်ပြန်တွေးရင်း အော်ဂလီဆန်လာပြီ”
ဦးလူဝက ခေါင်းတဆတ်ဆတ်ညိတ်လျှက်
“အဲဒီဝတုတ်က တို့ရွာမှာရှိခဲ့ဖူးတဲ့ ဝတုတ်ထင်တယ်ကွ”
“ဗျာ၊ ဒါဆို ဦးဝတုတ်က အရင်က ဒီရွာသားပေါ့”
“ဒီရွာသားတော့မဟုတ်ဘူးကွ၊ သူ့အကြောင်းကလည်း ဒီလိုဟေ့”
(၃)
“တို့ရွာက အရင်တုန်းက ကျတ်ကုန်းကြီး၊ ကွင်းကြီးပေါ့ကွာ၊ ဒါပေမယ့်် အောက်ပြည်ကလူတွေတက်လာပြီးတော့ကျတ်တွေနဲ့တည့်အောင်ပေါင်းတယ်ကွ၊ ပြီးတော့ သူတို့က ဒီနားကကွင်းတွေမှာ စိုက်ပျိုးရေးတွေလုပ်ကြတာပဲ၊ မြေကလည်း မြေရိုင်း၊ မြေသြဇာကလည်းကောင်းဆိုတော့ စီးပွားဖြစ်တာပေါ့ကွာ၊ ကျတ်တွေက သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုသလိုပဲကွ၊ သူတို့အပေါ်ကောင်းရင် သူတို့ကလည်းပြန်ကောင်းတယ်”
“ဘယ်လောက်တောင်လဲဆိုရင် ကျတ်တွေကို ပူဇော်ပြီးတော့ လယ်တွေယာတွေကို ကြွက်မထိုး၊ ငှက်မကျ၊ ပိုးမကိုက်အောင် စောင့်ပေးပါဆိုရင် တကယ်ကိုပဲ ငှက်တွေ၊ အဖျက်ပိုးတွေမကျဘူးတဲ့ကွ၊ ဒါကြောင့် လူပြောများလာပြီးတော့ မကြောက်တတ်တဲ့လူတွေ ကျတ်ကုန်းမှာ လာပြီးလယ်လုပ်၊ ယာလုပ်ကြရင်း အခုလိုရွာဖြစ်သွားတာပေါ့ကွာ၊ ဒါက ငါတို့ငယ်ငယ်တုန်းကပေါ့”
“လူတွေများလာတော့ ဆိုင်တွေဘာတွလာဖွင့်ကြတာပေါ့ကွာ၊ အဲဒီထဲမှာ ဝတုတ်ဆိုတဲ့လူလည်းပါတယ်ကွ၊ အသက်ကတော့ ငါတို့နဲ့မတိမ်းမယိမ်းပဲ၊ သူက နိဗ္ဗာန်ရွာသား၊ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ငါတို့ရွာမှာ အရက်ဆိုင်လာဖွင့်တာပေါ့”
“နိဗ္ဗာန်ရွာက အရက်ဖိုတွေကနေ အရက်တွေယူပြီးတော့ ဆိုင်ဖွင့်ရောင်းတာပေါ့၊ အရက်ဆိုင်ဆိုတော့လည်း ရွာထိပ်နားပေါ့ကွာ၊ အခု ရွာဆိုင်းဘုတ်တပ်ထားတဲ့နေရာ လမ်းဘေးပေါ့၊ သူ့ဆိုင်က ရောင်းကောင်းတယ်လို့ပြောရမယ်၊ တို့ရွာက တောင်သူတွေလည်း လုပ်ငန်းခွင်က ပြန်လာရင် တစ်ခွက်တစ်ဖလားသောက်ပြီးတော့ ပင်ပန်းတာတွေကို ဖြေကြတာပေါ့ကွာ”
ဦးလူဝက ပြောရင်း မြေပဲစေ့တွေကောက်ဝါးတယ်။
“တို့ရွာမှာ စည်းကမ်းတစ်ခုရှိတယ်ကွ၊ အဲဒါကတော့ ကျတ်တွေလာဝယ်ရင် ပိုက်ဆံမယူဘဲ ရောင်းပေးရတာပဲ၊ ကျတ်တွေက လူယောင်ဆောင်ပြီးတော့ ညနေမှောင်ရီဖြိုးဖျအချိန်တို့၊ မနက်အစောပိုင်းတို့ဆိုရင် ဈေးလာဝယ်ကြတယ်၊ ကျတ်တွေလာဝယ်ပြီဆိုရင် ပိုက်ဆံမယူဘဲနဲ့ “အမကြီး ဆိုင်ကိုရောင်းကောင်းအောင်လုပ်ပေးနော်” ဆိုပြီးပြောလိုက်ရင် ဈေးရောင်းကောင်းသတဲ့ကွ”
“ဟာ၊ ကျတ်တွေဈေးလာဝယ်မှန်း ဘယ်လိုလုပ်ပြီးသိသလဲဗျ”
“တို့ရွာက ကျဉ်းကျဉ်းလေးပါ၊ တစ်ရွာလုံးမသိတဲ့လူမှ မရှိတာ၊ ဒီတော့ အချိန်မတော်၊ အချိန်တော် မျက်နှာစိမ်း ဈေးလာဝယ်တယ်ဆိုရင် ကျတ်ပဲထင်ကြတာကွ”
“ဒါပေမယ့်ဗျာ၊ ကျတ်တွေဈေးလာဝယ်တိုင်းသာ ပိုက်ဆံမယူကြေးဆိုရင် အရင်းပြုတ်ကုန်မှာပေါ့”
“ဒီလိုလည်းမဟုတ်သေးဘူးငါ့တူရ၊ ကျတ်တွေက အမြဲတမ်းဈေးလာမဝယ်ဘူး၊ တစ်နှစ်မှ တစ်ခါလောက်လာတာ၊ ပြီးတော့ ဝယ်ပြန်ရင်လည်း အများကြီးမဝယ်ဘူးကွ၊ ဆေးလိပ်တစ်လိပ်၊ ကွမ်းတစ်ယာ၊ ဆန်တစ်ပြည် အဲဒီလောက်ပဲဝယ်တာ၊ ကျတ်တွေဈေးဝယ်လာပြီးပြီဟေ့ဆိုရင် အဲဒီဆိုင်က ရောင်းအားတက်သလားမမေးနဲ့ကွာ၊ ခေါင်းရွက်ဗျက်ထိုးရောင်းတဲ့ဈေးသည်တောင်မှ အရင်က သုံးလေးရွာပတ်ရတယ်ဆိုရင်တောင် ကျတ်တစ်ယောက်လာဝယ်ပြီးတာနဲ့ ရွာပတ်စရာမလိုဘဲ တာလမ်းပေါ်မှာတင် ဝယ်သူတွေတွေ့ပြီးတော့ တန်းကုန်တာပဲကွ၊ ဒါကြောင့် ကျတ်ဈေးလာဝယ်ရင် မရောင်းဖို့မပြောနဲ့၊ ထီပေါက်သလိုကိုပျော်ပြီး ရောင်းပေးကြတာ”
“ဆန်းပါ့ဗျာ”
“ဒါပေမယ့် ဝတုတ်ကတော့ ဒီလိုမဟုတ်ဘူးကွ၊ သူက စိတ်လည်းဆတ်တယ်၊ ရိုင်းလည်းရိုင်းတယ်ကွ၊ တစ်ရက်တော့ သူ့အရက်ဆိုင်ပိတ်ခါနီးမှာ လူသုံးယောက် ရောက်လာသတဲ့ကွာ၊ ဆိုင်မှာထိုင်ပြီး အရက်တစ်လုံးမှာတယ်တဲ့၊ ဝတုတ်ကလည်း ရောင်းလည်းရောင်း သူလည်းသောက်ဆိုတော့ ရေချိန်ကိုက်နေပြီပေါ့ကွာ၊ အဲဒီမှာ သုံးယောက်လာပြီး တစ်လုံးပဲမှာရကောင်းလားဆိုပြီးတော့ ရန်ဖြစ်ရောတဲ့”
“ဟာ၊ အဲဒါကျတ်တွေထင်တယ်နော်ဗျ”
ချိုတူးက ဝင်ပြောတယ်၊ ဦးလူဝက ခေါင်းညိတ်ပြီး
“အမှန်ပေါ့ကွာ၊ နောက်ပြီးတော့ ဒီလူသုံးယောက်က ပဲခြမ်းသုတ်မှာတယ်တဲ့၊ ဝတုတ်ကလည်း ဒေါသထွက်ထွက်နဲ့ ပဲခြမ်းသုပ်တော့မရဘူး မင်းတို့လိုနွားတွေကို ချေးပဲကျွေးမယ်ဆိုပြီး ကြိမ်းမောင်းပြောဆိုသတဲ့၊ နောက်တော့ အဲဒီလူသုံးယောက်ဆိုင်ကထွက်တော့ အရက်ဖိုးမရှင်းလို့ဆိုပြီး ဝတုတ်က ဒီလူတွေကို ထထိုးတော့တာပဲတဲ့ဟေ့၊ ဝတုတ်ဆိုင်မှာ ကူဖော်လောင်ဖက်ရအောင်ဆိုပြီး ခေါ်ထားတဲ့ကောင်လေးက ကြောက်အားလန့်အားနဲ့ပြေးလာခေါ်တော့မှ ငါတို့သိတာပဲ၊ ငါတို့လိုက်သွားတော့ ဝတုတ်က သေတောင်နေပြီကွ”
“ဒီလူကလည်း ဒီရွာမှာစီးပွားရေးလာလုပ်ပြီးတော့ ဒါလေးတောင်မသိဘူးလား”
“မသိတာမဟုတ်ဘူးကွ၊ သိတယ်၊ မလေးစားတာပေါ့၊ မင်းတို့ပြောပုံအရဆိုရင်တော့ ဝတုတ်ကိုကျတ်တွေက ခေါ်သွားပြီးတော့ နှိပ်စက်ထားတာဖြစ်မယ်ကွ”
ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။
“ဟုတ်မယ်ဗျ၊ သူက ကျတ်တွေကို မင်းတို့လိုနွားတွေကို ချေးပဲကျွေးမယ်လို့ပြောခဲ့လို့ ကျတ်တွေက သူ့ကိုနွားပုံပြောင်းပြီးတော့ ချေးပဲစားခိုင်းထားတာ ထင်ပါရဲ့ဗျာ”
“ဟုတ်မယ်၊ ဟုတ်မယ်၊ ပြီးတော့ ဘသာနဲ့တွေ့ခဲ့တဲ့ လူကြီးကလည်း ဦးမင်းခေါင်ကြီးဖြစ်မယ်ဟေ့”
“ဦးမင်းခေါင်တဲ့လား”
“အေးကွ၊ မောင်းမတစ်ထောင် ဦးမင်းခေါင်လို့ခေါ်ကြတယ်၊ ဟိုးရှေးခေတ်တုန်းက ဒီနေရမှာမြို့တစ်မြို့ရှိတယ်လို့တော့ ပြောကြတယ်၊ အခုခင်တန်းနေရာမှာ တစ်ချိန်က နန်းတော်ကြီးဖြစ်ခဲ့တယ်တဲ့၊ ဦးမင်းခေါင်က မြို့သူကြီးပေါ့၊ သူ့မှာ မိန်းမပေါင်းတစ်ထောင်ရှိတယ်ဆိုပဲ၊ တစ်ရက်တော့ ဘုရင်ကိုသူများကုန်းချောလို့ ဘုရင်က ဦးမင်းခေါင်ကိုရော သူ့မိန်းမတွေကိုရောဖမ်းပြီးတော့ အဲဒီနေရာမှာပဲ မီးကျင်းကြီးတူးပြီးတော့ မီးဖုတ်သတ်ပစ်ခဲ့တယ်လို့ပြောတာပဲ၊ အဲဒါ သူတို့တွေအားလုံးသေတော့ ကျတ်တွေဖြစ်ကုန်တယ်လို့ ဆိုကြတာပဲ၊ ဒီအတိုင်း ပါးစပ်ရာဇဝင်ပေါ့ကွာ”
ချိုတူးတစ်ယောက်တော့ စကားပြောတာနားထောင်ပြီး မျက်လုံးတွေမှေးစင်းလာတယ်ဗျ။ ဦးလူဝကတော့ ရေတစ်ခွက်သောက်ပြီးတော့ အာပေါင်အာရင်းသန်သန်နဲ့ဆက်ပြောတယ်။
“ခုနက ရွာထဲက ရွှေကျတ်ကျဘုရားဆိုတာလည်း ထူးဆန်းတယ်ကွ၊ အဲဒီနေရာမှာ ဟိုးခေတ်ကတည်းက စေတီတစ်ခုရှိခဲ့တယ်ပြောတယ်၊ တို့ငယ်ငယ်တုန်းကတော့ ခြံကွက်လွှတ်ကြီးပေါ့ကွာ၊ အဲဒီခြံံပေါ်မှာ ဘယ်သူအိမ်ဆောက်နေနေ ထွက်ပြေးရတာပဲဟေ့၊ အခြောက်အလှန့်က တယ်ကြမ်းတယ်ဆိုပဲ၊ နောက်တော့မှ အိပ်မက်ရလို့ တူးဖော်ရင်း စေတီအုတ်မြစ်တွေတွေ့တာပဲ၊ အဲဒီဘုရားလေးက ဦးမင်းခေါင်တည်ခဲ့တဲ့ဘုရားလို့တော့ ယူဆရတာပဲ၊ ပိုပြီးထူးခြားတာကတော့ ဘုရားတည်ဖို့ ပိုက်ဆံအတွက်တောင်းတော့ အဲဒီနေရာကို ရွှေတုံး၊ ငွေတုံးတွေပြုတ်ကျလာတာပဲကွ၊ အဲဒါတွေကို ထုခွဲရောင်းချပြီးတော့၊ တို့ရွာသားတွေကလည်း ဝိုင်းစုစိုက်ထည့်ပြီးတော့ စေတီလေးဖြစ်သွားတာပေါ့ကွာ၊ စေတီဌာပနာတော့လည်း ဒီလိုပဲ၊ တို့ရွာသားတွေဆိုတာ ဘယ်မှာရတနာပစ္စည်းတွေရှိမှာလဲ၊ အဲဒီတော့ ဘုရားတည်တဲ့လူကို အိပ်မက်ပေးတယ်တဲ့ကွ၊ စေတီခြေရင်းမှာ ဖလားတစ်လုံးချထား၊ သူတို့လာပေးမယ်တဲ့”
“တကယ်ပဲ ရတနာတွေရောက်လာသလား”
“ရောက်လာတာပေါ့ကွာ၊ တို့တွေလည်း ဘုရားအနားမှာ မဏ္ဍပ်ထိုးပြီး တစ်ညလုံးစောင့််ကြည့်တာပေါ့၊ ဖလားထဲကို ဂလောက်ခနဲကျသံကြားလို့ သွားကြည့်တော့ ပတ္တမြားတစ်လုံးကိုတွေ့ရတယ်ကွ၊ တော်တော်တော့ထူးဆန်းသား၊ အနီးအနားမှာလည်း သစ်ပင်တွေဘာတွေမရှိဘူးနော်၊ သူ့အလိုလိုကျလာတာ၊ နောက်တော့ ဂလောက်ခနဲအသံကြားရင် သွားပြေးကြည့်ကြတယ်၊ အထဲမှာ ရွှေလက်စွပ်၊ နားဋောင်းအစုံပဲ၊ အဲဒီည တစ်ညလုံးကျပြီးတော့ နောက်တစ်နေ့မနက်မှာပဲ ဌာပနာတွေပိတ်တာပဲ၊ အဲဒီကြေးဖလားတစ်လုံးအပြည့်နီးပါးလောက်ရတနာတွေရတယ်ကွ”
“ဟာ၊ မနည်းဘူးဗျာ”
“ဒါကြောင့် အဲဒီဘုရားကို လူတွေက ကျတ်တွေချပေးတဲ့ဘုရားမို့ ရွှေကျတ်ကျဘုရားလို့ခေါ်ရင်း နာမည်တွင်သွားတာပဲဟေ့”
ကျုပ်တို့လည်း ကျတ်အကြောင်းတွေပြောရတာ မောလာတာနဲ့ တစ်ခန်းရပ်လိုက်ကြပါတော့တယ်။
(၄)
“အား၊ ကျွှတ်၊ ကျွတ်”
ညအိပ်တော့ ကျုပ်တို့တွေ အိမ်ပေါ်ထပ်က အခန်းရှေ့မှာ စုအိပ်တာပဲဗျာ၊ ဦးဘသာက တစ်ခြင်ထောင်၊ ကျုပ်နဲ့ ချိုတူး၊ ငညိုကတော့ တစ်ခြင်ထောင်ပေါ့ဗျာ၊ ငညိုကတော့ ကျုပ်နဲ့ချိုတူးအလယ်မှာ အိပ်တာပေါ့။
“အား၊ အီး”
နားထဲညည်းသံကြားလို့ထကြည့်တော့ ချိုတူးတစ်ယောက် အိပ်နေရင်းနဲ့ ကယောင်ကတမ်းနဲ့အော်နေတယ်ဗျ၊ ကျုပ်လည်း ဒီကောင့်ပေါင်ကို ခြေထောက်နဲ့လှမ်းကန်ပြီးတော့
“ဟေ့ကောင် ဘာဖြစ်တာလဲ”
ချိုတူးက ဘာမှမပြောဘူးဗျ၊ ကျုပ်လည်းပြန်အိပ်မယ်ကြံံတော့ ချိုတူးက ထညည်းပြန်ရောဗျို့။ ကျုပ်လည်း ထပြီးဒီကောင့်ကိုအော်ရတယ်၊ ဒါပေမယ့် ဒီကောင်က မနိုးပါဘူးဗျာ၊ တအင်းအင်းနဲ့ပဲ ညည်းနေတာ၊ ကျုပ်လည်း ဒီကောင့်အနားကိုသွားလိုက်တော့ ထူးဆန်းတာမြင်လိုက်သဗျ၊ ဒီကောင့်ပေါင်ကြားထဲမှာ ဘောလုံးကြီးတစ်လုံးတွေ့တယ်၊ ပုဆိုးအောက်ကနေလုံးပြီး ပူထွက်နေပါရော၊
“ဟကောင်၊ ပေါင်ကြားထဲမှာ ဘာကြီးညှပ်အိပ်တာလဲကွ”
ကျုပ်ပုဆိုးလှန်ကြည့်လိုက်တော့ ဘောလုံးကြီးက နည်းတာကြီးမဟုတ်ဘူးဗျာ၊ ဒါနဲ့ဘာကြီးလည်းဆိုပြီး လက်နဲ့စမ်းလိုက်တော့ ချိုတူးက ထအော်သဗျ။
“အား၊ သေပါပြီ၊ အား”
ကျုပ်လည်းအဲဒီတော့မှ သေချာကြည့်မိတာ၊ ဘောလုံးမဟုတ်ဘူးဗျို့၊ ဒီကောင့် ဘောက ကြီးနေတာဗျ၊ ကျုပ်လည်း ထပြီးအော်ရတော့တယ်။
“လုပ်ကြပါအုံးဗျာ၊ ချိုတူး ဘောကြီးနေပြီဗျ”
ဦးဘသာလည်းနိုးသွားတယ်၊ ဦးလူဝလည်း မီးခွက်ကလေးနဲ့ထွက်လာတယ်ဗျ၊ သေချာကြည့်တော့မှ ချိုတူးရဲ့ ကပ္ပယ်အိတ်ကြီးက ဘောလုံးကြီးတစ်လုံးလို ဖောင်းကားနေတာပဲဗျာ၊ သွေးကြောကြီးတွေဆိုရင် စိမ်းပြီးထင်းလို့ဗျို့၊ ကျုပ်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြတယ်ဗျာ။
“အဖေ၊ ဘာဖြစ်လို့လဲ”
ဘုတ်ဆုံက အခန်းထဲကပြေးထွက်လာဖို့လုပ်တော့ ဦးလူဝက ကမန်းကတမ်းလှမ်းတားတယ်။
“ဟဲ့သမီး၊ ဒီကိုလာမကြည့်နဲ့၊ အိမ်အောက်ကိုဆင်းစမ်း”
ဦးဘသာက လက်နဲ့ပွတ်ကြည့်တယ်ဗျ။
“ပယောဂပဲ လူဝရေ၊ တစ်ယောက်ယောက်တော့ ဒီကောင့်ကိုလုပ်လိုက်ပြီဟ”
ဦးလူဝက ချိုတူးကိုသေချာကြည့်ပြီး
“ဟေ့ကောင်လေး၊ မင်းဘာမဟုတ်တာလုပ်မိသေးသလဲ ပြောစမ်း”
ချိုတူးက သေသေချာချာစဉ်းစားနေတယ်ဗျ၊ နောက်တော့မှ
“ဟိုလေ၊ ညလယ်ပိုင်းက ကျုပ်လည်းအပေါ့သွားချင်တာနဲ့ အိမ်ပေါ်ကဆင်းလိုက်တာ၊ ဒါပေမယ့် အိမ်သာကိုမသွားဘဲနဲ့ အိမ်နောက်ဖေးက ဝါးချုံအောက်မှာပဲ ပန်းထည့်လိုက်တာပဲဗျာ”
“အေး၊ ငါထင်ပါတယ်၊ ဒါကြောင့်နေမှာကွ၊ တို့ဆီမှာက တခြားနဲ့မတူဘူး၊ ကျင်ကြီး၊ ကျင်ငယ်စွန့်တဲ့အခါ စည်းကမ်းရှိဖို့လိုတယ်ကွ”
“ကျုပ်၊ ကျုပ်လည်းအဲဒါကိုမေ့သွားလို့ပါ ဦးလေးရာ”
“လူဝရေ စုန်းပြုစားတာများမဟုတ်ဘူးလားကွ၊ ငါကုပေးလိုက်ပါ့မယ်”
ဦးလူဝက တားတယ်ဗျ။
“မလုပ်နဲ့ဘသာရေ၊ ကျတ်ရှိတဲ့အရပ်မှာ စုန်းဆိုးမနေဝံ့ပါဘူးကွ၊ သေချာတယ်၊ ဒါ ကျတ်တွေလုပ်တာကွ၊ အဲဒီခြံနောက်ဘက်ဝါးရုံအနားတစ်ဝိုက်မှာလည်း ကျတ်တွေရှိတတ်တယ်၊ ငါ့အထင်တော့ ချိုတူးတစ်ယောက် မဆင်မခြင်အပေါ့သွားတာကို သူတို့မကြိုက်လို့ ကိုင်လိုက်တာကွ၊ နေနေငါပဲလုပ်လိုက်မယ်”
ဦးလူဝက ထိုသို့ပြောလိုက်ကာ အိမ်အောက်သို့ငဲ့စောင်းကြည့်ပြီးနောက်
“သမီး ဘုတ်ဆုံရေ၊ ကျတ်ကျွေးရအောင်ပြင်ဟေ့၊ ကဲ အလတ်ကောင် ဘုတ်ဆုံဆီကနေ ကြက်သွားယူစမ်း”
ကျုပ်လည်းအိမ်အောက်ကိုဆင်းခဲ့တာပေါ့၊ ဘုတ်ဆုံက ကြက်ဖိုတစ်ကောင်ရယ် ကြက်ဥတစ်လုံးရယ်ယူပြီးကျုပ်ကိုပေးတယ်ဗျ၊ ကျုပ်လည်း ကြက်အရှင်ကိုင်ပြီးတော့ တက်ခဲ့ရတာပေါ့ဗျာ၊ အိမ်ပေါ်ရောက်တော့ ကြက်ဖိုကို ဦးလူဝကယူပြီးတော့ လက်နှစ်ဖက်နဲ့သေချာကိုင်တယ်။ ပြီးတော့ ချိုတူးအရှေ့နား ဆောင့်ကြောင့်ထိုင်ပြီးတော့ ကိုးတယ်ဗျ၊ ကိုးတယ်ဆိုတာက ရွတ်ဖတ်တာတစ်မျိုးပေါ့ဗျာ။
“ရှင်မင်းများတို့ ကြောက်ပါတယ်၊ ရွံ့ပါတယ်၊ လန့်ပါတယ်ခင်ဗျာ၊ မသိလို့လုပ်မိ၊ မသိလို့ပြောမိ၊ မသိလို့ကျူးမိပါတယ်၊ အမိုက်အမဲမို့ ဗွေမယူပါနဲ့၊ ကြောက်အောင်ထိတ်အောင်လန့်အောင်မလုပ်ပါနဲ့၊ မဖမ်းဆီးပါနဲ့၊ ချည်တဲ့ကြိုးဖြုတ်ပါ၊ ထိုးတဲ့လှံ နုတ်ပါ၊ သွေးယောင်မဆောင်ပါနဲ့၊ လေယောင်မဆောင်ပါနဲ့။ ကြောက်ပါတယ်ဗျား၊ ဒီနေ့ဒီအချိန်ကစပြီးတော့ မိမွေးတိုင်းဖမွေးတိုင်း ဖြစ်ပါစေဗျား၊ ကျွေးပါ့မယ်၊ မွေးပါ့မယ်၊ ယခုဒါနပြုမယ့်အစာကို စီးနင်းရင်းလိုက်ခဲ့ပါ”
ပြီးတော့ ချိုတူးရဲ့ခြေထောက်နဲ့ခေါင်းတွေကို ကြက်နဲ့ထိတာပဲဗျာ၊ ပြီးတော့ ကျုပ်ကိုအဲဒီကြက်ကိုပေးတယ်ဗျ၊ ကျုပ်လည်းကြက်ကိုကိုင်ပြီးတော့ အိမ်အောက်ကိုပြန်ဆင်းခဲ့တာပေါ့၊ ဘုတ်ဆုံကတော့ လျှင်တယ်ဗျာ၊ ကြက်ကိုဆွဲယူပြီးတော့ လည်လိမ်ပစ်ထည့်လိုက်တာပဲ၊ ကြက်က အော်ချိန်တောင်မရလိုက်ဘူး၊ ပြီးတော့ ကြက်ကိုရင်ခွဲပြီးတော့ ရင်ထဲက ကလီစာတွေအကုန်လုံးကို ဖက်နဲ့ထုပ်တယ်ဗျ၊ ကျန်တဲ့ကြက်ကောင်ကို ခြေထောက်ကနေကိုင်ပြီး ရေလောင်းချပြီးတော့ အိုးတစ်လုံးထဲကိုထည့်ပြီး ဒီအတိုင်းချက်တော့တာပဲဗျာ၊ အမွှေးအတောင်၊ ခေါင်း၊ ခြေထောက် ဘာတစ်ခုမှကိုမဖြုတ်ဘူးဗျ။
ဒီလိုချက်တဲ့အခါ ရေနဲ့ဆီပဲထည့်ရတယ်တဲ့ဗျာ၊ ဆားတောင်မထည့်ရဘူး၊ နောက်ပြီးတော့ ချင်းတို့၊ နနွင်းမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မဆလာတို့ မခတ်ရဘူးတဲ့၊ ကြက်ဥကိုလည်းထည့်ပြုတ်သေးတယ်။
“နေပါအုံးဘုတ်ဆုံမရဲ့ ကြက်ဥက ဘာလုပ်တာလဲ”
“ပုံမှန်ဆိုရင်တော့ ကြက်ဖိုကြက်မကို ချက်ရတာ၊ ဒါပေမယ့် အကုန်အကျများတော့ နောက်ပိုင်းကြက်မနေရာမှာ ကြက်ဥတစ်လုံးအစားထိုးပြီးထည့်ကြတာပဲရှင့်”
ဘုတ်ဆုံမအလုပ်ရှုပ်နေတာနဲ့ကျုပ်လည်း အိမ်ပေါ်ပြန်တက်ခဲ့တာပေါ့ဗျာ၊ အိမ်ပေါ်မှာတော့ ဦးလူဝတစ်ယောက် ကတ်ကြေးတစ်လက်နဲ့ အလုပ်ရှုပ်နေတယ်ဗျ။
“ဦးလူဝ၊ ဘာလုပ်ဖို့လဲဗျ”
“ဟေ၊ လူနာဆီက သွေးသားယူဖို့လေကွာ”
“ဟာဗျာ၊ ကတ်ကြေးကြီးနဲ့ညှပ်မှတော့ သေပြီပေါ့ဗျ”
ဦးလူဝက ဘာမှပြန်မပြောဘဲ ပြုံးဖြီးဖြီးလုပ်နေတယ်။ နောက်တော့ အဲဒီကတ်ကြေးနဲ့ ချိုတူးခေါင်းကဆံပင်ကိုညှပ်တယ်၊ ပြီးရင် ခြေသည်းလက်သည်းတွေ ထပ်ညှပ်ပြီးတော့ စက္ကူတစ်ခုနဲ့ထုတ်တယ်ဗျ၊ ထုံးနဲ့နနွင်းကို ရေနဲ့ခပ်ကျဲကျဲဖျော်ပြီးတော့ ဝါဂွမ်းစကလေးတစ်ခုမှာဆွတ်ပြီးတော့ ချိုတူးရဲ့ ခြေ၊ လက်တွေကို လိုက်ပြီးတို့နေသေးတယ်။
“အဲဒါကဘာလုပ်တာလဲဗျ”
“လူနာရဲ့သွေးသားယူတယ်ဆိုပြီးတော့ ဒီလိုမျိုးစတိလုပ်ရတာပေါ့”
ပြီးတော့အဲဒီဂွမ်းဖတ်ကို စက္ကူထဲထည့်ပြီးထုတ်တယ်ဗျာ၊ အချိန်က မိုးလင်းတော့မယ်၊ ဘုတ်ဆုံမက နှီးတောင်းထဲကို ထမင်းထည့်ပြီးတော့ အပေါ်က ကြက်ချက်ထားတာတွေထည့်လိုက်တာပဲဗျာ။ ပြီးတော့ အိမ်ပြင်ထွက်ပြီး ရွာထိပ်သွားတော့တာပဲ ကျုပ်လည်းလိုက်ကြည့်တာပေါ့၊ ဦးလူဝရယ်ကျုပ်ရယ် လာခဲ့ကြတာပေါ့ဗျာ၊ ဦးလူဝက ရွာထိပ်မှာဖက်ခင်းပြီးတော့ တောင်းထဲကထမင်းတွေကိုပုံတယ်ဗျ၊ ပြီးတော့ ကျတ်တွေကိုဖိတ်ခေါ်သေးတယ်၊ ချိုတူးလက်သည်းတွေညှပ်ထားတဲ့ စက္ကူလေးလည်း ထည့်လိုက်သေးတယ်ဗျ။
“ကဲ ပြီးပြီငါ့တူ၊ ပြန်ကြစို့”
“ဒီလိုလုပ်ရင် တကယ်ကောင်းမှာလားဗျ”
“ကောင်းမကောင်းကတော့ ငါ့တူကိုယ်တိုင်ကြည့်ပေါ့ကွာ”
ဒီအချိန်မှာ ယင်မဲကြီးတွေက ကွင်းထဲကိုဖြတ်ပြီး တဝီဝီနဲ့ပျံသန်းလာတယ်ဗျ၊ ယင်မဲမဆိုတာ တော်တော်ကြီးတဲ့ယင်ကောင်ကြီးတွေပေါ့ဗျာ၊ တစ်ကောင်တစ်ကောင် ပျားကြီးလောက်ကိုရှိတာဗျ၊ သူတို့ပျံံလာရင်လည်း အတောင်ပံခတ်သလို တဝီဝီနဲ့ရယ်၊ ပြီးတော့ ကျုပ်တို့ကျွေးထားတဲ့ ထမင်းတွေပေါ်မှာ အုံလိုက်ကျင်းလိုက်ကြီး နားလိုက်ကြတာ မည်းနက်နေတာပဲဗျာ။ ကျုပ်တို့လည်းအိမ်ပြန်လာခဲ့တယ်၊ အိမ်ပေါ်လှေကားကနေတက်မယ်လုပ်တော့ ဦးလူဝက ကျုပ်ကိုလှမ်းဆွဲထားတယ်ဗျ။
“ငါ့တူ၊ ကျတ်ကျွေးပြီးရင် အိမ်ပေါ်ကိုဒီအတိုင်းမတက်ရဘူးကွ”
“ဗျာ၊ ဒါဆိုဘယ်လိုတက်ရမှာလဲ”
ဦးလူဝက အိမ်ပေါ်ကိုလှမ်းကြည့်ပြီး
“လွတ်ပြီလားဟေ့”
ဒီတော့ အိမ်ပေါ်က ဦးဘသာနဲ့ ဘုတ်ဆုံမတို့ကပြန်အော်တယ်။
“လွတ်ပြီ၊ လွတ်ပြီ”
ဦးလူဝကတစ်ခါ
“ပျောက်ပြီလားဟေ့”
“ပျောက်ပြီ၊ ပျောက်ပြီ”
ဒီအတိုင်းသုံးကြိမ်သုံးခါမေးပြီးတော့မှ အိမ်ပေါ်ပြန်တက်ရတာပဲဗျာ၊ အိမ်ပေါ်ရောက်တော့ သကောင့်သားချိုတူးက ရေနွေးတောင်သောက်နေပြီဗျ၊ ကျုပ်လည်း ချိုတူးကိုလှမ်းကြည့်ပြီး
“ဟေ့ကောင်သေးသွားပြီလား”
“သေးသွားပါပြီဗျ”
“ငါ့လှန်ပြစမ်း၊ ငါကြည့်စမ်းမယ်”
ချိုတူးက ရှက်သွားတယ်ဗျ၊ ကျုပ်တကယ်လှန်မယ်ထင်လို့ ပုဆိုးကိုလက်နဲ့အုပ်ပြီး
“ရပြီ၊ ကောင်းသွားပါပြီဆို ကိုအလတ်ကောင်ရ”
“ငါမယုံသေးဘူး၊ ငါ့မျက်စိနဲ့တပ်အပ်မြင်မှ ယုံမယ်ဟေ့”
ကျုပ်က အော်ပြီးတာနဲ့ ချိုတူးကိုဝင်လုံးတော့တာပဲဗျာ၊ ဦးဘသာနဲ့ ဦးလူဝလည်း ရယ်လိုက်တာမှ ခွက်ထိုးခွက်လန်ပဲ၊ ဘုတ်ဆုံကတော့ ရှက်လို့ထင်ပါရဲ့အိမ်အောက်ကို ဆင်းပြေးတာ တန်းနေတာပဲဗျာ။
(၄)
နောက်တစ်နေ့မနက်ခင်းကတော့ သာသာယာယာပဲပေါ့ဗျာ၊
“ငါ့တူတို့ ရောက်တုန်းရောက်ခိုက်၊ ယာခတယ်ဆိုတာ မမြင်ဖူးရင်ကြည့်သွား”
“လုပ်ပြန်ပြီအဆန်းဗျာ၊ ယာခတယ်ဆိုတာ ဘာလဲဗျ”
“ယာခတယ်ဆိုတာ လယ်ကြီးရှင်တွေကို အစာကျွေးတာပေါ့ကွာ၊ သူတို့မြေမှာ ငါတို့တွေက စိုက်ပျိုးတာဆိုတော့ မစိုက်ခင်တစ်ခါ၊ စိုက်ပြီးတော့တစ်ခါ ကျွေးမွေးတာကိုပြောတာ၊ တို့တွေနောက်ရက်ဆို ယာတွေစကျဲတော့မှာဆိုတော့ ဒီနေ့ပဲ ယာခမလားလို့ဟေ့။
ဘုတ်ဆုံကတော့ အလုပ်များတာပေါ့ဗျာ၊ ကြက်ဖိုကြက်မနှစ်ကောင်ကို အရင်နည်းအတိုင်းချက်တယ်ဗျ၊ ပြီးတော့ ဆန်နှစ်ပြည်ချက်တယ်၊ ဖရုံ၊ သခွားတွေလည်းထည့်ချက်တာပေါ့ဗျာ၊ ပြီးတော့ ဝါးကျည်တောက်ထဲကို ရေတွေထည့်ပြီးတော့ ယူလာရတယ်ဗျ၊ ထန်းလျက်၊ မြေပဲလည်း ပါတာပေါ့။ မနက်ကလိုတော့ လက်သည်းခြေသည်းတွေ မလိုတော့ဘူးပေါ့ဗျာ၊ အားလုံးပြင်ဆင်ပြီးတော့ ညနေရောက်မှာကိုစောင့်နေကြတာပေါ့ဗျာ၊ နေ့လည်မွန်းလွဲကျော်သွားတာနဲ့ လှည်းဆင်ပြီးတော့ ဦးလူဝတို့ယာခင်းကိုထွက်ခဲ့တာပေါ့ဗျာ။
ဦးလူဝတို့ယာခင်းက အကျယ်ကြီးဗျ၊ ငါးဧကကျော်လောက်ရှိမယ်ထင်ပါတယ်။ ယာခင်းတစ်နေရာက သစ်ပင်ရိပ်မှာ လှည်းကိုရပ်လိုက်ကြတယ်ဗျ၊ ပြီးတော့ အသင့်သယ်လာခဲ့တဲ့ ဖက်ရွက်တွေကိုမြေကြီးပေါ်ခင်းပြီးတော့ ထမင်းတွေပုံတယ်၊ ဟင်းတွေပုံတယ်၊ ရေသောက်ဖို့ကတော့ ဝါးကျည်တောက်ပေါ့ဗျာ၊ အားလုံးစုံသွားတော့ ဦးလူဝက လက်နှစ်ဖက်ကိုအနောက်ပစ်ပြိးတော့ ယာခင်းထဲကိုကြည့်ပြီးအော်တယ်။
“ဒီတော၊ ဒီတောင်၊ ဒီယာအနီးမှာရှိကြတဲ့ ကျတ်အို၊ ကျတ်မင်း၊ ကျတ်နားပင်းအပေါင်းတို့၊ အချင်းချင်းခေါ်၊ ကလေးချီလို့ခေါ်၊ ခွေးလိုတအို့အို့ခေါ်ကြပါ၊ မကြားသည်၊ မမြင်သည်မရှိကြပါနှင့်။ ကျွန်ုပ်တို့နှင့်အတူတူ စားလှည့်ပါ၊ သောက်လှည့်ပါ၊ ဖိတ်ခေါ်ပါတယ်၊ ဆေးမခတ်ပါဘူး၊ ဝါးမခတ်ပါဘူး၊ ဆရာသမားလည်းမဟုတ်ပါဘူး”
“ဤယာခင်းကို စောင့်ကြပါ၊ ကြပ်ကြပါ၊ ဝိုင်းကြပါ၊ ဝန်းကြပါ၊ အစေ့အားလုံးပေါက်အောင်ဆောင်မပါ၊ ပေါက်တဲ့အပင်ရှင်အောင် ကူညီပါ၊ ရှင်တဲ့အပင် ဖူးပွင့်သီးအောင်လည်း ကြည့်ရှုကြပါ၊ သူခိုးသူဝှက်၊ အဖျက်ပိုးမွှားကင်းအောင်လည်း ကြည့်ရှုပါ၊ မြွေဆိုး၊ ကင်းဆိုးဝေးအောင်လည်း မောင်းပေးကြပါ၊ အားကိုးပါတယ်၊ ကိုးစားပါတယ် ယာကြီးရှင်၊ လယ်ကြီးရှင်တို့ခင်ဗျာ၊ ယာထွက်သီးနှံထွက်ရင်လည်း တပည့်တို့ကျေးဇူးဆပ်ပါမယ်၊ မမေ့ပါဘူး၊ မလျော့ပါဘူး ကျတ်မင်းအပေါင်းတို့”
ဒီတစ်ခါတော့ ဘာမှမထူးခြားဘူးဗျ၊ ဦးလူဝကို လှည်းကိုပြန်လှည့်ပြီးတော့
“ကဲ၊ သွားရအောင်ဟေ့”
“သူတို့လာစားပါ့မလားဗျ”
“စားတာပေါ့ကွာ၊ ဒါပေမယ့် နေ့ခင်းဆိုတော့ လူမြင်မခံဘူးကွ၊ ပြီးတော့ ဒီကျတ်တွေကလည်း ရှက်တတ်တယ်၊ လူူကြည့်နေတာမကြိုက်ဘူး”
ဒါနဲ့ကျုပ်တို့လှည်းပေါ်ပြန်တက်ခဲ့တာပေါ့ဗျာ၊ ကျုပ်ကလှည်းနောက်မြီးမှာ ခြေချထိုင်ပြီးလိုက်လာခဲ့တာပေါ့၊ ဦးဘသာက လှည်းပေါ်ထိုင်ရင်း
“မင်းတွေ့ချင်လို့လား အလတ်ကောင်ရ”
ကျုပ်ခေါင်းညိတ်လိုက်တော့ ဦးဘသာက ကျုပ်မျက်လုံးကို သူ့လက်ဝါးနဲ့ပွတ်ထည့်လိုက်တယ်၊ ကျုုပ်မျက်လုံးပြန်ဖွင့်လိုက်တော့ ခုနက နေရာမှာ လူတွေအများကြီးပဲဗျို့၊ ကျုပ်တို့ခင်းထားတဲ့ဖက်ဘေးနားမှာဆောင့်ကြောင့်ထိုင်နေကြပြီးတော့ လက်တစ်ဖက်နဲ့ထမင်းတွေနှိုက်စားနေတာဗျာ၊ ဦးလူဝပြောသလို ကလေးခါးတစ်ခွင်ထားတဲ့ ကျတ်တွေလည်းပါတယ်ဗျို့၊ ယောက်ျားမိန်းမအစုံပဲ၊ ကလေးချီထားတဲ့ ကျတ်တွေကလည်း သူတို့ချီထားတဲ့ကလေးကို ထမင်းတွေခွံ့လို့ဗျ။
လှည်းကဝေးသွားပေမယ့် ကျုပ်ကတော့အဲဒီနားကိုပဲ ငေးကြည့်နေမိတာဗျ၊ သစ်ပင်ရိပ်အောက်မှာ ကုန်းကုန်း ကုန်းကုန်းနဲ့ အလုအယက်စားသောက်နေတာကိုကြည့်ရင်း ကျုပ်ဖြင့် တွေးမိတယ်၊
“သြော်၊ ပရလောကသားများ၊ ကြောက်ဖို့လည်းကောင်း၊ သနားဖို့လည်းကောင်းလှပါလားဗျာ”
ပြီးပါပြီ။
(မကွေးတိုင်း အောင်လံမြို့နယ်မှ ကျေးရွာတစ်ရွာ၏ အကြောင်းကို ဖြစ်ရပ်မှန်အတိုင်း ပြန်လည်မှီငြမ်းရေးသားပါသည်)
အဂ္ဂဇော်
Leave a Reply