မြိုဟောင်းထဲကဘုံသားများ

ပျော်ရွှင်နေခဲ့ကြတော့သည်။

 

“ဝေယံကျော်ရေ.. မင်းဦးလေးနေတဲ့ရွာက တောင်ငူကနေ တော်တော် ဝေးသေးလားကွ”

 

“နည်းနည်းပဲဝေးတာပါ.. ဆိုင်ကယ်ကယ်ရီ ပြန်ပြီး စီးသွားရမှာကွ”

 

“ဒါထက် ရွာနာမည်ကရော ဘာလည်း”

 

“မင်းကလည်းကွာ ဟိုရောက်ရင် သိလိမ့်မယ်”

 

ဝေယံကျော်က ကားစီးရင် မူးတတ်တဲ့ အတွက်ကြောင့် စကားကို ဖြတ်ချလိုက်လေတော့သည်။ ထို့ကြောင့် ဘယ်သူမှတော့ ဆက်မမေးတော့ပေ။ အပြင်ကို ငေးကြည့်လာတဲ့ သူတွေလည်း ကြာလာတော့ ညောင်းလာကာ ကားထိုင်ခုံကိုသာ မှီလျက် လှဲလျောင်းရင်း လိုက်ပါလာခဲ့လေတာ့သည်။

 

***** *****

 

တောင်ငူကိုရောက်တော့ သူတို့တွေလည်း ဆင်းလိုက်ကြပြီး ဝေယံကျော်ရဲ့ ဦးလေးရှိတဲ့ရွာဆီကို ဆိုင်ကယ်ငှားကာ ဆက်သွားရသေးသည်။ ဒီလိုနဲ့ ရွာထိပ်ရောက်တော့ ဝေယံကျော့် ဦးလေးက ထွက်ကြိုနေတာကို တွေ့ရလေသည်။ ကြိုတင်ကာ အကြောင်းကြားထားည့်အတွက် ခုလို ကြိုစောင့်နေခဲ့ခြင်းပါ။ သူတို့တွေလည်း ခရီးပန်းလာတာကြောင့် ဘယ်မှ မသွားနိုင်တော့ပဲ အိမ်မှာပင် နားနေလိုက်ကြတော့၏။ ညနေရောက်မှသာ တော့ သူငယ်ချင်း လေးယောက်သား အပြင်ကို လမ်းလျောက်ထွက်ကြကာ ဟိုဟိုဒီဒီ လိုက်လံ ကြည့်ရှု့ကြလေသည်။ ရွာလေးကတော့ အေးအေးချမ်းချမ်းနှင့် ပျော်စရာကောင်းမည် ဟုလည်း တွေးမိလိုက်ကြသည်။ ဒီလို လျောက်သွားနေရင်း ရဲသူက စကားစလိုက်လေသည်။

 

“ဟေ့ကောင်.. မင်းပြောတဲ့ မြို့ဟောင်းက တော်တော်ဝေးသေးလား”

 

“သိပ်တော့ မဝေးတော့ပါဘူးကွ.. ဘာဖြစ်လို့လည်း သွားချင်နေကြပြီလား”

 

“ဟ.. သွားချင်တာပေါ့ကွ ဒီလိုလာတာ အဲ့ဒီကို သွားဖို့ပဲ”

 

ထိုအခါ ဘုန်းမြင့်က ဝင်ပြောလိုက်သည်။

 

“ဝေးရင် ငါတို့က ဘယ်လိုသွားကြမှာလည်း”

 

ထိုအခါ ဝေယံကျော်လည်း သူ၏ အစီအစဉ်ကို ပြောပြလိုက်သည်။

 

“ဒီလိုကွ.. ဒီကိုမလာခင်ထဲက ငါ့ဦးလေးကို ပြောထားပြီးပြီ.. ငါ့ဦးလေးဆီမှာ ငါစီးနေတဲ့ စက်ဘီးက တစ်စီးပဲရှိတယ်လေ.. အခုက မင်းတိုတွေလည်း ပါနေတော့ နောက်ထပ်သုံးစီးကို မြို့ကနေ ငှားခိုင်းထားတယ်”

 

“ဟာ ဟုတ်လား.. ဒါဆိုအဆင်ပြေတာပေါ့ ကျေးဇူးပဲသူငယ်ချင်းရာ”

 

ဝေယံကျော်က သူ့ဦးလေးဖြစ်သူကို သူ့သူငယ်ချင်းတွေစီးဖို့ မြို့မှာရှိတဲ့ စက်ဘီးအငှားဆိုင်က စက်ဘီးသုံးစီးကို ငှားခိုင်းထားခဲ့ခြင်းပင်။ ဒီညနေ ရောက်မယ်လို့တော့ ဦးလေးက ပြောပြထားခဲ့သည်။ ဒီတော့ သူတို့တွေလည်း အဆင်ပြေသွားကြတော့သည်။

 

“ဒါပေမယ့် အဲ့ဒီကို သွားမဲ့အကြောင်း လုံးဝမပြောနဲ့နော်.. သိသွားရင် ငါတို့ကို လွှတ်မှာမဟုတ်ဘူး”

 

ဝေယံကျော်က ​ဒီလို ပြောလိုက်လေတော့ ကျန်သုံးယောက်ကလည်း ပြိုင်တူပင်..

 

“စိတ်ချပါကွာ မပြောပါဘူး”

 

ဆိုကာ ပြောလိုက်ကြ၏။ ညနေစောင်းလာတော့ အိမ်ကိုပြန်လာခဲ့ကြတော့သည်။ အိမ်ကိုလည်းရောက်ရော တွေးထားသလိုပင် စက်ဘီး သုံးစီးက ရောက်နေလေပြီ။ ဝေယံကျော်ရဲ့ စက်ဘီးနဲ့ဆိုရင် အားလုံး လေးစီးဖြစ်သွားတော့သည်။ သူတို့လည်း အချင်းချင်း မျက်ရိပ်ပြကာ ပြုံးစိစိပင်။ ညစာကိုတော့ ဦးလေးရဲ့ မိန်းမဖြစ်သူ ချက်ကြွေးတဲ့ ဝက်သားဟင်း၊ ပုန်းရည်ကြီးသုပ်၊ ကန်စွန်းရွက်ကြော်နဲ့ တဝကြီး စားလိုက်ကြ၏။ တောဓလေ့ လက်ရာဆိုတော့လည်း စားလို့ကောင်းလှပေသည်။ ထမင်းစားပြီး စကားစမြည် အနည်းငယ်ပြောကာ အိပ်ရာဝင်ခဲ့ကြတော့သည်။ မနက်ကို မြို့ဟောင်းကို သွားမှာဆိုတော့ အားလုံးက အိပ်ရေးဝဖို့ လိုနေကြသည် မဟုတ်ပါလား။

 

***** *****

 

မနက်ခင်းလေးကို ရောက်ရှိလာလေတော့ လေးယောက်သား စောစောထကြပြီး ကိုယ်လက်သန့်စင်ကာ မနက်စာအဖြစ် ထမင်းကြော်ကို စားကြရသည်။ ထိုထမင်းကြော်ကတော့ ဦးလေးရဲ့ မိန်းမဖြစ်သူက မနက်စောစောထကာ ဘဲဥနှင့် ကြော်ပေးထားခြင်းပင်။ သူတို့လည်း စားကောင်းကောင်းနှင့် တစ်ဝကြီးပင် စားလိုက်ကြသည်။ မနက် (၈) နာရီလောက် အရောက်မှာတော့ စက်ဘီးကိုယ်စီနင်းကာ ထွက်ခဲ့လေသည်။ ဦးလေးကိုတော့ တစ်ခြားရွာတွေ သွားလည်မည်ဟု ပြောလာခဲ့သည်ပေါ့။ ဦးလေးဖြစ်သူကတော့ ခြေသိပ်မရှည်ကြနဲ့ ဟုပြောလေတော့ အားလုံးက ဟုတ်ကဲ့ ဟုသာ။ ဒီလိုနဲ့ ရွာလမ်းလေးအတိုင်း နင်းလာခဲ့ပြီး ရွာအနောက်ဘက် သို့အရောက်မှာတော့ မြို့ဟောင်းသို့ သွားတဲ့လမ်းအတိုင်း နင်းလာခဲ့ကြသည်။

 

“ဝေယံကျော်ရေ တော်တော် နင်းရဦးမှာလားကွ”

 

နိုင်မင်းက စက်ဘီးနင်းရင်း မောမောနှင့် လှမ်းပြောလိုက်လေတာ့ ဝေယံကျော်က..

 

“မြန်မြန်နင်းရင် နာရီဝက် ကျော်ကျော်လောက်ပါပဲ.. အားတင်းထားပါကွာ”

 

ဒီလိုပြောကာ အားကျိုးမာန်တက် နင်းလာလိုက်ကြပြီး နာရီဝက်ကျော်လောက် ကြာကြာနင်းလာမိလေတော့ မြို့ဟောင်းရဲ့ အုတ်တံတိုင်းကို လှမ်း၍ပင် မြင်နေကြရလေပြီ။

 

“ဟာ.. ဟိုမှာတွေ့နေရပြီကွ မြန်မြန်သာနင်းကြတော့ဟေ့”

 

ဆိုပြီး အချင်းချင်း ပြောဆိုကြကာ နင်းလာကြတော့ မကြာခင်မှာပဲ အုတ်တံတိုင်း အရှေ့သို့ ရောက်ရှိလာခဲ့ကြလေတော့သည်။ ဒီတော့မှ လေးယောက်သား စက်ဘီးကိုယ်စီရပ်ကာ မြို့ဟောင်းရဲ့ အုတ်တံတိုင်းကြီးကို ငေးကြည့်နေမိကြသည်။

 

“အုတ်တံတိုင်းကြီးက တော်တော်မြင့်တာပဲနော်.. ရှေးကလူတွေက တော်တော့်ကို ဆောက်ခဲ့ရမှာပဲကွ”

 

“အေးပေါ့ကွာ.. အရင်ခတ်က ဆောက်ထားတာတော်တော်ကောင်းတာပဲ အခုထိတောင် လက်ရာတွေက ကျန်နေသေးတယ်”

 

ထိုသို့ ပြောဆိုနေကြရင်း ရဲသူက..

 

“ကဲ.. အထဲဝင်ကြမယ်ကွာ အချိန်လေးရှိတုန်း”

 

ဒီလိုပြောလိုက်လေတော့ ဝေယံကျော်က စိုးရိမ်တကြီးနဲ့ ပြန်ပြောလိုက်သည်။

 

“အခုထဲက အားလုံးကို မှာထားမယ်နော်.. ဘာပစ္စည်းပဲတွေ့တွေ့ ဘာမှမယူခဲ့ပါနဲ့.. ဒီမြို့ဟောင်းထဲက ဘာမှယူလို့မရဘူး.. မင်းတို့ကို ပြောထားပြီးသားပဲ သတိရှိကြပါ”

 

“အေးပါကွာ.. ကြည့်ရုံကြည့်မှာပါ မယူပါဘူး”

 

“အေး.. ဒါဆိုလည်းပြီးရော ကဲ.. ဝင်ကြမယ်ဟေ့”

 

ဆိုပြီး ပြောကာ မြို့ဟောင်းအတွင်းသို့ စက်ဘီးနင်းဝင်ခဲ့ကြလေသည်။

 

အထဲကို ရောက်လာတော့ သူတို့တွေ တော်တော် အံသြခဲ့ရ လေသည်။ အဆောက်အအုံ အကြီးကြီးတွေ ရုပ်ထုကြီးတွေက အများကြီးပါ။ အကောင်းတွေတော့ မဟုတ်တော့ပါဘူး။ ပြိုကျကာပျက်စီးနေကြပါပြီ။ ဒါပေမယ့် အရင်လက်ရာ တွေကိုတော့ ထင်ထင်ရှားရှားပင် မြင်နေရပါသေးသည်။ မြို့ဟောင်းထဲကို ဝင်လာ မိလေတော့ လူသူအရောက်ပေါက် နည်းတာက သိသာထင်ရှားလှ၏။ လမ်းဟူ၍ မရှိလှပဲ ခြုံနွယ်တွေ မြက်ပင်တွေကသာ အတော်များများ ပေါက်ရောက်နေလျက် ရှိသည်။ ဒီတော့ သူတို့တွေလည်း စက်ဘီးစီးလို့ မရတော့ပဲ အနီးအနားမှာရှိတဲ့ အဆောက်အအုံ တစ်ခုအတွင်းမှာ စက်ဘီးတွေကို ထားခဲ့လိုက်တော့သည်။ ထိုအခါ ဘုန်းမြင့်က..

 

“ဝေယံကျော်ရေ.. စက်ဘီးတွေကို ထားခဲ့လို့ စိတ်ချရပါ့မလား”

 

ဒီတော့ ရဲသူက ရီကျဲကျဲဖြင့်..

 

“ဟာ.. ဥစ္စာခြောက်နေတာလားကွ ဒီနေရာကို ဘယ်သူမှ မလာဘူးလေကွာ”

 

ဒီတော့ ဝေယံကျော်ကလည်း ပြန်ပြောလိုက်သည်။

 

“ဟုတ်တယ် ဘုန်းမြင့်ရ.. ဘယ်သူမှ မလာဘူးလေကွာ စိတ်ချရတယ် ထားခဲ့ပါ”

 

ဆိုပြီး စက်ဘီးကိုယ်စီထားကာ အဆောက်အအုံထဲကနေ ထွက်လာခဲ့ကြသည်။ နောက်ဆုံးမှ စက်ဘီးဝင်ထားသူက ရဲသူပါ။ ရဲသူက သူစီးလာတဲ့ စက်ဘီးလေးကို နံရံနားမှာ ကပ်ထောင်လိုက်ပြီး ပြန်အထွက်မှာတော့ သူ့မျက်လုံးထဲမှာ လက်ခနဲဖြင့် အရာတစ်ခုကို မြင်လိုက်ရ၏။ ထိုအခါ သူလည်းအံ့သြသွားကာ ဘာလည်း ဆိုပြီး ကြည့်မိလိုက်လေတော့..

 

“ဟင်.. လက်စွပ်လေး တစ်ကွင်းပါလား”

 

ဆိုပြီး စိတ်ထဲကနေ ရေရွတ်မိလိုက်သည်။ ထိုလက်စွပ်လေးက သူနဲ့မနီးမဝေးမှာ မြေကြီးပေါ်မှာ ကျနေခြင်းပင်။ ဟိုကောင်တွေက မမြင်ပဲ သူတစ်ယောက်ထဲပဲ မြင်လိုက်ပုံပါပဲ။ ဒီတော့ သူလည်း ကောက်ကိုင်ကြည့်လိုက်မိတော့ စိတ်ထဲအံ့သြနေမိပါတယ်။ လက်စွပ်လေးက ဟိုးရှေးခေတ်က လက်ရာမျိုးပါ။ တော်တော်လေးလည်း လက်ရာမြောက်လှသည့် ရွှေလက်စွပ်လေး တစ်ကွင်းပင် ဖြစ်သည်။ အရောင်ကတော့ အနည်းငယ် မှိန်နေပေမယ့် ရွှေလက်စွပ်လို့ပဲ သူက ထင်ထားမိခြင်းဖြစ်၏။ ဒီတော့ သူလည်း ဟိုသုံးယောက်ကို ပြောဖို့ လှမ်းခေါ်မယ်လို့ တွေးမိလိုက်ပေမယ့် သူတို့က ခပ်ဝေးဝေး ရောက်သွားတာကြောင့် သူလည်း ပြန်ထားခဲ့ဖို့ကို သတိမရတော့ပဲ အမှတ်မထင် ဘောင်းဘီအိပ်ထဲကိုသာ ထည့်ထားလိုက်မိတော့သည်။ ဒီအချိန်မှာပဲ အပြင်ဘက်ကနေ..

 

“ဟေ့ကောင် ရဲသူ.. ဘာလုပ်နေတာလည်း ထွက်ခဲ့လေ”

 

သူ့သူငယ်ချင်းတွေ လှမ်းခေါ်နေခြင်းပင်။ ဒါ့ကြောင့်သူလည်း အလျင်အမြန်ပင် ထွက်လာခဲ့လိုက်တော့သည်။ ရဲသူ ထွက်သွားပြီးတဲ့ အခါမှာတော့ ထိုအဆောက်အအုံကြီးထဲက မဲမဲပုံရိပ်ကြီးတစ်ခုက ပေါ်လာခဲ့ပြီး မကျေမနပ်နဲ့ သူ့တို့ကို လိုက်လံကြည့်ရှု့နေတာကိုတော့ ဘယ်သူမှ သတိမထားမိခဲ့ကြပေ။

 

***** *****

 

လေးယောက်သား အဆောက်အုံပျက်တွေထဲ ဝင်ကြည့်ကြလိုက် မောလာရင် ခနထိုင်နားလိုက်နဲ့ တော်တော်ကို ပျော်နေကြလေသည်။ မြင်ကွင်းကလည်း အသစ်အဆန်းတွေ။ ပြီးတော့ အသက်လေးတွေကလည်း ခပ်ငယ်ငယ်လေးတွေဆိုတော့ စူးစမ်းချင်ကြတာပင်။ ဒီလိုလိုက်လံ ကြည့်ရှု့နေရင်းနဲ့ ရုတ်တရက်ဆိုသလို ဝေယံကျော်က ပြောလိုက်လေသည်။

 

“ဟေ့ကောင်တွေ.. နားထောင်ကြည့်စမ်း.. ငါအသံတွေကြာနေရတယ်”

 

ဒီလိုပြောလိုက်တော့ ကျန်သုံးယောက်က..

 

“ဟင်.. ဘာသံတွေလည်းဟ.. ဘာကိုပြောတာလည်း”

 

ထိုအခါ ဝေယံကျော်က ထပ်ပြီး ပြောလိုက်လေသည်။

 

“အသံတော့ အသံတွေပဲကွ ဘာလည်းတော့ မသိဘူး.. မင်းတို့လည်း သေသေချာချာ နားထောင်ကြည့်စမ်းပါ”

 

ထိုအခါ အားလုံးက စူးစိုက်ကာ နားထောင်မိကြတော့ နားထဲမှာ အသံသဲ့သဲ့လေးတွေကို ကြားလာရတော့သည်။

 

“မလွတ်စေနဲ့နော်.. ထွက်မသွားစေနဲ့.. သေချာဖမ်းထားကြ”

 

ထိုသို့ အသံတွေကို သဲ့သဲ့ကြားလိုက်ရတော့..

 

“ဟာ.. ဘာသံတွေလည်းဟ.. လိုက်တဲ့ ထွက်မသွားစေနဲ့တဲ့ ဘာတွေလည်းကွာ”

 

“အေးကွာ.. ကြက်သီးတွေတောင်ထတယ် တမျိုးပဲကွ”

 

ဒီလို ပြောဆိုနေကြတုန်းမှာပဲ ကြားရတဲ့ အသံတွေက စောစောကထက် ပိုပြီး ကျယ်လောင်လာခဲ့လေသည်။

 

“လိုက်ကြ.. လိုက်ကြ.. မလွတ်စေနဲ့”

 

“ဟင်.. အသံတွေ ပိုကျယ်လာပြီကွ.. ငါတို့နဲ့ နီးနေပြီထင်တယ်.. ဘာတွေမှန်းလည်း မသိဘူး.. ကြောက်တယ်ကွာ တစ်ခုခုလုပ်ပါအုန်း”

 

ဘုန်းမြင့်က ဒီလိုပြောလိုက်တော့ ရဲသူက..

 

“လာလာ.. အပြင်ထွက်ကြမယ်.. ဒီထဲမှာတော့ မနေရဲတော့ဘူး.. ဘေးနားမှာ ပုန်းနေမယ်ကွာ”

 

ဆိုပြီး သူတို့ ဝင်ကြည့်နေကြတဲ့ အတောက်အအုံထဲကနေ ပြေးထွက်ကြပြီး ဘေးမှာပင် ပုန်းနေခဲ့ကြလေသည်။ ခနအကြာမှာတော့ စောစောက ကြားနေရတဲ့ အသံတွေက ပိုပြီး နီးကပ်လာခဲ့တော့သည်။ ထိုအခါ သူတို့တွေလည်း ဘာမှန်းမသိကြလေတော့ တော်တော့်ကို ထိတ်လန့်နေမိကြ၏။ ထို့နောက်မှာတော့ အသံပိုင်ရှင်တွေကို ဘွားခနဲ မြင်လိုက်ရလေတော့သည်။

 

“ဟင်.. ဘာကြီးတွေလည်းဟ မဲမဲအကောင်ကြီးတွေပါလား.. ကြောက်ဖို့ကောင်းလိုက်တာကွာ”

 

သူတို့ မြင်လိုက်ရသည်က မဲမဲပုံရိပ်ကြီးတွေ ဖြစ်သည်။ အကောင် အထည်တော့ ထင်ထင်ရှားရှားတော့ မတွေ့ကြရပေ။ လူပုံသဏ္ဌာန်ဖြစ်ပြီး ဝိုးတဝါးနဲ့ အရိပ်မဲမဲကြီးတွေက လိုက်ဟေ့.. မလွှတ်စေနဲ့ဟေ့.. ဆိုပြီးအော်ဟစ်နေကာ စောစောကသူတို့ရှိနေတဲ့ အဆောက် အအုံထဲကို ပြေးဝင်သွားကြတော့သည်။ သူတို့လည်း အဲ့ဒီအထဲကနေ ပြန်ထွက်ခဲ့လို့ ကံကောင်းသွားတာပင်။ မဟုတ်ရင်တော့ မတွေးရဲစရာ။ သူတို့အားလုံးကတော့ ကြက်သီးတွေထပြီး ရင်တထိတ်ထိတ် ဖြင့် အခြေနေကို ကြည့်နေရလေသည်။ မျက်နှာတွေမှာလည်း ချွေးတွေပျံနေကာ ကြောက်ရွံ့နေကြလေသည်။ ရင်ဘတ်တွေဆိုရင် ဖားဖိုလိုဖြစ်ကာ အသက်ရှုသံတွေလည်း မြန်ဆန်လာလေသည်။ ထိုစဥ် တစ်ယောက်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

 

“ငါတို့ ဘာလုပ်ကြမလည်းဟင်.. ဒါတွေကဘာတွေလည်း သရဲတွေလားကွာ.. ကြောက်စရာကြီးတွေကွာ”

 

“ထွက်ပြေးကြမယ်ကွာ.. စက်ဘီးတွေကို အမြန်ပြေးယူကြမယ်.. ပြီးရင် ဒီထဲကနေ ထွက်ပြေးကြမယ်”

 

ဆိုပြီး ပုန်းနေတဲ့နေရာကနေ အမြန်ပင် ပြေးထွက်ခဲ့ကြတော့သည်။ ထိုသို့ပြေးထွက်လာရင်းနဲ့ တစ်ယောက်က နောက်လှည့်ကြည့်လိုက်တော့ စောစောက မြင်လိုက်ရတဲ့ မဲမဲကြီးတွေက အဆောက်အုံထဲကနေ ပြန်ထွက်လာကို တွေ့လိုက်ရပြီး..

 

“ဟေ့ကောင်တွေ.. အမြန်ပုန်းဟ ဟိုမှာ.. ဟိုမှာ ပြန်ထွက်လာကြပြီ”

 

ဆိုကာ အထိတ်တလန့်နဲ့ ပြောလိုက်သည်။ ဒီတော့ သူတို့တွေလည်း နီးစပ်ရာနေရာမှာ ချက်ချင်းပင် ပြေးပုန်းရတော့၏။ သူတို့လေးယောက်လည်း ကြောက်စိတ်တွေက ငယ်ထိပ်ပင် ရောက်နေပါပြီ။ ပုန်းနေရင်းနဲ့ အသာလေး ချောင်းကြည့်လိုက်တဲ့အခါ သူတို့တွေ့နေရတဲ့ မဲမဲကြီးတွေဟာ တစ်စုံတစ်ခုကို လိုက်ရှာနေသလိုမျိုး တောက်တခတ်ခတ် အံတကြိတ်ကြိတ်နဲ့ ဖြစ်နေကြတာကိုလည်း ကြောက်မက်ဖွယ် တွေ့နေရ၏။

 

ထိုမျှမကသေးပဲ ဝူးဝူးဝါးဝါး အသံကြီးတွေဖြင့် အော်တဲ့အကောင်က အော်နေတာကိုလည်း တွေ့လိုက်ရသည်။ လိုက်ကြဟေ့.. မလွတ်စေနဲ့.. ဆိုပြီး အသံသြသြကြီးတွေနဲ့ ပြောတဲ့ အကောင်တွေက ပြောဆို နေကြတာကိုလည်း အသည်းယားဖွယ် မြင်တွေ့နေရတော့ သည်။ ထိုအခါ သူတို့တွေလည်း ဘာလုပ်ရမှန်းလည်း မသိတော့ပေ။ အသည်းထဲမှာ တလှပ်လှပ်ဖြစ်ကာ ရင်တွေတုန်နေပြီး ကြောက်တာပဲ သိတော့သည်။ ထွက်လည်း မပြေးရဲ။ ထွက်ပြေးလိုက်လို့ သူတို့ကိုမြင်သွားမှာ စိုးပြီး ပုန်းနေခဲ့ရခြင်းပင်။

 

ဒီလိုဖြင့် ခဏအကြာမှာတော့ ထိုမဲမဲအကောင်ကြီးတွေက တရွေ့ရွေ့နဲ့ သူတို့ရှိရာ နေရာဆီသို့ ထွက်လာတာကို တွေ့လိုက်ရတော့သည်။ ဒါပေမဲ့ သူတို့ကို မြင်တွေ့ပုံတော့ မပေါ်သေး။ ထိုအခါ ဝေယံကျော်က..

 

“ဟေ့ကောင်တွေ.. ဟိုမှာ ငါ.. ငါတို့နားကို လာနေကြပြီကွ.. စက်ဘီးတွေရှိတဲ့ ဆီကိုပြေးကြ စက်ဘီးယူပြီးတော့ ထွက်ပြေးကြမယ် ဒါမှ ငါတို့ထွက်လို့ရမှာ”

 

ဆိုပြီးပြောလိုက်ကာ စက်ဘီးထားရာ အဆောက်အုံထဲသို့ အသားကုန် ပြေးသွားကြတော့သည်။ အထဲကိုရောက်တော့ စက်ဘီးတွေထားရာဆီ ပြေးအသွားမှာတော့ ဝုန်းခနဲ မြည်သံကြီးနဲ့ နံရံထက်ကနေ အကောင် ကြီးတစ်ကောင် ခုန်ဆင်းလာတော့သည်။

 

“ဟင်.. အပေါ်ကနေ ပြုတ်ကြလာတာဟ ဘာကောင်ကြီးလည်း”

 

“ဟီး.. ငါကြောက်လာပြီကွာ.. သရဲတွေ သရဲတွေ ဟီး”

 

ဆိုပြီး အော်တဲ့သူကအော်.. ငိုတဲ့သူက ငိုနေကြပါပြီ။ နံရံထက်ကနေ ဆင်းချလာတဲ့ အကောင်ကြီးကတော့ တစ်ကိုယ်လုံး မဲတူးလို့နေပြီး ရုတ်တရက် လှမ်းကြည့်လိုက်ရင် မဲမဲအကောင်ကြီးအဖြစ် မြင်တွေနေခြင်းပင်။

 

စောစောက သူတို့မြင်လိုက်တဲ့ မဲမဲအကောင်ကြီးတွေကလည်း အခုလိုမျိုး တကိုယ်လုံးမဲတူးနေတဲ့ အကောင်ကြီးတွေပါ။ တဖြေးဖြေးနဲ့ ထိုအကောင်ကြီးက ရှေ့တိုးလာလေသည်။ သာမာန်လူထက် ကြီးပြီး ခေါင်းပေါ်မှာလည်း ဆံပင်မရှိပေ။ မျက်လုံးကြီးတွေက ပြူးထွက်နေပြီးတော့ ပါးစပ်ကြီးတွေကို အစွမ်းကုန်ဖြဲထားလေ၏။ ပါးစပ်ကလည်း တဟင်းဟင်းနဲ့ အော်နေပြီး သူတို့ရှေ့ကို တိုးလာခဲ့လေသည်။

 

ထိုအခိုက်မှာပင် အဝင်အဝကနေ မဲမဲကြီးတွေက ဝင်လာတော့ သည်။ သွားပြီ။ သူတို့မလွတ်တော့။ အထဲမှာရော… အပြင်မှာပါ ရောက်နေကြလေပြီ။ သူတို့လေးယောက်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ဘာလုပ်ရမှန်း မသိတော့ပေ။ အားလုံးကလည်း ကြောက်နေကြလေပြီ။ မျက်နှာလေးတွေကလည်း ဇီးရွက်လောက်ပင် ရှိတော့သည်။ ချွေးတွေလည်း ပျံတွေပြီး အသားတွေကလည်း တဆက်ဆက်တုန်နေလေပြီ။ ထိုအချိန်မှာပဲ မဲမဲအကောင်ကြီးထဲက တစ်ကောင်က ရှေ့ထွက်လာပြီး အသံသသြသြကြီးဖြင့် သူတို့ကို ပြောလိုက်သည်။

 

“ငါတို့ ပစ္စည်းပြန်ပေး.. ငါတို့ပစ္စည်းပြန်ပေး..”

 

ထိုအခါ သူတို့တွေလည်း အံ့သြရပါပြီ။ ဘာပစ္စည်းလည်းပေါ့။ တစ်ယောက်နဲ့တစ်ယောက် မျက်စပစ်ပြီး မေးငေါ့ကာ မေးကြည့်ကြသည်။ ထိုအခိုက်မှာတော့ ရဲသူက မျက်နှာညိုးငယ်သွားပြီး..

 

“ဒီမှာကွ.. ငါလည်းလှလို့ ကောက်ထားလိုက်မိတာ.. ပြန်ထားခဲ့ဖို့ မေ့သွားတယ်”

 

ဆိုပြီး သူ့အိပ်ကပ်ထဲက လက်စွပ်လေးကို ထုတ်ပြလိုက်လေတော့ အားလုံးက..

 

“ဟင်.. မင်းဘယ်လို လုပ်လိုက်တာလည်း ရဲသူရာ”

 

ဆိုပြီး ဝိုင်းဝန်းကာ အပြစ်တင်ကြတော့သည်။ ဝေယံကျော်ကတော့..

 

“ပြန်ပေးလိုက် ရဲသူ.. မဟုတ်ရင် ငါတို့ပြန်လို့ရမှာ မဟုတ်တော့ဘူး”

 

ထိုအခါမှာတော့ ရဲသူလည်း လက်စွပ်လေးကို ထိုမဲမဲအကောင်ကြီး ဆီကို လှမ်းပစ်ကာ ပေးလိုက်ပါတော့သည်။ ထိုအခါမှာတော့ လက်စွပ်လေးကို အကောင်ကြီး တစ်ကောင်က လှမ်း​ကောက်လိုက်ပြီး သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်ကာ အားလုံးကပျောက်ကွယ်သွားတော့၏။

 

ထိုအခါမှပင် သူတို့တွေလည်း သက်ပြင်းချနိုင်ကာ အချိန်မဆိုင်းပဲ စက်ဘီးတွေယူပြီး အပြင်ကို ပြေးထွက်လိုက်ကြတော့သည်။ သူတို့တွေ့ခဲ့တဲ့ အရိပ်မဲမဲ ခန္ဓာကိုယ်မဲမဲနဲ့ အကောင်ကြီးတွေကတော့ နေရာအနှံ့ကနေ သူတို့ ရှိရာဆီကို ဝိုင်းကြည့်နေကြတာကို ထိတ်လန့်ဖွယ် တွေ့လိုက်ရတော့သည်။ ဒီတော့ သူတို့တွေလည်း ​အထဲမှာ မနေဝံ့တော့ပဲ မြို့ရိုးအပြင်ဘက်ထိ ရောက်အောင်ပင် အမြန်ပြေးကြတော့လေသည်။

 

အပြင်ကိုရောက်မှသာ စိတ်ကို ဒုန်းဒုန်းချနိုင်ပါတော့သည်။ ရဲသူကိုလည်း ဝိုင်းဝန်းကာ အပြစ်တင်ပြောဆိုလိုက်ကြလေသည်။

 

“ငါတောင်းပန်ပါတယ်ကွာ.. ငါလည်း မထင်မှတ်ပဲ ယူလိုက်မိတာပါ.. ယူဖို့လည်း မရည်ရွယ်ပါဘူးကွာ”

 

စသဖြင့် သူမှားသွားကြောင်းကို ဝန်ခံခဲ့လေသည်။ အားလုံးကတော့ ကြောက်လန့်နေကြပြီး ကံကောင်းလို့သာ အပြင်ရောက်လာခဲ့ကြတာပင်။ အခန့်မသင့်ရင် အသက်ပါ ပါသွားနိုင်သည်ကို တွေးမိပြီး ထိုမြို့ဟောင်းထဲကို ခြေဦးမလှည့်ကြတော့ပေ။ ထို့နောက် ရွာဆီကိုသာ စက်ဘီးကို ပြန်နင်းခဲ့ကြပြီး လူကြီးတွေကို မပြောဖို့လည်း တိုင်ပင် ထားကြတော့သည်။ ဒီအဖြစ်ပျက်ကတော့ သူတို့ဘဝမှာ အမှတ်တရတစ်ခုပင် ဖြစ်ခဲ့လေတော့၏။

 

***** *****

..ပြီးပါပြီ..