မီးနေစုန်းကြိမ်စာ

တွေ့ကရာလူကို အိမ်ခေါ်မလာသင့်ဘူးကွ၊ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ၊ နောက်ဒီလိုမျိုး ရှုပ်ရှုပ်ယှက်ယှက်တွေ အိမ်ခေါ်လာရင် မင်းကိုပါ အလုပ်ဖြုတ်ပစ်မယ်”

 

ဒရိုင်ဘာမောင်မျိုးက မျက်နှာငိုင်ကျသွားတယ်ဗျ၊

 

“ဟုတ်၊ ဟုတ်ကဲ့ပါ မမကြီး၊ ကျွန်တော်ဆင်ခြင်ပါ့မယ်”

 

မောင်မျိုးနဲ့ ဦးဖိုးထူးနဲ့ ကျုပ်လက်မောင်းကို တစ်ယောက်တစ်ဖက်ဆွဲကိုင်ချုပ်ပြီးတော့ ကျုပ်ကိုအိမ်ပေါ်ကနေအတင်းဆွဲချလာပါရောဗျာ၊ ကျုပ်ကတော့ မလျော့သေးဘူးဗျ၊

 

“မဟုတ်ဘူး၊ ကျုပ်ကူညီမှဖြစ်မယ်၊ မဟုတ်ရင် ဒီအိမ်မှာ တစ်ယောက်ယောက်သေရလိမ့်မယ်”

 

ကျုပ်အရူးကြီးတစ်ယောက်လို အော်ဟစ်နေမိတယ်ဗျ၊ အိမ်ထဲကနေထွက်လာတဲ့အချိန်မှာပဲ အိမ်ရှေ့ကိုကားတစ်စီးက ထိုးစိုက်သွားတယ်၊ ကားလေးကတော့ အဲဒိခေတ်က သူဌေးသူကြွယ်တွေမှ စီးနိုင်တဲ့ ဖိယက် ကားကလေးပေါ့ဗျာ၊ ကားအရှေ့ခန်းကနေ လူတစ်ယောက်က ကမန်းကတမ်းပြေးဆင်းလာတယ်ဗျ၊ ကားအနောက်ခန်းကနေတော့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က လိုက်ဆင်းလာတယ်။ ကားရှေ့ခန်းက ဆင်းလာတဲ့လူက ကျုပ်တို့ကိုတွေ့တော့ တအံ့တသြနဲ့

 

“ဟာ၊ မောင်မျိုး၊ မင်းဘယ်လိုလုပ်ပြီးရောက်လာတာလဲ”

 

“ဟို၊ ဟိုလေ”

 

မောင်မျိုးက ပြန်ဖြေဖို့ကြာနေတဲ့အခါ ဒီလူက ကျုပ်ကိုသေချာကြည့်ပြီးတော့ အတော်ထိတ်လန့်သွားပုံရတယ်ဗျ၊ မျက်လုံးကြီးလည်းပြူးလို့ဗျာ၊ သူ့ပါးစပ်တောင်မှ နည်းနည်းပွင့်ဟသွားသေးတယ်။

 

“ဟာ၊ ဆရာကြီး”

 

ကျုပ်ကိုကြည့်ပြီး ဆရာကြီးလို့တစ်ချက်ခေါ်လိုက်တာဗျာ၊ ပြီးတော့ တော်တော်ပျော်ရွှင်သွားတဲ့ပုံစံနဲ့ ကျုပ်လက်ကိုပြေးဆွဲတယ်ဗျ။

 

“ဆရာကြီးရောက်လာပြီလားဗျ၊ ကျေးဇူးတင်လိုက်တာဆရာကြီးရယ်၊ ကျုပ်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်လာတာပါပဲလား”

 

ဦးဖိုးထူးနဲ့ မောင်မျိုးက တော်တော်အံ့သြနေတယ်ဗျ၊ ကျုပ်လည်း အဲဒီလူကိုမျက်မှောင်ကြုတ်ကြည့်လိုက်ရင်း

 

“ခင်ဗျားကိုကျုပ်မသိဘူး၊ ခင်ဗျားနဲ့လည်း တစ်ခါမှ မတွေ့ဖူးပါဘူးဗျာ”

 

ထိုလူက ပြုံးလျှက်

 

“ဆရာကြီးက ကျုပ်ကိုမတွေ့ဖူးပေမယ့်၊ ကျုပ်က ဆရာကြီးကို အိပ်မက်ထဲမှာ တွေ့ဖူးပြီးသားပါ”

 

ကျုပ်တောင်မှ အံ့သြသွားတယ်ဗျ။

 

“ဘယ်လိုဗျ၊ အိပ်မက်ထဲမှာ တွေ့ဖူးတာတဲ့လား”

 

“ဟုတ်ပါတယ်၊ အိပ်မက်ထဲမှာ ဆရာကြီးက ကျုပ်ဆီကိုလာမယ်လို့ပြောသွားတယ်၊ ဆရာကြီးရဲ့ပုံစံက အိပ်မက်ထဲကအတိုင်းနဲ့ တစ်ပုံစံတည်းပါပဲ”

 

ဒီအခါ ဒီလူရဲ့အနောက်မှာရပ်နေတဲ့ ယောက်ျားက ချောင်းတစ်ချက်ဟန့်လိုက်တယ်ဗျ၊ ဒီတော့မှ ဟိုလူက သတိဝင်သွားပြီး

 

“သြော်၊ မေ့လို့၊ ကျွန်တော်လည်း အရေးကြီးကိစ္စကလေး ရှိနေလို့ပါ၊ ဆရာကြီးတို့ အထဲဝင်ပါအုံးဗျာ”

 

ဒီလူခေါ်တာနဲ့ ကျုပ်တို့လည်း လိုက်ဝင်သွားတာပေါ့ဗျာ၊ ဒါနဲ့ သူ့အိမ်ဧည့်ခန်းထဲကို နောက်တစ်ခေါက်ထပ်ရောက်ခဲ့တာပေါ့၊ မမကြီးဆိုတဲ့ မိန်းမကတော့ ဧည့်ခန်းထဲထိုင်ပြီး နိုင်ငံခြားဖြစ် စီးကရက်တစ်လိပ်ကို သောက်လို့ဗျ၊ ကျုပ်တို့ဝင်လာတာကိုလည်းမြင်ရော တအံ့တသြနဲ့ဖြစ်သွားတယ်။

 

“ဟင်၊ ရှင်တို့တွေ မပြန်ကြသေးဘူးလား”

 

ဒီအခါ ကျုပ်တို့အရှေ့က လူက

 

“မမကြီးရာ၊ ဒီဆရာကြီးက ကျုပ်အိပ်မက်ထဲမှာ တွေ့ခဲ့တဲ့ဆရာကြီးဗျ၊ အခုကျုပ်အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပဲဗျာ”

 

မမကြီးကတော့ မျက်နှာရှုံ့မဲ့လိုက်ပြီး

 

“ငထွန်းရယ်၊ နင်ကတော့ ပြောလို့မရတော့ဘူး၊ ကဲ အဲဒါအသာထားစမ်းပါ၊ နင်ဆရာဝန်သွားပင့်တာ ပါလာတယ်မဟုတ်လား”

 

“ပါလာပါ့ဗျာ၊ ဒေါက်တာ ဒါကျွန်တော့်အမကြီးပါ”

 

ဆရာဝန်က ခေါင်းညိတ်ပြီးတော့

 

“အေးဗျာ၊ လူနာရဲ့အခြေအနေကို ကျုပ်ကြည့်ချင်တယ်”

 

ဆရာဝန်နဲ့ သူနာပြုကို မမကြီးက အိမ်ပေါ်ထပ်ကိုခေါ်သွားတယ်ဗျ၊ ကိုထွန်းက ကျုပ်တို့ဘက်ကိုလှည့်ကြည့်ရင်း

 

“အားတော့နာပါတယ်ဆရာကြီးရယ်၊ ကျွန်တော့်မှာလည်း အရေးကြီးကိစ္စနဲ့မို့လို့ ဧည့်ဝတ်မကျေသလိုဖြစ်သွားရင်တောင်းပန်ပါတယ်၊ ဆရာကြီးတို့ ဒီမှာအေးအေးလူလူနားနေကြပါ၊ ဆရာကြီးတို့အတွက် စားဖို့သောက်ဖို့ကိုလည်း အိမ်ဖော်ကောင်မလေးတွေကို စီစဉ်ခိုင်းလိုက်ပါ့မယ်”

 

ဒီလိုပြောပြီး ကိုထွန်းက အိမ်ပေါ်ကိုအပြေးတက်သွားပါရောဗျာ၊ ဦးဖိုးထူးက မောင်မျိုးကိုကြည့်လိုက်ရင်း

 

“ဒီလိုဆိုတော့လည်း မင်းရဲ့ဆရာက ဘယ်ဆိုးလို့လဲကွ၊ ဒါပေမယ့် သူ့အမနဲ့တော့ တခြားစီပဲဟေ့”

 

မောင်မျိုးက အသံတိုးတိုးနဲ့

 

“ဟုတ်တယ်ဗျ၊ ဆရာထွန်းက သိပ်သဘောကောင်းတာ၊ ပြီးတော့ ဘိုးတော်တွေဘာတွေကိုလည်း သိပ်ယုံစားတယ်၊ အဲ . . . ဒါပေမယ့် မမကြီးကတော့ ပြောင်းပြန်ဗျ၊ သူကတော့ ဘိုးတော်တွေဘာတွေဆိုရင် အိမ်ရှုပ်တယ်ဆိုပြီး သိပ်လက်ခံချင်ပုံမရဘူး၊ ဒါပေမယ့်လည်း ဆရာထွန်းက ဒီအိမ်မှာ အဓိကငွေရှာနေတဲ့လူဆိုတော့ ဆရာထွန်းကိုတော့ မမကြီးက သိပ်ပြီးဖိအားမပေးရဲဘူးပေါ့ဗျာ”

 

သိပ်မကြာခင်မှာပဲ အိမ်ဖော်ကောင်မလေးတွေက ကော်ဖီခွက်တွေနဲ့ မုန့်တွေထည့်ထားတဲ့ ဗန်းကိုယူလာတယ်ဗျ၊ မုန့်ကတော့ ကျုပ်တို့ခေတ်က လူကုံထံတွေမှ စားနိုင်တဲ့ ကိတ်မုန့်တို့၊ ဘီစကွတ်မုန့်တို့ဆိုတာပေါ့ဗျာ၊ ကျုပ်တို့လည်း ဆာဆာနဲ့ ကော်ဖီသောက်လိုက် ကိတ်မုန့်စားလိုက်နဲ့လုပ်နေတာပေါ့။

 

(၂)

 

ကျုပ်ကိတ်မုန့်တုံးကို ဖဲ့စားနေတုန်း လှေကားပေါ်ကနေ မိန်းကလေးတစ်ယောက်ဆင်းလာသဗျ၊ အဲဒီမိန်းကလေးက ဆံပင်တော့ တော်တော်ကောင်းတယ်၊ နက်မှောင်နေတဲ့ပိတုန်းရောင်ကေသာက တင်ပါးနားအထိကို ဝဲကျနေတယ်၊ အသားအရေကတော့ ဖြူဆွတ်ဆွတ်နဲ့ဗျ၊ ဗိုက်ကလည်း ဘောလုံးကြီးတစ်လုံးလို ပူလို့ဗျာ၊ ကျုပ်ဖြင့် အဲဒီမိန်းကလေးကို အံ့သြပြီးငေးကြည့်နေမိတာ၊ အဲဒီမိန်းကလေးက လှေကားကနေဆင်းလာပြီးတာနဲ့ ကျုပ်ဆီကိုတန်းတန်းမတ်မတ်လမ်းလျှောက်လာတယ်၊ အနားရောက်လာတော့မှ သူငိုနေမှန်းကျုပ်သိလိုက်တာဗျ၊ ပါးပြင်နှစ်ဖက်မှာ မျက်ရည်တွေစီးကျလို့ဗျာ။

 

“ကယ်ပါ၊ ကျွန်မကို ကယ်ပါ ဆရာကြီးရယ်”

 

“မင်းဘာဖြစ်တာလဲ”

 

ကျုပ်မေးလိုက်တဲ့အခါ ဒီမိန်းကလေးက လှေကားကိုတစ်ချက်လည်ပြန်ငေးကြည့်တယ်ဗျ၊ နောက်တော့ တစ်ခုခုကိုတွေ့သွားသလိုမျိုး ထိတ်လန့်သွားပြီး အိမ်နောက်ဖေးကိုဝင်ပြေးသွားတော့တာပဲ၊ ကျုပ်လည်း ထိုင်နေလျက်ကနေ မတ်တပ်ထရပ်လိုက်ပြီးတော့

 

“ဟေ့ မိန်းကလေး၊ မင်းမပေါ့မပါးကြီးနဲ့ ဒီလိုထပြေးလို့ဘယ်ဖြစ်မလဲ”

 

ကျုပ်အော်လိုက်တဲ့အချိန် ဦးဖိုးထူးနဲ့ မောင်မျိုးက ကျုပ်ကိုမော့ကြည့်ကြတယ်ဗျ၊ ဦးဖိုးထူးက

 

“မောင်ရှိန်၊ မင်းဘာဖြစ်တာလဲကွ”

 

“ခုနက အသားဖြူဖြူ၊ ဆံပင်ကောင်းကောင်းနဲ့ ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ယောက် မီးဖိုဘက်ကိုဝင်ပြေးသွားတယ်လေဗျာ”

 

ဦးဖိုးထူးနဲ့ မောင်မျိုးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးတော့

 

“ဟုတ်လို့လားမောင်ရှိန်ရာ၊ ငါတို့တော့ မမြင်လိုက်ပါဘူးကွာ”

 

“ဟာဗျာ၊ လှေကားကနေ ဆင်းလာတာပဲ၊ ပြီးတော့ ငိုလည်းငိုနေသေးတာ၊ နောက်ပြီး ကျုပ်ကိုလည်း ကယ်ပါဆိုပြီး ပြောသွားသေးတယ်”

 

ဦးဖိုးထူးက သိပ်မအံ့သြပေမယ့် မောင်မျိုးကတော့ မျက်လုံးအပြူးသားနဲ့

 

“ဆရာကြီးတွေ့ခဲ့တဲ့ပုံစံကို ပြန်ပြောပြပါလားဗျာ၊ မိန်းကလေးက အသားဖြူဖြူနဲ့မဟုတ်လား”

 

ကျုပ်ခေါင်းညိတ်လိုက်တယ်။ မောင်မျိုးကဆက်ပြီး

 

“ဆံပင်က တင်ပါးနားလောက်ရှိပြီး အုံကောင်းကောင်းနဲ့ထူထူကြီးမဟုတ်လား”

 

“ဟုတ်တယ်မောင်မျိုး၊ ပြီးတော့ ကိုယ်ဝန်ကြီးနဲ့ကွ၊ ဗိုက်ကြီးကလည်း နေ့စေ့လစေ့ မွေးတော့မယ့်ပုံစံမျိုးနဲ့ ပူနေတာ”

 

မောင်မျိုးအံ့သြသွားပြီးတော့

 

“ဟာ၊ သေချာပြီ၊ ဆရာကြီးမြင်လိုက်တာ ဆရာထွန်းရဲ့မိန်းမ မမလေး သီတာပဲ၊ ဒါဆို မဟုတ်မှလွဲရော မမလေးသီတာက သေများသွားပြီလား”

 

ကျုပ်လည်း ဘာပြောလို့ပြောရမှန်းမသိပါဘူးဗျာ၊ ဒီအချိန်မှာပဲ အိမ်ပေါ်ထပ်အခန်းထဲကနေ ငိုသံတွေကြားလိုက်ရတယ်ဗျ၊ ကျုပ်စိတ်ထဲကအတိုင်းဆိုရင် ထသွားပြီးကြည့်ချင်တာပေါ့ဗျာ၊ ဒါပေမယ့် ကိုယ်က ဧည့်သည်ကိုး၊ နောက်တော့ ခုနက အပေါ်တက်သွားတဲ့ ဆရာဝန်နဲ့သူနာပြုနဲ့က လှေကားပေါ်ကနေပြန်ဆင်းလာကြတယ်၊ သူ့အနောက်ကနေ ကိုထွန်းက ခေါင်းငိုက်စိုက်ချပြီးလိုက်လာတယ်ဗျ။ ကျုပ်တို့နားရောက်တော့ ကျုပ်လည်းအခြေအနေသိချင်တာနဲ့ မောင်မျိုးကိုမျက်စပစ်ပြလိုက်တယ်။ မောင်မျိုးကလည်း အကင်းပါးတဲ့လူပဲဗျ၊

 

“ဒါနဲ့ ဆရာထွန်း၊ မမလေးအခြေအနေဘယ်လိုရှိသလဲ”

 

ကိုထွန်းက ဘာမှမပြောဘဲ ခေါင်းပဲခါပြတယ်ဗျ၊ ပြီးတော့ ဆရာဝန်ဘက်ကိုလှည့်ပြီး

 

“ညနက်ပြီဆိုတော့ လမ်းခရီးမကောင်းတော့ဘူး ဆရာတို့၊ ဒီတော့ ဒီညကျုပ်အိမ်မှာပဲ နေလိုက်ပါဗျာ၊ မနက်မိုးလင်းတာနဲ့ ကျုပ်ပြန်ပို့ပေးပါ့မယ်”

 

ဆရာဝန်နဲ့သူနာပြုက ခေါင်းညိတ်ပြီးတော့ ကျုပ်တို့ထိုင်နေတဲ့ဆက်တီရဲ့ မျက်နှာချင်းဆိုင်က ဆက်တီခုံမှာဝင်ထိုင်ကြတယ်ဗျ၊ မောင်မျိုးက ဆရာဝန်ကိုကြည့်ရင်း

 

“ဒါဆို မမလေးက အခြေအနေမကောင်းဘူးပေါ့ဆရာ”

 

ဆရာဝန်က ခေါင်းညိတ်ရင်း

 

“အေးဗျာ၊ ကျုပ်လည်း တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ ဒါမျိုးမကြုံဖူးဘူးဗျ၊ လူနာက မွေးဖို့ဖွားဖို့ရက်ထက် နှစ်ပတ်လောက်ကျော်နေပြီ၊ ဒါပေမယ့် ဘယ်လိုလုပ်လုပ် ကလေးကထွက်မလာဘူးဗျာ၊ မွေးလမ်းကြောင်းမပွင့်ဘူးလို့ပြောရမှာပေါ့၊ ခေတ်မီစက်ကိရိယာတွေ ရှိတယ်ဆိုရင်တော့ ဒီလိုအခြေအနေမျိုးမှာ ခွဲစိတ်ပြီးကုသပေးလို့ရပေမယ့် အခုကတော့ အသိနောက်ကျပြီး အချိန်နှောင်းသွားပြီ”

 

မောင်မျိုးက အတော်ထိတ်လန့်သွားပြီး

 

“ဒါဆို မမလေးသေပြီပေါ့”

 

“သေတယ်လို့လည်းမဟုတ်သေးပါဘူး၊ ဒါပေမယ့် ရှင်နိုင်ဖို့လမ်းမမြင်တော့ဘူး၊ သူနာတာကျင်တာတွေပျောက်အောင်လို့ ဆေးတစ်လုံးထိုးပေးထားခဲ့တယ်၊ ကျုပ်တို့လည်း လက်ရှိအခြေအနေအရ အကောင်းဆုံးလုပ်နိုင်တာကိုလုပ်ပေးခဲ့တာပါပဲဗျာ”

 

ကျုပ်တို့စကားပြောနေပေမယ့် ကိုထွန်းကတော့ ကျုပ်တို့အနားမှာ ငူငူကြီးရပ်နေတယ်ဗျ၊ ကျုပ်လည်း သူ့ကိုကြည့်ပြီးသနားမိသွားတယ်။။

 

“ကျုပ် ဒီမိန်းကလေးကို ကုပေးချင်တယ်”

 

ကျုပ်ပြောလိုက်တော့ ကိုထွန်းက မျှော်လင့်တကြီးနဲ့ကျုပ်ကိုလှမ်းကြည့်တယ်၊ ဆရာဝန်က ကျုပ်ကိုသေသေချာချာကြည့်ရင်း

 

“ခေတ်မီဆေးဝါးတွေနဲ့တောင်မှ ကုသလို့မရဘူးနော် ကိုယ့်လူ၊ ခင်ဗျားက ဘယ်လိုနည်းနဲ့ သူ့ကိုကုသမှာလဲ”

 

ကျုပ်လည်း ဘာပြောရမှန်းမသိဘူးဗျ၊ ဒါနဲ့ ပြောမိပြောရာ ပြောလိုက်မိတယ်။

 

“ကျုပ်က အထက်ဝိဇ္ဇာနည်းနဲ့ ကုမှာပါ”

 

ဒီအခါ ရယ်သံကြီးတစ်ခုကိုကြားလိုက်ရတယ်ဗျ၊ ရယ်သံကြားတဲ့နေရာကိုလှမ်းကြည့်လိုက်တော့ လှေကားပေါ်ကနေ တစ်ထစ်ခြင်းဆင်းလာတဲ့ မမကြီးရယ်တာဖြစ်နေတယ်၊ မမကြီးက ပျက်လုံးတစ်ခုကိုကြားလိုက်ရသလိုမျိုး မရပ်မနားရယ်နေသေးတယ်၊ ပြီးတော့မှ

 

“ခေတ်ပညာတတ်တွေက ခေတ်မီဆေးဝါးတွေနဲ့ ကုသလို့တောင်မရတာ မင်းလိုဘာမဟုတ်တဲ့လူက ကုသလို့ရမယ်တဲ့လား”

 

မမကြီးပြောတော့ ဆရာဝန်နဲ့သူနာပြုကပါ ကျုပ်ကိုလှောင်ရယ်ကြတယ်ဗျာ၊၊ ဒီအခါ မောင်မျိုးက မခံမရပ်နိုင်ဖြစ်ပြီးတော့

 

“မမကြီး ဒီလိုမပြောပါနဲ့၊ ဒီက ဆရာကြီးက ရွာတစ်ရွာမှာ သေပြီဆိုပြီးတော့ အသုဘချဖို့လုပ်နေတဲ့မိန်းကလေးကို အသက်ပြန်ရှင်လာအောင် ကုသပေးခဲ့တဲ့ ဘိုးတော်ကြီးဗျ”

 

မောင်မျိုးစကားကြားတော့ ကိုထွန်းမျက်လုံးတွေအရောင်လက်သွားတယ်ဗျ၊ ဒါပေမယ့် မမကြီးကတော့ပိုပြီးရယ်တော့တာပဲ။

 

“နင်တို့က အဲဒါခက်တာပဲ မောင်မျိုးရ၊ သူက သေနေတဲ့လူကိုတောင် ပြန်ရှင်စေနိုင်သတဲ့လား၊ ဒါဆိုရင် ဒီမြို့မှာ လူတွေဘယ်သေတော့မှာလဲ မောင်မျိုးရဲ့၊ ပြီးတော့ ငါမေးပါအုံးမယ်၊ သူဘယ်လိုကုတယ်ဆိုတာကို နင့်မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့လို့လား””

 

မောင်မျိုးမျက်နှာပျက်သွားတယ်ဗျ၊ မမကြီးက သူ့အကွက်ထဲရောက်လာပြီဆိုတော့

 

“ဒီလို ဘိုးတော်တို့ဘာတို့ဆိုတာ ဒီလိုတိုးတက်နေတဲ့ခေတ်မှာ မရှိပါဘူးဟာ၊ ရှိနေတဲ့လူတွေကလည်း ရိုးသားပြီးအယုံလွယ်တဲ့ တောသူတောင်သားတွေကို လိမ်လည်လှည့်ဖျာပြီး အနေချောင်၊ အစားချောင်အောင်လုပ်နေကြတဲ့ လူလိမ်တွေချည်းပဲ၊ ငါကတော့ ဒါတွေကို လုံးဝလက်မခံသလို ယုံလည်းမယုံဘူး၊ ဒီတော့ ငါရှင်းရှင်းပြောမယ် ငါ့ယောက်မကို နင်တို့လက်ဖျားနဲ့တောင်မထိရဘူး”

 

မမကြီးကပြောပြီးတော့ ကိုထွန်းဘက်ကိုလှည့်လိုက်ပြီး

 

“ငထွန်း၊ မင်းလည်း ရှစ်တန်းအောင်ထားတဲ့လူတစ်ယောက်ပဲ၊ ဒီလိုကိစ္စတွေကို ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ သေချာခေါင်းသုံးပြီးစဉ်းစားစမ်းပါ၊ မင်းကိုငါ မပြောချင်လို့ကြည့်နေတာကြာပြီ၊ မင်းလုပ်နေတာတွေက တစ်ခုမှမဟုတ်ဘူးနော်”

 

ကိုထွန်းကတော့ တွေတွေကြီးရပ်နေတယ်။

 

“မင်းတို့လူလိမ်တွေ ငါ့အိမ်ကနေ အခုထွက်သွားရင်ထွက်သွား၊ မထွက်သွားရင် ဆန်စက်က အလုပ်သမားလေးတွေခေါ်ပြီး မင်းတို့ကိုရိုက်နှက်ပြီးတော့ ရဲလက်ကိုအပ်မယ်၊ ဒါငါနောက်ဆုံးပြောတဲ့စကားပဲ”

 

ကျုပ်ကတော့ ပေပြီးထိုင်နေတယ်ဗျ၊ ဦးဖိုးထူးက အခြေအနေမကောင်းမှန်းသိလို့ သူ့လွယ်အိတ်ကိုတောင် ကောက်လွယ်နေပြီ၊ ဒီအချိန်မှာပဲ ကိုထွန်းက ကျုပ်တို့အရှေ့ကိုလျှောက်လာပြီးတော့ ကျုပ်အရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်။

 

“ကျွန်တော့်မိန်းမကို ကုသပေးပါဆရာကြီး”

 

ကိုထွန်းလုပ်ရပ်ကြောင့် ဧည့်ခန်းထဲက လူတွေအားလုံး အံ့အားသင့်သွားကြတယ်ဗျ။

 

“ကျွန်တော့်မိန်းမ သီတာကို ပြန်ကုပေးပါ ဆရာကြီး”

 

ကိုထွန်းကပြောနေရင်း မျက်ရည်တွေကျလာပြီးတော့ ကျုပ်ပုဆိုးစကိုကိုင်ရင်း ငိုတော့တာပဲဗျာ၊ မမကြိးက ဒေါသမျက်လုံးတွေနဲ့ကြည့်နေရင်း

 

“ဟဲ့ ငထွန်း၊ နင်ဟာလေ ပြောလေကဲလေပါလား၊ ဒီလို လူလိမ်လူညာတွေကိုများ ဆရာတင်နေတာ အံ့သြပါရဲ့၊ ဘာလဲ နင်က ငါပိုက်ဆံတစ်ပြားမှမရှာနိုင်ဘူးဆိုပြီး ငါ့ကိုမထီမဲ့မြင်လုပ်တာလား၊ ငါ့စကားကို နင်ကနားမထောင်ချင်တော့ဘူးလား”

 

“မမကြီး ပါးစပ်ပိတ်ထားလိုက်စမ်းပါဗျာ၊ မမကြိးရဲ့ ခေတ်ပညာတတ်ဆရာဝန်တွေတောင်မှ သီတာကိုလက်လျှော့လိုက်ပြီမဟုတ်လား၊ သီတာက မမကြီးအတွက် ယောက်မဆိုပေမယ့် ကျုပ်အတွက်တော့ ကျုပ်အချစ်ရဆုံးလူပါဗျ၊ ကျုပ်ကတော့ သီတာကို ဒီအတိုင်းလက်မလျှော့နိုင်ဘူး၊ ကောက်ရိုးတစ်မျှင်ရရ ကျုပ်ရတဲ့နည်းနဲ့ သီတာ့ကိုကယ်မယ်”

 

ကိုထွန်းက ကျုပ်ခြေသလုံးကိုဖက်ပြီးတော့ ကျုပ်ကိုမော့ကြည့်ရင်း

 

“ကယ်ပေးပါဆရာကြီး၊ ကျွန်တော့် မိန်းမကို ကယ်တင်ပေးပါဆရာကြီး”

 

ကျုပ်လည်း မနေသာတော့ဘူးပေါ့ဗျာ။ ဒါနဲ့ ကိုထွန်းပခုံးကိုပုတ်လိုက်ပြီးတော့

 

“ကောင်းပါပြီ ကိုထွန်း၊ ကျုပ်ခင်ဗျားမိန်းမကို ကုသပေးပါမယ်”

 

မမကြီးက အရှေ့ကိုတက်လာပြီး

 

“တော်စမ်း၊ မင်းတို့တော်တော်တရားလွန်နေပြီနော်၊ ငါ့ယောက်မသီတာကို မင်းတို့လက်ဖျားနဲ့တောင်မထိရဘူး”

 

ကိုထွန်းက မတ်တပ်ထရပ်ပြီးတော့

 

“ဒီမှာ မမကြီး၊ သီတာက ကျုပ်မိန်းမ၊ ကျုပ်က သူ့ရဲ့ကာမပိုင်ယောက်ျား၊ သီတာ့ကို ဟောဒီက ဆရာကြီးကုသဖို့ကို သူ့ယောက်ျားဖြစ်တဲ့ ကျုပ်ကိုယ်တိုင်ခွင့်ပြုတယ်၊ ပြီးတော့ တစ်ခါတည်းပြောမယ်၊ သီတာကို ကုသတဲ့နေရာမှာ ဒီဆရာကြီးတွေခိုင်းတာကို အကုန်လုပ်ပေးရမယ်၊ မလုပ်ပေးဘဲ ကန့်လန့်တိုက်တဲ့လူအားလုံးကို ဒီအိမ်ကနေ မောင်းချမယ်၊ ဒါ ကျုပ်နောက်ဆုံးပြောတဲ့စကားပဲ”

 

မမကြီးက မျက်ရည်တွေစီးကျလာပြီးတော့ တောက်တစ်ချက်ခေါက်ပြီး အိမ်ပေါ်ထပ်ကိုပြေးတက်သွားပါရောဗျာ၊ ကိုထွန်းက ကျုပ်ကိုအားကိုးတကြီးနဲ့

 

“ဆရာကြီး အိမ်ပေါ်ကိုကြွပါ၊ သီတာ့ကို ကုသပေးပါဆရာကြီးရယ်”

 

ဒါနဲ့ကျုပ်တို့လည်း ကိုထွန်းအနောက်ကိုလိုက်ခဲ့ရတာပေါ့ဗျာ။

 

(၃)

 

အိမ်ပေါ်ထပ်ကိုတက်သွားပြီးတော့ ဒုတိယမြောက်ခြေရင်းဘက်မှာ အခန်းတစ်ခန်းရှိတယ်ဗျ၊ အဲဒီအခန်းအရှေ့မှာတော့ လက်သည်လို့ထင်ရတယ် မိန်းမကြီးတွေရပ်နေကြတယ်၊ ကိုထွန်းက အခန်းရှေ့မှာရပ်နေလိုက်တယ်။ ကျုပ်လည်းအခန်းထဲကိုဝင်ဖို့လုပ်တော့ ဦးဖိုးထူးက ကျုပ်လက်ကိုလှမ်းဆွဲတယ်ဗျ။

 

“မောင်ရှိန်၊ မင်းမဝင်သင့်ဘူးထင်တယ်နော်၊ ဒီအခန်းက မီးနေခန်းကွ၊ မင်းဘုန်းကံတွေ နိမ့်ကုန်အုံးမယ်”

 

ကျုပ်လည်း ဦးဖိုးထူးကိုလှည့်ကြည့်ပြီး

 

“အိုဗျာ၊ လူတစ်ယောက်ကိုကယ်တင်ဖို့ မီးနေခန်းထဲဝင်ရတာပဲဗျ၊ ဒါကြောင့် ဘုန်းကံနိမ့်မယ်ဆိုရင်လည်း နိမ့်ပါစေ၊ အသက်တစ်ချောင်းကို ကျုပ်ရအောင်ကယ်မယ်”

 

ဦးဖိုးထူးလက်ကိုပုတ်ချပြီး ကျုပ်အခန်းထဲကိုဝင်သွားလိုက်တယ်ဗျ၊ အခန်းထဲမှာတော့ နနွင်းနံ့တွေ၊ စမုန်စပါးအနံ့တွေနဲ့ မွန်ထူနေတယ်၊ အခန်းထဲမှာ ခုတင်မရှိဘဲ ကြမ်းပြင်မှာဖျာခင်းပြီး အိပ်ရာခင်းတွေခင်းထားတယ်၊ အဲဒီအိပ်ရာခင်းမှာတော့ ခုနက ကျုပ်တွေ့ခဲ့တဲ့မိန်းကလေးက ဆန့်ဆန့်ကြီးလှဲနေလို့ဗျ၊ ကျုပ် သူ့လက်ကိုကိုင်ပြီးစမ်းလိုက်တော့ သွေးတော့ခုန်နေပေမယ့် တော်တော်ကိုနှေးနေတယ်၊ လက်ကလည်း အေးစက်နေတာပဲဗျာ။

 

ဒါနဲ့ ဒီမိန်းကလေးရဲ့ ပူနေတဲ့ဗိုက်ကို လက်ဝါးနဲ့ပွတ်ကြည့်လိုက်တယ်ဗျ၊ ဗိုက်ကိုထိတဲ့အခါ ကျုပ်အိပ်ချင်သလိုလို၊ သတိလစ်ချင်သလိုလိုဖြစ်လာတယ်၊ ကျုပ်ကိုယ်လုံးကြီးတစ်ခုလုံးက လေတိုက်ခံရတဲ့ မြက်ပင်တွေလို ယိမ်းနွဲ့ပြီး ဘယ်ဘက်ကိုကိုင်းလိုက်၊ ညာဘက်ကိုကိုင်းလိုက်နဲ့ ဖြစ်နေသလိုပဲဗျာ၊ နောက်တော့ ကျုပ်နားထဲမှာ စူးစူးဝါးဝါးအော်သံတစ်ခုကိုကြားလိုက်ရတယ်ဗျ။

 

ကျုပ်ခေါင်းတွေမူးလာပြီး အမြင်အာရုံတွေေ၀ဝါးသွားတယ်၊ နောက်တော့ ခေါင်းထဲမှာ အမြင်တွေ တစ်ချက်တစ်ချက်မြင်လာရတယ်၊ နန်းဆောင်ကြီးတစ်ခုနဲ့ နန်းဝတ်နန်းစားတွေဝတ်ထားတဲ့လူတွေကို ဖြတ်ခနဲဖြတ်ခနဲတွေ့လိုက်ရတယ်ဗျ၊ နောက်တော့ မိန်းကလေးတွေကနေတာတွေ၊ ဆိုင်းသံဗုံသံတွေကိုကြားရတယ်၊ မိန်းကလေးတွေက တခစ်ခစ်နဲ့ကျုပ်ဘေးနားမှာ လာပြီးရယ်နေသလိုပဲဗျ၊ ကျုပ်အာရုံကိုသေချာစုစည်းပြီး အသက်ကိုခပ်ပြင်းပြင်းရှူလိုက်မိတယ်၊ အရာအားလုံးက တဖြည်းဖြည်းတည်ငြိမ်သွားတယ်ဗျ၊ ဒါနဲ့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ကျုပ်ရောက်နေတာ နန်းဆောင်ကြီးတစ်ခုထဲမှာဖြစ်နေတယ်ဗျာ။

 

ဟင်္သာပြဒါးသုတ်ထားတဲ့ တိုင်လုံးနီနီကြီးတွေက အမြင့်ကြီးပဲဗျ၊ နန်းဆောင်ကြီးထဲမှာ ကနုတ်ပန်းတွေ၊ ပန်းခက်ပန်းဆွဲအနုအလှတွေလည်းအများကြီးပဲဗျ၊ နန်းဆောင်ကြီးတစ်နေရာမှာတော့ ရွှေသလွန်ကြီးတစ်လုံးချထားတယ်၊ ကျုပ်လည်း ရွှေသလွန်အနားကိုကပ်လာခဲ့တော့မှ သလွန်ပေါ်မှာထိုင်နေတာ ခုနက သီတာဆိုတဲ့မိန်းကလေးဖြစ်နေသဗျာ၊ ကျုပ်ကြည့်လို့မှ မဆုံးသေးပါဘူး၊ နန်းဆောင်ထဲကို လူနှစ်ယောက်ဝင်လာတယ်ဗျ၊ တစ်ယောက်ကတော့ ဆံထုံးထုံးထားတဲ့ နန်းတွင်းသူတစ်ယောက်ပဲဗျ၊ နောက်တစ်ယောက်ကတော့ ဆံပင်တွေဖွာလန်ကျဲနေတဲ့ အဘွားကြီးတစ်ယောက်ပေါ့ဗျာ၊ ရွှေသလွန်အရှေ့ရောက်တော့ နန်းတွင်းသူက ထိုင်ချပြီး လက်အုပ်ချီလိုက်တယ်။

 

“မယ်မယ်ဘုရား၊ ဒီလူကတော့ မယ်မယ်ဘုရား အခေါ်တော်ရှိတဲ့ မီးနေစုန်းပါ ဘုရား”

 

သီတာဆိုတဲ့ မိန်းကလေးက ကျေကျေနပ်နပ်ပြုံးလိုက်တယ်ဗျ။

 

“အထိန်းတော်ကြီး၊ မယ်ခအခြေအနေဘယ်လိုရှိသလဲ”

 

“မှန်ပါမယ်မယ်ဘုရား၊ မိဖုရားငယ် မယ်ခက မင်းသားလေးကိုမီးဖွားဖို့အဆင်သင့်ဖြစ်နေကြောင်းပါ၊ ဟူးရား၊ ပုရောဟိတ်တွေကလည်း သားတော်လေးမွေးမယ်လို့ တွက်ချက်ထားကြပါတယ်”

 

သီတာက မျက်မှောင်ကြုတ်လိုက်ပြီးနောက်

 

“ရာရာစစ၊ ဒင်းလို ဖက်ခွက်စား သဘင်သည်မက သားတော်မွေးမတဲ့လား၊ မယ်ခသာ သားတော်ကလေးမွေးလိုက်ရင် သူ့သားကလေးက မင်းတရားကြီးရဲ့ သားဦးကလေးဖြစ်သွားမယ်၊ မင်းတရားကြီးသာ သားဦးကို နန်းလျာရင် မယ်ခက မိဘုရားကြီးဖြစ်မယ်၊ ဒါတင်မကဘဲ ငါ့ရဲ့မိဖုရားခေါင်ကြီးရာထူးကို ထိခိုက်လာနိုင်တယ်မဟုတ်လား”

 

“မှန်ပါမယ်မယ်ဘုရား၊ ဘယ်လိုပဲပြောပြော မယ်ခမွေးမဲ့သားကလေးက မယ်မယ်ဘုရားအတွက်တော့ ဂြိုလ်ဆိုးကလေးတစ်ကောင်သာ ဖြစ်ပါတယ်ဘုရား”

 

“ဟင်း၊ ဟင်း ငါကလည်း သိပြိးသားပါ၊ ဒီကလေး ဘယ်တော့မှ သူ့အမေရဲ့ဝမ်းတိုက်ထဲကနေ ထွက်မလာစေရဘူး”

 

သီတာက အဘွားကြီးဘက်လှည့်လိုက်ပြီး

 

“ရှင်က မီးနေစုန်းမဟုတ်လား”

 

“ဟုတ်တယ်”

 

အဘွားကြီးက ခပ်ပြတ်ပြတ်ပဲပြန်ဖြေတယ်ဗျ။

 

“မယ်ခဆိုတဲ့ မိဖုရားက မကြာခင် မီးဖွားတော့မယ်လို့ကြားတယ်၊ ဒီတော့ ရှင်ဘာလုပ်ရမယ်ဆိုတာကို ရှင်သိတယ်မဟုတ်လား”

 

အဘွားကြီးက ခေါင်းပဲညိတ်ပြတယ်ဗျ၊ သီတာက သလွန်ဘေးနားက ဖက်အုံးအောက်ကနေ အထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး အဘွားကြီးဆီကိုလှမ်းပေးလိုက်တယ်။

 

“မယ်ခကိုလည်းမမြင်ချင်ဘူး၊ မယ်ခ ကလေးမွေးသွားတာကိုလည်းမမြင်ချင်ဘူး၊ ဟောဒီမှာ အသပြာတစ်ရာ၊ အရေးတော်အောင်ရင် ထပ်ပြီးဆုချီးမြှင့်မယ်”

 

အဘွားကြီးက ငွေထုပ်ကိုယူပြီးတော့ အသံကွဲကွဲကြီးနဲ့အော်ရယ်လိုက်တယ်ဗျာ၊ နောက်တော့ အဘွားကြီးနဲ့ ခုနက အထိန်းတော်နဲ့နန်းဆောင်ထဲကနေ ပြန်ထွက်သွားတယ်၊ ကျုပ်လည်းသိချင်တာနဲ့ သူတို့အနောက်ကနေလိုက်သွားကြည့်မိတယ်ဗျ၊ နန်းဆောင်တစ်ခုထဲမှာတော့ အော်သံဟစ်သံတွေနဲ့ဆူညံနေတယ်၊ ကျုပ်ရောက်သွားပြီး မကြာဘူး ကလေးမွေးနေတဲ့ မယ်ခဆိုတဲ့မိန်းကလေးက အော်ဟစ်နေလို့ဗျ၊ သေချာကြည့်တော့မှ အဲဒီမယ်ခဆိုတဲ့မိန်းကလေးက ခုနက မမကြီးဆိုတဲ့မိန်းမနဲ့ တော်တော်ကိုဆင်တယ်ဗျာ၊

 

“မနက်ကတည်းက မွေးနေတာ အခု နေ့နှစ်ဗဟိုရ်ရှိနေပြီ၊ ကလေးက အခုထိထွက်မလာသေးပါလား”

 

မယ်ခက အံကြိတ်ရင်း

 

“ဒါ ဘယ်သူလုပ်တာလဲဆိုတာ ငါသိတယ်၊ ဒါ ငါ့ကိုသက်သက်လုပ်တာ”

 

“မယ်မယ်ဘုရား စိတ်လျှော့ပါ”

 

“တောက်၊ ထိပ်ထား၊ ထိပ်ထား၊ ဒါနင့်လက်ချက်ဆိုတာ ငါသိတယ်၊ ငါနင့်ကိုဘယ်တော့မှခွင့်မလွှွတ်ဘူး၊ ဘယ်တော့မှ ခွင့်မလွှတ်ဘူး”

 

မယ်ခက အော်ဟစ်ရင်း နောက်မကြာခင်မှာပဲ ဇက်ကျိုးကျသွားတော့တယ်ဗျာ၊ သူ့မျက်လုံးကြီးတွေက ပွင့်လျှက်သားကြီးနဲ့ သေနေတာဗျ၊ သူသေသွားတော့ သူ့ဗိုက်ကြီးက တဖြည်းဖြည်းလှုပ်လာတယ်ဗျာ၊ နောက်တော့မိန်းမကိုယ်က ပွစိပွစိနဲ့လှုပ်ရွလာတယ်၊ နန်းတွင်းသူတွေက ဒီအဖြစ်ကိုကြည့်ရင်း

 

“ဟောတော်၊ ခုနက ကလေးမမွေးပေမယ့် အခုတော့ ကလေးထွက်ချင်လာပြီထင်တယ်”

 

ဝမ်းဆွဲသည်တွေ၊ နန်းတွင်းသူတွေက ကလေးကိုဖမ်းဖို့ အဝတ်ပုဆိုးတွေယူလာကြတယ်၊ နောက်တော့ မိန်းမကိုယ်ထဲကနေ လေတွေတိုးထွက်သလို တရှူးရှူးအသံတွေထွက်လာပြီးတော့ ကလေးရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့အတူတူ သွေးတွေလည်းပန်းထွက်လာတာ အဲဒီနန်းဆောင်တစ်ခုလုံး သွေးတွေချင်းချင်းနီရဲသွားပါရောဗျာ၊ ကလေးရဲ့ကိုယ်ခန္ဓာက ဓါးနဲ့နုပ်နုပ်စဉ်းထားသလိုမျိုး အပိုင်းပိုင်းအတစ်တစ်ပြတ်နေပါရော။

 

ကျုပ်ကြည့်နေရင်း တစ်ချက်မိုက်ခနဲဖြစ်သွားတယ်ဗျ၊ မျက်လုံးပြန်ဖွင့်လိုက်တော့ ကျုပ်အရှေ့မှာ သီတာကလှဲနေတုန်းပဲ၊ ဒီတော့မှ ခုနကအဖြစ်အပျက်တွေက တစ်ချိန်အတိတ်ကာလက အဖြစ်အပျက်တွေမှန်းကျုပ်သိလိုက်ရတော့တယ်၊

 

“လက်စသတ်တော့ မင်းရဲ့အတိတ်က ဝဋ်ကြွေးတွေအတွက် မင်းပြန်ခံစားနေရတာပဲ”

 

ကျုပ်လည်းရေရွတ်လိုက်မိတော့တယ်၊ နောက်တော့ ကျုပ်ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်လိုက်ပြီး အခန်းအပြင်ကိုထွက်လာခဲ့လိုက်တယ်၊ ကိုထွန်းတို့က အခန်းအပြင်မှာ မျှော်လင့်တကြီးနဲ့ စောင့်နေကြတယ်ဗျ။

 

“ကုလို့ရသလား ဆရာကြီး”

 

“ကုလို့ရပါတယ်၊ ဒါပေမယ့် မမကြီးရဲ့အကူအညီလိုတယ်၊ သူ့ကိုခေါ်ပေးပါ”

 

အိမ်ဖော်မလေးတွေက အပြေးအလွှားသွားခေါ်ကြတယ်ဗျ၊ မမကြီးကလည်း မလိုက်ချင်လိုက်ချင်နဲ့လိုက်လာခဲ့တာပေါ့ဗျာ။ ကျုပ်အရှေ့ရောက်တော့ ကျုပ်ကိုမျက်နှာလွှဲပြီးမတ်တပ်ရပ်နေတယ်၊ ကိုထွန်းက ကျုပ်ကိုကြည့်ရင်း

 

“မမကြီးရောက်ပါပြီဆရာကြီး”

 

“မမကြီး၊ သီတာ့ကို ခင်ဗျားကယ်မှရမှာ”

 

မမကြိးက ကျုပ်ကိုကြည့်ပြီး

 

“ကျွန်မက ဆရာဝန်လည်းမဟုတ်ဘူး၊ ရှင့်လိုဘိုးတော်လည်းမဟုတ်ဘူး၊ ကျွန်မက ဘယ်လိုလုပ်ပြီး ကယ်တတ်မှာလဲရှင်”

 

“အဲဒါကိုပြောတာမဟုတ်ပါဘူး၊ ခင်ဗျားက သီတာနဲ့နဖူးကိုကိုင်ပြီးတော့ သီတာ့ကိုခွင့်လွတ်ပါတယ်ဆိုပြီး ပြောပေးရုံပါပဲ”

 

ကိုထွန်းက မမကြီးကိုတစ်ချက်လှမ်းကြည့်တယ်၊ မမကြီးကလည်း တအံ့တသြနဲ့။

 

“ငါက ဘာတွေလုပ်ခဲ့လို့လဲ၊ သူက ငါ့ကိုဘာတွေမှားခဲ့လို့ ငါကခွင့်လွှတ်ရမှာလဲ”

 

“အဲဒါတော့ ခင်ဗျားအသိဆုံးပဲဖြစ်မှာပေါ့ မမကြီးရာ”

 

ကျုပ်ပြောတော့ ကိုထွန်းက မမကြိးကိုကြည့်ရင်း

 

“မမကြီးရာ၊ မမကြီးက သီတာနဲ့ကျုပ်ကို သဘောမတူဘူးဆိုတာ ကျုပ်သိပါတယ်၊ သဘောမတူတဲ့ကြားက ကျုပ်က လုပ်မိလုပ်ရာလုပ်ခဲ့တဲ့အဆုံး မျက်နှာမပျက်ချင်လို့ ပေးစားခဲ့တာကို ကျုပ်လက်ခံပါတယ်၊ ဒါပေမယ့် သီတာ့ကိုတော့ ဒီလိုမလုပ်သင့်ပါဘူးဗျာ”

 

မမကြိးက မျက်နှာပျက်သွားပြီးတော့

 

“မင်းဘာတွေပြောနေတာလဲ ငထွန်း”

 

“မမကြီးနဲ့ သီတာနဲ့ကြားထဲမှာ ဆက်ဆံရေးအဖုအထစ်လေးတွေရှိတယ်ဆိုတာ ကျုပ်နားလည်ပါတယ်မမကြီးရာ၊ ဒါပေမယ့် အခုက သေရေးရှင်ရေးမဟုတ်လား၊ ပြီးတော့ လူတစ်ယောက်တည်းရဲ့အသက်လည်းမဟုတ်ဘူးဗျ၊ သီတာရဲ့အသက်ရယ်၊ သီတာရဲ့ဗိုက်ထဲက ကျုပ်ရင်သွေးလေးရဲ့အသက်ရယ်မဟုတ်လား၊ လူနှစ်ယောက်ရဲ့ အသက်ကိုတော့ မမကြီးဒီလိုမလုပ်သင့်ပါဘူးဗျာ၊ တကယ်လို့ သီတာသေသွားမယ်ဆိုရင် ကျုပ်လည်း ဒီလူ့လောကမှာ ဆက်မနေတော့ဘူးဗျာ၊ ကျုပ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မယ်”

 

ဒီတော့မှ မမကြီးက ငိုတော့တယ်။

 

“မလုပ်ပါနဲ့ငထွန်းရယ်၊ ဒါတွေအားလုံးက ငါ့အမှားပါ၊ အားလုံးက ငါ့အမှားတွေပါ၊ တကယ်ဆိုရင် သီတာလို လမ်းဘေးဈေးသည်မျိုးနဲ့ ငါ့မောင်နဲ့ကို သဘောမတူခဲ့ဘူး၊ သီတာသေပါစေလို့ ငါအမြဲဆုတောင်းနေခဲ့တာ၊ အခု ငါ့ဆုတောင်းတွေပြည့်သွားတာများလား”

 

ဒီတော့မှ ကျုပ်ကကြားဝင်လိုက်ပြီး

 

“အထင်မလွဲပါနဲ့ ကိုထွန်းရာ၊ တကယ်တော့ မမကြီးက ဘာမှထွေထွေထူးထူးလုပ်ခဲ့တာမဟုတ်ပါဘူး၊ ခင်ဗျားတို့ယုံချင်မှယုံလိမ့်မယ်၊ မမကြီးနဲ့ ခင်ဗျားရဲ့မိန်းမသီတာနဲ့က အတိတ်ဘဝကာလတစ်ခုတုန်းက တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးရှိပြီး သေကြောင်းကြံခဲ့ဖူးတယ်၊ အဲဒီအဖြစ်ကြောင့် သီတာက အဲဒီဝဋ်ကြွေးကို ခံစားနေရတာပါပဲ၊ တကယ်လို့ မမကြီးကသာ သီတာကိုခွင့်လွှတ်လိုက်မယ်ဆိုရင် ဒီရန်ငြိုးတွေက ဒီဘဝမှာပြေသွားမယ်လို့ ကျုပ်ယုံကြည်တယ်”

 

မမကြီးက ခေါင်းညိတ်ရင်း

 

“ခွင့်လွတ်ပါတယ်ကွယ်၊ အတိတ်ဘဝက ဘာတွေဖြစ်မှန်းမသိခဲ့ပေမယ့် အခုအချိန် ငါခွင့်လွှတ်လိုက်လို့ သီတာအသက်ရှင်မယ်ဆိုရင် ငါခွင့်လွတ်ပြီးသားပါကွယ်”

 

ဒါနဲ့ကျုပ်လည်း မမကြိးကို မီးနေခန်းထဲခေါ်သွားလိုက်တော့တယ်၊ မမကြီးကို သီတာရဲ့နဖူးကိုလက်ဝါးနဲ့အုပ်ကိုင်ခိုင်းပြီး ခွင့်လွှတ်ပါတယ်လို့ ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲပြောခိုင်းရတာပဲဗျာ၊

 

“သီတာ၊ ယောက်မလေး၊ မမကြီးနဲ့ ယောက်မလေးကြားမှာ အရင်အတိတ်ဘဝတွေက ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘာရန်ငြိုးတွေပဲ ရှိခဲ့ရှိခဲ့ မမကြီးက ဗွေမယူတော့ပါဘူးကွယ်၊ ငါ့ယောက်မလေးကို မမကြီးခွင့်လွတ်ပါတယ်”

 

မမကြီးက မျက်ရည်စက်လက်ကျပြီးပြောနေတုန်း သီတာရဲ့မျက်လုံးတွေက လှုပ်လာတယ်ဗျ၊ နောက်တော့ မျက်ခွံတွေကိုတဖြည်းဖြည်းချင်းဖွင့်လိုက်တယ်၊ သူ့ကိုငုံ့ကြည့်နေတဲ့ မမကြီးကိုကြည့်ရင်း

 

“မ . . . မမကြီး”

 

လို့ ခပ်ဖျော့ဖျော့ခေါ်လိုက်တယ်ဗျ၊ ဝမ်းဆွဲလက်သည်အဒေါ်ကြီးတွေဆိုရင် အံ့သြလွန်းလို့ ထအော်ကြတဲ့အထိပါပဲဗျာ၊ အပြင်က ကိုထွန်းတို့လည်း အော်နေကြတယ်၊ ကျုပ်ထွက်သွားတော့ ကိုထွန်းက ကျုပ်လက်ကိုပြေးဆွဲပြီးတော့

 

“ဘယ်လိုဖြစ်သွားပြီလဲဆရာကြီး”

 

“သီတာ သတိပြန်လည်လာပြီဆိုတော့ တစ်ဆင့်တော့အောင်သွားပြီ၊ နောက်တစ်ဆင့်ကတော့ ကလေးမြန်မြန်မွေးဖို့ပဲဗျာ”

 

ကိုထွန်းတစ်ယောက် ထခုန်မတတ်ဝမ်းသာသွားတယ်ဗျ၊ သီတာနိုးလာပြီဆိုတော့ ဝမ်းဆွဲလက်သည်တွေ အလုပ်များကုန်တာပေါ့ဗျာ၊ သီတာက အခန်းထဲကနေ အော်သဗျ။

 

“အား၊ ဗိုက်နာလိုက်တာ၊ ကလေး . . . ကလေးမွေးချင်ပြီထင်တယ်”

 

သီတာကို ကလေးမွေးဖို့လုပ်ကြပါရောဗျာ။ အောက်ထပ်က ဆရာဝန်နဲ့သူနာပြုတောင်မှ ပြေးတက်လာကြတယ်။

 

“သီတာ၊ ညှစ်ထား၊ ညှစ်ထား၊ အဒေါ်ကြီးတို့ အပေါ်ကနေဝိုင်းတွန်းပေးမယ်”

 

သီတာက အသံကုန်အော်ဟစ်ပြီး ညှစ်ပေမယ့် ဆယ်မိနစ်လောက်ကြာတဲ့အထိ ကလေးက မထွက်လာသေးဘူးဗျ၊ သီတာလည်း မောလို့ထင်ပါရဲ့ဗျာ၊ တစ်ချက်ငြိမ်ကျသွားတယ်၊ သီတာရဲ့ရင်ဘတ်က ဖားဖိုကြီးလို ပိန်လိုက်ဖောင်းလိုက်ဖြစ်နေသဗျ၊ ခုနက ပျော်နေတဲ့ကိုထွန်းတစ်ယောက် အခုတော့မပျော်နိုင်ဘဲ အတော်ပူပန်နေတယ်ဗျာ။ ကျုပ်လက်ကိုဆွဲပြီး

 

“လုပ်ပါအုံးဆရာကြီးရာ၊ သီတာကိုကယ်ပါအုံးဗျ”

 

ကျုပ်လည်းစဉ်းစားရတော့တယ်။

 

“အင်း၊ အရင်ဘဝက ရန်ငြိုးကြေသွားတယ်ဆိုပေမယ့် မကောင်းတဲ့အကုသိုလ်တွေရဲ့အဟုန်ကြောင့် အပိတ်ဓါတ်တွေကိန်းအောင်းနေသေးတာပဲ၊ ဟုတ်ပြီ၊ အပိတ်၊ အပိတ်ဓါတ်တွေကို အကုန်ဖွင့်ပေးရမယ်”

 

ကျုပ်ရေရွတ်ရင်း အော်လိုက်မိတယ်။

 

“အပိတ်ဓါတ်တွေကို အကုန်ဖွင့်ပေးရမယ် ကိုထွန်း”

 

ကိုထွန်းက ကျုပ်ကိုတအံ့တသြနဲ့ကြည့်နေတယ်ဗျ၊ ဒီအချိန်ဦးဖိုးထူးက ဘာမပြောညာမပြောနဲ့ ပြေးသွားပြီးတော့ အိမ်ပေါ်ထပ်က ပိတ်ထားတဲ့ပြတင်းပေါက်ကို ပြေးဖွင့်လိုက်ပါရောဗျာ။

 

“ဟုတ်ပြီဗျ၊ ပိတ်နေတာတွေကိုဖွင့်ရမယ်၊ အိမ်မှာရှိတဲ့ ပိတ်ထားတဲ့ပြတင်းပေါက်တွေ၊ တံခါးကိုတွေကို အကုန်ဖွင့်ဗျာ”

 

ကိုထွန်းနဲ့ မောင်မျိုးက အပြေးအလွှားနဲ့ ပြတင်းပေါက်တွေကိုလိုက်ဖွင့်တော့တာပဲဗျာ၊ အိမ်ဖော်လေးတွေလည်း မနေရပါဘူး၊ တစ်အိမ်လုံးမှာရှိတဲ့ တံခါးတွေကို လိုက်ဖွင့်ကြပါရော၊ တံခါးတွေဖွင့်ပြီး သိပ်မကြာခင်မှာပဲ မီးနေခန်းထဲက အော်သံတွေကြားတယ်။

 

“ဟော၊ ဟော ရေမွှာပေါက်သွားပြီထင်တယ် ရေတွေထွက်လာပြီ”

 

ကျုပ်လည်း ကိုထွန်းတို့ကိုကြည့်လိုက်ပြီး

 

“အပွင့်ဓါတ်တွေတော့ စလာပြီဗျာ၊ ကဲ ဒီတစ်ခါတော့ တံခါးတင်မဟုတ်ဘဲ တခြားပိတ်ထားတဲ့အရာတွေအကုန်လိုက်ဖွင့်ရမယ်ဗျ”

 

ဦးဖိုးထူးက အနားက ခုံကလေးတစ်ခုဆီကိုသွားလိုက်ပြီးတော့ ခုံကလေးမှာတပ်ထားတဲ့ အံဆွဲတွေကိုဆွဲဖွင့်တယ်ဗျ၊ ကိုထွန်းကလည်း ဘီရိုတံခါးတွေကိုပြေးဖွင့်တယ်၊ မောင်မျိုးက

 

“ဟာ၊ သေတ္တာတွေကလည်း အဖုံးပိတ်ထားတာမဟုတ်လား၊ ဒါတွေအကုန်ဖွင့်ရမယ်ထင်တယ်”

 

အိမ်မှာရှိသမျှ သေတ္တာတွေကိုလည်း လိုက်ဖွင့်ကြတယ်ဗျ၊ ဒီလိုနဲ့ ပိတ်ထားတဲ့အရာတွေဖြစ်တဲ့ စဉ့်အိုးတွေ၊ ဆန်အိုး၊ ဆီအိုး၊ ဒန်အိုး၊ ဟင်းအိုးပါမကျန် ယုတ်စွအဆုံး သောက်ရေအိုးအဖုံးကိုပါဖွင့်လိုက်ကြပါတော့တယ်ဗျာ၊ တစ်အိမ်လုံးကလူတွေလည်း ဖတ်ဖတ်ကိုမောနေရောဗျို့၊ အားလုံးလည်းဖွင့်ပြီးရော ကျုပ်က ရေတစ်ခွက်ယူလိုက်ပြီး အင်္ဂုလိမာလသုတ်ကို သုံးလေးခေါက်ရွတ်ပြီးတော့ သီတာကိုလည်းတိုက်၊ သူ့ဗိုက်ကိုလည်း အထက်ကနေအောက်ကို ပွတ်သပ်ချပေးလိုက်တယ်ဆိုရင်ပဲ ကလေးက လျောလျောလျူလျူနဲ့ မွေးလာပါရောဗျာ။

 

“မွေးပြီတော့၊ မိန်းကလေး၊ မိန်းကလေးတော့”

 

ကလေးမွေးပြီဆိုမှ အားလုံးပျော်နိုင်ကြတော့တယ်ဗျာ၊ ကျုပ်လည်းတော်တော်မောပန်းနေပြီပေါ့၊ ကိုထွန်းဆိုရင် ကျုပ်ခြေဖမိုးကို သူ့နဖူးထိပြီးတော့ ဖင်ပူးတောင်းထောင်ပြီး အကြိမ်မရေမတွက်နိုင်လောက်အောင် ကန်တော့တာပဲဗျာ၊

 

“ဆရာကြီးအောင်ရှိန်ရဲ့ ပညာစွမ်းကို ကျွန်တော်မလေးစားပဲ မနေနိုင်ပါဘူးဗျာ”

 

နောက်ဆုံးတော့ မမကြီးလည်း ကျုပ်ကိုယုံသွားတဲ့အပြင် ဆရာဝန်နဲ့သူနာပြုတောင်မှ ကျုပ်ကိုမော့ပြီး အထင်တကြီးနဲ့ကြည့်ကြတယ်ဗျ၊

 

“ဆရာကြီးအောင်ရှိန် ကျွန်တော်တို့အိမ်မှာ နေပါအုံးဗျာ၊ ကျွန်တော် ကျေးဇူးဆပ်ချင်လို့ပါ”

 

ကျုပ်လည်း ခေါင်းခါပြလိုက်ရတယ်။

 

“မရလို့ပါကိုထွန်းရာ၊ ကျုပ်တို့လည်း အရေးတကြီးသွားစရာခရီးတစ်ခုရှိနေသေးလို့ပါ၊ ကျုပ်တို့ပြည်မြို့ကို အမြန်ဆုံးသွားရမယ် ကိုထွန်းရေ”

 

ကိုထွန်းက နှမြောနေတဲ့ပုံပဲဗျ။

 

“ဒါဆိုရင်လည်း တစ်ချိန်ကျရင် ကျုပ်တို့ဆီကိုပြန်လာခဲ့ပါဆရာကြီးရာ၊ ဆရာကြီးကို ကျုပ်တို့တစ်မိသားစုလုံးက အမြဲကြိုဆိုနေမှာပါ”

 

“ကောင်းပါပြီကိုထွန်းရာ”

 

ကိုထွန်းက ပိုက်ဆံတွေအစည်းလိုက်ယူလာပြီးတော့

 

“ဆရာကြီးရဲ့ပညာအတွက် ကျွန်တော်ကန်တော့တာကိုလက်ခံပေးပါဆရာကြီးရာ”

 

ကျုပ်လည်း ခေါင်းခါပြီး ငြင်းရတော့တယ်။

 

“ကျုပ်ကူညီတယ်ဆိုတာ ဘာကိုမှမျှော်လင့်လို့မဟုတ်ပါဘူးကိုထွန်းရာ၊ လူ့အသက်ကိုကယ်ခဲ့ရတယ်ဆိုတဲ့ ဒါနနဲ့တင် ကျုပ်ကျေနပ်နေပါပြီ၊ ဒီငွေတွေကို ကျုပ်လက်မခံပါရစေနဲ့”

 

ကျုပ်ငြင်းပေမယ့် ဦးဖိုးထူးကတော့ ငွေထုပ်ကြီးကိုအသာလှမ်းယူတယ်ဗျ။ ကျုပ်လည်း ဦးဖိုးထူးကိုလှည့်ကြည့်လိုက်တယ်၊ ဦးဖိုးထူးက ပြုံးရင်း

 

“မောင်ရှိန်ကလည်းကွာ၊ ငါတို့တွေခရီးဆက်ဖို့အများကြီးလိုသေးတယ်မဟုတ်လားကွ၊ ဒီတော့ လမ်းစရိတ်အဖြစ်နည်းနည်းပါးပါး ဆောင်ထားချင်လို့ပါကွ”

 

ကျုပ်လည်း ဘာမှမပြောတော့ပါဘူးဗျာ၊ ဦးဖိုးထူးက ငွေတစ်ထပ်ကြိးကို သူ့လွယ်အိတ်ထဲကို ထိုးထည့်လိုက်တယ်။

 

“မနက်ခင်း ခုနစ်နာရီလောက်ဆိုရင် ဧရာဝတီမြစ်ကို စုန်ဆင်းတဲ့ ရွှေနဒီသင်္ဘောကြီးဆိုက်ပါမယ် ဆရာကြီး၊ ဆရာကြီးတို့ အလျင်လိုနေတယ်ဆိုတော့ အဲဒီသင်္ဘောနဲ့လိုက်သွားရင် အဆင်ပြေနိုင်မှာပါ”

 

ကိုထွန်းပြောတော့ ကျုပ်လည်းခေါင်းညိတ်လိုက်မိတယ်၊ ဒီလိုနဲ့ ကိုထွန်းအိမ်မှာပဲ ရေမိုးချိုးပြီးတော့ ကိုထွန်းကလည်း အဝတ်အစားအသစ်တွေ ကျုပ်တို့ကိုဆင်ပေးလိုက်တာပေါ့ဗျာ၊ မနက်စာကိုလည်း ဖွယ်ဖွယ်ရာရာချက်ပြီး ရှယ်ကျွေးပါတယ်၊ မနက်စာစားပြီးတော့ ကိုထွန်းကိုယ်တိုင် ကျုပ်တို့ကို ဖိယက်ကားလေးနဲ့ ဆိပ်ကမ်းကိုလိုက်ပို့ပေးတယ်ဗျ၊ မနက်ခင်းနေရောင်ခြည်အောက်မှာ မြို့ကလေးက အသက်ဝင်နေပါပြီ၊ ဆိပ်ကမ်းဆိုရင်လည်း လူတွေစည်ကားနေပြီဗျ၊ ကျုပ်ဖြင့် ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကွေ့ကြီး စီးဆင်းလာတာကို ဘာရယ်မဟုတ်ဘဲ ငေးကြည့်နေမိတယ်၊ ဒီအချိန် ကျုပ်နားထဲ အော်သံတွေကြားရတယ်၊ နောက်ပြီးတော့ လင်းကွင်းသံတွေ၊ ဗုံသံတွေကိုလည်းကြားလိုက်ရတယ်။

 

အသံကြားတဲ့နေရာကိုလှမ်းကြည့်လိုက်တော့ ဆိပ်ကမ်းနဲ့ခပ်လှမ်းလှမ်း ရေထဲကအသံတွေဖြစ်နေတယ်ဗျ၊ ရေထဲမှာ လူတစ်ပိုင်းငါးတစ်ပိုင်းနဲ့ ရေသရဲကြီးတွေက ကခုန်နေကြတယ်၊ လင်းကွင်းတွေ၊ ဗုံတွေတီးနေကြပြီး တစ်ချို့ကောင်တွေကတော့ ဝါးဆစ်ပိုင်းတွေကို တဘတ်ဘတ်နဲ့ရိုက်နေကြသဗျာ၊ ဒီရေသရဲတွေကိုကြည့်ရင်း ကျုပ်လည်းတော်တော်စိတ်ဝင်စားမိသွားတာဗျ၊ ရေသရဲတွေက ကမ်းစပ်က မြို့ကိုကြည့်ပြီးတော့ ပျော်ရွှင်ပြီးကခုန်နေတယ်မဟုတ်လားဗျာ၊ ဆိပ်ကမ်းနားမှာလည်း အဲဒီလိုရေသရဲတွေအများကြီးပဲဗျ၊ ကျုပ်လည်း သိချင်တာနဲ့ သူတို့ဆီကိုလှမ်းအော်မေးကြည့်လိုက်တယ်၊

 

“ဟေ့လူတွေ၊ ခင်ဗျားတို့ဘာဖြစ်လို့ ပျော်နေကြတာလဲဗျ”

 

ငါးခေါင်းနဲ့ရေသရဲကြီးက

 

“ငါတို့ လူသားတွေစားရတော့မယ်ကွ၊ ဒါကြောင့် ပျော်ရွှင်ပြီးတော့ ကခုန်နေကြတာ”

 

“ဘယ်လိုဗျ၊ ဘယ်လိုဖြစ်လို့ လူသားတွေစားရမှာလဲ”

 

“နောက်ကိုးလကြာရင် ဒီကမ်းပါးကြီးပြိုကျမယ်လေ၊ မြို့တစ်ဝက်လောက် မြစ်ထဲပြိုကျလိမ့်မယ်၊ ဒီတော့ လူသားတွေအများကြီး စားရတော့မှာပေါ့”

 

ကျုပ်အတော်ကို တုန်လှုပ်သွားတယ်ဗျ၊ ဒီအချိန် ဦးဖိုးထူးက ကျုပ်ပခုံးကိုလာပုတ်ပါရောဗျာ၊ ကျုပ်ဖြင့် လန့်သွားတာပဲ၊ ရေထဲကိုကြည့်လိုက်တော့ ရေသရဲတွေတစ်ကောင်မှ မတွေ့ရတော့ဘူးဗျ၊ ကိုထွန်းက မြစ်ပြင်ကိုဖြတ်ပြီး ခုတ်မောင်းလာတဲ့ သင်္ဘောကြီးတစ်စီးကို လက်ညှိုးထိုးပြတယ်၊ သင်္ဘောဆိုပေမယ့် သစ်သားနဲ့ဆောက်ထားပြီးတော့ စက်တပ်ထားတဲ့ လှေအကြီးကြီးတစ်ခုပါပဲဗျာ။

 

“အဲဒါပေါ့ ရွှေနဒီသင်္ဘောဆိုတာ”

 

ကျုပ်လည်း ခေါင်းညိတ်ပြီး

 

“ဒါနဲ့ ကိုထွန်း၊ ဒီမြို့က မြစ်ကမ်းပါးမှာတည်ထားတာမဟုတ်လား”

 

ကိုထွန်းက ခေါင်းညိတ်ရင်း

 

“ဆရာကြီးအမြင်ပါပဲဗျာ၊ ကျွန်တော်တို့မြို့ကလေးစည်ကားတယ်ဆိုတာ ဟောဒီဆိပ်ကမ်းကြောင့်ပဲဗျ၊ ဈေးကလည်း ဆိပ်ကမ်းအနားမှာပဲ၊ ပြီးတော့ ဈေးဆိုင်တွေ၊ လူနေအိမ်တွေလည်း ဒီမြစ်ကမ်းဘေးနားတင် မေးတင်ပြီးဆောက်ထားကြတာမဟုတ်လားဗျာ၊ ကျွန်တော့်အိမ်နဲ့ ဆန်စက်ဆိုရင်တောင်မှ မြစ်ကမ်းဘေးကို ဖင်ပေးပြီး ဆောက်ထားတယ်မဟုတ်လား ဆရာကြီး”

 

“အေးဗျာ၊ ကျုပ်တစ်ခုတော့မှာလိုက်ချင်တယ်၊ ခင်ဗျားတို့ နောက်ကိုးလမတိုင်ခင် ဒီမြစ်ကမ်းဘေးကနေ လွတ်ရာမှာသွားနေကြဗျာ၊ ခင်ဗျားစည်းရုံးလို့ရသမျှ လူတွေကိုလည်း မြစ်ကမ်းဘေးကနေ ရွေ့ခိုင်းပါ၊ နောက်ကိုးလနေရင် တစ်ခုခုထူးတာဖြစ်လိမ့်မယ်ဗျ”

 

ကျုပ်ပြောတော့ ကိုထွန်းက ခေါင်းတညိတ်ညိတ်ပါပဲဗျာ၊ မကြာခင် ရွှေနဒီသင်္ဘောကြီး ဆိပ်ကမ်းကိုဆိုက်တော့ ကျုပ်တို့လည်း ကိုထွန်းကိုနှုတ်ဆက်ပြီး သင်္ဘောအပေါ်ကိုတက်ခဲ့တာပေါ့ဗျာ၊ ကုန်တွေ၊ လူတွေတင်ပြီးတော့ သင်္ဘောကြီးက ဧရာဝတီမြစ်ကြီးအတိုင်း အောက်ပြည်ဘက်ကို စုန်ဆင်းခုတ်မောင်းခဲ့တယ်ဆိုပါတော့ဗျာ။

 

ကျုပ်ပြောတဲ့အတိုင်းပဲဗျ၊ နောက်ကိုးလလောက်ကြာတော့ ကမ်းသာမြို့ကလေးက ဧရာဝတီမြစ်ထဲကို ပြိုကျသွားပါရောဗျာ၊ လူတွေအကုန်လုံးက ထူးဆန်းနေကြတာဗျ၊ မြစ်နဲ့နီးတဲ့ မြို့တစ်ခြမ်းလုံး ရေအောက်ကိုပြိုဆင်းသွားတယ်တဲ့ဗျာ၊ ပြိုဆင်းတာကလည်း မနက်သုံးနာရီဆိုတော့ လူတွေပါသွားတာလည်း မနည်းဘူးဆိုသဗျ၊ ကျုပ်ပြောတာကိုယုံတဲ့ ကိုထွန်းတို့ မိသားစုတွေကတော့ ဆန်စက်၊ ဆီစက်တွေကို မြစ်နဲ့ခပ်လှမ်းလှမ်း ကွင်းထဲမှာပြောင်းဆောက်လို့ ဘာမှကြီးကြီးမားမားမဆုံးရှုံးလိုက်ပေမယ့် ကိုထွန်းစကားကိုမယုံလို့ မပြောင်းရွှေ့ကြတဲ့လူတွေကျတော့ အသက်ပေးလိုက်ရတယ်ဆိုပါတော့ဗျာ၊ အဲဒီလိုဖြစ်ပြီးတော့ ကမ်းသာမြို့ကလေးမှာ နေတဲ့လူမရှိဘဲ မြို့ကောသွားတာ အခုဆိုရင် ကမ်းသာမြို့ဆိုတာ ရှိတောင်မရှိတော့ပါဘူးဗျာ၊ ပြိုကျသွားတဲ့ ကမ်းနေရာကြီးကလည်း သရဲသိပ်ခြောက်တယ်ဆိုပဲဗျာ၊ ညညဆိုရင် အော်သံတွေ၊ ငိုသံတွေနဲ့ပွက်လောရိုက်နေလို့ ဘယ်သူမှမနေရဲတော့ဘဲ မြို့ပျက်ကြီးတစ်ခုဖြစ်သွားပါလေရာ။

 

ကိုထွန်းကတော့ မသီတာနဲ့ ကလေးငါးယောက်တောင်ထပ်ရတယ်ဆိုပဲဗျ၊ ကျုပ်မွေးပေးခဲ့တာကတော့ သမီးအကြီးဆုံးပေါ့ဗျာ၊ တစ်အိမ်လုံးက ပိတ်ထားတာတွေကို ဖွင့်ခဲ့ရတဲ့အထိမ်းအမှတ်အနေနဲ့ ကလေးရဲ့နာမည်ကို မိပွင့်လို့ခေါ်ကြတယ်ဆိုပဲဗျာ။

 

ပြီးပါပြီ။

 

ရွင်လန်းချမ်းမြေ့ပါစေ