ဘီလူးစောင့်တဲ့အင်း

ဝင်ခဲ့လေဗျာ။ကျုပ်ဒီမှာ
မန်ကျည်းရွက် ခူးလို့ဗျ။
“သြော် …အေး အေး”
ကိုလူတော်က ဝိုင်းထဲဝင်လာပြီးတော့ အိမ်ပေါ်တက်
သွားတယ်။အမေနဲ့ စကားပြောနေတယ်ဗျ။
ကိုလူတော်ဆိုတာ မနှစ်က ဆုံးသွားတဲ့ ကျုပ်သူငယ်ချင်း
လူကျော်ရဲ့ အစ်ကိုကြီးလေဗျာ။ကျုပ်ရေးခဲ့တဲ့
တိုက်နွားဆိုတဲ့ ဝတ္ထုမှာ ရှာဖတ်ကြည့်ဗျာ။
အဲဒီညကဆိုရင် ကျုပ်မှာသူငယ်ချင်း လူကျော်
သေသွားလို့ ဝမ်းနည်းနေတာကတစ်မျိုး ။တိုက်နွား
ကြီးက နောက်ထပ်ရွာသားတွေကို သတ်မှာ
စိုးရိမ်လို့ မဖဲဝါနဲ့ နှစ်ယောက်ပေါင်းပြီး ချည်မန်း
ကွင်းစွပ်ရတာက တစ်မျိုးနှင့် လှုပ်တောင် မလှုပ်နိုင်တော့
ပါဘူးဗျာ။
အမေ့အတွက် မန်ကျည်းရွက်တွေ ခူးပြီးတာနဲ့
ကျုပ်လည်း မန်ကျည်းပင်ပေါ်က ဆင်းခဲ့တယ်။
ပြီးတော့ အိမ်ပေါ်ကိုတက်ပြီး ခါးပိုက်ထောင်ထဲက
မန်ကျည်းရွက်တွေကို အမေ့စကောထဲကို
ထည့်ပေးလိုက်တယ်။
“ကဲ … ကဲ လူတော်ရေ နင့်ညီ တာတေနဲ့စကားပြောကြဦး
အရီး ဟင်းအိုးလေး တည်လိုက်ဦးမယ် နင်ဘိုးဥာဏ်
တော့ တောင်ပိုင်းကို သွားတယ်”
ကျုပ်က ကိုကြီးလူတော်နဲ့ မျက်နှာချင်းဆိုင်
တန်းလျားမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့
နဂါးဆေးလိပ်တစ်လိပ်ကို ဓနုဖြူဒေါ်ရီ ကြေးမီးကလေး
ခတ်ပြီး မီးညှိလိုက်တယ်။မီးညှိပြီးသား ဆေးပေါ့လိပ်ကို
ကိုကြီးလူတော်ကို ကမ်းပေးလိုက်တယ်။
ပြီးမှ ကျုပ်က သောက်လက်စ နဂါးဆေးပေါ့လိပ်
တိုလေးကို မီးညှိပြီး ဖွာလိုက်တယ်။
“တာတေ မင်းကတော့ နဂါးဆိုမှ နဂါးပဲနော်
တခြားဘာဆေးလိပ်မှ မသောက်ဘူးလား”
“မသောက်ပါဘူးဗျ ကိုကြီးလူတော်ရေ
ပြောင်းသောက်ရင်လည်းချောင်းဆိုးလို့ဗျ”
“အေး …ဒါတော့ ဟုတ်တယ်ကွ ဆေးလိပ်ပြောင်းသောက်ရင်
ချောင်းဆိုးတတ်တယ်”
“နို့ ကိုကြီးလူတော် ကျုပ်ဆီကို အလည်လာတာလားဗျ”
မေးသာမေးရတာပါဗျာ။ကိုကြီးလူတော်က ကျုပ်
သူငယ်ချင်း မဟုတ်တာ အသက်လေးဆယ်ကျော်
လောက်ရှိပြီလေ။
“မဟုတ်ဘူး တာတေရ။ငါ့မှာ ထူးဆန်းတဲ့ ပစ္စည်းတစ်ခု
ရထားလို့ မင်းကို လာပြတာ ပြီးတော့ မင်းနဲ့လည်း
တိုင်ပင်ချင်လို့ကွ”
ကိုကြီးလူတော်ပြောတဲ့ ကိစ္စကို ကျုပ်တော်တော်
စိတ်ဝင်းစားသွားတယ်ဗျ။
“ဘာပစ္စည်းများတုံး ကိုကြီးလူတော်ရဲ့”
ကိုကြီး လူတော်က သူ့အင်္ကျီအိတ်ကပ်ထဲက
လက်နှိုက်ပြီး ယူလိုက်တယ် မျဉ်းကြောင်းပါတဲ့
ကျောင်းသုံးဗလာစာအုပ်ထဲက ဗလာစာအုပ်အလွတ်နဲ့
ထုတ်ထားတဲ့ အပြားလေးတစ်ခုဗျ။
ကိုကြီးလူတော်က ဗလာစာရွက်ကို ခပ်ဖြည်းဖြည်း
ဖြည်လိုက်တယ်…
“ဟာ …အင်းချပ်ပါလား”
ကျုပ်က ပြောလိုက်တာဗျ။ဗလာစာအုပ်ထဲမှာ
သပိတ်ကွဲနဲ့ ချထားတဲ့ အင်းဗျ။ကိုကြီးလူတော်က
ကျုပ်ကို အင်းချပ်ကလေး ထိုးပေးတယ်။ကျုပ်ကလည်း
စက္ကူနဲ့ပဲ ကိုင်ထားပြီး ကြည့်တာပါ။
တစ်ခါတလေကျတော့လည်း တိုက်ဆိုက်မှုတွေက
လွှတ်အံ့သြကောင်းတာဗျ။စောစောကလေးတင်
ကျုပ်က အင်းအကြောင်းတွေ တွေးနေတာလေဗျာ
အခု ကျုပ်လက်ထဲကို အင်းတစ်ချပ် ရောက်နေပါရောလား
ကျုပ်ကလည်း ဆရာကြီးတွေနဲ့သာ လိုက်ဖူးတာ
ဒီပညာတွေ ဘာမှတတ်တာ မဟုတ်ဘူးဗျ။
ကိုကြီး လူတော်ပြတဲ့ အင်းချပ်ကို ကြည့်သာ ကြည့်နေ
တာ ဘာမှသိတာ မဟုတ်ဘူးဗျို့။
“ကိုကြီးလူတော် ဒီအင်းကို ဘယ်သူ့ဆီက ရတာတုံး”
“ဘယ်သူ့ဆီကမှ ရတာမဟုတ်ဘူးကွ ဟိုတနေ့က
မြို့ကို နှမ်းအိတ်တွေ သွားရောင်းရင်း မြို့မှာ
ကောက်ရတာ တာတေရ မြို့ရောက်တုန်း ဘုရားဝင်
ဖူးသွားဦးမယ်ဆိုပြီး ဘုရားသွားဖူးတာဟေ့
နှမ်းဖိုးငွေတွေကလည်း နေ့လယ်မှ ရမယ်ဆိုတော့
အချိန်ရတာနဲ့ ဘုရားသွားဖူးတာ ဘုရားနားက
ညောင်ပင်ကြီးအောက်က ကောက်ရတာ”
“ဘယ်ဘုရားတုံးဗျ”
“ပြည်လုံးချမ်းသာဘုရားကြီးလေကွာ ဘုရားနားမှာ
ညောင်ပင်ကြီးတစ်ပင် ရှိပါကောလား အေး
အဲဒီညောင်ပင်အောက်က ကောက်ရတာကွ
ငါကလည်း အင်းတွေ ဘာတွေ နားလည်တာ
မဟုတ်ဘူးကွာ အိမ်ရောက်တော့လည်း ဘာရယ်
ညာရယ် မဟုတ်ပါဘူး ဒီစက္ကူလေးနဲ့ ထုတ်ပြီး
ဘုရားစင်အောက်မှ ချိတ်ထားတဲ့ ပရိတ်စာအုပ်တွေ
ဘုရားရှိခိုးစာအုပ်တွေ ထည့်ထားတဲ့ လွတ်အိတ်
ကလေးထဲ ထည့်ထားလိုက်တာပါကွာ”
“အင်း…ကောင်းသားပဲ အစွမ်းရှိတဲ့ အင်းဆိုရင်တော့လည်း
ထူးခြားမှုလေးတွေ ရှိလာမှာပေါ့ဗျာ”
“အေး တာတေရေ မင်းပြောတဲ့အတိုင်းပဲကွ
အခု ထူးခြားမှုတွေ ရှိလာလို့ မင်းဆီကို လာခဲ့တာဟေ့”
“ဗျာ…ထူးခြားတယ် ဟုတ်လား ကိုကြီးလူတော်
ဘာတွေများ ထူးခြားလို့တုံးဗျ”
ကျုပ်က အံ့သြတကြီး မေးလိုက်တော့ ကိုကြီးလူတော်က
ခေါင်းညိတ်ပြတယ်။ချက်ချင်းမပြောသေးပဲ နဂါးဆေးလိပ်
ကလေးကို နှစ်ဖွာ သုံးဖွ ဖွာနေတယ်
ပြီးတော့မှ ဆေးလိပ်ကလေးကို သစ်သားဆေးလိပ်ခွက်
လေးထဲမှာ ထည့်ထားလိုက်တယ်
“ဒီလိုကွ ဒီအင်း ငါ့အိမ်ကို ရောက်တာ တစ်ပတ်ပဲ
ရှိသေးတာ ငါ့ကို အိပ်မက်ပေးတာ နှစ်ခါရှိပြီကွ”
“ဗျာ …အင်းက ကိုကြီးလူတော်ကို အိပ်မက်ပေးတယ်
ဟုတ်လား”
“အေး ဟုတ်တယ် တာတေ အိပ်မက်ဆိုပေမယ့်လည်း
ဘာမှမြင်ရတာ မဟုတ်ပါဘူးကွာ အသံပဲ ကြားရတာ
အိပ်မက်ထဲမှာ အသံပဲ ကြားရတာကွ”
“ဟင် …ဘာသံကြားရလို့တုံး”
“မင်းနဲ့ ငါ မိတ်ဆွေ ဖွဲ့ချင်တယ်ဆိုရင် ကြက်သွေးကို
ကြေးခွက်မှာထည့်ပြီး ငါ့ကိုတိုက်ပါ အိမ်ထဲမှာ
မတိုက်နဲ့ အိမ်ပြင်မှာတိုက်တဲ့”
“ဟာ…ကိုကြီးလူတော် တိုက်လိုက်ရောလား”
“မဟုတ်ပါဘူး တာတေရ ဘာအိပ်မက်မှန်းမှ မသိတာ”
“ဒါ ပထမ မက်တဲ့ အိပ်မက်ပေါ့ ဟုတ်လား ကိုကြီး
လူတော် နောက်တစ်ခါမက်တဲ့ အိပ်မက်ကရောဗျ”
“နောက်တစ်ခါလည်း အသံအိပ်မက်ပဲ မက်တာကွ
အိပ်မက်ထဲမှာ ကြားရတဲ့အသံက ပြောသကွ
“လူတော် မင်းက နာမည်သာ တော်တာ တကယ်က
လူညံ့ပဲ ငါက ငါ့ကို မိတ်ဆွေဖွဲ့ရင် မင်းကို နေ့ချင်း ညချင်း
ချမ်းသာအောင် လုပ်ပေးမလို့ ပြောတာကွ ငါက
မင်းကောက်ရလာတဲ့ အင်းရဲ့ အင်းစောင့်နတ်ကွ
လူတော်ရဲ့ ညံ့ပ့ါကွာ”ပြောတယ်ဟေ့ မင်းသိတဲ့အတိုင်း
ငါက ဆင်းရဲတယ်လေကွာ အိမ်ထောင်ကျပြီးတော့
ယောက္ခမပေးတဲ့ ယာကွက်ကလေးရယ်
အဘပေးတဲ့ ယာကွက်ကလေးရယ်ပဲ ငါ့မှာရှိတာ
မင်းသိပါတယ် တာတေရာ ငါလည်း လူတစ်ယောက်ပဲလေ
ချမ်းသာချင်တာပေါ့ကွာ အင်းစောင့်ကြီးက
ငါ့ကို ကြက်သွေးတိုက်ပြီး သူနဲ့ မိတ်ဖွဲ့လိုက်ရင်
ငါကို ချမ်းသာအောင် လုပ်ပေးမယ်လို့ ပြောနေတယ်
ဆိုတော့ ငါ သူနဲ့ မိတ်ဖွဲ့ တော့မယ်လို့ ဆုံးဖြတ်
လိုက်တယ်”
“ဗျာ”
“အေး…ဟုတ်တယ် တာတေ ငါ ချမ်းသာချင်တယ်ကွာ
ငါ့သားမယာကိုလည်း ချမ်းချမ်းသာသာ ထားချင်တယ်”
ကိုကြီးလူတော်ဆိုတာ ကျုပ်သူငယ်ချင်း လူကျော်ရဲ့
အစ်ကိုလေ ကျုပ်အစ်ကိုကြီးဆိုလည်း မမှားဘူးပေါ့ဗျာ
လက်လွတ်စပယ် မပြောချင်ဘူး ကျုပ်တွေးနေတယ်
သေသေချာချာကို ကျုပ်တွေးတယ်။
“ဒီတော့ ကျုပ် ဘာလုပ်ပေးရတုံး ကိုကြီးလူတော်”
“အင်းစောင့်ကြီးကို ကြက်သွေးတိုက်ဖို့ မင်းလုပ်ပေးပါကွာ
ဒါပေမဲ့ မင်း ကြက် မသတ်ရပါဘူး ကြေးဖလားထဲကို
အဆင့်သင့် ထည့်ပေးပါမယ် မင်းက အင်းစောင့်ကြီးကို
ပင့်ပြီး သွေးတိုက်ပေးဖို့ပါ တာတေရာ”
ကျုပ် တစ်ခုတွေးလိုက်မိတယ်ဗျ။
“ကိုကြီးလူတော် ခဏလေးနေဦးဗျာ ကျုပ် လုပ်စရာ
တစ်ခုရှိလို့ ”
ကျုပ်က ဆေးလွယ်အိတ်ထဲက မျက်ကွင်းဆေးကို
ထုတ်ယူပြီး အမေ့ကျောက်ပြင်မှ သွေးပြီး ကွင်းလိုက်တယ်
ပြီးတော့ အိမ်ရှေ့ကို ပြန်ထွက်လာပြီး စားပွဲပေါ်မှာ
ချထားတဲ့ စက္ကူထဲက အင်းချပ်ကို ကျုပ် သေသေချာချာ
ကြည့်လိုက်တယ်။ အင်းက ဘာအင်းမှန်းတော့
မသိဘူးဗျ။ဒါပေမဲ့ အင်းပေါ်မှာ သန်လျက်ထမ်းပြီး
ထိုင်နေတဲ့ ဘီလူးရုပ်ကတော့ ဆွဲထားတာ တော်တော်ကို
ပီပြင်တာပဲဗျာ။ကျုပ်ဘီလူးရုပ်ကို သေသေချာချာ ကြည့်ပြီးေ
တာ့လန့်သွားတယ်ဗျို့။ကျုပ် လန့်သွားတာကို မြင်သွားတဲ့
ကိုကြီးလူတော်က ကျုပ်ကို ချက်ချင်းမေးရောဗျ။
“မင်း ဘာတွေ့လို့တုံး တာတေ”
“အင်းစောင့်ဘီလူးက လှုပ်နေတယ်ဗျ။မျက်တောင်လည်း
ခတ်နေတယ် ဒီအင်းဟာ ဘီလူးစောင့်တဲ့ အင်းအစစ်ပဲ
ကိုကြီးလူတော် ပြီးတော့ အင်းစောင့်က အသက်ဝင်
နေတယ် ”
“ဟာ…ဒါဆိုရင် ငါ့ကို အိပ်မက်ပေးတာ အမှန်ပေါ့ကွ တာတေ
ရ”
“ဟုတ်တယ် ကိုကြီးလူတော် ဒီဘီလူးက ကိုကြီးကို
အိပ်မက်ပေးတာ သေချာတယ်ဗျ”
“ဒါဆိုရင် သူကို သွေးတိုက်ဖို့ မင်းလုပ်ပေးမယ်မို့လား”
“အင်း လုပ်ပေးမှာပေါ့ဗျာ…ဒါထက် နေဦး ကိုကြီး
လူတော်ရဲ့ အင်းစောင့်ဘီလူးက ဘယ်နေ့မှာ တိုက်ပါလို့
ပြောတုံး ”
“အခု လာမယ့် လကွယ်နေ့ည သန်းခေါင်မှာ တိုက်ရ
မယ်လို့ ပြောတယ်ကွ တာတေရ”
“သြော်…အမှောင်ဆုံးညရဲ့ အမှောင်ဆုံးအချိန်ကြီးပါလား
ကိုကြီးလူတော်ရဲ့ အင်း …ဒါပေမဲ့ ဒီကနေ့ လဆုတ်
သုံးရက်ပဲ ရှိသေးတာ လိုပါသေးတယ်လေ ကျုပ်
ဒီကြားထဲမှာ တစ်ခုခုတော့ သိလာမှာပါလေ”
“အေး အေး ထူးခြားတာရှိရင်လည်း ငါကို ပြောဦးကွာ
တာတေရာ”
“ဟာ…စိတ်ချ စိတ်ချ ကျုပ်ပြောမယ် ကိုကြီးလူတော်
ကျုပ် တစ်ခုခု မပြောဘဲ ဘာမှမလုပ်နဲ့ဦးနော်”
“မလုပ်ပါဘူး တာတေရ ငါလည်း ဘာမှမလုပ်ရဲပါဘူးကွာ”
ကိုကြီးလူတော်က သူ့အင်းချပ်ကလေးကို စက္ကူနဲ့
ပြန်သွားတော့မှ ကျုပ်လည်း နဂါးဆေးပေါ့လိပ်
အသစ်တစ်လိပ်ညှိပြီး ဆေးလိပ်ဖွာရင်း တွေးလိုက်တယ်။
ဘီလူးစောင့်တဲ့ အင်းချပ်မှာ အင်းစောင့်ဘီလူး
အသက်ဝင်နေတာကို ကျုပ်တစ်ခါပဲ မြင်ဖူးတာဗျ။
ကျုပ်သိသလောက်တော့ အင်းစောင့်ဘီလူးက
ကိုကြီးလူတော်ကို ချမ်းသာအောင် လုပ်ပေးမယ်ဆိုတာ
ဒီအတိုင်းတော့ မဖြစ်နိုင်ဘူးဗျ။အပေးအယူ တစ်ခုခုတော့
ရှိလိမ့်မယ်ထင်တယ်။ အဲဒီနေ့က ကျုပ်လည်း အဘခိုင်းတဲ့
အလုပ်ကလေးတွေ လုပ်နေရတာနဲ့ ဒီအကြောင်းကို
ဆက်မတွေးဖြစ်ဘူးဗျ။ညရောက်တော့မှ မဖဲဝါရဲ့
ကိုယ်တူကိုယ်ခွဲ အရုပ်ကလေးကို လက်ထဲမှာ
ဆုပ်ထားပြီး ကျုပ် မဖဲဝါကို တိုင်တည်လိုက်တယ်။
“သင်္ချိုင်းရှင်မ မဖဲဝါ ကိုကြီးလူတော် ယူလာတဲ့
အင်းချပ်မှ အင်းစောင့်ဘီလူးက အသက်ဝင်နေတာကို
ကျုပ်ကိုယ်တိုင် တွေ့ရတယ် မဖဲဝါ အဲဒီကိစ္စကို ကျုပ်
သိချင်နေတယ် အင်းစောင့်ဘီလူးက သူကို သွေးတိုက်ပီး
မိတ်ဖွဲ့ရင်း နေ့ချင်းညချင်း ချမ်းသာအောင်
လုပ်ပေးမယ်လို့ ပြောတယ်ဗျ။ကျုပ် ဒီအကြောင်းကို
သေသေချာချာ သိချင်နေလို့ ပြောပြပါ မဖဲဝါ”
ကျုပ်က မဖဲဝါကို တိုင်တည်ပြီး မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို
ကျုပ်ခေါင်းအုံးအောက်မှာ ထားပြီး အိပ်လိုက်တယ်
အိပ်မက်ထဲမှာ ကျုပ်က ဆယ့်နှစ်ရာသီပန်းပင်ကြီးနားကို
ရောက်နေတာဗျ။တစ်ပင်လုံး ဝါထိန်နေအောင်
ပွင့်နေတဲ့ ဆယ့်နစ်ရာသီအဝါပင်ကြီးအောက်မှာ
မဖဲဝါက ကျုပ်အရွယ် ကောင်မလေးလို ဖန်ဆင်းပြီး
ကျုပ်ကိုပြတယ် နားရွက်အပေါ်မှာ ဆယ့်နစ်ရာသီ
အဝါပွင့်လေး ပန်ထားတယ် ပတ်ဝန်းကျင်မှာ အေး
စိမ့်နေတဲ့ လေတွေ တဝေါ ဝေါ တိုက်နေပေမယ့်
ဆယ့်နှစ်ရာသီပင်ကြီးကတော့ ငြိမ့်လို့ဗျ။
“တာတေ အဲဒီဘီလူးက လူ့ပြည်က ဘီလူးမဟုတ်ဘူး
စတုမဟာရာဇ်နတ်ပြည်က ဘီလူးဟဲ့ အဲဒီအင်းက
သိမ်ဝင်သပိတ်ကွဲအစစ်နဲ့ စီရင်တာ”
“သိမ်ဝင်သပိတ်ကွဲအစစ်ဆိုတာ ဘာတုံးမဖဲဝါ”
“ရဟန်းလောင်း သိမ်ဝင်နေတဲ့အချိန်မှာ ကမ္မဝါဖတ်နေတုန်း
ရဟန်းလောင်းရဲ့ သပိတ်က အင်ကြင်းတွေထပြီး
အလိုလို ကွဲသွားတာ အဲဒါ သိမ်ဝင်သပိတ်ကွဲအစစ်ပဲ
အင်းစီရင်တတ်တဲ့သူသာ အဲဒီသပိတ်ကွဲပေါ်မှာ
စီရင်လိုက်ရင် အင်းက အသက်ဝင်တယ်”
“သြော်…ဒီလိုကိုး”
“ဒါပေမဲ့ အခု နင်ပြောတဲ့ အင်းကို စီရင်တဲ့ဆရာက
ဆရာမှိုင်းတဲ့ သူစီရင်တဲ့အင်းက လာဘ်ခေါ်အင်း
နက္ခတ်အဝင်အထွက်ကလည်းမှန် အင်းကျိုး အင်းပေါက်
တာကလည်း မရှိတော့ အင်းက တန်းပြီး အသက်ဝင်
သွားတယ် ။ဒါပေမဲ့ အင်းစောင့်တဲ့ ဘီလူးက
စတုမဟာရာဇ်က ဘီလူးဖြစ်နေတာကို ဆရာမှိုင်း
မသိရှာဘူး နတ်မင်းကြီး မသိအောင် လူပြည့်ကို
တိတ်တိတ်ကလေး ရောက်နေတာ။ဆရာမှိုင်းကို နည်းမျိုးစုံနဲ့
ချမ်းသာအောင် လုပ်ပေးတယ် ဒါပေမဲ့ သုံးနှစ်ကြာတော့
ဆရာမှိုင်းရဲ့ တစ်ကိုယ်လုံးက သွေးတွေကို တစ်စက်
မကျန်အောင်စုပ်ယူလိုက်တယ် ဆရာမှိုင်းသေတော့
လည်ပင်းမှာဘီလူးစွယ်နှစ်ပေါက် တွေ့တယ်။ ဒါပေမဲ့
ဘာဖြစ်မှန်းမသိကြဘူး။
နတ်ဘီလူးစောင့်တဲ့အင်းက အင်းပျံဟဲ့
တာတေရဲ့ ပျံလို့ရတယ် ဆရာမှိုင်းသေတော့
ဘီလူးက အင်းပျံနဲ့ ပျံထွက်ပြီး နောက်တစ်ယောက်
ထပ်ရှာတယ်။စီးပွါးပျက်ပြီး ကိုယ့်ကိုယ်ကိုယ်
သတ်သေတော့မယ် လုပ်နေတဲ့ ကိုစဆိုတဲ့
လူလက်ထဲကို အင်းရသွားပြီး မိတ်ဖွဲ့ကြတယ်
ကိုစဆိုတဲ့လူလည်း ဘီလူးလုပ်ပေးလို့ နေ့ချင်းညချင်း
ချမ်းသာသွားတယ် ။ဒါပေမဲ့ သုံးနှစ်ကြာတော့
ဘီလူးက ကိုစရဲ့ တစ်ကိုယ်လုံးက သွေးတွေကို
တစ်စက်မကျန် စုပ်ယူပစ်လိုက်တယ်။ကိုစလည်း
သေတော့ လည်ပင်းမှာ ဘီလူးအစွယ်ရာနှစ်ပေါက်နဲ့
သေတာပဲ ဘာဖြစ်မှန်းကို လူတွေက မသိတာ
ဒီဘီလူး လူပြည့်ရောက်နေတာ လူ့သက်တမ်းနဲ့တွက်ရင်
ဆယ်နှစ်ရှိပြီး သူသွေးစုပ်ပြီး သတ်ခဲ့တဲ့လူ လေးယောက်
ရှိသွားပြီ အခု နင်ပြောတဲ့ အကောင်က ငါးယောက်မြောက်
အကောင်ပဲ သိပ်ချမ်းသာချင်တဲ့လူတွေ သေတာပေါ့
တာတေ လူ့လောကမှာ ဘီလူးကြောင့်ပဲ ချမ်းသာ ချမ်းသာ
နတ်ကြောင့်ပဲ ချမ်းသာ ချမ်းသာ သရဲတစ္ဆေကြောင့်ပဲ
ချမ်းသာ ချမ်းသာ ချမ်းသာရင် ပြီးရောဆိုတဲ့ကောင်တွေ
ဘီလူး သွေးဖောက်စုပ်တာ ခံကြရတာပေါ့ ”
“ဒါဆိုရင် ကိုကြီးလူတော်ကို ကျုပ်တားရမှာပေါ့မဖဲဝါ”
“နင် ဘာမှမစိုးရိမ်နဲ့ တာတေ နောက်နှစ်ရက်ကြာရင်
နင့်ဆရာကြီး ရောက်လာလိမ့်မယ်”
“ဘယ်သူတုံး မဖဲဝါ”
“ဘိုးလူပေလေ ကဝေပျံနဲ့စုန်းမရပြီး မွေးတဲ့လူလေ အထက်
ပုဂ္ဂိုလ်ကြီးတွေက သွေးကို ပြောင်းပြန်စီးခိုင်းလိုက်တော့
သူမတူအောင်စွမ်းတဲ့ ဆရာတစ်ဆူ ဖြစ်ခဲ့တာပေါ့ တာတေ”
“ဟာ…ဘိုးလူပေ ရောက်လာမယ် ဟုတ်လား မဖဲဝါ”
“ဟုတ်တယ် တာတေ ဒီဘီလူးကိစ္စကြောင့် ရောက်လာမှာ
အထက်ပုဂ္ဂိုလ်ကြီးတွေက သူ့ကို ခိုင်းလိုက်လို့
သူလာရမှာ ”
“ဝမ်းသာလိုက်တာ မဖဲဝါရယ် ကျေးဇူးပါပဲဗျာ”
“နင်ကတော့ ဘိုးလူပေကို ခါတိုင်းလိုပဲ လိုတာတွေ
ကူညီပေးရမှာပေါ့ တာတေ”
ကျုပ် အိပ်မက်ကနေ လန့်နိုးလာတော့ ဆရာတော့်
ကျောင်းက တုံးမောင်းတောင် ခေါက်နေပြီဗျ။
“တုံ တုံ တုံ တုံ တုံ”
ကျုပ်တို့ အညာသားတွေရဲ့ စည်းစိမ်ထဲမှာ မနက်စောစော
တုံးမောင်းခေါက်သံကို နားထောင်ရတာလည်း
စည်းစိမ်တစ်မျိုးပေါ့ဗျာ။ကျုပ်ဆရာကြီး ရောက်လာမယ်
ဆိုတော့ စိတ်ထဲ တော်တော်ပျော်နေတာဗျ။
ဒါပေမယ့် မိုးလင်းတာနဲ့ ကျုပ် ကိုကြီး လူတော်အိမ်ကို
သွားပြီး ကိုကြီးလူတော်ကို ခေါ်ထုတ်လာတယ်။
လမ်းရောက်တော့မှ ကျုပ်က မဖဲဝါ ပြောတာတွေကို
ကိုကြီးလူတော်ကို ပြန်ပြောပြလိုက်တယ်
ဒီတော့မှ ကိုကြီးလူတော်လည်း ကြောက်ပြီး အင်းချပ်
ကိုတောင် အိမ်မှာ မထားရဲအောင် ဖြစ်သွားရောဗျို့။
“ကိုကြီးလူတော် ဘာမှမကြောက်နဲ့ဗျ။လူစည်း ဘီလူး
စည်းဆိုတာ ဒီလောကကြီးမှာ ရှိတယ်။ကိုကြီးသာ
ကြက်သွေးတိုက်ပြီး မိတ်မဖွဲ့မချင်း သူဘာမှလုပ်လို့
မရဘူးဗျ။ပြီးတော့ သူချိန်းထားတဲ့ လကွယ်ည
သန်းခေါင်အထိ သူစောင့်နေမှာပဲ။ကိုကြီးလူတော်က
ဘာမှမပြောဘဲ ဒီအတိုင်းလေးသာ နေလိုက် နောက်တစ်
ရက် နှစ်ရက်ဆိုရင် ကျုပ်ဆရာကြီး ဘိုးလူပေ ရောက်လာ
လိမ့်မယ် ဘာမှမစိုးရိမ်နဲ့”
“ဟေ…ဘိုးလူပေ လာမယ် ဟုတ်လား ဝမ်းသာလိုက်တာ
တာတေရာ အေး ဒါဆိုရင် ငါမကြောက်တော့ဘူး
မင်းသာ လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးပါတော့ကွာ”
“စိတ်ချစမ်းပါ ကိုကြီးလူတော်ရာ ခင်ဗျားက ကျုပ်သူငယ်
ချင်း လူကျော်ရဲ့ အစ်ကိုကြီးလေဗျာ ဒီတော့ ကျုပ်
အစ်ကိုကြီးပဲပေါ့ ကိုကြီးလူတော်”
“အေးပါကွာ မင်းကို ငါ အားကိုးပါတယ် တာတေရယ်
မင်းသာ ဒီကိစ္စကို အခုလို မဖဲဝါဆီမှာ မေးမကြည့်ရင်
ငါဟာ လူ့ဘဝမှာ သုံးနှစ်ပဲ နေရတော့မှာ ပြီးရင်လည်း
ဘီလူးသွေးဖောက်စုပ်ခံရပြီး သေရမယ့်ကောင်လေ
မင်းကြောင့် ငါမသေတာပါ တာတေရာ”
ကျုပ် သေသေချာချာ ပြောဆိုပြီး အိမ်ပြန်လာခဲ့တယ်
မဖဲဝါ အိပ်မက်ထဲမှာ ကျုပ်ကိုပြောလိုက်တဲ့ အတိုင်းပါပဲဗျာ။
ဘိုးလူပေ နှစ်ရက်ကြာတော့ ရောက်လာတယ်။
ထုံးစံအတိုင်းပဲ။ဘန့်ဘွေးကုန်းပဲ တည်းတယ်။ကိုစံအေး
ကြီး ကျုပ်ကို လာခေါ်လို့ ဘန့်ဘွေးကုန်းကို လိုက်ခဲ့တော့
ဘိုးလူပေက ကျုပ်ကို ပြုံးပြုံးလေး ဆီးကြိုနေတယ်ဗျ။
ပြီးတာမှ ကျုပ်ကို ရယ်စရာပြောတယ်
“မောင်တာတေ မင်းဒို့ ရွာမှာ ထူးထူးခြားခြား ဧည့်သည်
ရောက်နေတယ်ဆို ”
“ဟုတ်ပါ့ ဆရာကြီးရယ် ကျုပ်ဖြင့် မျက်ကွင်းဆေး
ကွင်းပြီး အင်းချပ်ကို ကြည့်လိုက်တာ လန့်တောင်
သွားတယ်ဗျာ”
“ဟေ …ဟုတ်လား မောင်တာတေ ဘာမြင်ရလို့တုံး”
“အင်းစောင့်ဘီလူးက သန်လျင်ကြီးထမ်းလို့ဗျ။
လှုပ်နေတယ် ပြီးတော့ မျက်တောင်ခတ်တယ်”
“ဟေ…ဘယ်တော့မှ မျက်တောင် မခတ်တဲ့ ဘီလူးက
မျက်တောင်ခတ်ပြတယ်ဆိုတော့ သူအသက်ရှိကြောင်း
မောင်တာတေကို တမင်လုပ်ပြတာပေါ့ကွယ်
နို့ နေပါဦး မောင်တာတေရဲ့ မင်းတွေ့တဲ့ အင်းက
ဘယ်လိုအနေအထားမျိုးတုံး ”
“မဖဲဝါ ပြောတာတော့ ရဟန်းလောင်း သိမ်ဝင်တဲ့အချိန်မှာ
ကမ္မဝါဖတ်တုန်း အလိုလို ကွဲသွားတဲ့ သိမ်ဝင်သပိတ်ကွဲမှာ
စီရင်ထားတာတဲ့ ဆရာကြီး ကျုပ်တွေ့တာကတော့
အင်းကို အောက်ကချပြီးမှ ဘီလူး သန်လျင်ထမ်းပြီး
ထိုင်တဲ့ပုံကို အပေါ်က ဆွဲထားတာဗျ။
ဒီအင်းကို စီရင်တဲ့ ဆရာဟာ ပန်းချီပညာလည်း
တက်ပုံရတယ်ဗျ။သူဆွဲတဲ့ ဘီလူးပုံဟာ တော်တော်ကို
အချိုးကျတာပဲ ဆရာကြီးရဲ့”
ကျုပ်စကားကို ကြားတော့ ဘိုးလူပေက ပြုံးပြုံးကြီး
ကျုပ်ကို ကြည့်တယ်ဗျ။
“မောင်တာတေက အမှန်းအဆ တော်တော်ကို
တော်ပေတာပဲကွယ် မင်းပြောတာ ဟုတ်တယ်ကွဲ့
ဒီအင်းကို စီရင်တဲ့ ကိုမှိုင်းဆိုတဲ့လူက ပန်ချီဆရာကွဲ့
လေးဝါးလေးလည်း ကုတယ်။ဒါကြောင့် အင်းပေါ်မှာ
ဆွဲထားတဲ့ ဘီလူးပုံက မောင်တာတေ ပြောသလို
လက်ရာမြောက်နေတာကွဲ့ သိမ်ဝင်တဲ့အချိန်
သပိတ်အလိုလိုကွဲတယ်ဆိုတာ အင်မတန်မှ
ဖြစ်ခဲတာပဲကွယ် ။အဲဒီလိုဖြစ်ခဲ့ရင် ဒီသပိတ်ကွဲဟာ
မှော်ဝင်ပစ္စည်း ဖြစ်သွားရောကွဲ့ ကိုမှိုင်းဆိုတဲ့လူက
ဗေဒင်လေးကလည်းတတ် နက္ခတ်ကလေးကလည်း
နားလည် အင်းပညာလေးလည်းတတ်ဆိုတော့
နက္ခတ်ဖမ်းတာကလည်း မိသွားပြီး သူ့အင်းဟာ
တကယ့်ကို အသက်ဝင်သွားတာပေါ့ကွယ်
သူ့အင်းကို အစောင့်ချက်ချင်း ကပ်တော့တာပေါ့
ဒါပေမဲ့ ဒီအစောင့်က လူပြည်က အစောင့် မဟုတ်ဘဲ
စတုမဟာရာဇ်နတ်ပြည်က နတ်ဘီလူးက အလစ်ဝင်
လာပြီး သူ့အင်းကို ကပ်တော့တာကွဲ့ ဒါကို
ကိုမှိုင်း ဘယ်သိမှာတုံး သူ့အင်း စွမ်းတာပဲ
သူသိသွားတာ ဘီလူးကလည်း ဘီလူးဆိုးကွဲ့
သွေးအင်မတန်ဆာတဲ့ကောင် ကိုမှိုင်းကို ကြက်သွေး
်တိုက်ပြီး သူနဲ့ မိတ်ဖွဲ့ခိုင်းတယ် ကိုမှိုင်းကလည်း
ဘာပြောကောင်းမလဲ တစ်လတစ်ခါ လကွယ်ည
သန်းခေါင်တိုင်းမှာ ကြက်သွေးတိုက်တော့တာ
မောင်တာတေရဲ့ လူပဲလေ သိပ်ချမ်းသာချင်တာပေါ့ကွယ်
ဘီလူးကလည်း သူ့ကို စောင့်ရှောက်ပြီး လုပ်ပေးလိုက်
တာမှ ဆေးလေးဝါးလေး မတောက်တခေါက်နဲ့
ကုနေရာကနေ နာမည်ကျော် ဆရာကြီးကို
ထဖြစ်တော့တာဟေ့ ငွေတွေဆိုတာမှ ရလိုက်တာ
မောင်တာတေရယ် ပြီးရင် သေတ္တာထဲ ထည့်ထားတဲ့
ငွေတွေက ပွါးနေသေးတယ် တစ်နှစ်ကြာတော့
တိုက်ထဆောက်ထားတော့တာပေါ့ကွယ်
နောက်တစ်နှစ်ကြာတော့ မယားငယ်ယူတယ်
မယားကြီးကို တိုက်တစ်လုံး မယားငယ်ကို
တိုက်တစ်လုံး သူကတော့ အော်စတင်ကားလေးတစ်စီးနဲ့
မယားနှစ်ယောက်ကြား ဆောင်တော်ကူးလို့ပေါ့ကွယ်
သုံးနှစ်လည်းပြည့်ရော ဘီလူးက သူ့လည်ချောင်းကို
ကိုက်ဖောက်ပြီး တစ်ကိုယ်လုံးက သွေးတွေ
စုပ်သွားတော့တာပဲကွယ်”
“ဒီဘီလူးက တော်တော်ကို ဆိုးတာပါလား ဆရာကြီးရဲ့”
“ဟုတ်တယ် မောင်တာတေ စတုမဟာရာဇ်မှာကို
ဆိုးလွန်းလို့ နတ်မင်းကြီးတွေက သူ့ကို ပိတ်လှောင်
ထားတာ ဒါကို ဒီဘီလူးက ဘယ်လိုလွတ်လပ်တယ်
မသိပါဘူးကွယ့် လူပြည့်မှာ လာပြီး မွှေနေတော့တာကွဲ့
အခုတော့ အထက်ပုဂ္ဂိုလ်ကြီးတွေက နတ်မင်းကြီးလေးပါးကို
အကြောင်းကြားပြီပါပြီလေ ဒီဘီလူးကို ဖမ်းပြီး
နတ်မင်းကြီးတွေလက်ကို ပြန်အပ်ဖို့ ကျုပ်ကို
တာဝန်ပေးလိုက်ကြလို့ ကျုပ် ဒီကို ရောက်လာတာကွဲ့
ဆိုင်ရာပိုင်ရာတွေကို စုံစမ်းကြည့်လိုက်တော့
သူတို့တွေ ကျုပ်ကို ပြောကြတယ် ဘိုးလူပေ ရှာနေတဲ့
ဘီလူးက ဘိုးလူပေရဲ့ တပည့် ထနောင်းကုန်းက
တာတေ့ဆီမှာ ရောက်နေတယ်တဲ့”
ဘိုးလူပေက ကျုပ်ကို လှမ်းပြီးကြည့်လိုက်တယ်
“ကျုပ်ဆီ ရောက်လာတော့ မဟုတ်ပါဘူး ဆရာကြီးရယ်
ကျုပ်တို့ ရွာသား ကိုလူတော်ဆီကို ရောက်တာပါ
ကိုလူတော်က မြို့တက်ပြီး နှမ်းသွားရောင်းရင်းကနေ
ကောက်ရလာတာတဲ့ ဆရာကြီးရဲ့
အဲဒါ သူနားမလည်ဆိုပြီး ကျုပ်ကိုလာပြတာ
ကျုပ်က ဆေးကွင်းပြီး ကြည့်တော့ ဘီလူးအသက်
ရှိတာကို တန်းတွေ့သွားတာဗျ။ပြီးတော့ ကိုလူတော်က
ကျုပ်ကို လာပြီး အကူအညီတောင်းတာ
ဆရာကြီးရဲ့ ဘီလူးက သူ့ကို အိပ်မက်ပေးသတဲ့
သူ့ကို ကြက်သွေးတိုက်ပြီး မိတ်ဖွဲ့ဖို့ တဲ့ဗျ အဲဒါကို
ကိုကြီးလူတော်က သူ မတိုက်ဝံ့လို့ ကျုပ်ကို
တိုက်ပေးဖို့ လာပြောတာဗျ။ဒီမှာတင် ကျုပ်က
မဖဲဝါကို မေးကြည့်တာ ဆရာကြီးရဲ့
မဖဲဝါက ကျုပ်ကိုပြောတယ် နင် ဘာမှမစိုးရိမ်နဲ့
တာတေတဲ့ နင့်ဆရာကြီး ဘိုးလူပေ နောက်နှစ်ရက်ဆိုရင်
ရောက်လာလိမ့်မယ်တဲ့ဗျ”
“ဟား ဟား ဟား ဟား မောင်တာတေရယ် မင်းကတော့
တကယ့်လူပေပဲကွယ် ကျုပ်ရောက်လာမှာကိုတောင်
မင်းက ကြိုသိနေတာပါလား”
“ဟာ…ကျုပ်သိတာ မဟုတ်ပါဘူး ဆရာကြီးရဲ့
မဖဲဝါ သိတာပါဗျ”
“အေးလေကွယ် မဖဲဝါ သိတော့လည်း
မင်းသိတာပဲ မဟုတ်လား မောင်တာတေရဲ့”
“ဟုတ်တော့ ဟုတ်ပါတယ် ဆရာကြီး”
ဘိုးလူပေက တစ်ခုခုကို စဉ်းစားနေတယ်ဗျ
ပြီးတော့မှ ကျုပ်ကိုပြောတယ်။
“မောင်တာတေ ကျုပ်တို့တော့အခုလာမယ် လကွယ်
ညအထိ စောင့်ရတော့မယ် ဘာဖြစ်လို့တုံးဆိုတော့ ဒီဘီလူးက
လကွယ်ညရောက်မှ ထွက်မှာကွဲ့”
ကျုပ်က ရက်ကို တွက်ကြည့်တယ်။လကွယ်ဖို့က
လေးငါးရက်တော့ လိုသေးတာပဲ။
ဘီလူးတစ်ကောင်ကိုဖမ်းဖို့ ဆိုတာရော
လွယ်ပါ့မလား ပြီးတော့ ဖြစ်မှာက ကျုပ်တို့ရွာထဲမှာ။ ရွာထဲ
မှာများ အန္တရာယ်တွေ ကျမှာလားလို့ ကျုပ်တွေးနေမိတာဗျို့
။တွေးရင်းနဲ့ ကျုပ် တစ်ခု သတိရသွားတယ်ဗျ။
“သြော် …ဆရာကြီး လကွယ်ညရောက်ရင် ကိုလူတော်ကို
သွေးတိုက်ခိုင်းရဦးမှာလား”
ကျုပ်က ဆရာကြီး ဘိုးလူပေကို မေးလိုက်တယ်။ဘိုးလူပေက
ချက်ချင်းပဲ ပြန်ပြောတယ်။
“ဟာ…တိုက်ခိုင်းရမှာပေါ့ မောင်တာတေရဲ့ ဒါမှ ဘီလူးက
လွယ်လွယ်ထွက်လာတာမှာကွ ဘီလူးထွက်လာမှ ကျုပ်တို့က
အလုပ်လုပ်ရမှာလေကွယ်”
“သြော်…ဟုတ် ဟုတ်ကဲ့ပါ ဆရာကြီး ဒါဆိုရင်
ကိုလူတော်ကို ကျုပ် စီစဉ်စရာရှိတာ စီစဉ်ခိုင်းလိုက်ပါမယ်”
အဲ့ဒါနဲ့ ကျုပ် ထနောင်းကုန်းကို ပြန်လာခဲ့တယ် ကျုပ်ဝိုင်းထဲ
ဝင်လိုက်တာနဲ့…
“ဟော…ဟိုမှာ တာတေ ပြန်လာပြီ တာတေ ဒီမှာ
လူတော်က…နင့်ကို စောင့်လို့”
ကျုပ်က အိမ်ပေါ်တက်ခဲ့တယ် တန်းလျားမှာဝင်ထိုင်
လိုက်တာနဲ့ ကိုကြီးလူတော်က တန်းပြောတာဗျို့။
“တာတေရေ ငါတို့ အိမ်မှာတော့ ထူးထူးခြားခြားတွေ
ဖြစ်ကုန်ပြီဟေ့”
“ဟင်…ဘာဖြစ်လို့တုံးဗျ”
“ညက ငါ့မိန်းမရော ငါ့ကလေးနှစ်ယောက်ရော
လန့်ကြလို့ဟေ့”
“ဗျာ …လန့်တယ် ဟုတ်လား ကိုကြီးလူတော်”
“အေးလေ ပထမ အငယ်မက အိပ်နေရာကနေ
လန့်အော်တယ် ခဏနေတော့ အကြီးမကပါ
လန့်ပြန်ရောကွာ ဒါနဲ့ ငါက ကလေးနှစ်ယောက်ကို
ချော့မော့ပြီး ပြန်သိပ်ရတာပေါ့ကွာ
မနက်မိုးလင်းကာနီးတော့ ငါ့မိန်းမပါ လန့်အော်လို့ကွာ”
“ဟင်…ဘာကို လန့်ကြတာတုံးဗျ”
“ဘာရယ်လို့ကို မဟုတ်တာကွ တာတေရ
အိပ်ပျော်နေရင်းကနေ လန့်သွားပြီး အော်ကြတော့တာဟေ့”
“နို့ ခင်ဗျားရော မလန့်ဘူးလား ကိုကြီးလူတော်ရဲ့”
“ငါကတော့ မလန့်ဘူးကွ တာတေရ”
“အင်းစောင့်က လကွယ်ကာနီးလာလို့ သတိပေးတာနေ
မှာပါဗျာ ကိုကြီးလူတော် သူ့ကို ဘာပြောထားသေးတုံး”
“ဟေ့အေး…မင်းက ဘာမှမလုပ်နဲ့ ဆိုလို့ ငါ ဘာမှမလုပ်
ဘူးလေကွာ”
“သြော်…ကောင်းတယ် ကိုကြီးလူတော် ဘာမှမစိုးရိမ်နဲ့
တော့ဗျ။ကျုပ်ဆရာကြီး ဘိုးပေလည်း ရောက်နေပြီဗျ”
“ဟေ…ဆရာကြီး ဘိုးလူပေ နဲ့ ရောက်ပြီ ဟုတ်လား
ဟာ…အားရှိလိုက်တာကွာ မင်းရော ဘိုးလူပေနဲ့
တွေ့ပြီးပြီလား”
“ကျုပ်အခု ဘိုးလူပေဆီက ပြန်လာတာလေဗျာ
ဘိုးလူပေကို အကျိုးအကြောင်းအားလုံး ကျုပ်ပြောခဲ့
ပြီးပါပြီ ဒီတော့ ကိုကြီးလူတော် ဒီကပြန်တာနဲ့
အင်းစောင့်ကို ပြောလိုက်ပါ လကွယ်နေ့ညသန်းခေါင်မှာ
ကြက်သွေးတိုက်ပြီး မိတ်ဖွဲ့မယ်လို့ အိမ်သားတွေကို
ထိတ်အောင်လန့်အောင် မလုပ်ဖို့ပြောဗျာ”
“အေး…ဟုတ်ပြီ ငါပြောလိုက်မယ် တာတေ”
နောက်တော့ ကိုကြီးလူတော်က ဆေးလိပ်သောက်ရင်း
ရေနွေးကြမ်းသောက်ရင်းနဲ့ ကျုပ်နဲ့ ခဏလောက်ထိုင်ပြီး
စကားပြောနေသေးတာဗျ စကားပြောရင်းနဲ့ ကျုပ်က
သတိရပြီး မေးလိုက်တယ်။
“နေဦးဗျ ကိုကြီးလူတော်ရဲ့ ဒီအင်းအကြောင်းကို
ကိုကြီးလူတော် ဘယ်သူ့ကို ပြောမိသေးလဲ”
“ဟေ့အေး မပြောဘူးကွ မင်းတစ်ယောက်ကိုပဲ
ငါလာပြောတာ တခြား ဘယ်သူ့ကိုမှ မပြောဘူး
ငါ့မိန်းမကိုတောင် မပြောဘူး တာတေ”
“ဟာ …ကောင်းတယ်ဗျာ မပြောနဲ့ ကိုကြီးလူတော်
ဘယ်သူ့ကိုမှ မပြောတာ အကောင်းဆုံးပဲဗျ
ကဲ…ဒီက ပြန်ရင်သာ ကျုပ်ပြောသလို အင်းစောင့်ကို
ပြောထားလိုက်ပါ”
“အေး…ဟုတ်ပြီ တာတေ မင်းပြောခိုင်းတဲ့အတိုင်း
ငါပြောထားလိုက်မယ်”
“သြော် လကွယ်မရောက်ခင် ကြက်ဖကြီးကြီးတစ်ကောင်
ရှာထားဦးဗျ နီးတော့မှ ရှာလို့မရရင် ခက်မယ်”
“ဒီအတွက်တော့ စိတ်ချ တာတေ အရှေ့ပိုင်းက
ကြက်စွဲတွေဆီမှာ ဝိုင်းမဝင်တော့တဲ့ ကြက်ဖကြီးတွေ
ရှိတယ် အသားစျေးလောက်နဲ့ ရောင်းမယ် ကြက်တွေ
ငါမေးထားပြီးသားကွ”
ကိုကြီးလူတော် ပြန်သွားတော့မှ ကျုပ်လည်း
မနေ့က ယာထဲကခုတ်လာတဲ့ ပြောင်းရိုးတွေကို
စင်းခုံကိုယူလာပြီး ပြောင်းရိုးတွေ စင်းရတော့တာဗျို့
ကျုပ်တို့ နွားကြီးတွေဆိုတာ အဘနဲ့ ကျုပ်နဲ့
ဂရုစိုက်ထားလို့ ဝဖီးနေကြတာဗျ။အဘက သူ့နွားကြီးတွေကို
ဂရုမစိုက်ရင် လွှတ်စိတ်ဆိုးတာဗျ။
နောက်တနေ့ မနက်အစောကြီး ကျောက်ခဲနဲ့ သံမဏိ
ကျုပ်ဆီကို ရောက်လာတယ်ဗျ။
“ကိုကြီးတာတေရေ ညကတော့ ရွာမြောက်ပိုင်းကလူတွေ
အိပ်နေရင်း လန့်ကြလို့တဲ့ဗျာ”
“ဟေ…လန့်လို့ ဟုတ်လား ဘယ်အိမ်တွေလူတွေ
လန့်တာတုံးကွ”
“တော်တော်များများ လန့်တာဗျ မြောက်ပိုင်းတစ်ပိုင်း
လုံးလိုပဲ ကိုကြီးတာတေရေ”
“နေပါဦးကွ ကိုလူတော်တို့ နေတဲ့ အပိုင်းလား”
“ဟုတ်ပါဗျာ လေးလေးလူတော်တို့ ဝိုင်းနဲ့ ကပ်လျက်
ပိုင်းတွေက စပြီးလန့်တာပဲဗျ။နောက်တော့ တခြားဝိုင်း
တွေပါ ကူးသွားတာဆိုပဲ”
“ဟေ့ …ဘယ်လို့လန့်တာတုံးကွ ကျောက်ခဲရ ဘာကို
မြင်လို့ လန့်တာတုံး”
“ဟာ…အိပ်ပျော်နေရင်း လန့်တာတဲ့ဗျ တစ်အိမ်သားလုံး
အိပ်ပျော်နေရာကနေ လန့်အော်ကြတာတဲ့ဗျ ပြောရရင်တော့
ကိုကြီးတာတေ တစ်ခါပြောဖူးတဲ့ ခုနှစ်တိုက်ဆိုတာမျိုးလိုပဲဗျ
တစ်အိမ်သားလုံး အိပ်နေရင်းက သူအော် ငါအော်နဲ့
လန့်အော်ကြတာတဲ့ဗျို့။ပြီးတော့ တစ်အိမ်ပြီး
တစ်အိမ် ကူးသွားတာဗျ မြောက်ပိုင်းတစ်ပိုင်းလုံး
လိုလိုပဲ”
“ဟေ…ဟုတ်လားကွ ထူးဆန်းလှချည်လား”
ကျုပ်လည်း ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ
ကျောက်ခဲတို့ ပြန်သွားတော့ ကျုပ်ဘန့်ဘွေးကုန်းကို
ထွက်လာခဲ့တယ်။ဘိုးလူပေကို ကိုလူတော်တို့
မိသားစု ပထမညက ဖြစ်တာရယ် ညက ကိုလူတော်
တို့နေတဲ့ ရွာမြောက်ပိုင်းမှာ ဖြစ်တာတွေရယ်ကို
ကျုပ်က ဘိုးလူပေကို ပြောပြလိုက်တယ်
ကျုပ်ပြောတာကို နားထောင်ပြီးတော့ ဘိုးလူပေက
ခေါင်းညိတ်တယ်ဗျ။
“ဒီဘီလူးကတော့ လက်စွမ်းပြနေပြီ မောင်တာတေရေ
မောင်လူတော်ကို ကြောက်အောင် လုပ်ပြနေတာကွဲ့”
“ဒီအတိုင်း လွှတ်ထားလို့ ဖြစ်ပါ့မလား ဆရာကြီး”
“ဖြစ်ပါတယ် မောင်တာတေရဲ့ ဘာမှမစိုးရိမ်ပါနဲ့ကွယ်
သူ ဘာမှမလုပ်ပါဘူး မောင်လူတော်ကို သူစွမ်းကြောင်း
ပြနေတာပါ မောင်လူတော်ကိုသာ သေသေချာချာ
ပြောထားနော်”
“ပြောထားတယ် ဆရာကြီး လကွယ်နေ့ညမှာ ကြက်
သွေးတိုက်ပြီး မိတ်ဖွဲ့မယ်လို့ ပြောခိုင်းထားတယ်”
“အေး …ကောင်းတယ် ကောင်းတယ် သြော် နေဦးကွဲ့
မောင်တာတေရဲ့ မင်းလူက မင်းပြောခိုင်းတာကို
မပြောသေးဘူးထင်တယ် ဒီကပြန်ရင် မောင်လူတော်ဆီကို
သွားပြီ သေသေချာချာ ပြောခိုင်းလိုက်ဦးကွဲ့”
“ဟုတ်ကဲ့ ဆရာကြီး”
ဆရာကြီးနဲ့ ကျုပ်နဲ့ စကားစမြည် ပြောဆိုပြီးတော့
ဆရာကြီးက ဘုရားခန်း ဝင်သွားတယ်။ကျုပ်လည်း
ထပြီးပြန်လာခဲ့တယ်။ထနောင်းကုန်းရောက်တော့
ကျုပ်မြောက်ပိုင်း ကိုလူတော်တို့အိမ်ကို တန်းသွားလိုက်တယ်
“ဟာ တာတေ လာဟေ့ အတော်ပဲ အိမ်မှာ ဘယ်သူမှ
မရှိကြဘူးကွ မင်းလည်း ကြားပြီးရောပေါ့ ညက
မြောက်ပိုင်းတစ်ပိုင်းလုံး လန့်ကြတယ် ဆိုတာလေ”
“ကျုပ် ကြားပြီးပါပြီဗျာ ကိုကြီးလူတော် အင်းစောင့်ကို
ကျုပ်ပြောခိုင်းတာ ပြောပြီးပြီလား”
“ဟာ…မပြောရသေးပါဘူးကွာ…အိမ်မှာက လူကို
မလစ်တာကွ ဒါကြောင့် ငါ့မှာ မပြောရသေးတာ”
“သြော် .…အဲဒါကြောင့် ဖြစ်တာဗျ ကဲ ကဲ အခု
လူရှင်းနေတုန်း သွားပြောလိုက်ဗျာ”
ကျုပ်တွန်းတော့မှ ကိုကြီးလူတော်က ထသွားပြီ
ဘုရားစင်အောက်က လွယ်အိတ်ကိုနှိုက်တယ်
အင်းကိုပတ်ထားတဲ့ စက္ကူကိုဖြည်ပြီး ပြောသဗျ
“အင်းစောင့်ကြီးဗျာ ကျုပ်ကိုကြီးပွါးအောင်
စောင့်ရှောက်ဖို့ ရောက်လာတာကို ကျုပ်ဝမ်းသာပါတယ်
အခုလာမယ့် လကွယ်ညသန်းခေါင်အချိန်မှာ ကြက်သွေး
တိုက်ပြီး အင်းစောင့်ကြီးနဲ့ မိတ်ဖွဲ့ပါမယ် ကျုပ်ကို
အမြန်ဆုံး ချမ်းသာအောင် လုပ်ပေးပါဗျာ အင်းစောင့်ကြီး
ပြောသလို လတိုင်း လကွယ်ည သန်းခေါင်ချိန်တိုင်းမှာ
ကျုပ်က အင်းစောင့်ကြီးကို ကြက်သွေးတိုက်ပါမယ်
အခုလည်း လူတွေ ထိတ်လန့်ကုန်ကြတာ
အင်းစောင့်ကြီးအစွမ်းမှန်း ကျုပ်သိပါတယ် နောက်ထပ်
ထိတ်အောင်လန့်အောင် မလုပ်ဖို့ ကျုပ်တောင်းပန်ပါတယ်
အင်းစောင့်ကြီးဗျာ”
ကိုကြီးလူတော်က ပြောတော့လည်း သေသေချာချာ
ပြောသားဗျ ကျုပ်လည်း သူပြောတာကို သေသေချာချာ
နားထောင်နေတာဗျို့။သူ့စကားဆုံးတော့ ကိုကြီးလူတော်က
ကျုပ်ကို လှည့်ကြည့်တယ်။ဘယ်လိုလဲ။ဘာလိုသေးတုံး
ဆိုတဲ့ သဘောပေါ့ဗျာ။ကျုပ်က ခေါင်းညိတ်ပြလိုက်တော့မှ
အင်းချပ်ကလေးကို စက္ကူနဲ့ ပြန်ထုပ်ပြီး လွတ်အိတ်ထဲကို
ပြန်ထည့်လိုက်တယ်။
“ကဲ…ကိုကြီးလူတော် မနက်ဖြန် မနက်ကျရင် ကျုပ်ဆီကို
လာပြီး ထူးခြားတာလေးတွေ ပြောဦးဗျာ”
“အေးပါ တာတေရာ ငါလာပြောပါ့မယ်”
ကျုပ်လည်း အိမ်ပြန်လာပြီး အဘဆီဆုံစီးနေတာမြင်လို့
ကျုပ်လည်း အဘကို ဖယ်ခိုင်းပြီး ဆီဆုံဝင်ထိုင်လိုက်
တယ်ဗျ။ကျုပ်တို့က အိမ်စားဖို့ ဆီကို ကိုယ့်ဟာကိုယ်
ကြိတ်ကြတာလေဗျာ။ဆီမကြိတ်ခင် ပထမတစ်ရက်
နှစ်ရက်လောက်ကတည်းက နှမ်းတွေကို နေလှန်း ဖုံတွေ
သဲတွေ မပါအောင် ပြာထုတ်ထားရတာဗျ။အိမ်အလုပ်
ဝင်လုပ်လိုက် ဘိုးလူပေဆီကို သွားလိုက်ပေါ့ဗျာ
ရွာထဲမှာတော့ ထိတ်တာ လန့်တာ မရှိတော့ဘူးဗျ။
ကျုပ်ပြောခိုင်းတာကို ကိုကြီးလူတော်က မပြောလို့
ဘီလူးက စိတ်ဆိုးပြီး လုပ်ပြတာ ဖြစ်မယ်ဗျ။
လကွယ်နေ့ညရောက်တော့ ကျုပ်က ဘိုးလူပေ
ညွှန်ကြားတဲ့အတိုင်း ရွာဦးက ရွှေတောင်ဘုရားကွင်းထဲမှာ
စီစဉ်လိုက်တယ်။ညဆယ့်တစ်နာရီထိုးတာနဲ့ ကိုကြီး
လူတော်ကိုခေါ်ပြီး အလုပ်စလုပ်ကြတယ်။
ကိုကြီးလူတော်က ဘုရားကွင်းထဲ ရောက်တာနဲ့
အသင့်ယူလာတဲ့ ကြက်ဖကြီးကို လည်လှီးပြီး
သွေးခံတယ် ပြောင်လက်နေအောင် တိုက်ထားတဲ့
ကြေးဝါဖလားလေးနဲ့ ကြက်သွေးကိုခံတယ်။
သွေးက ဖလားပြည့်ကာနီးအောင် ရတာဗျ။
ဆယ့်တစ်နာရီခွဲတော့ ကိုစံအေးကြီးက ဘိုးလူပေကို
ခေါ်လာတယ်။ကိုစံအေးဆိုတာ ဘန့်ဘွေးကုန်းက
ဘိုးလူပေ တည်တဲ့အိမ်က ဘိုးစံမောင်ရဲ့ သားလေဗျာ
အရင်စာအုပ်တွေမှာ လွှတ်စိတ်တိုတဲ့ ဘိုးစံမောင်
အကြောင်းကို ကျုပ် မကြာမကြာ ရေးဖူးပါတယ်။
ညသန်းခေါင်ချိန်ကို ရောက်တာနဲ့ ဘိုးလူပေက
ကျုပ်ကို အင်းတစ်ချပ် ပေးတယ်။
“မောင်တာတေ မျက်ကွင်းဆေး ကွင်းခဲ့ရဲ့လား”
“ဟုတ်ကဲ့ ဆရာကြီး …ကွင်းခဲ့ပါတယ်”
“အေး…ဒါဆိုရင် သေသေချာချာကြည့်နေ အင်းထဲဘီလူး
ထွက်လာပြီး သွေးသောက်ပြီဆိုတာနဲ့ အဲဒီအင်းကို
ဘီလူးစောင့်တဲ့ အင်းပေါ်ကနေ အုပ်ထားလိုက်ပေတော့
ဒါဆိုရင် ဒီဘီလူးက အင်းနဲ့ ဘာမှမဆိုင်တော့ဘူးကွဲ့
အဲဒီချိန်ကျရင် ကျုပ်ကွယ်နေတဲ့ သစ်ပင်နောက်က
ထွက်လာခဲ့မယ် ကျန်တာတွေကတော့ ဖြစ်လာတဲ့
အခြေအနေကိုကြည့်ပြီး လုပ်ရမှာပေါ့ကွယ် ကဲ
အချိန်ကျပြီး လုပ်ငန်းစတော့”
ဘိုးလူပေက ဘုရားနားက မန်ကျည်းပင်ကြီးနောက်မှာ
ဝင်ပြီး ကွယ်နေလိုက်တယ်ဗျ။ကိုကြီးစံအေးကတော့
ရွှေတောင်ကြီးဦးဘုရား မုခ်ဘေးမှာ ဝင်ပြီးကပ်နေတယ်
ကျုပ်နဲ့ ကိုကြီးလူတော်က ကြက်သွေးထည့်ထားတဲ့
ကြေးဖလားကို မြေကြီးမှာ ချထားလိုက်တယ်
ပြီးတာနဲ့ ကိုကြီးလူတော်က စက္ကူနဲ့ ထုပ်ထားတဲ့
အင်းချပ်ကို ထုပ်ယူပြီး ကျုပ်ပြတဲ့ နေရာမှ ချထားလိုက်
တယ်။
“ကဲ…ကိုကြီးလူတော် ဘီလူးကို ခေါ်ပေတော့”
ကိုကြီးလူတော်ကို ကျုပ်သင်ထားပေးပြီးဗျ။ကိုကြီး
လူတော်က လက်ကလေးနှစ်ဖက်ကို သေသေချာချာ
ယှက်ပြီး ရိုရိုကျိုးကျိုးလေး ပြောတာဗျို့။
“လာဘ်ခေါ်အင်းတော်ကြီးကို စောင့်ရတဲ့ အင်းစောင့်ကြီးဗျာ
အင်းစောင့်ကြီးကို ကျုပ်မောင်လူတော်က မိတ်ဆွေအဖြစ်
သတ်မှတ်ပြီး ကြက်သွေးနဲ့ ဧည့်ခံပါတယ် ကျုပ်ကိုလည်း
မိတ်ဆွေအဖြစ် အခုအချိန်ကစပြီး သတ်မှတ်ပါဗျာ
ကျုပ်တိုက်တဲ့ ကြက်သွေးကို အားရပါးရ သုံးဆောင်ပါ
အင်းစောင့်ကြီးဗျာ ကျုပ်မောင်လူတော်က မိတ်ဆွေ
ဖြစ်ကြပြီးနောက်မှာ လတိုင်း လကွယ် ညသန်းခေါင်ယံတိုင်မှာ
အခုလိုပဲ ကြက်သွေးတိုက်ပါ့မယ် ကျုပ်ကိုလည်း
နေ့ချင်းညချင်း ချမ်းသာကြွယ်ဝလာအောင်
လုပ်ပေးပါဗျာ”
ဟာ…ထွက်လာပြီဗျို့။ဘီလူးဗျာ။နည်းတဲ့အကောင်ကြီး
မဟုတ်ဘူးဗျာ။ပန်းချီဆရာ ဆွဲထားတဲ့ပုံမျိုးတော့
မဟုတ်ဘူးဗျို့ ။အပေါ်ပိုင်းက အင်္ကျီဗလာနဲ့ဗျ။
အောက်ပိုင်းကတော့ သားရေပြားလိုဟာကြီး
ပတ်ထားတာဗျာ။ခေါင်းက ဆံပင်က စုတ်ဖွားကြီးဗျ။
နဖူးကြီးက အကြီးကြီးဗျို့။မောက်ထွက်နေတာဗျ။
မျက်လုံးကြီးတွေက နီရဲပြီး ပြူးထွက်နေတယ်။
နှာခေါင်းက တိုတိုပြားပြားကြီးဗျ။အထူးခြားဆုံးကတော့
ပါးစပ်ကြီးပဲဗျို့။ပါးစပ်က တော်တော်ကိုကျယ်တာဗျ။
ပါးစပ်ကျယ်ကြီးထဲက သွားစွယ်ချွန်ချွန်ကြီးတွေက
ပါးစပ်အပြင်ကို ထွက်နေတယ်ဗျို့။အရပ်က ကျုပ်
စိတ်ထင်တော့ ဆယ်ပေတော့ အနည်းဆုံးပဲဗျ။
ရင်အုပ်ကြီးကလည်း မောက်ပြီး အမွေးမဲမဲကြီးတွေ
ပေါက်နေတယ်ဗျို့။ခြေထောက်ကြီးတွေ တုတ်တုတ်တိုဆို
ကြီးတွေဗျ။အမွေးမဲမဲကြီးတွေ ဖုံးနေတယ်။
ခြေဖနောင့် မရှိဘဲ ခြေဖဝါးက ထုတုံးကြီးဗျ။
လက်သည်းချွန်ချွန်ကြီးတွေလည်း ထွက်နေတယ်
ခြေထောက်က ခြေသည်းကြီးတွေလည်း
ချွန်ထွက်နေတယ်ဗျ။
ဟော ဘီလူး သွားပြီး သွားပြီ သွေးခွက်နားကို
သွားပြီ။ဟော သွေးခွက်ကိုစိုက်ကြည့်နေတယ်ဗျို့။
ပြီးတော့မှ ကိုလူတော်ကိုကြည့်ပြီး ပါးစပ်ပြဲကြီးနဲ့
ရယ်နေတယ်ဗျ။
“ဟီး…ဟီး…ဟီး…ဟီး…ဟီး”
ဘီလူးရယ်သံကြီးက ကြောက်စရာကြီးဗျာ။
ဒါပေမဲ့ ဒီအသံကို မျက်ကွင်းဆေး နားမှလိမ်းပြီး
ဒိဗ္ဗသောတမန္တန် ရွတ်ထားတဲ့ ကျုပ်ကြားရတာဗျ။
ဟော ဘီလူးက သွေးခွက်ကို ကောက်ပြီးသောက်ပြီဗျို့
ကျုပ် ဖျက်ကနဲ ပြေးထွက်ပြီး လက်ထဲက ဘိုးလူပေ
ပေးထားတဲ့အင်းနဲ့ ဘီလူးစောင့်တဲ့အင်းကို
အုပ်ထားလိုက်တယ်။ပြီးတာနဲ့ နောက်ကို ခပ်မြန်မြန်
ပြန်ဆုတ်လိုက်တယ်။ဘီလူးက သွေးခွက်ကို အရသာခံ
သောက်နေတာဗျို့။ဟော ကုန်ပြီ။သွေးတွေ ကုန်သွားပြီ။
ဘီလူးက သွေးထည့်တဲ့ကြေးဖလာကို မြေကြီးပေါ်ကို
ပစ်ချလိုက်တယ်။ကျုပ်ဘေးမှာ ဘိုးလူပေ ရောက်နေပြီဗျို့
ဘီလူးက ကိုကြီးလူတော်ကိုကြည့်ပြီး ခေါင်းညိတ်တယ်
ပြီးတာနဲ့ အင်းရှိတဲ့ နေရာကို ပြန်လျှောက်တယ်။
သူ့အင်းပေါ်မှာ ဘိုးလူပေနဲ့အင်းကြီး အုပ်ထားတာ
တွေ့တော့ ဘီလူးဒေါသအကြီးအကျယ် ထွက်တာဗျို့။
ကိုကြီးလူတော်ကို ကြည့်တယ်။ကျုပ်ကိုကြည့်တယ်။
ဒီမှာတင် ဘိုးလူပေကို တွေ့သွားတော့တာဗျို့။
ဘိုးလူပေက သူ့လက်ထဲမှာ ကိုင်ထားတဲ့ အင်းချပ်ကို
မန္တန်ရွက်ပြီး နှိုးနေတယ်ဗျ။ဘီလူးက သူ့ရဲ့ ဖနောင့်တိုတိုကြီးနဲ့
မြေကြီးကို ဖနောင့်နဲ့ ပေါက်ချလိုက်တယ်။
“ဝုန်း”
“ဟာ”
ကျုပ်ဖြင့် လန့်ပြီးတောင် အော်လိုက်မိတယ်ဗျို့
ကျုပ်တို့ရှေ့တစ်လံလောက်မှ မီးတောက်ကြီး
ထတောက်တာလေဗျာ
ကိုကြီးလူတော်ကတော့ နောက်ဆုတ် နောက်ဆုတ်နဲ့
ပြေးတာ။မှောင်ထဲမှာ ပျောက်သွားရောဗျို့။
ပြေးတော့မှာပေါ့ဗျာ ဘီလူး ဖနောင့်တစ်ချက်ပေါက်လိုက်တာ
တစ်လံလောက်မြင့်တဲ့ မီးတောက်ကြီး ‘ဝုန်း’ကနဲ
ထတောက်တာလေဗျာ။
ဘီလူးက ဖနောင့်နဲ့ ထပ်ပေါက်တယ်။
“ဝုန်း”
ဟာတောက်ပြန်ပြီဗျို့။ဖနောင့်တစ်ချက်ပေါက်တိုင်း
မီးတောက်ကြီးတစ်ခု ထလာတာဗျို့။
“မောင်တာတေ ရော့ ဒီအင်းယူထား ဘီလူးပျောက်သွားရင်
ဒီအင်းကို ချက်ချင်းပစ်နော်”
ကျုပ်ကို အင်းတစ်ချပ် ပေးလိုက်တယ်။ဒီတော့မှ
ဘိုးလူပေလက်ထဲမှာ ကိုင်ထားတာ အင်းနှစ်ချပ်ဆိုတာ
ကျုပ်သိလိုက်တာဗျ။
“မောင်တာတေ ဒီကောင်က ကျုပ်တို့ပတ်လည် မီးတွေ
ဝိုင်းအောင် လုပ်ပြီးမှ ကျုပ်တို့ကို မီးလောင်တိုက်သွင်းဖို့
လုပ်နေတာကွဲ့ သူကို ကျုပ် အချိန်ပေးလို့မရတော့ဘူး
ကဲကြာ”
ဘိုးလူပေက သူ့လက်ထဲက အင်းနဲ့
ဘီလူးကိုပစ်ချလိုက်ရောဗျို့။
“ဘုန်း”
ဟာ…ဘီလူးကြီး လဲကျသွားပြီဗျို့။ဘိုးလူပေရဲ့
အင်းကို ဒီဘီလူး မခံနိုင်ဘူးဗျ။ကျုပ်လည်း စိတ်ထဲအေး
သွားတော့တာပေါ့ဗျာ။ဟော…ကျုပ်တို့ကို ဝိုင်းတော့မလို
ဖြစ်နေတဲ့ မီးတောက်တွေလည်း ငြိမ်းသွားပြီဗျို့။
“တောက်”
ဘီလူးက တောက်တစ်ချက် ခေါက်တယ်ဗျ
ဟာ…ဘီလူးလဲနေရာကနေ ကုန်းထလာပြီဗျို့။
“ဆရာကြီး ဘီလူးက တဖြည်းဖြည်း
နောက်ကိုဆုတ်သွားပြီဗျို့”
“ဟေ…ဟုတ်လား လာ ကျုပ်တို့ လိုက်ကြစို့
ရုတ်တရက်ပျောက်သွားရင် မောင်တာတေ
လက်ထဲကအင်းကို ချက်ချင်းပစ်နော်”
“ဟုတ်ကဲ့ပါ ဆရာကြီး ကျုပ် အဆင့်သင့် လုပ်ထားပါတယ်”
ဟော…ဘီလူးက ကျုပ်တို့ လိုက်လာမှန်းသိတော့
အပေါ်ကိုခုန်မလို လုပ်လိုက်တာဗျ။
“ဟာ…ခုန်တော့မယ် ခုန်တော့မယ်”
“ပစ်တော့ အင်းပစ်တော့”
ဟော…ဘီလူး ခုန်ပြီ ပစ်ပြီဗျာ ကျုပ်လက်ထဲက
အင်းနဲ့ လှမ်းပစ်လိုက်ပြီ။
“ဝေါ”
ဟာ…ကျုပ်လက်ထဲက ပစ်လိုက်တဲ့အင်းက’ဝေါ’ကနဲ
မြည်ပြီး ထွက်သွားတာဗျို့။ဘီလူးက အခုန် ကျုပ်က
အပစ် ဘီလူးက ကိုယ်တောင် မဖျောက်နိုင်တော့ဘူးဗျို့။
သူ့ဘေးမှာ မီးကွင်းကြီးဝိုင်းပြီး မြေကြီးပေါ်ကို
ပြန်ပြီးပြုတ်ကျလာတယ်ဗျ။ဟာ ဘီလူး ပြေးလို့ကို
မရတော့ဘူးဗျ။
ဟော…ဘိုးလူပေ မန္တန်ရွတ်ပြီဗျို့။ဘာမန္တန်မှန်းတော့
ကျုပ်မသိဘူးဗျ။စတုမဟာရာဇ် ဆိုတာတော့ နှစ်ခု သုံးခါ
ကြားလိုက်တယ်။
“ဝုန်း”
ဟာ…ဘီလူးကြီးနှစ်ကောင် ဘွားကနဲ ပေါ်လာပြီဗျို့
မီးကွင်းကြီးပတ်ထားတဲ့ အင်းစောင့်ဘီလူးဘေးမှာ
သူ့ထက် သုံးဆလောက်ကြီးတဲ့ ဘီလူးကြီးတွေဗျ။
ပခုံးမှာလည်း တင်းပုတ်ကြီးတွေ ထမ်းထားကြတယ်။
“ဝုန်း”
ဟာ …ဘီလူးကြီးတစ်ယောက်ကသူ့လက်နဲ့ ယမ်း
လိုက်တာနဲ့ ဘီလူးကို ပတ်ထားတဲ့ မီးတောက်ကြီး
ငြိမ်းသွားရောဗျို့
“ဘုန်း ဘုန်း ဘုန်း”
မီးငြိမ်းသွားတာနဲ့ ဘီလူးကြီးနှစ်ကောင်က အင်းစောင့်
ဘီလူးကို တင်းပုတ်နဲ့ ထုတော့တာပဲဗျာ။အင်းစောင့်
ဘီလူးက ဘာမှပြန်မလုပ်ဝံ့ဘဲ ခေါင်းကြီးငုံ့ပြီး
ခံရေတယ်ဗျို့။ခဏနေတော့ ဘွားခနဲ ပေါ်လာတဲဘီလူကြီး
နှစ်ကောင်က အင်းစောင့်ဘီလူးကို တစ်ဖက်တစ်ချက်စီ
ချိုင်းကကိုင်ပြီးပျောက်သွားရောဗျို့။
“မောင်တာတေ ဘာတွေ့တုံး”
“တင်းပုတ်နဲ့ ဘီလူးအကြီးကြီးနှစ်ကောင် ပေါ်လာပြီး
အင်းစောင့်ဘီလူးကို တင်းပုတ်နဲ့ထုတယ် ဆရာကြီး
ပြီးတော့ချိုင်းတစ်ဖက်စီကိုကုင်ပြီးပျောက်သွားကြတာဗျ
ပေါ်လာတဲ့ ဘီလူးကြီးတွေက နည်းတဲ့အကောင်ကြီးတွေ
မဟုတ်ဘူးဗျာ”
“ဒါဆိုရင် ကိစ္စပြီးပြီပေါ့ကွယ် အဲဒါ စတာမဟာရာဇ်က
လိုက်လာတဲ့ နတ်ဘီလူးကြီးတွေပဲကွဲ့ လူ့ပြည်ကို
တိတ်တဆိတ် ရောက်လာပြီး လူသွေးကို တစ်ဝစုပ်နေတဲ့
အင်းစောင့် ဘီလူးတော့ ဇာတ်သိမ်းသွားပြီပေါ့
မောင်တာတေရယ်”
ဘီလူးစောင့်တဲ့ အင်းချပ်ပေါ်မှာ အုပ်ထားတဲ့ သူ့အင်းကို
ဘိုးလူပေက ပြန်ယူလိုက်တယ်။ပြီးတော့ ဘီလူးစောင့်တဲ့
ဘီလူးစောင့်တဲ့အင်းကိုတော့ စက္ကူတစ်ရွက်နဲ့
အထပ်ထပ်ထုတ်ပြီးသိမ်းလိုက်တယ်။
“ဒီအင်းကို အထက်ပုဂ္ဂိုလ်ကြီးတွေလက်ထဲ အပ်ရမှာကွဲ့
အင်း …ကိုမှိုင်း ကိုမှိုင်း လူကြည့်တော့ မြုံစိစိ ထုံတုံတုံနဲ့
ပညာဒီလောက်ထက်မယ်လို့ မထင်တာကွဲ့
သူပညာကြောင့်ပဲ သူအသက်ရော နောင်ထပ်လူသုံးယောက်
အသက်ပါပေးလိုက်ရတာပေါ့ကွယ်
မင်းဒို့ ရွာသားကတော့ သေကံမရောက်သေးလို့ပေါ့
မောင်တာတေရယ် ကျုပ်ကို အထက်က ပုဂ္ဂိုလ်ကြီးတွေ
လွှတ်တာ မြန်ပေလို့ပေါ့ကွယ် မီရုံလေးပဲရှိတာ”
ဘိုးလူပေနဲ့ ကျုပ်နဲ့ ဘုရားကွင်းထဲက ထွက်တော့မှ
ကိုစံအေးကြီးနဲ့ ကိုလူတော်က ပုန်းနေတဲ့နေရာက
ထွက်လာကြတယ်ဗျို့။သူတို့လည်း ဘီလူးတွေကို
မမြင်ရပေမယ် မီးတောက်တွေကိုတော့ တွေ့ကြတာပေါ့လေ။
ကိုကြီးလူတော်က မြေကြီးမှာ ထိုင်ချပြီး ဘိုးလူပေကို
ဦးတိုက်ရှိခိုးတယ်ဗျ။
“လူကလေး မောင်လူတော် နောင်ဆိုရင် အင်းတွေ့တိုင်း
မကောက်နဲ့ကွဲ့ ပြီးတော့ သဘာဝမှန်ဘဲ ချမ်းသာတာမျိုးကို
မလိုချင်နဲ့ လူကလေးရဲ့”
“ဟုတ်ကဲ့ ဘိုး ကျုပ် နောက်ကို ဆင်ခြင်ပါ့မယ်ဗျာ”
ဘိုးလူပေကို ဘန့်ဘွေးကုန်းအရောက် လိုက်ပို့ပေးပြီးတော့
ကိုကြီးလူတော်နဲ့ ကျုပ်ထနောင်းကုန်း ပြန်ခဲ့ကြတယ်
အိမ်ရောက်တော့ လင်းကြက်တောင် တွန်နေပြီဗျို့

ပြီးပါပြီ