သွေးစုပ်ဖုတ်

အောက်ပိုင်းသေနေတာက တစ်ကြောင်းမို့ လမ်းတော့ထမလျှောက်နိုင်ပေ။
_ _ _ _ _

“လာကြစမ်း ဘယ်တွေရောက်နေကြလဲ တစ်ယောက်မှမရှိဘူးလား”
ဒေါ်မြအေးသည် သူ့အနားလူမရှိလျှင်မနေ မကျင်ခင်နှင့် မြေးများအား တစ်ချိန်လုံး အော်ခေါ်နေတတ်ပြီး သူ့အား နင်းခိုင်း နှိပ်ခိုင်း တစ်ချိန်လုံး လုပ်ခိုင်းနေတတ်သည်။
ထမင်းဟင်းလဲ မစားပေ။
တစ်နေကုန်နေလို့ အတင်းကျွေးကာမှ တစ်နပ်လောက်သာ စားသည်။

“လာပြီ အမေရေ အမေအတွက် ကြက်လေးပြုတ်ပေးမို့ပါ”
“ငါမစားဘူး မပြုတ်နဲ့ နင်တို့တွေငါ့နားမှာ တစ်ယောက်မှမရှိဘူး ငါ့ကိုတစ်ယောက်ထဲ ပစ်ထားကြတယ်အီးးးးဟီးးးဟင့်..”

ဒေါ်မြအေးတစ်ယောက် သူ့အားပစ်မထားကြစေရန်
မျက်ရည်လေးစမ်းစမ်းဖြင့် ငိုပြီးပြောလေသည်။

“မဟုတ်ပါဘူး အမေရယ် သမီးတို့သားအမိတွေလဲ ခုတလော
ပင်ပန်းပြီး အားမရှိသလိုဖြစ်နေလို့ပါ”
အခုတလော မကြင်ခင်ရော သားတွေပါ
နုံးဖတ်ဖတ်တွေဖြစ်နေကြသည်။

“လာ ကြင်ခင် ငါညောင်းနေလို့ နင်းပေးစမ်း”
ယောက္ခမစကားကြောင့် မကြင်ခင်တစ်ယောက် စိတ်မသက်မသာဖြစ်သွားပြီး
“ဟင် ဘယ်နင်းရအုံးမှာလဲ အမေရဲ့”
“ခြေထောက်ပေါ့အေ့ ခြေထောက်ပေါ့ နင်းပါအေ”
ဒေါ်မြအေး ဆူဆူဆောင့်ဆောင့်ဖြင့် ပြန်ဖြေသောကြောင့် မကြင်ခင် ဘာမှမပြောတော့ပဲ နင်းပေးလိုက်တော့သည်။
_ _ _ _ _

“ကြင်ခင် ညီမရေ ကြင်ခင်”
“ဟယ် မကြီး လာလေ လာ အိမ်ပေါ်တက်”
မခင်မော် ညီမဖြစ်သူကိုသေချာ ကြည့်လိုက်ရင်း
“ဟဲ့ ကြင်ခင် နင့်ကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့ နေထိုင်ကောင်းရဲ့လား နင့်ယောင်္ကျားရော”
“ကိုမြင့်ပြန်မရောက်သေးဘူး မကြီး ခုတလော ငါရော သားတွေရော နေထိုင်မကောင်းဘူး မူးနောက်နောက်နဲ့ အမရယ်”
ညီမဖြစ်သူ စကားကြောင့် မခင်မော်၏အကြည့်များ ဒေါ်မြအေးဆီသို့ ရောက်သွားလေသည်။

ထိုစဉ်
“ဝုန်း ခလွမ်း ခွမ်း
သွား နင်မလာနဲ့ နင်ပြန်.. သွား”
ဒေါ်မြအေးတစ်ယောက် ကုတင်ဘေးစားပွဲလေးပေါ်မှ အကြမ်းပန်းကန်လုံးများနှင့် အိမ်နံရံအားပစ်ပေါက်လျက် ဒေါသကြီးစွာ အော်ဟစ်နေရာ မကြင်ခင် အံ့သြသွားပြီး
“အမေ အမေ ဘာဖြစ်တာလဲ ”
“သူ့ကိုပြန်ခိုင်းလိုက် အိမ်ကိုပေးမလာနဲ့ ..”
“အမေရယ် အသံမမှတ်မိတော့ဘူးလား ဒါ သမီးအမဝမ်းကွဲ ကျောင်းဆရာမ ခင်မော်လေ အမေ့ကျန်းမာရေးကို လာမေးတာပါ”
“သိတယ် မှတ်မိတယ် မလာနဲ့ နောက်လဲလာမမေးနဲ့ ပြန်လွှတ်လိုက် သွားး ထွက်သွားးး..”
အကြောက်အကန်အော်ဟစ်နေသော ယောက္ခမဖြစ်သူအား
ထူးဆန်းစွာကြည့်ရင်း
အမဖြစ်သူကို လက်တို့ကာ အိမ်အောက်သို့ဆင်းခဲ့လေသည်။

“ဟဲ့ ကြင်ခင် ငါပြောမယ် သေချာနားထောင် နင့်ယောက္ခမက လူမဟုတ်တော့ဘူး ဖုတ်ဝင်နေပြီ”
အမဖြစ်သူ စကားကြောင့် မကြင်ခင်လဲ အလွန်ထိတ်လန့်သွားပြီး
“ဟင် .. ဘာ ဘာ .. ဟုတ်ရဲ့လား အမရယ်..”
“ဒီပုံစံမျိုး ငါတာဝန်ကျခဲ့ဖူးတဲ့ ရွာလေးမှာ သေချာမြင်ဖူးတယ် သေချာပါတယ် ဖုတ်ပါပဲ နင်တို့ သူ့အနား မကပ်နဲ့တော့ ဆရာလေး ဘာလေးနဲ့ ပြကြည့်အုံး”
“ဟုတ် ဟုတ်ကဲ့ အမ”

မကြင်ခင်မှာ ဒေါ်မြအေး ယခုကဲ့သို့ ပြန်ကျန်းမာလာသည်ကို သမရိုးကျသာထင်ခဲ့သည်။
_ _ _ _ _

PART 2

နောက်နေ့တွင် မခင်မော်သည် ဟိန္ဒူဆရာတစ်ဦးကို အိမ်ခေါ်လာလေသည်။
ထိုဆရာမှာ အစွမ်းမရှိ ဖြီးဖြန်းစားနေသော ဆရာဖြစ်သောကြောင့် သိက္ခာတော့မကျစေရန် ပါလာသောဆေးမှုန့်များကိုဟန်လုပ်၍ပေးခဲ့လေသည်။
“ကဲ ရော့ ဟော့ဒီဆေးမှုန့်ကို အစာထဲနေ့တိုင်းထည့်ကျွေးလိုက်”
“ဟုတ်ကဲ့ ဆရာ”

မကြင်အေးလဲ ဆရာပြန်သွားသောအခါ အပေါ်ထပ်သို့အသာတက်ကြည့်လိုက်ရာ ကုတင်ထက်တွင် ငုတ်တုတ်ကြီး ထိုင်လျက် ဒေါ်မြအေးတစ်ယောက်
မျက်နှာကြီးတင်းမာပြီးမျက်လုံးကြီးများ ပြူးထွက်နေကာ ဒေါသကြီးစွာဖြင့် တက်ခေါက်နေသည်ကို မြင်လိုက်ရလေသည်။
_ _ _ _ _

“ကြင်ခင်ရေ မိန်းမ ငါပြန်လာပြီဟေ့”
ကိုမြင့်ဦး အိမ်ရောက်သည်နှင့် အသံပြုလိုက်တော့
“အမေရေ အဖေပြန်လာပြီ”
သားနှစ်ယောက်က ကိုမြင့်ဦးကိုအပြေးအလွှား ထွက်ကြိုကြလေသည်။
“သားတို့နေကောင်းရဲ့လား မျက်နှာတွေလဲ မကောင်းကြပါလား”
“ကိုမြင့် ရှင်ပြန်လာပြီလား”
“ဟင် မိန်းမ မင်းမျက်နှာလဲ ဖြူဖတ်ဖြူရော်နဲ့ပါလား နေမကောင်းဘူးလား ဘာတွေဖြစ်နေလဲ ငါ့အမေရော”
_ _ _ _ _

“ဟာ ဟုတ်ရဲ့လား ကျင်ခင်ရာ”
“သေချာပါတယ် ကိုမြင့်ရယ်
သူက တစ်ယောက်မဟုတ် တစ်ယောက်ခေါ်ပြီး နင်းခိုင်းနှိပ်ခိုင်းနဲ့ ပြီးရင် ကျုပ်တို့မှာ မူးမောနေတာပဲ ကျုပ်တို့သားအမိတွေလဲ သူနဲ့နေရတာ သေလုမြောပါးဖြစ်နေပြီ”

မြင့်ဦးမှာ ဖုတ်ဝင်နေသည်ဟု ဆိုသော မိခင်ဖြစ်သူအား တစ်ရက်ပြီး
တစ်ရက် ထိုဆေးမှုန့်တွေထည့်ကျွေးရင်း ဘာမှထူးခြားမလာသောအခါ
မကြင်ခင်ပြောသလို ဖုတ်မှဟုတ်ရဲ့လား ဟု ကိုမြင့်လဲ မိန်းမကို သံသယဝင်လာမိသည်။

[သို့သော် တစ်ညတွင်တော့]

“ဟင် .. အ. . အမေ့ အဲ့ဒါ ဘာလုပ်တာလဲ အမလေး ကိုမြင့်ရေ ကိုမြင့် လာပါအုံးတော့ ကိုမြင့်”
အပေါ့အပါးသွားရန်ထလာသော မကြင်ခင်တစ်ယောက် အိမ်ရှေ့ခန်းတွင် အိပ်နေသော သားငယ်၏ခြင်ထောင်စကို မ,ကာ ဝင်ရန် ဟန်ပြင်နေသော ယောက္ခမဖြစ်သူဒေါ်မြအေးကို မြင်လိုက်သောအခါ အလွန်အမင်း ကြောက်လန့်ပြီး ယောင်္ကျားဖြစ်သူကို အော်ဟစ်ပြီးနှိုးလိုက်လေသည်။
အကြောင်းမှာ ဒေါ်မြအေးသည် မျက်စိကွယ်နေသည့် အပြင် ခြေထောက်မှာလဲ လေဖျက်ထားပြီး အကြောများ သေနေသောကြောင့် အကူအညီမပါလျှင် ကုတင်အောက်တောင်မဆင်းနိုင်ပါ။
ယခုမူ
“မိန်းမ ဘာဖြစ်တာလဲ အလန့်တကြားနဲ့”
“ရှင့် ရှင့်အမေ ဟိုမှာ”
“ဟာ”
မတ်တပ်ကြီးရပ်လျက် ကုန်းကုန်းကွကွဖြင့် ခြင်ထောင်စကိုင်ကာ သူ့အားမျက်လုံးကြီးပြူးထွက်ကျမတတ် လှည့်ကြည့်နေသော မိခင်ဖြစ်သူကို တွေ့လိုက်ရသော မြင့်ဦးတစ်ယောက်လဲ အလွန်အံ့အားသင့်ကာ
“အ အမေ အရှေ့ကို ဘယ်လိုရောက်နေတာလဲ”
“ဘုန်း”
ထိုစဉ်
ဒေါ်မြအေးသည် ခြေထောက်မပါသည့်ဟန်ဖြင့် ကြမ်းပြင်ပေါ်သို့ဘုန်းကနဲ့ပစ်ထိုင်ချလိုက်ပြီး
“ငါ ငါအပေါ့သွားချင်လို့ပါ အီးဟီးး သားကြီးမောင်မြင့် အမေ့ကိုလာတွဲပါအုံး”
ငိုကြီးချက်မဖြင့် ဒေါ်မြအေးပလီလေတော့သည်။
_ _ _ _ _

မနက်လင်းသည်နှင့် မခင်မော်တစ်ယောက်ဆရာတော်ကြီး တစ်ပါးအား အိမ်သို့ပင့်လာပြီး မြင့်ဦးတို့လင်မယားနှင့်တွေ့ပေးလေသည်။

“ဟဲ့ မြင့်ဦး ဒီဆရာတော်ကြီးက နင့်အမေကိစ္စကို ကြည့်ပေးမှာ”
“ဟာ အမခင်မော် လာဗျာ ကျွန်တော်လဲ ခုပဲ ဒီကိစ္စလုပ်တော့မလို့
အရှင်ဘုရား အပေါ်ကြွပါဘုရား”

ကျောပေးပြီးအိပ်ပျော်နေသော ဒေါ်မြအေးကို ဆရာတော်ကြီးက တစ်ချက်မျှစူးစိုက်ကြည့်၍
“ဒီမှာမပြောဘူး ဒကာတို့
အောက်ပြန်ဆင်းကြပါ”
ဆရာတော်ကြီးမှ အိမ်တံစက်မြိတ်သို့ရောက်သည်နှင့်

“အင်းး ဒီဒကာမကြီးက ဆုံးသွားတာ 2လတောင်ရှိနေပြီကွယ့် ဒီကိစ္စက ဘုန်းကြီးနဲ့တော့ မသက်ဆိုင်ပေဘူး
အခု သူက လူမဟုတ်တော့ဘူး သူ့ခန္တာကိုယ်ထဲ သွေးစုပ်ဖုတ်ဝင်ပြီး ဒကာတို့မိသားစုကို သွေးစုပ်နေတာ ကြာရင် ဒုက္ခရောက်မယ်
ကဲ ကဲ ကိုယ့်ဘာကိုယ်လုပ်ကြ သြဇာရွက်7ရွက်ခူးပြီး
သူအိပ်မယ့် အိပ်ရာအောက်မှာ ဖြန့်ခင်းထားလိုက်
ပြီးရင် အသုဘအတွက် တစ်ခါထဲ ပြင်ဆင်ထားလိုက်တော့ ဒကာတို့”
“တင်ပါ့ဘုရား”

မကြင်ခင်လဲ ဆရာတော် ပြောသည့်အတိုင်း သြဇာရွက်7ရွက်ခူးပြီး ဒေါ်မြအေး၏ အိပ်ရာအောက်သို့ ခင်းထားလိုက်လေသည်။

ညရောက်သောအခါ • • •

“အမလေး ပူတယ် ကုတင်က ပူလိုက်တာ”
ဒေါ်မြအေး အော်ဟစ်ပြီး ကုတင် အောက်သို့ လှိမ့်ချလိုက်လေသည်။
ကိုမြင့်ဦးနှင့် မကြင်ခင်လဲ
ဒေါ်မြအေးကိုယ်ကြီးအား ကုတင်ပေါ်သို့ ပြန်မတင်ပြီး လှိမ့်မချနိုင်ရန် ခြေထောက်နှင့်လက်များအား, အားနှင့် ဖိထားလိုက်ကြသည်။
“အား ပူတယ် ပြန်ချပေး …ငါ့ကိုလွှတ် ပူတယ် ပူတယ် …”
ဒေါ်မြအေးသည် ကြောက်စရာကောင်းသော အသံနက်ကြီးဖြင့် လူးလှိမ့်အော်ဟစ်ကာ မကြာခင်ပင် အသက်ထွက်သွားလေသည်။
• • • • •

ဒေါ်မြအေး သေသေချင်းပင် ဒွါရပေါက်များမှ ရိရွဲသောအရည်များထွက်လာပြီး မျက်တွင်းကြီးကခွက်ဝင်လျက်
အသားအရည်များလဲချက်ချင်း ကြုံလှီသွားလေသည်။
အပုပ်နံ့ကြီးမှာလဲ မခံမရပ်နိုင်အောင်နံလွန်းလှသဖြင့်
ဒေါ်မြအေး၏ အလောင်းကြီးအား အဆင်သင့်ပြင်ထားသော အခေါင်းဖြင့် ညတွင်းချင်းပင် သဂြိုလ်လိုက်ရလေတော့သည်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

[မြို့၊နေရပ်နဲ့ အမည်များလွှဲ၍ ရေးသားထားပါတယ်ရှင်။
#အဖွားဒေါ်ကြင်ခင်ကတော့အသက် #66နှစ်မှာဆုံးပါးသွားပါတယ်။]