ကျွန်မဘယ်မှာနေရမလည်း

ကျေနပ်တဲ့သူတစ်ယောက် ပေါ်လာတယ်။ သူကတော့ သေသူ မသန်းနုပဲဖြစ်တယ်။

လူသေရင် သုံးရက်ထားတယ်။ သုံးရက်မြောက်တဲ့နေ့မှ သင်္ဂြိုဟ်ရတယ်။ နှစ်သစ်ကူးရက်နဲ့ကြုံလို့ ကူးစက်ရောဂါကြောင့်သေတာနဲ့၊ အခြားသော အကြောင်းအရာတွေကြောင့် ချက်ချင်းသ င်္ဂြိုဟ်ရတာ…..။

တစ်ရက်ထဲထားပြီးနောက်နေ့သင်္ဂြိုဟ်တာတွေရှိတတ် ပေမဲ့ သုံးရက်မြောက်တဲ့နေ့မှာ သင်္ဂြိုတ်တာကတော့ ရွာရဲ့ထုံးစံပါ။
ဒါပေမဲ့ ရက်လည်ဆွမ်းသွတ်ကို သုံးရက်နဲ့လုပ်တာတော့ ထုံးစံမရှိဘူး၊ အစဉ်အလာ မဟုတ်ဘူး။

ရွာရဲ့ သမိုင်းတစ်လျှောက်မှာလည်း တစ်ကြိမ်တစ်ခါ တောင် မကြုံဖူးဘူး….။ ကာလ၊ ဒေသ အခြေအနေအရ ငါးရက်နဲ့ဆွမ်းသွတ်ကာ ရှိခဲ့ပေမဲ့…။ ထုံးစံက သေဆုံးပြီးခုနစ်ရက်တင်းတင်း ပြည့်မြောက်တဲ့နေ့မှ ရက်လည်ဆွမ်းသွတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကာယကံရှင်တွေရဲ့အလိုကျ ရပ် တွက်လူကြီးတွေက ခွင့်ပြုလိုက်တယ်။

တန်ခူးလဆန်း (၂)ရက်နေ့၊ နေ့ခင်းမှာပဲ မသန်းနုရဲ့ရုပ် အလောင်းကို သုသာန်ပို့ပြီး သင်္ဂြိုဟ်လိုက်တယ်။နောက်နေ့ဖြစ်တဲ့ တန်ခူးလဆန်း (၃)ရက်နေ့မှာ ရက် လည်ဆွမ်းကျွေးတယ်။

ရဟန်းသံဃာတွေပင့်ပြီး ဆွမ်းဆက်ကပ်တယ်၊ ဒါတပ္ပ ဝတ္ထုအစုစုတို့ကို လှူဒါန်းတယ်။ရက်လည်တရားနာတယ်၊ ပရိတ်တရားတော်တွေ ရွတ် ဖတ်တယ်။

ကွယ်လွန်သူ မသန်းနုနဲ့တကွ သုံးဆယ့်တစ်ဘုံမှာ ကျင်လည်နေထိုင်ကြကုန်သော သုခိတ၊ ဒုက္ခိတ၊ ဝေနေယျ သတ္တဝါအားလုံးတို့ကို အမျှအတန်းပေးဝေတယ်..။ သာဓုအနုမောဒနာ ခေါ်ဆိုကြတယ်။ အဲဒီနောက်မှာ လာရောက်ကြတဲ့ဧည့်ပရိသတ်တွေကို ဝက်သားဟင်းနဲ့ ထမင်းကျွေးဧည့်ခံတယ်။

ဒီလို ဧည့်ပရိသတ်တွေနဲ့ စည်ကား၊ ဆူညံနေတဲ့ အချိန် မှာပဲ မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခု ဖြစ်လာတယ်။

မကလျာနွယ်…။ရဲသွေးရဲ့ဇနီး မကလျာနွယ်ဟာ ရုတ်တရက်မိုက်ခနဲ ဖြစ်ပြီး လဲကျမလိုဖြစ်သွားတယ်။

အနီးအနားမှာရှိတဲ့သူတွေက ဝိုင်းပြီး “ဘာဖြစ်တာလဲ’ လို့ မေးလိုက်ချိန်မှာပဲ မကလျာနွယ်ဆီက ရှိုက်သံထွက်လာ တယ်။ရှိုက်သံကနေ မျက်ရည်တွေကျအောင် တတီးတီး ချုံး ပွဲချငိုတယ်…။

​ေငိုနေရာကနေ အုန်းမြင့်ဆီထပြေးတယ်။ ယောက္ခထီးဖြစ်တဲ့ အုန်းမြင့်ကိုဖက်၊ ရှိုက်ကြီးအောင်၊ ကြွေးရင်း စကားတွေပြောတယ်။

“အမလေး…..။ ကိုအုန်းမြင့်ရဲ့….။ ရှင်တော်တော် ရက် စတ်တယ်၊
ကျုပ်ကို နှစ်ရက်နဲ့လည်း သင်္ဂြိုဟ်သေးတယ်၊ ခုလည်း သုံးရက်နဲ့ နှင်ချနေပြန်ပြီ… ရှင်တော်တော်ရက်စက်တဲ့လူကြီးပဲ ကိုအုန်းမြင့်ရဲ့…” ပရိသတ်အားလုံး အုန်းမြင့်ကိုဖက်ငိုနေတဲ့ ချွေးမဖြစ်သူ တိုကြည့်ပြီး အံ့အားသင့်ကုန်တယ်….။

နောက်မှ သေသူမသန်းနု ဝင်ပူးနေပြီဆိုတာ သဘော ပေါက်သွားကြတယ်။ဟုတ်တယ်… ချွေးမဖြစ်သူ ကလျာနွယ်ရဲ့အသံက ယောက္ခမ မသန်းနုရဲ့အသံကြီး။…..။

ပြီးတော့ မျက်နှာကလည်း တစ်မျိုးဖြစ်သွားတယ်..။မသန်းနု ဝင်ပူးကပ်ခံနေရတဲ့ ကလျာနွယ်ဟာ ကိုအုံး မြင့်အနီးကခွာပြီးအိမ်ရှေ့မြေပြင်ပေါ်ခြေဆင်းထိုင်ပြီးငိုပြန်တယ်။ ပြီးတော့ မြေကြီးပေါ်လူးလှိမ့်တယ်၊ စကားတွေပြောပြီး ငိုတယ်။

“ခုတော့ ကျွန်မနေလို့ မရတော့ဘူးတော့်….၊ အိမ်ပေါ်ကလူကြီးကလည်း ကျွန်မကိုရိုက်ချနေပြီ..

ကျွန်မဘယ်မှာ နေရမှာလဲ..။ ပြောပါအုံး။ ကိုအုန်းမြင့်ရဲ့… ကျွန်မ ဘယ်မှာနေရမလဲ…”

ကိုအုန်းမြင့် သူ့မိန်းမအတွက် စိတ်မကောင်းဘူး။ ဒါပေမဲ့သူကတစ္ဆေသရဲယုံတဲ့သူမဟုတ်ဘူး။တစ္ဆေ သရဲအကြောင်း သူ့ကိုပြောလာရင် သူကကန့်လန့်တိုက်ပြီး ပြော တတ်တဲ့သူ…။

ဒါ့ကြောင့် အခု သူ့မိန်းမမသန်းနု ဝင်ပူးနေတယ်ဆို တော့ ရွတ်ပြီးပြောလိုက်တယ်။
“ငါတို့က ထုံးစံနဲ့လည်းကိုက်အောင်၊ နင့်သား ရဲသွေးရဲ့ဆန္ဒလည်းပြည့်အောင်လုပ်လိုက်တာ
နင့်မှာနေစရာမရှိရင် ဘုရားကြီးကျောင်းပိုင်းထဲ ပြေ။ ပေါ့ဟာ” လို့ ပြောလိုက်တယ်။

အုန်းမြင့် ဒီလိုပြောလိုက်တာနဲ့ မြေကြီးပေါ်လူးလှိမ့်ပိုနေ တဲ့ ကလျာနွယ်ဟာ ဖုံမှုန့်အလိမ်းလိမ်း၊ ပြေကျပြီး ဖယိုဖရဲင်း နေတဲ့ ဆံပင်တွေနဲ့ထလာတယ်။အုန်းမြင့်ကို စိမ်းစိမ်းဝါးဝါးကြီး ကြည့်တယ်။ပြီးတော့ ဘာမပြော၊ ညာမပြော….။

ရွာလယ်လမ်းမကြီးအတိုင်း အရှေ့ဘက်ကို စွတ်ပြေး နေတယ်..။
သုံးလေးဖာလုံလောက်ဝေးတဲ့ ဘုရားကြီး မုခ်ဦး ရောက်တော့ ဘုရားဝိုင်းထဲ ကွေ့ဝင်ပြေးတယ်။ကလျာနွယ်ကိုတစ်ခုခုဖြစ်မှာစိုးရိမ်တဲ့ဆွေမျိုးသားချင်း လေးငါးဆယ်ယောက်လောက် နောက်ကနေ တသီတတန်း ပြေးလိုက်သွားကြတယ်….။

ထူးဆန်းတာက ကလျာနွယ်ပါ…..။
သူမက ရဲသွေးနဲ့အိမ်ထောင်ကျတာ မကြာသေးဘူး။ ရွာကိုလည်း  မလာဖူးဘူး..။ခုမှ မသန်းနုသေမှ သူ့ယောက်ျားရဲသွေးနဲ့ လိုက်လာလို့ ရောက်ဖူးတာ.….။ရောက်တော့လည်း အသုဘအိမ်ကလွဲပြီး ဘယ်မှမ သွားခဲ့ဘူး။

ယောက္ခမ မသန်းနု သင်္ဂြုတ်တာတောင် သုသာန်ကို လိုက်မသွားဘဲ အိမ်မှာပဲနေခဲ့တဲ့သူ။ ဆိုလိုတာက အိမ်ထဲက အိမ်အပြင်မထွက်ဘူးတဲ့သူး

ဘုရားကြီး ဘယ်ဘက်မှာရှိတယ်ဆိုတာ မသိတဲ့သူ… ဒီလိုလူက အုန်းမြင့်ရဲ့ “ဘုရားကြီးပိုင်းထဲ ပြေးပေါ့ ဆိုတဲ့ စကားလည်းကြားရော…။
ဘုရားကြီးဝိုင်းထဲ အမှားအယွင်းမရှိ၊ တန်းတန်းမတ်၊ မတ် ပြေးဝင်သွားခဲ့တယ်။

ဒါဟာ သေသူမသန်းနု အမှန်တကယ်၀င်ပူးကပ်နေ တယ်ဆိုတာ အထင်အရှားပြနေတာပါပဲ…။

ဘုရားကြီးဝိုင်းထဲမှာ ထိုင်ငိုနေတဲ့ ကလျာနွယ်ဆီကို ဆွေမျိုးတွေနဲ့အတူ တိုင်းရင်းဆေးဆရာလည်းဟုတ်၊ ပယောဂ ဆရာလည်းဟုတ်တဲ့ ဦးကြာညွန့်ရောက်လာတယ်။ “နင်…၊ သန်းနု အစစ်အမှန်လား.အခြား ပယောဂအနှောင့်အယှတ်လား..”
“ဆရာ ဦးကြာညွန့်ကလည်း ကျွန်မသန်းနုအစစ်ပါ

ကလျာနွယ်ဆီက ထွက်လာတဲ့စကားကြောင့် သန်းနု အစစ်အမှန်ဆိုတာ လက်ခံလိုက်ကြတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကလျာနွယ်က ဦးကြာညွန့် ကို သိမှမသိတာကိုး….။

“ကဲ ပြော….၊ နင် ဟာလုပ်ချင်လဲ၊ဘာဖြစ်ချင်လဲ…၊ ငါ့ကိုပြောစမ်း..”
“ကျုပ်အိမ်မှာ နေလို့မရတော့ဘူး၊ အီး.. ဟီး… ဟီး..၊ ဘယ်မှာ နေရမတုန်း၊ ဘယ်မှာ နေရမတုန်း…ကျုပ်ကို နေရာပေးပါ.. အီး.. ဟီး… ဟီး…” ဆရာကြီးဦးကြာညွန့် အနီးမှာရှိတဲ့ ထနောင်းပင်ကို လက်ညှိုးထိုးပြတယ်။

“ဒီထနောင်းပင်မှာနေ..”

ကလျာနွယ် ထနောင်းပင်ကိုစိုက်ကြည့်ပြီး ခေါင်းယမ်းပြတယ်။ရှိတယ်..”

“မရဘူး..၊ နေလို့မရဘူး၊ ဒီအပင်မှာ နေတဲ့သူတွေ”
ဆရာကြီးဦးကြာညွန့် မလှမ်းမကမ်းက တမာပင်ကြီး တစ်ပင်ကို ထပ်ပြတယ်။

“ဒီ တမာပင်ကြီးမှာရော..”

“မရဘူး။ ဒီအပင်မှာလည်း ပိုင်ရှင်ရှိတယ်…”

ဒီလိုနဲ့ ဦးကြာညွန့်ဟာ ဘုရားဝိုင်းထဲမှာရှိတဲ့ အပင်တွေ ကို တစ်ပင်ပြီးတစ်ပင်ပြတယ်၊ မသန်းနုအတွက် နေစရာတယ်။

မသန်းနုပူးကပ်နေတဲ့ ကလျာနွယ်ကတော့ ခေါင်းယမ်း မြဲယမ်းနေတယ်။

“ကဲ…. ဒီ သခွပ်ပင်မှာရောဟေ့..” ကလျာနွယ်ဟာ သခွပ်ပင်ကိုအတန်ကြာအောင် ကြည့်တယ်။

“ဟုတ်တယ်…၊ ဒီ သခွပ်ပင်မှာ ပိုင်ရှင်မရှိဘူး။ ကျွန်မ ဒီမှာပဲနေမယ်…” လို့ပြောပြီး သဘောတူလိုက်တယ်။

နင်ဘာလုပ်ချင်သေးတုန်း။ ငါ့ကိုပြော..” ဆရာကြီးဦးကြာညွန့်က မေးလိုက်ပြန်သည်။ ကလျာနွယ်ဟာ ဝိုင်းကြည့်နေတဲ့လူအုပ်ကို စေ့စေ့စပ် စပ် လိုက်ကြည့်တယ်။

ပြီးတော့ မလှမ်းမကမ်းမှာကြည့်နေတဲ့ အုန်းမြင့်ကို လက်ယပ်ပြီး ခေါ်တယ်။ ‘“ဘူးနဲ့ထည့်ထားတဲ့ ကျုပ်လက်ဝတ်ရတနာတွေ ၁၄းကျုပ်လက်ဝတ်လက်စားအားလုံး ဆရာတော်ကို လှူချင်တယ်….”

အုန်းမြင့် အိမ်ကိုချက်ချင်းပြန်ပြေးတယ်။ မသန်းနုရဲ့လက်ဝတ်လက်စားတွေ ထည့်သိမ်းထားတဲ့ ဘူးကို ယူတယ်၊ ကလျာနွယ်လက်ထဲ ထည့်လိုက်တယ်။ ကလျာနွယ် ဘူးကိုဖွင့်ကြည့်တယ်။ ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက်၊ နားကပ်စတဲ့ ရွှေ ထည်ပစ္စည်းေကို တွေ့တယ်၊ ကလျာနွယ် ရွှေဘူးကိုပြန်ပိတ်တယ်။

ပြီးတော့ ဘုရားဝိုင်းထဲကနေ အနောက်ဘက်ကပ် လျက်. ဘုန်းကြီးကျောင်းဝင်းထဲကို သွားတယ်။လူအုပ်ကလည်း သူ့နောက်က လိုက်သွားကြတယ်။ ကျောင်းဝင်းထဲကို တစ်ခေါက်မှမရောက်ဖူးတဲ့ ကလျာ နွယ်ဟာ ကျောင်းတိုက်တွေ အများအပြားရှိတဲ့အထဲက…၊ ဆရာတော် ဦးဣန္ဒဝံသသီတင်းသုံးတဲ့ နှစ်ထပ်သစ် သားကျောင်းကို တန်းတန်းမတ်မတ် တက်သွားတယ်။ ဆရာတော်ကို ကန်တော့ပြီး လက်ဝတ်လက်စားတွေ ထည့်ထားတဲ့ဘူးကို လှူလိုက်တယ်။ လှူပြီးတော့ ကျောင်းအောက်ပြန်ဆင်းခဲ့တယ်။လာခဲ့တဲ့လမ်းအတိုင်း ဘုရားကြီးပရဝုဏ်ထဲ ပြန်ဝင် လာတယ်။

ဒီလိုလာရင်းက သခွပ်ပင်အောက်အရောက်မှာ ကလာ နွယ်တစ်ယောက် ခွေခွေလေးလဲကျသွားတယ်၊ သတိလစ်သလို၊ ဖြစ်သွားတယ်။ပရိသတ်ထဲက မိန်းမကြီးတစ်ချို့ ပြုစုပေးလို့ တစ်ခဏ အကြာမှာပဲ သတိပြန်ရလာတယ်။
အဲဒီအခါမှာတော့ ကလျာနွယ်တာ ကလျာနွယ်စစ်စစ်ပြန်ဖြစ်သွားပြီ ဖြစ်ပါတယ်။

မသန်းနု ဝင်ရောက်ပူးကပ်ခံနေရတဲ့ ကလျာနွယ် ဟုတ်တော့ပါဘူး…။
ကလျာနွယ်ရဲ့စိတ်တွေကလည်း မူလပုံမှန်စိတ်ကို ပြန် ရောက်နေပါပြီ။

လူတွေကတာ့ ကလျာနွယ်ကိုခေါ်ပြီး နာရေ.အိမ်ရှိရာ သို့ပြန်လာရင်း……..၊

မသန်းနုတစ်ယောက် သူ့အတွက်ရရှိတဲ့ နေရာဋ္ဌာန အသစ်ဖြစ်တဲ့သခွပ်ပင်ကြီးမှာ နေရစ်ခဲ့ပြီဆိုတဲ့အကြောင်း တစ် ယောက်တစ်ပေါက်၊ ဆူဆူညံညံ ပြောဆိုလိုက်ပါလာကြတယ်။ညနေပိုင်းမှာ စာရာတော်က အုန်းမြင့်ကိုခေါ်တယ်။ “မနက်တုန်းက ဒကာမကြီးမသန်းနု စိတ်ချမ်းသာ အောင်လို့ လက်ခံထားရတယ်…။ဒီပစ္စည်းတွေက တရားဘာဝနာ ကျင့်ကြံအားထုတ်ရာ မှာ အနှောင့်အယှက်ပြုတတ်တဲ့ ပစ္စည်းတွေဖြစ်လို့ ဘုန်းကြီးတို့ နဲ့ မအပ်စပ်ဘူး..ဒါ့ကြောင့် ဒကာကြီးကို ပြန်ပြီးစွန့်ပါတယ်…”
လို့မိန့် ပြီး ရွှေထည်ပစ္စည်းတွေကို ပြန်စွန့်လိုက်ပါတယ်။

သည်အဖြစ်အပျက်ကို ပြောပြသူက ကိုအုံးမြင့်တို့ရွာ မှာနေထိုင်တဲ့ စာရေးသူရဲ့ အသိမိတ်ဆွေတစ်ဦး ဖြစ်ပါတယ်။ သူတို့ရွာက မကွေး၊ တောင်တွင်းကြီး ကားလမ်းပေါ်မှာ တည်ရှိပါတယ်။

“သေတဲ့သူဟာ သေလွန်ပြီးတာနဲ့ အိမ်မှာ ခုနစ်ရက် နေခွင့်ရှိတယ်အိမ်တွင်းနတ်၊ အိမ်စောင့်နတ်၊ ဝင်းခြံစောင့်နတ်တွေက လည်း လက်ခံတယ်။

ရက်လည်ဆွမ်းသွတ်ပြီးရင်တော့ အိမ်မှာ နေခွင့်မှ တော့ ဘူး၊

မသန်းနုခမျာ သားကပြန်ရမှာဖြစ်လို့ အလောသုံးဆယ် သင်္ဂြိုဟ်၊ ကမန်းကတန်း သုံးရက်နဲ့ရက်လည်ဆွမ်းသွတ်လိုက် ရတော့ အိမ်မှာသုံးရက်ပဲနေရတယ်၊

ဒါ့ကြောင့် မကျေမနပ်ဖြစ်ပြီး ချွေးမဖြစ်တဲ့ကလာနွယ် ကို ပူးဝင်ပြောတာ…”လို့လည်း ရွာမှာပြောကြ၊ ဆိုကြကြောင်း ထပ်မံပြောပြပါတယ်။

စာရေးသူ သည်စကားကိုတော့ ဘဝင်မကျလှပါ။ စာရေးသူအနေနှင့်သရဲတစ္ဆေ အမှန်တကယ်ရှိတယ် ဆိုတာကို လက်ခံသူဖြစ်ပါတယ်။ကိုယ်တိုင်လည်း ထင်ရှားသိသာအောင် သရဲခြောက် တာကို ခံရဖူးပါတယ်။

စာရေးသူကစ်ယောက်တင်မက အပေါင်းအားခုနစ် ယောက်၊ ရှစ်ယောက်အတူရှိနေစဉ် တစ်ချိန်တည်း၊ တစ်နေရာ တည်း သရဲခြောက်ခံရခြင်းပါ။

(ရှေ့စာအုပ်အချို့မှာ ရေးသားပြီးဖြစ်တဲ့အတွက် ထပ်မံ မဖော်ပြလိုတော့ပါ။)

ပြောလိုသည်က စာရေးသူအနေနှင့် သရဲရှိတာကို ယုံ ကြည် လက်ခံတဲ့အကြောင်းပါ။

နောက်ဆုံးတစ္ဆေပူးဝင်၊ပူးကပ်တယ်ဆိုတဲ့အထိကို လက်ခံယုံကြည်ပါတယ်။ဒီလို အဖြစ်အပျက်တွေကိုလည်း ယုံကြည်လက်ခံရလောက်အောင် ကိုယ်တိုင်ကိုယ်ကျ တွေ့ ကြုံဖူးတာကြောင့်ပါ။ ဒါပေမဲ့ သေသောသူဟာ အိမ်မှာခုနစ်ရက် နေခွင့်ရ တယ်ဆိုတဲ့ အတွေးအခေါ်ကိုတော့ သဘောမကျပါ။

ဤသို့ဆိုလျှင် သေသောသူမှာ ဝိညာဉ်ဘဝဖြင့် အိမ်မှာ ခုနစ်ရက်ရှိနေမယ်… (စိတ်ကူးယဉ် ဇာတ်လမ်းတွေထဲကလို တိုယ်သေတယ်ဆိုတာ မသိဘဲရှိနေမယ်။

မိသားစုတွေ၊ မိတ်ဆွေအပေါင်းသင်းတွေ သူသေပြီဆို ပြီး ဝမ်းနည်းပူးဆွေးနေကြတာ တွေ့မယ်။

သူက မသေကြောင်း၊ ရှိနေကြောင်း တစ်ယောက်ပြီး တစ်ယောက်လိုက်ပြောနေမယ်၊ ဘယ်သူ့ကိုမှလည်း ပြောလို့မရ ဖြစ်နေမယ်..

ခုနစ်ရက်ပြည့်တဲ့နေ့မှ အိမ်ကထွက်ပြီး မိမိပြုခဲ့တဲ့က္ သိုလကံ၊ အကုသိုလ်ကံအလျှောက် နောက်ဘဝတစ်ခုသို့ ပြောင်းရမည်ကဲ့သို့ ဖြစ်နေပါတယ်။

(၃၁)မှာ အသက်ရှင်နေထိုင်ကြတဲ့ ပုဂ္ဂိုလ်သတ္တဝါမှန်သ မျှတာ နောက်ဆုံးတစ်နေ့မှာ ပျက်ဆီးခြင်းဆိုတဲ့ သေခြင်းတ ရားကို မလွဲမသွေ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

ဘဝဟောင်းချုပ်ပြီး ဘဝသစ်ဖြစ်တဲ့သဘောကို သေ တယ်လို့ခေါ်တာပါ။

ဒီလို သေခြင်းဆိုတဲ့ စုတိစိတ်ကျတာနဲ့( ဘုရား၊ ရဟန္တာ အရှင်မြတ်တွေကလွဲလို့) ဘဝအသစ်မှာ ပဋိသန္ဓေစိတ် ဖြစ်ကြ ရပါတယ်။

ပဋိသန္ဓေဆိုတာက ဘဝဟောင်းနဲ့ဘဝသစ်ကို တစ်ဖန် ဆက်စပ်ပေးတာကို ဆိုလိုခြင်းဖြစ်ပါတယ်။

စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်က အကြားအလပ်မရှိ ချက် ခြင်းဆက်စပ်ပါတယ်။ရှင်းအောင်ပြောရရင်…..။ သေပြီဆိုတာနဲ့ တစ်ဆက်တည်း ကုသိုလ်ကံ၊ အကု သိုလ်ကံအလျောက် သူဖြစ်ရမယ့်ဘဝကို ချက်ခြင်းဆက် သွားပါတယ်၊ ဒါက အမှန်တရားပါ။ သေတယ်…..။

အိမ်မှာ ခုနစ်ရက်နေတယ်။ နေပြီးမှ ကိုယ်သွားရမယ့်ဘဝကို ကူးပြောင်းသွားတယ် ဆိုတဲ့ အယူကတော့ တရားတော်နဲ့လွဲချော်နေတဲ့ အသိမှားအ ခြင်မှားတစ်ခုသာဖြစ်ပါကြောင်း မေတ္တာဖြင့် တင်ပြလိုက်ရပါ တယ်။

#မောင်မှိုင်းညို့(ချောင်းဦး)