ဆရာမနိုင်မီးယပ်ကိုင်

သူမအား ပြုစားထား၍ သရဲတစ္ဆေနှင့် အသေသတ်ခိုင်းနေခြင်းပင်ဖြစ်သည်ဟု ဒေါ်မြင့်မြင့်စန်းမှာမူ သိရှိနေခဲ့ရသည်။ ထိုတင်မက အပြင်သို့သွားသည့်အခါတွင်လည်း သူမအနားတွင် တစ်ဦးတစ်ယောက် လိုက်ပါလာသည့်အတိုင်း ခံစားနေခဲ့ရလေသည်။

နေအိမ်တွင် တစ်ယောက်တည်းရှိနေချိန်၌လည်း သူမနှင့်အတူ တစ်ဦးတစ်ယောက် အတူရှိနေခဲ့သည်ဟု ခံစားနေရခါ ကြောက်ရွှံ့စိတ်နှင့် စိတ်ဆင်းရဲကြီးစွာ ဖြစ်နေခဲ့ရပေသည်။ ထိုကဲ့သို့အဖြစ်ပျက်များကြောင့် ခင်ပွန်းသည် ဦးလှငွေသည်လည်း ကားမောင်းမထွက်နိုင်၊ ဇနီးဖြစ်သူ၏အနားတွင် နေထိုင်ပေးနေခဲ့ရင်း စုဆောင်းမိထားသော ငွေလေးများဖြင့် ထိုင်စားနေခဲ့ရသည်။

ဇနီးဖြစ်သူ၏ အဖြစ်များကြောင့် ဦးလှငွေသည်လည်း ပယောဂါဆရာပေါင်းစုံနှင့် လိုက်လံကုသပေးခဲ့သည်။ ထိုတင်မက သံဃာတော်ဆရာများနှင့်လည်း ဆရာစုံအောင် လိုက်လံကုသပေးခဲ့ပါသည်။ သို့သော်လည်း ဒေါ်မြင့်မြင့်စန်းမှာမူ ထိုကဲ့သို့စကားသံများ ကြားနေရစမြဲပင်။ တစ်ခါတစ်လေတွင်မူ ထိုစကားသံများ ကြားလာပြီဆိုလျင် ဒေါ်မြင့်မြင့်စန်းမှာ စိတ်ဖိဆီးမှု့များဖြင့် စိတ်မရှည်တော့သည့် လေသံနှင့်အတူ ထိုကဲ့သို့စကားများလည်း ပြောဆိုလေတတ်သည်။

”ဟာ… ငါစိတ်ညစ်လာပြီနော် နင်တို့ငါ့ကိုသတ်ချင်နေတာမဟုတ်လား… သတ်သွားကြတော့လေ… ငါ့ကိုစိတ်ဆင်းရဲမှု့တွေ ထပ်မပေးပါနဲ့တော့ သတ်ချင်ရင်လည်း သတ်လိုက်ကြပါတော့ဟာ”

မျက်ရည်များဖြင့် ထိုသို့ပြောဆိုခါ ချုန်းပွဲချ ငိုကြွေးနေခဲ့သည်။ ဦးလှငွေသည်လည်း မိန်းမဖြစ်သူအား ထိုကဲ့သို့စိတ်လိုက်မာန်ပါ မပြောဆိုရန် တားမြစ်လျက် ဇနီးဖြစ်သူအား နှစ်သိမ့်နေခဲ့ရသည်။ အထက်လမ်းဆရာတော်ကြီးတစ်ပါးနှင့် မနက်ခင်းအချိန်မှ ပယောဂါသွားရောက်ကုသခဲ့ပြီး တစ်နေ့ကုန်တိုင်အောင် သူမ၏နားအတွင်း၌ စကားသံမျာမကြားခဲ့ရချေ။ သို့သော် ယခုညနက်အချိန်ခါ၌ ပြန်လည်ကြားယောင်လာမိသည့်အတွက် ထိုဆရာတော်ကြီးသည်လည်း သူမ၏အနှောက်ယှက်အား ကုသပေးနိုင်ခြင်းမရှိဟု သတ်မှတ်လေခါ မနက်လင်းသည်နှင့် အထက်လမ်းဆရာတစ်ဦးဦးနှင့် ထပ်မံပြသရမည်ဟု တွေးထားခဲ့လေသည်။
××××××
ယနေ့။ ယနေ့ဟာ ကျွန်ုပ်၏အားလပ်ရက်လေးဟုပင် သတ်မှတ်စေနိုင်သည်။ ကျွန်ုပ်သည် ယခုနှစ်အတွက် မတတ်ဖြစ်ပဲ နားထားခဲ့သော ဓာတုဗေဒ ဒုတိနှစ်အဝေးသင်အား ပြန်လည်တတ်ရောက်နေရသည်။ ထို့ကြောင့် ယနေ့ဟာ တနင်္ဂနွေနေ့ရက်ပင်ဖြစ်ပြီး ကျောင်းမှပြန်ရောက်လာခါ အိမ်ရှေ့ခန်းလေးအတွင်းတွင် ခေတ္တထိုင်နေမိခဲ့သည်။

”ဆရာရှိလား…”
”သြော်!… ဟုတ်ကဲ့ခင်ဗျ ရှိပါတယ်”
”ခဏထိုင်ဦးနော်”

ဆရာဟူသည် ကျွန်ုပ်၏ဖခင်ဖြစ်သူအား ထိုသူများမှ ခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ ကျွန်ုပ်၏ဖခင်ဖြစ်သူသည် တိုင်းရင်းမြန်မာအရိုးကြောကု ဆေးဆရာတစ်ဦးဖြစ်သည့်အလား၊ အထက်ဂိုဏ်းဆရာကြီးတစ်ဦးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်၏ဖခင်ဖြစ်သူနှင့် ရင်းနှီးကျွမ်းဝင်သော လူများမှာ ဆရာဟုခေါ်ဝေါ်ခြင်းပင်ဖြစ်လေသည်။ အသံလာရာနှင့်အတူ ခြံအတွင်းသို့ အသက်(၆၀)ခန့်လူကြီးတစ်ဦးနှင့်၊ အသက်(၅၀)ကျော်ခန့်ရှိနေခဲ့သော လူကြီးတစ်ဦးအပါအဝင်၊ မိန်းမကြီးတစ်ဦး၊ အားလုံးပေါင်း သုံးဦးသားသည်လည်း ခြံအတွင်းသို့ တပြိုင်နက်ဝင်ရောက်ခဲ့လေသည်။

ခြံအတွင်းရှိ ခုံလေးများတွင် ထိုသူများအား ခေတ္တထိုင်စေရန် ကျွန်ုပ်တစ်ယောက် နေရာချထားပေးခဲ့ရင်း အိမ်ပေါ်တွင် တရားထိုင်လျက်ရှိနေသည့် ဖခင်ဖြစ်သူထံသို့ အကြောင်းကြားစေခဲ့သည်။ ကျွန်ုပ်၏အကြောင်းကြားချက်ဖြင့် ဖခင်ဖြစ်သူသည်လည်း ထိုသူများရှိနေခဲ့သော ခြံအတွင်းသို့ ရောက်ရှိလာခါ လာရင်းကိစ္စများ မေးမြန်းလေတော့သည်။

”သြော်!… ဆရာ… ကျွန်တော့ကိုမှတ်မိလားမသိဘူး”
”ဟင်!… သြော်… စိတ်မရှိပါနဲ့ဗျ အမှတ်တမှတ်ပဲ”
”ဟုတ်ကဲ့ဆရာ… ဟိုတလောတုန်းက သမီးလေးကိုဆရာကုပေးခဲ့တာလေ… ဟိုလေဆရာ… သိုက်ကလာတဲ့ ကောင်မလေးကို သိုက်ကြိုးဖြတ်လာကုသွားတာလေ”
”သြော်!… မှတ်မိပြီ မှတ်မိပြီ… ဘယ်လိုတုန်းဗျ ကလေးမလေးရော နေကောင်းရဲ့လား”
”ကောင်းပါတယ်ဆရာ”
”အခုရော ဘာဖြစ်လို့တုန်း”
”ဒီလိုပါဆရာ ဒါက ကျွန်တော့်မိတ်ဆွေတွေပါ… ဒေါ်မြင့်မြင့်စန်းနဲ့ ဦးလှငွေလို့ခေါ်ပါတယ်ဆရာ… ဆရာ့ဆီမှာ ပယောဂါစစ်ချင်လို့ပါ”
”ဟုတ်ကဲ့… ဘယ်လိုဖြစ်လို့တုန်းဗျ… ဘယ်သူလဲ”
”ကျွန်မပါဆရာ… ဖြစ်ပုံက ဒီလိုပါ”

စာဖတ်သူများမှတ်မိလေမလား။ ”သိုက်ကြိုးဖြတ်ခြင်း”ဟူသော ဇာတ်လမ်းတိုအား စာရေးသူကျွန်ုပ်တစ်ယောက် ရေးသားဖော်ပြခဲ့ဘူးသည်။ ယခုကျွန်ုပ်၏ဖခင်ဖြစ်သူထံသို့ ရောက်ရှိလာခဲ့သော ထိုလူကြီးမှာမူ သိုက်ကြိုးလာရောက်ဖြတ်သော မိန်းကလေး၏ဖခင်ပင်ဖြစ်သည်။ ထို့နောက် ဒေါ်မြင့်မြင့်စန်းမှာမူ သူမတစ်ယောက် နေ့စဉ်နှင့်အမျှ ခံစားနေခဲ့ရသော အနှောက်ယှက်စကားသံများအား ကျွန်ုပ်၏ဖခင်ထံသို့ အားကိုးတကြီးပြောဆ်ုလေခဲ့သည်။

”အင်း!… ဒေါ်မြင့်မြင့်စန်း အခုဖြစ်နေတဲ့ အကြောင်းကို ဘယ်လိုထင်လဲဗျ”
”ကျွန်မကတော့ သူများလုပ်ထားတယ်ပဲ ထင်တယ်ဆရာ… ဘာဖြစ်လို့လဲဆိုရင် ကျောင်းဆရာမဘဝတုန်းက ကျောင်းသားမိဘတွေနဲ့ နှစ်တ်ုင်းလိုလိုစကားများရတယ်… သူတို့ထဲက တစ်ယောက်ယောက်များ အတိုက်ခိုက်နဲ့လုပ်ထားတယ်လို့ ထင်တယ်”

”အခု… ဒီမှာထိုင်နေတဲ့အချိန်မှာရော ဒေါ်မြင့်မြင့်စန်း အဲ့ဒီစကားသံတွေ ကြားရသေးလား”
”မကြားရဘူးဆရာ… တစ်လမ်းလုံး ကျွန်မနဲ့အတူတူလိုက်လာတယ်လို့ ခံစားရတယ်!… ဆရာ့ခြံထဲရောက်တော့မှ စိတ်ထဲရှင်းသွားတယ်… သူတို့လိုက်မလာတော့ဘူးလို့ထင်တယ်”
”ဟုတ်တယ်ဆရာ… ကျွန်တော့်မိန်းမအခုလိုဖြစ်နေလို့ လိုက်ကုတာ ဆရာတွေလဲစုံ ငွေတွေလဲကုန်နေပြီဆရာ… ဘယ်ဆရာနဲ့မှ မပျောက်ဘူးဖြစ်နေတယ်… အခုမှ ကိုဇော်မျိုးနဲ့ဆုံပြီး ဆရာ့ဆီရောက်လာရတာပါ… အဲ့ဒီအနှောက်ယှက်တွေ လုပ်ပေးပါဦးဆရာရယ်”
”အင်း!… ဖြစ်နေတာရော ကြာပြီလား”
”ကြာပြီဆရာ သုံးလေးလလောက်ရှိနေပြီ ကျွန်မရူးနေတာလဲမဟုတ်ဘူးဆရာ… စိတ်ဖောက်ပြန်နေတာလဲမဟုတ်ဘူး… ကိုယ့်ကိုလည်း သိတယ်…”
”အင်း…ကောင်းပါပြီ… ကဲလာ… အိမ်ပေါ်တတ်… ကျွန်တော်စစ်ကြည့်ပေးပါ့မယ်”

ဖခင်ဖြစ်သူထံ၌ အားကိုးတကြီး ထိုသို့ပြောဆိုလေခါ၊ ဖခင်ဖြစ်သူသည်လည်း ထိုလူများအား ခြံအတွင်းမှ နေအိမ်အပေါ်ရှိ ဘုရားခန်းဆီသို့ ခေါ်ဆောင်လာခဲ့လေသည်။ ထို့နောက် ဘုရားဆင်တွင် ဖယောင်းတိုင်လေးများ အစီစဉ်တကျထွန်းညှိခါ၊ ကာယကံရှင်ဒေါ်မြင့်မြင့်စန်းအား ဘုရားဦးတိုက်ခိုင်းလျက်၊ ဘုရားဆင်အား ကျောပေးလေခါ အပြင်ဘက်သို့ ခြေဆင်းခိုင်းလေသည်။ ထို့နောက်…

”ဘာနေ့သမီးလဲ”
”ကြာသပတေးသမီးပါဆရာ”
”ဟုတ်ပြီ… ကြာသပတေးသမီးရဲ့ အသက်နဲ့ခန္ဓာကိုယ်၊ အိမ်ခြံမြေ ပရိဘောက ဆရာ့ဆီအပ်နော်”
”ဟုတ်ကဲ့ဆရာ အပ်ပါတယ်”

သို့နှင့် ဖခင်ဖြစ်သူသည်လည်း သူ၏အစီစဉ်တကျ မတ်တပ်ရပ်အနေအထားနှင့် ခြေစင်းထားပြီး၊ ဆံပင်ဖျီချထားသော ဒေါ်မြင့်မြင့်စန်း၏ဦးခေါင်းအပေါ်သို့ လက်ညိုးကလေး ခပ်ဖွဖွထိုးစိုက်ထားခါ…

”ဘုန်းတော်အလွန်တရာ ကြီးမြတ်တော်မူသော ကောက္ကသံ၊ ဂေါဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တယျ ဘုရားငါးဆူနှင့်တကွ ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီးအား အဖက်ဖက်မှ ကူညီစောင့်ရှောက်တော်မူကြကုန်သော… အဖဘိုးတော်အေး၊ အဖဘိုးတော်ပြူး၊ အဖဘိုးတော်ပွင့်၊ ဥပဇ္ဇျာယ်ဆရာများအားလည်းကောင်း အမှု့ထား၍ သား၏ကျွန်ုပ်သည် ဤကြာသပတေးသမီးအား ကုပွဲနှင့်အတူ အပ်နှင်းပါသည်။ အစဉ်အမြဲကြွရောက်၍ စောင့်ရှောက်တော်မူပြီလျင် ဖြေရှင်းပေးတော်မူပါ… ××××× ×××× ×××× ××××× ×××× ???? ×××× ××… … … ÷×±× ××× ×× × × ×”

ထို့သို့တိုင်တည်ပြောဆိုခဲ့ပြီး ကာယကံရှင်ဒေါ်မြင့်မြင့်စန်းအား စတင်စစ်ဆေးလေခဲ့သည်။ ဒေါ်မြင့်မြင့်စန်းအား စုန်းတိုက်၊ အစိမ်းတိုက်၊ နတ်တိုက်၊ ဆရာတိုက်၊ ရိုးရာတိုက်၊ ဥစ္စာစောင့်၊ သူယောင်စွဲ၊ လမိုင်းစွဲ၊ အပင်း၊ မင်းမဟာဂီရိ၊ ဘုရားတိုက်၊ အင်းတိုက်၊ မြေဖုတ်ဘီလူး၊ စသည့်အစွဲများဖြင့် ပြုစားထားခဲ့လျင် ဒေါ်မြင့်မြင့်စန်း၏ ဆင်းထားသောခြေထောက်တွင် ကျောက်သားကပ်သို့ လေးလံနေစေသားဟု တိုင်တည်စစ်ဆေးအမိန့်ပေးခဲ့သော်လည်း ဒေါ်မြင့်မြင့်စန်းမှာမူ ပုံမှန်အတိုင်းပင် စင်းထားသည့်ခြေထောက်မှာ ကောင်းစွာ ကြွနိုင်လေခဲ့သည်။

အတိုက်ခိုက်များနှင့်ပတ်သတ်ပြီး တစ်ခုချင်း အကြိမ်ကြိမ်အခါခါစစ်ဆေးခဲ့သော်လည်း မည်သည့်အစွဲ၊ အတိုက်တစ်ခိုက်မျှ ရှာမတွေ့ခဲ့ချေ။ အချိန်များသာ ကုန်လင့်သွားခဲ့သည်သာ အဖတ်တင်ခဲ့သည်။ ဖခင်ဖြစ်သူသည်လည်း မိုးဖွဲများစွာကျနေသည့် မိုးတွင်းအချိန်ခါ၌ ခန္ဓာကိုယ်ရှိ ချွေးပေါက်များအတွင်းမှ ချွေးလေးများစွာပင်လျင် ဆို့လျက်ရှိလာခဲ့သည်။

”ကဲ!… ဒေါ်မြင့်မြင့်စန်း… ခင်ဗျားမြင်တဲ့အတိုင်းပဲ ကျွန်တော်စစ်ကြည့်တာတော့… ခင်ဗျားမှာ ဘာအတိုက်အခိုက်မှ မရှိဘူး… ခင်ဗျားစိတ်ထဲမှာရော အခု ရှင်းရှင်းလင်းလင်းဖြစ်နေရဲ့လား”
”ဟုတ်ကဲ့ဆရာ… တစ်လမ်းလုံး သူတို့လိုက်လာတယ်… အခုနပြောသလို… ဆရာ့ခြံထဲရောက်တော့မှ သူတို့လိုက်မလာတော့တာ”
”အခုရော”
”အခုလဲ စိတ်ထဲပေါ့နေတာပဲ”
”ဟုတ်ပြီ!… ကျွန်တော် ဆေးတော်ရေစင်တ်ိုက်လိုက်မယ်… ဒီတစ်ညတော့ စောင့်ကြည့်ပေးနော်… တကယ်လို့ မသက်သာသေးရင် ကျွန်တော်မနိုင်လို့ပဲဖြစ်ပါလိမ့်မယ်”
”ရှင်…”
”ဗျာ!… ”

ဖခင်ဖြစ်သူ၏ပြောစကားများကြောင့် နံဘေးနားတွင် ဂရုတစိုက်စောင့်ကြည့်နေခဲ့ကြသော ဦးလှငွေ၏နှုတ်မှ အာမေဋိတ်စကားသံထွက်ပေါ်လာခဲ့သည်။ တပြိုင်နက် ဖခင်ဖြစ်သူထံသို့ ခေါ်ဆောင်လာပေးသော ဦးဇော်မျိုး၏ မျက်နှာပြင်ဆီသို့လည်း ကြည့်မိစေခဲ့သည်။ ဖခင်ဖြစ်သူ၏ ကုသပုံများအား ဦးဇော်မျိုးတစ်ယောက် သမီးဖြစ်သူအတွက်နှင့် ကိုယ်တွေ့ကြုံဘူးထားခဲ့သည်။ ထို့ကြောင့် ဦးလှငွေနှင့်ဒေါ်မြင့်မြင့်စန်းတို့အားလည်း ဖခင်ဖြစ်သူ၏အကြောင်းများ ဦးဇော်မျိုးတစ်ယောက် မည်မျှပင်ညွှန်းဆို၍ ခေါ်ဆောင်လာသနည်းမသိ။ ဖခင်ဖြစ်သူ၏ လက်လျော့လိုက်သော စကားသံကြောင့် မျက်မှောင်ကြုတ်လျက် ဦးဇော်မျိုးထံသို့ ဦးလှငွေ ကြည့်မိလိုက်ခြင်းဖြစ်လေသည်။

ကျွန်ုပ်သည်လည်း လွန်စွာအံ့သြလေမိသည်။ ဖခင်ဖြစ်သူ၏ အနှောက်ယှက်၊ အတိုက်အခိုက်များအား ထိထိမိမိ၊ နိုင်နိုင်နင်းနင်း ကုသလာခဲ့သည်များအား ကျွန်ုပ်တစ်ယောက် မျက်မြင်ကိုယ်တွေ့ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဘူးသည်။ အနှောက်ယှက်၊ အတိုက်ခိုက်တိုင်းအားလည်း ဖခင်ဖြစ်သူတစ်ယောက် အကောင်းဆုံးဖြေရှင်းပေးနိုင်ခဲ့သည်။ ယခုအခါ အဘဟ့်ကြောင့် ဒေါ်မြင့်မြင့်စန်းခံစားနေရသော အနှောက်ယှက်အား မနိုင်တော့ပါဟု ပြောဆိုလိုက်ရသနည်း။

ဖခင်ဖြစ်သူသည်လည်း ဘေးပတ်ဝန်းကျင်ရှိသူများအားလုံး၏ စိတ်နေစိတ်ထားအား ကောင်းစွာအကဲခတ်မိဟန်တူသည်။ သို့နှင့်…

”ကျွန်တော်မနိုင်ဘူးပြောလို့ ခင်ဗျားတို့အားလုံး စိတ်မပျက်သွားပါနဲ့ ဒေါ်မြင့်မြင့်စန်းက ဆရာတွေစုံနေပြီလေ… ဆရာတစ်ယောက်နဲ့မှ မပျောက်သွားခဲ့ဘူး… အခု ကျွန်တော့်ဆီရောက်လာတော့လည်း ကျွန်တော်မနိုင်ဘူးဆိုလို့ ခင်ဗျားတို့စိတ်ပျက်သွားမှာဆိုးတယ်… ဒါပေမယ့် ဘာမှမစိုးရိမ်ကြပါနဲ့ ကျွန်တော်မကုနိုင်ပေမယ့် ဒေါ်မြင့်မြင့်စန်းကို ကုပေးနိုင်တဲ့ ဆရာတစ်ယောက်ဆီ ကျွန်တော်ပို့ပေးမှာပါ”
”အခုတော့ ခင်ဗျားတို့အားလုံးပြန်လို့ရပါပြီ…”
”ဒီတစ်ညတော့ ဒေါ်မြင့်မြင့်စန်း သက်သာသလား၊ မသက်သာသလားဆိုတာ စောင့်ကြည့်ပြီး မနက်ဖြန်မနက် ကျွန်တော့်ဆီထပ်လာပေးလို့ရမလား’
‘တကယ်လို့မသက်သာခဲ့ရင်. ဆရာတစ်ယောက်ဆီ ကျွန်တော်လိုက်ပ်ု့ပေးပါ့မယ်”

”ကူညီပါဆရာရယ် ကျွန်မကို သူတို့ပြုစားလို့ သေသွားရင်လည်း ကောင်းသား… အခုတော့ မသေမရှင်နဲ့ စိတ်ဆင်းရဲနေရတာကိုး ကျွန်မမခံစားနိုင်တော့လို့ပါ”
‘စိတ်ချပါ… ဒီတစ်ည မသက်သာရင် ကျွန်တော်အခုနပြောသလိုပဲ မမြင့်မြင့်စန်းကိုပြုစားထားတဲ့ အတိုက်ခိုက်ကို ကျွန်တော်မနိုင်ဘူး… ဒါပေမယ့် နိုင်တဲ့ဆရာဆီကိုတော့ ကျွန်တော်ပို့ပေးမှာပါ”
”ကျေးဇုးတင်ပါတယ်ဆရာရယ်… ကျေးဇူးတင်ပါတယ် ကျွန်မတို့ကိုပြန်ခွင့်ပြုပါဦး”
”ကောင်းပါပြီဗျာ… ကောင်းပါပြီ”

အားကိုးတကြီးပြောဆိုလေရင်း ဘုရားဦးတိုက်ပြီးနောက် ဖခင်ဖြစ်သူအားလည်း ဦးတိုက်လေခါ ဒေါ်မြင့်စန်းနှင့်အတူ ဦးလှငွေနှင့်ဦးဇော်မျိုးတို့သည်လည်း ပြန်လည်ထွက်ခွာသွားခဲ့ကြလေသည်။

ကျွန်ုပ်သည်လည်း ဖခင်ဖြစ်သူ၏ ပြောစကားများကြောင့် ဒေါ်မြင့်မြင့်စန်းတစ်ယောက် ယနေ့ည၌ ယခင်ကဲ့သို့ အနှောက်ယှက်များ ကြုံတွေ့ရလေသလား၊ သို့မဟုတ် အနှောက်ယှက်များ ပပျောက်သွာခဲ့ပြီလားဟူ၍ သိချင်နေခဲ့သည်မှာ အမှန်ကန်ပင်ဖြစ်သည်။ အကယ်၍များ ဒေါ်မြင့်မြင့်စန်း၏ အနှောက်ယှက် ပယောဂါများ မပျောက်သေးလျင် ဖခင်ဖြစ်သူ၏ ပညာဖြင့်မနိုင်နင်းတော့ပဲ မည်သည့်ဆရာထံသို့ ပို့ဆောင်ပေးမည်နည်း။ သိချင်စိတ်များနှင့်အတူ တွေဝေစိတ်များအပါအဝင် ယနေ့လျင်မြန်စွာ ကုန်ဆုံးသွားစေရန် ထိုညစောစောသာလျင် အိပ်ပစ်လိုက်စေတော့သည်။

မနက်လင်းသည်နှင့် ကျွန်ုပ်တစ်ယောက် လုပ်စရာရှိနေသော အလုပ်များအား မပြုလုပ်နိုင်သေး၊ ဒေါ်မြင့်မြင့်စန်း၏ အခြေနေများကိုသာ သိချင်နေခဲ့သည်။ အိပ်ယာနိုးကတည်းမှ နေအိမ်ဆီသို့ ရောက်ရှိလာဦးမည့် ဒေါ်မြင့်မြင့်စန်နှင့်ဦးလှငွေတို့အား ဖခင်ထက်စိတ်စောစွာ မျှော်လင့်နေခဲ့မိသည်။ ထို့နောက် မနက်(၉)နာရီခွဲခန့်အချိန်တွင် နေအိမ်အရှေ့၌ အဖြူရောင်Taxiကားလေးတစ်စီး ရပ်တည့်လာခဲ့လေသည်။

ကာတံခါးဖွင့်လျက် ကားအတွင်းမှ ဆင်းသတ်လာကြသူများမှာ ဒေါ်မြင့်မြင့်စန်းနှင့်ဦးလှငွေအပါအဝင် ဦးဇော်မျိုးတို့ပင်ဖြစ်လေသည်။ ထိုသူများနေအိမ်အပေါ်သို့ ရောက်ရှိလာခဲ့သည်နှင့် ဒေါ်မြင့်မြင့်စန်း၏ မျက်နှာပြင်သို့ ကျွန်ုပ်တစ်ယောက် အကဲခတ်လိုက်မိ၏။ မျက်နှာမကောင်း၊ ယမန်ညမှလည်း အိပ်ရေးပျက်ထားဟန်တူသည်။ ထို့နောက် ဖခင်ဖြစ်သူနှင့် ဆုံတွေ့လေခါ ထိုသို့ပြောဆိုလေတော့သည်။

”ဘယ်လိုတုန်းဗျ… ဒေါ်မြင့်မြင့်စန်း… အခြေနေကောင်းရဲ့လား”
”ဟင်း…”

ဖခင်ဖြစ်သူ၏ အမေးစကားများအား သူမတစ်ယောက်ပြန်လည်မဖြေသေး၊ သက်ပြင်းတစ်ချက်သာလျင် ခပ်ပြင်းပြင်းချလေသည်။ ထို့နောက်…

”မကောင်းဘူးဆရာ အရင်လိုပဲ အဲ့ဒီစကားသံတွေထပ်ကြားနေရတုန်းပဲ… ဆရာ့ဆီကပြန်သွားပြီး ညရောက်တော့ အိပ်နေရင်းနဲ့ ထပ်ကြားလာလို့ ညကကောင်းကောင်းမအိပ်ရဘူး”
”ဟူး!… သေချာသွားပြီး ဒါဆို ခင်ဗျားဆီမှာရှိတဲ့ အတိုက်ခိုက်ကို ကျွန်တော်မနိုင်တော့ဘူးဒေါ်မြင့်မြင့်စန်း”
”ကူညီပါဦးဆရာရယ်… ဆရာပြောတဲ့ ဆရာ့ဆီလိုက်ပ်ုိ့ပေးပါဆရာ… လိုက်ပို့ပေးပါ”
”ကောင်းပါပြီ ဒေါ်မြင့်မြင့်စန်း မသက်သာမှန်းသိလို့ ကျွန်တော်အားလုံးပြင်ဆင်ထားပြီသား… ကဲ… ကျွန်တော်နဲ့ကျွန်တော့်သားလိုက်ပို့ပေးပါ့မယ်… ခင်ဗျားတို့ဆီမှာ ကားပါလာတယ်မဟုတ်လား”
”ပါပါတယ်ဆရာ… အိမ်က Taxiကားပါပါတယ်”
”ကောင်းပြီ သားရေ… အဖေနဲ့လိုက်ခဲ့”

ဒေါ်မြင့်မြင့်စန်းဆီမှ အနှောက်ယှက်များဟာ ပပျောက်မသွားသေးပဲ နဂိုတိုင်းပါပင်လျင်ဟု စိတ်ပျက်စွာဖြင့် ဖခင်ဖြစ်သူအား ပြောဆိုလေခဲ့သည်။ ဖခင်ဖြစ်သူသည်လည်း ဒေါ်မြင့်မြင့်စန်းတစ်ယောက် ထိုကဲ့သို့ ပြောဆိုလာတော့မည်အား ကြိုတင်သိရှိထားဟန်တူသည်။ နံနက်အချိန်ကတည်းမှ အပြင်သို့သွားရန် ပြင်ဆင်ထားခဲ့သည်က ကျွန်ုပ်မျက်မြင်ပင် ဖြစ်လေသည်။

ဖခင်ဖြစ်သူသည်လည်း ဒေါ်မြင့်မြင့်စန်း၏ အနှောက်ယှက်များအား သူတစ်ယောက် မနိုင်တော့ပြီဖြစ်သည်ကြောင့် ဆရာတစ်ဦးထံသို့ လိုက်လံပို့ဆောင်ပေးမည်ဟု ပြောဆိုလေခါ ကျွနိုပ်အားလည်း အဖော်အဖြင့်လိုက်ပါလာရန် ခေါ်ဆောင်လေခဲ့သည်။

ဘာပြောကောင်းလိမ့်မည်နည်း။ ကျွန်ုပ်သည်လည်း ယခုစာမူရေးသားရန်အတွက် အတွင်းကျကျ စာမူကြမ်းရမည်ဖြစ်သောကြောင့် ဖခင်ဖြစ်သူ၏အဖော်ခေါ်ဆောင်လေသော စကားအဆုံးများတွင် ကျွန်ုပ်သည်လည်း အိမ်အပေါက်ဝသို့ ထွက်ခွာပြီးနေပြီဖြစ်လေသည်။

ကားမောင်းသူဦးလှငွေ၏နံဘေးနားတွင် ဖခင်ဖြစ်သူထိုင်လျက် လိုက်ပါလာခဲ့ရင်း ကားအနောက်ခန်းတွင်မူ ကျွန်ုပ်နှင့်အတူ ဦးဇော်မျိုးနှင့် ဒေါ်မြင့်မြင့်စန်း လိုက်ပါစီးနင်းလာခဲ့လေသည်။

”ဘယ်ကိုမောင်းရမလဲဆရာ…”
”ဘယ်ကိုမောင်းရမလဲဆိုတာကို ကျွန်တော်လမ်းပြပေးမယ် ဦးသွားမယ့်နေရာကိုတော့ ရောက်မှပဲကျွန်တော်ပြောမယ်နော်”
”ဟုတ်ကဲ့ဆရာ… ဆရာ့သဘောပါ”

ထိုသို့ပြောဆိုလေခဲ့ရင်း နေအိမ်ဆီမှ ထွက်ခွာလာခါ မြောက်ဥက္ကလာပအဝိုင်းကြီးမှတ်တိုင်ဆီသို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက် မြောက်ဒဂုံမြို့သစ်ဘက်သို့ ဦးတည်မောင်းနှင်သွားခါ၊ ကားမောင်းသူ ဦးလှငွေအား ဖခင်ဖြစ်သူမှာ ဘယ်ကွေ့၊ ညာချိုး၊ ဘယ်ချိုး၊ ညာကွေ့စသဖြင့် လမ်းပြစေခဲ့ရင်း၊ လေးဆယ့်ငါးမိနစ်ခန့်မောင်းနှင်ခဲ့ပြီးနောက် ဒဂုံမြို့သစ် မြို့အစွန်ဘက်သို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက်…

”ရောက်ပြီဦးလှငွေ… ဆင်းလို့ရပါပြီ”

ဖခင်ဖြစ်သူ၏ ပြောစကားများကြောင့် ကားပေါ်တွင် လိုက်ပါလာခဲ့ကြသော ကျွန်ုပ်တို့အားလုံးသည်လည်း ကားပေါ်မှ ကိုယ်ဆီဆင်းသတ်လေကြသည်။ ကားပေါ်မှဆင်းလိုက်သည်နှင့် အဆောက်အဦးတစ်ခုအား ဦးစွာမြင်တွေ့လိုက်ရသည်။ မြင်တွေ့လိုက်ရသော အဆောက်ဦးတွင်လည်း အစိမ်းရောင်ပေါ်တွင် အဖြူစာလုံးထင်းထင်းကြီးဖြင့် ရေသားထားသော ဆိုင်းပုဒ်တစ်ခုအား မြင်တွေ့ရလေသည်။ ထိုဆိုင်းပုဒ်၏အမည်မှာ

”စိတ်ကျန်းမာရေး အထူးကုဆေးရုံကြီး”
”ဟင်!… ဆရာ… ဒါက”
”ဟုတ်ပါတယ် ဒေါ်မြင့်မြင့်စန်းရဲ့အနှောက်ယှက်တွေ ပျောက်သွားဖို့ လိုက်ကုနေခဲ့တာ ဆရာတွေစုံနေပြီမဟုတ်လား… ဒါပေမယ့် စိတ်ကျန်းမာရေးဆရာဝန်ကြီးနဲ့တော့ မတွေ့ရသေးဘူးလို့ ကျွန်တော်ထင်တယ် ဒါကြောင့် ကျွန်တော်ဒီကိုခေါ်လာတာပါ”
”ကျွန်မဆရာ့ကိုပြောပြီးသားပဲလေ ကျွန်မရူးနေတာလည်းမဟုတ်ဘူး… စိတ်ဖောက်ပြန်နေတာလည်းမဟုတ်ဘူး… ဒါကိုဘာဖြစ်လို့ စိတ်ကျန်းမာရေးဆေးရုံဆီခေါ်လာရတာလဲ’
”ကျွန်မတို့ပြန်မယ်”
”မိန်းမ ဆရာ့ကိုဘယ်လိုပြောလိုက်တာလဲ… အားနာစရာကြီး”
”ရပါတယ်ဗျာ… အစကတည်းက ဒီကိုသွားမယ်လို့ပြောလိုက်ရင် ခင်ဗျားမိန်းမ လိုက်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ကြိုသိပြီသားပါ… ဒါကြောင့်အခုလို လမ်းပဲပြပြီး ဦးတည်ရာကို မပြောပဲခေါ်လာခဲ့တာ”
”အိုး!… ဘာပဲဖြစ်ဖြစ် ကျွန်မရူးနေတာမဟုတ်ဘူး ဒါကြောင့် ဒီကိုလဲလာစရာမလိုဘူး… ယောကျာ်း ကျွန်မတို့ပြန်ကြမယ်”
”ဒေါ်မြင့်မြင့်စန်း!… ကျွန်တော်ပြောတာကို နားထောင်ပါ ကျွန်တော်အနှောက်ယှက် ပယောဂါပေါင်းစုံကို ကုသနေတဲ့ဆရာတစ်ယောက်ပါ… ပယောဂါရှိ မရှိုဆိုတာ ကျွန်တော်ဆရာသက်တမ်းအရ မှန်းကြည့်နေနိုင်ပါပြီ… အခု ခင်ဗျားမှာ ဘာအနှောက်ယှက် ပယောဂါမှ မရှိဘူး… ခင်ဗျားဖြစ်နေတာက အသက်(၅၀)ကျော်လို့ မီးယက်သွေးဆုံးကိုင်နေတာ… စိတ်ကိုဖောက်ပြန်သလို ခံစားနေရလိမ့်မယ်… အဲ့ဒီတော့ ခင်ဗျားစိတ်ကျန်းမာရေး ဆရာဝန်ကြီးနဲ့ ခဏလေးပဲဆွေးနွေးကြည့်ပါ… ခင်ဗျားမှာရှိနေတဲ့ အတိုက်ခိုက်တွေကို စိတ်ကျန်းမာရေးဆရာဝန်ကြီးပဲ ရှင်းပေးနိုင်ပါလိမ့်မယ်”
”အိုး!… ရှင်ကလူလိမ်ပဲ ကျွန်မတို့ကတော့ ရှင်မနိုင်လို့ တခြားပယောဂါဆရာဆီ ခေါ်သွားမယ်ထင်နေတာ ရှင်ကအခုတော့ ကျွန်မကိုအရူးစာရင်းသွင်းပြီး အရူးထောင်ကိုပို့တယ်… တော်ပြီတော်ပြီ ဦးလှငွေ ကျွန်မတို့အိမ်ပြန်ကြမယ်”
”မြင့်စန်း!… ငါဆရာအကြေုာင်း ကောင်းကောင်းသိတယ် ဒါကြောင့်လဲ နင်တို့လင်မယားနှစ်ယောက်ကို ဆရာ့ဆီငါခေါ်လာတာ ဆရာပြောသလို နင်လုပ်ကြည့်ဦး”
”ဟုတ်ပါတယ်မိန်းမရယ်… မင်းမရူးဘူးဆိုတာ အစ်ကိုသိပါတယ်… ဆရာ့ကိုအားနာစရာကြီး ဘာပဲဖြစ်ဖြစ် ဆရာပြောသလို ဆရာဝန်ကြီးနဲ့ခဏလေး ဝင်ဆွေးနွေးကြည့်လိုက်တာ မမှားပါဘူး ခဏလေးပါမိန်းမရယ် ခဏလေးပါနော်”
”ကောင်းပြီလေ… ဆရာဝန်ကြီးနဲ့ ဝင်တွေ့ပြီးလို့ ကျွန်မမှာစိတ်ရောဂါမရှိဘူးဆိုတာနဲ့ ရှင်နဲ့ကျွန်မအတွေ့ပဲ”
”ကောင်းပါပြီ ဒေါ်မြင့်မြင့်စန်း… ခင်ဗျားမှာ မီးယက်သွေးဆုံးရောဂါကြောင့် အခုလိုဖြစ်နေတာမဟုတ်ဘူးဆိုရင် ခင်ဗျားကျုပ်ကို ကြိုက်သလိုတရားစွဲပါ”
”ပြီးရော!…”

စိတ်ကျန်းမာရေးဆေးရုံဆီသို့ ဖခင်ဖြစ်သူတစ်ယောက် ဒေါ်မြင့်မြင့်စန်းနှင့် ကျွနိုပ်တို့အား တိတ်တဆိတ်ခေါ်ဆောင်ခဲ့ခြင်းကြောင့် ဒေါ်မြင့်မြင့်စန်းမှာမူ ဖခင်ဖြစ်သူအား လွန်စွာစိတ်ဆိုးလျက် အပြောဆိုများစွာ ရိုင်းပြလာခဲ့လေသည်။ သို့သော်လည်း ဖခင်ဖြစ်သူမှာ မျက်နှာမပျက် ဒေါ်မြင့်မြင့်စန်းတစ်ယောက် စိတ်ကျန်းမာရေးဆရာဝန်ကြီးနှင့် ဝင်ရောက်ဆွေးနွေးရန်သာ တ်ုက်တွန်းလေခဲ့သည်။

ဖခင်ဖြစ်သူထံသို့ ခေါ်ဆောင်လာခဲ့ပေးသော ဦးဇော်မျိုးနှင့် သူ၏ခင်ပွန်းသည်ဦးလှငွေတို့မှာ ဖခင်ဖြစ်သူအား လွန်စွာအားနာမိရင်း အကြိမ်ကြိမ်တောင်ပန်းစကား ပြောဆိုလေခဲ့သည်။ ထို့နောက် ဒေါ်မြင့်မြင့်စန်းအားလည်း ဆေးရုံအတွင်းသို့ ဝင်ရောက်စေရန် တွန်းအားပေးလျက် ဒေါ်မြင့်မြင့်စန်းသည်လည်း စိတ်ကျန်းမာရေး ဆရာဝန်ကြီးအရှေ့မှောက်သို့ ရောက်ရှိလာခဲ့လေတော့သည်။

ထို့နောက် ဒေါ်မြင့်မြင့်စန်းသည်လည်း သူမခံစားနေခဲ့ရသော အဖြစ်ပျက်များအား အကြောင်းစုံပြောဆိုလေခါ ဆရာဝန်ကြီးမှာလည်း ခေါင်းတငြိမ့်ငြိမ့်နားထောင်နေခဲ့လေသည်။ အတန်ကြာပြီးနောက် ဒေါ်မြင့်မြင့်စန်းအား နီညိုရောင်ရှိသော ဆေးအမှုန့်လေးများအား လက်ဝါးအတွင်းသို့ အနည်းငယ်ထည့်ပေးလေခါ ရေဖြင့်တိုက်စေခဲ့သည်။ ထို့နောက် ဆရာဝန်ကြီးမှာလည်း နှစ်ရက်တိတိ ဆေးရုံဆီသို့ ထပ်မံလာရောက်ကြရန် ပြောဆိုခဲ့ရင်း ကျွန်ုပ်နှင့်ဖခင်ဖြစ်သူအားလည်း ဦးလှငွေမှာ နေအိမ်ဆီသို့ပြန်လည်ပို့ဆောင်ပေးခဲ့လေသည်။

တစ်ပတ်ခန့်ကြာပြီးသည့်နောက်…

ဒေါ်မြင့်မြင့်စန်း၊ ဦးလှငွေ၊ ဦးဇော်မျိုးတို့မှာ ဖခင်ဖြစ်သူထံသို့ ရွှင်လန်းနေကြသော မျက်နှာထားဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ဒေါ်မြင့်မြင့်စန်းမှာမူ ဖခင်ဖြစ်သူအပေါ်သို့ ရိုင်းပြစွာဆက်ဆံမိခဲ့သည်များအား အကြိမ်ကြိမ်အခါခါ ဝန်ချတောင်းပန်လေခဲ့သည်။ သူမ၏နားအတွင်း၌ အမြဲကြားနေခဲ့ရသော စကားသံများသည်လည်း ပျောက်ကွယ်သွားခဲ့ပြီဟု သိရှိရလေသည်။ စိတ်ကျန်းမာရေးဆရာဝန်ကြီးမှ ဒေါ်မြင့်မြင့်စန်းအား မိန်းမသားတို့၏ သဘာဝ မီးယက်သွေးဆုံးကိုင် ဝေဒနာခံစားနေရသောကြောင် ထိုကဲ့သို့ ဂယောင်ခြောက်ခြား ခံစားမှု့များဖြစ်နေခဲ့ရသည်ဟု ပြောဆိုလေခဲ့သည်။

သူမအား သွေးဆေးတစ်ချို့ တိုက်ဆေးခဲ့ရင်း သုံးရက်မြောက်နေ့တွင် သူမ၏အတိုက်ခိုက်ဟု ထင်မှတ်နေခဲ့သည့် စကားသံများသည်လည်း အလိုလိုသာလျင် ပျောက်ကွယ်သွားခဲ့လေတော့သည်။ ထို့ကြောင့် ဖခင်ဖြစ်သူအား ဒေါ်မြင့်မြင့်စန်းမှာ ပြောမှားဆိုမှားရှိခဲ့သည်များအား အကြိမ်ကြိမ်အခါခါ လာရောက်ဝန်ချတောင်းပန်ခဲ့ရင်း သူမ၏အဖြစ်ကိုပင် ငိုအားထက်ရယ်အားသန်စွာ ဖြစ်နေလေတော့သည်။

(မှတ်ချက်။ ။ ဖြစ်ရပ်မှန်ဖြစ်ပြီး အမည်များအမှန်ကန် ထည့်သွင်းရေးထားသားပါသည်။ ထိုကဲ့သုိ့အဖြစ်ပျက်များ မိမိတို့၏ပတ်ဝန်းကျင်တွင် ရှိနေမည်ဖြစ်သောကြောင့် ထင်ယောင်ထင်မှား မဖြစ်မိစေရန် ရည်ရွယ်ချက်ဖြင့် စာစီချယ်သရေးသလိုက်ပါသည်။)

စာရေးသူ-ထီးကလေး။
(ရင်နှင့်ရင်း၍ရေးသားသည်။)