ဘို့တစ်ထောင်တိုက်နွား

ဝေ့စကုပ်လေး ဝတ်ထားတာမဟုတ်လား။

“ဒါနဲ့ မင်းတို့ကိုပြောစရာရှိလို့ ခေါ်လိုက်တာကွ”

ကျုပ်တို့လည်း ဦးဘသာကြီးအနားကို တိုးကပ်သွားတာပေါ့ဗျာ။

“မင်းတို့ နွားကြီးလွတ်နေတာ ပြန်ဖမ်းပြီးပြီလား”

ဦးဘသာမေးတော့ ကျုပ်တို့လည်းထူးဆန်းသွားပြီး ကျုပ်နဲ့ကျုပ်ညီနဲ့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေလိုက်သေးတယ်။

“ဘယ်နွားလဲ ဦးဘသာကြီးရဲ့”

“ဘို့ကောင်းကောင်းနဲ့အကောင်ကြီးလေကွာ၊ မင်းတို့ခေါ်တာ ဘာပါလိမ့်၊ ငနက်ကြီးဆိုလား”

“ငနက်မဟုတ်ပါဘူးဗျာ၊ နားနက်ပါ၊ ဒီကောင့်နားနှစ်ဖက်လုံးက အနက်ရောင်ဆိုတော့ ဒီလိုခေါ်တာ၊ ဒါနဲ့ ဦးဘသာကြီးက ဒီကောင်ကြီးကို တွေ့လိုက်လို့လား”

“အေးကွ၊ ညက ငါ နွားမီးထည့်တော့ ရွာလမ်းပေါ်မှပြေးနေတာလေကွ၊ ငါကတော့ မင်းတို့ခြံတံခါးမပိတ်လို့ လွတ်သွားတယ်လို့ထင်နေတာ၊ ငါအပြင်ထွက်ကြည့်တော့ မတွေ့တော့ဘူးကွ”

ကျုပ်လည်း ဇဝေဇဝါဖြစ်သွားတာပေါ့ဗျာ၊ နွားတွေက အရင်လိုတင်းကုပ်ထဲမှာ မဟုတ်ဘဲ အိမ်အောက်မှာ မီးလှုံရင်းအိပ်ကြတာမဟုတ်လား၊ ခြံတံခါးမပိတ်မိလို့ပွင့်နေရင် လွတ်ထွက်သွားနိုင်တယ်မဟုတ်လားဗျ၊ ဒါပေမယ့် ကျုပ်အသေအချာစဉ်းစားကြည့်တော့ နွားလွတ်တယ်ဆိုရင် အိမ်ကလူတွေက ဆူညံပွက်လောရိုက်နေမှာပေါ့ဗျာ၊ အခုတော့ အိမ်ကလူတွေက တိတ်ဆိတ်နေတဲ့အပြင် မနက်စာစားတော့လည်း ဘာမှမပြောကြဘူးမဟုတ်လား။

“မဖြစ်နိုင်ပါဘူး ဦးဘသာကြီးရယ်၊ ကျုပ်တို့နွားလွတ်တယ်လို့တော့ ပြောသံမကြားပါဘူး”

“ဒါဆို ငါပဲအမြင်မှားတာလား၊ နွားကတော့ ခပ်ထောင်ထောင်မောင်းမောင်းနဲ့ ဘို့ကောင်းကောင်းကြီးကွ၊ အမှောင်ထဲမို့ ငါလည်းရိပ်ခနဲပဲမြင်လိုက်ရတာ၊ မင်းတို့အိမ်က ကောင်ကြီးလို့ ငါကထင်နေတာကွ”

ကျုပ်တို့လည်းထွက်လာခဲ့လိုက်တယ်ဗျာ၊ ဦးဘသာကတော့ နွားတွေကိုလိုက်ကျောင်းနေလေရဲ့၊ ဦးဘသာက လယ်တစ်မျိုးပဲလုပ်တယ်၊ သူ့လယ်ပြီးရင် ယာမစိုက်ဘူးဗျ၊ စိုက်စရာလည်းမလိုဘူးလေဗျာ၊ တစ်ကိုယ်ရေတစ်ကာယသမားမဟုတ်လား၊ စပါးပေါ်ပြီးရင် တစ်ဆောင်းလုံးတစ်နွေလုံး သူတစ်ယောက်တည်း အေးအေးဆေးဆေးထိုင်စားလို့ရတယ်မဟုတ်လားဗျာ၊
နောက်တစ်ရက်နှစ်ရက်လောက်နေတော့ ကျုပ်တို့ညီအကို ယာထဲဆင်းဖို့လုပ်နေတုန်း ခြံဝမှာ ဦးဘသာကြီး ရစ်သီရစ်သီလုပ်နေတာကိုတွေ့လိုက်တယ်ဗျ။ ကျုပ်တို့လည်း ခြံထဲကအထွက် သူနဲ့ဆုံသွားတာပေါ့ဗျာ။

“မင်းတို့ကောင်ကြီးမှ မင်းတို့ကောင်ကြီးအစစ်ပါကွာ”

ဦးဘသာက စကားကိုအဆက်အစပ်မရှိပြောတာဆိုတော့ ကျုပ်တို့လည်း အမှတ်တမဲ့မို့ ကြောင်အမ်းအမ်းနဲ့ကြည့်နေကြတာပေါ့ဗျာ။

“ညက သန်းခေါင်အချိန်လောက်ရှိမယ်ကွ၊ ငါ့နွားတင်းကုပ်ထဲက နွားတွေအော်လို့ နွားမီးထည့်မလို့ ငါဆင်းတော့ ငါ့ခြံရှေ့မှာ နွားကြီးတစ်ကောင်ဖြတ်ပြေးသွားတာ မြင်လိုက်ပြန်ရောကွာ၊ ဒါနဲ့ငါလည်း နွားတင်းကုပ်ဆီကိုမသွားဘဲ အဲဒီနွားကြီးအနောက်ကို ပြေးလိုက်တော့ မင်းတို့ခြံထဲကို ပြေးဝင်သွားတာကို လှမ်းမြင်လိုက်တယ်ကွ”

“မဖြစ်နိုင်ပါဘူး ဦးဘသာကြီးရာ”

“ဘာဖြစ်လို့လဲကွ”

“ဦးဘသာက ကျုပ်တို့နွားလွတ်နေတယ်လို့ပြောတုန်းက ကျုပ်လည်းအိမ်ပြန်ရောက်တော့ အဖေ့ကိုအသေအချာပြောလိုက်တာ၊ ဒါနဲ့ နောက်ပိုင်းညတွေတော့ ခြံတံခါးကို သံကြိုးနဲ့ချည်ပြီး၊ သံကွင်းနဲ့ချိတ်ပိတ်ထားတာဗျ၊ နွားမပြောနဲ့ ခုနကတောင် ကျုပ်က သံကြိုးကို တော်တော်ဖြေယူလိုက်ရတယ်ဗျ”

ကျုပ်စကားကြားတော့ ဦးဘသာကြီးက မယုံသင်္ကာနဲ့ဖြစ်နေတယ်၊ ဘာမှတော့ ဆက်မပြောဘူးဗျ၊ ခေါင်းတညိတ်ညိတ်နဲ့ထွက်သွားတော့တာပါပဲ။

(၃)

အဲဒီနေ့ကစပြီး ကျုပ်တို့အိမ်မှာ ထူးဆန်းတာတွေဖြစ်လာတယ်ဗျ၊ အိမ်ကြီးက ညနေဘက်ဆိုရင် ငလျင်လှုပ်သလိုမျိုး ဝုန်းခနဲ၊ ဝုန်းခနဲ သိမ့်သိမ့်ပြီး တုန်သွားတတ်တာဗျ။ အဖေကတော့ အိမ်ကတိုင်တွေကို စစ်ကြည့်ဖို့ပြောတယ်၊ သူထင်တာကတော့ ညနေဘက် လေပြင်းတွေတိုက်လို့များ အိမ်ကမခိုင်လို့ လှုပ်တာများလားပေါ့ဗျာ၊ ကျုပ်တို့လည်းစစ်ကြည့်ပေမယ့် တိုင်တွေအကုန်လုံးကောင်းပါပဲ။
အဲဒီနေ့ညပဲ အိမ်က အငယ်မက ကောက်ကာငင်ကာ ထဖျားတော့တာပဲဗျာ၊ အငယ်မဆိုတာ အငယ်ဆုံးညီမကိုခေါ်တာဗျ၊ သူ့အသက်က ဆယ့်နှစ်နှစ်လောက်ရှိပြီပေါ့ဗျာ၊ ဖျားတာမှ ကယောင်ကတမ်းတွေအော်ပြီး လူမှန်းသူမှန်းမသိအောင်ဖျားတော့တာပဲ၊ မနက်ကျတော့ ကျုပ်တို့လည်း ဆေးဆရာကြီးကို ခေါ်ပင့်ပြီးကုတာပေါ့ဗျာ၊ ဆေးဆရာကြီးအပြောအရတော့ ရာသီဥတုကြောင့်ဖြစ်တဲ့အဖျားပါပဲ၊ ဆေးသောက်ရင် သက်သာသွားလိမ့်မယ်ဆိုပြီး ဆေးတွေပေးခဲ့တာပေါ့ဗျာ။

အဲဒီညနေပဲ အငယ်ဆုံးရဲ့အပေါ်က နို့ညှာညီမက ဖျားပါရောဗျာ၊ အငယ်မနဲ့ နို့ညှာနဲ့က အိမ်အောက်ထပ်ခြေရင်းမှာ အခန်းဖွဲ့ပြီးနေကြတာမဟုတ်လား၊ သူတို့အတူတူနေလို့ အဖျားကူးတယ်လို့ပဲ ကျုပ်တို့က ယူဆလိုက်တာပေါ့ဗျာ၊ အဲဒီည နှစ်ယောက်လုံးဖျားပြီး ကယောင်ကတမ်းတွေအော်ကြလို့အမေက အိမ်အောက်ဆင်းပြီး ပြုစုရတာပေါ့ဗျာ။

နောက်ရက်ကျတော့ အကိုကြီးရဲ့သမီးလေးနဲ့ သူ့မိန်းမလည်းဖျားပြန်ရောဗျို့၊ အကိုကြီးတို့က အဲဒီတုန်းက အိမ်ခွဲမနေသေးဘူးလေ၊ အပေါ်ထပ်က ခြေရင်းခန်းမှာသူတို့ကနေတာဗျ၊ ကျုပ်မရီးလည်းအဖျားတော်တော်တက်တယ်၊ ကျုပ်တူမဆိုရင် ညကိုးနာရီ ဆယ်နာရီဆိုရင် အဖျားတွေတက်ပြီး တက်သွားတာဗျို့၊ ကျုပ်တို့လည်း တတ်သလောက်မှတ်သလောက် ဝိုင်းလုပ်တော့မှ အတက်ကျတယ်ဗျာ၊ ဒီလိုနဲ့ သုံးရက်အတွင်းမှာ တစ်အိမ်လုံးဖျားသွားကြတယ်ဗျာ။

ဆေးဆရာကြီးက ကျုပ်တို့အိမ်အတွက်ပေးတဲ့ ဆေးထုပ်ကြီးဆိုတာ နည်းတာကြီးမဟုတ်ဘူးဗျို့၊ အိမ်ရှိလူကုန် ဖျားနေတာမဟုတ်လား၊ သူ့ကြည့်လဲဖျား၊ ကိုယ့်ကြည့်လဲဖျားနဲ့ပေါ့ဗျာ၊ အဖျားက မနက်ပိုင်းဆိုရင်တော့ သက်သာတယ်ပြောရမယ်၊ ဒါပေမယ့် ညနေစောင်းလာပြီဆိုတာနဲ့ တစ်ကိုယ်လုံးတုန်တက်ပြီးတော့ ကျုပ်ဆိုရင် သတိပါလစ်တယ်ဗျာ။ နောက်ဆုံးတော့ ရွာထဲက ဆွေမျိုးတွေက ကျုပ်တို့ကိုလာပြီး ပြုစုရတော့တာပဲ။ တစ်ပတ်လောက်ကြာတဲ့အထိ စပြီးဖျားတဲ့ အငယ်မက မသက်သာသေးဘူး၊ မနက်ပိုင်းဆို လူကောင်းလိုပဲ အလုပ်တွေကူလုပ်လိုက်၊ ဆော့လိုက်ပေါ့ဗျာ၊ ညဘက်ဆိုရင်တော့ လူမမာဖြစ်သွားရောဗျို့။

ဖျားနေတဲ့ကျုပ်တို့လည်း မနားရပါဘူးဗျာ၊ ယာခင်းတွေက လက်လွှတ်ထားလို့ မရဘူးမဟုတ်လား၊ ဒီတော့ မနက်ခင်းရောက်တာနဲ့ အားယူပြီးထရတယ်၊ ပြီးရင် စားသောက်ပြီး ဆေးတစ်ခွက်သောက်ပြီးတော့ ယာခင်းထဲဆင်းရတာပဲဗျို့၊ ယာခင်းထဲရောက်သွားရင်တော့ လှုပ်လှုပ်ရှားရှားနဲ့မို့လို့ ချွေးထွက်ပြီး နေလို့ကောင်းတယ်ဗျ။ နေ့လည်ခင်း ထမင်းစားပြီးတော့ နွားကျောင်းနေတဲ့ ဦးဘသာကြီးက ကျုပ်တို့ယာတဲကိုရောက်လာပါရောဗျာ။

“မင်းတို့ တစ်အိမ်လုံး မမာဘူးဆိုကွ”

ဦးဘသာက တဲထဲကိုဝင်လိုက်တာနဲ့ အဲဒီလိုစပြောတယ်ဗျာ။ ကျုပ်နဲ့ကျုပ်ညီလည်း တဲထဲမှာ ရေနွေးသောက်နေကြတဲ့အချိန်ပေါ့ဗျာ။

“ဟုတ်တယ်ဗျ၊ ကျုပ်တို့ညီအကိုတောင် လယ်ထဲဆင်းလိုက်လို့ နည်းနည်းနေကောင်းသွားတာ၊ အဖေဆို အိမ်မှာမထနိုင်လို့ တန်းမြင့်ရွာက ဆေးမှူးခေါ်ပြီး ဆေးထိုးဆေးသောက်ယူရတယ်ဗျာ”

“သူတို့က ဘာပြောလဲ”

“ဆေးဆရာကြီးကတော့ ဘာရောဂါဆိုလဲ ပြောတော့ပြောတယ်ဗျ၊ ပါဠိလိုတွေဆိုတော့ ကျုပ်တို့လည်း သိပ်နားမလည်ဘူး၊ ဆေးမှူးကတော့ တုတ်ကွေးလို့ပြောတာပဲ အဖေ့ကိုဆေးလာလာထိုးပေးနေတာ သုံးရက်ရှိပြီ”

ဦးဘသာကြီးက ခေါင်းညိတ်ပြီး

“ငါ့စိတ်ထဲတော့ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့”

ဦးဘသာပြောမှ ကျွန်တော်လည်း ထူးဆန်းနေတာကို သတိထားမိသွားတယ်လေ။

“ဦးဘသာက ဘယ်လိုထင်လို့လဲ”

“မင်းတို့အိမ် အောက်လမ်းအတိုက်နဲ့ အတိုက်ခံနေရတာများလားပဲကွ”

ကျုပ်လည်း သေသေချာချာစဉ်းစားလိုက်တော့မှ ထူးဆန်းတဲ့အဖြစ်တွေကို တွေးမိသွားတယ်ဗျာ၊ ဒီတစ်ပတ်အတွင်း ကျုပ်တို့အိမ်မှာ ဖျားနာတာအပြင် ထူးထူးဆန်းဆန်းတွေဖြစ်နေတယ်။

“ဟုတ်မယ်ဗျ၊ ကျုပ်တို့တစ်အိမ်လုံးဖျားနာတာအပြင် တစ်ရက်တော့ ကျုပ်အမေက မနက်ချက်ဖို့ထတဲ့အချိန် လှေကားရင်းမှာ လူကြီးတစ်ယောက်ရပ်နေတကို မြင်လိုက်ရတယ်တဲ့ဗျ။ နောက်ပြီး သုံးနှစ်လောက်ရှိတဲ့ ကျုပ်တူမက လှေကားရင်းကိုလက်ညှိုးထိုးပြီးတော့ လူနီကြီး၊ လူနီကြီးဆိုပြီး အော်အော်ငိုတတ်တယ်၊ ညဘက်ဆိုရင်လည်း နွားတွေက လန့်လန့်ပြီးထအော်လို့ ဘာများဖြစ်သလဲဆိုပြီး ကျုပ်တို့မှာ ထထကြည့်ရတာ အိပ်ရေးတောင် ပျက်တယ်ဗျာ၊ နောက်တစ်ခုထူးတာက ဒီမနက်ပဲ အိမ်ကခွေးလေး ဂုတ်ကျား သေပါရောဗျာ၊ ပါးစပ်ကြီးဟပြီး အမြှုပ်တွေထွက်ပြီးသေနေတာဗျ”

ဦးဘသာကြီးက မုတ်ဆိတ်မွှေး ကျိုးတိုးကျဲတဲပေါက်နေတဲ့ သူ့ရဲ့မေးစေ့ကို ပွတ်သပ်ပြီး တစ်ခုခုကိုစဉ်းစားနေပုံရတယ်။ နောက်တော့ ခေါင်းညိတ်ပြီး ကျုပ်တို့ကိုပြောတယ်ဗျ။

“ဟိုရက်ကလည်း မင်းတို့အိမ်နားမှာ နွားတွေတွေ့နေရတယ်ဆိုတော့ ငါထင်တာမမှားရင် မင်းတို့ကို ဆေးနွားနဲ့များ တိုက်ထားသလားပဲ”

ဆေးနွားဆိုတဲ့ စကားကို ကျုပ်တို့က အဲဒီတော့မှာ ကြားဖူးတာဗျ၊ ကျုပ်နဲ့ကျုပ်ညီလည်း မျက်လုံးပေကလပ် ပေကလပ်နဲ့ ဦးဘသာကြီးပြောတာကို ဆက်နားထောင်နေတာပေါ့ဗျာ။

“ဆေးနွားကို တိုက်နွားလို့လဲခေါ်တယ်ကွ၊ သူနဲ့အတိုက်ခံရတဲ့ခြံဟာ နွားအော်သံတွေ၊ နွားတွေကို ရိပ်ခနဲမြင်နေရတတ်တယ်၊ နောက်ပြီးတော့ ဆေးနွားက အိမ်တိုင်ကို ခေါင်းနဲ့ဝှေ့ရင် အိမ်ဟာပြိုတတ်တယ်တဲ့ကွ”

ကျုပ်လည်း အဲဒီတော့မှ မျက်လုံးပြူးသွားတာဗျာ။

“ဟုတ်မယ်ဦးဘသာ၊ ဒီလိုမဖျားနာခင်တုန်းက ကျုပ်တို့အိမ်က ဒုန်းခနဲ၊ ဒုန်းခနဲနဲ့ တစ်ချက်တစ်ချက်ထပြီး တုန်တုန်သွားတာဗျ”

“ဒါဆိုရင်တော့ သေချာနေပါပြီကွာ၊ မင်းတို့ခြံထဲကို တိုက်နွားသွင်းခံထားရပြီထင်တယ်”

ကျုပ်တို့လည်း ခေါင်းကုပ်လိုက်မိတယ်ဗျ

“မဖြစ်နိုင်ဘူးထင်တယ် ဦးဘသာကြီးရာ၊ ကျုပ်တို့ခြံထဲ နွားရောက်နေရင် ကျုပ်တို့သိမှာပေါ့ဗျာ”

ဦးဘသာကြီးက ခွက်ထိုးခွက်လန်ရယ်မောလိုက်တယ်ဗျ။

“ငါပြောမယ်ကောင်လေးရ တိုက်နွားဆိုတာ နွားအကောင်ကြီးမဟုတ်ဘူးကွ၊ အစိမ်းသေတွေကို မီးရှို့တဲ့အခါ သုံးတဲ့ တံစူးဝါးကို မင်းသိတယ်မဟုတ်လား”

“သိတာပေါ့ဗျာ၊ ဟိုတစ်ခါ အမမိဝေသေတော့ ကျုပ်တို့ပဲ မီးသဂြိုလ်ပေးလိုက်ရတာလေ၊ မီးသဂြိုလ်ပြီးတော့ တံစူးဝါးတွေကိုပါ မီးရှို့ဖျက်ဆီးရမယ်မဟုတ်လား”

“အေးကွ၊ အဲဒီလို တံစူးဝါးကို အောက်လမ်းဆရာတွေက လိုချင်ကြတယ်၊ တံစူးဝါးရသွားရင် အဲဒီဝါးကို နှီးဖြာပြီး နှီးပေါ်မှာ အောက်လမ်းအတတ်တွေ ရေးဆွဲကြတယ်ကွ၊ ပြီးရင် အဲဒီနှီးတွေနဲ့ နွားရုပ်ချိုးလိုက်တာကို တိုက်နွားလို့ခေါ်တာကွ”

ဦးဘသာပြောပြမှ ကျုပ်တို့တွေလည်း တိုက်နွားဆိုတာ နွားအကောင်ကြီးမဟုတ်မှန်း သိလိုက်ရတော့တယ်။

“တိုက်နွားက ခြံထဲက မြေကြီးထဲမှာ နေတာကွ၊ တိုက်နွားကိုမြှုပ်တဲ့အခါ မင်းတို့ခြံထဲကိုဝင်စရာမလိုဘူးကွ၊ နွားရိုင်းသွင်းချိန်မှာ မကောင်းတဲ့ သချိုင်းမြေလို၊ ဖုန်းဆိုးမြေလို မြေထဲမှာ တစ်တောင်လောက်နက်အောင်တူးပြီး မြှုပ်လိုက်ရတာ၊ ပြီးတော့ အောက်လမ်းပညာနဲ့ အဲဒီတိုက်နွားကို မင်းတို့ခြံထဲရောက်အောင် အသက်သွင်းပြီး မောင်းသွင်းရတာကွ၊ တိုက်နွားဆိုတာ မင်းတို့ခြံထဲရောက်နေတယ်ဆိုပေမယ့် အငြိမ်မနေဘူးကွ၊ မြေအောက်မှာ အမြဲသွားလာနေတတ်တယ်”

“ထူးဆန်းလိုက်တာဗျာ၊ အခု အဲဒီတိုက်နွားကို ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”

“တိုက်နွားအရုပ်ကို ဆေးစီရင်ပြီးရင် အသက်သွင်းဖို့လိုတယ်ကွ၊ တိုက်နွားကို တကယ့်နွားတစ်ကောင်ရဲ့ ဝိညာဉ်နဲ့ထပ်ပြီး အသက်သွင်းရတယ်ကွ၊ ပြီးတော့ ငါပြောသလို တိုက်နွားက အငြိမ်နေတာမဟုတ်တော့ သူ့ကိုဖမ်းမှရတယ်ကွ”

“ဘယ်လိုဖမ်းရသလဲဗျာ၊ ကျုပ်တော့ အဲဒီနွားကိုဖမ်းချင်နေပြီ”

“မင်းတို့မှာ တောင်းတစ်လုံးလောက်ရှိလားကွာ၊ ရှိရင်ငါ့ကိုပေးစမ်း”

ကျုပ်တို့လည်းတောင်းရှာလိုက်တော့ ထမင်းတွေထည့်တဲ့ ခံတောင်းကလေးကိုတွေ့လိုက်တာပေါ့ဗျာ၊ အဲဒီတောင်းကလေးကို ဦးဘသာကြီးကိုပေးလိုက်တော့ ဦးဘသာကြီးက အဲဒီတောင်းရဲ့အတွင်းဘက်က ဖင်ကို မီးသေနေတဲ့ မီးပုံထဲက မီးသွေးခဲတစ်ခဲယူပြီး တောင်ခြစ်မြောက်ခြစ်နဲ့ စာတွေရေးနေတာပေါ့ဗျာ၊ ကျုပ်တို့လည်း ဦးဘသာကြီးလုပ်သမျှကို အံ့ဩပြီး ကြည့်နေကြတာပေါ့။
“ရော့ ဒီတောင်းကိုယူသွား၊ ပြီးရင် မင်းတို့အိမ်ကိုရောက်ရင် ဗလာစာအုပ်မှာ ဘုရားစာတွေကူးရေးကွာ၊ ပြီးရင် အိမ်ရဲ့မြေကြီးပေါ်မှာ ကောက်ရိုးတစ်ထပ်၊ ဘုရားစာရွက်တစ်ထပ်နဲ့ ခုနစ်ထပ်ရအောင်ခင်းရမယ်၊ ပြီးရင် အပေါ်ကနေ ဟောဒီတောင်းကိုမှောက်ပြီး အုပ်ထားလိုက်စမ်းကွာ၊ မနက်မိုးလင်းရင် ကောက်ရိုးပုံပေါ်မှာ အဲဒီတိုက်နွား ပေါ်နေလိမ့်မယ်ဟေ့”

“ကျုပ်တို့က အဲဒီတိုက်နွားကို ဘာလုပ်ရမှာလဲ”

“အဲဒီတိုက်နွားကို ခြံအပြင်ကိုမထုတ်နဲ့ကွ၊ လွတ်ထွက်သွားတယ်တယ်၊ မင်းတို့ခြံထဲမှာပဲ မီးပုံဖိုပြီး ဟောဒီတောင်းကိုရော တိုက်နွားကိုရော မီးရှို့ပစ်လိုက်ကွာ၊ ပြီးရင် ရွာထဲက ဘယ်အိမ်က နွားသေသလဲဆိုတာကို အခြေအနေစောင့်ကြည့်နေပေါ့”

“တိုက်နွားနဲ့ နွားသေတာနဲ့ ဘာဆိုင်လို့လဲဗျ”

“မင်းကိုခုနက ပြောသလို တိုက်နွားကို နွားအစစ်ရဲ့ ဝိညာဉ်နဲ့ အသက်သွင်းထားတာမို့လို့ တိုက်နွားမီးလောင်သွားရင် သူနဲ့ဝိညာဉ်သွင်းထားတဲ့နွားလည်း သေသွားတတ်တယ်ကွ၊ ဒါဆို နွားသေတဲ့အိမ်ဟာ မင်းတို့ကိုတိုက်တဲ့အိမ်ဆိုတာ မင်းတို့သိရတာပေါ့ကွာ”

ဦးဘသာကြီးအကြံကို ကျုပ်တို့လက်ခံလိုက်တယ်၊ ညနေစောင်းအောင်တောင် မစောင့်နေတော့ဘဲ ကျုပ်တို့အိမ်ကိုအပြေးပြန်ခဲ့တယ်ဗျ၊ အိမ်ရောက်တော့ အဖေ့ကိုရှာပေမယ့် အဖေ့ကိုမတွေ့ဘူး၊ ကျုပ်တို့ကို ပြုစုဖို့ရောက်နေတဲ့ အရီးကိုပဲ တွေ့လိုက်ရတော့တာ။

“အဖေဘယ်သွားလဲဗျ”

“သူ့မြေးအသည်းအသန်ဖြစ်လို့ ဆေးရုံတက်ရမယ်ဆိုပြီး လှည်းပြင်ပြီးထွက်သွားကြတာပဲ၊ နင့်အကိုလင်မယားရော၊ နင့်အဖေနဲ့ အမေရောလိုက်သွားကြတယ်”

ကျုပ်တူမ ဖြစ်တာဆိုတော့ ကျုပ်လည်း စိတ်ထင့်သွားတာပေါ့ဗျာ၊ အိမ်မှာ အကြီးဆုံးဆိုလို့ ကျုပ်တို့အိမ်မှာ လာကူပေးတဲ့ အရီးပဲရှိတော့တာ၊ အရီးက အသက်ခုနစ်ဆယ်နားကပ်နေပါပြီ၊ ကျုပ်လည်း အရီးနဲ့ပဲတိုင်ပင်ရတာပေါ့ဗျာ။ အိမ်က မောင်နှမတွေအကုန် ခေါင်းချင်းဆိုင်ပြီး ဦးဘသာကြီးပြောတဲ့အကြောင်းတွေကို ပြောပြလိုက်တာပေါ့ဗျာ၊ ဒါပေမယ့် ဦးဘသာကြီးပြောတယ်လို့တော့ မပြောဘူးပေါ့ဗျာ၊ ဆရာတစ်ယောက်က မှာလိုက်တယ်ဆိုပြီး ဖြီးဖြန်းလိုက်ရတာပေါ့၊ ဦးဘသာလုပ်ခိုင်းတယ်ဆိုရင် အားလုံးက ကန့်ကွက်နေမှာစိုးလို့ပေါ့ဗျာ။

ဒါနဲ့ပဲ အငယ်မနဲ့ နို့ညှာမကို ဘုရားစာတွေ ကူးရေးခိုင်းတာပေါ့ဗျာ၊ ညနေစောင်းပြီး နွားရိုင်းသွင်းချိန်ရောက်တော့ အိမ်နောက်ဖေးခြံထောင့်နားက မြေပြောင်ပြောင်ကလေးမှာ ကောက်ရိုးကိုအရင်တစ်ထပ်ပုံတယ်၊ ပြီးတော့ အပေါ်က ဘုရားစာတစ်ရွက်ခင်းတယ်၊ ဒီလိုနဲ့ ကောက်ရိုးခုနစ်ထပ် ဘုရားစာခုနစ်ရွက်ပေါ့ဗျာ၊ ပြီးတော့မှ အပေါ်က ဦးဘသာပေးလိုက်တဲ့ ခံတောင်းကလေးကို မှောက်ပြီးအုပ်ထားလိုက်တာပေါ့။

“လာစမ်း တိုက်နွား၊ မင်းကိုမိလို့ကတော့ အမှုန့်ကြိတ်ပစ်မယ်”

(၄)

အဲဒီညတော့ ဘာမှမထူးခြားဘူးဗျာ၊ ခွေးတွေလည်းမဟောင်၊ နွားတွေလည်း ငြိမ်နေတာပဲ၊ ပိုပြီးထူးဆန်းတာက ညရောက်ရင် အဖျားတက်လာတဲ့ ကျုပ်တို့မောင်နှမတွေ တစ်ယောက်မှ မဖျားမတက်တော့တာပဲ၊ ကျုပ်တို့လည်း ခံတောင်းလေးထဲမှာ တိုက်နွားရောက်နေမလားဆိုပြီး သွားကြည့်ချင်ပေမယ့် မနက်မိုးမလင်းမချင်း မဖွင့်ရဲဘူးလေ၊ ဒီလိုနဲ့ အဲဒီညလည်း ကောင်းကောင်း မအိပ်ရပါဘူးဗျာ။

ကျုပ်အရီးကလည်း အဲဒါမျိုးကျတော့ ဝါသနာပါတယ်ဗျ၊ သူလည်း တစ်ညလုံးမအိပ်ဘဲ စောင့်နေတာတဲ့လေ၊ ရွာဦးကျောင်းက မနက်အုန်းမောင်းခေါက်ပြီးတော့မှ ကျုပ်တို့အိမ်ပေါ်ကနေဆင်းလာကြတယ်၊ အိမ်အောက်မှာ မောင်နှမတွေအကုန်စုံကြတယ်ဗျာ၊ ဒါနဲ့ ခြံနောက်ဘက်ကိုထွက်လာခဲ့တာပေါ့၊ အငယ်မက ရေနံဆီမီးခွက်ကိုင်ထားပြီး ကျုပ်ညီကတော့ သုံးတောင့်ထိုးဓါတ်မီးတစ်လက်ကိုင်ထားတာပေါ့ဗျာ၊
တကယ်တမ်းဖွင့်မယ်ဆိုတော့ ခံတောင်းကို မကိုင်ရဲဘူးဗျ၊ တိုက်နွားကြီးထွက်လာပြီး လိုက်ခွေ့နေရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး ကြောက်နေမိတာပေါ့ဗျာ၊ တိုက်နွားဆိုတာ တစ်သက်နဲ့တစ်ကိုယ် မြင်မှမမြင်ဖူးတာဗျ။ နောက်ဆုံးတော့ ယောက်ျားသားကြီးကြီးမားမားဖြစ်တဲ့ ကျုပ်ကိုပဲ မဲကျသွားတာပေါ့ဗျာ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ ခံတောင်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ဆတ်ခနဲမကြည့်လိုက်တာပေါ့ဗျာ၊ အဲဒီတော့မှ တွေ့တာဗျာ။

ကောက်ရိုးပုံပေါ်မှာ ကလေးလက်တစ်ဝါးစာလောက်ပဲရှိမယ့် နွားရုပ်ကလေးတစ်ရုပ် တင်နေတာပါပဲဗျာ၊ နွားရုပ်ကလေးက တစ်ရုပ်လုံးနီရဲနေတာပဲဗျ၊ နှီးနဲ့ချိုးထားတဲ့ နွားရုပ်ကလေးမှာ ဘို့တို့၊ ချိုတို့ အင်္ဂါအစုံပါတယ်ဗျာ၊ ကျုပ်တို့လည်း လက်နဲ့မကိုင်ရဲဘူးလေ၊ တုတ်ချောင်းလေးနဲ့ ထိုးကြည့်တာပေါ့၊ လှုပ်တော့မလှုပ်ပါဘူးဗျာ၊ ဒါပေမယ့် တံစူးဝါးကာနေ ဖြာထားတဲ့နှီးနဲ့လုပ်ထားတယ်ဆိုတဲ့ အသိကြောင့် ကြောက်နေမိတာတော့အမှန်ပဲဗျ။

စပ်စုတဲ့ညီငယ်က ဓါတ်မီးနဲ့အနီးကပ်ထိုးကြည့်တယ်၊ သေချာကြည့်တော့မှ တိုက်နွားမှာ စာတွေရေးထားတယ်ဗျ၊ စာတွေဆိုပေမယ့် စာက တစ်လုံးတည်းပါ၊ ဂငယ်ပုံစံကလေးတွေကို အနက်ရောင်ဆေးနဲ့ရေးထားတာ တစ်ကိုယ်လုံးပဲဗျို့၊ ကျုပ်တို့လည်း ကြည့်နေရင်း ကြောက်လန့်လာတာနဲ့ ဦးဘသာကြီးမှာထားတဲ့အတိုင်း မီးပုံကြီးတစ်ခုလုပ်လိုက်ပြီး အဲဒီတိုက်နွားကိုရော၊ ကောက်ရိုးတွေကိုရော၊ ဘုရားစာရွက်တွေနဲ့ ခံတောင်းပါ အကုန်လုံးမီးထဲပစ်ထည့်လိုက်တယ်ဗျ၊ အချိန်က မနက်ငါးနာရီလောက်ပဲ ရှိအုံးမယ်ဗျာ၊ ဒီအချိန်မှာ ခြံထဲက သစ်ပင်တွေက တဖြန်းဖြန်းနဲ့လှုပ်ကြတာဗျာ၊ ကြောက်စရာကောင်းလိုက်တာ၊ လေတိုက်တဲ့ပုံစံ လှုပ်တာမဟုတ်ဘူးဗျို့၊ လေတိုက်ရင် သစ်ပင်တွေအားလုံးက လေလာရာအရပ်တစ်ဖက်ကိုတည်းကို လှုပ်တယ်ဆိုပေမယ့် အခုက သစ်ကိုင်းတွေကို တစ်ယောက်ယောက်က ကိုင်ပြီးလှုပ်ယမ်းနေသလို တဖြန်းဖြန်းနဲ့လှုပ်နေတာဗျာ။

နောက်ပြီး တိုက်နွားမီးလောင်သွားတော့ မီးပုံထဲကနေ အညှော်နံ့ကြီးထွက်လာတာဗျာ၊ အနံ့ကတော့ လူသေကိုမီးရှို့တဲ့ အနံ့နဲ့ တစ်ထေရာတည်းပဲပေါ့၊ ကျုပ်တို့ကာလသားတွေက အစိမ်းသေတွေကို မီးရှို့နေကျဆိုတော့ ဒီအနံ့ကြီးကို ရဖူးနေကျမဟုတ်လားဗျာ၊ ကျုပ်တို့မှာ ကြောက်လွန်းလို့ တိုက်နွားမီးလောင်ပြီးတာတောင်မှ ထင်းစတွေ ထပ်ထည့်ကြသေးတယ်ဗျာ။

“အရီး၊ ရွာထဲမှာ ဘယ်အိမ်က နွားသေသလဲဆိုတာ စုံစမ်းနော်၊ တိုက်နွားသေရင် တိုက်တဲ့လူရဲ့နွားလည်း သေတတ်တယ်တဲ့ဗျ”

အရီးကိုကျုပ်တို့မှာလိုက်တယ်၊ ကျုပ်တို့မောင်နှမတွေလည်း နွားသေတဲ့သတင်းကို နားစွင့်နေတာပေါ့ဗျာ၊ နွားဆိုတာလည်း လူလိုပဲဗျ၊ နေ့တိုင်းမှ သေလေ့မရှိတာ၊ တစ်လနေလို့ တစ်ကောင်တောင် သေတာမဟုတ်တော့ နွားသေရင် ထူးပြီဆိုပြီး စောင့်နေကြတာပေါ့ဗျာ၊

အရီးက သူ့အိမ်ပြန်သွားပြီး မနက်ခုနစ်နာရီလောက်လဲရောက်ရော အမောတကောနဲ့ ကျုပ်တို့အိမ်ကိုပြေးလာတော့တာပါပဲ။

“ဟဲ့ နင်တို့ကိုလုပ်တဲ့လူကိုငါသိပြီ၊ အဲဒါ ဘသာလုပ်တာဟဲ့”

ကျုပ်ဆို တော်တော်အံ့ဩသွားတာဗျ။

“ဟုတ်လို့လားအရီးရယ်”

“ငါမဟုတ်တာမပြောပါဘူးအေ၊ ဘသာတို့ခြေရင်းက မယ်ပုတို့ပြောတော့ ဒီမနက်ဘဲ ဘသာရဲ့နချောကြီး ဘာမှမဖြစ်ဘဲ တုန်းခနဲလဲသေသွားတာတဲ့”

ကျုပ်နဲ့ကျုပ်ညီနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်လေ၊ ကျုပ်စိတ်ထဲတော့ ဦးဘသာမလုပ်ဘူးဆိုတာ အသေအချာသိနေတာပေါ့ဗျာ၊ ဦးဘသာက ကျုပ်တို့ကိုတိုက်နွားနဲ့တိုက်တယ်ပဲထား၊ တိုက်နွားဖမ်းနည်းကို သူကဘယ်ပြောမှာလဲဗျ၊ ပြီးတော့ ဦးဘသာနွားကြီး နချော ဆိုတာလည်း တော်တော်ချောတဲ့ နွားကြီးဗျာ၊ ရွာမှာ ထောင်ထောင်မောင်းမောင်းနဲ့ တော်တော်လှတဲ့နွားကြီးပေါ့၊ ဒါကြောင့်မို့ နွားချော(နချော) ဆိုပြီး နာမည်ပေးထားတာကိုး။

ကျုပ်တို့ယာထဲမဆင်းခင် ဦးဘသာကြီးအိမ်ဘက်ကို ခြေဦးလှည့်ခဲ့တယ်။ ဦးဘသာကြီးက သူ့အိမ်ရှေ့ကွပ်ပျစ်မှာ မျက်မှောင်ကြီးကြုတ်ပြီးထိုင်နေတယ်။

“ဦးဘသာကြီး တိုက်နွားကို ကျုပ်တို့မီးရှို့လိုက်ပြီ”

“ဒါနဲ့ မင်းတို့ တိုက်နွားကိုမြင်လိုက်ရသေးလား”

“နှီးနဲ့လုပ်ထားတာဗျ၊ သေးသေးလေးပါ၊ တစ်ကိုယ်လုံးနီနေတာပဲ၊ ဒါပေမယ့် ထူးခြားတာကတော့ သူ့တစ်ကိုယ်လုံးမှာ ဂငယ်ကလေးတွေကို ဆေးအနက်နဲ့ရေးထားတာပဲဗျ”

ဦးဘသာကြီး ထိတ်လန့်သွားပုံရတယ်ဗျ။

“အဲဒါ နှယ်နှယ်ရရမဟုတ်ဘူးကွ၊ ဘို့တစ်ထောင်တိုက်နွားလို့ခေါ်တယ်၊ မင်းတို့အသိမြန်လို့ မဟုတ်ရင် တစ်အိမ်လုံး တစ်ယောက်မှကျန်မှာမဟုတ်ဘူးကွ”

“ဘို့က ကျုပ်ကြည့်တော့ တစ်ဘို့ပဲ ပါတာပါဗျ”

“အဲဒီဂငယ်ပုံလေးတွေက ဘို့ပေါ့ကွာ၊ ဘို့တစ်ထောင်နွားစီရင်တဲ့အခါ နှီးတစ်ပြားမှာ တစ်ဖက်ကို ဘို့ပေါင်းငါးဆယ်စီ ရေးဆွဲရတယ်ကွ၊ ဘို့တွေဆွဲတဲ့အခါမှာလည်း မန္တန်တွေမန်းမှုတ်ပြီးဆွဲတာပေါ့ကွာ၊ နှီးပြားမှာ မျက်နှာနှစ်ဖက်ရှိတော့ နှီးတစ်ပြားဆိုရင် ဘို့တစ်ရာ ရတာပေါ့၊ နှီးဆယ်ပြားနဲ့လုပ်တော့ ဘို့တစ်ထောင်ပေါ့ကွာ၊ အဲဒါ အင်မတန်ပြင်းထန်တဲ့ အတိုက်တစ်ခုကွ”

“ဒါနဲ့ ဦးဘသာရဲ့ နချောကြီး သေသွားလို့ဆိုဗျ”

“ငါမင်းတို့ကို မတိုက်ပါဘူးကွာ၊ ပြီးတော့ ဒီအဖြစ်က သွေးရိုးသားရိုးမဟုတ်ဘူးကွ၊ တစ်ယောက်ယောက်က ငါ့ကိုခုတုံးလုပ်ပြီး ကြံစည်သွားတာကွ”
ကျုပ်တို့လည်း ဦးဘသာကြီးစကားကို နားမလည်ဘူးပေါ့ဗျာ။

“ဒီကောင်က သူ့တိုက်နွားကို ငါ့ရဲ့နချောကြီးနဲ့ ဝိညာဉ်အပ်ခဲ့တာကွ၊ ဒါကြောင့် မင်းတို့တိုက်နွားကို မီးရှို့လိုက်တော့ ငါ့ကောင်ကြီး သေသွားတာပေါ့ကွာ၊ ဒါ ငါ့ကိုတမင်သက်သက် အကွက်ဆင်ပြီး ချောက်ချတာပဲကွ၊ မင်းတို့ကို ငါလုပ်တယ်လို့ထင်အောင် တမင်လုပ်တာပဲ”

“အိုဗျာ၊ တမင်လုပ်လည်း တိုက်နွားအကြောင်းကို ဘယ်သူသိတာမှတ်လို့”

ဦးဘသာကြီးက ကျုပ်ကိုမျက်စောင်းထိုးပြီးကြည့်တယ်ဗျ။

“မင်းတို့သာမသိတာ၊ တစ်ရွာလုံးမှာ မင်းတို့အိမ်ကို ငါတိုက်တယ်ဆိုပြီး သတင်းပြန့်နေပြီကွ”

ကျုပ်တို့ မျက်လုံးပြူးသွားတယ်၊ သေချာပြန်စဉ်းစားလိုက်တော့မှ အရီးလက်ချက်ဖြစ်နေတယ်ဗျာ၊ အရီးက နဂိုကတည်းက နှုတ်ဖွာတဲ့သူ၊ သူများအတင်းအဖျင်းတွေကို ရွာရိုးကိုးပေါက်လျှောက်ပြီး သတင်းဖြန့်တတ်တဲ့ လူစားမျိုး၊ ဒါကြောင့်မို့ အဖေက မင်းအရီးက ရွာဆော်ကွ ဆိုပြီး ရွာဆော်ရာထူးပေးထားတာမဟုတ်လား။ ကျုပ်တို့လည်း ဘာမှမတတ်နိုင်တော့ဘဲ ကိုယ့်နှဖူးကိုယ် ပြန်ရိုက်လိုက်မိတော့တယ်။

“အဲဒါ ကျုပ်အပြစ်ပါ၊ ဦးဘသာရာ၊ ကျုပ်မပွင့်လင်းခဲ့လို့ပါ”

“မင်းတို့အပြစ်မဟုတ်ပါဘူးကွာ၊ အဲဒါ ဟိုအောက်လမ်းဆရာကြောင့်ကွ၊ ဒီကောင် တို့ရွာနားမှာ ပတ်ပြီးမွှေနေတာ အတော်ကြာပြီ၊ ငါ့ကိုလည်း ရန်ငြိုးဖွဲ့ထားပုံရတယ်ကွ၊ အခုလည်း ငါ့ကိုတမင်သက်သက်နာမည်ဖျက်ဖို့ ကြံစည်ထားတာကွ၊ ဒီတစ်ခါတော့ ငါဒီကောင့်ကို မှတ်လောက်သားလောက်ဖြစ်အောင် ပညာပေးမှရမယ်ကွာ၊ ဒီတစ်ခါတော့ ငါသည်းမခံနိုင်တော့ဘူး”

ဦးဘသာကြီးပြောတဲ့အတိုင်းပါပဲ၊ ဦးဘသာကြီးက ကျုပ်တို့အိမ်ကိုတိုက်နွားနဲ့တိုက်လို့ ကျုပ်တို့အိမ်တစ်အိမ်လုံးဖျားနာပြီး ဆေးရုံရောက်တယ်ဆိုတဲ့သတင်း ပြန့်သွားပါလေရောဗျာ၊ သုံးရက်လောက်ကြာတော့ ကျုပ်တူမလည်း အကောင်းပကတိပြန်ဖြစ်သွားပြီး ဆေးရုံကနေပြန်ဆင်းလာပါတယ်၊ ဒါပေမယ့် လူ့ပါးစပ်ဆိုတာ ပိတ်ရခက်တယ်မဟုတ်လားဗျာ၊ ကျုပ်အဖေတောင်မှ ဦးဘသာလုပ်တယ်လို့ပဲ ယုံနေတာ၊ အမေဆိုရင် ကျုပ်တို့ကိုခေါင်းခေါက်ပြီး နောက်ဆို အဲဒီစုန်းထီးနဲ့ မပတ်သက်နဲ့ဆိုပြီး ဆူပူကြိမ်းမောင်းပါလေရောဗျာ။
ဒီအဖြစ်မှာ အဓိကနစ်နာသွားသူကတော့ ဦးဘသာကြီးပါပဲဗျာ၊ သူ့ခမြာ နဂိုကတည်းက စုန်းဆိုပြီး ရွာကလူတွေက သိပ်အခေါ်အပြောမလုပ်ကြဘူးမဟုတ်လား၊ ဒီအဖြစ်ဖြစ်ပြီးရော သူ့ကိုဘယ်သူမှ အခေါ်အပြောမလုပ်တော့သလို သူနဲ့တောင်မျက်နှာချင်းမဆိုင်ဘဲ အတွေ့မခံတော့ဘူးတဲ့ဗျာ၊ ယုတ်စွအဆုံး ရွာက ကုန်စုံဆိုင်တောင်မှ သူ့ကိုမရောင်းပေးတော့ဘူးတဲ့။

အဲဒီကတည်းက ဦးဘသာကြီးနဲ့ ရွာကလူတွေနဲ့ ခပ်တန်းတန်းဖြစ်သွားပါလေရောဗျာ၊ ကျုပ်တို့နဲ့လည်း သိပ်မရောတော့ဘူးပေါ့၊ ဒါပေမယ့် မရပါဘူးဗျာ၊ ဦးဘသာကြီးက သူ့ကိုချောက်ချသွားတဲ့ အောက်လမ်းဆရာကို ပြန်ပြီးဆုံးမဖို့က ကျုပ်အကူအညီလိုတယ်လေဗျာ၊ ဒီလိုနဲ့ ဦးဘသာကြီးနဲ့ကျုပ်နဲ့အတူတူ အဲဒီအောက်လမ်းဆရာကို ပညာပေးဖို့ လုပ်ကြတာပေါ့ဗျာ။

ဒီနေ့တော့ ဒီလောက်ပဲ စာရေးဆရာရေ၊ နောက်ကြုံတဲ့အခါ ဒီအကြောင်းလေးကို ဆက်ပြောပြချင်ပါသေးတယ်ဗျာ။

ပြီးပါပြီ။
#အဂ္ဂဇော်