သိုက်စောင့်နွား

အပြေးတက်ပြီး ရွာထဲကို ပြေးဝင်သွားခဲ့တော့တယ်။

တအောင့်ကြာတော့…။

စိန်မင်းတစ်ယောက် ရွာထဲကလူတွေကို ခေါ်ပြီး အပြေးပြန်ရောက်လာတယ်။

သောင်ခုံကို အရောက်မှာတော့ သူ့နွားကြီးတစ်ကောင်ဟာ ဝမ်းဗိုက်ကြီးပွင့်ပြီး လဲကျနေတာကို တွေ့လိုက်ရတယ်။

ကျန်တစ်ကောင်ကတော့ လဲကျနေတဲ့ နွားကြီးရဲ့ နံဘေးမှာ မတ်မတ်ရပ်လို့။ အဲ့ဒီ့နွားကြီးရဲ့ ကိုယ်ဆီမှာလည်း ဒဏ်ရာ၊ ဒဏ်ချက်တချို့ ရှိနေတယ်။

‘ ဘယ်လိုဖြစ်တာလဲ…’

‘ အချင်းချင်း ခွေ့တာ မဟုတ်ဘူးလား…’

‘ မဟုတ်ဘူးဗျ။ ကျုပ် မျက်စိရှေ့တင်ကိုပဲ ဘာမှမရှိဘဲနဲ့ သူတို့အရှေ့မှာ အခြားနွားတစ်ကောင် ရှိနေသလိုမျိုး လိုက်ခွေ့တာ…’

စိန်မင်းက လိုက်ပါလာသူတွေရဲ့ ထင်ကြေးကို မဟုတ်ကြောင်း ရှင်းပြတယ်။

ဒါပေမယ့်လည်း ဘယ်သူက ယုံမှာလဲ။ ဖြစ်မှမဖြစ်နိုင်တာကို။

‘ မဖြစ်နိုင်တာကွာ။ တစ်ဖက်က ဘာမှမရှိဘဲ နွားက အခုလိုဖြစ်မလား။ သူတို့ချင်း ခွေ့လို့ ဖြစ်တာပါကွာ…’

‘ မဟုတ်ပါဘူးဗျာ။ ကျုပ် မျက်စိနဲ့ တပ်အပ်မြင်တာပါ…’

စိန်မင်း ဘယ်လို ရှင်းပြပြ မယုံကြပါဘူး။

အချို့ကလည်း…။

‘ ငါတို့က ယုံတော့ ယုံချင်ပါတယ်ကွာ။ ဒါပေမယ့် မင်းဟာကြီးက ယုံရခက်ခက်ပဲကွ…’

သူတို့ပြောကြတာ ဟုတ်တော့လည်း ဟုတ်ပါတယ်။

စိန်မင်းပြောတာက ဖြစ်မှမဖြစ်နိုင်တာ။ ဒါပေမယ့်လည်း မယုံကြည်ကြသူတွေ ယုံကြည်လာရမယ့် အဖြစ်အပျက်တစ်ခုက မကြာခင်မှာ ထပ်မံပြီး ဖြစ်ပေါ်လာခဲ့ပါတယ်။

*******

‘ ဖေခင် နွားခွေ့ခံရလို့တဲ့…’

‘ ဖေခင်လည်း သူ့ကို နွားကခွေ့တယ်သာ ပြောတာ အဲ့ဒိ့ နွားကို သူ မမြင်လိုက်ရဘူး။ အသံပဲ ကြားရတာတဲ့လေ…’

ဖေခင် နွားခွေ့ခံရတဲ့ သတင်းက ပြသောင်ရွာထဲမှာ အုတ်အော်သောင်းဖြစ်ကုန်ကြတယ်။

ဖေခင်ကတော့ ရရှိတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ဆေးဆရာကြီးဦးဘိုးတုတ်ဆီမှာ ရောက်ရှိနေပြီ။

လူက သတိလစ်တဲ့အထိ မဖြစ်ပေမယ့် လက်တစ်ဖက် ကျိုးသွားခဲ့တယ်။ ခန္ဓာကိုယ်အစိတ်အပိုင်း အနှံ့မှာလည်း ပွန်းပဲ့ရာတွေ အများအပြားပဲ။

ဖေခင် ပြန်ပြောပြပုံအရ…။

ညနေပိုင်းမို့ ဖေခင်တစ်ယောက်ထဲ သူ့ပဲခင်းထဲမှာ နှုတ်ပြီးသားပဲပင်တွေ ကြုံးယူပြီး လှည်းနဲ့တင်၊ မနက်ထြန်ချွေဖို့ တလင်းဆီကို ပို့နေတုန်း လယ်ကွက်အစပ်ကနေ နွားအော်သံကြီး ထွက်ပေါ်လာတယ်။ နောက်တော့ အကောင်အထည်မမြင်ရဘဲ နွားတစ်ကောင်က ပြေးခွေ့လာတာလို ခံရပြီး လွင့်စင်သွားခဲ့ရကောပဲ။

ပြီးတော့ နွားတစ်ကောင်ရဲ့ ခွာယက်သံတွေ၊ မာန်ထသံတွေ ထပ်မံ ထွက်ပေါ်လာပြီး လဲကျနေတာကို ထပ်ပြီး လှိမ့်ခွေ့ခံရတော့တာပဲတဲ့။

ပထမတစ်ချက် အခွေ့ခံရကတည်းက ဖေခင်ရဲ့ ညာဘက်လက်က ကျိုးသွားပြီး တွဲလောင်းကြီးဖြစ်နေခဲ့တယ်။

ဒါကို မမြင်ရတဲ့ နွားက ထပ်ပြီး ခွေ့တော့ ဖေခင်ခမျာ ပဲခင်းပြင်ထဲမှာ လှိမ့်နေတော့တာပဲ။ ပါးစပ်ကနေ ထိတ်လန့်အော်ဟစ်ပေမယ့်လည်း ကူညီရာက နံဘေးမှာ ဘယ်သူမှမရှိခဲ့ဘူး။

အကောင်အထည်ကိုလည်း မမြင်ရ၊ အသံကိုလည်း မကြားရဆိုတော့ ဖေခင် အတော့်ကို လန့်လာမိတယ်။ ဒါနဲ့ နောက်ဆုံး ကူကယ်ရာအဖြစ် တွေးမိတွေးရာ ကူကယ်ရာအဖြစ် စိတ်ကနေ သံဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဖတ်မိပြီး လူကလည်း မလှုပ်မယှက်နဲ့ သေချင်ယောင်ဆောင်လိုက်မိတော့တာပဲ။

သံဗုဒ္ဓေဂါထာတော်မြတ်ကြီးရဲ့ အစွမ်းကြောင့်ပဲ ရွတ်ရွတ်ချင်းမှာတင် အကောင်အထည်မမြင်ရတဲ့ နွားက သူ့ကို ခွေ့နေတာကို ရပ်တန့်သွားတယ်။

ပြီးတော့ အသံနက်ကြီးနဲ့ အော်ပြီး ခွာသံတဖြောင်းဖြောင်းပေးလို့ လယ်ကျင်းထဲက ပြေးထွက်သွားတဲ့ အသံကို ကြားမိရလေတယ်တဲ့။

ဒီတော့မှ ဖေခင်လည်း သေချင်ယောင်ဆောင်ရာက ကုန်းထလာမိပြီး ပဲတွေတောင် ဆက်မသိမ်းတော့ဘဲ လှည်းပေါ်တက်လို့ ရွာထဲကို အပြေးပြန်ခဲ့တော့တာရယ်။

*******

ရက်အပိုင်းအခြားလေး ဆယ်ရက်လောက်အတွင်းမှာပဲ ပြသောင်ရွာနဲ့ အနီးဝန်းကျင်ရွာတွေမှာ အကောင်အထည်မမြင်ရတဲ့ နွားက လိုက်ခွေ့နေတာကို တိရိစ္ဆာန်တွေတင်မက လူအတော်များများလည်း ခံကြရတယ်။

ဒိအဖြစ်အပျက်က ပြသောင်ရွာတင်လားဆိုတော့ မဟုတ်ဘူး။ အနီးအနားက ရွာတွေပါ အလျဉ်းသင့်သလို ခံကြရတယ်။

ရက်ခြားဆိုသလိုပဲ အဲ့ဒိ့နွားဝှေ့တဲ့ သတင်းတွေကို ဟိုကဒီက ကြားနေရတယ်။

မမြင်ရတဲ့ နွားက နွားကို တွေ့လည်း ဝှေ့တယ်။ ကျွဲကို တွေ့လည်း ဝှေ့တယ်။ ခွေး၊ ဝက် အကုန် အဝှေ့ခံကြရတယ်။ ဒါပေမယ့် ထူးဆန်းတာက ရွာတွေ ထဲကိုတော့ ဝင်ပြီး ဝှေ့တာမျိုး မရှိဘူး။ ရွာအပြင်ဘက်က လယ်ယာလုပ်ငန်းခွင်တွေထဲမှာပဲ လှည့်ပတ်သွားရင်း လိုက်ဝှေ့နေသလိုပဲ။

ဒါကြောင့် ပြသောင်ရွာနဲ့ ရွာနီးချုပ်စပ်က သူတွေဟာ မမြင်ရတဲ့ နွားရဲ့ သောင်းကျန်းမှုကြောင့် လယ်ယာလုပ်ငန်းခွင်တွေထဲကို မဝင်ရဲတော့လောက်အောင် ဖြစ်လာရတယ်။

လယ်ယာတွေထဲမှာက သီးနှံအခင်းတွေဟာ ရင့်မှည့်ခူးဆွတ်ချိန်ကလည်း ရောက်နေ၊ အပြင်ဘက်ကိုလည်း မထွက်ရဲဆိုတော့ ရွာသူရွာသားတွေ အတော့်ကို ဒုက္ခများနေကြရတယ်။

‘ အို…နတ်ကောင်းနတ်မြတ်အပေါင်းတို့…ကျုပ်တို့ တောင်သူတွေကို သနားသောအားဖြင့် ဒီမမြင်ရတဲ့ နွားကြီးကို အမြန်ဆုံး နှိမ်နင်းပေးကြပါတော့…’

ရွာသူရွာသားတို့ရဲ့ ဆုတောင်းသံတွေ။

သီးနှံတွေက ခူးခ်ျန်တန်လို့ မခူးရင် ပျက်စီးကုန်မှာမို့ ရွာသူရွာသားတို့ခမျာ ရတတ်မအေးနိုင်ကြဘူးရယ်ပေါ့…။

*******

သူတော်တစ်ယောက် သုသာန်ဇရပ်တစ်ခုဆီမှာ ဝင်ရောက်ပြီး အိပ်နေခဲ့တယ်။

ဒီသုသာန်ကို မရောက်ခင်က ရွာထဲမှာ အလှူတစ်ခုနဲ့ဆုံတာမို့ သူတော် ထမင်းတွေ တနင့်တပိုး ဝင်စားခဲ့တယ်။

စားပြီးတော့ ဗိုက်ကလေးပြီး ရွာအပြင်ထွက်လို့ သုသာန်ဇရပ်ဆီမှာ လာအိပ်နေတာရယ်။

‘ ဟဲ့…သူတော်…’

‘ အမလေး ပလုတ်တုတ်…’

အိပ်မောကျမလို့ ကြံကာရှိသေး၊ နားထဲမှာ ကြားလိုက်ရတဲ့ အသံကြောင့် သူတော်လန့်ဖျပ်ပြီး ငုတ်တုတ်ထထိုင်မိလိုက်တယ်။

‘ ဟဲ့…သူတော်…’

အသံက ထပ်ပြီး ထွက်ပေါ်လာတယ်။ သူတော်က ပြန်မထူးဘူး။ မသိချင်ယောင်ဆောင်ပြီး ပြန်ခွေအိပ်လိုက်တယ်။

‘ ဟဲ့သူတော်…’

ထပ်ခေါ်တော့လည်း သူတော်မထူး။

‘ ဖြန်း…’

‘ အားရိုးရိုး…’

တင်ပါးဆီကို ကျရောက်လာတဲ့ ရိုက်ပုတ်မှုကြောင့် ဒီတစ်ခါတော့ သူတော် ပြန်ပြီး ထထိုင်လိုက်ရပြီ။

‘ ဘိုးသိကြားကလည်း သူတော်အိပ်နေတာကိုဗျာ…’

‘ ဟဲ့…သူတော်။ ပုံမှန်အချိန်ဆို နင့်ကို ဘယ်သူက မအိပ်နဲ့ ပြောနေလို့လဲ။ အခုက အရေးတစ်ခုပေါ်လာလို့ နင့်ကို စေလွှတ်မလို့…’

‘ အို…တော်ပါပြီ။ သူတော် ဘိုးသိကြားခိုင်းတာတွေကို မလုပ်ချင်တော့ဘူး…’

‘ ဟင်…နင်က နင့်အပြစ် နင်ခံနေရတာလေ။ ဒါကို ဘာဖြစ်ရတာလဲ…’

‘ ဘိုးသိကြားပဲပြောတယ်လေ။ သူတော် လိမ္မာရင် နတ်သားလေးဖြစ်မှာဆိုပြီးတော့။ အခုထိလည်း နတ်သားမဖြစ်ရသေးဘူး…’

‘ ဟဲ့…နင့်ကို အမှုတစ်ထောင်ဖြေပြီး အပြစ်တွေကြေမှ ကောင်းကောင်းမွန်မွန်ပြန်နေရမယ်လို့ အထက်ဝိဇ္ဇာတွေက အမိန့်ချတာလေ။ ငါပြောတာမှ မဟုတ်တာ…’

‘ မသိဘူး…သူတော် မလုပ်ချင်တော့ဘူး…’

‘ သူတော်…နင်တော့ ငရဲနှင်ကြိမ်နဲ့ အရိုက်ခံရတော့မယ်…’

‘ အဲ…’

ပြန်လှဲအိပ်ဖို့ ပြင်နေတဲ့ သူတော် တီကောင်ကို ဆားထိလိုက်သလိုပဲ တွန့်သွားပြီး ချက်ချင်းပဲ ပြန်ထထိုင်လာတယ်။

မျက်နှာကလည်း အခုနကလိုမဟုတ်တော့ဘူး။ စပ်ဖြီးဖြီး ရွှင်ပြပြဖြစ်လို့။

‘ ဘယ်လိုလဲ အိပ်ချင်သေးလား…’

‘ သူတော် မအိပ်ချင်တော့ပါဘူး ဘိုးသိကြား။ စေရာကို လေလိုနှင် ရေလိုရွှေ့ဖို့ အသင့်ပါပဲ ဘိုးသိကြား…’

သူတော်ပုံစံက ရှေးတုန်းက မင်းအမိန့်ကို နာခံမယ့် စစ်သူကြီးတစ်ယောက်အလားပဲ။

‘ သေချာနားထောင်။ ပြသောင်ဆိုတဲ့ ရွာနဲ့ အနီးတစ်ဝိုက်မှာ သိုက်စောင့် နွားသိုးတစ်ကောင် လွတ်ပြီး ရန်လိုသောင်းကျန်းနေတယ်။ မြင်မြင်ရာကို လိုက်ဝှေ့နေတယ်။ နင်က အဲ့ဒီ့ နွားကို ဖမ်းပြီး သူလာတဲ့ သိုက်ဆီကို ပြန်အပ်ပေးခဲ့လိုက်…’

‘ ဟင်…သူတော်က သိုက်နွားကို ဖမ်းရမယ် ဟုတ်လား…’

‘ ဘာဖြစ်လို့လဲ…’

‘ သူက ရန်လိုနေတာဆို။ ပြီးတော့ မြင်မြင်ရာ ခွေ့တယ်ဆိုတော့ သူတော့်ကိုလည်း ခွေ့မှာပေါ့။ တော်ကြာ သူခွေ့လို့ သူတော်က နတ်သားလေးမဖြစ်ဘဲ သေသွားရရင် ဘယ့်နှယ့်လုပ်မလဲ ‘

‘ မခွေ့အောင် နင့်ဘာသာနင် ကြည့်ကျက်လုပ်ပေါ့…’

‘ ကြည့်ကျက်လုပ် အင်း…’

သူတော်က စကားကို ရပ်ပြီး ခေါင်းကို ငဲ့စောင်းပြီး အပေါ်နည်းနည်းမော့လို့ မျက်လုံးက တောင်ကြည့်မြောက်ကြည့်နဲ့ စဉ်းစားသဟန်ပြုတယ်။

‘ ဟုတ်ပြီ…သူတော် အဲ့ဒီသိုက်နွားကို ဖမ်းပေးမယ်။ ဒါပေမယ့် ဘယ်လိုနည်းနဲ့ ဖမ်းဖမ်း အပြစ်မတင်ရဘူးနော်။ ရတယ်မလား ဘိုးသိကြား…’

‘ နင့်စိတ်တိုင်းကျ စီရင်ချေ။ ဖမ်းပြီး သူ့သိုက်ကိုသူ ပြန်အပ်ချိန်မှာ မထိမခိုက်၊ မကျိုးမပဲ့နေရင် ရပြီ…’

‘ တကယ်နော် ပြီးမှ သူတော့်ကို အပြစ်ထပ်လုပ်တယ်ဆိုပြီး ငရဲနှင်ကြိမ်နဲ့ ရိုက်မယ်မလုပ်နဲ့။ ဘိုးသိကြားက ကတိပေး…’

‘ ကတိပေးတယ်…’

သူတော် ကျေနပ်သွားရတယ်။ တစ်ဖက်က အသံက တိတ်ဆိတ်သွားခဲ့ပါပြီ။

အဲ့ဒီ့နောက်တော့ သူတော်က ဝါးတစ်ချက်သမ်းပြီး အပျင်းကြောတစ်ချက်ဆန့်လိုက်တယ်။ နောက်တော့ ရပ်အောက်ကို ခုန်ဆင်းလိုက်ပြီး သူ့ရဲ့ အုန်းလက်ကြီးကို ကောက်ခွလိုက်လို့…။

‘ ဘိုးသိကြားကြီး စေလာပြီ။ သိုက်စောင့်နွားကြီး ဖမ်းရမည်။ သူတော်လေးက လှမ်းလာပြီ။ ပြသောင်ရွာကို ပြေးတော့မည်…အ…ဟေး…ဖေသားကြီး…ပြေးထားစမ်း…’

သူတော်က သူ့ပါးစပ်ထဲ ထင်ရာမြင်ရာကို သီချင်း ရသလို စပ်ဆိုပြီး အိတ်စုတ်ကြီးကိုလွယ်၊ သူ့ရဲ့ အုန်းလက်ကြီးကို မြင်းတစ်ကောင်လို ခွလို့ သုသာန်ထဲကနေ ခုန်ပေါက်ပြေးထွက်သွားပါတော့တယ်။

*******

ပြသောင်ရွာရဲ့ မြောက်ဘက်ခြမ်း၊ ကိုဝင်းတို့ အိမ်ဆီမှာ…။

‘ တော့်…ကိုဝင်း…’

‘ ဟေ…’

ကိုဝင်းတစ်ယောက် အိမ်ရှေ့က အဖီလေးထဲမှာ ရေနွေးကြမ်းကိုသာ တဖူးဖူးမှုတ်သောက်နေမိတုန်း၊ သူ့နံဘေးမလှမ်းမကမ်းမှာ ဆန်ရွေးနေတဲ့ သူ့မိန်းမ အေးခင်က ခေါ်လာတာကြောင့် ထူးလိုက်တယ်။

အေးခင်က ဆန်ဗန်းကို နံဘေးချပြီး ကိုဝင်းဆီကို ကြည့်လာတယ်။

‘ တော် ဒီအတိုင်းပဲနေတော့မှာလား…’

‘ ဟေ…ငါက ဒီအတိုင်းမနေလို့ ဘယ်လိုနေရမလဲ…’

အေးခင်ရဲ့ စကားက အစမဲ့ပြီး အဆုံးမရှိတာမို့ ကိုဝင်း က နားမလည်သလိုနဲ့ အငေါ်ပြန်တူးလိုက်တယ်။

‘ မဟုတ်ဘူးလေတော်။ ကျုပ်ပြောတာက တော် ဒီအတိုင်းပဲ ထိုင်နေတော့မှာလား။ ကျုပ်တို့ ခရမ်းချဉ်ခင်းက အသီးတွေက မှည့်နေပြီ။ တော်ကြာ အမှည့်လွန်သွားရင် အကုန်ခက်ကုန်လိမ့်မယ်…’

‘ အေးလေဟာ…ငါလည်း အခုပဲ အဲ့ဒါကို တွေးနေတာ။ ဟို နွားတစ္ဆေကလည်း ရွာအပြင်ထွက်တာနဲ့ အကုန်လိုက်ခွေ့နေတာဆိုတော့ ဘယ်နှယ့်လုပ်ရမလဲ မသိသေးပါဘူးဟာ။ ပြီးတော့ အခုနေမှာ ခူးဆွတ်ဖို့ လူလည်း ငှါးရမယ်မထင်ဘူး…’

‘ ဟင်း…တော်ပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ကျုပ်တို့ကလည်း ဒီနှစ်ခရမ်းချဉ်အသီးလိုက်လို့ ထွက်ရင် သားလေးကို စုပေါင်း ရှင်ပြုထဲ ထည့်မယ်လို့ တိုင်ပင်ထားကြတာ။ အခုလိုသာဆို ဒီနှစ်လည်း လွန်မယ်ထင်ပြန်တာပါပဲ…’

အေးခင်က ခပ်ညည်းညည်း ပြောလာတယ်။

‘ အေးဟာ…ငါလည်း တွေးတော့တွေးနေတာပါပဲ။ ဖေခင့်စကားအရတော့ သံဗုဒ္ဓေဂါထာတော်ကြီးကြောင့် သူ ဘာမှမဖြစ်တာတဲ့…’

‘ ဒါဆို သံဗုဒ္ဓေဂါထာတော်ကြီးကို ကျုပ်တို့နှစ်ယောက် မပြတ်ရွတ်ပြီး သွားကြရင်ကော…’

‘ သားကေကာ…’

‘ သားကို အမေတို့အိမ်ဆီ ပို့ခဲ့မယ်လေ…’

အေးခင်က ပြသောင်သူမို့ မိဘတွေက ရွာထဲမှာပဲ။

ကိုဝင်းတို့လင်မယားနှစ်ယောက် တိုင်ပင်ပြီးတာနဲ့ ချက်ချင်းပဲ လယ်ထဲသွားဖို့ ပြင်ဆင်ကြတော့တယ်။ သားဖြစ်သူကို အေးခင်ရဲ့ မိဘတွေအိမ်ဆီ အရင်ပို့တယ်။ ပြီးတော့ လင်မယားနှစ်ယောက် နွားလှည်းကောက်လို့ ခြင်းတွေပလုံးတွေတင်ပြီး ရွာအပြင်ကို ထွက်ခဲ့ကြတော့တယ်။

သူတို့လင်မယားရွာထဲက ဖြတ်တော့ ရွာထဲကလူတွေက တအံ့တသြလှမ်းကြည့်ကြတယ်။ တားတဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် သူတို့မှာလည်း သူတို့ရဲ့ ဇောရှိနေတယ်လေ။ တားမြစ်တဲ့အကြားက ထွက်လာခဲ့ကြတယ်။

ရွာအပြင်ကို ရောက်တော့ အေးခင်က သံဗုဒ္ဓေဂါထာတော်ကို အသံထွက်လို့ အဆက်မပြတ်ရွတ်နေပြီး ကိုဝင်းကတော့ လှည်းကို ဂရုတစိုက်မောင်းနေတယ်။

သွားရင်းလာရင်း လမ်းနံဘေး ညောင်ပင်ကြီးအောက်နားမှာ အိတ်ကြီးတစ်လုံးနဲ့ ထိုင်နေတဲ့ သူရူးတစ်ယောက်ကို မြင်မိကြတော့ ကိုဝင်းက…။

‘ ဟိုနွားကလည်း အရူးကျတော့ သိတယ်ထင်တယ်။ မခတ်ဘူးနော်…’

ကိုဝင်းအပြောကြောင့် အေးခင် ခစ်ခနဲ ရယ်မိတယ်။

‘ ကျုပ် သံဗုဒ္ဓေရွတ်နေတယ်တော်။ စကားစလာမဖြတ်နဲ့…’

အေးခင်က စကားစကို ဖြတ်ပြီး သံဗုဒ္ဓေပြန်ရွတ်တယ်။

လမ်းတစ်လျှောက်မှာ လှည်းဆီက နွားနှစ်ကောင်က တစ်ချက်တစ်ချက် လန့်တာက လွဲလို့ အခြားတော့ ထွေထွေထူးထူး မရှိခဲ့ဘူး။

လင်မယားနှစ်ယောက် သူတို့အခင်းထဲကို ချောချောမောမော ရောက်ခဲ့ပါပြီ။

ခရမ်းချဉ်ခင်းကြီးကတော့ ဆယ်ရက်လောက်အတွင်းမှာပဲ တစ်ခင်းလုံးနီးပါးကို ရင့်မှည့်နီရဲနေတာကလား။

‘ ကိုဝင်းရေ…ကျုပ်တို့ လာပေလို့ပဲ။ မဟုတ်ရင် အကုန်အမှည့်လွန်ကုန်မှာ…’

လင်မယားနှစ်ယောက် ခရမ်းချဉ်ခင်းထဲရောက်တော့ အာရုံက ပြောင်းသွားကြပြီ။ ခူးရင်းဆွတ်ရင်း သံဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဖို့ နှစ်ယောက်စလုံး မေ့သွားကြတယ်။

အချိန်က တဖြေးဖြေးနဲ့ ညနေစောင်းလာပြီ။

ခူးထားတဲ့ ခရမ်းချဉ်သီးတွေလည်း တောင်းနဲ့ ဆယ်လုံးနီးနီးရနေပြီ။

‘ အေးခင်ရေ…ငါတို့ ပြန်ကြစို့လား…’

အေးခင်က အခင်းထဲ လိုက်ခူးနေတုန်း။ ကိုဝင်းက လှည်းပြန်ကောက်ပြီး ခရမ်းချဉ်သီးတောင်းတွေကို လှည်းပေါ်မတင်ရင်း အေးခင်ကို လှမ်းခေါ်လိုက်တယ်။

‘ အင်း…လာမယ်တော့်။ ဒီနားလေး တစ်ဖြတ်ခူးလိုက်ဦးမယ်…’

အေးခင်က မိန်းမသားပီပီ လောဘရှိတယ်။ သူ့လက်တကမ်းက အသီးတွေကို ရသလောက်ဆွတ်ချင်သေးတာမို့ ပြန်အော်တယ်။

ကိုဝင်းလည်း အေးခင်ကို ဘာမှမပြောတော့ဘူး။ အနားကိုလှမ်းသွားပြီး အေးခင်ပြောတဲ့ အနားက အသီးတွေကို ဆွတ်ခူးကူလိုက်တယ်။

အဲ့ဒီ့အခိုက်…။

‘ ဝပ်ထရိန်း…’

နွားတစ်ကောင် အော်မြည်သံ။ ပြီးတော့ ဝုန်းခနဲ လှည်းဆီက နွားတစ်ကောင်ကို ဝင်ရောက်တိုးတိုက်လိုက်ပုံရပြီး ရုန်းရင်းဆန်ခတ်နဲ့ လှည်းလည်း တိမ်းမှောက်သွားလေတယ်။ တင်ထားတဲ့ ခရမ်းချဉ်သီးတွေလည်း အကုန်လွင့်စင်ကုန်တာပေါ့။

အခြေအနေက ရှုပ်ထွေးကုန်ပြီ။

နွားနှစ်ကောင်က လှည်းဆီမှာ တပ်ရက်သားမို့ တစ်ထက်က မမြင်ရတဲ့ နွားရဲ့ တိုးဝှေ့မှုတွေကို ခံနေရတယ်။

ကိုဝင်းတို့လင်မယားလည်း အဖြစ်အပျက်ကြောင့် ဘာလုပ်ရမယ်မသိတတ်တော့ဘူး။

‘ ကိုဝင်း…လုပ်…လုပ်ပါဦး။ ကျုပ်တို့ နွားတွေ သေ သေတော့မယ်…’

ကိုဝင်းလည်း ဘာလုပ်ရမယ် မသိဘူး။ ဒါနဲ့ တွေးမိတွေးရာ အခင်းထဲက ခဲတွေကို ကောက်ပြီး ပစ်တယ်။

ဒါပေမယ့် လှည်းနဲ့ နွားတွေက ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းပဲ။

အဲ့ဒီ့အချိန် ရုတ်တရက်…။

‘ ဖုန်း…’

‘ အူး…’

အခြားတစ်ဖက်ဆီက ခဲတစ်လုံး လွင့်စင်လာပြီးနောက် လှည်းအရှေ့က အသံကျယ်ကျယ်တစ်ခု ထွက်ပေါ်လာတယ်။ ပြီးတော့ အသံကျယ်ကျယ် ညည်းသံကလည်း ရှေ့ဆင့်နောက်ဆင့်။

ပြီးတော့ လှည့်အရှေ့မလှမ်းမကမ်းဆီက ခွာယက်ထွက်တွေ ထွက်ပေါ်လာတယ်။ ကိုဝင်းတို့ လင်မယား ဘာဖြစ်လို့ ဖြစ်မှန်းမသိ ကြောင်အမ်းနေမိကြတုန်း…။

‘ ဪ…တယ်လည်း ဒေါသကြီးတဲ့ အကောင်ပါလား…’

လှည်းအနောက်ဘက်က ထွက်လာတဲ့ စကားသံ။ ကိုဝင်းတို့လင်မယား ကြည့်မိတော့ သူတို့နဲ့ လမ်းမှာတွေ့ခဲ့တဲ့ သူရူး။

အရူးက ပြောပြီး ခပ်အေးအေးပဲ လှမ်းလာရင်း လှည်းအရှေ့ကို ရောက်လာတယ်။

‘ အ…အရူးကြီးက…’

အေးခင်ကညအာမေဋိတ်ပြုတယ်။ သူရူးကတော့ အေးခင်စကားကို အာရုံမထားဘူး။ လှည်းအရှေ့ မလှမ်းမကမ်းက မြေကွက်လပ်ကို ကြည့်နေရင်း လက်ညှိုးညွှန် မန္တာန်ရွတ်ပြီး မြေကို ဖနောင့်သုံးချက်ပေါက်လိုက်တယ်။

‘ ဝုန်း…’

ကျယ်လောင်တဲ့ အော်သံနဲ့အတူ မြေကွက်လပ်ဆီမှာ ရွှေရောင်တောက်နေပြီး ဂျိုတပြင်ပြင်ဖြစ်နေတဲ့ နွားကြီးတစ်ကောင် ထင်းခနဲ ပေါ်လာတယ်။

ကိုဝင်းတို့ လင်မယားမှာ ရွှေရောင်နွားကြီးကို ကြည့်ပြီးအံ့အားသင့်မိနေကြတယ်။ အဲ့ဒီ့အခိုက်မှာပဲ ရွှေရောင်နွားကြီးက ရုတ်တရက် သူရူးဆီကို အတင်းပြေးဝှေ့လာပြီ။

‘ ဒင်းလေးက ငါသူတော် နတ်သားလေးနဲ့ ကစားချင်သပေါ့။ ရမယ်လေ့…’

သူရူးက ပြောပြောဆိုဆိုပဲ သူ့အိတ်ကြီးထဲက တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး အရှေ့ကို ပစ်ပေါက်လိုက်တယ်။

‘ ဝုန်း…’

‘ ဝပ်ထရိန်း…’

အသံတွေ ထွက်ပေါ်လာပြီး ရုတ်တရက် သူရူးနဲ့ ရွှေရောင်နွားကြီးအကြားမှာ အနီရောင်တောက်တောက် နွားကြီးတစ်ကောင် ထွက်ပေါ်လာတယ်။

တစ်ဖက်က ရွှေရောင်နွားကြီးက နွားနီကြီးကို မြင်တော့ သူ့ပြိုင်ဘက်တွေ့သလို မဆိုင်းမတွပါဘဲ အတင်းပြေးဝှေ့တော့လေတယ်။

နွားနီကြီးကလည်း ရွှေရောင်နွားကြီးအရောက်ကို မစောင့်ဘူး။ တိုက်စစ်ဖွင့်တဲ့အနေနဲ့ ချက်ချင်းပဲ ပြေးဝင်လို့ ရင်ဆိုင်ခွေ့တယ်။

နွားနှစ်ကောင် သူတင်ကိုယ်တင် ခွေ့နေကြပါပြီ။

နှစ်ကောင်စလုံးက ခွန်အားချင်းတူ အလုံးတူထောက်တူ ဖြစ်နေတာကြောင့် နွားတိုက်ပွဲက အနော်ကြည့်ကောင်းတယ်။

ုကိုဝင်းတို့လင်မယားက သူတို့တစ်သက်နဲ့တစ်ကိုယ် မြင်ဖူးခဲ့တဲ့ နွားတိုက်ပွဲကြီးကို တအံ့တသြငေးကြည့်နေကြလို့။

သူရူးကတော့ နေရာမှာတင် ခြေပစ်လက်ပစ်ထိုင်ချပြီး နွားတိုက်ပွဲကို လက်ခုပ်လက်ဝါးတီးလို့ အားပေးနေတယ်။

‘ ကို…ကိုဝင်း…’

‘ ဟေ…’

‘ သူက လူကော ဟုတ်ရဲ့လား…’

‘ အေး…ငါတော့ မထင်ဘူးဟ…’

‘ ဒါဆို သူပြောသလို နတ်သားများလားဟင်…’

ကိုဝင်းတို့ လင်မယားနှစ်ယောက်က ပြောနေတယ်။ သူ့ကိုယ်သူ နတ်သားလေးသူတော်လို့ သမုတ်တဲ့ သူရူးကတော့ မြေပြင်မှာ ကျကျနနထိုင်ပြီး နွားတိုက်ပွဲကို ကြည့်နေတုန်းပဲ။

‘ တိုက်လေ…ဖေ့သား နွားနီကြီး။ အဲ့ဒီ့ကောင့်ကို တိုက်စမ်း။ အယ်…ဟိုဘက်က ရွှေနွားကြီးကလည်း ဖေ့သားကြီးကို ပြန်တိုက်လေ တိုက်လေ…အေး…ဟုတ်ပြီ။ အဟေးဟေး…’

သူရူးက နွားတိုက်ပွဲက နှားနှစ်ကောင်စလုံးကို အားပေးနေတယ်။

သူ့ပုံက နွားတိုက်ပွဲမှာ သူ့နွားသူ နိုင်စေချင်တာထက် ကလေးတစ်ယောက် နွားနှစ်ကောင်နဲ့ ဆော့ကစားနေတာနဲ့ ပိုတူနေတယ်။

အချိန်နည်းနည်းကြာလာတော့ သူရူးရဲ့ နွားနီကြီးဘက်က အရေးသာလာသလို ရှိလာပြီး ရွှေရောင်နွားကြီးက အနောက်ကို ဆုတ်ဆုတ်လာတယ်။

အချိန်ကလည်း မှောင်ရီစပျိုးနေပြီ။

‘ ဒီလောက်ဆို တော်လောက်ပါပြီ။ ရန်လိုနေတဲ့ ကောင်ကြီးလည်း မာန်ကျရောပေါ့…’

သူရူးက ပြောပြောဆိုဆို ထိုင်ရာက ထတယ်။ ပြီးတော့ သူ့အိတ်ထဲက စာရွက်ကလေးတစ်ရွက်ကို ထုတ်လို့ နွားနှစ်ကောင် ရင်ဆိုင်နေရာကို သွားပြီး ရွှေရောင်နွားကြီးရဲ့ လက်ပြင်ဆီမှာ ကပ်လိုက်တယ်။

‘ အူး…ဘူး…ဘူး…’

ရွှေရောင်နွားကြီးဆီက အော်သံနက်ကြီး။

အဲ့ဒီ့အသံအဆုံးမှာတော့ ရွှေရောင်နွားကြီးဟာ မတ်မတ်ရပ်ရင်း ငြိမ်သက်သွားပါပြီ။

‘ ဖေ့သားကြီး မင် သိပ်တော်တယ် အဟေး…’

သူရူးက နွားနီကြီးကို ပြောပြီး ဦးခေါင်းကို လက်နဲ့ ပွုတ်လိုက်တယ်။

သူရူးရဲ့ လက်နဲ့ ထိပြီးတာချိန် နွားနီကြီးဟာ တဖြေးဖြေး အမှုန်အမွှားတွေအဖြစ် ကွယ်သွားခဲ့ပါပြီ။

အဲ့ဒီ့နောက်တော့ သူရူးက ရွှေရောင်နွားကြီးရဲ့ ခေါင်းကို တစ်ချက်နှစ်ချက် သွားပွတ်လိုက်ကာ…။

‘ ကဲ…နင့်အိမ်ကို ငါ သူတော်နတ်သားလေး ပြန်ပို့ပေးမယ်။ သွားကြစို့.. ‘

သူရူးရဲ့ စကားအဆုံးမှာတော့ ရွှေရောင်နွားကြီးဟာလည်း နွားနီကြီးနည်းတူ အမှုန်အမွှားတွေအဖြစ်နဲ့ တဖြေးဖြေး ပျောက်ကွယ်သွားလေတယ်။ နောက်တော့ သူရူးက နေရာကနေ လှမ်းထွက်ဖို့ ဟန်ပြင်လိုက်တယ်။

‘ အယ်…နေဦး…’

သူရူးက လှမ်းနေရင်း သူ့ဘာသူ ပြောပြီး ခြေလှမ်းတွေရပ်တန့်သွားတယ်။ ပြီးတော့ အဖြစ်အပျက်အလုံးစုံကို အခုအချိန်အထိ ကြောင်အမ်းပြီး ကြည့်နေတဲ့ ကိုဝင်းတို့ လင်မယားဆီ လှမ်းသွားပြီး အရှေ့မှာ ရပ်လိုက်ကာ…။

‘ အကုန်လုံးပြီးသွားပြီ။ နင်တို့ကို ဒုက္ခပေးနေတဲ့ နွားကြီးကို ငါသူတော်နတ်သားလေး ဖမ်းသွားပြီလို့ အားလုံးကို ပြောလိုက်ဦး။ အခုအချိန်ကစပြီး အကုန်လုံး အလုပ်ခွင်ကို ပြန်ဝင်လို့ ရပြီလို့ပါ ပြောလိုက်နော်…’

‘ ဟုတ်…ဟုတ်ကဲ့ သူတော် နတ်သားလေး…’

ကိုဝင်းတို့ လင်မယားနှစ်ယောက်မှာ ထူးဆန်းတဲ့ သူရူးက သူတို့အရှေ့မှာ စကားလာပြောတာမို့ အလွန်အမင်း အံ့အားသင့်နေမိပြီး ပြာပြာသလဲနဲ့ လင်မယားနှစ်ယောက်စလုံးက ပြောလိုက်တယ်။

သူရူးကတော့ သူ့ကို နတ်သားလေးလို့ ခေါ်လိုက်တာမို့ အလွန်ပျော်သွားတဲ့ ဟန်ရှိပြီး မျက်နှာကြီးကို စပ်ဖြီးလို့…။

‘ နင်တို့က ငါ့ကို နတ်သားလေးလို့ ခေါ်တယ်။ အဟီးဟီး ပျော်လိုက်တာ ငါသူတော်လေး ပျော်လိုက်တာ။ အဲ…နေဦး နင်တို့က လိမ္မာတယ်။ ရည်မှန်းချက်ကောင်းလည်း ရှိထားတယ်။ ဒီတော့ ငါသူတော် နတ်သားလေးက နင်တို့ကို ဆုချရမယ်။ ကဲ နှစ်ယောက်စလုံး မျက်လုံးတွေ မှိတ်ထားကြ။ ပြီးရင် ဟိုဘက်လှည့်၊ ပြန်လှည့်မကြည့်ကြနဲ့နော်…’

သူရူးက ပြောတော့ ကိုဝင်းတို့လင်မယားလည်း မျက်လုံးတွေကို မှိတ်လိုက်ပြီး တစ်ဖက်ကို လှည့်လိုက်ကြတယ်။

သူရူးက ကိုဝင်းတို့လင်မယားကို ကျောခိုင်းလိုက်ပြီး တိမ်းမှောက်နေတဲ့ လှည်းကြီးဆီကို သွားလို့ သူ့လက်နဲ့ ထိကိုင်လိုက်ပြီး…။

‘ မရှိတာကို မသိနဲ့၊ မမြင်တာကို မကြားနဲ့၊ အမှန်ဟူသည် အမှားမဖြစ်၊ အမှားတို့သာ အမှန်ဖြစ်ပြီး အပျက်ဟူသမျှ အကောင်းပကတိဖြစ်ပါစေ…’

သူရူးက တဘောင်လိုလို၊ အမိန့်စေသလိုလို၊ သစ္စာပြုသလိုလိုနဲ့ စကားတစ်ရပ်ကို ပြောလိုက်တယ်။

သူ့စကားဆုံးတာနဲ့ တိမ်းမှောက်နေတဲ့ လှည်းကြီးဟာ တည့်မတ်သွားခဲ့ပြီး လွင့်စင်ကျနေတဲ့ ခရမ်းချဉ်းသီဟာလည်း နဂိုအတိုင်း လှည်းအပေါ်က တောင်းတွေထဲမှာ အစီအရီ။

‘ ကဲ…ရပြီ။ မျက်စိဖွင့်ပြီး လှည့်ကြည့်တော့ဟေ…’

သူရူးရဲ့ အသံကို ကြားချိန် ကိုဝင်းတို့ လင်မယား မျက်စိဖွင့်ကြည့်လိုက်တယ်။

‘ ဟာ…’

‘ ဟင်…’

အခုနက တိမ်းမှောက်နေတဲ့ လှည်းကြီးက အခုဘာမှမဖြစ်ခဲ့သလို အကောင်းပကတိဖြစ်နေတယိ။ ခရမ်းချဉ်သီးတွေလည်း အကောင်းအတိုင်းပဲ။

ကိုဝင်းတို့ လင်မယား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အလွန်ပဲ ဝမ်းသာသွားကြတယ်။ သူတို့ ဆုံးရှုံးပြီထင်ခဲ့တဲ့ အရာတွေက အခုတော့ ဘာမှမဟုတ်တော့သလိုပဲ။

လင်မယားနှစ်ယောက် သူရူးကို ကျေးဇူးတင်စိတ်နဲ့ သူတို့ရဲ့ ဝန်းကျင်မှာ လှည့်ပတ် ကြည့်မိလိုက်တော့ သူရူးက သူတို့အနားမှာ မရှိတော့ဘူး။

‘ ငါသူတော်လေးကို ကျေးဇူးတင်မနေနဲ့ဟေ့။ နင်တို့ရဲ့ ရည်မှန်းရာကိုပဲ ဖြစ်အောင်လုပ်ကြချေ…’

ခပ်လှမ်းလှမ်း အမှောင်ထုထဲဆီက ထွက်ပေါ်လာတဲ့ အသံ။

နောက်တော့ မြင်းတစ်ကောင် ကဆုန်ပေါက်ပြေးသလို အော်သံမျိုး ထွက်ပေါ်လာပြီးတော့ ကိုဝင်းတို့ လင်မယားရှိနေရာနဲ့ တဖြေးဖြေးလှမ်းသွားပြီး ဝေးကွာလို့ တိုးညှင်းသွားခဲ့ပါတော့တယ်။

******

ပြသောင်ရွာဆီက ခြိမ့်ခြိမ့်သဲ ကျင်းပနေတဲ့ စုပေါင်းအလှူကြီး။

ရှင်လောင်းလှည့်ဖို့အတွက် အလှအပ အဆင်တန်ဆာတွေဆင်ထားတဲ့ မြင်းအစီးသုံးဆယ်အပေါ်မှာ ရှင်လောင်းအပါးသုံးဆယ်ရှိနေတယ်။

ကိုဝင်းတို့ လင်မယားနှစ်ယောက်ဟာလည်း ဝတ်ကောင်းစားလှတွေနဲ့ စီတန်းထားတဲ့ ရှင်လောင်းတွေရဲ့ ဆယ့်ငါးပါးမြောက်ဆီက သူတို့ရဲ့သား ရှင်လောင်းနံဘေးမှာ ရှိနေလေရဲ့။

သားဖြစ်သူရှင်လောင်းရဲ့ မျက်နှာလေးဟာ သူတို့လင်မယားအတွက်တော့ ထွန်းသစ်စ နေမင်းကြီးပမာ ရှုကြည့်မဝလောက်အောင် ဖြစ်နေရတယ်။

‘ ကိုဝင်း…တကယ်လို့သာ နတ်သားလေးသူတော်မရောက်လာခဲ့ရင် ဟိုနွားကြီးကြောင့် တို့တတွေ အလုပ်ပျက်ပြီး သားကို အခုလို ရှင်ပြုပေးနိုင်မယ်မထင်ဘူးနော်…’

‘ အင်း…ဟုတ်တယ်။ အဲ့ဒီ့တုန်းက သူတော်နတ်သားလေးသာ ရောက်မလာခဲ့ရင် ငါတို့လည်း ပစ္စည်းတွေဆုံးပြီး လူတွေလည်း ဘာဖြစ်မယ် မသိတတ်တော့ပါဘူး…’

‘ ကျုပ်တော့လေ သူတော်နတ်သားလေးကို သိပ်ကျေးဇူးတင်တာပဲတော်…’

‘ ဟုတ်တယ်။ သူတော်နတ်သားလေးကို ငါတို့အတွက်တင်မဟုတ်ဘူး။ ငါတို့တစ်နယ်လုံးအတွက် ကျေးဇူးတင်ရမှာ။ မဟုတ်ရင် အားလုံး အလုပ်ပျက်အကိုင်ပျက်နဲ့ အခုလို စုပေါင်းအလှူကြီးတောင် ကျင်းပနိုင်မယ်မထင်ဘူး…’

‘ အင်း…ဟုတ်တယ်နော်…’

ကိုဝင်းတို့ လင်မယား ပြောနေကြတဲ့ စကားတွေပါ။

ဒိစကားတွေကို အဝေးဆီရောက်နေလောက်ပြီဖြစ်တဲ့ သူတော်နတ်သားလေးကတော့ ကြားမကြားသူတို့ မသိတတ်ပါဘူး။

ဒါပေမယ့် သူတို့စကားတွေအဆုံးမှာတော့ ရှင်လောင်းတွေဟာ လှည့်လည်ဖို့အတွက် အလှူမဏ္ဍာပ်ကနေ စတင်ထွက်ခွာနေပြီပဲ ဖြစ်ပါတယ်။

ပြီးပါပြီ

နောင်ရိုး(ဆေးတပ်)