ဘီလူးမသိမ်

စက်ဘီးကို ဖြေးဖြေးမှန်မှန်သာ နင်းလာရင်း နောက်က လိုက်လာမည့်
ကိုလွင် ကိုစောင့်ရန် အရှိန်လျော့လိုက်သည်။

ကိုလွင်နှင့် ကျွန်တော်မှာ ပဲခူးစုထိပ် ဖိုးထောင်ကြီး၏ လပ်ကီးလက်ဖက်ရည် ဆိုင်တွင် ညည ဆုံလေ့ရှိပြီး
လက်ဖက်ရည် သောက်လေ့ရှိသည်။ ကျွန်တော်တို့
မှာ ထိုဆိုင်တွင် ဘောလုံးပွဲ အကြောင်း ရောက်တတ်
ရာရာ ပြောလေ့ရှိနေခဲ့ပြီး ထိုညကားကျွန်တော်တို့ စကားကောင်းနေသဖြင့် အမေ့အတွက် ဆေးဝယ်ရန်
အမှီ ကိုခင် ဆိုင်ကို အမှီလာခဲ့ပင်။ ကိုလွင်မှာ ၎င်းစက်ဘီးက နောက်ဘီးလေလျော့နေသဖြင့် လေထိုးမည်ဟု ဆိုကာ ကွမ်းယာဆိုင်တွင် ကျန်နေခဲ့ခြင်းဖြစ်
သည်။

မိုးဦးကျချိန်မို့ ခပ်ဆတ်ဆတ် ဆောင့်တိုက်ထားတဲ့
လေပြင်းနဲ့အတူ မကြာသေးမီက မိုးခပ်သည်းသည်း
ရွာထားသဖြင့် မဟူရာ ကတ္တရာလမ်းထက်တွင်မှူ မိုး
ရေများပင် မခြောက်သေးပါ။ ဆေးရုံကုန်းလမ်းမှာ
လမ်းမီးတိုင်များ ရှိသော်လည်း တစ်ခုနှင့်တစ်ခုက
အလှမ်းဝေးသည်။ ဒါကြောင့် ဓာတ်တိုင်တစ်ခုကြား
အကွာအဝေးတွင် အမြဲ မှောင်နေတတ်သည်။ ကား
အသွားအလာရှိမှသာ ကားမီးအလင်းရောင် ရတတ်
သည်။

ရှေ့ကအတိုင်းပင် ကျွန်တော် ခပ်ဖြေးဖြေး မှန်မှန်
နင်းလာရင်း ရင်ခွဲရုံနှင့် နီးလာသည်။ ယာဉ်ကြော
အားဖြင့် ညာဘက်ကျ၍ ညာဘက်တွင်ရှိနေသော
ရင်ခွဲရုံနှင့် ကျွန်တော့်ကြားတွင် အုတ်တံတိုင်းသာ
ခြားလေသည်။လေပြင်းတစ်ချက်အသုတ်မှာအပုတ်
နံ့ စူးစူး ရလာသဖြင့် မဝံ့မလဲ ရင်ခွဲရုံဘက်သို့ ဝေ့ကြည့်မိလိုက်သည်။

ကျွန်တော်သည် ပင်ကိုယ်အားဖြင့် ကြောက်တတ်သူ
လည်း မဟုတ် ။ ယင်းကြောင့်လည်း ” ရင်ခွဲရုံရှေ့က
ဖြတ်တာပဲ ဒီလောက်တော့ ရှိမှာပေါ့လေ ” ဟူသော ရေရွတ်ကာ မိမိကိုယ်ကို အားပေးစကားဆိုရင်း ကိုယ့်ကိုယ်ကို သာ နှစ်သိမ့်လိုက်သည်။

ဆေးရုံမှာ သေသူ အချို့၏ ရုပ်အလောင်းများကို
အိမ်သယ်ပြီး နာရေးခင်းကျင်းဖို့ရာ အတွက် ဖုံဖုံဖိဖိ
အရပ်သို့ပြန်သယ်ကာ နေအိမ်ကျမှ သေဟန်ဖြင့်
အခေါင်း သွင်းကြတာ ရှိသလို အချို့မှာလည်း ပြန်
မယူပဲ ရင်ခွဲရုံ၌ထားကာ အသုဘ ချလေ့ရှိသည်။

တရားသဘောဖြင့် ကြည့်လျှင်တော့ သေပြီးသောသူ
များကို အပုတ်ကောင် ရုပ်ဆောင်ပြီး အိမ်ပြန်ယူလျှင်
လည်း အပိုပင် ။ တချို့ကျပြန်တော့ ရာဇဝတ်မှူခင်း
များအရ ပိုင်ရှင်မပေါ်ပဲ ထားရသည့် အလောင်းများ
ရှိနေတတ်၍ရင်ခွဲရုံ ဝန်းကျင်မှာ အပုတ်နံ့များလှိုင်
လှိုင် ထွက်နေ သည့် အခါမျိုးလည်း ရှိတတ်ပါသည်။

ထို့နောက် ရင်ခွဲရုံရှေ့မှဖြတ်ရင်း၊ ကျွန်တော် ကိုခင်တို့ ဆေးတိုက်ကို လှမ်းကြည့်လိုက်သည်။ ဆေးဆိုင်မှာ မီးလင်းနေလျက်ရှိနေပြီး ဆိုင်တံခါးများ ပိတ်စ
ပြုနေသည်။ အဘယ်ကြောင့်ဆိုသော် ဆေးရုံကုန်း
လမ်းသည် ညပိုင်းတွင် လူပြတ်လေ့ရှိသောကြောင့်ပင်။ ဆိုင်ရှေ့ရောက်သောအခါ စက်ဘီးအား လမ်း
ဘေးသို့ ထိုးရပ်ပြီး ဆေးဆိုင်ထဲသို့လှမ်းကြည့်သည့်
အခါ ဆိုင်ပိုင်ရှင် ကိုစောနှင့် မတင့် တို့ ခေါင်းချင်း
ဆိုင် စာရင်းတိုက်နေပြီ ဖြစ်သည်။

ဆေးဆိုင်ရဲ့ နောက်ဖက်တံခါးကိုတော့ ဖွင့်ထား၏။
အကြောင်းမူကား ညရေညတာ ဆေးဝယ်သူများရဲ့
အခက်အခဲအချို့ကြောင့် ကိုစောမှာ ဆိုင်ညအိပ်ကာ
စောင့်လေ့ရှိသည်။

” ဗျို့ ကိုခင် ဆိုင်ပိတ်ပြီလားဗျ” ကျွန်တော်ရဲ့ မေးဟန်နဲ့အတူ ကိုခင် တစ်ယောက် စာရင်းလုပ်နေသည့်
ကြားက ခေါင်းထောင်လာလေသည်။

” ဟာ ကိုမောင်ကြီး အခုပဲ ဆိုင်ပိတ်တော့မလို ပဲ။အချိန်လဲကြည့်အုံးလေ ညကိုးနာရီကျော်နေပြီလေ”

“အေးဗျာ …လက်ဖက်ရည်ဆိုင်မှာ ဒီည လေပစ်တာ
အရမ်းကြာသွားတယ်။ လုပ်ပါအုံးဗျာ.ခါတိုင်းရောင်း
နေကြ သွေးပေါင်ကျဆေးလေး”

ကိုခင်မှာ ကျွန်တော်တို့အုပ်စု ရောဂါ တစ်စုံတစ်ခုဖြစ်လျှင် သူ၏ လုပ်ငန်းအ‌‌တွေ့အကြုံအရ တော်ရုံ
တန်ရုံ ရောဂါလောက်တော့ စမ်းသပ်ပြီး သင့်တော်
ရာ ဆေးပေးနေကြဖြစ်သည်။ သွေးချိန်သွေးတိုင်း
ရာမှာလည်း တိကျသေချာသူတစ်ဦးဖြစ်သည်။

ကျွန်တော့်ကို အသင့်ထုတ်ထားသော သွေးပေါင်ကျ
ဆေးထုပ်အား ပေးသဖြင့် ကျွန်တော်လှမ်းယူလိုက်
ပြီး ပိုက်ဆံရှင်းပေးလိုက်သည်။ ထိုနောက် သူက
ပိုက်ဆံအား သေချာရေတွက်ပြီး သူ့လှမ်းပြောလိုက်
သောစကားကြောင့် ကျွန်တော် ခေါင်းနပန်းကြီးသွား
သည်။

” ခင်ဗျာ သူငယ်ချင်းကြီး ငမိုး ဆုံးသွားပြီ”

“ဗျာ ငမိုး ဆုံးသွားပြီ ဟုတ်လား။ ကျွန်တော်နဲ့တောင်
နေ့ခင်းက ဘုန်းကြီးပျံပွဲမှာ တွေ့ခဲ့ကြတာ အကောင်း
ကြီး ရှိပါသေးတယ်”

” အကောင်းကြီး ရှိပါသေးတယ် ၊ဘာတွေလုပ်မနေနဲ့
ညခုနှစ်နာရီလောက်က ရင်ဘတ်ဖိပြီး အောင့်တယ်အောင့်တယ် နဲ့ဆေးရုံကို ရောက်လာတာ ည၈နာရီ
လောက်လည်းကြတော့ ဆုံးပြီး အခုရင်ခွဲရုံရောက်
နေပြီ”

“…….ဟင်……”

ကျွန်တော့်ဆီမှ လန့်ပြီး အာမေဋိတ်သံပင် ပေါ်ထွက်သွားခဲ့ရလေပြီ။

“ရှစ်နာရီလောက်က ဆုံးတာဆိုတော့ အလောင်းက အကောင်းကြီးရှိနေမှာပဲ ကျွန်တော် ရင်ခွဲရုံရှေ့စက်
ဘီးနင်းလာတုန်းက အပုတ်နံ့စူးစူးကြီး ရလိုက်တယ်ဗျ”

“ဟာ မဖြစ်နိုင်တာ ကိုမောင်ကြီးရယ်။ဒီနေ့ ဆေးရုံမှာဆုံးတာ ငမိုးကြီးတစ်ယောက်ပဲ ရှိတဲ့ဟာ ရင်ခွဲရုံမှာ
အလောင်းလက်ကျန်မရှိဘူး ။ ဘယ်လိုလုပ် အပုတ်
နံ့က ထွက်လာမှာလဲဗျာ”

ကိုစော ပြောနေစဉ် ကိုလွင်တယောက် နောက်မှာစက်ဘီးဖြင့် ရောက်လာသည်။

” ဗျို့ … ကိုလွင် ခင်ဗျား ရင်ခွဲရုံနားကနေ စက်ဘီးနင်း
လာတော့ ဘာထူးတာ ရှိခဲ့လဲ”

“အထဲမှာ မီးလင်းနေတာ တွေ့တယ်။ အလောင်းတစ်လောင်းတော့ ရှိမှာ‌ပေါ့ ဘာများထူးခြားလို့လဲ”

“အပုပ်နံ့ မရဘူးလား”

“မရပါဘူးဗျာ”

ကိုလွင်ရဲ့ အဖြေစကားကြောင့် ဆေးဆိုင်ပိုင်ရှင်
ကိုခင်မှာ ဟက်ဟက်ပက်ပက် ရယ်မောကာ……

“ဟား .. ဟား .. ဟား ကိုယ့်လူလည်း ရင်ခွဲရုံနားကဖြတ်လာလို့ သွေးကြောင်ပြီး ဟိုအနံ့ရ ဒီအနံ့ရ ဖြစ်
နေတာနဲ့ တူပါတယ်ဗျာ”

“ကဲပါရှင်ရှင်တို့သူငယ်ချင်းတွေ သွေးကြောင်ပြီး ဟိုအနံ့ရ ဒီအနံ့ရတွေ ပြောမနေကြနဲ့တော့။ ကျွန်မတစ်ယောက်ထဲ အိမ်ပြန်ရမှာ မရဲတော့ဘူး။ အားလုံး လိုက်ပို့ကြပေတော့။ ပြီးတော့မှ ကိုခင်ကြီးက ဆေး
ဆိုင်မှာ ပြန်အိပ်”

ကျွန်တော့်အဖြစ်အပျက် ကြောင့် ကိုခင် မိန်းမ မတင့်
မှာ အကြောက်ရောဂါ ကူးစက်သွားဟန် တူပါသည်။
ခါတိုင်း ဆေးရုံဝန်းကျင်မှာ ပုံမှန် သွားလာနေကျ မတင့် ကို ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် လိုက်၍ ပို့ပေးလိုက်ရသည်။ မတင့်အိမ်မှာလည်း ဆေးရုံဝင်းအတွင်းရှိပြီး ရင်ခွဲရုံနှင့် ကူးစက်ဆေးပေးခန်း အဆောက်အဦးကြားရှိ လမ်းကဖြတ်မှ ရောက်သဖြင့် ကျွန်တော်တို့တတွေ ဖြတ်ရပြန်သည်။

ရင်ခွဲရုံ အနီးတဝိုက်မှ အဖြတ်တွင် မည်သည့်အနံ့မျှ
မရတော့ချေ။ ကိုခင်က ကျွန်တော့်လက်မောင်းအိုး
ကို ‌ဖျစ်ညစ်ပြီး ဘယ်လိုလဲ ဆိုသော မျက်နှာပေးဖြင့်
ကြည့်နေသည်။

ကျွန်တော်မှာ ဝေခွဲမရဟန် ရင်ခွဲရုံမှ လျှံထွက်လာသော မီးအလင်းရောင် မှိန်မှိန်ကလေးမှာ ခေါင်းခါသလိုပင်။ သို့သော် ကျွန်တော် မကျေနပ်နိုင်ပါ။

ကျွန်တော် အပြန်လမ်းတလျှောက်လုံး စဉ်းစားလာခဲ့
သည်။ ညောင်သုံးပင် ဘုန်းကြီးပျံပွဲကို စည်းစည်းကားကား ကျင်းပခဲ့သည်။ ကျွန်တော်တို့၏ အဖွဲ့နှင့် ညောင်သုံးပင်ဆရာတော်မှာ ဆရာရင်း၊ ဒဏာရင်း
ရင်းများဖြစ်၍ကျွန်တော်တို့တစ်တွေ ဘုန်းတော်ကြီး ပျံလွန်တော်ကတည်းက နေ့တိုင်းလိုလိုရောက်နေခဲ့
ပါသည်။ ။

ဆရာတော်ကြီးက စာတတ်ပေတတ် သက်ကြီးဝါကြီ
ဖြစ်သဖြင့် တပည့်တပန်းတွေလည်း များပြားလှပါ
သည်။ ထို့ကြောင့် ဆရာတော်ကြီး ပျံလွန်တော်မှုဘုန်းကြီးပျံပွဲကို ခုနှစ်ရက် ခုနှစ်လီ ကျင်းပခဲ့သည်။

ညောင်သုံးပင်ရွာသားများ ဖြစ်ကြသော ငမိုးနဲ့ ငစိုးတို့က ရွာခံများဖြစ်ကြပြီး ကျွန်တော်တို့မြို့ပေါ်ကသူငယ်ချင်းများလာရောက်သည့်အခါ သူ့ဦးလေး
ကိုဖက်တီး အရက်ဆိုင်တွင် ဧည့်ခံလေ့ရှိသည်။

ကျွန်တော်တို့ မြို့ပေါ်က သူငယ်ချင်းအုပ်စုမှာ ညောင်သုံးပင် ရွာသားများနှင့် ရင်းနှီးကြပြီး အဆိုပါရွာရဲ့ ရှေးဟောင်း အဆောက်အဦးများနှင့် ကျွမ်းဝင်
ကြသည်။ သန်လျင်၊ကျောက်တန်း၊ခရမ်း၊သုံးခွ ဝန်း
ကျင်များမှာ ရှေးဟောင်းရာဇဝင် အဆက်အစပ် ဆိုထားပြီး ရှေးဟောင်း အဆောက်အဦး၊ဂူပျက်၊ပုထိုးပျက် ၊အိမ်ပျက်၊ကျောင်းပျက်များ ပေါများလှပါ
သည်။

ပါဒနိုင်ငံတော်သည် ယခု ပါဒကြီးရွာကို ဗဟိုပြုပြီး
မြောက်တစ်ယူဇနာ (ယခု သန်လျင်မြို့ ယခင်က
အာဂုံးမြို့) တောင်းသို့ တစ်တိုင်သို့ (ယခု ကျောက်
တန်း ယခင် ဂွမ်းမြို့) အရှေ့ တစ်ယူဇနာခန့် (ယခု သုံးခွမြို့ ယခင် ဒုံတတိုင်မြို့)၊ အနောက်သို့ ယူဇနာတစ်ဝက်ခန့်(ယခု သီလဝါ-အလွမ်းဆွတ်ရွာ၊ ယခင် ဒုံဇိပ်မြို့)အထိ ကျယ်ဝန်းသည်ဟု အဆိုရှိသည်။

သီဟဒီပကျွန်းဟုလည်းခေါ်ဆို တွင်ပြီး သာသနာသက္ကရာဇ် ၃၉ ခုနှစ်တွင် နန်းတက်သော သမိန် စက္က
ဝတ်ဘွဲ့ခံ သုခမုခ နန်းစောရှင်လက်ထက်တွင် သူရဲကောင်းထွက်ရာကျွန်း သမိန်စကားကျွန်းဟု
အမည်တွင် ခဲ့သည်။ ပါဒနိုင်ငံ သက်တမ်းကြာမြင့်
လာသည်နှင့်အမျှ သာသနာရေးနှင့် ပတ်သက်၍
လည်းကောင်း၊ ရှေးဟောင်းသမိုင်းတွင် အဆောက်
အဦးများသည် လည်း လက်ညှိုးထိုး မလွဲအောင်ပင်
ပေါများရာအရပ်လည်း ဖြစ်သည်။

ယင်းကြောင့် သန်လျင်တစ်ဝိုက်သို့ ရှေးလူကြီးများ
သည် အိမ်ဆောက် ယာတည်း လယ်ထွန်ရာတွင်ပင်
ဂရုတစိုက် ပြုလုပ်လေ့ ရှိတတ်ကြသည်။သာသနာ
အဆောက်အဦးနှင့် မလွတ်ကင်းရာဆို ရှောင်ကြဉ်
ကြရသည်။

ငမိုးနှင့် ငစိုးတို့သည် ခပ်ရွတ်ရွတ် ကောင်စားမျိုးများဖြစ်သည်။ အထူးသဖြင့် ငမိုးက ပိုပြီးဆိုးသည်။
မည်သည့်အရာမျှ အယုံအကြည် အလေးအနက်မထားတတ်။

ထိုနေ့က ကျွန်တော်နှင့်အတူ ငမိုးနှင့် ငစိုးတို့အပါ
အဝင် သူငယ်ချင်းတစ်သိုက် ညောင်သုံးပင် ဆရာ
တော် ကြီးလောင်တိုက်ပြာကျပြီးချိန်မှာ ညောင်သုံးပင်ရွာမှ ပြန်လာခဲ့သည်။ ကျွန်တော်တို့ အုပ်စုထဲက
အချို့ကို ငမိုးတို့က လိုက်လံပို့ဆောင်ပေးပြီး ကျန်သူများနှင့် ညောင်သုံးပင်ရွာလယ် ကွင်းစပ်က ၎င်း
ဦးလေး ချက်အရက်ဆိုင်သို့ ရောက်သွားကြသည်။

ကျွန်တော်နှင့်ကိုလွင်၊ကိုစော တို့မှာ ချက်အရက်ကို
မသောက်လိုသဖြင့် ထန်းရည်သာနည်းနည်းပါးပါး
သောက်ကြသည်။ ညနေ လေးနာရီလောက်မှာတော့
ကျွန်တော်တို့တစ်သိုက်ကို ငမိုးတို့ ညီအကိုနှစ်ဦးက
ညောင်သုံးပင်နှင့် တောတန်းရိုးခင်တွေဖြတ်သန်းပြီး
ကားလမ်းမရောက်တဲ့အထိ ထပ်မံလိုက်ပို့ပေးသည်။

အောင်ချမ်းသာမှ သူငယ်ချင်း ကိုစိုး က ကျွန်တော်တို့လို ထန်းရည်ပဲ သောက်သူမို့ ဆီးရွှင်နေသဖြင့်ဆီး
သွားရန် တောတန်းခင်ရိုးကလေးအတိုင်း လျှောက်လာရာကနေ နေရာရှာပြီး ကုန်းကမူ သစ်ပင်အုပ်ကလေးအနီးမှာ ထိုင်ချသည်။

“ဟာ . . . ဟာ . . အဲဒီမှာ မပေါက်နဲ့ မပေါက်နဲ့။ အဲဒါ ဘီလူးမသိမ်နေရာဗျ။ ပါဒနိုင်ငံတော်ရဲ့ သိမ်ကိုးသိမ်
ထဲမှာအပါအဝင်နေရာလို့ပြောကြတယ်။ ဒီပြင်နေရာ ပေါက်ဗျာ”

ညောင်းသုံးပင်ရွာသား ငသက်က လှမ်းအော်လိုက်သဖြင့် ကြောက်တတ်သော ကိုစိုးက ထိုနေရာကပြောင်းပြီး တခြားနေရာ တောအုပ်ဖက်သို့ရွှေ့ပြီး ဆီးသွားသည်။ ပါးစပ်မှလည်း တတွတ်တွတ်ဖြင့် တောင်းပန်နေသည်။ သည်တွင် ချက်အရက်မူးနေပြီ
ဖြစ်သော ငမိုးက အယုံအကြည် မရှိသူပီပီ ….

“ဘာ – – •ဘီလူးမ သိမ်လဲကျောက်စာမရှိ၊ ဘာမရှိနဲ့ အလကား ဂဝံ ကုန်းကြီး။ ပေါက်တော့ ဘာဖြစ်သလဲကွ”ဟုပြောပြီး ဆီးသွားရာ သူ့အစ်ကို ငစိုးကြီး လှမ်းဆွဲတားတာတောင် မရ‌လိုက်ချေ ။

သူ အတော့်ကို မူးနေသဖြင့် သူ့အစ်ကို စိုးကြီးကို ပြန်ခေါ်သွားရန်ပြောပြီး ကျွန်တော်တို့ ကားလမ်းရှိရာသို့
တောလမ်းအတိုင်း ဆက်၍ လျှောက်ခဲ့ကြရသည်။ အိမ်ပြန်ရောက်၍ နားနားနေနေ ရေမိုးချိုး ထမင်းစားပြီးမှ လက်ဖက်ရည်ဆိုင် ထွက်ထိုင်ပြီး ဆေးလာဝယ်စဉ် ငမိုး သေဆုံးသွားသည့်အဖြစ် ကို သိလိုက်ကြရခြင်းပင် ဖြစ်သည်။

သုံးရက်မြောက်နေ့မှာ ငမိုး ၏ အလောင်းကို ဆေးရုံရင်ခွဲရုံမှပင်သင်္ဂြိုဟ်ရန် အသုဘသို့ ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် ရောက်ရှိသွားကြသည်။

ကျွန်တော်က နောက်ကျနေသဖြင့် ငမိုး အခေါင်း အသုဘယာဉ် ပေါ် ရောက်သွားမှပဲ မှီရုံကလေး ဖြစ်နေသည်။ အသုဘပို့ ယာဉ်ပေါ်တွင် ကျွန်တော့်ဘေးမှာ ထိုင်၍ပါလာသော ဆေးဆိုင်ပိုင်ရှင် ကိုခင် က ကျွန်တော့်ကို လေသံ တိုးတိုးဖြင့် စိတ်မကောင်းဟန် လှမ်းစကားဆိုသည်။

“ထူးတော့ ထူးဆန်းတယ် ကို မောင်ကြီးရဲ့ …..
ငမိုး ရဲ့အလောင်း ပြင်ဆင်ကြတော့ ဆီးခုံတစ်ပြင်လုံး ပါမလာတော့ဘူး။ ရင်ခွဲရုံမှာ ကြွက်ပဲဆွဲ လား၊ တခြားတစ်ယောက်ပဲ ဝင်စာ လား မသိပါဘူးဗျာ။
ဒါမျိုး တစ်ခါမှ မမြင်ဘူး။ မကြားဘူးတဲ့ဟာပါ ဗျာ”

ကျွန်တော်လည်း အံ့ဩမင်သက်စွာဖြင့် စဉ်းစားရ
အခက် ခေါင်းကိုခါယမ်းပြီး သက်ပြင်းသာချမိပါတော့သည်။