စားမိမှားသောကြောင့်

တွေ့ ရသည်။ သူငယ်ချင်းသုံးယောက် ဝမ်းမြောက်လိုက်သည် ဖြစ်ခြင်း။

ဖမ်းဆီးရမည့်ငါးအပြင် ဘဲဥနှစ်လုံးပါ အဆစ်ရလိုက်သည်။ ဤအိုင်နှင့် မနီးမဝေး မောင်စိန်၊ မူတူး၊ ချွတ်ကရား စသည့် ကုလားများသည် ဘဲအမြောက်အမြားကို မွေးမြူထား၏။

သူတို့၏ဘဲများကို ဤအိုင်တစ်လျှောက် နေ့ခင်းဘက်တွင် လွှတ်ထားပြီး သူတို့က နောက်မှလိုက်၍ ထိန်းကျောင်းသည်။

ဘဲများမှာ ဘဲဥဥရာတွင် စည်းကမ်းမရှိ၊ ဘဲခြံထဲမှာသာမက စားသောက်နေစဉ်၊ ရေကူးနေစဉ် နေရာမရွေး အိုင်အတွင်း၌လည်း ဥချင် ဥတတ်သည်။

ယခုလည်း စည်းကမ်းမရှိသော ဘဲအုပ်တစ်အုပ်က ဥသွားခြင်း ဖြစ်နိုင်သည်။

မူတူး၏ ဘဲအုပ်ကပင်လော၊ ချွတ်ကရား၏ ဘဲအုပ်ကပင်လော၊ မောင်စိန်၏ ဘဲအုပ်ကပင်လော။

ဘာပဲဖြစ်ဖြစ် ကြွက်နီတို့ ဘဲဥနှစ်လုံး အပိုလက်ဆောင်ရလိုက်သည်။ ကြွက်နီတို့ အိုင်ကိုရေပက်၍ ရေခန်းလာသည်နှင့်အမျှ ရွှံ့နုန်းများဖြင့် ရေမှာ ခပ်တိမ်တိမ်သာ ရှိတော့သည်။

ရေနောက်နောက်တွင် မနေနိုင်သည့် ငါးပါစွန်၊ ငါးသန် စသော ငါးကလေးများမှာ ရေပေါ်တွင် ယက်ကန်ယက်ကန်နှင့် ခေါင်းဖော်ကာ ကူးနေကြ၏။

အိုင်ပေါ်တွင် ပျံဝဲနေသော ရေတိန်ညင်းငှက်မှာလည်း အလုပ်များနေသည်။ မကြာခဏ ဦးစိုက်ထိုးချပြီး ရေပေါ်တွင် ပေါ်နေသည့် ငါးကလေးများကို သုတ်ချီလျက်ရှိသည်။

ငါးခူ၊ ငါးပတ်နှင့် ငါးစင်ရိုင်းတို့၏ နှုတ်ခမ်းမွေးများ ထိုးထိုးထောင်ထောင် ရေပေါ်တွင်ပေါ်၍နေ၏။ ကြွက်နီတို့က တစ်ကောင်ချင်း လိုက်လံပြီး အားရပါးရ ဖမ်းဆီးနေကြ၏။ တစ်ခုတော့ သတိထားရ၏။

ငါးကျည်းကို ဖမ်းလျှင်မူ သေသေချာချာ မိမိရရဖမ်းရသည်။ သူ၏ ဆူးတောင်နှင့်ထိုးမိလျှင် မသက်သာ။တဖျဉ်းဖျဉ်းနှင့် အဆိပ်တက်တော့။ ရေပြန် သို့မဟုတ် ကျင်ငယ်ရည်နှင့်ထိမှ အဆိပ်ပြေသည်။

ထို့ကြောင့် ငါးကျည်းဆူးတောင်စူးလျှင် ဘေးမှဝိုင်းပြီး သေးနှင့်ပန်းပေးရသည်။ ငါးကျည်းဆူးစူးခံရသူက မရွံမရှာ ဆူးစူးသောလက်နှင့် ကျင်ငယ်ရည်ကို ခံပေးရသည်။

ငါးကျည်းမှာ ငါးခူနှင့် ခပ်ဆင်ဆင်။ ငါးကျည်းကပို၍ ခေါင်းသေးပြီး ပြားသည်။ ကျောပေါ်၌ ရေယက်အတောင်များမပါ။ ဤမျှသာလျှင် ကွာခြား၏။

ငါးဖျင်းသလက် ငါးများကလည်း အိုင်အတွင်း၌ ပေါများလှသည်။ ငါးက အကောင်မကြီး၊ သူ့တစ်ကိုယ်လုံးမှာ သက်တံရောင် အစင်းကလေးများနှင့် လှပသော ငါးများဖြစ်၏။

အိုင်အတွင်းမှ ငါးမျိုးစုံ တော်တော်ကလေးရသည်။ ငါးကျည်း၊ ငါးခူ၊ ငါးရံ့၊ ငါးခုံးမ၊ ငါးစင်ရိုင်း၊ ငါးပတ်၊ ငါးပြေမ၊ ငါးဖယ်၊ ငါးရှဉ့်၊ ငါးမြွေထိုး စသည့် ငါးများ။

ငါးမြွေထိုး၊ ငါးခူ၊ ငါးရံ့တို့က နုန်းတိုး၍နေသဖြင့် နောက်ဆုံးမှ ဖမ်းရ၏။

ကြွက်နီ၊ ငခွေးနှင့် တောက်ထွန်းတို့ အားရဝမ်းသာ ငါးများကို အလုအ ယက်ဖမ်းနေစဉ် မမျှော်လင့်ဘဲ ကုလားမူတူး အိုင်စပ်မှပေါ်လာသည်။ မူတူး၏လက်တွင် ဘဲကျောင်းရာ၌ကိုင်သော ဝါးတုတ်တစ်ချောင်းလည်း ပါလာ၏။

မူတူးက ကုလားပေမင့် ဗလကောင်းသည်။

ပြီးတော့ မိုက်မိုက်ကန်းကန်း၊ ကုလားလူမိုက်။

“မင်းတို့ ဒီအိုင်ကို ဘယ်သူ့ အမိန့်နဲ့ ဖမ်းတာလဲ”

“ဗျာ”

မူတူး၏အမေးကို ကြွက်နီတို့သုံးဦးက မဖြေတတ်။ အိုင်မှာ ငါးဖမ်းသည်ကို ဘယ်သူ့ထံ ခွင့်တောင်းရမည်လဲမသိ။

မူတူး၏အမေးကို အာမေဋိတ် “ဗျာ” တစ်လုံးသာ ကြွက်နီတို့ ပြိုင်တူဖြေနိုင်ကြသည်။

ထို့ပြင် မဖြေတတ်။

“နောက် မှတ်ထား၊ ဒီအိုင်တစ်ဝိုက်မှာ ငါ့ဘဲတွေ လွှတ်ထားတယ်၊ မင်းတို့ ငါးမဖမ်းရဘူး၊ တော်တော့”

မူတူးက ကြွက်နီတို့ သုံးယောက်ကို ကြိမ်းမောင်းပြီး နှင်လွှတ်သည်။

ဒါကတော့ မတရား၊ သူ့ရေအိုင်လည်း မဟုတ်။ ဤအိုင်မှာ အများပိုင် ရေအိုင်ဖြစ်သည်။ သို့သော် မပြောရဲကြ၊ ကလေးနှင့်လူကြီး။ ပြီးတော့ သူ့လက်ထဲမှာတုတ်တစ်ချောင်းလည်း ပါသေးသည်။ ဗလလည်း ကောင်းသေးသည်။

“အမယ် … အမယ် ဒီမှာလည်း ဘဲဥနှစ်လုံးပါလား၊ မင်းတို့ သူခိုးကလေးတွေ”

မူတူးသည် ဘဲဥနှစ်လုံးကို မြင်သွားသည်။

ထိုအခါ ကြွက်နီက

“မဟုတ်ဘူး မဟုတ်ဘူး ကိုမူတူး၊ ဒီဘဲဥနှစ်လုံးက ကျွန်တော်တို့ ငါးဖမ်းယင်း အိုင်စပ်က ရတာပါဗျာ၊ ကျွန်တော်တို့ မခိုးပါဘူး”

“ဘာ မခိုးရမှာလဲ ငါ့ဘဲဥတွေ ဒီလိုပဲ ခဏခဏ ပျောက်နေတာကြာပြီ”

ဟုတ်မဟုတ်တော့ မသိ။ မူတူးက ကြိမ်းဝါးလိုက်သည်။

ပြောပြောဆိုဆို ဘဲဥနှစ်လုံးကို မူတူးက ကောက်ယူလိုက်သည်။

“ကဲ မင်းတို့ ဒီအိုင်မှာ ဆက်ပြီး ငါးမဖမ်းနဲ့တော့၊ ဒီအိုင်က အမြန်ဆုံး ထွက်သွားကြကွာ”

ကြွက်နီတို့ ဘာတတ်နိုင်မည်နည်း။ ဖမ်းမိထားသော ငါးအချို့ကို ကမန်းကတန်းယူပြီး ကြွက်နီတို့ သုံးယောက် ထွက်လာခဲ့ရသည်။ အိုင်ထဲမှာ နုန်းများအတွင်းတွင် ငါးခူကြီးများ၊ ငါးမြွေထိုးကြီးများ ကျန်
နေသေးသည်။

ကြွက်နီတို့ မဖမ်းခဲ့ရ။ အင်အားမတူသော မူတူးကို ကြောက်၍သာ ထွက်ခဲ့ရသည်။ နည်းနည်းမျှ မကျေနပ်။

မူတူးက လူကြီး၊ သူတို့က ကလေး။ ပြီးတော့ ဘဲဥနှစ်လုံးကလည်း သူ့ဘဲဥဟု ဘယ်သူက အသေအချာ ပြောနိုင်မည်နည်း။

ချွတ်ကရားတို့၊ မောင်စိန်တို့ ဘဲအုပ်များမှ ဥသွားသော ဘဲဥများလည်း ဖြစ်နိုင်သည်။

ဤဘဲဥများသည် ပံ့သကူပစ္စည်း၊ ပိုင်ရှင်မဲ့ပစ္စည်းများသာ ဖြစ်ရမည်။ ကြွက်နီတို့သာ ရယူခံစားပိုင်ခွင့်ရှိသည်။

ထို့ကြောင့် မူတူးကို လုံးဝမကျေနပ်။

မူတူးအနိုင်အထက် မတရားယူသွားသော ဘဲဥနှစ်လုံးနှင့် အိုင်ထဲတွင် မဖမ်းရဘဲ ကျန်ရစ်ခဲ့သော ငါးများအစား မူတူးကို ချောင်းရိုက်၍လည်း အကျိုးမရှိ။ သည်တော့ ယနေ့ သူ၏ ဘဲတစ်ကောင်ကို ခိုးယူပြီး စားပစ်ရန် ကြွက်နီတို့အဖွဲ့မှ ကန့်ကွက်မဲမရှိ ဆုံးဖြတ်ထား၏။

ဘယ်သို့ ဘဲတစ်ကောင်ကို ခိုးယူရမည်နည်း။ ဘဲခိုးသောအလုပ်ကို လူကြီးတွေသိ၍လည်း မဖြစ်။

အထူးသဖြင့် အဘဉာဏ်။

အဘဉာဏ်သည် သားငါးအသက်များကို သတ်ဖြတ်ရသည့် တံငါအလုပ်ကို လုပ်ကိုင်နေရသော်လည်း သူတစ်ပါးပစ္စည်းကို ခိုးဝှက်ခြင်းကိုတော့ လုံးဝ မနှစ်သက်။

ကြွက်နီတို့ ဤသို့ဘဲခိုးရန် အကြံအစည်ကိုသာသိလျှင် မုချတားမြစ်ပေလိမ့်မည်။

ထို့ကြောင့် ကြွက်နီတို့က ဘယ်သူ့ကိုမှ အသိမပေး။

မူတူးတွင် ဘဲအကောင်သုံးရာခန့်ရှိသည်။ နံနက် ကိုးနာရီလောက်ဆိုလျှင် ထိုဘဲအုပ်ကြီးမှာ ကျောင်းသစ်နှင့် တောင်ကျောင်းအကြား ရေအိုင်သို့ ရောက်လာစမြဲ။

ထိုဘဲအုပ်ကြီး၏နောက်မှ တုတ်တစ်ချောင်းကို ကိုင်၍ မူတူးက လိုက်လာစမြဲ။

ဘဲအုပ်ကြီး ပတ်ဝန်းကျင်တွင် ကြွက်နီတို့ကို မူတူးမြင်၍ မဖြစ်။

ငခွေးက ထိုနေ့စောစောကတည်းက အိုင်စောင်းမှ “ကျော်စံကေး” ဖား အရှင်ကလေးတစ်ကောင်ကို ရှာဖမ်းပြီး နို့ဆီဘူးအလွတ်တစ်လုံးအတွင်းတွင် ထည့်၍ ယူခဲ့၏။ တောက်ထွန်းက ကြိုးတိုတိုတပ်ထားသည့် ဝါးကိုင်းမပါသော ငါးမျှားချိတ်တစ်ခုကို ယူခဲ့၏။

စီမံခန့်ခွဲသူက ကြွက်နီ။

သူတို့၏ လုပ်ငန်းကို နံနက်စောစောကတည်းက စတင်ပြင်ဆင်ရသည်။

အရှည်နှစ်တောင်ခန့် လုံးပတ်ထွာဆိုင်ခန့်ရှိ သစ်သားချောင်းကြီး တစ်ချောင်းကိုလည်း ရှာခဲ့သည်။ သစ်သားချောင်း၏ တစ်ဖက်စွန်းကို ဓားဖြင့် ချွန်ခဲ့သေးသည်။ ဒါမှ နုန်းမြေထဲမှာ လွယ်လွယ်ကူကူ စိုက်၍ရမည်။

ကြွက်နီက သူ၏ပေါင်ရင်းလောက်အထိ နက်သော အိုင်အတွင်းသို့ ဆင်းပြီး ထိုသစ်သားချောင်းကြီးကို စိုက်လိုက်သည်။ ပါလာသော အုတ်ခဲ တစ်ခဲနှင့် ဖြည်းဖြည်းချင်း ထုသည်။ ငခွေးက ကူညီသည်။

သစ်သားချောင်းကြီးကို နွံအတွင်း တစ်တောင်ကျော်မျှ ဝင်သွားအောင် စိုက်ထားလိုက်၏။

သစ်သားချောင်းကြီးကို ရေအောက်တွင် တစ်တောင်ခန့်အရှည်ရှိ ငုတ်တိုင်ကြီးအဖြစ် ဖန်တီးလိုက်ခြင်းဖြစ်၏။

တောက်ထွန်းကတော့ ခပ်လှမ်းလှမ်းတွင် ငါးမျှားနေရင်း လူသွားလူလာကို အကဲခတ်နေသည်။ လူအသွားအလာရှိမရှိ ကြည့်နေသည်။ တောက်ထွန်း ငါးမျှားနေသော နေရာမှာ ငါးပြေမများ အတော်ပေါများဟန် တူသည်။

ကနဖော့ပင်များ ခပ်ကျဲကျဲနေသည့် နေရာအောက်သို့ ငါးမျှားချိတ် ချလိုက်၍မျှ မကြာလှ။ ငါးမျှားဗော့ကလေး သိမ့်ခနဲ မြုပ်သွား၏။

မနက်ကတည်းက ဘဲတစ်ကောင် ဖမ်းဆီးရေးလုပ်ငန်း ယန္တရားကြီးကို လုပ်ရကိုင်ရနှင့် မောနေသော ကြွက်နီ၊ ငခွေး၊ တောက်ထွန်းတို့သည် လတ်ဆတ်လှသော ငါးပြေမမီးဖုတ်သားကို အားရပါးရစားကြသည်မှာ မြိန်ချင့်စဖွယ်။

သဘာဝအတိုင်း အဘယ်အိုးခွက်မျှမရှာရဘဲ စားရသော ငါးပြေမဖုတ်နည်းကို ကြွက်နီတို့ ဘိုးစဉ်ဘောင်ဆက်မှ ဆင်းသက်၍ ကြွက်နီတို့က အမွေ ခံထားကြသည်။

ကြွက်နီတို့သုံးဦးကား ငါးပြေမ မီးဖုတ်သားကိုစားယင်း မူတူး၏ ဘဲအုပ်အလာကို မျှော်နေရသည်မှာ မောလှပါပြီ။

တဂတ်ဂတ်အော်မြည်ရင်း ဖွေးဖွေးလှုပ်နေသော ဘဲအုပ်ကြီးမှာ တရွေ့ရွေ့ အိုင်အစဉ်အတိုင်း ရောက်လာကြပါပြီ။ ဘဲအုပ်ကြီးကို ရေတွက်၍ မရနိုင်ပါ။

တစပ်စပ် ရေကိုဟပ်ရင်း ဟိုမှဒီမှ ကူးခပ်နေသော ဘဲများ၊ ငုပ်လျှိုးသွားသော ဘဲများ၊ လည်တညိတ်ညိတ် ခေါင်းတညိတ်ညိတ်နှင့် မြူးထူးနေသော ဘဲများ။

အိုင်ဘောင်ရိုးကို ကျော်တက်လာသော ဘဲများကို ကုလားမူတူးက တုတ်တစ်ချောင်းဖြင့် ခြောက်လှန့်ပြီး ရေထဲသို့ ဆင်းစေသည်။ သူတို့သွားရာ တစ်လျှောက်မှ တွေ့သမျှအစာကို ဘဲများက ကူးရင်းခပ်ရင်း စားသွားကြ၏။ ဘဲအုပ်အတွင်းမှ ဘဲထီးခေါင်းစိမ်းကြီးတစ်ကောင်သည် ကြွက်နီတို့ ထောင်ထားသော ဖားကလေးကို မြင်သွားသည်။

ဖားကလေးမှာ ဘဲအုပ်ကြီးကိုမြင်၍ ကြောက်အားလန့်အားနှင့် ကူးခပ်သည်။ သို့သော် ကြိုးတန်းလန်းနှင့်မို့ ဝေးဝေးမကူးနိုင်။

ထိုအချိန်တွင် ဘဲထီးခေါင်းစိမ်းကြီးသည် ဖားကလေးကို အငမ်းမရ ထိုး၍ဟပ်လိုက်တော့သည်။

ဘဲထီးကြီးဟပ်လိုက်သော အရှိန်ကြောင့် ဖားကလေးမှာ အရေခွံပြတ်၍ ငါးမျှားချိတ်မှ လွှတ်ထွက်သွားသည်။

ဘဲထီးကြီး၏ အာခေါင်မှာမူ ငါးမျှားချိတ်က ထိုးဖောက်စူးဝင်ချိတ်တွယ်ပြီး ဖြစ်နေ၏။ ငါးမျှားချိတ်၏ အဖျားမှ ထစ်ကြောင့် ငါးမျှားချိတ်မှာ ကျွတ်ထွက်မသွားတော့။

ဘဲထီးကြီး ခေါင်းခါပြီး ရုန်းလိုက်သည့် တစ်ခဏ တင်းခနဲဖြစ်သွားသောကြိုးကြောင့် ရေအောက်သစ်သားငုတ်တိုပေါ်တွင် တည်းတည်းမျှသာ တင်ထားသော အုတ်ခဲကြီးမှာ ငုတ်ပေါ်မှ ရေအောက်မြေပြင်သို့ ကျသွားတော့သည်။ အုတ်ခဲနှင့်အတူ ငါးမျှားကြိုးက ပါလာသည်။

ငါးမျှားကြိုးနှင့်အတူ ဘဲကြီးက ရေအောက်သို့ ပါလာသည်။ ရေအောက်သို့ အုတ်ခဲကျသွားသောအခါ ငါးမျှားကြိုးအရှည်မှာ အိုင်၏ ရေမျက်နှာပြင်ပေါ်သို့ မရောက်နိုင်တော့။

အစကတည်းက ငါးမျှားကြိုးမှာ ရေအနက်ထက် တိုနေသည် မဟုတ်ပါလော။

အလွန်ရေကူးကျင်လည်လှသော ဘဲထီးခေါင်းစိမ်းကြီး ရေနစ်နေလေပြီ။ အာခေါင်တွင် ချိတ်တွယ်နေသော ငါးမျှားချိတ်ကြောင့် ဘဲထီးကြီး ရေပေါ်သို့ ကူးမတက်နိုင်။

သည်အဖြစ်ကို ဘဲအုပ်ထဲမှာ ဘယ်ဘဲကမှ ဂရုမထား၊ သူတို့အစာကို သူတို့ အငမ်းမရ ရှာနေကြသည် မဟုတ်ပါလော။

ဘဲပိုင်ရှင် မူတူးကလည်း ဂရုမထားမိ။ ဤအဖြစ်ကို မမြင်မိ။ မြင်သည့် တိုင်အောင်လည်း အများသော ဘဲများကဲ့သို့ ခေတ္တ ရေအောက်သို့ ငုပ်လျှိုးသွားသည်ဟုသာ ယူဆပေလိမ့်မည်။

ဘဲအုပ်ကြီးကား တရွေ့ရွေ့ဖြင့် ထိုရေအိုင်ကို ကျော်ဖြတ်သွားကြပြီ။ ဘဲထီးခေါင်းစိမ်းကြီးကိုတော့ ချန်ထားရစ်ခဲ့ပေပြီ။

မူတူး၏ ကျောပြင်ကြီးလည်း တရွေ့ရွေ့ဝေး၍ဝေး၍ သွားသည်။ ဝေးရာမှ မှုန်၊ မှန်ရာမှ ဝါး၍ ဘဲအုပ်နှင့်အတူ ပျောက်သွားပြီ။

ဤတွင်မှ ကြွက်နီ၊ ငခွေး၊ တောက်ထွန်းတို့ ရေကာတာကိုကျော်ပြီး ကုပ်ချောင်းချောင်းနှင့် အိုင်စောင်းသို့ ကပ်လာကြ၏။

ဖားကလေးကို မမြင်တော့။ အသာ မယောင်မလည် အိုင်ထဲသို့ သုံးယောက်သား ဆင်းလိုက်သည်။ လူသွား လူလာကို လှမ်းကြည့်လိုက်၏။

ခြစ်ခြစ်တောက် ပူလောင်နေသော နေရောင်အောက်တွင် လူတစ်ယောက်မှ အသွားအလာမမြင်။

လှုပ်လှုပ်ရှားရှားဟူ၍ ခပ်လှမ်းလှမ်း ကုက္ကိုပင်အောက်တွင် တဖြောက်ဖြောက်နှင့် ကြွေကျနေ သော ကုက္ကိုသီးခြောက်များကို စားနေသည့် နွားသားအမိနှစ်ကောင်သာရှိသည်။

ကြွက်နီ ရေအောက်သို့ လက်ဖြင့် တရွေ့ရွေ့ အသာအယာစမ်းလိုက်သည်။ ဘဲထီးကြီးကို စမ်းမိသောအခါ ရေပေါ်သို့ ဆွဲတင်လိုက်၏။

ရေ၌ ကျွမ်းကျင်လှသော ဘဲထီးကြီးခမျာ ရေနစ်၍ သေရှာနေပါပြီကော။ ဘဲထီးကြီး၏ အာခေါင်တွင် ချိတ်တွယ်နေသော ငါးမျှားကို ကမန်းကတန်း ဖြုတ်လိုက်၏။

ကြွက်နီသည် အတွင်းခံဘောင်းဘီတိုကို ဝတ်ထား၏။ ပုဆိုးလုံကွင်းကို စလွယ်သိုင်းထား၏။ ပုဆိုးစလွယ်အတွင်းသို့ ဘဲထီးအသေကောင်ကြီးကို မြန်မြန်ကလေးထည့်ပြီး ပုဆိုးနှင့်လုံအောင် ထုပ်လိုက်၏။

ထို့နောက် အုတ်ခဲမှ ငါးမျှားကြိုးကို ငခွေးက ဖြုတ်လိုက်၏။ ကြွက်နီတို့ လုပ်ငန်းကြီးကား ပြီးလေပြီ။ သူတို့သည် ငခွေး၏ တဲရှိရာသို့ မူတူးအပေါ် အောင်ပွဲခံရန် ခပ်သွက်သွက်လေး လှမ်းရုံမျှသာ။

ထို့နေ့ညက သူငယ်ချင်းသုံးယောက် ညစာစားပွဲမှာ ဘဲသားဟင်းနှင့် အထူးမြိုင်လှသည်။

“သူတို့ သုံးယောက်စား၍ ဘဲသားက မကုန်ပါချေ။ ဒီတော့ အနီးအနားမှ အပေါင်းအသင်း မိတ်သင်္ဂဟများကိုပင် ခေါ်၍ တိုးတိုးတိတ်တိတ် နှုတ်ပိတ်ပြီး မည်သို့မည်ပုံ ဘဲတစ်ကောင်ကို ခိုးယူရသည်ကိုလည်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုရင်း ကျွေးမွေးလိုက်သေးသည်။

လူငယ်များဆိုတော့ ကြွားမိပေသကိုး။

တိုးတိုးတိတ်တိတ် ပြောဆိုခြင်းကား အမှားတစ်ရပ်ကို ကျူးလွန်ခြင်းသာဖြစ်၏။

ကိုယ်ကကျူး ကိုယ့်ဒူးမှ မယုံရ။

ဘဲသားဟင်းနှင့် ထမင်းစားအပြီး မိမိတို့လုပ်ဆောင်ခဲ့မှုကို ပီတိဖြစ်ရင်း ကြွက်နီတို့ တစ်မှေးမှိတ်လိုက်ကြသေးသည်။ သူတို့အခေါ်က “ထမင်းလုံး စီသည်” တဲ့။

ဘူးတစ်ရာပိတ်လို့ ရမည်။ ပါးစပ်တစ်ပေါက် ပိတ်၍မရ။ ကြွက်နီ၏ သူငယ်ချင်းများက ကြွက်နီတို့ ပိပိရိရိ ဘဲခိုးမှုကြီးကို ချီးကျူးကြ၏။ ဋီကာချဲ့ကြ၏။ ဝမ်းသာအားရ တစ်ဦးကိုတစ်ဦး ဖောက်သည်ချကြ၏။ သူတို့ ဘဲသားဟင်းနှင့် ထမင်းစားခဲ့ရပုံလည်းပါသည်။

ကြွက်နီ အိပ်ရာမှနိုး၍ အိမ်သို့ ပြန်မရောက်သေးပါ။ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြွက်နီတို့၏ ဘဲတစ်ကောင် ခိုးစားမှုကြီးသည် အဖျားသွေးကျခါစ အဘဉာဏ်၏နားဝသို့ လျင်လျင်မြန်မြန်ပင် ရောက်သွားနှင့်ချေပြီ။

“ငါတို့ အမျိုးဟာ တံငါလုပ်စားပေမယ့် သူခိုးမျိုး မဟုတ်ဘူးဟေ့”

အဘဉာဏ်သည် အခါအခွင့်သင့်တိုင်းဤသို့ကြွေးကြော်ဖူးပါသည်။ သူခိုးမျိုးမဟုတ် မည်သူ့ပစ္စည်းမှ မတရားမယူ ဆိုသည်ကိုလည်း အမြဲတမ်း အဘဉာဏ် ဂုဏ်ယူ၏။

ယခုတော့ …. ယခုတော့ သူ့မြေးအရင်းခေါက်ခေါက် ကြွက်နီက ကုလားမူတူး၏ ဘဲတစ်ကောင်ကို ခိုးစားသတဲ့။

ယင်းကဲ့သို့သော ခိုးဝှက်မှုကို အဘဉာဏ် ဘယ်နည်းနှင့်မှ ခွင့်မလွှတ်နိုင်။

ထားဝယ်ကြိမ်တုတ်တစ်ချောင်းကို ကိုင်ပြီး အိမ်မှစောင့်နေသော အဘဉာဏ်ကို ကြွက်နီမသိရှာ။

ကုလားမူတူးထံမှ ခိုးဝှက်၍ ဘဲတစ်ကောင်ကို စားမိမှားလေသောကြောင့် ကြွက်နီအပြစ်ဒဏ်တစ်ခုတော့ ခံရမည်။ အပြစ်ပေးမည့် ကိရိယာ ဖြစ်သော အဘဉာဏ်၏ ထားဝယ်ကြိမ်ကြီးက ကြွက်နီအဖို့ နောင်ဘယ်တော့မှ ဤအလုပ်မျိုးကို မလုပ်တော့ပါဟု သန္နိဋ္ဌာန်ချစေရသည်အထိ ဆောင်ရွက်နိုင်ရန် ကြွက်နီကို စောင့်မျှော်ကြိုဆိုလျက်။

သို့သော် မိမိတို့ အနိုင်ကျင့်ခံရသော မည်သည့်ကိစ္စကိုမဆို အခွင့်သင့်သောတစ်နေ့တွင် ညီမျှသော တုံ့ပြန်မှုဖြင့် တုံ့ပြန်ရမည်ဟူသည့် အယူအဆကိုမူ ကြွက်နီတို့က စွဲစွဲမြဲမြဲ ယုံကြည်လျက်ပင် ရှိသေးသည် တကား။

(ရှုမဝရုပ်စုံမဂ္ဂဇင်း ၊ အတွဲ ၃၃
အမှတ် ၃၉၄ ၊ မတ် ၊ ၁၉၈ဝ)

– ပြီး –

စာရေးသူ – မောင်သိက္ခာ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ