ပြောင်းသမားဘထွန်း

နှာခေါင်းမှ သွေးယိုကျသည်အထိ ကြာမြင့်စွာငုပ်ရသည်။

ရေထဲတွင် နာရီပေါင်းများစွာ နေရသူမို့ အအေးဒဏ်ခံနိုင်ရန် အရက်ပြင်းပြင်းကိုသောက်ရင်း တဖြည်းဖြည်း တစ်စစ စောဘထွန်းတစ်ယောက် အရက်သမားကြီးဖြစ်ခဲ့ရသည်မှာ မဆန်းတော့။

သူတင်မဟုတ်ပါ။

ကြမ်းတမ်းသော အလုပ်ကိုလုပ်ရသည့် ဘဝတူ ကုလားပိုက်ဆွဲနေကြသူ ရေလုပ်သားအားလုံးလိုလိုမှာလည်း အရက်သမားများချည်းသာ။

လူမျိုးသာ အမျိုးမျိုးကွဲပြားနေကြသည်။ အရက်
ကြိုက်သည်မှာတော့ အတူတူ။

လူမနီး သူမနီး၊ ရပ်မနီး ရွာမနီး၊ သဲဖွေးဖွေးသောင်ပြင်တွင် ရက်ရှည်လများ နေကြရသူများမို့ အရက်မှတစ်ပါး အခြားဖြေဖျော်စရာမရှိ။

ချော်ငုပ်စရာမရှိက စောဘထွန်းမှာ အခြားအလုပ်သမား များနှင့်အတူ ကူညီလုပ်ကိုင်ရင်း အချိန်ကုန်ရသည်။

မိုးဦးကျစ ကုလားပိုက်ဆွဲသော ရာသီကုန်လျှင် သူတို့တစ်တွေ ဇာတ်ခေါင်းကွဲကြတော့၏။ ရေကြည်ရာ၊ မြတ်နုရာသို့။

တကယ်တော့ တစ်ဦးတစ်ယောက်မျှ လုပ်ခကြေးငွေ များများစားစား မရကြ။

ပိုက်သူဌေးက အရက်ဖိုးများကို လုပ်ခမှ နုတ်လိုက်ပြီ။ အလုပ်ချိန် အတွင်းမှာ ဝယ်ပေးထားသော စွပ်ကျယ်၊ ပုဆိုး၊ အဝတ်အစားဖိုးများကို နုတ်လိုက်ပြီ။ အလုပ်မဝင်မီ ကြိုတင်ပေးထားသော စရန်ငွေများကို နုတ်လိုက်ပြီ။ ဘာများ ကျန်ပါတော့သနည်း။

ဟယ် ဒီလောက်ငွေကလေးနဲ့တော့ မထူးပါဘူး၊ တစ်ထိုင်တစ်ချီတည်း အမူးသောက်လိုက်တော့မည်။ နောင်ခါမှ ဖြစ်သလိုပေါ့။ လူထွင်းတဲ့ခံတွင်း မှ မဟုတ်ပေဘဲ။

ဤသည်ကား အိန္ဒိယအမျိုးသား ရေလုပ်သားအများစု၏ဆန္ဒ၊ ဤအတိုင်းလည်း လက်တွေ့ အကောင်အထည် ဖော်လိုက်ကြတော့သည်။

ကုလားပိုက်သိမ်းချိန်တွင် ဆကာကြီးဘုံဆိုင်၌ သူတို့တစ်တွေ တရုန်းရုန်း။

မူးသူမူး၊ လဲသူလဲ ၊ ဆဲသူဆဲ၊ အန်သူအန် ၊ ငွေအနှိုက်ခံရသူ ခံရ ဘာမျှ မဆန်းတော့သော ရှုခင်း။

ထို့နောက် ရေကြည်ရာမြက်နုရာသို့ ယိမ်းယိုင်သော ကိုယ်နေဟန်ထားများနှင့် သူတို့တစ်တွေ ထွက်ခွာသွားကြတော့သည်။

အချို့က ပိုက်ဖာသောလုပ်ငန်း၊ အချို့က ရန်ကုန်မြို့သို့သွား၍ တာလပတ်ချုပ်သည်။ ဂုန်နီအိတ်ချုပ်သည်။ အစုတ်အပြဲဖာသည်။ နေစရာတော့ အိမ်မရှိ။ ပလက်ဖောင်းတွင် အိပ်ကြရသည်။ ဤသည်မှာ နောက်တစ်ကြိမ် ကုလားပိုက်ဆွဲသည့် အချိန်အထိ။

စောဘထွန်းက ရန်ကုန်သို့လည်း မသွား၊ ပိုက်လည်း မဖာ၊ ဂုန်နီအိတ်လည်း မချုပ်။ သို့သော် နေစရာအိမ် မရှိသည်မှာတော့ အတူတူ။

အဘဉာဏ်တို့နေထိုင်ရာ၊ ဇလွန်ဘက်တန်းရွာသို့ မိုးဦးကျစအချိန်တွင် စောဘထွန်းရောက်လာတတ်၏။ ဟိုအိမ် သည်အိမ်မှာ ဖြစ်သလိုနေထိုင်သည်။

တည်းခိုရာနေအိမ်မှ ကူညီလုပ်ကိုင်စရာ ရှိသည်များကို ကူညီလုပ်ကိုင်ပေးသည်။ တစ်ခါတစ်ရံ ပိုက်ဦးစီးလည်း လိုက်သေးသည်။ တစ်ကိုယ်ရေ တစ်ကာယသမားမို့ ဘယ်အိမ်မှာ နေနေ၊ အိမ်ရှင်များ အတွက် အပန်းမကြီး။

ဇလွန်ဘက်တန်းရွာသို့ စောဘထွန်း ဝင်လာလျှင် လွယ်အိတ်တစ်လုံးကို လွယ်လာသည်။ သူချမ်းသာသမျှ အဝတ်အစား၊ ပစ္စည်းအိမ်ထောင် ပရိုဘောဂအလုံးစုံကို ဤလွယ်အိတ်တစ်လုံးနှင့်ထည့်လိုက်လျှင် လုံလောက်၏။

သူ၏ လက်ထဲတွင်ကိုင်ထားသည်က အရှည်ရှစ်တောင်ခန့်ရှိသော ဝါးယားပြောင်းတံကြီးတစ်ခု။ ထိုအချိန်တွင် သူ၏ စွဲစွဲမြဲမြဲအလုပ်က ပြောင်းတံတစ်ခုကို အရင်းအနှီးပြုရသော ပြောင်းမှုတ်သမား။

ထိုကြောင့် စောဘထွန်းကို “ပြောင်းသမားဘထွန်း”ဟူ၍ အများက ခေါ်ကြခြင်းဖြစ်သည်။

မိုးကုန်၍ ကုလားပိုက်ဆွဲချိန် ရာသီရောက်လျှင်မူ၊ စောဘထွန်းတစ်ယောက် ဇလွန်ဘက်တန်းရွာမှ ပျောက်သွားပြီ။ သူ၏ မိတ်ဟောင်းဆွေဟောင်းများနှင့် သောင်ပြင်ကုလားပိုက်ဆွဲရာ ပိုက်တဲများ၌ ပြန်လည်တွေ့ ဆုံရန်ပါတည်း။

“ဟေ့ ကြွက်နီ ငါနဲ့ ပြောင်းမှုတ်လိုက်ခဲ့ကွာ”

စောဘထွန်းက ခေါ်လိုက်လျှင်ပင် အဘဉာဏ်၏မြေး ကြွက်နီက မဆိုင်းမတွ

“ဟုတ်ကဲ့ ဦးလေးဘထွန်း၊ ကျွန်တော် လိုက်မယ်လေ၊ ဒီနေ့ ကျွန်တော်အားနေတာပဲ”

သူ မတတ်သေးသောလုပ်ငန်းကို ကြွက်နီ သိချင် တတ်ချင် မြင်ချင်သဖို့ မဆိုင်းမတွ စောဘထွန်း၏ ဖိတ်မန္တကပြုသည်ကို ကြိုဆိုလိုက်တော့သည်။

စောဘထွန်းသည် သူ၏ လက်စွဲပြောင်းတံကို လက်တစ်ဖက်မှ ဆွဲကိုင်ထား၏။ စောဘထွန်းကိုင်ထားသော ပြောင်းတံမှာ ဝါးယားပြောင်းတံဖြစ်သည်။

ဤလို ဖြောင့်ဖြောင့်တန်းတန်း ရှစ်ပေကိုးပေရှည်သော ဝါးမျိုးကို ဝါးရုံအတွင်း၌ ရှာဖွေရသည်မှာ အတော်ခက်ခဲ၏။ ပြောင်းတစ်ခု ရရှိရန် မလွယ် ကူလှပါ။

ဝါးအလုံးက သုံးမတ်လုံး သို့မဟုတ် တစ်ကျပ်လုံးမျှသာ။ မရင့်လွန်း မနုလွန်း တစ်နှစ်ခွဲ နှစ်နှစ်သားလောက်ဖြစ်ရမည်။

အတော်အသင့် ကောက်ကွေးနေလျှင်မူ ကိစ္စမရှိ။ ဝါးလုံးကို မတ်မတ်ထောင်ဆွဲပြီး အောက်ခြေတစ်ဖက်စွန်းမှ ခဲအလေးကို ဆွဲထားသည့် ကြိုးဖြင့်ချည်ကာ ရက်အတန်ကြာကြာထားလျှင် ဖြောင့်သွားနိုင်သည်။

ဝါးလုံးကို ပြောင်းတံအဖြစ် ပြုလုပ်ရာ၌ ပညာပါသည်။

ပထမ တစ်မတ်လုံးလောက်ရှိ သံချောင်းတို့ကို မီးဖုတ်ကာ ရဲရဲနီလာလျှင် ဝါးအရင်းပိုင်း အခေါင်းပေါက်အတွင်းသို့ထည့်ကာ တဖြည်းဖြည်း ဆောင့်သွင်းရသည်။ ဝါးအဆစ်များကို သံချောင်းမှ အပူရှိန်ဖြင့် တစ်ဆစ်ပြီးတစ်ဆစ် ဖောက်ထွင်း သွားလိမ့်မည်။

သံချောင်း ခပ်သေးသေးဖြင့် စတင်ဖောက်ရခြင်းမှာ အကယ်၍ သံချောင်းအလုံးကြီးကြီးဖြင့် ဖောက်၍ ဝါးလုံးခေါင်းမှာ လေလုံနေပါက အပူရှိန်ကြောင့် လေမှာ ပြန့်ကားပြီး ဝါးလုံးကွဲသွားနိုင်သည်။

တစ်မတ်လုံး သံချောင်းဖြင့် အစအဆုံးဖောက်ပြီးသောအခါမှ တစ်ဆင့်တက်၍ ထိုထက်ကြီးသော သုံးမူးလုံး။ ထိုနောက် ငါးမူးလုံး အဆင့်ဆင့်ဖောက်သွားရသည်။

မီးပူသံချောင်းဖြင့် အဆင့်ဆင့်ဖောက်ပြီးသော ဝါးလုံးကို အဆစ်မှ အဖုအထစ်များ ပြေပျောက်သွားစေရန် တုတ်ချောင်းထိပ်တွင် ကော်ဖတ်စက္ကူ အကြမ်းပတ်၍ အခေါင်းအတွင်းသို့ ထိုးသွင်းကာ ရှေ့ထိုးနောက်ငင် ပွတ်ဆွဲပေးခြင်းဖြင့် အဖုအထစ်များ ပပျောက်သွားတော့သည်။

ထို့နောက် ပြောင်းတံအတွင်းသားများ ချောမွေ့သွားစေရေးအတွက် ရိုင်ဖယ်သေနတ်ပြောင်း ချောမွေ့ စေရန် ပူတလူးကြိုးဆွဲသကဲ့သို့ ကြိုးတွင် ပျားဖယောင်းသုတ်ပြီး အကြိမ်ကြိမ်အဖန်ဖန် ပွတ်တိုက်ဆွဲစေခြင်းဖြင့် အတွင်းသားချောမွေ့သော ဝါးပြောင်းတံတစ်ခု ရရှိပေသည်။

ပြောင်းတံရပြီးလျှင် ပြောင်းမှုတ်ရာ၌ အသုံးပြုရမည့် မြားလုပ်ရမည်။

မြားအသွားကို သံ၊ ကြေး၊ သံမဏိ စသည်တို့ဖြင့် ပြုလုပ်ထားသော ထစ်သွားပါသည့် မြားချွန်ဖြစ်သည်။ စောဘထွန်း၏ မြားမှာမူ သံမဏိမြားသွားဖြစ်၍ တော်ရုံတန်ရုံ အမာနှင့်ထိလျှင် ကောက်ကွေးမသွားနိုင်ပါ။

အရှည်က လက်ငါးလုံးမျှသာ။ ထို့နောက်မှ မြားသွားနှင့်ဆက်ရန် ပြုလုပ်ထားသော ကျွန်းသားအရိုး တံမှာ တစ်တောင်ခန့်ရှည်သည်။ ဖြောင့်ဖြောင့်တန်းတန်းသွားစေရန် မြီးပိုင်းတွင် ဘဲမွေးများကို တပ်ထားသည်။

မြားသွားနှင့် မြားတံကို ဆက်သွယ်ထားသော အစီကြိုးအဖြစ် နိုင်လွန်ကြိုးဆယ်တောင်ခန့်ကို ကျွန်းသား မြားတံတွင် ရစ်ပတ်ထား၏။

ဘဲမွေးဆိုသော်လည်း တွေ့ကရာဘဲမွေးကို အသုံးပြု၍မရ။

ဝမ်းဘဲ၏ စလုတ်ပေါ်တွင် ပေါက်နေသော စလုတ်မွေးကိုသာ တပ်ရသည်။ အခြား အမွေးများဆိုလျှင် မကောင်း။

အဘယ်ကြောင့်ဆိုသော် ဝမ်းဘဲစလုတ်မွေးမှာ ရေထိ၍မစိုနိုင်။

သားကောင်ကိုထိပြီး မြားတံမှာ ပတ်ထားသော နိုင်လွန်ကြိုးများ အရစ်ပြေသွားသည်နှင့်အမျှ မြားတံရိုးမှာ ချာလပတ်လည်ပြီး အလိုအလျောက် ရေများကို ခါပြီး ဖြစ်သွားတော့သည်။

ဤကား စောဘထွန်းကိုင်သော ပြောင်းတံနှင့် မြားတို့ကို လုပ်နည်းဖြစ်သည်။ စောဘထွန်း အမြဲတမ်း လက်စွဲပြု၍ ကိုင်သောလက်နက်မှာ ပြောင်းတံ ဖြစ်၏။

ပြောင်းမှုတ်ရာ၌ အထူးကျွမ်းကျင်လှသဖြင့် အလိုအလျောက် စောဘထွန်းမှ ပြောင်းသမားဘထွန်းဟု ကင်ပွန်းတပ်ခံရပြီး ဖြစ်နေသည်။

ထိုနေ့က ကြွက်နီနှင့်အတူ ဆကာကြီးမြို့ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများနံဘေးမှ ရေကန်များသို့ သွား၍ ပြောင်းမှုတ်ရန် ထွက်ခွာခဲ့ကြသည်။

ကောင်းကင်တစ်ပြင်လုံးတွင် တိမ်သားညိုညိုကြီးများက ဖုံးအုပ်ပြီး မိုးကလေး တဖွဲဖွဲရွာနေ၏။

မြစိမ်းရောင်တောက်နေသော စပါးပင်ပျိုများမှာ မိုးသက်လေကြောင့် ဟိုမှ သည်မှ ညီညီညာညာ ယိမ်းနွဲ့နေသဖြင့် လှိုင်းအိကြီးများ ထနေသကဲ့သို့ ထင်ရသည်။

ဘုန်းကြီးကျောင်းဘေးရှိ ရေအိုင်တွင်းမှ ကန်စွန်းပင်နှင့် ထိကရုံးပင်များပင် လေတိုက်မှုကြောင့် အငြိမ်မနေနိုင်ကြ။

တွေ့ပြီ … အိုင်အတွင်း ရေစပ်နားမှာ စားဖားကြီးတစ်ကောင်။ ရုတ်တရက်ကြည့်လျှင် မတွေ့နိုင်။ ရေပေါ်တွင် ခေါင်းကလေးကိုပေါ်ရုံမျှသာ ဖော်ထား၏။

ဖား၏ ဦးခေါင်းအပေါ်ပိုင်းမှာ အညိုရောင်မို့ ဒိုက်ဖတ်များနှင့် ရောထွေးပြီး မမြင်ရ။ သို့သော် အောက်မေးပိုင်းဖြူဖြူက တလှုပ်လှုပ်နှင့်မို့ စောဘထွန်း မြင်သွားခြင်းဖြစ်သည်။

ခြေသလုံးတစ်ဝက်ခန့် မြှုပ်သော ရွှံ့ဗွက်ကို အသံမကြားအောင် တစ်လှမ်းချင်းလှမ်း၍ စောဘထွန်း အိုင်စပ်သို့ ကပ်လာသည်။

ပြောင်းတံအတွင်းသို့လည်း မြားတံကို ထည့်လိုက်သည်။ မြားတံအရင်းပိုင်းတွင် တပ်ထားသော ဘဲမွေးများ ပြောင်းတံအတွင်း တစ်လက်မခန့်ဝင်အောင် ထိုးသွင်းလိုက်၏။

ဘဲမွေးများနှင့် ပြောင်းတံအခေါင်း အံကိုက်မကိုက်ကိုလည်း ကြည့်ရသေးသည်။ သို့မှသာ မှုတ်လိုက်လျှင် လေလုံပြီး အရှိန်ပြင်းထန်သော မြားသွားက ပြောင်းဖျားမှ တစ်ရှိန်ထိုးထွက်သွားပေလိမ့်မည်။

ပလုံးကိုလွယ်ထားသော ကြွက်နီကလည်း စောဘထွန်းကဲ့သို့ပင် ခြေသံလုံလုံဖြင့် ရွှံ့ဗွက်ကိုနင်း၍ ထက်ကြပ်မကွာ လိုက်လာ၏။

အိုင်စပ်မှ ထင်းချောင်းကလေးတစ်ခုပေါ်တွင် ပြောင်းတံအဖျားကို တင်လိုက်ပြီး စောဘထွန်းသည် သေသေချာချာချိန်၍ ဖူးခနဲပြောင်းကို မှုတ်လိုက်သည်။ မြားသွားမှာ တစ်ရှိန်ထိုး ပြောင်းဖျားမှ ထွက်သွားကာ စားဖားကြီး၏ခေါင်းကို ဖောက်ထွင်းသွားတော့သည်။

ဘဲမွေးကလေး တခါခါဖြင့် မြားတံဖြစ်သော ကျွန်းသားတုတ်ချောင်းကလေးမှာ ကြိုးတန်းလန်းဖြင့် မြားသွားနှင့်အတူ ကပ်၍ ပါသွား၏။

လက်မှန်းတည့်လှသည့် စောဘထွန်း။ ဝမ်းဗိုက်သား ဖွေးခနဲဖြင့် ပက်လက်လန်ကာ လက်ကားယား ခြေကားယား စားဖားကြီးက ရေပေါ်မှာ။

မြားတံမှကြိုးကို အသာအယာဆွဲယူပြီး စားဖားကြီးကို မြားသွားမှဖြုတ်၍ စောဘထွန်း အသေအချာ ကြည့်လိုက်သည်။ အနည်းဆုံး နှစ်ဆယ်သားခန့်ရှိမည့် စားဖားကြီးပါတကား။

“ဟေ့ကောင် ကြွက်နီရေ ဈေးဦးပေါက် စားဖားအမကြီးကွ”

ဝမ်းသာအားရ စောဘထွန်းက ကြွက်နီအား လှမ်း၍ပြောလိုက်သည်။

ဟုတ်သည် ကြွက်နီနှင့် စောဘထွန်းတို့က စားဖားကို အထီး အမ ခွဲခြားရသည်မှာ နည်းသိတော့ အလွယ်ကလေးပါ။ ခွဲခြားပြီး သိကြသည်။

ဖားထီး၏ အောက်မေးအောက် တစ်ဖက်တစ်ချက်တွင် အမည်းဖုကလေးနှစ်ဖု အထင်အရှားရှိသည်။ ဖားမမှာတော့ မရှိ။ ပြီးတော့ အသက်ချင်း တူလျှင် ဖားမက ဖားထီးထက် အနည်းငယ်ကြီးသည်။

“ဟန်ကျတာပေါ့ ဦးလေးဘထွန်း၊ ဥတွေကော ပါသလား”

ကြွက်နီ၏ အမေးကို စောဘထွန်းက

“ပါနိုင်တယ် ကြွက်နီ၊ ဗိုက်ကြီးတော့ ဖောင်းနေတာပဲ၊ ဖားဥကို သက်သက်ကြော်စားရတာပေါ့ကွာ၊ ဖားဥနဲ့ အသား ရောချက်စားရင်တော့ ဟင်းအရောင်မည်းသွားတတ်တယ်ကွ”

ဟု ပြန်ပြောလိုက်သည်။

ဟုတ်သည်။ ဖားသားချက်လျှင် ဖားဥနှင့် ရောနှော မချက်ရ။ ဖားဥအရောင်မှာ ညိုတိုတိုမို့ ဥများ အရည်ပျော်ပြီး ဟင်းတစ်အိုးလုံး အမည်းရောင် ဖြစ်သွားမည်။

ဟင်းကျက်လုနီးနီးတွင် ဟင်းအိုးတစ်ဖက်၌ ဖားဥချည်း အသာချက်၍ ရောလျှင်တော့ ကိစ္စမရှိ။

ဤအိုင်တွင် စောထွန်းနှင့် ကြွက်နီတို့ ဖားသုံးကောင်ရသည်။ လူသံကြားလျှင် ဖားများမှာ အိုင်စပ်မှ ရေထဲသို့ စွပ်ကနဲ ခုန်ချကာငုပ်သွားတတ်သည်။

သို့သော် ရေထဲတွင် ကြာကြာမနေနိုင်။ အသက်ရှူရန် ရေပေါ်သို့ ပြန်တက်လာရစမြဲ။

တော်လောက်ပြီ၊ အခြားရေအိုင်သို့ပြောင်း၍ သားကောင်ကို ရှာဖွေဦးမည်။

ဟော သည်အိုင်တွင် ရေးရေးကလေး ရေပေါ်မှာ ပေါ်နေသည်က ဘာကောင်ပါလိမ့်။

ပထမတော့ ကြွက်နီ အစဉ်းစားရခက်နေ၏။

ကြွက်နီ မြင်သကဲ့သို့ စောထွန်းကလည်း မြင်သည်။

ဦးခေါင်းက လုံးမနေ။ သုံးမြှောင်လိုလို မျက်လုံးနှစ်လုံးက အပြူးသား။

မြွေများလားဟု ကြွက်နီထင်မိသည်။

ဦးခေါင်းနံဘေးမှ ရေပြင်မှာ အနည်းငယ် လှုပ်ရှားသွားတော့ ရှေ့ခြေထောက်နှစ်ချောင်းဖြင့် ရေကိုယက်နေသည်ကို တွေ့ရသည်။ ဦးခေါင်းနောက်ဘက်တွင် သေသေချာကြည့်တော့ မည်းမည်းလုံးလုံးကြီးတစ်ခုကို ခပ်ရေးရေးတွေ့ရသည်။

မြွေတွင် ခြေထောက်မရှိ။ လက်စသတ်တော့ လိပ်တစ်ကောင်ပါလား။

သို့သော် သူ့ကိုပစ်စရာ ပစ်ကွင်း ကျဉ်းမြောင်းလှ၏။ မြားသွားဖောက်သွားရာ ဦးခေါင်းနှင့် လည်ပင်းသာ ရှိသည်။

စောဘထွန်းသည် သူ၏ လက်စွဲတော်ပြောင်းတံကို အသေအခြာချိန်၍ မြားတံကို မှုတ်ထုတ်လိုက်သည်။

သံမဏိထစ်သွားနှင့် မြားတံသည် လိပ်၏လည်ပင်းအား ထုတ်ချင်းခတ် ဖောက်ထွင်းသွားသည်ကို အထင်းသား မြင်လိုက်ရ၏။

အော် ဒါကြောင့် ပြောင်းသမားဘထွန်း … ပြောင်းသမားဘထွန်းဟူ၍ ကျော်ကြားပေသကိုး။

ဖားသုံးကောင်နှင့် လိပ်တစ်ကောင် ရပြီ။ စောဘထွန်းမှာ အိုင်စပ်မှ ကန်သင်းရိုးပေါ်တွင် ထိုင်ချလိုက်ပြီး ခေတ္တအနားယူလိုက်သည်။

မိုးကလည်း တစ်ဖွဲဖွဲရွာတုန်းပင်။ ခါးနောက် ပုဆိုးကြားတွင် ထိုးထားသော ပုလင်းပြားကလေးကို ဆွဲ ထုတ်၍ အဖုံးကိုဖွင့်ကာ တစ်ချက်မော့လိုက်၏။

“မိုးက တော်တော်အေးတာကွ” ကြွက်နီအား လှမ်း၍ ပြုံးဖြီးဖြီးမျက်နှာထားကြီးနှင့် ပြောလိုက်၏။ သူ့ဘာသာ ကြိုက်တတ်၍ အရက်သောက်သည်ကိုပင် ရာသီဥတုအေးလို့ဟု အကြောင်းပြလိုက်သေးသည်။

ထို့နောက် ခါးကြားတွင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော ဆေးပြင်းလိပ်နှင့် မီးခြစ်ကိုထုတ်၍ မီးညှိပြီး မီးခိုးများတလူလူ ထွက်သည်ထိ အားရပါးရဖွာကာ ဆေးလိပ်သောက်ရင်း အပန်းဖြေနေသော ပြောင်းသမားဘထွန်း။

ထိုစဉ် ရေကန်တွင်းတစ်နေရာသို့ စောဘထွန်း စူးစူးစိုက်စိုက် ကြည့်နေသည်။ ဘာကိုများ တွေ့ နေပါလိမ့်။

ကြွက်နီက စောဘထွန်းကြည့်ရာနေရာသို့ လိုက်လံကြည့်သည်။ ဘာမျှ မတွေ့ ။

ပြောင်းမှုတ်နေကျ စောဘထွန်းမှာ မျက်စိလျင်လှသည်။

ပိုခက်သည်က ဤရေကန်မှာ ပထမ ဖားသုံးကောင်ရခဲ့သောအိုင်ကဲ့သို့ ကန်စွန်းရွက်နှင့် ထိကရုံးပင်များမရှိ။

ကန်တစ်ခုလုံးမှာ ဗေဒါပင်များသာ ရှိသည်။

ဗေဒါရွက်အရင်းရှိ အရိုးဖောင်းဖောင်းကလေးများအကြားမှ ခရမ်းရင့်ရောင် ဗေဒါပွင့်ကလေးများက ဒေါင်းမြီးကွက်အလှကိုဆင်ကာ ချစ်စရာထိုးထွက်နေသည်။

စောဘထွန်းက ဤဗေဒါပွင့်ကလေးများ၏ အလှကို မျက်စိအရသာခံ၍ ကြည့်နေခြင်းတော့မဟုတ်။ သူ့ အတွက် ဤဗေဒါပင်များသည် သားကောင်ရှာရာတွင် အနှောင့်အယှက်ပင်ဖြစ်သည်ဟု ထင်ကောင်း ထင်နေပေလိမ့်မည်။

စောဘထွန်းသည် ပြောင်းတံအတွင်းသို့ သံမဏိမြားကိုထည့်လိုက်ပြီး ကန်စပ်သို့ အသာထသွားသည်။

ဆေးပြင်းလိပ်တိုကို ကန်သင်းရိုးပေါ်တွင်ပင် ပလတ်စတစ်အိတ်ကလေးဖုံး၍ ချထားခဲ့သည်။

ယခုအချိန်အထိ ကြွက်နီမှာ စောဘထွန်း ပြောင်းမှုတ်မည့် သတ္တဝါကို ရှာမတွေ့သေး။

ဖူးခနဲ စောဘထွန်း ပြောင်းမှုတ်လိုက်သောအသံနှင့် မရှေးမနှောင်း ရေကန်ထဲမှ ဝုန်းခနဲ အသံကြီးနှင့်အတူ ရေပန်းရေပွားများ ပျံတက်လာသည်။

ဗေဒါပင်များမှာ တစ်ဖက်တစ်ချက်သို့ လှိုင်းရိုက်ခတ်မှုကြောင့် ရွေ့လျားသွား၏။ ကန်ရေပြင် တစ်နေရာတွင် ထမင်းအိုး ဆူပွက်သကဲ့သို့ တဒင်္ဂမျှ ဆူပွက်သွားသည်။

ရေပေါ်တွင် ရှိနေသော မြားသွားနောက်မှ ကပ်ပါသွားသည့်မြားတံတွင် တပ်ဆင်ထားသော ဘဲမွေးများမှာ ချာလပတ်လည်နေ၏။

မြားထိသွားသော သတ္တဝါ ရေအောက်သို့ ငုပ်ပြေးသွားသဖြင့် မြားတံတွင် ရစ်ပတ်ထားသည့် နိုင်လွန်ကြိုးများ လျင်မြန်စွာ ပြေးနေခြင်းဖြစ်သည်။

စောဘထွန်းကတော့ အေးအေးဆေးဆေးပင်။

သူ မှုတ်လိုက်သော သတ္တဝါ ဘယ်နည်းနှင့်မျှ မလွတ်နိုင်သည်ကို သိနေ၍ဖြစ်သည်။

မီးသေနေပြီဖြစ်သော ဆေးပြင်းလိပ်ကို ပြန်ကောက်ကာ မီးခြစ်ဖြင့်ညှိပြီး သောက်၍ပင် နေလိုက်သေးသည်။

“ကမြင်းမငါးရံ့ ဘယ်ပြေးလို့ လွတ်မလဲကွာ”

သည်အခါမှ ကြွက်နီက စောဘထွန်း ပြောင်းမှုတ်လိုက်သော သတ္တဝါမှာ ငါးရံ့ကြီးတစ်ကောင်မှန်း သိရတော့သည်။

“ဦးလေးဘထွန်းက တယ်မျက်စိလျင်တာကိုးဗျ။ ကျွန်တော်ဖြင့် တွေ့ တောင် မတွေ့လိုက်ရဘူး”

အံ့သြတကြီးဖြင့် ကြွက်နီက ပြောလိုက်၏။ စောဘထွန်းကမူ ပြုံးပြုံးကြီးနှင့် ဆေးလိပ်သောက်မပျက်။

အတန်ကြာမှ ရေပေါ်မှ မြားတံကို ဆယ်ယူပြီး တဖြည်းဖြည်း လျော့ချည် တင်းချည်လုပ်ကာ ငါးရံ့ကြီးကို ဖမ်းမိလိုက်၏။

ငါးဆယ်သားထက် မနည်းသော ငါးရံ့ကြီးတစ်ကောင်ပါလား။

တောင်ဘက်ဆီမှ တိမ်သားမည်းမည်းကြီး တရွေ့ရွေ့ဖြင့် လာနေသည်။

မိုးသက်လေပြင်းက ပိုပြီးတိုက်ခတ်လာသဖြင့် ဘုန်းကြီးကျောင်းအတွင်းမှ အုန်းပင်နှင့် ကွမ်းသီးပင်များမှာ ဟိုယိမ်းသည်ယိုင်ဖြစ်ကာ ယောက်ယက်ခတ်နေ၏။

ဝင်းခနဲ လျှပ်ပစ်သည်နှင့်အတူ မိုးခြိမ်းသံများ ကြားနေရပြီ။ ကောင်းကင်မှ မြားတံများ ပစ်ချလိုက်သလို စွေစွေစောင်းစောင်း မိုးရေပေါက်ကြီးများမှာ ဗလာကျင်းနေသော စောဘထွန်းနှင့် ကြွက်နီတို့၏ ကျောပြင်များကို စပ်စပ်ကလေး ရိုက်လျက်ရှိသည်။
မိုးစိုသွားမည် စိုးရိမ်သဖြင့် စောဘထွန်းသည် သူ၏ ဆေးပြင်းလိပ်တိုကို မီးသတ်ပြီး ပလတ်စတစ်အိတ်အတွင်းသို့ ထည့်ကာ ခါးကြား၌ ထိုးလိုက်သည်။

“ဟေ့ ကြွက်နီ ဒီနေ့တော့ တော်လောက်ပါပြီကွာ။ ဖားသုံးကောင် လိပ်တစ်ကောင်နဲ့ ငါးရံ့တစ်ကောင်ဆိုရင် မနည်းပါဘူး”

စောဘထွန်းက ပြောပြောဆိုဆို ခပ်လှမ်းလှမ်းမှ ဘုန်းကြီးကျောင်း ဇရပ်တစ်ဆောင်ကို လက်ညှိုးထိုး၍ပြပြီး

“အဲဒီမှာခဏ မိုးသွားခိုကြမယ်ဟေ့။ ငါလည်း နည်းနည်းတော့ ဆက်ချလိုက်ချင်သေးတယ်၊ ပုလင်းထဲမှာ လက်ကျန်နည်းနည်းပါးပါး ရှိသေးတယ်ကွ”

“ဦးလေးထွန်း သဘောလေ”

ဟု ကြွက်နီကပြော၍ နှစ်ယောက်သား ဇရပ်အတွင်းသို့ သွားရောက်ကာ အနားယူလိုက်ကြတော့သည်။

“ဦးလေးဘထွန်းပြောင်းက မိုးတွင်းမှာတော့ အတော်အသုံးဝင်တယ်ဗျာ”

“ဘယ် မိုးတွင်းတင် အသုံးဝင်တာမဟုတ်ဘူး ကြွက်နီရ။ နွေအခါလည်း အသုံးဝင်တာပဲကွ။ နွေကျတော့ ဒီမြားမျိုးမသုံးဘူး။ ဖဲထီးသံချောင်းချွန်ကို ကြက်မွေးတပ်ပြီး သစ်ပင်ပေါ်က ချိုးတို့၊ ခါတို့၊ ကျီးကန်းတို့ကို ပြောင်းမှုတ်လို့ ရသေးတယ်ကွ”

စောဘထွန်းသည် ပုလင်းထဲမှ နောက်ဆုံးလက်ကျန်အရက်ကလေးကို မော့ချလိုက်ကာ ဆေးပြင်းလိပ်တစ်ဖွာနှစ်ဖွာဖွာရင်း ကြွက်နီအားပြောလိုက်၏။

သူ၏မျက်နှာကြီးမှာ အရက်ရှိန်ကြောင့် နီမြန်းလျက်ရှိ၏။ နဖူးကြောကြီးများပင် ထောင်နေသည်။ မျက်လုံးအစုံမှာ ရီဝေမှုန်မှိုင်းနေသည်။

သို့သော် စောဘထွန်း ဣန္ဒြေမပျက်ပါ။ စကားပြော မပျက်ပါ။

အရက်သောက်ဝါရင့် နေသူအဖို့ ဤပုလင်းပြားကလေးတစ်လုံးစာ အရက်မျှလောက်ဖြင့် မမူးပါ။

ကြွက်နီသည် စောဘထွန်း၏ ပြောင်းမှုတ်ကျွမ်းကျင်မှုကို အားကျလှသည်။

“ဒါကြောင့် ဦးလေးဘထွန်းကို အများက ပြောင်းဘထွန်း … ပြောင်း သမားဘထွန်း လို့ ခေါ်ကြတာပေါ့နော်”

ဟု ကြွက်နီက ချီးကျူးလိုက်၏။

စောဘထွန်းက ရီဝေသော မျက်လုံးအစုံဖြင့် အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်နေသည်။

မိုးစက်မိုးပေါက်များသည် ဇရပ်ခေါင်မိုးသွပ်ပြားပေါ်သို့ အဆက်မပြတ်ကျနေသဖြင့် တဝုန်းဝုန်းအသံမြည်နေသည်။

“အေး ကြွက်နီ ငါ့ကို အများက ပြောင်းသမားဘထွန်း … ပြောင်းသမားဘထွန်းလို့ ခေါ်ကြတယ်။ တကယ်တော့ ငါတင်မဟုတ်ဘူးကွ၊ ငါနဲ့အတူ ကုလားပိုက်ဆွဲတဲ့ ရေလုပ်သားတွေဟာလည်း ပြောင်းသမားတွေပါပဲကွ”

“ဟာ မဟုတ်တာ ဦးလေးဘထွန်းကလည်း၊ သူတို့တစ်တွေ အရက်သာ သောက်ကြတာ ကျွန်တော်မြင်ပါတယ်၊ ပြောင်းမှုတ်တာတို့ ဘိန်းစားတာတို့တော့ ကျွန်တော်မမြင်ဖူး မကြားဖူးပေါင်ဗျာ၊ ပြောင်းသမားဆိုလို့ ဦးလေးဘထွန်းနဲ့ ဆကာကြီးမှာနေတဲ့ အပြူး ဒီနှစ်ယောက်ပဲ ကျွန်တော်တွေ့ပါတယ်”

“ဟဲ ဟဲ ကြွက်နီ ငါပြောချင်တာက ပြောင်းမှုတ်တာဘိန်းစားတာကို ပြောချင်တာမဟုတ်ဘူး။ တကယ့်ကို သူတို့ဟာ ပြောင်းသမားတွေကွ။ ငါ လည်း ပြောင်းသမား”

စောဘထွန်းသည် မရယ်ချင့် ရယ်ချင် ရယ်ရင်း ထွီခနဲ တံထွေးကို ထွေးထုတ်ကာ ပြောလိုက်၏။ ထို့နောက် တစ်နေရာကို လက်ညှိုးထိုးပြပြီး

“ဟိုမှာ ကြည့်စမ်း ကြွက်နီ၊ မင်းဘာကို မြင်သလဲ”

ကြွက်နီသည် စောဘထွန်းလက်ညှိုးညွှန်ပြရာသို့ လှမ်းကြည့်လိုက်သည်။

သူတို့ နားခိုနေသော ဇရပ်ရှေ့ မလှမ်းမကမ်းတွင် ဘုန်းကြီးကျောင်း နှစ်ထပ်တိုက်ဝါဝါကြီး တစ်တိုက်ကို ခမ်းနားစွာမြင်ရ၏။

ကျောင်းထိုင်ဘုန်းတော်ကြီးမှာ ဤကျောင်း၌ သီတင်းမသုံး။ စံကျောင်းကလေးတွင်သာ တစ်ပါးတည်း တရားအားထုတ်နေသည်။ ကျန် ဦးပဉ္စင်း၊ ကိုရင်၊ ကျောင်းသားများမှာလည်း အခြားကျောင်းတိုက်အသီးသီးတွင် နေထိုင်ကြသဖြင့် ဤကျောင်းတိုက်ကြီးမှာ နေသူမရှိဘဲ ပိုနေသည်။ ထို့ကြောင့် ပန်းကွက်ဖော်ထားသော ကျွန်းတံခါးကြီးများကို ပိတ်ထားသည်။

“ဦးလေးဘထွန်းကလည်း တံခါးပိတ်ထားတဲ့ ဘုန်းကြီးကျောင်းတိုက်ကြီးပဲ။ တွေ့တာပေါ့ဗျာ”

“အေး ဒီတိုက်မျက်နှာစာမှာ ဘာရေးထားသလဲ”

ကြွက်နီက အင်္ဂတေပေါ်တွင် ရွှေစာလုံးကြီးများ ဖော်ထားသော ”

ဦးရွှေသန်း-ဒေါ်မြင့် ကောင်းမှု နတ်လူသာဓုခေါ်စေသောဝ်”

ဟူသော စာတန်းကို တစ်လုံးချင်း ဖတ်လိုက်သည်။

“ဟာ ဦးလေးဘထွန်းကလည်း၊ ဒီစာတန်းနဲ့ ဦးလေးဘထွန်းပြောတဲ့ ပြောင်းသမား ဘာဆိုင်လို့လဲဗျ”

“ဆိုင်တယ် ကြွက်နီ ဆိုင်တယ်၊ ငါ ပြောပြမယ်”

စောဘထွန်းသည် စကားကို ခေတ္တဖြတ်၍ ဆေးလိပ်ကို ဖွာလိုက်သည်။

“ဦးရွှေသန်းဆိုတာ တို့ရဲ့ ပိုက်သူဌေးပဲကွ၊ သူ့ကို ကြည့်စမ်း၊ ဆကာ ကြီးမြို့ထဲမှာ သူနေတဲ့ တိုက်ခံအိမ်ကြီးဟာ ဟိန်းလို့၊ ဟော ဒီမှာလည်း တိုက်ကျောင်းကြီးကို လှူဒါန်းနိုင်သေးတာ မင်းအမြင်ပဲ မဟုတ်လား”

“ဟာ သူပိုက်ဆံရှိလို့ လှူတာပဲဟာ”

“အေး သူက ပိုက်ဆံရှိလို့ လှူနိုင်တာ မှန်ပေမယ့် သူပိုက်ဆံရဖို့ သူ့ပိုက်ကိုဆွဲပြီး ငါးတွေရအောင်ရှာပေးရတဲ့ တို့တစ်တွေကိုကြည့်စမ်း ကြွက်နီ၊ ပိုက်ရာသီကုန်တာနဲ့ ဟိုရောက်ဒီရောက်၊ ဟိုပြောင်းဒီပြောင်း၊ ရန်ကုန်ရောက်သွားတဲ့ သူတွေကော၊ နေစရာအိမ်မရှိလို့ ပလက်ဖောင်းမှာ အိပ်နေကြရတယ်”

စောဘထွန်းက တံတွေးကို ထွီခနဲ တစ်ချက်ထွေးလိုက်ပြန်သည်။

“ငါရော ဘာထူးသလဲ၊ သူတို့လိုပဲ သောင်ပြင်က ခွာလာကတည်းက မင်းတို့ ဇလွန်ဘက်တန်းရွာလာပြီး နေစရာအိမ်မရှိလို့ ဟိုအိမ်မှာ အိပ်လိုက်၊ ဒီအိမ်မှာနေလိုက်နဲ့ တစ်ပြောင်းတည်း ပြောင်းနေရတဲ့ ပြောင်းသမားပါပဲကွာ။ တကယ်တော့ ငါတို့ဟာ ပြောင်းသမားပါ ကြွက်နီရာ၊။ မင်းတို့ ငါတို့ မြင်ရတဲ့ မင်းတို့အားကျနေတဲ့ ပြောင်းမှုတ်သမားက အပေါ်ယံကိစ္စလေးပါ။ တကယ်တော့ ငါနဲ့ဘဝတူ ရေလုပ်သားတွေမှာ နေစရာအိမ်မရှိလို့ တစ်ပြောင်းတည်းပြောင်းနေရတာမှ ပြောင်းသမားအစစ်ကွ၊ ပြောင်းသမားအစစ် ဟား ဟား ဟား”

စောဘထွန်းတစ်ယောက် ဤမျှလောက်သော အရက်ကလေးကို သောက်ရုံနှင့် မူးသွားသည်ဟု ကြွက်နီ မစွပ်စွဲလိုပါချေ။

(ရှုမဝရုပ်စုံမဂ္ဂဇင်း၊ အတွဲ ၃၅၊ အမှတ် ၄ဝ၉၊ ဇွန်၊ ၁၉၈၁)

– ပြီး –

စာရေးသူ – မောင်သိက္ခာ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ