အစွဲအလမ်းကြီးသူ

ဒီမှာရှိတဲ့လူတွေကိုလည်းတစ်ယောက်တစ်ပြားပေးမယ်…ကျန်တာတွေကို ဝမ်းရေးလည်းသုံးမယ်…အလှူအတန်းလည်းလုပ်မယ်…”

မောင်မြတ်ကထိုသို့ပြောပြီး လူဆယ့်တစ်ယောက်အား ရွှေဒါင်္ဂါးတစ်ယောက်တစ်ပြားဝေပေးလိုက်၏။ ကျန်လူများက ရွှေဒင်္ဂါးပြားသည်လောက်များသည်ကို တစ်ယောက်တစ်ပြားသာပေးရကောင်းလားဟု တွေးမိသော်လည်း သူ့ဝန်းသူ့ခြံထဲတွေ့သည့်အတွက် ဘာမှမဟရဲကြချေ။ ထိုရွှေဒင်္ဂါးပြားများ၏ တချို့တဝက်ကိုထုခွဲရောင်းချပြီး အိမ်အသစ်ဆောက်၏။ တချို့တဝက်ကိုအလှူလုပ်ပစ်၏။

အိမ်အသစ်တက်သည့်နေ့၌ တစ်ရွာလုံးကိုဖိတ်ပြီးအိမ်သစ်တက်ပွဲခမ်းခမ်းနားနားကျင်းပ၏။ မြင်အပ်မမြင်အပ် သောဘုံအားလုံးကိုလည်းအမျှအတမ်းပေးဝေ၏။အားလုံးပြီးစီးသော် အိမ်အသစ်လေးဆီသို့ မိသားစုသုံးဦးပြောင်းလိုက်ကြသည်။ ပြသနာကားထိုနေ့မှစတင်သည်ဟုဆိုရမည်။

တိတ်ဆိတ်နေသောညအချိန်တွင် အသစ်စက်စက် အိမ်ကြီးသည် သိမ့်ခနဲတုန်သွား၏။ မြေငလျင်လှုပ်သကဲ့သို့တချက်မျှတုန်သည်မဟုတ်ဘဲ သုံးခါဆက်တိုက်တုန်နေခြင်းဖြစ်သည်။ အိမ်မောကျနေသော မောင်မြတ်က အိမ်ကြီးသိမ့်ခနဲတုန်သွားသောကြောင့် လန့်နိူးလာသကဲ့သို့ ဇနီးဖြစ်သူပန်းခင်လည်း လန့်နိုးလာ၏။

” ရှင်သိလိုက်လားကိုမြတ်…အိမ်ကြီးသိမ့်ခနဲတုန်သွားတာ…”

” အင်း…ငါလည်းအဲဒါကြောင့်လန့်နိုးလာတာဘဲ…မြေငလျင်လှုပ်တာနေမယ်…အားဘယ်လောက်ပြင်းလဲမသိ…အိမ်ကြီးကိုသိမ့်နေတာဘဲ…”

” အိမ်ကပြတ်ရွေ့ပေါ် ဆောက်မိတာလားမသိဘူးကိုမြတ်…”

” မဟုတ်ပါဘူးကွာ…မြေငလျင်ကအားပြင်းလို့နေမှာဘဲ… ကဲကဲသမီးလေးနိုးလာရော့မယ်…ဘာမှမဟုတ်ဘူးပြန်အိပ်လိုက်တော့…”

မောင်မြတ်ကဇနီးလေးကိုနှစ်သိမ့်ပြီး ပြန်အိပ်ခိုင်းလိုက်၏။ သို့သော်သူကားပြန်အိပ်၍မရချေ။ ထိုစဉ်မိမိတို့၏ကုတင်ခြေရင်းမှ နီရဲသောအရာနှစ်ခုကိုမြင်တွေ့လိုက်ရ၏။

” ဟင်…ဘာကြီးလဲ…”

သူ့စိတ်ထဲတွင်လည်းတစ်စုံတစ်ယောက်က သူတို့အားစောင့်ကြည့်နေသလို ခံစားရ၏။ သိချင်စိတ်ကြောင့် လက်နှိပ်ဓာတ်မီးကိုယူပြီး ထိုးကြည့်လိုက်၏။ သို့သော် ဘယ်အရာမှရှိမနေချေ။

” ခွမ်း…..”

” ဂလောက်….ကလောက်…ပေါက်…ပေါက်….”

မောင်မြတ်ပြန်အိပ်ရန်ပြင်နေစဉ်အပြင်ဘက်မှ ခွမ်းခနဲအသံကြောင့် မအိပ်ရပြန်ဘဲအခန်းတံခါးဖွင့်ကာ အပြင်ထွက်လာ၏။ ဘုရားပန်းအိုးကျကွဲနေခြင်းဖြစ်၏။ ဘုရားစင်ပေါ်မှ ရေတို့ကလည်း ကြမ်းပြင်ပေါ်သို့ တပေါက်ပေါက်ကျနေ၏။

” ဘုရားပန်းအိုးအသစ်လေးကွဲသွားပြီကွာ…လေလည်းမတိုက်ဘဲဘာလို့ပန်းအိုးကကျနေရတာလဲ…ပန်းနဲ့အိုးနဲ့မကိုက်တာဘဲလား…ဟူး…”

မောင်မြတ်က ကြမ်းပေါ်မှ ကျဲပြန့်နေသော ပန်းအိုးအကွဲစများနှင့် ပန်းတို့ကိုယူပြီး ခုံပေါ်သို့တင်ထားလိုက်သည်။ ထိုစဉ် သူ့အကြည့်တို့ကအမှတ်မထင် မှန်ပြတင်းပေါက်မှကျော်၍ ခြံဝိုင်းထဲသို့ရောက်သွား၏။

” ဟင်…ဘယ်သူလဲကုန်းကုန်းကွကွနှင့်…ခြံထဲသူခိုးဝင်နေပြီထင်တယ်…”

လရောင်အောက်မှမြင်ရသော ကုန်းကုန်းကွကွအရာတစ်ခုကို သူခိုးဟုမှတ်ပြီး နံရံမှအလှချိတ်ထားသော ငှက်ကြီးတောင်ဓားရှည်ကိုယူပြီး တံခါးကိုတိတ်တဆိတ်ဖွင့်ကာ အပြင်သို့ထွက်လာခဲ့သည်။ အနောက်မှမြင်နေရသောလူသည်ကား မောင်မြတ်ကိုသတိထားမိပုံမပေါ်ဘဲ မြေကြီးကိုသာအပတ်တကုတ်တူးနေသည်။ မောင်မြတ်က ငှက်ကြီးတောင်ဓားကို လက်နှစ်ဖက်ဖြင့်မြဲမြံစွာကိုင်ပြီး အပေါ်သို့ဟန်ပါပါမြှောက်ကာ မြေကြီးတူးနေသောသူအား လွဲှခုတ်လိုက်သည်။

” ဝှစ်….”

” ဟင်….”

အရှေ့မှငုတ်တုတ်ဖြစ်နေသောလူကိုလွဲှခုတ်လိုက်ရာ လေဟာနယ်ကိုသာခုတ်မိနေ၏။ ရှေ့မှလူမှာ သူ့မျက်စိအောက်မှ ပျောက်ချင်းမလှပျောက်ကွယ်သွား၏။

” ဘာလဲဟ…ဒီလူပြေးတာမြန်လှချေလား
ငါဘဲအမြင်မှားတာလား…မဖြစ်နိုင်ပါဘူး…ငါ့မျက်စိအောက်မှာဘဲ သူဒီလောက်မြန်မြန်ရှောင်နိုင်မှာလား…”

မောင်မြတ်ကမကျေနပ်ဟန်ဖြင့် ဟိုဟိုသည်သည်လိုက်ရှာကြည့်၏။ သို့သော်ဘာကိုဘာမှမတွေ့ရချေ။ သာမာန်ဆို သူ၏ဓားလွဲှခုတ်ချက်သည် လူသို့မဟုတ် တိရိစ္ဆာန်တစ်ကောင်ကို တိခနဲပြတ်စေနိုင်၏။ ယခုမူကားလေဟာနယ်ကိုသာ ခုတ်မိနေ၏။ ခြံပတ်ဝန်းကျင်အနှံ့ စိတ်ကျေနပ်အောင် ပတ်ကြည့်ပြီးမှ အိမ်ထဲသို့ပြန်ဝင်လာ၏။ ဇနီးနှင့်သမီးလေးကား အပြစ်ကင်းစွာအိပ်မောကျလျက်သား။ မောင်မြတ်လည်း ဘုရားကိုအာရုံပြုပြီး အိပ်ပျော်အောင်အိပ်လိုက်သည်။

” ကိုမြတ်…ကိုမြတ်…ထတော့လေ…အိမ်ရှေ့မှ ကိုနိုင်ဖြူးရောက်နေတယ်…”

” အေးအေး…ထပါပြီမိန်းမရာ…ညကအိပ်မရလို့ပါ…”

မပန်းခင်က အိပ်ယာခန်းထဲမှ ယောကျာ်းဖြစ်သူကိုလာနိုးပြီး အပြင်သို့ပြန်ထွက်သွား၏။ မောင်မြတ်လည်း အိပ်ယာမှထလာပြီး ကိုယ်လက်သန့်စင်ကာ မီးဖိုခန်းထဲသို့ဝင်လာခဲ့၏။ မီးဖိုခန်းထဲတွင်ကား ကိုနိုင်ဖြူးကသူ့ကိုစောင့်နေ၏။

” စောစောစီးစီးပါလားကိုဖြူး…”

မောင်မြတ်က လည်ပင်းမှပတ်ထားသောမျက်နှာသုတ်ပဝါဖြင့် မျက်နှာကိုသုတ်လိုက်ရင်း မေးလိုက်၏။

” စောပါဘူးဗျာ…လာ…ထိုင်ဦးငမြတ်..”

” ဘာကိစ္စရှိလို့လဲ ကိုဖြူး…”

” ကိစ္စတော့ထွေထွေထူးထူး မဟုတ်ပါဘူး…နင့်ကိုဒါလေးပြန်ပေးချင်လို့ပါ…”

ဆိုပြီးကိုနိုင်ဖြူးက သူ့အိတ်ကပ်ထဲမှ ဝါဝင်းဝင်းရွှေဒင်္ဂါးပြားကို ထုတ်ပြီးမောင်မြတ်ထံကမ်းပေးလိုက်၏။ ထိုအဖြစ်ကြောင့် မောင်မြတ်က အံ့ဩသွားပြီး

” ဒါဘာသဘောလဲကိုဖြူး….ကျွန်တော်ပေးတာနည်းလို့လားဗျာ…”

” မဟုတ်ရပါဘူးငမြတ်…ရွှေဆိုတဲ့အမျိုးကနည်းပေမဲ့တန်ဖိုးများမှန်းငါသိပါတယ်…ဒါပေမဲ့ ငါလက်မခံပါရစေနဲ့ဗျာ…”

” ရွှေပေးတာတောင်လက်မခံတဲ့မင်းကို ငါအံ့ဩတယ်ကွာ…ကဲဆိုစမ်းပါဦး ဘာလို့လက်မခံတာလဲ…”

” ဟူး…ငါပြောရင်မင်းယုံမှာတောင်မဟုတ်ဘူးကွာ…”

” ပြောမှသာပြောစမ်းပါ…ဘာဖြစ်ခဲ့လို့လဲ”

” အေးကွာခုမှတော့မထူးတော့ဘူး…ငါပြောပြတော့မယ်…ဒီလိုကွ အဲဒီနေ့ကနင်ရွှေဒင်္ဂါးပြားပေးပြီးတော့ ငါတို့တွေအိမ်ကိုယ်စီပြန်လာခဲ့ကြတယ်မလား..”

” အေးလေ…”

” အင်း…အဲဒီညမှာကွာ ငါနဲ့ငါ့မိန်းမကအဲဒီရွှေဒင်္ဂါးပြားကိုကြည့်ပြီး ဝမ်းသာနေကြတာ…အဲဒါကိုရောင်းပြီးရင် အလှူလုပ်ကြမယ်ပေါ့…”

” ဒါပေမဲ့ကွာ…အဲဒီရွှေပြား ငါတို့အိမ်ကိုရောက်လာတဲ့နေ့ကစပြီး ပြသနာစတော့တာဘဲ…ညဆိုအိမ်ထဲမှာနီရဲနေတဲ့အရာနှစ်ခုကိုမြင်နေရတယ်…ပြီးတော့ အိမ်ကြီးကိုလည်း တစ်ခုခုလာကိုင်လှုပ်သလို သိမ့်နေတာမျိုးတို့ကြုံလာရတယ်ကွ…”

” အဲဒါ နင်တို့အမြင်မှားတာလည်းဖြစ်နိုင်တာဘဲလေ…အိမ်ကြီးသိမ့်ခနဲဖြစ်သွားတယ်ဆိုတာကလည်း မြေငလျင်လှုပ်လို့ဖြစ်မှာပေါ့ကွ…”

” အစက ငါလည်းမင်းလိုဘဲထင်ခဲ့တာငမြတ်…ဒီလိုဘဲညစဉ်ညတိုင်းဖြစ်လာတော့ ငါဒီဒင်္ဂါးပြားကို စပြီးသံသာဝင်လာတယ်…အရင်တုန်းကဒါမျိုးမှမဖြစ်ဖူးတာလေ …တစ်ခါတစ်လေကျရင် အရမ်းကြောက်စရာကောင်းတဲ့အိပ်မက်ကြီးတွေ ငါမက်တယ်ကွ…အမွေးအမြှင်ထူထဲနေတဲ့အကောင်ကြီးက ငါ့ကိုလိုက်သတ်နေတာ…”

” လူဘဲကွာ အိပ်မက်တော့မက်မှာပေါ့ကွ…”

” မဟုတ်သေးဘူးငမြတ်…အိပ်မက်ဆိုပေမဲ့ တကယ်လိုလိုခံစားရတယ်ကွ…ငါချွေးတွေရွဲှနစ်ပြီး နိုးလာရင် ငါ့ရဲ့အိပ်ယာဘေးမှ ာအဲကောင်ကိုငါတွေ့နေရတယ်ကွာ…ဒါကြောင့်မို့ အသက်အန္တာရယ်မဖြစ်ခင်မှာ ငါနင့်ကိုဒီဒင်္ဂါးပြားလာပြန်ပေးတာဘဲ…”

” အဲဆိုလည်းမင်းသဘောဘဲလေကွာ…မင်းနဲ့မထိုက်လို့မရတာလို့ဘဲငါမှတ်တယ်…”

ကိုနိုင်ဖြူးက ဘာမှပြန်မပြောဘဲ ထကာအိမ်သို့ပြန်သွားလေ၏။

” ယောကျာ်း…ကိုဖြူးပြောတာ့ဖြစ်နိုင်မလား…မိန်းမ တို့အိမ်လည်းညက သိမ့်ခနဲသိမ့်ခနဲဖြစ်တယ်လေ…”

” အလကားပါမိန်းမရာ…ငါပေးတာနည်းနေတယ်ထင်လို့ တမင်ရွဲ့ပြီးပြန်လာပေးတာဖြစ်မှာပါ…စေတနာကလူတိုင်းနဲ့မှမတန်တာလေ…”

မောင်မြတ်ကထိုသို့ပြောပြီး အခန်းထဲဝင်ကာ ရွှေဒင်္ဂါးပြားကိုသိမ်းထားလိုက်၏။ ကိုဖြူးပြောသွားသော စကားကိုသူ့စိတ်ထဲယုံကြည်ချင်သလိုလို။ သူကိုယ်တိုင်လည်း လောလောလတ်လတ်ကြုံတွေ့ထားသဖြင့် စိတ်ထဲခုလုခုလုဖြစ်နေ၏။ သို့သော် ငါထိုက်လို့ရတာ ဟူသောအတွေးပြန်ဝင်သွားပြီး ကြောက်စိတ်များကို ထုတ်လိုက်၏။

အိမ်အသစ်တက်ချိန်မှစ၍ညစဉ်ညတိုင်း တစ်ခုပြီးတစ်ခုဖြစ်နေ၏။ ရွှေဒင်္ဂါးများ ယူထားသူတို့ကလည်း တစ်ယောက်ပြီးတစ်ယောက် သူ့အိမ်သို့လာကာ ပြန်လာပေးကြ၏။ ထိုလူတို့၏ မျက်နှာတို့မှာလည်း စိုးရိမ်မှုတို့အပြည့်ဖြင့်သာ။ မိန်းမ ဖြစ်သူလည်း အိမ်၌တစ်ခုပြီးတစ်ခုဖြစ်သွားသော ကြောင့်ရွှေဒင်္ဂါးကို သံသယဝင်လာခဲ့သည်။ မောင်မြတ်က ကိုယ်တိုင်ကြုံတွေ့နေရသော်လည်း အိမ်အသစ်စက်စက်ကြီးကို နှမြောသဖြင့်ပေ၍နေခဲ့၏။

တစ်ခုသောညနေ၌မပန်းခင်သည် မီးဖိုထဲတွင်အလုပ်ရှုပ်နေ၏။ မောင်မြတ်လည်း အိမ်မှာမရှိချေ။ သမီးငယ်လေးကား အိပ်ခန်းထဲ၌အိပ်နေ၏။ အချိန်ကား ညနေနွားရိုင်းသွင်းချိန်လောက်ပင်ရှိပေဦးမည်။ သမီးလေးသည် အိပ်ခန်းထဲမှစူးစူးဝါးဝါးအော်ငိုနေ၏။ သို့သော် မပန်းခင်က သမီးလေးအိပ်ယာကနိုးလာ၍ဂျီကျနေသည်ဟုသာ တွေးပြီးသွားမကြည့်ဘဲ ထားလိုက်သည်။

” ဝုန်း…ဒုန်း…”

” ဂွမ်း….ဂလွမ်း….”

ထိုအချိန်အပေါ်ထပ်မှ တဒုန်းဒုန်း အသံနှင့်အတူပစ္စည်းများပြုတ်ကျသံတို့ ဆူညံသွား၏။ ထိုအသံကြောင့်မပန်းခင်က လုပ်လက်စများကိုထားခဲ့ပြီးအိမ်ပေါ်သို့တက်လာခဲ့၏။ အိမ်ပေါ်ရောက်သော်မြင်ရသော မြင်ကွင်းကြောင့် ကြက်သေ သေ သွားသည်။ အပေါ်ထပ်တစ်ခုလုံး အိုးခွက်ပန်းကန်အကွဲအစများ ပြန့်ကျဲနေပြီး လေးနှစ်အရွယ်သမီးငယ်လေးသည် ဗွီဒိုထဲမွှေနှောက်ကာ တစ်စုံတစ်ခုကိုရှာနေ၏။

” သမီး…သမီးလေး…ဒါဘာလုပ်တာလဲ…”

ကလေးငယ်က သူပြောသည်ကိုမကြားသည့်အလား ဗီရိုထဲမှ ပစ္စည်းများကိုတစ်ခုပြီးတစ်ခုထုတ်နေဆဲ။

” သမီး… မေမေပြောနေတယ်လေ ဘာလုပ်နေတာလဲလို့…”

သူမနောက်ထပ်အော်လိုက်မှ ကလေးငယ်သည် သူ့ဘက်လှည့်လာပြီး မျက်ထောင့်နီကြီးဖြင့်ကြည့်နေ၏။

” ငါ့ပစ္စည်းတွေပြန်ပေး…ငါ့ပစ္စည်းတွေပြန်ပေး…”

ကလေးငယ်ထံမှ အက်ရှနေသောအသံကြီးထွက်လာပြီး သူ့ထံလှမ်းလာနေ၏။

” အမလေး…သ…သမီးလေး…”

သမီးလေး၏မူမမှန်သည့်အမူအရာကြောင့် ကြောက်စိတ်ထက် သမီးလေးကိုစိုးရိမ်သည့်စိတ်က ပိုသွား၏။ သို့ကြောင့် ဘုရားစင်ဆီပြေးကာ ရေသန့်ဗူးငယ်ဖြင့်ထည့်ထားသော ပရိတ်ရေဘူးကို လှမ်းယူလိုက်ပြီး ပရိတ်ရေကိုသမီးလေးထံဖြန်းလိုက်၏။

” အား…..”

ကလေးငယ်ထံမှ အားဟူသော အသံနက်ကြီးထွက်သွားပြီး ကလေးမူကားကြမ်းပြင်ပေါ်လှဲကျသွား၏။

” သမီး…သမီးလေး…ထပါဦး….သမီးလေး….”

မေ့မျောနေသောကလေးငယ်ကို ပြေးပွေ့ပြီး အိမ်ပေါ်ထပ်မှအမြန်ဆုံးဆင်းလာခဲ့ပြီး မိဘအိမ်သို့ပြေးသွားခဲ့သည်။ ကလေးငယ်ကားသတိပြန်လည်လာသော်လည်း တငိုငိုတရီရီဖြစ်နေပြီး မိခင်အနားကမခွာတော့ချေ။ ညခုနှစ်နာရီခန့်ရောက်သော် မောင်မြတ်ကအိမ်ပြန်လာခဲ့၏။ ခါတိုင်းအိမ်ရှေ့၌ဆော့နေကျ သမီးငယ်ကိုလည်းမတွေ့ရ။ မီးဖိုဆောင်ထဲ ချက်ပြုတ်နေသည့် ဇနီးကိုလည်းမတွေ့ရသဖြင့် အိပ်နေသည်အမှတ်နှင့် အိပ်ပေါ်တက်လာခဲ့၏။

” ဟိုက်!ဗုဒ္ဓေါ…အိမ်မှာဘာဖြစ်နေတာလဲ…သမီး…သမီးလေးရေ…ပန်းခင်…ပန်းခင်….အိမ်မှာဘာဖြစ်နေလဲ…”

မောင်မြတ်က အိမ်ပေါ်တက်လာရင်း ပွစာကြဲနေသောအရာများကိုမြင်ပြီး သမီးနဲ့ဇနီးကိုအကြိုးအကြောင်းမေး၏။ သို့သော် တိတ်ဆိတ်နေပြီး ပြန်ထူးသံမကြားရချေ။

” အိမ်မှာတစ်ယောက်မှမရှိကြလို့ သူခိုးဝင်သွားပြီထင်တယ်…ငါ့ဒင်္ဂါးပြားတွေပါသွားပြီလားမသိဘူး…”

မောင်မြတ်က ဇနီးနှင့်သမီးကိုစိတ်မပူဘဲ သူ၏ရွှေဒင်္ဂါးပြားများကိုသာစိတ်ပူပြီး အခန်းထဲဝင်သွားကာ ကုတင်အောက်သို့ကြည့်လိုက်၏။ ရွှေဒင်္ဂါးထည့်ထားသော သေတ္တာငယ်လေးသည်ကား မူလအတိုင်းပင်ရှိနေ၏။

” ဟူး…တော်သေးတာပေါ့ကွာ…ဒီမိန်းမဘယ်သွားနေတာလဲ…မိုးချုပ်နေပြီခုထိပြန်မလာသေးဘူး…အိမ်ကိုသူခိုးဝင်နေတာတောင် မသိဘူးလားကွာ…တောက်!”

တစ်ယောက်ထဲမြည်တွန်တောက်တီးပြီး ရွာထဲသွားကာ ဇနီးသည်ကိုလိုက်ရှာ၏။ နောက်ဆုံး၌ကား ယောက္ခမဖြစ်သူ၏ အိမ်သို့ရောက်ချလာ၏။

” ပန်းခင်ရေ…ပန်းခင်…အိမ်ပြန်မလာတော့ဘူးလား…အချိန်လည်းကြည့်ဦး…မိန်းမတစ်ယောက်ကဒီချိန် အိမ်လည်နေတုန်းလား…”

” ရှင်ဘဲပြန်ကိုမြတ်…ကျွန်မမလိုက်ဘူး…”

” ဘာပြောတယ်…တစ်နေကုန်လည်ရရင်ပြီးရောပေါ့…ခုအိမ်မှာသူခိုးဝင်နေပြီ…နင်ကအိမ်မကပ်ချင်သေးဘူး…ဒီလောက်အိမ်ကြီးအိမ်ကောင်းနဲ့ထားတာတောင် မနေချင်သေးဘူး…”

” မနေနိုင်ဘူး…ဘုရားသာမကယ်ရင်သမီးလေးရဲ့အသက်ကိုဆုံးရှုံးရတော့မလို့…အိမ်မှာသူခိုးဝင်နေတာမဟုတ်ဘူး…သရဲသဘက်ကြီးဝင်နေတာ…ကျွန်မ မနေရဲဘူး…”

” အရပ်စကားတွေနားထောင်နေပြန်ပြီ…အိမ်အသစ်ကြီးက ဘယ်သရဲဝင်မှာလည်း…ခုချက်ချင်းသမီးလေးကိုခေါ်ခဲ့ ပြန်မယ်…”

မောင်မြတ်ကအိမ်ပြန်ရန်ခေါ်သော်လည်း ဇနီးဖြစ်သူကပြန်မလိုက်ချေ။ နှစ်ယောက်သား စကားအချေအတင်များကြသဖြင့် ယောက္ခမဖြစ်သူက ကြားမှဝင်ရောက်ဖျန်ဖြေပေးပြီး အဖြစ်မှန်ကိုပြောပြလိုက်သည်။ ထိုအခါမှသမီးလေးကိုစိတ်ပူရကောင်းမှန်းသိ၏။

” သမီး…သမီးလေး…မသေကောင်းမပျောက်ကောင်းကွာ…ဒါဆိုအိမ်ထဲကပစ္စည်းတွေက သမီးလေးဖွထားတာပေါ့ဟုတ်လား…”

” ဟုတ်တယ်…အိမ်ထဲမှာမကောင်းတာတစ်ခုခုရှိနေတယ်…သူတို့တွေပြောနေကြသလိုဘဲ ရွှေဒင်္ဂါးပြားကိုစွဲကပ်နေတဲ့ဝိညာဉ်ကြီးကအိမ်ထဲမှာရှိနေတယ်…”

” ဒီကိစ္စကငါ့ရဲ့ပေါ့ဆမှုကြောင့်ဖြစ်ရတာ …ငါ့ရဲ့လောဘတွေကြောင့်ငါ့မိသားစုအသက်ဘေးကြုံလာရတာ…ကိုဖြူးတို့ပြောတဲ့အချိန်ကရင်း ငါနားထောင်ခဲ့ရင် ခုလိုဖြစ်လာမှာမဟုတ်ဘူး…ဒီတော့အိမ်ထဲကနေအဲဒီကောင်ကို မောင်းထုတ်နိုင်တဲ့ဆရာရှာရမယ်…”

မောင်မြတ်ကထိုသို့ပြောပြီးအနုအကြမ်းနိုင်သည့်ဆရာများကို ရှာဖွေခဲ့သည်။ ဆရာကောင်းမတွေ့ခင်အတောအတွင်း၌ အိမ်ကြီးအားသည်အတိုင်းပစ်ထားခဲ့သည်။ သုံးလေးလခန့်ကြာညောင်းသော်လည်း ဆရာသမားကောင်းနှင့်မတွေ့ရဘဲ ဖြစ်နေ၏။ အိမ်ကြီးအထဲတွင်ကား အခြောက်အလှန့်များက ပို၍ကြီးထွားလာသည်။ ခြံဝိုင်းကြီးသည်လည်း တောအုံထလျက်ရှုပ်ပွနေ၏။ တစ်နေ့မောင်ထင်ပေါ်သည် အထက်မှညွှန်ကြားချက်ကြောင့် ငွေတောင်ရွာသို့ရောက်လာခဲ့၏။

အသိမိတ်ဆွေမရှိသဖြင့် သူကြီးအိမ်ကိုရှာပြီးလာခဲ့၏။ ရွာသူရွာသားတို့၏လမ်းညွှန်ချက်ကြောင့် သူကြီးအိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။

” ဗျို့…ဒါသူကြီးအိမ်ဟုတ်လားခင်ဗျ…”

အိမ်ရှေ့မှခေါ်သံကြောင့် ခြံထဲမှသူကြီးကတော်ဒေါ်မယ်ရုံကထွက်လာပြီး

” ဟုတ်ပါတယ်သူငယ်…ဘာကိစ္စရှိလို့လဲ…”

” ကျွန်တော်ကခရီးသွားပါဗျ…အဲဒါဒီည သူကြီးရဲ့အိမ်မှာတည်းလို့ရမလားလို့ပါ…”

” ဪ…အေးအေးအိမ်ထဲဝင်ခဲ့လေသူငယ်…အပေါ်မှာသူကြီးရှိတယ်…သူ့ကိုသူငယ်ကိုယ်တိုင်မေးကြည့်ပေါ့…”

” ဟုတ်ကဲ့ဗျ…”

မောင်ထင်ပေါ်လည်း ခြံဝန်းထဲဝင်လာခဲ့ပြီး အပေါ်ထပ်သို့တက်လာခဲ့၏။ အိမ်ကြီးမှာ နှစ်ထပ်ခံအိမ်ဖြစ်ပြီး ကြီးမားကျယ်ပြန့်၏။ မောင်ထင်ပေါ်က ဘုရားဝတ်ပြုပြီး အိမ်ရှင်ချပေးသောနေရာ၌ထိုင်လိုက်၏။ သူကြီးဆိုသူကား အသားမဲမဲ၊ကင်တိုတိုဖြင့် အကြည့်ရခက်သူတစ်ယောက်ဖြစ်၏။ သူကြီးက ဆေးတံကြီးကိုခဲရင်း မောင်ထင်ပေါ်ကိုအကဲခတ်နေ၏။

” မောင်ရင်က ဘယ်သူလဲ၊ဘာကိစ္စရှိလို့ကျုပ်တို့ရွာထဲ ဝင်လာရတာလဲ…ရုတ်ရုတ်သဲသဲလုပ်လို့ကတော့ ငါ့အဆိုးမဆိုနဲ့နော်…”

သူကြီး၏တုံးတိတိစကားကြောင့် မောင်ထင်ပေါ်အနည်းငယ်လန့်သွား၏။

” ကျွန်တော်ကခရီးသွားပါဗျာ…အဲဒါဒီရွာမှာတည်းပြီးမနက်မှခရီးဆက်ချင်လို့် ဝင်လာတာပါ…ကျွန်တော်ကဦးကြီးထင်သလို လူရမ်းကားမဟုတ်ပါဘူးဗျာ…”

” အေး…ဘယ်သူကကိုယ့်ဘာသာကို လူဆိုးပါလို့ပြောမလဲ…လူဆိုးတွေကနဖူးပေါ် ငါလူဆိုးပါဆိုတဲ့ စာတမ်းမှမကပ်ထားဒါ…”

စကားပြောဘောက်ဆတ်ဆတ်နိုင်လှသော လူကြီးကြောင့် မောင်ထင်ပေါ်အနေရခက်သွား၏။

” ဦးကြီးမယုံရင်လည်း ဒီညကျုပ်ကိုစောင့်ကြည့်နိုင်ပါတယ်ဗျာ…”

” မောင်ရင့်ကို ဒီမှာပေးတည်းမယ်လို့ ပြောမိသလား…ကျုပ်ကိုစောင့်ကြည့်ခိုင်းရအောင်…”

” ဗျာ!…”

သူကြီး၏စကားကြောင့် မောင်ထင်ပေါ်ရှက်သွားပြီး မျက်နှာဖြူဖြူလေးမှာ ပန်းရောင်သမ်းသွား၏။

” ကျွန်တော်တစ်ညဘဲတည်းမှာပါဦးကြီး…ခွင့်ပြုပေးပါခင်ဗျာ…”

” မရဘူး…ငါ့အိမ်ကဧည့်ရိပ်သာမဟုတ်ဘူး…သွားသွား…အချိန်ရှိတုန်းတခြားနေရာသွားရှာ…ငါ့အိမ်တော့ပေးမတည်းနိုင်ဘူး…”

” ဟုတ်ကဲ့ကျေးဇူးပါဗျာ…”

မောင်ထင်ပေါ်လည်း အားတုံ့အားနာဖြစ်သွားပြီး ဆရာဖြစ်သူပေးခဲ့သော လွယ်အိတ်ဖြူဖြူလေးကိုလွယ်ကာ သူကြီး၏အိမ်မှ ထွက်သွားခဲ့သည်။

” ရုပ်နဲ့စိတ်ထားတဲ့လိုက်လွန်းတဲ့ဘိုးတော်…အသားမဲသလောက် သဘောထားကသေးသိမ်လိုက်တာလွန်ရော…ဆရာသာရှိရင် ငါ့အဖြစ်ကိုကြည့်ပြီး ရယ်နေဦးမှာမြင်ယောင်တယ်…ဟား…ဟား…”

မောင်ထင်ပေါ်တစ်ယောက် သူ့အဖြစ်ကိုသူပြန်တွေးပြီး ရယ်ချင်သွား၏။ မိုးကလည်းချုပ်လုနေပြီဖြစ်သဖြင့် ရွာလယ်ရှိသစ်ပင်ကြီးအောက်တွင် ထိုင်ပြီးနားနေ၏။ ဘယ်အိမ်မှဝင်မတည်းရဲတော့ချေ။ ထပ်ပြီးမောင်းထုတ်ခံရမည်စိုးသောကြောင့်ဖြစ်သည်။ ထိုစဉ်ခြံတောထဲမှ ပြန်လာသောလင်မယားနှစ်ယောက်က သူ့အနားရောက်လာ၏။ ထိုနှစ်ယောက်က သူ့ကိုမြင်လျှင်

” ဒီကညီလေးကဧည့်သည်ထင်တယ်…”

” ဟုတ်တယ်ဗျာ…ကျွန်တော်ကခရီးသွားတစ်ယောက်ပါ…တည်းဖို့နေရာရှာမတွေ့တာနဲ့ဒီမှာနားနေတာဗျာ…”

” သူကြီးအိမ်မှာသွားမတည်းဘူးကော…”

” တော်ပါပြီဗျာ…ခင်ဗျားတို့ရွာသူကြီးကလည်း ရုပ်နဲ့စိတ်ထားနဲ့လိုက်လွန်းတယ်ဗျာ…မဲတူးနေတာဘဲ…”

” ဟားဟားဟား….ကျုပ်တို့ရွာရဲ့သူကြီးကတော့ဒီအတိုင်းဘဲဗျာ….သိပ်ကိုကပ်စေးနှဲတဲ့လူကြီးဗျ…ကဲဗျာ ညီလေးတည်းဖို့နေရာရှာမရသေးရင် အစ်ကိုကြီးတို့နဲ့လိုက်ခဲ့
ဗျာ…”

” အခန့်သင့်လိုက်လေဗျာ…”

မောင်ထင်ပေါ်လည်း ထိုလင်မယားနှစ်ယောက်၏အိမ်သို့လိုက်လာခဲ့၏။ အိမ်သို့ရောက်သော် နေမကောင်းဖြစ်နေသောခလေးငယ်ကိုတွေ့လိုက်ရ၏။ ထိုလင်ယားနှစ်ယောက်၏မိသားစုတို့ကလည်း မောင်ထင်ပေါ်အား ပျူပျူငှါငါဧည့်ခံကြ၏။

” ညီလေးဘာမှမပူနဲ့…ကိုယ့်အိမ်လိုသဘောထားပြီးနေ…တစ်ခုတော့ကြိုပြီးတောင်းပန်ချင်တယ်…အိမ်မှာက နေမကောင်းတဲ့ကလေးရှိနေတော့ နည်းနည်းတော့ နားငြီးလိမ့်မယ်ဗျာ…”

” ရပါတယ်ဗျာ…ကျွန်တော့ကိုတစ်ညတာတည်းခိုခွင့်ပြုတာကိုဘဲ ကျေးဇူးတင်လှပါပြီဗျာ…ဒါနဲ့ကလေးကဘာဖြစ်တာလဲဗျ…”

မောင်ထင်ပေါ်၏အမေးကြောင့် လင်မယားနှစ်ယောက်မျက်နှာပျက်သွားကြ၏။

” ဘာမှမဖြစ်ပါဘူး သာမာန်ဖျားနာတာလေးလောက်ပါ”

” အစ်မကြီးတို့စိတ်မရှိရင်ကျွန်တော်ကလေးကို ကြည့်ပါရစေ…ကလေးလေးမှာသာမာန်မဟုတ်တဲ့ဖျားနာမှုရှိနေသလိုဘဲ..”

” ကြည့်တတ်ရင်ကြည့်ပေးပါအုံးဗျာ…ကလေးကတငိုငိုတရီရီဖြစ်နေလို့ပါ…”

မောင်ထင်ပေါ်လည်း ကလေးအားကြည့်လိုက်ရာ သရဲဖမ်းစားခြင်းခံနေရသည်ကိုတွေ့လိုက်ရ၏။

” အစ်ကိုတို့ကလေးကို ပစ်မထားကြပါနဲ့…ကလေးရဲ့အသက်အန္တာရယ်စိုးရိမ်ရတယ်…”

” ဗျာ…ဘယ်လိုညီ…”

” ကျုပ်တတ်သလောက်ပြောရရင် ကလေးဟာသရဲဖမ်းစားခြင်းခံနေရတယ်…”

” ဗျာ…သ….သရဲ…”

” ဟုတ်တယ်… သရဲကိုမှပြောရရင် နှစ်ချို့သက်တမ်းရင့်သရဲကြီးဘဲ…အစ်ကိုတို့နဲ့ပတ်သက်လိမ့်မယ်…”

” အစ်ကိုအမှန်တိုင်းမေးမယ်…ညီကအထက်လမ်းဆရာလား…”

” ဆရာရယ်လို့မဟုတ်ပါဘူးဗျာ…ပညာသင်တစ်ယောက်ပါ…”

” ဘာဖြစ်ဖြစ်…အားကိုးပါတယ်ညီရာအစ်ကိုတို့ကိုကူညီပေးပါ…အစ်ကိုတို့ ဒုက္ခရောက်နေလို့ပါ…”

” ကျွန်တော်တတ်နိုင်သလောက်ကူညီမယ်…အစ်ကိုတို့ကြုံခဲ့ရတာအစအဆုံးပြောပြဖို့တော့လိုတယ်ဗျ…”

” ပြောပြမယ်ညီ.. ”

မောင်မြတ်က အိမ်ဆောက်ရန်မြေညှိရာမှစ၍ အိမ်ကိုပစ်ထားရသည်အထိ စိတ်ရှည်စွာရှင်းပြနေ၏။ မောင်ထင်ပေါ်က အဖြစ်အပျက်အလုံးစုံကိုနားထောင်ပြီး

” ဒါဆိုအဲဒီရွှေဒင်္ဂါးတွေကိုစွဲလမ်းတဲ့စိတ်ကြောင့် မကျွတ်မလွတ်ဘဲ လူတွေကိုဒုက္ခပေးတာနေမယ်…မနက်ဖြန်ကျရင်တော့ အကြောင်းစုံကိုသိရမှာပေါ့…ဒီညတော့ကလေးကို ဒီရေမန်းလေးမကြာမကြာတိုက်ပေး…”

” ဟုတ်ကဲ့ညီ…”

” ဒါဆိုကျွန်တော်လည်းမနက်ဖြန်အတွက်ပြင်ဆင်ထားလိုက်မယ်…အစ်ကိုတို့လည်း စိတ်ချလက်ချ အိပ်တော့… ”

မောင်ထင်ပေါ်လည်း အိမ်သားများကိုနုတ်ဆက်ပြီးတရားထိုင်လိုက်၏။

မနက်ရောက်သော် မောင်ထင်ပေါ်သည် ဆေးလွယ်အိတ်လေးကိုလွယ်ပြီး အိမ်ကြီးရှိရာသို့်လာခဲ့၏။ ပစ်ထားသည်မှာ အနည်းငယ်ကြာပြီဖြစ်သဖြင့် မြင်ရိုင်းများက နေရာတကာကြီးစိုးပြီးထိုးထိုးထောင်ထောင် ပေါက်ရောက်နေ၏။ အိမ်ထဲဝင်လိုက်သည်နှင့်အားပြင်းသောလှိုင်းတစ်ခုက သူ့ကိုလာရောက်ရိုက်ခတ်၏။ မောင်ထင်ပေါ်လည်းမသိသလိုပြုပြီး ခပ်တည်တည်ဖြင့် အိမ်ပေါ်သို့တက်လာခဲ့၏။ အိမ်အပေါ်ထပ်တွင်ကား အိုးခွက်ပန်းကန် အပိုင်းအစများနေရညအနံပြန့်ကျဲနေ၏။ အိမ်စောင့်နတ်မရှိ။ ဘုရားစင်မှ ဘုရားပန်းအိုးနှင့်သောက်တော်ရေတို့သည်လည်း ခြောက်ကပ်လျှက်ရှိနေ၏။ မောင်ထင်ပေါ်က ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးပြုလိုက်ပြီး ဆီမီးတိုင်ကိုထွန်းညှိပူဇော်လိုက်၏။
ပြီးသော် ဘုရားရှိခိုးအမျှဝေပြီး အိမ်ပတ်ပတ်လည်ကိုစည်းချထားလိုက်၏။ ထိုစဉ်အိမ်ကြီးသည် ငလျင်လှုပ်သကဲ့သို့ သိမ့်ခနဲတုန်သွား၏။ မောင်ထင်ပေါ်ကပြုံးလိုက်ပြီး

” လာလာ…ငါ့အရှေ့ကိုလာ…ဘာအတွက်အိမ်ထဲမလာဘဲအိမ်နောက်မှာပုန်းနေရတာလဲ…”

“……..”

” နင့်နေရာဟုတ်လား…ဒီမြေကြီးကိုဘယ်သူမှမပိုင်ပါဘူးဗျာ…ဘယ်သူ့အတွက်ပါလို့ ဘယ်ဘုရားမှမဖန်ဆင်းပေးခဲ့ပါဘူး…”

“……..”

” သိပ်ကိုအစွဲအလမ်းကြီးပါလား…ဒါ့ကြောင့်လည်းဒီအချိန်ထိ ဆိုးဝါးလှတဲ့ဘဝကြီးကိုပိုင်ဆိုင်နေရတာကိုး…ငါ့အရှေ့ကိုလာခဲ့…ငါနင့်ကိုဘာမှမလုပ်ဘူး..ရဲရဲသာလာခဲ့…”

မောင်ထင်ပေါ်ကထိုသို့ဆိုလိုက်ရာ ရိပ်ခနဲမြင်ရသောအရာတစ်ခုသည်သူ့အရှေ့သို့ရောက်လာ၏။

” ဘာအတွက်အိမ်သားတွေကိုနှောင့်ယှက်ရတာလဲ…ဒီနေရာကလူ့စည်းအတွင်းကဘဲ…သင်နှောင့်ယှက်ပိုင်ခွင့်မှမရှိတာ…”

” ဒီနေရာက ငါ့နေရာ…လူတွေဒီနေရာမနေခင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရင်းငါနေခဲ့တာ…ဒီလူတွေကငါ့ပစ္စည်းကိုလည်းယူတယ်…ငါ့နေရာကိုလည်းဖျက်ဆီးပစ်ကြတယ်…ဒါကြောင့်ငါမောင်းထုတ်လိုက်တာ…”

” သင်ကသိပ်ကိုအတ္တကြီးတာဘဲ…ငါဆိုတဲ့အတ္တစွဲကြောင့် သင်ဒီလိုဘဝမျိုးရောက်ရတာ…နေရာတကာမှာ ငါ့ပစ္စည်း၊ငါ့ဥစ္စာဆိုပြီး သတ်မှတ်လို့မရဘူး…ဒါတွေဟာသဘာဝတရားကပေးတဲ့ခဏတာလက်ဆောင်…သေရင်ကိုယ့်နောက်ဘာမှပါမသွားဘူးလေ…နင့်ရဲ့လူ့ဘဝတုန်းကခန္ဓာကြီးတောင် နင်သေတော့မြေကြီးကိုကျွေးခဲ့ရတာဘဲမလား…ဒီလိုဘဲအရာရာတိုင်းမှာ ငါ့တကောကော ကောနေလို့မရဘူးလေ…”

” မသိဘူး…ငါဒါတွေနားမလည်ဘူး…ဒါပေမဲ့ဒီပစ္စည်းတွေဟာ ငါလူ့ဘဝတုန်းကမနားမနေကြိုးစားရှာခဲ့တဲ့အရာတွေ…ဒီတော့ ငါပိုင်တယ်…”

” သင်သေချာပြန်စဉ်းစားကြည့်ပါ…ဒီပစ္စည်းက သင်လူ့ဘဝတုန်းက ပိုင်ဆိုင်ခဲ့သည်ထားဦး…သင်သေသွားတဲ့အချိန်ရော သင့်နောက်ဘာပါသွားလည်း…သင်ရှာထားတဲ့ဒင်္ဂါးတစ်ပြားမှတောင် ပါသွားသလား…”

” မပါဘူး…မပါလို့ကိုငါကစောင့်နေရတာပေါ့…”

” ဒါဘဲလေ…သေရင်ကိုယ့်နောက်မပါတဲ့အရာကြီးကို ဘာအတွက်တွယ်ကပ်နေရဦးမှာလဲ…”

” မသိဘူး…ဒါအကုန်ငါ့အပိုင်တွေ…နင်ငါ့နေရာကနေထွက်သွား..”

” ဖုန်း…ဖုန်း…ဖုန်း…”

သရဲကြီးက မောင်ထင်ပေါ်ပြောသည်ကိုနားမထောင်ဘဲ ရန်လုပ်ကာ လက်သီးကြီးဖြင့်မောင်ထင်ပေါ်ကိုထုသတ်၏။ မောင်ထင်ပေါ်က အကာအကွယ်အင်းဖြင့် ကာထားလိုက်ရာ သရဲကြီးမှာ အနောက်သို့လွှင့်ထွက်သွား၏။ ပြီးနောက်သရဲကြီးသည် ကြောက်မက်ဖွယ်ရာ ရုပ်ဆင်းသဏ္ဍာန်ကိုဖန်ဆင်းပြီး ခြောက်လှန့်၏။ သို့သော် မောင်ထင်ပေါ်က ကြောက်လန့်မှုတစ်စုံတစ်ရာမရှိ။

” တော်တော့…သင်ကျွန်ုပ်ကိုအမျိုးမျိုးခြောက်လန့်နေလည်းအလကားပါဘဲ…သင်ကျွတ်လွတ်ချိန်ရောက်ပြီ…သင်တရားရပါတော့…”

” ဒီအရာတွေအကုန်လုံးငါ့အပိုင်တွေ… ငါဘယ်မှမသွားဘူး…ငါဒီမှာဘဲနေမှာ..သင်သာဒီနေရာကနေထွက်သွား…”

” ပြောမရရင်တော့ ကျုပ်ကို အဆိုးမဆိုနဲ့ပေါ့…သင်ဒီထက်ကောင်းတဲ့ဘဝကိုရောက်ဖို့်ငါ့မှာတာဝန်ရှိတယ်…ဒီတော့သင်လက်မခံလည်း မတတ်နိုင်ဘူး….”

ဆိုပြီး လွယ်အိတ်ထဲမှ အချုပ်အင်းကိုထုတ်ကာ သရဲကြီးကိုချုပ်ထားလိုက်၏။

” အား….ပူတယ်…ပူတယ်…လွှတ်…ငါ့ကိုလွှတ်…”

” ငါဆိုတဲ့အတ္တစွဲကို ဖြုတ်နိုင်ရင်သင်လွှတ်ပြီ…”

သရဲကြီးမှာရုန်းလေကြပ်လေဖြစ်ပြီး နောက်ဆုံး၌စိတ်လျှော့ကာ အတိတ်ဘဝမှမိမိ၏အကြောင်းကိုပြန်လည်စဉ်းစားမိနေတော့သည်။ ဘဝတစ်ခုမှသူသည် အလွန်ကြွယ်ဝသော သူကြွယ်တစ်ယောက်ဖြစ်ခဲ့ဖူး၏။ သူသည် ချမ်းသာကြွယ်ဝသလောက် အလှူအတန်းနည်းလွန်းလှသည်။ ပေးကမ်းချီးမြှင့်ဖို့ရန်တစ်ခါမှမတွေးဖူးခဲ့ချေ။ တစ်နေ့သူကြွယ်ကြီးက သူ့ပစ္စည်း၏တချို့တလေကို မြေအိုးထည့်ကာ မြုပ်ထား၏။ သားသမီးများကိုလည်း ထိုအကြောင်းမပြောပြဖြစ်ခဲ့ချေ။ သည်လိုနှင့် နှစ်တွေကြာလာသော်သူလည်း ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့၏။ ကျန်ရှိသည့် ပစ္စည်းများကို သားသမီးတို့ကအညီအမျှခွဲဝေယူငင်ကြ၏။ သူကားမြုပ်နှံထားသောပစ္စည်းကိုစွဲလမ်းကာ သရဲသဘက်ကြီးဘဝသို့ရောက်ခဲ့ရလေသည်။

သရဲကြီးသည် သူ့ဘဝကိုပြန်တွေးမိပြီး နောင်တရသွားသည်။ လှူနိုင်တန်းနိုင်ပါရက်နဲ့ မလှူဒါန်းခဲ့သောကြောင့်ယခုလိုဆင်းရဲလှသောဘဝကိုရောက်ခဲ့ရကြောင်း သဘောပေါက်သွား၏။

” ငါနောင်တရပါပြီဆရာ…ဒီပစ္စည်းတွေကိုငါ့အတွက်ရည်စူးပြီးကောင်းမှုကုသိုလ်လုပ်ပေးပါ…ကလေးမလေးကိုလည်း ငါမဖမ်းစားတော့ဘူး…လွတ်ပေးလိုက်ပြီ…ငါ့ကိုလည်းဒီဘဝကနေကျွတ်အောင်လုပ်ပေးပါဆရာ…”

” သင့်ဆီကဒီစကားကြားရတော့ သိပ်ကိုဝမ်းသာတာဘဲ…စိတ်ချသင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရမယ်…မနက်ဖြန်ကရက်ရာဇာဘဲ သင့်အတွက်ဒီအိမ်မှာ ကောင်းမှုကုသိုလ်လုပ်ပေးမယ်…သာဓုခေါ်ဖို့်စောင့်နေပါ…”

” ဟုတ်ကဲ့ဆရာ…”

ထိုနေ့၌ အိမ်ရှင်ကိုခေါ်ပြီး အိမ်ကိုသန့်ရှင်းရေးလုပ်၏။ ဘုရားပန်း၊ရေချမ်းလဲ၏။ သရဲကြီးပိုင်ဆိုင်ခဲ့သော ရွှေဒင်္ဂါးပြားများကိုလည်းထုခွဲရောင်းချပြီး လိုအပ်သောနေရာများတွင်လှူဒါန်းရန်ပြင်ဆင်ထားလိုက်၏။ နောက်နေ့တွင်ကား အိမ်အသစ်ကြီးသို့ဘုန်းကြီးပင့်ကာ တရားနာရေစက်ချ၏။ ကောင်းမှူကုသိုလ်အစုစုတို့ကိုလည်း သရဲကြီးကို အမျှဝေပေး၏။ ထိုနေ့မှစ၍အိမ်ကြီးတွင် ဘာအနှောင့်အယှက်မှမတွေ့ရတော့ချေ။ သရဲကြီးသည်လည်း ကျွတ်လွတ်ရာဘုံဘဝ သို့ရောက်ရှိသွားသကဲ့သို့ မောင်မြတ်တို့ မိသားစုသည်လည်း အိမ်အသစ်လေးထဲ၌ သက်တစ်ဆုံးနေထိုင်သွားကြတော့သည်။…..။

(စိတ်ကူးမျှသာဖြစ်သည်။ စာရှုသူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာကြစေသောဝ်)

#ပြီး
# ခွန်း