မြင်လိုက်ပြီး ဖျားလို့
ဆေးရုံ ရောက်သွားသေးတယ်။
ကျနော့်ကိုလည်း အိပ်မက်တွေပေးပြီး ပြောတယ် ”
ကိုတင်ဝင်းက တောင်ဒဂုံ(…)ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာ
နေသည်။ ကိုကျော်နိုင်တို့ ငှားနေသော အိမ်နှင့် ခြံခြင်းကပ်ရက်
ဖြစ်သည်။ (…)ရပ်ကွက် စျေးကြီးမှာ ကြက်သားကို
အကြီးအကျယ် ရောင်းခဲ့သည်။
တစ်ရက်ကို ကြက်အကောင် ငါးဆယ်၊ ဘဲ ဆယ်ကောင်
အမြဲကုန်သည်၊
လက်ကျန်ရှိလျှင် ညနေပိုင်း ကိုတင်ဝင်းက စျေးထွက်သည်။
ဇနီးဖြစ်သူ မခင်မြက နောက်နေ့အတွက် ရောင်းရန်
ကြက်ဘဲ စျေးသို့ ဆင်းသည်။
ထိုဝယ်လာသော ကြက်အရှင်များကို ညသုံးနာရီထပြီး
ရေနွေးအိုးတည်သည်။ ကြက်သတ်ရေနွေးစိမ် အမွေးနှုတ်သည်။
လင်မယားနှစ်ယောက် တက်ညီလက်ညီ လုပ်ကိုင်သဖြင့်
မနက်ငါးနာရီခွဲခန့် အားလုံးပြီးစီးပြီဖြစ်သည်။
ခြောက်နာရီဆိုလျှင် ဆိုင်ပေါ်ရောက်နေပြီ။
ထိုကဲ့သို့ အိမ်ထောင်ကျပြီးမှ လင်မယားနှစ်ယောက်
တက်ညီလက်ညီကြက်သတ်ရောင်းချလာသည်မှာ
ဆယ်စုနှစ် တစ်စုပင် ရောက်ခဲ့ပြီ။
တစ်နှစ်နီးပါးခန့်ရှိပြီ၊ ခါတိုင်းသတိမထားမိ၍
ကြက်ပျောက်သည်ကို မသိ၊ ပျောက်သည်က
နှစ်ပေါင်းဘယ်လောက်ကြာခဲ့သည် မသိ။
ယခု သိပြီးသည့် နောက်ပိုင်း တစ်နှစ်ခန့်
နေ့စဉ်သတိထားသည့်အတိုင်း ပျောက်မြဲ
ပျောက်နေသည်။
ထူးခြားသည်မှာ ကြက်အကောင်ငါးဆယ်၊
ဘဲအကောင် တစ်ဆယ် နေ့စဉ် အမွေးနှုတ်ပြီး
ရေတွက်ကြည့်သည်။
အတိအကျ။ စျေးရောက်၍ စစ်ကြည့်တော့
တစ်ကောင်ပျောက်နေသည်။
ထိုကဲ့သို့ သိသည့်အချိန်က ဇနီးဖြစ်သူလည်း
ကိုတင်ဝင်းကို စွတ်စွဲသည်။ အရက်နှင့် သောက်ရန်
ဖွက်ထားသည်ဟု ဆိုသည်။
စျေးမသွားခင် ရန်ဖြစ်သည်။ စျေးမှာလည်း
ဖြစ်သည်။ ကြာတော့ တစ်ယောက်ကို တစ်ယောက်
စောင့်ကြည့်လာခဲ့သည်။ ထိုသို့ သတိထားသည့်
ကြားကပင် ပျောက်မြဲ ပျောက်နေသည်။
ခွေးဝင်ဆွဲသည်လည်း မဖြစ်နိုင် ။အကောင်တစ်ကောင်ကောင်
ဝင်ဆွဲသည်ကိုလည်း မသိ၊ မတွေ့ခဲ့၊ အားလုံးပြီး၍
စျေးသွားတော့မည်ဆိုလျှင် တစ်ကောင်ကတော့
ပျောက်မြဲ ။
ကြာတော့လည်း ရေတွက်မနေတော့ ၊လုပ်ရမည့်အလုပ်ကို
နေ့စဉ်သာ ပုံမှန်လုပ်တော့သည်။
ကိုတင်ဝင်းတို့မှာ သားသမီးလေးယောက်ရှိသည်။
အကြီးဆုံးသမီးက ဆယ်နှစ် ၊ စတုတ္ထတန်းတက်နေသည်။
ဒုတိယသားက ခြောက်နှစ်၊ ပထမတန်းဖြစ်သည်။
တတိယသားက လေးနှစ်၊ ကျောင်းမထားရသေး။
အငယ်ဆုံးသမီးလေးက တစ်နှစ်နဲ့ ရှစ်လ ရှိပြီး
အငယ်ဆုံးနှစ်ယောက်က ကိုတင်ဝင်း၏
မိခင်နှင့် အတူ အိပ်သည်။
အဘွားကလည်း မြေးနှစ်ယောက်ကို ထိန်းပြီး အိမ်၏
ချက်ရေးပြုတ်ရေးကို တာဝန်ယူထားသည်။
လင်မယားနှစ်ယောက်ကတော့ မနက်စျေး၊
ညစျေး၊ ကြက်ဘဲစျေးနှင့်သာ အချိန်ကုန်နေသည်။
တစ်ရက် အဘွားနှင့် အိပ်နေသော သ္မီးငယ်က
နိုးလာပြီး မိခင်နှင့် ဖခင် ကြက်သတ်အမွေးနှုတ်နုတ်နေရာ
အနီးမှာ လာထိုင်နေသည်။
“အား ”
“ကြောက်တယ် …ကြောက်တယ် …သရဲ …သရဲ”
“ဟင် …သမီးလေး၊ ဘာဖြစ်တာလဲ ၊ ဘာတွေ့လို့လဲ
အမေ …အမေ ”
“ဟဲ့ …ဘာလဲ ”
“ကလေးနိုးလာတာ အမေ မသိဘူးလား”
သမီးက ရုတ်တရက် လန့်ငိုသဖြင့် ထိုင်မရ၊
ထမရ ဖြစ်နေသော ကိုတင်ဝင်းတို့လည်း ဘာလုပ်ရမှန်းမသိ
ဖြစ်နေသည်။အဘွားဖြစ်သူက ကလေးအနီး
ရောက်လာသည်။
“ဝါး …ဝါး …ကြောက်တယ် …သရဲကြီး”
ကလေးက အိမ်နောက်ဘက်က ဘာကိုမြင်ပြီး
ကြောက်လန့်နေသည် မသိ။ ထိတ်လန့်နေသည်။
အဘွားဖြစ်သူက ကလေးကို ပွေ့ချီထားသည်။
“ဘာဖြစ်လို့လဲ …နင်တို့ ငါ့မြေးကို …ရိုက်လိုက်လား.၊
အော်ထုတ်လိုက်လား”
သူထွက်လာတာတောင် မသိလိုက်ဘူး၊
အသံဗြဲကြီးနဲ့ ထအော်လိုက်မှ သိကြတာ”
“ဝါး …ဝါး …ဝါး”
အိမ်ထဲက အကြီးမလေး နိုးလာသည်။
“မသိဘူး အသည်းအသန် အော်ငိုနေတာပဲ
ရေ တစ်ခွက် ခပ်ပေးစမ်း ”
“သမီးလေး …ဘာမှ မရှိဘူး …မကြောက်နဲ့ ”
“ကြောက်တယ် …ကြောက်တယ် …သရဲရှိတယ်”
ကလေးက မီးဖိုခန်း အနောက်ဘက်သို့ မျက်လုံးမှိတ်
အော်ရင်း လက်ညှိုးနှင့် ထိုးပြနေပါသည်။
နောက်ဘက်မှာ ရေတိုင်ကီနှင့် ရေအိုးတို့ ရှိသည်။
တံခါးပိတ်ထား၍ မဖြစ်၊ ကိုတင်ဝင်းက ထိုအနီးမှာထိုင်ကာ
ကြက်သတ် ၊ ရေနွေးဖျော အလုပ် လုပ်ရသည်။
ရေနွေးဖျောသည့်အလုပ်ပြီးတော့ ထိုင်ရာက မထဘဲ
ကြက်မွေးကို ဆက်နုတ်သည်။ ထို့ကြောင့်
ကြက်သတ်ကြက်ကိုင်သည့် အခါတိုင်း ရေကပြင်
တံခါးပေါက် အမြဲဖွင့်ထားသည်။
ထိုတံခါးပေါက်ကို ကလေးက လက်ညှိုးနှင့် ထိုးပြပြီး
အသည်းအသန် အော်ငိုနေသည်။
အဘွားချော့သော်လည်း မတိတ်၊ အကြီးမ လက်ထဲမှာလည်း
မတိတ်၊ မိခင် ဖြစ်သူလည်း လက်ကို ဆေးကြောသန့်ရှင်းပြီး
ကလေးချီကာ ချော့သည်။ ငိုမြဲ ငိုနေသည်။
အဘွားဖြစ်သူက ထင်မြင်မိရာ ပြောနေသည်။
“ကလေး ဒီလောက်ငိုတာ မကောင်းဘူး၊ နင်တို့ ကြက်တွေ
အချိန်မတော် သတ်နေတာ၊ တစ်နေ့တစ်ကောင်
ပျောက်နေတာ ၊ တစ္ဆေသရဲတွေ ရောက်လာပြီး
ယူစားနေလားမှ မသိတာ”
“အမေကလည်းဗျာ …ဒီအချိန် ဒီစကားပြောရသေးတယ်”
“ဟဲ့ …သရဲတွေကို လူကြီးတွေက မမြင်ရပေမယ့်
ကလေးတွေ၊ ခွေးတွေက မြင်ရတယ်၊ ကလေးက မြင်လို့
အော်တာ ဖြစ်မယ် ”
မပြောပါနှင့် ဆိုပေမယ့် ၊ ကိုတင်ဝင်း၏ မိခင်က
ထိုစကားကို ပြောပြီး ကလေးကို ချော့ကာ
အိမ်ရှေ့သို့ ပြန်ခေါ်သွားသည်။
သမီးအကြီးလည်း လိုက်သည်။
မခင်မြက ကြက်မွေးနုတ်ရန် နေခဲ့သည်။
ခဏကြာတော့ သမီးကြီး ထွက်လာသည်။
ကလေး အိပ်ပျော်သွားပြီးဟု ဆိုသည်။
“ကဲ …သ္မီး သွားပြန်အိပ်အုံး၊ လေးနာရီ ဆယ့်ငါးပဲ
ရှိသေးတယ် ”
ကိုတင်ဝင်းတို့ ကြက်မွေးနှုတ်သည့်အလုပ်ကို
လက်စသိမ်းတော့ ခြောက်နာရီထိုးရန် ဆယ်မိနစ်သာ
လိုတော့သည်။ စျေးက ခြောက်နာရီဖွင့်သည်။
“နင်တို့ ကလေးက အိပ်ပျော်နေပေမဲ့ …ခဏခဏ
အော်ပြီး ညည်းနေတယ်၊ ကြောက်လန့်ပြီး
အဖျားဝင်နိုင်တယ်၊ အဖျားကျဆေး ဝယ်ပေးလိုက်အုံး”
“မိအေးစျေးလာရင် ဝယ်ပေးလိုက်မယ် ”
အကြီးမ၏အမည်က အေးအေးမြင့်ဖြစ်သည်။
မနက် ခုနှစ်ခွဲခန့် အမြဲစျေးသို့ သွားပြီး ဟင်းချက်စရာ
သွားယူနေကျ၊ အမြဲတမ်း ကြက်သားမစားဖြစ် ငါး၊
ဝက်သား၊ အမဲသား၊ဟင်းသီးဟင်းရွက် တစ်မျိုးမဟုတ်
တစ်မျိုး ဝယ်ထားပေးသည်။
အေးအေးမြင့်က ရှစ်နာရီမထိုးခင် စျေးမှာ သွားယူပြီး
အဘွားကို ပေးသည်။
အဘွားက ချက်ပြုတ်ပေးသည်။ ကလေးနှစ်ယောက်က
ကိုးနာရီ တက်ရသော ကျောင်းကို အချိန်နီးမှ သွားကြသည်။
ထို့နေ့က အငယ်မလေးလည်း အဘွားဖြစ်သူ ပြောသည့်
အတိုင်း ဖျားပါလေတော့သည်။
ဆေးခန်းသို့ ညဘက်လင်မယား နှစ်ယောက် သွားပြကြသည်။
ကလေးအား ဆေးထိုးဆေးတိုက်လိုက်သည်။
တစ်ရက်လည်း အဖျားမကျ၊ နှစ်ရက်လည်း အဖျားမကျ။
သို့ဖြင့် ဆေးခန်း ဆရာဝန်၏ တိုက်တွန်းချက်နှင့်
ကလေးဆေးရုံသို့ တင်လိုက်ရသည်။
သို့ကြောင့် ကြက်သားအရောင်းအဝယ်ကိစ္စကို ခဏ
နားထားပြီး ကိုတင်ဝင်းက အိမ်မှာ သွားလိုက်လာလိုက်
လုပ်နေရသည်။ ထမင်းလည်း ပို့ရသည်။
ကြက်အရောင်းအဝယ် နားထားသဖြင့် ကိုတင်ဝင်း
အိပ်ရေးဝဝအိပ်ရတော့သည်။
ဆေးရုံ တင်လိုက်ပြီးနောက် နှစ်ရက်မြောက်အရောက်
ကလေးသက်သာလာသည်။ ဆေးရုံက ပြန်ဆင်းခွင့်
မပေးသေး၊ နောက်ရက်မှ ကလေးအခြေအနေ ကြည့်ပြီး
ဆင်းခွင့်ပေးမည်ဟု ဆိုသည်။
ကိုတင်ဝင်းလည်း အိမ်မှာ နှစ်ညအိပ်ရေဝဝ
အိပ်လိုက်ရသည်၊ ဒီညလည်း ကိုးနာရီခွဲပြီး
အိပ်ရာဝင်လိုက်သည်။ မနက်သုံးနာရီခန့်အရောက် …
ဘုံး …ဘုံး
ဘုံး …ဘုံး
အိပ်ထရံကို ထုနေသည့်အသံကြောင့် ကိုတင်ဝင်း
လန့်နိုးသွားသည်။
ကိုတင်ဝင်း ထထိုင်လိုက်သည်။ အသံက အိမ်ရှေ့က
မဟုတ်။ နောက်ဘက်ရေကပြင် မီးဖိုချောင်တံခါးမှ
ဖြစ်ကြောင်း သိလိုက်သဖြင့် ထိုတံခါးကို သွား၍
ဖွင့်ပေးလိုက်သည်။
“ဟင် ”
ကိုတင်ဝင်း မြင်လိုက်ရသည်က အရပ်ခုနှစ်ပေခန့်
ရှိသည့် ထွားထွားကျိုင်းကျိုင်း လူကြီးတစ်ယောက်
ခေါင်းပေါင်း ပေါင်းထားသည်။
“ဘယ်လိုကြောင့် တံခါးဖွင့်ခိုင်းတာလဲ …ခင်ဗျား
ဘယ်သူလဲ ”
“ကျုပ်က ခင်ဗျားတို့ အနီးမှာနေတဲ့ မိတ်ဆွေပါ။
ခင်ဗျား သမီးလေး နေမကောင်းလို့ စိတ်ပူနေလား”
“ပူတာပေါ့ …အခုဆို ကလေးက ဆေးရုံမှာ သုံးရက်
ရှိသွားပြီ။ ကျုပ်လည်း စျေးမရောင်းရတာ
သုံးရက်ရှိသွားပြီး ဘယ်လောက်အထိ နေရအုံးမလဲ
မသိဘူး၊ ခင်ဗျားက လူမဟုတ်ဘူးထင်တယ် ”
“ခင်ဗျားထင်သလိုပါပဲ …လူတော့ မဟုတ်ပါဘူး၊
ခင်ဗျားကလေး ဒီနေ့ ဆေးရုံက ဆင်းရမှာပါ။
ကျုပ်က ခင်ဗျားတို့ကို ကူညီပေးချင်ပါတယ်
ခင်ဗျား တို့မိသားစုလည်း ကျုပ်ကြောင့် အလုပ်ပျက်၊
အကိုင်ပျက် ဖြစ်နေရတာ စိတ်မကောင်းပါဘူး ”
“ခင်ဗျားကြောင့် ကလေးဖြစ်တာဆိုတော့
ခင်ဗျားက ဘာလုပ်လိုက်လို့လဲ ”
“ကျုပ်က ကြက်ကို တစ်ညတစ်ကောင် ဝင်ပူးပြီး
စားနေတဲ့ ခင်ဗျားတို့ရဲ့ ခြံနောက်ဘက်ထောင့်
မအူပင်ကြီးပေါ်က တစ္ဆေကြီးပါ။ အဲဒီနေ့က
ရေကပြင်မှာ အမွေးနုတ်ပြီး ချထားတဲ့ကြက်ကို
ဝင်အယူမှာ အိပ်ရာက နိုးလာတဲ့ကလေးက
ကျုပ်ကိုမြင်ပြီး လန့်အော်တာ ”
“ခင်ဗျား ကလေးကို ခြောက်လိုက်တာလား”
“ပြူးပြူးပြဲပြဲ ခြောက်လှန့်လိုက်ရင် ခင်ဗျားကလေး
သေသွားမှာ၊ ကျုပ်ချက်ချင်း ကြက်ကို ဆွဲပြီး
နောက်ကြောင်း ပြန်လှည့်ပြေးခဲ့ရတာ”
“ခင်ဗျားကို မမြင်ရတာ ထားပါတော့၊ ယူသွားတဲ့
ကြက်ကို ကျုပ်တို့ ဘာကြောင့် မမြင်ရတာလဲ ”
“ဒါကတော့ ရှင်းပါတယ် ၊ ကြက်ကို ကျုပ်လက်နဲ့
ထိလိုက်လို့ ခင်ဗျားတို့ မမြင်ရတာ။ ကြက်ကို
လေထဲကနေ ငါ့ဆီလာဆိုရင် ကြက်ကြီးကို
ခင်ဗျားကို မြင်ရမှာ…ကျုပ်လက်နဲ့ ထိလို့
မမြင်ရတာ”
“ခင်ဗျားက အခုလို အမြဲနှိုက်စားနေတော့
ကျုပ်တို့ ရမယ့် အမြက်က တစ်စတစ်စလျော့သွားတာပေါ့၊
တစ်ရက်ကို တစ်ကောင်၊ တစ်လကို အကောင်သုံးဆယ်၊
တစ်နှစ်ကို အကောင်သုံးရာခြောက်ဆယ့်ငါးကောင်၊
တန်ဖိုးတွက်လိုက်ရင် နည်းမှတ်လို့ ”
“ကျုပ်လည်း ဗိုက်ဆာလို့ စားရတာပါ။
ခင်ဗျားတို့ကို မခြောက်မလှန့်ပါဘူး။
ခင်ဗျားတို့ ဒီခြံမှာ မနေခင်ကတည်းက
ကျုပ်ရှိတာ။ ဘယ်သူ့ကိုမှလည်း မခြောက်လှန့်ဘူး။
ကျုပ် နာမည်က နက်မှောင်၊ တစ္ဆေနက်မှောင်ပေါ့။
အခုစားစရာတွေကို စားတာခွင့်လွှတ်ပါ။
ခင်ဗျားသမီး နေကောင်းနေပြီး ဒီနေ့
ဆေးရုံက ဆင်းရလိမ့်မယ် ”
“နောက်ကိုလည်း အခုလို ယူစားနေမှာလား
ကျုပ်တို့လည်း စျေးသည်၊ ဝယ်စားနိုင်ရင် ဝယ်စားပေါ့ ”
“အဲဒါကတော့ …ခင်ဗျား …ညစ်တာပေါ့၊
ကျုပ်က သေကတည်းက ပိုက်ဆံဆိုလို့ ကူးတို့ခ
ပေးလိုက်တဲ့ ပိုက်ဆံပဲရှိတာ”
“ကဲပါဗျာ…ခင်ဗျားကို လှူတယ်လို့ပဲ မှတ်ပါတယ်၊
ကလေးတွေတော့ မမြင်ပါစေနဲ့၊ ကျုပ်အိမ်ကိုလည်း
သူခိုးသူဝှက်ရန်က စောင့်ရှောက်ပေး”
“စောင့်ရှောက်ပေးမယ်၊ ငါ ကူညီနိုင်တာ တစ်ခုရှိသေးတယ်
မနက်မင်းကို သုံးနာရီနှိုးပေးမယ် ”
“ဘာလို့ နှိုးမှာလဲ ”
“အိမ်ထရံကို ပုတ်ပြီး နှိုးပေးမယ် …ဒါမှ ငါယူစားရတာ
စိတ်ဖြောင့်မှာ”
“အင်း …ထရံပုတ်ပြီး နှိုးမှာဆိုတော့ မဆိုးပါဘူး။
ကလေးဆေးရုံက ဆင်းရင် ကြက်သားပြန်ရောင်းရမှာပဲ ”
“ကဲ ကျုပ်သွားပြီ”
တစ္ဆေကြီးအနီးက ပျောက်သွားသည်။ ထိုအခါမှ
ကိုတင်ဝင်း တကယ်နိုးလာသည်။
“ဟင် …ငါ …ငါ …အိပ်မက် မက်နေတာပါလား ”
အပေါ့သွားချင်၍ နိုးလာမှ အိပ်မက်နေကြောင်း
သိလိုက်သည်။ သို့ကြောင့် အပေါ့သွားရန် ရေကပြင်
တံခါးဖွင့်၍ အောက်ဘက်သို့ ဆင်းလိုက်သည်။
အပေါ့ထိုင်သွားရင်း ခြံနောက်က မအူပင်ကြီးကို
မရဲတရဲ ကြည့်လိုက်မိသည်။
အားလုံး ငြိမ်ငြိမ်သက်သက် ရှိနေသည်။
ကိုတင်ဝင်း အိမ်ပေါ် ပြန်တက်ပြီး အိပ်လိုက်သည်။
မနက်ခြောက်နာရီကျော်မှ နိုးလာသည်။
“အမေ …ဒီမနက် ထမင်းချိုင့် ယူမသွားတော့ဘူး။
ဒီနေ့ဆင်းရမယ်လို့ ပြောတယ်။ အိပ်ကျမှ စားကြမယ် ”
“မင်းက အိမ်ကနေပြီး ဆုံးဖြတ်ချက် ချနေတယ်
ဟိုရောက်မှ ဆင်းရမလား၊ မဆင်းရဘူးလား
သိမှာမဟုတ်လား ”
“ကဲပါ အမေရာ၊ ကျနော်မျက်နှာသစ်ပြီး လက်ဖက်ရည်ဆိုင်
ထိုင်အုံးမယ်၊ ဆိုင်ကပဲ တစ်လက်စတည်း ဆေးရုံသွားလိုက်မယ် ”
“မင်းမိန်းမ…မနက်စာ စားဖို့ ယူသွားအုံးလေ”
“ဟိုဘက်မှာ မုန့်ဟင်းခါးဖြစ်ဖြစ်၊ အသုပ်ဖြစ်ဖြစ်
ဝယ်ကျွေးလိုက်မယ် ”
“အေး …ဝယ်သွားမယ်ဆိုလည်း ပြီးရော၊
ငါတောင် သက်သာသေးတယ် ”
ကိုတင်ဝင်းလည်း မျက်နှာသစ်ပြီး အဝတ်အစားလဲကာ
လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့တော့သည်။
XXXXX
အိပ်မက်ထဲက တစ္ဆေကြီးပြောသကဲ့သို့
ဆေးရုံရောက်တော့ ဇနီးဖြစ်သူက ဆေးရုံမှဆင်းရန်
အားလုံးပြင်ဆင် သိမ်းဆည်းထားပြီးပြီ။
“ဆရာဝန်ကြီးက ဆင်းလို့ရပြီတဲ့၊ အဲဒါကြောင့်
အဆင်သင့်ဖြစ်အောင် သိမ်းဆည်းထားတာ၊
ကလေးကလည်း မြင်တဲ့အတိုင်းပဲ လန်းဆန်းနေပြီ”
“ငါလည်း ဒီမနက်ဆင်းရမယ်ဆိုတာ သိနေလို့
အိမ်က ထမင်းချိုင့်တောင် ယူမလာဘူး။
ရော့ …မင်းအတွက် အသုပ်တစ်ပွဲတော့ ဝယ်ခဲ့တယ် ”
“စောစောကပဲ မအေးမြင့်ကို လူကြုံမှာပြီး
မုန့်ဟင်းခါး စားထားပြီးပြီ”
“မအေးမြင့်က ကုတင်ချင်းကပ်ရက်က အသိမိတ်ဆွေ
ဖြစ်သည်။ မအေးမြင့်အား အသုပ်ပါဆယ်ထုပ်ကို
ပေးလိုက်သည်။ ဆရာမကို အသိပေးပြီး ဆေးရုံက
ပြန်ဆင်းခဲ့ကြသည်။
နေ့ဆယ့်တစ်နာရီခန့် အိမ်ပြန်ရောက်သည်။
ကလေးသက်သာပြီဖြစ်၍ တက္ကစီငှားပြီး ကိုတင်ဝင်းက
ကလေးနှင့် ပြန်ခဲ့သည်။ ဇနီးဖြစ်သူ မခင်မြက
ကြက်ဘဲစျေးသို့ တစ်ခါတည်းသွားပြီး မနက်စျေးထွက်ရန်
ကြက်ဘဲ သွားဝယ်သည်။
နေ့တစ်နာရီခန့် မခင်မြ ပြန်ရောက်လာသည်။
ပထမနေ့ ဖြစ်၍ ကြက်အကောင်သုံးဆယ်နှင့်
ဘဲဆယ်ကောင် ဝယ်ခဲ့သည်။
သို့ဖြင့် ညဆယ်နာရီခန့် အိပ်ရာဝင်ခဲ့ကြသည်။
ကလေးက နေကောင်းပြီဖြစ်၍ အဘွားနှင့် သွားအိပ်သည်။
ဘုံး …ဘုံး …ဘုံး
အိမ်နောက်ဘက် ထရံကို တဘုံးဘုံး ပုတ်နေသည့်အတွက်
ကိုတင်ဝင်းတို့လင်မယား နိုးလာသည်။
နာရီကိုကြည့်လိုက်တော့ သုံးနာရီထိုးပြီ။
“ဟင် …သုံးနာရီလည်း ထိုးပြီ…ရှင်ကြားလိုက်လား။
တဘုံးဘုံးနဲ့ ဘယ်သူထုနေတာလဲ မသိဘူး”
“ကြားလို့ နိုးလာတာ၊ ဘယ်သူများ အိမ်ထရံကို
လာပုတ်နေလဲ မသိဘူး ”
ကိုတင်ဝင်းကတော့ သိလိုက်သည်။ ခြံနောက်ဘက်က
တစ္ဆေကြီး လာနှိုးခြင်းဖြစ်သည်။
ထိုအကြောင်းကို မခင်မြကို ပြောမပြရန် ဆုံးဖြတ်ထားသည်
သိသွားပါက မနက် မထရဲဟုဆိုပါက ကြက်သတ်ခြင်း၊
ရေနွေးစိပ်ခြင်း၊ အမွေးနုတ်ခြင်းတို့ကို သူတစ်ယောက်တည်းသာ
လုပ်ရနိုင်သည်။ သို့ကြောင့် သရဲကြီးအကြောင်း ပြောမပြခဲ့။
ခဏအကြာ ကိုတင်ဝင်းတို့ လင်မယားလည်း
အိပ်ရာက ထခဲ့သည်။
မျက်နှာသစ်ပြီး ရေနွေးတည်ရန် မီးမွှေးသည်။
ရေနွေးဆူတော့ ကိုတင်ဝင်းက ကြက်သတ်ခြင်းကို
စလုပ်တော့သည်။
ကြက်သတ်ခြင်းပြီးတော့ ဘဲဆယ်ကောင်ကို စကိုင်လိုက်သည်။
“ဟာ …ဘဲတစ်ကောင် လွတ်သွားပြီ ၊ ဘယ်လိုဖြစ်ရတာလဲ
မိန်းမ ငါ့ကို ဓါတ်မီးပေးစမ်း ”
ဂတ် …ဂတ် …ဂတ်
ကိုတင်ဝင်းလည်း ဘဲကိုသတ်ရန် ခြင်းထဲမှာ
နှိုက်ယူလိုက်စဉ် လက်ထဲက လွတ်သွားခြင်း ဖြစ်သည်။
အိမ်အောက်သို့ ဆင်းပြီး ဘဲနောက်လိုက်သည်
ဘဲက ခြံအတွင်း လှည့်ပတ်ပြေးရုံမက အခြားသော
ခြံများဘက်သို့ ထွက်ပြေးသည်။
သူတို့ခြံက ပေနှစ်ဆယ်ဖြစ်သော်လည်း အနီးအပါးရှိ
ခြံများက စည်းရုံးကာရံမထားသဖြင့် ဘဲသွားသမျှ
လိုက်ရတော့သည်။
ကိုတင်ဝင်း တစ္ဆေကြီးကို သတိရသွားသည်။
“မိတ်ဆွေကြီး ကူညီပါအုံးဗျာ၊ ဘဲတစ်ကောင် လွတ်သွားလို့
လိုက်ဖမ်းပေးပါအုံး ”
“ဒီကစောင့် အခု ဖမ်းခဲ့မယ် ”
အံ့သြဖွယ်ကောင်းအောင် အနီးက အသံသြသြတစ်သံ
ကြားလိုက်သည်။
ခဏမျှအကြာ ကိုတင်ဝင်းရှေ့မှာ ဘဲတစ်ကောင်
မသေမရှင် ပြုတ်ကျလာသည်။
“တော်ပါသေးရဲ့၊ ကျေးဇူးပါပဲ …နို့မို့ဆို
ဘယ်အချိန်ထိ ရှာရအုံးမလဲ မသိဘူး”
ကိုတင်ဝင်းက ဘဲကိုယူပြီး အိမ်ထဲ ပြန်ဝင်လာခဲ့သည်။
“ဟိုဘက်ခြံက မိလာခဲ့တာ ”
ထုံးစံအတိုင်း အားလုံးပြီး၍ အားလုံးစစ်ဆေးလိုက်သည်။
ကြက်တစ်ကောင် လျော့နေသည်။
နောက်ညရောက်၍ မနက်သုံးနာရီထိုးသည့်နှင့် ထရံကို
တဘုံးဘုံး ထုရိုက်ပြီး နှိုးပြန်သည်။
ဇနီးဖြစ်သူလည်း နိုးသည်။ သူလည်း နိုးသည်။
ကလေးအချို့နှင့် မိခင်ကြီးပါ နိုးသွားသည်။
ထိုထရံပုတ်သည့်ကိစ္စအား ကိုတင်ဝင်းက မအူပင်ကြီး
အောက်သို့ သွားပြီး မနက်ထရံမပုတ်ရန် တောင်းပန်သော်လည်း
မနက်သုံးနာရီထိုးသည်နှင့် ပုတ်မြဲ ပုတ်သည်။
တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်း မဟုတ်၊
နေ့စဉ်ရက်ဆက် တဘုံးဘုံး ထုနေသည်။
တစ္ဆေကြီးအကြောင်း ကိုတင်ဝင်းမပြောလည်း
တစ်အိမ်လုံး သိသွားသည်။
ကိုတင်ဝင်းကလည်း သရဲကြီး ကြက်ယူစားနေသည့်
အကြောင်းပါ ပြောပြရတော့သည်။
ထိုအခါ ဇနီးနှင့် မိခင်တို့က ကလေးတွေ ရှေ့ရေးကို
အကြောင်းပြုပြီး အိမ်ပြောင်းရန် တိုက်တွန်းတော့သည်။
ဤအိမ်ကို အိမ်ထောင်မကျကတည်းက
ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်။
အိမ်ရှင်က အဝေးမှာ၊ စိတ်တိုင်းကျ လွတ်လပ်စွာ
နေခွင့်ရသည်။
ယခု အိမ်ပြောင်းရမည်ဟု ဇနီးနှင့် မိခင်ကြီးက
ဆိုလာသဖြင့် ကိုတင်ဝင်း ခေါင်းအတော် ခဲနေသည်။
ခြံနောက်ဘက်က တစ္ဆေကြီးကလည်း အကောင်အထည်
မပြတော့ပေမယ့် တဘုံးဘုံး ထုရိုက်နှိုးသည့်ဒဏ်ကို
သည်းမခံနိုင်ကြတော့။ ကြက်တစ်ကောင် ယူစားသည်က
အကြောင်းမဟုတ်။ အိမ်ထုရိုက်သံနှင့်အတူ
တစ္ဆေကြီးအနီးမှာ ရှိနေသည်ဟူသော အစွဲက
ဖျောက်မရ ဖြစ်နေသည်။
သို့ကြောင့် အသိမိတ်ဆွေတစ်ယောက်နှင့် တွေ့ပြီး
ဒဂုံအရှေ့ပိုင်းရပ်ကွက်သို့ ပြောင်းဖြစ်ခဲ့တော့သည်။
ထိုနေရာသို့ရောက်မှ သူ့မိတ်ဆွေက အုတ် ၊ သဲ၊
ကျောက်လုပ်ငန်း လက်စွဲလုပ်ကိုင်နေသူဖြစ်ကြောင်း
သိရသည်။ သူ၏ အကူအညီနှင့် ထိုလုပ်ငန်းကို
ပြောင်း၍ လုပ်ကြည့်သည်။
ဆောက်လုပ်ရေးလုပ်ငန်းများ ကောင်းမွန်လာသည်နှင့်
ကောင်းမွန်လာသည်နှင့် အုတ်၊ သဲ
ကျောက်လုပ်ငန်းများ အခြေအနေကောင်းလာသည်။
နှစ်နှစ်ကျော် သုံးနှစ်အတွင်း သဲကားတစ်စီး ပိုင်လိုက်သည်။
“ခင်ဗျားဒဂုံအရှေ့ပိုင်း ပြောင်းတော့ တစ္ဆေကြီးက
အိပ်မက်တွေ ဘာတွေပေးသေးလား”
“မပေးဘူး …သူလည်း ခြံထဲက မအူပင်ကြီးမှာ
စိတ်မကောင်းစွာနဲ့ ကျန်ခဲ့မှာပေါ့ ”
“ခင်ဗျား အခုလို ပြောလို့ ကျနော် တွေ့ကြုံခဲ့တဲ့
အတွေ့အကြုံတစ်ခုကို ပြောပြအုံးမယ်
ဒဂုံအရှေ့ပိုင်းမှာပဲ ဆိုပါတော့ (၅ )ရပ်ကွက်မှာ
ကြုံတာ ”
စျေးလေးမှာ မနက်စျေးထွက်ဖို့ ကြက်ဘဲစျေးက
ကြက်တွေ သွားဝယ်ကြတာပေါ့ ။ဒိုင်နာကားနဲ့
တင်လာပြီး (၇ /၈)လမ်းဆုံမှာ ကားရပ်လို့
ကိုယ့်ကြက် ကိုယ်ခွဲယူကြသည်။
ညနေသုံးနာရီနဲ့ လေးနာရီကြား ကိုယ့်အိမ်ကိုယ်
စက်ဘီးနဲ့ သယ်ယူသူရှိသလို ဆိုက်ကားနဲ့လည်း
သယ်ကြတယ်။
ယောမင်းကြီးလမ်းမှာရှိတဲ့ စျေးလေးကို စက်ဘီးနဲ့
(၇/၈)လမ်းဆုံကနေ ပုံမှန်သယ်ကြတယ်။
ကြက်အနည်းအများပေါ်မူတည်ပြီး စက်ဘီးနှစ်စီး
ခွဲသယ်ကြသည်။
ကျနော်က အဲဒီအချိန်ဆို နီလာလမ်းကနေ ကားမှတ်တိုင်ကို
တစ်ပတ်မှာ လေးရက်လောက် အလုပ်ကိစ္စပြီးလို့
ပြန်ခဲ့တယ်။
ကြက်သယ်ပြီး လမ်းထဲဝင်လာတဲ့ စက်ဘီးနှစ်စီးနဲ့
တိုးခဲ့တယ်။ နီလာ (၂)လမ်းထိပ်လောက် အရောက်မှာ
စက်ဘီးတစ်စီးထိုးလဲသွားတယ်
“တောက် …ငါ ဘယ်လိုမှ နင်းလို့ မရဘူး။
စက်ဘီးကို မမြင်ရတဲ့ အားတစ်ခုက ဆွဲလှဲနေတယ် ”
စက်ဘီးကို ပြန်ထောင်တော့ ဘားတန်းကို ခွတင်ထားသည့်
ကြက်များ၊ ကယ်ရီယာခုံပေါ် ခွတင်ထားသည့်ကြက်များ
တစ်ဖက်ကို အကောင်နှစ်ဆယ်နီးပါးရှိသည့်အနက်
ကြက်နှစ်ကောင် သုံးကောင်ခန့် လူနှင့်စက်ဘီးပိပြီး
လည်ပင်းရိုးကျိုးကာ သွေးစက်လက် ကျနေတော့သည်။
ထိုအခါမှသာ စက်ဘီးကို ကောင်းစွာနင်း၍ ရသွားတော့သည်။
ထိုအဖြစ်ကို မြင်သော်လည်း ဘာကြောင့်မှန်းမသိသေး။
နောက်နေ့ သုံးနာရီခန့် ကားမှတ်တိုင်ထွက်လာတော့
တိုက်တိုက်ဆိုင်ဆိုင် ကြုံပြန်သည်။
ကြက်များကို ဇောက်ထိုးဆွဲပြီး သယ်လာသော
စက်ဘီးနှစ်စီးဖြစ်သည်။
နီလာ(၂)လမ်းလွန်၍ နီလာ(၃)လမ်းထိပ် ရောက်လာသည်။
“တောက် …စက်ဘီးကို ဘယ်လိုမှ နင်းလို့ မရအောင်
နောက်က ဆွဲထားတယ် ”
ဟု ပြောပြီး စက်ဘီးသမား စက်ဘီးရပ်၍ အောက်ဆင်းလိုက်သည်။
ရှေ့က စက်ဘီးစီးနေသူက
“ဒီနေ့တော့ မင်းအလှည့်ပဲနဲ့ တူတယ်၊ ရော့ ဒီမှာ
ဘလိတ်ဓါး၊ ငါ ပြောသလို လုပ်လိုက်”
နောက်က စက်ဘီးသမားက ဘလိတ်ဓါးကို ယူပြီး
ကယ်ရီယာခုံမှာ တွဲလောင်းဆွဲထားသော ကြက်များထဲမှ
နှစ်ကောင်၏ လည်းပင်းကို ဘလိတ်ဓါးနဲ့ လှီးလိုက်သည်။
သွေးစိမ်းများက အောက်ကို ဖြာခနဲ ကျသွားသည်။
ထိုအခါမှ စက်ဘီးကို ကောင်းစွာနင်း၍ ရတော့သည်။
ထိုလမ်းသို့ ကြက်အရှင်များ သယ်လာတိုင်း
စက်ဘီးနင်းမရအောင် ဆွဲထားခြင်းကြောင့်လည်း
လှီး၍သွေးထုတ်ပေးလိုက်မှ သွားခွင့်ပြုသည့်အတွက်
နောက်ပိုင်းကြက်များ သယ်သည့်အခါ ရတနာလမ်းနှင့်
ကုန်တိုက်ဘေးလမ်းကသာ သယ်တော့မည်ဟုဆိုသည်။
နောက်တစ်ခုရှိသေးသည်။ ထိုလမ်းမှာပင် ဖြစ်ခဲ့သည်။
ဆယ့်သုံးနှစ်အရွယ်ရှိ ကောင်လေးတစ်ယောက်
သရဲကြီးနှင့် မျက်နှာချင်းဆိုင်ဆုံမိ၍ သုံးလေးရက်ခန့်
ကြောက်လန့်သွေးပျက်ပြီး အိပ်ရာထဲ လဲခဲ့သေးသည်ဟု
ကြားလိုက်ရသည်။
နီလာလမ်းအဝင်မှာ ကုက္ကိုပင်ကြီးနှစ်ပင် သုံးပင်ခန့်
ရှိသည်။ အပင်ကြီးက တစ်ပင် ရှိသည်။
ဆယ့်သုံးနှစ်အရွယ်ရှိ ကောင်လေးတစ်ယောက်
သရဲကြီးနှင့် မျက်နှာချင်းဆိုင်ဆုံမိ၍
သုံးလေးရက်ခန့် ကြောက်လန့်သွေးပျက်ပြီး
အိပ်ရာထဲ လဲခဲ့သေးသည်ဟု ကြားလိုက်ရသည်။
နီလာလမ်းအဝင်မှာ ကုက္ကိုပင်ကြီးနှစ်ပင် သုံးပေခန့်
ရှိသည်။ အပင်ကြီးက တစ်ပင်ရှိသည်။
ကောင်လေးတစ်ယောက် ထိုလမ်းထဲဝင်လာစဉ်
ကုက္ကိုကိုင်းတစ်ကိုင်းမှာ ငှက်တစ်ကောင်နားနေသည်ကို
တွေ့သဖြင့် လက်ထဲကိုင်လာသော လေးဂွဖြင့်
ထိုငှက်အား ပစ်ချလိုက်သည်။
ငှက်ကတော့ ကံမကောင်းခဲ့။ ကောင်လေး၏
လေးဂွစာမိပြီး အောက်ပြုတ်ကျလာသည်။
လူငယ်လေးလည်း ပြုတ်ကျလာသော ငှက်ကို
ကောက်ပြီး လှည့်အထွက် “ဝုန်း”ဆိုတဲ့အသံကြောင့်
နောက်လှည့်ကြည့်လိုက်သည်။
“အား …သရဲ …သရဲ …”
အရပ်ဆယ်ပေနီးပါး သရဲကြီးတစ်ကောင်ကို
တွေ့လိုက်သည်။
သရဲကြီးက လက်ဆန့်တန်းပြီး ကောင်လေးလက်ထဲက
ငှက်ကို တောင်းနေသည်။
ကောင်လေးက သရဲကို မြင်ပြီး ခြေထောက်နှစ်ချောင်း
လှုပ်မရအောင် တဆတ်ဆတ်တုန်နေတယ်။
အချိန်က ငါးနာရီခန့်သာ ရှိပေမဲ့ လမ်းထဲမှာ
လူတစ်ယောက်မှ မရှိဘူးတဲ့။
ဒါနဲ့ လက်ထဲက ငှက်အသေကောင်ကို သရဲကြီး
ရှေ့ပစ်ပေးလိုက်တယ်။
သရဲကြီးက ငှက်အသေကောင်ကို ကောက်ပြီး
သစ်ပင်ပေါ် ရိပ်ခနဲ တက်သလို မြင်လိုက်တယ်တဲ့။
သရဲက လေထဲမှာပဲ ပျောက်သွားမှ သူ့ခြေလက်တွေ
လှုပ်လို့ရတော့တယ်တဲ့။
အဲဒီတော့မှ ကြောက်ကြောက်လန့်လန့်နဲ့ အသံကုန်
အော်ပြီး အိမ်ကို ပြေးလာခဲ့တယ်။ အိမ်ရောက်တော့
အမောဆို့ သတိမေ့နေလို့ ပြန်ကောင်းအောင်
မနည်းလုပ်ယူရတယ်တဲ့။
“ကောင်လေးဆီက ငှက်သေပြန်တောင်းတဲ့ သရဲက
ကြက်သွေးစောင့်သောက်တဲ့ သရဲပဲ ဖြစ်မှာပေါ့ ”
“ဖြစ်နိုင်တာပေါ့ ၊ အဲဒီလမ်းအနီးတဝိုက်မှာ ဖြစ်ခဲ့ကြတာပဲ”
“အဲဒီလူငယ်လေး သရဲအခြောက်ခံလိုက်ရတာကတော့
တစ်လမ်းလုံး သိကြတယ်။ နောက် အဲဒီနေရာကို
အကြောင်းသိတဲ့လူတွေကတော့ ညဘက်ရှောင်ပြီး
သွားကြတာပေါ့ ”
“ကဲ …ကိုတင်ဝင်းလည်း ဆိုင်မှာ တစ်နာရီလောက်
ကြာသွားပြီ …ကိစ္စရှိရင် သွားတော့လေ၊
ကျတော်က ဒီလမ်းထဲမှာနေတယ် ။
အိမ်နံပါတ် (၆၄၀)အလယ်လောက်မှာ ရှိတယ်။
နောက်ကြုံရင်လည်း ဝင်ခဲ့လေ”
“ခင်ဗျားလည်း (၅)ရပ်ကွက်မှာ အလုပ်လုပ်နေတာ
ဆိုတော့ …အားတဲ့အချိန် (၄)ရပ်ကွက်ကို လှည့်ဝင်ခဲ့လေ။
ရွှေကောင်းကြွယ်ဆိုင်ဘေးလမ်းထဲက တဖြောင့်တည်း
ဝင်ခဲ့။ ဒါဆို ကျနော့်ဆိုင်ကို တွေ့လိုက်မယ် ”
ကိုတင်ဝင်းက လက်ဖက်ရည်ဖိုးရှင်းရန် ပိုက်ဆံထုတ်သည်။
“ဟာ …မဟုတ်တာ၊ ကျနော်က အိမ်ရှင် ကျနော်
တိုက်မလို့ ခေါ်တာ”
” အဲ …ဒါတော့ မဟုတ်သေးဘူး၊ ကျနော်က
အခု ရစရာရှိတဲ့ ပိုက်ဆံရလာလို့ တိုက်မှာ”
“ဒါဆိုလည်း ငြင်းမနေတော့ဘူး”
ကိုတင်ဝင်းက ပိုက်ဆံရှင်း နှုတ်ဆက်ပြီး ပြန်သွားတော့သည်။
ယခင် ကြက်ရောင်းစဉ်က အသွေးအမွေးနှင့် ယခုမြင်ရသော
အသွေးအမွေး မတူသည်ကို ကြည့်ရင်း ကိုတင်ဝင်း
တစ်ယောက် သာမာအာဇီဝ အလုပ်ဖြင့် ကြီးပွါးစေဟု
ဆုတောင်းပေးလိုက်မိပါသည်။
ပြီးပါပြီ
ဆရာ ဧကန်မင်း၏ “ကျွဲစီးသရဲနှင့် မဖဲဝါ ” စာအုပ်မှ.
Leave a Reply