နေထိုင်မကောင်းလျှင် ကိုယ်ဖိရင်ဖိ ပြုစုပေးတတ်သည်။ မည်သို့ပင်ဖြစ်စေ၊ အနယ်နယ် အရပ်ရပ်မှ လာရောက်စုဝေး နေထိုင်ရသည်မို့ တယောက်နှင့် တယောက် အကောင်းအဆိုး ဟူသမျှကို သည်းခံကာ ပေါင်းသင်း နေကြရသည်ပင်။
“ခင်လေးမှာ သူသာ ပြည့်စုံတယ်၊ သူသာ အကောင်းသုံးတယ်၊ သူ့မိသားစုဟာ အဆင့်အတန်း မြင့်တယ်လို့ ဂုဏ်ယူကြွားဝါ တတ်တာ ခက်တယ်ကွာ၊ ဒီအကျင့်ကို ပြင်လိုက်ရင် ပေါင်းလို့သင်းလို့ ကောင်းမယ်”
သူငယ်ချင်းများက ကွယ်ရာမှာ ဝေဖန်ကြသည်။ ခင်လေးကတော့ သူ့အမှားကိုလည်း သူမြင်ဟန် မတူ။ မှားသည်ဟုလည်း ယူဆပုံ မရ။ အပြောက အမြဲတမ်း ပိုစမြဲ။ တပါးသူကို နာသာခံခက်စေမြဲ။ တခါတခါတော့လည်း သူ့ကို ခွင့်လွှတ် ထားရသည်။ တခါတရံတော့လည်း ဒေါသ ဖြစ်ကြရသည်။
တခါက အတန်းထဲတွင် သူငယ်ချင်း ဝင်းဝင်းဆီသို့ သူ့အမေ လာလည်သည်။ အညာရပ်မှ လာသူများမို့ အဆင်အပြင်၊ အပြောအဆို၊ အနေအထိုင်က အညာဆန်သည်။ ရုပ်ရည်က ကြမ်းတမ်းသည်။ ပွင့်လင်း ရိုးသားမှု၊ မသိ နားမလည်မှုကလည်း တက္ကသိုလ် ကျောင်းတော်သူတွေ ကြားမှာ ရယ်စရာ ဖြစ်နေသည်။ သို့သော် သူငယ်ချင်း တယောက်၏ အိမ်မှ လာလည်သည် ဆိုလျှင်ပင် ကျန်လူများကလည်း ကိုယ့်မိဘဆွေမျိုး လာသလိုပင် ဝမ်းသာပျော်ရွှင်စွာ ဝိုင်းအုံကြမြဲ။ ခင်လေးကတော့ ဘေးဖဲ့၍ ထွက်နေသည်။
ဝင်းဝင်းက သူ့အမေကို အခန်းဖော် သူငယ်ချင်းတွေနှင့် တယောက်ချင်း မိတ်ဆက်ပေးသည်။ ခင်လေးသည် သူ့အလှည့် မရောက်ခင် နေရာမှ ထသွားလေသည်။ ပြီးတော့ တဖက်ခန်းမှာ အတင်း သွားပြောသည်တဲ့။
“ဘယ်လို ပုံတွေမှန်းလဲ မသိပါဘူးကွာ၊ တောပုံတွေ၊ ကြည့်လို့ကို မရဘူး”
ဝင်းဝင်းက ပြန်ကြားတော့ မကျေမနပ် ဖြစ်ရသည်။
“အားလုံး နယ်ကလာတဲ့ သူတွေချည်းပဲ၊ သူကတော့ ဘာမို့လို့လဲ။ ဒီလောက်တောင် ကြီးကျယ်ဖို့ မလိုပါဘူး”
ဝင်းဝင်းသည် ထိုအချိန်မှစ၍ ခင်လေးကို စကားမပြောတော့။ မိဘနှင့် ပတ်သက်၍ အစော်ကားခံရတော့ ဝင်းဝင်း နာကျည်း၍ မဆုံး။ အသက်အကြီးဆုံး မမလွင်ကတော့ တယောက်နှင့် တယောက် ခွင့်လွှတ်သည်းခံဖို့ အမြဲပဲ ဆုံးမလေသည်။
“သူ့ကို တနည်းနည်းနဲ့ ဆုံးမမှပဲ ရမယ် မမလွင်၊ သူငယ်ချင်းလို စိတ်ထားလို့ကို မရဘူး။ မနေ့က နွဲ့မူမှာ ကော်ဖီမှုန့် ကုန်နေလို့ ကော်ဖီတဇွန်းလောက် ချေးပါ၊ မနက် ပြန်ဝယ်ပြီး ပြန်ပေးမယ် ပြောတော့ အချေးအငှါး ဝါသနာ မပါလို့ ယူလိုက်ပါတဲ့။ တကယ်ဆို သူငယ်ချင်းချင်းပဲကွာ၊ ချေးမနေနဲ့၊ ယူသောက်ပါလို့ ပြောရင် ဘယ်လောက် နားဝင်ချိုမလဲ”
“အပြောမတတ်တာပါ နွဲ့မူရယ်”
“လွန်တယ် မမလွင်၊ နွဲ့မူရဲ့ နီလာကျောက်ကိုလဲ သေသေချာချာ ကြည့်ပြီး ရိုင်းလိုက်တာတဲ့။ သူတို့ကတော့ လက်ဝတ်တန်ဆာ ဆိုရင် စိန်နဲ့ ရွှေပဲ ဝတ်တတ်တယ်တဲ့။ သူ့မှာဖြင့် စိန်နားကပ် သေးသေးလေး တရံတည်း ရှိတာများ …”
မမလွင်က ပြုံးနေသည်။ မမလွင်သည် နွဲ့မူတို့ထက် အလွန်ဆုံး ကြီးလှမှ သုံးနှစ်လောက်သာ ရှိမည်။ သို့သော် တည်ငြိမ်ရင့်ကျက် လွန်းသည်။ ဘာမဆို သည်းခံသည်။
“ခင်လေးဟာ တချိန်ကတော့ ချမ်းသာတဲ့ မိဘက ပေါက်ဖွားခဲ့တယ်နဲ့ တူပါတယ် နွဲ့မူရယ်။ ခုချိန်မှာတော့ သူ့မိဘတွေလဲ စီးပွားပျက်နေပုံပါ။ အထည်ကြီးပျက် ဆိုတာမျိုးပေါ့။ သူ့လိုလူမျိုးက အမှန်အတိုင်း ရင်ဆိုင်ရမှာ ဝန်အလေးတတ်ဆုံးပဲ။ အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားရင်း အဲဒီလို ဖြစ်လာတာ”
နွဲ့မူကတော့ မမလွင်စကားကို နားမလည်လှပေ။ မမလွင်က မက်ထရစ်ကို အခါခါကျပြီးမှ တက္ကသိုလ် ရောက်လာရသဖြင့် အသက်ကြီး နေရခြင်း ဖြစ်သည်။ မမလွင်သည် သိုသိုသိပ်သိပ် နေတတ်သည်။ တခန်းလုံးကို ညီညွတ်မျှတအောင် ထိန်းသိမ်းပေးသည်။
သည်လိုနှင့်ပဲ နွဲ့မူတို့တတွေ တက္ကသိုလ် နယ်မြေမှာ တနှစ်တာ ခရီးကို ဖြတ်သန်းခဲ့ကြ၏။ စာမေးပွဲတွေလည်း ဖြေရတော့မည်။ ကျောင်းပိတ်တော့မည်။ နွဲ့မူတို့လည်း စာမေးပွဲအတွက် ပြင်ဆင်ကြသည်။
ထိုအချိန်မှာပင် စာတစောင်ကို နွဲ့မူ ရရှိခဲ့သည်။ နွဲ့မူအမေထံမှ ဖြစ်၏။ နွဲ့မူတို့က ဖြူးမှာ နေသည်။ ခင်လေးတို့က ဇေယျဝတီမှာ နေသည်။ တရပ်တည်းက လာသူများဟုလည်း ဆိုနိုင်သည်။
သမီးနွဲ့မူ
သမီးသိအောင် ရေးလိုက်ရတာ။ ယခင်လက သမီးသူငယ်ချင်း ခင်လေးရဲ့အမေ ဇေယျဝတီက လူကြုံနဲ့ စာတစောင် ပေးလိုက်တယ်။ အင်မတန် အကျပ်အတည်း ဖြစ်နေလို့ လူကြုံနဲ့ ကူညီတဲ့ အနေနဲ့ ငွေတရာ ချေးလိုက်ပါတဲ့။ သမီးသူငယ်ချင်း ခင်လေးရဲ့အမေ ပါတဲ့။ အမေကလဲ လူချင်း မမြင်ဖူးပေမယ့် သမီးတို့ချင်း သူငယ်ချင်းဆိုလို့ အခင်မင် မပျက်အောင် ချေးလိုက်တယ်။ ယခုလ တခါလာတယ်။ အလွန်အခက်ခဲ တွေ့နေလို့ပါတဲ့။ တရာ ထပ်ချေးပါဦးတဲ့။ ယခင်တရာတော့ ဆုံးချင်ဆုံးပစေ ဆိုပြီး ပေးလိုက်တာ ယခုတခေါက်တော့ မပေးလိုက်ဘူး။ သမီးတို့ လူငယ် အချင်းချင်း အပေါင်းအသင်း ပျက်သွားမလား မေမေ စိုးရိမ်တယ်။ သမီးသိအောင် ပြောထားတာပါ။
အမေ့စာက တခြားအကြောင်းတွေကို ဆက်ရေးသည်။ နွဲ့မူကတော့ သည်စာပိုဒ်ကိုပဲ ထပ်တလဲလဲ ဖတ်နေမိသည်။ ဪ … ခင်လေး …၊ သူတပါးအပေါ် စီးပိုးအနိုင်ယူ တတ်သည့် ခင်လေး၊ ခင်လေးကို သင်ခန်းစာ ကောင်းကာင်း ပေးချင်သည်။ သည်စာကို ခင်လေးကို ပြလိုက်လျှင် ဘယ်လိုနေမလဲ။ ထောင်လွှားသမျှ မာနတရားတွေ ဦးကျိုးသွားလေမည်လား။
“လာ နွဲ့မူ၊ မမလွင် စောင့်နေတာ၊ မြန်မြန်လာ၊ နောက်ကျနေမယ်”
မမလွင် အဆွယ်ကောင်းသဖြင့် နွဲ့မူသည် ဘုရားတရားကို ဝတ်မပျက် ကြည်ညိုတတ်လာသည်။ မမလွင်က
“တို့များ အဆောင်မှာ အတူနေကြတာ ခရစ်ယာန်တွေက တနင်္ဂနွေနေ့တိုင်း ချာ့ချ် မှန်မှန်သွားတယ်။ မွ|တ်ဆလင်တွေလည်း ဝါတွင်း ဥပုသ်စောင့်ကြတယ်။ တို့ဗုဒ္ဓဘာသာ မိန်းကလေးတွေကတော့ ဘာမှမလုပ်ဘူး။ ရှက်စရာ ကောင်းတယ်။ ဘုရားဝတ်တက် မပျက်စေနဲ့” ဟု သတိပေးသည်။
စနေနေ့တိုင်း အဆောင်မှာ ဓမ္မစကြာ ရွတ်ရသည်။ မမလွင်ကတော့ ဥပုသ်နေ့တိုင်း တက္ကသိုလ် ဓမ္မာရုံသို့ သွားသည်။ နွဲ့မူက မမလွင် အဖော်ရအောင် လိုက်ပါ သွားရသည်။ နံနက်စောစောမို့ နှင်းတွေက တဖွဲဖွဲကျဆဲ။ အဓိပတိလမ်းသည် တိတ်ဆိတ်ငြိမ်သက် နေသည်။ ကံ့ကော်ရိပ်သည် အေးချမ်းသာယာလှသည်။
ကျောင်းသူအချို့ ဓမ္မာရုံသို့ ရှေးရှု လာနေကြသည်။ သည်လိုတော့လည်း ကြည်နူးချမ်းမြေ့ခြင်း တမျိုးကို ခံစားရသည်။
ဓမ္မာရုံကို ဝင်မိတော့ ရင်မှာ ပိုပြီး အေးချမ်းသွားသည်။ ကျောင်းရိပ်ကန်ရိပ်သည် လူ့လောက၏ သောက၊ မောဟ၊ အပူမီးကို တဒင်္ဂ ငြိမ်းအေးစေသည်မှာ အမှန်။ ဘုရား ဝတ်တက်သံ၊ ဓမ္မာစကြာ ရွတ်သံသည် အာရုံဦးမှာ လွင့်ပျံနေသည်။ နေရောင်ခြည်ပျို့စမှာ နွဲ့မူတို့ လမ်းလျှောက် ပြန်ခဲ့ကြသည်။
“နွဲ့မူ …”
နှင်းရည်စွတ်သော သစ်ရွက်ခြောက်တွေပေါ် ဖွနင်းရင်း မမလွင်က တိုးတိုးခေါ်သည်။
“ဘာလဲ မမလွင်၊ ဘာပြောမလို့လဲ …”
“မနေ့က နွဲ့မူအိမ်က ရေးလိုက်တဲ့စာကို ခင်လေးကို မပြလိုက်ပါနဲ့ကွယ် …”
နွဲ့မူ ငိုင်သွားသည်။ မနေ့က စာဖတ်ပြီးပြီးချင်း ထိုစာကို မမလွင်ကို ပြခဲ့သည်။ သည်မနက် တခြား သူငယ်ချင်းတွေကိုလည်း ပြမည်။ ပြီး … အလွန် အပြောကြီးပြီး သူတပါးကိုလည်း နှိမ်ချတတ်သော ခင်လေးကို ပြလျှင် ဘယ်လိုနေမလဲ စောင့်ကြည့်ချင်သည်။
“မပြနဲ့နော်၊ မမလွင်တို့ ဗုဒ္ဓဘာသာတရားဟာ အင်မတန် သိမ်မွေ့နူးညံ့ပါတယ်၊ ပျော့ညံ့တာ မဟုတ်ဘူးနော်၊ နူးညံ့ခြင်းနဲ့ အခက်ခဲဆုံးသော ခိုင်မာမှုကို ရယူနိုင်စွမ်း ရှိတာ …။ နွဲ့မူ စဉ်းစားကြည့်၊ ခင်လေးဟာ မရင့်ကျက်သေးဘူး …။ သူ့မိသားစုရဲ့ ယိုင်နဲ့နေတဲ့ အခြေအနေကို ဖုံးကွယ်ရင်း ဟန်ဆောင်နေတာ၊ သူ့ကိုပြိုင်ပြီး အနိုင်ယူဖို့ ဆိုတာ မခဲယဉ်းပါဘူး …”
နွဲ့မူ စဉ်းစားနေသည်။ မမလွင်သည် သည်စကားကိုပြောချင်လို့ သည်အချိန်ထိ စောင့်ခဲ့လေသလား၊ တရားဓမ္မ၏ အရိပ်မှာ အေးမြခိုက် အချိန်ကို တမင် ရွေးခဲ့လေသလား။
“သူ့ကို ပြန်ပြီး လက်စားချေဖို့၊ သူ နာသာခံခက်အောင် လုပ်ဖို့ဆိုတာ နွဲ့မူအတွက် လွယ်ပါတယ်။ ခွင့်လွှတ်ဖို့သာ ခက်တယ် မဟုတ်လား။ ခက်ခဲတာကို လုပ်နိုင်တာ သတ္တိပါ။ ပြီးတော့ အကျိုးမရှိတာကို မလုပ်တာဟာလည်း မွန်မြတ်ပါတယ်။ ခုတလော ခင်လေး ငြိမ်နေတာ သတိထားမိလား …”
မမလွင်ပြောမှ နွဲ့မူ စဉ်းစားမိသည်။ ယခုတလော ခင်လေး သိပ်စကားမပြောပေ။ စာပဲ ကြိုးစား ကြည့်နေသည်။ နွဲ့မူတို့က စိတ်ချဉ်ပေါက်၍ မပြောဘဲ နေခြင်းကြောင့် သူမပြောခြင်းဟု မှတ်ထင်ခဲ့သည်။
“ဟုတ်တယ် …။ သူ စိတ်ညစ်နေတယ်။ အိမ်က ငွေမလာလို့ ကျောင်းလခလည်း မသွင်းရသေးဘူး …။ ဒီစာကို မြင်ရရင် သူ ပိုစိတ်ဆင်းရဲမှာပဲ …။ စာမေးပွဲ မဖြေနိုင်ဘဲ နေမယ်။ သူတပါး အကျိုးယုတ်မယ့် အလုပ်ကို ဘာလို့လုပ်မလဲညီမရယ် …”
နွဲ့မူ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
“နွဲ့မူ သဘောပေါက်ပါတယ်။ နွဲ့မူ သူ့ကိုလဲ မပြဘူး။ ဘယ်သူ့ကိုမှလဲ မပြတော့ပါဘူး”
“ဝမ်းသာလိုက်တာ နွဲ့မူရယ် …၊ ခင်လေးလဲ အရင်ကလောက် မဆိုးတော့ပါဘူး။ မမလွင်ကို အခြေနေမှန်တွေ ပြောပြတယ်လေ၊ မမလွင်ကလည်း တဖြည်းဖြည်း တဖြည်းဖြည်း လူတွေအပေါ် သူ ပြုမူဆက်ဆံပုံ ပြောင်းလဲလာအောင် မသိမသာ လမ်းကြောင်း ပေးနေတာပါ။ တို့တတွေ ကျောင်းမှာ ဆုံရတာ တဒင်္ဂပါကွယ်၊ လူ့ဘဝသက်တမ်းနဲ့ စာရင် ခဏလေးပါ …”
“ဟုတ်ကဲ့၊ နွဲ့မူ နားလည်ပါပြီ”
နွဲ့မူ၏ စိတ်ထဲမှာလည်း ပေါ့ပါးရှင်းလင်း သွားသည်။ ညကတော့ သည်စာကို ပြလိုက်လျှင် ခင်လေးမျက်နှာ ဘယ်လို ပြောင်းလဲသွားမလဲ ဆိုတာ သိချင်စိတ်တွေ လျှံတက်နေခဲ့သည်။ တကယ်တော့ ထိုစိတ်သည် မလိုလားအပ်သော စိတ်ပါတကား။ အလွန်ယုတ်ညံ့လှပါကလား။
ဆယ့်ငါးနှစ်မျှ ကြာခဲ့ပြီ။ နွဲ့မူ သားကြီးကို ကျောင်းအပ်ဖို့ ကိစ္စနှင့် ဆရာမကို ဝင်တွေ့တော့ ခင်လေး ဖြစ်နေသည်ကို အံ့ဩစွာ တွေ့ရသည်။ နွဲ့မူကို လှိုက်လှဲပျူငှါစွာ ဆီးကြိုပြီး လိုအပ်တာ မှန်သမျှ စိတ်ပါလက်ပါ လုပ်ပေးသည်။ အပြောကလည်း ချိုပါဘိ။
“အခုမှပဲ ရင်ထဲ ပေါ့သွားတယ် သူငယ်ချင်းရယ်။ ကိုယ်ဖြင့် အဆင်မှ ပြေပါ့မလားလို့၊ သူငယ်ချင်းကို ကျေးဇူးတင်လိုက်တာ …”
“မလိုပါဘူး သူငယ်ချင်းရယ်၊ ကိုယ်လည်း မင်းကို တွေ့ချင်နေတာ၊ ဘယ်မှာနေမှန်း မသိလို့၊ အခုလို ကူညီခွင့်ရတာ သိပ်ဝမ်းသာတာပဲ။ ဒီထက်မက ကိုယ် လုပ်ပေးချင်ပါတယ်။ မင်းကျေးဇူးတွေ ကိုယ့်မှာ ရှိပါတယ်”
ရုတ်တရက်တော့ နွဲ့မူ ငိုင်သွားသည်။ ခင်လေး မျက်နှာကို ကြည့်လိုက်တော့ မျက်လုံးများက တစုံတခုကို ရည်ညွှန်းနေ သယောင်ပင်။ ခင်လေးက သူ့အိမ်ထောင်အကြောင်း အကျဉ်းရုံး၍ ပြောပြသည်။ ခင်လေးမှာ အလုပ်တာဝန်တွေ ဝိုင်းဝိုင်းလည်ခိုက်မို့ စကားကြာကြာ မပြောဘဲ ပြန်ခဲ့ရသည်။ နွဲ့မူမှာလည်း အလွန်ခက်ခဲမည် ထင်သော အလုပ်တခု အောင်မြင်ခဲ့၍ စိတ်လက် ပေါ့ပါးသွားသည်။ ပြီးတော့ တည်ငြိမ်ရင့်ကျက်သော ခင်လေးကို မြင်ယောင်သည်။ သူပြောသော စကားကိုလည်း ကြားယောင်သည်။
“မင်း ကိုယ့်အပေါ် ညှာခဲ့တာတွေ ကိုယ် သိပါတယ်” တဲ့။
နွဲ့မူ၏ စိတ်ကို တဒင်္ဂမျှ ထိန်းချုပ်ထားရှိခဲ့ရသော စေတနာသည် လူတယောက်အပေါ် သည်မျှ အကျိုးသက်ရောက် စေခဲ့ပါကလားဟု ယခုမှပင် သိရလေတော့သည်။
—
#မိုးမိုးအင်းလျား
Leave a Reply