တောထဲပျောက်သွားလို့ ရှာ
ရသလို ပါပဲလား တာတေရာ”
သိန်းဇော်တို့ညီအစ်ကိုရော ကျုပ်ရော
လှည့်ကြည့်လိုက်တော့ အုတ်လှေကား
ထစ်တွေကို နင်းတက်လာတဲ့ ခါးကြီး
ကိုင်းကိုင်းနဲ့ ဘန့်ဘွေးကုန်းက ကိုစံအေးကြီးဗျ။
သူ့ထုံးစံအတိုင်း အသံကျယ်ကျယ်ကြီးနဲ့ လှမ်းပြောလိုက်
တာဗျ။ အသံကလည်း အော်ကျယ်အော်ကျယ်နဲ့ဗျ။
“ဟား ဟား ဟား ကိုကြီးစံအေးရာ
ခင်ဗျားပြောလိုက်မှဖြင့် တာတေ
တောင် နွားဖြစ်တော့မလိုပဲ၊ခင်ဗျားကတော့ ”
“ဟာ၊ ငါက အဲဒီလိုပြောတာ မဟုတ်
ပါဘူးကွာ၊ တာတေကိုရှာရခက်တာ
ပြောတာပါ သိန်းဇော်ရာ”
လူက ပြုံးဖြဲဖြဲကြီးလုပ်ပြီး ပြောနေ
တာဗျ။ကိုကြီးစံအေးက ကျုပ်တို့
ကိုတွေ့ရင် သူ့ညီတွေလိုပဲ အမြဲစနေကြဗျ။
“ကိုကြီးစံအေး ရွှေတောင်ဦးဘုရား
လာဖူးတာလား”
သိန်းဇော်ညီ သိန်းတင်က ကိုစံအေး
ကြီးကိုလှမ်းပြီးနှုတ်ဆက်တာဗျ။
“အေးပေါ့၊ သိန်းတင်ရာ၊ဘုရားလည်း
ဖူးရင်း နွားလည်းရှာရင်း…အဲ ဟုတ်ပါ
ဘူး၊ တာတေ့လည်း ရှာရင်းပေါ့ကွာ”
ကျုပ်ကို ထပ်စသေးတာဗျ။ပြီးတော့
မှ ဘုရားကိုဦးချတယ်။ ခဏနေတော့
မှ ကျုပ်တို့ အလံတိုင်တွေစိုက်နေတဲ့
ဆီကို ဆင်းလာတာဗျ။
“ကိုကြီးစံအေး၊ကျုပ်ကိုလာရှာတာဘာကိစ္စရှိလို့တုံး”
“တို့အိမ်မှာ မင်းဆရာကြီး ဘိုးလူပေ
ရောက်နေလို့ကွ၊ ကြည့်ရတာတော့
အရေးကြီးတဲ့ကိစ္စ ရှိနေပုံပဲ၊ မင်းကို
ခေါ်ပေးပါဆိုလို့ ငါထွက်လာခဲ့တာ။
ဒီရောက်တော့ မင်းကို လိုက်ရှာတာ
နှံ့နေပြီ။ရွာဦးကျောင်းမှာရော ဘုရား
ပွဲကွင်းကြီးထဲမှာရော လက်ဖက်ရည်ဆိုင်တွေရော နှံ့နေပြီကွ”
ကျုပ် သိန်းဇော်တို့ ညီအစ်ကိုကို အ
ကျိုး အကြောင်းပြောပြီး ထားခဲ့ရတော့
တာပေါ့ဗျာ။ဘိုးလူပေကတော့ ပိန်လည်း
မပိန်၊ ဝလည်းမဝဘူးဗျ။အရင်အတိုင်းပဲ။
ကျုပ်ကိုမြင်တော့ ပြုံးပြတယ်။
“မောင်တာတေ နေကောင်းရဲ့လားကွဲ့”
“ဟုတ်ကဲ့ ကောင်းပါတယ် ဆရာကြီး၊
ဆရာကြီးရော ကျန်းမာရဲ့လား”
“ကျန်းမာပါတယ် မောင်တာတေရဲ့၊
နို့ မောင်တာတေရဲ့မိဘများရော
နေထိုင်ကောင်းကြရဲ့လားကွဲ့”
“ဟုတ်ကဲ့ ဆရာကြီး၊ အဘရော
အမေရော နေကောင်းကြပါတယ်”
“အေး အေး၊ ကျန်းမာကြပါစေကွယ်၊
ကျန်းမာကြပါစေ”
“ဆရာကြီး အခုလို ဗြုန်းစားကြီး ရောက်
လာတော့ အကြောင်းထူးများ ရှိလို့လား”
ကျုပ်မေးလိုက်တော့ ဘိုးလူပေက
သူ့နှုတ်ခမ်းမွေးလေး တင်းသွားတယ်
ဆိုရုံလောက် ပြုံးလိုက်တယ်။
“ကိစ္စရှိတယ် မောင်တာတေ၊ကိစ္စက
ဒီအနီးအနားမှာ မဟုတ်ဘူးကွဲ့၊ခရီး
ထွက်ရမှာ၊ ခရီးကလည်း ဝေးတယ်
ကွဲ့၊ ဆလုံလူမျိုးတွေရှိတဲ့ ဒေသကို
သွားရမှာ မောင်တာတေရဲ့”
“အဲဒီဒေသမှာ ပညာသည်ဆိုးတွေ
ရှိနေလို့လား ဆရာကြီး”
“ဟာ…မဟုတ်ဘူးကွဲ့၊ မောင်တာတေ
ရဲ့၊ဒီတစ်ခါ သွားမယ့်ခရီးက ပညာသည်
နှိမ်နင်းမယ့်ခရီး မဟုတ်ဘူး၊ ဆရာကြီးရဲ့
ပညာစခန်း ထပ်တက်ရမယ့်ကိစ္စပါ”
“သြော်၊ ဒါနဲ့ ကျုပ်က ဆရာကြီးကို
ဘာများအကူအညီပေးရမှာတုံး ဆရာ
ကြီးရဲ့”
“ဒီလိုကွဲ့ မောင်တာတေရဲ့၊ စောစောက
ကျုပ်ပြောတဲ့ဆလုံတွေနေတဲ့ ဒေသမှာ
ကျွန်းကြီးတစ်ကျွန်း ရှိတယ်၊ ပင်လယ်
ထဲမှာပေါ့ကွယ်၊ အဲဒီကျွန်းကြီးပေါ်မှာ
နေမထိတောင်လို့ခေါ်တဲ့ တောင်ကြီး
တစ်တောင် ရှိတယ်”
“ဗျာ၊ နေမထိတောင် ဟုတ်လား
ဆရာကြီး၊ နေမထွက်လို့လားဗျ”
“နေကတော့ ထွက်ပါတယ်၊ ဒါပေမဲ့
ဒီတောင်ပေါ်ကို နေရောင် လုံးဝမကျ
ဘူးကွဲ့၊ အေး တစ်နှစ်လုံးမှာ တပေါင်း
လပြည့်နေ့တစ်ရက်ပဲ မွန်းတည့်ချိန်မှာ
ဆယ်မိနစ်လောက် နေရောင်ကျတယ်။
ပြီးရင် ပြန်မှောင်သွားရောကွဲ့၊ တစ်နှစ်
လုံး နေရောင်မထိုးတော့ ဒီတောင်ပေါ်
မှာပေါက်တဲ့ အပင်တွေကအစ ထူးထူး
ခြားခြား အပင်တွေ ပေါက်တာကွဲ့၊နွယ်
ရှင်ကြီးတွေတောင် ရှိတယ်”
“ဗျာ၊ နွယ်ရှင် ဟုတ်လား ဆရာကြီး”
“ဟုတ်တယ်ကွဲ့ မောင်တာတေရဲ့၊
နေမထိတောင်ကြီးက မတ်မတ်ကြီး
ဆိုတော့ ဒီအတိုင်းတက်ရင် တောင်
ထိပ်ကို ရောက်ဖို့က မလွယ်ဘူး၊ လ
ပြည့် လကွယ်နေ့တွေမှာ တောင်ပေါ်
ကဆင်းလာတဲ့ နွယ်ရှင်ကြီးတွေကို
စီးပြီးလိုက်မှ တောင်ထိပ်ကိုရောက်
တာကွဲ့”
“ဆရာကြီးတော့ အဲဒီဆလုံကျွန်းကြီး
ကို ရောက်ဖူးတယ် ထင်တယ်”
ကျုပ်က တွေးပြီးပြောလိုက်တော့
ဘိုးလူပေက ပြုံးပြီးခေါင်းညိတ်လိုက်
တယ်ဗျ။
“ကျုပ် မောင်တာတေအရွယ်တုန်းက
ကျုပ်ရဲ့မွေးစားအဖေလည်းဟုတ်၊ကျုပ်
ရဲ့ဆရာလည်းဟုတ်တဲ့ ပထမံဆရာပွား
ကြီးနဲ့ တစ်ခေါက်ရောက်သွားဖူးတယ်။
ဒီတုန်းက အခု ကျုပ်တက်မယ့် ပညာ
စခန်းကို ကျုပ်အဘ ဆရာပွားကြီး
တက်ခဲ့တာပေါ့ကွယ်၊ ဒီတစ်ခါတော့
ကျုပ်တက်ရမယ့် အလှည့်ရောက်ပြီ
မောင်တာတေ၊ ဒီတော့ မဖြစ်မနေ
ကျုပ်သွားရမယ်၊ သွားရမှာကလည်း
အခုလာမယ့် တပေါင်းလပြည့်နေ့
အမီ သွားရမှာ၊ အဲဒီနေ့မှာ ကျုပ်က
ပညာစခန်းတက်ရမှာကွဲ့၊ အဲဒါ
မောင်တာတေ ကျုပ်နဲ့ ဆလုံကျွန်း
ကြီးကို အကူအညီပေးပါလို့ မေတ္တာ
ရပ်ခံချင်လို့ပါကွယ်”
ကျုပ်စဉ်းစားကြည့်တယ်။ဆရာကြီး
ဒေါက်တာမင်းအောင်တို့၊ ဆရာစိုင်း
နွံဖတို့နဲ့တောင် ယိုးဒယားနယ်စပ်အ
ထိ ကျုပ်လိုက်ခဲ့ဖူးတာပဲဗျာ။ပင်လယ်
ဖျား သွားရတော့ရော ဘာကြောက်
စရာရှိလို့တုံး။နောက်ပြီးတော့ ဘိုးလူ
ပေလို အထက်လမ်းဆရာစစ်စစ်၊
လူသူတော်ကောင်းကြီးတစ်ယောက်
ပညာစခန်းတက်မယ့်ကိစ္စမျိုးကို
ကူညီခွင့်ရတာပဲ၊ ကျုပ်အတွက်က
ဝမ်းသာစရာ ဖြစ်နေပြီပေါ့ဗျာ။အဘ
နဲ့ အမေကလည်း ကျုပ်ခွင့်တောင်း
ရင် ရမှာပါ။ ဒီတော့ ဘိုးလူပေကို
တစ်ထိုင်တည်း ကျုပ် ကတိပေး
လိုက်တော့တယ်ဗျာ။
“အဘနဲ့ အမေကို ခွင့်တောင်းပြီး
ကျုပ်လိုက်ခဲ့ပါမယ် ဆရာကြီး”
ကျုပ်စကားကြားတော့ ဘိုးလူပေ
တော်တော်ကို ဝမ်းသာသွားတာဗျ
“ဟာ ဒါဆိုရင် နေရာကျပြီပေါ့
မောင်တာတေရာ”
ကျုပ်က အဘနဲ့အမေကို ခွင့်တောင်း
တော့ ခွင့်ပြုတယ်။ဒီတစ်ခါတော့ အ
ဘနဲ့အမေတင် ခွင့်တောင်းရတာ မ
ဟုတ်ဘူးလေဗျာ။ ဘုရားပွဲ ကျင်းပ
တဲ့ ကော်မတီကိုပါ အကျိုးအကြောင်း
ပြောပြီး ခွင့်တောင်းရတာဗျ။ ကျုပ်
တာဝန်ယူထားတဲ့ကိစ္စတွေကို တခြား
တစ်ယောက်နဲ့ အစားထိုးရတော့မှာ
ပေါ့ဗျာ။ ဘန့်ဘွေးကုန်းရော၊ထနောင်း
ကုန်းရောက လူကြီးတွေ တော်တော်
များများက ဘိုးလူပေကို သိထား
ကြတာလေဗျာ။
ဒီတော့လည်း ခွင့်ပြုကြတာပေါ့။ကျုပ်
လူဖြစ်ကတည်းက ဒီတစ်ခါပဲ ရွှေတောင်
ဦးဘုရားပွဲနဲ့ လွဲဖူးတာဗျ။ဒါပေမဲ့ ကျုပ်
တွေးကြည့်တာလေ၊ ရွှေတောင်ဦးဘု
ရားပွဲက နောင်လည်း နှစ်တိုင်းရှိမှာပဲ
လေဗျာ။
ဘိုးလူပေလို ပုဂ္ဂိုလ်ကြီး ပညာစခန်း
တက်ဖို့က ဒီတစ်ခါပဲ အချိန်ကိုက်လုပ်
ရမှာ။ဘိုးလူပေလို လူသူတော်ကောင်း
အထက်လမ်းပညာရှင်ကြီးတစ်ယောက်
ရှိနေရင် ဟောဒီလောကကြီးမှာစုန်းတွေ၊
ကဝေတွေ၊ အောက်လမ်းပညာသည်
တွေ တော်တော်များများကို နှိမ်နင်းပစ်
လို့ရတယ်လေဗျာ။ဘိုးလူပေကို ကျုပ်
မဖြစ်မနေ ကူညီရမှာဗျ။
မှတ်မှတ်ရရပါပဲဗျာ။ကျုပ်နဲ့ဘိုးလူပေ
ရွာကထွက်တော့ တပေါင်းလဆန်း
တစ်ရက်ဗျ။ဆုတ်တစ်ရက်၊ဆန်းတစ်
ရက် ခရီးမထွက်ရဘူးလို့ ကျုပ်တို့ရွာ
က လူကြီးတွေ ပြောလေ့ရှိတဲ့ အ
ကြောင်း ကျုပ်က ဘိုးလူပေကို
ပြောပြတော့ ဘိုးလူပေက ရယ်
ပြီး ပြောတယ်ဗျ။
“ဒါတွေက ရွာဓလေ့၊ ရပ်ဓလေ့
အယူအဆတွေပါ မောင်တာတေရယ်၊
လူတွေကိုကယ်ဖို့ လုပ်ရတဲ့ကိစ္စမှာ
ပြဿဒါးတို့၊ ဝါရမိတ္တုတို့၊ ရက်ယုတ်
မာတို့၊ ရက်ကြမ်းတို့ဆိုတာ မရှိပါဘူး
ကွယ်။နေ့တိုင်း နေ့တိုင်းဟာ မင်္ဂလာ
ရှိတဲ့ ရက်ရာဇာတွေချည်းပါပဲ”
ဘိုးလူပေရဲ့စကားကို ကျုပ်က
ခေါင်းညိတ်ပြလိုက်တယ်။ ရန်ကုန်
ရောက်တော့ ကျုပ်နဲ့ ဘိုးလူပေ
ဘိတ်စက်လှေကြီးတစ်စီးနဲ့လိုက်
ခဲ့ကြတယ်။ကျုပ်တို့စီးတဲ့ စက်လှေ
ရဲ့နာမည်က ‘ငွေပင်လယ်’တဲ့ဗျ။
ပင်လယ်ထဲမှာ တစ်ညအိပ်ပြီးတော့
မှ ဘိုးလူပေက ကျုပ်ကိုမေးတယ်။
“မောင်တာတေ လှိုင်းတွေ ဘာတွေ
မမူးဘူးလား”
“ဟာ မမူးဘူး ဆရာကြီးရဲ့၊ကျုပ်က
ကျုပ်တို့ရွာက ကိုဆိတ်ဖွားနဲ့ ပင်
လယ်ခရီး သွားဖူးပါတယ်”
“ဟေ၊ ဟုတ်လား၊ ဟန်ကျလိုက်တာ
ကွယ်၊ ကျုပ်က မောင်တာတေကိုခေါ်
သာလာခဲ့တာ မောင်တာတေက အ
ညာသားလေးဆိုတော့ ပင်လယ်ခရီး
မှာ လှိုင်းတွေ ဘာတွေများ မူးနေမ
လားလို့ စိုးရိမ်နေတာ၊ နို့မောင်တာ
တေ ရေတွေ ဘာတွေရော ကူး
တတ်ရဲ့လားကွဲ့”
“ကူးတတ်တယ် ဆရာကြီး၊ ကျုပ်ရေ
လည်း ကောင်းကောင်းငုပ်နိုင်တယ်”
“ဟေ၊ မောင်တာတေက အညာသား
သာဆိုတယ် အာဂလူပေပဲကွဲ့”
” ကျုပ် ဆရာစိုင်းနွံဖတို့ ဆရာကြီး
ဒေါက်တာမင်းအောင်တို့နဲ့’ကန်တော်
ကဝေမ’လိုက်တုန်းက ရေအောက်မှာ
မိကျောင်းနဲ့သတ်ခဲ့ရဖူးတယ်ဆရာကြီးရဲ့”
“သြော်၊ မောင်တာတေ မင်းဟာ
ကျုပ်ထင်ထားတာထက်ကို အရာ
ရောက်နေတဲ့ လူပါလား၊မင်းဆရာ
နွံဖလက်ပေါ်မှာ ကျုပ်ကြီးခဲ့ရတာ
ကွဲ့၊ ကျုပ်ကို အစ်ကိုကြီး တစ်
ယောက်လို ထိန်းကျောင်းခဲ့တာ။
ကျုပ် ဆရာနွံဖကို မကြာမကြာ
သတိရပါတယ် မောင်တာတေရယ်”
ကျုပ်တို့ ဘိတ်ကိုရောက်တော့
ဆရာကြီး ဘိုးလူပေက ဘုန်းကြီး
ကျောင်းတစ်ကျောင်းကိုသွားတယ်။
ကျောင်းထိုင်ဆရာတော်ကြီးကို
ဝတ်ဖြည့်လိုက်ကြတော့ ဆရာ
တော်ကြီးက ဘယ်သူတွေတုံးလို့
မေးတယ်။ ကျုပ်စိတ်ထင်တော့
ဆရာတော်ကြီးက သက်တော်
ခြောက်ဆယ်လောက်ပဲ ရှိမယ်
ထင်တယ်။ဒါပေမဲ့ ဘိတ်သံဝဲဝဲနှင့်
ဘိုးလူပေကိုပြောဆိုနေပုံက သက်
တော်ကိုးဆယ်လောက်ရှိနေတဲ့
ပုံစံမျိုးဗျ။
“တပည့်တော် မောင်လူပေပါဘုရား”
ဆရာတော်ကြီးက သူ့ရဲ့မျက်လုံးတွေ
ပေါ်မှာ လက်ကာပြီးအားပြုကြည့်နေ
ရတာဗ်။
“ဟေ…မောင်လူပေ ဟုတ်လား၊
ဒကာပွားကြီးရဲ့သားလား”
“ဟေ၊ကြည့်စမ်း၊မင်းအဘ ဆရာပွား
ကြီးရော ရှိသေးလားဟဲ့၊ ကြည့်စမ်း
မင်းတောင် ဒီအရွယ်ရောက်နေပါ
ရောလား”
“အဘက ရှိတော့ ရှိပါတယ်ဘုရား၊
ဒီမှာ မဟုတ်ဘူးဘုရား”
“သြော်၊ သိပြီ၊ သိပြီ၊ မောင်လူပေ၊
နို့ ဘိတ်ကို ဘာကိစ္စလာတာတုံးကွဲ့”
“တပည့်တော်ရဲ့ဖခင် ဆရာပွားကြီး
တုန်းကလိုပါပဲဘုရား၊ ဆလုံကျွန်း
ကြီးကိုသွားပြီး ပညာစခန်းတက်ဖို့
ပါဘုရား”
“သြော်…သြော် ဒကာပွားကြီးသား
ကလည်း တယ်မခေပါလားကွ၊ အေး
အေး ဒီကိစ္စဆိုရင်တော့ ဘဘုန်း စီစဉ်
ပေးရမှာပေါ့ကွယ်၊ကဲ ကဲ နားလိုက်ကြဦး”
ဆရာတော်ကြီးက သူ့ဘေးမှာ ချ
ထားတဲ့ ကြေးခေါင်းလောင်းကိုယူ
ပြီး ခေါက်လိုက်တယ်။
“ကလင်၊ကလင်၊ ကလင်၊ ကလင်”
ခေါင်းလောင်းသံ ဆုံးတာနဲ့ ဦးပဉ္စင်း
တစ်ပါး ရောက်လာတယ်။
“ဟဲ့ ရေဝတ၊ ဒီဧည့်သည်တွေကို ဟို
ဘက်က ထားဝယ်ကျောင်းဆောက်မှာ
တည်းဖို့ခိုဖို့ လုပ်ပေးလိုက်ကွဲ့၊အစား
အသောက်တွေလည်း ဂရုတစိုက်ကျွေး
ပါကွဲ့၊ ပြီးရင် ကပ္ပိယကြီးကို ဘဘုန်း
ဆီ လွှတ်လိုက်စမ်း မောင်ပဉ္စင်း”
“မှန်ပါ့ဘုရား၊ ကပ္ပိယကြီးကို လွှတ်
လိုက်ပါမယ်ဘုရား”
ဦးပဉ္စင်းလေး ဦးရေဝတနောက်ကို
ဘိုးလူပေနဲ့ ကျုပ် လိုက်လာခဲ့တယ်။
ဦးပဉ္စင်း ဦးရေဝတက ကျုပ်တို့အိပ်
ဖို့ အိပ်ရာတွေပြင်ဆင်ပေးတယ်။
ပြီးတော့ ကျောင်းကြီးရဲ့အောက်ထပ်
မှာ ထမင်းကျွေးတယ်။ထားဝယ်ကျောင်း
ဆောင်ကြီးက ဆွမ်းစားဆောင်ကြီးဗျ။
ကျုပ်တို့နေ့လယ်ဘက်တစ်ရေးတမော
အိပ်တယ်။ညနေစောင်းတော့ ဆရာ
တော် ခေါ်ခိုင်းလို့ ကျုပ်နဲ့ဘိုးလူပေနဲ့
ဆရာတော်ကြီး သီတင်းသုံးတဲ့ မှန်
ကျောင်းလေးကိုလာခဲ့ကြတယ်။
“မောင်လူပေ ဒီနေ့က ဆယ့်သုံးရက်
ဆိုတော့ မနက်ဖြန်ခါ ဆလုံကျွန်းကို
အရောက်သွားရမှာ မဟုတ်လား၊ ဒါ
မှ လပြည့်နေ့မှာ ပညာစခန်း တက်
ရမှာပေါ့”
“မှန်ပါ့ဘုရား၊လပြည့်နေ့မှာ ပညာစခန်း
တက်ရမှာပါဘုရား”
“အေး အေး၊ဟောဒီက ကပ္ပိယကြီးက
အားလုံးစီစဉ်နေပြီ”
ကျုပ်ရော ဘိုးလူပေရော ကျုပ်တို့နဲ့
မလှမ်းမကမ်းမှာ ထိုင်နေတဲ့ ကပ္ပိယ
ကြီးကို လှည့်ကြည့်တယ်။သျှောင်
ထုံးကြီး ထုံးထားတဲ့ အသားညိုညို
နဲ့ ကပ္ပိယကြီးက ဖျင်ကြမ်းအင်္ကျီ
ကြီး ဝတ်လို့ဗျ။ ကျုပ်တို့ကို ပြုံးပြီး
ခေါင်းညိတ်ပြတယ်။
“ကဲ ကပ္ပိယကြီး၊ မောင်လူပေတို့ကို
ပြောပြလိုက်ပါဦး”
“ကျုပ် အားလုံး စီစဉ်ထားပါပြီ ဘိုး
လူပေ၊ ပထမံပွဲအတွက် ငှက်ပျော
ဆယ်ဖီး၊ ကျွန်းပိုင်ရှင်မအတွက်
ငှက်ပျောသုံးဖီး၊ ပြီးတော့ အုန်းသီး
နှစ်လုံး၊ ကွမ်း၊ထုံး၊ ကွမ်းသီး၊ဆေး
ရွက်ကြီး၊ ဖယောင်းတိုင်၊အမွှေးတိုင်၊
ရှန်ပန်းအဖြူ၊ အနီ၊ မီးခတ်မကျန်
သောက်စရာရေ၊ စားစာရာရိက္ခာ
အားလုံး စီစဉ်ထားပါတယ်၊မနက်
ဖြန် ခုနှစ်နာရီတိတိမှာ ရေဆိပ်ကို
ဆင်းရမယ်။အဲဒီမှာ ဆလုံလှေတစ်
စီး အဆင်သင့်စောင့်နေမယ်၊ဆ
လုံကျွန်းကြီးအရောက် သူတို့ ပို့
ပေးပြီး တောင်ပေါ်အထိ ဆလုံ
နှစ်ယောက်က လိုက်ပို့ပေးကြ
လိမ့်မယ်။ပြီးရင်သူတို့လှေကနေ
ပြန်စောင့်နေလိမ့်မယ်။ဘိုးလူပေ
တို့ ပြန်ရောက်လာတော့မှ လှေနဲ့
ဘိတ်ကို ပြန်ခေါ်လာကြလိမ့်မယ်”
“ကျေးဇူးအထူးတင်ပါတယ်
ကပ္ပိကြီးရယ်”
ဘိုးလူပေက ကပ္ပိယကြီးကို ရိုရို
သေသေ ပြောလိုက်တာဗျ။က
ပ္ပိယကြီးကတော့ ဘာမှပြန်မပြော
ဘဲ ပြုံးပြီးခေါင်းညိတ်ပြတယ်။ဆ
ရာတော်ကြီးကတော့ ဘိုးလူပေ
ကို မိန့်တယ်။
“မောင်လူပေ ပညာစခန်း အတက်
လမ်းဆိုတာ အင်မတန်မှ အဖျက်
ကြမ်းတတ်တယ်ကွဲ့၊ အစစအရာ
ရာ သတိမလစ်စေနဲ့၊ မနက်ဖြန်
အရုဏ်တက်မှာ ကျုပ်ဆီကနေ
သီလယူသွားကြ၊ နေမထိတောင်
ပေါ်မှာ သီလလုံအောင်ထိန်းပြီးနေ၊
လုပ်စရာရှိတာကို တစ်ဆင့်ချင်း
အဆင့်မကျော်အောင် လုပ်ပေ
တော့ မောင်လူပေ၊ဒီရုပ် ဒီခန္ဓာ၊
အသက်နဲ့ပဲ ဘဘုန်းဆီကို ပြန်
ရောက်လာပါစေဗျာ”
“မှန်လှပါဘုရား”
ဆရာတော်ကြီးရဲ့ဆုတောင်းစကားကို
ကြားတော့ ကျုပ်တော်တော်လန်းသွား
တာဗျ။ကျုပ်နဲ့ဘိုးလူပေထားဝယ်ကျောင်း
ဆောင်ကို ပြန်ရောက်တော့ ကျုပ်က
ဘိုးလူပေကို ဆရာတော်အကြောင်း
မေးတယ်
“မောင်တာတေ၊ဆရာတော်ကြီးရဲ့
သက်တော် ဘယ်လောက်ရှိပြီ ထင်
သလဲ”
“သက်တော် ခြောက်ဆယ်လောက်
လို့ ထင်တယ် ဆရာကြီးရဲ့”
ဘိုးလူပေက ပြုံးလိုက်ပြီးမှ ပြောတယ်။
“သက်တော် ရာကျော်နေပြီ မောင်
တာတေရဲ့၊ကျုပ်စိတ်ထင်တော့ တစ်
ရာ့ငါးဆယ်လောက် ရှိပြီထင်တယ်”
“ဗျာ၊ ဟုတ်လား ဆရာကြီး၊ပြီးတော့
ဆရာကြီးလုပ်မယ့်ကိစ္စကို ဆရာတော်
ကြီးက အားလုံးသိနေတာဗျ၊ဆရာကြီး
ဘာမှမစီစဉ်ရဘဲ ဆရာတော်ကြီးက
အဆင်သင့် စီစဉ်ပေးထားတယ်”
“ဟုတ်တယ် မောင်တာတေ၊ဆလုံ
ကျွန်းလို့ခေါ်တဲ့ မဖဲဝါကျွန်းမှာ ပညာ
စခန်းတက်ဖို့အတွက် ဝင်ပေါက်က ဒီ
က စရတာကွဲ့၊ ဆရာတော်ကြီးက
လက်ခံပြီး စီစဉ်လွှတ်လိုက်မှ နေမထိ
တောင်ပေါ်ကို တက်လို့ရတာ၊ ဒီဒေသ
က ဆလုံတွေဟာ နေမထိတောင်ပေါ်
ကို ဘယ်သူမှ မတက်ဝံ့ကြဘူး။ဆရာ
တော်ကြီးသွားခိုင်းမှ သွားကြတာ၊ အ
ခုလည်း ကျုပ်တို့ကို လိုက်ပို့မယ် ဆ
လုံတွေက ဆရာတော်ကြီးရဲ့ အမိန့်
နဲ့မို့လို့ လိုက်ပို့ကြမှာ”
“နေပါဦး ဆရာကြီးရဲ့၊စောစောက
ဆရာကြီး ပြောလိုက်တာ မဖဲဝါကျွန်း
ဆိုသလားလို့ ”
“အေး၊ဟုတ်တယ်လေ မောင်တာ
တေ၊ဆလုံကျွန်းကြီးက မဖဲဝါကျွန်း
လေ၊ကျွန်းပိုင်ရှင်မက မဖဲဝါကွဲ့”
“ဟာ…ဟုတ်လား၊ ဆရာကြီး”
“ဟုတ်တယ်ကွဲ့၊ကျုပ်တို့တွေ ဒီပညာ
စခန်းတက်ဖို့ အတွက် မဖဲဝါရဲ့အကူ
အညီကို အများကြီး ယူကြရတယ်။
မဖဲဝါကိုလည်း ပွဲတစ်ပွဲသက်သက်
ပေးရတာကွဲ့”
“သြော်…လက်စသတ်တော့ ဒီကျွန်း
ကြီးက မဖဲဝါနေတဲ့ ကျွန်းကြီးကိုး”
“ဟုတ်တယ် မောင်တာတေ၊ နေမ
ထိတောင်ပေါ်မှာ မဖဲဝါနေတဲ့ဂူကြီး
ရှိတယ်။ဒါပေမဲ့ ဆရာတွေက အဲဒီ
ဂူကို လုံးဝမသွားရဘူး”
“ဟင်၊ ဒါဆိုရင် သင်္ချိုင်းတွေကို
စောင့်ရှောက်တဲ့ မဖဲဝါက တခြား
တစ်ယောက်လား ဆရာကြီး”
“ဟာ မဟုတ်ဘူးကွဲ့၊သူပဲ မောင်
တာတေရဲ့၊ မဖဲဝါက ရုပ်ခွဲ နာမ်
ခွဲတွေအများကြီး ခွဲနိုင်တယ်ကွဲ့၊
မဖဲဝါရဲ့ကမ္မဇိဒ္ဓက နည်းနည်းနော
နော မဟုတ်ဘူး မောင်တာတေ”
“သြော် …ဒီလိုကိုး”
နောက်နေ့မနက် အရုဏ်တက်မှာ
ဘိုးလူပေရော ကျုပ်ရော ဆရာ
တော်ကြီးဆီမှာ ကိုးပါးသီလခံယူ
ကြရတယ်။ဘိုးလူပေနဲ့ ကျုပ် ဆ
ရာတော်ကြီးကျောင်းမှာ အရုဏ်
ထမင်းစားပြီး လှေဆိပ်ကို ဆင်း
ခဲ့ကြတယ်။ဆရာတော်ရဲ့ကပ္ပိယ
ကြီး လိုက်ပို့တာဗျ။ ရေဆိပ်မှာ
ကျုပ်တို့ကို အဆင်သင့်စောင့်နေ
တဲ့ ဆလုံလှေသမား လေးယောက်
က ကျုပ်တို့ကို မြင်တာနဲ့ လှေထွက်
ဖို့ပြင်တော့တာဗျို့။ ညနေစောင်း
တော့မှ မဖဲဝါနေတဲ့ ဆလုံကျွန်း
ကြီးကို ရောက်တာဗျ။
သြော်…ဒီကျွန်းမှာ မဖဲဝါ နေသတဲ့။
ကျုပ်ဖြင့် အံ့သြသွားတာပါပဲဗျာ။
ဘိုးလူပေကိုယ်တိုင် ပြောမှတော့
ဘယ်မှာ မဟုတ်ဘဲရှိမှာတုံး။မဖဲ
ဝါက ရုပ်ခွဲ၊ နာမ်ခွဲတွေ အများကြီး
ခွဲထုတ်နိုင်တယ်ဆိုပဲဗျ။ လေကွယ်
တဲ့ဘက်ကို ဆလုံကြီးတွေက လှေ
ကို ကပ်လိုက်တယ်။လှေကပ်တာ
နဲ့ ဆလုံနှစ်ယောက်က ကျွန်းပေါ်
ကို တက်သွားပြီး ထင်းတုံးတွေ
ထင်းချောင်းတွေ ထမ်းချလာတယ်။
“မောင်တာတေ မြင်လား၊ ဟိုတောင်
ထွတ်ကြီးက နေမထိတောင်ပေါ့ကွဲ့၊
မြင်လား၊ ဒီကျွန်းပေါ်မှာ နေပူတုန်း
ရှိသေးတယ်၊အဲဒီတောင်ကြီးပေါ်ကို
ကြည့်လိုက်၊ နေရောင်ထိုးနေတာ
မြင်လား”
ဟာ၊ ဟုတ်ပါရဲ့ဗျာ၊ တောင်ကြီးတစ်
တောင်လုံးက နေရိပ်နေတာဗျ။ကျွန်း
ကြီးတစ်ကျွန်းလုံး နေပူနေပေမယ့်
နေမထိတောင်ကြီးက နေရိပ်နေတာ
ဗျ။ နေရောင်ကို တစ်ခုခုနဲ့ကွယ်ထား
သလိုပဲ။တော်တော်ကိုထူးဆန်းတာဗျ။
“တစ်နှစ်လုံး နေမထိတော့ နေရောင်
ကြောက်တဲ့ နာနာဘာဝတွေ၊နတ်မိစ္ဆာ
တွေ၊သွေးစုတ်ကောင်တွေ အဲဒီတောင်
မှာ စုပြုံနေကြတာကွဲ့”
“ဟာ ဟုတ်လား ဆရာကြီး၊ ကျုပ်တို့
သွားလို့ အန္တရာယ်ကင်းပါ့မလား”
“မပူပါနဲ့ မောင်တာတေ၊အဲဒီမကောင်း
ဆိုးဝါးတွေ အားလုံး မဖဲဝါကို မော့မ
ကြည့်ရဲကြပါဘူးကွာ၊ ဒါပေမဲ့ သူတို့
နှိမ်နင်းနိုင်တဲ့ ကျုပ်ကိုတော့ ပညာ
စခန်း မတက်နိုင်အောင် ဖျက်ဆီး
ကြမှာပေါ့ကွာ။ ဒါပေမဲ့ မကြောက်နဲ့
မောင်တာတေ၊ကျုပ်မှာ ဆေးဝါး
အစုံအလင် ပါပါတယ်”
ညမှောင်စပျိုးတာနဲ့ ဆလုံတွေက
မီးဖိုကြီး ဖိုတော့တာဗျို့။ပြီးတာနဲ့
သူတို့လှေပေါ်ပြန်တက်သွားကြ
တယ်။ကျုပ်နဲ့ ဘိုးလူပေလည်း
ပါလာတဲ့ အစားအသောက်တွေ
ထုတ်ပြီး စားကြတော့တာဗျို့။
ကျုပ်က အညာက ပါလာတဲ့
နဂါးဆေးပေါ့လိပ်ထုပ်ထဲက
တစ်လိပ်ကို မီးညှိပြီး ဖွာလိုက်
တယ်။ ဘိုးလူပေကတော့ သူ့
လွယ်အိတ်ထဲက ဆေးတံကို
ထုတ်ပြီး ဗာဂျီးနီးယားဆေးဘူး
ကို ထုတ်တယ်။
ဆေးတံမှာ ဆေးတစ်ဆုံသိပ်ပြီး
ဖွာနေတယ်။မနက်ဖြန်လပြည့်ဆို
တော့ လက တော်တော်သာနေ
ပြီဗျ။ပင်လယ်ကြီးပေါ်ကို လရောင်
လင်းနေတာကိုက တော်တော်ကို
လှတဲ့ မြင်ကွင်းပါဗျာ။တာတေလို
အညာသားတစ်ယောက်အတွက်
ကတော့ လမင်းကြီး ထိန်ထိန်သာ
နေတဲ့ ပင်လယ်ညတစ် ညကို
လွှတ်သဘောကျနေတာပေါ့ဗျာ။
“ကဲ မောင်တာတေရေ၊ ကျုပ်စည်း
ချလိုက်ဦးမယ်”
ဘိုးလူပေက မန္တန်ရွတ်ပြီး စည်းချ
တယ်။စည်းချပြီးတော့မှ ပြောတယ်ဗျ။
“မောင်တာတေ ဘာမှမကြောက်နဲ့၊
နှစ်နှစ်ခြိုက်ခြိုက်သာ အိပ်ကွဲ့”
ကျွန်းကြီးပေါ်မှာ သဘာဝအတိုင်း
ပေါက်နေတဲ့ အုန်းပင်တွေ၊ခြုံနွယ်
တွေ လူတစ်ဖက်လောက် လူနှစ်
ဖက်လောက်ရှိတဲ့ သစ်ပင်ကြီးတွေ၊
မိုးရာသီမှာ လေမုန်တိုင်းကျလို့
လဲကျနေတဲ့ သစ်ပင်ကြီးတွေကို
လရောင်အောက်မှာ မြင်နေရ
တာပေါ့ဗျာ။
“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”
ကျောက်ဆောင်တွေကို ပြေးပြီး
ရိုက်တဲ့လှိုင်းရိုက်သံကြီးတွေက
တဝုန်းဝုန်းနဲ့ပေါ့ဗျာ။ဘိုးလူပေနဲ့
ကျုပ်နဲ့ စခန်းချတဲ့နေရာက တော
စပ်မှာလေဗျာ။ ဒီ လွတ်တဲ့နေရာ
မှာ စခန်းချရတာပေါ့ဗျ။ ခဏနေ
တော့ ဒီတက်ပြီဗျို့။
“ဝူး…ဝုန်း”
“ဝူး…ဝုန်း”
ပင်လယ်အော်သံကြီးကိုပါ ကြား
လာရတာဗျ။’ဝူး’ဆိုတာက ပင်လယ်
အော်သံကြီးလေဗျာ။’ဝုန်း’ဆိုတာက
ကမ်းခြေကို လှိုင်းရိုက်တဲ့ အသံဗျ။
ပင်လယ်အော်သံကြီးကို နားထောင်
ရင်း ကျုပ် မျက်စိတွေ လေးလာရော
ဗျာ။ကျုပ် အိပ်ပျော်သွားလိုက်တာ
တစ်ရေးမှကို မနိုးဘူးဗျ။
“မောင်တာတေ၊ မောင်တာတေ၊
ထတော့ကွဲ့”
ဘိုးလူပေ နှိုးမှပဲ ကျုပ်နိုးတော့တာဗျို့။
ညက ကျုပ်မအိပ်ခင် လရောင်လင်း
နေတဲ့ပင်လယ်ကြီးမှာ အခုတော့ နေ
ရောင်တွေ လင်းနေပြီဗျ။ ကျုပ်လည်း
ပါလာတဲ့ ရေလေးနဲ့ ပလုတ်ကျင်းပြီး
မျက်နှာသစ်လိုက်တယ်။ ပြီးတော့
ဘိုးလူပေ အသင့်ပြင်ထားတဲ့ မနက်
စာကို စားလိုက်တယ်။ ပြီးတာနဲ့ နဂါး
ဆေးပေါ့လိပ်ကလေး နှစ်ဖွာ သုံးဖွာ
ဖွာလိုက်ပြီး နေမထိတောင်ကိုတက်
ဖို့ ပြင်ရတော့တာပေါ့ဗျာ။ ငှက်ပျော
သီး အုန်းသီးတွေ မျှထည့်ထားတဲ့
ပတ္တူအိတ်ကြီးနှစ်လုံးကို ဆလုံကြီး
နှစ်ယောက်က စလွယ်သိုင်းလွယ်
လိုက်ကြတယ်။
ဘိုးလူပေနဲ့ ကျုပ်နဲ့ကတော့ ဆေး
လွယ်အိတ်တစ်ယောက်တစ်လုံး
လွယ်လို့ပေါ့ဗျာ။ ဆလုံကြီးနှစ်
ယောက်က ရှေ့ကသွား၊ ကျုပ်
တို့က နောက်ကလိုက်ပေါ့ဗျာ။
အရိပ်မဲမဲကြီး ထိုးနေသလို ဖြစ်နေတဲ့
နေမထိတောင်ကြီးဆီကို ကျုပ်တို့တွေ
တရွေ့ရွေ့လှမ်းလို့ပေါ့ဗျာ။ရောက်ပြီ
ဗျ။ တောင်ကြီးရဲ့အခြေကိုတော့ရောက်
လာပြီ။ အို…မတ်လိုက်တဲ့ တောင်ကြီး
ဗျာ။ အပေါ်ကိုတက်ဖို့ လမ်းလိုက်ရှာ
ကြည့်တယ်။ တွေ့ကို မတွေ့တာဗျ။
ဆလုံကြီးနှစ်ယောက်က တစ်ယောက်
မျက်နှာ တစ်ယောက်ကြည့်ပြီး ပြော
ကြတယ်။ သူတို့ပြောတဲ့ စကားတွေ
ကို ကျုပ်တော့ နားကိုမလည်ဘူး။
ကျုပ် မှန်းကြည့်တာက ဆလုံကြီး
နှစ်ယောက်တစ်ခုခုကို ရှာနေပုံပဲ။
“သူတို့နှစ်ယောက် နွယ်ရှင်ကြီးတွေ
ဆင်းတဲ့နေရာကို ရှာနေကြတာ
မောင်တာတေရဲ့”
ဘိုးလူပေက ကျုပ်ကို ပြောပြတယ်။
ခဏနေတော့ ဆလုံကြီးနှစ်ယောက်
က ရှေ့ဆက်သွားကြပြန်ရောဗျ။ကျွန်း
ပေါ်က တောကလည်း ထူပါ့ဗျာ။ ဒီ
ကျွန်းကြီးကို လူတွေ သိပ်မလာကြ
တော့သစ်ကောင်းဝါးကောင်းတွေမှ
ပေါချက်ဗျာ။ပျဉ်းကတိုးပင်ကြီးတွေ
မှ ဖြောင့်စင်းနေတာဗျာ။သစ်ခွဲလိုက်
လို့ကတော့ လွှတ်ကောင်းပေါ့ဗျာ။
ဆလုံကြီးတွေက သူတို့ထုံးစံအတိုင်း
ပေါ့ဗျာ။ အပေါ်ပိုင်းဗလာကျင်း အ
ကွက်ဆင်မပေါ်တော့တဲ့ ပုဆိုးမည်း
မည်းတွေကို ဒူးခေါင်းလောက် ဝတ်
လို့ဗျ။
“ဝူး”
ရှေ့ခပ်လှမ်းလှမ်းက သွားနေတဲ့
ဆလုံကြီးက’ဝူး’လို့ အော်ပြီး အ
ချက်ပေးလိုက်တယ်
“တွေ့ပြီ၊ တွေ့ပြီ၊ နွယ်ရှင်ကြီးတွေ
ဆင်းတဲ့နေရာကို တွေ့သွားပြီ။ ဒါ
ကြောင့် အချက်ပေးတာ”
ဘိုးလူပေက ကျုပ်ကိုပြောတယ်။
ကျုပ်တို့ရောက်သွားတော့ ဆလုံ
ကြီးက အပေါ်ကို မော့ကြည့်နေ
တယ်။ ဟုတ်တယ်ဗျို့။တောင်
ကမ်းပါးယံမှာ ရေမြောင်းလို့
ချိုင့်ကြီးတွေဗျ။
“မောင်တာတေ အဲဒီချိုင့်ကြီးတွေက
နွယ်ရှင်ကြီးတွေ ဆင်းတဲ့လမ်းကြောင်း
တွေလေ”
“ဟာ ဟုတ်လား ဆရာကြီး၊ ဒါဆိုရင်
အဲဒီနွယ်ရှင်ကြီးတွေက အသက်ရှိလို့
လား ဆရာကြီး”
“သဘာဝပါကွယ်၊အသက်ရှိတာတော့
မဟုတ်ပါဘူး”
“ဝေါ၊ ဝေါ၊ ဝေါ”
ဟာ၊ ဘာသံကြီးတွေတုံးဗျ။ကျုပ်လန့်
တောင်သွားတယ်။ဆလုံကြီးနှစ်ယောက်
က ဘေးကို ဆုတ်ပြေးကြတယ်။ဘိုးလူ
ပေရော ကျုပ်ရော သူတို့ပြေးသလို
ဝေးဝေးပြေးကြရတာပေါ့ဗျာ။
“ဘာဖြစ်တာတုံး ဆရာကြီး”
“တောင်ပေါ်က နွယ်ရှင်ကြီးတွေ
ဆင်းလာတာကွဲ့မောင်တာတေရဲ့၊
အသာကြည့်နေ၊ ကြည့်နေ၊ အဲဒီ
ဆလုံတွေ လုပ်သလိုသာ လိုက်
လုပ်ပေတော့”
” ဝေါ၊ ဝေါ၊ ဝေါ”
ဟာ ဆင်းလာပြီဗျို့။ ငန်းမြွေကြီးတွေ
ဆင်းလာသလား မှတ်ရတယ်။မည်း
မည်းရှည်ရှည်ကြီးတွေဗျာ။ကျုပ်ဖြင့်
ကြောက်လိုက်တာ မပြောပါနဲ့တော့။
“ဆရာကြီး မြွေကြီးတွေများလားဗျာ”
“ဟာ၊မဟုတ်ပါဘူး မောင်တာတေရဲ့၊
ဒါ နွယ်ရှင်ကြီးတွေပါ၊ ကျုပ်အဘ ဆ
ရာပွားကြီး ပညာစခန်းတက်တုန်းက
ကျုပ်စီးဖူးပါတယ်။ နွယ်ပေါ်ကို ဝမ်း
လျားမှောက်စီးနော် မောင်တာတေ၊
လက်ကို မြဲမြဲကိုင်ထား၊ ဘာမှမ
ကြောက်နဲ့၊ စိတ်ကိုပေါ့ပေါ့ပါးပါး
ထားလိုက်”
“ဝေါ” “ဝေါ” “ဝေါ” “ဘုန်း” “ဘုန်း”
‘ဝေါ ဝေါ ‘ဆိုတာက တောင်ပေါ်က
နွယ်ရှင်ကြီးတွေ ဆင်းလာတဲ့ အသံဗျ။
‘ဘုန်း ဘုန်း’ဆိုတာက ယောက်ျားကြီး
တစ်ယောက်ရဲ့ ထွာဆိုင်နှစ်ဆိုင်စာ
လောက်ရှိတဲ့ နွယ်ရှင်ကြီးတွေ မြေကြီး
ပေါ်ကိုကျတဲ့ အသံဗျ။ မြေကြီးပေါ်ကို
ကျပြီးတော့ ရှေ့ကို နှစ်လံ သုံးလံ
လောက် ပြေးသွားသေးတာဗျ။
ပြီးတော့မှ ရပ်သွားတာ။ ဟာ ပြေးပြီ
ဗျို့။ပြေးပြီ။ဆလုံကြီးတွေပြေးပြီ နွယ်
ရှင်ကြီးတွေကိုဖက်တက်နေကြတယ်
ကျုပ်ရေကြည့်တယ်။အားလုံးခြောက်
ခုဗျ။ နွယ်ရှင်ပင်ကြီးတွေအားလုံး
ခြောက်နွယ်ဗျ။ ဘိုးလူပေနဲ့ ကျုပ်
လည်း ဆလုံကြီးတွေ လုပ်သလို
လူထွာဆိုင်နှစ်ဆိုင်လောက်ရှိတဲ့
နွယ်ကြီးတစ်ပင်စီမှာ ဝမ်းလျား
မှောက်ပြီး ဖက်ထားလိုက်ကြ
တာပေါ့ဗျာ။
ခဏနေတော့ တုံ့ကနဲဖြစ်သွားပြီး
နွယ်ရှင်ကြီးတွေ အပေါ်ကို ပြန်တက်
သွားတယ်ဗျ။ သဘာဝတရားကြီးက
အံ့သြစရာပါဗျာ။ကျုပ်တစ်သက်မှာ
တော့ ဒါဟာ ပထမဆုံးနွယ်ရှင်စီး
ဖူးတာပဲဗျ။ နေမထိတောင်ကြီးက
လည်း မတ်လိုက်တာဗျာ။ဒီအတိုင်း
သာ တက်လို့ကတော့ အသက်အ
န္တရာယ်တောင် ရှိနိုင်တယ်။ရောက်
ပြီဗျို့။ရောက်ပြီ။ တောင်ပေါ်ကို
ရောက်ပြီ။ တောင်ပေါ်ရောက်တာ
နဲ့ ဆလုံကြီးနှစ်ယောက်က သူတို့
လွယ်လာတဲ့ ပတ္တူအိတ်ကြီးတွေ
ထဲက အုန်းသီး၊ ငှက်ပျောသီးတွေ
ထုတ်ပေးကြတယ်။
ပြီးတော့ နေရာတစ်နေရာကို လက်
ညှိုးထိုးပြတယ်။ဟာ ကျောက်ဖျာကြီး
ဗျို့။တော်တော်ကို ကျယ်တာဗျ။ဘိုး
လူပေနဲ့ ကျုပ်နဲ့ ငှက်ပျောသီးနဲ့ အုန်း
သီးတွေ ထည့်ထားတဲ့အိတ်ကြီးကို
သယ်ပြီး ကျောက်ဖျာချပ်ကြီးပေါ်မှာ
ပွဲတွေ ပြင်ကြတယ်။ အံ့သြစရာပါ
ပဲဗျာ။ ကျောက်ဖျာကြီးနဲ့ နှုတ်ခမ်း
စပ်မှာ သဘာဝအတိုင်း ဖြစ်နေတဲ့
ကျောက်တုံးကြီးတွေဗျ။ ကျောက်
တုံးကြီးတွေရဲ့ မျက်နှာပြင်က ချိုင့်
ကြီးတွေ လူတွေ သေသေချာချာ
ထွင်းထားတဲ့ ကျောက်ဆစ်လက်
ရာလိုပါပဲဗျာ။
သေသေချာချာကြည့်တော့မှ သ
ဘာဝအတိုင်းဖြစ်နေတဲ့ကျောက်
ဇလုံကြီးတွေဗျ။ ကျောက်ဖျာကြီး
က ကျုပ်စိတ်ထင် ပြောရရင် အ
လျားပေ ငါးဆယ်၊အနံပေ ငါး
ဆယ်လောက်ကို ရှိမယ်ဗျ။
ကျောက်ဖျာပေါ်မှာ ခြုံနွယ်ပိတ်
ပေါင်း မပြောနဲ့၊ မြက်တစ်ပင် အ
မှိုက်တစ်စတောင် မရှိဘူးဗျ။တစ်
ယောက်ယောက်ကများ ဒီကျောက်
ဖျာကြီးပေါ်ကို တံမြက်စည်းလှည်း
ထားသလို့တောင် ထင်ရတယ်။
ဆလုံကြီးတွေက တောစပ်မှာ ထင်း
ခြောက်တွေသွားကောက်ပြီးကျောက်
ဖျာပေါ်မှာ လာပြီးပုံကြတယ်။ တစ်
ခေါက်လည်းမဟုတ်၊နှစ်ခေါက်လည်း
မဟုတ်ဘူးဗျ။ တဖြည်းဖြည်းနဲ့ ထင်း
ပုံကြီးက လူတစ်ရပ်လောက် မြင့်လာ
ပြီ။ ဒီဆလုံကြီးနှစ်ယောက်ဟာ ဘာ
အတွက် ထင်းချောင်းတွေ ဒီလောက်
ပုံနေမှန်း ကျုပ်တွေးလို့မရဘူးဗျ။
ဘိုးလူပေကလည်း သဘာဝကျောက်
တုံးကြီးတွေထဲက ကျောက်ဇလုံကြီး
တွေထဲမှာ ပွဲပြင်နေတယ်။ဘိုးလူပေ
ပွဲပြင်နေတာကလည်း အဆန်းသား
ဗျ။ ငှက်ပျောက ဆယ်ဖီးဆင့်တယ်။
ပြီးတော့မှ အပေါ်မှာ အုန်းသီးတင်
တယ်။
“မောင်တာတေ၊ ဒါ ပထမံပွဲကွဲ့၊
ငှက်ပျောဆယ်ဖီးနဲ့ ပြင်ရတယ်”
ပထမံပွဲနဲ့ ခပ်လှမ်းလှမ်းက ကျောက်
ဇလုံတစ်ခုမှာတော့ ငှက်ပျောသုံးဖီး
နဲ့ အုန်းတစ်လုံးပွဲဗျ။
“ဒါက ကျွန်းပိုင်ရှင်မ မဖဲဝါအတွက်ပွဲ
ကွဲ့၊မောင်တာတေ ဟိုမှာ လှမ်းမြင်
နေရတဲ့တောင်ချွန်းကြီးကို ကြည့်
လိုက်စမ်း၊အဲဒီတောင်ချွန်းကြီးက
အထဲမှာ ဂူကြီးကွဲ့၊အဲဒီဂူကြီးထဲမှာ
ကျွန်းပိုင်ရှင်မ မဖဲဝါ နေတယ်”
ဘိုးလူပေ ပြတဲ့နေရာကို ကျုပ်လှမ်း
ကြည့်လိုက်တယ်။ဂူပေါက်တစ်ခုကို
မသဲမကွဲ မြင်ရတယ်။ဒီကျွန်းကြီးကို
အရပ်အခေါ်ကတော့ ဆလုံကျွန်းပေါ့
ဗျာ။ပညာသည်တွေ၊ အထက်ပုဂ္ဂိုလ်
တွေ သိတာကတော့ မဖဲဝါကျွန်းတဲ့
ဗျ။ဆလုံကြီးတွေ ထင်းလာပုံတဲ့
အချိန်မှာဘိုးလူပေက လက်ကာ
ပြလိုက်တယ်။
“ရပြီ၊ ရပြီ၊ ဒီလောက်ဆိုရင် လုံ
လောက်ပြီ၊ ကဲ မင်းတို့လှေကိုပြန်
တော့ လှေကပဲ ကျုပ်တို့ကိုစောင့်”
ဆလုံကြီးနှစ်ယောက် ဘိုးလူပေကို
ထိုင်ပြီး ကန်တော့သွားကြတယ်။
“ကဲ မောင်တာတေ၊ ရောက်တုန်း
ကြုံတုန်း ဗဟုသုတ လိုချင်ရင်တော့
မျက်ကွင်းဆေး ကွင်းပေတော့၊ပြီး
တော့ ကျုပ်ပေးထားတဲ့ ဒိဗ္ဗသောတ
အင်းနဲ့ စီရင်ထားတဲ့ သောတရေစင်
ကိုလည်း နားနှစ်ဖက်မှာ လိမ်းထား
လိုက်ကွဲ့”
တာတေပဲဗျာ၊ ဒါမျိုးကို ဘယ်လက်
လွှတ်မှာတုံးဗျာ။ ချက်ချင်း မျက်ကွင်း
ဆေးကွင်း၊ သောတရေစင်နားမှာ
ဆွတ်ထားလိုက်တယ်။ ဟာ ကျုပ်
မြင်ပြီဗျို့။မြင်ပြီ။ ကြားလည်း ကြား
ရပြီ။ အောင်မယ်လေးဗျာ၊ အမြဲ
တမ်း မှောင်ရိပ်သမ်းနေတဲ့ နေမ
ထိတောင်ကြီးမှာ နာနာဘာဝပေါင်း
ထောင်နဲ့သောင်းနဲ့ချီပြီး ရှိနေတာ
ပါလားဗျာ။
တောင်ပေါ်တွေမှာရော သစ်ပင်
ကြီးတွေပေါ်မှာရော ပုံစံကလည်း
မျိုးစုံဗျာ။ တချို့လည်း ခေါင်းပြတ်
ကြီးတွေဗျ။ တချို့လည်း သွေးသံ
ရဲရဲနဲ့ဗျ။ တချို့ကြတော့လည်း
နည်းတဲ့အရွယ်အစားမဟုတ်ပါ
ဘူးဗျာ။ လျှာနီနီကြီးတွေ တွဲ
လောင်းကျလို့ဗျို့။
အားလုံးက ဘိုးလူပေကို ဝိုင်းကြည့်
နေကြတာ။ကျုပ်ဖြင့် ကြက်သီးတွေ
တောင် တဖျန်းဖျန်း ထရောဗျ။ဘိုး
လူပေကတော့ အမွှေးတိုင်၊ဖယောင်း
တိုင်တွေပါ ထွန်းလိုက်တယ်။ပထမံ
ပုဂ္ဂိုလ်ကြီးတွေကို ပင့်ဖိတ်ပြီး ပထ
မံ ဆယ်ဖီးကို လှူတယ်။ကျွန်းပိုင်ရှင်
မ မဖဲဝါကိုလည်း ပင့်ဖိတ်ပြီး ပွဲပေး
တယ်။ ပညာစခန်းတက်နေတဲ့နေ
ရာမှာ အောင်အောင်မြင်မြင်ဖြစ်
အောင် အနှောင့်အယှက်မရှိ
အောင် စောင့်ရှောက်ပေးဖို့
မေတ္တာရပ်ခံတယ်။
ပြီးတာနဲ့ ဘိုးလူပေက ကျောက်ဖျာ
ကြီးပေါ်မှာ စည်းဝိုင်းချတယ်။
“ကဲ မောင်တာတေ၊ ကျုပ်တော့
အလုပ်စလုပ်တော့မယ်၊ ဒီကနေ့
မွန်းတည့်ချိန်မှာ ဟောဒီတောင်
ပေါ်မှာ ဆယ်မိနစ်လောက် နေပူ
လိမ့်မယ်၊ အဲဒီအချိန်မှာ ကျုပ်ပ
ညာစခန်းတစ်ခုတက်လိမ့်မယ်၊ ည
ရောက်လို့ ဒီတောင်ထိပ်ကို လရောင်
လင်းပြီဆိုရင် နောက်ထပ်ပညာစခန်း
တစ်ခု တက်ရမယ်။ဒီအတောအတွင်း
ဘယ်လိုအနှောင့်အယှက် အဖျက်အ
ဆီးပဲလာလာ၊မောင်တာတေ လုံးဝ
မကြောက်နဲ့၊ကြောက်ပြီး ဒီစည်းဝိုင်း
အပြင်ကိုထွက်ပြေးရင်တော့ စည်း
ပေါက်ပြီး ကျုပ်တို့ဆရာတပည့်နှစ်
ယောက် မရှုမလှ ခံကြရလိမ့်မယ်ကွဲ့”
“ဟာ ဒီအတွက်တော့ စိတ်ချပါ
ဆရာကြီး၊ ကျုပ်က ထွက်ပြေး
တက်တဲ့လူ မဟုတ်ပါဘူး”
“မောင်တာတေကို ကျုပ် ယုံကြည်
စိတ်ချလို့ ခေါ်လာတာပေါ့ကွယ်၊
ကဲ ကျုပ် အလုပ်စပြီ”
ဘိုးလူပေက ပုတီးကြီးထုတ်ပြီး စိပ်
တော့တာပေါ့ဗျာ။ပြီးတော့ ဂါထာ
တွေ၊ မန္တန်တွေလည်း ရွတ်တယ်ဗျ။
နေမထိတောင်ပေါ်က နာနာဘာဝ
တွေ ဘာမှတော့ မလုပ်ဘူးဗျ။ကြည့်
ရုံပဲ ကြည့်နေတယ်။ကျုပ်လည်း အ
ရှေ့၊ အနောက်၊ တောင်၊ မြောက်
လှည့်ပတ်ကြည့်နေရတာပေါ့ဗျာ။
နာနာဘာဝကောင်ကြီးတွေ ဘာ
မှမလုပ်ကြဘူးဗျ။ ဒီကောင်တွေ
တစ်ကောင်နဲ့တစ်ကောင် ပြော
ဆိုနေတဲ့အသံတွေလည်း ကျုပ်
ကြားနေရတယ်။ ဒါပေမဲ့ ပီပီ
သသ ကြားရတာတော့ မဟုတ်
ဘူးဗျ။ ဘိုးလူပေပုတီးမပြတ်စိပ်
နေတယ်။ မနက် ဆယ့်တစ်နာရီ
ထိုးတော့ ဘိုးလူပေ အလုပ်ခဏ
နားတယ်။
“ကဲ မောင်တာတေ၊ ကျုပ်ရော
မင်းရော ဥပုသ်စောင့်ထားကြ
တာမို့လား၊ မွန်းမတည့်ခင် အ
စား အသောက် စားထားကြစို့ကွဲ့”
ဘိုးလူပေ အမိန့်ရှိတာနဲ့ ကျုပ်က
ပါလာတဲ့ အစားအသောက်တွေ
ထုတ်တယ်။ကောက်ညှင်းပေါင်းနဲ့
ငပုတ်ခြောက်မီးဖုတ်ဗျ။ကပ္ပိယကြီး
ထည့်ပေးလိုက်တာ မနည်းပါဘူး
ဗျာ။ ဘိုးလူပေ စားပြီးတော့ ကျုပ်
ဆက်စားတယ်။စားသောက်ပြီးတာ
နဲ့ ကျုပ်က နဂါးဆေးပေါ့လိပ်က
လေး ဖွာတယ်။ ဘိုးလူပေက
ဆေးတံ တစ်ဆုံသောက်တယ်။
“ကဲ မောင်တာတေ၊ အချိန်နီးပြီကွဲ့၊
ကျုပ် ပညာစခန်းတက်တော့မယ်၊
ဘာအဖျက်အဆီးပဲလာလာ မ
ကြောက်နဲ့နော်”
“စိတ်ချပါ ဆရာကြီး”
ဘိုးလူပေက ထွန်းထားတဲ့ ဖယောင်း
တိုင်တွေက လင်းတုန်းဗျ။ဆရာကြီး
ပေးလိုက်တဲ့ ဝါဆိုဖယောင်းတိုင်ကြီး
တွေလေဗျာ။ ဘိုးလူပေ မန္တန်တွေ
ရွတ်ပြီဗျို့။ ဒီတစ်ခါရွတ်တဲ့ မန္တန်
တွေက စောစောက ရွတ်တာမျိုး
မဟုတ်ဘူးဗျ။
ရွတ်ဖတ်တဲ့ ဋ္ဌာန်ကရိုဏ်းချင်းလည်း
မတူဘူး။
စောစောက ရွတ်သလို မဟုတ်ဘဲ
မာန်အပြည့် အားအပြည့်နဲ့ ရွတ်နေ
တာဗျို့။ဟာ နာနာဘာဝတွေ တရွေ့
ရွေ့နဲ့ ဆင်းလာကြပြီဗျို့။ဘိုးလူပေက
တော့ မျက်စိမှိတ်ပြီး ရွတ်နေတာဗျ။
အို…သစ်ပင်တွေပေါ်ကရော၊ တောင်
ကုန်းတွေပေါ်ကရော ဆင်းလာလိုက်
ကြတာဗျာ။ မည်းမည်းကို လှုပ်နေ
တော့တာဗျို့။နာနာဘာဝအကောင်
ပေါင်း ဘယ်နှထောင်လောက်ရှိမှန်း
ကျုပ်လည်း မသိနိုင်ဘူးပေါ့ဗျာ။တ
ချို့ကလည်း တင်းပုတ်ကြီးတွေနဲ့ဗျ။
နေ့ခင်းကြောင်တောင်ဆိုပေမယ့်
ဟောဒီနေမထိတောင်မှာက အ
မှောင်ရိပ်ကြီးကျနေတာဗျ။
တဖြည်းဖြည်း နီးကြပြီ။ပုံစံတွေကို
ကျုပ်မြင်နေရပြီ။ ကြောက်စရာကြီး
တွေပါဗျာ။ ကျုပ်တစ်ကိုယ်လုံးကြက်
သီးတွေ တဖျန်းဖျန်း ထကုန်ပြီဗျို့။
ဟော ကြည့်နေရင်းနဲ့ ကျောက်ဖျာ
ကြီးအစပ်ကို ကပ်လာကြပြီ။
ဟော အားလုံးရပ်သွားကြပြီဗျို့။
ကျောက်ဖျာကြီးနဲ့ ဆယ်ပေလောက်
အရောက်မှာ ရပ်သွားကြပြီ။ ဘိုးလူ
ပေကလည်း မန္တန်ကို အသံကျယ်
ကျယ်နဲ့ ရွတ်နေတာဗျို့။ဘိုးလူပေ
ရဲ့ မန္တန်ရွတ်သံက နေမထိတောင်
ကြီး တစ်ခုလုံးမှာ ဟိန်းနေပြီဗျို့။
နာနာဘာဝကောင် ထောင်ပေါင်း
များစွာက ပါးစပ်ကြီးတွေဟ၊လက်
ကြီးတွေက ကုတ်တော့ဖဲ့တော့
မယ်ပုံစံနဲ့ မျက်လုံးနီနီကြီးတွေပြူး
ပြီး ကျုပ်တို့ကို ကြည့်နေတာဗျ။
“ဟေး…နေထိတော့မယ်”
ဟာ အသံကြီးတစ်သံဗျ။တောင်ချွန်း
ကြီးဘက်က ထွက်လာတာ။ဘိုးလူပေ
ပြောတဲ့ မဖဲဝါနေတဲ့ ဂူကြီးထဲက ဖြစ်
မယ်ဗျ။ နာနာဘာဝတွေ ကောင်းကင်
ကို တစ်ပြိုင်တည်း မော့ကြည့်တယ်ဗျို့။
“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အား၊ အား”
ဟာ ပြေးကြပြီဗျို့။ပြေးကြပြီ။တော
နက်ကြီးထဲကို ဝင်ပြေးကြတာဗျ။
ကျုပ်လည်း ဒီတော့မှ စိတ်အေး
သွားတော့တာပေါ့ဗျာ။ ဟာ လင်း
ပြီဗျို့။ လင်းပြီ။ နေရောင်လင်းပြီဗျာ။
ထူးဆန်းလိုက်တာဗျာ။ အမှောင်
ရိပ်ကြီးကျနေတဲ့ နေမထိတောင်
ကြီးပေါ်မှာ နေရောင်ကြီးက ကျဲ
ကျဲတောက်နေတော့တာဗျာ။
ဘိုးလူပေရဲ့ မန္တန်ရွတ်သံကလည်း
ပိုပိုပြီးကျယ်လာသလိုပဲဗျ။ကျုပ်ဘေး
ဘီကို လိုက်ကြည့်တယ်။နာနာဘာဝ
ကြီးတွေ တစ်ကောင်မှကို မမြင်ရတာ
ဗျ။ ဒီကောင်တွေ တစ်နှစ်မှ တစ်ခါ
လင်းတဲ့ ဒီနေရောင်ကို အထိမခံနိုင်
လို့ ပြေးကြတာ ဖြစ်မယ်ဗျ။ ဟာ
ဘိုးလူပေ၊ ဘိုးလူပေ၊ စက်ရောင်
တွေ ထွက်လာပြီဗျို့။
မွန်းတည့်နေက ဘိုးလူပေအပေါ်
ကို တည့်တည့်ကြီး ထိုးထားတာဗျ။
အဲဒီနေရောင်အောက်မှာကို ဘိုးလူ
ပေရဲ့ကိုယ်က စက်ရောင်တွေ ဖြာ
ထွက်လာတာဗျ။ ဟာ အနီ၊အဝါ၊
အပြာ၊ အစိမ်း၊ လိမ္မော်။အို…စက်
တွေဆိုတာ တောက်နေတော့
တာဗျ။ ဘိုးလူပေကတော့ တစ်
ချက်မှကို မနားပဲ မန္တန်တွေ ရွတ်
နေတာဗျို့။ဟော နေရောင်ကြီး
ပျောက်သွားပြီ။တစ်တောင်လုံး
မှိုင်းကနဲ ပြန်ဖြစ်သွားတယ်။
“ဝူး၊ ဝူး၊ အီ၊ အီ၊ အား၊ အား”
ဟာ တောထဲမှာ ပုန်းနေတဲ့ နာနာဘာဝ
တွေပြန်ထွက်လာကြပြီဗျို့။ ဒါပေမဲ့ ကျုပ်
တို့ဘက်ကို မလာကြတော့ဘူးဗျ။ခဏနေ
တော့ ဘိုးလူပေလည်း မန္တန်ရွတ်တာ ရပ်
လိုက်ပြီဗျ။
“ကဲ မောင်တာတေရေ၊ ကျုပ်တော့ နေ
မထိတောင်ရဲ့မွန်းတည့်နေအောက်မှာ
ပညာစခန်းရဲ့ပထမအဆင့်အောင်သွား
ပြီကွဲ့၊ ဒီည လမွန်းတည့်ချိန်မှာ ဒုတိယ
အဆင့်တက်ရတော့မယ်။ကဲ မောင်တာ
တေလည်း တစ်ရေးတမော အိပ်ချေကွဲ့”
ဘိုးလူပေရော ကျုပ်ရော ကျောက်ဖာပေါ်
မှာ လှဲပြီးအနားယူလိုက်ကြတယ်။ညနေ
လောက်ရောက်တော့ ဘိုးလူပေက ပြော
တယ်။
“မောင်တာတေ၊ ဒီည ဟောဒီတောင်ကြီး
ပေါ်ကို လရောင်ကျပြီဆိုတာနဲ့ ဟောဟို
က ထင်းချောင်းတွေကို စီကြရမယ်ကွဲ့၊
ပြီးရင် အဲဒီထင်းပုံကြီးထဲမှာ ကျုပ်က ဝင်
ပြီး မန္တန်ရွတ်မယ်၊ ပထမဆုံး မီးခိုးလုံးကြီး
တွေ ထွက်လာတာတွေ့ရင် ဟောဒီအင်း
အနီကို ပစ်ကွဲ့၊ ထင်းပုံကြီးက မီးတွေ
ဟုန်းကနဲ ထတောက်လိမ့်မယ်၊ဒီအချိန်
မှာ အဖျက်အဆီးတွေ လာလိမ့်မယ်။
မကြောက်နဲ့နော်၊ မောင်တာတေထွက်
လည်း မပြေးနဲ့၊ စည်းပေါက်သွားတာနဲ့
ကျုပ်ကို မီးသင်္ဂြ ိုဟ်ပြီးသား ဖြစ်သွား
လိမ့်မယ်”
“စိတ်ချပါ ဆရာကြီး”
“အေး၊မီးတောက်တွေကြားက မီးတောက်
နီနီကြီး ထိုးတက်လာတာတွေ့ရင် ဟောဒီ
အစိမ်းရောင်အင်းကို ပစ်ကွဲ့”
“ဟုတ်ကဲ့ပါ ဆရာကြီး”
“အဲဒီအနီရောင်မီးတောက်ကြီး ပျောက်
သွားပြီး ခဏကြာရင် မီးတောက်မီးလျှံ
တွေကြားက စက်တွေ ရောင်စုံထွက်
လာလိမ့်မယ်၊အဲဒီအချိန်မှာဟောဒီ’နတ်
စက်ရောင်အင်း’ကို ပစ်ပေတော့ ကွဲ့”
“စိတ်ချပါ ဆရာကြီး”
ပြောသာပြောရတယ်ဗျ။ ဘိုးလူပေ
ပြောတာကို နားထောင်ရင်း ကျုပ်ဖြင့်
စိုးရိမ်လိုက်တာဗျာ။ ဒါပေမဲ့ အချိန်တန်
တော့လည်း ညရောက်လာတာပေါ့ဗျာ။
ဘိုးလူပေနဲ့ ကျုပ်နဲ့လရောင်အောက်မှာ
ထင်းချောင်းတွေကို ဂူပေါက်တစ်ခုလို
ဖြစ်အောင် စီကြရတာဗျ။ဘိုးလူပေဝင်
ဖို့ အပေါက်တစ်ပေါက်ချန်ထားရတယ်။
ဒီအပေါက်ကို ဘိုးလူပေ ဝင်သွားပြီးမှ
ကျုပ်ကထင်းချောင်းတွေစီပြီးပိတ်ရမှာ။
ညဆယ့်တစ်နာရီမှာ ဘိုးလူပေက
အဝတ်အစားလဲတယ်။အပေါ်ဖြူ၊
အောက်အဖြူ၊ ခေါင်းပေါင်းပုဝါ
ပေါင်းတယ်။ပြီးတာနဲ့ ဂူတစ်ခုလို
စီထားတဲ့ ထင်းပုံထဲကို ပုတီးကြီး
စလွယ်သိုင်းပြီး ဝင်သွားရောဗျို့။
ကျုပ်က ဘိုးလူပေ ဝင်သွားတဲ့
အပေါက်ကို ထင်းချောင်းတွေနဲ့
ပိတ်လိုက်တယ်။
ထင်းချောင်းဂူထဲက ဘိုးလူပေရဲ့
မန္တန်ရွတ်တဲ့အသံ စပြီး ထွက်လာပြီ။
လရောင်ကလည်း တောင်ထိပ်က
ကျောက်ဖျာကြီးပေါ်မှာ ထိန်နေအောင်
လင်းလို့ပေါ့ဗျာ။ ကျုပ်ကလည်း ကျုပ်ရဲ့
ဆေးလွယ်အိတ်ရော၊ဘိုးလူပေရဲ့ဆေး
လွယ်အိတ်ရော တစ်ဖက်စီ စလွယ်
သိုင်းလွယ်ထားတာဗျ။လက်ထဲမှာ
လည်း ဘိုးလူပေ ပေးထားတဲ့ အင်း
သုံးချပ်ကို အစဉ်အတိုင်းထပ်ပြီး
ကိုင်ထားတယ်။
“ဟီး ဟီး ဟီး”
ဟာ အသံကြီးတွေဗျ။ ဘာသံကြီးတွေ
မှန်းတော့ မသိဘူး။တော်တော်တော့
ကြောက်စရာကောင်းသားဗျ။ဟော
တောထဲက ထွက်လာပြီဗျို့။
“ဟီး ဟီး ဟီး ဟီး ဟီး”
အောင်မယ်လေးဗျာ၊ နည်းတဲ့အကောင်
ကြီးတွေမှ မဟုတ်တာ။ အရပ်ကြီးတွေ
ထန်းပင်လောက်မြင့်တယ်ဗျို့။
ကိုယ်လုံးကြီးတွေကလည်း ပုတ်လုံးကြီး
လောက်ရှိတယ်။တစ်ကိုယ်လုံး အမွေး
မည်းမည်းကြီးတွေ ဖုံးလို့ဗျို့။ပခုံးကြီး
တွေပေါ်မှာ ဧရာမကျောက်တင်းပုတ်
ကြီးတွေ ထမ်းထားတယ်။ အားလုံး
လေးကောင်ဗျ။ကျုပ်စိတ်ထင်တော့
ဘီလူးကြီးတွေလို့ ထင်တာပဲဗျာ။
ကျုပ်တို့ဘက်ကို တန်းတန်းမတ်မတ်
ကို လာနေတာဗျ။
“ဟီး ဟီး ဟီး ဟီး”
ဟာ၊ နီးလာပြီဗျို့။နီးလာပြီ။ ဟာ
ကျောက်ဖျာကြီး အစပ်အထိရောက်
လာကြပြီဗျို့။ဟော ဘီလူးကြီးတစ်
ကောင်က ငှက်ပျောဆယ်ဖီးနဲ့ ဘိုး
လူပေကိုယ်တိုင် ထိုးထားတဲ့ ကန်
တော့ပွဲကို စိုက်ကြည့်နေတယ်။
ပြီးတော့ သူ့လက်ထဲမှာ စုံကိုင်
ထားတ့ ကျောက်တင်းပုတ်ကြီး
ကို အပေါ်မြှောက်ပြီး ပထမံပွဲ
ကိုထုတော့မလို လုပ်နေတယ်
ဗ်။ ဟာ၊ ပထမံပြဲက မီးခိုးလိုအ
ငွေ့တွေ ထွက်လာပြီး ဘီလူး
ကြီးဘက်ကို လွင့်သွားတယ်။
ဟော ဘီလူးနောက်ဆုတ်သွားပြီ
ဗျို့။ဟော၊ တစ်ကောင်က ကျုပ်ကို
စိုက်ကြည့်ပြီး လက်ထဲက တင်းပုတ်
ကြီးနဲ့ ရွယ်ထားတယ်။
ကျုပ်ဆိုတာကြက်သီးတွေတဖျန်းဖျန်း
ထပြီးခေါင်းကဆံပင်တွေတောင်ထောင်
ထနေရောဗျာ။ဘီလူးကြီးလေးကောင်
က ကျုပ်တို့ကို ဝိုင်းထားကြတာဗျ။
ဘိုးလူပေကတော့ မန္တန်ကိုအသံအ
ကျယ်ကြီးနဲ့ ရွတ်နေတာဗျို့။ဟော
လမွန်းတည့်ပြီ။
“ဟီး ဟီး ဟီး ဟား ဟား ဟား အီး”
ဟင်၊ ဒါ မဖဲဝါကြီး အသံဗျ။ကျုပ်သိ
တာပေါ့ဗျာ။ဟော မဖဲဝါကြီး လာပြီ
ဗျို့။သူ့ဂူပေါက်ကြီးထဲကနေ မီးလုံး
ကြီးတစ်လုံး ထွက်လာပြီး နောက်မှာ
မဖဲဝါ ပါလာတာဗျ။ လေထဲကနေ
လွင့်လာတာ။ ဆံပင်ဖားလျားကြီး
နဲ့ပဲဗျ။
“ဘုန်း”
ဟာ…ရောက်တာနဲ့ ပထမံပွဲကို တင်း
ပုတ်နဲ့ ထုမလို့ရွယ်တဲ့ ဘီလူးကြီးကို
‘ဘုန်း’ကနဲ ရိုက်လိုက်တာဗျို့။မဖဲဝါ
ရဲ့လက်ဝါးစာမိသွားတဲ့ ဘီလူးကြီး
နောက်ကိုဆုတ်ပြီး ပြေးသွားရောဗျို့။
“အုန်း”
ရိုက်ပြန်ပြီဗျာ။ ပေကပ်ကပ်လုပ်နေတဲ့
ဘီလူးကြီးရဲ့ကျောကုန်းကို ရိုက်လိုက်
တာဗ်။
“အုန်း”
ဟော ကျုပ်ကို တင်းပုတ်နဲ့ ရွယ်နေတဲ့
အကောင်ကို ရိုက်တာဗျ။ဟာ ပြေးပြီဗျို့၊
ပြေးပြီ၊ ဘီလူးလေးကောင်လုံး တောင်
ပေါ်က ဆင်းပြေးသွားကြပြီဗျာ။
“ဟီး၊ ဟီး၊ ဟီး၊ ဟား၊ ဟား၊ ဟား၊
အီ၊ အီး”
မဖဲဝါကြီးလည်း လေထဲပျံတက်ပြီး
သူ့ဂူပေါက်ထဲကို ဝင်သွားရောဗျ။
ဟာ မီးခိုးလုံးကြီး ထွက်လာပြီ။ဘိုး
လူပေမှာထားတဲ့အတိုင်း အနီရောင်
အင်းကို ကျုပ် လှမ်းပစ်လိုက်တယ်။
“ဝုန်း”
ဟာ ထင်းပုံကြီး မီးထတောက်ပြီဗျို့။
ကျုပ်တောင် နောက်ကို ဆုတ်နေ
လိုက်ရတယ်။ ဘိုးလူပေရဲ့မန္တန်ရွတ်
သံက ပိုပြီးတော့ ကျယ်လာတယ်။
ဒီတော့မှ ကျုပ်လည်း စိတ်အေးသွား
တော့တာပေါ့ဗျာ။ဟော မီးတောက်
ကြီးတွေကြားက မီးတောက်နီနီကြီး
ထွက်လာပြီဗျို့။အို…အရောင်ကြီး
က နီရဲနေတာဗျ။ထင်းပုံကြီးရဲ့အ
ပေါ်ကို နှစ်လန် သုံးလန်လောက်
ထိုးတက်နေတာဗျ။ ကျုပ် ဒုတိ
ယအင်းကို ပစ်ပြီဗျို့။
“ဝုန်း”
ဟာ စက်တွေဗျို့ စက်တွေ။မီး
တောက်နီကြီး’ဝုန်း’ဆိုတဲ့အသံ
ကြီးမြည်ပြီးပျောက်သွားတာနဲ့
မီးတောက်ကြီးတွေကြားက
စက်ရောင်စုံတွေ ဖြာထွက်
လာတယ်ဗျ။ အရောင်မှ စုံ
နေတာပါပဲဗျာ။ဘိုးလူပေမှာ
တဲ့အတိုင်း ကျုပိလက်ထဲမှာ
တစ်ချပ်တည်း ကျန်နေတဲ့
နတ်စက်ရောင်အင်းနဲ့ ကျုပ်
ပစ်လိုက်တယ်။
“ဝုန်း”
ဟာ မီးတောက်ကြီးပါ ‘ဝုန်း’က
နဲမြည်ပြီး ငြိမ်းသွားပြီဗျို့။စက်
ရောင်တွေလည်း တဖြည်းဖြည်း
ပျောက်သွားပြီ။ ဟော ဘိုးလူပေ
ရဲ့ မန္တန်ရွတ်သံလည်း တဖြည်း
ဖြည်း တိုးတိုးလာပြီး နောက်ဆုံး
ပျောက်သွားတယ်။ ဟော ထွက်
လာပြီဗျို့။ဘိုးလူပေ ထွက်လာပြီ။
ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ။
“ဆရာကြီး ဘာမှမဖြစ်ဘူးနော်”
“မဖြစ်ပါဘူး မောင်တာတေ၊ကျုပ်
အောင်သွားပါပြီကွယ်၊မောင်တာ
တေကိုရော ဟောဒီကျွန်းကြီးရဲ့
ကျွန်းပိုင်ရှင်မ မဖဲဝါကိုရော ကျုပ်
ကျေးဇူးအများကြီးတင်ပါတယ်ကွယ်”
ဘိုးလူပေက ကျောက်ဖျာကြီးရဲ့
အလယ်မှာ ခြေစုံရပ်ပြီး ပထမံ
ပုဂ္ဂိုလ်တွေကို ရှိခိုးတယ်။ပြီးတော့
သူ့ရဲ့ဖခင် ဆရာပွားကြီးကို ရှိခိုး
တယ်။ကျွန်းပိုင်ရှင်မ မဖဲဝါကို
မေတ္တာပို့တယ်။ပြီးတာနဲ့ အဝတ်
ဖြူတွေကို ချွတ်လဲတယ်။ဘိုးလူ
ပေ ဝတ်ထားတဲ့ အဝတ်ဖြူမှာ
ပြာတစ်မှုန်တောင် ကပ်မနေဘူး
ဗျ။ မှိုင်းတစ်စလည်း မပေဘူး။
ဘိုးလူပေ အဝတ်အစားလဲပြီးတော့
ကျုပ်တို့နှစ်ယောက် နွယ်ရှင်ကြီးတွေ
ရှိတဲ့ဆီကို သွားကြတယ်။
“လပြည့်ည တစ်ညလုံးတော့ နွယ်ရှင်
တွေ တောင်အောက်ကို ဆင်းဦးမှာ
မောင်တာတေရဲ့”
ဘိုးလူပေနဲ့ ကျုပ်နဲ့ခပ်သုတ်သုတ်
သွားပြီး တောင်အောက်ကို ဆင်းနေ
တဲ့ နွယ်ရှင်ပင်ကြီးတွေပေါ်မှာ ဝမ်း
လျားမှောက်ဖက်ထားပြီး ဆင်းခဲ့ကျုပ်တို့ကိုကြရတယ်။
စောင့်နေတဲ့ဆလုံကြီးတွေလည်း ကျုပ်တို့ လှေပေါ်
ရောက်တာနဲ့ လှေစထွက်တော့တာပဲဗျ။
ဘိတ်မှာ တစ်ရက်နေပြီး ရန်ကုန်ကိုပြန်တယ်။
ရန်ကုန်ကမှ ကျုပ်က ရွာပြန်ခဲ့
တယ်။ဘိုးလူပေကတော့ ကိစ္စတစ်ခု
ပေါ်လာတာနဲ့ ရန်ကုန်မှာပဲ နေခဲ့တော့တယ်ဗျ။
အိမ်ပြန်ရောက်တော့မှပဲ ကျုပ်က
ိုမျှော်နေတဲ့ အမေတို့ အဘတို့လည်း
စိတ်အေးသွားကြတော့တာပေါ့ဗျာ။
မဖဲဝါနေတဲ့ကျွန်းကို ကျုပ်ရောက်
ခဲ့တဲ့ အကြောင်းကိုတော့ ဘယ်သူ့
ကိုမှ ကျုပ်မပြောခဲ့ဘူးပေါ့ဗျာ။
ပြီးပါပြီခဗျာ
စာဖတျပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။
ဤဝတ္တုလေး အား ကြိုနှစ်သက်တယ်ဆိုရင် like and shareလေးနဲ့အားပေးသွားပါ အုံးဗျာ
Leave a Reply