လယ်တွေစိုက်နေတတ်တယ်မဟုတ်လား”
ဦးဘသာကြီးက ကျုပ်ကိုမယုံသလိုကြည့်တယ်ဗျ။
“မင်းဟာတွေက ပေါက်ကရတွေပါကွာ၊ မင်းတို့မီလိုက်တာမှမဟုတ်တာ”
“မီတော့မမီပေမယ့် ရွာကလူတွေက အဲဒီလိုပဲပြောနေကြတာမဟုတ်လားဗျ၊ ဒါနဲ့ ဦးဘသာကြီးက အဲဒီအဖြစ်ကိုမီလိုက်တယ်မဟုတ်လား”
“မီတာပေါ့ကွာ၊ အဲဒီတုန်းက မင်းတောင်မမွေးသေးဘူးထင်တယ်ကွ၊ ငါမှတ်မိတာကတော့ မင်းအမေ မသိန်းက မင်းကို ကိုယ်ဝန်ကြီးနဲ့ထင်တယ်”
“ဒါဆိုရင်လည်း ကျုပ်ကိုပြောပြပါ ဦးဘသာကြီးရယ်”
“အေးပေါ့လေ၊ ဒါဆိုလည်းပြောရတာပေါ့ကွာ၊ ဒီလိုကွ တစ်ရက်တော့ မောင်လှတို့လယ်မှာ ကောက်စိုက်ကြတယ်ကွာ၊ မောင်လှဆိုတာကလည်း အရမ်းကိုကပ်စေးနှဲတဲ့လူကြီးမဟုတ်လား၊ ကောက်စိုက်သမတွေက တခြားလယ်တွေအကုန်စိုက်ပြီးတော့ နောက်ဆုံးတော့မှ ဈေးအနည်းဆုံးပေးတဲ့ မောင်လှရဲ့လယ်ကို စိုက်ကြတာပေါ့ကွာ”
“စပါးတွေတောင် အတော်ရင့်နေပြီတဲ့ကွ၊ ဒါနဲ့ကောက်စိုက်သမလေးတွေ ကောက်စိုက်ပြီး ထမင်းစားနားမယ်ဆိုတော့ ထုံးစံအတိုင်း လယ်ရှင်က ထမင်းကျွေးရတာပေါ့ကွာ၊ လယ်ရှင်ဖြစ်တဲ့ မောင်လှက ကပ်ကပ်သပ်သပ်ဆိုတော့ ထမင်းနဲ့ ချဉ်ရည်ဟင်းပဲ ကျွေးတယ်တဲ့ကွ၊ ငါးပိရည်၊ တို့စရာတွေ မပါဘူးတဲ့၊ ငါတို့တောသားတွေဆိုတာကလည်း ထမင်းစားရင် ဟင်းမကောင်းရင်နေပါစေ၊ ငါးပိရည်၊ တို့စရာအရွက်ကလေးတွေနဲ့ဆိုရင် ထမင်းမြိန်တယ်မဟုတ်လား”
“ဒါပေါ့ ဦးဘသာကြီးရ၊ ကျုပ်ဆိုရင် ဟင်းကောင်းမကောင်း မရွေးတော့ဘူး၊ အမေက ငါးပိရည်နဲ့ အတို့အမြှုပ်အရွက်ကလေးတွေကောင်းတယ်ဆိုရင် ထမင်းသိပ်စားကောင်းတာ”
“အေးလေ၊ အဲဒါနဲ့ တို့စရာမပါလို့ ကောက်စိုက်သမကလေးတွေက တောတိုးကြတယ်တဲ့ကွာ၊ တစ်ယောက်က ရိုးချောင်းနားမှာ အလေ့ကျပေါက်တဲ့ ပတဲကောတွေကို သွားချိုးလာတယ်၊ ပတဲကောဥက ပူပူရှိန်းရှိန်းနဲ့ဆိုတော့ လယ်သရက်ကင်းလိုမျိုး တို့စားလို့ကောင်းတယ်မဟုတ်လားကွ၊ နောက်တစ်ယောက်ကတော့ ရွာထဲပြန်ပြီး သူ့အိမ်ကနေ သင်္ဘောရွက်နုနုကလေးတွေ ခူးလာခဲ့တယ်လေ၊ သင်္ဘောရွက်ပြုတ်ပြီး ပတဲကောနဲ့ ဆိုတော့ ကောက်စိုက်သမလေးတွေ ထမင်းစားဝင်တာပေါ့ကွာ”
“ဒါပေမယ့် ထမင်းစားပြီးတော့ ထိုင်နေရာကနေပြန်မထနိုင်တော့ဘူးတဲ့ကွ”
ကျုပ်လည်းအရမ်းသိချင်သွားတာပေါ့ဗျာ။
“ဘာဖြစ်သွားလို့လဲ ဦးဘသာကြီးရ”
“သင်္ဘောရွက်နဲ့ ပတဲကောနဲ့က တောက်တယ်ကွ၊ စားတာများရင် သေတတ်တယ်တဲ့၊ ငါတို့လည်း အဲဒီတော့မှ ကိုယ်တွေ့ကြုံဖူးတာကွာ၊ ကောက်စိုက်သမခြောက်ယောက်မှာ တစ်ယောက်မှအသက်မရှင်ဘူးတဲ့”
မောင်လှက ကောက်စိုက်သမတွေထမင်းစားပြီး အလုပ်ထဲပြန်မဝင်သေးလို့ သွားကြည့်တော့မှ အကုန်လုံးပါးစပ်ထဲက အမြှုပ်တွေထွက်ပြီး ပြာနှမ်းပြီးသေကုန်ကြတယ်တဲ့ကွာ”
“ကြောက်စရာကောင်းလိုက်တာနော်”
“အဲဒီကတည်းက တို့ရွာမှာ သင်္ဘောရွက်နဲ့ ပတဲကောနဲ့ဆို လူတွေရှောင်ကြတယ်လေ၊ ပတဲကောမှမဟုတ်ဘူးကွ၊ သင်္ဘောရွက်နဲ့ ဆိပ်ဖူးတို့၊ လယ်သရက်ကင်းတို့၊ ဂုံမင်းတို့လို ပူရှိန်းတဲ့ အစားအစာတွေနဲ့ မတည့်ဘူးတဲ့ကွ”
“ကျုပ်နားလည်ပြီ ဦးဘသာ၊ ဒါဆိုရင် အဲဒီကောက်စိုက်သမကလေးတွေက မကျွတ်မလွတ်ဘဲ သရဲခြောက်နေတာပေါ့နော်”
“ရွာလူတွေကတော့ ဒီလိုပြောကြတာပဲ၊ ဒါပေမယ့် ငါ့အထင်တော့ သူတို့ကို မောင်လှက မွေးထားတယ်ထင်တာပဲကွ”
ကျုပ် လန့်သွားပြီးတော့ တစ်ကိုယ်လုံးလည်း ကြက်သီးတွေ တဖြန်းဖြန်းနဲ့ထလာတယ်ဗျာ။
“ဗျာ၊ ဦးလှကြီးက ကောက်စိုက်သမလေးတွေကို မွေးထားတာပေါ့နော်”
“ငါထင်တာပြောတာပါကွာ၊ ဟုတ်မဟုတ်တော့ ငါလည်းစိတ်မဝင်စားဘူး”
“လုပ်စမ်းပါဗျာ၊ ဦးဘသာကြီးက ဘယ်လိုတွေ့ဖူးလို့လဲ”
ဦးဘသာကြီးက ကွမ်းအစ်ကိုကိုင်လိုက်ပြီးတော့ ကွမ်းယာနေတယ်ဗျ။
“မင်းလည်းသိတဲ့အတိုင်းပဲလေ၊ မောင်လှတို့လယ်က တို့လယ်တွေရဲ့အစွန်ဆုံးမဟုတ်လား၊ ဘေးနားမှာ တောတန်းကလေးပဲရှိတာလေ၊ ဒါတောင်မှ လယ်ထွက်ချိန်၊ စပါးပေါ်ချိန်ဆိုရင် သူ့လယ်မှာ တောကောင်တွေ၊ ကြွက်တွေရဲ့ အဖျက်အဆီးခံရတယ်ဆိုတာကို မင်းကြားဖူးလို့လား”
ဟုတ်တော့လည်းဟုတ်တယ်ဗျ၊ စပါးပေါ်ချိန်ကျတတ်တဲ့ စာကလေးတို့၊ ကြွက်တို့ဆိုရင် ကျုပ်တို့လယ်တွေပဲ ကျတတ်ပြီး ဦးလှကြီးတို့လယ်ကတော့ တစ်ခါမှထိခိုက်တယ်မကြားဘူး၊ ဒါတောင်မကသေးဘူး ကျုပ်တို့စပါးပေါ်ရင် သူခိုးသူဝှက်တွေ၊ မလိုတဲ့သူတွေကြောက်လို့ လယ်တွေစောင့်ရပေမယ့်၊ ဦးလှကြီးတို့ကတော့ လယ်စောင့်တဲ့သူတောင်မရှိဘူးဗျာ၊ ဘာမှ မပျောက်မရှဘူးဗျ။
“ဒါတွေက ငါ့အထင်ပါကွာ၊ ငါလည်းတပ်အပ်တော့မပြောနိုင်ပါဘူး”
ကျုပ်လည်း ဦးဘသာကြီးလယ်ထဲကနေထွက်လာခဲ့တယ်၊ ပြီးတော့ ဦးလှကြီးတို့လယ်ကိုလှမ်းကြည့်လိုက်တယ်၊ ဦးလှကြီးတို့လယ်က ကျုပ်တို့လယ်တွေရဲ့အစွန်ဆုံးမှာရှိတယ်ဗျ၊ ဘေးနားမှာ တောတန်းကလေးက စိမ်းညို့နေတာပေါ့ဗျာ။
(၃)
လယ်ထဲကပြန်လာတော့ ရွာထိပ်က ဦးတရုတ်ကြီးတို့ အရက်ဆိုင်ရှေ့ကနေဖြတ်သွားရတယ်၊ ကျုပ်လည်းနွားတွေဆွဲပြီးဖြတ်လာတဲ့အခါ အရက်ဆိုင်ထဲကိုအမှတ်မထင်ကြည့်မိလိုက်တယ်၊ ဦးတရုတ်ကြီးတို့အရက်ဆိုင်က မျက်နှာစာအပွင့်ကြီးဆိုတော့ ဆိုင်ထဲကိုအကုန်မြင်နေရတယ်မဟုတ်လားဗျ၊ ဒါနဲ့ဆိုင်ထောင့်တစ်နေရာမှာ တစ်ယောက်တည်းအရက်ထိုင်သောက်နေတဲ့ ကိုကြွက်သိုးကိုတွေ့လိုက်ရတယ်။
“ဟာ၊ ဟုတ်ပြီ၊ ကိုကြွက်သိုးက အရင်တုန်းက သူခိုးဆိုတော့ သူတော့ တစ်ခုခုသိထားလောက်တယ်”
ဆိုင်ရှေ့ကသစ်ပင်မှာကျုပ်နွားတွေကိုချည်ပြီးတော့ ဆိုင်ထဲကိုဝင်လာခဲ့တယ်၊ ကိုကြွက်သိုးဝိုင်းမှာ ထိုင်ချလိုက်တယ်ဆိုရင်ပဲ ကိုကြွက်သိုးက ကျုပ်ကိုအံ့ဩပြီးကြည့်နေတယ်။
“ငါဘာမှမလုပ်ဘူးနော်”
“သိပါတယ်ဗျာ၊ အခုကျုပ်လာတာ အဖေခေါ်ခိုင်းလို့ လာတာမဟုတ်ပါဘူးဗျ၊ ကျုပ်တစ်ခုသိချင်လို့လာခဲ့တာပါ”
“ဟား၊ ဟား ငါ့ဆီကနေ မင်းကဘာတွေသိချင်နေတာလဲကွ”
ဦးတရုတ်ကြီးက ထလာပြီးတော့ ကျုပ်တို့အနားမှာလာမတ်တပ်ရပ်တယ်ဗျ၊ ကျုပ်လဲ မထူးတော့တာနဲ့ အရက်တစ်လုံးမှာလိုက်တယ်ဗျာ။
“ကိုကြွက်သိုးက အရင်တုန်းက စပါးတွေတော်တော်ခိုးခဲ့တာမဟုတ်လား၊ အဖေတောင် ကိုကြွက်သိုးကို စပါးခိုးမှုနဲ့ ထိတ်တုံးခဏခဏ ခတ်တယ်လေ”
ကိုကြွက်သိုးက အရက်ခွက်ကိုမော့ချလိုက်ပြီးတော့
“ဟေ့ကောင်၊ ငယ်ကျိုးငယ်နာတွေဖော်မနေနဲ့”
“ကျုပ်တစ်ခုသိချင်တာက တောစပ်က ဦးလှကြီးလယ်မှာ လယ်စောင့်မရှိဘူးဆိုတာ ကိုကြွက်သိုးမသိဘူးလား၊ ကိုကြွက်သိုး ဦးလှကြီးလယ်ကို တစ်ခါမှ မခိုးဖူးဘူးလား”
ကိုကြွက်သိုးက မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားတယ်၊ နောက်တော့ ဘေးဘီကိုကြည့်ပြီး
“မခိုးဖူးပဲနေမလားကွ၊ သူခိုးဆိုတာက ပိုင်ရှင်မသိအောင် ခိုးဖို့မဟုတ်လားကွာ၊ ငါတို့စပါးသူခိုးတွေလည်း ဘယ်လယ်က လယ်စောင့်အင်အားဘယ်လောက်ရှိတယ်ဆိုတာကို အရင်ဆုံး စုံစမ်းပြီးမှ လွယ်တဲ့လယ်ကိုခိုးရတာမဟုတ်လား၊ ငါတို့ ဦးလှကြီးလယ်ကို တစ်ခါတော့ ခိုးဖို့ကြိုးစားဖူးတယ်ကွ”
“မရခဲ့ဘူးလား၊ ဦးလှကြီးလယ်က လူစောင့်မှမရှိတာ”
“အေးကွ၊ လူစောင့်မရှိပေမယ့် သရဲတွေကို အစောင့်ချထားတာကွ”
ကျုပ်မျက်လုံးတွေပြူးသွားတယ်၊ ဦးတရုတ်ကြီးက ကျုပ်ရှေ့မှာ အရက်တစ်လုံးနဲ့ဖန်ခွက်အညိုကြီးတစ်ခွက်ကို လာချပေးတယ်။ ဦးတရုတ်ကြီးထွက်သွားတော့မှ ကိုကြွက်သိုးက ဆက်ပြောတယ်ဗျာ။
“အဲဒီတုန်းက ငါတို့သူငယ်ချင်း ခုနစ်ယောက် စပါးခိုးဖို့တိုင်ပင်ပြီး ဆွေးနွေးကြတာပေါ့ကွာ၊ ဘယ်သူတွေလဲဆိုတာတော့မင်းကို ငါပြောမပြဘူး၊ ငါတို့စုပြီးတော့ တစ်ရက်နှစ်ရက်လောက် စနည်းနာလိုက်တဲ့အခါကျတော့ ဦးလှကြီးလယ်မှာ လူမရှိတာကို ငါတို့သိသွားတယ်၊ ဒါနဲ့ အဲဒီညမှာပဲ ဦးလှကြီးလယ်ကို လာခဲ့တာပေါ့ကွာ”
“တံစဉ်တွေ၊ တောင်းတွေယူပြီးတော့ လာခဲ့ကြတာ၊ ဦးလှကြီးလယ်ကလည်း စပါးတွေညွှတ်ပြီးတော့ တော်တော်ကောင်းတာပေါ့ကွာ၊ အဲဒီညက လမိုက်ညကြီးကွ၊ ငါတို့သူခိုးတွေဆိုတာ အမှောင်ကိုအကာအကွယ်ပြုပြီး လှုပ်ရှားရတာမဟုတ်လား”
“ငါတို့အကြံကတော့ စပါးတွေခိုးရိတ်ကြမယ်၊ ပြီးရင် တောတန်းထဲမှာ စပါးတွေကိုစည်းပြီးတော့ ချထားမယ်ကွာ၊ မိုးမလင်းခင် အဲဒီစပါးတွေကို ဟိုဖက်ရွာက ငါတို့ဝယ်လက်ထဲကို အပ်မယ်လို့ စိတ်ကူးထားတာပေါ့ကွာ”
“ဒါနဲ့ ငါတို့စပါးတွေရိတ်နေတုန်း ဦးလှကြီးလယ်စောင့်တဲမှာ မီးရောင်တလက်လက်ကိုတွေ့လိုက်ရတယ်ကွ၊ မီးရောင်က ဆီမီးအလင်းရောင်လိုမျိုးပဲကွ၊ ငါတို့ကြည့်နေရင်းနဲ့ မီးရောင်တွေအများကြီးဖြစ်လာတယ်၊ ငါတို့လည်း လူမိတာလားဆိုပြီးတော့ ချက်ချင်းထွက်မပြေးသေးဘဲ စပါးတွေကြားမှာ ဝပ်နေလိုက်တာပေါ့ကွာ၊ အဲဒီမီးရောင်တွေက ပိုးစုန်းကြုးတွေလို တမှိတ်မှိတ်နဲ့ မိုးပေါ်ပျံလာပြီးတော့ နောက်တော့ ငါတို့အနားကို ဗြုန်းဆိုရောက်လာတာပဲဟေ့”
“ငါတို့က ဝပ်နေတာဆိုတော့ သူတို့က မတ်တပ်ရပ်လျှက်သားကြီးကွ၊ ငါတို့မော့ကြည့်လိုက်တော့ မိန်းကလေးတွေဖြစ်နေတယ်၊ မျက်လုံးတွေက ဆီမီးတွေလို မီးတောက်တွေတောက်နေတာကွ၊ ငါတို့ထဲက မကြောက်တတ်တဲ့တစ်ယောက်က ကိုင်းခုတ်ဓါးနဲ့ အဲဒီမိန်းကလေးတွေကို ထွက်ခုတ်တာ ဓါးမတိုးဘူးတဲ့ကွာ၊ စပါးအိတ်ကြီး၊ ဖွဲအိတ်ကြီးကိုခုတ်ရသလို တအိအိနဲ့တဲ့ကွ”
နောက်တော့ အဲဒီကောင်မလေးတွေရဲ့ လည်ပင်းကြီးတွေက ရှည်ထွက်လာပြီး ခေါင်းကြီးတွေက မိုးပေါ်မှာလည်နေတာကွာ၊ ငါတို့ဖြင့်ကြောက်လို့ လယ်ထဲကနေ ခြေကုန်သုတ်ပြေးကြရတာကွ၊ ငါ့ဖြင့်ပြန်တွေးမိရင် အခုထိအဲဒီမျက်နှာကြီးတွေကို မြင်ယောင်နေဆဲပဲကွာ”
ကျုပ်လည်း သိချင်တာသိရပြီမို့ အရက်တစ်လုံးကို ကိုကြွက်သိုးကိုပေးခဲ့ပြီးတော့ နွားတွေဆွဲပြီးပြန်လာခဲ့တာပေါ့ဗျာ၊ ကိုကြွက်သိုးနဲ့တွေ့တော့မှ ဦးလှကြီးလယ်ထဲမှာ သရဲတွေမွေးထားတာကို အတည်ပြုနိုင်သွားတာပေါ့ဗျာ၊
နောက်နေ့တော့ ဦးဘသာကြီးကို အဲဒီအကြောင်းပြောလိုက်တာပေါ့ဗျာ၊ ဦးဘသာကြီးကတော့ ခေါင်းပဲညိတ်နေတာနဲ့ ကျုပ်လည်းစိတ်မရှည်ဘူးလေ။
“ဦးဘသာကြီးရာ သိရင်လည်းတစ်ခုခုလုပ်ပါအုံးဗျ”
“အိုကွာ၊ သူ့ဖာသာ ကျေကျေနပ်နပ်နဲ့မွေးထားလို့ ဆရာတပည့်တွေ အဆင်ပြေနေတာကို ငါက ဘာသွားရှုပ်ရမှာလဲကွ”
သူပြောတာလည်း ဟုတ်ပါတယ်၊ သူ့လယ်မှာသူ သရဲမွေးတာဘာဖြစ်သလဲပေါ့၊ ကျုပ်တို့တွေအဲဒီအကြောင်းသိပြီးကတည်းက အဲဒီတောတန်းဘက်ကို မသွားရဲတော့ဘူးပေါ့ဗျာ၊ သွားရင်လဲ ခပ်လန့်လန့်ပဲဗျ၊ အဆင်မသင့်ရင် ကောက်စိုက်သမခြောက်ယောက် ဝိုင်းခြောက်မယ်မဟုတ်လားဗျ။
(၅)
ကျုပ်တို့လည်း နှစ်တွေကြာလာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်လာတာပေါ့ဗျာ၊ သုံးနှစ်လောက်ကြာပြီးတဲ့အခါမှာတော့ ရွာထဲမှာ ရုတ်ရုတ်သဲသဲဖြစ်ရောဗျို့။ မိုးဦးကျ လေဦးကျအချိန်ကြီးမှာပဲ ဦးလှကြီးရဲ့သားအကြီးက ကျုပ်တို့အိမ်ကိုပြေးလာတယ်။
“သူကြီး၊ သူကြီး လုပ်ပါအုံးဗျာ”
အဖေက အိမ်ပေါ်ကနေဆင်းလာတယ်။
“အလန့်တကြားနဲ့ဘာဖြစ်တာလဲကွ”
“ကျုပ်အဖေ၊ ကျုပ်အဖေ သစ်ပင်ခွကြားကနေ ခုန်ချမလို့တဲ့ဗျ”
အဖေက ပုဆိုးပြင်ဝတ်ပြီး ပြေးထွက်သွားတော့ ကျုပ်လဲအနောက်ကနေ ပြေးလိုက်ခဲ့တာပေါ့ဗျာ၊ ဦးလှကြီးတို့ခြံရှေ့လမ်းမှာ လူတွေအုံခဲနေတာပဲ၊ မသိရင် တစ်ရွာလုံးဒီနားကိုရောက်နေသလိုပဲဗျာ။
“ဖယ်ကြစမ်း၊ ဖယ်ကြစမ်း”
အဖေက လူအုပ်ထဲတိုးပြီးဝင်သွားတော့ ကျုပ်လည်းအနောက်ကနေ လိုက်သွားတာပေါ့ဗျာ၊ ဦးလှကြီးတို့ ခြံအပြင်ဘက်မှာ မန်ကျည်းပင်အကြီးကြီး တစ်ပင်ရှိတယ်ဗျ၊ အဲဒီမန်ကျည်းပင်ကြီးရဲ့ ဟိုးအထက် သစ်ကိုင်းခွကြားမှ ဦးလှကြီးက ခြေထောက်ချပြီး အေးအေးလူလူထိုင်နေတယ်။
“ဟေ့၊ ဦးလှကြီး၊ ခင်ဗျားဘာလုပ်နေတာလဲ ဆင်းခဲ့စမ်းပါ”
အောက်ကလူတွေကလည်း လှမ်းအော်တယ်၊ ဦးလှကြီးက သစ်ပင်ပေါ်ကနေ တွေတွေကြီးငုံ့ကြည့်နေတယ်ဗျ၊ ဦးလှကြီးက အသက်ခြောက်ဆယ်ကျော်နေပါပြီ၊ ဒါပေမယ့် ဒီမန်ကျည်းပင်ကြီးအပေါ်ကို ဘယ်လိုတက်သွားသလဲတော့ မသိဘူးဗျို့။
“ခင်ဗျားဆင်းလာခဲ့ပါ ဦးလှကြီး၊ သားသမီးတွေမျက်နှာကိုကြည့်ပါအုံး”
ကျုပ်လည်းမော့ကြည့်နေရင်း ကျုပ်လက်ကို အနောက်က လူတစ်ယောက်လာကုပ်တယ်ဗျ၊ ကျုပ်လှည့်ကြည့်လိုက်တော့ ဦးဘသာကြီးဖြစ်နေတယ်။
“ဟာ ဦးဘသာကြီးပါလား”
“သူမွေးထားတဲ့ သရဲမခြောက်ယောက်က သူ့ကိုပြန်ပြီး လုပ်တာကွ”
ဦးဘသာကြီးက အသံခပ်အုပ်အုပ်နဲ့ပြောတယ်။
“ဦးဘသာမြင်ရလို့လား”
“အေး၊ သူ့ဂုတ်ပိုးပေါ်မှာ သရဲမတစ်ကောင်က တက်စီးထားတယ်၊ ကျန်တဲ့သရဲမတွေလည်း မန်ကျည်းကိုင်းမှာထိုင်နေကြတယ်ကွ”
“ဒါဆိုရင်လည်း ဦးဘသာကြီး တစ်ခုခုလုပ်ပေးပါအုံးဗျာ”
ဦးဘသာကြီးက ဘေးဘီကိုကြည့်လိုက်တယ်။ ကျုပ်ပြောသလို တစ်ရွာလုံးက လူတွေက ဒီနေရာကိုရောက်နေတာမဟုတ်လားဗျ။
“သစ်ပင်အောက်မှာ မီးဖိုပြီးတော့ ငရုတ်သီးခြောက်တွေထည့်ပြီး မီးရှို့လိုက်စမ်းကွာ၊ ဒီသရဲမတွေ ဆင်းပြေးလာလိမ့်မယ်”
ကျုပ်လည်း ဦးလှကြီးတို့ သားသမီးတွေကိုပြောပြီးတော့ ဦးဘသာကြီးခိုင်းတဲ့အတိုင်း မီးဖိုဖိုပြီး လက်ညှိုးလောက်ရှိတဲ့ ငရုတ်သီးခြောက်တွေကို မီးထဲ ထည့်ရှို့လိုက်တယ်။ သိပ်မကြာပါဘူးဗျာ၊ ဦးလှကြီး တုန်တုန်ယင်ယင်ဖြစ်လာတယ်ဗျ။
“ပူတယ်၊ ညှော်တယ်၊ စပ်တယ်”
အဲဒီလိုပြောပြီးတော့ မန်ကျည်းခွဆုံကနေ ဝုန်းခနဲခုန်ချလိုက်တာဗျာ၊ ကြည့်နေတဲ့သူတွေဆိုရင် အကုန်လုံးထအော်ကုန်တယ်၊ မန်ကျည်းခွဆုံက ပေနှစ်ဆယ်လောက်တော့ မြင့်တယ်မဟုတ်လား၊ အဘိုးကြီးတစ်ယောက် ဒီလောက်အမြင့်က ကျရင် မသေရင်တောင်မှ ခြေကျိုး၊ လက်ကျိုးတော့ဖြစ်မယ်မဟုတ်လား။
ဒါပေမယ့် ဘာမှမဖြစ်ဘူးဗျာ၊ မြေကြီးပေါ်ကို ခြေထောက်နဲ့ကျပြီး ငုတ်တုတ်ကြီးကျတာ၊ ပြီးတော့ မတ်တပ်ရပ်လိုက်ပြီး သူ့သားကိုရန်လုပ်နေသေးတယ်၊ မီးဖိုကိုလည်းခြေထောက်နဲ့ကန်ထုတ်လိုက်တာ မီးခဲတွေဆိုလွင့်ထွက်သွားတာပေါ့ဗျာ။
အဖေက အရှေ့ကိုတိုးသွားလိုက်တယ်။
“ဦးလှကြီးရာ မကြီးမငယ်နဲ့ ဘာလို့သစ်ပင်ပေါ်တက်နေတာလဲ”
ဦးလှကြီးက အဖေ့ကိုပြန်ကြည့်တယ်၊ သူ့မျက်လုံးတွေက ပြူးပြီးဝိုင်းနေတယ်၊ ပြီးတော့ မျက်သားတွေကလည်း နီရဲနေတာပဲဗျာ။
“ငါ့ကိုလှကြီးလို့မခေါ်နဲ့ ငါလှကြီးမဟုတ်ဘူး”
တစ်ချို့ကတော့ ရူးသွားပြီလို့ထင်နေပေမယ့် အများစုကတော့ အပမှီတယ်လို့ပဲထင်ကြတာဗျ။
“ဒါဆိုင် မင်းဘယ်သူလဲ”
“ငါ့နာမည်ခင်ရွှေ”
“ဘယ်ကခင်ရွှေလဲ”
“မအေလိုးသူကြီး၊ နင်ငါ့ကိုတောင်မမှတ်မိဘူးလား၊ နင့်ရွာက မခင်ရွှေလေ”
အဖေက စဉ်းစားနေပုံပဲဗျ။ ဒါနဲ့ကျုပ်က သိပြီးသားဆိုတော့ အဖေ့အနားကိုပြေးကပ်လိုက်တယ်။
“ဟိုလေ၊ နင်က ကောက်စိုက်သမ တစ်ခုလပ်မခင်ရွှေမဟုတ်လား”
ကျုပ်ပြောလိုက်တော့ ဦးလှကြီးက ခေါင်းကိုဆတ်ခနဲညိတ်ချလိုက်တယ်ဗျ။ ရွာသားတွေလည်း အကုန်အံ့ဩကုန်တာပေါ့ဗျာ၊ မခင်ရွှေက ကောက်စိုက်သမခေါင်းဆောင်မဟုတ်လား၊ နောက်ပြီးတော့ အစာမှားပြီးသေသွားတဲ့အကြောင်း ရွာက ကလေးကအစ သိကြတယ်မဟုတ်လားဗျာ။
“ခင်ရွှေ၊ သူ့နဲ့နင်နဲ့ဘာဆိုင်လည်း၊ နင့်လမ်းနင်သွားစမ်း”
အဖေကပြောတော့ ဦးလှကြီးက အသံကွဲကြီးနဲ့ရယ်လိုက်တယ်ဗျ။
“ဟား၊ ဟား သူနဲ့ငါက ဆိုင်တာပေါ့၊ ဒီလူကြီးက သူ့လယ်ထဲမှာ ငါတို့ကိုမွေးထားတာ နှစ်ပေါင်းနှစ်ဆယ်လောက်ရှိပြီလေ”
“ဒါဆို နင်ဘာလိုချင်လို့လဲ”
“သူဒီနှစ်ငါတို့ကို ကျွေးစရာရှိတာမကျွေးဘူး၊ ငါတို့ခြောက်ယောက် သူ့ကိုလုံးဝမကျေနပ်ဘူး၊ သူ့အသားကိုစားရမှ ငါတို့ကျေနပ်မယ်”
“ဟဲ့၊ မဟုတ်တာတွေမပြောနဲ့”
အဖေကပြောတော့ ဦးလှကြီးက သူ့လက်ဝါးကိုဖြန့်ပြီးတော့ လေထဲကိုပါးရိုက်ထည့်လိုက်တယ်။ ဒါပေမယ့် အဖေ့အနားမှာ ဖြန်းခနဲအသံကြီးမြည်သွားပြီးတော့ အဖေ့မျက်နှာတစ်ဖက်ကို လည်ထွက်သွားတယ်ဗျ၊ ကျုပ်တို့လည်းအံ့ဩလို့မဆုံးဘူး၊ အဖေနဲ့ ဦးလှကြီးနဲ့က ဆယ်ပေလောက်တော့ အနည်းဆုံးကွာတယ်လေဗျာ။
“ဟား၊ ဟား နင်တို့သာ ငါတို့ကြားထဲဝင်မပါနဲ့”
ကျုပ်လည်းအဖေကိုထိတော့ ဘယ်ရမလဲဗျာ၊ အရှေ့ကိုပြေးထွက်သွားတာပေါ့။ အဖေ့ပါးမှာ လက်ဝါးရာကြီးက ရဲနေတာပဲဗျာ၊ အညာသားအသားမဲမဲရဲ့ပါးမှာတောင်မှ လက်ဝါးရာထင်တယ်ဆိုတော့ ရိုက်ချက်ဘယ်လောက်ပြင်းသလဲဆိုတော့ ခင်ဗျားတို့တွေးသာကြည့်တော့ဗျာ။
“ဟေ့သရဲမ၊ နင်ငါ့အဖေကို မလုပ်နဲ့”
ဦးလှကြီးက လက်တစ်ဖက်ကို ခါးထောက်လိုက်ပြီးတော့ ကျုပ်ကိုလည်း လက်ဝါးနဲ့ရိုက်ဖို့ပြင်တယ်။
“ရပ်လိုက်စမ်း”
ဦးဘသာကြီးအရှေ့ထွက်လာတော့မှ ဦးလှကြီးက ဦးဘသာကိုမျက်စောင်းထိုးပြီးတော့ လက်ကိုချလိုက်တယ်။
“ငါနင်တို့ကြားမှာ မပါချင်ဘူး၊ ဒါပေမယ့် နင်တို့တခြားသူတွေကို လုပ်လို့ ငါဝင်ပါရတာ၊ နင်တို့အခုချက်ချင်းပြန်တော့”
“မပြန်ဘူး၊ ကျုပ်တို့ သူ့အသားစားရမှပြန်မယ်”
ဦးဘသာကြီးစိတ်ဆိုးသွားတယ်ဗျ၊ အမြဲပျော်ပျော်နေတတ်တဲ့ ဦးဘသာက စိတ်ဆိုးခဲတယ်မဟုတ်လား၊ ဦးဘသာက သရဲမကိုလက်ညှိုးထိုးလိုက်ပြီးတော့
“ဟဲ့ကောင်မ၊ နင့်ကိုအခုထွက်လို့ပြောနေတယ်နော်”
ဦးလှကြီးက လက်နှစ်ဖက်ခါးထောက်ပြီး ပေကပ်ကပ်နဲ့ရပ်နေတယ်ဗျာ။ ဦးဘသာကြီးက လက်ညှိုးနဲ့ဆက်ထိုးထားတယ်၊ ဒီအချိန်မှာပဲ ဦးလှကြီးက တုန်တုန်ယင်ယင်ဖြစ်လာပြီးတော့ လက်တွေခြေတွေ ကွေးကွေးကောက်ကောက်နဲ့ဖြစ်လာတယ်။ တစ်ရွာလုံးကလည်း ကြည့်နေကြတာပေါ့ဗျာ။
“ဟဲ့ ငါ့ကိုလွှတ်စမ်း၊ နင့်ပညာလောက်နဲ့များ”
“အောင်မာ အစိမ်းသရဲမက ငါ့ကိုမစော်ကားနဲ့၊ နင် ကချင်လို့လား၊ ကချင်ရင် ကစမ်းဟေ့”
ဦးဘသာကြီး အမိန့်ပေးလိုက်တာနဲ့ ဦးလှကြီးက ကွေးနေအောင် ကတော့တာပဲဗျို့၊ လက်တွေခြေတွေချိုးပြီးတော့ ခြေထောက်ကလဲ ယက်ကန်ယက်ကန်နဲ့ ဗမာအက ကနေတာဗျ။ ဦးဘသာကြီးက ရယ်ပြီးကြည့်နေလိုက်တယ်။
“အကဆိုတာ အတီးပါမှကြည့်ကောင်းတာ၊ နင့်ပါးစပ်က ဆိုင်းတီးစမ်းဟေ့”
ဦးဘသာပြောလိုက်တာနဲ့ ဦးလှကြီးပါးစပ်က ဆိုင်းသံတွေ ထွက်လာတာပဲဗျို့၊
“ပလို့ဂျိ၊ ဗေတိုးဗေ ပတ်ဗေ ဂျိ ဂျိ”
ပါးစပ်ကအော်ရင်း လက်တွေခြေတွေကလည်း ကွေးနေအောင်ကတော့တာပဲဗျာ၊ ဦးဘသာကြီးကသာ ရယ်မောနေပေမယ့် ကျုပ်တို့အားလုံး ကြောက်လန့်ပြီး အသံတိတ်နေမိကြတယ်။ အတော်ကြာကြာကပြီးတော့မှ
“တော်ပြီ၊ တော်ပြီ”
ဦးလှကြီးက အော်ဟစ်လိုက်ပြီးတော့ ဆန့်ငင်၊ ဆန့်ငင်ဖြစ်ပြီး ပက်လက်လန်လဲကျသွားတယ်၊ သူ့သားသမီးတွေလည်း ပြေးပြီးတော့ ဆွဲကြတာပေါ့ဗျာ၊ ဦးလှကြီးက အရမ်းမောနေပြီးတော့ ဘာကိုမှလည်း မသိတဲ့ပုံစံနဲ့ဗျာ၊ ကျုပ်ဦးဘသာကြီးကိုကြည့်လိုက်တော့ ဦးဘသာက မရှိတော့ဘူးဗျ၊ ရွာလယ်လမ်းအတိုင်း ဆက်လျှောက်သွားလေရဲ့ဗျာ။
(၅)
နောက်တော့ ဦးလှကြီးလည်း ဝန်ခံတယ်ဗျ၊ သူက နှစ်စဉ်နှစ်တိုင်း အမဲသားခုနစ်ပိသနဲ့ ထမင်းနဲ့ချက်ပြီး သရဲမတွေကို ကျွေးလေ့ရှိတယ်တဲ့ဗျ၊ အဲဒီနှစ်က သူမလုပ်နိုင်တော့လို့ သူ့သားက လယ်ထဲဆင်းလုပ်တော့ ကျွေးရကောင်းမှန်းမသိဘူးပေါ့ဗျာ၊ သူ့သားက သူ့အဖေသရဲတွေမွေးထားတာကို မသိတာလည်း ပါတာပေါ့ဗျာ။
သုံးလလောက်ကြာတာ့ ဦးလှကြီးတစ်ယောက် အိမ်ကနေပျောက်သွားတယ်ဗျ၊ ရွာကလူတွေလည်းရှာတာ နှံ့နေတာပဲဗျာ၊ နောက်ဆုံးတော့မှ သူတို့လယ်ဘေးနားက တောတန်းကလေးထဲမှာ ဦးလှကြီးရဲ့အလောင်းကိုတွေ့ရတယ်၊ မျက်လုံးကြီးပြူးပြီးတော့ ငုတ်တုတ်ကြီးထိုင်ပြီး သေနေတာတဲ့ဗျာ၊ မျက်လုံးကြီးတွေများ အပြင်ကိုအလုံးလိုက်ကြီး ပြူးထွက်နေတာပဲတဲ့ဗျာ၊ သူသေပြီးတော့ သူ့လယ်တွေကို ဘယ်သူမှဆက်မလုပ်ကြတော့ဘူး၊ ပြောကြတာကတော့ ဦးလှကြီးက ညညဆိုရင် သူ့လယ်တွေထဲမှာ သွားသွားနေတာကို မြင်ကြရတယ်တဲ့ဗျာ၊ သူ့သားသမီးတွေက အလှူအတန်းလုပ်ပေး၊ အမျှပေးဝေပေမယ့် တွေ့နေကြရစမြဲပဲဗျ။
အဲဒီကတည်းက ဦးလှကြီးလယ်ဆိုရင် ကျုပ်တို့ဝေးဝေးကရှောင်ကြတာ အခုထိပါပဲဗျာ။
ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာရေ၊ နောက်နေ့မှပဲ ဦးဘသာကြီးအကြောင်းတွေ ဆက်ပြောပြရအုံးမယ်ဗျာ။
ပြီးပါပြီ။
#အဂ္ဂဇော်
Leave a Reply